ရွှေသုတ‌

ကိုဝင်းသူသို့ အိတ်ဖွင့်ပေးစာ

ဒေါ်အမာစိန်

01 February 2025
ကိုဝင်းသူသို့ အိတ်ဖွင့်ပေးစာ
Share to

            ကိုဝင်းသူရှင့်...။

၂ဝဝ၅ ဖေဖော်ဝါရီလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှာ ကျွန်မနဲ့ပတ်သက်တဲ့ စာရေးထားတာ ဖတ်ရလို့ ကျွန်မနဲ့ စာရေးသူ ပြောဆိုခဲ့တဲ့ စာအုပ်က အကြောင်းအရာအချို့ကို ကိုဝင်းသူတို့ အဓိပ္ပာယ်

အယူမှားနေလို့ ရှင်းပြလိုက်ရတာပါ။

            နံပါတ် (၁) အနေနဲ့

စာမျက်နှာ ၂၃၃ မှာ ကျွန်မပြောခဲ့တာ အမှန်တွေပါပဲ။ ကျွန်မဟာ မန္တလေးပန်တျာ စဖွင့်တဲ့ ပထမဦးဆုံး ကျောင်းသူ။ ကျောင်းဖွင့်ဖွင့်ချင်း စသင်တဲ့အချိန်က အဆစ်ကလေးတွေ တီးပြီး ကောင်းနိုးရာရာ အကတွေ သင်တယ်။ အဲဒီတုန်းက အမေကလည်း ကဗျာလွတ်လို့ ပြောမသင်ခဲ့ဘူး။ ကျောင်းဖွင့်စမှာ ကဗျာလွတ်ရယ်လို့ မရှိခဲ့သေးဘူး။ ဝန်ကြီးဗိုလ်ခင်မောင်လေး ကြည့်ပြီးတော့မှ တေးသံ၊ ကဗျာသံ မပါလို့ ကဗျာလွတ်ဆိုတဲ့အမည် ပေးသွားမှ ကဗျာလွတ်အက ဖြစ်လာတာကို တို့ပြောပြီးသား။ အဲဒီ စာပိုဒ်ဖတ်လိုက်ရင် အဲဒီနောက်ပိုင်းကစပြီး စသင်တာ ကဗျာလွတ်ဖြစ်တဲ့ အဓိပ္ပာယ်ဆိုတာကို နားမလည်ရော့သလား။

            နံပါတ် (၂) အနေနဲ့ ၂၃၃ နောက်ဆုံးပိုဒ်လို့ ရေးထားတဲ့ ကိုဝင်းသူရဲ့စာကို ရှင်းပါရစေ။ ကျွန်မကို စာရေးသူက အမေ့ရဲ့ထူးခြားချက် ပြောပြပါဆိုလို့ အမေကိုယ်တိုင်က အကသင်ရာမှာ ငါက အရုပ်နဲ့ သင်ခဲ့တယ်။ နင်တို့ကို ငါ လူကိုယ်တိုင် သင်တာတောင် အသုံးမကျဘူးရယ်လို့ အမေ့ပြောသံလေးတွေ ကြားခဲ့ရလို့ တို့အမှန်အတိုင်း ပြောတာ။ ကျောင်းလာတက်တဲ့ (၁၁ နှစ်) သမီးအရွယ်ကလေးကို လူရာသွင်းပြီး အကသင်ပေးတဲ့ဆရာက ငါ ဘယ်သူ့ဆီက အကသင်ခဲ့ပါတယ်လို့လည်း ပြောမပြဘူး။ ကျွန်မကလည်း မေးရမှန်းသိတဲ့အရွယ် မဟုတ်ဘူး။ ကိုဝင်းသူ တို့ကိုယ်တိုင် အမေ့ရဲ့ အကပညာတွေကို ဆက်လက် ထိန်းသိမ်းထားတယ်ဆိုရင် အကပညာမှာ ရုပ်သေးအကဟာ သင်ယူဖို့ မလွယ်ကူတဲ့အက ဖြစ်တယ်။ ယိုးဒယားတပင်တိုင်ဟာလည်း ထူးခြားလှပသပ်ရပ်ရန် ခဲယဉ်းတယ်။ ဒါကြောင့် အဲဒီတန်ဖိုး မဖြတ်နိုင်တဲ့ အကနှစ်မျိုးကို စာရေးသူက အမေ့ထူးခြားမှုမေးလို့ အမေ သူမတူအောင် ပါရမီရှိကြောင်းကို ဖော်ပြတဲ့အနေနဲ့ အရုပ်ကြိုးဆွဲအက သိပ်လှတယ်၊ ယိုးဒယား တပင်တိုင်အက ခြေချိုးလက်ချိုး သိပ်ရှင်းတယ်လို့ တင်စားပြောလိုက်တာ။ အမေ့ကို သေးသိမ်စေသလား။ စာကို အဓိပ္ပာယ် မှန်မှန်ပေါ်အောင် အမြင်ရှင်းအောင် ဖတ်စေချင်ပါတယ်။

            အသံမကောင်းဘူးဆိုတာ မဆိုတတ်ဘူး ပြောတာနဲ့ တခြားစီပါ။ အဆိုမတတ် ဘူးပြောတာ မဟုတ်ပါဘူး။ အရပ်ပုပြတ်ပြတ်လေးဆိုတာရော မှားနေသလား။ စိတ်တိုတယ်ဆိုတာ အမြဲတိုပါတယ် ပြောတာမဟုတ်ဘူး။ အကသင်လို့ မရတဲ့အခါ ချိတ်ဆောင်စရာ မလိုဘူး။ ထဘီဝတ် လေ့ကျင့်ရလို့ ချိတ်တွေ ရှိနေတယ်လေ။ ကျောင်းပိတ်ရက်က လွဲရင် အမေနဲ့ အမြဲသင်ယူခဲ့ရလို့ တို့ကိုယ်တွေ့။ စာရေးသူက မှတ်မိနေတဲ့ အကြောင်းအရာတစ်ခုမေးလို့ ငယ်စဉ်ကလေးဘဝမှာ တစ်ကိုယ်ကောင်း စိတ်နဲ့ ပြုခဲ့မိလို့ အမေ့ဆုံးမမှု ခံရကြောင်းလေး ပြောပြမိခဲ့တယ်။

            အဲဒီအချိန်တုန်းက ကျောင်းဆင်းပွဲကို ရန်ကုန်မှာ လာကရတယ်။ အဲဒီပွဲမှာ အားလုံးပန်မယ့်ပန်းတွေကို သိလျက်နဲ့ တစ်ယောက်တည်း အကုန်ပန်ပြီး ထွက်ကနေတယ်။ နောက်ပိုင်းမှာ ပန်းတွေပျောက်လို့ ဒေါင်းတောက်နေကြတယ်။ ဝင်လာတော့ ရှာနေတဲ့ပန်းကို တို့ပန်ထားတာ အမေတွေ့လို့ စိတ်ဆိုးလွန်းလို့ ချိတ်ထိုးခံလိုက်ရတယ်။ အဲဒီအဖြစ်မှန်ကို ရှင်က ဒီအဖြစ်မျိုး မရှိပါဘူး ဇွတ်ငြင်းနေတာ အဲဒီပွဲမှာ ရှင်ကိုယ်တိုင်လာကခဲ့လို့လား။ ကျွန်မရဲ့ အမှားလုပ်မိလို့ အမေ ဆုံးမမှု ခံခဲ့ရတဲ့ ရင်မှာ အမှတ်တရတစ်ခု ပြောပြခဲ့တာ ကျွန်မ လိမ်တာမဟုတ်ဘူး။

            စာမျက်နှာ ၂၃၅ မှာ ဖော်ပြထားတဲ့ ရန်ကုန်ဘဆွေရဲ့ ဇာတ်ညွှန်းသရုပ်ဖော်တဲ့ (ဧရာဝတီကပြောသော ပုံပြင်၊ ဘဲလေး)မှာ တို့နှုတ်က ပြောခဲ့တာ မဟုတ်ဘူး။ စာရေးသူက တို့နဲ့နှစ်ဦး ပြောတဲ့အနေနဲ့ သူ့အမြင်ရေးထားတာ ဖြစ်တယ်။ ဒါပေမယ့် သူရေးတာလည်း မမှားဘူး။ နန်းတွင်းမှာ တိုက်တုန်းက တို့နဲ့ဒေါ်နွဲ့နွဲ့စန်း နှစ်ဦး တိုက်ကြတာ သုံးပတ်လောက် တိုက်ပြီးမှ တပင်တိုင် ကရမှာမို့ တို့ ဖယ်ပေးလိုက်ရတယ်။ စာတွေကို သေချာဖတ်ပါ။ စာရေးသူက နန်းတွင်းမှာ ဇာတ်တိုက်တုန်းက အကြောင်း ပြောရေးထားတာ။ အဲဒီ ဇာတ်မမာ ကစဉ်ကလို့ ရေးထားတာ မဟုတ်ဘူး။ သေချာဖတ်လိုက်ပါ။ တိုက်သူတစ်ဦး၊ ကသူတစ်ယောက် ဖြစ်တတ်တယ်ဆိုတာ အနုပညာ လုပ်သက်ရှိသူတိုင်း သိရှိကြမှာပါ။ ကျောင်းကို တစ်ပတ်တစ်ရက် လိုက်တယ်ဆိုပေမယ့် နေ့စဉ်လက်ပွန်းတတီး သင်ယူခဲ့ရသူတွေနဲ့ ထိတွေ့မှု ဘယ်တူနိုင်မလဲ။ ကျွန်မ စာရေးသူ မေးလို့ ပြောခဲ့တဲ့အကြောင်းတွေဟာ ကိုယ့်အကြောင်းကိုယ်ရေးတာ။ ဒေါ်သြဘာသောင်း အတ္ထုပ္ပတ္တိရေးတာလည်း မဟုတ်ဘူး။ ကဗျာလွတ်အကြောင်း ရှင်းလင်းနေတာလည်း မဟုတ်ဘူး။ ဒါကြောင့် ကိုဝင်းသူတို့ဆီ မေးစရာ မလိုသလို သိစရာလည်းမလိုဘူး။ စာဖတ်သူတွေကို အဆင့်သင့် တုန်း နာမည်မှားနေတာ ပြင်လိုက်ပါရစေ။ ကျွန်မက ရွှေမန်းရီရီလို့ ပြောတာ။ စာရေးသူက ရွှေသန်းရီရီလို့ မှားရေးထားတယ်။ အမှန်က ရွှေမန်းရီရီပါလို့ ပြောပါရစေ။ မမရီကိုတောင် မြင်ဆရာရယ်လို့ ပြောပြသေးတာ။ ဆရာရင်းကို ပြစ်မှားပါ့မလား။

တို့အနုပညာသက်တမ်း တစ်လျှောက်မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ လူကြီးမိဘတွေကို ကျေးဇူးသိ ဂါရဝရှိခဲ့လို့ တို့ဘဝမှာ အနုပညာနဲ့ ပတ်သက်ပြီး အောင်မြင်ခဲ့တယ်။ လိမ်ညာစကားလည်း တစ်ခုမှ မပါခဲ့ဘူး။ ကျွန်မ ပြောခဲ့တဲ့အကြောင်းအရာတွေကို သေချာဖတ်လိုက်ပါ။ အမြင် ရှင်းသွားပါလိမ့်မယ်။ ဒီလိုဖြေရှင်းရတာမျိုး ပထမဦးဆုံးနဲ့ နောက်ဆုံးလို့ သတ်မှတ်လိုက်ပါတယ်။

ဒေါ်အမာစိန်

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။