ရွှေနှလုံးသား

ကောင်းကင်ပြာနှင့်တိမ်ကဗျာ

အညတရ

01 March 2025
ကောင်းကင်ပြာနှင့်တိမ်ကဗျာ
Share to


တစ်နေ့တာ ပင်ပန်းသမျှ အနားယူရန်အတွက် သူရိန်နေမင်းသည် ဆည်၏ ရေပြင်အောက် ငုပ်လျှိုးကာ ကွယ်ပျောက်စပြုနေသည်။ ဘေဘီသည် ဆည်ပေါင်ပေါ်တွင် ခြေထောက်ဖျားများ လှုပ်ကစားကာ ထိုင်လျက်ရှိနေလေသည်။ မန္တလေး၌ သူ့မမကြီး ရှိနေသည်မှာ ဟိုလိုသည်လိုနှင့် တစ်နှစ်ပင် ကျော်လေပြီ။ ဤဆည်ပေါင်ပေါ်သို့ ဘေဘီလေးသည် ကျောင်းပိတ်ရက်တိုင်း လာကာ သူ့မမကြီးကို လွမ်းလေ့ရှိသည်။ လူရှင်းသော ဆည်ပေါင်တစ်နေရာထိုင်ကာ တွေးနေသော ဘေဘီလေး အတွက် တစ်ရံတစ်ခါ ပျံလာသော ငှက်ငယ်ကလေးများသာ အဖော်ဖြစ်သည်။ ဘေဘီလေး၏ မမဒေစီ မန္တလေးတွင် အလုပ်ဝင်နေသည်မှာ ဘေဘီ ခုနစ်တန်းမှ ဖြစ်သည်။ ယခုဆိုလျှင် ဘေဘီလေးသည် ရှစ်တန်းပင် ရောက်ကာ အပျိုဖြန်းလေးပင် ဝင်လျက်ရှိသည်။

'မမကြီးရယ် ပြန်လာပါတော့ ဘေဘီလွမ်းလှပြီ'

မမဒေစီသည် ဒီဇင်ဘာ ကျောင်းပိတ်ရက်များတွင်သာ ပြန်လာတတ်သည်။ ညီအစ်မ နှစ်ယောက်တည်းသာ ရှိသည်မို့ သူ့မမကြီး မရှိတော့ ဘေဘီလေး မည်မျှလွမ်းရှာလိမ့်မည်နည်း။ ယခင်က သူတို့ညီအစ်မ သက်ဝင်လှုပ်ရှားပျော်ပါးခဲ့သော အိမ်ကလေးမှာလည်း ဘေဘီလေး၏ စာကျက်သံမှလွဲ၍ ပျင်းရိစိတ်ပျက်ကာ တိတ်ဆိတ်နေရှာသည်။ ငှက်တစ်အုပ်သည် အဝေးဆီမှ ပျံသန်းလာကြကာ ဘေဘီကို အိမ်ပြန်ရန် အဖော်စပ်လျက် ရှိနေကြသည်။ ထိုအခါမှ ဘေဘီသည် ထိုင်ရာမှထကာ စကတ်ကို ပုတ်ခါလျက် အိမ်ပြန်လေတော့သည်။

'ငှက်ကလေးတို့ရေ၊ မမဒေစီကို တွေ့ရင် ပြောပေးပါကွယ်။ ဘေဘီလေး လွမ်းလို့ ပြန်လာပါဦးလို့နော်'

ဘေဘီသည် ခေါင်းလေးကိုမော့ကာ ငှက်ကလေးတို့ကို ပြောလိုက်သေးတော့သည်။ ယခင် တိတ်ဆိတ်လျက်ရှိသော အိမ်ကလေးသည် ဘေဘီပြန်ရောက်ချိန်၌ ဧည့်သည်ဖြင့် စည်ကားနေသည်။ အဒေါ်ကြီး ညိုညိုဝဝနှင့် အစ်ကိုတစ်ယောက်။ အိမ်ထဲရောက်မှ ဒေါ်ကြီးမြနှင့် ကိုကြီးစိုး ဖြစ်ကြောင်း တွေ့ရတော့ ဘေဘီလေး ပျော်သွားသည်။ ဒေါ်ကြီးမြကား ထားဝယ်မှ မေမေ၏ သူငယ်ချင်း။ ပဲခူးသို့ အလုပ်ကိစ္စနှင့်လာရာမှ ဘေဘီ့မေမေ၏ ဖိတ်ခေါ်မှုကြောင့် အိမ်မှာ တည်းကြရသည်။ ဘေဘီလေးတို့ ထားဝယ် မောင်းမကန်သွားစဉ်ကလည်း ဒေါ်ကြီးမြ၏ အိမ်မှာပင် တည်းကြသည်။ ထိုစဉ်က ဘေဘီလေးက စကတ်တိုလေး ကပိုကရိုနှင့် ဖိနပ်ပင် မှားစီးတုန်း။

'ဟေ့...အေးရဲ့၊ ဒါ ဘေဘီလေး မဟုတ်လား။ ကြည့်စမ်း ကြည့်စမ်း၊ အကောင်ကြီး ထွားလာလိုက်တာ။ အပျိုလေးတောင် ဖြစ်နေပကိုး။ အမေတူသမီးမို့ ထင်တယ်။ ချောလည်း ချောလာပ။ လာပါဦး သမီးလေးရဲ့' ဒေါ် ကြီးမြက ထိုင်ရာမှ ကိုယ်ကို ကိုင်းကာ ဘေဘီလေး၏ ပါးနီလေးကို မွှေးသည်။

            'မြရဲ့သားလည်း ချောလို့ ခန့်လာပဟေ့'

            'ဟုတ်တယ်၊ အေးရဲ့။ သူက ဖအေတူလေ။ အေးတို့ ထားဝယ်ရောက်တုန်းကဆို လူပျိုပေါက် ရှိရောပေါ့'           

ဘေဘီလေးက ကိုစိုးကို အကြည့်၊ ပြုံး၍ ကြည့်နေသော ကိုကြီးမျက်လုံးများနှင့် ဆုံတော့ မျက်လွှာကို အသာပြန်ချသည်။ မေမေပြောသလိုပင်။ ကိုကြီးသည် ယခင် ဘေဘီ ထားဝယ်ရောက်စဉ် ကနှင့် မတူတော့။ ချောသည်ထက် ခန့်သည်။ ကိုကြီးစိုး၏ မျက်ဝန်းများနှင့်ဆုံသော ဘေဘီခမျာ မသက်သာလှ။ ရွှေရင်အစုံ တုန်ကာသွားရှာသည်။

            'ဟေ့ဘေဘီလေး မိုးတောင်လင်းလုပြီ။ ထတော့ကွာ'

            ဘေဘီက ကိုကြီး၏ အော်နှိုးသံကြောင့် အိပ်ရာမှ ကပျာကယာ လူးလဲကာ ထလိုက်သည်။ ညက ဘေဘီ တော်ရုံနှင့် အိပ်၍ မပျော်။ တလူးလူးတလွန့်လွန့် နှင့်သာ အချိန်ကုန်သွားခဲ့သည်။ တွန့်ကျေနေသော အင်္ကျီနှင့်စကတ်ကို ဆွဲဆန့်ရင်း ဆံပင်ကပိုကရိုနှင့် အခန်းပြင်သို့ ထွက်လာသည်။ ကိုကြီးကိုတော့ ဘေဘီ မတွေ့တော့။ လက်ဖက်ရည်ပွဲ ရောက်နေသည် ဖြစ်မည်။ ဘေဘီ သွားတိုက်ပြီး မျက်နှာ ကပျာကယာ သစ်ကာ ထမင်းစားခန်းရှိရာသို့ အပြေးထွက်ခဲ့တော့သည်။ ထမင်းစားခန်း ရောက်တော့ ဘေဘီက နောက်အကျဆုံး။

            'ဟော...ဟိုမှာ မယ်အိပ်ပုတ်ကြီးလာပဟေ့'

            မေမေ၏ နောက်သံကြောင့် ဘေဘီစိတ်ကောက်ကာ နှုတ်ခမ်းကို စူးစွာချွန် လိုက်သည်။ ရယ်သံများ ကြားမှပင် ရှက်၍ အချွန်ရပ် သွားသည်။

            'ကိုယ့်ညီမကတော့ ကလေးစိတ် မကုန်သေးဘူးဟေ့'

            ကိုကြီးကို မျက်စောင်း ထိုးလိုက်သည်။

            'ဘေဘီ ကလေး မဟုတ်တော့ပါဘူးနော်'

            စိတ်ကောက်သလိုနှင့် စူအောင့်စွာပြောတော့ အားလုံးက သဘောကျစွာ ရယ်သည်။

            'ဟုတ်ပါ့ဗျာ။ ကိုယ့် ညီမက အပျိုလေး ဖြစ်နေပြီပဲ'

            'အဲဒါသာ ကြည့်တော့ မောင်စိုးအောင်ရေ။ အိမ်မှာ လူစည်တာနဲ့ သူ့အသံပဲ ညံတာ။ ဟိုတုန်းကဆို သူ့အစ်မ မရှိတော့ မှုန်ကုပ်ပြီးတော့ များနေတာ။ မှာလိုက်တာကလည်း ခဏခဏ အမော။ ဟိုကလည်း အမြဲတော့ ဘယ်အားမလဲ။ ဒါကြောင့် မြတို့ရောက်တော့ အဖော်ရသွားတာပေါ့။ မောင်စိုးအောင်လည်း မင်းညီမကိုသာ ကြည့်ထိန်းပေတော့။ သူက အငယ်ဆိုတိုင်း လူကြီးကို ဆိုးနိုင်နေတာ'

            'ဟုတ်လား ညီမလေး။ ကိုယ့်ညီမက သိပ်မဆိုးပါဘူးနော်'

            ဘေဘီ ကိုကြီးကို လှမ်းကြည့်လိုက်သည်။ ကိုကြီးက မျက်နှာရွှင်ပြုံးစွာနှင့် ဘေဘီကို ကြည့်လို့။

            လရောင်သာသော ည တစ်ည။

            ဘေဘီလေး အိပ်မပျော်၍ အိမ်ရှေ့ဝရန်တာဘက် ထွက်လာသည်။ ကိုကြီး ရောက်နေသည်မှာ တစ်လရှိလေပြီ။ အခုမတော့ ကိုကြီးသည် ဘေဘီ၏ ဂိုက်ပင် ဖြစ်နေလေပြီ။

            'ဝေ့ ဘေဘီလေး၊ ဒီမှာ ကိုကြီးရှိတယ်'

            အသံကြားမှ ဝရန်တာဘေးရှိ ခုံတန်းတွင်ထိုင်နေသော ကိုကြီးကို သတိပြုမိသည်။ ဘေဘီက ကိုကြီး ဘေးတွင် ဝင်ထိုင်သည်။ လရောင်အောက်တွင် ကိုကြီးသည် နုပျိုနေသည်။ ကိုကြီး နှင့်အတူထိုင်နေသော ဘေဘီမှာ ကိုကြီးမှ ကိုယ်ငွေ့များ ကူးစက်ကာ ပူနွေးနေလျက်ရှိသည်။

            'ဘေဘီတို့မမ ဘယ်တော့ပြန်လာမလဲ'

            ကိုကြီးက မေမေ့ရှေ့တွင်မတော့ မမေး။ ဘေဘီကိုတော့ မကြာခဏ ကြိတ်မေးသည်။

            'ခါတိုင်းတော့ ဒီဇင်ဘာဆို ပြန်လာတာပဲ ကိုကြီးရဲ့။ ကိုကြီး ထားဝယ် ဘယ်တော့ပြန်မှာလဲဟင်။ မပြန်ပါနဲ့ဦးလား ကိုကြီးရယ်'

            'ဘာဖြစ်လို့လဲ ဘေဘီလေး။ ကိုကြီး မပြန်သေးပါဘူး'

            ကိုကြီးမေးခွန်းကို သူမ မဖြေတတ်။ ဖြေလည်း မဖြေနိုင်။ ခေါင်းကိုသာ ငုံ့ကာနေသည်။ လက်များကို အကြောင်းမဲ့ပွတ်ကာ ဆွဲနေသည်။ ကိုကြီးမပြန်သေးဆိုသည့်အတွက် သူမ ကျေနပ် နေမိသည်။

            'ဘေဘီလေးရေ၊ မမ ဒေစီ ပြန်လာပဟေ့'

            ကိုကြီး၏ အော်ခေါ်သံနှင့်အတူ မမပြန်လာပြီဆိုသည့်အတွက် စာကျက်နေရာမှ ဘေဘီ အိမ်အောက် အပြေးရောက်ခဲ့သည်။ ဘေဘီကို မြင်တော့ မမက နွေးထွေးစွာပြုံးလျက် သိုးမွေး ခွေးရုပ်လေး ပေးသည်။

            'ဒါပဲနော် ကိုကြီး။ ကိုကြီး ထားဝယ်ပြန်မယ် ကြံရင် ဘေဘီ ဟောသည် ခွေးနဲ့ ရှူးတိုက်ပြီး လိုက်ပေးကိုက်မှာ'

            'ကြောက်စရာကြီးပါလား'

            ကိုကြီးကို ပြုံးစစနှင့်ပြောရင်း အိမ်ထဲသို့ အပြေးကလေး ဝင်ခဲ့သည်။ ကိုကြီး၏ ရေရွတ်သံက ဘေဘီလေးနောက်မှ ပျောက်ကွယ် သွားတော့သည်။

            ဘေဘီလေး ကျူရှင်ပြန်လာသော တစ်ရက်တွင် အိမ်သည် တိတ်ဆိတ်လျက် ရှိသည်။ ခါတိုင်း အိမ်ရောက်လျှင် စိတ်ကောက်ပြလေ့ရှိသော ဘေဘီသည် သူ့မမ ရောက်လာလေသည်ကို နောက်ချင်စောနှင့် အိမ်ထဲသို့ တိတ်ဆိတ်စွာ ခြေကို ဖော့၍ ဝင်ခဲ့သည်။ သို့သော် ထမင်းစားခန်း အရောက်တွင်တော့ ရှိုက်သံတစ်ဝက်နှင့် ဘေဘီ အသာပြန်ထွက်ခဲ့ရသည်။ သူ့ မမနှင့် ကိုကြီးသည် ဖက်ကာ နမ်းနေကြသည်ကို ဘေဘီ တွေ့လိုက်ရခြင်းပါပေ။ မျက်ရည်တထွေထွေနှင့် ငိုရှိုက်ကာ ဘေဘီလေး အိမ်မှ ပြန်ထွက်ခဲ့သည်။

            မေမေတို့ အိမ်သားအားလုံး အလုပ်များနေကြသည်။ ကိုကြီးနှင့်မမ လက်ထပ်ကြတော့မည်တဲ့။

            ဘေဘီ မျှော်လင့်ထားသည်ပင်။ သို့သော်လည်း မည်သို့ဖြစ်လေသည် မသိ။ ဘေဘီလေး ငိုကာ ကြေကွဲနေမိသည်။ ထိုနေ့က အိမ်နောက် ခရေပင်အောက် တစ်ယောက်တည်း ထိုင်ကာနေသည်။ ဆောင့်ကြောင့် ထိုင်၍ ဒူးပေါ် ခေါင်းတင်ကာ ဘေဘီလေး ငိုနေတော့၏။

            'မေမေရေ လာပါဦး။ ဒီမှာ ဘေဘီတစ်ယောက် ဘာလို့လဲမသိ ငိုနေတယ်'

            မမဒေစီ အော်ဟစ်သံနှင့် မေမေနှင့်ကိုကြီး ရောက်လာကြသည်။

            'ဟဲ့ သမီးဘေဘီနှယ်၊ မကြီးမငယ်နဲ့ ဘာဖြစ်နေတာလဲ'

            'ဘေဘီလေး ဘာဖြစ်လို့လဲ။ ကိုကြီးကိုပြော'

            ကိုကြီးကို တွေ့လျှင် ဘေဘီလေး ပို၍ဝမ်းနည်းမိသည်။

            'အလကား ကိုကြီး။ ဘေဘီ ဘာမှမဖြစ်ဘူး။ ကိုကြီးတို့ မင်္ဂလာဆောင်ရင်သာ ဘေဘီ့ကို သိုးမွေးရုပ်လေး ဝယ်ပေးရမယ်။ ဒါပဲနော် ကိုကြီး၊ ဒါပဲ'

            ဘေဘီလေးပြောကာ ကိုကြီးတို့ရှေ့မှ ခေါင်းငုံ့ပြီး အပြေးကလေး ထွက်ခဲ့သည်။

            'ဘေဘီနှယ် ဒါနဲ့များ ငိုရှာတယ်။ မဝယ်ပေးတာ ကျနေတာပဲ'

            'ဟုတ်သားပဲ ဘေဘီရယ်။ မကြီးမငယ်နဲ့'

            ကိုကြီးနှင့် မမဒေစီတို့၏ အသံက ဝေး၍ကျန်ခဲ့သည်။ မျက်ဝန်းမှ လျှံကျလာသော မျက်ရည်တစ်ပေါက်က အနီးရှိ ခရေပွင့်ကြွေများပေါ် ကျသွားသည်။ ဘေဘီလေး ရှေ့ဆက် မည်မျှပင် ခံစားရရှာဦးမည်နည်း။

            ကိုကြီးနှင့် မမဒေစီတို့၏ မင်္ဂလာပွဲ။

            ကိုကြီးနှင့် မမဒေစီတို့၏ မင်္ဂလာပွဲကား စည်ကားစွာ ပြီးလေပြီ။

            အိမ်အပြင်ဘက်တွင် လေပြေညင်းက တသုတ်သုတ် မြူးနေသည်။ သစ်ရွက်ဝါများက တဖြောက် ဖြောက်နှင့် ကြွေကျနေသည်။ အခန်းထဲတွင်မတော့ ဘေဘီလေး မျက်ရည်တတောက်တောက်နှင့် ငိုကာနေရှာလေသည်။ သူ သံယောဇဉ် တွယ်မိရှာသော ကိုကြီးနှင့် မမတို့၏ မင်္ဂလာပွဲ။ ကိုကြီးတို့က ပဲခူးတွင် ပြီးလျှင် ထားဝယ်သို့ ပြန်ကြဦးမည်တဲ့။ ထားဝယ်တွင်လည်း မင်္ဂလာပွဲ လုပ်ဦးမည်။

            ဘေဘီ မလိုက်တော့ပါဘူး ကိုကြီးရယ်။

            ငယ်ငယ်အရွယ်က ထားဝယ် မောင်းမကန်သို့ သွားခဲ့သည်ကို ဘေဘီ သတိရကာ 'အင့်'ခနဲ ရှိုက်၍ ငို ချေပြန်သည်။ မျက်ရည်များသည် ဘေဘီလေး၏ မျက်ဝန်းမှတစ်ဆင့် ကြွေလွင့်ကာ နေသည်။ နီရဲနေသော ပါးမို့မို့ထက် မျက်ရည်စက်များက တွဲလွဲခိုနေကြသည်။ မျက်ဝန်းများသည် နီရဲအစ်နေပြီ။ ခေါင်းအုံးသည်လည်း စိုကာရွှဲနေတော့၏။

            'လာပါဦး မေမေ။ ဒီမှာ ဘေဘီ ငိုနေပြန်ပြီ'

            အိမ်ရှိမိသားစုအားလုံး ဘေဘီ့အခန်းတွင် စုပြုံသွားသည်။

            'ဟဲ့ သမီးဘေဘီ၊ ကိုယ့်အစ်မ မင်္ဂလာနေ့မှာကွယ်။ ကြည့်စမ်း၊ အင်္ကျီလည်း မလဲဘူး။ ချွေးတွေနဲ့ ဖျားတော့မှာပဲ။ အခုတလော ဘာဖြစ်နေတယ်ကို မသိဘူး။ တကတဲ ငိုနေတာပဲ'

            မေမေတို့ကတော့ ဘေဘီ၏ဝေဒနာကို သိလိမ့်မည် မဟုတ်။ ဘေဘီလေးသာ ကြိတ်၍ တစ်ယောက်တည်း ငိုကာနေရသည်။

            'သမီးသိပြီ မေမေရေ။ အရုပ်မရလို့ဘဲ ဖြစ်မယ်'

            ဒေစီသည် ပြောပြီး အခန်းပြင်သို့ ပြန်ထွက်သွားသည်။ ကိုကြီးသည်လည်း အသာပြန်ထွက်သည်။ မကြာမီပင် ဒေစီတို့ နှစ်ယောက် ပြန်ရောက်လာသည်။ သူမ၏ လက်ထဲတွင် သိုးမွေးခွေးရုပ် အဖြူဆွတ်လေး။ ကိုကြီးကတော့ လက်ကို နောက်ပစ်ထားသည်။

            'ရော့ ဘေဘီလေး။ မမရဲ့လက်ဆောင်'

            'ကိုယ်သိတယ် ဒေစီရဲ့။ ဘေဘီက ကိုယ့်ဆီက မရလို့ ငိုနေတာ။ ကဲ...တိတ်တော့နော်'

            ကိုကြီးက ဝက်ဝံရုပ် ဖြူဝဝကြီး ဘေဘီကို ပေးသည်။ မျက်ရည်များကို လက်ဖဝါးဖြင့် ကြင်နာစွာ သုတ်ပေးသည်။ ရှိုက်သံ တစ်ချက် ထွက်လာပြန် သည်။ ဘေဘီ ငိုမိချေဦးတော့မည်။ ထွက်လာစပြု သော မျက်ရည်များကို မျက်တောင်အသာ ပုတ်ခတ်ကာ ပြန်လည်သိမ်းဆည်းလိုက်သည်။ သို့သော် ထိုမျက် ရည်များသည် မျက်ဝန်းမှ တစ်ဆင့် နှလုံးသားထဲသို့  ပြန်လည်စီးဝင်သွားသည်ကိုတော့ ကိုကြီးတို့တစ်တွေ မတွေ့၍ သိရှိမည် မဟုတ်ပေ။ ဘယ်ဘက်ရင်အုံနှင့် ကပ်လျက်ရှိသော ဝက်ဝံရုပ် လေးသည်သာ နှလုံးသားထဲမှ မျက်ရည်များနှင့် ပူနွေးကာ နေလေတော့သည်။

            မုန်တိုင်းထန်ပြီးလျှင် လေပြေညင်းက လာစမြဲ။

            ကောင်းကင်ပြာတို့ မည်သည် တိမ်တို့၏ ဖုံးအုပ်ခြင်းမှ လွတ်ကင်းရန် မရှိ။ သို့သော် ခဏမျှသာ။ တစ်ချိန်၌ လေနှင့်လျော့ပါးပြီးနောက် တိမ်တို့ ပျောက်ကွယ်ကာ ကောင်းကင်ပြာကို ကြည်လင်စွာနှင့် ပြန်လည်တွေ့ကြစမြဲ။ အချိန်သည် လေနှင့်တူငြားအံ့။ ဘေဘီသည် ကောင်းကင်ပြာ ဖြစ်ခဲ့လျှင် ကိုကြီးသည်...။ မည်သို့ပင် ဖြစ်စေ တစ်နေ့တွင်မတော့ ကောင်းကင်သည် ပြန်လည် ကြည်လင် နေဦးမည်သာ။

            (အရာအားလုံးသည် အရွယ်ရောက်စ ဆယ်ကျော်သက်လေး၏ စိတ်လှုပ်ရှားမှု၏ တစ်ခဏ အပြုအမူ အိပ်မက်မြူများသာတည်း။)

အညတရ

(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်