လဲ့ဝင်းကြည်၊ချို၊
'ကြီးတော်မြရေ ဧည့်သည်' ဖိုးလေးသား မောင်ဦးအော်သံကြောင့် မီးဖိုဆောင်မှ အပြေးထွက်၍ ခြံဝမှ ဧည့်သည်ကို ကြည့်တော့ မြရီ မျက်လုံးပြူးကာ အံ့သြသွားသည်။
'အပြန်မှ ကျွန်တော်ဝင်ခဲ့မယ်
ကြီးတော်မြ' ဆိုကာ မောင်ဦးအိမ်ထဲ လိုက်မဝင်ဘဲ ပြန်ထွက်သွား၏။
အိမ်ခြံတွင်း စိုက်ထားသည့် အပင်များကို ဘာရယ်မဟုတ် အိမ်လာတိုင်း အမြဲလိုလို
လက်နှင့် ဆွဲခြွေတတ်၍ မလုပ်ရန်အော်ရသေးသည်။ ပြီးမှ ဧည့်သည်ဘက်လှည့်ကာ 'ဘယ့်နှယ့်တော်၊ ဘာကိစ္စနဲ့ အိမ်လာပါလိမ့်' အတွေးက
နှုတ်မှပင် ခုန်ထွက်တော့မလို ဖြစ်လာ၏။ သူကတော့ ငယ်မူဟန် ပုံစံအတိုင်း မပြောင်း၊
နဖူးပြောင်ပြောင်ကို လက်ဖြင့် အသာပွတ်ကာ ဝါနီကြင်ကြင် သွားများပေါ်အောင် ရယ်၍
အိမ်ပေါ်လှမ်းတက်လာသည်။
'ကိုထွန်းခင်၊ ဘယ့်နှယ့်
ကျုပ်အိမ်ရောက်လာတာတုံး'
'သတိရလို့ လာတာပေါ့
ကျုပ်နှမရဲ့'
'အလိုတော်...' ဆိုကာ မြရီ ဘာစကားမျှ မဆက်နိုင်တော့။ ကိုထွန်းခင်ကလည်း ဘာမျှမပြောတော့။
အိမ်ရှေ့ခန်းမှာ ရေနွေးတစ်အိုး၊
လက်ဖက်တစ်ပွဲ ပြင်ပေးပြီး နောက်ဖေးဆောင် ဝင်ကာ မြရီ နံနက်စာ ချက်နေလိုက်၏။
ပျောက်ကွယ်ပြီဟု ထင်ထားသည့် ရင်ခုန်လှိုင်းက မြရီ ရင်အုံကို တစ်ကျော့ပြန်
နှိုးဆွအသက်ဝင်စေသည်။
ဘာကို ဘယ်လိုခုန်မှန်းမသိဘဲ
ရင်ခုန်နေတတ်သည့် ဆယ့်စွန်းစွန်းစအရွယ်၊ ကိုထွန်းခင်က နှစ်ဆယ်ပြည့်လုလု၊ ညိုမောင်းမောင်း
ဟန်ထွားထွားဖြင့် မြရီ ရွှေရင်အုံ တသိမ့်သိမ့်ခုန်အောင် အကြည့် စူးစူးနစ်နစ်နှင့်
မြရီ နှလုံးသားကို ခြွေယူသိမ်းပိုက်ချင်နေသည့်ကာလ။
မိဘတွေ ဆုံးပြီးစလည်းဖြစ်၊ အသက်လည်း
အတော်လေးကွာသည့် အငယ်ထွေး နှမမြရီကို အရွယ်တော် နှစ်စိတ်ဟိုင်းလုလု အစ်မအပျိုကြီးနှင့်
အစ်ကိုလူပျိုကြီးတို့က စိတ်မချစွာ ဖိဖို့ ထိန်းကွပ်မှုကြောင့် မြရီ
ကိုထွန်းခင်ရှိသည့်နေရာကိုပင် မလှမ်းဝံ့၊ အောင်သွယ်အလီလီကိုလည်း နှုတ်ကြမ်းကြမ်း
ကိုယ်ရမ်းရမ်းဖြင့် ပြောဆိုတတ်သည့် အစ်ကိုအစ်မတို့ကြောင့် ဘာကို ဘယ်လို လွမ်းရမှန်းမသိဘဲ
လွမ်းဆွတ်စွာ မြရီနှင့် ကိုထွန်းခင် အရွယ်အတော်လေး ဟိုင်းခဲ့ရ၏။
မြရီတို့ မိသားစု 'ဒွေးပင်စု'နှင့် နှစ်ရွာခြား 'ညောင်နှစ်ခွ' ရွာသို့ ရေကြည်ရာ မြက်နုရှာရင်း ရောက်ခဲ့သည်။ ကိုထွန်းခင်ကတော့ 'ဒွေးပင်စု'မှာ အလွမ်းဖြင့် ဖွဲ့သည့်ရင်နှင့်
ကျန်ရစ်၏။ မြရီမှာလည်း...။
ခု အသက်ခြောက်ဆယ်နားနီး အရွယ်မှ
ကိုထွန်းခင် ဘယ်စိတ်ကူးနှင့် အိမ် အရောက် လာသည်မသိ။ ငယ်နုစဉ်တုန်းကတော့
ဒီရဲစိတ်ဆန္ဒတွေ ဘယ်မှာ သွားပစ်ထားမှန်းမသိ။ သူ့ဘက်ကသာ ရဲရဲဝံ့ဝံ့ ရှေ့တိုးခဲ့ရင်
မြရီလည်း သြော်... သူကြောက်ရမည့် အစ်ကို အစ်မတွေမှ မရှိတော့ဘဲ။ ဟယ်...ဒါပေမယ့် ဒီအရွယ်ရောက်မှ...။
'ဟဲ့ ပလုတ်တုတ်၊ ဟင်းအိုး
ဟင်းအိုး ဆူနေပြီ။ လက်ခု လက်ခု'
အတွေးဖြင့် မျောရင်း ရင်ခုန်နှုန်းတွေ
ကပြောင်းကပြန် ကာရန်သီနေကြ၏။
'မြရီ နှမ၊ ကျုပ်ကို
စကားလေးဘာလေး လာပြောဦးမှပေါ့။ ကျုပ် တစ်ယောက်တည်း အဖန်ရည်တွေ ဖိသောက်နေရတော့
ဘယ်ကောင်းလိမ့်မတုံး'
'လာပါမယ်တော်၊ လာပါမယ်။
ဟင်းအိုး ကျက်လုပြီတော့်'
မြရီ ပြန်အော်ရင်း 'ကြီးကောင်ကြီးမားမှ'
ဟု ရေရွတ်ကာ ရထားသွားသံ ရင်ခုန်နှုန်းဖြင့် ရင်ခွင်မှာ
ပန်းသွေးရင့်ရင့် မြစ်တစ်စင်း ဖြတ်စီးသည်။ ပန်းနုရောင် လှိုင်းလုံးများလည်း
ဇရာမျက်နှာပြင်ထက် ကြွတက်နေ၏။
'မီးဖိုဆောင် အလုပ်ကလည်း
အရှုပ်သားတော်ရဲ့' ဆိုပြီး ကိုထွန်းခင်ရှေ့မှာ
ရင့်ကျက်နေသည့် မိန်းမပျိုတစ်ယောက် ဟန်နှင့် ဝင်ထိုင်လိုက်သည်။
'ဟုတ်ပါတယ် နှမရယ်။ ကျုပ်
လည်း ရှေ့ဘက် ရွာကို နွားသွားကြည့်မလို့ ကြုံတာနဲ့ ဝင်လာတာ'
'ကြုံမှပဲ ဝင်လာတယ်တော်'ဟု မူစိုစိုလေး မြရီ ဆိုဖြစ်သွား၏။ 'ကြုံရင်
ကြုံသလိုပေါ့၊ နှမရယ်' နီဝါကြင်ကြင်
သွားကျဲကြီးများပေါ်အောင် ရယ်ရင်း နဖူးပြင် ပြောင်ပြောင်ကို လက်ဖြင့် ပွတ်သပ်ကာ
ကိုထွန်းခင် ဆိုပြန်တော့ 'အလိုတော်'အသံနှင့်
မြရီမျက်စောင်း ကိုထွန်းခင် ရင်ဘတ်ထဲ ရောက်သွား သည်။ အဖန်ရည် ကိုင်သောက်နေသည့်
လက်တွေလည်း မငြိမ်သက်တော့။
ဘာကို ဘယ်လို 'အလိုတော်' လိုက်မှန်းမသိဘဲ မြရီ ကိုထွန်းခင်
မျက်နှာကို မကြည့်ရဲအောင် ရှက်နေပြီ။ ကိုထွန်းခင်၏ မျက်ဝန်းတို့က ရွှန်းစိုလက်လဲ့၍
နှုတ်ခမ်းနှစ်လွှာကလည်း မပြုံး၊ ဤသို့ပြုံး ဤသို့ဖြင့်သက်ဝင် နွေးထွေးလွန်းလှ၏။
အသက်အရွယ်နှင့် မဆိုင်သော ပျိုမျစ်နုနယ်သည့် ရင်ခုန်လှိုင်းအားကို
လက်တွေ့သိမြင်ခံစားရပြီမို့ စကားမဆိုနိုင်ကြတော့။ အဖန်ရည်ပူပူကိုသာ တဖူးဖူးဖြင့်
မှုတ်သောက်နေကြရသည်။
'မြရီ နှမ
ကျုပ်သွားတော့မယ်'
ငြိမ်သက်နေရာမှ
အာရင်းသံလေးလေးကြီးဖြင့် ပြောလိုက်သည့် ကိုထွန်းခင်စကားကြောင့် မြရီ ရင်အုံတုန်သွားကာ
'အယ်... ထမင်းစားသွားဦးလေ'ဟု
သံစဉ်မညီမညာ ပြောမိသည်။
'မစားတော့ဘူး၊
မစားတော့ဘူး။ သွားတော့မယ်'ဆိုရင်း ကိုထွန်းခင် လွယ်အိတ်နှင့်
ခမောက်ကို ကိုင်သည်။ မြရီရင် သာသာလေး အခုန်မြန်သွား၏။ သွေးခုန်နှုန်း
ပြတ်တောင်းတောင်းနှင့် ဝဲချင်ချင် ဖြစ်နေသည့် မျက်ရည်ကို အသာထိန်းကာ 'ကြုံရင်ဝင်လာလည်ပါတော်' လို့ အမှာဖွဖွပါးမိသည်။
မြရီမှာခြွေစကားကို
နားထောင်ပြီး ကိုထွန်းခင် တွေတွေကြီးရပ်၍ မြမေကို စိုက်ကြည့်လေ၏။ ပြီး
လွယ်အိတ်ထဲလက်နှိုက်ကာ တစ်ခုခုရှာနေ၍ ကိုထွန်းခင် လက်ထဲပါလာမည့်အရာကို မြရီ
စိတ်ဝင်စားစွာ ကြည့်တော့ လက်တစ်ဆစ်ခန့် မြေဖြူခဲ သေးသေးလေးကို တွေ့သည်။
အိမ်ပေါက်ဝဘေးအတွင်း သူရပ်နေသည့်
နံရံဘက်မှာ ချိတ်ထားသော နှစ်ပေပတ်လည်ခန့် မည်းဖျော့ဖျော့
ကျောက်သင်ပုန်းဟောင်းပေါ်သို့ ကိုထွန်းခင် စာလုံးခြောက်လုံးခန့် ကသော ကမျော
လှည့်ရေးပြီး မြရီကို နှုတ်မဆက်ဘဲ ခြေလှမ်းကျဲကြီးများဖြင့် အိမ်ပေါ်မှ ဆင်းသွား၏။
မြရီ လှိုက်ဖိုဖိုရင်နှင့်
ကိုထွန်းခင် ရေးသွားသည့် စာကိုဖတ်သည်။ နှုတ်မှ ပြောမထွက်သည့် စကားလုံးအချို့ကို
အက္ခရာတင် ရေးပြသွားသည့်အတွက် 'ရှင် ဘာစာရေးသွားတာလဲ၊ ပြော ပြစမ်းပါတော်'
ဟု ကိုထွန်းခင်ကျောကို အားပါးတရထုကာ ကနွဲ့ကလျလေး ဆိုချင်လာ၏။
သို့သော် အချိန်နှင့်အရွယ်က မြရီတို့နှစ်ဦးကို အဆိပ်ငွေ့လို တဖြည်းဖြည်း
ရင့်ရော်အိုမှိုင်းစေပြီ။
'မြရီ ဖတ်ပြီး ဖျက်ပစ်မှာပဲ'
အတွေးဖြင့် ရေးခဲ့ဟန်တူသည်။ စာကောင်းကောင်း မသင်ခဲ့ရ၍ ခုချိန်မှာ
စာလုံးတွေလည်း မဖတ်တတ်၊ မရေးတတ်တော့။ ကိုယ့်အမည် ကိုယ်ပေါင်းတတ်အောင်
မနည်းကြိုးစားမှတ်နေရသည့် အရွယ်ရောက်မှ အရေးကြုံလည်း သက်လုံမရှိ။ ငယ်နုစဉ်က
ခါးကြား၊ ရင်အုံကြား လိန်ကျစ်ခေါက်ယူ၍ သူငယ်ချင်းလှမေကို ဖတ်ခိုင်းခဲ့သည်။
ဒီအရွယ်ရောက်မှ။ ဒီအချိန်ဒီအရွယ်မှာ ဒီစာကြောင်းကို ဘယ်သူ့ ခေါ်ဖတ်ခိုင်းရပါ့။
စိတ်ပျက်နေသော ရင်အုံမှိုင်းညိုညို မျက်ဝန်းအိမ်ဖြင့် စာလုံးများကို
ငိုင်ကြည့်နေရသည်။
ဘေးခြံက မအုန်းခိုင် သမီးလေး ဆိုဆိုပြသည့်
'ရေအိုးကလေး ရွက်လာရင် အဲဒါလုံးကြီးတင်၊ ပြေးရင်ပင် နောက်ပြန်လဲ
နောက်ပစ်ကလေးပဲ' စာလုံးတွေလည်းပါမှာ စိတ်ကူးဖြင့်
သင်ပုန်းကြီး ဖတ်စာကျေအောင် သင်ချင်သည့် အာသီသ ပြင်းပြလာ၏။ ကိုယ့်အဖြစ်ကိုယ်
ပြန်တွေးကာ စာမကျေခဲ့ သည့်ဘဝကို မကျေနပ်သလို ဖြစ်လာ၏။
ကျောက်သင်ပုန်းပေါ်မှာ မညီမညာ ရေးထားသည့်
စာလုံးခြောက်လုံးခန့်က မြရီ စိတ်အာရုံကို ညှို့ငင် သိမ်းသွင်းထားပေမယ့် မြရီမှာ...။
လျှပ်တစ်ပြက် ထွက်ပေါ်လာသည့် ဉာဏ်ကြောင့် မြရီ ရင်အပျော်လူးကာ ဘေးခြံမှ
မအုန်းခိုင်သမီးကြီး သုံးတန်းကျောင်းသူကို လှမ်းအော်ခေါ်လိုက်သည်။
'ဝါဝါမရှိဘူး။ သူ့ဘွားလေး
ကျင်ခအိမ် သွားတယ်'
မအုန်းခိုင် ပြန်ဖြေစကားကြောင့် မြရီ
ရင်အုံ အကြံအိုက်ပူပန်ရပြန်၏။ သို့ပေမယ့် ဖြစ်ပေါ်နေသည့် စိတ်အာရုံက အာသီသ
ပြင်းစွာ သွေးထိုးလှုံ့ဆော်လာ၍ ဝါဝါကို မကျင်ခအိမ်မှာ သွားခေါ်ရန် ထွက်ခဲ့သည်။
မြရီခြေလှမ်းတွေ
တွန်းကန်အားတစ်ခုကြောင့် အရွယ်နှင့်မမျှ သွက်နေသည်။ လမ်းမှာနှုတ်ဆက် သည့်
အသိမိတ်ဆွေတို့ကိုလည်း စကားကြာကြာ ရပ်မပြောနိုင်။ မကျင်ခအိမ်သို့ ဝါဝါကို
ခေါ်ရန်သာ အလျင်နှုန်းကောင်းကောင်းဖြင့် လှမ်းနေရ၏။
'ဟယ်...ဝါဝါ၊ လုံမ လာလာ၊
ကြီးမြအိမ်လိုက်ခဲ့၊ မုန့်ကျွေးမယ်'
မကျင်ခအိမ်မှ ပြန်လာသည့်ဝါဝါကို
လမ်းတစ်ဝက်တွင်ပင်တွေ့၍ ဝါဝါ့လက် အမြန်ဆွဲကာ မြရီ အိမ်သို့ အမြန်နှင်သည်။ ကလေးက
မုန့်စားရမည့်အတွေးဖြင့်ပင် မြရီ ခြေကုန်လျှောက်သည်ကို အမီအပြေးလျှောက်ရင်း 'ကြီးမြကလည်း
မြန်လိုက်တာ' ဆိုသည်။
ကိုထွန်းခင် ရေးသွားသည့် စာကြောင်းကို
မြရီ သိချင်နေ၍ ဝါဝါ၏ မောဟန်နှင့် ပြောသံကိုလည်း ဂရုမစိုက်နိုင်။ ဖတ်ပြီးသည်နှင့်
ဖျက်ပစ်ရမည့်စာ၊ တခြားသူတွေ ဖတ်မိသွားလျှင်လည်း မြရီတွေးရင်း အရှက်ဝင်ကာ
ခလုတ်တိုက်မလို ဖြစ်သွား၏။ အိမ်ဘက်ဆီသို့လည်း လှမ်းမျှော်ကြည့်မှ လှစ်ခနဲ
လူရိပ်တစ်ရိပ် ထွက်သွားသလို မြင်၍ ခြေလှမ်းအားကုန်လျှောက်လိုက်သည်။
မြရီ ခြံပေါက်ဝ ခြေချမိမှ
ရင်မှထန်နေသည့် အပူလှိုင်းငြိမ်းကာ 'လုံမ၊ မောနေပြီလား။ ကြီးမြ
မရွေး ကျွေးမယ်နော်'ဆိုပြီး လှိုက်ဖိုခုန်
စိတ်ရိုင်းအငုံလေးကို ဖွင့်ဖို့ အိမ်ပေါ်သို့ လှမ်းဆင့်တက်လိုက်၏။
'ဝါဝါ လုံမ၊ ဟယ်...
မရှိတော့ဘူး။ ပျက်သွားပြီတော်'
ရင်အုံထဲ လိပ်ထည့်ခြင်း ခံထားရသည့်
နှစ်ဆယ်တန်အနွမ်းလိုပုံနှယ် နွမ်းရိစွာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့၏။
မကြာသေးခင် အချိန်ကမှ လက်ဖြင့် အဖျက်ခံထားရသည့် ဖျက်ရာ စာကြောင်းလေးကို ကြည့်ပြီး
မြရီ သွေးခုန်နှုန်း ကပြောင်းကပြန်ဆန်စွာ မျက်ရည်များလည်း နှလုံးသား၏
တွန်းကန်အားကြောင့် မျက်လုံးအိမ်တွင် ဝိုင်းရစ်အုံဖွဲ့ကျလုလု ဖြစ်လာသည်။
မြရီမျက်နှာကို ဝါဝါ အဖြေရှာသလို
ကြည့်နေ၏။ မြရီ ဘယ်လိုစကားမျိုးမှ ပြောမထွက်နိုင်သေး။
'မုန့်မရှိရင်လည်း
ပြန်တော့မယ်' ဆိုကာ ဝါဝါ သူ့ခြံဘက်သို့ ပြေးသွားပြီး
မြရီနှုတ်ခမ်းတွေ ဆွံအစွာဖြင့် တစ်ကိုယ်လုံး လှုပ်ရှားမှု မဲ့နေပေမယ့်
ရင်တစ်ပြင်လုံးမှာတော့ ငလျင်အားနှင့် ဒီရေ လှိုင်းပေါင်းစု ထိတွေ့နေကြ၏။
သက်ရှိရုပ်ကြွင်းနှယ် မြရီ
ထိုင်ငိုင်ကာ ဘာမှန်းမသိလိုက်ရသည့် စာကြောင်းလေးကို မှန်းဆရင်ခုန်နေရင်း နှုတ်မှ
အသံဖွဖွလေး ထွက်သွား၏။
'ကြီးတဲ့အထိ လူကို
ဒုက္ခလာပေးတုန်း'
▀
လဲ့ဝင်းကြည်၊ချို၊
(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်