ရွှေဝတ္ထု

အန္တေဝါသိကစကရင်

နန္ဒာစိုး၊ဆင်ဖြူကျွန်း၊

01 February 2025
အန္တေဝါသိကစကရင်
Share to

၁။

            ပြီးခဲ့တဲ့ စနေနေ့ မနက်ခင်းတုန်းက ကျွန်တော် လက်ဖက်ရည်ဆိုင် ရောက်ရောက်ချင်းပဲ

သတင်းတစ်ပုဒ်က ဆီးကြိုနေတယ်။ သတင်းကောင်းတော့ မဟုတ်ပါဘူး။ စိတ်မကောင်းစရာသတင်းပါ။ အဲဒီသတင်းကို သယ်ယူလာခဲ့သူက ကျွန်တော်တို့နဲ့ လက်ဖက်ရည်ဆိုင်မှာ အတူထိုင်နေကျလူတွေထဲက ဦးလေးကျော်ပါ။ သူက ပြောလိုက်တော့ ကျွန်တော်တို့ တစ်ဝိုင်းလုံး ငြိမ်ကျသွားတာပဲ။

            'မပြောမရှိနဲ့ ငါ့လူတို့ရေ၊ မင်းတို့အချစ်တော် ဆရာကြီးစွယ်စုံမြရဲ့ မိန်းမကတော့ ဒီကနေ့ပဲ ဆုံးတယ်။ အဲဒါ မနက်ဖြန် ကိစ္စပြီးမယ်တဲ့။ ဘယ်လိုလဲ၊ အသုဘ လိုက်ပို့ကြမယ် မဟုတ်လား' တဲ့။

            'စွယ်စုံမြ' ဆိုတဲ့ အသံကို ကြားလိုက်တော့ ကျွန်တော်တို့အားလုံး တီကို ဆားနဲ့တို့လိုက်သလို တွန့်ခနဲတော့ ဖြစ်အသွားကြသား။ ဆတ်ခနဲ ခေါင်းတွေထောင်ပြီး လန့်ဖျပ်သွားကြပုံကလည်း ယိမ်းတိုက်ထားသလား အောက်မေ့ရရဲ့။ ဟုတ်တယ်လေ။ 'စွယ်စုံမြတဲ့ဟေ့'ဆိုကတည်းက အားလုံးက လိပ်ပြာခပ်လန့်လန့်ကိုး။ ကျွန်တော်တို့အဖို့တော့ နာမည်ကြားရုံနဲ့ကို ကြောက်နေရတဲ့လူတွေထဲမှာ စွယ်စုံမြက ထိပ်ဆုံးက ပုဂ္ဂိုလ်ပဲဟာ။ သူ့နာမည်ကြားရုံနဲ့ကို နေရာက ထပြေးချင်နေကြတာကလား။

            ဒါပေမယ့် သိတယ် မဟုတ်လား။ ခုသတင်းပေးလာတဲ့ ကိစ္စက နာရေးကိစ္စလေ။ သည်တော့ အရင်က ဘယ်လိုပဲ စွယ်စုံမြစက်ကွင်းက လွတ်အောင်ဝေးဝေးက ရှောင်ခဲ့ရှောင်ခဲ့၊ အခု သူ့မိန်းမရဲ့ နာရေးကိစ္စမှာတော့ဖြင့် လူမှုရေးအရ မဖြစ်မနေ ဝိုင်းကြဝန်းကြဖို့၊ အသုဘ လိုက်ပို့ကြဖို့ သဘောညီညီပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ အသုဘမှာ စွယ်စုံမြက သူ့ထုံးစံအတိုင်း လူထူထူထဲ လေကြီးမိုးကြီး ကျဦးမယ်ဆိုရင်လည်း ကျချင်ကျပေရော့။ တိုင်ဖွန်းလာလာ၊ ဆိုင်ကလုံးလွှတ်လွှတ်၊ ဟာရီကိန်းပဲ ဆင်ဆင် မကြားချင်ယောင်ဆောင်ပြီး ဥပေက္ခာ ရှုနေကြရုံပဲဆိုတဲ့ စိတ်ကူးကိုယ်စီနဲ့ပေါ့လေ။

၂။

            ပြောမယ့်သာ ပြောရတယ်။ နာမည်ကြားရုံနဲ့တောင် ကြောက်နေရတဲ့သူဆိုတော့ စွယ်စုံမြက တော်တော်ဆိုးလို့လား။ မူးယစ်ရမ်းကားနေလို့လား။ တွေ့သမျှလူတွေကို ကလိမ်ကကျစ် ကျနေလို့လားလို့ မေးချင်စရာတော့ ရှိလာတာပေါ့လေ။

            သည်လိုတော့လည်း မဟုတ်ပါဘူး။ သည်ကနေ့အထိ အကျင့်စာရိတ္တနဲ့ ပတ်သက်လို့ စွယ်စုံမြမှာ နာမည်ပျက် မရှိခဲ့ပါဘူး။ ရဲစခန်းက ရာဇဝင် လူဆိုးစာရင်းဝင်လည်း မဟုတ်ပါဘူး။ စွယ်စုံမြက ညစ်လွှတ်လိုက်လို့၊ နှစ်ပေါက်တစ်ပေါက် ရိုက်လွှတ်လိုက်လို့ ဒုက္ခရောက်သွားရတဲ့ လူရယ်လို့လည်း မရှိပါဘူး။ သူက အရက်သောက်တတ်တာတော့ မှန်တယ်။ ဒါပေမယ့် အရက်ဆိုင်မှာ မူးယစ်ရမ်းကားတာမျိုး၊ တွေ့တဲ့လူကို ထွေထွေနဲ့ ဂျီကျတာမျိုး၊ ရစ်နေတာမျိုးလည်း မရှိပါဘူး။ သူ အရက်သောက်ပုံက သောက်တာက နည်းနည်း၊ အမြည်းစားတာက များများဆိုတဲ့ ပုံစံမျိုးပါ။ အဲ...နည်းနည်း မူးလာရင်တော့ သူ့ထက် အသက်ငယ်ရွယ်တဲ့ သူတွေကို သူဖြတ်သန်းခဲ့သမျှ ဘဝအတွေ့အကြုံတွေထဲက ကောင်းနိုးရာရာတွေ၊ ဆောင်ရန် ရှောင်ရန်တွေ ထုတ်နုတ်ပြီး ရှည်လျား ပေများထွေပြား မနေမနား ဆိုသလို သြဝါဒကထာပေးချင်တဲ့ အကျင့်တော့ ရှိလေရဲ့။ အကြောင်း သိတွေကတော့ 'မီးရထား လက်ချာကြီးစပဟေ့။ ညနေရောက်တောင် နားစရာ ဘူတာရှာတွေ့မှာ မဟုတ်ဘူး'လို့ ပြောကြတယ်။ သူ့ သြဝါဒကထာက မီးရထားတွဲထက် ပိုရှည်တာကိုး။ လူက ပင်စင်စား။ ပင်စင်ယူခဲ့တာကလည်း ဌာနတစ်ခုရဲ့ ခပ်ကြီးကြီးရာထူးက ယူလာခဲ့တဲ့သူဆိုတော့ သူ့ဘဝ အတွေ့အကြုံတွေ ဆိုတာက ဟိမဝန္တာချီးမွမ်းခန်း ထိုင်ငိုသွားမယ် ဆိုတာမျိုးကလား။ ဦးမြဆိုတဲ့ နာမည်ကနေ 'စွယ်စုံမြ'ဆိုတဲ့ နာမည်သစ်တစ်လုံး ရလာခဲ့တာကိုပဲ ကြည့်တော့။

            လူကလည်း နေရာတကာ စုံပါတယ်။ အားကစားအကြောင်း ပြောရမလား၊ ပညာရေးလောက အကြောင်း ဆွေးနွေးမလား၊ ဝန်ထမ်းလောက အတွေ့အကြုံ ဖောက်သည်ချရမလား၊ အကုန်ရတယ်။ သိပ္ပံနဲ့ ဆေးပညာကဏ္ဍဆိုလည်း လာခဲ့စမ်း။ ရာဇဝင်တွေ၊ သမိုင်းတွေ ဆိုတာလည်း ပြိုင်ဘက်မရှိ။ ဘောဂဗေဒနဲ့ ဆက်နွယ်တဲ့ စီးပွားရေးပညာ ဘာညာကွိကွကျတော့လည်း ဈေးကွက်စီးပွားရေးက ဘယ်ကဲ့သို့၊ ယူရိုငွေကြေးနဲ့ ဒေါ်လာငွေကြေးက ဘယ့်နှယ်။ အစုရှယ်ယာတွေ စတော့တွေက ဘယ်ပုံနဲ့ ချီလာလိုက်တာ မနက်ဖြန်ခါပဲ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌနေရာကို သူ ဝင်လုပ်တော့မယ့်ပုံ။ မွေးမြူရေး၊ စိုက်ပျိုးရေး ဆိုတာလည်း သူ မသိတာ မရှိ။ စာပေ၊ ဂီတ၊ ဇာတ်သဘင်၊ ရုပ်ရှင်၊ ပန်းချီ စတဲ့ အနုပညာနဲ့ စပ်ဆိုင်တာတွေ ကျတော့လည်း သူများ ပြောသမျှ ပါးစပ်ကြီး ဟောင်းလောင်းဟပြီး ငြိမ်နားထောင် နေတဲ့အစား မဟုတ်ဘူး။ 'နေစမ်းပါဦး၊ ငါပြောစမ်းပါရစေဦး။ ပါဖွန်းမင့်အတ်တို့၊ အင်စတော်လေးရှင်း ဆိုတာက ဒီလိုရှိသကွ' ဆိုတာက စလာတာ။ သည်တော့ လူတွေက သြတချချနဲ့ ပြောစမှတ် ပြုကြရတယ်။

            'ဦးလေးမြကိုတော့ ဘယ်အကြောင်းအရာမှ သွားမစမ်းနဲ့ဟေ့။ လူက တကယ့်စွယ်စုံ ဗဟုသုတ ဟင်းလင်းအိုးကြီး။ လောကကြီးမှာ သူ မသိတာဘဲ မရှိတော့သလို စုံတာ။ တော်တန်ရုံနဲ့ သွားငြင်းတဲ့ကောင်တော့ ခံသွားရမယ်' ဆိုတာမျိုး။

            ဟုတ်တော့လည်း ဟုတ်နေတာပါပဲ။ စွယ်စုံမြက ၁၉၆ဝ ပြည့်ဝန်းကျင်ကတည်းက ရန်ကုန်တက္ကသိုလ်က ဘွဲ့ရခဲ့တဲ့သူ။ ပြီးတော့ ဝန်ထမ်းလောကထဲမှာ ကျင်လည်ပြီး အရာရှိကြီး ဖြစ်လာတဲ့သူ။ တစ်လျှောက်လုံးကလည်း မျိုးနဲ့ရိုးနဲ့ ချမ်းသာြကွယ်ဝလာခဲ့သူ။ သူ့ အိမ်မှာက မီဒီယာနဲ့ ပတ်သတ်တဲ့ လူ့အသုံးအဆောင် ပစ္စည်းပစ္စယ မှန်သမျှ ခေတ်နဲ့အပြိုင် ဝယ်နိုင်သုံးနိုင်ခဲ့တဲ့လူ။ တိပ်ရီကော်ဒါခေတ်မှာ သူကလည်း တိပ်ရီကော်ဒါနဲ့။ ကက်ဆက်ခေတ်မှာ သူ ကလည်း ကက်ဆက်နဲ့။ ဟော... တီဗီ၊ ဗီဒီယို၊ ဗီစီဒီခေတ် ရောက်ပြန်တော့လည်း သူ့အိမ်အမိုးပေါ်မှာ စလောင်းကြီး ရောက်လာပြီးပြီ။ တစ်ကမ္ဘာလုံးက သတင်းပလင်းဟူသမျှကို အဲဒီ စလောင်းကြီးထဲက တစ်ဆင့် သူ့အိမ်ဧည့်ခန်းထဲက ဖန်သားပြင်ပေါ်မှာ ထိုင်ကြည့်နေပြီ။ ခု အင်တာနက်တဲ့ ဆိုပြန်တော့လည်း သူက 'နက်' လိုက်ပြန်တာပဲ။ သည်တော့ သူ မသိတာ မရှိသလောက် မျက်စိကြီး နားကြီးပုဂ္ဂိုလ် ဖြစ်နေတော့တာပေါ့။

            စာပေဆိုတာကတော့ မပြောနဲ့။ သူ့အိမ်က စာဖတ်ခန်းထဲမှာ မှန်ဗီရိုကြီးတွေနဲ့ စုဆောင်းထားတဲ့ စာအုပ်တွေကိုက တော်ရုံလူတော့ မြင်ရုံနဲ့ လန့်ဖျပ်သွားလောက်တယ်။ စာကြည့်တိုက်တစ်ခုခုထဲ ဝင်လိုက်ရသလိုမျိုး ကျောချမ်းသွားမယ်သာမှတ်။

            'ဟေ့... မြန်မာဝတ္ထုဆိုတာ ဂျိန်းစ်လှကျော်ရဲ့ မောင်ရင်မောင်-မမယ်မ အမှီးဝတ္ထုက စတာကွ။ ငါ့ဆီမှာ အဲဒီ စာအုပ်ကနေ ဒီကနေ့ခေတ်ပေါ်ဝတ္ထုတွေအထိ ရှိတယ်။ ကမ္ဘာ့စာပေဆိုတာလည်း ဘာသာပြန်တွေရော၊ မူရင်းတွေရော အတော်စုံအောင်ရှိတယ်။ မင်းမယုံရင်လိုက်ကြည့်။ စည်းနဲ့ကမ်းနဲ့ ဖတ်မယ်ဆိုရင် ငါက ပေးဖတ်ဦးမယ်' ဆိုလို့ တစ်ရက်သားမှာ သူ့အိမ် လိုက်ကြည့်မိပါတယ်။ စာရေးဆရာလုပ်နေတဲ့ ကျွန်တော့်လိုလူတောင်မှ သူ့စာအုပ်စင် မြင်တော့ စာဖတ်ရမှာ လန့်သွားမိရ လောက်အောင်ပဲ စာအုပ်အမျိုးအမည် စုံပါတယ်။ ပြီးတော့ သူက စာအုပ်တွေကို ရသ၊ သုတ၊ ပညာရပ်ဆိုင်ရာ အစရှိသဖြင့် သူ့လိုင်းနဲ့သူ ခွဲထားသေးတယ်။ မဂ္ဂဇင်းတွေဆိုတာ တောင်လိုပုံလို့။ တစ်သက်တာ ဖတ်မှတ် စုဆောင်းလာခဲ့တာတွေက နည်းတာမှ မဟုတ်တာကလား။

            သည်တော့ စွယ်စုံမြလို လူဟာ ဘယ်နေရာမျိုးမဆို လူထဲဝင်လိုက်တာနဲ့ ရှေ့ဆုံးက နေရာယူနိုင်တာ မဆန်းလှဘူးလို့ပဲ ဆိုရမှာပ။ လူတွေကလည်း သူ့စည်းစိမ် ဥစ္စာဓနနဲ့ ပညာဗဟုသုတ အရှိန်အဝါတွေကြောင့် လေးစားကြပါတယ်။ နေရာပေးပြီး ဆက်ဆံကြတာပါပဲ။ သူကလည်း လူတိုင်းနဲ့ သဟဇာတဖြစ်အောင် ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတာပါပဲ။ ဒါဖြင့် သည်ကြားထဲကပဲ ဘယ်လိုကနေ ဘယ်လိုကြောင့် သူ့ကို လူတွေ လန့်ကုန်ကြတာတုံး။ ဘယ့်နှယ် ကြောင့် သူ့ကို တပ်လန်ကုန်ကြတာတုံးလို့ မေးလာရင်တော့ဖြင့် ဖြေရမယ့်အဖြေက ရယ်ရမလို ငိုရမလို အဖြေကြီး။ သူ့ဝါသနာကိုက 'ထူးတဲ့ဝါသနာ' ဖြစ်နေလေတာကိုး။

            ဟုတ်တယ်။ 'အဲဒီတစ်ခုပဲ ခက်နေတာ'လို့တောင် ပြောရမလိုလိုကြီးလေ။

၃။

            မောင်မောင်ဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက မြို့မှာတော့ စစ်တုရင်နဲ့ ပတ်သက်ရင် အတော် ဝါသနာကြီးသလို အတော်လည်း လေ့လာလိုက်စားတဲ့သူပါ။ သူနဲ့မှမတွေ့လိုက်နဲ့။ တွေ့လိုက်တာနဲ့ စစ်တုရင်အကြောင်း စပြောတော့တာ။ လာသမျှလူနဲ့ စစ်တုရင် ထိုးနေရရင် ထမင်းမေ့ ဟင်းမေ့ဆိုတဲ့ လူစား။

            အတွေ့အကြုံကလည်းများ၊ ကစားသက်တမ်းကလည်း ရင့်လာတော့ မောင်မောင်က ရွယ်တူ တန်းတူတွေထဲမှာတော့ ဆရာကြီးပဲ။ သူနဲ့ယှဉ်ထိုးနိုင်တဲ့သူ မကျန်တော့ဘူး။ သည်တော့ သူ့ ထက် ပိုဝါရင့်တဲ့ စစ်တုရင် ဘိုးတော်ကြီးတွေနဲ့လည်း ထိုးရတော့တာပေါ့။ တစ်နေ့သားတော့ မောင်မောင်နဲ့ စွယ်စုံမြနဲ့ ထိပ်တိုက်တွေ့ ကြပါလေရော။ မောင်မောင်ဟာ စစ်တုရင်ပညာမှာ ထူးချွန်တယ်ဆိုတဲ့ သတင်းကိုလည်း စွယ်စုံမြက ကြားထားပြီးသားကိုး။

            'ဦးလေးမြနဲ့ နှစ်ရက် သုံးရက်လောက် ကစားကြည့်ရအောင်ကွာ။ ဦးလေးကလည်း တက္ကသိုလ် ကျောင်းသားဘဝကတည်းက စစ်တုရင် ထိုးလာတဲ့သူကွ။ လက်ရည်စမ်းကြည့်ရအောင် ဦးလေးမြ အိမ်ကို လိုက်ခဲ့ပါလား'

            လက်ဖက်ရည်ဆိုင်မှာ စစ်တုရင်အကြောင်း ပြောဖြစ်ကြရာကနေ ဦးလေးမြက မောင်မောင့်ကို ဖိတ်ခေါ်လိုက်တယ်။ မောင်မောင်ကလည်း ဒီလိုပြိုင်ဘက်အသစ်ပဲ လိုက်ရှာနေတဲ့သူဆိုတော့ အဲဒီနေ့မှာပဲ စွေ့ခနဲပါသွားတယ်။ နောက်... လေးငါး ဆယ်ရက်လောက် သူတို့ နှစ်ယောက် ဆက်တိုက်ဆိုသလို ချိန်းပွဲလုပ်ပြီး ထိုးဖြစ်ကြတယ်ပြောတာပဲ။ နောက်တစ်ပတ်လောက်ကြာတော့ မောင်မောင်က တောင်ငူမြို့က နှစ်စဉ်ဖိတ်ခေါ်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ထိုးတယ်။ တောင်ငူလွတ်လပ်ရေးနေ့ စစ်တုရင်ပွဲဆိုတာ ထိပ်သီးတွေချည်း ဆုံတဲ့ပွဲ။ မြန်မာ တစ်နိုင်ငံလုံးက စစ်တုရင် အကျော်အမော်တွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲ ကျင်းပပေးတဲ့ပွဲ။ အဲဒီပွဲမှာ မောင်မောင်ကလည်း ပြိုင်ပွဲစာရင်း ပေးထားတာဆိုတော့ အချိန်ကျတော့ သွားပြီး ယှဉ်ပြိုင်ရသ ပေါ့လေ။

            အဲဒီမှာ မောင်မောင်က သူ့ပြိုင်ဘက် အငယ်တန်း လူသစ်တန်းမှာ ဗိုလ်စွဲပြီး ပြန်လာတယ်။ ပထမဆု ရခဲ့သတဲ့။ ကာယကံရှင်ရော၊ ကျန်တဲ့ အသိုင်းအဝိုင်း သူငယ်ချင်းတွေရောပေါ့လေ။ မောင်မောင့်အောင်ပွဲအတွက် ဝမ်းသာဂုဏ်ယူချီးကျူးလို့ မဆုံးကြဘူး။ သူ့အသက်အရွယ်နဲ့ သူ့ပြိုင်ဘက် အငယ်တန်းလူသစ်တန်းမှာ ပထမဆု ရခဲ့တယ်ဆိုတာ နည်းတဲ့အရည်အချင်းလား။ တစ်ပြည်လုံးက လာပြိုင်တဲ့ ပွဲမဟုတ်လား။ ပြီးတော့ ကျွန်တော်တို့ မြို့ဆိုတာက ကျဉ်းကျဉ်းကလေးရယ်။ သည်တော့ မောင်မောင် တောင်ငူစစ်တုရင်ပွဲမှာ အငယ်တန်းအတွက် ဗိုလ်စွဲခဲ့တယ်ဆိုတဲ့ သတင်းက ဟိုးလေးတကျော်ပေါ့။ ဒါပေမယ့် အဲဒါထက်ပိုပြီး ဟိုးဟိုးကျော်သွားခဲ့တဲ့ အကြောင်းအရာတစ်ခုက မောင်မောင် ပထမဆုရတဲ့ သတင်းရဲ့နောက်မှာ ကပ်ပါလာတယ်။ ပါလာတဲ့ နောက်ဆက်တွဲက 'မောင်မောင် အခုလို ဗိုလ်စွဲခဲ့တာဟာ တခြားကြောင့် မဟုတ်ဘူး။ ပြိုင်ပွဲမသွားခင် ဆယ်ရက်လောက်က ကြိုတင်ပြီး ဦးလေးမြနဲ့ စစ်တုရင် ထိုးကြရင်း ဦးလေးမြဆီက နည်းပညာတွေ တစ်လှေကြီး ရသွားခဲ့လို့ ခုလို ဗိုလ်စွဲခဲ့တာ ဖြစ်တယ်'ဆိုတဲ့ အကြောင်းအရာပဲ။

            'နေပါဦး၊ အဲဒါက ဘယ်သူ လွှင့်လိုက်တဲ့ သတင်းတုန်း'လို့ မေးကြတော့ 'စွယ်စုံမြကိုယ်တိုင် လူထူထူ လက်ဖက်ရည်ဆိုင်ထဲမှာ ပြောနေတာပါဗျာ။ မောင်မောင်ဟာ သူ့ရဲ့ စစ်တုရင် တပည့်ကလေးတဲ့။ သူ သင်ပေးလိုက်တဲ့အတွက် ဒီလိုအရည်အသွေး တောက်ပြောင်သွားတာဆိုပဲ။ မြိန်ရေရှက်ရေ ပြောနေတာ နား ဆတ်ဆတ်ကြား'တဲ့ မောင်မောင်လည်း ငို၍ရယ်၍ မရသော မျက်နှာဆိုတဲ့ ဦးမြတ်လေးရဲ့ ရုပ်ရှင်ကား နာမည်အတိုင်း ဖြစ်သွားတယ်။

            'ဟေ့ကောင်၊ ဘယ်လိုတုံး။ ဦးလေးမြ ပြောတာ အဟုတ်ပဲလား'

            ကျွန်တော်တို့က မေးတော့ မောင်မောင်က မအီမလည် အောက်သိုးသိုး လေသံကြီးနဲ့ ပြောတယ်။

            'ဟ... သူနဲ့ငါ စစ်တုရင် ထိုးဖူးတာ မှန်ပေမယ့် သူတစ်ပြန် ကိုယ်တစ်ပြန် ရှုံးလိုက် နိုင်လိုက်ပါပဲကွာ။ သတ်သတ်မှတ်မှတ် ရယ်လို့တော့ ငါ့ကို သင်ပြပေးခဲ့တာ မရှိခဲ့ပါဘူး။ အခု ငါ ဆုရပြီဆိုတော့မှ ဘယ့်နှယ် ကဘယ့်နှယ် ငါက သူ့ တပည့် ဖြစ်သွားရတယ် မသိပါဘူး။ လုပ်ချလိုက်ပြန် ပြီဟေ့။ ခံရတာ အောင့်သက်သက်ကြီး၊ ခွီး'

            ဘာပဲဖြစ်ဖြစ် စွယ်စုံမြကတော့ သူ့တပည့်ကလေးဟာ စစ်တုရင်ပညာမှာ သူ မှန်းဆထားသလို မြို့ဂုဏ်ဆောင်နိုင်မယ့် လူတော်ကလေးတစ်ယောက် ကွက်တိဖြစ်လာကြောင်း၊ သူ လည်း အတော်ကလေး ကြိုးစားပမ်းစား နည်းနာပြသလေ့ကျင့်ပေးခဲ့ရကြောင်းနဲ့ တွေ့သမျှ လူတွေကို သုံးလေးငါးရက် လျှောက်ပြောလိုက်တာ တစ်ပတ်အတွင်းမှာပဲ မောင်မောင်ခမျာ စွယ်စုံမြရဲ့ တပည့်လုံးလုံး ဖြစ်သွားတော့တာပဲ။ မောင်မောင်လည်း အဲဒီကတည်းက စွယ်စုံမြနဲ့ တပ်လန်သွားပြီး စွယ်စုံမြကို မြင်ရင် ဝေးဝေးကနေ တစ်ချိုးတည်း လစ်ပြေးတော့တာပဲ။ သည်တော့ မောင်မောင့်ကို ကြည့်ပြီး ကျွန်တော်တို့က ဟားကြတာပေါ့။

            'အေးပါ... အေးပါ၊ ငါ့ကို ဟားထားကြပါ။ ငါ့လို ကြုံမှ မင်းတို့ ကိုယ်ချင်းစာတတ်မယ်။ မဆီမဆိုင် တပည့်အမွေး ခံရတာဟာ အတော်ဆိုးတဲ့ ခံစားချက်ကြီးကွ'

            သည်ကောင်က ရှုံ့ကာ မဲ့ကာ ပြောတော့ ကျွန်တော်တို့မှာ ရယ်ကြတာ မျက်ရည်များတောင် ထွက်လို့။ ဒါပေမယ့် ဘာကြာလိုက်လို့တုံး။ ကံကြမ္မာအလှည့်ပြောင်းပြီး နေရင်းထိုင်ရင်း တပည့် ဖြစ်ရမယ့် ဇာတာပါလာလေတော့ အဲဒီနှစ်မှာပဲ ကျွန်တော်ရေးခဲ့တဲ့ လုံးချင်းဝတ္ထုရှည် တစ်ပုဒ်က အမျိုးသားစာပေ ဆုရပါလေရော။ တကယ့်ကို မမျှော်လင့်ရဲခဲ့တဲ့ စာပေဆုပါ။ နိုင်ငံတော်က ချီးမြှင့်တဲ့ အမျိုးသားစာပေဆု ဆိုတော့ ဘာပဲပြောပြော ကျွန်တော့်ဘဝမှာတော့ အမြတ်တနိုးနဲ့ အမှတ်တရထားရမယ့် စာပေဆုပါ။ သည်လိုနဲ့ အချိန်ကျလာတော့ ကျွန်တော် ရန်ကုန်မြို့ကို ဆင်းလာရတယ်။ စာပေဆုကို အမျိုးသား ကဇာတ်ရုံကြီးမှာ တက်ရောက်ပြီး လက်ခံယူရတယ်။ ပီတိတွေတဝေဝေနဲ့ မြို့ကိုလည်း ပြန်သွားပါလေရော။ ကျွန်တော် မမျှော်လင့်ခဲ့တဲ့ သတင်းတစ်ပုဒ်က ဆီးကြိုနေနှင့်တော့တာကလား။

            'ဟေ့ကောင်၊ သိပ်ဝမ်းသာမနေနဲ့ဦး။ မင်း အမျိုးသားစာပေဆုရသွားတာဟာ တခြားကြောင့် မဟုတ်ဘူး။ သူ့စာအုပ်စင်က စာကောင်းပေကောင်းတွေ ပေးဖတ်ပြီး စာရေးပုံရေးနည်း တိုးတက်လာအောင် အတော်ကလေး သွန်သင်ပြသပေးလိုက်လို့ ခုလို အမျိုးသား စာပေဆုကို ရတာ။ သူနဲ့ မင်းနဲ့ ဒီ့ထက်စောစောကသာ တွေ့ခဲ့ရင် ဒီ့ထက် စောစောတောင် ရခဲ့ပြီးရော့မယ်လို့ စွယ်စုံမြက ပြောနေပါကလားကွ။ မင်းတို့စာပေ ဆုနှင်းသဘင် အခမ်းအနားကို ညပိုင်းမှာ တီဗီက လွှင့်လို့အပြီး နောက်တစ်နေ့မနက် လက်ဖက်ရည်ဆိုင်ထဲမှာပဲ 'ညက ကိုယ့်တပည့်ကလေး အမျိုးသားစာပေဆု ယူတာ တီဗီက လွှင့်သွားတယ်လေ။ ကြည့်လိုက်ကြရတယ် မဟုတ်လား။ ဒီကောင်လေးကလည်း သင်ရ ပြရကျိုးနပ်တဲ့ သူငယ်ကလေးပဲဗျ' လို့ လူထူထူထဲ ဟောင်ဖွာဟောင်ဖွာနဲ့ လေကြီးမိုးကြီး ကျဲတော့တာ မောင်ရေ။ မင်းဆရာကြီးကို သွားကန်တော့လိုက်ဦး။ ဟီဟီဟိ...'တဲ့။

            ကိုင်း... ကောင်းကြပါသေးရဲ့လား အရပ်ကတို့လို့ပဲ အော်ရတော့မလိုလို၊ ရယ်ရမလိုလို၊ ငိုရမလိုလို။ ခက်ပဲခက်နေပါပကောလား။ ကျွန်တော်ကလည်း မပြေးသော်ကန်ရာရှိ ဆိုသလို သူ့ စာအုပ်စင်က ရှားပါးစာအုပ် ကလေးတွေ လေးငါးဆယ်အုပ် ငှားဖတ်ခဲ့မိပေသကိုး။ စာကြောင်း ပေကြောင်းကလေးတွေလည်း သူက စပြောလာတော့ ဘာရယ်မဟုတ် တုံ့ပြန် ဆွေးနွေး ပြောဆိုခဲ့မိဖူး ပေသကိုး။ ဒါပေမယ့် ဘုရား ပေးပေး ကျမ်းပေးပေးပါ ခင်ဗျာ။ အခုဆုရတဲ့စာအုပ်ကို ရေးခဲ့တုံးက စွယ်စုံမြဆီက ဘယ်အကြံဉာဏ်မှ မယူခဲ့ မတောင်းခဲ့မိတာ အမှန်ပါ။ မိုးကြိုးကြီး ပစ်ရပါစေရဲ့၊ ဘုရားစူးရပါစေရဲ့လို့ တစ်အိမ်တက်ဆင်း လိုက်ဖြေရှင်း ပြရတော့မလိုကြီး။ ကံများ ခေချင်လာတော့ ကြုံရပုံများ ပြောပါတယ်။ ဘယ့်နှယ် ကျွန်တော့်ဝတ္ထုကလေး နှစ်ပုဒ်သုံးပုဒ်လောက် ဖတ်ဖူးပြီး 'အင်း... အင်း၊ မဆိုးပါဘူး' ဆိုတာထက် ပိုမပြောခဲ့ဖူးတဲ့သူက နေရင်းထိုင်ရင်း အော်တိုမစ်တစ် ကျွန်တော့် စာပေဆရာ ဖြစ်လာရတယ်လို့။ ဖာတစ်လုံး ခေါင်းကျားလို 'အို... အသင်လောက' လို့ ကုန်းအော်ရတော့မလို ပါကလား။

            'မရပါဘူး။ မရတော့ပါဘူး။ စွယ်စုံမြရဲ့ အဲဒီ အော့ကြောလန် ဝါသနာရောဂါက ကုလို့မရတော့ပါ ဘူး။ ဟေ့ကောင်၊ မင်းလည်း ငါ့တုန်းကလိုပဲ အောင့်ခံလိုက်ပေတော့။ သူကတော့ မြို့မှာ ဘယ်သူဘယ်နေရာမှာပဲ နာမည်ထွက်လာလာ ကောင်းတဲ့ဘက်ကဆိုရင် သူ့ တပည့်အဖြစ် ဇွတ်ဆွဲစေ့ တော့တာပဲကွ။ မင်းနဲ့ငါတင် မကဘူး။ ဒီနှစ် တို့မြို့က ပတ်လည်ဘောလုံးပြိုင်ပွဲမှာ ပထမရသွားတဲ့ သရက်ချဉ်ရွာ ဘောလုံးအသင်းရဲ့ ခေါင်းဆောင်ကလည်း သူ့တပည့် ကလေးပဲတဲ့။ ဘောလုံးပညာကို သူ့အိမ်ခေါ်ပြီး ၄း၄း၃ ပုံစံ၊ ၅း၃း၂း၁ ပုံစံတွေ သူ အကွက်ချနည်းပြ လွှတ်လိုက်ရတာဆိုပဲ။ ပြီးခဲ့တဲ့ ရှင်ပင် ကျောက်ဆည် ဘုရားပွဲတုန်းက ကာရာအိုကေ သီချင်းဆို ပြိုင်ပွဲမှာ ပထမဆုရသွားတဲ့ ကျော်ဇေယျ ဟာလည်း သီချင်းဆိုပုံမှာ ဋ္ဌာန်ကရိုင်းမကျလို့ သူ့အိမ်က ကာရာအိုကေစက်မှာ ခေါ်ဆိုခိုင်းပြီး အဆွဲ အငင် အဖြတ်အတောက် မေးရိုက်မေးဝဲတွေ အတော်သင်ပြပေးလိုက်မှပဲ အချိုးကျသွား ပေတော့တယ်လို့လည်း ဆိုပြန်တယ်။ မှတ်ထားဟေ့၊ အကောင်းဘက်က နာမည်ထွက်လာသူ ဟူသမျှကတော့ စွယ်စုံမြတပည့်ချည်း ဖြစ်ရတော့တာပဲကွ။ သူ့တပည့်ရယ်လို့ သူက ထုတ်ဖော် အပြောခံရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ငါဟာ အတော်လာတဲ့ အကောင်ပါကလားလို့သာ ဘဝမြင့်ချင် မြင့်ပေတော့။ စွယ်စုံမြကတော့ အဲသလို ပတ်ရမ်းနေတော့တာ။ စာရေးဆရာလည်း မနေရ၊ ဘောလုံးသမား၊ စစ်တုရင်သမားလည်း ပြေးမလွတ်။ သီချင်းဆိုမိလို့ဆုရမိတဲ့ ကျော်ဇေယျတောင် အချောင်အဆစ်ပါသွားသေး'

            မောင်မောင်က ရှင်းပြတော့ ကျွန်တော်လည်း ဘာတတ်နိုင်မှာတုံး။ 'လုပ်ချလိုက်ပေတော့ စွယ်စုံမြရေ' ဆိုပြီး ရယ်ရမလို ငိုရမလိုနဲ့ စွယ်စုံမြရဲ့ စာပေတပည့်ကလေးအဖြစ်နဲ့ပဲ ငြိမ်ကုပ် နေလိုက်ရတော့တာပေါ့။ သူ့အသက်အရွယ်၊ သူ့ဂုဏ်သိက္ခာ၊ သူ့ဝင်ဆံ့ တွင်ကျယ်မှုနဲ့ မြို့မှာ ရှေ့တန်းက ရပ်တည်နေတဲ့ လူကြီးတစ်ယောက်ကို ကျွန်တော်တို့လို နောက်မျိုးဆက်က လူငယ်တွေက နေပြီး 'မဟုတ်တာဗျာ။ ဘယ့်နှယ်ကြောင့် မဟုတ်တာတွေ လျှောက်ပြောနေရတာတုံး'လို့လည်း လူထူထူထဲ ခံပြောမနေချင်ပါဘူး။ တော်ကြာ သူ့ကို အရှက်ခွဲရပါမို့လားဆိုပြီး ဒေါပွချင်တောင် ပွနေဦးမှာလေ။ နေရင်းထိုင်ရင်း ပြဿနာမရှိ ပြဿနာရှာ။ ရန်သူမရှိ ရန်သူရှာသလိုပဲ ဖြစ်ရမယ့် အတူတူတော့ အသာငြိမ်ပြီး ရေငုံနေလိုက်တာပဲ ကောင်းမယ် မဟုတ်လား။ သူ့ရောဂါနဲ့သူ ပြောချင်ရာ ပြောပစေတော့ပေါ့။

            ဒါပေမယ့် အဲဒီဝေဒနာက အတော်အောင့်သီးအောင့်သက် နိုင်တယ်ဆိုတာကတော့ သည်အကြောင်းကို တွေးမိတိုင်း 'ပြောမယုံ၊ ကြုံဖူးမှ သိကြမှာပါလေ' ဆိုတဲ့ ကိုတင်လှိုင်ရဲ့ သီချင်းကိုပဲ ထိုင်ဟဲချင်စိတ် ပေါက်ပေါက်လာရတာပဲ ကြည့်တော့။ ဖြစ်ရပုံက မြို့မှာ ဘယ်သူ ဘယ်နေရာမှာ ထူးချွန်လာသလဲ၊ ထင်ပေါ်လာသလဲ၊ ထူးခြားထင်ရှားလာပြီ ဆိုရင်တော့ စွယ်စုံမြတပည့်ဖြစ်ဖို့သာ ပြင်ပေတော့လို့ ပြောရတော့မလိုကြီး။

၄။

            စွယ်စုံမြကို လိပ်ပြာလန့်တာက တခြား၊ လူမှုရေးကိစ္စက တခြားဆိုတော့ သူ့ ဇနီးရဲ့ အသုဘကို ကျွန်တော်တို့အားလုံးပဲ လိုက်ပို့ခဲ့ကြပါတယ်။ စွယ်စုံမြကတော့ ထူးပြီးဣန္ဒြေမပျက်ပါဘူး။ လာသမျှ သူနဲ့သက်တူတန်းတူ လူကြီးပိုင်း မိတ်ဆွေတွေကို ဟန်မပျက် ဆီးကြို ဧည့်ခံနေခဲ့တာပါ။ အဲ... သူ့အိမ်ထဲကို လှမ်းဝင်လာတဲ့ နောက်ပေါက်လူငယ်တွေကိုတော့ သူက အလွတ်မပေးဘူး။ ဒီနှစ် ဆယ်တန်းအောင်တော့ ဂုဏ်ထူးလေးဘာသာနဲ့ အောင်ခဲ့တဲ့ ကောင်ကလေး လှမ်းဝင်လာတာမြင်တော့ အဲဒီကောင်ကလေးကို မေးဆတ်ပြပြီး သူ့မိတ်ဆွေတွေကို ပြောချေသေးရဲ့။

            'အဲဒါ ဒီနှစ် ကျုပ်တို့ မြို့စင်တာကနေ ဒီလေးခုနဲ့ ပထမစွဲပြီး အောင်တဲ့ကလေးလေ။ အင်္ဂလိပ်နဲ့မက်စ်မှာ နည်းနည်း အားနည်းနေလို့ ကျုပ် အနီးကပ်ခေါ်ပြလိုက်ရသေးတဲ့ တပည့်ကလေးပေါ့ဗျ။ ကျုပ်မှန်းတဲ့ အတိုင်းပါပဲ။ အောင်စာရင်းထွက်တော့ အင်္ဂလိပ်ကော၊ မက်စ်ကော ဒီထွက်တာပဲ'တဲ့။

            လုပ်ပုံ၊ လုပ်ပုံ။ အရေးထဲ အရာပေါ်ဆိုသလို ကိုယ့်မိန်းမ အသုဘလာတဲ့ကလေးတောင် ချမ်းသာမပေးဘူး။ 'ကြိတ်လိုက်ဟ'ဆိုပြီး ကျွန်တော်တို့ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်  ကြည့်ပြီး ပြုံးနေလိုက်ကြတာပါပဲ။ 'ဝါသနာကို မတားနဲ့တော့ရှင်' ပေါ့လေ။ 'ကျလွယ်လွန်းတဲ့စိတ်ဓာတ်၊ အဝီစိထိဆင်းဖို့ ပြင်သောအခါ ရောဂါ'ပေါ့လေ။ ဘယ်တတ်နိုင်ပါ့မတုံး။ ဆေးမှမတိုးတော့တဲ့ ဥစ္စာ။

            သည်လိုနဲ့ ညနေ သုံးနာရီထိုးတော့ အသုဘပို့ကြရတယ်။ ဘာမှမထူးပါဘူး။ သူလိုငါလို အသုဘပို့လိုက် ကြသလိုပါပဲ။ အဲ... ထူးလာတာက သင်္ချိုင်းရောက်ပါလေတော့မှ ပေါ်ပေါက်လာတဲ့ အဖြစ်အပျက်လို့ ပြောရမလို ဖြစ်လာတာကလား။ အိမ်မှာကတည်းက သရဏဂုံတင်ခဲ့ ပြီးသားမို့ အလောင်းက သင်္ချိုင်းရောက်တာနဲ့ မြေမြှုပ်ရုံပဲ ကျန်တော့တယ်။ အလောင်းထည့်ထားတဲ့ သစ်သားခေါင်းတလားကို မြေမြှုပ်တော့မယ်ဆိုတော့ အဲဒီမှာ မြေကျင်းတူးတဲ့ သုဘရာဇာဆရာက သူ့ထုံးစံအတိုင်း အော်ပြောတယ်။ အဲဒီလူက အသားညိုညို၊ လုံချည်တိုတို၊ အင်္ကျီဗလာနဲ့ အသက်က ၅ဝ လောက်တော့ ရှိရောပေါ့။ လက်ထဲမှာ ပေါက်ပြားကလေးနဲ့ ဂေါ်ပြားတစ်လက် တွဲကိုင်ထားတယ်။

            'ကဲ... မြေမြှုပ်တော့မယ် ခင်ဗျာ။ ကာယကံရှင် မိသားစုတွေ အလောင်းကို ကြည့်ချင်သေးရင် နောက်ဆုံးအနေနဲ့ လာဖွင့်ကြည့်ကြပါ။ ပြီးရင် ကျွန်တော် မြေမြှုပ်တော့မယ်ခင်ဗျ'တဲ့။

            စွယ်စုံမြ အပါအဝင် ဆွေမျိုးသားချင်းတွေ မြေကျင်းနား ရောက်လာကြတော့ ကျင်းတူးတဲ့လူက ဆွေမျိုးသားချင်းတွေကို မော့ကြည့်ရင်း စွယ်စုံမြကို မြင်လိုက်တာနဲ့ ထိုင်ရာက ထလာပြီး ဝမ်းနည်းတဲ့ လေသံနဲ့ ရင်းရင်းနှီးနှီး ပြောတယ်။

            'ကျွန်တော် သတင်းကြားတယ် ဆရာကြီး။ ဒီကနေ့ လာချမယ့်အလောင်းဟာ ဆရာကြီးရဲ့ ဇနီးတဲ့။ ဒါ့ကြောင့် ကိုယ့်ဆရာကြီး ဇနီးမို့ သူများတွေထက် ပိုစေတနာထားပြီး ကျင်းကို ၅ တောင်အထိ နက်အောင် တူးပေးထားတယ် ဆရာ။ ခွေးလေခွေးလွင့်တွေက မဖော်နိုင် မရက်နိုင်အောင်ကို သေသေချာချာ တူးပေးထားတာ၊ ကြည့်ပါဦး ဆရာကြီး။ ကျွန်တော်လည်း စိတ်မကောင်းပါဘူး ခင်ဗျာ။ ဆရာကြီးနဲ့ ထပ်တူပဲ ဆရာကတော်အတွက် ဝမ်းနည်းပါတယ်'တဲ့။

            ကျင်းတူးဆရာရဲ့ လှိုက်လှဲတဲ့ ဝမ်းနည်းစကားသံ အဆုံးမှာ စွယ်စုံမြ မျက်နှာတစ်ခုလုံး ရဲခနဲဖြစ်သွားတယ်။

            မြေကျင်းတူးဆရာကို မျက်မှောင်ကြုတ်ပြီး တစ်ချက် ကြည့်တယ်။ ပြီးတော့ ကျင်းနံဘေးက လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခါးခါးသီးလေသံနဲ့ စွယ်စုံမြက ပြန်ပြောတယ်။

            'ဟေ့လူ... ဘာတွေ လျှောက်ပြောနေတာတုံး။ ခင်ဗျားကို ကျုပ်မှမသိတာဘဲ'

            'မဟုတ်တာဘဲ ဆရာကြီးရယ်။ ပြီးခဲ့တဲ့သင်္ကြန်ရက်တုန်းက ရိပ်သာမှာ တရားပတ် ဝင်ကြတုန်းက ဆရာကြီးနဲ့ ကျွန်တော် တစ်ပတ်တည်း အတူတူလေ။ ဝိပဿနာတရားရှုပုံ ရှုနည်းကို တောင် ဆရာကြီးက သင်ပြပေးခဲ့ဖူးသေးတာပဲ။ အဲဒီတုန်းက ဆရာကြီးရဲ့ သင်ပြချက်ကို ဝိုင်းနား ထောင်နေကြတဲ့ သူတွေထဲမှာ ကျွန်တော်လည်း ပါတာပဲ ဥစ္စာ။ ဝိပဿနာရှုပုံကို ဆရာကြီးပြောသမျှ နာယူ မှတ်သားခဲ့ဖူးတော့ ကျွန်တော်လည်း ဆရာကြီးရဲ့ ဓမ္မမိတ်ဆွေ မဟုတ်တောင် ဓမ္မတပည့်တော့ ဖြစ်ခဲ့ဖူးတာပဲပေါ့။ အဲဒီတုန်းက ကျွန်တော်ရှိနေတာကို ဆရာကြီး သတိမထားခဲ့မိလို့နေမှာပါ။ ကျွန်တော်ကတော့ ကိုယ့်ဆရာသမားအဖြစ်နဲ့ပဲ ဆရာကြီးကို သတ်မှတ်လာခဲ့တာပါ ဆရာ။ မုသားပြောရင် သေခြင်းဆိုးနဲ့ သေရပါစေရဲ့ ဆရာကြီးခင်ဗျား'

ခက်တော့ခက်ကုန်ပါ ပြီ။ ဟိုလူကလည်း ဝိပဿနာရှုပုံမှာ တပည့်ဖြစ်ခဲ့ဖူးကြောင်း ကျိန်တွယ်ပြောနေ ပြန်ပါရော။ စွယ်စုံမြက ဇဝေ ဇဝါနဲ့ သူ့ကို မမှတ်မိလေသလားလို့ အောက်မေ့ပုံနဲ့ သူ ဘယ်ပုံဘယ်နည်းနဲ့ တပည့် ဖြစ်ခဲ့ကြောင်းကိုတောင် သေသေချာချာ ရှင်းပြနေချေသေးတော့တယ်။ အားလုံးကလည်း ငြိမ်ပြီး နားထောင်နေမိကြတာပေါ့။ ဟုတ်တယ်လေ။ ဘာဖြစ်သေးသတုံး။ ရိပ်သာမှာ တရားပတ်ဝင်ကြရင်း ဝိပဿနာရှုပုံနဲ့ ပတ်သက်လို့ တပည့်ခံခဲ့ဖူးကြောင်း ပြောတာ အဆန်းလား။ အပြောခံရတဲ့ လူအနေနဲ့ကရော ဒါဟာ ငြင်းပယ်စရာလား။ မျက်နှာပျက်စရာလား။ တရားဓမ္မနဲ့ ပတ်သက်လို့ ဆရာဖြစ်ခဲ့ရတာ ဂုဏ်တောင်ယူရဦးမယ့် ကိစ္စ။ ဝမ်းတောင် သာရဦးမယ်ကိစ္စ။ ဒါပေမယ့် မဟုတ်ဘူး။ စွယ်စုံမြအဖို့ ဆန်းကြယ်နေပုံပဲ။ စွယ်စုံမြ ငြင်းတယ်။ မျက်စိမျက်နှာပျက်ပျက်နဲ့ကို အလောတကြီး ရေးကြီးသုတ်ပျာ ငြင်းတယ်။ သူ ငြင်းပုံက အပြစ်မရှိဘဲ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ လူတစ်ယောက်က အမိန့်ချတဲ့ တရားသူကြီးကို အထိတ်တလန့်ငြင်းပယ်နေပုံမျိုး။ ဘာပစ္စည်းမှ မခိုးယူရပါဘဲနဲ့ သူခိုး အယိုးခံရလို့ ဒေါသတကြီး ခုခံပြောဆိုနေပုံမျိုး။ ဘေးကနေ မြင်ရတာကိုက စွယ်စုံမြခမျာ သနားစရာကြီး။

            'မဟုတ်ဘူး။ ခင်ဗျား ဘာပြောနေနေ၊ ခင်ဗျားဟာ ကျုပ်တပည့် မဖြစ်နိုင်ဘူး။ ကျုပ်တပည့် မဟုတ်ဘူး။ ကျုပ်ကလည်း ခင်ဗျားဆရာ မဟုတ်ဘူး။ ခင်ဗျားနဲ့ ကျုပ် ဘာမှမဆိုင်ဘူး။ ဘာမှ မပတ်သက်ဘူး။ တော်ဗျာ၊ ဆက်မပြောနဲ့'

            မျက်နှာကြီးနီနီနဲ့ ဒေါသတကြီး ခါးခါးသီးငြင်းပြီး လှည့်ထွက်သွားလိုက်တာ ဇနီးသည်ရဲ့ ခေါင်းတလား မြေမြှုပ်တာကိုတောင် လှည့်မကြည့်တော့ဘူး။ ကျွန်တော်တို့လို နံဘေးက လိုက်ပို့သူတွေပဲ မြေကျင်းနားမှာ သက်ပြင်းကိုယ်စီချရင်း ကျန်ရစ်နေခဲ့ကြရတော့တယ်။ စွယ်စုံမြ ဖြစ်ပုံကို လူတွေက ပြုံးချင်ကြပေမယ့် ဘယ်သူမှတော့ မပြုံးမိခဲ့ကြပါဘူး။ မပြုံးရဲတာတော့ မဟုတ်ဘူး။ ကျွန်တော် ထင်ပါတယ်။ မပြုံးရက်ကြတာဘဲ ဖြစ်မယ်လို့လေ။

၅။

            နောက်တစ်ပတ် ကြာပြီးတဲ့ ခုနောက်ပိုင်းရက်တွေမှာ သတင်းတစ်ခု ကြားရပါတယ်။ တခြား မဟုတ်ပါဘူး။ မိတ်ဆွေ တစ်ယောက်ယောက်၊ မျက်နှာသိ တစ်ဦးဦးနဲ့ မတွေ့လိုက်နဲ့။ တွေ့လိုက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ အဲဒီလူကို 'သင်္ချိုင်းက မြေကျင်းတူးတဲ့ သူဟာ သူ့တပည့်မဟုတ်ခဲ့ကြောင်း၊ သူနဲ့ဘယ်လိုမှ မပတ်သက်ကြောင်း၊ အဲဒီလူက သူ သိက္ခာကျဆင်းအောင် ထင်ကရာတွေ လျှောက်ပြောပြီး သူ့ကို ဆရာမွေးနေခြင်းသာ ဖြစ်ကြောင်း' ဆိုတာတွေကို မေးမေး၊ မမေးမေး ဇွတ်ဖြေရှင်းပြနေတော့တာပဲဆိုတဲ့ သတင်းပါ။ စွယ်စုံမြ ခမျာ လူတိုင်းကို ရှင်းပြနေရှာတယ်ဆိုပဲ။

            'သြော်... သူ့ဒုက္ခကလည်း ကြီးလိုက်တာနော်။ ဘယ်သူက ရိုက်စစ်နေလို့ အဲဒီဖြေရှင်းချက်ကြီးကို လူတကာ လိုက်ရှင်းပြနေရတာပါလိမ့်'လို့ ဂရုဏာ သက်မိပေမယ့် ကျွန်တော်တို့လည်း ဘာမှဝင်ကူလို့ မရပါဘူး။ 'ရှင်းပြမနေပါနဲ့တော့ဗျာ'လို့လည်း မဖျောင်းဖျချင်တော့ပါဘူး။ ဘယ့်နှယ် ဒီကိစ္စကြီးက ဘယ်သူကမှ အကွက်ကျကျ လုပ်ကြံဖန်တီးယူလို့ ဖြစ်ပေါ်လာရတဲ့ ကိစ္စမှမဟုတ်တာ။ လူတကာကို တပည့်မွေးချင်တာကိုက သူ့ဝါသနာ၊ သူ့ရောဂါ ဖြစ်နေလေတော့ သူ့ဝါသနာနဲ့သူ၊ သူ့ရောဂါနဲ့သူ သူ့ပိုက် ချက်မှာ သူပြန်မိနေတာ။ သူ့ကျော့ကွင်းသူ ပြန်နင်းမိနေတာဆိုတော့ ဘယ်သူက ဘာတတ်နိုင်မှာတုံး။ ပြီးတော့ မပြေးသော်ကန်ရာရှိဆိုတဲ့ စကားကလည်း ရှိနေတယ် မဟုတ်လား။ သူ့ ဖန်တီးမှုနဲ့သူ အခြေတည်လာတဲ့ဇာတ်ကို သူနိုင်အောင် ဆက်ကပေတော့လို့ပဲ ဥပေက္ခာ ရှုကြရတော့မှာပဲလေ။

            ဘယ့်နှယ်ဗျာ...

            လောကကြီးမှာ တပည့်မွေးတယ်ဆိုတာ လွယ်သမှတ်လို့လား။

နန္ဒာစိုး၊ဆင်ဖြူကျွန်း၊

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်