ရွှေဝတ္ထု

သုံးရောင်ချယ်အလှပန်း

ဆွေရည်ရွယ်အောင်

01 February 2025
သုံးရောင်ချယ်အလှပန်း
Share to

            ဒီနေ့ အ.မ.က (၂၈) ဆိုတဲ့ ခန်းမကျယ်လေးထဲမှာ စည်ကားနေသည်။ တူညီဝတ်စုံနှင့် တာဝန်ကိုယ်စီ ယူထားကြသော ဆရာမများ၏ လှုပ်ရှားမှုများ၊ ဝတ်ကောင်းစားလှများနှင့် ပြုံးပျော် နေကြသော သမီးငယ်ကျောင်းသူများ၊ ဆရာမများနှင့်အတူ တက်ကြွစွာ ဝိုင်းကူနေကြသူများ၊ ကျောင်းဂုဏ်ဆောင် သမီးကလေးများ၊ ကြည်နူးဝမ်းသာနေကြသော ဆရာမများ၏ အပြုံးများ၊ ကျရာကဏ္ဍတွင် ပါဝင်ကြမည့် ကျောင်းသူကလေးများ၏ ပြင်ဆင်မှုများနှင့် တီးတိုးစကားပြောသံ၊ ရယ်မောပျော်ရွှင်စွာ လှုပ်ရှားဟန်များက ခန်းမထဲတွင် အလှဆင်ဖို့ပြင်ဆင်နေသော ကျွန်မ၏ ပန်းခက်ကလေးများကို လာရောက်ရိုက်ခတ်နေသလိုပင်။

            အစိမ်းရောင် နောက်ခံလိုက်ကာကြီးပေါ်က စာတန်း ဒီနေ့ အ.မ.က (၂၈) ဆိုတဲ့ ခန်းမ ကျယ်လေးထဲမှာ စည်ကားနေသည်။

            တူညီဝတ်စုံနှင့် တာဝန်ကိုယ်စီ ယူထားကြသော ဆရာမများ၏ လှုပ်ရှားမှုများ၊ ဝတ်ကောင်းစားလှများနှင့် ပြုံးပျော်နေကြသော သမီးငယ်ကျောင်းသူများ၊ ဆရာမများနှင့်အတူ တက်ကြွစွာ ဝိုင်းကူနေကြသူများ၊ ကျောင်းဂုဏ်ဆောင် သမီးကလေးများ၊ ကြည်နူးဝမ်းသာ နေကြသော ဆရာမများ၏ အပြုံးများ၊ ကျရာကဏ္ဍတွင် ပါဝင်ကြမည့် ကျောင်းသူကလေးများ၏ ပြင်ဆင်မှုများနှင့် တီးတိုးစကားပြောသံ၊ ရယ်မောပျော်ရွှင်စွာ လှုပ်ရှားဟန်များက ခန်းမထဲတွင် အလှဆင်ဖို့ပြင်ဆင်နေ သော ကျွန်မ၏ ပန်းခက်ကလေးများကို လာရောက်ရိုက်ခတ်နေသလိုပင်။

            အစိမ်းရောင် နောက်ခံ လိုက်ကာကြီးပေါ်က စာတန်းများကို တစ်ချက်ပြန် ဖတ်ကြည့် လိုက်မိသေးရဲ့။

လူမှုဝန်ထမ်းဦးစီးဌာန

အမျိုးသမီးကလေးများ သင်တန်းကျောင်း

အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား

သြော်...တစ်နှစ်တစ်ခါကျရောက်လာတတ်တဲ့ ကျွန်မတို့ ကျောင်းရဲ့ မင်္ဂလာရှိသော နေ့တစ်နေ့ပါပဲ။ ရင်ထဲက ကြည်နူးမှုကို စာမဖွဲ့တတ်အောင်ပင်။

            ကျွန်မကတော့ ဒီအခမ်းအနားမှာ ပန်းအလှပြင်ရန်နှင့် ကလေးများအတွက် ဆုများ ထုတ်ပိုးပြင်ဆင် ရွေးချယ်ပေးရန် တာဝန်ယူထားရသည်။ အခမ်းအနားရဲ့ လက်ယာဘက်ထောင့် ခုံတန်းရှည်ကြီးပေါ်မှာ လှပသေသပ်စွာဖြင့် ဆုများထုတ် ပိုးနေရာချပြီးသွားပြီ။ မကြာခင် သည်ပစ္စည်းလေးတွေဟာ ကျွန်မရဲ့ သမီးငယ် ပန်းရောင်စုံများလက်သို့ ရောက်ရှိတော့မှာဖြစ်သည်။

            ရှေ့ဆုံးတန်း ထိုင်ခုံများကတော့ ကျွန်မတို့ရဲ့ ညွှန်ချုပ်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအတွက်  နောက်-လက်ယာဘက် အခြမ်းမှာ ဆုယူတပည့်ကလေးများ ထိုင်နေကြသည်။ လက်ဝဲဘက်ကတော့ ပညာရေးမှ ဆရာမများ၊ ကျွန်မတို့ကျောင်းမှ ဆရာမများ ရှိလိမ့်မည်။ နောက်ဖက်တွေမှာတော့ ကျေနပ်သဘောကျစွာ အားပေးနေကြမယ့် ကျောင်းသူလေးတွေ။ ဆုယူဖို့ ထိုင်နေကြတဲ့ ကလေးတွေကြားထဲမှာတော့ ကျွန်မရဲ့ တပည့်ငယ် ပန်းသုံးပွင့် အပြုံးဆင့်လျက်ရှိနေပါလား။

            ဒီနေ့ ပန်းအလှပြင်ဖို့ ကျွန်မ ရွေးချယ်ထားတာကတော့ အဝါ၊ အနီ၊ ခရမ်း ဒီသုံးရောင်ရဲ့ ပေါင်းစည်းမှုက တက်ကြွပျော်ရွှင်စွာ အောင်မြင်ခြင်းအဓိပ္ပာယ်။ အခမ်းအနားနဲ့ လိုက်ဖက်အောင် စီစဉ်ထားတာမို့ ကျွန်မရဲ့ တတ်ကျွမ်းတဲ့ပညာနဲ့ အလှဆုံးဖြစ်အောင် ပြင်ဆင်နေမိရဲ့။

            အဝေးကနေ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ အသက် (၆) နှစ်ကနေ (၁၈) နှစ်အရွယ် အမျိုးသမီးငယ် ကလေးတွေဟာ ပန်းဥယျာဉ်ကြီးထဲက ရောင်စုံပန်းများသဖွယ်ပင်။ အင်း...ကျွန်မ ကလည်း ပန်းချစ်တတ်သူ တစ်ယောက်ဆိုတော့ ဥယျာဉ်မှူးတာဝန်ကို ပျော်ရွှင်စွာ ဆောင်ယူလို့။

            'အမျိုးသမီးကလေးများ သင်တန်းကျောင်း' ဆိုတဲ့ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်က ဒီနေရာလေးမှာ လက်ထောက်အဆောင်မှူး ဒေါ်ဆွေမြင့်မြတ် ဘဝကို ကျေနပ်စွာ ခံယူခဲ့တာလေ။ အဲဒီတော့ ပန်းကလေးတွေဟာ အဆင်းလည်းလှ၊ ရနံ့လည်း မွှေးဖြစ်အောင် ကျွန်မ  ဘယ်လိုပြုစု ပျိုးထောင်ရမလဲ၊ စဉ်းစားရပြီ။

            'ပန်းကလေးတွေကို အလှဆင်မယ့်သူဟာ ပန်းကလေးတွေရဲ့ သဘာဝကို အရင်သိဖို့လိုတယ်။ ဒါမှ ဘယ်ပန်းကလေးကို ဘယ်နေရာမှာသုံးရင် သူ့ရဲ့အလှပိုပေါ်လွင်မယ်၊ ဘယ်လိုအနေအထားမျိုးနဲ့ သင့်တော်တယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပေါ့။  

            အခြေခံ ပန်းအလှပြင်သင်တန်းမှာ ပြောခဲ့တဲ့ တီချယ်ကြီးရဲ့ အသံက နားထဲကို ပြန်ရောက်လာသည်။ အဲဒါဆို ပန်းကလေးတွေ ပိုမိုလှပဖို့ သူတို့ရဲ့ သဘာဝကို သိရအောင် အနီးကပ် လေ့လာမှဖြစ်မှာ။ ဒီလိုနဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတော့ သည်။

            ကျွန်မတာဝန်ယူရတဲ့ အသင်းမှာရှိတဲ့ ကလေး (၇ဝ) ကျော်ဟာ ကျွန်မရဲ့ သမီးကလေးတွေ ပဲပေါ့။ 'အသင်းပိုင်' ဆိုတဲ့ အခေါ်အဝေါ်ဟာ စာသင်ကျောင်းက 'အတန်းပိုင်' ဆရာမနဲ့ အတူတူပါပဲ။ တစ်ခုပဲ။ ကျွန်မတို့ကတော့ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး အရာအားလုံး တာဝန်ယူစီစဉ်ဆောင် ရွက်ပေးရသူတွေလေ။ အခြားအသင်းက ကလေးတွေနဲ့အပြိုင် ထူးချွန်ထက်မြက်အောင် ဆောင်ရွက်ပေးဖို့ တာဝန်အပြည့်။ သူတို့လေးတွေကလည်း ဆရာမကို အားကိုးပြီး မိခင်လို အားကိုးတတ်ကြသည်။

            'သမီးက ထောက်ကြန့် ပြုစုရေးကနေ (၅) နှစ်ကျော်တော့ ဒီကျောင်းကို ရောက်လာတာလေ။ အဖေ၊ အမေ ဆိုတာ ဘာမှန်းကို မသိခဲ့ပါဘူး။ ပြုစုရေးက ဆရာမတွေက အမေပဲပေါ့နော်။ မောင်နှမတွေလည်း မရှိဘူးထင်တာပါပဲ။ သမီးနာမည်ကို ပြုစုရေးက ဆရာမတစ်ယောက် မှည့်ပေးတာတဲ့။ ဒါပဲသိတယ် ဆရာမရဲ့'

            သူလေးက 'မေကြည်သာ'ရှစ်တန်းကျောင်းသူလေး။ အနေအေးပြီး ကျောင်းစာတွေ ပုံမှန်လုပ်ပေမယ့် တခြားကလေးတွေထက်စာရင် မျက်ဝန်းကလေးတွေက အားငယ်ရိပ် ပိုလွှမ်းနေသလိုပင်။ အင်း... အဲဒါဆိုရင်တော့ မျက်ဝန်းလေးတွေ တောက်ပလာဖို့ ကျွန်မအားဖြည့်ကူညီ ပေးမှာပါပဲ။ တစ်ခုခုကို အာရုံပြောင်းပြီး ကြိုးစားခိုင်းရင် ဒီပန်းကလေး ပိုလန်းလာမယ်လို့ ကျွန်မယုံကြည်မိခဲ့သည်။ ဘာလုပ်ပေးရင်ကောင်းမလဲ၊ သေချာလေ့လာကြည့်တော့ မေကြည်က တခြားကလေးတွေထက် ကျောင်းစာကို ပိုစိတ်ဝင်စားတာ တွေ့လာရသည်။ ပညာရည်တိုးတက်မှု မှတ်တမ်းကိုကြည့်တော့ အဆင့် (၁ဝ)။ မဆိုးပါဘူး။ ဒါဆို သူ့ပညာရေး ထူးချွန်အောင် ဝိုင်းဝန်းလေ့ကျင့်ပေးရမယ်။ အင်း... မေကြည်ဆိုတာ ကျွန်မရဲ့ အဝါရောင် ပန်းကလေးပေါ့။

            ပထမဆုံး သူမလေးနဲ့ အခါတိုင်းထက် ပိုမိုရင်းနှီးအောင် နေထိုင်ပေးခဲ့ရင်း အဝါရောင် ပန်းအဖူးလေးကို အချိန်အလိုက် ပွင့်လန်းလာတဲ့ အလှပန်းတစ်ပွင့်ဖြစ်အောင် ကျွန်မရဲ့ ကြိုးပမ်းမှု စတင်ခဲ့ပြီ။ ပညာရေး တာဝန်ခံဆရာမ မမအေးကိုလည်း လိုအပ်တဲ့ အကူအညီတွေ တောင်းခဲ့ရဲ့။ မမရဲ့ မျက်ဝန်းလေးတွေထဲမှာ ကျွန်မကို အားကိုးတွယ်တာတဲ့ အရိပ်လေးတိုးလာတော့ ဝမ်းသာမိတာ အရမ်းပါပဲ။ စိတ်ကူးထဲက အတွေးတွေ တကယ်လုပ်ဆောင်တော့ အရာရာဟာ အလွယ်အကူ မဖြစ်ခဲ့တာတွေ အများကြီးပေါ့။ မိခင်မေတ္တာဆိုတာကို အသေအချာ နားမလည်ခဲ့ရှာတဲ့ သူမလေးရဲ့ နံဘေးမှာ ကျွန်မလို ဆရာမတွေ အများကြီး ရပ်တည်ပေးနေတာ သိစေဖို့ ကျွန်မ စိတ်ရောကိုယ်ပါ အပင်ပန်းခံခဲ့ရပါတယ်။     

တဖြည်းဖြည်းနဲ့ သံယောဇဉ်ကူးလူးယှက်နွယ်ရင်း ကျွန်မရင်ထဲက စေတနာတွေ သူမလေး နားလည်စ ပြုလာပါသည်။ ကျွန်မရဲ့ ဆုံးမစကားတွေကို တသွေမတိမ်း နားထောင်တတ်တဲ့ သမီးငယ်လေး ဖြစ်လာလို့ စာမေးပွဲတွေမှာ အဆင့်တွေတက်လာရင်းက အဆင့် (၁) ကနေ (၃) အတွင်းဝင်တဲ့၊ လိမ္မာယဉ်ကျေးတဲ့ ကျောင်းစာထူးချွန်တဲ့ သူလေးဖြစ်ခဲ့ပေါ့။ ကျွန်မရဲ့ အဝါရောင် ပန်းကလေး ဖူးရာမှငုံ၊ ငုံရာကနေ ပွင့်လာတာကို ကြည့်ပြီး ပီတိဇောတွေကြားမှာ ကျွန်မရဲ့အမောတွေ ပျောက်ကွယ်ခဲ့ရတယ်။ မှိန်ဖျော့နေတဲ့ သူမမျက်ဝန်းမှာ အားငယ်ရိပ်တွေ ပျောက်ပြီး ယုံကြည်မှုရှိတဲ့ အားမာန်အပြည့်နဲ့ တစ်လက်လက် အသွင်သဏ္ဍာန်လေး ပေါ်ထွက်ခဲ့ပြီပေါ့။ ကြည့်ပါဦး။ အောင်စာရင်း ထွက်တော့ ဘာသာစုံဂုဏ်ထူးရှင်တဲ့လေ။ ကျွန်မရဲ့ စေတနာ၊ မေတ္တာနဲ့ ပြုပြင်ခဲ့တဲ့ ပန်းကလေးရဲ့ တင့်တယ်လာမှု အရှိန်ကိုကြည့်ပြီး ဘာနဲ့မှအစားထိုးလို့မရတဲ့ ပီတိများစွာ ဖြစ်လို့နေလေရဲ့။

            တကယ်ဆို သမီးမှာ အဖေရော၊ အမေပါရှိတာ၊ အဖေနဲ့ အမေက ကွဲသွားပြီး သမီးက တေဇိန္ဒာရာမ ကျောင်းတိုက်က ဘုန်းဘုန်းဆီ ရောက်ခဲ့ကြတာပေါ့။ သမီးအသက် (၆) နှစ်လောက်မှာ ဆရာတော်က ဒီကျောင်းကို လာပို့ပေးတာလေ။ သမီးလေ အဖေရယ်၊ အမေရယ်၊ မောင်နှမတွေနဲ့ မိသားစုတစ်စု လိုချင်တယ်'

            'ခင်လင်းလင်း' ဆိုတဲ့ သူမလေးက နဝမတန်း ကျောင်းသူလေးတစ်ယောက်ပေါ့။ ဝဝတုတ်တုတ် လေးနဲ့ ချစ်စရာကောင်းတဲ့ အရွယ်လေးပါပဲ။ ဆုံးမစကားတွေပြောရင် အေးအေးဆေးဆေး နားထောင် တတ်ပေမယ့် တစ်ခါတရံ စိတ်အားငယ်တတ်တာတွေ တဖြည်းဖြည်းနဲ့ ကျွန်မသိလာရပါသည်။ လင်းလင်းရဲ့ဘဝ ဖြစ်စဉ်လေးက စိတ်ဝင်စားစရာလည်းကောင်း၊ သနားစရာလည်းကောင်းခဲ့လို့ မိဘတွေရဲ့ အိမ်ထောင်ရေး ပြဿနာတွေကြားမှာ မိဘရှိလျှက်နဲ့ တစ်ကွဲတပြားစီ နေခဲ့ရတဲ့ လင်းလင်းလို သမီးငယ်မျိုးလေးဟာ သနားစရာ မြေဇာမြက်လေးတွေပါပဲ။ ကျွန်မစိတ်မကောင်းစွာနဲ့ လင်းလင်းအတွက် တစ်ခုခုလုပ်ပေးချင်ခဲ့တယ်။

            ရင်းနှီးမှုတွေ ပိုလာတာနဲ့အမျှ ခင်တွယ်အားကိုးတတ်လာတဲ့ ကျွန်မ ကလေးငယ်တွေကြောင့် အတတ်နိုင်ဆုံး သူတို့စိတ်ချမ်းသာစေဖို့ တစ်စိတ်တဒေသပဲဖြစ်ဖြစ် ဆောင်ရွက်ပေးချင်တဲ့ စေတနာတွေ ကျွန်မမှာ ပြည့်သိပ်လျှက်။ လင်းလင်းဆိုတာ ကျွန်မရဲ့ အနီရောင် ပန်းကလေးပါ။ ပင်ကိုဗီဇကောင်းပြီး တစ်နှစ်တစ်တန်းအောင်ပေမယ့် လင်းလင်းက ပညာရေးမှာ ထင်သလောက် မထူးချွန်ခဲ့ဘူး။ ဒီကြားထဲမှာ အခွင့်အရေးတစ်ရပ်အနေနဲ့ ကျွန်မတို့ဌာနရဲ့ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွေ ရှိလာခဲ့တယ်။ မဖြစ်မနေ အခြေခံစစ်ရေးပြနဲ့ ဘော်လီဘောပြိုင်ပွဲတွေ ဝင်ရမယ်တဲ့။ ကလေးတွေရဲ့ ကုသိုလ်လို့ပဲ ဆိုရမှာ။ အဆင့်ဆင့် ဆက်သွယ်မှုတွေကြားမှာ ဘော်လီဘောနည်းပြဆရာ ဦးကောလင်းက မေတ္တာစေတနာအပြည့်နဲ့ လာရောက်ကူညီ သင်ကြားပေးပါလေရော။ နောက်ပြီး ဆရာမကြီးကလည်း 'ဆရာမ ဒေါ်ဆွေဆွေမြင့်မြတ်ရေ၊ ဒီကနည်းပြဆရာနဲ့ ဘောလီဘောသင်ဖို့ အတွက် သင့်တော်တဲ့ ကလေးတွေ ရွေးပေးပါ။ နောက်ပြီး ဆရာနဲ့ အဲဒီကလေးတွေရဲ့ ဆက်ဆံ သင်ကြားရေး အဆင်ပြေစေဖို့ ဆရာမပဲ ဘော်လီဘောအသင်းကို အုပ်ချုပ်ဖို့ တာဝန်ယူပေးပါ' တဲ့။

            ဒီလိုနဲ့ ကျောင်းတက်မပျက်စေရအောင် လာရောက်သင်ကြားပေးတဲ့ ဆရာနဲ့ ညှိနှိုင်းတိုင်ပင်ရင်း လင်းလင်းရဲ့ စိတ်ဆန္ဒကို မေးမြန်းပြီး ဘော်လီဘောအသင်းမှာ ရွေးချယ်ထည့်ပေးခဲ့ပါသည်။ ကလေး ငယ်တွေရဲ့ သဘာဝနဲ့ စိတ်သဘောထားကို နည်းပြဆရာ နားလည်အောင် ရှင်းပြပြောဆိုတဲ့အခါ အလွယ်တကူလက်ခံ သဘောပေါက်နိုင်သူဖြစ်နေတာ။ ဆရာကလည်း ပင်ကိုယ်စေတနာနဲ့ သင်ကြား ပေးတာ။ ကလေးတွေကလည်း ကျွန်မရဲ့ အုပ်ချုပ်မှုမှာ လိုက်နာတတ်ကြတာတွေကြောင့် အစစအရာရာ အဆင်ပြေလို့ ကြုံဆုံရတဲ့ အခက်အခဲတစ်ချို့ကို ရင်ဆိုင်ဖြေရှင်းရင်း ကျွန်မရဲ့ ပန်းကလေး ရွှင်လန်းတက်ကြွပြီး ကြိုးစားလာတာကို မြင်ရတော့ တကယ်ပျော်ရွင်ခဲ့ရတာ။ တဖြည်းဖြည်းနဲ့ ဆရာရဲ့ သင်ပြရွေးချယ်မှုအောက်မှာ လင်းလင်းက အသင်းခေါင်းဆောင်တဲ့။ ကျွန်မ ခင်းပေးတဲ့ လမ်းကလေး ပေါ်မှာ သူမပျော်ရွှင်စွာ လျှောက်လှမ်းခဲ့တာတွေ့ရတော့ ဝမ်းသာမှုက စာမဖွဲ့နိုင်ခဲ့။ ကျွန်မရဲ့ ပန်းကလေး လန်းစပြုလာပြီး ဝမ်းနည်းအားငယ်မှုတွေ မေ့ပျောက်ရင်း အားကစားစိတ်ဓာတ်  အသိလေးနဲ့ ထိန်းသိမ်းတတ်လာတာ တစ်ကယ့်လူကြီး လေးပမာ။

            တရွေ့ရွေ့ကုန်ဆုံးလာတဲ့ အချိန်တွေကြားမှာ ပြိုင်ပွဲရက်တွေ ရောက်လာတော့ ကျွန်မ ညအိပ်ညနေအား သွန်ခွန်စိုက် စီစဉ်ဆောင်ရွက်ပေးရင်း မောရမှန်းကို မသိခဲ့ပါဘူး။ ပထမဆုံး အတွေ့ အကြုံမှာ အောင်ပွဲရစေဖို့ နည်းအမျိုးမျိုးနဲ့ ကလေးတွေကို အားပေးကူညီရင်းပေါ့။ ပွဲစဉ်အသီးသီးကို ဖြတ်သန်းအပြီးမှာတော့ ကျွန်မတို့ကျောင်းရဲ့ အားကစားအဖွဲ့ဟာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ရပြီး 'ခင်လင်းလင်း' ဆိုတဲ့ အမည်လေးဟာလည်း ရေပန်းစားလို့ ကြိုးစားခြင်းရဲ့ရလာဒ်၊ အောင်မြင်မှုပီတိကို သူမလေးကိုယ်တိုင် နားလည်လာတာကို တွေ့ရသည်။ နောက်ဆုံးပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ရင်းက မယုံနိုင်အောင်ပါပဲ။ လင်းလင်းတို့အဖွဲ့ 'ပထမ' ရခဲ့ပါလေရော။ နောက်ပြီး ကျွန်မရဲ့  အနီရောင်ပန်းကလေးက အကောင်းဆုံး အားကစားသမားဆုကိုလည်း ရရှိခဲ့သေးရဲ့။ ဒါဟာ ဘက်စုံဖြည့်ဆည်းပေးတဲ့ ဆရာမကြီးရဲ့ စေတနာ၊ အပင်ပန်းခံပြီး စိတ်လက်ရှည်စွာ သင်ကြားပေးခဲ့တဲ့  ဆရာစေတနာ၊ ဖြစ်ထွန်း အောင်မြင်စေချင်လွန်းတဲ့ ကျွန်မရဲ့စေတနာ၊ ပန်းကလေးတွေရဲ့ တက်ညီလက်ညီ ကြိုးစားအားထုတ်မှုရဲ့ ပြယုဂ်တစ်ခုပါပဲ။

            ပြောရရင် ခဏတာ အချိန်လေးလို့ထင်ရတဲ့ သည်အဖြစ်တွေကြားမှာ အောင်မြင်မှုကို အလွယ်တကူရခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ဆောင်ချက်တစ်ခုရဲ့ စေတနာအကျိုးကို ဖြစ်ထွန်းခံစားရမှုက ကျွန်မကို ပင်ပန်းသမျှတွေ မေ့ပျောက် အရည်ပျော်သွားရစေပါသည်။  လက်အုပ်ချီပြီး ကန်တော့လာတဲ့ သမီးငယ်အနီရောင် ပန်းကလေးကို တစ်လှိုက်တစ်လှဲနဲ့ ဆုတွေပေးခဲ့မိတဲ့အခါ ကြည်နူးပျော်ရွှင် တက်ကြွနေသည့် စကားသံလေးကို လက်ခံကြားလိုက်ရပါ တော့သည်။

            ရှေ့ဆက်လျှောက်ရမယ့် ဘဝခရီးမှာ ကျောင်းဂုဏ်ဆောင် သမီးရတနာလေးတွေ ဖြစ်ပြီး မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ ပြည့်စုံပါစေ။ သောကကင်းကင်းနဲ့ စိတ်ချမ်းသာမှုရတဲ့ အချိန်တွေ ပိုများလာပါစေ။ ဒီထက်ပိုမိုအောင်မြင်တဲ့ သမီးလေး ဖြစ်ပါစေကွယ်'

            'ဆရာမပေးတဲ့ဆုနဲ့ ပြည့်ပါစေ၊ သမီးလည်း ကြိုးစားပါ့မယ်ဆရာမ'

            မတူညီတဲ့ ပန်းရောင် စုံကလေးငယ်များကြားမှာ ကျွန်မ နောက်ထပ် ကြုံတွေ့ခဲ့ရတာကတော့ 'မော်မော်'။ သူမကတော့...

            သမီးက အဘွားနဲ့နေတာ။ သမီးငယ်ငယ်ကတည်းက အဖေရော၊ အမေပါ မရှိကြတော့ပါဘူး။ အမျိုးတွေလည်း ရှိလား၊ မသိဘူး။ သမီးနဲ့အဘွား နှစ်ယောက်ထဲပဲ။ နောက်အဘွားဆုံးသွားတော့ သမီး ဘယ်သူနဲ့ နေရမှန်း မသိဘူး။ အဲဒါ သမီးတို့အိမ်နားက ရပ်ကွက်လူကြီးတွေ ရောက်လာပြီး သမီးကို ရွယ်တူတွေ အများကြီးရှိတဲ့ ကျောင်းကိုပို့ပေးမယ်တဲ့။ အဲဒီမှာ နေဖို့စားဖို့ မပူရဘဲ အေးအေးချမ်း ချမ်းလည်း ရှိတယ်။ သမီးနဲ့ သင့်တော်တယ်ဆိုပြီး ပို့ပေးတာ။ အစကတည်းက သမီးတို့ သူများအိမ်မှာ ကပ်နေရတာ။ ကြုံရာ လုပ်ပြီး ဖြစ်သလို စားရတာလေ'

            မျက်ရည်ဝဲဝဲနဲ့ ပြောနေတဲ့ သူမလေးက လူမှုရေး ဒုက္ခရောက်နေတဲ့အတွက် ကျောင်းကို ရပ်ကွက်လူကြီးတွေကတစ်ဆင့် လူမှုဝန်ထမ်းတိုင်းရုံးက အမိန့်နဲ့ ရောက်လာတာ။ ရောက်ကာစက အဘွားကို သတိရလို့ဆိုပြီး မကြာခဏ ချော့မော့ရင်းက ကျွန်မနဲ့ ရင်းနှီးသွားခဲ့တာ အသက်ကလည်း ဆယ့်သုံးဆယ့်လေးနှစ် အရွယ်၊ အတန်းပညာကလည်း ရေးတတ်ဖတ်တတ်ရုံသာ။ ဘဝကလည်း ခပ်ကြမ်းကြမ်းမို့ စာနာသနားမိရင်း သင့်တော်ရာ တစ်ခုခုလုပ်ပေးဖို့ စိတ်ကူးမိခဲ့သည်။ အနေအေးပေမယ့် မပွင့်တပွင့်နဲ့ စကားလည်း သိပ်မပြောတဲ့ မော်မော်ကတော့ ကျွန်မရဲ့ ခရမ်း ရောင်ပန်းကလေးပေါ့။

            ကျောင်းမှာရှိတဲ့ စက်ချုပ်သင်တန်းမှာ စက်ချုပ်သင်စေဖို့ သူမရဲ့ ဆန္ဒကို မေးမိတော့လည်း ခေါင်းမညိတ်ခေါင်းမခါပါ။ ဒါဆို ကျွန်မ ဘယ်လိုလုပ်ရပါ။

            'သမီး... သမီးမှာ မိသားစုလည်းမရှိဘူး။ ကျောင်းစာလည်း ဟုတ်တိပတ်တိ မရဘူး။ သမီးက တဖြည်းဖြည်းနဲ့ အသက်ကြီးလာမှာနော်။ အခု ဒီမှာနေပေမယ့် နောက်ကြီးလာရင် သမီး ဘာလုပ်စားမလဲ။ အတတ်ပညာတစ်ခုခု တတ်ထားမှ ဖြစ်မှာပေါ့။ ဒါမှ သမီး သက်တောင့်သက်သာ နေနိုင်မှာလေ။ ဘဝအကြောင်း မကောင်းလို့ ဒုက္ခရောက်ရပေမယ့် ကံကောင်းလို့ ဒီကျောင်းရောက်ပြီး ဒီအခွင့်အရေးတွေ ရခဲ့တာ။ သမီးလည်း အပြင်လောကမှာ နေခဲ့ဖူးတာပဲ။ စက်ချုပ် ပညာသင်ဖို့ နေနေသာ ထမင်းမှန်မှန်စားရဖို့တောင် မနည်းရုန်းကန်နေရတာ မဟုတ်လား။

            မော်မော် နားလည်လက်ခံနိုင်အောင် ချော့တစ်ခါ၊ ခြောက်တစ်လှည့် စကားတွေ အများကြီး ပြောခဲ့တဲ့အခါမှာတော့ နားငြီးလို့ပဲလား ကျွန်မကို သနားလို့ပဲလား မသိ။ စက်ချုပ်သင်တန်းသွားဖို့ သဘောတူခဲ့သည်။ ဒီအခါလည်း စက်ချုပ်သင်တဲ့ဆရာမ ဒေါ်ကြည်ကြည်ကို မော်မော်အကြောင်းတွေ ဆွေးနွေးပြောဆိုခဲ့ရသေးရဲ့။ ပထမတော့ သူမလေးက ဝတ္တရားကျေတတ်တယ်ဆိုရုံပါပဲ။ မကြာမကြာ ဂရုတစိုက် စကားတွေပြောရင်း လေ့လာနေရတာလည်း ကျွန်မရဲ့ အလုပ်တစ်ခုပေါ့။ ဒီပန်းကလေးရဲ့ သဘာဝက တစ်မျိုးလေ။ ဆရာမ ဒေါ်ကြည်ကြည်ကလည်း စိတ်ရှည်သည်းခံစွာ သင်ကြားစေလို့။    နှစ်ပတ်လောက် အကြာမှာတော့ မော်မော်ရဲ့လက်ရာလေးတွေ တိုးတက်လာတာ၊ အရင်ကထက်ပိုပြီး စိတ်ဝင်တစား ရှိလာတာတွေကို သိခဲ့မြင်ခဲ့ရသည်။ တစ်ကယ်တော့ သူမလေးက စက်ချုပ်ပညာရပ်ကို စိတ်မဝင်စားတာ မဟုတ်ပါဘူး။ သူ့ဘာသာကို မရွေးချယ်တတ်ခဲ့တာ။ သင့်တော်ပါလားလို့ မသိနားမလည်ခဲ့တာ။

            ခရမ်းရောင် ပန်းကလေး အဆင်အသွေးလှပစေဖို့ ကျွန်မကြိုးစားခဲ့မိတယ်။ မကြာခင်မှာပဲ ကျွန်မရဲ့ ပန်းကလေးဟာ ဆရာမဒေါ်ကြည်ကြည်ရဲ့ စစ်ဆေးမှုတွေကို အောင်မြင်စွာ ဖြတ်သန်းလို့ အတော်ဆုံးကျောင်းသူတစ်ယောက် ဖြစ်လာပါလေရော။ ရင်တထိတ်ထိတ်နဲ့ မှားပြီလားမသိဘူးလို့ တွေးနေမိတဲ့ ကျွန်မရဲ့ စိတ်တွေလည်း ခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ ဒီလုပ်ငန်းဟာ စိတ်ရှုတ်ရတာ၊ မလွယ်ကူတာမှန်ပေမယ့် ကိုယ့်ရဲ့ဝါသနာမှာ စေတနာစွက်ရင်း မေတ္တာတရားတွေ ပေါင်းစပ်လို့ အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးရတာပါပဲလေ။ နောင်တစ်ချိန်မှာ ပျိုးခဲ့မိတဲ့ပန်းကလေးတွေ အလှဆုံးပွင့်လာပြီဆိုရင် ရရှိလာတဲ့ ပီတိဟာ နောက်တစ်ကြိမ်အတွက် ခွန်အားပါပဲ။

            စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ၊ အကြင်နာဆိုတဲ့ နာငါးနာရှိရမှာမို့ အပြည့်အဝ ထားရှိစေနိုင်ဖို့ ကြိုးစားရင်းနဲ့ပေါ့။

            အဆုံးတစ်နေ့ စက်ချုပ်သင်တန်းဆင်းပွဲရဲ့ စက်ချုပ်ပြိုင်ပွဲမှာ ကျွန်မရဲ့ ခရမ်းရောင်ပန်းကလေး မော်မော်ဟာ တတိယဆုကို ဆွတ်ခူးခဲ့ပါသည်။ အံ့သြဝမ်းသာခြင်းတွေ ကျွန်မရင်မှာ ဖြစ်တည်လို့။ သူမလေးရဲ့ ပျော်ရွှင်မှုပီတိစကားလေးတွေကို နားထောင်ရင်း နောက်ထပ် နောက်ထပ် ပန်းကလေးများစွာကို ပွင့်လန်းရှင်သန်လာအောင် ဆက်လက်ပြုစုစောင့်ရှောက် နေမိဦးမှာပါလေ။

            'ဆရာမရယ် သမီး ဆရာမကို ကျေးဇူးအများကြီး တင်ပါတယ်။ ဆရာမသာ စီစဉ်မပေးခဲ့ရင် သမီး ဒီပညာလည်း တတ်မှာ မဟုတ်ပါဘူး။ ဒီဆုလည်း ရမှာမဟုတ်ပါဘူး။ သမီး ဆရာမကို ညအိပ်ရာဝင်တိုင်း ကန်တော့ပါတယ်။ ဆရာမကျေးဇူးကို သမီး အမြဲသတိရနေမှာပါ။

            'သမီးရယ်၊ သမီးရဲ့ ကြိုးစားမှုကြောင့်လည်း ပါပါတယ်။ ဆရာမကို ကျေးဇူးတင်ရင် နောက်ထပ် ဒီထက် ပိုထူးချွန်အောင် ကြိုးစားပေါ့သမီးရယ်နော်'

            'ဟုတ်ကဲ့ပါ ဆရာမ'

            'ဟေး'

            ဆူဆူညံညံ အသံတွေ ကြားလိုက်တော့မှပဲ ကျွန်မလည်း အတွေးကမ္ဘာထဲက ပြန်ထွက် လာမိတော့သည်။ ကလေးတွေ ဓာတ်ပုံရိုက်နေကြတာကိုး။ ဒီနှစ် ပညာရည်ချွန်ဆုပေးပွဲမှာ ကျွန်မရဲ့ အဝါရောင်ပန်းကလေး 'မေကြည်သာ'က အဌမတန်းကို ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်သဖြင့် ပညာရည် ထူးချွန်ဆု၊ ကျောင်းဂုဏ်ဆောင် အကောင်းဆုံး အားကစားထူးချွန်ဆုရမည့် အနီရောင် ပန်းကလေး 'ခင်လင်းလင်း' 'မော်မော်' ဆိုတဲ့ ခရမ်းရောင် ပန်းကလေးကတော့ စက်ချုပ်သင်တန်း အခြေခံအဆင့် 'တတိယ' ဆု တဲ့လေ။ ကျွန်မရဲ့ ပျော်ရွှင်မှုကတော့ အနှိုင်းမဲ့ပါပဲ။

            ဒါ ကျွန်မတစ်ယောက်ထဲရဲ့ စွမ်းဆောင်မှုတော့ မဟုတ်ပါဘူး။ ဆရာမကြီးရဲ့ စီမံမှု၊ ကျွန်မရဲ့ အနီးကပ် ပံ့ပိုးမှု၊ ကလေးတွေရဲ့လိုချင် လိုက်နာကြိုးစားမှု၊ ပညာရေး တာဝန်ခံ ဆရာမ မမအေး၊ ဘော်လီဘောနည်းပြဆရာ ကောလင်းနဲ့ စက်ခန်းဆရာမ ဒေါ်ကြည်ကြည်တို့ရဲ့ ဝိုင်းဝန်း ကူညီမှုတွေကြောင့်ရောပေါ့။

            ကျွန်မမြင်ကွင်းရှေ့မှာ သူမတို့ (၃) ယောက် ပျော်ရွှင်စွာ အတူလက်တွဲပြီး ဓါတ်ပုံ ရိုက်နေကြသည်။ ကျွန်မရဲ့ ပန်းအိုးကလေးကို ပြန်ကြည့်မိတော့ အနီ၊ အဝါ၊ ခရမ်း ပန်းကလေးတွေ အတူယှဉ်တွဲပြီး သူ့နေရာနဲ့သူ လှပစွာ နေရာယူလို့ ဘာလို့နေပါလိမ့်။ သြော်...ဟုတ်ပါ ရဲ့။ သည်ပန်းကလေးတွေ ပိုမိုလှပဖို့ အဖြည့်ခံ Filter လေး ထည့်ရမှာပေါ့။ အဖြူရောင် စတားပန်း ကလေးတွေ အလိုက်သင့် ထပ်ဖြည့်လိုက်တဲ့အခါမှာတော့ ပန်းအိုးတစ်အိုးမှာ ရှိသင့်တဲ့ အရောင်အသွေး စပ်ဟပ်မှုဟာ မိုနီ၊ ပန်းကလေးတွေရဲ့ နုနယ်ပျော့ပျောင်းမှု ရစ်သမ်၊ အနားသတ် အချိုးညီ ပုံဖော်မှု ဘောင် စတဲ့ စည်းကမ်းချက် တွေအားလုံး ပါဝင်နေတဲ့ သည်ပန်းအိုးလေးရဲ့အလှကို ဘယ်သူ ယှဉ်ပြိုင်ဝံသတဲ့လဲ။ ပြီးတော့ အရောင်အသွေး မတူညီတဲ့ပန်းကလေးတွေကို ယှဉ်တွဲစပ်ဟပ်ရင်း အလှတွေ ပေါ်လွင်စေခဲ့တဲ့ စေတနာလက်ကိုရော...။

            'ဆရာမ ဆရာမပါ လာနော်...၊ သမီးတို့နဲ့ အတူတူ ဓာတ်ပုံရိုက်ရအောင်'

            ကျွန်မရဲ့ ပန်းသုံးပွင့်တို့ အတင်းလက်ဆွဲခေါ်ကြတဲ့အခါ သူတို့နဲ့အတူယှဉ်တွဲလို့ ကျွန်မရင်ထဲ ပီတီများစွာနဲ့အတူ အဖြူရောင် Filter အဖြစ် ပါဝင်ပေးရင်း သူတို့ရဲ့ အလှကို ပိုမိုအရောင် တောက်ပ စေပါတော့သည်။

ဆွေရည်ရွယ်အောင်

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်