မသက်ဆွေ ၊သရက်၊
ကျွန်မတို့ ငယ်ပေါင်းကြီးဖော် တစ်စုမှာ အေးအတူ ပူအမျှဆိုတဲ့ ခံစားချက်၊ ခံယူချက်တွေ ရှိကြပါတယ်။ အသက်ဆယ်နှစ်သာသာ တတိယတန်းထဲက တွဲခဲ့ကြတဲ့ သူငယ်ချင်းတစ်စုဟာ ခုဆို အသက် ခုနှစ်ဆယ် ပတ်ဝန်းကျင်တွေ ရှိပြီဆိုတော့ တကယ့်ကို ငယ်ပေါင်းကြီးဖော်တွေပါ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ များစွာနဲ့ ချစ်ကြဆဲပါပဲ။ တစ်ယောက်အပူ တစ်ယောက်ကူပြီး တစ်ယောက် အအေးကိုလည်း တစ်ယောက် ပေးကြပါတယ်။ ဒီအသက်အရွယ်ကြီးတွေ စုမိကြရင် အနည်းဆုံး ဆယ့်ရှစ်ယောက်၊ အယောက်နှစ်ဆယ်တော့ ရှိကြပါသေးတယ်။ ဘဝအကျိုးပေးအတိုင်း အခြေအနေ အဆင့်ဆင့် ရာထူးအနိမ့်အမြင့်တွေနဲ့ပေမယ့် တွေ့ကြရင်တော့ တတိယတန်းက သူငယ်ချင်းတွေပါပဲ။ နင်တစ်လုံး ငါတစ်လုံးနဲ့ စတဲ့သူတွေကလည်း ခုထိ စကြနောက်ကြဆဲ။ စိတ်ဆိုးတဲ့သူတွေကလည်း ခုထိ စိတ်ဆိုးစိတ်ကောက်ကြဆဲပါပဲ။
ဘိုစိန်ဆိုတဲ့
သူငယ်ချင်းက အတော်ပေတဲ့တေတဲ့ သူပါပဲ။ အင်ဂျင်နီယာ ဖြစ်ပါတယ်။ သူ့ ဇနီး Rosie ကလည်း ကျွန်မတို့ကျောင်းက ကျွန်မတို့ထက် တစ်တန်းငယ်ပါတယ်။ အနေအထိုင်
မလိမ္မာလို့ အသောက်အစား မဆင်ခြင်လို့ လွန်ခဲ့တဲ့ လေးနှစ်ခန့်က ဆေးရုံ
ခဏခဏတက်ရပါတယ်။ မဟာမြိုင် ဆေးခန်းနဲ့ အာရှတော်ဝင်ဆိုတဲ့ ဆေးခန်းကြီးတွေကတော့
သူနေတဲ့ ပါရမီလမ်းက အိမ်နဲ့ အိမ်ဦး ကြမ်းပြင်ပါပဲ။ ဆေးရုံတက်လိုက်၊ ဆင်းလိုက်။
ဆင်းပြန်ရင်လည်း အောက်ဆီဂျင်ဘူးကြီးနဲ့ အိမ်မှာ နေရတယ်။ သူ ဆေးရုံတက်တိုင်း
ကျွန်မတို့မှာ သွားကြည့်တာ အမော။ သွားကြည့်တိုင်းလည်း သူတော့ ဒီတစ်ခါ မရတော့ဘူး။
သေတော့မှာပဲလို့ အမြဲထင်ခဲ့တယ်။ ဆေးရုံသွားမေးပြီး ပြန်တိုင်း ရင်ထဲမှာ
တင်းကျပ်ပြီး၊ ငိုချင်အံ့မူး ဖြစ်ရပါတယ်။ ကျွန်မရဲ့ ခင်ပွန်း မောင်ဆွေသက်ကတော့
အမြဲတမ်း မိန်းမကို ချော့ရရှာတယ်။ တရားပြရရှာတယ်။ မိန်းမ စိတ်ပင်ပန်းလွန်းလို့
သွားမကြည့်ပါနဲ့လို့လည်း မပြောရက်ရှာဘူး။ ကားပေါ်မှာ မိန်းမကို နှလုံးဆေးတိုက်၊
အိမ်ကျ သေချာအနားယူခိုင်းတာနဲ့ပဲ နှစ်သိမ့်နေရရှာတာ။
ဆေးရုံက တစ်ခါဆင်းတိုင်း အိမ်ကို
လိုက်ကြည့်ရသေးတယ်။ သူငယ်ချင်း တချို့ကတော့ Dollyက ဒီကောင်
မရတော့ဘူးဆိုလို့ သွားကြည့်ပါတယ်။ အကောင်းဟလို့ ကျွန်မကို အပြစ်ဆိုသေးတာ။ သူကလည်း
ကျွန်မ သွားကြည့်ရင် သေမယ့်ရုပ်နဲ့။ နောက်နေ့ကျ ပြန်ကောင်းချင် ကောင်းနေတတ် တယ်လေ။
တစ်ခါတော့ သူ့အိမ်က ကုတင်ပေါ်မှာ ဒီကောင် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ စကားလည်း
မပြောနိုင်တော့ဘူး။ ဒါနဲ့ ကျွန်မတို့ သူငယ်ချင်းတွေ အားလုံး တိုင်ပင်ကြပါတယ်။
သူသေရင် အတူပါ သွားနိုင်တဲ့ ကုသိုလ်ကို ပေးလိုက်ချင်တယ်။ နင် သေခါနီးပြီ၊
တရားနာပါဦးလို့ ဘယ်ပြောလို့ ဖြစ်မှာလဲ နော်။ ဒါနဲ့ ဝါတွင်းကြီးဆိုတော့ စုပေါင်း
ဝါဆိုသင်္ကန်း ကပ်ကြမယ်။ နင်က အပြင်မထွက်နိုင်တော့ နင့်အိမ်မှာပဲ လုပ်မယ်။ ရမလား
မေးတော့ လူလိမ္မာလေးက ရပါတယ်တဲ့လေ။ ကျွန်မအိမ်ရယ် John Nah
အိမ်ရယ်၊ ဘိုစိန်အိမ်ရယ်က များသောအားဖြင့် ကျွန်မတို့ရဲ့ စုရပ်နေရာတွေလေ။ Alfred အိမ်ကတော့ ကျယ်ပါရဲ့။ ပုလဲမှာဆိုတာ့ သွားရေးလာရေး ခက်တယ်။
နေ့လယ် နှစ်နာရီမှာ ကျွန်မတို့
ဆွမ်းဝတ်ယူထားတဲ့ ဆရာတော်ကျောင်းက သံဃာငါးပါးကို ပင့်ပြီး သူ့အိမ်မှာ
ဝါဆိုသင်္ကန်းကပ်ဖြစ်ခဲ့ပါတယ်။ ဧည့်ခန်းမှာ ခုံကို မှီပြီးမှ ထိုင်နိုင်တဲ့
ဘိုစိန်က သင်္ကန်းကပ်တော့ မ,မနိုင်ရှာဘူး။ သင်္ကန်းတစ်စုံကိုတောင်
လက်နှစ်ဖက်နဲ့ မနိုင်တော့တဲ့ အခြေအနေပါ။ နှုတ်ခမ်းတွေကလည်း အားနည်းလွန်းလို့
တုန်ပြီးနေတယ်။ ကျွန်မမှာ သူ့လက်ပေါ်က အသာကိုင်ပြီး သင်္ကန်း ကပ်ခဲ့ရပါတယ်။
ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးသည် ယုံကြည်မှု သဒ္ဓါပေါ်မှာ မူတည်ပြီး ချက်ချင်းကောင်း
ကျိုးပေးတာ မျက်မြင်သက်သေပါပဲ။ အဲဒီ သေခါနီး ဖြစ်တဲ့ ဘိုစိန်ဟာ ခု
ဒေါင်ဒေါင်မြည်အောင် ကျန်းမာနေပါတယ်။ မြန်မာပြည် တနံတလျား ခြေဆန့်ပြီး
ပန်းချီတွေဆွဲ၊ ပြပွဲတွေ လုပ်နေပါတယ်။ စာရေးပြီးလည်း စာအုပ်ထုတ်နေပါတယ်။
အဲဒီသင်္ကန်း ကပ်ပြီးနောက်ပိုင်း လုံးဝ ကောင်းသွားပါတယ်။ အရက်လည်း လုံးဝ
မသောက်တော့ပါ။
ဘိုစိန်ကောင်းမှုကြောင့် ကျွန်မတို့
သူငယ်ချင်းတွေ စုပေါင်း ဝါဆိုသင်္ကန်းကပ်ဖြစ်ကြပါပြီ။ နှစ်စဉ်ပါပဲ။ အားလုံးရဲ့
သဘောတူညီချက်အရ ကျွန်မတို့ အိမ်မှာပဲ ဝါဆိုသင်္ကန်းကပ်ပါတယ်။ ဒုတိယအကြိမ်
ဝါဆိုသင်္ကန်းကပ်တော့ ကျွန်မတို့ရဲ့ ဆရာတော်က ဘိုစိန်ကို မြင်ပြီး အံ့သြလို့။
ဆရာတော်ကလည်း သူ့ကို သေမယ်တွက်ထားပါတယ်။ ခုတော့ ကျွန်မရဲ့ငယ် သူငယ်ချင်းတွေတင်
မဟုတ်တော့ပါဘူး။ မောင်ဆွေသက် နေခဲ့ဖူးတဲ့ မြို့မကျောင်း၊ ဦးမောင်မောင်ကျောင်းနဲ့
ကန်တော်ကြီးနားက အထကကျောင်းက သူငယ်ချင်းတွေ၊ ပြီးတော့ ကျွန်မ အကြိုတက္ကသိုလ်၊ တက္ကသိုလ်ဝင်တန်းတွေ
တက်ခဲ့ဖူးတဲ့ ဆရာဆော်လမွန်ကျောင်းက သူငယ်ချင်းတွေပါ ဖိတ်ပြီး ဝါဆိုသင်္ကန်း
ကပ်ဖြစ်တာ နှစ်ကြိမ်ရှိပြီပေါ့။
ဒီနှစ်တော့ ဝါဆိုသင်္ကန်း စောစော
ကပ်ဖြစ်ပါတယ်။ စောဆို ဝါဆိုလဆန်း သုံးရက်မှာ ကပ်ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ သူငယ်ချင်း John Nah ခေါ် ဦးထွန်းဝင်းက 'သူ့သားတွေ ရှိတဲ့
ပြည်ပနိုင်ငံကို သွားတော့မယ်' လို့ ဖုန်းနဲ့ လှမ်းဆက်တော့
ကျွန်မ ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ်။ သူ့ရဲ့ သားသမီးတချို့က
နိုင်ငံခြားမှာ။ တချို့က ရန်ကုန်မှာ သူနဲ့အတူ နေကြပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက် က
သူနဲ့အတူ အိပ်တဲ့ သူ့မြေး ဆယ့်လေးနှစ်သားလေး သေဆုံးသွားပါတယ်။ လိမ္မာပြီး
စာတော်တဲ့ ကလေးလေးပါပဲ။ ကျွန်မတို့ သူငယ်ချင်းတွေလည်း ဆေးရုံကို တရုန်းရုန်း
ရောက်ခဲ့သေးသည်ပေါ့။ သူ့ရဲ့ ဝမ်းနည်းကြေကွဲမှုကို မျှဝေခံစားခဲ့ကြရပါတယ်။ အဲဒီထဲက
သူ့စိတ်တွေ မတည်မငြိမ် ဖြစ်နေရှာတယ်။ သူ့မြေးလေး စာမေးပွဲပြီးရင်
သူ့မိန်းမပါခေါ်ပြီး သုံးယောက် သွားလည်ဖို့ စီစဉ်ထားရှာတာ။ လောကကြီးက ဒီလိုပါပဲ။
ကျွန်မရဲ့သားကြီး အသက်လေးဆယ်မှာ ဆုံးသွားစဉ်ကတောင် ကျွန်မ ခံစားရ တာ။
သူ့မြေးလေးဆိုတော့ ဆိုဖွယ်မရှိပြီပေါ့။ သားအချစ် မြေးအနှစ်ဆိုသည် မဟုတ်လား။ မင်း
ပြန်လာဦးမှာလား။ အပြီးသွားတာလားဆိုတော့ မသိသေးပါဘူးကွာလို့ ပြောပါတယ်။ သူ့သား
သမီးတွေဆီ သူ သွားမှာ ဝမ်းသာရပေမယ့် အပြီးခွဲခွာရမှာမျိုးလို ဖြစ်နေတာမို့
ဝမ်းနည်းရပါတယ်။ သူက ၂ဝဝ၄ ခု၊ ဇွန်လ ၂၆ ရက်နေ့မှာ သွားမယ်ဆိုတော့ သူ မသွားခင်မှာ
ဝါဆိုသင်္ကန်း ကပ်လိုက်ရတယ်။ ၂ဝဝ၄ ခု၊ ဇွန်လ ၁၉ ရက်နေ့မှာ ကပ်ပါတယ်။ ခါတိုင်း Gathering လုပ်ရင် ဓာတ်ပုံတွေရိုက်ကြပါရဲ့။ Group Photo မရိုက် ဖြစ်ခဲ့ပါ။ တခြားပုံတွေပဲ
ရိုက်ဖြစ်ကြပါတယ်။ အဲဒီနေ့ကတော့ တပျော်ကြီးပဲ Group Photo ရိုက်ဖြစ်ခဲ့ကြပါတယ်။
ဆရာဆော်လမွန် ကျောင်းရော၊
ဦးမောင်မောင် ကျောင်းမှာပါ မြန်မာစာ သင်ခဲ့တဲ့ ကျွန်မနဲ့ မောင်ဆွေသက်
နှစ်ယောက်စလုံးရဲ့ ဆရာကြီး ဦးသာလှိုင်ကိုပါ အိမ်ကို ပင့်ဖိတ်ဖြစ်ခဲ့ပါတယ်။ အသက်
ခုနှစ်ဆယ် ပတ်ဝန်းကျင်တပည့်တွေက အသက်ကိုးဆယ်ကျော် ဆရာကြီးနဲ့တွေ့ဆုံပြီး ကန်တော့
ခွင့်ရတယ်ဆိုတာ နည်းတဲ့ ကုသိုလ်မဟုတ်ဘူးနော်။ ဆရာကြီးကလည်း ပျော်လို့လေ။ ပြောဟန်ဆိုဟန်
တွေရော အကြောင်းအရာတွေပါ စာသင်ခန်းထဲ ရောက်နေသလိုပါပဲ။ သိပ်ဝမ်းသာကြရတာပဲ။
ကျွန်မတို့ အုပ်စုထဲမှာ ဘာသာမတူဘဲ အစားအသောက်ရှောင်တဲ့ သူငယ်ချင်း
လေးယောက်ပါပါတယ်။ ဒါနဲ့ ရန်ကင်း ငါးလုံးတန်းက ဒေါ်ကြည်စိန် မုန့်ဟင်းခါးပဲ
ကျွေးဖြစ်ခဲ့တယ်။ အဆင်ပြေတာပေါ့နော်။ သူတို့က ဘာကျွေးကျွေး ရပါတယ်ဆိုပေမယ့်
ဘယ်ကောင်းမလဲ။ ခါတိုင်း ထမင်းကျွေးချိန် ဖိတ်ရင် လည်း ငါးဟင်းတော့ ပါရတယ်။
ဝက်သားဟင်း ရှောင်ရတယ်။ အမှန်တော့ ဝက်သားဟင်းက စားလို့ ကောင်းမှကောင်းပဲ။
ဝါဆိုသင်္ကန်း ကပ်ခံတဲ့ ကျွန်မတို့
ဆရာတော်ကလည်း ဆရာကြီးကို ကြည့်ပြီး ဝမ်းသာ နေပါတယ်။ ပထမဆုံးအကြိမ် ဝါဆိုသင်္ကန်း
ကပ်စဉ်ကပင် သူငယ်ချင်းတွေ စုပေါင်းကပ်မှာပါလို့ လျှောက်တော့ ဆရာတော်က ရုံးတို့
ကျောင်းတို့မှာ အလုပ်အတူတူ လုပ်ဖက်တွေလို့ အောက်မေ့တာ အသက် ဆယ်နှစ်ကျော်ကျော်က
သူငယ်ချင်းတွေ ဒီလောက်များများ စုမိတာမြင်တော့ ဝမ်းသာ အံ့သြနေပါတယ်။ ပြီးတော့
တကယ့်ကို ကလေးတွေလို စကြ၊ နောက်ကြနဲ့ ပြောမနာဆိုမနာတွေ တွေ့တော့ ဆရာတော်က ဝမ်းသာတာ
အထပ်ထပ် မိန့်ရှာတယ်။ ရှားတယ်လို့လည်း ပြောပါတယ်။ တကယ့် အစစ်အမှန်ခင်မင်တဲ့
မေတ္တာတွေပဲလို့လည်း ချီးမွမ်းပါတယ်။ အဲဒီနေ့က Group Photo မှာ Sacred
Heart က ငယ်သူငယ်ချင်းတွေဟာ ကျွန်မတို့ နှစ်ယောက် အပါအဝင်
နှစ်ဆယ့်နှစ်ယောက် ရှိပြီး တခြားကျောင်းက သုံးကျောင်းပေါင်းမှ ဆယ့်တစ်ယောက်ပဲ
ရှိပါတယ်။ သန့်ရှင်းဖြူစင်သော ငယ်ချစ်ဟောင်းများနဲ့ နှစ်ပေါင်းများစွာပေါ့ကွယ်။
အဲဒီ Group Photo တွေကို လည်း ပုံသုံး ဆယ်လောက် ကူးထားရတယ်။
ကျွန်မတို့ နှစ်စဉ် အိမ်မှာ ကထိန်
သင်္ကန်းကပ်ပါတယ်။ ဖိတ်စာ မပို့ပါ။ လက်လှမ်းမီရာ သူငယ်ချင်းတွေပါပဲ။
ဒီသူငယ်ချင်းတွေပဲပေါ့။ ဒါနဲ့ပဲ John Nah ကို မင်း ဟိုမှာ အမြဲမနေပါနဲ့ဟယ်။
ကထိန်သင်္ကန်းကပ်တာ အမီတော့ ပြန်ခဲ့နော်လို့ မှာမိတယ်။ တခြားသူတွေကလည်း ဟုတ်တယ်။ Dolly ပြောသလို မင်းပြန်လာရမယ်။ ဘာညာ ကွိကွနဲ့ ဝိုင်းပြောကြတာပေါ့။ သူ့ရဲ့ဇနီး
မမကြူ (သူ့ထက် အသက်ကြီးတဲ့ ဇနီးက အရမ်းလှပြီး ငယ်ရုပ်ပေါက်နေသူ) ကတော့ နဂိုရ်ထဲက
သိပ်အပြင်ထွက်ချင်တာ မဟုတ်ပါ။ မမကြူ သူ့ကို ပြန်ခေါ်ခဲ့နော်လို့ ပြောတော့ မျက်ရည်
ဝေ့ဝေ့နဲ့ ခေါင်းညိတ်ရှာပါတယ်။
ခုတော့ ကျွန်မ သူငယ်ချင်း John Nah တို့ ဇနီးမောင်နှံသည် လေးလ မပြည့်ခင် ယခု စက်တင်ဘာလထဲ ပြန်လာတော့မှာ
ဖြစ်ပါတယ်။ Patrick နဲ့သူက
ရန်ကုန်မှာ ရှိကတည်းက တစ်လကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ ဖုန်းဆက်ဖြစ်ကြတယ်။
အဆက်အသွယ်လည်း မပြတ်ဘူး။ သွားအတူ လာအတူတွေပေါ့။ Best friend တွေ လေ။ Bosom
friend
တွေပေါ့။
Patrick ခေါ်
ဦးခင်မောင်ဝင်းက ကျွန်မဆီ ဖုန်းဆက်ပါတယ်။ ဝမ်းသာ အားရနဲ့ပေါ့။ Dolly ရေ ဟိုကောင် ကြီးဆီက ဖုန်းရတယ်။ သူ ဟိုမှာ
မနေနိုင်တော့ဘူးတဲ့။ သူငယ်ချင်း တွေကိုလည်း သိပ်လွမ်းတယ်၊ ပြန်လာမယ်တဲ့ကွ' ပြီးတော့မှ
ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်လို့ ဆက်ပြောပါတယ်။ ခဏကြာတော့ Alfred ဆီက ဖုန်းလာပြန်တယ်။ ဒီသတင်းပါပဲ။ ဘယ်သူ့မှ
မပြောနဲ့ဦးနော်တဲ့။ ဘာရမလဲ ကျွန်မကလည်း အားကျမခံ သူငယ်ချင်းတချို့ဆီ ဖုန်းဆက်
သတင်းဖြန့်ချိပြီး ဘယ်သူ့မှမပြောနဲ့ ဦးနော်လို့ ပြောရပြန်တာပေါ့။ ဟုတ်တယ်လေ။
ကျွန်မတို့နဲ့ ထပ်တူ သူငယ်ချင်းတွေ အားလုံးလည်း ဝမ်းသာစေချင်တာပေါ့။ ဘာဖြစ်လို့
ဘယ်သူ့မှ မပြောခိုင်းတာလဲတော့ မသိ။ မတိကျသေးလို့နေမှာ ပေါ့နော်။ ကျွန်မတို့ကို
လွမ်းလို့ ပြန်လာမယ့် သူငယ်ချင်းအကြောင်းကို အိမ်မှာ အကြီးအကျယ် ကြွားနေတော့ အိမ်က
လူတွေကလည်း ကျွန်မကို ဟားကြတာပေါ့။
ကိစ္စမရှိပါဘူး။ ကျွန်မကတော့ သူ
လွမ်းမှာပဲလို့ ယုံကြည်ပါတယ်။ ကျွန်မတို့ကလည်း လွမ်းနေကြတာပဲဟာ။
ယနေ့တိုင် ခင်မင်တွယ်တာနေကြတဲ့
သူငယ်ချင်းတွေဆိုတာ ဒီလိုပဲ လွမ်းတတ်ကြပါတယ်နော်။
မယုံမရှိနဲ့။ ကိုယ်တွေ့။ကိုယ်တွေ့။
▀
မသက်ဆွေ ၊သရက်၊
(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။