မီ
ဟောလိဝုဒ်မှာတော့ ကျန်းမာရေးတောင့်တင်းပြီး အောင်မြင်နေတဲ့ မင်းသား ဘရုစ်ဝီလ်လစ် တစ်ယောက်ကတော့ အသက် ၅ဝ ဖြစ်သွားပါပြီ။ ငွေကြယ်ပွင့် အဖြစ် လှုပ်ရှားခဲ့တာ အနှစ် ၂ဝ ရှိနေချိန်ပေါ့။ ဘရုစ်က တီဗီရဲ့ စုံထောက်ဇာတ်လမ်းတွဲမှာ စုံထောက်အဖြစ် သရုပ်ဆောင်ရာကနေ အကြမ်းအရမ်း သူရဲကောင်း ဇာတ်ရုပ်တွေမှာရော၊ တစ္ဆေအဖြစ် လှုပ်ရှားရတဲ့ ဇာတ်ရုပ်ရော အောင်မြင်စွာ သရုပ်ဆောင်ခဲ့ပြီးပြီလေ။ အပြင်လောကမှာ သူ့ရဲ့အောင်မြင်နေတဲ့ ဇာတ်ရုပ်ကတော့ ကွာရှင်းပြတ်စဲထားတဲ့ အိမ်ထောင်စုမှာ ပျော်ရွှင်စွာနဲ့ ဖခင်အဖြစ် သမီးသုံးယောက်ကို ပျိုးထောင်နေသူတစ်ဦးအနေနဲ့ပါ။
သူနဲ့ ရုပ်ရှင်မင်းသမီး
ဒဲမ်မီမိုးရ်တို့ ၂ဝဝဝ ခုနှစ်က တရားဝင်ကွာရှင်းခဲ့ကြပြီး သမီးသုံးယောက် ရူမား(၁၆
နှစ်)၊ စကောက်(၁၃ နှစ်)၊ တလူလာ(၁၁ နှစ်)တို့ကို အုပ်ထိန်းမှု ခွဲဝေယူထားကြတာလေ။
ဒဲမ်မီမိုးရ်ရဲ့ချစ်သူ မင်းသား အက်ရှ်တင်ကပ်ချာနဲ့လည်း ခင်ခင်မင်မင်၊
ရင်းရင်းနှီးနှီး မိတ်ဆွေ ဖြစ်လို့ပါပဲ။ သူနဲ့ ဒဲမ်မီတို့ L.A မှာနေကြပေမယ့် ဟေလီမြို့၊ အိုင်ဒါဟိုပြည်နယ်မှာလည်း အိမ်နီးချင်းတွေပေါ့။
မိသားစုခင်တွယ်တဲ့
ဘရုစ်တစ်ယောက် သမီးအကြီးဆုံး ရူမားကို သူနဲ့ အတူ Hostage ရုပ်ရှင်မှာ သူရဲ့သမီးအဖြစ် ပါဝင်စေခဲ့ပါပြီ။ People မဂ္ဂဇင်းက စီနီယာအယ်ဒီတာ ဂျက်စ်ကာဂဲလ်နဲ့ နယူးယောက်မြို့ရဲ့
ပဲန်နီဆူလာဟိုတယ်မှာ ခုလို အင်တာဗျူးပေးခဲ့ပါတယ်။ သူ့ရဲ့အိမ်ထောင်၊ သူ့ရဲ့
သမီးတွေနဲ့ သူ့ရဲ့ အနာဂတ် အချစ်ဇာတ်လမ်းတွေကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါရဲ့။
လူတွေက
မင်းနဲ့ဒဲမ်မီတို့ ကွဲကြပေမယ့် နီးနီးကပ်ကပ်နေကြတာကို သိပ်စိတ်ဝင်စားကြတယ်။
ဘယ်လိုလုပ်ပြီး ခုလိုနေနိုင်ကြတာလဲ။
အစကတည်းက ဒဲမ်မီနဲ့
ကျုပ်တို့က ကလေးတွေကို ရှေ့တန်းမှာ ဦးစားပေးဖို့ ဆုံးဖြတ်ခဲ့တာလေ။ အခု မင်းတို့တွေ
တွေ့မြင်ရတာကတော့ အဲဒီဆုံးဖြတ်မှုရဲ့ ရလဒ်ပါပဲ။ ကျုပ် ကျေးဇူးတင်ရမှာ
ဝီလ်စမစ်(လူမည်းမင်းသား)ကိုပါ။ အဲဒီ အချိန်တုန်းက သူနဲ့ကျုပ် အတော်လေး
တိုင်ပင်ဆွေးနွေး ဖြစ်ခဲ့ကြတာလေ။ သူက ကျုပ်ကို အလွန်ကောင်းတဲ့ အကြံဉာဏ်တွေ
ပေးခဲ့တာပါ။ သူ အကြံပေးတဲ့အထဲ ကလေးတွေကို နားလည်အောင် ပြောထားပါ။
အိမ်ထောင်ကွဲပေမယ့် စည်းစည်းလုံးလုံး နေလို့ရတယ်။ အဖေရဲ့ အချစ်သစ်ရော၊
အမေရဲ့အချစ်သစ်ရော ခင်ခင်မင်မင် နေကြရမှာတဲ့။ ကျုပ်နဲ့ ဒဲမ်မီက ခုချိန်ထိ
သူငယ်ချင်းကောင်းတွေလိုပါပဲ။ ကျုပ် မှန်တာဝန်ခံရရင် ဒဲမ်မီချစ်သူ အက်ရှ်တင်နဲ့လည်း
ရင်းရင်းနှီးနှီးပါ။ သမီး သုံးယောက်ကလည်း ဒါတွေကို အဆင့်ဆင့် ပြောင်းလဲမှုအနေနဲ့
ကြည်ကြည်ဖြူဖြူ လက်ခံထားကြတယ်။
ဒဲမ်မီက မင်းနဲ့
ပေါင်းသင်းလို့ရတဲ့ ချစ်သူရှာတွေ့တာ မင်းကံကောင်းတာပဲနော်။
ဟုတ်ပါတယ်။ မဟုတ်ရင်
အခြေအနေဆိုးတွေနဲ့ ကြုံရမှာလေ။ သူမ ရွေးချယ်မှု မှန်ပါရဲ့။ သူသာ ခပ်ကြမ်းကြမ်း၊ မိုက်မိုက်ရိုင်းရိုင်း
လူမျိုးလည်း ရွေးနိုင်တာပဲ။ အက်ရှ်တင်က တကယ့်လူကောင်းပါ။ တကယ့်ကိုလည်း တွေးတွေးဆဆ
ရှိတဲ့အပြင် ကျုပ်သမီးလေးတွေကိုလည်း ချစ်တယ်ဗျ။
မင်း အက်ရှ်တင်ကို
ယုံကြည်ရမယ့်သူလို့ ဆုံးဖြတ်နိုင်ဖို့ အချိန်ကြာကြာ စဉ်းစားခဲ့ရသလား။
ကျုပ် အက်ရှ်တင်ကို တွေ့တွေ့ချင်း
သဘောကျခဲ့တာပါ။ သူက ဟန်ဆောင်မှု မရှိဘူး။ ရယ်မောစရာတွေလည်း ပြောတတ်တယ်။
ကျုပ်အနေနဲ့ကတော့ ဒဲမ်မီ ပျော်နေရင်ပြီးတာပဲ။ အမေ ပျော်နေရင် ကလေးတွေလည်း
ပျော်မှာပါ။ ကျုပ်ကလေးတွေမှာ မိဘအချင်းချင်း ရန်ဖြစ်ပြီး ပုလိပ်ခေါ်ကြတာ၊
အဖေနဲ့အမေ တစ်ဦးကိုတစ်ဦး အပြန်အလှန် အော်ဟစ်ကြတာ၊ ငိုယိုကြတာတွေကို
တွေ့ကြုံဖူးပါတယ်။ ကျုပ်တို့ မိသားစုက အဲဒီလိုမျိုး မဟုတ်ဘဲ ခြားနားတာ ကလေးတွေ
သိတယ်။ အဆင့်ဆင့် ပြောင်းလဲလာမှုဆိုတာ အကောင်းဆုံးစကားပါပဲ။
မင်းရဲ့မိဘနှစ်ပါး
ကွဲသွားခဲ့တဲ့အချိန်မှာ မင်းကို ဘဝမှာ ဘာလုပ်သင့်သလဲ၊ ဘာမလုပ်သင့်ဘူးလို့ မသင်ခဲ့ဘူးလား။
ဘာမလုပ်သင့်ဘူးလို့တော့
ပြောခဲ့ကြပါတယ်။ သူတို့ တရားဝင် မကွဲကြခင် ခွဲနေခဲ့ကြတာလေ။ ဒါပေမယ့် ကျုပ်ကို
သိပ်ပြီး ရှင်းမပြခဲ့ပါဘူး။ ကျုပ်နဲ့ ဒဲမ်မီ လမ်းခွဲကြတော့မယ်ဆိုတာ
နားလည်လိုက်ချိန်မှာ ကလေးတွေ နားလည်အောင် နားသွင်းခဲ့တာပါ။ မိဘတွေ ကွဲပေမယ့် သူတို့တွေ
အားလုံးအဆင်ပြေအောင် နေရမယ်ဆိုတာ ကြိုပြောခဲ့တာလေ။
မင်းနဲ့ ဒဲမ်မီတို့ ကွဲတုန်းက
လူသိရှင်ကြား ထုတ်ပြန်ချက်တွေနဲ့ ရှင်းခဲ့တယ်။ အခု ဘရက်ပစ်နဲ့
ဂျဲန်နီဖာအဲန်နစ်တဲန်တို့ ကွဲတော့လည်း မင်းတို့လိုပဲ လူထုကို တရားဝင် အသိပေးတယ်။
သူတို့အတွက်ရော မင်း ဘယ်လိုခံစားရသလဲ။
အတွင်းခံဘောင်းဘီဝတ်ပြီး လမ်းလျှောက်
နေရသလိုပါပဲ။ သူတို့နှစ်ယောက်လုံး ခုချိန်မှာ ကြေကွဲအောင် ခံစားနေရမှာပါ။ တရားဝင်
ကြေညာတာက ခက်ခဲတာ မဟုတ်ပါဘူး။ လူတွေ အာရုံစိုက်ခံရတဲ့ဘဝမို့ အခက်အခဲတွေ၊
ပူဆွေးမှုတွေကို ကိုယ့်ရင်ထဲမှာ သိမ်းထားရတာ။ ရင်းနှီးတဲ့သူငယ်ချင်းတွေကိုသာ
ရင်ဖွင့်တာက ခက်တာပါ။
မင်း လွန်ခဲ့တဲ့
နှစ်အနည်းငယ်တုန်းက ဘဝမှာ ပူဆွေးမှု၊ အဆင်မပြေမှုတွေနဲ့ ကြုံခဲ့ရတယ်နော်။
မင်းရဲ့ညီကလည်း ၂ဝဝ၁ တုန်းက အသက် ၄၂ နှစ်မှာ ပန်ကရိယ ကင်ဆာနဲ့ ဆုံးခဲ့တာ မဟုတ်လား။
ကျုပ် ညီရဲ့ဘဝက ပြဿနာတွေနဲ့ပါ။
မဆုံးခင် နှစ်နှစ်လောက်ကမှ အရက် ပြတ်သွားတာ။ စကားပုံရှိတယ် မဟုတ်လား။ ဘယ်မိဘကမှ
ကိုယ့်ရဲ့ကလေးကို မြေမြှုပ်သင်္ဂြိုဟ်စရာ မလိုဘူးဆိုပေမယ့် သူ့အလှည့်ကျတော့
ကျုပ်အဖေနဲ့ အမေက တစ်ဦးအပေါ်တစ်ဦး ဖေးမပြီး သင်္ဂြိုဟ်ပေးခဲ့ရရုံမက ကျုပ်တို့
မွေးချင်းတွေလည်း ပြန်ပြီး စုစည်းစေခဲ့ပါတယ်။
မင်းရဲ့ မိထွေးကရော။
ကျုပ်ရဲ့ မိထွေးကတော့
အံ့သြဖွယ်ကောင်းတဲ့သူပါ။ သူမ လွန်ခဲ့တဲ့နှစ်နှစ်က နှစ်သစ်ကူးချိန်မှာ
ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ မိထွေးက ချောလည်းချော၊ ဟာသဉာဏ်
ကောင်းတဲ့သူပေါ့။ ကျုပ်ရဲ့ကလေးတွေက သူမကို သိပ်ချစ်ကြတာ။ အဖေနဲ့ မိထွေးက
တစ်ဦးအပေါ်တစ်ဦး သိပ်ပြီး ဂရုစိုက်ခဲ့ကြတယ်လေ။
မင်း ယခု L.A
မြို့မှာ အချိန်ပြည့် နေနေတာ သမီးတွေနဲ့ နီးရအောင်လား။
ဟုတ်ပါ့။ L.A
မှာ ကျုပ်ရဲ့အိမ်တွေ ရှိပါတယ်။ ဒါပေမယ့် အိမ်တွေက ကျုပ်ကလေး သုံးယောက်နေရအောင်
မကြီးကြပါဘူး။ သူတို့အတွက် နေရာကြီးကြီး လိုပါတယ်။ အိပ်ခန်း တစ်ယောက် တစ်ခန်းလိုသလို၊
သူတို့ အတွက် သီးသန့်နေရာ ရှိဖို့လည်း လိုတာလေ။ L.A ကတော့
ကျုပ်အတွက် ကြိုက်နှစ်သက်မှု အနည်းဆုံးရှိတဲ့ မြို့ပါ။ ဒါပေမယ့် ကလေးတွေရဲ့ကျောင်း
က L.A မှာရှိတာကိုး။ ကျုပ် အခုပဲ Sun Valley အိုင်ဒါဟိုပြည်နယ်မှာ အိမ်ဆောက်လို့ ပြီးခဲ့ပါပြီ။ ကလေးတွေ အတွက်
အပန်းဖြေအိမ်အဖြစ် ကျုပ်တို့ သတ်မှတ်ထားပါတယ်။ မနှစ်ဆောင်းဦးတုန်းက ဒဲမ်မီ
လန်ဒန်မှာ ရုပ်ရှင်သွားရိုက်တုန်းက ကလေးတွေ သုံးလလုံးလုံး ကျုပ်နဲ့အတူ
နေခဲ့ကြတာလေ။ ကလေးတွေ ကျောင်းကြို ကျောင်းပို့ လုပ်ရတာပေါ့။ ဟေလီမြို့(အိုင်ဒါဟိုး
ပြည်နယ်)မှာတုန်းက အိမ်နဲ့ကျောင်း ဆယ်မိနစ်လောက်သာ ဝေးခဲ့ပေမယ့် L.A မှာတော့ ကျောင်းပို့တဲ့ခရီးတင် တစ်နာရီခွဲကြာတာပါ။
မင်း မိန်းမတွေနဲ့ တွဲထွက်တဲ့အခါ
အဲဒီ မိန်းမကိုကြည့်ပြီး ဒီမိန်းမကတော့ ငါ့ရဲ့ လက်တွဲဖော် ဖြစ်လေမလားလို့
ပုံဖော်ကြည့်မိလား။
ကျုပ်ထင်တာကတော့ ဖူးစာဖက်က
ဘုရားသခင်လက်ထဲမှာ ရှိပါတယ်။ ကျုပ် လူပျိုတစ်ယောက်အနေနဲ့သာ တွဲထွက်ခဲ့တာပါ။ 'မင်းကို
အမြဲတမ်း ချစ်မယ်။ သေမှ ခွဲမယ်လို့ ကတိပြုပါတယ်'လို့
လက်ထပ်တဲ့အချိန်မှာ ပြောသလို ပြောရမယ်ဆိုရင် ကျုပ်က အမှန်ကို ပြောနေတယ် မထင်ဘူး။
ဘာလို့လဲဆိုတော့ ကျုပ်တို့ နောက်ငါးနှစ်ကြာရင် ဘာဖြစ်မလဲ၊ နောက်ဆယ်နှစ်ကြာရင်
ဘာဖြစ်မလဲ၊ နောက်ဆယ့်ငါးနှစ်ကြာရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူကမှ အသေအချာ
ပြောနိုင်မယ့်ကိစ္စမျိုးမှ မဟုတ်တာ။
မင်း ဘယ်တော့ မင်းရဲ့ရည်းစားဟောင်း
ဘရွတ်ခ်ဘမ်စ်နဲ့ စေ့စပ်ကြမှာလဲ။
အဲဒီအကြောင်းနဲ့ပတ်သက်ပြီး မကြာခဏ
အမေးခံခဲ့ရဖူးတယ်။ သူမကတော့ အလွန်တော်တဲ့ မိန်းမတစ်ယောက်ပါပဲ။ သူမနဲ့ပျော်ဖို့လည်း
ကောင်းပါရဲ့။ ကျုပ်တို့ နှစ်ယောက်ဆိုရင် ရယ်နေကြတာပါ။ ပြဿနာကတော့ ကျုပ်ပေါ့။
ကျုပ်မှာ အိမ်ထောင်တစ်ခုကို ကောင်းကောင်း ထူထောင်နိုင်ပါ့မလားလို့ သံသယက ရှိနေတာဗျာ။
ကျုပ်အကြောင်း ကျုပ် ကောင်းကောင်းသိတဲ့ တစ်နေ့မှ အဲဒီသံသယကို ဖြေကြားနိုင်မှာပါ။
ခုချိန်မှာ မင်းကလေးတွေ
ထပ်လိုချင်သေးသလား။
ကျုပ်ရဲ့ညီ ဒေးဗစ်က တစ်သက်လုံး
အိမ်ထောင်မပြုဘူးလို့ သန္နိဋ္ဌာန်ချထား ခဲ့ပေမယ့် လက်ထပ်ဖြစ်ခဲ့ပြီး ကလေးနှစ်ယောက်
ရနေပြီဗျ။ နှစ်နှစ် သမီးလေးနဲ့ လသားအရွယ်သားလေးပေါ့။ ကျုပ်
ကျေးဇူးတော်အောက်မေ့ပွဲမှာ ကလေးကို ပွေ့ချီထားရင်း ကျုပ် ကလေးတစ်ယောက်လောက်
ထပ်ယူချင်လာပါတယ်။ ကျုပ် အဲဒီဘက်က သင်္ချာတွက်မှာတော့ မတော်ပါဘူး။ ဘယ်သူကများ
ကျုပ်က လက်မထပ်ဘဲ အတူနေပြီး ကလေးယူချင်တာကို လက်ခံနိုင်ပါ့မလဲ။
အခု ဘယ်သူနဲ့ တွဲထွက်နေသလဲ။
ဘယ်သူနဲ့မှ မတွဲနေပါဘူး။ ကျုပ်
ဒီနှစ်စကတည်းက ကိုယ့်ကိုယ်ကိုယ် အော်ပြီး ပြောခဲ့ဖူးပါရဲ့။ တစ်ယောက်တည်း
နေရတာကလည်း သက်သောင့်သက်သာ ရှိနေတာပဲ။ ကျုပ် အချစ်နယ်ထဲ ဝင်ရင်ဝင်ဦးမှာပါ။
ဒါပေမယ့် သူငယ်ချင်းကောင်းအဖြစ် ဆက်ဆံမှုမရှိတဲ့ ချစ်ခြင်းမေတ္တာမျိုးက
ကြာကြာမခံဘူးလို့ လူငယ်တွေကို ကျုပ် ဘရုစ်ဝီလ်လစ်က အကြံပေးချင်သဗျ။
မင်းရဲ့ သမီးလေးသုံးယောက်က
မိန်းကလေးငယ်ဘဝကို ကူးပြောင်းနေကြပြီး မင်း မလန့်ဘူးလား။
သူတို့ကြီးပြင်းလာတာကို
ကြည့်နေရတာကိုပဲ လန့်နေခဲ့ပါပြီ။ လူတိုင်းက 'မင်းမှာ သမီးသုံးယောက်တောင်
ရှိတာနော်၊ သတိထား'တဲ့။ သမီးတွေရဲ့အမေရော၊ ကျုပ်ရော
ကောင်းကောင်း နားလည်ထားတာကတော့ သူတို့ ပြင်ပကမ္ဘာထဲကို အောင်မြင်စွာ လျှောက်လှမ်း
သွားတတ်ဖို့ ကျုပ်တို့နှစ်ယောက်လုံး ပြင်ဆင်ပျိုးထောင်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါ။
သူတို့လေးတွေက လိမ္မာကြသလို၊ နေတတ်ထိုင်တတ် ကြသလို ပျော်ပျော်ရွှင်ရွှင်လည်း နေကြ
သူတွေပါပဲ။ သူတို့ သရုပ်ဆောင်လိုင်းထဲ ဝင်ချင်ရင်လည်း ကျုပ်တို့က မြေတောင်မြှောက် ကူညီဖို့
အသင့်ပေါ့။ သမီးတွေကတော့ 'သမီးတို့က ကြွက်လေး တွေလိုပဲ'လို့ ပြောဖူးပါတယ်။ သူတို့ နှစ်နှစ်သမီးအရွယ်ကတည်းက 'ရိုက်မယ်'လို့ အော်သံကြားတာနဲ့ လေသံတောင် မဟရဘူး ဆိုတာမျိုး
ရုပ်ရှင်ရိုက်ကွင်းအကြောင်း ကောင်းကောင်းသိသူတွေပါပဲ။
မင်းရဲ့ သမီးကို ရုပ်ရှင်ထဲမှာ
ဓားစာခံအဖြစ် လူဆိုးတွေ ဖမ်းထားပြီး ကြိုးနဲ့တုပ်၊ ပါးစပ်ပိတ်၊
နှိပ်စက်ခံရတဲ့အခန်းမှာ ငိုယိုနေတာမြင်တော့ မင်း ဘယ်လိုခံစားရသလဲ။
အဲဒီအခန်း ရိုက်ပြီးတဲ့ညမှာ
လူရောစိတ်ပါ တကယ့်ကို ပင်ပန်းသွားခဲ့တာပါ။ ရုပ်ရှင် သမားတွေက တစ်ခါတလေ
ဆိုးရွားတဲ့နေရာတွေလည်း သွားခဲ့ကြရတာလေ။ စဉ်းစားတွေးဆ ကြည့်ပါဦး။ ကျုပ်ရဲ့သမီးတစ်ယောက်ယောက်
ပြန်ပေးဆွဲခံရ သို့မဟုတ် ဓားစားခံ အလုပ်ခံရရင်တော့ ကျုပ်အတွက် အဆိုးရွားဆုံး
ထမင်းလုံးတစ္ဆေ အခြောက် ခံရသလိုပဲ ဖြစ်မှာပါ။
သမီးတွေကရော ရုပ်ရှင်မင်းသမီး
လုပ်ချင်ကြပြီလား။
ကျုပ်တို့မိသားစုအတွင်း
ကန့်သတ်ချက်တစ်ခုကတော့ သူတို့ ၁၈ နှစ်မပြည့်မချင်း ကျုပ်နဲ့အတူဖြစ်စေ၊ သူတို့ရဲ့
အမေနဲ့အတူဖြစ်စေ သရုပ်ဆောင်ရမယ်ဆိုတဲ့ အချက်ပါ။
မင်း အသက် ၅ဝ ရောက်လာတော့
ဘယ်လိုခံစားရသလဲ။
ကျုပ် မှတ်မိသလောက် ကျုပ်ငယ်စဉ်တုန်းက
အသက် ၅ဝ ဆိုတာ အတော် အသက်ကြီး နေပြီဗျာ။ အခုတော့ ကျုပ်နေထိုင်ကောင်းတုန်းပဲ။ ကျုပ်
ကိုယ်ကျုပ် ဂရုစိုက်ပါတယ်။ ကျုပ် ကလေးတွေနဲ့ အတူတူ
ပြေးပြေးလွှားလွှားလုပ်နိုင်တုန်းပဲ။ လူတိုင်းလိုလိုပါပဲ။ အသက် ဘယ်လောက်ကြီးကြီး
သူတို့ရင်ထဲမှာ ၂၄ နှစ်၊ ၂၅ နှစ်လောက်သာ ထင်နေကြသူတွေပေါ့။ အရင် တစ်ပတ်လုံးလုံး Alpha
Dog
ရုပ်ရှင်မှာ ကျုပ် စွန့်စားခန်းတွေ ရိုက်ခဲ့ရတယ်။ အမြန်ပြေးပြီး နံရံပေါ်တွယ်တက်၊
ခြောက်ပေခွဲ အမြင့်နံရံက ခုန်ချတာမျိုးလေ။ အဲဒီတုန်းက ကျုပ်ခေါင်းထဲ ပထမဆုံး
လူကြီးအတွေးတစ်ခု ဝင်လာတယ်ဗျာ။ ကျုပ် ခြေမျက်စိ လည်သွားရင် ဒုက္ခပါပဲ ဆိုပြီးဆိုပြီးတော့လေ...
ဒီလို ကိုယ်လုံးပုံသဏ္ဌာန်
မပြောင်း လဲအောင် ဘာတွေလေ့ကျင့်ခဲ့ရသလဲ။
အထူးသဖြင့် အလေးမ,တာပါပဲ။
တစ်ပတ်မှာ တစ်နာရီကြာ လေ့ကျင့်ခန်း ခပ်ပြင်းပြင်း သုံးကြိမ်လည်း လုပ်ပါတယ်။
ကျုပ်ရဲ့ L.A အိမ်မှာ အားကစား လေ့ကျင့်တဲ့အခန်း ရှိတယ်လေ။
ကျုပ် ရုပ်ရှင်ရိုက်တဲ့ နေရာမှာလည်း အားကစားလေ့ကျင့်ခန်းကို ချိတ်တွဲကားကြီးတွေပေါ်မှာ
သင်ကြားရင်း လေ့ကျင့်ခန်း ယူပါတယ်။ ကျုပ်ရဲ့အိမ်ကလည်း ခြံဝကနေ အိမ်အထိ
မတ်စောက်တဲ့လမ်း အရှည်ကြီးရှိတော့ ကျုပ် ပြေးတက် ပြေးဆင်းတာတွေလည်း လုပ်တာလေ။
လေ့ကျင့်ခန်းယူတာကို ကျုပ်က အလုပ်တစ်ခုလို သဘောထားတာကိုး။
ကျန်တဲ့မေးခွန်းနှစ်ခုကတော့ မင်းသားဘရုစ်ဝီလ်လစ်ရဲ့
လိင်ကိစ္စဆိုင်ရာတွေ မေးထားတာမို့ ချန်လှပ်ထားခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း
မေးတာကို ရဲရဲတင်းတင်း ပြန်ဖြေထားတဲ့ မင်းသားကြီးရဲ့ အင်တာဗျူးကတော့ သမားရိုးကျ
အင်တာဗျူးတွေထက် စိတ်ဝင်စားဖို့ ကောင်းတာအမှန်ပါပဲ။
▀
မီ
(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။