မောင်ဝဏ္ဏ
နှလုံးချုံမှာ
ပုန်းခုန်နေတဲ့ အနုသယ
အခန်း(၁၃)
ဆိုပါတော့
“သူ” တို့
အိမ်ထောင်ရေး ညှိနှိုင်းအဆင်ပြေပြီး သူ ပျော်ရွှင်နေတာမြင်ရပြန်တော့လည်း ကျွန်တော်
စိတ်ချမ်းသာမိတယ်ဆိုတာ ယုံပါ။ သူ စိတ်ချမ်းသာနေတော့ ကျွန်တော်လည်း ပျော်ပါတယ်။
ဟုတ်တယ်၊ ကျွန်တော့ချစ်မြတ်နိုးမှုမှာ မနာလိုတာ မပါဘူး။ စိတ်ချ။ ငယ်ချစ်ဦးမို့
“သူ” စိတ်ချမ်းသာနေတဲ့အတွက် ကျွန်တော်ပျော်ပါတယ်။ ဟုတ်တယ်။
ကျွန်တော့်မြတ်နိုးမှုမှာ မနာလိုတာ မပါဘူး။ ငယ်ချစ်ဦးရဲ့ဘဝ ပြန်စိုပြည်လာတာကို
ကျေနပ်တယ်။ ဒါကြောင့် တပ်မက်တာမဟုတ်ဘူးလို့ ထင်တာပါ။ (ထင်တာနော်၊ မသေချာဘူး)
ချစ်မြတ်နိုးတဲ့စိတ်ဆိုတာ ဘယ်လိုရှင်းပြလို့မှ မရနိုင်တဲ့သဘောလို့ ယူဆပါတယ်။
ဘာစကားလုံးတွေပဲသုံးသုံး
“ချစ်မြတ်နိုးမှု” ရဲ့ အဓိပ္ပာယ်ကို ရှင်းပြလို့မရနိုင်ဘူး။ ဘယ်လို ရေးရေး
အဓိပ္ပာယ်ကို ရှင်းပြလို့ မရနိုင်ဘူး။ ဒီလိုနဲ့ အချိန်တွေ ညောင်းခဲ့ပြန်တယ်။
ကျွန်တော်လည်း ကိုယ့်ဘဝနဲ့ကိုယ် နေသားကျလာပြီလို့ ထင်မိတယ်။ ဟုတ်ပါရိုးလာဗျာ။ သူ
အသည်းအသန် မမာဘူးဆိုတဲ့ သတင်းလည်းကြားရော ကျွန်တော်ခြေမကိုင်မိ၊ လက်မကိုင်မိ
ဖြစ်ရပြန်ပါရော။ (မိစီက ဖုန်းဆက်ပြောတာ) ဘာလုပ်ပေးရမလဲ။ ဘာကူညီနိုင်မလဲ
စဉ်းစားတယ်။
ဆေးရုံကို
လိုက်လာကြည့်သေးတယ်။ ညွှန်လိုက်တာက ရန်ကုန်ဆေးရုံကြီးဆိုလို့ တစ်ဆောင်ဝင်
တစ်ဆောင်ထွက် တစ်ထပ်တက်၊ တစ်ထပ်ဆင်း လိုက်ရှာခဲ့သေးတယ်။ မတွေ့ရဘူး။ ဒါနဲ့ ဂျပန်
ဆေးရုံကြီးကို လိုက်ခဲ့ပြန်တယ်။ အဲဒီတုန်းက ဂျပန်ဆေးရုံသစ်ကြီးက အဝင်အထွက်ခက်တယ်။
လက်မှတ်တွေ ဘာတွေနဲ့ ရှုပ်နေတယ်။ အစောင့်ကို ပိုက်ဆံပေးလို့လည်း မရဘူး။
ဒါနဲ့သေချာအောင် ထပ်စုံစမ်းပြန်တယ်။ သူ့အိမ်ကို သေသေချာချာ
သွားမေးရင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မမေးဖြစ်ခဲ့ဘူး။ ကျွန်တော့်အပြစ်ပါ။ သူ
ခွင့်လွှတ်ပါနော်။
အဲဒီအချိန်တွင်းမှာပဲ
အလုပ်တစ်ခုပေါ်လာလို့ နေ့ရောညပါ လုပ်လိုက်ရတယ်။ စိတ်ကတော့ သူ့ဆီမှာပဲ။
ကျွန်တော့်အလုပ်က လုပ်ရပလားဟေ့ဆိုရင် နေ့မှန်း ညမှန်းမသိအောင် လုပ်ရတဲ့
အလုပ်မျိုးပါ။ ဘယ်နှရက်မိုးလင်းပြီး ဘယ်နှရက် မိုးချုပ်မှန်း မသိအောင်လုပ်ရတာ။
အဲဒီတုန်းက ကျွန်တော် ခင်စပယ်ဦး စတူဒီယိုမှာ နေ့ရော ညရော သီချင်းတွေ
သွင်းနေခဲ့ရတယ်။ ထားပါလေ။ ဒီလို နဲ့ သေလုမြောပါးဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီး ရောက်လာတယ်။
အဲဒီသတင်းဆိုးကြီးကို ကျွန်တော် မကြားရဲခဲ့ဘူး။ ဒါပေမယ့် တကယ့်အဖြစ်ပဲ။
ငြင်းချင်လို့ရတာမှ မဟုတ်ပဲ။
'ဒါမဖြစ်နိုင်ဘူး။
လုံးဝ မဖြစ်နိုင်ဘူး'လို့ ကျွန်တော် အော်နေမိတယ်။
အဲဒီအချိန်မှာကျွန်တော် စတူဒီယို အလုပ်ခန်းထဲမှာ။ ရှိသမျှ အလုပ်တွေ
အကုန်ရပ်ပစ်ပြီး ထွက်ခဲ့တယ်။
အားလုံးက
တားတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအလုပ်ပြီးဖို့ ဆုံးဖြတ်ချက်ဟာ ကျွန်တော့် အပေါ်မှာ
မူတည်နေလို့ပါပဲ။
'ခဏစောင့်ပါဗျာ၊
ချက်ချင်းတော့ပစ်လိုက်ရမယ် မထင်ပါဘူး၊ ဒီအလုပ်ပြီးအောင် လုပ်သွားပါဗျာ၊ ၁၅
မိနစ်လောက်ဆို ပြီးမှာပဲ' လို့ ပြောကြတယ်။
ဒါပေမယ့်
ကျွန်တော် အားလုံးကို ထားပစ်ခဲ့တယ်။ တစ်ယောက်တည်း ကားမောင်း ထွက်ခဲ့တယ်။
ကျွန်တော်ကားကို ဘယ်လိုမောင်း မိသလဲမသိဘူး။ ရဲက ဆိုင်ကယ်နဲ့လိုက်လာပြီး လိုင်စင်
သိမ်းသွားပါတယ်။ ကျွန်တော်က ရဲကိုလိုင်စင်မကလို့ ဘာသိမ်းသိမ်း ကျုပ်အရေး
ကြီးနေတယ်လို့ပြောပြီး မောင်းထွက်ခဲ့တယ်။ ခွင့်လွှတ်တတ်တဲ့ရဲက ပြုံးနေတယ်။
စိတ်မဆိုးရှာဘူး။ (ဒါမျိုးတွေ ရိုးနေပြီပေါ့။)
သူတို့အိမ်
လမ်းထိပ်ကိုရောက်တော့ ကျွန်တော်ကားကို တုန့်ခနဲရပ်မိတယ်။ အဲဒီတော့မှ ကားပေါ်မှာ
ကျွန်တော် မျက်ရည်ကျနေမိတဲ့အကြောင်း သတိထားမိတယ်။
သတိလေးတစ်ချက်
ဝင်လာတယ်။ ကျွန်တော်က သူ့အိမ်ကိုရောက်၊ ဒါမှမဟုတ် ဆေးရုံကိုလိုက်။ ပြီးရင်
ကျွန်တော် သူ့ကို တွေ့ရတဲ့အခါ ငိုမိမယ်။ ဘယ်လိုမှ ထိန်းထားလို့ရမှာမဟုတ်ဘူး။ ဒါဆို
ဘာဖြစ်မလဲ။ ကျွန်တော့်မှာ ငိုခွင့်ရှိရဲ့လား။ လူရှေ့သူရှေ့မှာ ငိုခွင့်ရှိရဲ့လား။
မရှိဘူး။ အားလုံး ရှုပ်ထွေးကုန်လိမ့်မယ်။ သူ အသည်းအသန် မကျန်းမမာ
ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်က မြွေပူရာ ကင်းမှောင့် လုပ်သလို ဖြစ်သွားလိမ့်မယ်။
ပွင့်ပွင့်လင်းလင်း
ပြောရရင် အဲဒီအချိန်တုန်းက ကျွန်တော်ဟာ သူ့လက်ကလေးကို ကိုင်ပြီး အားပေးရင်း
တရှိုက်ရှိုက် ငိုပစ်လိုက်ချင်နေတယ်။ အဲဒါ ဘယ်လိုမှ မသင့်တော်တဲ့၊ လူရှေ့သူရှေ့မှာ
ငိုလို့မရတဲ့ အခြေအနေ။ ဒီတော့ စိတ်မထိန်းနိုင်ရင် မသွားနဲ့လို့ ကိုယ့်စိတ်ကိုယ်
ဆုံးမပြီး ကားပေါ်မှာပဲ တဝကြီး ငိုရှိုက်ပစ်လိုက်တယ်။ တကယ်တော့ ဘာဆိုင်သလဲနော်၊ ဘာဆိုဘာမှ မဆိုင်ဘူး။
ရူးတာ။ ဟုတ်တယ်၊ အဲဒီ အချိန်လောက်တည်းက ကျွန်တော်ရူးနေပြီ။
□
အလုပ်ရှိတဲ့ဆီ
ပြန်လာခဲ့တယ်။ ကျွန်တော် အလုပ်ဆက်လုပ်လို့ မရတော့ဘူး။ အားလုံးကို ရပ်ခိုင်းလိုက်ပြီး
နောက်ရက်ချိန်း ထပ်ယူလိုက်ရတယ်။ အိမ်ပြန်တယ်။
နောက်
ကျွန်တော် ပန်းဖျား ဖျားတယ်။ ဘာတွေ 'ယောင်' မိမှန်းမသိဘူး။ အနီးကပ်ပြုစုတဲ့ သမီးက ကျွန်တော့်ကိုမေးတယ်။ 'ဖေဖေ့ငယ်ငယ်က အချစ်ဦးဟာ ဘယ်သူလဲဟင်။ သမီးတွေ့ဖူး ချင်လိုက်တာတဲ့။
ကျွန်တော်က 'မရှိပါဘူး သမီးရယ်၊ ဖေဖေ့မှာ အချစ်ဦး
မရှိတော့ပါဘူး' လို့ပဲ ပြန်ဖြေမိတယ်။
□
နောက် စိတ်နည်းနည်း
ထိန်းနိုင်မှ သူ့ဆီကို လာခဲ့တယ်။ သူပြန်ပြီးနေကောင်း စ။ အနားယူ နေတဲ့အချိန်။ သူ့
ခုတင်ဘေးမှာထိုင်ပြီး အားပေးစကားတွေ ပြောခဲ့တယ်။ အားမရှိတဲ့လူက အားပေးနေ ခဲ့တယ်လေ။
သူ့ရဲ့ အားဖျော့နေတဲ့မျက်ဝန်းမှာ ကျေနပ်မှု အရိပ်အယောင်လေးတွေ တွေ့ရတယ်။ ပြန်ခါနီး
သူ့လက်ကလေးကို ဖွဖွလေးဆုပ်ပြီး အားပေးခဲ့တယ်။ သူ ကလည်း ကျွန်တော့်လက်ကို ဖွဖွလေး
ပြန်ဆုပ်ရင်း ကြည်လင်တဲ့အကြည့်နဲ့ ပြန်ကြည့်ခဲ့တယ်လေ။ ဒါတွေဟာ
အားလုံးပြီးဆုံးပြီလို့ ထင်ခဲ့တဲ့ အတိတ်ရဲ့ ပစ္စုပ္ပန် ပြန်ဖြစ်လာတော့တယ်။
ဒါကြောင့် ပြောခဲ့ပါပကော။ အချစ်မှာ အနာဂတ်ကို အတိတ်ဆီပို့လို့ ရပါတယ်။
အတိတ်ကိုပစ္စုပ္ပန် ဖြစ်စေနိုင်ပါတယ်။
စိတ်က
မငြိမ်းချမ်းတော့ ခိုကိုးရာရှာတယ်။ ဒီလိုနဲ့ ကျွန်တော် ပုတီးစိပ်တယ်။ နောက်
တရားရိပ် သာတွေရောက်တယ်။ ခဏတော့ ငြိမ်းချမ်းသလိုပဲ။ ဒါပေမယ့် ရှားမီးခဲလို
တနုံ့နုံ့လောင်နေတဲ့မီးဟာ တရားရေအေးနဲ့တောင် မငြိမ်းနိုင်ခဲ့ပါဘူး။ (အနုသယကို ဖျောက်ဖို့ လွယ်မှတ်လို့)
□
တရားရိပ်သာကိုလည်း
ဖြစ်ဖြစ်မြောက်မြောက် မဝင်ခဲ့မိဘူး။ ပိုနေမြဲ ကျားနေမြဲအလုပ်တွေ ပြန်လုပ်တယ်။
စာလေးရေးရင်း စာဖတ်ရင်း နေလို့သက်သာ
သလိုရှိနေပေမယ့် ညကျရင် အိပ်မက် မက်တော့တာပဲ။ ကြာတော့ အိပ်ရမှာတောင် ကြောက်လာတယ်။
ကျွန်တော် ပွင့်လင်းရတော့မယ်။
ကျွန်တော်
ဘယ်လိုလုပ်ပြီး ပွင့်လင်းလို့ရနိုင်မှာလဲ။ ဘယ်လိုမှ ဘာမှမဖြစ်သင့်တော့တဲ့
မဖြစ်နိုင်တော့တဲ့ ဇာတ်လမ်းဟာ နိဂုံးချုပ်သင့်ပြီ။ တကယ်က ကျွန်တော်ကိုယ်တိုင်ပဲ
နိဂုံးချုပ်ပစ်ရမှာ။
ဘယ်သူမပြု
မိမိမှုပဲ။ ဒီပြဿနာကို စခဲ့တာ ကျွန်တော်ကိုယ်တိုင်ပဲ။ တစ္ဆေမွေးတဲ့ ပုံပြင်လေး ကြားဖူးမှာပေါ့။
'တစ္ဆေတစ်ကောင်ကို မွေးလိုက်တယ်။ တစ္ဆေဟာ ကြီးသထက်ကြီးပြီး ကြောက်စရာ
ကောင်းသထက် ကောင်းလာတယ်။ နောက်ဆုံးတော့ အဲဒီကိုယ်မွေးတဲ့ တစ္ဆေကပဲ ကိုယ့်ကို
ပြန်ပြီး ကုပ်ချိုးသတ်လိုက်တယ်'တဲ့။ ခုကိစ္စမှာ ဒီမီးကို
ဘယ်သူမွေးတာလဲ၊ ကျွန်တော်ပဲ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် မီးရှို့နေတာပဲ။ ဘာထူးလဲ။
ကိုယ့်ဘာသာမွှေးတဲ့မီး၊ ကိုယ့်ဘာသာမငြိမ်းလို့ ဘယ်သူက လာငြိမ်းပေးမှာလဲ။ (Fire
Brigade 191 ကို ဖုန်းဆက်ပြီး 'မီးလောင်နေပြီ အမြန်လာငြိမ်းပေးပါ' လို့
သတင်းပို့လို့ ရနိုင်တာမျိုးမှ မဟုတ်တာ။) ဒီတော့ နောက်ဆုံး မျှော်လင့်ချက်ကလေးကို ထားမိတယ်။
ကိုယ့်စိတ်ကို ပြန်ပြီးဆန်းစစ်ကြည့်တယ်။ ပြောချင်တာတွေကို မျိုသိပ်မထားပါနဲ့၊
ပြောပါ။ ပြောလို့ မဖြစ်တဲ့ အခြေအနေတွေ ရောက်နေပြီလို့
ကိုယ့်ကိုယ်ကိုယ်ပြောတော့...ကျွန်တော့် ဆင်ခြင်သိက ကျွန်တော့်ကို ပြန်သတိပေးတယ်။
စာရွက်ပေါ် ရေးချပြီး ရင်ဖွင့်ပါတဲ့။
ဒါကြောင့်
ဒီစာကို ရေးလိုက်ပါတယ်။ ရင်ဖွင့်ပစ်လိုက်ပါတယ်။ ဟုတ်သားပဲ။ ပြောချင်တာတွေ ကို
ရေးချလိုက်ရတော့ ရင်ထဲပေါ့သွားသလိုပဲ။
အိပ်မက်တွေ
မမက်အောင်ဆိုပြီး ဆရာဝန်က ဆေးပေးပါသေးတယ်။ မ ဆိုင်ဘူးလို့ထင်တယ်။ ဆေးက
တခြားအိပ်မက်တွေကို နိုင်ပေမယ့် အဲဒီအိပ်မက်ကို မနိုင်ဘူး။ (ဆေးကု၍ မရပါ ပေါ့)
ဒီတော့
ကျွန်တော် ဆုံးဖြတ်လိုက်ရတော့တယ်။ သူ့ ဆီမှာ အခွင့်အရေးလေး တစ်ခုတောင်းမယ်။
တခြားဘာကိုမှ တောင်းဆိုလို့ မရနိုင်တော့တဲ့ အခြေအနေကို ရောက်ခဲ့ပြီပဲ။
ဒါကြောင့်
ကျွန်တော့်ကို နောက်ဆုံးထွက်သက်အထိ ရင်ထဲက မြတ်နိုးနေခွင့် ကလေးပေးပါ။ ဘဝအဆက်ဆက်
ရင်ထဲက တိတ်တိတ်လေး မြတ်နိုးနေပါရစေ။ ဒါလေးလောက်တော့ ခွင့်ပြုလိမ့်မယ် လို့
ထင်ပါတယ်။ သနားသဖြင့်ပေါ့လေ။ ကျွန်တော် သူ့ကို အသက်ထက်မက မြတ်နိုးရပါတယ် ဆိုရင်
ယုံလိမ့်မယ်မထင်ဘူး။ ဒါပေမယ့်တကယ်ပါ။ ကျွန်တော်တို့နှစ်ယောက် (သူနဲ့ ကျွန်တော်) အနက်က
တစ်ယောက်ယောက်က သေပေးရမယ်။ တစ်ယောက်ပဲ အသက်ရှင်ခွင့်ပြုမယ်ဆိုတဲ့ အခြေအနေမျိုးကို ရောက်ရင်
ကျွန်တော် သေပေးဖို့ ဆုံးဖြတ်မိပါတယ်။ သူအသက်ရှင်နေရစ်ပေါ့။ ဒါဟာ ယုံတမ်းစကား ပဲလို့
ထင်ချင်ထင်ပါလေ။ စိတ်ထဲရှိတဲ့ အတိုင်းရေးမိတာပါ။
ကျွန်တော့်စာကြောင့်
သူစိတ်အနှောင့်အယှက်ဖြစ်မှာ သိပ်စိုးတယ်။ ဒါကြောင့် ဒီစာကို ဖျောက်ဖျက်ပစ်ရမယ်။ ဒါပေမယ့်
ကျွန်တော့်လက်နဲ့ မဖျောက်ဖျက်ပစ်ရက်ပြန်ဘူး။ ဒီစာကို ဖတ်စေချင်တဲ့သူဟာ
ဒီလောကကြီးတစ်ခုလုံးမှာ သူတစ်ယောက်ပဲရှိတယ်။ တခြား ဘယ်သူမှ မမြင်စေချင်ဘူး။
မဖတ်စေချင်ဘူး။ မဖတ်စေရဘူး။ ပြီးတော့ ဖျောက်ဖျက်ပစ်ရမယ့် သူဟာလည်း သူ တစ်ယောက်တည်းပဲရှိတယ်။
ဒါကြောင့် သူပဲ ဖျောက်ဖျက်ပေးပါလို့ တောင်းပန်ချင်ခဲ့တာပေါ့။ တစ်ပြိုင်နက်တည်းမှာ
ဒီစာကိုဖတ်ပြီး သူစိတ်ညစ်မှာလည်း သိပ်စိုးရိမ်မိတယ်။ ဒါကြောင့် မဖတ်ပါနဲ့၊
ဖျောက်ဖျက်ပစ်လိုက်ပါ။ နောက်ဆုံး မီးရှို့ချင်သပဆိုလည်း ရှို့ပစ်လိုက်ပါ။
ကျွန်တော့်နှလုံးအိမ်ဟာ လောင်ကျွမ်းပြီးသားမို့ ကျွန်တော့် နှလုံးသားနဲ့တူတဲ့
ဒီစာဟာလည်း လောင်ကျွမ်းပြီးသားပါပဲ။ လောင်ပြီးသားကို ထပ်မီးရှို့လို့
ဘာမှမဖြစ်နိုင်တော့ဘူး။ 'ငရဲကလာတဲ့လူ ပြာပူမကြောက်' တဲ့ သူရေ။ ကျွန်တော်ဟာ
ငရဲကလာတဲ့လူပဲ။ ပြာပူလောက်တော့ မကြောက်နိုင်တော့ပါဘူး။ မီးရှို့ပစ်လိုက်ပါတော့။
မီးပြင်းပြင်းနဲ့သာ ရှို့ပစ်လိုက်ပါတော့။
ကျွန်တော်မျှော်လင့်တယ်။
ကျွန်တော့်မြတ်နိုးမှုကို 'သူ' အသိအမှတ်တော့ ပြုပေလိမ့်မယ်။ ဒါပေမယ့်
ကျွန်တော့်ကို ချစ်မှာတော့ မဟုတ်ဘူး။ မချစ်တဲ့အပြင် ဒီစာကြောင့် ကျွန်တော့်ကို
မုန်းသွား နိုင်တယ်။
အဲဒီအမုန်းကို
ကျွန်တော် မခံရဲဘူး။ မုန်းဖို့မပြောနဲ့။ မျက်နှာထားတင်းတင်းနဲ့ ကြည့်တာတောင်
ကျွန်တော်မခံရဲဘူး။ ဒါပေမယ့် မတတ်နိုင်တော့ဘူး။ စွန့်စားလိုက်ရပြီ။
မုန်းသွားရင်လည်း အဲဒီ အမုန်းကိုပဲ ကျေကျေနပ်နပ်ခံယူပြီး သူ့ အမုန်းကို
သိမ်းထားရင်း နောက်ဆုံးထွက်သက်ထိ ရင်ထဲကပဲ မြတ်နိုးနေပါတော့မယ်။
မြတ်မြတ်နိုးနိုးနဲ့ နင့်နေအောင်ချစ်နေပါ့မယ်။
ဒီစာကို
ညဘက်တွေမှာ တိတ်တိတ်ရေးရတယ်။ ဘယ်သူမှ မမြင်စေချင်ဘူး။ ရေးရင်းလည်း ရင်တွေမောရတယ်။
အသံတိတ်ရှိုက်ရတယ်။ ကြီးလှတဲ့ဒုက္ခ။ (အဲဒါကို 'ဥပါယာသ' ပြင်းစွာပူဆွေးခြင်း လို့ ခေါ်သတဲ့)
မိုတွေ
သည်းကြီးမည်းကြီး ရွာနေပြန်ပြီ 'သူ' ရေ။ ညသန်းခေါင်လည်း တိုင်နေပြီ။ မောလှပြီ။
ရေးချင်တာတွေ ရှိနေသေးတယ်။ မိတ်ဆွေ စာရေးဆရာတစ်ယောက်က ကူညီလို့ 'စိတ်ရောဂါ သုတေ သန' တွေ ပြန်ဖတ်ခွင့်ရခဲ့တယ်။
တချို့
ဝေဒနာရှင်တွေဟာ ဆရာဝန်ကို ပြောပြလို့ မဖြစ်တဲ့ စိတ်ဝေဒနာမျိုးရှိတတ်သတဲ့။ ဆရာဝန်မှ
မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ပြောပြလို့မဖြစ်တဲ့ စိတ်ဝေဒနာမျိုးရှိသတဲ့။ အဲဒီလို လူနာ
(ကျွန်တော့်လိုကောင်) ကို ကုဖို့နည်းတစ်ခုက သူပြောအပြချင်ဆုံးလူကို
ရင်ဖွင့်ပြောစေတာပါပဲတဲ့။ အဲဒီလူကို ပြောပြလို့ မရနိုင်ဘူးဆိုရင် ပြောချင်သမျှတွေ
စာနဲ့ရေးချရမယ်တဲ့။
ခု
ကျွန်တော်ပြောချင်သမျှတွေထဲက ပြောသင့်တယ်ထင်သမျှ စာရွက်ပေါ် ရေးချလိုက်ပါပြီ။ သူ
ဒီစာကို ဖတ်မိသလား။ စိတ်ညစ်သွားမှာပဲ နော်။ ဒါကြောင့် မဖတ်ပါနဲ့လို့
ကြိုတင်ပြီးစာရေးလိုက်မယ်။ မဖတ်ပါနဲ့လို့ ကြိုတင် တောင်းပန်မယ်။ အဲဒီစာဟာ ဒီစာတွေအားလုံးရဲ့ ရှေ့ဆုံး စာမျက်နှာတွေ
ဖြစ်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ ကိုယ့်ဘာသာကိုယ်ပဲ မီးရှို့ပစ်ရမှာပါ။ (အဲဒီ
စာမူရင်းတွေကို ကိုယ့်ဘာသာ မီးရှို့ပစ်ခဲ့တဲ့အကြောင်း ပြောပြပြီးထင်ရဲ့၊
ကိုယ့်နှလုံးသားကို ရင်ထဲက ဆွဲထုတ်ပြီး ကိုယ်တိုင်မီးရှို့၊ အထပ်လိုက်
ပြာကျသွားတဲ့ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ ကိုယ်ရင်ကိုယ်ခွဲပြီး ဝေဒနာ ကမ္မဌာန်း
ရှုနေခဲ့မိတဲ့အကြောင်း ပြောပြီးပါပြီ။)
ခုနောက်ဆုံး
စာမျက်နှာတွေကို ရေးရတော့မယ်။
□
လောကဓံက
နားရင်းအုပ်ခြင်း
အခန်း (၁၄)
ဆိုပါတော့
ကိုဝင်းငြိမ်းရေ။
ကျွန်တော်ရေးချင်တာတွေ ရေးလိုက်ပါပြီ။ ခင်ဗျားဖတ်ချင်တဲ့ အချစ်ဇာတ်လမ်း ဟုတ် မဟုတ်
မသိဘူး။ မဟုတ်ရင်လည်း ပယ်လိုက်ပေါ့ဗျာ။ 'ပြီးတော့လည်း
ပြီးသွားတာပါပဲပေါ့'။
ခု ကျွန်တော့်
တစ်ခန်းရပ် ဘဝအမော ဇာတ်အီကြီးကို သိမ်းရတော့မယ်။ ကျွန်တော့်ရဲ့
ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ နှလုံးအိမ်ဇာတ်တော်ကြီးရဲ့ ပေါက်ပြဲနေတဲ့
ပြည်ဖုံးကားအဟောင်းကြီးကို ချရတော့မယ်။ အရောင်အဆင်းမရှိတော့တဲ့
အောက်သိုးသိုးပြည်ဖုံးကားကို မချခင် အရေးကြီးတဲ့ အချက်ကလေးတစ်ခုကိုတော့
ပြောမှဖြစ်လိမ့်မယ် ထင်တယ်။
အဲဒါက
ဒီလိုပါ။ သူ့ စေ့စပ်တဲ့အချိန်တုန်းက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် သူ့အိမ်ကို
ရောက်ခဲ့တဲ့အကြောင်း ပြောပြပြီးပါပြီ။
အဲဒီဇာတ်ကွက်ရဲ့
နောက်ဆက်တွဲလေး ရှိပါသဗျ။
□
စာဖတ်ပရိသတ်ကို
သစ္စာဖောက်မိခြင်း
(သို့မဟုတ်)
မြှုပ်ကွက်လှလှလေး။
အခန်း (၁၅)
ဆိုပါတော့။
လွန်ခဲ့တဲ့
နှစ်ပေါင်း လေးဆယ့်သုံးနှစ်နဲ့ ငါးလတိတိက ဖြစ်တဲ့ အဲဒီနေ့မှာ သူတို့အိမ်ကို
ကျွန်တော် ရောက်ခဲ့တယ်။ ကျွန်တော့် အိပ်ကပ်ထဲမှာ စာလေးတစ်စောင်ပါတယ်။ နှုတ်နဲ့
ဖွင့်ဟဖို့ အခက်အခဲရှိနေရင်၊ စကားလုံးတွေက ရင်ထဲမှာ ဆို့နေရင်
စာကလေးပေးလိုက်ဖို့ပဲ။
အဲဒီစာက
တိုတိုလေးပါ။ ခုထိမှတ်မိတယ်။
သူ....၊
ရင်ထဲက
နင့်နေအောင် ချစ်မြတ်နိုးမိပါတယ်။ သူခွင့်ပြုတယ်ဆိုရင် ခေါင်းကလေး ညိတ်ရုံ ညိတ်ပြပါ။
မောင့်ဘဝရဲ့ အပျော်ဆုံးအချိန်ကလေး ဖြစ်ပါရစေ။
မောင်
ဒါပေမယ့်
အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင်ကြီး သူစေ့စပ်ဖို့ လူကြီးချင်းစကား ပြောနေတဲ့နေ့ပဲ။
ကျွန်တော့်ဘဝမှာ လောကဓံဟာ အဲသလို လက်သံပြောင်ပြောင်နဲ့ ကျွန်တော့်ကို
နားရင်းအုပ်ခဲ့ပေါင်း များပါပြီ။ အားလုံး အချိန်ကိုက်ကွက်တိချည်းပဲ။ Time Bomb တွေချည်းပဲ။
ကျွန်တော်
ပြန်လှည့်အထွက်မှာ ကျွန်တော့်နောက်က မိန်းကလေးတစ်ယောက် လိုက်လာတယ်။
ခေါင်းငိုက်စိုက်ကျနေတဲ့ ကျွန်တော်ဟာ ကျွန်တော့်ကို ခေါ်လို့ခေါ်မှန်း မသိခဲ့ဘူး။
အဲဒီမိန်းကလေးက အပြေးကလေးလိုက်လာပြီး ကျွန်တော့်ကိုပြောတယ်။ 'သူ'
က ဘာကိစ္စရှိလို့လဲလို့ မေးခိုင်းသတဲ့။
အဲဒီတုန်းက၊
လွန်ခဲ့တဲ့ လေးဆယ့်သုံးနှစ်နဲ့ ငါးလတိတိက ကျွန်တော်လုပ်ခဲ့သင့်တာက အိတ်ထဲမှာ
အသင့်ဆောင်ယူလာတဲ့ စာကလေးကို မိစီကတစ်ဆင့် 'သူ' ကို
ပေးလိုက်ရုံပဲ။
အဲဒါဆို
ကျွန်တော့် ဘဝ၊ သူ့ဘဝဟာ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်တယ်။ ဒါမှ မဟုတ်လည်း
အဲဒီတုန်းကတည်းက သူ့ရင်ထဲက စိတ်ထားအမှန်ကို ကျွန်တော်သိခွင့်ရခဲ့မယ်။ 'သူငယ်ချင်းလို့ပဲ
ဆက်၍ခေါ်မည်' ဖြစ်နိုင်တယ်။
ဒါပေမယ့်
ကျွန်တော် ခေါင်းကိုငိုက်ရင်း ဖြည်းဖြည်းကလေး ခေါင်းခါမိတယ်။ ခုတော့ အဲဒီတုန်းက
ကျွန်တော့်မချင့်မရဲအတွေးကြောင့် သူရောကျွန်တော်ပါ စိတ်ဒုက္ခတွေ တစ်သက်လုံး
ခံခဲ့ရတယ်လို့ ထင်ပါတယ်။ (ထင်တာနော်၊ မသေချာဘူး)
ကျွန်တော်ဟာ
ကိစ္စတစ်ခုကိုမလုပ်ခင် အဖန်ဖန် စဉ်းစားဆင်ခြင်သုံးသပ်၊ ဆုံးဖြတ်ပြီးမှ
လုပ်လေ့ရှိတယ်။ ဆုံးဖြတ်ချက်ချပြီးရင် ရှုံးခါမှ ရှုံးရော၊ နောက်ဆုတ်လေ့ မရှိဘူး။
ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး ပုံ 'အော' လေ့
ရှိတယ်။ (ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတာ မှားပါတယ်။)
ဒါပေမယ့် 'သူ'
နဲ့ ပတ်သက်လာတိုင်း ကျွန်တော့်ဆင်ခြင်စဉ်းစားမှုတွေ၊
ဆုံးဖြတ်ချက်တွေဟာ မှုန်ဝါးဝါးဖြစ်ခဲ့ရတယ်။ အဲဒီ တဒင်္ဂခဏလေးတုန်းက
ကွန်ပျူတာထက်မြန်တဲ့ ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်က 'စေ့စပ်တော့မယ့်
သူ့ကို အနှောင့်အယှက် မပေးချင်ဘူး၊ ပြီးတော့ ကျွန်တော့်လို မရေမရာကောင်နဲ့ 'သူ' နဲ့ မတန်ဘူးလို့ ဆုံးဖြတ်မိတယ်။ ဆုံးဖြတ်ပြီးရင်
နောက်မဆုတ်တတ်တဲ့ မာဆတ်ဆတ် အကျင့်ဆိုးလည်း ပါကောင်းရဲ့။
ဒါကြောင့်
ခေါင်းခါလိုက်တာ ဖြစ်လိမ့်မယ်။ ပြီးတော့ သူတို့အိမ်အပေါ်ထပ်ကို လှမ်းကြည့် မိတယ်။
ပြတင်းဝကိုဟပြီး သူ ကျွန်တော့်ကို လှမ်းကြည့်နေတယ်။ လင်းတစ်ဝက် မှောင်တစ်ဝက် 'ကွန်းထရပ်စ်
မိုနိုတုန်း' ဖြစ်နေပေမယ့် ကျွန်တော်ခေါင်းခါလိုက်တာကို
မြင်ရတဲ့ 'သူ' ဟာ သူ့ မူပိုင်
စူးရှရည်လဲ့ ပိရိတဲ့အကြည့်နဲ့ ကျွန်တော့်ကို ကြည့်လိုက်တယ်။ အဝေးကြီးကပေမယ့်
အနီးကပ် 'ဘစ်ဂ် ကလိုးစပ်' Big close up
မြင်လိုက်ရသလိုပါပဲ။
□
သည်နောက်
သူလက်ထပ်တယ်။ နောက် မိစီက သူတို့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး တစ်စမကျန်
ကျွန်တော့်ကို ပြောပြခဲ့တယ်။ အကျဉ်းချုပ်ကတော့ လောကငရဲခန်းတစ်ခုပဲ။ မိစီကို
သူရင်ဖွင့်ခဲ့သတဲ့။ အဲဒါတွေ မိစီက ကျွန်တော့်ကို ဘာကြောင့် ပြန်ပြောပြရတာလဲ။
တစ်ခုပဲ
စဉ်းစားလို့ရတယ်။ မိစီက သူနဲ့ ကျွန်တော့်ကို သဘောတူခဲ့တယ်။ သူ့စိတ်ရင်းကိုတော့
မသိခဲ့ပါဘူး။ (ဒါကြောင့် တစ်ခါတုန်းက သူနဲ့ကျွန်တော့်ကို သိရီလမ်းအိမ်မှာတွေ့ဖို့
စီစဉ်ပေးခဲ့တာ နေမှာပေါ့။)
□
အဲဒီအဖြစ်အပျက်တွေဟာ
အကျယ်ချဲ့ပြောစရာ မလိုတော့ဘူးထင်တယ်။ ဆယ့်ငါးနှစ်လောက် သူ လောကငရဲခံခဲ့ရတယ်။ နောက်ကို
ညီညီနဲ့ ပြန်ညှိနှိုင်းပြေလည် သွားကြတယ်။ (ပြောပြီးပါပြီ)။
သူတို့
စိတ်ချမ်းမြေ့ ပျော်ရွှင်ဖွယ်ဘဝလေးကို ပြန်တည်ထောင်ကြတယ်။ အဲဒီ အချိန်တွေမှာ
ကျွန်တော် သူ့အတွက် စိတ်ချမ်းသာခဲ့တယ် ဆိုတာတော့ ယုံပါ။ မုဒိတာဆိုတာကို ရေးတေးတေး
သဘောပေါက်မိသလို့ပဲ။
နောက်
မမျှော်လင့်ဘဲ သူ့ခင်ပွန်း တာဝန်နဲ့ နိုင်ငံခြားသွားရတယ်။ ဖြစ်ချင်တော့ အဲဒီနိုင်ငံခြားမှာ
မတော်တဆ အန္တရာယ်တစ်ခု ဖြစ်ပြီး ကွယ်လွန်သွားရှာတယ်။ သူ့ဘဝပြန်လည်စို ပြည်စမှာပဲ လောကဓံ
က ဒိုင်းခနဲ သတိပေးလိုက်တာပါ။
သတင်းကြားကြားချင်း
သူ့ဆီသွားတယ်။ ဆရာဝန်က အိပ်ဆေးထိုးပေးထားသတဲ့။ အိပ်ပျော် နေတယ်။ ငိုထားလွန်းလို့
နီမို့နေတဲ့ မျက်ခွံတွေကို မှေးမှိတ်လျက် တွေ့ခဲ့ရတယ်။ ခပ်စောင်းစောင်း ခွေခွေ ကပိုကရိုလေး အိပ်ပျော်နေရှာတယ်။ အဲသလို
မြင်ရတာကိုက ကရုဏာ သက်စရာ၊ ရင်နင့်စရာ။
အဲဒီနောက်
သူ့ဆီ သုံးလေးလတစ်ခါလောက် ရောက်ဖြစ်တယ်။ စကားစမြည် ပြောရုံပါပဲ။ ရင်ထဲမှာ ခွေနေတဲ့
အနုသမြွေပွေးကတော့ ပြင်းလှတဲ့ အဆိပ်တွေ စုရင်း မာန်သွင်းလျက် ငြိမ်နေခဲ့ဟန် တူရဲ့။
ဒါပေမယ့်...။
□
အတိတ်ကို
မျက်မှောက်ပြုခြင်း (သို့မဟုတ်)
အနာဂတ်ကို
အတိတ်သို့ ပို့လိုက်ခြင်း (သို့မဟုတ်)
အချိန်တွေ
အားလုံးရပ်ဆိုင်းသွားခြင်း (သို့မဟုတ်)
အခန်း (၁၆)
ဆိုပါတော့။
ကျွန်တော် အိပ်မက်တွေအကြောင်း
ပြောပြီးပါပြီ။ ထပ်မပြောပါရစေနဲ့တော့။ မိတ်ဆွေ သူငယ်ချင်းတွေက ငှားလို့ စိတ်ပညာ
သုတေသနတွေလည်း ဖတ်ပြီးပြီ။ ကျွန်တော် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တယ်။ ကျွန်တော်
သူနဲ့တွေ့ပြီး အတိတ်ကို မျက်မှောက်ပြုရမယ်။ (ဒါပေမယ့် အဲဒီ အတိတ်ဟာ အနာဂတ်
ဖြစ်သွားရှာတယ်။)
ဒါပေမယ့်
အဲသလို မျက်မှောက်ပြုတာဟာ လူ ကျွံတာ၊ ဒါမှမဟုတ် စိတ်ကျွံတာ ဖြစ်ပါလိမ့်မယ်။
လက်ကြမ်းကျွံရင် နုတ်လို့ရနိုင်တယ်။ နှုတ်ကျွံရင် နုတ်မရဘူးတဲ့။ ခုဟာက
စိတ်နှလုံးပါ ကျွံသွားတာ၊ ဘယ်လိုမှ ပြန်နုတ်လို့ ရနိုင်မယ် မဟုတ်ဘူး။ ဒါကြောင့်
ရင်ထဲမှာ ခွေနေတဲ့ အနုသယမြွေပွေးကို မထိရဲဘဲ ထားခဲ့လိုက်တယ်။ ဒါပေမယ့်
မရပါဘူးဗျာ...။
□
ကိုဝင်းငြိမ်း
ဒီကိစ္စမှာ ခင်ဗျားက အားပေးအားမြှောက် တရားခံ နံပါတ် (၁) ပဲ။ ကျွန်တော်ဘာသာ
ငြိမ်သက်နေပြီထင်တဲ့ 'အနုသယ' ကို ခင်ဗျား 'ဆွ'
ပေးခဲ့တယ်။ ဒီတော့ အတိတ်ကို ပြန်တူးဖော်တယ်။ မျက်မှောက်ပြုတယ်။
ဒီဇာတ်ဟာ သိမ်းမှအေးမယ်။ 'အမှတ်မရှိတဲ့အသည်း၊
အထပ်ထပ်ကွဲမှအေးရော'။
□
အတိတ်၏
မျက်မှောက်
လွန်ခဲ့တဲ့
တစ်နှစ်လောက်က တစ်နေ့မှာ ကျွန်တော်တစ်ယောက်တည်း ကားမောင်းပြီး မြို့ပြင်ဘက်
ထွက်ခဲ့တယ်။ ဘယ်ရယ်လို့ မဟုတ်ဘူး။ ငြီးငွေ့နေတာနဲ့ မြို့ပြင်ဘက် ထွက်ခဲ့တာ၊
ရန်ကုန်-ပဲခူးလမ်းက တစ်နေရာမှာ စေတီဟောင်းလေး တစ်ဆူရှိတယ်။ သတိမထားမိရင်
မမြင်သာဘူး။ အနီး ကပ်ကျမှ သစ်ပင်အုပ်တွေကြားက ကုန်းမို့မို့မှာ စေတီရဲ့ ထီးတော်နွမ်းနွမ်းကို
ဖူးမြင်ရတယ်။ ကျွန်တော် ကားရပ်လိုက်တယ်။ အဲဒီနားမှာ နောက်ဆုံးပေါ် ဆလွန်းကား
တစ်စီးရပ်ထားတယ်။
စေတီဟောင်းလေးပေါ်
တက်ခဲ့တယ်။ အုတ်လှေခါးထစ်တွေ အက်ကွဲနေပြီ။ အင်္ဂတေတောင် မရှိတော့ဘူး။ 'အင်္ဂတေ
မြေမနင်းရယ်နဲ့၊ ခေါင်းခေါက်ရင်း ထိတ်ပုတ်တယ်၊ စိတ်လုပ်မယ်လို့ မကြံဖြစ်၊ လသာသာ၊
ညခါမှာ ဖန်တို့လို့၊ တန်ကို့နော် မဆိုရဲရှာဘု၊ ကစားရွယ်ငယ်ကတည်းက စွဲတဲ့အချစ်'
သန့်စင်တဲ့
ကစားရွယ်ကလေးကို ပြန်အောက်မေ့မိ ပြန်တယ်။
နီညိုညိုရင်ပြင်တော်
အိုပေါ်မှာ ပုဆစ်ဒူးတုပ်ထိုင်ပြီး ဘုရားဖူး၊ ဦးချတယ်။ အဲဒီ ခဏမှာတော့
အေးချမ်းငြိမ်သက်လိုက်တာ။ ငှက်ကလေးတွေရဲ့ စိုးစီသံလေးတွေ။ လေအသုတ်မှာ လွင်လွင်လေး ပျံဆင်းလာတဲ့
ဆည်းလည်းသံလေးကလည်း ကြည်နူးဖို့ကောင်းလိုက်တာ။ ဒါပေမယ့် ရှေ့နား မလှမ်းမကမ်းမှာ
ကျက်ကျက်ဆူနေတဲ့ ဆီပူအိုးကြီး ရှိနေမှန်း မသိခဲ့ဘူး။
စေတီတော်ကို
လက်ယာရစ်ပတ်ပြီး ဖူးမြော်တယ်။ ရာဟုထောင့်မှာ...(ဟုတ်တယ်၊ သူ ရာဟုသမီး၊ ကျွန်တော်က
ဗုဒ္ဓဟူးသား၊ ဗေဒင် အလိုနဲ့ပြောရင် 'ဦးညို၊ ခေမာ၊ သုတ၊ ဝေရီ
ရန်စီစီ'တဲ့။ ဗုဒ္ဓဟူး 'ဝေ' နဲ့ ရာဟု 'ရီ' ဟာ ရန်ဖက်တဲ့။
ဘာဖြစ်လို့များ ရန်ဖက်နှစ်ယောက်ဟာ ရစ်ပတ်နှောင်ဖွဲ့ တွေ့ကြုံဆုံစည်းခဲ့ရပါလိမ့်။
သံလိုက်ဆွဲငင်အား သဘောနဲ့ ပြောရရင် အဲဒီဆန့်ကျင်ဘက် အစွန်းနှစ်ခုရဲ့ သံလိုက်ဆွဲငင်အား
စက်ကွင်းဟာ သိပ်ကြီးသတဲ့။
စေတီတော်ဟောင်းလေးရဲ့
ရာဟုထောင့်မှာ အမျိုးသမီးတစ်ယောက် ကျုံ့ကျုံ့မတ်မတ်ကလေး ထိုင်ပြီး ဘုရားရှင်ကို
အာရုံပြုနေတယ်။ ဟုတ်ကဲ့။ သိပ်သေချာပါတယ်။ 'သူ' ပါပဲ။
ကျွန်တော့် ရင်ထဲ ဒိတ်ခနဲ တုန်သွားတယ်။ အံ့သြစရာ ကောင်းလိုက်တာ။ ကျွန်တော် သူ့ကို
ရင်ဖွင့်ပြတော့မယ်လို့ ဆုံးဖြတ်ပြီး မကြာမတင်လေးမှာ မမျှော်လင့်၊ မထင်မှတ်ဘဲ
ပြန်ဆုံခဲ့ရတယ်။ ဒါပြီး ဒါဖြစ်စေဟူ၍ ဇာတ်ကွက်ချပြီးသား ဘဝလို့ ပုံသေမှတ်ယူထားရတဲ့
ကံကြမ္မာပြဋ္ဌာန်းခံ ဝါဒကို လက်ခံရတော့မလို ပါပဲကလား။
သူ့နောက်ဘက်နားကို
ခြေသံလုံလုံနဲ့ သွားမိတယ်။ ဟဒယ နှလုံးအိမ်မှာ ပုန်းခို ချောင်းမြောင်း နေတဲ့
အနုသယကျားက စတင်လှုပ်ရှားပါပြီ။ ပြီးတော့ သူ့နောက်နား မယှဉ်သာ့ယှဉ်သာ နေရာလေးမှာ ထိုင်ပြီး
ဘုရားဝတ်ပြုလိုက်တယ်။ ဟိုးတစ်ချိန်က တောထဲမှာ ဖူးခဲ့ရတဲ့
စေတီနွမ်းကလေးတစ်ဆူမှာ ဆုတောင်းခဲ့သလို
ထပ်ပြီး ဆုတောင်းမိပြန်တယ်။
ခု
သူနဲ့အတူတူ ယှဉ်လျက်နီးပါး ဘုရားဖူးနေရတာလေ။ မတောင်းအပ်တဲ့ ဆု 'မောင့်ရင်ထဲက
မြတ်နိုးမှုကို သူ အသိအမှတ်ကလေးတော့ ပြုပါစေ'
ပြီးတော့
လက်အုပ်ချီလျက် ခဏစောင့်တယ်။ 'သူ' ဦးချတဲ့အချိန်နဲ့
ပြိုင်တူဖြစ်အောင် ကျွန်တော် ဦးချတယ်။
'ဆုယူဆုတောင်း၊
ညောင်ရေလောင်းလျက်၊ ပေါင်းရလို့ငှာ၊ နှုတ်ဝယ်ဖြာ၍၊ ဒါနအတူ၊ ငါနှင့်သူ သည်....'
ထီးတော်က
လွင့်ပျံကျလာတဲ့ ဆည်းလည်းသံလေးတွေက လွင်နေတာပဲ။ သာယာလိုက်တာ၊
တိတ်ဆိတ်ငြိမ်သက်လှတဲ့ မြို့ပြင်က စေတီတော်လေးတစ်ဆူမှာ ခုလိုနှစ်ယောက်အတူ
ဘုရားဖူးခွင့် ရလိမ့်မယ်လို့ အိပ်မက်ကလေးတောင် မမက်ဖူးပါဘူး။ ဆန်းကြယ်လိုက်တာနော်။
ကျွန်တော့်အိပ်မက်တွေထဲမှာ
သူဟာ ရိပ်ခနဲပျောက်ကွယ်သွားတာတွေပဲ
မြင်မက်ခဲ့ရတယ်။ ဒါကြောင့် လူကြီးတွေက အိပ်မက်ကို ပြောင်းပြန်အတိတ်
ကောက်ခဲ့ကြတာဖြစ်လိမ့်မယ်။
ဘုရားဝတ်ပြုပြီးတော့
သူဒူးကို လက်ကလေး ထောက်ရင်း ဖြည်းဖြည်းထတယ်။ သြော်...အသက်အရွယ်ရလာတော့ 'သူ'
ကို ဇရာနဲ့ ဗျာဓိကစပြီး စကားပြောပြီထင်ရဲ့။
ငယ်ငယ်က 'အင်္ဂတေမြေမထိ၊
သပွတ်သား ဝါးမငြိ'လို့ အော်ပြီး ခြေတစ်ပေါင်ကျိုးနဲ့
လိုက်လို့ မမီအောင် သူ ပြေးနိုင်ခဲ့ပုံတွေ အမှတ်ရမိပါသေးတော့။ ခုကော သူ့ကို
လိုက်လို့မီနိုင်ပါ့မလား။ မိ နိုင်ပါ့မလား။ လေကို လိုက်ဖမ်းသလိုများ
ဖြစ်နေမလား။
ကျွန်တော်
သူ့ကိုလက်ကမ်းရင်း အနားကပ်မိတယ်။ ကျွန်တော့်ကိုမြင်တော့ သူ တအံ့တသြနဲ့ မျက်လုံးလေး
ဝိုင်းသွားတယ်။ ပြီးတော့ ပြုံးတယ်လို့ ထင်ရရုံ နှုတ်ခမ်းလေးနဲ့ အာမေဋိတ်သံပြုတယ်။ 'ဟင်'တဲ့။
'ဝါတာမိဂ
သမင်မသည်၊ ကြောက်လှမချိ၊ တုန်လှုပ်ဖိလျက်၊ မျက်စိတည့်တည့်၊ ကြည့်သောခါဝယ်၊ 'မျက်လုံးနွယ်' နှင့်၊ ရှုဖွယ် စုရုံး၊
သူရယ်ပြုံးသည်။ ချစ်ထုံးဖွဲ့ရှာလေသလော..'
ကျွန်တော်ကမ်းတဲ့
လက်ကို သူမတွဲဘူး။ 'ချစ်ထုံးမဖွဲ့ဘူး'
ပြီးတော့
အိပ်မက်ထဲမှာ စကားပြောနေသလို...
'ရပါတယ်ကွယ်၊
သူ ဘယ့်နှယ်က ဘယ့်နှယ် ရောက်လာတာလဲဟင်' တဲ့။
'ဘာရယ်မဟုတ်ပါဘူး၊
စိတ်ထဲငြီးငွေ့လာတာနဲ့ မြို့ပြင်ဘက်ထွက်ခဲ့ရင်း ရောက်လာတာပါ...သူကော ဟင်..'
ကျွန်တော်လည်း
အိပ်မက်ထဲမှာ စကားပြောနေရသလိုပဲ။ သူ အိပ်မက်က နိုးလာသလိုနဲ့ ကြည်ကြည်လင်လင် ဣန္ဒြေရရပြုံးတယ်။
အလို... ပါးရေတွန့်စပြုနေပေမယ့် ပိရိတဲ့ သူ့အပြုံးက လှနေဆဲပါကလား။ ဘုရား...
ဘုရား... စိတ်ငြိမ်ငြိမ်ထား၊ စိတ်ငြိမ်ငြိမ်ထား။
သူကတော့
အေးဆေးတည်ငြိမ်တဲ့ လေသံနဲ့...
'သြော်...ဒီနားက
သာသနာ့ရိပ်သာ ဆရာတော်ကြီးကျောင်းမှာ ရက်ရှည်တရားစခန်းဝင်ဖို့ ခွင့်ပန်
လျှောက်ထားပြီး ပြန်လာတာ...ဒီစေတီတော်လေးမြင်တော့ အေးအေးချမ်းချမ်း
ဘုရားဖူးချင်တာနဲ့ တက်လာခဲ့တာပါကွယ်'
'အင်း....
တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်လည်း ဟိုဟိုဒီဒီသွားရင်း ဒီစေတီတော်လေးတွေ့တော့
အေးအေးဆေးဆေး ဘုရားဖူးချင်လို့ ရင်ပြင်တော်ပေါ်တက်ခဲ့မိတယ်'
▀
ဆက်လက်ဖော်ပြပါမည်။
မောင်ဝဏ္ဏ
(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။