ပတ္တမြားခင်
ကျွန်မတို့မိသားစု အခြေချနေထိုင်ကြတဲ့ ဒီဝေးရပ်မြေမှာတော့ တစ်သက်တာ တစ်ခါမှ မကြုံဖူး၊ မကြားဖူးရတဲ့ သတင်းတွေက စုံပါ့။ သိပ္ပံပညာ တိုးတက်ထွန်းကားလာတာကို အခြေပြုပြီး စိတ်ကူးကောင်းကောင်းနဲ့ ရုပ်ရှင်ဆန်စွာ ကျူးလွန်ကြတဲ့ မှုခင်းတွေကလည်း အများအပြားပါပဲ။
တစ်မနက် ကာလီဖိုးနီးယားမှာနေတဲ့
ကျွန်မရဲ့သမီးလတ် ယမင်းက ဖုန်းခေါ်လာပါတယ်။
'မာမီ၊ မာမီရဲ့ Safe
Deposit Box ထဲက ပစ္စည်းတွေကို
ဓာတ်ပုံရိုက်ထားရဲ့လား'တဲ့။
'ဟင့်အင်း၊ မရိုက်ထားပါဘူး။
ဘာဖြစ်လို့လဲ'နဲ့ အဆက်အစပ်မရှိ ဗြုန်းစားကြီး မေးလာတဲ့
သူ့မေးခွန်းကို နားမလည်နိုင်ဘဲ အူကြောင်ကြောင်နဲ့ ဖြေလိုက်မိတယ်ပေါ့။
'သမီး အခု
အရမ်းအလုပ်များနေတယ်။ ညနေကျမှ အကြောင်းစုံပြောပြမယ်။ မရိုက်ရသေးရင် မာမီလည်း
ရိုက်ထား။ ကျန်တဲ့မောင်နှမတွေ အားလုံးကိုလည်းရိုက်ထားကြဖို့ ပြောထားလိုက်နော်'
ဆိုပြီး ဖုန်းချသွားလေရဲ့။
ရုံးချိန်ဆိုတော့လည်း ဘယ်သူမှ
အေးအေးဆေးဆေး စကားမပြောအားတာကို ကျွန်မ နားလည်ပေးနိုင်ပါတယ်။ ဒါကြောင့်
အချိန်ပေးစကား ပြောနေကျ ရုံးပြန်ချိန်ကိုပဲ စောင့်ရင်း Safe Deposit Box နဲ့ ပတ်သက်တဲ့
ဘယ်လိုအကြောင်းတွေများ ရှိပါလိမ့်ဆိုတဲ့အတွေးနဲ့ စောင့်နေမိတယ်ပေါ့။
ဒီမှာ နေကြသူတိုင်း မရှိမဖြစ်
ပစ္စည်းတွေထဲမှာ အမြဲတမ်းလက်ကိုင်ထား ဆက်သွယ်နေရတဲ့ စိတ်ချအားထားရာ ဘဏ်တစ်ခုလည်း
လိုအပ်ပါတယ်။ ကိုယ့်မှာရှိတဲ့ ငွေကြေး မှန်သမျှ ဘဏ်တိုက်မှာ ထည့်ထားပြီး
လစဉ်ပုံမှန်ပေးရတဲ့ အိမ်ဖိုး၊ ကားဖိုး၊ ရေဖိုး၊ မီးဖိုး၊ တယ်လီဖုန်းဖိုး၊ လူ
အာမခံ၊ ကားအာမခံ စတဲ့ မြောက်မြားစွာသော ရှင်းတမ်းငွေတွေကို ချက်လက်မှတ်နဲ့
စာတိုက်က ပို့ချင်ပို့၊ ဗာဟီရ သက်သာချင်ရင်လည်း ဘဏ်တိုက်က
ဒါရိုက်ပေးခိုင်းထားချင်ရင်လည်း ရတာကြောင့် ဘဏ်အားကိုးနဲ့ လက်ထဲမှာ ငွေကိုင်သုံးသူက
ခပ်ရှားရှားပါပဲ။
ဒါတင်မကသေးဘူး။ ကိုယ့်မိသားစုပိုင်
စိန်ရွှေစတဲ့ လက်ဝတ်ရတနာများကိုလည်း ဘဏ်တိုက်မှာရှိတဲ့ လုံခြုံစိတ်ချရာ Safe Deposit Box ဆိုတဲ့
မီးခံသေတ္တာလေးတွေကို တစ်နှစ်စာ ကျသင့်ငွေ ပေးငှားပြီး ထည့်သိမ်းထားရပါတယ်။
မင်္ဂလာဆောင်တို့၊ မိတ်ဆုံပွဲ၊ မွေးနေ့ပွဲစတဲ့ တခမ်းတနား လုပ်ကြတဲ့ပွဲမျိုးတွေကျမှ
ဘဏ်တိုက်က သွားထုတ်ပြီး ဝတ်ကြတာမျိုးပါ။
ကိုယ်လိုလို့ သွားထုတ်တဲ့အခါ
ဘဏ်တိုက်က ကျွန်မတို့ကို ပေးထားတဲ့ သော့က တစ်ချောင်း၊ သူတို့ ဘဏ်တာဝန်ခံများဆီမှာ
လက်ခံရှိထားတဲ့ မာစတာသော့က တစ်ချောင်း၊ သော့နှစ်ခု အတူဖွင့်မှ ဖွင့်လို့ရပါတယ်။
အဲဒီသေတ္တာတွေ ထားတဲ့နေရာက ထုထည်ကြီးမားတဲ့ သံတံခါးကြီးတွေ အခိုင်အမာနဲ့ မီးခံ၊
ရေခံ၊ လေခံအပြင် မသမာသူများကြံစည် ဝင်ရောက်ခဲ့ရင်လည်း တံခါးဖွင့်လိုက်တာနဲ့
ဆူညံအောင် ထမြည်တဲ့ Alarm
System ထည့်ထားတာကြောင့်
လုံခြုံရေးတာဝန်ယူထားတဲ့ ကုမ္ပဏီကလည်း သိနိုင်၊ ရဲစခန်းကလည်း တစ်ပြိုင်တည်း
သိရှိနိုင်အောင် ဆက်သွယ်ထားတာ ဖြစ်လို့ မိနစ် မဆိုင်း အမှုအခင်းရှိရာကို
ချက်ချင်းရောက်လာ အရေးယူနိုင်ပါတယ်။
ဒီမှာက အဖိုးတန် လက်ဝတ်ရတနာတွေ
နေ့စဉ်ဝတ်ဆင်ပြီး သွားလာဖို့ လုံခြုံမှု မရှိတာမို့ ဘယ်သူမှ များများစားစား
ဝတ်လေ့မရှိပါဘူး။ ကိုယ့်အဆင့်အတန်းအလိုက် နေဖို့
အိမ်ကောင်းကောင်းနဲ့ စီးဖို့ ကားကောင်းကောင်းကို အဓိကထား ဝယ်ကြပြီး
နေ့စဉ်ဝတ်ဖို့ကျတော့ လက်ပတ်နာရီ ကောင်းကောင်းတစ်ခု စိန်လက်စွပ်
ကောင်းကောင်းတစ်ကွင်းလောက်ဆိုရင် ပြီးနေပါပြီ။ အဲ... ဒီဇိုင်နာ ပိုက်ဆံအိတ်
ကောင်းကောင်း တစ်ခုလည်း လိုအပ်သေးတယ် ဆိုပါတော့။
ပြောရဦးမယ်။ ကျွန်မရဲ့ အသက် (၈ဝ)
ပြည့်မွေးနေ့အတွက် မြန်မာပြည်ကို ပြန်လာခဲ့တုန်းက မြေး ခန့်စန္ဒီနဲ့အတူ
ကျောင်းနေဖက်သူငယ်ချင်း နိုင်ငံခြားသူ ဂျက်ကီဆိုတဲ့ မိန်းကလေးလည်း ပါလာပါတယ်။
ခန့်စန္ဒီကတော့ အခေါက်ခေါက် ရောက်ဖူးပြီးနေလို့ ရိုးနေပါပြီ။ ဂျက်ကီက ဒါ ပထမဆုံး
ရောက်ဖူးတာမို့ ဗိုလ်ချုပ်ဈေးမှာ မိန်းကလေးတွေ စိန်ရွှေအပြည့် ညွှတ်နေအောင်
ဝတ်ပြီး သွားလာနေကြတာ ကြည့်ပြီး 'အိုး... မိုင်ဂေါ့'နဲ့
ဘုရားတွေ ဘာတွေ တရင်း တအံ့တသြဖြစ်လို့...
'ဘွားဘွားတို့ မြန်မာပြည်မှာ
ဘလင်းဘလင်း (Bling) တွေ များပြားလှ
ချည်လား'တဲ့။
ဘလင်း ဘလင်း ဆိုတာ သူတို့ ဗန်းစကားနဲ့
တောက်ပလှတဲ့ စိန်ရွှေရတနာတွေကို ဆိုလိုတာမို့ ကျွန်မတို့မှာ သူပြောတာကို
သဘောကျပြီး ရယ်လိုက်ရတာ။
ဟုတ်ပါ့၊ အဲဒီဘလင်းဘလင်းက ကျွန်မတို့
ရွှေမြို့တော် မန္တလေးမှာ ပိုဆိုးလေသေးရဲ့။ ရှေးရှေးတုန်းက ဖက်ထုတ်ကွင်းလို့
ခေါ်ကြတဲ့ ဧရာမ စိန်နားကပ်ကြီးတွေ စိန်ကြယ်သီး၊ စိန်လက်စွပ်တွေကို အလေးခံပြီး
နေ့စဉ်တဝင်းဝင်း ဝတ်ကြတာကို မှတ်မိပါသေးတယ်။
ညနေစောင်းခါမှ သမီးယမင်းက အိမ်အပြန်ကားပေါ်ကနေပြီး
ဆဲလ်ဖုန်းနဲ့ ဖုန်းဆက်လာပါတယ်။ သူတို့ ဘဏ်တိုက်က ပိုင်တဲ့ ဘဏ်ခွဲတစ်ခုကို
ဖောက်ထွင်းခံရလို့တဲ့။ ပြစ်မှုကျူးလွန်သူတွေ လုပ်ပုံကလည်း အပိုင်ပဲ။
ဖောက်ထွင်းဖို့ ရွေးချယ်တဲ့ ဘဏ်တိုက်က နေရာကောင်း။ တကယ့်လူချမ်းသာ ရပ်ကွက်။
ရွေးလုပ်တဲ့ နေ့ကလည်း နောက်တစ်နေ့ ရုံးပိတ်ရက်ဖြစ်တဲ့ စနေနေ့ည။
အချက်အလက်အတွက် အချက်ကောင်းရုံမကဘူး။
ခေတ်နဲ့အမီ Electronic ပညာကိုလည်း
ကျွမ်းတဲ့ အခြေခံရှိသူတွေ ဖြစ်လို့သာ Alarm တစ်ချက်မမြည်ဘဲ
အေးအေးဆေးဆေး ယူသွားနိုင်တာပေါ့နော်။ အကြံပိုင်ပုံကလည်း ရုပ်ရှင်ဇာတ်
လမ်းတမျှပါပဲ။ ရိုးရိုးလူဝင်တံခါးပေါက်က ဝင်တာ မဟုတ်ဘဲ Vault ဘဏ္ဍာတိုက်ခန်းရဲ့
တိုက်ခန်းခေါင်းမိုး တည့်တည့်ပေါ်ကနေ ဖောက်ထွင်းအထဲဝင်ကြတာတဲ့။
အထဲရောက်ပြီပဲ ထားပါဦး။
ခန်းပြည့်နံရံမှာ အုတ်ချပ်တွေစီထားသလို ထွင်းဖောက်ပြီး ထည့်ထားတဲ့
မီးခံသေတ္တာပေါင်းများစွာကို သော့ဖျက်ထုတ်ယူရတာ လက်ဝင်လိုက်မယ့်ဖြစ်ခြင်းလို့
တွေးကြည့်နေမိပါတယ်။
'မာမီရယ်... Safe
Deposit Box တွေကို အကုန်ထုတ်၊
ကြမ်းပြင်ပေါ်မှာ မှောက်ချပြီးမှ သူတို့ကြိုက်ရာပစ္စည်းတွေ ရွေးထုတ်ယူသွားကြတာလေ။
အားလုံးပွစာကြဲ ကျန်ခဲ့တာ ဘယ်သူ့ ပစ္စည်းက ဘယ်ဟာဆိုတာ မသိနိုင်တော့ဘူးပေါ့'နဲ့
သမီး ယမင်းက စိတ်ပျက်လက်ပျက် ပြောပြလေရဲ့။
'ဒီကိစ္စကို
ပစ္စည်းရှင်တွေနဲ့ ပြေလည်အောင် ဖြေရှင်းဖို့အတွက် President က သမီးကို
တာဝန်ပေးလိုက်တယ် မာမီ။ ကိုယ့်ပစ္စည်းကို အထောက်အထား ခိုင်ခိုင်လုံလုံ
ရှိထားကြရင်တော့ ကောင်းရဲ့ပေါ့။ မရှိရင် ဖြေရှင်းဖို့က အတော်ကို ခက်ဦးမှာ။
သမီးအနေနဲ့ ကိုယ့်လုပ်ငန်းရှင် ဘဏ်တိုက်အတွက်လည်း တာဝန်ကျေရမယ်။
တစ်ဖက်ကပစ္စည်းရှင်တွေ စိတ်ကျေနပ်ဖို့လည်း အရေးကြီးသေးတယ်။ ကိုယ်က မမှန်မကန်
ဆုံးဖြတ်မိရင်လည်း ငရဲကြီးမှာကို ကြောက်တယ်။ စိတ်မောစရာပါပဲ မာမီရာ'တဲ့။
ဟုတ်ပါရဲ့။ သိန်း၊ သန်းချီနေတဲ့
ဒီပစ္စည်းတွေကို မှန်မှန်ကန်ကန်လည်း ဖြစ်စေ၊ ကာယကံရှင်များလည်း ကျေနပ်စေအောင်
လုပ်ဆောင်ရမယ့် တာဝန်က မသေးလှတာမို့ သမီးအတွက် ကိုယ်ပါရောမောနေမိပါရဲ့။ ဒါကြောင့်
ဒီလိုဖောက်ထွင်းမှုများ အလားတူ ဖြစ်ခဲ့သော် ကိုယ့်ပစ္စည်း ဖြစ်ကြောင်း
အထောက်အထားပြနိုင်ဖို့ သမီးက ဓာတ်ပုံရိုက်ထားဖို့ မှာတာကို ခုမှ သဘောပေါက် မိပါတော့တယ်။
အဆုံးအဖြတ်တစ်ခုကို တာဝန်ယူ
လုပ်ရတာလည်း လွယ်တဲ့ကိစ္စ မဟုတ်ဘူးနော်။ လက်ရှိအခြေအနေထဲမှာ အကောင်းဆုံး
ဖြစ်ရုံမကဘူး။ မှန်လည်း မှန်ကန်အောင် ဆုံးဖြတ်လုပ်ဆောင်ရ တာမို့
တာဝန်ကြီးလေးလှပါတယ်။ ဒါကြောင့် သမီးကို နေ့စဉ် ဘုရားဝတ်ပြုပြီးတိုင်း မှန်ကန်သော
အမြင်၊ မှန်ကန်သောအသိနဲ့ မှန်ကန်သော အဆုံးအဖြတ် ဆုံးဖြတ်နိုင်ပါစေဆိုတာ အထူးပြု
ဆုတောင်းဖို့ မှာကြားရပါတယ်။
ဒီလိုနဲ့ သမီးခမျာ တာဝန်ရှိသူ
လူကြီးတွေနဲ့လည်း မကြာခဏ အစည်းအဝေးတွေ ထိုင်ရင်း အခြေအနေ အရပ်ရပ်ကို
တင်ပြဆွေးနွေးရ၊ ဥပဒေ ဆိုင်ရာလည်း လေ့လာရ၊ ကာယကံရှင်များနဲ့လည်း ညှိနှိုင်းရနဲ့
လူရောစိတ်ပါ မအားနိုင်အောင်ပါဘဲ။
စိတ်မောစရာတွေနဲ့ လုံးချာလိုက်ရင်း
သမီး ရုံးအပြန် ကားမောင်းရင်း ပြောပြတဲ့ ညနေခင်း ဆည်းဆာပုံပြင်တွေကလည်း
တစ်နေ့တစ်မျိုး စိတ်ဝင်စားဖွယ်ရာ။
'မာမီရေ... ဘဏ္ဍာတိုက်အတွင်း
ဖောက်ထွင်းယူသွားကြတဲ့ ပစ္စည်းတွေက ထုခွဲလို့ လွယ်ကူတဲ့ စိန်နဲ့ရွှေတွေပဲ
ပါသွားတာနော်။ တခြားကျောက်သံပတ္တမြား စတဲ့ ရတနာတွေကျတော့ ယူမသွားဘူး သိလား'
ဆိုတာက တစ်ဖုံ။
'မာမီ၊ မီးခံသေတ္တာထဲမှာ
သမီးတို့လို စိန်ရွှေ လက်ဝတ်ရတနာတွေချည်း ထည့်သိမ်းထားတာ မဟုတ်ဘူး။ တချို့က
အမြတ်တော်ခွန်ကို ညာချင်လို့ ရတဲ့ငွေတွေ ဘဏ်စာရင်းထဲ မသွင်းဘဲ မီးခံသေတ္တာထဲ
ဝှက်ထားတာမျိုး၊ တချို့က ယောကျ်ားမသိအောင် ခိုးစု၊ မိန်းမ မသိအောင် ဖယ်ထား၊
အဲလိုအကြံအဖန် လုပ်ကြတာမျိုးတွေလည်း ရှိသေးတယ် မာမီရာ' ဆိုတာမျိုးက
တစ်လီ။
'မာမီကို ပြောပြရဦးမယ်။
မာမီတော့ ကြားဖူးမလား မသိဘူး။ သမီးဖြင့် တစ်ခါမှ မကြားဖူးပါဘူး မာမီရာ။
ဘဏ်တိုက်ကို အဖောက်ခံလိုက်ရတာနဲ့ ပိုင်ရှင်တွေဆီ ချက်ချင်း အကြောင်းကြားရတာပေါ့။
အမြန်ဆုံး စာရင်းရှင်းဖို့ လိုအပ်တယ် မဟုတ်လား။ အဲဒါ ခုကျမှ တရုတ်ကြီးတစ်ယောက်က
အပြေးအလွှား ရောက်လာတယ် မာမီရယ်။ ခရီးထွက်နေလို့ ပြန်ရောက်မှ သိရတာတဲ့။
'သူ့ Safe Deposit
Box ထဲမှာ သူ့အမေရဲ့
အသုဘတုန်းက အလောင်းထည့်တဲ့ခေါင်းမှာ သုံးခဲ့တဲ့ သံချောင်းတစ်ခု ထည့်သိမ်းထားတာ
ရှိတယ်။ သူက သားအကြီးဆုံးဖြစ်လို့ အဲဒီ သံချောင်းကို ပိုင်ဆိုင်ခွင့်ရထားတာတဲ့။
တခြားပစ္စည်းထက် အဲဒီသံချောင်း ပြန်ရဖို့ အရေးတကြီး ဖြစ်နေပါလေရော။
'သမီးတို့လည်း ဘယ်သိပါ့မလဲနော်။
ကြမ်းပြင်ပေါ်မှာ တွေ့သမျှ စိန်ရွှေရတနာနဲ့ စာချုပ်စာတမ်း၊ အရေးပါတာတွေသာ
သိမ်းထားတာ။ သံတိုသံစ ဖောက်ထွင်းရာက ကျတဲ့ အမှိုက်တွေကိုတော့ ပစ်လိုက်တာပေါ့။
ပြန်ရှာလို့ ဘယ်လိုမှမရတော့ ဒေါသတွေ အကြီးအကျယ် ဖြစ်ပါလေရော။ သူ့ အတွက်
ဧရာမဆုံးရှုံးမှုကြီးတစ်ခု ဖြစ်နေတာလေ။
'သံချောင်းတင် မကသေးဘူး။
သူ့အမေရဲ့ အဝတ်တစ်စလည်း ရှိသေးတယ်ဆိုတာနဲ့ မပစ်ရသေးဘဲရှိတဲ့ အမှိုက်ပုံးထဲ
ဖြဲရဲရှာတော့ သူပြောတဲ့ အဝတ်စ ပြန်တွေ့လို့ တော်ပါသေးရဲ့။ ကိုယ်မသိတဲ့
ဓလေ့ထုံးစံတွေကလည်း ရှိနေတာမို့ လေးစားသောအားဖြင့် သမီးမှာ သူကျေနပ်အောင်
တောင်းပန် ဖျောင်းဖျလိုက်ရတာ မာမီရယ်'တဲ့။
အဲလို ထူးခြားဆန်းပြားတဲ့
ဇာတ်လမ်းမျိုးကိုလည်း ကြားရသိရ-
'မာမီရေ... ဒီနေ့ သမီး
တကယ်ကို တရားရလာတာပဲ။ ဘုရားဟောခဲ့တဲ့ အစိုးမရခြင်းကို ကွက်ကွက်ကွင်းကွင်း
မြင်ရပြီး သဘောပေါက်လာခဲ့တာပဲ သိလား။
'နေ့ခင်းက ပစ္စည်းရှင်
ဂျူးအမျိုးသမီးကြီး တစ်ဦးနဲ့ ချိန်းပြီး စကားပြောကြတယ်။ ဟစ်တလာ လက်ထက်က
ဂျူးလူမျိုးပေါင်း ခြောက်သန်း သတ်ခဲ့တဲ့ Holocust မှာ သူတို့မိသားစု
လွတ်မြောက် လာခဲ့တာ။ လူလွတ်ရုံ မကဘူး။ အတွင်းပစ္စည်းတွေပါ လွတ်မြောက်လာခဲ့တာ။
သူတို့ကို အကျဉ်း ချထားစဉ်က ကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေကို သစ္စာရှိတဲ့ သူတို့ရဲ့
လူယုံတော် အိမ်ဖော်အမျိုးသမီးက မြေကြီးမှာ မြှုပ်ပြီး ဖွက်ထားပေးခဲ့တာကြောင့်
အားလုံး မဆုံးရှုံးဘဲ ပြန်ရခဲ့တာတဲ့။ ဒီလို ကုသိုလ်ကံမျိုးက ခပ်ရှားရှားနော်။'
'သူ့မိဘရဲ့ ဘိုးစဉ်ဘောင်ဆက်
လက်ဝတ်ရတနာတွေကို သူက အမွေခံရရှိထားခဲ့တာဆိုတော့ အမြတ်တနိုးနဲ့ သေသေချာချာ
သိမ်းထားခဲ့တာ။ သူ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို စနစ်တကျ တစ်ခုစီ
ဓာတ်ပုံရိုက်ထားရုံမကဘူး။ တရားဝင် ရာဖြတ်နဲ့ ကာလတန်ဖိုးဖြတ်ထားတဲ့
စာရွက်စာတမ်းတွေလည်း အပြည့်အစုံ အထောက်အထားအကုန်ရှိတယ်။
'အဲဒီ ပစ္စည်းတွေအားလုံး တစ်ခုမကျန်
ပါသွားတော့ ငိုလိုက်တာ မာမီရာ။ ပစ္စည်းက သိန်းချီတန်တာထက် သူ့မိဘ ဘိုးဘွားရဲ့
အမွေအနှစ်ဖြစ်တဲ့အပြင် ရန်သူကြားထဲက ခက်ခက်ခဲခဲ ပြန်ရခဲ့တဲ့ ပစ္စည်းမို့ ပိုပြီး
တန်ဖိုးထား နှမြောနေရှာတာပေါ့။ သက်စွန့်ဆံဖျား ကာလက လွတ်မြောက်လာခဲ့တဲ့
ဒီပစ္စည်းတွေဟာ ဆုံးရှုံးပျက်စီးဖို့ အချိန်တန်လာတော့ လုံခြုံမှုရှိရာမှာ ထားတဲ့
အထဲက ပါသွားရပြန်ရော။ 'အစိုးမရခြင်း' ဆိုတဲ့
တရားက မှန်လိုက်တာနော် မာမီ' နဲ့ တရားရစရာ၊ သံဝေဂတွေလည်း
ကြုံရ၊ ကြားရ။
'သမီးလေ ဒီကိစ္စကို
တာဝန်ယူရတာ လူရောစိတ်ပါ ပင်ပန်းရပေမယ့် လူအမျိုးစုံနဲ့ တွေ့ဆုံရတာကြောင့်
အသိပညာတွေလည်း အများကြီးတိုးတယ်၊ အတွေ့အကြုံကပေးတဲ့ သင်ခန်းစာတွေလည်း အများကြီး
ရလိုက်တာကြောင့် ကျေနပ်မိတယ် မာမီ' တဲ့။
'သားသမီးဆိုတာ အပြင်မှာ
ရောက်ရှိနေတဲ့ မိခင်ရဲ့ အသည်းနှလုံး' လို့ တင်စားပြောကြတဲ့
အတိုင်း သမီးမောတုံးက ကျွန်မလည်း လိုက်မော၊ သမီးတရားရတော့ ကျွန်မလည်း တရားရ၊
ဟော... အခု သမီးကျေနပ်တယ်ဆိုပြန်တော့ ကျွန်မပါ သမီးနဲ့ အတူ
ကျေနပ်ကြည်နူးရပြန်ပါရော။
'လူသားတွေဟာ ကိုယ်ကျိုးအတွက်
လိမ်ညာဖို့ အခွင့်သာတဲ့အခါ လိမ်ညာကြမှာပဲလို့ သမီးကြိုပြီး စိတ်ပူနေမိတာ မဟုတ်ဘူး
မာမီ။ အများစုက မှန်မှန်ကန်ကန် စိတ်ထားရှိကြတာ တွေ့ရတယ်။ လိမ်ညာသူလည်း ရှိပါတယ်။
ရာခိုင်နှုန်းအားဖြင့် နည်းတယ်လို့ ပြောချင်တာပါ။
'မီးခံသေတ္တာထဲမှာ
ငွေစက္ကူတွေ ဖွက်ထားတဲ့ သူမျိုးကျတော့ အထောက်အထားလည်း မခိုင်မာတာကြောင့်
သူတို့အတွက် ပေးရမယ့်လျော်ကြေးကို သမီး အတော်စဉ်းစားဆုံးဖြတ်ရတယ်။
အဲလိုလူမျိုးထဲမှာ အဘိုးကြီးတစ်ဦးကတော့ တကယ်စိတ်ထိခိုက်စွာနဲ့ သမီးကို လာရှင်းပြတာ
မာမီရယ်။ သူ့ဇနီးက အချက်အပြုတ် ဝါသနာပါတယ်တဲ့။ သူရဲ့အချိန် တော်တော်များများက
မီးဖိုထဲမှာ ကုန်တာဆိုတော့ လာမယ့် သူတို့ရဲ့ ရွှေရတု နှစ်ငါးဆယ်မြောက် မင်္ဂလာနေ့မှာ
သူ့ဇနီးအတွက် ခေတ်မီပစ္စည်းတွေနဲ့
မီးဖိုသစ်တစ်ခု လက်ဆောင်ပေးဖို့ စုထားတဲ့ ငွေပါတဲ့လေ။ ဒီလို မေတ္တာဘွဲ့ကြားရတော့
သမီးပါ ခံစားရတယ် မာမီရယ်' တဲ့။
ဇာတ်လမ်းတွေကလည်း စုံပါ။ လူသားတွေမှာ
တစ်ဦးနဲ့တစ်ဦး မတူညီကြတဲ့ လိုအပ်ချက် ကိုယ်စီနဲ့ပါလားဆိုတာ တွေးကြည့်နေမိပါတယ်။
သမီးပြောတဲ့ မေတ္တာဘွဲ့က ဒီတစ်ခုတည်း မဟုတ်သေးပါဘူး။ လူသားတိုင်းက
ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် ဆောက်တည်နေကြတာမို့ ဇာတ်လမ်းတွေကလည်း
တစ်ယောက်တစ်မျိုးစီပါပဲ။ ကိုယ်ပေးလိုက်တဲ့ မေတ္တာနဲ့ ကိုယ်ရရှိခဲ့တဲ့
တုံ့ပြန်မေတ္တာက ကိုယ့်ဘဝရဲ့ ရုပ်လုံးကို ဖော်သွားကြရမြဲမို့ အခုဇာတ်လမ်းလေးကတော့
ကြေကွဲစရာပဲ ဆိုပါတော့။
'မာမီရေ ဒီနေ့ကြုံရတဲ့
မေတ္တာဘွဲ့က သမီးရင်ကို တစ်မျိုးခိုက်သွားတာလေ။ အမျိုးသမီးက ကိုရီးယားသူ
ငယ်ချောချောလေး။ သူတို့က ကုမ္ပဏီလုပ်ငန်းရှင်။ အရမ်းလည်း ချမ်းသာပုံရတယ်။
သူဝတ်လာတဲ့ ဝတ်စုံတွေဆိုရင် ဒေါ်လာ ထောင်ချီပေးရတဲ့ ဒီဇိုင်နာမျိုး၊ သူ့ပစ္စည်းတွေ
ပါသွားတာ အတွက် စိတ်မကောင်းကြောင်း သမီးက ပြောပြတော့... ဒါတွေ ကျွန်မ
အရေးမထားပါဘူး' တဲ့။
'သမီးက အံ့သြသွားတာပေါ့။ သူ
ပြောပုံက သဘာဝမကျလို့ အကဲခတ်ကြည့်တော့လည်း မာန်မာန စိတ်ထားနဲ့ ပြောတာမျိုး
မဟုတ်ဘူးဆိုတာ သိသာထင်ရှားနေတယ်။ သူမျက်နှာလေးကလည်း ညှိုးလို့။
'ကျွန်မမှာ ဒီထက်ဆိုးရွားတဲ့
ဆုံးရှုံးမှုတွေ ကြုံနေရတာပါ။ ဒီရတနာတွေက ကျွန်မအတွက် တန်ဖိုးရှိ ပစ္စည်းတွေ
မဟုတ်ပါဘူး။ ကျွန်မ တန်ဖိုးထားပြီး နှလုံးသားနဲ့ ပုံချစ်ရတဲ့ ခင်ပွန်းက ကျွန်မရဲ့
နောက်ကွယ်မှာ ဖောက်ပြားနေပြီ။ ကျွန်မ သူ့အချစ်ကို ဆုံးရှုံးနေရပြီ။
ကျွန်မရင်တစ်ခုလုံး ပူလောင်နေပါတယ်ရှင်' နဲ့ ပြောပြီး
မျက်ရည်တွေ ပေါက်ပေါက်ကျလို့။ ဟန်ဆောင်ပြီးတောင် မထိန်းနိုင်ရှာဘူး မာမီရယ်။
'မီးခံသေတ္တာမှာရှိတဲ့ပစ္စည်း
အထောက်အထားတွေလည်း သူ့မှာ အပြည့်အစုံပြနိုင်တာကြောင့် သမီးနဲ့ စာရင်းရှင်းဖို့လည်း
လွယ်ကူသွားတာပေါ့။ ငွေရရှိကြောင်း လက်မှတ်ထိုးပြီးတာနဲ့ မိန်းကလေးက...
'ဒီငွေတွေ ကျွန်မအတွက်
မလိုအပ်ပါဘူး။ တစ်ဝက်ကို လိုရမယ်ရ သိမ်းထားပြီး တစ်ဝက်ကို ခုအပြန်
ဘုရားရှိခိုးကျောင်းအတွက် သွားလှူလိုက်တော့မယ်' တဲ့။
'အကုသိုလ်မိုး သဲသဲမဲမဲ ရွာနေဆဲ၊
ကုသိုလ်ကောင်းမှုပြုဖို့ အသိတရားရှိတာဟာ အကောင်းဆုံးမို့ သမီးလည်း
အသည်းကွဲဇာတ်လမ်းကို နားထောင်ရင်း သာဓုခေါ်လိုက်ရသေးတယ် မာမီ'
လူသားတိုင်းမှာ စိတ်ဝင်စားဖွယ်ရာ
မေတ္တာဇာတ်လမ်း ကိုယ်စီရှိနေကြတာပါပဲနော်။
တစ်ညနေမှာတော့
သမီးတွေ့ဆုံရတဲ့ ပစ္စည်းရှင်က အိန္ဒိယအမျိုးသား၊ သူတို့ဇနီးမောင်နှံ လက်ထပ်တုန်းက
ဓာတ်ပုံတွေယူလာပြီး သက်သေခံ ပစ္စည်းအဖြစ်နဲ့ တင်ပြတာတဲ့လေ။ သတို့သမီး ဝတ်ထားသမျှ
ရတနာတွေက သူတင်တောင်းခဲ့ရတဲ့ Dowry ပစ္စည်းတွေပါလို့
ရှင်းပြတယ်တဲ့။
သမီးပြောပြတာ နားထောင်ရင်း မြန်မာမင်္ဂလာပွဲမှာ သတို့သမီးကို ညွှတ်နေအောင်
ဆင်ထားတဲ့ စိန်တွေကိုသာ ဓာတ်ပုံသက်သေအဖြစ် တင်ပြတောင်းဆိုရမယ်ဆိုရင်တော့
လျော်ကြေးနဲ့ပဲ။ အဲဒီဘဏ် ဒေဝါလီခံရမှာ သေချာလှပါရဲ့လို့ တွေးမိပါသေးတယ်။
'အဲဒီ အမျိုးသား သတို့သမီးကို
တင်တောင်းတဲ့ ပစ္စည်းတွေ အကုန်နီးပါး ပြန်ရတယ် မာမီရေ။ သူတို့ အိန္ဒိယ
ဒီဇိုင်းပုံတွေမျိုးကျတော့ ထူးခြားနေတာကြောင့် ထုခွဲဖို့ မလွယ်ကူလို့လား မသိဘူး။
ယူမသွားကြဘူး။ သမီးကလည်း တုံးလိုက်တာ မာမီရာ။ နားဆွဲလိုမျိုးပစ္စည်းက တစ်ဖက်တည်း
တွေ့တော့ နောက်တစ်ခုရှိမလားဆိုပြီး
ရှာခိုင်းလိုက်ရတာ မတွေ့ဘူး။ ဒါနဲ့ ဒီနားဆွဲကတော့ တစ်ဖက်တည်း တွေ့တယ်လို့
ကြိုတောင်းပန်ရတာပေါ့။ အဲဒီလူက ရိုးသားရှာတယ်။ ဒါ အစ ကတည်းက တစ်ဖက်တည်းရှိတာပဲ။
နားဆွဲမဟုတ်ပါဘူး။ နှာခေါင်းမှာ ဖောက်ပြီး ဆွဲတာလို့ ပြောပြတော့မှ သမီးမှာ
ကိုယ်မသိနားမလည်တာ တွေးမိပြီး ပြုံးရသေးတယ်' တဲ့။
'တချို့လည်း ဘယ်လောက်ထိ
မှန်ကန်တဲ့ စိတ်ထားကြလဲဆိုရင် သမီးတို့နဲ့ ပျောက်ဆုံးတဲ့ ပစ္စည်းစာရင်း ပြုစုပြီး
တင်ပြတာ အတည်ပြုပြီးသားနော်။ အဲဒါ အိမ်မှာ သုံးလေးမျိုး ပြန်တွေ့ရင် သူ့စာရင်းက
မှားနေပါတယ်ဆိုတာ ချက်ချင်းပြန်လာပြောတဲ့ သူမျိုးလည်း ရှိတယ်မာမီရဲ့'
အခုလို လူမျိုးစုံနဲ့ ထိတွေ့ဆက်ဆံပြီး
ပြဿနာစုံကို ပြေလည်အောင် ဖြေရှင်းရမှ လူသားဟာ လူသားပဲ။ အားလုံးက အတူတူပဲ။
အသားအရောင်ကွာတာ၊ အဝတ်အစားကွာတာ၊ ဘာသာစကား ကွာတာပဲ ရှိတယ်။ ဒါတွေဟာ အပြင်ကပဲ။
အတွင်းသဏ္ဌာန်မှာ လူတွေက အတူတူပါပဲ မာမီရာ။
အကောင်း၊ အဆိုးဆိုတဲ့ လောကဓံ တရားရှစ်ပါးကိုလည်း လူသားတိုင်း အများနည်းတူ
ခံစားကြရတာပါပဲ။
'ဆုံးရှုံးရခြင်း ကြုံရင်
သူတကာလိုပဲ မကျေမနပ် ဒေါသထွက်မယ်။ ဝမ်းနည်းကြေကွဲမယ်။ အောင်မြင်ရင် ဝမ်းသာမယ်။
ကြည်နူးမယ်။ ရိုးသားဖြောင့်မတ် မှန်ကန်သူတွေရှိကြသလို မရိုးသား သူတွေလည်း ရှိတာပဲ။
နှလုံးသားရှိကြတဲ့အတိုင်း ခံစားချက်တွေလည်း အတူတူပါပဲနော်။ အမှန်တော့
ကမ္ဘာမြေကြီးပေါ်မှာ အားလုံး သက်ရှိမှန်သမျှက ခေတ္တသာ တည်ကြရတဲ့ ကိုယ်လို၊ သူလို
ဧည့်သည်ချည်းပါပဲလို့ မြင်မိလာတော့ ဆက်သွယ်လို့ရတယ်။ စာနာစိတ် ထားလို့ရတယ် မာမီရဲ့'
နဲ့ အားပါးတရ ပြောပြနေတဲ့ သမီးကို သဘောကျပြီး...
'တို့ သမီးက ယောနိသောနိုင်တဲ့
အမြင်တွေ ရနေတာ တယ်ဟုတ်ပါလား၊ အမှတ်တွေ ပေးရဦးမယ်ဟေ့' လို့
ကျွန်မက ချီးကျူးတော့...
'အံမယ်... မာမီကို နောက်ထပ်
အမှတ်ပေးစရာ တစ်ခုပြောပြရဦးမယ်။ ဒီနေ့ သမီးဆီ ရောက်လာတဲ့ အမျိုးသမီးကြီးက
ခရီးသွားကိုယ်စားလှယ်လုပ်ငန်းပိုင်တာ သူစီးပွားရေးအရ လေယာဉ် လက်မှတ်က လွယ်တော့
ကမ္ဘာပတ် နေတာတဲ့လေ။ ရောက်လေရာအရပ်က လက်ဝတ်ရတနာတွေ စုထားတာ အခု ဖောက်ထွင်းခံရတော့
စိန်တွေရွှေတွေ အကုန်ပါသွားတာပေါ့။ ကျန်တဲ့ ပစ္စည်းက ပတ္တမြားတွေ၊ နီလာတွေ၊
ကျောက်စိမ်းတွေ မာမီရယ်။
'လှမှလှ၊ ကောင်းမှကောင်း၊
ဒါတွေရဲ့ တန်ဖိုးကို နားမလည်လို့ ယူမသွားတာလား။ ဒါမှမဟုတ် ထုခွဲဖို့
မလွယ်ကူတာကြောင့် ချန်ခဲ့တာလား မသိဘူး။ အပြစ်ကျူးလွန်သူတွေတော့ အခုမိထားပြီးပြီ။
ပစ္စည်းတွေက လက်လွန်ကုန်လို့ ပြန်မရဘူးဆိုတော့ အလွှဲအပြောင်းပဲ ကောင်းလို့လား။
ပါသွားတဲ့ စိန်နဲ့ရွှေက ထုခွဲရလွယ်ကူတာကြောင့်လား သမီးမသိဘူး'။
'သမီးက ကိုယ့်တိုင်းပြည်က ပတ္တမြားတွေ၊ နီလာတွေတွေ့တော့ တအံ့တသြနဲ့ 'သိပ်လှတာပဲ၊ ဒါတွေက ဘယ်က ဝယ်လဲ မေးကြည့်တာပေါ့၊ မြန်မာပြည်က ဝယ်တာတဲ့။
နှစ်စဉ် ကျောက်မျက်ရတနာ ပြပွဲလုပ်တိုင်း သူက သွားဝယ်ခဲ့တာ။ မြန်မာပြည်ဆိုတာ သိလားလို့
သမီးကို ပြန်မေးနေသေးတယ်။’
'သိတာပေါ့၊ ကျွန်မက
မြန်မာပြည်ဘွား၊ မြန်မာဇာတိ၊ မြန်မာမိန်းကလေးပဲ' လို့
ပြောပြလိုက်တော့ အကြီးအကျယ်ကို အံ့သြသွားတာ မာမီရေ၊ ဝမ်းသာအားရနဲ့
သမီးလက်ကိုဆွဲပြီး သူနေ့လယ်စာ ကျွေးပါရစေတဲ့။ ပစ္စည်းတွေ ပြန်ရတာမို့လည်း
ကျေးဇူးတင်လွန်းလို့ လက်ဆောင်လည်း ပေးပါရစေ။ ဒီလက်ဝတ်ရတနာထဲက ကြိုက်တာယူပါ'
တဲ့။
'သမီးတို့ ဘဏ်တိုက်က
ပြဠာန်းထားတဲ့ သတ်မှတ်ချက် ရှိတယ်လေ။ ဘာလက်ဆောင်မှ လက်မခံရဘူး။ မလွှဲမကင်းသာလို့
လက်ခံရင် ဒေါ်လာငါးဆယ်အောက်မှာပဲ လက်ခံခွင့် ရှိတာကြောင့် သမီးက
ဘာမှလက်မခံပါရစေနဲ့ ဇွတ်ငြင်းရတာပေါ့။’
'အမျိုးသမီးက ဒီအဖြစ်ကို သူ့
တစ်သက်တာမှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ဘူး၊ သူ တန်ဖိုးထား မြတ်နိုးရတဲ့
မြန်မာ့ရတနာတွေကို မြန်မာပြည်ဘွား၊ မြန်မာအမျိုးသမီး တာဝန်ရှိ ဝန်ထမ်းတစ်ဦးလက်က
ပြန်လည် လက်ခံရရှိတာဟာ တကယ်မယုံကြည်နိုင်ဖွယ်ရာ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်း
တစ်ပုဒ်ပါပဲနဲ့ ပြောမဆုံးဖြစ်သွားလေရဲ့ မာမီရယ်' တဲ့။
ဟုတ်ပါရဲ့။ တိုက်ဆိုင်မှုကလည်း
ဆန်းကြယ်လှစွာပါပဲ။ ခေတ်ကာလအရ ကမ္ဘာ့ရွာ ဖြစ်နေပြီဆိုတော့လည်း လမ်းတစ်ကွေ့မှာ
ဧည့်သည်ချင်း တွေ့ဆုံကြုံ ကြိုက်ရတာ မဆန်းလှပါဘူးလေ လို့ တွေးရင်လည်းရပါရဲ့
မဟုတ်လားနော်။
▀
ပတ္တမြားခင်
မတ်လ ၁၉၊
၂ဝဝ၅
(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။