သုခ
ကုန်ပစ္စည်းများ
ရောင်းဝယ်ရာဌာနကို 'ဈေး'ဟု ခေါ်သည်။ စိန်၊ ရွှေ၊ ငွေ ပြည့်စုံသူတို့
ရောင်းဝယ်ရာဌာနကို 'ဗိုလ်ချုပ်ဈေး'ဟု
ခေါ်သည်။ ပြည်တွင်းဖြစ်၊ နိုင်ငံခြားဖြစ် သစ်အဆန်းဟူသမျှကို ရောင်းသူတို့ကလည်း
ဝတ်ကောင်းစားလှ၊ ဝယ်သူများကလည်း ဝတ်ကောင်းစားလှ၊ အကြည့်အရှု အလည်အပတ်လာသူများပင်
ရှိုးကျကျ။ ထိုနေ့က ရုံးဆင်းချိန်၊ ကျောင်းပိတ်ချိန် စနေနေ့ မွန်းလွဲ ဖြစ်၍
ဗဟိုဈေးရုံကြီးမှာ ပျားပန်းခတ်မျှ ဥဒဟိုသွားလာနေကြသည့် လူစုလူဝေးအကြားမှ
တစ်ယောက်တည်း လာနေသော မိမိလေးကို ကျွန်တော်ကစ၍ တွေ့လိုက်သည်။ သူကတော့
ကျွန်တော့်ကို မြင်ပုံမပေါ်၊ စက္ကူအိတ်ကြီးကို ရင်မှာပိုက်ပြီး စိုက်လိုက်မတ်တတ်
ခေါင်းထဲမှာ အတွေးတွေ တစ်ပုံတခေါင်းကြီးနှင့် ခပ်သုတ်သုတ်၊ ကျွန်တော်က သူ့ကို
တိုးမိမတတ်ဖြစ်အောင် ရင်ဆိုင်လိုက်သည်။
'အမယ်လေး...ကိုကြီး'ဟု လန့်၍ အော်လိုက်သည်။
'ဟဲ...ဟဲ
စောစောကသာ မြင်မိရင် ရှောင်ပြေးပါရဲ့လို့ တွေးနေတယ် မဟုတ်လား'
'မဟုတ်ပါဘူး။
မမျှော်လင့်ဘဲ တွေ့ရလို့ပါ ဟဲဟဲ' လိပ်ပြာမလုံမလဲနှင့်
လိမ်ပြောနေသည်။
'အခု
ဘယ်မှာနေ...နေကြသလဲ။ ကဲ' ကျွန်တော်က မသွယ်မဝိုက်
တိုက်ရိုက်မေးချလိုက်သည်။
'ဟို...ဟို မိလေးတို့အကြောင်း
ကိုကြီးကြားပြီးလို့လား'
'မိတ္ထီလာနဲ့ရန်ကုန် တစ်ဆွေ့ခုန်ရှိတာ
မိလေးရယ်။ ကဲ... တစ်ခုခုသောက်ရအောင်။ ယမုန်နာကို သွားကြမယ်၊ လာ'
'ဟင့်အင်း၊ မိလေး
မသောက်တော့ပါဘူး၊ ကျေးဇူးတင်ပါတယ်'
မိလေးက ငြင်းရမည်လေ။
ကျွန်တော်နှင့်ကြာကြာ မျက်နှာအပူခံ၍ မနေချင်သည့်သဘော။
'မသောက်ပေမည့် လိုက်ခဲ့ပါဦး။
နည်းနည်းပါးပါး စကားစမြည်လည်း ပြောရတာပေါ့'
ကျွန်တော်၏ အာဏာသံတစ်ဝက်၊
ဖိတ်ခေါ်သံတစ်ဝက် စကားကို မိလေး မငြင်းသာတော့။ စားပွဲတစ်လုံးမှာ
ဝင်ထိုင်မိသည့်တိုင်အောင် သူ့အသံက ထွက်မလာ။ ကျွန်တော်ကသာ စကားစရသည်။
'အရွယ်ရောက်ပြီးတဲ့ မိန်းကလေး
အိမ်ထောင်ပြုတာ အဆိုးဆိုစရာ မရှိပါဘူး'
သူက ကျွန်တော့်ကို ကြည့်ပြီး
မျက်လွှာချလိုက်သည်။
'ဒါပေမယ့်
စဉ်းစားချင့်ချိန်နိုင်တဲ့ ခေတ်ပညာတတ်ဖြစ်လျက်နဲ့ ကိုယ့်အစ်ကို သဘောမတူ နိုင်အောင်
လုပ်ခဲ့တာတော့ မကောင်းဘူးထင်တယ်'
မိလေးက ဘာမှပြန်မပြော။ သူလုပ်ချင်တာ
လုပ်ခဲ့ပြီးသည့်နောက်တော့ ပြောသမျှ ခံမည်ဆိုသော မာနကလေးနှင့်။
'အရပ်သားဆိုရင်
ဘယ်သူနဲ့ဖြစ်ဖြစ် ကိုဘမောင်က သဘောမတူ မရှိပါဘူး။ (ထောင်ကျ) တစ်ယောက်ဆိုတော့
ထောင်ပိုင်လုပ်တဲ့လူမှာ သိက္ခာကျတာပေါ့'
မိလေးက ဒီစကားကိုတော့ ဆတ်ဆတ်ခါ
နာသွားပုံရသည်။
'ဒါကတော့ လောကမှာ အသက်တစ်ရာ
မနေရ၊ အမှုတစ်ရာ တွေ့ရဆိုတာမျိုးပါ'
'အဲဒီ အမှုတစ်ရာထဲက
လိမ်လည်မှုနဲ့ကျတာက သူ့ စာရိတ္ထကို ချီးမွမ်းစရာမှ မဟုတ်ဘဲ'
'မဟုတ်ဘဲနဲ့ ခံရတာပါ'
'ဒါက သူပြောတဲ့ စကားမဟုတ်လား။
သက်သေအထောက်အထား မခိုင်လုံရင် ထောင်မချနိုင်ပါဘူး။ သူခိုးက ခိုးတယ်လို့ ဘယ်ပြောမလဲ'
'တကယ်ခိုးတဲ့လူက လွတ်ပြီး တကယ်ရိုးတဲ့လူ
ထောင်ကျနေတာလည်း ရှိချင်ရှိမှာပေါ့'
'အင်း... မိုက်တိမိုက်ကန်း
ဇာတိရုပ်ကလေးတော့ ပြလာပြီ'ဟု ကျွန်တော် တွေးလိုက်မိသည်။
မှန်သည်ထင်လျှင် ကြက်ခေါင်းဆိတ်မခံ၊ ခွန်းတုံ့ပြန်တတ်သော သူ့သဘောကို
ဆွေလိုမျိုးလိုနေခဲ့သူ ဖြစ်၍ သိပါသည်။ သူတို့အမေက အလိုလိုက်လွန်းလို့ဟု ကိုဘမောင်က
ပြောသည်။
'သြော်...မိလေးတို့အမေရဲ့
စိန်နားကပ်ကို ယူခဲ့တယ်ဆို'
'ဟင်...ကိုကိုက
အားလုံးပြောလိုက်တာပါလား။ မေမေ မသေခင်ကတည်းက မိလေးကို အပိုင်ပေးခဲ့တဲ့ဥစ္စာ။
သူ့မိန်းမ ဝတ်ဖို့ မိလေးက ပေးခဲ့ရမှာလား။ မဆိုင်လိုက်တာ'
ကျွန်တော်က နှုတ်ခမ်းတလန် ပန်းတလန်
ပြောလိုက်ပုံကို သဘောကျ၍ ရယ်မိသည်။
'ဟုတ်တယ်။ နေရာတကာ
သူ့မိန်းမသာ အရေးပေးပွဲထုတ်၊ လူတောထဲ ဆွဲသွင်းပြီး မိလေးတော့ မီးဖိုချောင်က
မထွက်ရတာ ကိုကြီးမြင်သား မဟုတ်လား'
ဒါကိုတော့ ကျွန်တော်က
ခေါင်းညိတ်ပြလိုက်ရသည်။ ဒါကြောင့်လည်း ရရာလူကို ဆွဲယူခဲ့ဟန် တူသည်။
'ဘယ်မှာ လက်ထပ်ကြသလဲ'
'ဘယ်မှာမှ လက်မထပ်ဘူး'
'ဟင်...မိလေးတို့ဟာက
ဘယ်လိုလဲ။ တရားရုံး တစ်ခုခုမှာတော့ လက်ထပ်ရမှာပေါ့'
'ဒီအသက် ဒီအရွယ်တွေ
ရောက်လာမှပဲ ကိုကြီးရယ်။ ကိုယ့်စိတ်ကိုယ်နိုင်ရင် ပြီးရောပေါ့။ မိဘလည်း
မရှိတော့တဲ့ဟာ။ တရားသူကြီး တစ်ယောက်ယောက်က ပေးစားမှ ညားရတော့မှာလား'
'ဟဲ့...မိန်းကလေးဆိုတာ
ဆယ်ရေးတစ်ရေး၊ ကိုးရေးတစ်ရေး တရားဝင်အောင်တော့ လုပ်ရမှာပေါ့။ ညည်းဥစ္စာ
မဟုတ်သေးပါဘူး'
ဒီလိုပြောလိုက်တော့ မိလေးက
မခန့်လေးစား ပြုံးပြသည်။ ဒါကလည်း သူ့အိုက်တင်အတိုင်း စကားတွေ ထွေထွေပြားပြား
ရှည်ရှည်လျားလျား သူ့နှုတ်ခမ်းမှ ထွက်မလာသော်လည်း သူ့ဝမ်းထဲမှ စကားလုံးတွေကို
ကျွန်တော်သိပါသည်။ အတိုဆုံးကတော့ လက်ထပ်တယ်ဆိုတာ လူသာ ပဓာန၊ 'ဆန်ဆုံစား
ကံကုန်လျှင်သွား၊ ဆွဲထား၍ မရစကောင်း' ဒါဟာ သူ့အဘိဓမ္မာ
ဖြစ်လိမ့်မည်။ သူမှားလျှင် ဝန်ချတောင်းပန်၍ ကိုယ့်အပြစ် ကိုယ်ခံရဲသော
သတ္တိမျိုးလည်းရှိသည်။
'အခု ဘယ်မှာနေနေကြသလဲ'
သူက ဖြေချင်ပုံမရ။
'ကိုကြီးက လာတွေ့ရအောင်
မေးတာမဟုတ်ပါဘူး။ ကိုဘမောင်ကိုလည်း လက်ထောက် မချပါဘူး'
'ကိုကိုက မိလေးသေတောင်လာမှာ
မဟုတ်ပါဘူး။ သူက သေခန်းဖြတ်လိုက်ပြီဟာ'
မိလေး၏အသံက ဝမ်းနည်းသံနှင့် ဒေါသသံ
ရောထွေးနေသည်။ သူ့နှာဖျားကို လက်ကိုင်ပဝါ ကလေးနှင့် သုတ်လိုက်ပြီး စားပွဲကိုသာ
စိုက်ကြည့်နေသည်။ ဒီတော့လည်း ကရုဏာ သက်မိသည်။
'အေးလေ... ကိုကြီးက
ဆွေမျိုးရင်းချာလို ဖြစ်နေတာ။ မိလေးကို ကူညီဖို့၊ စောင့်ရှောက်ဖို့ တာဝန်ရှိတယ်
မဟုတ်ဘူးလား။ ပြောစမ်း'
'ဟုတ်ပါတယ်။ မိလေးကလည်း
အစ်ကိုကြီး အရင်းအချာလို သဘောထားထားတာ ကိုကြီး သိသားပဲ။ အခုလိုပြောတာ
ကျေးဇူးတင်ပါတယ်။ အားလည်း ကိုးပါတယ်'
ဒီစကားကိုတော့ စိတ်ရောကိုယ်ပါ
ပြောရှာမှန်း သိသာပါသည်။ မျက်ရည်ကလေးများပင် စို့ထွက်လာ၍ လက်ကိုင်ပဝါကလေးနှင့်
တို့လိုက်သည်။ ကျွန်တော့်မှာလည်း တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။
'ရော့... ဒါဖြင့်
ကိုကြီးရဲ့ဖုန်း၊ လူကိုယ်တိုင်လာလာ၊ ဖုန်းဆက်ဆက်'
ကျွန်တော်က ရဲစခန်းနှင့်
အိမ်ဖုန်းနံပါတ်ကို ရေးပေးလိုက်သည်။
'မိလေး သွားတော့မယ်နော်'
'အို အအေးကလေးမှ
မသောက်တော့ဘူးလား'
'အစကတည်းက မိလေး
မသောက်ချင်ပါဘူးလို့ အပြောသားနဲ့။ ဟဲ... ဟဲ သွားမယ်နော် ကိုကြီး'
ကျွန်တော်က ခေါင်းညိတ်လိုက်ရသည်။
သူထွက်သွား၍ တစ်လှမ်းနှစ်လှမ်းရောက်မှ...
'ဘာဖြစ်ဖြစ် ဖုန်းဆက်နော်
မိလေး' ဟု မှာလိုက်မိသေးသည်။ သူက ပြန်၍မှ လှည့်ကြည့်ဖော် မရ။
ခေါင်းကလေးတော့ ညိတ်ပြလိုက်သည်။ ဟူးခနဲ လေပူမှုတ်ပြီး လိမ္မောရည်ကို သောက်လျက် ကျောပေးသွားသော
မိလေးကို ကြည့်နေမိသည်။
တောင်ငူမှာ ကျွန်တော်က ရဲအုပ်။
သူ့အစ်ကို ကိုဘမောင်က ထောင်မှူး။ မိလေးက အသက် ဆယ့်ရှစ်နှစ်ခန့်။ တက္ကသိုလ်ဝင် စာမေးပွဲအောင်ပြီးသော်လည်း
တက္ကသိုလ်သို့ဆက်၍ မတက်ဖြစ်။ မိဘများ ဆုံးသွားပြီးသည့်နောက် ကိုဘမောင်ကိုသာ
အားကိုးစရာရှိသည်။ ကိုဘမောင်မိန်းမ မခင်တင့်က ပိုက်ဆံချမ်းသာသော မိဘဂုဏ်ဖြင့်
မာနကလေး နည်းနည်းရှိသည်။ ရုပ်ကလည်း မိလေးနှင့်စာတော့ အများကြီး သာသည်။ မိလေး၏ရုပ်က
ရွက်ကြမ်းရေကျိုဟု ခံသာအောင် ပြောရမည့် ပုပုဖိုင့်ဖိုင့် ခါးမရှိသော ညိုတိုတို
ဆတ်ဆတ်ကြဲကလေး ဖြစ်သည်။ သူ့အစ်ကို ကိုဘမောင်ကလည်း သူ့ရုပ်မျိုးပင် ဖြစ်သည်။
အလုပ်နှင့် ပညာကြောင့်သာ မခင်တင့်နှင့် အိမ်ထောင်ကျခဲ့ရသည်ဟု ဆိုလျှင် မမှား။
တကယ်တမ်းပြောရလျှင် သမီးယောက်မဟူသည်
သဘောဖြူ အူဆင်းတည့်ကြသည်က အနည်းသား။ ချစ်ခင်ကြင်နာပါသည် ဟူသည့်
မျက်နှာဖုံးနောက်တွင် ဂုဏ်တုဂုဏ်ပြိုင် သဝန်တို မနာလိုစိတ်ကလေးများက
ဗက်တီးရီးယားပိုးများလို အသီးသီး ကိန်းအောင်းနေကြစမြဲ။
နှမဖြစ်သူက တအူထုံဆင်း မောင်ရင်းနှမ၊
မွေးလာကတည်းက ချစ်ခဲ့ကြသည်။ ယခုမှပေါ်သည့် 'ရွှေကြာပင်' က လင်ဂုဏ်မောက်သည်ကို ခံပြင်းသည်။ မယားဖြစ်သူကတော့ 'ခေါင်းက
ဆံပင် ရင်က အသည်း ခွဲပေးနိုင်ကြလို့ ယူကြတာ။ တစ်ရည်းစား တစ်မယားလင်ကို ကြားဝင်တာ
မခံနိုင်ပါဘူး။ ပြောပါများ မယားစကား အောင်ရမှာက ထုံးစံ' ဟု
လက်မထောင်ပြချင်ကြသည်။
မည်သို့ဖြစ်စေ 'မောင်ကောင်းစားလျှင်
နှမ မီးဖိုချောင်' ဆိုတာကိုတော့ ငြင်းလို့မရ။
ညနေတိုင်းလိုလို ကျွန်တော်နှင့် ကိုဘမောင် ဘီယာပုလင်း ထောင်ကြရာကို အားလူကြော်၊
ငါးမုန့်ကြော် လာချပေးသူက မခင်တင့်။ မီးဖိုချောင်ထဲက ရှဲရှဲကြော်ရတာကတော့ မိမိလေး။
ချွေးသံများနှင့် တလုံးလုံး။
ကိုယ့်အိမ်ကိုယ်ရာ
ကိုယ့်လင်ကိုယ့်သားနှင့် အိမ်တစ်ဆောင် မီးတပြောင် အာဏာပိုင် အိမ်ရှင်မ
ဖြစ်လိုကြသည်မှာ မိန်းကလေးတိုင်း၏ မျှော်မှန်းချက်အိပ်မက်များ ဖြစ်ပေလိမ့်မည်။
မြီးကောင်ပေါက် ကလေးမဟုတ်သော မိမိလေးအဖို့ စိတ်ကူးယဉ်တာ ရှိချင်ရှိပေလိမ့်မည်။
သို့သော် လိုတာမရ၊ ရ တာမလို အပျိုကြီး ဖြစ်ခဲ့ရသည်။ အိမ်ထောင်ကျလွယ်ကြသည်မှာ
မိုက်ရူးရဲအရွယ်များသာ ဖြစ်သည်။ စဉ်းစားတတ်သော အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်းဆိုလျှင်
စဉ်းစားလွန်းတာနှင့် ဟိုင်းတတ်သည်။
မိမိလေးခမျာမှာ ယောက်မအိမ်မှာ
မျက်နှာငယ် ခံနေရတာထက် 'လင်'ဟူသော မောင်မင်းကြီးသား တစ်ပါးပါးနှင့်
ရွှေဖူးစာ ဥဏ္ဏလုံ ရေစက်ဆုံချင်ပါသော်လည်း 'စိန်ပါတီရုပ်ရည်
မလှသရှင် ပုဗ္ဗေစကတပုညာပင်'ဟု ညည်း ရမလို ဖြစ်နေရှာသည်။
ကျွန်တော့်မှာ အိမ်ထောင်ကျပြီး၍
သမီးဦးကလေးတစ်ယောက် ထွန်းပေါက်လာပြီကို သိလျက်နှင့် အားကိုးလိုသည့် မျက်လုံးများက
ကစားနေတတ်သည်ကို နလပိန်းတုံး မဟုတ်သော ရဲအမှုထမ်းပီပီ ရိပ်စားနိုင်ပါသေးသည်။
သူတို့မောင်နှမ အိမ်ထောင်နှင့်
ပွန်းပွန်းတီးတီး ခင်ခင်မင်မင် သုံးနှစ်လောက် နေခဲ့ပြီးမှ အမှုထမ်းတို့
ထုံးစံအတိုင်း ကျွန်တော်က ပျဉ်းမနားကို ရာထူးတိုးပြီး ပြောင်းခဲ့ရသည်။ ကိုဘမောင်က
နောက်နှစ်နှစ်ကြာသောအခါ မြင်းခြံသို့ ပြောင်းရသည်။ ကျွန်တော်က တောင်သာဇာတိဖြစ်၍
ခွင့်နှင့် အပြန် မြင်းခြံကို ရောက်အောင်ဝင်ခဲ့သည်။
ကိုဘမောင်နှင့် မခင်တင့်မှာ
သားကလေးတစ်ယောက်ရ၍ ဝမ်းသာနေကြသည်။ နှစ်ခါလည် အရွယ်လောက်ကို အဒေါ်ဖြစ်သူ မိမိလေးက
လက်ထဲမှ မချ။ သူက ပို၍ အလိုလိုက်နေသေး၏။ ဒါသာဖြစ်သည်။ သူ့ပါးစပ်က ပြောနေသည်ကတော့ 'သံယောဇဉ်များ
တယ်ဆိုး၊ မိလေးတော့ ထေရီအပါဒါန်တွေ ဖတ်ဖတ်ပြီး လောကကြီးကို ငြီးငွေ့လာပြီ' ဟူသတည်း။
မကြာပါချေ။ ကိုဘမောင်က မိတ္ထီလာမှာ
ထောင်ပိုင်ဖြစ်ပြီး ကျွန်တော်က ရန်ကုန်မှာ စခန်းမှူး ဖြစ်လာသည်။
တစ်ယောက်နှင့်တစ်ယောက် ဖုန်းနှင့် 'ကွန်ဂရက် ကျူလေးရှင်း'
လုပ်ကြသည့်အခါ 'ခင်ဗျားက ခြေထောက်မှာ
အတောင်တပ်နိုင်တယ်။ ကျုပ်က ထောင်ဗူးဝကြီးအပေါ်မှာ ထောင်ကျနေရတဲ့လူ။ လမ်းကြုံရင်
ဘီယာကလေး မော့ကြဦးစို့ရဲ့'ဟု ဖုန်းနှင့်ခေါ်သည်။
တစ်ယောက် မိသားစုအကြောင်း
တစ်ယောက်မေးကြသည်။ မိမိလေးက ရိပ်သာသွားပြီး တရားထိုင်နေသည်ဟု ကြားရ၍ ကျွန်တော်က
ရယ်လိုက်ရာ ကိုဘမောင်ကပါ ရယ်ပြီး 'အပျိုကြီးများ
ဖြစ်တတ်တဲ့သဘာဝပဲ မဟုတ်လားဗျာ။ လင်မရနိုင်ရင် ကြောင်ကလေး၊ ခွေးကလေးမွေး၊ ကလေးကို
အရူးအမူးချစ်၊ ဒါတွေမှ မလုပ်ရရင် တရားထိုင်ကြရော။ အခုလည်း သူ့ယောက်မကို
စိတ်ကောက်ပြီး သားကို မချစ်ရလို့ သံယောဇဉ်ကို အကုန်ဖြတ်တော့မတဲ့လေ'ဟု သူ့နှမ တဇွတ်ထိုးအကြောင်း သတင်းပို့သည်။
သုံးလလောက် ကြာမြင့်ပြီးသော တစ်နေ့မှာ
မန္တလေးသို့ ရထားဖြင့်သွားဖို့ ကိစ္စတစ်ခု ပေါ်လာသည်။ ထိုကိစ္စက မျှော်လင့်သည်ထက်
လွယ်ကူပြီးစီးသောကြောင့် မိတ္ထီလာ ကိုဘမောင်ထံ ကားကြုံနှင့် လိုက်ခဲ့သည်။
နောက်တစ်နေ့မှ သာစည်သို့ ကိုဘမောင်က လိုက်ပို့၊ ထိုမှ ရန်ကုန်သို့ ရထားဖြင့်
ပြန်မည်။
ကိုဘမောင်နှင့် တွေ့လျှင်တွေ့ချင်း မျက်နှာရိပ်မျက်နှာကဲကို
မြင်ရုံနှင့် တစ်ခုခုဟု သိပါပြီ။ မခင်တင့်က သားကလေးကို ခေါ်၍ အိမ်ရှေ့ဝရန်တာကို
ထွက်သွားသည်။ မိမိလေးကိုတော့ မတွေ့ရ။
'ကဲ...ခင်ဗျားတို့
တစ်ခုခုတော့ ဖြစ်နေကြပြီ မဟုတ်လား'ဟု စမေးလိုက်မှ...
'ဟို ခွေးမပေါ့။ အိမ်မှာ
တောက်တိုမည်ရ ခေါ်ခိုင်းနေတဲ့ 'ထောင်ကျ'နဲ့ လိုက်ပြေးတယ်လေ။ သူ့ကို အခုတွေ့ရင် သတ်မိမလား မသိဘူး'
'ထောင်ကျက လွတ်ရက်မှာ
ခေါ်တာလား'
'ဒါပေါ့။
တစ်နေရာမှာ ချိန်းပြီး သူက လိုက်သွားတာပေါ့'
'ဘာမှုနဲ့ ကျတဲ့ကောင်လဲ'
'လိမ်လည်မှု'
'ရုပ်က ဘယ်လိုလဲ။
အသက်ကကော ငယ်သလား'
'ရုပ်ဖြောင့်တယ်။
သူ့ထက်လည်း သုံးနှစ်လောက် ငယ်တယ်။ လိမ်လည်မှုနဲ့ ကျတဲ့ အကောင်မျိုးဆိုတာ ပါးပါး
နပ်နပ် ဖျတ်ဖျတ်လတ်လတ်။ ခေတ်မီ လူရည်သန့်။ ပညာ မတောက်တခေါက်တတ်ပြီး ကျလောက်အောင်
ပြောတတ်တဲ့ကောင်တွေ မဟုတ်လား။ အရပ်ထဲက ဆိုရင် ခွေးဖြစ်ဖြစ်
သဘောတူနိုင်ပါသေးတယ်ဗျာ။ ထောင်ပိုင့်နှမကို ထောင်ကျက အပိုင်စီးသွားတယ် ဆိုတာက
မျက်နှာကို ဓားနဲ့ လှီးပစ်လိုက်ချင်တယ်'
ကျွန်တော်က အိမ်ရှေ့ပူ
အိမ်နောက် မချမ်းသာ ဆိုသလို ကိုဘမောင်၏ မျက်နှာမှ လွှဲဖယ်နေလိုက်ရသည်။ အပြစ်ဒဏ်မှ
လွတ်ရန် လပိုင်းလောက်သာ လိုတော့သည့် ထောင်ကျများကို ထောင်မှူး၊ ထောင်ပိုင်များက
ရုံးမှာ အိမ်မှာ တောက်တိုမည်ရ စိတ်ချ၍ ခိုင်းတတ်ကြသည်။ သွက်လက် ချက်ချာသော
လူငယ်များကို ခင်မင်တတ်ကြသည်။ တပည့်ရင်းလို ဆုံးမသွန်သင်ဖို့ စေတနာ ထားတတ်ကြသည်။
ကိုဘမောင်က လူရိုး၊ လူအေး၊ ဘီယာသာ ကြိုက်သည်။ ဘုရားနှင့် တရားနှင့်။
'ကြည့်...ပါသွားတဲ့
ငွေနဲ့စိန်နားကပ် ကုန်ရင် သူ့ကို ပစ်သွားလိမ့်မယ်'
'စိန်နားကပ်က သူ့ဟာလား'
'အင်းလေ၊ အမေက မသေခင်
အမွေပေးခဲ့ရှာတာ'
ကျွန်တော်က
စကားပုံတစ်ခုကို သတိရလိုက်မိသည်။ 'အပျိုကြီး လင်မနေ၊
နေမည့်နေတော့ ဘုန်းကြီးလူထွက်'
'နာမည်က ဘယ်သူတဲ့လဲ'
'လှမြင့် (ခေါ်) လှသန်း
(ခေါ်) လှသိန်းပေါ့'
'ဒီကောင်မျိုးက
နာမည်သုံးလေးမျိုး ပိုင်ရှင်တွေပေါ့'
ထိုနေ့ညနေက
ဘီယာမော့ရသည်မှာ ပျော်ပျော်ပါးပါး မဟုတ်နိုင်ကြပါချေ။
စိတ်ဆိုတာ
လက်ဖျစ်တတွက်မှာ ကုဋေတစ်သိန်းတောင် ဖြစ်ပြီး ပျက်သွားသည်ဟု ကြားဖူးသည်။ မိမိလေး၏
အကြောင်းကို ယမုန်နာမှာ လိမ္မောရည်တစ်ပုလင်းမှ အချိန်ကလေး၌ အပြည့်အစုံ
စဉ်းစားလိုက်မိခြင်း ဖြစ်လေရာ စာဖြင့်ရေးချလိုက်တော့ အတော်ကြီး ရှည်လျားနေပါပြီ။
ကျွန်တော့်အလုပ်
ကျွန်တော့်တာဝန်များက မိမိလေး၏ ကိစ္စကို ဦးနှောက်တွင်းမှ အတင်းဖယ်ထုတ် လိုက်ကြသောကြောင့်
ဆက်၍စဉ်းစားနိုင်ခြင်း မရှိပါ။ စကော့ဈေးမှာ သူနှင့် တွေ့ခဲ့ပြီးသည့်နောက်
တစ်လလောက်ကြာသည့်အခါ သူ့အသံကို ဖုန်းထဲမှ ကြားလိုက်ရသည်။
'ကိုကြီး မိလေးပါ'
ကျွန်တော်က
အချိန်ကြာကြာကလေးမှ အံ့သြလိုက်ရသေး။
'ကိုကြီးနဲ့ တွေ့ပါရစေ။
လူရှင်းတဲ့ တစ်နေရာရာပေါ့'ဟု ဆိုလာပါသည်။
'ဒါဖြင့်
ကိုကြီးအိမ်ကို လာခဲ့'
'ဟင့်အင်း
ကိုကြီးမိန်းမနဲ့ မတွေ့ချင်ဘူး'
'သူ မရှိပါဘူး။ သူ့အမေ
နေမကောင်းလို့ သားအမိ နှစ်ယောက်စလုံး ရွာပြန်သွားတယ်'
'ဒါဖြင့် ကောင်းတယ်။
မိလေး တစ်နာရီအတွင်း ရောက်အောင် လာခဲ့မယ်'
'နေပါဦး ဘာဖြစ်လို့လဲ'
'စိတ်မပူပါနဲ့ ကိုကြီး။
ရယ်စရာလေးတွေ ကြားရမှာပေါ့ ဟဲဟဲ။ မိလေး လာခဲ့မယ်'
သူက ဖုန်းကို
ချလိုက်သည့်အချိန်၊ ကျွန်တော့်မှာ ဖုန်းကိုင်လျက်နှင့် အတွေးပေါင်း
သောင်းခြောက်ထောင် ဦးနှောက်ချောင်တော့မတတ် တွေးလိုက်ရပါသေးသည်။ ထို့နောက် အိမ်ကို
ပြန်လာပြီး ဒေါ်စောကြီး ကျွေးသော နံနက်စာ ထမင်းကို စားလိုက်သည်။ စားပြီး၍ လက်ရေမှ
မစစ်သေး မိလေး ရောက်လာသည်။ သူက အိမ်ခန်းတစ်ခုလုံးကို အကဲခတ်လိုက်သည့်အချိန်မှာ
ကျွန်တော်က သူ့ကို အကဲခတ်ရင်း လက်ပတ်နာရီကိုပါ ကြည့်လိုက်မိသည်။ သူပြောသည့်
တစ်နာရီမှ မပြည့်တတ်သေး။
'ကဲ...ဆိုစမ်း'
'မိလေးတော့ ခွေးဖြစ်ပြီ
ကိုကြီး'ဟု ပြောရင်း ဆိုဖာမှာ ထိုင်ချလိုက်သည်။
'အင်း...လှမြင့်နဲ့
ညားကတည်းက ခွေးဖြစ်တာပေါ့။ အခု သူ ပြေးပြီ မဟုတ်လား'
သူက ခပ်ဆတ်ဆတ်
ခေါင်းညိတ်လိုက်သော်လည်း ညှိုးညှိုးငယ်ငယ် မဟုတ်။ ပြုံးစနဲ့နဲ့ လုပ်နေသောကြောင့်
အံ့သြနေမိသည်။ တော်တော် အကဲခတ်ရတာ မလွယ်တဲ့ ကောင်မကလေး။
'စိန်နားကပ်လည်း
ပါသွားပြီ မဟုတ်လား'
'ဟဲဟဲ ကိုကြီးက
စခန်းမှူး ပီသလိုက်တာ'
'ဘယ်တုံးကလဲ'
'စကော့ဈေးမှာ
ကိုကြီးနဲ့ တွေ့ပြီး နောက်တစ်ရက် တနင်္ဂနွေနေ့ပေါ့'
'ဟင် ဘာဖြစ်လို့
ဒီနေ့မှ လာပြောရသလဲ'
'မိလေး ဆုံးဖြတ်ဖို့
အချိန်ရချင်လို့'
'ခွေးမသား လွတ်အောင်
မပြေးနိုင်ပါဘူး'
'မိလေး
အမှုမဖွင့်ချင်ပါဘူး။ နေပါစေ'
'ဟယ် ဘယ်ဖြစ်မလဲ။
နည်းတဲ့တန်ဖိုးလား'
'ဟဲဟဲ ကိုကြီးက
မိလေးကို လင်တရူး ရူးနေပြီ ထင်မှာပေါ့။ ဟုတ်ပါတယ်။ ရူးတော့ ရူးချင်စရာပါ။ ဒီမှာ
သူ့ဓာတ်ပုံ'
မိမိလေးက လေးလက်မ
ဓာတ်ပုံအသစ်ကျပ်ချွတ်လေးကို ပေး၍ ကြည့်လိုက်သည်။ လှမြင့် (ခေါ်)၊ လှသန်း (ခေါ်)၊
လှသိန်း ဆိုသည့် ငနဲကလေးက ငယ်ငယ်ရွယ်ရွယ် သနရုပ္ပ၊ မိမိလေးရုပ်နှင့်တော့
ဆီနှင့်ရေ၊ မိမိလေးက ကုလားထိုင်မှာ ထိုင်၍ သတ္တဝါကလေးက နောက်မှရပ်လျက်
မိမိလေး၏နားမှာ စိန်နားကပ်ကလေးက အထင်းသား။
'ဒီကောင့်မှာ ဇ ရှိတယ်။
ဇဆိုတာ ဗီဇကို ပြောတာ။ ဗီဇဆိုတာ မွေးရာပါ ညာဉ်။ ဒါပေမယ့် မလျင်သေးဘူး။ လျင်တဲ့လူက
လက်စလက်န ကျန်ခဲ့အောင် ဓာတ်ပုံ အရိုက်မခံဘူး'
'ဟဲဟဲဟဲ အဲဒီဓာတ်ပုံတွေပါ
ခြေရာပျောက်ယူသွားတာ။ ဒါက ကိုကြီးကိုပြဖို့ ဓာတ်ပုံဆိုင်က ထပ်ကူးပြီး ယူခဲ့တာ။
ရိုက်တုန်းကတည်းက သူက ရိုက်ချင်တာ မဟုတ်ဘူး။ မိလေးက နားပူနားဆာ လုပ်လို့ ရိုက်တာ။
တရားရုံး တစ်ခုခုမှာ လက်ထပ်ဖို့လည်း သူငြင်းလို့ လက်မထပ်ရတာ'
'သြော်...မိလေး မိလေး။
ငယ်ငယ်ချောချောဆိုတော့လည်း အချစ်မွှန်ပြီး အငမ်းမရ ဖြစ်ရှာမှာပေါ့' ဟု တွေးမိသည်ကို ကျွန်တော့်နှုတ်မှ မထွက်ရက်ပါ။
'အခု မိလေး ဘာလုပ်ချင်သလဲ'ဟု ရင်ထုမနာမေးမိသည်။
'မိလေး အခုလာတာ ကိုကြီးကို
(အပါဒါန်) တစ်ခု ပြောချင်လို့'
'ဘာ...'
ကျွန်တော်က သူပြောသောစကားကို နားမလည်။
'အပါဒါန်ဆိုတာ
ရဟန္တာထေရီကြီးများ ပြောတဲ့ ဝတ္ထုလေ ကိုကြီးရဲ့'
'မိလေး'
'နားထောင်ကြည့်ပါဦးလေ
ကိုကြီး။ အချိန်နည်းနည်းပေးနိုင်မယ် မဟုတ်လား'
'အချိန်ကတော့ ရပါတယ်'
'ရရင် တစ်ဆိတ်လောက် မိလေးပြောတာ
နားထောင်ပါ။ မိလေး စကားဆုံးတော့ ကိုကြီးဆီ လာတဲ့အကြောင်း နားလည်ရောပေါ့နော်'
'ကဲ...ပြော ပြောစမ်းပါဦးဗျာ'ဟု ကျွန်တော်က နေသားတကျဖြစ်အောင် ထိုင်လိုက်ရသည်။
'ရာဇဂြိုဟ်ပြည်မှာ အဇာတသတ်
ဘုရင်လက်ထက် ဘဒ္ဒါအမည်ရှိတဲ့ သူဌေးသမီး တစ်ယောက်ရှိတယ်။ မိဘက ငွေကြေးကြွယ်ဝချမ်းသာပေမည့်
သမီးရဲ့ရုပ်ရည်က မချောမလှရှာတဲ့ အတွက် ဂုဏ်ရည်တန်းတူများက စေ့စပ်ကြောင်းလမ်းခြင်း
မရှိကြပါဘူး။ ဒါကြောင့် အပျိုကြီး မဖြစ်ချင်ဘဲနဲ့ ဖြစ်နေရတယ်။ ဒီနေရာမှာ မိလေးနဲ့
တူနေတယ်'
'ကောင်းကောင်းပြောစမ်းပါ'
'တစ်နေ့တော့ နေပြည်တော်မှာ
ဖောက်ထွင်းခိုးယူနေတဲ့ စောရဝိဇ္ဇာသတ္တုကကကို ဖမ်းမိလို့ ရှင့်ဘုရင့်အမိန့်နဲ့
သတ်ရအောင် သုသာန်ကို ရိုက်နှက်ပြီး ခေါ်သွားကြတယ်။ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့
သူခိုးကြီးမို့ ပြည်သူပြည်သားများ မြင်ရအောင်မြို့ကို လှည့်လည်ပြီး ပြသတဲ့သဘောနဲ့
လမ်းတိုင်း မောင်းထုပြီး ကြေညာတယ်။ အဲသည့်အခါ သူဌေးသမီး ဘဒ္ဒါက သတ္တုကက
ခိုးသူကြီးကို မြင်လျှင်မြင်ချင်း ကရုဏာ ဖြစ်သွားတယ်။ သူခိုး ဆိုပေမည့်
ယောကျ်ားပီသပြီး ခပ်ချောချော။ အခု ကိုလှမြင့်နဲ့ တူပါလိမ့်မယ်'
'အင်း ကျီးအာသီးလို
လူစားမျိုးပေါ့'
'ဟုတ်ပါလိမ့်မယ်။ ဒါပေမည့်
လောကအတွေ့အကြုံ မရှိတဲ့ အိမ်တွင်းပုန်း မိန်းကလေးများက ဗဟုသုတ မရှိဘူး မဟုတ်လား။
ဒါ့အပြင် ဘဒ္ဒါက ထွက်ကြည့်လိုက်တဲ့အချိန်မှာ ဘဒ္ဒါနှင့် မျက်နှာချင်း ဆုံလိုက်မိလို့
'ကျွန်တော့်ကို ကယ်နိုင်လျှင် ကယ်တော်မူပါ'ဆိုတဲ့ မျက်နှာငယ်ကလေးနှင့် အသနားခံတဲ့ (အိုက်တင်) လုပ်ပြချင်လည်း
လုပ်ပြမှာပေါ့လေ'
'ဟုတ်ချင်လည်း ဟုတ်မှာပေါ့။
ဒီတော့ လှမြင့်ကို မိလေးက ချစ်သလိုချစ်သွားရော့လား'
'ဟဲဟဲ ဟုတ်မှာပေါ့။ ဒါနဲ့
ဘဒ္ဒါက သူ့မိဘတွေကို ပူဆာ၊ အမှုထမ်းတွေကို လာဘ်ထိုးပြီး ကယ်ခဲ့တယ်။
အိမ်ရောက်လာတော့ ချစ်ခင်ကြင်နာစွာ လင်အရာထားပြီး ပြုစုခဲ့တယ်။ သို့ပေမည့် သတ္တုကက
ဘဒ္ဒါ၏အချစ်ထက် ဘဒ္ဒါ၏ လက်ဝတ်ရတနာတွေကို လိုချင်နေတယ်။ ဒီတော့ ဘဒ္ဒါကို သူက
ပြောတယ်။ သူ့အသက်ကို ကယ်တဲ့လူတွေ့လျှင် တောင်စောင့်နတ်မင်းကို ပူဇော်ပါ့မယ်လို့
သစ္စာ ဆိုခဲ့ပါတယ်။ ထိုသစ္စာစကားတည်ရအောင် မင်းက လက်ဝတ်ရတနာများ ဝတ်ဆင်ခဲ့၊
တောင်ပေါ်တက်ပြီး တောင်စောင့်နတ်ကို ပူဇော်ကြရမယ်လို့ ခေါ်သွားတယ်။
တောင်ပေါ်ရောက်တော့မှ 'မင်းကိုသတ်ပြီး လက်ဝတ်ရတနာတွေကို
ယူရမယ်'လို့ ပြောတယ်။ ဘဒ္ဒါက သူ့အသက်ကို ချမ်းသာပေးဖို့
တောင်းပန်တယ်။ သတ္တုကက သတ်မှသာ ခြေရာပျောက်ဖြစ်မှာမို့ တောင်းပန်လို့ မရဘူး။
ဒီတော့ မသေခင်ကလေးမှာ ကန်တော့ပါရစေလို့ပြောပြီး သတ္တုကကကို လက်ယာရစ်ပတ်ရာက အလစ်မှာ
တောင်ပေါ်က တွန်းချလိုက်ရတယ်'
'တော်တော် ဉာဏ်ကောင်းပေလို့ပေါ့။
နောက်တော့ သူဌေးသမီး ဘဒ္ဒါ ဘာဖြစ်သလဲ'
'ဘဒ္ဒါ သတို့သမီးဟာ
ယောကျ်ားတွေကို စိတ်နာပြီး ပရဗိုဇ်မ ဖြစ်သွားတယ်။ အရှင် သာရိပုတ္တရာနှင့်
တွေ့တဲ့အခါ မှာ ဗုဒ္ဓ၏ထေရီရဟန္တာမယ် ဖြစ်သွားတယ်'
'ကဲ မရွှေမိ၊ ခင်ဗျား
အခုပြောတာ ကုဏ္ဍလကေသာ ထေရီအကြောင်း ပြောနေတာ'
'ဟုတ်ကဲ့လား'
'ဟုတ်လှပေ့။ ဘဒ္ဒါဆိုတာက
ငယ်နာမည်။ တိတ္တိပရဗိုဇ်မ လုပ်တော့ ဆံပင်ကို ထန်းစေ့နဲ့ ခေါင်းတုံး ပြောင်အောင်
တချောင်းချင်း နုတ်ရတယ်။ နောက် ဆံပင်ပြန်ပေါက်လာတော့ နားတောင်းကလေးတွေလို
အခွေလိုက် အခွေလိုက် ပြန်ပေါက်လာလို့ 'ကုဏ္ဍလကေသာ' အမည် တွင်လာတာ။ လျင်မြန်စွာ မဂ်ဖိုလ် အဘိညာဉ်ဆိုက်ရောက်တဲ့
အရည်အချင်းကြောင့် 'ခိပ္ပါဘိည' ဧတဒဂ်ရတော်မူတယ်'
'ကြည့်စမ်း၊ ကိုကြီးက
သိရင်လည်း သိတယ် မပြောဘူး'
'မိလေး ဘာတွေပြောမလဲလို့
နားထောင်နေတာ။ အခု လူလိမ်လှမြင့်က သတ္တုက ခိုးသူကြီးလို အသက်ရန် မရှာတာ ကံကောင်း'
'သူ ရန်ရှာရင်လည်း သူပဲ ဒုက္ခတွေ့သွားမှာပေါ့'
'ဘာပြောပြော အမေ့အမွေ
စိန်နားကပ်တော့ ပါသွားပြီ ဟဲဟဲ'
မိမိလေးက ပြုံးစနဲ့နဲ့ဖြင့်
လက်ပွေ့အိတ်ကလေးထဲမှ စိန်နားကပ်တစ်ရံကို ထုတ်ပေးသည်။
'ဘယ်လိုလဲ၊ ပါသွားတယ်ဆို'
'အမြတ်တနိုးထားရမည့်
အမေ့ပစ္စည်းတော့ ဘယ်အပါ ခံလောက်အောင် မိုက်ပါ့မလဲ ကိုကြီး။ ဒါကလေးကို ထုခွဲပြီး
ယိုးဒယားကို မှောင်ခိုလုပ်ဖို့ သွားချင်တယ်လို့ နားပူနားဆာ ပြောနေကတည်းက သူ့ကို
မိလေး မယုံနိုင်တော့ဘူး။ ပေးလိုက်ရင် 'ခြေရာလည်းနောက်၊
ရေလည်းနောက်' မိလေးကို ပစ်ပြေးတော့မှာ ရိပ်မိနေပြီ။ မိလေး
မပေးရင် ခိုးပြေးမှာကိုလည်း သိတယ်။ ဒါကြောင့် ဟိုလက ရွှေရည်စိမ် နားကပ်ကို
စကော့ဈေးမှာ လာဝယ်တုန်း ကိုကြီးနဲ့တွေ့တာပေါ့'
'အမယ် မိလေးကလည်း မဆိုးဘူး။
ဘယ်လိုကစပြီး သူ့ကို မသင်္ကာ ဖြစ်လာသလဲ'
'မရှက်မကြောက် ပြောပါရစေ
ကိုကြီးရယ်။ သဒ္ဒါချစ်၊ မာယာချစ်ကို သတိထားရင် ကွဲကွဲပြားပြား သိနိုင်တာပေါ့။
ချစ်စ၊ ခင်စ၊ ကြင်နာစ ကြားကလေသွေးဝေးတယ် ထင်ကြတဲ့ သဘာဝကာလမှာ ရေခြားမြေခြား
သွားချင်လှတယ်ဆိုတဲ့ တစ်နပ်စား စိတ်ဓာတ်ကို အကဲခတ်နိုင်တာပေါ့'
'အတုမှန်း သိရင်
ပြန်လာဦးမှာပေါ့'
'အတုမှန်း မသိလို့
ပြီးပြီးပြတ်ပြတ် ဒီစာကို ရေးသွားတာ မဟုတ်လား'
မိမိလေးက အိတ်ထဲမှ စာကလေးတစ်စောင်
ထုတ်ပြပြန်ပါသည်။ စာက အတိုဆုံး အရှင်းဆုံး။ 'ဒီဘဝ ဒီမျှသာ' ဆိုသည့် အဓိပ္ပာယ်မျိုး။
ကျွန်တော်က မိမိလေးကို
တစ်ချက်ကြည့်ပြီး မှတ်ချက်ချ လိုက်ပါသည်။
'အင်း...မိုက်တော့မိုက်သည်။
သို့သော် စုံလုံးကန်းတော့ မဟုတ်'
မိမိလေးက ကျွန်တော် သဘောပေါက်ပုံကို
ရိပ်မိဟန်တူသည်။
'ကိုကြီး မိလေးကို
အအေးတစ်ခုခုတိုက်ပါ'
'သြော်...အေးအေး၊ ဒေါ်စောရေ
လိမ္မော်ရည်နှစ်ခွက်လောက် လုပ်ပေးပါ'
'စကော့ဈေးမှာ
ကိုကြီးတိုက်တုန်းကတော့ မသောက်ချင်ဘူး ဟဲဟဲ'
'အခု မိလေး ဘယ်လို
ဆုံးဖြတ်ထားသလဲ။ ကိုဘမောင်ကို လာခေါ်လှည့်ပါလို့ ပြောလိုက်ရမလား'
'အမယ်လေး မလုပ်လိုက်ပါနဲ့။
အမေ့စိန်နားကပ်ကလေးသာ ပြန်ပို့ပေးပါ။ ဒါကို အပ်ချင်လို့ ကိုကြီးဆီကို လာတာ။
ဘဒ္ဒါသတို့သမီးဟာ ကိုယ့်အပြစ်နဲ့ကိုယ် မိဘကို မျက်နှာချင်း မဆိုင်ဝံ့တော့ ဘူးလေ။
အခုလည်း ကိုကို့ကို မျက်နှာချင်း မဆိုင်တော့ဘူး။ အထူးသဖြင့် ယောက်မရှေ့မှာ မျက်နှာ
မငုံ့ချင်ဘူး'
'ဒါဖြင့် ဘဒ္ဒါလို
ပရဗိုဇ်ကလေး လုပ်တော့မလား'ဟု ရယ်သွမ်းသွေး၍ ပြောလိုက်မိသည်။
'ဟုတ်ပါတယ်။ ဒေါ်လေး
ဒေါ်သီလဝတီ သီလရှင်ဆီကို တစ်လလုံးလုံး သွားနေပြီး စဉ်းစားဆုံးဖြတ်လိုက်တာပါ'
ပြတ်သားစွာ ပြောနေသဖြင့် အံ့သြနေမိသည်။
ဒေါ်စောက လိမ္မော်ရည်နှစ်ခွက်
လာချပေးသည်။ မိမိလေးက တည်တည်ငြိမ်ငြိမ် လိမ္မော်ရည်ကိုသာ တစ်ကျိုက်ချင်း
သောက်နေသည်။ ကျွန်တော်က သူ့ကို တစေ့တစောင်း ကြည့်ရင်း ဝမ်းနည်းရမှာလား၊
ဝမ်းသာရမှာလား စဉ်းစား၍ မရ။ သတိရတာကဖြင့် မန်လည် ဆရာတော်ကြီး ရေးသားတော်မူခဲ့သည့်
မဃဒေဝလင်္ကာ၊ ပုတ္တောဝါဒခန်းမှ စာတစ်ပိုဒ်။
‘အင်္ဂါခြေလက်၊ ယောကျ်ားလျက်လည်း
မိန်းမထက်သာ၊ ယုတ်မာဆိုးရွား မိုက်လုံးထွားသည်၊ နွားနှင့်ကျားနှင့် အတူတူ တည်း'
▀
သုခိအတ္တာနံပရိဟရန္တု။
သုခ
(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။
ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...
နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။