ရွှေဝတ္ထုရှည် စ/ဆုံး

အရောင်ရှိလည်း အရိပ်မထင်သူ

ဒေါင်းနေမင်း

01 February 2025
အရောင်ရှိလည်း အရိပ်မထင်သူ
Share to

အပြေးတစ်ပိုင်း သုတ်ခြေတင်လာသော ကျွန်တော့ခြေလှမ်းများကို အားမလို အားမရ ဖြစ်မိ၏။ လရောင် ဥပေက္ခာပြုထားသော ကောင်းကင်ယံသို့ အဆုပ်လိုက် အလိပ်လိုက် တိုးတက်သွားသည့် မှောင်မှောင်မည်းမည်း မီးခိုးထုကြီးကို မီးစွယ်မီးတောက်တို့ ရောင်ပြန်ဖြင့် ထင်ရှားစွာ မြင်နေရသည်။ စွဲလောင်မှု အရှိန်အဟုန် ကြီးမားလာလေလေ မတည်ငြိမ်သောစိတ်က ပို၍ဖိစီးလာလေလေပင်။ ရပ်ကွက်အတွင်းမှ သံချောင်းလှန့်သံတွေက သွေးပျက်ဖွယ်ရာ။

‘မီးတောက်တွေက ကိုလွင်ဦးတို့အိမ်နား ရောက်နေပြီ’

စိတ်ထဲမှ မသက်မသာ ရေရွတ်ကာ အမြန်နှုန်းကို ထပ်တင်လိုက်၏။ လမ်းမပေါ်တွင် မီးသတ်ကား အချက်ပေးသံ၊ ကားဟွန်းသံ၊ စက်ဘီးဘရိတ်ညှစ်သံ၊ အော်ဟစ်ဆူညံသံ၊ ပေါက်ကွဲသံတို့က ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြိုကျလွတ်ထွက်လျက်။ ကျွန်တော် ဖြတ်သန်းရာတစ်လျှောက် အနိဋ္ဌာရုံမြင်ကွင်း အပိုင်းအစတို့က ပြန့်ပြန့်ကျဲကျဲနှင့် နောက်တွင် ဖျတ်ခနဲ ဖျတ်ခနဲ ကျန်ရစ်ခဲ့သည်။ အရာရာအားလုံး အချိုးမပြေမှုများနှင့် ဗရုတ်သုတ်ခ နိုင်လွန်းလှပါ၏။

စုံစီနဖာပစ္စည်းများကို မတန်မဆ အပြည့်အသိပ်တင်ကာ ကျဲတောက်တောက် ခွန်အားဖြင့် တွန်းရွှေ့လာသော ဆိုက္ကားဆရာ၏ မာြပတ်ပြတ်လမ်းတောင်းသံမှာ သူ့ခန္ဓာကိုယ်နှင့်တော့ အချိုးမညီလှ။ ကားနောက်ခန်းကိုဖွင့်၊ ပစ္စည်းများကို ဖြစ်သလိုတင်ကာ မောင်းထွက်ဖို့ ကြိုးစားနေသည့် လူဝကြီးနှင့် မိသားစုမှာမူ ဟွန်းကို အဆက်မပြတ်နှိပ်ရင်း လူအုပ်ကြီးအား ရှောင်နေရသည်ကို စိတ်မရှည်ချင်တော့။ သည်ကြားထဲ လျှပ်စစ်မီးတွေက ပြတ်တောက်သွားပြန်သည်။

တီဗီတစ်ခုလုံးကို ထမ်းလာပုံရပြီး လမ်းတစ်ဝက်အရောက် အကူအညီပေးသူ တစ်ဦးအား ကယောင်ကတမ်း ပေးလိုက်ရာမှ မည်သူမည်ဝါမှန်း မသိတော့၍ ‌အော်ဟစ်ရှာဖွေနေသူ တစ်ဦးကတော့ ပျာယာခတ်နေဆဲ။ လူတစ်ယောက် အလေးချိန်ထက် အဆမတန် လေးလံသော ဗီရိုကြီးကို ထမ်းပိုးလာသော မိန်မမှာ စိတ်စွမ်းအင်ကို လုံးဝအားကိုး လိုက်ပုံရသည်။ ယိုင်ထိုးလုမတတ် ဖြစ်နေသည့်တိုင် လွတ်ရာသို့ သွေးရူးသွေးတန်း ချီတက်နေဆဲ။ ဗလုံးဗထွေး ငိုညည်းသံနှင့်အတူ စိုးရိမ်စိတ် လွန်ကဲနေသော မိခင်တစ်ဦးကတော့ လူမမယ် ကလေးသုံးယောက်ကို လွတ်ထွက် မသွားအောင် ကျစ်ကျစ်ပါ ချီပိုးထိန်းကျောင်းရင်း ဘယ်အရပ်သို့ ဦးတည်ရမှန်း မသိ။ ကျွန်တော့်ရှေ့ တည့်တည့်ဆီမှ လေဖြတ်နေပုံရသော အဘွားအိုတစ်ဦးအား ပွေ့ချီပြေးလာသော လူငယ်ကို မြင်လိုက်ရ သည့်အခါ ကိုယ်ရှိန်လျှော့ပြီး ဘေးသို့ယို့ပေးမိ၏။ ခြုံ၍ ဆိုရလျှင် လောင်မြိုက်မှုတိုင်းတွင် ထပ်မံ လောင်မြိုက်ခံနေရသည့် သောကလူသားတို့၏ အခင်းအကျင်းလေးတစ်ခုပင်။ ခံစားနားလည်ပေးခဲ့ရမှု က ရင်ဘတ်နှင့်မဆန့်။

'အစ်ကို...ဘယ်လဲ'

ရှုပ်ထွေးမှုကြားထဲမှ ဘွားခနဲပေါ်လာသော ကောင်လေးတစ်ယောက်။ မရင်းနှီးသော်လည်း အရက်ဆိုင်လိုနေရာမျိုးတွင် မျက်မှန်းတန်းမိနေသူ။ သူက ကျွန်တော့်အကြောင်း တချို့တစ်ဝက်ကို သိနေပုံပေါ်ပါသည်။

'အစ်ကို့မိတ်ဆွေကြီး ကိုလွင်ဦးအိမ်တော့ မီးထဲပါသွားပြီဗျို့'

ပါးစပ်မှ ဟာခနဲ အာမေဋိတ်သံနှင့်အတူ ကျွန်တော့်ရင်ထဲ မျက်ခနဲ ဖြစ်သွားရ၏။ သွားပြီ။ ကျွန်တော့်ဘဝတွင် မီးလောင်ဆုံးရှုံးခြင်း အတွေ့အကြုံရှိခဲ့ဖူးသူမို့ ကိုလွင်ဦး၏ အနာဂတ်ဒုက္ခများစွာကို ဦးနှောက်အသိတွင် အစီအစဉ်မဲ့ တရိပ်ရိပ်ဖြတ်သန်းသွားစေသည်။ ဘာများ တတ်နိုင်ဦးမှာလဲ။ သို့တစေ မတတ်နိုင်ခြင်းများစွာထဲမှ တတ်နိုင်မှု တစ်ခုတလေလောက်ကိုတော့ ကျွန်တော် တတ်စွမ်းသမျှ ကူညီအားပေးချင်ပါသေးသည်။

'အစ်ကို ရှေ့ဆက်သွားလို့လည်း အပိုပဲ။ လမ်းတွေ ပိတ်ထားလိုက်ပြီ။ အငြှိမ်းကောင်းလို့ မီးစွယ် တော်တော်ကျိုးသွားပြီ။ အစ်ကို သူ့ကို ရှာချင်ရင် ပုလဲရပ်ကွက်ဘက်ကိုသွား။ အဲဒီမှာ ရှိလောက်တယ်။ ကိုင်း... အစ်ကိုရေ၊ ကျွန်တော် လစ်ပြီ'

ကောင်လေးက ပြောပြောဆိုဆို လူအုပ်ကြားထဲ ပြေးဝင်ပျောက်ကွယ်သွား၏။ အတ္တ အရွယ်အစားအလိုက် ကိုယ်လွတ်ရုန်းမှု တောင်ပံများတပ်ဆင်ကာ ဦးတည်ရာမဲ့ ပျံသန်းနေကြချိန်တွင် ယခုလို သတင်းပေးဖော်ရသည်ကပင် ကျေးဇူးတင်စရာ ကောင်းနေပါသေးသည်။

ကျွန်တော့်ခြေလှမ်းကို ရုပ်ကာ နောက်ကြောင်းသို့ ပြန်လှည့်လိုက်၏။ တစ်ခုသော လမ်းကြားလေးမှ ဖြတ်လျက် ပုလဲရပ်ကွက်သို့ ဦးတည်လိုက်ပြီး ဝင်းခနဲ ပြက်ခနဲ လက်နှိပ်ဓာတ်မီး အလင်းရောင်များကြား သေသေချာချာ ဂရုစိုက်ရှာဖွေသည်။ ကိုယ်နေထိုင်ရာ ရပ်ကွက်မဟုတ်၍ အသိ အကျွမ်း မည်မည်ရရမရှိ။ သိပ်မကြာ။ မိုက်ရူးရဲဆန်ဆန် အမျက်ဒေါသ ချောင်းချောင်း ထနေသည့်မီးမှာ အရောင်အသမ်းပင် မဝင့်နိုင်တော့ဘဲ လျော့ရိလျော့ရဲဖြင့် ဘဝကူးပြောင်းကာ သေဆုံးသွားရှာလေပြီ။

'ဟူး... တော်ပါသေးရဲ့။ နို့မို့ တစ်ရပ်ကွက်လုံး ပြောင်မှာ'

ကျွန်တော် သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ်လိုက်ပြီး ကိုလွင်ဦးတို့မိသားစုထဲမှ တစ်ယောက် ယောက်နှင့် တွေ့လေမလားဟူသော မျှော်လင့်ချက်ဖြင့် ရှာသည်။ မတွေ့။ ကျဲကျဲဖြန့်ဖြန့် လူတွေက နည်းသည်မဟုတ်။ လွယ်တော့မလွယ်။ ထို့ကြောင့် လူအနည်းငယ်ရှင်းရာ အုတ်ခုံလေးတွင် ဝင်ထိုင်ကာ ဟိုဟိုသည်သည် အကဲခတ်နေလိုက်၏။ ထိုအခါကျ ပြန်တော့လည်း ကိုလွင်ဦးနှင့် ပတ်သက်သမျှသော အရောင်တို့က ကျွန်တော်၏ အဖြူရောင်မြင်လွှာပေါ်တွင် တို့ကာပုတ်ကာ ကောက်ကြောင်းပုံ ဖော်ကာဖြင့် တစ်စတစ်စ ထင်ရှားလာစေပါသည်။

အထူးသဖြင့်...

အရောင်များ၏ အဓိပ္ပာယ်

အရောင်များ၏ နက်ရှိုင်းမှု

အရောင်များ၏ လျှို့ဝှက်ချက်

ကျွန်တော် သူ့ကို စတင်သိကျွမ်းခဲ့ရာ နေရာမှာ သူတို့ရပ်ကွက်လေးအတွင်းရှိ အရက်ဆိုင်လေး တစ်ဆိုင်တွင် ဖြစ်သည်။ သူတို့ရပ်ကွက်ဟုဆို၍ သူနှင့်ကျွန်တော် ရပ်ကွက်ချင်း ခြားရုံတင်မက မြို့နယ်လည်း ခြားပါသည်။ ဘယ်သူက ခွဲတန်းချပေးလိုက်သည်မသိ။ သူတို့ ရပ်ကွက်လေး၏ ကုန်းမြင့် အထက်ပိုင်းတွင် အလွှာတစ်ခု သီးခြားစုနေကြ၏။ ထိုနေရာတွင် ကျွန်တော်နှင့် ခင်မင်နေသော ဗီဒီယို ဒါရိုက်တာလေးနှင့် စာအုပ်ထုတ်ဝေသူတို့၏ အသိုက်မြုံလေးရှိသည်။ အခါအားလျော်စွာ ဇာတ်ညွှန်းရေး ပြီးသည့်အခါ ဖြစ်စေ၊ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီးသည့်အခါ ဖြစ်စေ တစ်ဦးမဟုတ် တစ်ဦးဆီသို့ ကျွန်တော် ရောက်တတ်၏။ ပြောစရာ၊ ဆိုစရာ၊ ရစရာများ ရှင်းလင်းပြီးနောက် ကုန်းမြင့်အောက်ရှိ လူနေသိပ်သည်းရာ အခြေခံ လူတန်းစားများ မွေ့ပျော်ရာ အရပ်မှအရောင်တူ၊ အသွေးတူ၊ ခံစားချက်တူ ပန်းချီဆရာလေးအား ဝင်ခေါ်၍ အရက်ဆိုင်ထိုင်ဖြစ်ကြစမြဲ ဖြစ်သည်။

ပန်းချီဆရာလေးက အမှတ်မထင် သူ့ကို ကျွန်တော်နှင့် စတင်မိတ်ဆက်ပေးတော့ သူ့မျက်နှာ ပေါ်တွင် ကြည်နူးမှု စုဘူးလေး ရိုက်ခွဲလိုက်သလို...

'ဟာ...တကယ် လေးစားတယ်ဗျာ။ ကျုပ်က ခင်ဗျားရဲ့ စာဖတ်ပရိသတ်ပါ'

သူက ဝမ်းသာအဲလဲ လက်ဆွဲနှုတ်ဆက်သည်။ မှန်ရာကို ဝန်ခံရလျှင် ကျွန်တော့်စာများကို တစ်စိုက်မတ်မတ် စောင့်ဖတ်၍ ထိုကဲ့သို့ အူလှိုက်အသည်းလှိုက် မိတ်ဆက်ခြင်းမျိုး တစ်ခါမျှ မကြုံခဲ့ဖူးပါ။ ကျွန်တော် ကိုယ်တိုင်ကလည်း မိမိစာရေးသူဖြစ်ကြောင်း မလိုအပ်ဘဲ ထုတ်ဖော်ဝန်ခံရမှာ အင်မတန် ဝန်လေးသူ ဖြစ်တာလည်း ပါဝင်ပါလိမ့်မည်။

'ခင်ဗျား စဉ်းစားကြည့်ဗျာ။ ကမ္ဘာပေါ်မှာအောင်မြင်တဲ့သူ၊ ထူးချွန်ထက်မြက်တဲ့ သူတိုင်းဟာ စာဖတ်ကြတဲ့သူတွေချည်းပဲဗျ။ စာမဖတ် ဘဲ 'ချွန်'လာ 'မြ'လာတဲ့လူ ဘယ်နှယောက်ရှိလဲ။ ဒီတော့ အဲဒီစာတွေကို ရေးကြတဲ့စာရေးဆရာတွေကိုမှ မလေးစားရင် ကျုပ် ဘယ်သူ့ကို လေးစားရမှာတုံး'

သူပြောတာ ရိုးရိုးရှင်းရှင်းနှင့် သဘောကျစရာ ကောင်းလှပါသည်။ သို့တစေ...

'ခင်ဗျားပြောတာ မှန်ပေမယ့် ကျွန်တော့်ကိုတော့ တကယ့်စာပေပညာရှင်တွေနဲ့ တစ်တန်းထဲ မသတ်မှတ်နဲ့ဗျာ။ ကရော်ကမည်နိုင်လှသေးတဲ့ စာရေးသူ တစ်ယောက်အနေနဲ့ ကြက်သီးထလွန်းလို့'

သူက ဟန်ပါပါလေး ရယ်မောရင်း ခေါင်းကို ခါရမ်းလိုက်သည်။

'ကိုယ့်ကိုယ်ကိုယ်လည်း အဲ့သလောက် မနှိပ်ကွက်ပါနဲ့ စာရေးဆရာရဲ့။ အရည်အချင်းဆိုတာ စာဖတ်သူကသာ ဆုံးဖြတ်တာပါ'

သူနှင့် စကားပြောကြည့်သည့်အခါ စာအုပ်ကောင်း တော်တော်များများကို ဖတ်ပြီးနေကြောင်း အံ့သြဝမ်းသာစွာ သိရှိခဲ့ရလေသည်။ ရင်ဘတ်ချင်းတူသူမို့ ချက်ချင်းခဏတွင်းပင် မိတ်ဟောင်း ဆွေဟောင်း တစ်ယောက်ပမာ ခင်မင်သွားကြသည်မှာ အဆန်းတကြယ်တော့ မဟုတ်လှပါ။ အသား ဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်နှင့် ညင်သာနူးညံ့သော အမူအရာများ သူ့တွင်ပိုင်ဆိုင်ထားပါသည်။ သူ့မျက်နှာမှာ အရက်ကြောင့် အနည်းငယ် ပြည့်ပြည့်အစ်အစ်နိုင်ရုံကလွဲလျှင် လူချောတစ်ယောက်ဟု ခြုံ၍ ပြောလို့ရသည်။ အသက်အရွယ်က လူလတ်ပိုင်း။ ကျွန်တော်နှင့် မတိမ်းမယိမ်း။

'ခင်ဗျား နေ့တိုင်းသောက်လား'

'သောက်တယ်။ သောက်တယ်ဆိုတာက မသောက်ရရင်ကို မနေနိုင်တာ။ ကြိုက်တာလည်း ပါတယ်။ အလွန်အကျွံတော့ မဟုတ်ပါဘူး။ သိပ်မူးသွားရင် အရက်အရသာ မခံစားရတော့ဘူးလေဗျာ။ မနက်ဆို ခပ်စောစောထတယ်။ ဈေးထဲကို အလုပ်ဆင်းရသေးတာကိုး။ ဈေးထဲမှာ အဖေ့ညီမ အငယ်ဆုံး ကုန်စုံဆိုင်ရှိတယ်။ အဲဒီမှာ ဝိုင်းကူရောင်းပေးရတာ။ စာရိတ္တပိုင်းဆိုင်ရာမှာတော့ အဒေါ် ကျုပ်ကို စိတ်ချတယ်။ အလုပ်က မနက်ပိုင်းတစ်ပိုင်းတည်းပါ။ ညနေပိုင်းဆို ကျုပ်ရဲ့ ကိုယ်ပိုင်အချိန်တွေပဲ။ အဲဒီအချိန် စသောက်ပြီး အဒေါ်က ကျုပ်ကို အဖေ့မျက်နှာနဲ့ တစ်နေ့ကို တစ်ထောင်ပေးတယ်။ လေးရာဖိုး ကျုပ်သောက်တယ်။ ခြောက်ရာ အဖေ့ပြန် အပ်တယ်'

'ညီအစ်ကိုမောင်နှမ ဘယ်နှယောက်ရှိလဲ'

'အမေက ဆုံးတာကြာပြီ။ အဖေ ရှိသေးတယ်။ ကျုပ်တို့က ညီအစ်ကိုနှစ်ယောက်။ ကျုပ်က အငယ်။ လူလွတ်။ ဟိုကောင်က အိမ်ထောင်ကျပြီး အတူလာနေတယ်။ ကလေးနှစ်ယောက်နဲ့'

'ခင်ဗျားက ခုထိဘာလို့ အိမ်ထောင်မပြုသေးတာလဲ'

သူ့မျက်နှာပြင်တွင် နာကြည်းကြေကွဲရိပ်များ တစ်ခဏ မျောသမ်းသွားသည်။ သို့သော် ပေါ့ပေါ့ပါးပါး အသွင်ပြုပြင်ယူလိုက်ကာ...

'မှန်ရာကို ပြောရရင် ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတာပေါ့ဗျာ။ ဒါပေမယ့် ကျုပ်ဘဝမှာ တန်ဖိုးအထားဆုံးက အဖေပဲ။ အဖေဟာ ကျုပ်အတွက် အရာရာပေးဆပ်ခဲ့တဲ့ သူရဲကောင်းဗျ။ မရီးတစ်ယောက် အိမ်ပေါ်ရောက်လာတဲ့အချိန်ကစပြီး မိန်းမကို တော်တော်လန့်သွားခဲ့တယ်။ ကျုပ်နဲ့ပတ်သက်တဲ့ မိန်းမကြောင့် အဖေ နောက်ထပ် စိတ်ဆင်းရဲမှာ တွေးပူလာတယ်။ အဖေက အသက်ကြီးပြီ။ အေးအေးချမ်းချမ်း နေသွားစေချင်တယ်ဗျာ။ အဖေမရှိတော့ရင်တော့ တစ်မျိုးပေါ့'

'ခင်ဗျား အရက်သောက်တာကိုရော'

'မကြိုက်ဘူးဗျ။ လုံးလုံးကို မကြိုက်တာ။ သူ့ သားကို သူများတကာ အထင်အမြင်သေးတာကို မခံနိုင်တာ။ ပြောမရလို့သာ လွှတ်ထားရတာ'

နောက်ဆက်တွဲ ဆက်မမေးဖြစ်တော့ပါ။ စာအကြောင်း ပေအကြောင်းဆီသို့သာ ဦးတည် လိုက်ကြပါသည်။ ကိုလွင်ဦး၏ သဘောထားအမြင်များတွင် ပွင့်လင်းမှု၊ ရိုးသားမှုနှင့် စေတနာပါ မှုများကို အထင်းသားတွေ့မြင်နေရ၏။ နောက်ပိုင်း ကျွန်တော် စာမူလာပို့သည့် အခါတိုင်း ကျွန်တော်တို့ သုံးယောက် အမြဲဆုံဖြစ်ကြသည်။ ပြောကြ၊ ဆိုကြ၊ ငြင်းခုန်ကြ၊ သောက်ကြနှင့် မိုးစုန်းစုန်းချုပ်မှ လမ်းခွဲ။ လမ်းခွဲတိုင်းလည်း သူ့အဖေအတွက် စားစရာတစ်ခု မဟုတ် ဝယ်သွားတတ်တာ သတိထားဖြစ်သည်။

'အဖေက အသက်ကြီးပြီဗျ။ တော်တန်ရုံသိပ်ခံတွင်း မတွေ့ချင်တော့ဘူး။ ဘာလေးကျွေးရင် အဆင်ပြေမလဲ စဉ်းစားရတာ အလုပ်တစ်ခု။ လျှာရင်းမြက်မယ့် ဟာမျိုးပေါ့ဗျာ'

အဖေကို သိတတ်သူ တစ်ယောက်မို့ အထင်ကြီးလေးစားမိသည်က အမှန်။ သိပ်မကြာ ပန်းချီဆရာလေး မှော်ဘီသို့ ရွှေ့ပြောင်းသွားသောကြောင့် နောက်ပိုင်းတွင် နှစ်ယောက်သာ ဆုံဖြစ်တော့ ၏။

တစ်ရက်။ တစ်ခုသော ညနေပိုင်းတွင် ကျွန်တော် သူတို့ရပ်ကွက်လေးသို့ ရောက်ဖြစ်၍ အရက်ဆိုင် ထိုင်နေစဉ် သူ ငါးပတ်ကြီးကြီးတစ်ကောင်ကို ဆွဲ၍ ဆိုင်ထဲဝင်လာသည်။

'ဗျို့ စာရေးဆရာ၊ ရောက်နေတာ ကြာပြီလား။ ခင်ဗျားလာတာနဲ့ အတော်ပဲ'

'အခုပဲရောက်တာ။ ဘာကိစ္စရှိလဲ'

'ဒီနေ့ ခပ်သွက်သွက် ချဗျာ။ ပြီးရင် အိမ်လိုက်ခဲ့။ ငါးဒိုင်က မိတ်ဆွေတစ်ယောက် ဟင်းစားပေးလိုက်လို့ ချက်စားရအောင်။ ငါးပတ်ရေချိုချက်ဆို အဖေ အသေကြိုက်တာ။ နောက်ပြီး ကျုပ်အဖေကိုလည်း တွေ့ဖူးရအောင်'

ကျွန်တော့်အတွက် ထွေထွေထူးထူး ငြင်းစရာအကြောင်းမရှိပါ။ တစ်ယောက်တစ်ပိုင်းစီ အရှိန်လေး တင်လိုက်ပြီး သူ့နောက်ကို လိုက်လာခဲ့သည်။ သပ်သပ်ရပ်ရပ် ပျဉ်ထောင် သွပ်မိုးအိမ်လေးတစ်လုံး။ ခြံစည်းရိုးလေး အကျအန ခတ်ထားသည်။ ခြံဝတွင် ဆော့နေကြသော ကလေးနှစ်ယောက်က သူ့ကိုမြင်သည်နှင့် 'လေးလေး ပြန်လာပြီ' ဟု ဆိုကာ အူလှိုက်သည်းလှိုက် ပြေးလာကြ၏။ အိတ်ကပ်အတွင်းမှ မုန့်ဖိုးထုတ်ပေးပြီး 'လမ်းထိပ်က ဆိုင်ကို မသွားနဲ့။ ကားတွေ၊ ဆိုက္ကားတွေ သေသေချာချာကြည့်'ဟု မှာနေပြန်သေးသည်။

'ဒါ ကျုပ်အစ်ကိုရဲ့ သားသမီးတွေ။ သူတို့အချစ်တော်က ကျုပ်ပဲလေ'

သူက ထိုပျဉ်ထောင် အိမ်ပေါ်မတက်။ အိမ်ခြေရင်းရှိ လမ်းကျဉ်းလေးအတိုင်း နောက်ဖေးဘက်သို့ ဆက်သွားသည်။ ဘယ်သွားမလို့ပါလိမ့်။ နောက်ပိုင်းတွင် အိမ်မကြီးကို မှီ၍ ဆောက်ထားသော အဖီအစွယ်လေး တစ်ခု။

'အဖေရေ၊ ဧည့်သည် ပါလာတယ်ဗျ။ ကျုပ် မိတ်ဆွေ စာရေးဆရာ။ ဟေ့လူ အပေါ်တက်ဗျာ'

ကွေးကွေးလေး လှဲနေသော အဖေက ထထိုင်သည်။ အပါးမှ သင်ဖြူးဖျာ အသေးလေးတစ်ချပ် ကမ်းပေး၏။

'ဟာ...နေပါစေ ဦးလေး၊ ရပါတယ်'

ကိုလွင်ဦးက ကျွန်တော့်ကို သူ့အဖေနှင့် မိတ်ဆက်ပေး၏။ သူ့အဖေမှာ အသက်အရွယ်ထက် ပို၍အိုစာနေပုံ ပေါ်သော်လည်း နုစဉ်အချိန်က ဥပဓိရုပ်ကောင်းသူ ဖြစ်ပြီး သိမ်မွေ့နူးညံ့သူတစ်ယောက် အဖြစ် ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ပါ၏။

'ကျုပ် ဒီကောင့်ကို အသက်ကြီးမှမွေးတာ။ ကျုပ်သားဟာ မူးတာကလွဲရင် တခြားဘာမှ ပြောစရာ မရှိအောင်ကောင်းတဲ့ကောင်။ ကျုပ်ကို ဂရုစိုက်တာ ဒီကောင်ပါပဲ။ တစ်ခါတလေ မထင်ရင် မထင်သလို လုပ်တာကို စိတ်ပူတာ။ အချိန်နဲ့ ပြန်မလာရင် ကျုပ်မှာ တစောင့်စောင့်။ အသောက်များပြီး ဘယ်နေရာမှာ မူးလဲနေမလဲ။ ရဲနဲ့တွေ့လို့ ဆွဲသွားပြီလား။ အိုဗျာ...ပူတတ်တာ တော်တော်ဆိုးပါတယ်။ ကလေးတွေလည်း မဟုတ်ကြတော့ပါဘူး။ နည်းနည်းပါးပါး လျှော့ကြဖို့ကောင်းပြီ'

ကိုလွင်ဦး ဟင်းချက်နေခိုက် ကျွန်တော်တို့နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြ၏။ တန်ဖိုးရှိလှပါသည်။ သူ့ အဖေထံမှ လေးနက်သော အတွေးအခေါ်များစွာ၊ ဗဟုသုတများစွာ ရရှိလိုက်သောကြောင့်ပင်။ တစ်ချက်တစ်ချက် အိမ်မကြီးဆီမှ ယောကျ်ားနှင့်မိန်းမစကား ပြောသံတွေ ကြားနေရသည်။ အလုပ်မှ ပြန်ရောက်ပုံပေါ်သည်။ သိပ်မကြာ ယောကျ်ားဖြစ်သူက အိမ်သာသွားသလို နှင့် ကျွန်တော်တို့ စကားပြောတာကို စောင်းငဲ့ကြည့်သွားသည်။ အသားညိုညို၊ တုတ်တုတ်ခိုင်ခိုင်။ မျက်နှာပြင်မှာ ချောမွေ့မှုမရှိ။ သူ့မျက်လုံးတွေက အရာရာကို သင်္ကာမကင်းစွာ စောင့်ကြည့်နေသော ဝံပုလွေမျက်လုံးများလို။

ဟင်းချက်ပြီးသောအခါ ကျွန်တော်တို့အတူတူ ဝိုင်းစားဖြစ်ကြသည်။ လက်ရာကောင်းတာ တွေ့ရ၍ စိတ်ထဲတွင် ကျိတ်၍ ချီးမွမ်းရသေးသည်။ အဖေကို စိတ်ရှည်လက်ရှည် အရိုးနွှင်ပေးနေသော သားတစ်ယောက်၏ ပန်းချီကားမှာ အလှဆုံးများ ဖြစ်နေမလား။ ပြန်ခါနီး သူ့ အဖေကို နှုတ်ဆက်သည့် အခါ...

'ရာသီဥတုက ပူလာပြီ။ ထိန်းထိန်းသိမ်းသိမ်း သောက်ကြပါကွယ်။ အသက်ဉာဏ်စောင့်တဲ့။ ကြားဖူးမှာပေါ့။ တန်ဖိုးရှိတဲ့လူတွေ စောစောစီးစီး ပျက်စီးကုန်မှာစိုးလို့ပါ'

အိမ်ဘေးမှပတ်၍ အိမ်ရှေ့သို့ ထွက်လာခဲ့ကြသည်။ အပေါက်ဝတွင် ကျောပေးလျက် ခါးထောက်ပြီး မားမားကြီးရပ်နေသော စောစောကလူ။ ခြေသံမကြားလို့လား၊ မသိချင်ယောင် ဆောင်နေတာလား ကျွန်တော် မဝေခွဲတတ်။

'အစ်ကိုနဲ့ မိတ်ဆက်ပေးရဦးမယ်'

ထိုအခါမှ ဘေးသို့ ငဲ့စောင်းကြည့်သည်။

'ဟော့ဒါ ငါ့မိတ်ဆွေ စာရေးဆရာ။ သူ့ကလောင် နာမည်က....'

ထိုသူက ပြုံးလည်း မပြုံး၊ မဲ့လည်းမမဲ့ဘဲ မျက်နှာကြီး အင်တင်တင် လုပ်ထားသည်။ နောက်မှ ခေါင်းတစ်ချက်သာ စိတ်မပါသလို ညိတ်ပြ၏။ တော်တော်ရိုင်းတဲ့လူ။ ကိုလွင်ဦး ဒိုင်းခနဲ စိတ်တိုသွားပြီး ကျွန်တော့်လက်ကိုဆွဲကာ လမ်းပေါ်ခေါ်ထုတ်လာခဲ့သည်။

'အားနာလိုက်တာဗျာ။ ကျုပ်ကိုယ်တိုင်က အမှတ်မရှိတဲ့ကောင်ပါ။ ကျုပ်တို့ နှစ်ယောက် ခပ်တန်းတန်းနေလာခဲ့တာ ကြာပြီ။ ညီအစ်ကိုရင်းတွေ ဆိုပေမယ့် ရုပ်ချင်းရော၊ ခံယူချက်ချင်းရော၊ အတွေးခေါ်ချင်းရော တခြားစီ။ ဘယ်လိုပြောမလဲ။ ဒီကောင့်စိတ်က သိပ်ပုံမှန်တာ မဟုတ်ဘူး။ ကောင်း ချင်ကောင်းပြီး ပုပ်ချင်ပုပ်နေတာ။ ဝမ်းတွင်းရူး၊ ဥစ္စာရူး။ ငွေနဲ့ပစ္စည်းနဲ့ ပတ်သက်လာရင် ဘာဆိုဘာမှ ထိလို့ရတာ မဟုတ်ဘူး။ အပေးအကမ်းဆို ဝေးရော။ အမှန်ဆို သူတို့ နေနေတာ အဖေ့အိမ်။ ကျုပ်တို့ ပိုင်တဲ့အိမ်။ သူ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ကျုပ်တို့နဲ့ အတူတူလာနေတာ။ သူက ဆေးလိပ် မသောက်၊ ကွမ်းမစား၊ အသောက်အစား လုံးလုံးမရှိဘူး။ ရသမျှလစာကို ချစ်တီးစု စုတဲ့ကောင်။ ကုက္ကုစ္စ သမား။

မိန်းမ အိမ်ပေါ်တင်လာပြီးတဲ့နောက်ပိုင်း သူက ကျုပ် အရက်သောက်တာ မကြိုက်ဘူး ဖြစ်လာရော။ တစ်သက်လုံး သောက်လာခဲ့တဲ့ကောင်ကိုး။ အကြောင်းပြတာက သူ့ ရုံးက လာတဲ့လူတွေရှေ့၊ သူ့ယောက္ခမဘက်က လာလည်တဲ့ ဆွေမျိုးတွေရှေ့ ကျုပ်မူးလာတဲ့အခါ ရူးကြောင် မူးကြောင်နဲ့ ဘာတွေပြောလို့ ပြောမှန်းမသိတာကို ရှက်လို့တဲ့။ အနှောင့်အယှက် ဖြစ်လို့တဲ့။ သိက္ခာကျလို့တဲ့။ အဲ့ဒါ ကျုပ်နဲ့တကျက်ကျက် စကားများတယ်။ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်တော့ဘူး။ ရိုက်မောင်း ပုတ်မောင်းထိ။ ဖြစ်ပုံများ ပြောပါတယ်ဗျာ။ နောက်ဆုံးတော့ အဖေက ကိုင်း... မင်း ဒီလောက်တောင်ဖြစ်နေရင် သိက္ခာတွေ ထပ်တလဲလဲ ကျနေရင် ဒီအိမ်မှာ စိတ်ချမ်းချမ်း သာသာနေ၊ ငါတို့ သားအဖနှစ်ယောက် နောက်ဖေးမှာ နေမယ်ဆိုပြီး အခုလို အဖီလေး ဆွဲနေခဲ့တာပဲ'

'ဖြစ်မှဖြစ်ရလေဗျာ'

'အဲ့ဒါကြောင့် ပြောတာပေါ့။ တော်တော်စိတ်ဓာတ် ညံ့ဖျင်းတဲ့ကောင်ပါလို့။ အခု နောက်ပိုင်း အဖေ့ကို တစ်ချက်လေးမှ လှည့်မကြည့်တော့ဘူး။ မိန်းမသြဇာကလည်း ညောင်းမှညောင်းဗျာ။ ကျုပ်စိတ်ထဲမှာတော့ ပြီးခဲ့တာတွေကို ဘာမှအတေးအမှတ် မရှိခဲ့တာ တကယ်ပါ။ တစ်ခါတစ်ခါ မေ့ကို မေ့သွားတာ။ ကျုပ်တူတွေမှာသာ သူ့အဖေလိုစိတ်ဓာတ် မဖြစ်လာပါစေနဲ့ ဆုတောင်းရတော့မှာပဲ'

ထိုမျှလောက်နှင့်ပင် ထိုလူ၏ အကျင့်စရိုက်ကို ပုံဖော်ရလိုက်ပါပြီ။ ကိုလွင်ဦးတို့ သားအဖကိုဖြင့် အထင်မကြီး၍ မရနိုင်တော့ပါ။ နောက်ပိုင်း သူတို့အိမ်လေးသို့ သုံးလေးခေါက်ထက်မနည်း ထပ်ရောက် ဖြစ်သည်။ ရိုသေလေးစားမှုဖြင့် အရက်သောက်မသွား။ ကောင်းနိုးရာရာလေးများကို ရွေးဝယ် သွားသည့်အခါ 'နောက်ကို ဝယ်မလာခဲ့ပါနဲ့။ စားနိုင်တာလည်း မဟုတ်ဘူး။ ပိုက်ဆံကုန်ပါတယ်'ဟု ဆိုကာ အားနာစကား ဆိုနေပြန်ပါသေးသည်။

ထိုသို့ ရောက်တိုင်း ကိုလွင်ဦး၏ အစ်ကို ကိုတင်ဦးဆိုသူနှင့် ဆုံရပြန်ပါသေးသည်။ ဘာသိဘာသာနေမည်ဟု ဆုံးဖြတ်ထားသော်လည်း မရှောင်သာသည့် အခါများတွင် ခေါင်းလေးဆတ်ရုံ၊ အသိအမှတ်ပြုရုံကလွဲလျှင် ဘာမျှမပိုခဲ့။ ပစိပစပ်များသော မိန်းမကြီးတစ်ယောက်လို ဘာမဟုတ်တာ လေးကိုပင် ရှည်ရှည်ဝေးဝေး ချဲ့ကားပြောဆိုတတ်တာ ကိုတင်ဦး၏ ညာဉ်များ ဖြစ်နေမလားမသိ။ အိမ်မကြီးဆီမှ သူ့အသံတွေကို မကြားချင်ဘဲ ကြားနေရသည် မဟုတ်လား။ သူ့အဖေအနေဖြင့် သားကြီးအကြောင်းကို ကျွန်တော့်လို သူစိမ်းရှေ့ တစ်လုံးတစ်ပါဒမျှ ဖွင့်ဟအပြစ်မတင်ခြင်းမှာ လေးစားစရာ ကောင်းနေပြန်ပါသည်။

ဤသို့ဖြင့် ကျွန်တော် နယ်သို့ ခရီးထွက်စရာ ကြုံလာခဲ့သည်။ နှစ်လခန့်ကြာ သွား၏။ ပြန်ရောက်ရောက်ချင်း ကိုလွင်ဦးကို တွေ့ချင်သဖြင့် သူတို့ရပ်ကွက်လေးဆီ ကားစီးလာခဲ့သည်။ မိုးချုပ်နေလေပြီ။ ထိုင်နေကျ အရက်ဆိုင်အရောက် ရင်းနှီးနေသော ဆိုင်ရှင်က 'ခင်ဗျား သိပြီးပြီလား'ဟု ကောက်ကာငင်ကာ မေးသည်။ ထိုအမေးကြောင့် ကျွန်တော့်ရင်ထဲ ထိတ်သွား၏။

'ဒီနေ့ညနေခင်းပဲ ကိုလွင်ဦးအဖေ ဆုံးသွားပြီ'

'ဟာဗျာ၊ ဖြစ်မှဖြစ်ရလေ။ ဘာဖြစ်တာလဲ'

'အခုရက်ပိုင်း နေက အရမ်းပူတာ။ အသက်ကြီးလာတော့ အဲ့ဒီဒဏ်မခံနိုင် ဖြစ်ပြီး မောကျပ် လာရာက အသက်ပါ ပါသွားတာ။ ဘယ်လောက်မှ မကြာလိုက်ဘူး'

ကျွန်တော့်ရင်ထဲ ထိထိခိုက်ခိုက် ခံစားလိုက်ရပါသည်။ ပြုံးယဲ့ယဲ့လေးဖြင့် သိမ်သိမ်မွေ့မွေ့ ပြောဆိုတတ်သော သူ့အဖေ၏ ရုပ်ပုံလွှာက မျက်စိထဲမှ မထွက်။ နေလို့ မဖြစ်တော့။ အသုဘအိမ် သတင်းမေးရမည်။ ကိုလွင်ဦးတစ်ယောက် အဖေချစ်သူမို့ ဘယ်လောက်များ ထိခိုက်ကြေကွဲနေမလဲ။ မတွေးတတ်နိုင်။ ကျွန်တော် လိုက်သွားမည့်ဟန် ပြင်လိုက်စဉ် စီခနဲ ညံခနဲ ပွင့်ထွက်လာသော အသံဗလံများကြောင့် ခေါင်းနားပန်း ကြီးသွားရ၏။

'မီး...မီး... မီးလောင်နေတယ်။ မီးလောင်နေတယ်'

ဆိုင်ပြင်သို့ ကတိုက်ကရိုက် ထွက်ကြည့်သည့်အခါ ကိုလွင်ဦးတို့နေထိုင်ရာ အစိတ်အပိုင်း လောက်တွင် ရဲခနဲ ထိုးတက်လာသော မီးတောက်ကြီးတစ်ခုကို လှမ်းမြင်လိုက်ရသည်။

'ဟာ...သွားပြီ'

ကျွန်တော့်မှာ ဖျတ်ခနဲ ဖျတ်ခနဲ ခုန်ကူးနေသော အတွေးတို့ကို သတိတစ်ချက် ကပ်ကာ ရုပ်သိမ်းလိုက်ရ၏။ ပတ်ဝန်းကျင် အနေအထားက အပြောင်းအလဲ မရှိသေး။ အသွားအလာ မပျက်သေး။ သောကပေါင်းများစွာ ပါဝင်သော Live Show တင်ဆက်မှုလေး အဆုံးမသတ်သေး။ ကျွန်တော် ဟိုဟိုသည်သည် အကဲခတ်လိုက်သည်။ ဟော ... ဟိုမှာ ကိုတင်ဦး။ ကိုလွင်ဦးအစ်ကို။  မြင်မြင်ချင်း အားတက်သွားသည်။ သို့သော် ထိုလူ့မျက်နှာပြင်ပေါ်မှ မာထန်မှုများနှင့် ဒေါသ အရိပ်အငွေ့တို့က နှုတ်ဆက်လိုက်မည့် ကျွန်တော့်ပါးစပ်ကို ဆွံ့အသွားစေခဲ့ပါသည်။ သူ့အခြေအနေက သိပ်မကောင်း။ သူ ကျွန်တော့်ကို မြင်သွားသည်။ အသိအမှတ် မပြုချင်သည့် အနေအထား။ သို့သော် အနားသို့အရောက် ...

'ဟေ့လူ...လွင်ဦးကို တွေ့မိသေးလား'

'ကျွန်တော်လည်း သူ့ကို ရှာနေတာ'

ထိုလူ၏ အပြောအဆို လေယူလေသိမ်း အနိမ့်အမြင့်ကို ဘဝင်မကျမိပါ။ တင်စီးလွန်း အားကြီးနေသည်။ အစေအပါးတစ်ဦးကို မေးမြန်းစူးစမ်းနေသလို။ သူက ဟိုဟိုသည်သည်ကြည့်ရင်း 'တောက်'တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်သည်။ ပါးစပ်မှ ဆဲရေးတိုင်းထွာမှုများနှင့်အတူ မောကြီးပန်းကြီး အသက်ရှူနှုန်းတွေက မြန်ဆန်လွန်းနေသည်။

ထိုအခိုက် စောစောက ဆုံခဲ့သည့် ကောင်လေး ကျွန်တော့်ကို မြင်သွား၍လား မပြောတတ်။ အနားရောက် လာကာ...

'ကိုလွင်ဦးကို အမေ ငြိမ်းဆိုင်မှာ တွေ့ခဲ့တယ် အစ်ကို'

'ဟာ...ဒီလူကတော့ ဒီလိုအချိန်ကြီးမှာတောင် လုပ်နေပြန်ပြီ'

'သူ့ကြည့်ရတာ တော်တော်ကြေကွဲ ပင်ပန်းနေသလိုပဲ။ အားမရှိသလို ယိုင်တိယိုင်ခွေ။ ဗြုန်းခနဲကြည့် ပစ်လဲသွားမလား အောက်မေ့ရတယ်။ ဘယ်လောက် ငိုထားသလဲ မသိဘူး။ မျက်လုံးတွေ မို့အစ်နေတာပဲ။ အမေငြိမ်းက သူများတကာတွေ မျက်ကလဲဆန်ပျာ ဖြစ်နေရတဲ့အထဲ နင်က တစ်မှောင့်ဆိုပြီး စားပွဲခုံပေါ် လက်ညှိုးထိုးပြတယ်။ သောက်ချင်သလောက် သောက်သွား။ ပိုက်ဆံမပေး ခဲ့နဲ့တဲ့။ သောက်လက်စ အရက်ပုလင်း လက်ကျန်တွေ။ 'မီး'ဆိုတော့ သောက်နေတဲ့လူတွေ ဘယ်သူမှ မရှင်းနိုင်ဘဲ ထပြေးကြတာ။ ကျွန်တော်တောင် နည်းနည်း ဝင်မော့လာသေးတယ်။ ဟော...ဟော..ဟိုမှာ ဟိုမှာ၊ ကိုလွင်ဦး သစ်ပင်အောက် ရောက်နေပြီ'

ကောင်လေးညွှန်ပြရာသို့ ကိုတင်ဦး ဆတ်ခနဲ လှမ်းကြည့်ပြီး ခပ်သုတ်သုတ် လျှောက်သွား၏။ ကျွန်တော် သူ့နောက်မှ အသာကပ်လိုက်သွားသည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် လိုက်ချိန်တွင် ကိုတင်ဦးက မပြောမဆို ကိုလွင်ဦး၏ မေးရိုးပေါ်သို့ ခပ်ပြင်းပြင်း လက်သီးတစ်ချက် ထိုးသွင်း လိုက်ခြင်းကြောင့် သူ ဗိုင်းခနဲ မြေကြီးပေါ် ပုံကျသွား၏။

'ခွေးတိရိစ္ဆာန်ကောင်၊ အားအားရှိ ဒီအရည်တွေပဲ မျိုဖို့ဆို့ဖို့ တွေးနေတဲ့ကောင်။ ဘယ်တော့မှ လူမွေး လူတောင် ပြောင်မှာမဟုတ်တဲ့ကောင်။ မင်းကို ငါ သတ်ပစ်ချင်နေတာ ကြာပြီ'

ထိုးရုံနှင့် အားမရနိုင်သေး။ ပြောပြောဆိုဆို လဲနေသူအား ခွေးတစ်ကောင်လို ခြေထောက်ဖြင့် တဗုန်းဗုန်း ဆင့်ကာဆင့်ကာ ကန်နေပြန်ပါသေးသည်။ သူ့ခန္ဓာကိုယ်က သေးသေးကွေးကွေး မဟုတ်။ ဖုန်မှုန့်တွေ တလိမ့်လိမ့်ထသွားသည်။ ကျွန်တော် ဘယ်လိုမှ ကြည့်မနေနိုင်တော့။

'တော်ပါတော့ဗျာ'

'ဟေ့လူ...ဒီကိစ္စ ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး။ ဝင် မရှုပ်နဲ့'

ကျွန်တော့်ရင်ထဲ အောင့်သက်ခါးသီးသွားရ၏။ ကျွန်တော်ကိုယ်၌က ကြားသုံးကြား တစ်ကြားဝင်မိနေသည်မို့ မှားမည်မှန်းသိကာ ဒေါသကို ထွက်ပေါက်မပေးခဲ့။ လူတချို့ ဝိုင်းအုံလာကြ၏။ စပ်စုလိုသော မျက်လုံးကိုယ်စီဖြင့်...။

သတိကောင်းသော ကိုလွင်ဦးက ကုန်းရုန်းထကာ အနီးအပါးမှ တစ်စုံတစ်ရာကို ဒရောသောပါး ရှာဖွေလိုက်သည်။ တွေ့ပြီ။ လက်ထဲရောက်လာတာက သစ်သားတုတ်ရှည်တစ်ချောင်း။ ပါးစပ်က ရင်ခေါင်းလှိုက်သံကြီးနှင့်အတူ...

'ဟေ့ကောင် တင်ဦး၊ မင်း ငါ့ကို စော်ကားတာ အကြိမ်ကြိမ်ရှိပြီ။ မင်း...မင်း တော်တော် လူပါးဝတဲ့ကောင်။ အကြီးမို့လို့ ကြည့်နေတာကွ၊ နားလည်ရဲ့လား။ တောက်'

ကျွန်တော် ကိုလွင်ဦးကို ဖမ်းဆွဲထားလိုက်၏။ သူ့ တစ်ကိုယ်လုံး မကောင်းဆိုးဝါး ဝင်ပူးနေသလို ကတုန် ကယင်။

'ဟေ့လူ ကိုလွင်ဦး၊ စိတ်ကို ထိန်းဗျာ၊ စိတ်ကို ထိန်း'

မောကြီးပန်းကြီး နိုင်လှသည့် အသက်ရှူထုတ်မှုတွေက နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်း နေသော သေလူတစ်ယောက်ပမာ။ သူ့အစ်ကိုက ဝိုင်းလာသူတချို့ထဲမှ သူနှင့်သိသူကို ထိုသို့လုပ်ခဲ့ ရခြင်းအပေါ် ခိုင်လုံသော အကြောင်းပြချက်များ ပေးနေပြန်ပါသည်။

'တော်တော် လူမှန်းသူမှန်း မသိတဲ့ကောင်။ ကိုယ့်အိမ်မှာ အရေးကိစ္စပေါ်နေတယ်။ အိမ်ပြန်မကပ်ဘူး။ အလုပ်နည်းနည်းပြပြီး အရက်များများ သောက်နေတဲ့ကောင်။ ခိုင်းစရာရှိရင် ဘယ်ရှာလို့ ရှာရမှန်းမသိတော့ဘူး။ အသည်းနာစရာ ဘယ်လောက်ကောင်းသလဲဆိုရင် မိန်းမက ဆေးခန်းသွားတယ်။ ဗြုန်းဆို လမ်းထိပ်က မီးစလောင်ပါလေရော။ ကျုပ်မှာ ကလေးနှစ်ယောက်ကို ဆွဲပြီးလွတ်ရာ အရင်ပို့ရတယ်။ ကြည့်ပါဦးဗျာ။ လမ်းမှာ သူနဲ့ဆုံတော့ မင်း ဒီနှစ်ကောင်ကို ခေါ်သွားစမ်းပါ။ ဗီရိုထဲက ငါစုထားတာလေး ပြေးယူချင်တယ်ဆိုတော့ အမလေး ဗျာ...သောက်ဂရု တောင် မစိုက်ဘူး။ တစ်ချိုးတည်း လစ်တာ။ ခုတော့ ဘာမှမရလိုက်တော့ဘူး။ ကုန်ပြီ၊ ပြောင်ပြီ။ အရေး ကြုံလာလို့ မိသားစုစိတ်ဓာတ် တစ်စက်လေးမှ မရှိတဲ့ကောင်။ တစ်ကိုယ်ကောင်း သိပ်ဆန်တဲ့ ခွေးသူတောင်းစား'

နားထောင်သူအားလုံး၏ မျက်လုံးများက ကိုလွင်ဦးထံ စုပြုံကျရောက်လာ၏။ ဘယ်လို အဓိပ္ပာယ် သတ်မှတ်ချက်မျိုးမှန်းတော့ မသိ။ ထိုအခိုက် လူကြားထဲမှ အသံတစ်သံ ထွက်လာသည်။ စောစောက ကောင်လေး။

'ဟေ့လူ၊ ခင်ဗျား ကိုလွင်ဦးကို ကလေရိုက်နေတဲ့ ပုံစံမျိုးမပြောနဲ့။ ကျုပ် မခံနိုင်ဘူး။ ဒီနေ့ ခင်ဗျားတို့အိမ်မှာ နာရေးဖြစ်တယ်။ အရေးဆို ခင်ဗျား ဘာအသုံးကျလဲ။ အိမ်ပေါ် ငုတ်တုတ်ထိုင်ပြီး လာသမျှလူကို ဧည့်ခံတဲ့ ပြရုပ်အလုပ်ပဲ လုပ်တတ်တာ မဟုတ်လား။ ကနဖျင်းထိုးဖို့၊ ဖိတ်စာရိုက်ဖို့၊ သေစာရင်းလုပ်ဖို့၊ အိုဗျာ... နောက်ဆုံး ရေဝေးအအေးခန်းပို့ဖို့ ကိစ္စအထိ၊ ကားအခက်အခဲ ပြဿနာထိ ခင်ဗျား ဘာတစ်ခုလိုက်လုပ်လဲ။ စာရင်းစာအုပ်ကိုင်ပြီး ပိုက်ဆံထုတ်ပေးတာလောက်ကို အလုပ်လို့ ထင်နေသလား။ တော်တော် သောက်ကြီးသောက်ကျယ် ပြောတဲ့လူ။ ဒါတွေအားလုံးကို ခင်ဗျား သတ်မှတ်ထားတဲ့ ငမူးငရူးတွေ အောက်ခြေသိမ်း အကုန်လုပ်နေတာဗျ။ နားလည်ရဲ့လား'

ပရိသတ်၏အာရုံက ထိုကောင်လေးအပေါ် ရောက်သွားပြန်သည်။ အားလုံး တိတ်တိတ် ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်။ ကိုလွင်ဦးက အသက်ကို ဝအောင် ရှူလိုက်ပြီး...

'ဟေ့ကောင်၊ ဒီမယ် ငါ့မျက်နှာကို သေသေချာချာ ကြည့်စမ်း။ မင်းသားသမီးဆိုတာ ငါ့တူတွေ။ ငါ့ သွေးသားတွေကွ။ မိသားစု စိတ်ဓာတ်မရှိဘူးလို့ ငါ့ကို ဘယ်တော့မှ လာမပြောနဲ့။ မင်းက ကလေးတွေကို ငါ့ လက်ထဲ ထိုးထည့်ပြီး မစားရက်၊ မသောက်ရက် ကုတ်ကုတ်ကပ်ကပ် စုထားတဲ့ ပစ္စည်းတွေ ပြန်ယူဖို့ ကြိုးစားခဲ့တာ မဟုတ်လား။ ကလေးတွေ မင်းအနားမှာ ရှိနေပြီပဲ။ ဘာအရေးလဲ။ လုံလောက်နေပါပြီ။ ငါ မင်းကို ဂရုမစိုက်ဘဲ အိမ်ပြန်ပြေးခဲ့တာ ငါ့ဘဝမှာ ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်တဲ့ အဓိပ္ပာယ်အရှိဆုံး၊ အလေးအမြတ် ထားရဆုံးအရာကို ပြန်သယ်တာကွ။ အဲ့ဒါ မင်းသိလား။ ဒီမယ်၊ ငါပြမယ်'

သူ ခပ်လှမ်းလှမ်းမှ မှောင်ရိပ်ကျနေသော သစ်ပင်အောက်သို့ လျှောက်သွားသည်။ ဘာများ ပါလိမ့်ဆိုသော သိလိုစိတ်များက အားလုံး၏ ခြေထောက်များကို အရှေ့သို့ တွန်းပို့လျက်။ လက်နှိပ် ဓာတ်မီး အလင်းရောင်တွေက တဖျပ်ဖျပ်။ သစ်ပင်ခြေရင်းရှိ တစ်စုံတစ်ရာ။ အပင်ကိုမှီလျက် စောင်ဖြင့် ခြုံလွှမ်းထားကာ အထက်ပိုင်းကို မျက်နှာသုတ်ပဝါဖြင့် အုပ်ထားသော အရာ။ သူက စောင်ကို အောက်ပိုင်းထိ ဖယ်ရှားလိုက်သည်။ အထက်ပိုင်း မျက်နှာသုတ်ပဝါကို ဆွဲခွာလိုက်စဉ်ခဏ အားလုံး၏ အာမေဋိတ်သံတွေက ညံစီသွား၏။ လှုပ်လှုပ်ခတ်ခတ် ဖြစ်ကုန်သည်။

အဖေ...။

ဟုတ်သည်။ သူ့အဖေ၏ ရုပ်အလောင်း။

အချိန်မရှိတော့၍ နောက်နေ့မနက်မှ ရေဝေးအအေးခန်းသို့ ပို့မည့်ရုပ် ကလာပ်။

သူသည် အလောင်းကြီးကို အရှုပ်အထွေးများစွာအတွင်းမှ ခက်ခက်ခဲခဲ ထမ်းပိုးသယ်ချီ ပြေးလာခဲ့ပါပြီကော။

အခုလည်း ကြည့်ပါဦး။

အဖေ့ကို အသက်ရှင်နေသူတစ်ဦးလို ခြင်ကိုက်မှာ စိုး၍ စောင်လေးဖြင့် လုံလုံခြုံခြုံထွေးကာ မျက်နှာသုတ်ပဝါလေး အုပ်ထားလိုက်ပါသေးသည်။

'အိမ်မှာရှိနေတဲ့ အဖေ့အလောင်းကိုတောင် နည်းနည်းမှ သတိမရတဲ့ကောင်။ သိပ်အတ္တကြီးတဲ့ ကောင်။ ဒီမယ်ဟေ့ကောင်။ 'မီး'ချင်း တူပေမယ့် ငါ့အဖေကိုတော့ 'ဒီမီး'နဲ့ ပစ်စလက်ခတ် အလောင် မခံနိုင်ဘူးကွ။ အဆုံးရှုံးမခံနိုင်ဘူး။ သိက္ခာရှိရှိ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ချင်သေးတယ်။ ဒါ မင်းမိဘ။ မင်းကို မွေးထုတ်ပေးခဲ့တဲ့ အဖေ။ အေးလေ... မင်းအတွက်တော့ အဖေ အသက်ရှင်စဉ် ကတောင် မင်းအနားမှာ အဖေရှိနေသေးတယ်လို့ အောက်မေ့တဲ့ကောင်မှ မဟုတ်တာ'

သူက အဖေ့အပါး ဒူးထောက်ထိုင်ချလိုက်၏။ ပခုံးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍...

'အဖေ'

တကယ့်ကို အက်အက်ကွဲကွဲ ဆို့ဆို့နင့်နင့် ရင်ခေါင်းသံကြီးဖြင့် ခေါ်လိုက်သော အသံ။

'အဖေ...ကျုပ်ကို ခဏလောက်ဖြစ်ဖြစ် မျက်လုံးလေးဖွင့်ပြီး ကြည့်လိုက်ပါ ဦးဗျာ။ အခုတော့ ကျုပ်ကောင်းကောင်းကြီး အစော်ကားခံလိုက်ရပြီဗျ။ အစော်ကားခံလိုက်ရပြီ' ကြက်သေ သေကုန်ကြ၏။ ကျွန်တော့် မျက်လုံးအိမ်တွင် မျက်ရည်များ ဝဲပြည့်လာ၍ မတတ်သာသည့်အဆုံး မျက်လုံးမှိတ်ပစ်ကာ ခေါင်းစိုက်ချလိုက်ရပါတော့သည်။ ကိုလွင်ဦး၏ ပေါက်ပေါက်ကွဲကွဲ ငိုညည်းသံတွေက အဆုံး မသတ်နိုင်သေး။

တကယ်တော့...

အရောင်များ၏အဓိပ္ပာယ်

အရောင်များ၏ နက်ရှိုင်းမှု

အရောင်များ၏ လျှို့ဝှက်ချက် တို့မှာ....။

(ချိုပြုံး၏ တိမ်ပလီနွေနှောင်းသီချင်းမှ စာသားအား ခေါင်းစီးယူသုံးပါသည်)

ဒေါင်းနေမင်း

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထုရှည် စ/ဆုံး
...
တကယ့်အိပ်မက်ပုံပြင်
မသီတာ ၊စမ်းချောင်း၊

ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
ကျွဲပွဲ
နေဝင်းမြင့်

ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
မီးကင်းစောင့်
နေဝင်းမြင့်

ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...