စနိုး ၊ဆေး-၂၊
ဇူလိုင်နှစ်ဆယ့်ငါးရက်နေ့။
လက်မှနာရီကို ငုံ့ကြည့်လိုက်မိသည်။
လေးနာရီခွဲ။ ချိန်းထားတာက ငါးနာရီဆိုတော့ အချိန်က ရသေးသည်။ ဒါပေမယ့် စာသင်တဲ့
အိမ်နဲ့ မှတ်တိုင်က ဆယ်မိနစ်လောက် လျှောက်ရဦးမည်။ မှတ်တိုင်ကနေ ကမ္ဘာအေးဘုရားကို
ကားမစောင့်ရဘူးဆိုရင် မိနစ်နှစ်ဆယ်လောက်တော့ ကြာမည်။ ကားကလည်း စောင့်ရမလားမသိ။
တက္ကစီနဲ့သွားတာပဲ ကောင်းပါတယ်လေဟု ဆုံးဖြတ်ပြီး တွေ့တဲ့ကားကို လှမ်းတားလိုက်သည်။
ဈေးကတော့ မဆိုး ၈ဝဝ ဆိုတော့ တက်လိုက်သည်။ ကားပေါ်
ရောက်မှ
ကိုယ့်စိတ်တွေ အရမ်းလှုပ်ရှားနေတာ သတိထားမိသည်။ ကားရှေ့မှန်ကတစ်ဆင့် မြင်ရသော ကိုယ့်မျက်နှာကို ကြည့်ကာ ဆံပင်ကို
ကလစ် ပြင်ညှပ်လိုက်သည်။ အိတ်ထဲက မိတ်ကပ်ဘူးကိုထုတ်ပြီး မျက်နှာကို
နည်းနည်းဖို့လိုက်သည်။ မျက်ကွင်းညိုတာ အရမ်းဆိုးနေမလား တွေးပြီး မချင့်မရဲ ဖြစ်မိသည်။
ရပါတယ်၊ ကိစ္စမရှိဟု ကိုယ့်ဘာသာ ကိုယ်တွေးပြီး လိုက်လာခဲ့သည်။ တက္ကစီသမား ကတော့ 'ဘုရားမှာ
တစ်ခါ ဆုံတယ်'... ဆိုတဲ့ သီချင်းကို စောင်းဆိုသည်။
နည်းနည်းတော့ ပြုံးချင်ချင် ဖြစ်သွားသည်။
ဘုရားကိုရောက်တော့ သူမကားပေါ်မှ
ဆင်းဆင်းချင်း သူတို့ကို ရှာသည်။ မတွေ့။ နာရီကြည့်တော့ ငါးနာရီထိုးဖို့ ငါးမိနစ်။
ဒီလိုကိစ္စမျိုးမှာ မိန်းကလေးက စောရောက်နေတာ ကောင်းပါ့မလား။ တကယ်ဆို သူတို့
ရောက်သင့်ပြီပဲ။ အင်းလေ... သူတို့က ယောက်ျားမဆန်သော ယောကျ်ားတွေပဲ။ အချိန်ကို
မလေးစားတတ်တာ သူတို့၊ အင်း... အဓိက သူပေါ့လေ... ကိုပေါ့... ကို့အကျင့်။
ဘုရားဝင်းအပြင်ကို လှမ်းကြည့်တော့လည်း မတွေ့။ ဘုရားပေါ် သွားထိုင်နေရင်
ကောင်းပါ့မလား။ ဘုရားဝင်းထဲမှ အပြင်ဘက်ခဏ ထွက်ကြည့်တော့ ယောကျ်ားတစ်ချို့ရဲ့
ပြီတီတီ အကြည့်နဲ့ဆုံသည်။ ခါးသီးလိုက်တာ။ သူမဘဝမှာ သူမကိုဘယ်ယောကျ်ားကမှ ဒါမျိုး
မကြည့်ခဲ့ရ။ အေးလေ၊ ငါကလည်း ဟိုရှာ၊ ဒီရှာဆိုတော့ ကြည့်မှာပေါ့လို့ တွေးလိုက်သည်။
အဲဒါနဲ့ပဲ ဘုရားပေါ် တက်ဖို့ ဆုံးဖြတ်ပြီး ဖိနပ်အပ်ဖို့ စီစဉ်နေတုန်း သူတို့ကို
ဘုရားဝင်းအဝမှာ လှမ်းတွေ့လိုက်ရသည်။ သူတို့ကလည်း ကိုယ့်ကို ကျောပေးပြီး မှတ်တိုင်ကို
လှမ်းမျှော်နေကြသည်။ သူတို့လိုမျိုး အချိန်မလေးစားတဲ့သူလို့ ထင်နေသလားမသိ။
ဖိနပ်ကလည်း အပ်ဖို့ပုံးထဲထည့်ပြီးပြီ။ မထူးတော့ပါဘူး။
'အဘွား၊ သမီးဖိနပ်
မအပ်သေးဘူး၊ သမီးစောင့်နေတဲ့သူက အပြင်မှာမို့လို့ သွားခေါ်လိုက်ဦးမယ်'
ဖိနပ်အပ်တဲ့နေရာက အဘွားကို မျက်နှာချိုသွေးပြီး
ဖိနပ်ပြန်တောင်းကာ ရှေ့ကို
ပြန်လျှောက်လာခဲ့ရသည်။ ဒါတောင် ကိုယ်တော်ချောတို့က မှတ်တိုင်ကို
မျှော်တုန်း။ သူမကို ကိုက မမြင်၊ ကိုမင်းက မြင်ပြီး...
'အစောကြီးရောက်နေတာလား'
ဟု လှမ်းမေးသည်။
'သြ... သြ... ကားငှားလာလို့
ကားက ဘုရားခြေရင်းထဲ ပို့ပေးတော့ ပြန်ထွက်လာတာ'
'အရမ်းလှနေပါလား'
'ဒီလိုပဲလေ... ခစ်ခစ်' စိတ်ထဲက မပါပေမယ့် သူမ
အစွမ်းကုန် ပြုံးကာ နေပြလိုက်သည်။ မိုးမခဟာ ဘယ်တော့မှ စိတ်ဓာတ်မပျော့ညံ့ဘူးဆိုတာ
သိစေရမှာပေါ့။
အဲဒီအချိန် ကိုက သူမ ကိုမြင်ပြီး
မဝံ့မရဲသော မျက်လုံးတွေနဲ့ လှမ်းကြည့်သည်။ အိတ်ထဲက ပီကေအဖြူလေးကို ထုတ်ပေးပြီး...
'စားဦးမလား' ဟုမေးသည်။
'မစားတော့ဘူး၊ ငါ့မှာ ပါတယ်'
ဟု လှမ်းပြောပြီး သူမ သူ့ထံမှ အကြည့်လွှဲလိုက်သည်။ ကို့ဆီက ရခဲ့သမျှ
အရာတွေအားလုံးဟာ သူမအတွက် အရမ်းခါးသီးခဲ့လို့ ခုချိန်မှာ အလွန်ချိုမြတဲ့
ပီကေကိုတောင် မစားရဲတော့ပါဘူး။ နောက်ထပ်ပျားရည် လောင်းထားတဲ့ အဆိပ်မြားတွေ
ရောက်လာမှာ ကြောက်လို့ပါ။
သူမ ကို့ကို မသိမသာ အကဲခတ်တော့ ကိုက
ပီကေ ဝါးနေပြီး သူမကို မကြည့်။ သေချာတယ်။ သူ စိတ်လှုပ်ရှားနေပြီ။ သူမကရော။
သူမကတော့ ရင်ထဲမှာ မိုးပြိုနေတာကို မျက်နှာက အပြုံးလေးနဲ့ ဖုံးထားတာပေါ့။
သူမတို့ ဘုရားပေါ်ရောက်တော့
ဘုရားကန်တော့ပြီး ထိုင်စရာနေရာရှာသည်။ မိုးက တစ်နေကုန် ရွာထားသဖြင့် နေရာအားလုံး
စိုစွတ်နေသည်။ မိုးဟာ သူမတို့နှစ်ယောက်အတွက် အမှတ်တရများစွာကို ဖန်တီးပေးတဲ့
သခင်ပေါ့။ မိုးသည်းထဲမှာ သူ့လက်ကို စပြီးတွဲခဲ့၊ သူ့ကို စိတ်ကောက်ခဲ့၊ သူ့
အကြောင်းတွေ သိပြီးတော့ သူ့ကားထဲမှာ၊ သူ့ရှေ့မှာ အားရပါးရငိုခဲ့၊ အများကြီးပါပဲလေ။
အခုလည်း မိုးကပါပြန်ပြီ။ အေးမြတဲ့ မိုးရေထဲမှာ သူ့အတွက် အမြဲပူလောင်ခဲ့ရတာ
သူမဘဝပါပဲ။ သူမဘဝထဲကို မိုးနဲ့အတူ ဝင်ရောက်လာပြီး မိုးနဲ့အတူ ပြန်လည် ထွက်ခွာသွားတော့မှာလား။
အဲဒီလိုတွေးတော့ ငိုချင်လာသည်။ မငိုနဲ့။
'ဒီမှာထိုင်မယ်နော်'
ထိုအသံကြောင့် သူမ အတွေးတွေ
ရပ်သွားသည်။
'ထိုင်လေ'
ထိုင်ပြီးသည်အထိ သူမတို့
စကားမဆိုဖြစ်ကြ။ ကိုမင်းကတော့ ဘုရားရှိခိုးရင်း ကျန်ခဲ့တာလား မသိ။
'ငါ့ကို စကားပြောဦးလေ... ခ။
ငါ့ကို မေးချင်တာရှိရင် အကုန်မေး'
သူမ ခေါင်းကို ရမ်းလိုက်ပါသည်။ ဘာမှ မထူးခြားလာနိုင်တဲ့
အဖြေတွေအတွက် သူမလေကုန်မခံ ချင်တော့ပါ။
'ဒါဆို ခကို ကိုမင်းက ဘာတွေ
ပြောပြလဲ'
'ငါဘာမှ မမေးတာ၊ သူဘာမှ
မပြောပါဘူး'
သူမ မုသားသုံးတာ မဟုတ်ပါ။
ကိုမင်းပြောပြခဲ့တဲ့ အရာတွေက သူမသိပြီးသားတွေဖြစ်လို့ ဘာမှမပြောဘူးလို့ပဲ
ယူဆခဲ့တာပါ။ ဒါပေမယ့် သူမဆီ တစ်လနေမှတစ်ခါ ဖုန်းဆက်ဖို့တောင် မနည်းပြောယူရတဲ့ ချစ်သူက
သူ့ရဲ့ အချစ်ဟောင်း၊ အင်း အချစ်ဟောင်းလို့ပဲ ပြောရမလား။ ပထမချစ်သူလို့ ပြောရမလား။
အဲဒီကောင်မလေးဆီကို အမြဲ ဖုန်းဆက်တယ် ဆိုတာကတော့ သူမ မျှော်လင့်ပြီးသား အခံရအခက်ဆုံး
သတင်းပါပဲ။
'ငါ့မှာ ဘာမှပြောစရာ မရှိတော့ဘူး
ကိုမျိုး'
'တစ်နေ့နေ့မှာ ဒီလို
အချိန်မျိုး ရောက်လာလိမ့်မယ်ဆိုတာ ငါမျှော်လင့်ပြီးသားပါ။ ငါနင့်ကို ညာခဲ့မိပါတယ်။
လိမ့်ခဲ့မိပါတယ်။ ငါ့မှာ အပြစ်ရှိပါတယ်'
ဒီလိုနေ့မျိုးကို ကိုက မျှော်လင့်ခဲ့တယ်တဲ့။
သူမ ကတော့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါ။ ဒီလိုပုံစံနဲ့ လမ်းခွဲရမယ်လို့
ဘယ်တုန်းကမှ မထင်ခဲ့ဖူးပါ။ သူမဟာ ကို့ကို အဖြူစင်ဆုံးနဲ့ မြတ်မြတ်နိုးနိုး
ပေးဆပ်ပြီး ချစ်ခဲ့တာပါ။ အဲဒီအတွက် ထိုက်တန်တဲ့ အချစ်ကိုပဲ ကို့ဆီက
မျှော်လင့်ခဲ့တာပါ။ ခုတော့..
'ငါလေ အမြဲတမ်းစဉ်းစားတယ်၊
နင်ငါ့အပေါ် ကောင်းသလို ငါဘာလို့ မကောင်းနိုင်ရတာလဲလို့'
တော်ပါတော့ ကိုရယ်၊ တော်ပါတော့၊
ဘာစကားတွေ ထွက်လာမယ်ဆိုတာ သူမ သိပါသည်။ မပြောပါနဲ့လို့ စိတ်ထဲက တားနေပေမယ့်...။
'သံယောဇဉ်ရှိတာနဲ့ ချစ်တာဟာ
မတူဘူးဆိုတာ ငါနားလည်သွားပြီ... ခ'
သူမ အော်ဟစ်ပြီးသာ
ငိုချလိုက်ချင်ပါသည်။ သူမကို ချစ်တယ်လို့ ပြောခဲ့တာ ဒီနှုတ်ခမ်းတွေ ကပါ။ ငါတို့
လက်ထပ်ပြီးရင် ကလေး သုံးယောက်မွေးမယ်လို့ ပြောခဲ့တာ သူပါပဲနော်။ အခုတော့
ရည်းစားသက်တမ်း နှစ်နှစ်ကျော်မှာ သူမကို သူက မချစ်ခဲ့ပါဘူးတဲ့။ ဟုတ်ပါတယ်။ ဒီလူပါပဲ။
ဒါပေမယ့် အဲဒါဟာ အမှန်တရားပဲဆိုတာကို သူမသိပါသည်။ သူမဟာ သူ့ကို ကလေးဘဝကတည်းက
အရိပ်တကြည့်ကြည့်နဲ့ နေလာခဲ့တဲ့သူဆိုတော့ သူ့စိတ်ကို
ကောင်းကောင်းနားလည်ခဲ့တာပေါ့။
နားလည်လို့လည်း အခုလို လမ်းခွဲဖို့ စဉ်းစားခဲ့တာပါ ကိုရယ်။ ကို စိတ်ညစ်နေတာ
မကြည့်ရက်လို့ပါ။
'ငါ့ကို ကြည့်ပြီး
ယောကျ်ားတွေကို စိတ်နာစရာ မလိုဘူး။ ယောကျ်ားကောင်းတွေ အများကြီးရှိ ပါတယ်။
ဒါပေမယ့် ငါကတော့ ယောကျ်ားကောင်း တစ်ယောက် မဟုတ်ခဲ့ပါဘူး။ ယောကျ်ားကောင်း
တစ်ယောက်ဖြစ်ဖို့ ငါ့ကြိုးစား ပြုပြင်နေပါတယ်'
သူမမှာ ဘာမှပြောချင်စိတ် မရှိတော့ပါ။
ရင်ထဲမှာ ဘာမှမကျန်အောင် သူ ယူသွားပြီးပြီပဲ။ အစစအရာရာ အနစ်နာခံပေးဆပ်ပြီး
ရိုးရိုးသားသားချစ်ခဲ့တဲ့ မိန်းမတစ်ယောက်အတွက် နောက်ဆုံး ရလဒ်က ကြေကွဲမှု၊
နာကြည်းမှုသက်သက်သာ။
'ငါ့ကို နမူနာယူပြီး
နောက်ထပ်အချစ်တွေ့ရင် သတိထားပေါ့။ နင် နောက်ထပ်ရည်းစားထားရင် ငါ့ကို
အရင်တိုင်ပင်နော်'
ဘုရားရေ၊ သူမဟာ သူမကို စိမ်းကားခဲ့တဲ့
ချစ်သူကို စွန့်လွှတ်ပြီးရင်တောင် ဆက်သွယ် နေရဦးမယ်လား။ ဒါမှမဟုတ် သူမဘက်က
အဆက်အသွယ်မဖြတ်နိုင်ဘူးလို့များ သူထင်နေတာလား။ မိုးမခဟာ ဘယ်လောက် ပြတ်သားတယ်ဆိုတာ
သူမေ့နေပြီလား။
'ငါတို့ ပြတ်ပြတ်သားသား
ဖြစ်သွားရင်တောင် သူငယ်ချင်းလို ဆက်ခင်နေဦးမယ်နော်... ခ။ ငါ နင့်ကို
တော်တော်သံယောဇဉ်ရှိပါတယ်... ခရယ်'
တော်ပါတော့ ကိုရယ်။ ကို့အတွက်
သူငယ်ချင်းလို ပြန်ဖြစ်ဖို့ရာ လွယ်ကူပေမယ့် သူမအတွက်က အချိန်အကြာကြီး ယူရဦးမှာပါ။
တစ်ဘဝလုံးတောင် ကြာချင်ကြာ သွားနိုင်တယ်လေ။ ကိုက ချစ်တယ်လို့ ပြောတဲ့အချိန်မှာ
သူမက ခေါင်းညိတ်ခဲ့ရပြီး ကိုက မချစ်တော့ဘူး ဆိုတဲ့အခါ သူမက အလိုက်သိစွာ
ချန်နေခဲ့ရပါသည်။ အဲဒါကို မကျေနပ်သေးဘဲ သူမ အပေါ် သူငယ်ချင်းတစ်ယောက်လို
ဆက်ခင်ချင်တာ ကတော့ အတ္တကြီးလွန်းလှပါသည်။
'ငါကတော့ ဆက်မခင်ချင်တော့ဘူး'
'နင်မခင်လည်း ငါက လမ်းတွေ့ရင်
နှုတ်ဆက်မှာပဲ'
'ငါ နင့်ကို စိတ်ထဲက
ခင်နေမှာပါ' ဒါပါပဲ။ ဒီလောက်ဆို သူနားလည်ပါသည်။ သူ့ရဲ့
ဝမ်းနည်းကြေ ကွဲတဲ့ မျက်လုံးတွေအပေါ် သနားမသွားဖို့ သူမ ထိန်းထားပါသည်။ အဲဒါဟာ သူ့
အတ္တအတွက်၊ သူငယ်ချင်းကောင်း တစ်ယောက်ကို မစွန့်လွှတ်ချင်တဲ့ သူ့အတ္တအတွက်
ဝမ်းနည်းမှု သက်သက်ပဲ။
'ဒီလိုဖြစ်သွားတဲ့အတွက်
နင်နဲ့ငါ့ရဲ့ အသိုင်းအဝိုင်းအတွက်တော့ အဆင်ပြေသွားတာပေါ့'
'အဲဒီ အသိုင်းအဝိုင်းဆိုတာကို
ငါဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ဘူး။ ငါက လုပ်ချင်တာကို လုပ်ချင်တဲ့အချိန်မှာ
လုပ်မှာပဲ။ အဲဒီအတွက် နောင်တဆိုတာ ငါ့မှာ မရှိဘူး။ နောက်ကျတယ်ဆို တာလည်း
မရှိဘူး... ကိုမျိုး'
'ဟုတ်ပါတယ်၊ အခုလည်း
နောက်မကျပါဘူး... ခရယ်'
လဲသေလိုက်၊ သူမ ဖြစ်နိုင်ရင် သူ့ကို
အမှုန့် ကြိတ်ပစ်ချင်ပါသည်။
'နင်စာမေးပွဲက
ဘယ်တော့ဖြေရမှာလဲ... ခ'
'ဖိုင်နယ်က ဧပရယ် မှ'
'သိပ်မလိုတော့ပါဘူး၊
နင်စာကြိုးစားနော်။ ဒီကိစ္စအတွက်တော့ နင်ဘာမှ ဖြစ်မသွားဘူးလို့ ငါထင်ပါတယ်။ နင်က
ငါ့ထက်ပိုပြီး စိတ်ဓာတ်ခိုင်မာပါတယ်။ ဒီကိစ္စကလည်း ဘာမှအရေး မကြီးပါဘူးဟာ'
ကိုက ဒီလိုတော့ အမြဲ ပြောတတ်ပါသည်။
တကယ်တမ်း စေတနာရှိတဲ့ ယောကျ်ား တစ်ယောက်ဟာ သူမ ဘဝရဲ့ အရေးအကြီးဆုံး နောက်ဆုံးနှစ်
အပိုင်း (ခ) စာသင်နှစ်မှာ ဒီလိုဖြစ်အောင်
ဖန်တီးမှာ မဟုတ်ပါဘူး။ မချစ်ဘူး ဆိုရင်တောင် သူပြောသလို
သံယောဇဉ်ရှိတယ်ဆိုရင် အနည်းဆုံးတော့ ဂရုစိုက်မှာပါပဲ။ ခုတော့ မချစ်ဘူးဆိုတဲ့
အကြောင်းပြချက်နဲ့ သူချစ်ပါတယ်လို့ ပြောခဲ့ပြီး သူ့ကိုလည်း ပြန်ချစ်ခဲ့တဲ့၊
အရာရာကို နားလည်ပေးခဲ့တဲ့၊ သူ့ထက် ငွေကြေးကလွဲရင် အရာအားလုံးသာလွန်နေတဲ့၊
ဆရာဝန်လောင်း မိန်းမတစ်ယောက်ကို အမျိုးမျိုး နှိပ်စက်ခဲ့ပြီး အခုလို သူမက
လမ်းစခွဲအောင် ဖန်တီးခဲ့တာတွေဟာ မယုံနိုင်စရာပါပဲ။
ကို့ သူငယ်ချင်းတွေကရော သူမ
သူငယ်ချင်းတွေကပါ သူမကို အချစ်ကို ခံစားလွန်းတယ်တဲ့။ တကယ်တမ်း အချစ်ကို
ဦးစားပေးခဲ့တာ ဘယ်သူလဲ။ အချစ်ကို အလေးပေးပြီး ကိုယ့်အစွမ်းအစနဲ့ မရနိုင်တဲ့
မိန်းမတစ်ယောက်ကို စွန့်လွှတ်ချင်တာ ဘယ်သူလဲ။ တကယ်ဆို သူမလိုလူမျိုးကို သူ့ဘဝမှာ
နောက်ထပ်တွေ့ဖို့ရာ လုံးဝ မဖြစ်နိုင်ပါ။ မေးချင်တဲ့ မေးခွန်းတွေက တရစပ်ပဲ။
ဒါပေမယ့် မေးလည်းဘာမှ မထူးတော့ပြီမို့ သူမကလည်း ဘာမှမပြောချင်တော့သည်မို့
နှုတ်ဆိတ်နေလိုက်ပါသည်။
'ငါ့ပစ္စည်းတွေ၊
စာတွေရက်ပိုင်းအတွင်း ပြန်လိုချင်တယ်၊ ဒီနေ့ နင်ပြန်ရင် အနိုင်ကိုခေါ်သွား၊
မနက်ဖြန် သူနဲ့ပေးလိုက်၊ နင်နဲ့ ပတ်သက်သမျှကို အမြန်ဆုံး ပြီးဆုံးချင်ပြီ'
'ရက်ပိုင်းအတွင်း... ဟုတ်လား၊
နောက်တစ်ပတ်လောက်ရွှေ့ရင် မရဘူးလား။ တနင်္ဂနွေဆို ရမလား။ ဆုံမယ်လေ'
လာပြန်ပြီ။ ဖြတ်ပါတယ်ဆိုတဲ့
မိန်းမတစ်ယောက်ကို ဘာကြောင့် တွေ့ချင်သေးမှန်းမသိ။
'ငါကတော့ မတွေ့ချင်တော့ဘူး။
အဲဒါလည်း အဖြစ်သင့်ဆုံးပဲလို့ ထင်ပါတယ်'
'အေးပါ။ ဟုတ်ပါပြီ'
အတန်ငယ် တိတ်ဆိတ်သွားပြီးတော့မှ...
'နင်ဒီစာတွေ
မီးရှို့ပစ်မှာဆိုရင် ငါပဲရှို့လိုက်မယ်လေ'
ဘုရားရေ... သူမ
နှလုံးသွေးနဲ့ရေးထားသော စာတွေကို သူ့လက်နဲ့ မီးရှို့မယ်တဲ့။ သူမ အသက်ရှု
ရပ်ချင်သလို ဖြစ်သွားမိသည်။
'မလိုဘူး။ ငါ့ပဲပြန်ပေး။ တစ်ခေါက်လောက်တော့
ပြန်ဖတ်ကြည့်ဦးမယ်။ ငါဘယ်လောက် ကြောင်ခဲ့သလဲဆိုတာ'
'ခ... ရယ်'
'ငါ့အတွက် နင်ဘာမှ
စိတ်မကောင်းဖြစ်စရာမလိုဘူး'
'ဒါပေမယ့် ဒါဟာ
ငါ့ကြောင့်ဖြစ်ရတာဆိုတော့... ငါခံစားရပါတယ်။ နင့်ရဲ့ ပထမဦးဆုံးချစ်သူဟာ
ဒီလိုဆိုတော့ နင်စိတ်ညစ်မှာပဲနော်'
'ငါတို့ ပြန်သင့်ပြီ။ ငါ
နင့်ကို တစ်ခုပဲ မှာချင်တယ်။
'ပြောပါ... ခ။ ပြောပါ'
သူဟာ ဘာကိုမျှော်လင့်နေတာလဲ။
နင့်ကိုငါသေတဲ့အထိ ချစ်နေမှာပါလို့များ ပြောဦးမလားလို့လား။
'နင့်အမေဆီကို ပုံမှန်
ဖုန်းဆက်ပါလို့။ အန်တီဟာ သနားစရာကောင်းပါတယ်'
ဒါပါပဲ၊ သူမဟာ သူ့ အပေါ် အမြဲနားလည်ခဲ့တယ်လို့ပဲ
တစ်သက်လုံး မှတ်ယူစေချင်ပါတယ်။ သူမတို့ဟာ မသေခင်မှာ ပျော်ရွှင်မှုတွေ၊
နာကြည်းမှုတွေ အမျိုးမျိုးနဲ့ ကြုံတွေ့ရမှာ ဖြစ်သလို သေတဲ့အချိန်မှာ ဒါတွေဟာ ဘာမှ
အရေးမကြီးပါဘူး။ အရာအားလုံးကို အေးအေးချမ်းချမ်းနဲ့ပဲ ပြီးဆုံးချင်ပါတယ်။
'ငါအများဆုံး ဒုက္ခပေးခဲ့တာ
နင့်စိတ်ကိုပဲ... ခ။ အဲဒီအတွက် ငါပြန်ခံစားရမှာပါ'
မခံစားရပါစေနဲ့လို့
သူမ ဆုမတောင်းပေချင်သလို ခံစားရပါစေလို့လည်း သူမ ဆုတောင်းမှာ မဟုတ်ပါ။
ကြေကွဲစရာကောင်းတဲ့ ညနေခင်းလေးမှာ
သူမဟာ သူမသိပ်ချစ်ပြီး သိပ်နာကြည်းခဲ့ရတဲ့သူနဲ့ တစ်ကားတည်း အတူတူစီးပြီး ပြန်လာခဲ့ရပြန်သည်။
အားရပါးရ ငိုချချင်သော်ငြားလည်း သူမ သူ့ရှေ့မှာ မျက်ရည်တစ်စက်မျှ မကျခဲ့ပါ။ သူမ
ဘဝအတွက် သူမရဲ့ တစစီကြေမွနေသော နှလုံးသားအတွက်
သူမ အားတင်းရပါမည်။ ဒါပေမယ့် ကျောင်းမနေခင် အရွယ်ကတည်းက ၂၃ နှစ်
အရွယ်ရောက်တဲ့အထိ အတူပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းလေး၊ သူမနဲ့ ၂ နှစ်တာ
ချစ်ခဲ့ဖူးတဲ့ ချစ်သူဆိုးလေးကို ဘဝတစ် လျှောက်လုံး သူစိမ်းတစ်ယောက်လို ဆက်ဆံရတော့
မယ်ဆိုတဲ့ အသိက ရင်ကို အထိနာစေပါသည်။ ဒါဟာ သူဖောက်ခဲ့တဲ့လမ်းပဲ။ သူ့ အတွက်
ဒဏ်ခတ်ဖို့ အသင့်တော်ဆုံးပဲ။
သူမ အဆောင်ရောက်လို့ သူမ
ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာ အရာအားလုံးဟာ ကျန်ခဲ့ပြီဆိုတဲ့အသိနဲ့
ဆို့နင့်ခဲ့ပါသည်။ သူမ သူ့ကို လုံးဝလှည့်မကြည့်ဘဲ အဆောင်ကိုရောက်အောင်
ပြန်ခဲ့ပါသည်။ ကံကောင်းစွာဖြင့် အဆောင်မှာ သူငယ်ချင်းတွေ မရှိနေပါ။ သူမ
အိပ်ရာထက်မှာ အားရပါးရ ငိုကြွေးခဲ့ပါသည်။ အဲဒီညက သူမ စာမကျက်။ နောက်နေ့ သူ့ဆီက
စာတွေပြန်ရတဲ့အခါ ဖားခွဲတဲ့ ဗန်းထဲထည့်ပြီး မျက်ရည်ကျရင်း မီးရှို့ခဲ့တဲ့အချိန်ဟာ
ဘယ်တော့မှ မမေ့နိုင်စရာပါပဲ။ သူပြန်ပေးခဲ့တဲ့ ခေါင်းလောင်းတွဲလေးကို
ဧည့်ခန်းမှာချိတ်ပြီး လေတိုက်တိုင်း မြည်တဲ့အသံကို နားစွင့်ရင်း ခံနိုင်ရည်ရှိအောင် ကျင့်ခဲ့ပါသည်။
အခုတော့ တစ်လအတွင်းမှာ သူမ တော်တော် ခံနိုင်ရည်ရှိသွား ပြီဖြစ်သည်။ ဒါပေမယ့်လည်း
၂၅ ရက်နေ့ရောက်တိုင်း၊ ကမ္ဘာအေးဘုရားကို ဖြတ်သွားတိုင်း နာကျင်ရတဲ့
ခံစားမှုမျိုးကတော့ ဘယ်အချိန်မှ ပျောက်ပါ့မလဲ။ အဲဒါကတော့...။
▀
စနိုး ၊ဆေး-၂၊
(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...
ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။
လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်