ရွှေသုတ‌

ရထားတစ်စင်း ဆိုင်းဘုတ်တစ်ခု ‌ကျောင်းစိမ်းတစ်ထည်

မေသက်စု

01 February 2025
ရထားတစ်စင်း ဆိုင်းဘုတ်တစ်ခု ‌ကျောင်းစိမ်းတစ်ထည်
Share to

ယခုတလော ဖတ်ဖြစ်တဲ့ ဒေါင်းနေမင်းရဲ့ 'မြေကြီးအောက်က ကောင်းကင်' (ဖေဖော်ဝါရီ ၂ဝဝ၃ ရွှေအမြုတေ)နဲ့ မောင်ခိုင်လတ်ရဲ့ 'ဗုဒ္ဓဟူးဂြိုဟ်သားနှင့် တွေ့ဆုံခြင်း' (မတ် ၂ဝဝ၃ မဟေသီ) ဆိုတဲ့ စာနှစ်ပုဒ်ဟာ ရင်ထဲမှာ စွဲစွဲမြဲမြဲ ထင်ကျန်ရစ်နေပါတယ်။

မိမိကျဆုံးပျောက်ရှခဲ့တဲ့ အရေးတကြီး ပစ္စည်းထုပ်ကို အိမ်တိုင်ရာရောက်လာပြီး ပို့ပေးသူအား ကျေးဇူးတင်ရှိခြင်း လုံးဝမရှိရုံမက မယုံမကြည် မောက်မောက်မာမာ ဆက်ဆံတတ်တဲ့ ကြွယ်ပိုးကြွယ်ဝ လူမျိုးများနဲ့ တစ်ဖက်သားက တောင်းပန်ခယနေတဲ့ကြားက အတ္တမာနကြီးမားစွာ တစ်စက်တလေမျှ အလျှော့မပေးတတ်တဲ့ လူစားမျိုးများအကြောင်းကို ရသမြောက်အောင် ရေးဖွဲ့ထားတာပါ။

မျက်စိတမှိတ် လျှပ်တစ်ပျက်အတွင်းမှာ ကမ္ဘာကို ပတ်နိုင်စွမ်းတဲ့ လူ့စိတ်ရဲ့ စွမ်းအားက ကြုံကြိုက်လာပြန်တော့ ကျွန်မကို လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်ကျော်ကျော်ဆီကို ပြန်လည် ပို့ဆောင်ပေးလိုက်ပါတယ်။

ဧရာဝတီတိုင်း မြန်အောင်မြို့မှာ နေနေကြတဲ့ ဦးကြီး၊ ဒေါ်ကြီးများက သူတို့ရဲ့ မြေးအရင်းများ ရှင်ပြုပွဲမှာ ကျွန်မရဲ့ သားအကြီးဆုံးကိုပါ ထည့်ပြီးရှင်ပြုပေးမယ်ဆိုလို့ သွားဖြစ်ခဲ့ရင်း ကြုံရတဲ့ ဇာတ်လမ်းလို့ ဆိုရမှာပါ။

ခင်ပွန်းသည်ရဲ့ မိဘများ နေထိုင်ရာ ထူးကြီးမှာ ပထမနှစ်ရက်၊ သုံးရက်ခန့် ဝင်နားပြီးမှ ထူးကြီးကနေ မြန်အောင်ကို ခရီးဆက်ခဲ့ဖြစ်ပါတယ်။ ရထားဟာ အမြန်ဖြစ်တာမို့ ထူးကြီး ဘူတာမှာ ငါးမိနစ်ခန့်ပဲ ရပ်နားပါတယ်။ အဲဒီနေ့က ရထားမှာ လူ အင်မတန်ကျပ်ပါတယ်။ ကိုယ့်မျက်စိရှေ့ ရောက်လာတဲ့ တွဲကို အမိအရ တက်နိုင်အောင်တောင် လိုက်ပါပို့ဆောင်ပေးတဲ့ ဆွေဆွေမျိုးမျိုးများရဲ့ ကျေးဇူးကြောင့်လို့ ပြောရမလောက်ပါပဲ။

'ကလေးရေ...ရှေ့တွဲမှာ မောင်မင်းထွန်းနဲ့ အလတ်လေးနှစ်ယောက် ပါသွားတယ်။ ပစ္စည်းတွေရောပဲ။ စိတ်ပူမနေနဲ့ဦး။ အဲဒီမှာ ကလေးနှစ်ယောက်နဲ့ လဲပြုနေမယ်။ သတိထားနော်'

တရွေ့ရွေ့ ထွက်ခွာစပြုနေပြီ ဖြစ်တဲ့ရထားရဲ့ဘေးကနေ အမီလိုက်လို့ သံကုန်ဟစ်ပြီး ပြောနေတဲ့ အစ်မနဲ့အဒေါ်တို့ရဲ့ အမှာစကားတွေဟာ ဂျုံးဂျုံးဂျက်ဂျက် ဂျုံး... ဂျက်လို့ အော်မည်နေတဲ့ ရထားသံတွေရဲ့ ကြားကနေ လေကို ခွင်းပြီး ကျွန်မဆီ ရောက်ရှိလာပါတယ်။

'ဟာ... ပြီးပါရော' ကျွန်မရင်ထဲမှာ လစ်ခနဲအော်လိုက်မိသလိုပဲ။ ကျွန်မ ရင်ခွင်မှာ တစ်နှစ်သားအရွယ် အထွေးဆုံးသားလေး၊ ပြီးတော့ ဘေးမှာကပ်လျက် ထဘီစဆွဲထားနေတဲ့ ရှစ်နှစ် အရွယ်သားကြီး၊ ကျပ်ညပ်နေတဲ့ လူစိမ်းတွေရဲ့အလယ်၊ ဘယ်ညာရှေ့နောက် ဆွဲရမ်းလှုပ်ခါနေတဲ့ ရထားပေါ်မှာ မတ်တတ်ရပ်နေရရှာတဲ့ သား။ သူ့အတွက် အားကိုးစရာဟာ ဒီနေရာမှာတော့ အမေ ဆိုတဲ့ လူသားတစ်ဦးတည်း ရှိပေတာကိုး။

ထူးကြီးကနေ မြန်အောင်ကို အနည်းဆုံး နှစ်နာရီလောက် မောင်းရတာ။ အဆင်မသင့်ရင် ဒီ့ထက်ပိုပြီး ကြာနိုင်သေးတယ်။ ငါ့သားကြီး ဒီလောက် အကြာကြီး ဘယ်ရပ်နေနိုင်ပါ့မလဲ။ အိပ်ငိုက်ပြီး လဲပြိုသွားမှဖြင့်... ။ အတွေးနဲ့ ကျွန်မရင်တွေ တအားပူလာမိတယ်။ ငါရော... သားငယ်လေးကို ချီပြီး တောက်လျှောက် တတ်နိုင်ပါ့မလား။

'ရေနစ်သူဟာ ကောက်ရိုးလေး တစ်မျှင်လောက်ကိုတောင် အားကိုးတကြီး ဆွဲကိုင်တတ်သတဲ့'

ကျွန်မတို့သားအမိ သုံးယောက်အတွက် မြက်ခြောက်လေးတစ်ပင် ဘယ်နေရာမှာများ ရှိနိုင်မှာပါလိမ့်။ မျှော်လင့်ကြီးစွာနဲ့ ကျွန်မ ရှာဖွေမိပါတယ်။

ရထားပြတင်းပေါက်ရဲ့ အပြင်ဘက်ကို ငေးမျှော်နေတဲ့ လူတွေချည့် လိုလိုပါပဲ။ ရှားရှားပါးပါး ကိုယ်ချင်းစာ သနားစိတ်ရှိတဲ့ မျက်လုံးလေးများ ရှိပါရဲ့။ ဒါပေမယ့် သူတို့ရဲ့ နှစ်ယောက် စာထိုင်ခုံမှာ သုံးယောက် ပိုပိုတောင် ရှိနေတော့လည်း ပင်ကိုယ်စေတနာကို အကောင်အထည်ဖော်ဖို့ရာ မစွမ်းသာကြ ပါဘူး။

'ဟော... ဟိုနားက ခုံမှာ အမျိုးသမီးကြီး တစ်ဦးနဲ့ ယောကျ်ားကြီး တစ်ယောက်တည်း။ သူတို့ ဟိုဘက် ဒီဘက် နည်းနည်းလေး ကျုံ့ပေးလိုက်ရင် ကြားမှာ သားကြီး ထိုင်လို့ရတာပေါ့'

မျက်စိ၊ ဦးနှောက်တို့နှင့် တစ်ပြိုင်တည်း ကျွန်မရဲ့ပါးစပ်ကလည်း မြန်ဆန်စွာ လှုပ်ရှား ဖြစ်ပါတယ်။

'အစ်မရယ်... အစ်မတို့ကြားမှာ ကျွန်မရဲ့သားလေးကို ထားပါရစေနော်'

'ထားချင်ထား၊ မထားချင်နေ'

တင်းမာခက်ထန်တဲ့ လေသံမျက်နှာပေးနဲ့အတူ သူမရဲ့ဒူးခေါင်းနှစ်ဖက်မှာ ဘေးသို့ကားပြီး ထွက်လာတဲ့တိုင်...

'သားကြီး... ဒီမှာ ခဏထိုင်လိုက်နော်။ အမေတို့ သားအနားမှာ ရှိနေတယ်နော်'

သူတို့လက်ကမ်း မကြိုဘူးဆိုတာကို သိနေလို့ ထိုင်ခုံအနားသွားဖို့ တွန့်ဆုတ်နေတဲ့ သားကို ချော့မော့သံနဲ့အတူ သားပခုံးလေးကို ဆွဲယူပြီး သူတို့ကြားမှာ နေရာယူမိအောင် ပို့ပေးဖြစ်ပါတယ်။

မိခင်တစ်ဦးအနေနဲ့ ယိမ်းထိုးလှုပ်ခါနေတဲ့ ရထားကြမ်းပြင် လူမျိုးစုံတို့ရဲ့ ခြေကြိုခြေကြားမှာ သားကြီး လဲပြိုကျ မသွားဖို့က အဓိက ဖြစ်တာမို့ 'ဤနေရာတွင် မေတ္တာတရားတို့ ကင်းမဲ့နေသည်'ဟု သိမြင်နေလျက်က ဇွတ်တိုးမိခြင်းပါပဲ။

သားဟာ ခပ်ရွံ့ရွံ့ မျက်နှာငယ်လေးနဲ့ လူစိမ်းနှစ်ဦးကြားမှာ သူ့တင်ပါးလေးကို ခုံစွန်းမှာ မှေးထားရုံသာသာလေး တင်ထားရှာပါတယ်။ ကျွန်မကိုယ်တိုင် ဘယ်လောက်ပဲ ညောင်းညောင်း၊ ဘယ်လောက်ပဲ ပန်းပန်း၊ ဆယ်စုနှစ်တစ်ခုစာမျှပင် သက်တမ်းမရှိသေးတဲ့ သားကြီး အနေသက်သာ ရင်ဖြင့် ကျွန်မ မောပျော်ပါတယ်။ ကျွန်မရဲ့ အသက်ရှူချောင်သွားရတာဟာ မိနစ်ပိုင်းလောက်လေးပဲ ကြာလိုက်မယ် ထင်ပါရဲ့။

'သား ဟိုနေရာမှာ မထိုင်ချင်ဘူး အမေ။ အမေ့အနားမှာပဲ မတ်တတ်ရပ်မယ်နော်'     'သြော်... ဖြစ်ရလေ သားရယ်'

ထဘီစကို တဖန်ပြန်လို့ ဆွဲလာတဲ့ သားရဲ့ကျောဘက် ထိုင်ခုံမှာတော့ အမျိုးသမီးကြီးမှာ အကားသား တင်ပလျင် ခွေပြီး ဆေးလိပ်ကြီးကို အငွေ့ထောင်းထောင်းထအောင် ဖွာရှိုက်နေလိုက်တာ ဟာ ပူးကပ်ထိုင်ခဲ့ရတဲ့ သား မပြောနဲ့၊ ခပ်ဝေးဝေးမှ ကျွန်မပင် လည်ချောင်းယားလာပါတယ်။ ထူးကဲပြီး ကျွန်မ စိတ်မညစ်တော့ပါဘူး။

မြန်အောင်ရောက်ဖို့ နှစ်ဘူတာသာသာ အလိုလောက်မှာ ကျွန်မရဲ့လက်မောင်းဆီကို နွေးထွေးတဲ့ လက်ဖဝါးတစ်ခုရဲ့ ထိတွေ့မှုနဲ့အတူ 'အန်တီ၊ သမီးနေရာမှာ လာထိုင်ပါ။ သမီးရှေ့ တစ်ဘူတာကျော်မှာ ဆင်းတော့မယ်' ဆိုတဲ့ အေးချိုချိုစကားသံလေးပါ တွဲလျက် ရောက်ရှိလာခဲ့ပါတယ်။ကျောင်းစိမ်းလုံချည်၊ အင်္ကျီအဖြူနဲ့ ကိုးတန်း ဆယ်တန်းအရွယ် ကျောင်းသူလေးတစ်ဦး။

သြော်... အခြေခံပညာလေးကတောင် လူသားစင်စစ်ရဲ့ စိတ်ဓာတ်ကို မွေးဖွားသန့်စင် ပေးနိုင်သည်ပဲ။

အတန်းပညာကို အလေးပေးတဲ့ ကျွန်မရဲ့အတွေး၊ ကျွန်မရဲ့အမြင်မှာ...။

ကျွန်မရဲ့ခင်ပွန်းသည်ဟာ ခွဲစိတ်အထူးကု (ပြည်တွင်း) ဘွဲ့နဲ့ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ဆယ်နှစ်ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သုံးလေးရက်ခြားလို ညဥ့်ပိုင်းတာဝန် ယူရတာမို့ ဆေးရုံဝင်းအတွင်းမှာ အိမ်ခန်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ အလုပ်ခွင်ဟာ မြို့တွင်းမှာ ဖြစ်နေလို့ ခင်ပွန်းသည်ရရှိတဲ့ အိမ်ခန်းကို လိုက်ပါ မနေနိုင်ကြပါဘူး။ ကျောင်းပိတ်ရက် တစ်ခုခုနှင့်ကြုံလို့ အခွင့်သာတဲ့အခါမျိုးမှာမှပဲ ခေတ္တလိုက်နေဖြစ်ကြပါတယ်။ ဒါကြောင့်လည်း အဲဒီအိမ်ခန်းဟာ ခင်ပွန်းသည်လိုပဲ တာဝန်ကျတဲ့ အခြားအခြား အထူးကုဆရာဝန်များရဲ့ တည်းခိုရာနေရာလည်း ဖြစ်လာပါတော့တယ်။ တစ်နေ့ ကျွန်မတို့မိသားစု အဲဒီ အိမ်ခန်းကို လိုက်ပါသွားဖြစ်ပါတယ်။  နှစ်ထပ်အိမ်ခန်းဖြစ်လို့ အပေါ်ထပ်တက်ရာ လှေကားဝမှာ ခင်ပွန်းသည်ရဲ့ ပုံမှန်ထက် ခပ်ကြီးကြီးလေးရေးထားတဲ့ လက်ရေးနဲ့ 'ကျေးဇူးပြု၍ ဖိနပ်ချွတ်ပါ' ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်ဆွဲ ထားပါတယ်။

'အဖေကသာ တခမ်းတနား ဆိုင်းဘုတ်တွေ ဘာတွေရေးထားတာ။ ကြည့်ပါဦး ဖုံတွေချည်းပဲ' သလဲတရှပ်ရှပ် ဖြစ်နေတဲ့ လှေကားကို ကြည့်ပြီး ကလေးတို့ရဲ့ ပင်ကိုယ်ဗီဇအရ အမှန်တရားကို အရှိအတိုင်း ထုတ်ဖော်နေကြတာမို့...

'အေးပါကွာ၊ အမေတို့သန့်ရှင်းရေးလုပ်ပြီးရင် ပြောင်သွားမှာပေါ့။ ဆိုင်းဘုတ်က စာကို လေးစားတဲ့အနေနဲ့ ချွတ်မှာသာ ချွတ်စမ်းပါ' ကူညီပြီး လုပ်အားပေးမယ့် သားသမီးတွေကို လေပြေထိုးရပါတယ်။ ပထမ မြက်တံမျက်စည်းဖြင့် လှည်းပြီးရေစိုဝတ်နဲ့ နေရာအနှံ့တိုက်ချွတ်လိုက်မှ တစ်အိမ်လုံး ကြည့်ပျော်ရှုပျော် ဖြစ်သွားပါတော့တယ်။ လှေကားကိုတော့ ကိုယ်တိုင် နောက်ဆုတ် ဆင်းပြီး တစ်ထစ်ချင်း ရေထိုင်းဝတ်နဲ့ တိုက်လို့ပြီးလုပြီးခင်မှာ အိမ်ရှေ့မှာ ကားတစ်စီး စက်ရပ်သံ၊ တံခါး ဖွင့်ပြီး အိမ်ဆီသို့ လမ်းလျှောက်လာသံတို့ကို ဆင့်ကဲကြားနေရပေမယ့် ကိုယ့်အလုပ်ကိုယ် ပြီးချင်ဇောနဲ့ လှည့်မကြည့် ဖြစ်ခဲ့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် လှေကားရဲ့အောက်ဆုံးအထစ်ကို အချောသတ်ပြီးချိန်မှာ အိမ်တံခါးဝအတွင်းကို ဝင်ရောက်လာတဲ့ ခြေသံရှင်ကို မြင်ဖြစ်သွားပါတယ်။ ကျွန်မရဲ့ခင်ပွန်းသည်လိုပဲ ဒီဆေးရုံမှာ တာဝန်ထမ်းနေတဲ့ အထူးကု ဆရာဝန်ကြီးတစ်ဦးရဲ့ဇနီး၊ ပြီးတော့ ဆေးပညာရှင် တစ်ယောက်။

ဒီအိမ်ရဲ့အခန်းတစ်ခန်းမှာ အဲဒီ ဆရာဝန် တာဝန်ကျတဲ့နေ့တွေမှာ တည်းခိုတယ်လို့ သိပြီးသား။ လွန်ခဲ့တဲ့ညက တာဝန်ကျတာမို့ ယခုနံနက်လင်းတာနဲ့ သက်ဆိုင်ရာပစ္စည်းတွေကို ဇနီးဖြစ်သူက သိမ်းဆည်းပေးဖို့ လာရောက်တာ ထင်ပါရဲ့လို့ ဖြတ်ခနဲအတွေးရောက်ခိုက်မှာပဲ သူသွားရာလမ်းမှာ ရှိနေဆဲ ဖြစ်တဲ့ ကျွန်မကို ကျော်ဖြတ်လို့ အပေါ်ထပ်ကို ဒေါက်၊ ဒေါက်၊ ဒေါက်နဲ့ ဖိနပ်သံ ပေးလို့ တက်ရောက်သွားပါတော့တယ်။

'ကျေးဇူးပြု၍ ဖိနပ်ချွတ်ပါ' ဆိုတဲ့ စာတမ်းငယ်ဟာ သူမရဲ့ကျောဘက်မှာ မှေးမှိန်ဖျော့တော့စွာ ကျန်ရစ်ခဲ့သလို ကြမ်းတိုက်ရေစိုဝတ်ကို ကိုင်ထားဆဲ တန်းလန်းဖြစ်တဲ့ ကျွန်မမှာလည်း သိမ်ငယ် ညှိုးနွမ်းသွားလိုက်တာမှ ခေတ္တခဏ ကြောင်အအကြီး ဖြစ်သွားမိတဲ့အထိပါပဲ။

ဆယ်စုနှစ်တစ်ခုဟာ ပြက္ခဒိန်များစွာရဲ့ စာမျက်နှာတွေကို ဆုတ်ဖြဲပစ်လိုက်ပြီးချိန်မှာတော့ ကျွန်မလည်း ကျောင်းဆရာမတစ်ဦးရဲ့ဘဝကို ခဝါချပြီး အိမ်တွင်းအုပ်ချုပ်ရေးမှူးရဲ့ တာဝန်ကို ယူလိုက်ရပါတယ်။

ပြည်ပမှာ လုပ်ငန်းခွင်ဝင်ရမယ့် ခင်ပွန်းသည်နောက် လိုက်ပါရတဲ့ ကျွန်မလို မိန်းမတစ်ယောက်အနေနဲ့ မိသားစုအလုပ်မျိုးစုံကို ဆောင်ရွက်ရုံက လွဲလို့ ဘာမှလုပ်လို့ မရတော့မယ့်အတူတူ ကြားတဲ့လူ နားချမ်းသာအောင် ကိုယ့်ကိုယ်ကိုယ် ရာထူးပေးလိုက်တာပါ။

အဲဒီမှာကြုံတွေ့ရတဲ့ ဘွဲ့ထူးဂုဏ်ပုဒ်နဲ့ လူတွေ အကြီးရော၊ အလတ်ရေ၊ အငယ်ပါ စုံလှပါတယ်။ လေဆိပ်မှာ ဆင်းကြို၊ လိုအပ်တဲ့နေရာကို လိုက်ပို့၊ ဒါမှမဟုတ်ရင် အိမ်မှာတည်းခိုဖို့ နေရာပေး၊ တချို့ဆို ရက်ရှည်လတိုင် ကျွေးမွေးစောင့်ရှောက်၊ လိုအပ်ရင် ငွေကြေးကိုပါ ချေးငှား။

အင်း... မြေကြီးအောက်က ကောင်းကင်လူသားတွေနဲ့ ဗုဒ္ဓဟူးဂြိုဟ်သား ခပ်ဆန်ဆန် လူတွေကြားမှာ ဆုံတွေ့ရတဲ့ ကျောင်းစိမ်းလုံချည်လေးလို လေးငါးခြောက်ဦးကို ကျေးဇူးတင် ဝမ်းသာစွာနဲ့ ဖက်တွယ်ထားမိရတဲ့ အထိပါပဲ။

အရူးတစ်ယောက်လို မမြင်သာတဲ့ အဝေးတစ်နေရာဆီကို လှမ်းမျှော်ပြီး ကျွန်မ စကားဆို မိပါတယ်။

သမီးရေ... မင်းလေး ခုအချိန်မှာ ဆရာဝန်မကြီးများ ဖြစ်နေလား၊ အင်ဂျင်နီယာကြီးများလား၊ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ အရာရှိကြီးများ ဖြစ်နေလေသလား၊ မဟုတ်လည်း ကျေးရွာတစ်ခုခုမှာ မူလတန်းပြဆရာမလေးပဲ လုပ်နေလေသလား၊ ကောက်ပဲစိုက် နေရရော့လား။ အင်းလေ... အရွယ် ရောက်သူတို့ ဆောင်ရွက်သင့်တဲ့ အလုပ်တစ်ခုခုကိုတော့ လုပ်ဖြစ်နေမှာပေါ့။

ဘယ်အခြေအနေကိုပဲ ရောက်ရောက် မင်း အထက်တန်းကျောင်းသူ ဘဝမှာ ပိုင်ဆိုင်ခဲ့တဲ့ လူသားစင်စစ်တို့ရဲ့ ကိုယ်ချင်းစာနာစိတ်၊ အနစ်နာခံစိတ်၊ ယဉ်ကျေးပျူငှာစိတ်လေးကိုတော့ မပျောက်ပျက်အောင် ထိန်းထားပါဦး သမီးရယ်နော်။ 'လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က အတိုင်းရှိဆဲပါ အန်တီ'လို့ ဖြေလိုက်စမ်းပါ။ အန်တီ သာဓုခေါ်စမ်း ပါရစေ။ 

မေသက်စု

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။