ကျော်ညိုလွင် ၊ကျောက်ဆည်၊
တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊
တိမ်ပြာရောယှက်၊
မရန်းဖက်၍၊
တိမ်သက်တံရောင်၊
အဝါဘောင်ဝယ်၊
မှောင်ခဲ့တစ်ခါ၊
ပြာခဲ့တချို့၊
ညိုခဲ့တလီ၊
ရီခဲ့တဖုံ၊ မှုန်ခဲ့တချက်၊
ယုဂန်ထက်က...
(ရှင်ဥတ္တမကျော်)
ဦးဘကျော့က ဖတ်လက်စ စာအုပ်ကိုပိတ်ပြီး စာကြည့်မျက်မှန်ကလေးကို
ချွတ်လိုက်တယ်။ ပြီးတော့
ဒီမျက်မှန်ကလေးကိုပဲ ပြန်ပြီးစိုက်ကြည့်နေလိုက်တာ။ သူ့ခေါင်းထဲမှာတော့ ရိပ်တိတ်တိတ်
ဖြစ်နေတုန်းပဲ။ ဒါကလည်း ဦးဘကျော့အတွက် ထုံးစံဖြစ်နေခဲ့တာကြာပြီ။
ဧည့်ခန်းထဲက စားပွဲခုံပေါ်မှာ
သတင်းစာတွေ၊ ဂျာနယ်တွေ၊ စာအုပ်တွေက အထပ်လိုက်။ စိမ်းဖန့်ဖန့် ယဉ်သွယ်သွယ်
အလှစိုက်ပန်းအိုးကလေးထဲမှာ ပန်းကလေးတွေက လှုပ်လီလှုပ်လဲ့။ ပန်းအိုး ကလေးရဲ့ဘေးမှာ ရွှေရောင်မျက်မှန်ကိုင်း
စာကြည့်မျက်မှန်ကလေး တစ်လက်ကလည်း အရောင်တွေ ထွက်လို့။ ဦးဘကျော့က သူ့လက်ထဲက
ရွှေရောင်စာကြည့် မျက်မှန်ကလေးကို ရီဝေနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတုန်းမှာပဲ-
'ဟင်း...ဟင်း... ကိုဘကျော့က
ဒီမျက်မှန်ကလေးနဲ့လည်း လိုက်တာပဲ...'
သူ့မိန်းမ ဒေါ်မြသီရဲ့အသံကို
ကြားလိုက်မိသလိုလို ဖြစ်သွားတော့ အခန်းထဲကို တောင်ကြည့် မြောက်ကြည့်
ကြည့်မိလိုက်သေးတယ်။ အခန်းကလေးထဲမှာ သူကလွဲရင် ဘယ်သူမှ ရှိမနေပါဘူး။
ဒီတော့မှ သက်ပြင်းကြီးတစ်ချက်ကို
လေးလေးပင်ပင်ကြီး ချလိုက်ရင်း သူ့ရဲ့ခေါင်းကို
ကုလားထိုင် နောက်မှီပေါ်
လှန်ချထားလိုက်တာ။ သူ့လက်ထဲမှာတော့ မျက်မှန်ကလေးကို ကိုင်ထားရက်ပါပဲ။
□
'ဘာပြောတယ်ကွ'
'ဒုန်း...'
ဧည့်ခန်းကလေးထဲက ဦးဘကျော့ရဲ့အသံက
ဟိန်းထွက်သွားတယ်။ စားပွဲခုံကို လက်သီးဆုပ်နဲ့ ထုချလိုက်တဲ့ အသံကလည်း
ရှေ့ဆင့်နောက်ဆင့်ပဲ။
စားပွဲခုံပေါ်က အကြမ်းပန်းကန်က
လှုပ်ခါသွားပြီး ရေနွေးတွေ ဖိတ်စဉ်ကျကုန်တယ်။ ရေနွေးပူတွေ လိမ့်ဆင်းသွားရာ တစ်လျှောက်မှာ
ရေနွေးငွေ့တွေက လွင့်တက်လာတယ်။ ပန်းအိုးကလေးထဲက ပန်းကလေးတွေကတော့
တဆတ်ဆတ်တုန်ခါနေတုန်းပဲ။
'ရှင်...ရှင်...'
ဒေါ်မြသီ အဟုတ်ကို လန့်သွားတာ။
သူ့ယောကျ်ား ဦးဘကျော့ကို မမြင်ဖူး၊ မတွေ့ဖူးသလို အံ့သြထိတ်လန့်တဲ့ မျက်နှာနဲ့
ငေးကြည့်နေရင်း မျက်ရည်တွေ လိမ့်ဆင်းကျလာတယ်။ ပြောချင်တဲ့ စကားတွေက များနေလို့လား
မသိဘူး။ နောက်ထပ် ဘာသံမှ ထွက်မလာတော့ဘူး။ ထမင်းချိုင့် ထည့်ထားတဲ့
လက်ဆွဲခြင်းကလေးကိုဆွဲပြီး အိမ်ပေါ်ကနေ ဆင်းချသွားတယ်။ သူ့ပုံစံက အားမတန်လို့
မာန်လျှော့လိုက်တဲ့ ပုံစံမျိုး။
ဧည့်ခန်းကလေးက ငြိမ်သွားတယ်။ နံရံက
နာရီတချပ်ချပ်နဲ့ တစ်ချက်ချင်း မြည်နေတယ်။ နံနက်ခင်းက အေးအေးလူလူ ရှိပေမယ့်
ဦးဘကျော့ တစ်ကိုယ်လုံး ချွေးစေးတွေပြန်နေတာ။ ရင်အုံ အနိမ့်အမြင့် အတက်အကျက
သိသာတယ်။ အသက်ရှူသံတွေက ပြင်းတယ်။ အံကို တင်းနေအောင် ကြိတ်ထားတာဆိုတော့
နားထင်စပ်မှာ အကြောတွေက ပြိုင်းပြိုင်းထလို့။ ပြူးကျယ်နေတဲ့ မျက်လုံးထောင့်တွေက
ရဲနေတယ်။ နီကြင်ကြင်ဖြစ်နေတဲ့မျက်နှာက အဆီတွေ ပြန်နေတုန်းပဲ။ မနေ့ ညက အရှိန်လည်း
ပါမှာပေါ့။
ဒေါ်မြသီ အိမ်ပေါ်က
ဆင်းသွားတဲ့အထိကိုပဲ ဒေါသအရှိန်က မပြေသေးတာ။
တင်းကျပ်နေအောင် ဆုပ်ထားတဲ့ လက်ကအခုထိ မဖြေသေးဘူး။ အစားထိုးဖို့
ရှာနေရင်း..
'သွားကွာ'
သတင်းစာတွေ ဂျာနယ်တွေ စာအုပ်တွေက
စားပွဲခုံအောက်ကို ဖွာရရာ လွင့်စဉ်ကျသွားတယ်။
□
ဦးဘကျော့ရဲ့ စိတ်ဓာတ်တွေ
သိပ်ကျသွားတယ်။ အလုပ်က အနားယူလိုက်တာ နည်းနည်း ကြာသွားပြီ။ အဲဒီတုန်းကတည်းက
စိတ်ဓာတ်က ကျချင်နေတာ။ ဒေါ်မြသီက 'ဘာမှ ပူစရာမလိုဘူး၊
ဈေးရောင်းလို့ ရတာလေးနဲ့တင် စားလောက်တယ်'လို့
အားပေးခဲ့သေးတာ။ အဝေးကို ရောက်နေကြတဲ့ သားနဲ့သမီးကလည်း ထောက်ပံ့နေသေးတာဆိုတော့
ပူစရာတော့ မရှိပါဘူး။ ဒါပေမယ့် ဦးဘကျော့ ယောင်ချာချာ ဖြစ်နေသေးတယ်။ ဒေါ်မြသီက
အလိုက်သိပါတယ်။ မနက်အိပ်ရာကထရင် သူ့အတွက် လက်ဖက်ရည်တစ်ခွက်၊ အီကြာကွေးတစ်ခြမ်း၊
ရေနွေးတစ်အိုး၊ သတင်းစာတစ်စောင် ကတော့ အရံသင့်ပဲ။ သူ သတင်းစာဖတ်နေတုန်း ဒေါ်မြသီက
ထမင်းချိုင့်ထည့်ထားတဲ့ လက်ဆွဲခြင်းကလေးကို ဆွဲလာပြီး အနားကို လာရပ်၊
ပိုက်ဆံအိတ်ကလေးကိုထုတ်၊ ဇစ်ကို ရွှီးခနဲမြည်အောင်ဖွင့်..
'ရော့... ကိုဘကျော့၊
သုံးရာယူထားလိုက်၊ ကျွန်မ ဈေးသွားတော့မယ်...'ဆိုပြီး
ပေးသွားနေကျ။ အပြုံးနဲ့ နှုတ်ဆက်နေကျ။ ဒေါ်မြသီက ဈေးကြီးထဲမှာ ကုန်ခြောက်ဆိုင်ကလေး
ဖွင့်ထားတယ်လေ။
ဦးဘကျော့က လက်ထဲက သတင်းစာကလေးကိုချပြီး
ဒေါ်မြသီထွက်သွားတဲ့ ဆီကို မျက်စေ့တစ်ဆုံး လိုက်ကြည့်နေတတ်သေးတာ။ ပြီးတော့မှ
သတင်းစာဖတ်၊ ရေနွေးသောက်ပေါ့။ ခဏနေတော့ အိမ်ဝိုင်းထဲဆင်း၊ သစ်ပင်ကလေးတွေ
ရေလောင်းပေါင်းသင်လုပ်... ဒါပဲ။
အစကတော့ စိတ်ပြေလက်ပျောက်ဆိုပြီး
စိုက်တာပါ။ အိမ်ဝိုင်းကလေးထဲမှာ နှင်းဆီ၊ ရွက်လှ၊ စံပယ်ပင်တွေအပြင် ချဉ်ပေါင်၊
ကန်စွန်းနဲ့ မြင်းခွာရွက်လို အပင်မျိုးလေးတွေကအစ စိုက်ထားတာ။ ခုတော့လည်း
ဒေါ်မြသီအတွက် ဈေးဖိုးဖြစ်နေပြီ။ ရေလောင်းတယ်ဆိုပေမယ့် ရေဘုံဘိုင်ကို
နှိပ်ရတာကတော့ မသက်သာဘူး။ တချို့အပင်တွေဆို ရေပုံးနဲ့ ဆွဲပြီး လောင်းပေးရတာ။ ဒါပြီးရင်
ရေမိုးချိုးသန့်စင်ပြီး ဒေါ်မြသီ ခူးခပ်ထားခဲ့တဲ့ ထမင်းပွဲကလေးကို
အုပ်ဆောင်းဖွင့်ပြီး စားရုံပါပဲ။
ဒေါ်မြသီပေးခဲ့တဲ့ ပိုက်ဆံက
လက်ဖက်ရည်ဆိုင်ကို ဣန္ဒြေရရ ထိုင်နိုင်တယ်။ လေပစ်ချင်ပစ်၊ ကျားထိုးချင်ထိုး၊
ဘောလုံးပွဲကြည့်ချင် ကြည့်ပေါ့။ တစ်ခါတလေလည်း ဂျာနယ်ကလေး တစ်စောင် ဝယ်လာပြီး
အိမ်မှာ ထိုင်ဖတ်နေတတ်တာ။ ဒါပေမယ့် မိတ်ဟောင်း၊ ဆွေဟောင်းတွေနဲ့ ကြုံရင်တော့
အသောက်အစားက ပါလာတတ်တယ်။ အိမ်ကိုလည်း မိုးချုပ်မှ ပြန်ရောက်တတ်တယ်။
ဒေါ်မြသီက သူသောက်တာ စားတာကို
ဟိုတုန်းကတည်းက မကြိုက်တာ။ အဲဒီလို သောက်စားလာပြီဆိုရင် တံခါးဖွင့်ပေးပြီး
နောက်ခန်း တံခါးကို ချက်ထိုးအိပ်တော့တာပဲ။ အဲဒီညမှာ ဦးဘကျော့တစ်ယောက် အပြင်မှာ
အိပ်ပေတော့ပေါ့။ ဒေါ်မြသီက အနံ့မခံနိုင်ဘူးတဲ့လေ။ ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့
ဦးဘကျော့ကလည်း ဘာမှပြောမနေပါဘူး။ တစ်ယောက်တည်း အိပ်လိုက်တာပဲ။
ဒေါ်မြသီက တော်တော် အပင်ပန်းခံနိုင်တယ်။
မနက်ကို စောစောထ၊ ဦးဘကျော့အတွက် ပြင်ဆင်ပေးပြီး ဈေးသွား...။ ဈေးက ပြန်လာရင်လည်း
နားရတာ မဟုတ်သေးဘူး။ လျှော်စရာရှိရင် လျှော်၊ မီးပူတိုက်စရာ ရှိတိုက်။ ဒါမှမဟုတ်
အိမ်သန့်ရှင်းရေး လုပ်ချင်လုပ်ပေါ့။ ဦးဘကျော့ကတော့ စာအဖတ်မပျက်ဘူး။
အချိန်တန်တော့မှ ထမင်းထစားတာ၊ တစ်ခါတလေ စာအဖတ်ကောင်းနေရင် လက်ဆုံတောင်
မစားဖြစ်လိုက်ဘူး။
ဒေါ်မြသီက အိုးခွက်ပန်းကန်တွေ
ဆေးကြောပြီးတော့ နေ့ခင်းက ရောင်းလို့ရခဲ့တဲ့ ပိုက်ဆံကလေးတွေကို ရေတွက်ရသေးတာ။
ဘောပင်တစ်ချောင်း၊ စာရင်းစာအုပ် တစ်အုပ်နဲ့ အလုပ်ရှုပ် နေတတ်သေးတာ။ တစ်ခါတလေ...
'ကျွန်မ ပေါင်းတာ မှားများနေသလားမသိဘူး၊
ထပ်ပေါင်းပေးစမ်းပါဦးတော်' လို့ဆိုရင် ဦးဘကျော့က...
'မင်းကလည်းကွာ... ကိုယ့်ဘာသာ
ကိုယ်ပေါင်းစမ်းပါ၊ ဒီမှာ စာဖတ်လို့ ကောင်းနေရတဲ့ အထဲ...'ဆိုပြီး
ဆူဆူအောင့်အောင့် လုပ်တတ်သေးတာ။ ဒါလည်း ဒေါ်မြသီက ဘာမှပြောမနေပါဘူး။ လုပ်စရာတွေ မရှိတော့ဘူးဆိုတော့မှ
ဘုရားခန်းဝင်ပြီး ဘုရားရှိခိုးနေလိုက်တာ။ သူ့ရဲ့ ဘုရားရှိခိုးတဲ့ အထဲမှာတော့ 'ဈေးရောင်းကောင်းပါစေ' ဆိုတဲ့ ဆုတောင်းမျိုးက
ပါချင်လည်း ပါမှာပေါ့။
ဦးဘကျော့ကတော့ အကျင့်ပါနေတာလား။
အကျင့် မရှိသေးတာလား မသိဘူး။ မယ်မယ်ရရဆိုလို့ သစ်ပင်တွေ ရေလောင်းတဲ့ အလုပ်ပဲ
ပြောစရာရှိတယ်။ ကျန်တာကတော့ လက်ဖက်ရည်ဆိုင် ထိုင်တာနဲ့ စာဖတ်တာ။ ဒါပဲ။
□
အဲဒီနေ့က သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့
တင်လတ်ကိုနဲ့ သော်ဇင်ကို မမျှော်လင့်ဘဲ တွေ့သွားတာ။ သူတို့က တခြားမြို့မှာ
ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားနေတဲ့ကောင်တွေ။ မတွေ့ရတာ ကြာပြီဆိုတော့
စားသောက်ဆိုင်ရောက်သွားပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ဆိုဖြစ်
သောက်ဖြစ်ခဲ့ကြတယ် ဆိုပါတော့။ ဦးဘကျော့ကို ဒီလိုနေမယ့် အတူတူ သူတို့ဆီလိုက်ပြီး
အလုပ် လုပ်ဖို့ပြောတော့ ဦးဘကျော့က 'မမြသီကို ပြောကြည့်
ဦးမယ်ကွာ...' ဆိုပြီး
'မနက်ဖြန် မင်းတို့က
ပြန်မှာဆိုတော့ နေ့လယ်စာကို ငါကပဲ ဒကာခံပါ့မယ်ကွာ...'လို့
လောကဝတ် လုပ်လိုက်မိတာ။
သူအိမ်ပြန်ရောက်တော့
နည်းနည်းမိုးချုပ်သွားတယ်။ ဒေါ်မြသီက တံခါးကိုထဖွင့် ပေးပြီး မျက်စောင်းတစ်ချက်
ထိုးတယ်။ ပြီးတော့ နောက်ခန်းတံခါးကို ချက်ထိုးလိုက်တော့တာပဲ။ ဦးဘကျော့ ဘယ်မှာ
ပြောလိုက်ရလို့တုံး။ အောင့်သက်သက်ကြီးဖြစ်ပြီး ကျန်နေခဲ့တာ။ ထုံးစံအတိုင်း
တစ်ယောက်တည်း အိပ်ရတော့တာ။ မနက်လင်းလို့ ဒေါ်မြသီကိုလည်း အကျိုးအကြောင်း
ပြောလိုက်ရော...
'အဲဒီလောက်ထိ ကျွန်မ
မတတ်နိုင်ဘူးလေ၊ အခုတလော အရောင်းကလည်းပါး၊ အကြွေးကလည်းကျ၊ ကုန်ဖိုးတွေကလည်း
ပေးရဦးမှာ' ဆိုတော့ ဦးဘကျော့ရဲ့ မျက်နှာ ဆီးရွက်လောက်
ဖြစ်သွားတယ်။
'ဟာ... ငါက ဒီနေ့ပဲ
ချိန်းထားတာကွ၊ မရလို့ မဖြစ်ဘူး...'
'ကျွန်မဆီမှာ အလွယ်မရှိဘဲ
ကိုဘကျော့ရယ်'
'မင်းကွာ... ဒီမှာ မမြသီ၊
ငါ့မှာ ဂုဏ်တို့၊ သိက္ခာတို့ဆိုတာတွေ ရှိသေးတယ်။ သူတို့က ငါ့ကို ဘယ်လိုမြင်မလဲ။
ငါ့ကို ဘယ်လောက်အထိ အထင်သေးသွားမလဲ၊ နောက်ပြီး...'
'ဒီမယ် ကိုဘကျော့၊
သူတို့ကိုဧည့်ခံရအောင် ရှင်က ဝင်ငွေဘယ်လောက်ရှိလို့လဲ။ ကျွန်မ တစ်ယောက်တည်း
လုပ်စာနဲ့ ရှင်သုံးတာ၊ ဖြုန်းတာ လောက်မယ်ထင်လို့လား။ ဒီကြားထဲ ဂျာနယ်
ဖတ်ချင်ရတာနဲ့၊ ဘောလုံးပွဲ ကြည့်ချင်ရတာနဲ့။ ကျွန်မက ရှင်စိတ်ချမ်းသာပါစေတော့
ဆိုပြီး...'
'ဘာ...'
'ကိုယ့်ကိုယ်ကိုယ်လည်း
ပြန်ကြည့်စမ်းပါဦးတော်။ အရင်လို အလုပ်နဲ့ အကိုင်နဲ့ ဝင်ငွေကလေး ရှိရင် ထားပါ။
ခုတော့ ဝင်ငွေကဖြင့် တစ်ပြားတစ်ချပ်မှမရှိ ဘဲနဲ့များ...'
'ဘာပြောတယ်ကွ'
'ဒုန်း....'
ဦးဘကျော့ရဲ့အသံက ဟိန်းထွက်သွားတယ်။
ဒေါ် မြသီ ဈေးထွက်သွားတဲ့ အချိန်ထိ ဒေါသက ပြေချင်တာ မဟုတ်ဘူး။ ရှက်တာရော၊
ခံပြင်းတာရော ပါမှာပေါ့။
□
ဒါပါပဲ။ အဲဒီနေ့ကစပြီး ဦးဘကျော့က
ဒေါ်မြသီနဲ့ မျက်နှာချင်း မဆိုင်ဖြစ်တော့တာ။ တစ်အိမ်တည်း အတူနေပေမယ့် ဦးဘကျော့နဲ့
ဒေါ်မြသီက တစ်ယောက်တစ်ကမ္ဘာစီ ခြားသလို သီးခြားစီ ဖြစ်သွားတယ်။ ဦးဘကျော့က
ဒေါ်မြသီကို စကားမပြောဘူး။ မနက်ကို ဒေါ်မြသီဈေးသွားမှ အိပ်ရာက ထတာ။ ဒေါ်မြသီကတော့
ဝတ္တရား မပျက်ပါဘူး။ သူ လုပ်ပေးနေကျ လက်ဖက်ရည်ပွဲတို့ ထမင်းပွဲတို့တော့
ပြင်ပေးခဲ့တာပါ။ ဦးဘကျော့က သောက်ချင်တဲ့အခါမှ သောက်တယ်။ စားချင်မှ စားတယ်။
အပေါင်းအသင်းနဲ့ကြုံရင် အပြင်ကပဲ စားလာတာများတယ်။ သစ်ပင်တွေကိုတောင်
ရေမလောင်းတော့ဘူး။
ဒေါ်မြသီက သူ့ ယောကျ်ားကိုကြည့်ပြီး
ဘယ်စိတ်ကောင်းပါ့မလဲ။ ဒါပေမယ့် အဲဒီနေ့က သူ့ဘက်က နည်းနည်းတော့ လွန်သွားတယ်။
ဒါကလည်း ကုန်ဖိုးချေရမယ့်နေ့နဲ့သွားပြီး တိုက်ဆိုင်နေတာ။ ပြောရမယ်ဆိုရင် ကုန်ဖိုးက
ငွေမပြည့်သေးဘူး။ ဒီကြားထဲ ဦးဘကျော့က သူ့အပေါင်းအသင်းနဲ့ သူသောက်စားလာပြီး
မနက်လင်းတော့ သူကပဲ ကျွေးချင်မွေးချင်နေသေး တာဆိုတော့ စိတ်ပေါက်ပေါက်နဲ့
ပြောလိုက်မိတာ။ ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူးလေ။ ခုတော့...ဦးဘကျော့က
ရှေ့ခန်းမှာပဲ တစ်ယောက်တည်း အိပ်တော့တယ်။
ဒေါ်မြသီက အခန်းတံခါးကို
ချက်ထိုးတာတော့ မဟုတ်ပါဘူး။ စိတ်ကောက်ရအောင် ငယ်တော့တဲ့ အရွယ်တွေမှ မဟုတ်တော့တာ။
စိတ်ဆိုးတယ်ဆိုရင်လည်း ချော့မနေချင်တော့ဘူးလေ။ အချိန်တန်ရင် ပြေသွားမှာပဲလို့
တွက်ထားလိုက်မိတာ။
ဒါပေမယ့် ဦးဘကျော့က တော်တော်ကလေး
စိတ်ဆိုးသွားတယ်နဲ့ တူပါရဲ့။
□
'မင်းပဲ စဉ်းစားကြည့်စမ်းပါ
ဦးလင်းအောင်။ ဒါ ငါ့ကို သက်သက်မဲ့ အရှက်ခွဲတာ။ ငါ့ကို သက်သက်မဲ့ နှိမ်တာကွ...'
'မဟုတ်သေးဘူး ဘကျော့... မမြသီဟာ
အဲဒီလောက် သဘောထား မသေးသိမ်ဘူး'
'ဟင်း... ဟင်း... ဘာလဲ၊
မင်းကပါ ငါ့ကို အထင်သေးချင်တာလား'
'မင်းကွာ...'
ဆိုင်ထဲမှာ လူတွေက ပြည့်နေတာ။
အရောင်တွေက စုံတယ်။ မီးခိုးငွေ့တွေကလည်း ဝဲဝိုက်တက်နေတာ။ စိတ်အနှောင့်အယှက်
အဖြစ်ဆုံးက အရုပ်နဲ့အသံတွေပဲ။ မျက်စေ့ရော နားကိုပါ နောက်ကျိနေတာ။ တစ်ဆိုင်လုံး
သူကပဲ မင်းမူလို့။ မသောက်ဖြစ်သေးတဲ့ လက်ဖက်ရည်တွေက အေးစက်မာကျောကုန်ပြီ။
ဖန်သားပြင်ပေါ်က ကောင်မလေးကတော့ လှတပတ အရှိသား... ။
'ဂရုမစိုက်ဘူး လင်းအောင်... ဂရုမစိုက်ဘူး။
သူက ဘာမို့လဲကွာ၊ သူ့ဝင်ငွေက ဘာမို့လဲ။ သူ့လုပ်စာ ထိုင်စားနေရတယ်ဆိုပြီး
ကြီးကျယ်လို့။ သူ့ဝင်ငွေက တစ်ချိန်က ငါ့ဝင်ငွေရဲ့အစွန်း ထွက်တောင် ရှိတာမဟုတ်ဘူး'
'အေး... အဲဒါ တစ်ချိန်တုန်းက၊
အခုမင်းက အလုပ်က အနားယူလိုက်ပြီမဟုတ်လား...။ နောက်ပြီး မင်းတို့ ငါတို့ရဲ့
အသက်တွေကလည်း မငယ်တော့ဘူး။ ဒီအသက်အရွယ်ကြီးနဲ့ မင်းမိန်းမ မမြသီက
ဈေးရောင်းနေနိုင်လို့ တော်တော့တာ'
'ဟင်း... ဟင်... သူ့ အသက်အရွယ်ကြီးနဲ့
ဈေးရောင်းနေနိုင်လို့ တော်တော့တာဆိုပေမယ့် သားနဲ့သမီးကလည်း အဝေးကနေ လှမ်းပြီး
ပိုးပေးနေတာပဲကွာ။ အဲဒီငွေကို ငါက လုံးဝကိုင်တာ မဟုတ်ဘူး။ တကယ်ဆို ငါ တောင်းတဲ့
ငွေလောက်ကတော့ ပေးမယ်ဆို ပေးနိုင်ပါတယ်။ အခုတော့ ဈေးရောင်းက ပါးသလေး။ ကုန်ဖိုးက
ချေရဦးမှာလေးနဲ့ မဆီမဆိုင် ငါ့ အပေါင်းအသင်းနဲ့ငါ ဘောလုံးပွဲ ကြည့်တာတွေ၊
ဂျာနယ်ဖတ်တာတွေ၊ လက်ဖက်ရည်ဆိုင် ထိုင်တာတွေကအစ ပြောလာတော့ ငါ
သည်းမခံနိုင်တော့ဘူး...။ ဒါ ငါ့မှာ ဝင်ငွေမရှိလို့၊ အလုပ်မရှိတော့လို့
အပြောခံရတာကွ။ ငါ့ကို အထင် သေးတာ။ ငါ့ကို စော်ကားတာ...'
'အဲဒီလို ထင်ရင်မှားမှာပေါ့
ဘကျော့ရာ... မင်းက အလုပ်က အနားယူလိုက်ပြီ ဆိုပေမယ့် သုံးတာ၊ ဖြုန်းတာက လျှော့မှ
မလျှော့ချင်ပဲ။ မမြသီ ခမျာမှာ...'
'တော်တော့ လင်းအောင်၊
မပြောနဲ့တော့...'
ဦးလင်းအောင်က သူ့ရဲ့ ခေါင်းကြီးကို
ခါယမ်းပစ်လိုက်တယ်။ ဦးဘကျော့ နားဝင်အောင် ဘယ်လိုပြောရမယ်ဆိုတာ မသိတော့ဘူး။ မျက်စိက
မကြည့်ဘဲ မြင်နေရတဲ့ ဖန်သားပြင်ဆီ ရောက်သွား ပြန်တယ်။
တိုက်ကြီးကတော့ အကြီးကြီးပါပဲ။
ခြံဝင်းထဲကို သစ်လွင်တဲ့ ကားတစ်စီးဝင်လာပြီး ဆင်ဝင်အောက် ရောက်တော့ ငြိမ့်ခနဲ
ထိုးရပ်လိုက်တယ်။ မင်းသားက ကားတံခါးကို 'ဂျိုင်း' ခနဲ မြည်အောင် ပိတ်ရင်း တိုက်ထဲကို ဝင်သွားတယ်။ တိုက်ထဲရောက်တော့
ဆိုဖာပေါ်ကို ပစ်ထိုင်ချလိုက်ပြီး စီးကရက်ကို ဟန်ပါပါ ဖွာလိုက်တော့...။ လက်က
နာရီနဲ့ လက်စွပ်တွေက ဟန်းချိန်းတွေက ပြိုးပြိုးပြက်ပြက်။ ဒါတွေကို ဝတ်စားပြမှ
သူဌေးမှန်းသိရတဲ့ အမူအရာက မပီမပြင်ကြီး။
'မင်းရဲ့ မာန်တွေကို
ချလိုက်တော့ကွာ။ မင်းရဲ့ အနေအထိုင်တွေကို ပြုပြင်ဖို့ သင့်ပြီ'
ဦးဘကျော့က ဦးလင်းအောင်ကို မကျေမနပ်
လှမ်းကြည့်လိုက်တယ်။
'အေးခုတော့ ပြောပြီပေါ့ကွာ...'
□
အဆင်မပြေချင်တော့ဘူးဆိုရင် ဘာမှ
အဆင်မပြေဘူး။
ဦးဘကျော့ရဲ့ စိတ်ဓာတ်တွေ
တစ်နေ့ထက်တစ်နေ့ ပိုကျလာတယ်။ ဒေါ်မြသီနဲ့ အဆင်မပြေရတဲ့ အထဲ အပေါင်းအသင်းတွေကပါ
ပြောလာပြီဆိုတော့ သူ့ကိုနှိမ်တယ်၊ အထင်သေးတယ်လို့ကို ထင်သွားတာ။
ဦးလင်းအောင်ဆိုတာ အလုပ်ကို
အတူတူလုပ်လာတဲ့သူ။ ဦးလင်းအောင်ကတော့ အနားမယူရသေးဘူး။ သူနဲ့ လက်ဖက်ရည်ဆိုင်မှာ
ဆုံဖြစ်တော့ ဒေါ်မြသီရဲ့ အကြောင်းတွေကို ပြောဖြစ် တယ်။ အဲဒီကစပြီး သူ လက်ဖက်ရည်ဆိုင်
မထိုင်ဖြစ်တော့တာ။
လူတွေရဲ့ အကြည့်တွေကို
သူရင်မဆိုင်ချင်တော့ဘူး။ ရင်မဆိုင်ရဲတာလည်း ဖြစ်ချင်ဖြစ်မယ်။ ပြောရမယ်ဆိုရင်
ဒေါ်မြသီဆီက လက်ဖြန့်တောင်းနေတာ မဟုတ်တော့၊ သူရတဲ့ ပင်စင်လစာငွေက လေးနဲ့
မလောက်ငှတာလည်း ပါတယ်။ အလုပ်က မရှိ။ ရတဲ့ငွေကလည်း လက်ဖက်ရည်ဖိုးနဲ့တင်
ကုန်နေပြီဆိုတော့...။ အိမ်ထဲက အိမ်ပြင် မထွက်ချင်တော့ဘူး။ ဒီလိုနဲ့ပဲ စာအုပ်တွေကို
တစ်အုပ်ပြီး တစ်အုပ် ဖတ်နေမိတော့တာ။
လူတွေနဲ့ မတွေ့ချင်မမြင်ချင်တော့လို့
စာဖတ်နေပါတယ်ဆိုမှ မျက်စိက ဒုက္ခပေးပြီး။ တစ်ချက်တစ်ချက် စူးစူးပြီး အောင့်လာတယ်။
ဇက်ကြောတွေထိုးလာတယ်။ နားထင်ကလည်း တဒုတ် ဒုတ်နဲ့ပဲ။
အသက်လေးဆယ်ကျော် လောက်တုန်းက ဒီလို
ဖြစ်ဖူးသေးတယ်။ အဲဒီတုန်းက မမြသီကတောင် သူ့နားထင်ကလေးကို လာပြီး နှိပ်ပေးသေးတာ။
နောက်နေ့မှ စာကြည့်မျက်မှန်ကလေး တစ်လက် ဝယ်ပေးတယ်။ ရမ်းသမ်းမှန်းတမ်းဝယ်လာတဲ့
မျက်မှန်ကလေးက သူနဲ့ အတော်ဖြစ်သွားတော့ မမြသီ က ပြုံးလို့။ ဒါပေမယ့် အဲဒီ
မျက်မှန်က ကြာကြာမတပ် လိုက်ရပါဘူး။ မျက်စိက သူ့ဘာသာ သူပြန်ကောင်းသွားတာ။ အခုတော့
အဲဒီ မျက်မှန်က ဘယ်ရောက်နေမှန်းတောင် မသိတော့ဘူး။ အဘွားကြီး သိမ်းထားတာလည်း
ဖြစ်ချင်ဖြစ်မှာပေါ့။
ဦးဘကျော့က မျက်စိအကြောင်း စဉ်းစားရင်း
ဒေါ်မြသီအကြောင်းကိုပါ ရောက်သွားတာ။ ဟိုတုန်းက မျက်မှန်ကလေးကို သွားပြီး
သတိရလိုက်တာ။ ဒါပေမယ့် တောင်းမနေချင်ပါဘူး။ သူ့ ဘာသာသူ ပြန်ကောင်းသွားမှာပဲဆိုပြီး
ကြိတ်မှိတ်နေလိုက်ပေမယ့် မျက်ရိုးတွေက တော်တော်ကလေး ကိုက်လာတယ်။
အဆင်မပြေချင်တော့ဘူးဆိုရင် ဘာမှကို
အဆင်မပြေတော့ဘူး။
□
'မင်း ဒီလိုနေလို့ ဘယ်ဖြစ်မလဲ
ဘကျော့၊ ဆေးခန်းကိုတော့ သွားပြဦးမှပေါ့'
မတွေ့ချင်ပါဘူးဆိုမှ ဦးလင်းအောင်က
အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာတယ်။ ဦးဘကျော့ တယ်ပြီး ကျေနပ်ချင်တာ
မဟုတ်ဘူး။ မျက်စိက မနေနိုင်လောက်အောင်ကို စူးစူး အောင့်အောင့်ကြီး ဖြစ်လာတာ
အမှန်ပဲ။
'မဖြစ်သေးပါဘူးကွာ၊
ဆေးခန်းကို သွားပြမှ ကောင်းမှာပါ'
'ငါ မလိုက်ဘူး...လင်းအောင်'
'ဘယ်ဖြစ်မလဲကွ...'
ဦးဘကျော့ ဘယ်လိုပဲ ငြင်းငြင်း
ဦးလင်းအောင်က မရမက ဇွတ်ခေါ်နေတာ။ နောက်ဆုံး မျက်စိကုတဲ့ ဆေးခန်းကို မရောက်ချင်ဘဲ
ရောက်သွားတယ်။ မျက်စိလာပြတဲ့ သူတွေက အများကြီး။ စောင့်နေရတာကိုပဲ ဦးဘကျော့
စိတ်မရှည်ချင်ဘူး။ သူ့အလှည့်ရောက်တော့ ဆရာဝန်က မျက်စိကို သေသေချာချာ စမ်းသပ်တယ်။
မျက်စိကို လက်နှိပ်ဓာတ်မီး ထင်တာပဲ။ အဲဒါကလေးနဲ့ ထိုးပြီး ကြည့်တယ်။ မျက်စိကို
ချိန်တယ်။ အနီးအဝေး စာလုံးတွေကို တုတ်ကလေးနဲ့ ထောက်ထားပြီး ဖတ်ခိုင်း တယ်။
တစ်ခုမကောင်း၊ တစ်ခုပြောင်း၊ တစ်ခုမကိုက် တစ်ခုထပ်ချိန်ရင်း...
'ဒါက အတော်ပဲ'
'သေချာရဲ့လား'
'ဟုတ်ပါတယ်'
'ကဲ...ဒါလေးကို တပ်ပြီး
လမ်းလျှောက်ကြည့်။ ထူးခြားရင်ပြော၊ မူးသလား၊ ရိတ်တိတ်တိတ် ဖြစ်သလား'
လမ်းလျှောက်ကြည့်တယ်။ ပြီးတော့...
'ရတယ် အဆင်ပြေပါတယ်...'
လို့ ဖြေလိုက်တာ။
'ဟုတ်ပြီ'
ဆရာဝန်က စာရွက်ကလေး တစ်ရွက်ပေါ်မှာ
ရေးခြစ်ပြီး
'ဟိုဘက်ကောင်တာကို
သွားလိုက်ပါ' လို့ ညွှန်တယ်။
ကောင်တာကိုရောက်တော့ သူကြိုက်တဲ့၊
သူနဲ့ လိုက်ဖက်တဲ့ မျက်မှန်ကိုင်းကလေးကို ကောင်တာစာရေးမလေးကို ရွေးပေးလိုက်တယ်။
ကောင်တာစာရေးမလေးက ဆရာဝန်ပေးလိုက်တဲ့ စာရွက်ကို အဲဒီမျက်မှန်ကိုင်းနဲ့
ပတ်လိုက်ပြီး နောက်ထပ်စာရွက်တစ်ရွက်ပေါ်မှာ ထပ်ရေးတယ်။
'စရံငွေ ဘယ်လောက်ပေးခဲ့မှာလဲ...'
လို့မေးတော့ ဦးဘကျော့က ဘာပြောရမှန်း မသိဘူး၊ ဦးလင်းအောင်က
တစ်ထောင်တန်ကလေးတစ်ရွက် ထုတ်ပေးလိုက်တော့...
'ဟောဒီမှာ ပြေစာ၊ နောက်အပတ်
လာယူနိုင်ပါတယ်...'တဲ့။
ပြေစာစာရွက်ကို ဦးလင်းအောင်ကပဲ
လှမ်းယူပြီး အိမ်ကိုပြန်ခဲ့ကြတယ်။
'ငါက အလုပ်တစ်ဖက်နဲ့ဆိုတော့
နောက်အပတ်မှပဲ လာခဲ့တော့မယ်ကွာ၊ ဟုတ်ပလား၊ ငါသွားတော့မယ်...'
ဦးလင်းအောင်ပြန်သွားတော့ ပြေစာကလေးကို
ကြည့်မိလိုက်တယ်။ စမ်းသပ်ခ၊ ဆေးဖိုး၊ မျက်စဉ်း၊ မှန်၊ မျက်မှန်းကိုင်း
စုစုပေါင်း... အခုမှပဲ ဦးဘကျော့ရဲ့ ဦးခေါင်းကြီး တစ်ခုလုံး ရီဝေမူးမိုက် သွားတော့တာ။
□
မျက်မှန်က ရနေပြီ။ ပြေစာက
ဘယ်နားသိမ်းထားမိတယ်ဆိုတာ စဉ်းစားလို့ မရဘူး။ ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက
မျက်မှန်ဖိုးကို ဘယ်လို ရှာရမယ်ဆိုတာ စဉ်းစားလို့ မရသေးတာ။ စုစုပေါင်း ကျသင့်ငွေက
တစ်သောင်းနီးပါး။ ဒါတောင် စရံငွေ တစ်ထောင်ကို လင်းအောင်က ပေးသွားလို့။
'ခွေးမသား... လင်းအောင်၊
လူကို သက်သက် ဒုက္ခလာပေးတာ'
ဘယ်လိုမှ စိတ်ကူးက ထွက်မလာတော့
ဦးလင်းအောင်ကို လှမ်းပြီး ဆဲပစ်လိုက်တယ်။ ဒီလိုနေတုန်းမှာပဲ ကြေးနန်းစာတစ်စောင်
ရောက်လာတာ။
'သူငယ်ချင်း... အမြန်လာ၊
အားလုံး အဆင်ပြေတယ်...သော်ဇင်'
ကြေးနန်းစာကလေးကို ကြည့်ပြီး ဦးဘကျော့
တော်တော်ကလေး ပျော်သွားပါတယ်။ ဒါဆို အဆင်ပြေပြီ။ သူလိုက်သွားဖို့
ဆုံးဖြတ်လိုက်တယ်။ ဒီမှာနေရတာ အလကားပဲ မဟုတ်လား။ ဟိုကို လိုက်သွားမယ်ဆိုရင် အလုပ်လည်းရှိ၊
ဝင်ငွေလည်းရ။
ဒါပေမယ့် လောလောဆယ် မျက်မှန်။
ဟုတ်တယ်၊ မျက်မှန်မပါလို့က မဖြစ်ဘူး။ မျက်မှန်အပြင် ခရီးစရိတ်ကလေးလည်း
ပါသွားဦးမှဆိုတော့ နောက်ဆုံး ဦးလင်းအောင်ဆီကို သူရောက်သွားတယ်။
'မဖြစ်သင့်ဘူးလို့ ထင်တာပဲကွာ'
'ဘာလဲ၊ မင်းငွေဆုံးမှာ
စိုးလို့လား... ဟိုကိုရောက်တာနဲ့ ပြန်ပို့လိုက်မှာပါကွာ'
'ငါ ဒါကိုပြောတာ မဟုတ်ဘူး
ဘကျော့၊ မမြသီ အတွက်ပြောတာ...'
'ငါ ဆုံးဖြတ်ပြီးပြီ'
ထုံးစံအတိုင်း ဦးလင်းအောင်က
လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း သူ့ရဲ့ ခေါင်းကြီးကို ခါယမ်းပစ်လိုက်တယ်။
ဦးဘကျော့ကို ဘယ်လိုမှ ပြောလို့မရတော့ဘူးဆိုတာ သဘောပေါက် သွားတယ်။
'လောလောဆယ်တော့
ဒီလောက်ပဲပါသေးတယ်။ လိုတာကို နောက်မှ ယူရင် ဖြစ်မလား'
'ဖြစ်တယ်၊ ဒါဆိုရင်
မျက်မှန်ကို ယူထားလို့ရပြီး'
ဦးဘကျော့ရဲ့ အစီအစဉ်က အဆင်ပြေသွားတယ်။
မျက်မှန်သွားယူဖို့ ပြေစာက ပါမလာခဲ့ဘူး။ အိမ်ရောက်မှ ပြန်ရှာပြီး မနက်မှ ယူဖို့
စိတ်ကူးလိုက်တယ်။ ဒါပေမယ့် အိမ်ကို မပြန်ချင်သေးဘူး။ ဒီအချိန်ဆို ဒေါ်မြသီက
အိမ်ကိုပြန် ရောက်နေလောက်ပြီ။ ဒေါ်မြသီကို ရင်မဆိုင်ချင်တာလား၊ ရင်မဆိုင်ရဲတာလား မသဲမကွဲဖြစ်လာတယ်။ တကယ့်တကယ်
သွားဖို့သေချာနေပြီဆိုတော့ ရင်တွေအလိုလို ဖိုလာသလိုပဲ။ ဒေါ်မြသီကို
ဖွင့်ပြောမယ်ဆိုရင်ကော ဘယ်ကစပြီး ပြောရမလဲ။ စကား မပြောဖြစ်တာလည်း ကြာနေပြီဆိုတော့။
ဦးဘကျော့ စိတ်တွေယိမ်းယိုင် လှုပ်ရှားလာတယ်။
သူ့ဆုံးဖြတ်ချက်တွေက ထွေပြားလာတယ်။ ဒီလိုနဲ့ပဲ စားသောက်ဆိုင်ကလေးဆီ
ပြန်ရောက်သွားတာ။ အဲဒီညက မိုးချုပ်မှပဲ အိမ်ပြန်ရောက် တော့တယ်။
□
အိမ်ကိုရောက်တော့ မီးတွေ
လင်းနေတုန်းပဲ။ အိမ်တံခါးကလည်း ပွင့်နေတုန်းပဲ။ အိမ်ရှေ့ခန်းထဲ ရောက်တဲ့အထိ
ဒေါ်မြသီကို မတွေ့ရသေးဘူး။ ဦးဘကျော့ရဲ့ စိတ်ထဲမှာ တစ်ခုခု ထူးခြားနေသလို
တွေးမိလာတယ်။ သူ့ မျက်လုံးအကြည့်တွေက အိမ်နောက်ခန်းဆီရောက်သွားပြီး ခြေလှမ်းတွေက အခန်းပေါက်ကို
အလိုလိုရောက်သွားတယ်။ ခန်းဆီးစကို ဖယ်ကြည့်လိုက်တော့ ဒေါ် မြသီက ခုတင်ပေါ်မှာ
စောင်ကလေးခြုံပြီး အိပ်ပျော်နေတာ။ ဒါပေမယ့် ဒေါ်မြသီက...။
ဦးဘကျော့ သူ့ကိုယ်သူ သတိထားမိလိုက်တဲ့
အချိန်မှာ ဒေါ်မြသီရဲ့ ခုတင်အနားကို ရောက်နေပြီ။ ဒေါ် မြသီကို စိုက်ပြီး
ကြည့်နေမိလိုက်တယ်။ ဒေါ်မြသီရဲ့ မျက်နှာကလေးက အရင်ကလို စိုစိုပြည်ပြည် မဟုတ်တော့ဘူး။
ဘာဖြစ်လို့ အခုလောက်ထိ ကျသွားရတာတဲ့လဲ။ ဦးဘကျော့ ဒေါ်မြသီရဲ့ နဖူးကလေးကို
စမ်းကြည့်လိုက်တယ်။ ကိုယ်ကတော့ မပူပါဘူး။
'အား... ကျွတ်... ကျွတ်
နာလိုက်တာ...'
'မမြသီ...မမြသီ မင်း
ဘာဖြစ်နေတာလဲ...ဟင်'
'ကို...ကိုဘကျော့ လားဟင်'
'အေး...ငါပါ၊ မမြသီရာ'
ဒေါ်မြသီရဲ့ မျက်လုံးကလေးက မှေးစင်းစင်းလေး
ပွင့်လာတယ်။
'ကျွန်မ... ကျွန်မ ဗိုက်ထဲက
သိပ်အောင့်တာပဲ ကိုဘကျော့ရယ်'
'ဟင်... ဟုတ်လား...
ဘယ်လိုဖြစ်ရတာလဲ မြရယ်...'
ကြည့်စမ်း... မြတဲ့၊ ဦးဘကျော့ရဲ့
နှုတ်က အလိုလိုပွင့်ထွက်သွားတာ။ သူ့ရဲ့ အမူးတွေက ဘယ်ဆီ ရောက်သွားမှန်းတောင်
မသိတော့ဘူး။ သူ့ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပြီး ဒေါ်မြသီရဲ့ ကိုယ်လုံးကလေး ကို
အလိုက်သင့် ဆွဲထူလိုက်တယ်။ ပြီးတော့ ဒေါ်မြသီကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်တယ်။
'မြ...မြ...မြရယ်...'
'ကိုဘကျော့... ရှင်
သိပ်ရက်စက်တာပဲ...'
'ကိုယ့်ကို ခွင့်လွှတ်ပါ
မြရယ်...'
ဒေါ်မြသီရဲ့ မျက်နှာပေါ်မှာ
မျက်ရည်တွေ စီးကျလာတယ်။ ဘာထူးသေးလဲ၊ ဦးဘကျော့ရဲ့ မျက်နှာမှာလည်း
မျက်ရည်တွေနဲ့ပါပဲ။ အဲဒီ မျက်ရည်စ နှစ်ခုက ရောထွေးပြီး လိမ့်ဆင်းကျသွားတယ်။
ဒီအချိန်ကလေးဟာ သူတို့နှစ်ယောက်အတွက် အလှပဆုံးအချိန်။
ဒေါ်မြသီက သူ့လက်ထဲမှ ဆုပ်ကိုင်ထားတဲ့
ပစ္စည်းကလေးကို ဦးဘကျော့ကိုပေးတယ်။
'ကိုဘကျော့... ဒါရှင့်အတွက်
မျက်မှန်လေ၊ ညနေက ကျွန်မ သွားယူထားလိုက်တာ...'
ဦးဘကျော့က ဒေါ်မြသီပေးနေတဲ့
မျက်မှန်အိတ်ကလေးကို အံ့သြတဲ့ အကြည့်နဲ့ ကြည့်နေမိလိုက် တာ။
'တပ်ကြည့်စမ်းပါဦး
ကိုဘကျော့ရယ်... အဆင်ပြေရဲ့လားဆိုတာ...'
'ရပါတယ် မြရယ်...
ကိုယ်သေချာလုပ်လာခဲ့တာပဲ ဥစ္စာ'
'တပ်ကြည့်လိုက်စမ်းပါ...ကိုဘကျော့ရဲ့'
ဦးဘကျော့
မျက်မှန်အိတ်ကလေးကိုဖွင့်ပြီး ရွှေရောင် စာကြည့်မျက်မှန်ကလေးကို သူ့မျက်နှာမှာ
တပ်လိုက်တယ်။
'ဟင်း... ဟင်း... ကို ဘကျော့က
ဒီမျက်မှန်ကလေးနဲ့လည်း လိုက်တာပဲ၊ အား...ကျွတ်ကျွတ်...'
'မြ...မြ...'
'ကိုဘကျော့ရယ်...'
ညနေဆည်းဆာရဲ့ တိမ်တောက်ချိန်အလှက
ရောင်စုံခြယ်သထားတဲ့ ပန်းချီကားတစ်ချပ်လို သိပ်ပြီးလှပလွန်းနေတာ။ ဒီအလှက
ရင်ထဲနှလုံးသားထဲအထိ စွဲစွဲထင်ထင် နစ်ဝင်သွားတယ်လေ။ ဒါပေမယ့် နေလုံးကြီးက
တဖြည်းဖြည်းနဲ့ အိဆင်းကျနေပြီ။ မကြာခင် ပျောက်ကွယ်သွားတော့မယ်။
□
ဦးဘကျော့က ဘဝတစ်လျှောက်လုံး ဂုဏ်တွေ၊
ဒြပ်တွေနဲ့ ဟန်တစ်လုံး၊ ပန်တစ်လုံး နေလာခဲ့တာ။ ပြောင်းလဲသွားတဲ့ အခြေအနေပေါ်ကို
လိုက်လျောညီထွေဖြစ်အောင် မနေတတ်ခဲ့ဘူး။ အောင်မြင်မှု၊ ကျဆုံးမှု၊ အထင်ကြီးမှု၊
အထင်သေးမှု၊ အမှန်နဲ့ အမှား ဒါတွေအားလုံးက ဒွန်တွဲနေတာ မဟုတ်လား။
ဒေါ်မြသီ အစားပျက်၊ အအိပ်ပျက်
ဖြစ်ခဲ့ရတာတွေက ဘယ်လောက်အထိ ကြာနေခဲ့ပြီလည်းမှ မသိတာ။ အဝေးကိုရောက်နေကြတဲ့ သားနဲ့
သမီးကရော ဘယ်လောက်အထိ ထောက်ပံ့နိုင်မှာတဲ့လဲ။ ဒေါ်မြသီက ဘာမှပြောခဲ့တာမဟုတ်ဘူး။
ဦးဘကျော့ စိတ်ချမ်းသာရင် ပြီးရောဆိုပြီး သူ့ဘာသာသူပဲ ရုန်းခဲ့တာ။ ဦးဘကျော့ စိုက်ထားခဲ့တဲ့
အပင်တွေကို သူ့ဘာသာပဲ ရေလောင်းပေါင်းသင် လုပ်ခဲ့တာ။
ဦးဘကျော့ မျက်ရိုးတွေ
သိပ်ကိုက်နေတယ်ဆိုတော့ မျက်မှန်ကလေး တစ်လက်ကို သူကိုယ်တိုင် ဝယ်ပေးချင်လိုက်တာလေ။
ဒါကြောင့်လည်း ဝယ်နိုင်အောင် ကြိုးစားခဲ့တာ။ သူ့အသက် အရွယ်ကြီးနဲ့ ဘယ်လောက်အထိ
အပင်ပန်းခံနိုင်မှာတဲ့လဲ။ ဒီဒဏ်တွေကို ခံနိုင်တယ်ပဲထားဦး။ ဦးဘကျော့က သူ့ကို
စကားမပြောတော့ဘူး ဆိုတာကျတော့...
သူ... ဦးဘကျော့ကို သိပ်ချစ်တယ်လေ...။
အချစ်ဆိုတာ ငယ်တာ ကြီးတာနဲ့
ဆိုင်ချင်လည်း ဆိုင်မယ်။ ဆိုင်ချင်မှလည်း ဆိုင်မှာပါ။ ငယ်ကချစ် အနှစ်တစ်ရာ...တဲ့။
ဘာပဲ ဖြစ်ဖြစ် ဒေါ်မြသီက ဦးဘကျော့အပေါ် သိပ်ပြီး သံယောဇဉ် ကြီးမားခဲ့တယ်...လို့
ပြောရတော့မှာပေါ့။
□
ဦးဘကျော့ရဲ့ ခေါင်းထဲမှာ
မူးဝေနောက်ကျိနေတုန်းပဲ ရှိသေးတယ်။ ဦးဘကျော့ရဲ့ ဘဝမှာ အမှားတွေ ရှိခဲ့တယ်။
ဒီအမှားတွေကို ပြုပြင်ပြီး နေလာခဲ့တာကြာပြီ။ ဒါပေမယ့် အမှားတစ်ခုကိုတော့
မှားမှန်းလည်း သိပါလျက်နဲ့၊ ပြင်လည်း ပြင်နိုင်ပါလျက်နဲ့ ဘယ်တော့မှ ပြင်မှာ
မဟုတ်တော့ဘူး။
ဦးလင်းအောင်က
မျက်စိသွားပြဖို့ခေါ်တော့ သူက ငြင်းဆန်ခဲ့တာ။ ပြီးတော့ သူက စိတ်မရှည်ခဲ့ဘူး။ သူ
ပေါ့လျော့ခဲ့တယ်။ သူ ပေါဆခဲ့တယ်။ အဲဒီအတွက် အမှားကတော့ အဲဒီမျက်မှန် ကလေးဟာ
သူ့မျက်စီနဲ့ မကိုက်ညီခဲ့ဘူးဆိုတာပါပဲ။ ဒီ မျက်မှန်ကလေးကို တပ်လိုက်တိုင်း
စားလုံးတွေက ကြီးသွားလိုက်၊ သေးသွားလိုက်၊ ဝေဝါးသွားလိုက် ဖြစ်နေတာ။ ဒါပေမယ့် သူ
ဒီစာကြည့် မျက်မှန်ကလေးကိုပဲ
မြတ်နိုးနေမိတာ။
ဒါကိုတော့ ဒေါ်မြသီ တစ်ယောက်
သိမသွားခဲ့ပါဘူး။
'ဟင်း...ဟင်း...ကိုဘကျော့ ဒီမျက်မှန်ကလေးနဲ့လည်း
လိုက်တာပဲ...'တဲ့။
ဒီမျက်မှန်တပ်လိုက်တိုင်း သူ့မိန်းမ
ဒေါ်မြသီရဲ့အသံက နားထဲမှာ ကြားနေရတာ။ ဒီအသံက ဘယ်တော့မှ ပျောက်မှာ မဟုတ်တော့ဘူး။
ပျောက်သွားအောင်လည်း ကြိုးစားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့...
သူ ဒေါ်မြသီကို သိပ်ချစ်တယ်လေ...။
ဦးဘကျော့ရဲ့ မျက်လုံးအိမ်ထဲမှာ
မျက်ရည်တွေ ရစ်ဝဲလာတယ်။ ဒေါ်မြသီရဲ့အသံနဲ့အတူ ဒေါ်မြသီက သူ့ အနားမှာ ရှိနေတယ်လို့
ထင်လာတယ်။
ဦးဘကျော့ရဲ့ လက်ထဲမှာ မျက်မှန်ကလေးက
ကိုင်ထားတုန်းပါပဲ။
ဖြစ်နိုင်မယ်ဆိုရင်
တိမ်မျှင်တန်းကလေးတစ်စကို ဆွဲထားလိုက်ချင်စမ်းပါရဲ့..။
▀
ကျော်ညိုလွင်
၊ကျောက်ဆည်၊
(အမှတ် ၁၈၆၊ မေ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်