ရွှေသုတ‌

တမ်းတတတ်သည်ကို မတမ်းတတော့ပြီ

မောင်သန်းဆွေ၊ထားဝယ်၊

01 February 2025
တမ်းတတတ်သည်ကို မတမ်းတတော့ပြီ
Share to

            (၁ဝ) ရက်လောက်ကြာတော့ တစ်မနက်မှာ ဒီအက်စ်ပီက မမထားကို ဆင့်ခေါ်တဲ့စာ ရောက် လာတယ်။ ကျွန်တော် ထိတ်ခနဲဖြစ်သွားမိတယ်။ မမထားအတွက် စိုးရိမ်စိတ်တွေဝင်လာတယ်။ ဆင့်စာကို ရာဇဝတ် ဦးရ ကိုယ်တိုင်ယူလာပြီး မမထားကိုပါ တပါတည်းလိုက်ခဲ့ဖို့ ပြောတယ်။ ပုလိပ်ကားက အော်စတင်အေ (၄ဝ) ဆလွန်းကားလေး။ မမထားက သတ္တိအပြည့်။ ဆင့်စာကိုဖတ်ပြီး မျက်နှာမပျက် ချက်ချင်းထလိုက်သွားတယ်။ ကားနောက်ခန်းကို ရာဇဝတ်အုပ် ဦးရကားတံခါး ဖွင့်ပြီး ဝင်လိုက်ချိန်မှာပဲ 'ဖြန်း' နောက်ခန်းထဲရောက်နှင့်နေတဲ့ မမထားက ရာဇဝတ်အုပ်ဦးရ ပါးကို ချလိုက်တယ်။

            'ငါနဲ့ တွဲထိုင်လို့ ရမှာတဲ့လား၊ ရာရာစစ'

            မမထားအသံက ဒေါသသံပါနေတယ်။ ကျွန်တော် ရုတ်တရက် ကြောင်သွားမိတယ်။ ရာဇဝတ် အုပ်ဦးရကို သွားပြီးတောင်းပန်ရတယ်။ ဦးရမျက်နှာ ရှက်သွေးတွေ သန်းသွားတယ်။

            'ကျွန်တော် မှားသွားတယ်'

            ဦးရက ဒါပဲပြောပြီး ကားရှေ့ခန်းမှာ ပြောင်းထိုင်လိုက်တယ်။ ကားမောင်းတဲ့ ပုလိပ် (ရဲ) မျက်စိ မျက်နှာပျက်သွားတာကို သတိပြုမိလိုက်တယ်။ ကျွန်တော် အားနာလိုက်တဲ့ဖြစ်ခြင်း၊ မမထားကလည်း ဆတ်ဆတ်ကြဲ။ နယ်ချဲ့အစိုးရနဲ့ ပတ်သက်သူတွေကို လုံးဝ မလိုလားဘူး။ မျက်မွေးစူးနေသူရယ်ပါ။

            'အပါ... ခဏလာဦး'

            မမထားကို ခေါ်သွားတဲ့ကား ထွက်သွားတော့ ဧည့်ခန်းထဲမှာ ရှိနေတဲ့ ကျွန်တော့်ဖေဖေက ကျွန်တော့်ကို လှမ်းခေါ်တယ်။ ကျွန်တော်တို့ဖေဖေက ဗန်းမော် အေဘီအမ်ကျောင်းအုပ်ကြီး။ ဗန်းမော် မှာရှိတဲ့ အရေးပိုင် ဒီအက်စ်ပီအစရှိတဲ့ ထိပ်တန်းမျက်နှာဖြူအရာရှိတွေက လေးစားကြတယ်။ စေတနာရှိပြီး စာအသင်ပြကောင်းလို့ တပည့်တွေကလည်း ချစ်ကြတယ်။

            'သားလိမ္မာရမယ်နော်၊ မင်းရဲ့ မမထားကို ပြည်နှင်ဒဏ် ပေးလိမ့်မယ်။ မင်းမေမေကို ချစ်ရင် မမထားနဲ့ လိုက်မသွားဖို့ဘဲ။ သား စိတ်ကိုထိန်းပါကွယ်'

            ဖေဖေ့အသံက ဝမ်းနည်းသံပါနေတယ်။ ကျွန်တော့်မျက်စိ ပြာသွားတယ်။ မမထားအတွက် ပူပင်သောကတွေ ဝင်လာမိတယ်။ ငါ မမထားနဲ့ ခွဲရတော့မှာလား။ စိုးရိမ်စိတ်တွေကြောင့် ဆောက်တည် ရာမရ ဖြစ်ရတော့တယ်။ မမထားမှာ ဘာအပြစ်ရှိလို့တဲ့လဲ။ ဖေဖေ မကယ်နိုင်တော့ဘူးလား။

            'ကယ်နိုင်ရင် ကယ်ပါဦး ဖေဖေ'  

            ကျွန်တော် အားကိုးတကြီးနဲ့ ဖေဖေ့ကို တောင်းပန်အသနားခံနေမိတယ်။

            'မရဘူးသား၊ သူက တိုင်းပြည်ကိုပုန်ကန်ဖို့ ကြိုးစားနေတဲ့သူတဲ့။ ဒီအက်စ်ပီ မစ္စတာအိုင်ဘိုးက ဖေဖေ့ကို ပြောတယ်။ ဖေဖေ့ကို ခေါ်ပြီး ပြောပြီးပြီ'

            ဖေဖေ့မျက်နှာ ညှိုးငယ်နေရှာတယ်။ အသံတွေလည်း တုန်ယင်နေလေရဲ့။ နှစ်နာရီလောက် ကြာတော့ အော်စတင်ကားနဲ့ မမထား ပြန်ရောက်လာတယ်။ ရာဇဝတ်အုပ် ဦးရလည်း ပါလာတယ်။

            'မမထား ပြန်လာပြီနော်'

            ကျွန်တော် ဆီးကြိုလိုက်တယ်။ မမထားမျက်နှာ သိပ်မကောင်းဘဲ ညှိုးငယ်နေရှာတယ်။

            'အပါ၊ တို့များခမည်းတော်ပိုင်တဲ့ ဖားကန့်ကျောက်စိမ်းတွင်းက သိန်းပေါင်းများစွာတန်တဲ့ ကျောက်စိမ်းတွေရလို့ ကျောက်စိမ်းတွင်း ခရိုင်အုပ်က ဒီအက်စ်ပီဆီ ကြေးနန်းရိုက်အကြောင်း ကြားတယ်ကွ'

            မမထားက ဝမ်းသာအယ်လဲနဲ့ ကျွန်တော့်ကို ဆီးကြိုပြောတယ်။ သူ့ အပြုံးက အသက်မပါတဲ့ အပြုံးပါ။

            'မမထား ကံကောင်းတာပေါ့'

            ကျွန်တော် အံ့သြရတယ်။ ရာဇဝတ်အုပ် ဦးရလည်း ကားမှဆင်းလိုက်လာရင်း...

            'ဆရာကြီး၊ ကျွန်တော် ဆရာကြီးသမီးကို ပြန်အပ်ပြီနော်'

            လို့ပြောဆိုကာ ဧည့်ခန်းထဲကို ဝင်ထိုင်တယ်။ ကျွန်တော့်အဖေက ရာဇဝတ်အုပ်ဦးရကို ကျေးဇူးတင်ကြောင်း ပြောပြီး ဧည့်ခံစကား ပြောတယ်။ မမထားက အိမ်နောက်ဘက် ရေချိုးခန်းထဲ တန်းဝင်သွားတယ်။ ဦးရကို ကျွန်တော့်ဖေဖေက လက်ဖက်ရည်နဲ့ ဧည့်ခံတယ်။

            'ထိပ်ထားက အာဂသတ္တိ၊ ပြည်နှင်ဒဏ်ပေးတာကို မပြောဖို့ ကျွန်တော့်ကို ပိတ်ထားတယ်'

            ရာဇဝတ်အုပ်ဦးရက လေသံတိုးတိုးနဲ့ပြောတယ်။ ကျွန်တော်တို့ တအံ့တသြဖြစ်ရပြီ။ မမထားကို အသနားပိုနေရတယ်။ ဖြစ်မှဖြစ်ရလေ မမထားရယ်။ ကျွန်တော် ယူကျုံးမရ ဖြစ်ရတော့တယ်။

            'ပြည်နှင်ဒဏ်ပေးတာသိရင် အပါ လိုက်သွားမှာ စိုးလို့တဲ့'

            ရာဇဝတ်အုပ်ဦးရ လက်ဖက်ရည်သောက်ရင်း ခပ်တိုးတိုးဆက်ပြောနေတော့ ကျွန်တော် မချိတင်ကဲ ဝမ်းနည်းရပါတယ်။ တစ်အောင့်လောက်ကြာတော့ မမထား ဧည့်ခန်းထဲဝင်လာပြီး ကုလားထိုင် တစ်လုံးမှာ ဝင်ထိုင်တယ်။

            'အောင်တဲ့ကျောက်စိမ်းတွေနဲ့ တန်ဖိုးဖြတ်ဖို့က အရေးကြီးနေတယ်။ မနက်ဖြန်ပဲ မမထား မိုးကောင်းကို လိုက်သွားရမှာ'

            မမထားက သူ့အတွက် ဖျော်ထားတဲ့ အိုဗာတင်းကို ယူသောက်ရင်း ဣန္ဒြေရရ ပြောတယ်။ ညှိုးငယ်နေတဲ့ ကျွန်တော့်မျက်နှာကို တစ်ချက်အကဲခတ်ပြီး ပြုံးပြရှာတယ်။

            'အပါ၊ မင်းတက္ကသိုလ်တက်ဖို့ မပူပင်ရတော့ဘူး'

            မမထားအသံက တက်ကြွနေတယ်။ ကျွန်တော့်မျက်ဝန်းမှာ ရစ်ဝဲလာတဲ့ မျက်ရည်စတွေကို မျက်တောင်နဲ့ ပုတ်ခတ်ထုပ်ပစ်လိုက်တယ်။

            'မနက်ဖြန် သင်္ဘောဆိပ်ဆင်းဖို့ ကျွန်တော့်ကားယူခဲ့ပါ့မယ်။ ကျွန်တော်ကို ပြန်ခွင့်ပြုပါ'

ရာဇဝတ်အုပ်ဦးရ ထိုင်ရာမှထပြီး နှုတ်ဆက်ပြန်သွားတော့တယ်။ အဲဒီညက ကျွန်တော် မမထား အခန်းမှာ သွားအိပ်တယ်။ မမထားကို ကျောခိုင်းပြီး ကျွန်တော် အကြိမ်များစွာ မျက်ရည်ကျရတယ်။

            'အပါ...၊ မင်းငိုနေသလား။ ယောက်ျားပဲကွယ်၊ မမထား ပြန်လာမယ့်ဥစ္စာ'

ကျွန်တော့်မျက်ရည်တွေကို စမ်းပြီး အကြိမ်ကြိမ်ချော့ရှာပါတယ်။ ကျွန်တော့်ကို အမျိုးမျိုး နှစ်သိမ့်ရှာပါတယ်။ မမထားပြန်လာမှာတဲ့။ အကြောင်းစုံ သိထားတဲ့ ကျွန်တော်၊ မချိတင်ကဲဖြစ်ရပြီပေါ့။ တစ်ညလုံး ကျွန်တော်အိပ်မပျော်ဘူး။ တလူးလူး တလွန့်လွန့် ဖြစ်နေရတော့တယ်။ နံနက်လင်းအားကြီး မှ ကျွန်တော်ရှိုက်ရင်း အိပ်ပျော်သွားတယ်။  

            'အပါ၊ ထတော့၊ မနက် ၆ နာရီ ထိုးပြီ။ သင်္ဘောဆင်းရမယ်ကွယ်'

            ကျွန်တော့်ကို မွှေးမွှေးပေးပြီး မမထားနှိုးမှ ကျွန်တော်နိုးလာတော့တယ်။ မမထားက ဖြီးလိမ်းပြင်ဆင်ပြီးနေပြီ။ တရုတ်ဖဲအဖြူပွင့်ပါတဲ့ အပြာရောင် ဝမ်းဆက်နဲ့ အပေါ်က လေဒီကုတ် နီညို ရောင်ကလေး ဝတ်ထားပြီး ခေါင်းမှာ အပြာရောင်ပဝါလေးကို မေးအောက် သိုင်းချည်ထားလေရဲ့။ မမထား လှလိုက်တာ။ ရှုလို့မငြီးပါဘဲ။

            'ကျွန်တော် လိုက်မပို့တော့ဘူး မမထား။ ကျွန်တော်ကိုယ်ကျွန်တော် မထိန်းနိုင်မှာစိုးလို့။ ကျွန်တော် လိုက်မပို့တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်ဗျ'

            'မဟုတ်တာ အပါရယ်၊ လိုက်ပို့ ဦးမှပေါ့'

            မမထား ကျွန်တော့်ကို ဆွဲထူနေတယ်။ ဒီတော့မှ ကျွန်တော် ကမန်းကတန်းထပြီး ကိုယ်လက်သုတ်သင်ရတယ်။ မျက်နှာသစ်ပြီး အဝတ်အစား လဲလိုက်တယ်။ ဘလေဇာကုတ် အင်္ကျီကို သူကိုယ်တိုင် ဝတ်ပေးရှာတယ်။ ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြီး မမထားက ကျွန်တော့် ဖေဖေနဲ့ မေမေကို ကန်တော့တယ်။ ရာဇဝတ် အုပ်ဦးရကားရောက်လာပြီး ဦးရကို လက်ဖက်ရည်၊ မုန့်တို့နဲ့ ဧည့်ခံတယ်။ မိဘတွေက ဆုပေးပြီး မမထားကို ငွေတစ်ထောင် ခရီးစရိတ်ပေးပါတယ်။ မမထားက မယူပါဘူး။ သူ့မှာ ငွေလုံလုံလောက်လောက်ရှိကြောင်း ပြောတယ်။ စလင်းဘတ်အိတ်ထဲက ငွေ စက္ကူတွေကို ပြတယ်။ ရာတန်ငွေစက္ကူ တစ်ထပ်ကြီး တွေ့ရလေရဲ့။

            ဗန်းမော်မှ ကသာထိ သင်္ဘောနဲ့ သွားပြီး ကသာမှ မိုးကောင်းအထိ ရထားနဲ့ ဆက်သွားရမှာတဲ့။ အဝတ်အစားထည့်တဲ့ လက်ဆွဲအိတ်တစ်လုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးထည့်ထားတဲ့ ဘက်အိတ်တစ်လုံး၊ စုစုပေါင်းနှစ်လုံးပဲ ရှိပါတယ်။ မကြာမီ ကျွန်တော်တို့ သင်္ဘောဆီကို ကားနဲ့ ဆင်းကြတယ်။ ကျွန်တော် စိတ်ဖောက်ပြီး မမထားနောက် လိုက်မသွားနိုင်အောင် အရေးရှိက ဆွဲခေါ်ဖို့ ကျွန်တော် တို့မိဘများက သူငယ်ချင်းနှစ်ယောက်ကို ထည့်ပေးလိုက်တယ်။ သင်္ဘော ရောက်တော့ အထက်တန်းအခန်း လက်မှတ်ဝယ်တယ်။ အထက်တန်းဧည့်ခန်းမှာ ကျွန်တော်တို့ ထိုင်ကြတယ်။ အတွေးကိုယ်စီနဲ့မို့ ကျွန်တော်နဲ့ မမထားတို့ စကားမပြောမိကြ။ 

            'ဘူ... ဘူ... ဘူ'

            သင်္ဘောထွက်ဖို့ ဥသြဆွဲလိုက်တော့ ကျွန်တော် ထိုင်ရာကထပြီး မမထားကို နှုတ်ဆက် လိုက်တယ်။  

'မမထား၊ အပါသွားမယ်နော်'

            ဒီစကားတွေက အပြင်ကို ထွက်မလာပါ။ ဝမ်းနည်းစိတ်ကြောင့် လည်ဝမှာ တစ်ဆို့နေတာ သတိပြုမိတယ်။ မမထားရဲ့ ရီဝေနေတဲ့ မျက်လုံးအစုံက ကျွန်တော့်ဆီရောက်နေပေမယ့် ဘာစကားသံမှ သူ့ပါးစပ်က ထွက်မလာပါဘူး။ ကျွန်တော်တို့ အတန်ငယ် တစ်ယောက်ကိုတစ်ယောက် ငေးစိုက်ကြည့် နေမိကြတယ်။ ကျွန်တော့်လက်မောင်းကို သူငယ်ချင်းတစ်ယောက် ဆွဲခေါ်လိုက်မှ ကျွန်တော် ချာခနဲလှည့်ပြီး မမထားကို ကျောခိုင်းထွက်ခွာခဲ့တယ်။ သင်္ဘောပေါ်မှဆင်းပြီး သင်္ဘောကုန်း ဘောင်ကအကူး၊ ကမ်းပေါ်အရောက် ကျွန်တော် နောက်လှည့်မကြည့်မိပါ။ မြစ်ကမ်းထိပ်ရောက်မှ ကျွန်တော်တစ်ချက်ရပ်ပြီး သင်္ဘောရှိရာ ဧရာဝတီမြစ်ထဲကို ကြည့်မိတယ်။ နှင်းတွေဝေနေတဲ့ ကြားထဲ၊ မြစ်လယ်က သင်္ဘောပဲ့ပိုင်းကိုသာ ခပ်ရေးရေးမြင်ရတော့တယ်။ သင်္ဘောအထက်ထပ်အထိ မြင့်တဲ့၊ နောက်ခုတ်စက်က ရေတွေ တဖွေးဖွေးနဲ့ အရှိန်ကြီးစွာ လည်နေလိုက်တာ ဒီမြင်ကွင်းနဲ့အတူ မမထား ပျောက်ကွယ်သွားတော့တာပါပဲ။

            မမထား ထွက်သွားပြီးတဲ့နောက် နေ့တိုင်း ကျွန်တော် သူ့ကို သတိရနေတယ်။ သတိရတိုင်းလည်း ဒိုင်ယာရီ ရေးလေ့ရှိတယ်။ မနက်အိပ်ရာက ထတိုင်း မမထားကြိုက်တတ်တဲ့ နှင်းဆီပန်းတစ်ပွင့် ခူးပြီး သူ့ဓာတ်ပုံနားမှာထားတဲ့ ဖန်တကောင်းလေးထဲမှာ ထိုးထားမိတယ်။ ခြောက်သွားတဲ့ နှင်းဆီပန်း ကလေးတွေကို မပစ်ရက်လို့ ကြေးသေတ္တာကလေးထဲမှာ တယုတယ သိမ်းထားလေ့ရှိတယ်။ ဒီကနေ့ မမထားထွက်သွားတာ ဘယ်နှရက်ရှိပြီလို့ ဒိုင်ယာရီမှာ ကျွန်တော်ရေးလေ့ရှိတယ်။ ဒီလို ရေးမှတ်ရတာကိုက မမထားကို လွမ်းတဲ့စိတ်တွေ ပြေပျောက်သလိုလို ရှိနေတယ်လို့ ထင်မိတယ်။  ကျွန်တော်မမထားကို ထာဝစဉ် သတိရကြောင်း မမထားသိပါစေ။

            အထက်ပါအတိုင်း (စာရေးဆရာ မျိုးမြင့်ရန်နောင်) က မမထားနှင့် သူ၏ ကိုယ်ရေးကိုယ်တာ အကြောင်းကို ဝတ္ထုရေးဟန်ဖြင့် တမ်းတမ်းတတ ရေးသားခဲ့ပါသည်။

            နောက်ဆုံးအနေဖြင့် ကြည်အေး၏ အထွေးကို ဖော်ပြပါမည်။ စာရေး ဆရာမ ကြည်အေးသည် တက္ကသိုလ် ကျောင်းသူဘဝတွင် ဗန်းမော်သူ မခင်ပုနှင့် ကျောင်းနေဖက်သူငယ်ချင်း ဖြစ်ခဲ့သည်။ ဗန်းမော်သို့ အလည်လိုက်သွားရာ ဒေသခံများပြောပြသော အပါနှင့် မမထားတို့၏ ဖြစ်ရပ်မှန် မေတ္တာဇာတ်လမ်းကို သိခဲ့ရသည်။ ထိုဖြစ်ရပ်မှန်ကို အခြေခံ၍ 'တမ်းတတတ်သည်' ဝတ္ထု ရှည်ကြီးကို ရှုမဝမဂ္ဂဇင်းတွင် (၁၉၅၄) ခု၊ နှစ်ဆန်းပိုင်း၌ ရေးသားခဲ့သည်။ ထိုစဉ်က စာရေးသူမှာ စတုတ္ထတန်း ကျောင်းသားမျှသာ ရှိသေးသည်။ (၁၉၆၁) ခုနှစ် 'တမ်းတတတ်သည်' ကို ပထမအကြိမ် လုံးချင်း ထုတ်ဝေလိုက်သောအခါ စာရေးသူ တက္ကသိုလ် ကျောင်းသားဖြစ်နေပါပြီ။ အီအိုစီကောလိပ်တွင် ဥပစာတန်းတက်နေသည်။ ထိုအချိန်က ကြည်အေး၏ ကဗျာနှင့် ဝတ္ထုတို့ကို အရူးအမူး ကြိုက်နေချိန်ဖြစ်၍ 'တမ်းတတတ်သည်' ကို တမ်းတမ်းတတ ခံစားခဲ့ရသည်။ အသက်ကလည်း ဝတ္ထုထဲမှ အပါတို့အရွယ် (၁၉) နှစ် (၂ဝ) ဖြစ်၏။ မန္တလေးမှ သူငယ်ချင်းက ဆရာမတစ်ယောက်ကို ချစ်နေသည်။ သူ့အချစ်က တစ်ဖတ်သက်ပါ။ ဆရာမဖြစ်နေ၍ မည်သို့မျှ ဖော်ထုတ်၍မရ။ ထိုဆရာမက စာရေးသူနှင့် ရင်းနှီးသည်။ သည်တော့ သူက သူ့ရဲ့ခံစားမှုများကို စာရေးသူအား လာ၍ လာ၍ ပြောပြရင်ဖွင့်နေတော့သည်။ စာရေးသူကိုယ်တိုင်ကလည်း ဆရာမကို စိတ်ထဲမှ ကြိတ်ပိုးနေသည်။ စာရေးသူတို့ ခံစားမှုသည် အပါ၏ ခံစားမှုနှင့် ထပ်တူထပ်မျှ ဖြစ်နေလေသည်။ အမှန်မှာ (၁၉) နှစ် (၂ဝ) အရွယ် လူငယ်တို့၏ စိတ်လှုပ်ရှားမှု၊ စိတ်ကစားမှု၊ စိတ်သာယာမှုမျှသာ ဖြစ်ပေသည်။ အပါကဲ့သို့ အခွင့်အရေးရလျှင်မူ အပါကဲ့သို့ပင် ကြုံတွေ့ခံစားရပေလိမ့်မည်။ ကြည်အေး၏ 'တမ်းတတတ်သည်' ကို  စိတ်ဝင်စားမှု၊ နှစ်သက်ခံစားမှုတို့သည် ထိုအချိန်က ထိုအခြေအနေအရ ဖြစ်၏။

            ယခု 'တမ်းတတတ်သည်' တတိယအကြိမ် ရိုက်နှိပ်ချိန်၊ ဒုတိယအကြိမ်က ရိုက်နှိပ်ခဲ့သော စာအုပ်ကလေးကို လက်ဆောင်ရကာမှ ယခင်ကလောက် မခံစားခဲ့ရသည့် အကြောင်းမှာ ကြည်အေး၏ အတွေးသည် စာရေးသူ၏ 'ကုန်းဘောင်အလွန်' မှ မင်းသားကြီး မက္ခရာစောရန်ပိုင်၏ သမီးတော် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

            'ညကပင် အထွေးကို အိပ်မက် မက်သေးသည်။ အထွေးကို ခဏခဏ အိပ်မက်မက်လေ့မရှိ။ အထွေးက ကိုယ်နှင့်အတူ ရှိနေသလို စိတ်ထဲအမြဲ နေသောကြောင့် ထင်သည်' ဟူ၍ ကြည်အေးက 'တမ်းတတတ်သည်' ကို စဖွင့်ရေးသားထားသည်ကို ဖတ်လိုက်ရသည်နှင့် ပြန်၍ပြန်၍ လွမ်းမောတမ်းတ သော ခံစားမှုတစ်ရပ် ရင်ထဲတွင် ဖြတ်သန်းလှုပ်ခါသွားရပါသည်။ အသက် (၁၉) နှစ် (၂ဝ) က ခံစားခဲ့ရသည့် အတိုင်းပင်ဖြစ်သည်။ ကိုယ့်အသက်ကို ပြန်ရေတွက်ကြည့်မိကာ ရှက်သွားမိသည်။ စာရေးသူသည် ကြည်အေးခေါ်ရာနောက်သို့ တတမ်းတတဖြင့် လိုက်ပါနေမိသည်။ ကြည်အေးက အပါ၏ တမ်းတဟန်ဖြင့်ရေးသည်။ အထွေးအပါတို့မြို့သို့ ရုတ်တရက် ရောက်လာသည်။ လူပြောသူပြော များသည့်ကြား ကပင် အပါနှင့် မေတ္တာရှိသွားခဲ့ကြသည်။ သူတို့နှစ်ယောက် ဆင်နှင့်ထွက်ပြေးကြ၏။ ဝတ္ထုတစ်အုပ်လုံး၏ တစ်ဝက်နီးပါးသည် ဆင်နှင့်ထွက်ပြေးသည့် ခရီးလမ်း၊ အတွေ့အကြုံခံစားမှု အဖွဲ့ အနွဲ့များပင်ဖြစ်၏။ အပါကြောင့် မြို့သို့ ပြန်လိုက်ခဲ့ရသည်။ အပါကို ထားပစ်ခဲ့ကာ အထွေးထွက် ပြေးသွားသည်။ အပါက တမ်းတမ်းတတဖြင့် ကျန်ခဲ့သည်။ ဇာတ်လမ်းမှာ ဤမျှသာဖြစ်၏။ အပါ၏ တမ်းတမှုအပေါ် ကြည်အေး၏ အရေးအသား အဖွဲ့အနွဲ့များက စာဖတ်သူများကို ခံစားမှုပေးခဲ့သည်။

            ကြည်အေးက ဗန်းမော်မြို့ဟုပင် မဖော်ပြဘဲ ကချင်တောင်ပတ်လည်ဝိုင်း သည့်မြို့ကလေး တစ်မြို့ အနေဖြင့် ပုံဖော်ထား၏။ ဘုရင့်မြေးမဟု ဆိုသည်။ သူ့အမေက ရှမ်းမ၊ သူသည် ဂန္ဓမာ ပန်းများပွင့်ရာ၊ တောင်တန်းများ ဝန်းရံရာ၊ ဧရာဝတီမြစ်ကြီးတို့ထိ နှုတ်ဆက်ခါ ပွတ်သပ်စီးဆင်းသွားရာ၊ အပါတို့ မြို့ကလေးသို့ ရောက်လာသည်ဟု ပုံဖော်ထားသည်။

            'ဆံပင်က ယောကျ်ားဘိုကေတမျှ၊  ငွေမတ်စေ့ကြယ်သီးများ တပ်ထားသော ဖျင်မည်း ရင်ဖုံးအင်္ကျီ၊ ဟောင်းနွမ်းပျော့ဖတ်သော အနီနှင့် အစိမ်းကြိုးကြီး ချိတ်ထဘီတို့ကို ငွေခွက်နှင့် ဝံစွယ် ကြိုး၊ ဘယ်တော့မှ ပခုံးကမချသည့် ရှမ်းလွယ်အိတ်အမည်း၊ ရဲတင်းဖြိုးဖြတ်သော မျက်လုံးအကြည့်၊ ခပ်တောင့်တောင့်ထိုင်တတ်ပုံ၊ လမ်းလျှောက်ဟန်မှာ နွဲ့ပျောင်းခြင်းမရှိလှဘဲ တောင်တက်သော ကချင်တို့လို ဖျတ်လတ်ပေါ့ပါး လှသည့် အမူအရာ၊ ဘုရင့်သားဖြစ်သော သူ့အဖေက ဓားပြမွေးသည်။' ဟု ကြည်အေးက သူ၏အထွေးကို သရုပ်ဖော်သည်။ တကယ့်အဖြစ်အပျက်မှာ ထိပ်တင်မထွေးက ဘုရင့်မြေးမဟုတ်။ ဘုရင့်မြေးမှ မွေးသောသူဖြစ်သည်။ သူ့ ခမည်းတော် စောရန်ပိုင်က နယ်ချဲ့ တော်လှန်ရေးသမား၊ နယ်ချဲ့မျက်စိတွင် သူပုန်ဖြစ်နေသည်။

            'ဝတ္ထုသည် တကယ့်အချက်အလက်မဟုတ်။ ဝတ္ထုသည် အချက်အလက်ကို ကိုယ်စားပြုထားခြင်းသာ ဖြစ်သည်' ဆိုသည့် အေဘီဝူသရီး၏ အယူအဆအတိုင်း ကြည်အေးက အချက် အလက်ကို ကိုယ်စားပြု၍ ရေးထားခြင်းသာ ဖြစ်ပေမည်။

            အထွေး၏ ပခုံးကမချသော ရှမ်းလွယ်အိတ်အမည်းထဲမှာ အောက်လမ်းဆေးတွေ ပါသလိုလို စကားတင်းဆိုကြသည်။ ရွာသူလိုလို၊ စုန်းလိုလို စွပ်စွဲကြသည်။ သည်လိုဖြင့်ပင် ကြည်အေး၏ အထွေးသည် အပါတို့၏ တောင်ကြားမြေပြန့်မြို့ကလေးတွင် နာမည်အပျက်ကြီး ပျက်ရရှာလေသည်။ သည်ကြားထဲမှာပင် သူ့အကြောင်း မကောင်းပြောရကောင်းလားဟုဆိုကာ နံနက်စောစော တုတ်ကောက် ကိုင်လမ်းလျှောက်လေ့ရှိသူ ယောကျ်ားကြီးနှစ်ယောက်ကို  ကြာပွတ်နှင့်ရိုက်ပြီး နောင်ကျဉ်အောင် ဆုံးမလိုက်သေးသည်ဟု ကြည်အေးကရေးသည်။ တကယ့်အဖြစ်အပျက်က ထိပ်တင်မထွေးသည် ဤသို့မဟုတ်ရပါ။ တော်လှန်ရေးသမားပီပီ မာရေကျောရေရှိသည်ကတော့ အမှန်ပင်ဖြစ်၏။ ထိပ်တင်မထွေး၏ အမူအရာသည် နန်းဆန်၍ ပျော့ပျောင်းနွဲ့နှောင်းနေသူတော့ မဟုတ်။ ဤသည်ကိုကြည်အေးက သူနှင့် နှိုင်း၍ ခံစားမိကာ 'အထွေး' အဖြစ် ကြည်အေး၏ ကိုယ်ပွား ပုံဖော် လေသည်။ ကြည်အေးက အပြင်တွင် အခြားသော စာရေးဆရာနှင့် အရက်ဆိုင် လိုက်သွားတတ်သူ၊ စိတ်အခန့် မသင့်လျှင် ပါးရိုက်ခဲ့သူ၊ သူငယ်ချင်း မခင်ပုကိုပင် ပါးရိုက်သူ စသည့် စရိုက်များ ရှိသူဖြစ်၍ သူ၏အထွေးကို ယောကျ်ားကြီးနှစ်ယောက်အား ကြာပွတ်နှင့်ရိုက်ပြီး ဆုံးမလိုက်စေတော့သည်။

            ထိုသို့သော အရေးအသားများထက် ကြည်အေး၏ ကလူကျီစယ်သော အရေးအသားများကိုမူ စာရေးသူ ခံစားခဲ့ရဖူးသည်။

            'ရေချိုးဦးရှင့်၊ မောင်ကလေးရေ'

            'မောင်နဲ့ ကျွန်မတို့ ချစ်တာနဲ့ သူ တပါး ငိုကြတယ်ဆိုတာ နားမလည်နိုင်ပါတော်'

            'နေချင်သားပဲမောင်၊ ကျွန်မတို့ ထွက်ပြေးမှပဲ ဖြစ်မယ်ထင်တယ်၊ ကျွန်မလည်း မောင်နဲ့အတူ နေချင်တယ်ရှင့်' စသည့် စသည့် အထွေး၏ ပြောဆိုဟန်ကလေးများ။

            ကြည်အေးက နေချင်သလိုနေ၊ သွားချင်ရာသွားတတ်သည့် သူ့ဝသီ အတိုင်း သူ့ဝတ္ထုထဲတွင် အထွေးကိုလည်း တစ်ကိုယ်တည်း မြစ်လယ်သို့ ခေါင်းလျှော်ရေချိုးရန် လွှတ်လိုက်သည်။ မြစ်လယ်တွင် လွတ်လွတ်လပ်လပ် အဝတ်အစားများချွတ်ချ၍ ရေချိုးစေလိုက်ပြန်သည်။ ပြီးမှ သောင်ပြင်တွင် အပါနှင့် တွေ့ပေးလိုက်၏။

            'မောင်ကလေး လှေနှင့်လိုက်လာတာ မြင်သားပဲ' ဟူသော ဆင်ခြေဖြင့် စီးလာသည့်ငှက်ကိုပင် မစောင့်စေဘဲ ပြန်လွှတ်လိုက်သည့် အထွေး။

            အပါ့လှေပေါ်တွင် ပဲ့ကိုင်ပေးပြီး မြစ်လယ်ကသောင်ကြီးကိုပင် တစ်ပတ် ပတ်လှော်ရ ကောင်းမလားဟု အကြံပေးခဲ့သည့် အထွေး။

            အပါနှင့် ပထမဆုံး တွေ့ရသည့်နေ့တွင်ပင် လှေအတူစီး၍ နှစ်ကိုယ်တည်း အိမ်ပြန်လိုက်ဝံ့သည့် အထွေး။

            ဤသို့သော ကြည်အေး၏ အရေးအသားများကို ငယ်စဉ်က တမ်းတမ်းတတ ခံစားခဲ့ရသော်လည်း ယခု မင်းသားကြီးစောရန်ပိုင်၏ သမီးတော် အနေဖြင့် သိရသောအခါတွင် စာရေးသူ၏ ခံစားမှုက ပြောင်းလဲသွားခဲ့သည်။ နှစ်ပေါင်း (၄ဝ) ခြားခဲ့ပြီဖြစ်သော ယခုလို အချိန်အခါမျိုးတွင် အသက်အရွယ်၊ အသိတရားတို့ကြောင့် ခံစားမှုသည်လည်း ပြောင်းလဲသွားရ ပေတော့သည်။ 'ဘဝတွင် တကယ်ရှိခဲ့သောသူများနှင့် တကယ်ဖြစ်ခဲ့သောအဖြစ်အပျက်တို့ကို ရေးမည်လော။ သို့မဟုတ် ဘဝအပြင်ထွက်၍ ရေးမည်လော။ အပြင်သို့ ထွက်ရေးမည်ဆိုလျှင် မည်သည့် အတိုင်းအတာအထိ ထွက်၍ ရေးမည်နည်း။ တကယ့်အဖြစ်အပျက်မှ အချက်အလက်ကို ဆန့်ကျင်၍ ရေးမည်ဆိုလျှင် မည်သည့်အတိုင်းအတာအထိ ဆန့်ကျင်၍ ရေးမည်နည်း။ အချက်အလက်များကို ပြင်ဆင်ပစ်မည်လော။ တကယ့်အဖြစ်အပျက်ကို ကိုယ်လိုချင်သလို ဆွဲဆန့်ယူမည်လော' ဟူသည့် အတွေးများကြောင့် စာရေးသူသည် ကြည်အေး၏ အထွေးကို အသက် (၁၉) နှစ် (၂ဝ) အရွယ်ကလောက် တမ်းတမ်းတတ မရှိတော့ပေ။

မောင်သန်းဆွေ၊ထားဝယ်၊

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။