ရွှေဝတ္ထု

သူစိမ်းဆန်တဲ့ ဧရာဝတီ

ကံထွန်းသစ်

01 February 2025
သူစိမ်းဆန်တဲ့ ဧရာဝတီ
Share to

            တန်ခူးလေသည် အိမ်၏တောင်ဘက်မှ ကြွေရွက်များနှင့် အုပ်သင်းဖွဲ့ဝင်လာကာ အိမ် အောက်ကို ထုတ်ချင်းထွင်း၍ မြောက်ဘက်သို့ ထိုးထွက်သွားသည်။ အိမ်အောက်ရှိ စားပွဲ တစ်ဖက် တစ်ချက်ဆီမှ ထိုင်ရင်း အမေနှင့် စကားပြောနေမှုကို အနှောင့်အယှက်၊ အဟန့်အတား ပြုသွားသည်ကတော့ အမှန်ပင်။ အမှိုက်များ ငြိမ်မှ စကားဆက်ဖြစ်ကြပြန်သည်။ နှောင်း ဖြစ်ဟောင်းများသည် နှုတ်များနားများတွင် ပြန်သစ်လာကြပြန်သည်။ ရောက်စမို့လည်း စကားတို့က ပြောမကုန်ချင်။

            သင်္ကြန်အလုပ်ပိတ်ရက်များကို ရွာသို့ရွှေ့ယူလာခြင်းကပင် ယခုလို အမေနှင့်အတူ ရှိနေဖို့ရာလေ။ မကြုံဖြစ်သည်မှာ ကြာပြီဖြစ်သော ရွာ၏သင်္ကြန်ရက်များကား အခြားနေ့များနှင့် တယ်ပြီး မခြားနားလှ။ ရေပက်နေသူကလေးတချို့နှင့် ကာရာအိုကေနှင့်ကကြ ခုန်ကြမည့် စင်လေးနှစ်ခုသာ ပိုလာသည်။ ဒါလေးတွေသည်ပင် မြို့ရောက်မြို့ပေါက်များသော လူရွယ်တချို့က ပုံတူကူးယူ လာသောကြောင့်သာ၊ ကျန်အရာများကား ငယ်စဉ်ကနှင့် မခြား။ ဥပုသ် ကျောင်းသွားကြမည်၊ ဘုရားတွေ ရေသပ္ပာယ်ကြမည်၊ လူအိုလူမင်းတွေ ရေကန်တော့ကြမည်၊ မုန့်လုံးရေပေါ် လုပ်ကြမည်။ နှစ်ကူးလျှင် ရှစ်မျက်နှာဘုရားမှာ နှစ်ဦးဆွမ်းကပ်ကြမည်။ ပရိတ်တရားနာကြမည်။ သမဏိရှည်ခဲ့သော မိရိုးဖလာ အဓိပ္ပာယ်များ၊ မြေနှင့်လက်မပျက် ကွက်ကြေးစာချုပ်ထားသလို လုပ်ကိုင်နေကြသည့် တောင်သူ လယ်သမားများမို့ သင်္ကြန်၏အဓိပ္ပာယ်ကို ဒါထက်ပို၍ မဖော်တက်ကြရော့ထင့်။

            ဘာလိုလိုနှင့် ဒီနှစ်သင်္ကြန်သည် ဖြတ်သန်းခဲ့သော သုံးဆယ်ကြိမ်မြောက် သင်္ကြန်ပါလား။ ဒါဆို... အမေ့အတွက်... အို...ခုနှစ်ဆယ့်ငါးကြိမ်မြောက်။ ဒီသုံးရက်လွန်မြောက်လျင် အမေ အသက် ခုနှစ်ဆယ့်ခြောက်။ သြော်... တုန့်ဆိုင်းထား၍ မရသောအရွယ်သည် တရွေ့ရွေ့ဖြင့်...

            အမေ့ကို သေချာစွာ ကြည့်မိတော့ ပါးလျားသော ကိုယ်နေသည် သိသာအောင် ဖျော့လှီခဲ့ပြီလေ။ တစ်ခေါက်နှင့်တစ်ခေါက် ကွဲပြားခဲ့ပြီကော။

            'ကဲ... ရေပက်ခံလိုက် ကြမည့်သူတွေ လာကြနော်။ မြစ်ဆိပ်ကို လှည်းထွက်တော့မယ်'

            'လာထားနော်...လာထား၊ မြစ်ဆိပ်ကို၊ မြစ်ဆိပ်ကို၊ ယမင်းတို့ ခင်သန်းစိန်တို့ နွေးထွေးတို့ လိုက်ရင် အမြန်နော်'

            ဝင်းခြံပေါက်ဆီမှ ထွက်ပေါ်လာသော အသံများကြောင့် လှမ်းကြည့်လိုက်တော့ အမေ၏မြေးများ၊ အတူနေ သမီးကြီးက မွေးသည့်သားနှင့် အမေ့သား အငယ်ကောင်က မွေးသည့် သားလူပျိုနှစ်ကောင်။ ရေပက်ခံလှည်းနဲ့ ထွက်ကြမည် ဆိုပါလား။ တယ်ဟုတ်ပါလား။ မြို့မှာဆို ကားနဲ့။ ဒီမှာတော့...

            အတိုင်အလှည့် နွားများကို ထမ်းပိုးတစ်ဖက် တစ်ချက်ဆီမှာ တပ်၍ လှည်းကနေကြရင်းမှ သူငယ်ချင်းမများကို ခေါ်နေကြသံ၊ ထိုအသံများကို ကြားလိုက်ရ၍ ထင့်၊ အမေ၏ နွဲ့ခွေခွေ အနေအထား ခန္ဓာသည် ဆတ်ခနဲ မတ်သွားသလို၊ မျက်လုံးများကလည်း လက်၍လာသည်။ ထိုအသံလာရာဆီသို့ လက်မိုးကာ ကြည့်ရင်း...

            'ဟဲ့... ကလေးတွေ စန်းလွင်ဦးတို့၊ ကောင်းမြတ်ထွန်းတို့ မဟုတ်လား၊ မင်းတို့ မြစ်ကို သွားကြမလို့လား... ဟေ'

            'ဟုတ်ကဲ့…အမေကြီး၊ ရေပက်ခံရင်း ရေချိုးရင်း သွားကြမလို့'

            ပြန်ဖြေသံကို ကြားလိုက်ရသောအခါ အမေသည် ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အိမ်၏ နောက်ဘက်ဆီကို အသံမြှင့်ကာ…

            'ဟဲ့ နင်တို့အဖေတွေ၊ အမေတွေ ဘယ်သွားကုန်ကြတုန်း။ ဟဲ့...ဟဲ့...ကျော်ဝင်းတို့၊ ဋ္ဌေးမတို့၊ နင်တို့သားတွေကို မပြောကြတော့ဘူးလား။ မြစ်ဆိပ်ကို သူတို့ ရေသွားချိုးကြမလို့တဲ့ဟဲ့'

            မြစ်ဆိပ်ဆီသို့ အပြေးလာခဲ့ကြသည်။ ကျောင်းက ပြန်ရောက်သည်နှင့် အမေက အစ်မကြီးနှင့် အိမ်နီးနားချင်း အဖော်တွေ ရေချိုးသွားနှင့်ကြပြီဆို၍ ကပျာကယာ လွယ်အိတ်ကိုချ၊ အင်္ကျီကို ချွတ်ကာ ဘောင်းဘီတိုလေးတွေနှင့် ညီအစ်ကိုနှစ်ယောက် ယခုလို မြစ်ဆိပ်ဆီသို့ ဒုန်းစိုင်းလာကြခြင်းပင်။ နှစ်ခေါ် သာသာ သုံးခေါ်လောက်တွင် ဧရာဝတီမြစ်သည် ဦးတိုက်တည်နေသော ရွာ၏ ခေါင်းရင်းမှ စီးဆင်းနေသည်လေ။ မြစ်၏ ရေဆိပ်သည် မဆိတ်ညံ။ ရေချိုးသူ၊ အဝတ်လျှော်သူ၊ ရေစည်လှည်း တိုက်သူ၊ ရေခပ်သူတို့နှင့် နံနက် ညနေ စည်ကားမြဲ။ ခုလို နွေရက်များဆို ပို၍ပင် စည်းကားလျက်။

            နေ့စဉ် မဟုတ်သည့်တိုင် လျှော်ဖွပ်ရန် အဝတ်တွေ များလာသည့်အခါဆို ဤကဲ့သို့ အိမ်မှ အစ်မတစ်ယောက်ယောက်သည် လျှော်ဖွပ်ရန် မြစ်ဆိပ်သို့ သွားနေကျ။ ထိုအခါ ညီအစ်ကိုနှစ်ယောက် ရေချိုးလိုက်ပါရလေ့ရှိသည်။ ထိုအခွင့်အရေးသည် ကလေးတွေအဖို့ တကယ့်ပျော်ရွှင်ဖွယ် ဆုလာဘ် ကြီးပါလေ။ ယနေ့လည်း အစ်မသည် အဝတ်ထုပ်နှင့်အတူ အိမ်နားနီးချင်း သူ့သူငယ်ချင်းမတွေနှင့် မြစ်သို့ သွားနှင့်ပြီ။ ဟိုဘက်အိမ်က ကလေးတချို့လည်း ပါသွားသတဲ့။ သူများတွေသွားတာ မြင်တော့  တငိုငို ပူဆာနေလို့ ညီမလေးကိုတောင် ထည့်လိုက်သတဲ့။ အဟင်း... ညီမလေး မတူး သူပျော်နေမှာ။

            အပျော်ဖြင့် အမောကို ဖုံးရင်းမြစ်ဆီကို ဒုန်းပြေးခဲ့ကြသည်။ ရောက်လုပြီ။ ရောက်တော့မည်။ ရောက်လျှင် မြစ်ထဲသို့ ပြေးဆင်း။ အလို...ဟိုရှေ့ဆီက... ပြေး ... လာ...

            ရှေ့တူရူမှ ဘောင်းဘီတိုလေးနှင့် ကောင်လေးတစ်ယောက် နည်းတူပြေးလာနေသည်ကို တွေ့ရသည်။ ဘယ်သူပါလိမ့်။ တဖြည်းဖြည်းနီးလာမှ လူပုံကို ဖမ်းမိတော့သည်။ တောင်ဘက်အိမ်က သူငယ်ချင်း မောင်ငငြိမ်း ဟင်...သူ...သူတောင် ရေချိုးပြီးလာပြီ။ တို့ကဖြင့်...

            'ဟေ့...ဟေ့... ကောင်...ဟောင်...မောင်... မောင်ဆွေတို့ မတူးလေ ရေနစ်သွားလို့ကွ။ ဟင်... မတူးရေနစ်သွားလို့...မတူးလေးရေနစ်သွားလို့၊ မတူးလေး...ရေနစ်...သွား... သူ့စကားအတိုင်း ပြောရင်း သူပြေးရာနောက်သို့ ပြေးလိုက်နေမိကြသည်။

            'ငါ လူကြီးတွေ သွားခေါ်မလို့'

            အမောတကော ပြောပြောပြေးပြေးရှိနေသော မောင်ငငြိမ်းနောက် ပြေးလိုက်နေကြရာမှ သတိရကာ မြစ်ဆိပ်ဆီ ပြန်လှည့်ပြေးခဲ့ကြပြန်သည်။ တဖန်ရွာဆီသို့ပြေး လိုက်ကြပြန်သည်။ ဝေးသွားသော မော်ငငြိမ်းကို လှမ်းမြင်မှ မြစ်ဆီသို့ ခြေဦးလှည့်ခဲ့ကြမိတော့သည်။

            မြစ်ဆိပ်သို့ ရောက်တော့ လူတွေတော်တော်များများကို တွေ့ရသည်။ ရေထဲမှာတချို့၊ ကုန်းပေါ်မှာ တစ်ဝက်၊ ငုပ်၍တစ်မျိုး၊ စမ်း၍ တစ်သွယ် မတူးလေးကို ရှာနေကြသည်။ အစ်မကတော့ ကမ်းစပ်မှာ ငိုယိုလျက်၊ အငိုသည် ကူးစက်လွယ်သည် ထင့်။ ညီအစ်ကိုနှစ်ယောက်စလုံး မျက်ရည်တွေစိမ့်ခဲ့ပြီ။ တသွင်သွင်စီးနေသော မြစ်ကြီးကိုကြည့်ကာ ဖွဖွမေးမိသည်။ ညီမလေး မတူး ဘယ်နေရမှာပါလိမ့်။

            အဖေရောက်လာတော့ ညီမလေးကို အဖေရှာနိုင်လိမ့်မည်ဟု အားတက်မိသည်။ ဘကြီးချစ်စိန်တို့ လူကြီးတွေက အဖေ့ကို ဖျောင်းဖျနေကြသလို ဒေါ်ကြီးလှကြည်တို့လို မိန်းမ ကြီးတွေကလည်း အစ်မကို ဆွေမျိုးအိမ်တစ်အိမ်မှာ ခဏသွားရှောင်နေဖို့ ခေါ်သွားကြသည်။ အဖေရိုက်မှာ နှက်မှာ စိုးလို့တဲ့လေ။

            ရေထဲမှာတော့ ရှာသူတွေ ဖွေးဖွေးလှုပ်။ ရေကျွမ်းသည့် တံငါသည်ကြီးတွေရော၊ အဖေ့မိတ်ဆွေ လူကြီးတွေရော ဝိုင်းဝန်းပြီး ညီမလေးကို ရှာနေကြသည်။ ငုပ်သူငုပ်၊ စမ်းသူစမ်းနှင့် ရေနက်ပိုင်းတချို့ ရေတိမ်ပိုင်းမှာတချို့။ ဒီပုံအတိုင်းဆို ညီမလေးကို တွေ့မှာပါ။

            မကြာမီ အမေလည်း ငိုကြွေးရင်း ရောက်လာခဲ့ပြီ။ အမေ့နားသွားကာ ရောငိုနေမိသည်။ အစ်ကိုကတော့ ကမ်းစပ်မှာ ဆင်းကာ ညီမလေးကို ရှာနေလို့ လူကြီးတွေက ကုန်းပေါ်သွားနေရန် ဆိုလွှတ် လိုက်ကြသည်။

            'အစ်မလုပ်သူကိုက ပေါ့လျော့တာ။ ကိုယ့်ကလေးကို ဂရုမစိုက်ဘဲများ အဝတ် လျှော်နေရတယ်လို့'

            မကျေမချမ်းသံ တစ်ခုသည် အသံများကြားမှ တိုးထွက်လာသည်။ ဖြစ်ပျက်ပုံသည် တစ်ယောက်တစ်မျိုး ပြောရာမှ ဆက်စပ်လာတော့သည်။ ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်ရွယ် မိန်းမပျိုနှစ်ဦးနှင့် မောင်ညီမကလေးတစ်သိုက် မိန်းမပျိုတို့က အဝတ်များကို ကမ်းစပ်တွင် မျက်နှာချင်းဆိုင် လျှော်ဖွပ်နေကြစဉ် ကလေးတွေက ရေထဲတွင် ကူးသူကူး၊ ယက်သူယက်နှင့် မြူးတူးပျော်ပါးလျက်၊ ထိုအထဲတွင် အငယ်ဆုံးဖြစ်တဲ့ မတူးလေးက ကမ်းစပ်မှာ သူ့လုံချည်လေးကို ပူဖောင်း လုပ်စီးနေသတဲ့။

            ဒါက နောက်ဆုံးတွေ့လိုက်ကြသည့် အနေအထား ကလေးတွေ ရေချိုးတော်ချိန်တန်ဖို့ ကမ်းပေါ်တက်စေသည့် အချိန်တွင်မှ စောစောက သရက်ထည်ပွင့်နီလုံချည်လေးနှင့် ရေချိုးနေခဲ့သော ငါးနှစ်သာသာရွယ် မတူးလေးသည်...

            'ကျွန်မ အပြစ်ပါတော်၊ ကျွန်မ အပြစ်ပါ။ အီး... ဟီး... အစက ခုလိုဖြစ်မှာ စိုးလို့ မထည့်ခဲ့ဘူး။ အဖော်တွေ သွားတာမြင်တော့ ငိုပြီး ပူဆာနေလို့ သနားပြီး ထည့်မိ'

            အမေ၏ မချိတင်ကဲ သံသည် အဆုံးမသတ်။

            'ကဲဟေ့...နောက်ဆုံးနည်းပဲ။ သူ့ရဲ့ခေါင်းအုံး သွားယူချေကြ။ အဲဒီခေါင်းအုံး မျှောလိုက်လို့ ရပ်သွားရင် အဲဒီရပ်တဲ့နေရာမှာ ရှိတယ်တဲ့။ ကိုင်း...မြန်မြန်သာ သွားယူကြ'

            အရှေ့ရွာက အဘိုးအို တစ်ယောက်၏ အော်ပြောသံ၊ အားလုံးက စိတ်ဝင်စားသွားကြသည်။ လျှော့လုလုလက်တို့ ပြန်တင်းသွားကြဟန်။ အဘိုးကို ဝိုင်းကြည့်ရင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ သည်။ အများတက်ကြွဟန်ကြောင့်ထင့်။ ဒါဆို ညီမလေးကို တွေ့တော့မှာပေါ့နော်ဟု ဆွဲထားသော အမေ့လက်ကို တင်းတင်းဆုပ်ရင်း မေးမိသည်။

            မကြာမီမှာပင် ညီမလေး၏ ခေါင်းအုံးလေး ရောက်လာတော့သည်။ အပြေးသွားယူလာသော ဦးလေး ကိုကျော်ဇံလက်မှ ခေါင်းအုံးလေးကို လူကြီးတစ်ယောက်က ဆီးယူကာ မြစ်ထဲသို့ အသားလေးချ လိုက်လေသည်။

            ဝါကြန့်ကြန့် ခေါင်းအုံးငယ်လေးသည် မြစ်ရေတွင် တလည်လည်နှင့် မျောရှာချေပြီ။ ထိုခေါင်းအုံးလေးအတူ ညီမလေးသည်လည်း အို... မမျောဘူး...မမျောဘူး... ညီမလေး ရှိနေမှာပါ။ ဘုရား သိကြားမလို့ ညီမလေးကို တွေ့ပါစေ...တွေ့...ပါ... စေ။

            အမေ့ကို မော့ကြည့်လိုက်တော့ မျက်ရည်စိမ်မျက်လုံးများနှင့် ခေါင်းအုံးလေးမျောရာ လိုက်ကြည့်နေသည်။ အို...အားလုံးလိုလို ပါပဲလေ။ ရေထဲမှာ ရှာနေသူတွေပင် အံ့သြငေးမောလို့။ ကမ်းပေါ်က လူတွေကလည်း အသံတိတ်လို့၊ ခေါင်းအုံးလေးကသာ တရွေ့ရွေ့ဖြင့်... ကျွန်းဦးကုန်း ကမ်းစအတိုင်း ကွေ့ဝိုက်စီး ဆင်းသွားသော ရေစီးဝယ်ချာလည်လှည့်ကာ မျောပါသွားနေရှာသည်။ ထိုကို ငေးနေရင်း ရင်ထဲမှာ ခေါင်းအုံးလေးရေ... ညီမလေးရှိရာကို ပြောပြပေးပါလားဟေ့လို့ အသံတိတ်အော်နေမိသည်။

            ထိုစဉ် ခေါင်းအုံးလေးက မျောနေရာမှ တန့်သွားကာ တစ်နေရာတည်းတွင် ဝဲလယ်နေတော့သည်။ တကယ်လို့ ထိုနေရာကိုလွန်လျှင် ရေစီးသန်လှသည့် မြစ်ကြောင်းကို ရောက်တော့မည်။ ထိုအခါ ခေါင်းအုံးလေး ရပ်စခန်း မမြင်တော့။ ယခုမူ...

            ဝမ်းသာအဲလည်းနှင့် တစ်ယောက်က...

            'ဟော... ခေါင်းအုံးလေး ရပ်သွားပဟေ့၊ အဲဒီ နေရာသွားငုပ်ကြ...သွားငုပ်ကြ...'

            အော်သူ၏ စကားမဆုံး လူနှစ်ယောက် ကူးခတ်သွားကြကာ ရောက်သည်နှင့် ငုပ် လျှိုးသွားကြတော့သည်။ ရင်သည် ဒိတ်ဒိတ်တိုးလာသည်။ ဘုရားမလို့ ညီမလေးကို တွေ့ပါစေ။ ညီမလေးကို တွေ့...

            တဖွားဖွားနှင့် ငုပ်သူတွေ ပေါ်လာကြသည်။ ဘာမျှ မထူးခြား။ ရေငုပ်သန်သည့် ကိုလာဘကြီး ဘွားခနဲပေါ်အလာမှာတော့ သူ့ လက်ထဲတွင် တစ်စုံတစ်ခု ဟား...သရက်ထည်ပွင့် လုံချည်နီလေး...ဒါဆို...

            'ဒါလေးပဲ တွေ့တော့တယ်။ အောက်မှာ ဆူးနဲ့ငြိနေတာ'

            အဖေက ခေါင်းငိုက်စိုက်ကျသွားသလို အမေက ရှိုက်သံထွက်လာသည်။ အသံထွက် ငိုလိုက်မိပြီး လူတွေကို မျက်ရည်ကြားက လှမ်းကြည့်မိတော့ အားလုံးလက်လျှော့သွားကြပြီ။ ရေထဲက လူများက ကမ်းပေါ် တက်လာကြပြီး ကမ်းပေါ်က လူတွေက ပြန်ရန် ပြင်ကြပြီ။

            စိတ်မလျှော့နိုင်သေးသူတွေကတော့ အဖေနှင့် အမေ။ ပြီးတော့...      

            လေးဖင့်စွာ အပြန်လမ်း အမေ့လက်ကိုဆွဲကာ လိုက်ခဲ့ရင်း...

            'အမေ ဒီမြစ်နားမှာ ရုက္ခစိုး မရှိဘူးလားဟင်'

            မကျေမချမ်း မေးလိုက်မိသည်။ အစကတော့ ဘာကို မေးလိုက်မှန်း အမေ ရိပ်မိပုံမရ။ အတန်ကြာမှာ သူ့လက်နှင့် ဆံပင်ကို သပ်ပေးရင်း ငေးရီစွာ ငုံ့ကြည့်နေသည်။

            တကယ်ဆို အမေရာ ရုက္ခစိုးက ညီမလေးကို မြစ်ထဲက ဆယ်တင်ပေးသင့်တာပေါ့။ ခုတော့ ဘာလို့များ...

            အမေပဲ ပြောပြခဲ့သည်လေ။ တစ်ညသားမှာပေါ့။ ဟိုးရှေးရှေးတုန်းက ပင်လယ်ကြီးနားက အုန်းပင်ပေါ်မှာ ရှဥ့်မိသားစု နေထိုင်ကြသတဲ့။ အမေ ခင်းခဲ့သည့် ထိုပုံပြင်ထဲတွင် ရုက္ခစိုးပါခဲ့သည်လေ။ လေကြမ်းကျတဲ့ တစ်နေ့မှာ ရှဥ့်သိုက်လေးဟာ ပင်လယ်ထဲ ပြုတ်ကျသွားပါရောတဲ့။ ရှဥ့်ငယ်လေးတွေ ပါသွားတော့ ဖခင်ဖြစ်တဲ့ ရှဥ့်က သူ့သားသမီးတွေကို ကယ်ဆယ်ဖို့ ပင်လယ်ရေတွေခန်းအောင် သူ့မြီးဆံဖွားနဲ့ ရေကိုစုပ်ယူပြီး ကုန်းပေါ်ကို ခါခါတင်နေသတဲ့။ အဲဒီ မိဘရဲ့မေတ္တာကိုမြင်တော့ စာနာသနားပြီး ပင်လယ်နားကသစ်ပင်က ရုက္ခစိုးက ရှဥ့်သိုက်လေးကို ဆယ်တင်ပေးခဲ့သတဲ့။ ခုတော့... ဘာဖြစ်လို့များ ညီမလေးကိုတော့ ဆယ်တင်မပေးပါလိမ့်။

            လိမ့်စီးလာသော မျက်ရည်တို့သည် ပေါက်ခနဲ ကျသွားကြသည်။ နောက်ထပ် မျက်ရည်သစ် တွေက တလိမ့်ချင်း...

            ညနေစောင်းမှာတော့  ညီမလေးမတူး ပြန်လာခဲ့လေသည်။ ရေတွေ ဝနေသော ကိုယ်လုံး တုတ်တုတ်ကစ်ကစ်လေးနှင့်။ ပြီး နှာခေါင်းဝတွင် သွေးစလေးတွေ ကပ်လို့။ အဖေသည် ညီမလေးကို လှည်းပေါ်မှ ပွေ့ပိုက်ကာ ချခဲ့သည်။

            ဟိုး... မြစ်အကြေဘက်၊ နဂါးပေါက်ကျေးရွာဆီအထိ ညီမလေး ရောက်သွားခဲ့သည်တဲ့။ အသစ်ချ လာသော တံငါတစ်ဦးရဲ့ ပိုက်ကွန်းတွင်းသို့ ညီမလေး တိုးဝင်ခဲ့သည်တဲ့။ ညီမလေး၏ သတင်းကို ကြားထားနှင့်သော ရေလုပ်သားကြီးက စာနာစွာ ဆယ်တင်ထားပြီး အကြောင်းကြားလိုက်သောကြောင့် အဖေ လှည်းနှင့် လိုက်သွားကာ ခုလို အလောင်းကောက်ခဲ့ရခြင်းပင်။

            လှည်းနှင့် သမီးကိုတင်လာသော အဖေ ဘယ်သို့ရှိမည် မသိပေမယ့် အမေကတော့ တစ်ညနေလုံး (အို... တညလုံးနေမှာပါ) ငိုနေခဲ့သည်။ 'အမေ့ကြောင့်ပါ သမီးလေးရယ်'ဆိုသည့် စကားသံသည် ရှိုက်သံနှင့် ရောလျက်တတွတ်တွတ်။ သြော်...ညီမလေးသည် ပြန်လာခဲ့ပေမယ့်...

            ထိုနေ့များမှစပြီး ဧရာဝတီသည် သူစိမ်းပြင်ပြင် ဖြစ်ခဲ့ရတော့သည်။ အမေသည် သားသမီး ကြီးကြီးငယ်ငယ် အားလုံး၏ မြစ်သို့ သွားလာတတ်ခြင်းတို့ကို ပိတ်ပင်ခဲလေတော့သည်။ ရေချိုးခြင်း၊ ရေခပ်ခြင်း၊ အဝတ်လျှော်ခြင်းစသည့် ရေနှင့်စပ်သော အမှုတို့ကို ရေတွင်းများ၌သာ ပြုလုပ်စေတော့ သည်မှာ ဆယ်စုနှစ်တွေ မနည်းတော့။ ယနေ့လည်း...

            'ဟဲ့...ပြောနေတာ မကြားကြဘူးလား။ ကျော်ဝင်းတို့ ထွန်းအောင်တို့ နင်တို့ သားတွေကို မြစ်မသွားစေနဲ့ ဟဲ့'

            အမေ၏ သောကတွင် ဒေါသစွက်သောအသံနှင့် ဟန်ပန်ကိုကြည့်ရင်း အမေသည် ယခုချိန်ထိ သားမြေးများကို ဧရာဝတီနှင့် အရောဝင်စေလိုဟန် မရှိသေး။

            'ဟုတ်ကဲ့ပါ၊ အမေကြီး သားတို့ မသွားဘူးရယ်။ ရွာတစ်ပတ်ပတ်ပြီး ရေပက်ခံ ပြန်လာမှာရယ်'

            ထိုသို့ နှစ်သိမ့်ရင်း အမေ့မြေးတွေကတော့ ပြောပြောဆိုဆို လှည်းမောင်းကာ ခြူသံ တလွင်လွင်နှင့် ထွက်သွားကြလေပြီ။ သူငယ်ချင်းမတွေကလည်း လှည်းပေါ်မှာ တပျော်တပါး အမေ့ကို ငေးရီ စွာကြည့်ရင်း...

            'အမေ့မြေးတွေ တက္ကသိုလ် ကျောင်းသားကြီးတွေတောင် ဖြစ်နေမှပဲ၊ အမေရာ... မစိုးရိမ်ပါနဲ့'

            'စိုးရိမ်တာပေါ့ သားရယ်၊ ရေတို့မီးတို့ဆိုတာ တစ်ခါတလေ... အကြောင်း မဲ့...'

            အမေ့စကားသည် အဆုံးမသတ်ပြန်။ နွဲ့ခွေစွာ ပြန်ထိုင်သွားသော အမေ့ကို ခတ်မဆိတ် ငေးကြည့်နေမိသည်။ ဟုတ်ပေမည်။ မြစ်နှင့်နွယ်သော အတိတ်သည်...။ အကြောင်းဆိုင်၍ ညီမလေး အကြောင်းကို တသအောက်မေ့နေမိချိန်တွင် အမေသည်လည်း သူ၏ချစ်လှစွာသော သမီးငယ်လေးအား...             

ပင့်သက်ကို ဖြည်းညင်းစွာချရင်း အတိတ်ကို လွန်ခဲ့သော ကာလဆီသို့ နေရာတကျ ပြန်ပို့လိုက်ရန် သိပ်အားမစိုက်လိုက်ရ။ အမေ့ အဖို့မူ ထိုအတိတ်လေးသည် အကြိမ်ကြိမ် ပစ္စုပ္ပန် ဖြစ်နေ ပေလိမ့်မည်။ ထိုသို့ဖြစ်စေရန် အကြောင်းတို့ကလည်း ဝန်းကျင်မှာ...

ကံထွန်းသစ်

(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်