နိုင်ငံတကာ ရုပ်ရှင်

ဟောလိဝုဒ်၏အချမ်းသာဆုံးမိန်းမများ

K. ပိုးသက်

01 February 2025
ဟောလိဝုဒ်၏အချမ်းသာဆုံးမိန်းမများ
Share to


ဂျူလီယာရောဘတ် (၃၇ နှစ်)

            အသက်ကတော့ သိပ်မငယ်လှတော့ပါဘူး။ ရုပ်ရှင်ရိုက်ကွင်းထဲက ဇနီးမယား ရှိပြီးသား မီးထိုးမှန်ထိုးသမားလေးကို တမ်းတမ်းစွဲကြိုက်ပြီး လှိုင်းထန်လေထန် ရေဆန်တဲ့ ချစ်ခရီးလမ်းမှာ မမောမပန်းနိုင်တဲ့ ရွှေမင်းသမီးလေးပေါ့။ သူမသာ သရုပ်ဆောင်မယ်ဆိုရင် Yellow Pages (စီးပွားရေးလုပ်ငန်းများ၊ လူများရဲ့ လိပ်စာများ စုစည်း ရိုက်နှိပ်ထားတဲ့ စာအုပ်ထူကြီး)ကိုတောင် ရုပ်ရှင်ရိုက်ရဲတယ်လို့ ထုတ်လွှင့်မှု ဒါရိုက်တာ ရှာရွန်ဘိုင်လေး (Sharon Bialy) က ပြောပါသတဲ့။ ဂျူလီယာရောဘတ်ဟာ ဖီနီးယပ် (Phinnaeus) နဲ့ ဟေဇယ် (Hazel) အမြွှာလေး နှစ်ယောက်ကို မကြာခင်ကမှ မွေးဖွားပေးခဲ့တဲ့ အသစ်စက်စက် မိခင်တစ်ယောက်ပါ။ သူမရဲ့ဝင်ငွေက ရုပ်ရှင်တစ်ကားရိုက်ရင် အမေရိကန် ဒေါ်လာ သန်းနှစ်ဆယ်ပါ။

 

ကမ်မရွန်ဒေ့စ် (၃၂ နှစ်)

            ဂျူလီယာက မွေးကင်းစကလေးငယ်များကို အာရုံစိုက်နေတော့ ခဏတော့ ရုပ်ရှင်လောကကနေ ကွယ်ပျောက်နေပေဦးမယ်။ ဒါကြောင့် ဒီဘက်နှစ်မှာ ကမ်မရွန်က နံပါတ်ဝမ်း တစ်ဂဏန်း တစ်ဖြစ်ဖွယ်ရှိတယ်လို့ ဟောလိဝုဒ်သတင်းထောက် အယ်ဒီတာချုပ် ရောဘတ်ဂျေဒေါင်းလင်း (Robert J. Dowling) က ပြောပါတယ်။ ဇာတ်ကားတစ်ကားရိုက်ရင် သန်းနှစ်ဆယ် ရတဲ့သူပါ။

 

နီကိုးကစ်ဒ်မဲန်း (၃၇ နှစ်)

            ကစ်ဒ်မဲန်းဆိုတာ အထူးခြားဆုံး အာရုံစူးစိုက်စရာလား။ နီကိုးဟာ ချစ်ခင်နှစ်လိုဖွယ် ဖြစ်တယ်လို့ ဒေါင်းလင်းက ဆိုတယ်။ လူတိုင်းက သူမကို ကြည့်ချင်ကြတယ်လို့ ပြောပါသေးတယ်။ အသားအရေ စိုပြည်အလှပဆုံး မင်းသမီးအဖြစ် ကျော်ကြားပါတယ်။ ရုပ်ရှင်ရိုက်ခ ဆယ့်ငါးသန်း ရပါတယ်။

 

ရီးဇ်ဝစ်သာစပွန်း (၂၈ နှစ်)

တက်သစ်စ မင်းသမီးလေး ဖြစ်ပေမယ့် အောင်မြင်မှုသရဖူကို တစ်မုဟုတ်ချင်း ရခဲ့တဲ့သူပါ။ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ သူမနဲ့ ခင်ပွန်း Ryan Phillipe ရန်ဖီးလစ်ဟာ သူတို့ရဲ့ အိမ်ဟောင်းနဲ့ အိမ်နားက မက်ဒီတာရေးနီးယမ်းစတိုင်လ် ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးကို ဒေါ်လာငါးသန်း အလိုက်ပေးပြီး လဲလိုက်ပါသေးတယ်။ သူမရဲ့ဝင်ငွေက ဇာတ်ကားတစ်ကား ရိုက်ရင် ဆယ့်ငါးသန်းပါ။

 

ဒရူး ဘယ်ရီမိုး (၂၉ နှစ်)

'သူမရဲ့ဘဝကတော့ နေခြည်နုနုလေးအောက်က နှင်းဆမ်းတဲ့ ပန်းခင်းလမ်းမှာ လျှောက်လှမ်းရသလို အားလုံးကို ပြည့်စုံလာတယ်'လို့ ဒေါင်းလင်းက ပြောပါတယ်။ ဘယ်ရီမိုးဟာ ချာလီစ်စီးရီးတွဲတွေထဲက Charlie's Angels, anyone? ကို ကိုယ်တိုင် ထုတ်လုပ်လိုက်တဲ့အတွက် သရုပ်ဆောင်တဖြစ်လဲ ပရိုဂျူဆာ ဖြစ်လာပြီး ငွေတွေသဲ့ယူသလို ရလာပါတယ်။ သရုပ်ဆောင်ခ ကတော့ တစ်ကား ဆယ့်ငါးသန်းပါ။ 

 

ဟေလီဘယ်ရီ (၃၈ နှစ်)

            Die Another Day ဂျိမ်းစ်ဘွန်းကားထဲမှာ ပင်လယ်ထဲကနေ ရေကူးဝတ်စုံနဲ့ တက်လာတဲ့ ဟေလီဘယ်ရီ အလှကို ချီးမွမ်းကြပါတယ်။ တချို့ ရုပ်ရှင်ဝေဖန်ရေးဆရာများကတော့ ဒီလို ရေကူးဝတ်စုံနဲ့ ပင်လယ်ထဲက တက်လာတာ ဟိုတုန်းက ဂျိမ်းစ်ဘွန်းကားတွေမှာလည်း ပါဖူးတယ်။ တမင်တကာ လုပ်စားတာလို့ မညှာမတာ ဝေဖန်ပေမယ့် ဟေလီဘယ်ရီအဖို့တော့ ပိုနာမည်ကြီးဖို့ ကြော်ငြာပေးလိုက်သလိုသာ ဖြစ်သွားတာပါ။ အဲဒီကာလမှာပဲ Monster's Balls နဲ့ အော်စကာဆု ရလိုက်တယ်။

            Catwoman (ကြောင်မ) ကားရိုက်တော့ သေပါလေရော။ အောင်မြင်မှုမရ လူမကြိုက် လှပေမယ့် ဘယ်ရီဟာ Malibu မေလီဘူက ပင်လယ်ကမ်းခြေကို မေးတင်ထားတဲ့၊ ပန်းချီ ကားတစ်ချပ်လို လှပတဲ့ အိပ်ခန်းလေးခန်းပါ အိမ်ကလေးကို ရှစ်သန်းနဲ့ ဝယ်ဖို့ ဖူလုံတဲ့ဝင်ငွေ ရှိတုန်းပါပဲတဲ့။ ကားတစ်ကားရိုက်ရင် ဆယ့်လေးသန်း ရနေဆဲပါ။

စန္ဒရာ ဘူးလော့ခ် (၄ဝ နှစ်)

            မြန်မာ့ရုပ်ရှင်လောကမှာတော့ ဒီအသက်အရွယ်ဆို အမေခန်း ပြေးပေတော့ပေါ့။ စန္ဒရာ တို့ကတော့ နုဆဲ လှဆဲ ပျိုမျစ်ဆဲ သွက်လက် ဆဲပါလေ။ 'သူမတစ်ယောက် ပျောက်နေတာ ကြာပြီ' လို့ ဒေါင်းလင်းက ပြောပါတယ်။ 'ဒါပေမယ့် ပရိသတ်က စန္ဒရာကို ချစ်ဆဲ ခင်ဆဲ တမ်းတဆဲပါ'တဲ့။

            Miss Congeniality ကားထဲမှာ မွေးရာပါ ဘက်စုံ ထူးချွန်တဲ့ ကောင်မလေးဟန် ချစ်ခင် နှစ်လိုဖွယ် မြူးမြူးကြွကြွကလေး သရုပ်ဆောင်နိုင်သလို Armed and Fabulous မှာ ဒဏ္ဍာရီ ဆန်ဆန် ရုပ်ရည်ကလည်း လှပ၊ အပစ်အခတ် အသတ်အပုတ်ကလည်း ညှပ်ထားလေတော့ အင်း... ပျော်စရာကားလေးတွေ ကြိုက်တဲ့လူတွေက သူမကို စွဲလမ်းကြတယ်။

            စန္ဒရာက ဆူနာမီ ဘေးဒုက္ခသည်တွေကို ဒေါ်လာ တစ်သန်း လှူလိုက်သေးတယ်လေ၊ ပြီးခဲ့တဲ့လက။ သူမရဲ့ ကားရိုက်ခက ဆယ့်နှစ်သန်းကနေ ဆယ့်ငါးသန်း ရလေ့ရှိပါတယ်။

 

အင်ဂျလီနာ ဂျိုလီ (၂၉ နှစ်)

            ညှို့အားပြင်းတယ်။ စွဲမက်စရာ ကောင်းတယ်။ ထူးခြားလှပတဲ့ နှုတ်ခမ်းထူထူလေးနဲ့ ရောမခေတ်က ထုဆစ်ထားတဲ့ အနုပညာ အလှအပလို စွဲမက်စရာကောင်းလို့ ဆန့်ကျင်ဖက် လိင် ပုရိသများက လွန်စွာ စိတ်ဝင်စားကြပါသတဲ့။ သူမက ကမ္ဘောဒီးယားရှိ ကျောင်းများကို ဒေါ်လာ ခြောက်သန်း ပေးလှူခဲ့ပါတယ်။ သူ ကားရိုက်ရင် ဆယ့်နှစ်သန်းက ဆယ့်ငါးသန်းအထိ ရပါတယ်။

 

ရန်နီဇယ်ဝီဂါ (၃၅ နှစ်)

            'ဆုတွေရတော့ လစာတွေ တက်ကုန်တယ်' အကယ်ဒမီ မင်းသမီးများ ကားရိုက်ခ တိုးလာတယ်ပေါ့လေ။ လွန်ခဲ့တဲ့ သုံးနှစ်က တစ်ကားကို ဒေါ်လာ ငါးသန်းနဲ့ ရိုက်ခဲ့ရရာက ဆုရအပြီး ကားရိုက်ခ ဆယ်သန်းအထိ ရှိတ်ခနဲ တစ်ဟုန်ထိုး မြင့်တက်သွားတဲ့ Oscar အော်စကာဆုရှင် ရန်နီကို ဒေါင်းလင်းက အဲဒီလို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

 

ဂျနီဖာ လိုပက်ဇ် (၃၅ နှစ်)

            ၂ဝဝ၃ ခုနှစ်က ဝင်ငွေအမြင့်ဆုံး နံပါတ်ကိုး စာရင်းဝင်သူပါ။ ခုလို နံပါတ်တစ်ဆယ်ကို ဘာ ကြောင့် ကျဆင်းခဲ့ရသလဲဆိုရင် လူတွေ ကြားကြရတဲ့ ဂျနီဖာသတင်းက ကောင်းတာကို မရှိဘူး။ မကောင်းသတင်းတွေသာ ထွက်တယ်။ သူမက လည်း 'အိုင်ဒုန့်ကဲ (I don't care) ' ပါပဲတဲ့။ အဲဒီ တော့ အဲဒီလို ဖြစ်တာပေါ့။ သို့ပေမယ့် သူမမှာ အဓိက အောင်မြင်ထွန်းတောက်မှုအတွက် လုပ်ဆောင်ချက်များ ရှိလိမ့်မယ်လို့ ဒေါင်းလင်းက မှတ်ချက်ချပါတယ်။ တစ်ကား ရိုက်ရင် ဆယ့်နှစ်သန်း ရပါသေးတယ်။

 

မှတ်ချက်။ ။        ဟောလိဝုဒ်မှ သတင်းအချက်အလက်များကို 8 days စင်ကာပူ အပတ်စဉ်ထုတ် ဂျာနယ်က ကူးယူဖော်ပြပြီး K ပိုးသက်က တစ်ဆင့်ကူးယူ ဖောက်သည်ချပါသည်။

 

▀

K. ပိုးသက်

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
အာဖရိကန် လူမည်းကလေးကိုးမွေးစားတဲ့ မဒေါနား
ရီတာအောင် (NY)

အမှန်တကယ်ဆို မဒေါနားက ကိုယ်ပိုင်သားသမီးမရခင်ကတည်းကပင် ကလေးမွေးစားဖို့ စဉ်းစားနေခဲ့သည်။ သူမတွင် ယခုခင်ပွန်း ဂိုင်းရစ်ချီနှင့် သား Rocco (၆ နှစ်)၊ သူမ၏ Trainer ဖြစ်တဲ့ Carlos Leon နှင့် သမီး Lourdes (၁ဝ...

နိုင်ငံတကာ ရုပ်ရှင်
...
ပြည်ပခရီးမှာ ချစ်ကြည်နူးတဲ့သူနှစ်ဦး
ဇာနည်ညိမ်း

ဆိုင်ကယ်စီးနေစဉ်မှာ ဘရက်ပစ်က သူ့နောက်က ပါလာတဲ့ ဂျိုလီ လုံခြုံမှု ရှိမရှိဆိုတာကို ခုလို နောက်ပြန်လှည့်ကြည့်သေးတာပါ။ လူမသိ၊ သူမသိ သွားချင်တိုင်း သွားလို့ရနေတဲ့အတွက် ချစ်သူနှစ်ဦးအနေနဲ့ ကြည်နူးစရာကာလများလ...

နိုင်ငံတကာ ရုပ်ရှင်
...
ဘရစ်တနီစပီးယားစ်ရဲ့ သားကြီးရှောင်ပရက်စတန်ရဲ့ တစ်နှစ်ခရီး
ဇာနည်ညိမ်း

သားနဲ့ ပတ်သက်ပြီး 'သားဟာ ကျွန်မရဲ့ ကိုးကွယ်ရာပါ'လို့ ဆိုခဲ့တဲ့ ဘရစ်တနီကို မာလီဘူမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ သားနဲ့အတူ တွေ့ခဲ့ရဖူးပါတယ်။ ဘုရားကျောင်းမှာ ဟိန္ဒူဘာ သာဝင်တို့ရဲ့ ထုံးစံအတိုင်း မျက...