အနုပညာသမားပြောစကား

အက်ဆစ်အဖွဲ့နဲ့အတူ အောင်မြင်ခဲ့ပြီး အက်ဆစ်မဖြစ်ခဲ့တဲ့ R ဇာနည်

ညီလေး

01 February 2025
အက်ဆစ်အဖွဲ့နဲ့အတူ အောင်မြင်ခဲ့ပြီး အက်ဆစ်မဖြစ်ခဲ့တဲ့ R ဇာနည်
Share to

            မြန်မာပြည်ရဲ့ ပထမဆုံး Hip Hop အဖွဲ့လို့ဆိုကြတဲ့ Acid ရဲ့ ပထမဆုံး အယ်လ်ဘမ်မှာ Melody ပါဝင်သီဆိုခဲ့ပြီး ပရိသတ်ရဲ့ ထူးထူးကဲကဲ အားပေးမှုကို ရရှိခဲ့တဲ့ R ဇာနည်ကို ရွှေချစ်သူတွေအတွက် တွေ့ဆုံမေးမြန်းမှုလေး တစ်ခုလုပ်ဖို့ ဆရာဦးဝင်းငြိမ်းက စီစဉ်ပေးခဲ့ပါတယ်။ မေးမြန်းဖြစ်ခဲ့သမျှတွေဟာ ရွှေချစ်သူတို့ရဲ့ဆန္ဒနဲ့ ကိုက်ညီမှု ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

            အက်ဆစ်တစ်ယောက် ဖြစ်ခဲ့တဲ့ အကြောင်းလေးကို စပြီး ပြောပြပေးပါ။

            ကျွန်တော်က အက်ဆစ်အဖွဲ့ လေးယောက် ဖွဲ့ထားတဲ့အထဲမှာ သူတို့ရဲ့သူငယ်ချင်းဆိုတော့ ဒီမှာ Melody ဝင်ဆိုတာ Featuring ပေါ့။ အဖွဲ့ဝင်တော့ မဟုတ်ဘူး။ သူငယ်ချင်းပေါ့။

            အရင်က ဆိုကြမယ်၊ ပျော်ကြမယ် အစီအစဉ်မှာ ဆိုဖြစ်ခဲ့တဲ့ အကြောင်းလေးလည်း သိပါရစေ။

            အဲဒါကလည်း ကျွန်တော်နဲ့အတူတူဆိုတဲ့ တစ်ယောက်ရှိတယ်။ အဲဒီမှာ ပဲ့ကိုင်ရှင် ဆိုတာကိုး။ ကျွန်တော်နဲ့အတူဆိုတဲ့ စိုးရာဇာလွင်ဆိုတာ သူက ဝါသနာပါတယ်။ ကျွန်တော်လည်း ဆိုတာပဲ။ ကျွန်တော်တို့နှစ်ယောက် အရင်က လမ်းဘေးမှာ အော်ဟစ်ခဲ့ကြရင်းနဲ့ ဆိုကြမယ်၊ ပျော်ကြမယ် ပေါ်လာတော့ သူက ဆိုမယ်ပေါ့။ ကျွန်တော်ကလည်း ဆိုမယ်။ ဒါနဲ့ သူကပဲ လှုပ်ရှားပေးတယ်။ ဒါနဲ့ ကျွန်တော်တို့ သွားဆိုကြတယ်။

            အဲဒီလို လမ်းဘေးမှာ အော်ကြဟစ်ကြတဲ့ ဆယ်ကျော်သက်ဘဝမှာ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ အဆိုတော်တွေက ဘယ်သူတွေလဲ။

            ရှိတယ်။ မြန်မာပြည်က ဆိုရင် ကိုလေးဖြူတို့၊ ကိုဇော်ဝင်းထွဋ်တို့ အစရှိသဖြင့် အဆိုတော် အကုန်လုံးနီးပါးကို ကျွန်တော် ကြိုက်တယ်။ Rock အဆိုတော် တွေကို သဘောကျတယ်။

            ဆယ်ကျော်သက်ဘဝတုန်းက ဂီတနဲ့ ပတ်သက်ပြီး ဘာတွေ စိတ်ကူးခဲ့တယ်၊ ဘယ်လိုလှုပ်ရှားခဲ့တယ် ဆိုတာလည်း ပြောပြပါဦး။

            အဲဒီတုန်းက စိတ်ကူးထားတာတော့ မရှိဘူး။ ရှင်းရှင်းလင်းလင်း ပြောရရင် အဆိုတော် ဖြစ်ရမယ်လို့ စိတ်ကူးထားတာ မရှိဘူး။ ရပ်ကွက်ထဲမှာ ကျွန်တော့် ဆရာရှိတယ်။ ကိုသန်းဌေး ဆိုတာ။ သူက One Man Keyboard တီးတာပေါ့။ ရပ်ကွက်ထဲမှာ တစ်နှစ် တစ်ကြိမ် ဘုရားပွဲလေးတွေ ဘာလေးတွေပေါ့။ ရပ်ကွက်ထဲမှာကျတော့ ဒါလေးတွေ ရှိတယ်လေ။ အဲဒီအခါကျရင် ကျွန်တော်တို့ တက်ဟဲတယ်။ အဲဒါလေးတွေတော့ ရှိပါတယ်။

            ဆိုကြမယ်၊ ပျော်ကြမယ် အစီအစဉ်မှာဆိုပြီး အက်ဆစ်မထွက်ခင်ကြားမှာရော ဘာတွေ လုပ်ဖြစ်လဲ၊ ဂီတနဲ့ပတ်သက်ပြီးပေါ့။

            ကျွန်တော့်ဆရာနဲ့ပဲ စောစောက ပြောသလို နေကြတာပေါ့။

အက်ဆစ်က သူငယ်ချင်းတွေနဲ့ ဘယ်လို ဆုံဖြစ်ခဲ့ကြသလဲ။

အဲဒီသူငယ်ချင်းတွေနဲ့ကျတော့ စိုးမိုးဆိုတာ ရှိတယ်။ သူငယ်ချင်းပဲ။ သူနဲ့ ပတ်သက်ပြီး အနဂ္ဂနဲ့ သိတယ်။ အဲဒီကနေမှ ဟိုသွား ဒီသွားပေါ့။ လူငယ်အချင်းချင်းကျတော့ လွယ်တယ်ဗျာ။ ဆုံဖြစ်ကြဖို့လေ။ အဲဒီကနေမှ ရန်ရန်ချန်းတို့ ဘာတို့နဲ့ ပတ်သက်ကုန်တာပေါ့။ သွားတဲ့ နေရာတွေ၊ စားတဲ့ နေရာတွေ တူတယ်။ တဖြည်းဖြည်းနဲ့ အဲဒီလို ဖြစ်လာတယ်။

အဲဒီအုပ်စုထဲမှာကော Rock ကို စိတ်ဝင်စားတဲ့ လူဘယ်နှယောက်လောက် ရှိသလဲ။

            သူတို့တွေက Rapper တွေချည်းပဲ။ ကျွန်တော့် သူငယ်ချင်းထဲမှာ Rocker မရှိဘူး။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာ Rapper တွေ များတယ်။

            အဲဒီကနေ အက်ဆစ် ဖြစ်လာပြီးတဲ့နောက် တစ်ကိုယ်တော်အခွေ ဖြစ်လာပုံလေးကိုလည်း ပြောပြပါဦး။

            အဲဒီလို အက်ဆစ်ထွက်ပြီးတော့ အောင်မြင်တယ်ပေါ့နော်။ အက်ဆစ် အောင်မြင်လာတဲ့အချိန်မှာ အက်ဆစ်ကို ထုတ်တဲ့ MNS Group ထဲကပေါ့။ ကိုရဲရဲဆိုတာ ဗစ်တာ ခင်ညိုသားလေ။ သူလည်း အဲဒီတုန်းက အဖွဲ့ဝင်ပဲ။ သူကနေမှ ကျွန်တော့်တစ်ယောက်တည်းကို အခွေထုတ်ချင်တယ်ဆိုပြီးတော့ ပြောတာပေါ့။ အဲဒီတုန်းကတော့ ကျွန်တော့်ကို ကမ်းလှမ်းတဲ့လူတွေတော့ ရှိပါတယ်။ အများကြီးပဲ ပေါ့နော်။ ကျွန်တော်က ငယ်လည်း ငယ်သေးတယ်။ ဘာမှန်းလဲ မသိသေးဘူး။ ဆိုတာတော့ ဆိုချင်နေပြီ။ နောက်တော့ ကိုရဲပြောတဲ့ အချိန်လည်းရောက်ရော ကိုရဲနဲ့ကျတော့ ပတ်သက်နေတယ်။ အက်ဆစ်နဲ့ကလည်း ပတ်သက်နေတယ်။ လူချင်းကလည်း ရင်းနှီးပြီးသား။ သူ့ညီနဲ့ကလည်း သူငယ်ချင်းတွေ။ အဲဒါနဲ့ ကိုရဲနဲ့ပဲ လုပ်မယ်ဆိုပြီး လုပ်လိုက်တာ။

            တစ်ကိုယ်တော် လုပ်မယ်ဆိုတော့ အက်ဆစ်က သူငယ်ချင်းတွေနဲ့ကော ပြောရဆိုရတာတွေ ရှိသေးလား။ သူတို့ကရော အက်ဆစ်နဲ့ပဲ ဆက်လုပ်စေချင်တဲ့ဆန္ဒ မရှိကြဘူးလား။

            မရှိဘူး။ မရှိဘူးဆိုတာ အစကတည်းက ကျွန်တော်က အက်ဆစ်အဖွဲ့ထဲမှာ ကူညီပြီး ဝင်ဆိုတဲ့ အဆိုတော်တစ်ယောက် ဖြစ်တယ်။ အဖွဲ့ဝင် မဟုတ်ဘူး။ သူတို့ အက်ဆစ်အဖွဲ့ဝင်တွေမှာ နာမည် ရှိတယ်။ ဟိန်းဇော်ဆိုရင် Acetic Acid ၊ ရန်ရန်ချန်းဆိုရင် Black Acid ၊ အနဂ္ဂဆို Smoke Acid ၊ ဇေယျာသော်ဆိုရင် Nitric Acid အဲဒီလိုမျိုး ရှိတယ်။ ကျွန်တော်က အဲဒီထဲမှာကတည်းက နာမည်မရှိဘူး။ ကျွန်တော်က R ဇာနည်ဆိုပြီးပဲ ဝင်ဆိုတာ။ ကျွန်တော့်လိုပဲ ငယ်ငယ်တို့လည်း ဆိုတယ်လေ။ ကိုအဲလက်စ်တောင် အက်ဆစ်ထဲမှာ တစ်ပုဒ်ပါသေးတယ်။ အဲဒီလို သဘောမျိုးပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ သူငယ်ချင်းတွေဆိုတော့ ပုဒ်ရေ နည်းနည်းများသွားတာပေါ့။

            အဲဒီကနေ တစ်ကိုယ်တော်အခွေ လုပ်မယ်ဆိုတော့ ဘယ်လို ပုံသဏ္ဌာန်၊ ဘယ်လိုအမျိုးအစားတွေ လုပ်မယ်လို့ စိတ်ကူးခဲ့သလဲ။

            ကျွန်တော်က Rock တွေကို နားထောင်တယ်။ Rock ဆိုတာက အရမ်းကျယ်ပြန့်ပါတယ်။ ကျွန်တော်က အဲဒီလောက် ကျယ်ကျယ်ပြန့်ပြန့်ကြီးတော့လည်း သိပ်မသိဘူး။ ဒါပေမယ့် မျက်စိရှေ့မှာ မြင်နေတဲ့ဟာတွေကတော့ အကြမ်းဖျဉ်းအားဖြင့် Rock ဆိုပြီး ပြောလို့ရတာပေါ့နော်။ ကျွန်တော် ကြိုက်တဲ့သီချင်းတွေ၊ ကျွန်တော် နားထောင်ဖြစ်တဲ့ သီချင်းတွေပေါ့။ အဲဒီကနေ အခွေလုပ်မယ်ဆိုတော့ Melody အဓိက သံစဉ်လှမယ့်ဟာလေးတွေ ဆိုတာပေါ့နော်။ အော်တာ ဟစ်တာလည်း ဝါသနာ ပါတယ်ဆိုတော့ အဲဒါတွေလည်း ပါတာပေါ့။ Rock ပေါ့နော်။ ကျွန်တော် အလွယ်ပဲ Rock တွေချည်းပဲ ရွေးပြီး လုပ်လိုက်တာ။

            သီချင်းတွေ ရွေးတော့ကော တစ်ယောက်တည်းပဲလား။

            ကိုရဲနဲ့ ကျွန်တော် နှစ်ယောက်ပေါင်းပြီး ရွေးကြတာပေါ့။

            တစ်ကိုယ်တော်အခွေ ထွက်ပြီးတဲ့နောက်ပိုင်း အတွဲခွေတွေ၊ အမှတ်တရခွေတွေမှာ ဆိုဖြစ်ခဲ့တယ်။ အဲဒီလို ဆိုဖြစ်ခဲ့ရာမှာ R ဇာနည် ဆိုပြီး ပရိသတ်တွေက ထူးထူးကဲကဲ အားပေးလာ ကြတာ ဘယ်သီချင်းတွေ ဖြစ်မလဲ။

            ကျွန်တော်တို့ အက်ဆစ်မှာကတည်းက ကျွန်တော့်ကို ပရိသတ်တွေ လက်ခံပြီလို့ ယူဆပါတယ်။ ပြီးတော့ တစ်ကိုယ်တော်အခွေ ငါ့ကိုချစ်တဲ့သူ ထွက်လာတယ်။ အဲဒါမှာလည်း ပရိသတ်ရဲ့ အားပေးမှု အထိုက်အလျောက် ရတယ်။ ကုန်ကုန် ပြောရရင် အဲဒီအခွေကလည်း မရှုံးဘူးပေါ့ဗျာ။ ဒီတော့ ကျွန်တော့်အနေနဲ့ ဒီအလုပ်နဲ့ ရပ်တည်လို့ရမယ့် အနေအထားမှာ ရှိတယ်ပေါ့ဗျာ။ ဒီ့ပြင်သူတွေလည်း ဒီလိုပဲ။ အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတဲ့လူတွေ အများကြီး ရှိတယ်။ တော်တော်လေးကို အဆင်မပြေတဲ့ သူတွေလည်း အများကြီး တွေ့ရတယ်။ အဆင်ပြေတဲ့သူတွေလည်း တွေ့ရတယ်။ ကျွန်တော်လည်း တော်တော် ကံကောင်းပါတယ်။ ပြီးတော့ အတွဲခွေတွေ ဆိုလာတယ်။ တစ်စတစ်စနဲ့ လူတွေ အတော်လေးကို သတိထားမိလာတယ်။ အခုနောက်ပိုင်းကျတော့ ဘိုးဘိုးတွေရော၊ ဘွားဘွားတွေရော၊ ကလေးတွေရော သိလာတယ်။ ကျွန်တော် လမ်းသွားရင် ကျွန်တော် ကိုယ်တိုင်ကြုံတွေ့နေရတာကိုး။ လူကြီးတွေဆိုလည်း ကျွန်တော့်ကို သိတယ်၊ နှုတ်ဆက်တယ်။ ကလေးတွေဆိုလည်း စတယ်၊ နောက်တယ်၊ နှုတ်ဆက်တယ်ဆိုတော့ အရင်တုန်းက ကျွန်တော် ဒါမျိုးမခံစားရဘူးလေ။ ကျွန်တော့် ဟာ ကျွန်တော် ကိုယ်တိုင်ခံစားလာရတယ်ဆိုတော့ အဲဒီလို အတွဲခွေတွေ ဆိုရင်းနဲ့မှ ဂန္ထဝင်ဆည်းဆာ တို့ ဘာတို့တွေက ထပ်ပြီးပေါက်တော့ လူတွေ သိလာတယ်လို့ ထင်တယ်။

            အဲဒီအတွဲခွေတွေ၊ အမှတ်တရခွေတွေမှာ အဓိက အမှတ်တရခွေတွေမှာ R ဇာနည်ဆိုတဲ့ သီချင်းတွေက အရမ်းကောင်းတယ်။ လိုက်လည်း လိုက်တယ်။ Style တွေ၊ Mood တွေကလည်း ကောင်းတယ်လို့ ပရိသတ်တွေက ပြောကြတယ်။ အဲဒီလို ရလဒ်ကောင်းတွေရအောင် သီချင်းတွေကို ကိုယ်တိုင် အကောင်းဆုံး ရွေးပြီး ဆိုတာလား။ ထုတ်လုပ်သူက ရွေးပေးတဲ့သီချင်းကိုပဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားတာလား။

            ကျွန်တော်ကတော့ သီချင်းကို ဒါဆိုမှဖြစ်မယ်ဆိုတဲ့ ပုံစံနဲ့တော့ မရွေးဘူးဗျ။ ညှိနှိုင်းတယ်။ များသောအားဖြင့် သူများရွေးပြီး ကျန်မှသာ ကျွန်တော် အဲဒီထဲကနေမှ စဉ်းစားရတာမျိုးတွေ ရှိတယ်။ အဲဒါအခုထိပဲ။ စိုးလွင်လွင်ဆိုလည်း သူ့ သီချင်းတွေ ပြန်ဆိုတဲ့အလျောက် ဒီသီချင်းတွေကတော့ ရွေးပြီးသွားပြီ။ ကြည့်လိုက်ရင် အဲဒီသီချင်းတွေက ကျွန်တော် ကြားဖူးတယ်၊ ကြိုက်ခဲ့ဖူးတယ်ဆိုတဲ့ သီချင်းမျိုးတွေချည်းပဲ။ ပြီးတော့မှသာ ကျွန်တော်က ရွေးရတာ များတယ်။ အဲဒီအထဲကမှ ကျွန်တော် ကောင်းမယ်ထင်တာလေးကို ကျွန်တော့် သူငယ်ချင်းတွေက ဝိုင်းစဉ်းစားပေးတယ်။ ထုတ်လုပ်သူတွေနဲ့ ညှိနှိုင်းပြီး ဆိုတယ်။ ဆိုတဲ့အခါမှာလည်း ကိုယ့်ဟာကိုယ် အကောင်းဆုံးဖြစ်အောင် ဆိုတယ်။ ဘယ်သူ့ထက်သာအောင် ဆိုမယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာ ကျွန်တော့်မှာ မရှိဘူး။ သီချင်းကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကျွန်တော့်ဟန်ပန်နဲ့ ဆိုတယ်။

            ဆိုပြီးခဲ့သမျှ သီချင်းတွေထဲမှာ ကိုယ့်ဟာကိုယ် အားအရဆုံးသီချင်းက ဘယ်သီချင်းဖြစ်မလဲ။

            ကျွန်တော်ကတော့ ဘယ်သီချင်းမဆို ကိုယ့်ဟာကိုယ် ပြန်နားထောင်တဲ့အခါကျတော့ ကိုယ့်အပြစ်ကို ကိုယ်မြင်နေတယ်။ အဲဒါမျိုးကျတော့ ဘယ်ဟာမှ ဒီလောက်ကြီး အားမရဘူးလေ။ အားမရတာဘဲ ကောင်းပါတယ်။ အားမရတော့ အားရတဲ့အဆင့်အထိ ဆိုဖို့စိတ်ကူး ရှိရတာပေါ့။

            နောက်တစ်ခုက လူငယ်တစ်ယောက်အနေနဲ့ပေါ့။ ဖြတ်သန်းခဲ့သမျှမှာ အခုချိန်မှ နောင်တရမိနေတဲ့ အဖြစ်တွေ ရှိခဲ့သလား။

            အဲဒါတွေကတော့ အများကြီးပဲ ကြုံရတယ်။ ကျွန်တော် နောင်တ ခဏခဏ ရတယ်။ ဒါပေမယ့် သိပ်မကြီးမားလို့သာဘဲ။ ဥပမာ- ပစ္စည်းတစ်ခု ဝယ်လိုက်တယ်ဗျာ။ အရမ်းလိုချင်နေတဲ့အချိန်မှာ ဝယ်လိုက်တယ်။ သဘောတစ်ခု ပြောပြတာပါ။ အရမ်းလိုချင်နေတဲ့အချိန်မှာ ဝယ်လိုက်တယ်။ ပြီးတော့မှ အဲဒီပစ္စည်းက ကျွန်တော့်လက်ထဲ ရောက်သွားပြီလည်းဆိုရော ကျွန်တော် မစဉ်းစားမိတဲ့ ဟာရယ်၊ အချိန်ကို ခဏတစ်ဖြုတ် မစောင့်တဲ့ဟာရယ် စတဲ့ အကျိုးက ခံစားရတယ်။ အဲဒီပစ္စည်းက ကိုယ့်လက်ထဲရောက်မှ ပျက်တာတို့၊ ဒီလောက်မတန်တာတို့ အဲဒါမျိုးတွေ။ အဲဒီလို နောင်တမျိုးတွေက အများကြီးပဲ။ ခဏခဏပဲ။

            အဲဒီနောင်တတွေက ရှေ့ဆက်မယ့်ခရီးအတွက် ဘာတွေ ပြောင်းလဲသွားစေခဲ့သလဲ။

            ဖြစ်တယ်။ အမှားတွေက မဖြစ်ဘူးဆို တစ်နေ့ကို တစ်ကြိမ်လောက်တော့ မှားတာပဲ။ တစ်ခုမဟုတ်တစ်ခုကတော့ မှားနေတာပဲ။ အသက်ကြီးလာလေ ကြောက်စိတ် ပိုလာလေပဲ ဖြစ်မှာပဲ။ ကျွန်တော်ထင်တာ အသက်ကြီးလာလေ ဒါဆိုလည်း မှားနိုင်တယ်၊ ဒါဆိုလည်း မှားနိုင်တယ်။ အဲဒီလိုပေါ့။ အကုန်လုံးကို မြင်လာတော့ အားလုံး ဆင်ဆင်ခြင်ခြင် ဖြစ်လာတယ်။ အသက်ကြီး လာတာနဲ့အမျှ ကောင်းဖို့ပဲရှိတယ်။ နောက်ဆုံး သေတော့လည်း ပြီးသွားတာပေါ့နော်။

            ငယ်ရွယ်တဲ့စိတ်နဲ့ ရူးရူးမိုက်မိုက် လုပ်ခဲ့တာမှာ ကောင်းသွားတာတွေရော ကြုံခဲ့ဖူးလား။

            အဲဒါက အဆိုးထဲက အကောင်းဗျ။ သူ့ဟာသူ ပါလာတဲ့ကံကြောင့် ကျွန်တော်ကလည်း ကံကိုတော့ ယုံတယ်ဗျ။ အဲဒီကံကြောင့်ပဲ ဒီလိုဖြစ်သွားတယ်လို့ ထင်တယ်။

            အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ခဲ့တာကကော ရူးရူးမိုက်မိုက် လုပ်ခဲ့တာတွေထဲက တစ်ခုပဲလား။

            အဲဒီရူးရူးမိုက်မိုက် လုပ်ဖြစ်တယ်ဆိုတဲ့ အချိန်တွေကလည်း ကျွန်တော် ငယ်လည်း ငယ်တယ်။ ဒီလိုပဲ သူငယ်ချင်း အပေါင်းအသင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေတယ်။ သိပ်အပူအပင်လည်း မရှိဘူး။ မိဘလက်အောက်မှာနေတဲ့ အခါမျိုးတွေကျတော့ ကိုယ့်အတွက် ကျန်တဲ့လူတွေအများကြီး ဒုက္ခရောက်ရတယ် ဆိုတာ ဒီကိစ္စတွေ ပြီးသွားတဲ့အချိန်မှာ သိတယ်။ ပြီးတော့ကိုယ်လည်းပဲ ကံကောင်းလို့ မသေကောင်း၊ မပျောက်ကောင်းဆိုတဲ့ အဖြစ်မျိုးတွေ တွေးမိတာပေါ့နော်။ ဟာ... ဒါဆိုရင်တော့ အခုလို သန်သန်မာမာကြီး ရပ်တည်နေရတဲ့ဘဝမှာ ကိုယ်ဘယ်လို ဆက်နေရင် ကောင်းမလဲ၊ ကိုယ့်ဟာကိုယ် စဉ်းစားဖြစ်တာပေါ့နော်။ ဒီတော့ ဒီလို ဒီလိုနေရင်တော့ အတတ်နိုင်ဆုံး အမှားနည်းမယ်ပေါ့နော်။ အဲဒီလို နေတာပေါ့။

            သီချင်းဘက် ပြန်ပြောရရင် တစ်ကိုယ်တော်အခွေတွေ ထွက်ပြီး နောက်တစ်ခွေ ထွက်ဖို့ ဘာကြောင့် ကြာနေတာလဲ။

            အဲဒီ တစ်ကိုယ်တော်ခွေက မလုပ်ဖြစ်တာ မဟုတ်ဘူး။ အကုန်လုံးပြီးနေပြီ။ အခုချိန်မှာ ကျွန်တော်ပြောလို့ရတာ အားလုံးပြီးနေပြီ။ အကြောင်းအမျိုးမျိုးကြောင့် တစ်ကိုယ်တော်ခွေကို ကျွန်တော်တစ်ယောက်တည်း လုပ်လို့ မရဘူးဆိုတာကို အစ်ကိုကနေပဲ တစ်ဆင့်ပြောပေးပါ။ အခွေတစ်ခွေဟာ တစ်ယောက်တည်းလုပ်လို့ မပြီးဘူးလေ။ အဲဒီမှာ ထုတ်လုပ်သူ၊ တေးရေးဆရာ၊ ဖြန့်ချိရေးတွေပါမယ်။ အစရှိသဖြင့် အဲဒီလို ကြာတတ်တယ်။ အဲဒါမျိုးက ပုံမှန်ပဲ၊ ဒီ တစ်ခုတည်းကို လုပ်မယ်ဆိုရင်တောင် တစ်နှစ်လောက်တော့ အနည်းဆုံး ကြာတတ်တယ်။ အဲဒီတော့ ဆိုတာ၊ တီးတာလည်း ရှိတာပေါ့။ တစ်ယောက်က အကြောင်းတစ်ခုခုကြောင့် မအားဘူး။ အဲဒီလိုပေါ့။ တစ်ယောက်ယောက်က အဆင်မပြေ ဖြစ်နေရင်လည်း အချိန်ဟသွားတတ်တယ်။ အဲဒါမျိုးတွေ ရှိနေတော့ နည်းနည်းကြာသွားတယ်။ ဒါပေမယ့် အခုတော့ ဒီနှစ်ထဲ သေချာပေါက် ထွက်တော့မှာပါ။ ဒါတောင် သင်္ကြန်က ရှိနေသေးတော့ သင်္ကြန်အရှိန်နဲ့ သွားနေတဲ့ကြားမှာ ကျွန်တော့်တစ်ကိုယ်တော် ထွက်လာဖို့က မဖြစ်ဘူး။ အဲဒီတော့ သင်္ကြန်ပြီးမှပဲထွက်ဖို့ စဉ်းစားထားတယ်။ လက်ထဲတော့ ရောက်နေပြီ။ စာပေစိစစ်ရေးလည်း တင်ထားပြီးပြီ။

            အခု ဒုတိယမြောက် တစ်ကိုယ်တော်အခွေက လုပ်ရင်းနဲ့ ကြာနေတော့ စိတ်ကူးအပြောင်းအလဲ၊ သီချင်း အပြောင်း အလဲတွေကော ဖြစ်သေးလား။

            ဖြစ်ခဲ့သေးလားဆိုတော့ ဖြစ်တယ်။ အဲဒီလို ဖြစ်မယ်မှန်း သိလို့ ကျွန်တော် သီချင်း စလုပ်ကတည်းက များများလုပ်ထားတယ်။ ကျွန်တော် လုပ်ထားတာ ၁၆ ပုဒ်၊ ၁၇ ပုဒ်လောက် ရှိတယ်။ အခုထွက်ဖြစ်မှာက ၁၂ ပုဒ်လောက်ပဲ ထွက်ဖြစ်မှာ။ ဒါတောင်မှ အဲဒါက မသေချာသေးဘူး။ စိစစ်ရေးတွေဘာတွေ ရှိတော့လေ။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး ခွင့်ပြုနိုင်တဲ့ ပုံစံအတိုင်း လုပ်ထားပါတယ်။ ပြုတ်စရာတော့ မရှိပါဘူး။ နောက်တစ်ခုက သူများတွေနဲ့ တိုက်သွားတာတို့၊ ဘာတို့ပေါ့။ ကိုယ်က copy ဆိုတာလည်း ပါတာကိုး။ သူများတွေနဲ့ တိုက်သွားတော့ ထွက်ပြီးသွားပြီ ဆိုရင် ဘယ်လိုလဲ၊ ထွက်ပြီး သွားတဲ့လူက အောင်မြင်သွားလား။ အောင်မြင်သွားတယ် ဆိုရင် ကျွန်တော်တို့က ဖြုတ်ရဦးမယ်။ အဲဒါမျိုးတွေတော့ ရှိတာပေါ့။

            Rock ဂီတကို ကြိုက်တဲ့သူအနေနဲ့ မြန်မာပြည်ရဲ့ Rock ဂီတရေစီးကို ဘယ်လိုမြင်သလဲ။

            အတွဲခွေ၊ ပြန်ဆိုတေး ခေတ်စားနေတာပေါ့နော်။ ကျွန်တော်တို့ မြန်မာပြည်မှာ သူ့ဟာသူပဲ တစ်လှည့်ချင်းစီ လာမှာပါ။ ကမ္ဘာကြီးက လည်နေတာဆိုတော့လေ။ လောလောဆယ် Hit ဖြစ်နေတာတွေလည်း သွားနေမှာပဲ။ သွားတဲ့အခါမှာ ကိုယ်လည်း အပြောခံရ နည်းနည်းနဲ့ လိုက်ပါပြီးတော့ သူတို့ နောက်တစ်ခေတ် ပြောင်းတဲ့အထဲမှာ ကိုယ်မသေသေးဘူးဆိုရင်လည်း အဲဒီမှာ ကိုယ်လည်း ရပ်တည်လို့ရအောင် နေနိုင်ဖို့ပဲ လိုတယ်။ ခေတ်ကတော့ သူ့ဟာသူ တစ်ခုပြီးတစ်ခု ပြောင်းနေတာဆိုတော့။

            ပြန်ဆိုတေးတွေနဲ့ ပတ်သက်ပြီး ရိုးရိုးသားသားလုပ်တာ တွေရှိသလို မရိုးသားတာတွေလည်း ရှိတယ်လို့ ပြောကြတာ ကြားမှာပေါ့။ ပြန်ဆိုတေးတွေ ဆိုဖြစ်နေတဲ့သူအနေနဲ့ ဘာပြောချင်လဲ။

            ကျွန်တော်ကတော့ ပြောကြတဲ့ လူတွေကိုပဲ ပြောရမှာပဲ။ ပြောကြတယ်ဆိုကတည်းက အားနေလို့ပဲ။ တချို့တွေက ကြိုးစားအားထုတ်မှု အပိုင်းမှာ အားနည်းတာတွေ ရှိချင်ရှိမယ်။ အစစ အရာရာပေါ့နော်။

            Rock ဂီတသမား တစ်ယောက်အနေနဲ့ အခု လူငယ်တွေ ကြားမှာ ရေပန်းစားနေတဲ့ Modern Rock တို့ Alternative တို့လို ဂီတတွေအပေါ်မှာ ဘယ်လို သဘောထားရှိသလဲ။

            အခု နိုင်ငံခြားမှာလည်း တီးဝိုင်းတွေ၊ အဆိုတော်တွေ အများကြီး ရှိတယ်ပေါ့နော်။ သူတို့လည်း ခေတ်ရေစီးကို လိုက်ပါပြီး နေရတယ်။ အဓိကကတော့ အပြောင်းလဲကြီး ပြောင်းလဲမသွားဖို့ဘဲ လိုတယ်။ ဒါကို မျက်စိစုံမှိတ်ပြီး ဒီ့ပြင်ဟာကို ခုန်ကူးသွားတဲ့ ပုံစံမျိုးဆိုရင်တော့ ဒါ မကောင်းဘူးပေါ့နော်။ သြိနမည Modern Rock တွေ ဗူ Alternative တွေ ပေါ်လာတဲ့အခါ လူတွေက ဒါကို အားပေးလာတယ်။ နှစ်ခြိုက်လာတယ်။ ကျွန်တော်လည်း အဲဒါတွေကို မှီငြမ်းပြီး လုပ်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လုပ်တဲ့အလုပ်ကိုက အရမ်းကြီး ဟမသွားဘူးဆိုရင် လုပ်ရမှာပဲ။ Modern Rock တို့၊ Alternative တို့ဆိုတာကလည်း Rock ထဲက ဆင်းသက်လာတာလို့ပဲ ယူဆပါတယ်။

            အခုဒီဘက်ပိုင်းမှာ ဂီတနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေက ဖြစ်နေတော့ Own tune နဲ့ Copy ကိစ္စပေါ် သဘော ထားလည်း သိချင်ပါတယ်။

            အကောင်းဆုံးကတော့ Own tune ဆိုတာ အကောင်းဆုံး ပါပဲ။ ဒါပေမယ့်လည်း Copy နဲ့ Own tune ကတော့ ဘာမှ မဆိုင်ဘူး။ Copy ဆိုရင် ပိုတောင် ဆိုးသေးတယ်လို့ ကျွန်တော်တော့ ယူဆတယ်။ ကျွန်တော် Own tune ဆိုရင် ကိုယ်ပိုင်ဟန်ပန်နဲ့ ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် ဆိုချလိုက်တာမျိုး ရှိတယ်။ ပေါ့တယ် ကျွန်တော့်အတွက်။ Copy ဆိုရင် တီးတဲ့ သူကလည်း သူနဲ့ မတူတူအောင် တီးရတယ်။ ကျွန်တော်တို့ရဲ့ပညာ ပိုပြီး ပြလို့ကောင်းတာ Copy ဗျ။ တကယ်တမ်း Copy သီချင်းကို တူအောင်ဆိုထားနိုင်တယ်ဆိုရင် အဲဒီလူကိုမှ လေးစားသင့်ရင်လည်း လေးစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သူများ လုပ်ထားတဲ့ဟာကို လိုက်ပြီး လုပ်ရတာ။ ဒါ ကျွန်တော် အပါအဝင်ပါပဲ။ မလွယ်ဘူး။ လုံးဝကို မလွယ်တာ။ အဲဒီ Own tune ဆိုရင်သာ ကျွန်တော့်အနေနဲ့ တစ်ထိုင်တည်းပဲ ဆိုလိုက်လို့ရတယ်။ Copy ဆိုရင် လေးငါးရက် ကြာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေချာအသေးစိတ် နားထောင်၊ တီးတဲ့လူတွေက တူအောင် တီးထားတယ်ဆိုရင် ဆိုတဲ့ ကိုယ့်အပိုင်း ကလည်း တူအောင် ဆိုဖို့ လိုတယ်။ ဒါကို ဟိုးအရင်က Copy ဆိုတဲ့ လူတွေ သိတယ်။ ပိုပင်ပန်းတယ်။ ပိုအချိန် ပေးရတယ်။ Copy ဆိုတာလေ။

            Own tune ကပဲ ဂီတလမ်းကြောင်းမှာ တင်ကျန်ခဲ့မယ်။ နောက်လူတွေအတွက်လည်း ဆင့်ပွားပြီး လုပ်လို့ရမယ်ဆိုတဲ့ အယူအဆတွေလည်းရှိတော့ R ဇာနည်အနေနဲ့ တစ်ချိန်မှာ Own tune တွေဘက်ကို လှည့်လာနိုင်စရာအကြောင်း ရှိသလား။

            Own tune တွေလည်း ဆိုပါတယ်။ လှည့်ဖို့ ပြုဖို့ရယ်တော့ ကျွန်တော့်မှာ မရှိဘူး။ ကိုယ့်စိတ်ထဲမှာ လုပ်ချင်တာကို လုပ်တာပဲ။ အစကတည်းကလည်း ဒီသီချင်းဆိုမှ ပရိသတ်ကြိုက် လိမ့်မယ်လို့ ရွေးပြီးဆိုခဲ့တာ မရှိဘူး။ ကျွန်တော်ကြိုက်တဲ့ သီချင်းကို ကျွန်တော် ဆိုတယ်။ ပရိသတ်နဲ့ အစပ်အဟပ် တည့်မယ့်ဟာလေးတွေကို ချပြတဲ့သဘောပဲ။ အဓိကက ကျွန်တော်က ပရိသတ်အကြိုက် လိုက်တာ မဟုတ်ဘူးဗျ။ ကျွန်တော့်ဘာသာ ကျွန်တော် သီချင်းဆိုတယ်။ သူများဆီကပစ္စည်းကို ခိုးတာဝှက်တာ မဟုတ်တဲ့အတွက် ကျွန်တော့်အလုပ်ကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်လို့ရတယ်။ ကျွန်တော်က ကောင်းကောင်းမွန်မွန်လေးမို့လို့သာ ပရိသတ်က လက်ခံတာလေ။ ကျွန်တော်သာ ကောင်းကောင်းမွန်မွန်လေး မဟုတ်ဘူးဆိုရင် ပရိသတ်ကလည်း လက်ခံမှာ မဟုတ်ဘူး။ ဘယ်သူကမှလည်း R ဇာနည်ဆိုပြီး သည်းသည်းလှုပ် ဖြစ်နေမှာ မဟုတ်ဘူး။ တကယ်ကျတော့လေ ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားရတာ။ ကိုယ့်ဘာသာ ကြိုးစားလို့ သူတို့က အားပေးတာ။

            အိမ်ထောင်ရေးနဲ့ ပတ်သက်တာ ပြောကြရအောင်ပါ။

            အိမ်ထောင်သက်ကတော့ တစ်နှစ်ကျော်သွားပြီ။

            လူပျိုလူလွတ်ဘဝနဲ့ အိမ်ထောင်သည်ဘဝ သိသိသာသာ ကွဲပြားတာတွေကို တွေ့မိလား။

            လူတစ်ယောက်ရဲ့ဘဝ အစအဆုံးမှာ အလယ်တည့်တည့်က အိမ်ထောင် ပြုခြင်း၊ မပြုခြင်းဘဲ။ အိမ်ထောင်မပြုတဲ့ လူပျိုကြီးတွေ၊ အပျိုကြီးတွေဆိုတာ ဘဝဆိုတာကို တစ်ခုပဲ ခံစားရတာ။ ကျွန်တော် မြှောက်ပေးတာတော့ မဟုတ်ဘူး။ လူက မွေးလာကတည်းက ဒီလိုပဲနေလာတာ။ မိသားစုနဲ့ အဲဒီလိုပေါ့နော် နေတယ်။ သေသွားတဲ့အထိ ဒီမိဘတွေကို စောင့်ရှောက်ပြီးတော့ ဒီပြင်ဟာတွေလည်း ခေါင်းထဲမှာ သိပ်ပြီး Heavy မရှိဘူး။ ပြီးသွားတာမျိုးတွေ ရှိတယ်လေ။ ကျွန်တော်တို့ ကျတော့ ကြားထဲမှာ ဖြတ်ပြီးတော့ ဘဝတစ်ခုကို ထပ်ထွင်လိုက်တာ။ အဲဒီတော့ အလုပ်တွေ ပိုလာတာပေါ့ဗျာ။ ပိုပြီးတော့လည်း ပြည့်စုံမယ်လို့ ထင်တယ်လေ။ ကိုယ့်မျိုးဆက်တွေ ဘာတွေရောပေါ့။ ကိုယ့်မိဘ ကိုလည်း တစ်မျိုး၊ ကိုယ့်ဘဝနဲ့ ကိုယ်လည်း တစ်မျိုး အမျိုးစုံတာပေါ့။

အောင်မြင်နေတဲ့ အနုပညာသမားတစ်ယောက်အနေနဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါ ကိုယ့်ရဲ့ အနုပညာအောင်မြင်မှုကို ထိခိုက်သွားမလားဆိုတဲ့ စိုးရိမ်စိတ် ဝင်မိသေးလား။

မသိဘူး။ အဲဒါတော့ မရှိဘူး။ မဆိုင်ဘူး ထင်ပါတယ်။ ဘာမှလည်း မဖြစ်ဘူး။ ပိုတောင် အောင်မြင်လာသေးတယ်။ (ရယ်လျက်)

ပြီးခဲ့တဲ့နှစ်က City FM ရဲ့ ရေပန်းအစားဆုံးဆုရခဲ့တယ်နော်။ စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ။ ပရိသတ်ကိုရော ဘာပြောချင်လဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အဆိုတော်တွေအတွက် ဒီဆုလေးပဲ သတ်မှတ်ထားတာ ရှိတယ်လေ။ တရားဝင် သတ်မှတ်ထားတာ ဒီဆုပဲ ရှိတယ်။ တစ်နိုင်ငံလုံးနဲ့ ယှဉ်ပြီး ကျွန်တော်တို့ ရတာလေ။ ပျော်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ R ဇာနည် စတိုင်လ်ပေါ့။ ဘယ်လို ဖက်ရှင်တွေကို စိတ်ဝင်စားသလဲ။

            စတိုင်လ်ကတော့ ပေါ့ပေါ့ပါးပါးပဲ။ ဂျင်းဘောင်းဘီ၊ ရှပ်အင်္ကျီနဲ့ တီရှပ်တွေကို ကြိုက်တယ်။

            Light အမှတ်တံဆိပ် အင်္ကျီကြော်ငြာ ရိုက်ထားတာ တွေ့ရတယ်။ စိတ်ကူးက...။

            အင်္ကျီကြော်ငြာဆိုလို့ အဲဒီတစ်ခုပဲ ရိုက်ခဲ့တာလေ။ အင်္ကျီလေးတွေက ကျွန်တော်ဝတ်နေကျ၊ ကျွန်တော်ကြိုက်တဲ့ ပုံစံလေးတွေလည်း ဖြစ်၊ အရည်အသွေးကလည်း ကျွန်တော် ဝတ်နေကျ အဝတ်အစားတွေနဲ့ မကွာလို့ ကြိုက်လည်း ကြိုက်တယ်။ ဒါကြောင့် ရိုက်ဖြစ်တာ။ လူချင်းကလည်း ရင်းနှီးနေလို့လည်း ပါတယ်။ နောက်ထပ် အင်္ကျီကြော်ငြာတော့ မရိုက်တော့ဘူး စဉ်းစားတယ်။

            ကျေးဇူးတင်ပါတယ်။

            ကျေးဇူးပါပဲ။

ညီလေး

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)



Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...