ရွှေအသစ်

အစာအိမ်ကို ဂရုစိုက်တဲ့သင်းကွဲငှက်

မင်းမဟာ၊သထုံ၊

01 February 2025
အစာအိမ်ကို ဂရုစိုက်တဲ့သင်းကွဲငှက်
Share to

၁။       

သူမကို ချစ်စိတ်တစ်ခုတည်းဖြင့်သာ အတိပြီးသော နှလုံးသားသည် ကျွန်တော့် ဘယ်ဘက် ရင်အုံတွင် ညက်ညောစွာ ခုန်လှုပ်လျက်ရှိသည်။ သူမရဲ့ပါးလျလျ ခန္ဓာကိုယ်ထဲမှာရှိသော မာကြော ပြတ်သားသည့် စိတ်ဓာတ်ကို ကျွန်တော် ချစ်သည်။ သူမနှင့် ဆုံတွေ့ခွင့်ရသော ညနေခင်းတိုင်းကို ကျွန်တော် အမြတ်တနိုး သိမ်းထားချင်သည်။ ဂိတ်ပြင်မှကျနေသည့် လေပြည်လေညင်းတို့နှင့်အတူ ကျွန်တော်ဆံပင်ကို လာရောက်တိုးဝှေ့သည်။ စက်ဘီးကို ပုံမှန်နှုန်းဖြင့်စီးလာရင်း ဆုံနေကျ

ချောင်းတံတားလေးကို ရင်ခုန်စွာ လှမ်းကြည့်မိပြန်သည်။ စက်ဘီးမတွေ့ရလျှင် သခင်မကိုလည်း တွေ့ရမှာ မဟုတ်ဟု ပြောဖူးတာကို သတိရသည်။ နေမင်းကြီးကလည်း ဆည်းဆာရောင် အလွမ်းတွေ ဖြန့်ဝေပြီး တဖြည်းဖြည်း ပျောက်ကွယ်စ ပြုနေသည်။ တဂျုံးဂျုံးမြည်နေသော စက်နင်းသံကို ခြံဝမှပင် ကြားနေရသည်။ စေ့ထားသော ခြံတံခါးကို တွန်းဖွင့်ပြီး ကျွန်တော် ခြေသံမပေးဘဲ အိမ်ပေါ် တက်သွားလိုက်သည်။

            အလုပ်ထဲမှာ အာရုံအပြည့် ရှိနေသော သူမသည် ကျွန်တော်ရောက်လာသည်ကို သိဟန်မတူ။ အိမ်နောက်ဖေးဘက်မှ လက်ဖက်ရည်ခွက် ကိုင်၍ထွက်လာသော ဒေါ်ထွေးက ကျွန်တော့်ကို တွေ့ပြီး ဝမ်းသာအားရ နှုတ်ဆက်မည် ပြုသည်။ ကျွန်တော်က ဒေါ်ထွေးကို လက်ကာပြပြီး သူမ အနားသို့ ကပ်၍ ခပ်ကျယ်ကျယ်လေး ခေါ်လိုက်သည်။ 

            'မမ'

            'ရှင် ဒေါ်ထွေး၊ လက်ဖက်ရည် ရပြီလား'

            'ဟုတ်ကဲ့၊ ရပါပြီခင်ဗျာ'

            'ဟာ... ကိုလေး၊ ဘယ်တုန်းက ပြန်ရောက်လဲ ဟင်'

            'ဒီမနက်ကပဲ ပြန်ရောက်တာ၊ ဂိတ်ပြင်ကိုတောင် ရောက်ခဲ့သေးတယ်၊ မမကို မတွေ့လို့ ဒီဘက် လှည့်လာခဲ့တာ'

            'သြော်... ကိုလေး၊ ထိုင်လေ၊ ဟိုနားမှာ ခုံရှိတယ်။ ဒီအထည်က အရမ်းအရေးကြီးနေလို့၊ ဒီည အပြီးချုပ်ရမှာလေ'

            ပညာသားပါပါ နှင်ထုတ်သော စကားမှန်း ကျွန်တော်နားလည်ပါသည်။ တကယ်တော့ သူမလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး စီးပွားရှာနေသော မိန်းမတစ်ယောက်အတွက် သူမရဲ့အလုပ်ဟာ ကျွန်တော့်ထက် ပိုပြီး အရေးကြီးနေမှာတော့ သေချာပါသည်။

၂။

            ဆည်းဆာရောင်က လှပနေသည်။ ကောက်စိုက်သမတစ်စုက အနားမှ ဖြတ်သွားကြသည်။ တံတားလေး အတွင်းမှာလည်း ရေတွေ ပြည့်နေသည်။ မနေ့က သည်းကြီးမည်းကြီး ရွာခဲ့သောမိုးသည် အခုတော့လည်း အရိပ်အယောင် ပျောက်နေပြန်သည်။

            သူမက ခြေထောက်တွေကို ရေထဲချပြီး လှုပ်ကစားလို့နေသည်။ သူမရဲ့ ခေါင်းလျှော်ပြီးစ ဆံနွယ်တွေက လေအနော့မှာ တလွင့်လွင့်ဖြာဝဲနေသည်။ ကျွန်တော်သာ ပန်းချီဆရာတစ်ယောက် ဆိုလျှင် အဲဒီမြင်ကွင်းကို ပန်းချီရေးထားမိမှာ သေချာသည်။

            ကန်ထဲမှာ ပျော်ချင်တိုင်းပျော်နေကြသော ဘဲတစ်အုပ်တစ်မကြီးကို ခမောက်ဆောင်း၍ လုံချည် တိုတိုဝတ်ထားသော လူတစ်ယောက်က တုတ်တစ်ချောင်းဖြင့် အပေါ်သို့ မောင်းတင်နေသည်။

            'ကိုလေး'

            သူမခေါ်တော့ သူမထံ အကြည့်ပြန်လွှဲလိုက်ရသည်။

            'ကျွန်မဘဝကို သိချင်စိတ်ရှိသေးရဲ့လားဟင်'

            'မမက ပြောပြဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ နားထောင်ချင်တာပေါ့'

            သူမက ကျွန်တော့်ပခုံးပေါ် လက်တင်ပြီး နှုတ်ခမ်း တင်းတင်းစေ့ရင်း ငြိမ်သက်နေပြန်သည်။

            'မမ ပြောပြတော့လေ'

            အနည်းငယ် အထွန့်တက်လိုက်မှ သူမက ကျွန်တော့်ကို မော့ကြည့်လာသည်။ ခေါင်းအညိတ်မှာ သူမမျက်ဝန်းမှာ ဝေ့တက်နေသော မျက်ရည်ဥက ကျလုကျခင်။ သူမက ခေါင်းကိုမော့ပြီး မျက်ရည်စကို သိမ်းရင်း တံတွေးတစ်ချက် မျိုချလိုက်သည်။

            ကျွန်တော် ဘယ်လိုမှ မေးလို့မရခဲ့သော သူမရဲ့ပြည်ဖုံးကားချ ဘဝတစ်ခုကို စိတ်လှုပ်ရှားမှု များစွာဖြင့် နားထောင်နေရသည်။

            'အဖေကားတိုက်ခံရပြီး ဆုံးသွားတဲ့အချိန်က ကျွန်မတို့မိသားစု ဘာလျော်ကြေးမှ မရခဲ့ဘူး။ တိုက်သွားတဲ့ ကားကြီးကို သိသိကြီးနဲ့ ကျွန်မတို့မှာ ငွေမရှိတဲ့အတွက် ဘာမှလုပ်လို့ မရခဲ့ဘူးလေ။ အမေလည်း မကြာပါဘူး။ အဖေ့စိတ်နဲ့ ဆုံးသွားခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မဟာ ခြောက်တန်း ကျောင်းသူလေးပေါ့။ ညီမ နှစ်ယောက်ရယ်၊ ကျွန်မရယ်သာရှိတော့တဲ့ မိသားစုတစ်စုရဲ့ ကြီးမားလှတဲ့ တာဝန် ဝတ္တရားတွေဟာ အကြီးဆုံးသမီးဖြစ်တဲ့ ကျွန်မရဲ့ ပခုံးသေးသေးလေးပေါ် ရောက်လာခဲ့တယ်။ တရားသဖြင့် ငွေရှာနိုင်ဖို့အတွက် ကျွန်မဟာ ရေခပ်ရောင်းရင်း၊ ဟင်းရွက်ရောင်းရင်းနဲ့ ရုန်းကန်ခဲ့ရတယ်။ ကျောင်းတုန်းက ဆရာမက ကျွန်မကို ညဘက်မှာ စက်ချုပ်သင်ပေးခဲ့တယ်။ ဆွေမျိုးတွေဆိုတာက ကျွန်မဘဝမှာ ဘေးကရပ်ကြည့်ပေးရုံ သက်သက်ပဲ အသုံးဝင်ခဲ့တာပါ ကိုလေး ရယ်'

            သူမက မျက်နှာကို အပေါ်တစ်ချက်မော့ပြီး မောသွားဟန်ဖြင့် ကျွန်တော့်ပခုံးပေါ် ခေါင်းလာတင်သည်။ သူမမျက်နှာပြင်က ပူခြစ်နေသည်။ မထွက်ကျအောင် ထိန်းသိမ်းလိုက်ရသော မျက်ရည်တို့သည် မျက်နှာပြင်အား ပူခြစ်နေစေသည်ဟု နားလည်လိုက်ရ၏။

            'အငယ်နှစ်ယောက် အေးအေးလူလူ ပညာသင်နိုင်ဖို့အတွက် ကျွန်မရဲ့ ပညာရေး၊ ကျွန်မရဲ့ မျှော်လင့်ချက်၊ ကျွန်မရဲ့ အိပ်မက်တွေအားလုံးကို တံတားခင်းပေးခဲ့ရတယ်။ အဲဒီတံတားပေါ်ကို နင်းလျှောက်ပြီး ပန်းတိုင်ရောက်သွားတော့ သူတို့က ကျွန်မကို ပညာမဲ့ဆိုပြီး လှောင်ပြောင်ကြပြန်ရော။ အဲဒါကို ကျွန်မ စိတ်အနာဆုံးပဲ။ နောက်ဆုံးတော့ ဒဏ်ရာတွေနဲ့ မောဟိုက်ပင်ပန်းနေတဲ့ စိတ်ကို အနားပေးဖို့အတွက် ကျွန်မတစ်ယောက်တည်း အိမ်ငှားနေခဲ့တာလေ။ ကိုလေး စဉ်းစားကြည့်စမ်းပါ၊ ဘွဲ့ရတစ်ယောက်ကိုမှ ပညာတတ်လို့ သတ်မှတ်ရမှာလားဟင်၊ ကျွန်မကတော့ ကိုယ့်ရဲ့ အစာအိမ်ထဲ ဆင်းရဲသားရဲ့ မျက်ရည်စက်တွေကို သွတ်သွင်းနေတဲ့ ပညာတတ်တစ်ယောက်ထက် ရေခပ်ရောင်းပြီး ထမင်းစားတဲ့ ပညာမဲ့တစ်ယောက်ကို ပိုပြီးလေးစားတယ် သိလား'

            သူမရင်က အနိမ့်အမြင့် မညီ လှိုင်းထနေသည်။ အတွေးအခေါ် မြင့်မားလွန်းသော သူမကို စာဖတ်ပျင်းသော ကျွန်တော် လိုက်မမီတာတော့ သေချာပါသည်။

၃။

            'သင်းကွဲငှက် တစ်ကောင်လိုနေတဲ့ မိန်းကလေးနဲ့တော့ သားကိုမေမေ သဘောမတူနိုင်ဘူး'

            မေမေက သူ့ဆန္ဒကို ပြတ်သားစွာ ကြေညာသည်။ ကျွန်တော့် ဘယ်ဘက်လက် သူကြွယ်မှာ ဝတ်ထားသော စိတ်တစ်ပွင့်တည်း မြှုပ်ထားသည့် လက်စွပ်လေးက ကျွန်တော့်ပါးစပ်ကို လာရောက် ပိတ်ဆို့ထားသည်။

            'ဂုဏ်ရည်တူကို ရွေးချယ်တာ သားဘဝအတွက် အကောင်းဆုံးဖြစ်မယ်လို့ ဖေဖေထင်တယ်၊ လှိုင့်ကိုလည်း သားကျေကျေနပ်နပ်ကြီး လက်ခံခဲ့တာပဲဟာ၊ အခုမှ ဘာဖြစ်ရပြန်တာလဲ'

            ဖေဖေနှင့် မေမေရှေ့မှာ ကျွန်တော် ကျောက်ရုပ်တစ်ရုပ်လို ထိုင်နေမိသည်။ ကျွန်တော့် ရင်ထဲမှာတော့ စကားလုံးပေါင်းများစွာ ပေါက်ကွဲအိုင်ထွန်းနေသည်။

            'မမဟာ လေးစားထိုက်တဲ့၊ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်ပါ ဖေဖေ၊ မမကို ကျွန်တော် သိပ်ချစ် တယ်'

            အဲဒီ စကားတွေက လည်ချောင်းဝမှာတင် ပျောက်ကွယ်သွားသည်။

            စစ်အေးတိုက်ပွဲ။ အဲဒီ စကားစုကို အခုအချိန်ထိ ကျွန်တော် အဓိပ္ပာယ်ဖွင့်လို့ မရသေး။ ဆေးရုံမှပေးထားသော ဂျစ်ကားလေးက ဖေဖေရယ်၊ မေမေရယ်၊ အရှုံးသမား ကျွန်တော်ရယ်ကို တင်ဆောင်ပြီး ရန်ကုန်ဘက်သို့ တရိပ်ရိပ်ဦးတည်နေသည်။ ယိုးဒယားမုန့်ပုံးထဲမှ ရေခဲညှပ် ဘီစကွတ်မုန့်တစ်ခုကို ထုတ်ပြီး မေမေက ကျွန်တော့်ကို လှမ်းပေးသည်။

            'ကျွန်မရဲ့ အစာအိမ်က ဆင်းရဲသားတွေရဲ့ မျက်ရည်ကို လက်မခံဘူး ကိုလေး ရဲ့'

            သူမ စကားသံကို နားထဲမှာ ပြန်ကြားယောင်တော့ ပါးစပ်ထဲရောက်နေသော မုန့်က လည်ချောင်းဝမှာ တစ်ဆို့ ပြီး မျိုမကျချင်ပြန်။

            သူမသည် ဘွဲ့ရပညာတတ် တစ်ယောက်မဟုတ်ပေမယ့် ပညာတတ်ဆိုးပေ တစ်ယောက်ထက် ကို ပိုပြီး လေးစားဖို့ကောင်းသည်။ မြို့နယ် ဆရာဝန်ကြီးဖြစ်နေသော ဖေဖေသည်ပင် သူမလို အတွေးအခေါ်မျိုးကို တွေးမိချင်မှ တွေးမိပေလိမ့်မည်။ 

            သူမနှင့် ကျွန်တော် စတွေ့တုန်းက အံ့သြမှုတွေကို လက်ဆောင်ရခဲ့ဖူးသည်။ ဈေးထဲသို့ မေမေနှင့် အဖော်လိုက်သွားမိသော ကျွန်တော်သည် လာဘ်ပေးလာဘ်ယူကို မုန်းတီးလွန်းသော သူမနှင့် အမှတ်မထင် ဆုံစည်းခွင့် ရခဲ့သည်။

            လူတွေ ဝိုင်းအုံနေသည့်နေရာနား ကျွန်တော်ရောက်သွားတော့ မိန်းကလေးတစ်ယောက်ကို ဆိုင်ကယ် တိုက်လိုက်တာဟု ခပ်တိုးတိုး ပြောနေသံကြားရသည်။ အတိုက်ခံရသော မိန်းကလေးရဲ့ တံတောင်ဆစ်မှာ ပွန်းပဲ့သွားသော ဒဏ်ရာကြောင့် သွေးစို့နေ၏။

            'ရှင်က လျော်ကြေးပေးရလောက်အောင် ကျွန်မက ဆင်းရဲမွဲတေနေတာ မဟုတ်ဘူး။ ဒါက မတော်တဆ ဖြစ်သွားတာပဲ။ ကြီးကြီးကျယ်ကျယ် ဒဏ်ရာရတာမှ မဟုတ်တာ၊ လျော်ကြေးပေးစရာ မလိုဘူး၊ ရပါတယ်'

            သူမရဲ့ သြရှရှအသံက ကျွန်တော့်နှလုံးသားကို ညို့ယူသွားတယ်။ ဒါပေမယ့် အဲဒီပွဲကို ကျွန်တော် ပြီးဆုံးအောင် မကြည့်ခဲ့ရပါ။ ထို့ကြောင့် သူမနှင့် ချစ်သူဖြစ်ဖြစ်ချင်း ကျွန်တော် မနေနိုင်မထိုင်နိုင် မေးမိတာက သူမ တို့ဘယ်လိုတွေ ဆက်ဖြစ်သွားကြသလဲဟူ၍တည်း။

            'ဘာပြောကောင်းမလဲ ကိုလေးရဲ့၊ အဲဒီနေ့က ကျွန်မ အပြတ်တွယ်လိုက်တာ။ ကျွန်မက ကျေနပ်နေပြီပဲဟာ၊ ဒါနဲ့များ ဆိုင်ကယ်သမားကို သူက ကျွန်မနဲ့ ပြေလည်အောင် ညှိပေးမယ် ဘာညာနဲ့ ပြောချင်သေးတယ်။ တစ်ခါသေဖူးလို့ ပျဉ်ဖိုးနားလည်သွားတာပေါ့ ကိုလေးရယ်'

            သူမက တံတားလေးပေါ် ခြေတွဲလဲထိုင်ချရင်း ကျွန်တော့်ကို တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောပြခဲ့သည်။

၄။

            ဒီမြို့ကလေးကို စရောက်ကတည်းက ကျွန်တော် အင်မတန် သဘောကျခဲ့သည်။ ဆေးရုံမှ ပေးထားသော ကျွန်တော်တို့နေသည့် တိုက်အိမ်ကြီးပေါ်မှ ကြည့်လျှင် မြို့ကျက်သရေဆောင် မြသပိတ်တောင်ကို နီးကပ်စွာ လှမ်းမြင်ရသည်။ သူမနှင့် အတူသွားခဲ့ရသော မြသပိတ်တောင်ခြေရင်းမှ ဘိုးဘွားရိပ်သာ၊ အထက (၁) အရှေ့မှ မြေနီလမ်းကလေးများ၊ နေမိန္ဒရ ဘုရားစသည် တို့က ကျွန်တော့်အတွက် ဘယ်တော့မှ မေ့သွားမှာ မဟုတ်တဲ့ ပုံပြင်တွေ။

            'မောင်၊ ဗျတ်ဝိဗျတ္တ နတ်နန်းကို လှိုင်သွားချင်တယ်'

            ကျွန်တော် ဆတ်ခနဲ တွန့်သွားသည်။ အဲဒီအနားမှာ သူမအိမ်ရှိသည်လေ။

'နောက်နေ့မှ ညီမတို့နဲ့ သွားကွာ၊ အခု ကိုယ်သွားစရာ ရှိသေးတယ်'

            အသစ်စက်စက် ဇနီးကို အိမ်ရှေ့မှာ ချပေးပြီး ကျွန်တော် စက်ဘီးဖြင့် ပြန်ထွက်လာခဲ့တယ်။ သူမနှင့် မတွေ့ရတာ ဘယ်လောက်များ ကြာပြီလဲ။ ရက်စွဲတွေကိုလည်း ကျွန်တော် မမှတ်မိတော့ပါ။ သူမကို သွားတွေ့၍ နားကြဉ်းချက်ပေါင်းများစွာကို သိုလှောင်ထားရသော သူမရဲ့ နှလုံးသားကို ဒဏ်ရာ အသစ်တွေ ထပ်ဖြည့်မပေးချင်။

            ဖီးဆင့် စက်ဘီး အစိမ်းရောင်ကလေးကို မြင်ကတည်းက ဒီနေရာမှာ သူမ ရှိနေတယ်ဆိုတာကို ကျွန်တော်သိသည်။ သူမကို ခိုးကြည့်ဖို့အတွက် သူမ မမြင်နိုင်သောနေရာမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။ ကျွန်တော်နှင့် ကျောချင်းကပ်လျက်မှာ ထိုင်နေသော အသက် (၁၇) နှစ် အရွယ်လောက်ရှိမည့် ကောင်လေးတစ်ယောက်က ပေါင်ဒါဗူးတစ်ဗူးနှင့် နှုတ်ခမ်းနီ ဆိုးဆေးတစ်တောင့်ကို ဘေးမှာချပြီး နေမင်းကိုပဲ မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူ့ကိုကြည့်ရတာ အသည်းကွဲနေသည်ထင်၏။ ကျွန်တော်လည်း ဒီနေရာမှာ ကျွန်တော့်အသည်းကို ခွဲပစ်ဖို့ ရောက်လာ ခဲ့တာပဲဟု တွေးရင်း ပြုံးမိမလို ဖြစ်သွားသည်။

            ကောင်လေးဆီကို ခဏ အာရုံရောက်သွားသော ကျွန်တော်။ အရှေ့တည့်တည့်မှာ ရပ်လာသော ကတ္တီပါဖိနပ် အညိုလေးစီးထားသည့် ခြေဖမိုးညိုညို တစ်စုံကြောင့် အလန့်တကြား ထရပ်လိုက်မိသည်။

            'မမ'

            'မမ၊ ကျွန်တော်၊ ကျွန်တော်'

            ကျွန်တော် စကားဆက် ပြောလို့မရတော့။ စကား တစ်ခွန်းမှ မပြောသော သူမရဲ့ မျက်ဝန်းတွေက ကျွန်တော့်ကို စကားပေါင်းများစွာ ပြောနေကြသည်။

            'ကျွန်မ အားလုံး သိပြီးပြီ ကိုလေး၊ တကယ့်တော့ ကိုလေးက ကျွန်မကို လက်ထပ်ပါ့မယ်လို့ ကတိပေးထားတာမှ မဟုတ်တာ၊ အဲဒီအတွက် ကျွန်မ ဘယ်လိုမှ မခံစားရဘူး။ ကျွန်မကိုယ်က ကျွန်မကိုယ်တိုင်ကလွဲလို့ အခြားတစ်ယောက်နဲ့ ပတ်သက်လာရင် ဘယ်တော့မှ ကံမကောင်းတတ်တဲ့ သူပါ ကိုလေးရယ်၊ ကျွန်မ သံယောဇဉ်ရှိတဲ့ လူတွေဟာ ကျွန်မအနားမှာ ဒါမှမဟုတ် ကျွန်မက သူတို့အနားမှာ ဘယ်တော့မှ အချိန်အကြာကြီး နေခွင့်မရခဲ့ဘူး'

            မခံစားရဘူးဆိုသော သူမသည် မျက်ရည်စကို သိမ်းဝှက်ဖို့အတွက် သက်ပြင်းရှည်ကြီးတစ်ခုကို လေးလေးသွဲ့သွဲ့ချရင်း ကျွန်တော့်ကို လက်ကမ်းပေးလာသည်။ ကျွန်တော်သိသည်။ ဘယ်တော့မှ နှုတ်မဆက်တတ်သော သူမက ကျွန်တော့်ကို နှုတ်ဆက်ပြီး လှည့်ပြန်ပေတော့မည်။ ကျွန်တော့် အမြင်အာရုံမှာ သူမက ကျွန်တော်လက်ထပ်ခဲ့ရသော လှိုင် ဖြစ်နေပြန်သည်။

            ကျွန်တော် မျက်လုံးနှစ်ဖက်ကို စုံမှိတ်၍ သူမထံ လက်ကမ်းပေးလိုက်သည်။ လက်ကို ဆွဲခါလိုက်သော အရှိန်က ကျွန်တော့်နှလုံးသားကို ဆွဲဖြုတ်ယူလိုက်သလို ခံစားရသည်။

            ကျွန်တော့်ကို အပြစ်တစ်ခုခုတော့ ပေးခဲ့ပါ မမ ရယ်။

            'ဒီမှာ ကိုလေး၊ ဖီးနစ်ငှက်ဆိုတာလေ မီးပုံထဲကို ရဲရဲထိုးဆင်းပြီး မီးညွှန့်ကို စားတယ်။ ပြီးမှ ကောင်းကင်ပေါ်ကို အောင်သံတေးနဲ့ ဟစ်ကြွေးပျံတက်တယ်။ အဲဒီ သတ္တိမျိုးကို ငယ်ငယ်ကလေးထဲက ပိုင်ဆိုင်လာခဲ့ရတဲ့ မမပါ။ မမမောင်ဆိုတဲ့ ဘဝမှာ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးဇာတ်လိုက်ဖြစ် အောင် ကျွန်မ ကြိုးစားနေတယ်တယ် သိလား။ ဟိုတုန်းကလည်း ကြိုးစားခဲ့ဖူးတယ်။ အခုလည်း ကြိုးစား နေဆဲပဲ။ နောင်ကိုလည်း ကြိုးစားနေမယ်။ ကိုလေးနဲ့ ဖူးစာမဆုံခဲ့တဲ့အတွက် ကျွန်မ တစ်ခုတော့ ဝမ်းသာတယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်မရဲ့ အစာအိမ်ဟာ သူတစ်ပါးရဲ့ မျက်ရည်စက်တွေနဲ့ ကင်းနေနိုင်သေးတဲ့ အတွက်လေ၊ ဂွတ်ဒ်ဘိုင် ကိုလေး'

            'မမ'

            ကျွန်တော့်ကို ထားရစ်ပြီး သူမထွက်သွားသည်။ လုံးဝ လှည့်မကြည့်တော့။ ဘေးက ကောင်လေးနှင့် ကျွန်တော် အခုမှ အဖြစ်ချင်း တူသွားသည်။

            သင်းကွဲငှက်ကျေးလို့

            လူတွေတွေးလည်း

            အမြဲမာန်တမ်း

            သွေးသန့်ရှင်းသည်။

            သူမ လက်တန်းစပ်ပြီး ကျွန်တော့်အတွက် လက်ဆောင်ပေးခဲ့ဖူးသော ကဗျာလေးကို ဖွဖွလေး ရွတ်ကြည့်ရင်း ကျွန်တော်မျက်ရည်ဝဲ လာခဲ့သည်။ တကယ်တော့ ယောက္ခမအိမ်မှာ လိုက်နေရသော ကျွန်တော်က သင်းကွဲငှက်လား။ တစ်ကောင်တည်း  အဝေးကိုပျံထွက်ပြီး လောကဓံနှင့် တိုက်ပွဲဆင်နွှဲ နေသော သူမက သင်းကွဲငှက်လား။ ကျွန်တော် သူမကို စေ့စေ့စပ်စပ် မတွေးတတ်သေးပါ။

            သေချာတာတစ်ခုကတော့ ကျွန်တော်သိပ်ချစ်ရသော၊ လေးစားရသော အစာအိမ်ကို ဂရုစိုက်တတ်တဲ့ သင်းကွဲငှက်ကလေး တစ်ကောင်သည် ကျွန်တော့်အနားမှ အောင်သံတေးများဖြင့် ပျံထွက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အရှုံးသမား ကျွန်တော်ကတော့ သူမထံမှ ရလိုက်သော ဗဟုသုတ ပေါင်းများစွာဖြင့် အစာအိမ်ကို ဂရုစိုက်လျက် ဘဝခရီးဆက်ဖို့ အချိန်ကြာကြာ ကြိုးစားရပေ ဦးမည်။

မင်းမဟာ၊သထုံ၊

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...