မောင်ဝဏ္ဏ
“သူ့ကို
ရင်ထဲက မြတ်နိုးခွင့်ရပါစေဘုရား”
မတောင်းကောင်းတဲ့ဆုကို
တောင်းမိပြန်ပါတယ်။
“ပန်းမျိုးစုံ၊
ရာသီစုံ ဖူးခဲ့ပေါ့လေ၊ ချစ်သူကိုရည်စူး၊ ခူးတဲ့လို့ခြွေ၊ ကိုယ်တိုင်လှရာရာရွေး၊
ဆင်မပေးရ ဆံမြညှာကေ...”
(မြို့မ ဆရာငြိမ်း)
□
နွားတွေခဏလှန်၊
ခဏ တစ်ဖြုတ်နားပြီးတော့ တောလမ်းခရီးကို ဆက်ရပြန်တယ်။ ပင်ပန်းလိုက်တာလေ။
ဟပ်ထိုးလဲတော့မလောက်ပဲ။ ဒီလိုနဲ့ နေဝင်ရီတရောမှာ ရေနီကို ရောက်တယ်။
(ညနေဘက်ပူတဲ့နေဟာ ပိုဆိုးတယ်၊ ကော့နေတာပဲ) ဇာတ်ရုံက ချောင်းဘေးမှာ။ အဖြစ်ဆောက်ထားတဲ့
ဇာတ်ရုံ။ တချို့ဝါးတိုင်တွေက ယိုင်နေပြီ။ ဇာတ်ရုံဟောင်းမှာပဲ ကရတာပေါ့။
ရောက်ရောက်ချင်း ဆိုသလိုပဲ အိပ်ရာလိပ်ကလေးပစ်ချ။ ကိုယ့်နေရာကိုယ်ယူ။
ဇာတ်စင်ပေါ်မှာ မဟုတ်ပါဘူး။ စင်အောက်မြေကြီးပေါ်မှာ။ ကျူဖြာလေးတွေတော့
ကျိုးတိုကျဲတဲ ခင်းထားတယ်။ သိပ်တော့ မထူးပါဘူး။
မြေကြီးပေါ်မှာပါပဲ
ပြီးတော့ ချောင်းထဲရေဆင်းချိုးတယ်။ ရေနီနား ရွာကြီးတစ်ရွာဘေးက မြို့နဲ့
နီးတဲ့ချောင်းမိုးလားတော့ မသိဘူး။ ညိုညစ်နေတဲ့ ရေတွေပဲ။ မစီးချင်စီးချင်နဲ့ တအိအိ
စီးဆင်းနေတယ်။ ရေက အနက်ဆုံးနေရာမှာ ဒူးခေါင်းလောက်ပဲရှိတယ်။ အဲဒီ ညိုညစ်ညစ်
ချောင်းရေတွေနဲ့ပဲ ရေချိုးလိုက်ရတယ်။ စိတ်ပညာ စမ်းသပ်မှုတစ်ခု ကြားဖူးတယ်။
ဖန်ခွက်ထဲမှာ ရေတစ်ဝက်ထည့်ပါ။ ပြီးတော့ လူတစ်ယောက်ကို ပြပါ။ အဲဒီ ဖန်ခွက်ထဲက
ရေဟာနည်းနေသလားလို့ မေးပါတဲ့။ “နည်းတာပေါ့” လို့ဖြေရင် အဆိုးမြင်ဒုက္ခမြင်
သမားဘက်ကို ရောက်တယ်လို့ သတ်မှတ်နိုင်ပါသတဲ့။ ရေတစ်ဝက်ဆိုတော့ နည်းတယ်လိုလည်း
ပြောလို့မရဘူး။ များတယ်လို့လည်း ပြောလို့မရဘူးဆိုရင် အဲဒီလူကို အလယ်အလတ်စိတ်ထား
(ယောနိသောမနသီကာယရှိသူ) လို့ သတ်မှတ်ပါတဲ့။ လုံးဝ မရှိတာနဲ့စာရင် ရေတစ်ဝက်ရှိတာက
များတာပေါ့ဆိုရင် အကောင်းမြင်သမားလို့ သတ်မှတ်ပါတဲ့။ တကယ်တော့ ဖြစ်သမျှအကြောင်း
အကောင်းချည်းပဲဆိုတာ အားလျှော့ပစ်တာမျိုးလို့ ဆိုကြပါတယ်
ညိုညစ်ညစ်
ရွှံနှစ်တွေနဲ့ နောက်ကျိနေတဲ့ ရေကိုကြည့်ရင်း ကျွန်တော် စဉ်စားတယ်။ လုံးဝ ရေမချိုးရတာနဲ့
စာရင်တော့ ညိုညစ်ညစ်ရေလည်း မဆိုးပါဘူးလို့ ဆုံးဖြတ်ပါတယ်။ ဒီလိုပဲ
လုံးဝမချစ်ရတာနဲ့စာရင် ရင်ထဲက မြတ်နိုးနေရရင်လည်း မဆိုးပါဘူးလို့ ဆက်တိုက်
စဉ်းစားမိပြန်တယ်။ တော်တော့်ကို ဆိုးတဲ့ ချစ်ဆိပ်ရည်ပါပဲ။
ည
ခုနစ်နှာရီလောက်မှာ ဇာတ်ထမင်းကျွေးတယ်။ (အဲဒီည ဇာတ်စမကလို့ပေါ့) ညနေမှာ ဘယ်လိုလုပ်
စျေးဝယ်နိုင်မလဲ။ ထမင်းချည်းပဲ ကျွေးတာ။ ဆားတော့ ပါသပေါ့။ ဒီအချိန်မျိုးမှာ တစ်ကိုယ်ကောင်းဆန်တဲ့
စိတ်ရှိတဲ့လူတွေကို တွေ့လိုက်ရတယ်။ အဲဒီခရီးကြမ်းဟာ ကျွန်တော့ကို
ဆုံးမသွန်သင်မှုတွေ အများကြီးပေးခဲ့ပါတယ်။
အဲသလို
အခြေအနေမျိုးဟာ ဇာတ်အဖွဲ့တိုင်း တစ်ချိန်မဟုတ် တစ်ချိန် ကြုံရတဲ့ အခြေအနေမျိုးပါ။
ဒါကို ဇာတ်ရည်ဝပြီးသားသူတွေက (အားလုံးလိုလိုပါပဲ) နယ်ထွက် မကခင်ကတည်းက ငါးပိကြော်၊
ငါးခြောက်ကြော်၊ ပုစွန်ခြောက်ကြော်၊ ဒါမှမဟုတ် ငရုတ်သီးနဲ့ ဆားလှိမ့်ထားတဲ့
ဆီမပါ့တပါ ငရုတ်သီးကြော်၊ ထန်းလျက်ခဲ၊ ပုစွန်ခြောက် သေးသေးလေးတွေ စသဖြင့်
ကိုယ်စီကိုယ်ငှ ဆောင်လာကြပြီး ဝှက်ထားလေ့ရှိတယ်။ ပုလင်းလေးတွေ၊ ဘူးလေးတွေ စသဖြင့်နဲ့ပေါ့။
ဇာတ်အဖွဲ့သား တော်တော်များများဟာ ဇာတ်ရုံကြီးရဲ့ ထောင့်တွေ၊ ကျူဖျာတွေ၊
တိုင်ကြားတွေမှာ ပြန့်ကျဲပြီး ကိုယ့်အစုနဲ့ကိုယ်၊ ဒါမှမဟုတ် တစ်ယောက်တည်း ထမင်းစားကြတယ်။
ဝှက်ထားတဲ့ အကြော်အလှော်လေးတွေကို ကိုယ့်ပန်းကန်ထဲမှာပဲ နည်းနည်းပုံပြီး စားတယ်၊
ဘယ်သူ့မှ မကျွေးဘူး၊ သူတို့ဘက်က ကြည့်ရင် မှန်ပါတယ်။ ဒီလို ရေလုံပြုတ်
ဆန်ကွဲထမင်းနဲ့ ဘယ်လောက်ကြာကြာနေရမယ် ဆိုတာ မှန်းလို့မှမရဘဲ။ အဲသလို စားစရာတွေ
ဆောင်မလာနိုင်တဲ့ လူတွေကတော့ ကားဆွဲတို့၊ သေတ္တာထမ်းတို့၊ ယိမ်းသမလေးတို့၊ မီးသမား
နောက်လိုက်တို့၊ ပတ်မတီး နောက်လိုက်တို့ အစရှိတဲ့ ညကြေး အနိမ့်ဆုံး ရတဲ့လူတွေနဲ့
အတွေ့အကြုံမရှိသေးတဲ့ ကျွန်တော်ပဲ။ ဦးလေးကိုအောင်သန်းက သူတို့လင်မယား စားဖို့
ဝှက်ယူလာတဲ့ ငါးပိကြော်လေးနည်းနည်းကို ကျွန်တော့်ပန်းကန်ထဲ ထည့်ပေးတယ်။ သူတို့လည်း
ရှေ့ခရီးအတွက် ချန်သင့်သမျှ ချန်ထားရဦးမှာပဲ။ ဒါကြောင့် ကျွန်တော်က အဲဒီညတော့
ဦးလေးတို့ဆီက ငါးပိကြော် နည်းနည်းယူပြီး စားလိုက်တယ်။ ငတ်တဲ့အချိန်မှာ
ဆားဖြူးစားရတာတောင် ကောင်းပါတယ်ဆိုမှတော့ အဲဒီငါးပိကြော်က နတ်သုဒ္ဓါပဲ။
'ငသန်သေးနုပ်၊
ရေလုံပြုတ်ကို၊ တစ်လုတ်ကယ်ဝဝ၊ စားလိုက်ရလျှင်၊ အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်ကရော့'
ဆိုတဲ့ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲက စာသားကို မှတ်မိပါသေးရဲ့။
□
မေ့ဓာတ်ပုံတွေ
ပြုံးယောင်ပါလို့နေ၊ မေ့နိုင်ဘူး မောင့်သက်ညှာရေ...
အဲဒီညမှာ
မောမောနဲ့ ကျူဖြာခင်းပြီး မြေကြီးပေါ် မှာပဲ လှဲချလိုက်တယ်။ ပြီးတော့ ညတိုင်း
ကျွန်တော် ထုတ်ကြည့်နေကျ ဓာတ်ပုံလေးကို ကျူဖျာမိုးကျဲကျဲထဲက ကျလာတဲ့ လရောင်ပြာလဲ့လဲ့မှာ
မမြင့်တမြင်နဲ့ ကြည့်နေမိတယ်။ ဘယ်သူ့ဓာတ်ပုံလို့ ထင်သလဲဟင်။ သူ့ ပုံပေါ့။
အဲဒီဓာတ်ပုံ ဘယ်ကရတယ် ထင်သလဲ၊ ကျွန်တော်တို့မိသားစုအတွက် သူပေးထားခဲ့တဲ့ ပုံပဲ။
အဲဒီဓာတ်ပုံကို
ဖေဖေက စာရေးစားပွဲအံဆွဲထဲမှာ ထည့်သိမ်းထားတယ်။ ရှင်းရှင်းဝန်ခံရရင် ကျွန်တော် အဲဒီဓာတ်ပုံကို
အလစ်သုတ်ခဲ့တာပါ။ ကိုယ့်ကိုပေးတဲ့ ဓာတ်ပုံမဟုတ်ပေမယ့် ကြည့်နေချင်တာ
ဘယ်နှယ်လုပ်ရမလဲ။ 'အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး' လို့လည်း
ကြားဖူးထားတော့ သင့်မသင့် မစဉ်းစားမိခဲ့ဘူးလေ။ (အမှန်တော့ အချစ်မှာလည်း တရားရမယ်၊
စစ်မှာလည်း တရားရမယ်။) အပြစ်တစ်ခုလို့ ယူဆရင်လည်း တောင်းပန်ပါတယ်။ ကျွန်တော်
အဲဒီဓါတ်ပုံကို ကိုယ်နဲ့မကွာ သိမ်းထားခဲ့မိတယ်။
နောင်တစ်ချိန်မှာ
ကျွန်တော့်ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်ချနိုင်ခဲ့ပြီလို့ ထင်ခဲ့တယ်။ (တကယ်တော့
ဆုံးဖြတ်ချက် မပိုင်ဘူးဆိုတာ နောက်ကျမှ သိရပါတယ်။)
ဖတ်ခဲ့မှတ်ခဲ့ဖူးသမျှ
တရားစာတွေအရ၊ ကျင့်ကြံအားထုတ်ဖူးသမျှ အနည်းငယ်လေးမျှဖြစ်တဲ့ ကမ္မဋ္ဌာန်း၊
ဝိပဿနာတရားတွေ အရ စိတ်ကနည်းနည်းငြိမ်သက်လာပြီလို့ ယူဆလိုက်တဲ့ အချိန်မှာ
အဲဒီပုံကလေးကို ပြန်တွေ့မိတယ်။ ဒီတော့ ကျွန်တော့်မှာ ဘာအခွင့်အရေးရှိသလဲ၊
ဘယ်လိုသဘောထား ဟာ အသင့်လျော်ဆုံးလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန် ထုတ်တယ်။ 'တပ်မက်မှု
ကင်းတဲ့ ချစ်မြတ်နိုးမှုနဲ့ နောက်ဆုံးထွက်သက်အထိ ရင်ထဲက မြတ်နိုးနေခွင့်' ကို ကျွန်တော် ရယူနိုင်တယ်။ ဒီအတိုင်းဆုံးဖြတ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့
ဖေဖေ့အံ ဆွဲထဲ ပြန်သိမ်းပြီးသော့ ပိတ်ထားလိုက်တယ်။ သဘောကတော့ သံယောဇဉ် ဖြတ်ပြီ။
□
ဝိုးတဝါးညဥ့်လည်
အိပ်မက်ဆိုးများ
ကျွန်တော့်ကိုယ်
ကျွန်တော် သေသေချာချာ နားမလည်ဘူးဆိုတာ နောက်တော့မှ သိသာလာတယ်။ အဲဒါကတော့
အဲသလိုဓါတ်ပုံလေး ပြန်သော့ခတ်သိမ်းထားပြီး တစ်လနှစ်လလောက် ကြာတော့ အိပ်မက်ထဲမှာ
သူ့ကို ဝိုးတဝါးမြင်ယောင်လာတယ်။ ဖြူလွလွအရိပ်တစ်ခုလိုပဲ။ နောက်တဖြည်းဖြည်း
အိပ်မက်တွေဟာ ပြတ်သားလာတယ်။ အဲဒီနောက်မှာ ညတိုင်းမဟုတ်ရင်တောင် တစ်ညခြား၊
နှစ်ညခြားလောက် သူ့ ကို အိပ်မက်မက်တယ်။ အိပ်မက်တိုင်းရဲ့ အဆုံးသတ်ဟာ တရွေ့ရွေ့ဝေပြီး မြူငွေ့တွေလို
ကွယ်ပျောက်သွားတဲ့ သူ့ကိုလိုက်ရှာရင်း ရင်တွေခုန်ပြီး လန့်နိုးလာရတဲ့ အဖြစ်ပဲ။
ပုံစံသာ ပြောင်းလဲသွား ပေမယ့် ဒီသဘောပဲ။ တစ်ခါတလေ စိမ်းညို့နက်မှောင်နေတဲ့
တောတွေတောင်တွေကြားမှာ သူနဲ့နှစ်ယောက်တည်း ပျော်ရွှင်မြူးတူးနေရာက
သာယာတဲ့တောအုပ်ဟာ တောကြီးမျက်မည်း အသွင်ပြောင်းပြီး အဲဒီထဲမှာ ကျွန်တော်
တစ်ယောက်တည်း တမ်းတ အော်ဟစ်ရင်း ကျန်ရစ်ခဲ့တာ မျိုးတွေ။ ဘယ်သူမှ မနေတော့ပေမယ့်
သစ်လွင်တောက်ပနေတဲ့ သစ်သား နှစ်ထပ်အိမ်ကြီး တစ်ဆောင်ထဲမှာ သူနဲ့အတူ နေရရင်းမှာပဲ
ချက်ချင်းပျောက်သွားတဲ့ သူ့ကို
လှေကားပေါ်ပြေးတက်၊ ပြန်ဆင်း၊ သော့ခတ်ထားတဲ့ တံခါးတွေကို အတင်းလိုက်ဖွင့်၊
(ထူးဆန်းတာက သော့ အထပ်ထပ်ခတ်ထားပေမယ့် ကျွန်တော်ဖွင့်လို့ရတယ်။) ဘယ်မှာမှ
ရှာမတွေ့နဲ့ အို... အမျိုးမျိုးတွေပါပဲ။
တစ်ခါတလေ
လွင်တီးခေါင်ထဲမှာ သူကလမ်းလျှောက်နေတယ်။ ကျွန်တော်က ပြေးလိုက်တယ်။ ရိုးရိုး လမ်းလျှောက်နေတာကို
ပြေးလိုက်ပေမယ့် မမီတော့ဘူး။ မောလိုက်တာလေ၊ ပြီးတော့ မှောက်ရက်လဲကျတယ်။ ရင်ဘတ်ကို
ငြှောင့်ဆူးတယ်။ လန့်နိုးတော့ ရင်တွေအောင့် နေတယ်။ ဒီတော့မှ ကျွန်တော့်ကိုယ် ကျွန်တော်
ပြန်သုံးသပ်မိတယ်။ 'မရဲဘဲ ကျွဲပြဲစီးတဲ့ ကောင်' 'သတ္တိမရှိဘဲ
စစ်မြေပြင်ထွက်တဲ့ကောင်'။ အသူတရာနက်တဲ့ ချောက်ကြီးထဲကို ခုန်ချရဲတယ်ဆိုပြီး
တလွဲဆံပင်ကောင်း မိုက်ရူးရဲ ခုန်ချပြတတ်တဲ့ကောင်၊ အစဉ်းစား အဆင်ခြင်ဉာဏ်
ကင်းတဲ့ကောင်၊ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာတဲ့ကောင်၊ အသုံးမကျတဲ့ကောင် စသဖြင့်
ရှင်းရှင်းလင်းလင်း ပြန်မြင်မိတယ်။ ဟုတ်တယ်လေ၊ ကိုယ့်ကိုယ်သတ်ပစ်မယ့် ရန်သူထောင်သောင်း
ချီပြီး ရှိတဲ့နေရာကို ဓားလွတ်ကိုင်ပြီး တစ်ယောက်တည်း ဝင်တိုက်တဲ့ ကောင်မျိုးပဲ။
အလကားကောင်ပါ။
အဲဒီဓာတ်ပုံလေး
ပြန်သိမ်းစတုန်းက ငါဟာ အလွန်ခိုင်မာတဲ့ လွန်းတောင်တင် သံယောဇဉ်ကြိုးကြီး
တစ်ချောင်းကို ထောင်းခနဲ မြည်အောင် ဖြတ်နိုင်ခဲ့ပြီလို့တောင် ကိုယ့်ကိုကိုယ်
အထင်ကြီး မိခဲ့သေးတယ်။ မိုက်ပါ့ဗျာ။ ရူးပါ့ဗျာ။
(သူ့ဓာတ်ပုံလေးကို
ပြန်ကြည့်ချင်လို့ အံဆွဲသော့ကို ခက်ခက်ခဲခဲ ဖွင့်ကြည့်လိုက်တော့ ရေငွေ့တွေ
အစိုပျံပြီး ဆေးသားတွေ ပျက်ကုန်တာပဲ တွေ့ရတယ်။ အဲဒီပုံပျက်ကလေးကိုကြည့်ပြီး မင်းအသုံးမကျတာ၊ မင်း မိုက်မဲတာ စသဖြင့် ကိုယ့်ကိုယ်ကို
အပြစ်တင်လို့ မဆုံးတော့ဘူး)
□
ဇာတ်သမားပြန်ရင်
တစ်ကျပ် တစ်ပြား ကျန်ရမယ်
ရေနီနားက
ရွာကြီးမှာ ကတဲ့ပွဲဟာ အဆိုးဆုံးပဲ။ ဖျာလက်မှတ်မပြောနဲ့ ရုံဝင်လက်မှတ်တောင်
ဖျောက်ဖျောက် ဖျောက်ဖျောက်ပဲ ရောင်းရတယ်။ ထမင်းတောင် ဝဝလင်လင် ကျွေးနိုင်မယ့်ပုံ
မပေါ်တော့ဘူး။ ဇာတ်မန်နေဂျာက ရှေ့ပွဲတွေအတွက် ကြိုတင်စီစဉ်မယ်လို့ ပြောပြီး
ထွက်သွားတယ်။ ပြန်မလာတော့ဘူး။ ဇာတ်ခေါင်းကွဲပြီပေါ့။ ဒါပေမယ့်
နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ကွင်းပေါက်နားက ရွာကြီးတစ်ရွာကို
ပြန်လှည့်ခဲ့ကြတယ်။ လမ်းစရိတ်ကလေးမှ ရလိုရငြား ပါပဲ။
ယိမ်းသမလေးတွေ၊
ဇာတ်မင်းသမီးလေးတွေဟာ သူတို့မှာရှိတဲ့ အဝတ်အစား တွေကို အဲဒီရွာကြီးမှာ
ရောင်းချလိုက်ရတယ်။ တချို့ဟာ အပြန်လမ်းစရိတ်အတွက် မုန့်လက်ဆောင်းတို့၊
ကောက်လှိုင်းတီမုန့်တို့ လုပ်တတ်သမျှ မုန့်လေးတွေလုပ်ပြီး လှည့်ရောင်းကြတယ်။
တချို့ ဇာတ်မင်းသမီး အလတ်တွေကတော့ .....။
ကျွန်တော်ဖြင့် သူတို့ကိုကြည့်ပြီး ကိုယ်တိုင် ရင်နာကြေကွဲနေတာတောင် ခဏမေ့သွားတယ်။
သူတို့တစ်တွေအတွက်
ရင်နာမိတယ်။ 'ဈေးသည် အစ၊ ဇာတ်သမအလယ်၊ ..... အဆုံး' ဆိုတာ
တကယ်ဖြစ်တဲ့ အဖြစ်တွေမို့ ရှေးလူကြီးတွေက စကားပုံ ထားခဲ့တာ ဖြစ်ပါလိမ့်မယ်။
□
အရိပ်ကို
အရောင်ထင်...
ဒီကြားထဲမှာဖြစ်တဲ့
အဖြစ်ကလေးတစ်ခု ရှိသေးတယ်။ ရယ်ရမှာလား၊ ငိုရမှာလား မသိတဲ့အဖြစ်ပါပဲ။
အဲဒီဇာတ်အဖွဲ့ထဲမှာ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးနေကြတဲ့ တီးဝိုင်းအဖွဲ့ထဲက ဒိုး
ဆရာတစ်ယောက်ရှိတယ်။ သူ့နာမည် မမှတ်မိတော့ဘူး။ သူ့ဇနီးက ဇာတ်သမလေးပဲ။ အသက်က ရှိလှမှ
ဆယ့်ရှစ်နှစ်လောက်ပေါ့။ ဒီကောင်မလေးကို ကျွန်တော်ဂရုစိုက်မိတာက တခြားကြောင့် မဟုတ်ဘူး။
မျက်နှာက သွယ်သွယ်လေး၊ နှာတံက နည်းနည်းပေါ်တယ်။ နှုတ်ခမ်းကလည်း ဆေးဆိုးလိုက်ရင်
လှသွားတာပါပဲ။ သူဟာ မျက်ခုံးမွေးကို တခြားဇာတ်သမလေးတွေလို သေးသေးမျှင်မျှင်
မဆွဲဘူး။ (မဆွဲတတ် ရှာလို့ပါ) ခပ်ထူထူလေး ဆွဲတယ်။ အော်ပရာရှေ့ထွက်
မင်းသမီးလေးတစ်ယောက် ဆိုပါတော့။ ဇာတ်မိတ်ကပ် မလူးတဲ့အခါမှာ
ကြည့်ပျော်ရှုပျော်လောက်ပါပဲ။ အဲ... မိတ်ကပ်လူးပြီး မျက်ခုံးထူထူလေးဆွဲ၊ နှုတ်ခမ်းနီလေး
ဆိုးလိုက်ရင် လှသွားသလိုပဲ။ (အမှန်က သည်လိုပါ။ မျက်ခုံးထူထူလေး ဆွဲထားတော့
တစ်မျိုးလှနေတယ်။ ပြီးတော့ မျက်ခုံးလှတဲ့ 'သူ' နဲ့လည်း
မီးရောင်အောက်မှာ တူသွားသလိုပဲ။ ဒါကြောင့် အဲဒီ ဇာတ်သမလေးကို ဂရုစိုက်မိတာ
ဖြစ်ပါလိမ့်မယ်။ တကယ်ဖြစ်တာက ဒီလိုထင်တယ်။ ကျွန်တော့်မျက်စိထဲမှာ အမြဲလိုလို
မြင်ယောင်နေတာက 'သူ' အဲဒီဇာတ်သမလေးက
မျက်ခုံးထူထူလေး ဆွဲလိုက်တော့ ကျွန်တော့် စိတ်ကူးထဲက သူဟာ ဇာတ်ခုံပေါ်မှာ လှလှပပ
ကနေတယ်လို့ စိတ်ကစဥ့်ကလျားနဲ့ ထင်မှတ်မိတာ။ စကီဇိုဖရီးနီယာ အနုစားတစ်မျိုးပဲပေါ့။
မြင်ယောင်မှားမှုတွေ၊ အရူးအိပ်မက်တွေလို့ ပြောလို့ရပါတယ်။
အဲ...ရေနီနားက
ရွာကြီးမှာ ဇာတ်အဖွဲ့ တပ်ပျက်ပြီး ခုနရွာကြီးကို နောက်ဆုံးခံတပ်အဖြစ်
ဆုတ်ခွာခဲ့တော့ အဲဒီမိန်းကလေးရဲ့ ယောကျ်ား ဒိုးဆရာဟာ ဘာမပြောညာမပြောနဲ့ ပြန်လစ်
သွားပါရော။ ဇာတ်ထဲမှာက ဒီလိုအဖြစ်မျိုးတွေ အများကြီးပါ။
ဒီ့မတိုင်မီက
ရေနီနားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုရှိပါသေးတယ်။ ရေနီနားမှာ ညတစ်ည ပရိသတ် ချောက်ချီးချောက်ချက်နဲ့
ပွဲကနေတော့ မီးစက်က ရုတ်တရက် ပျက်သွားတယ်။ ဇာတ်ရုံ တစ်ရုံလုံး မှောင်ကျသွားတယ်။
ပရိသတ်က လက်နှိပ်မီးနဲ့ ဇာတ်ခုံကိုထိုးပြီး ကလော်တုပ်ပါရော။ နောက်တော့
ပြောင်းဖူးရိုးတွေနဲ့ စပစ်ကြတယ်။ အဲနောက် ဒီထက်ကဲပြီး ခဲနဲ့ ထုကြပါလေရော။
ကျွန်တော်တို့ ဇာတ်အဖွဲ့သားအားလုံး မှောင်နဲ့မည်းမည်းမှာ ဇာတ်ခုံအောက်ကို
ပြေးဝင်ပုန်းကြရတယ်။ ဇာတ်ခုံပေါ်ကို ခဲတွေက တဒုန်းဒုန်းကျနေတယ်။ ကျွန်တော်လည်း
ဇာတ်ခုံအောက် ဝင်မိဝင်ရာ နေရာဝင်လိုက်တယ်။ ခုံပေါ်က လူတွေလည်း ဇာတ်ခုံအောက်ကို
ပြေးဝင်ပုန်းကြတယ်။ 'ဟို နှမပေး စက်ဆရာကို သွားပြောကြဦးကွ'
'ဟေ့ကောင်တွေ
ဇာတ်က ညံ့ရတဲ့အထဲ မီးပါပျက်တယ်။ ပိုက်ဆံပြန်အမ်း.....တွေ သေကုန်မယ် နားလည်လား'
(ပရိသတ် မမှားပါဘူး၊ ကျွန်တော်တို့ ဇာတ်အဖွဲ့ရဲ့ အမှားပါ)
ဆူညံနေတာပါပဲ။
အဲသလို ဝရုန်းသုန်းကား ဖြစ်နေတုန်းမှာ ကျွန်တော့်နားကို အပေါစား မိတ်ကပ်နံ့နဲ့
မိန်းကလေးတစ်ယောက် ရောက်လာတယ်။
ဘယ်သူလဲလို့
သူက မေးတယ်။
'ငါပါဟ
ဝဏ္ဏပါ' ဆိုတော့...
'တော်ပါသေးရဲ့
အစ်ကို့အနားမှာ ကျွန်မနေမယ်နော်' တဲ့။
'အေးအေး'
ပေါ့။
အဲဒီဇာတ်သမလေးက
ကျွန်တော့်လက်မောင်းကို ဖက်ပြီး တဆတ်ဆတ်တုန်နေ ရှာတယ်။ မှောင်နဲ့မည်းမည်း
ဘာမှလည်းမမြင်ရ။ ဝိုးတဝါးအရိပ်တွေက ဟိုပြေး၊ ဒီလွှား ဆူညံအော်ဟစ်သံတွေ။
ဒီကြားထဲမှာ အော်သံတစ်ခု ကြားရတယ်။
'ဟဲ့…ချစ်ချစ်စိန်၊
နင် ဘယ်နားမှာလဲ'
ဘာသံမှ
ပြန်ဖြေသံ မကြားရ။
'ဟဲ့
ကောင်မ၊ နင့်လင်ငယ်နား ရောက်နေလား'
ဒီလူ့အသံ
ကျွန်တော် ကောင်းကောင်းမှတ်မိတယ်။ ကျွန်တော့်မိတ်ဆွေ ဒိုးဆရာရဲ့အသံ၊ သူ့မိန်းမက
ခုန ကျွန်တော်ပြောတဲ့ မျက်ခုံးထူထူ မင်းသမီးလေး။
ကျွန်တော်
ဘေးနားကပ်ပြီး တုန်တုန်ယင်ယင် ဖြစ်နေရှာတဲ့ မင်းသမီးလေးဟာ တုန်တုန်ယင်ယင် အသံနဲ့ပဲ။
'ကျွန်မ
ဒီမှာ' လို့ ပြောတယ်။ သူ့အသံက ကြောက်ပြီး တုန်နေတော့
ကျယ်ကျယ် မအော်နိုင်ရှာ ဘူး။ စင်ပေါ်ကို ခဲကျနေတာက ဝုန်းဒိုင်းကျဲလို့။ ခဲတွေနဲ့
အတူပါလာတဲ့ ဖုန်မှုန့်တွေက ဇာတ်ခုံ ကြမ်းကြားက အောက်ကျကျလာနေတယ်။
ကျွန်တော်က-
'ဟဲ့ကောင်မလေး၊
ကျယ်ကျယ်အော်လိုက်' လို့ ပြောရတယ်။ ကောင်မလေးက ရှိုက်သံတစ်ဝက်နဲ့-
'ကျွန်မ
ဒီမှာအစ်ကိုရေ' လို့အော်တယ်။
ဒိုးဆရာအသံ
ထပ်ထွက်လာပြန်တယ်။
'ဘယ်ဒီနားမှာလဲ၊
နင် နားမှာ ဘယ်ကောင်ရှိလဲ' တဲ့။ ကောင်မလေးက ပြန်အော်တယ်။
'အစ်ကိုဝဏ္ဏနဲ့ပါ
အစ်ကိုရဲ့' တဲ့။ ဒီတော့ ဒိုးဆရာက မေးပြန်တယ်။
'ဟုတ်သလား
ဗျို့ ကိုဝဏ္ဏ' တဲ့။
ကျွန်တော်က..
'ဟုတ်တယ်ဗျို့
ခင်ဗျားမိန်းမ ကျုပ်နားမှာရှိတယ်။ ဒိုးဆရာ ပြန်အော်သံ ကြားရတယ်။
'ဒါဖြင့်ပြီးရော...ခင်ဗျားနားက
ဘယ်မှမသွားစေနဲ့'တဲ့။
'စိတ်ချဗျို့
စိတ်ချ' လို့ ကျွန်တော် ပြန်အော်ရတယ်။ ကောင်မလေးကလည်း 'စိတ်ချပါ အစ်ကိုရဲ့' တဲ့လေ။
အဖြစ်က
ဒီလိုပါဗျာ။ အဲဒီမင်းသမီးလေးဟာ ယိမ်းသမ မင်းသမီးလေးပဲ။ ဇာတ်ဆရာက နည်းနည်း
မျက်စိကျနေပုံရတယ်။ ဒါကြောင့် နေ့လယ်ပိုင်း တစ်ခါတလေ ပတ္တလားလေးတီးပြီး သီချင်း
တက်ပေးလေ့ ရှိတယ်။ သီချင်းလေးတောင် မှတ်မိသေးရဲ့။
'ချစ်ချစ်စိန်...
ချစ်ချစ်စိန်ပါ...မိဘများ အားပေးကြပါ၊ ကြိုးစားလို့ ကတော့မှာ' စသဖြင့်ပေါ့။
ဇာတ်ထဲမှာ
အဲသလို ကြည့်ပျော်ရှုပျော် ကောင်မလေးကို ဇာတ်ဆရာကိုယ်တိုင်
သီချင်းတက်ပေးပြီးဆိုရင် 'ဇာတ်ဆရာ ငကြော်ကြော်နေပြီ' လို့ ကွယ်ရာမှာ
ပြောလေ့ရှိတယ်။ ဆိုလိုတာ ကတော့ စည်းကျော်ဖို့စပြီ ဆိုတဲ့ အဓိပ္ပာယ်ပါ။ 'ငကြော်စားတယ်' ဆိုတာကလည်း ငါးကြော်ကို စားတာ
မဟုတ်ဘူး။ နောက်အဓိပ္ပာယ် တစ်မျိုးပါ။ အဲသလို အခြေအနေမျိုးဆိုတော့
ခုလိုမီးပျက်ပြီး မှောင်နဲ့မည်းမည်းမှာ အခွင့်အရေးယူတဲ့လူတွေကလည်း ကျားချောင်းသလို
ချောင်းနေကြတယ်။ ဘာအထွေအထူးမှ မဖြစ်ရင်တောင် ဇာတ်ခုံနောက်ပိုင်းမှာ တချို့က
ဇာတ်ရှုပ်တတ်ကြတယ်။ ဇာတ်ရှုပ်တယ်ဆိုတဲ့ ဇာတ်စကားရဲ့အနက် အဓိပ္ပာယ်ကို အဲဒီကျမှ
ကျွန်တော် သေသေချာချာ သဘောပေါက်ခဲ့ရတယ်။
မထူးလှပါဘူး။
ကျွန်တော်တို့ ရုပ်ရှင်လောကမှာလဲ ဒီသဘောမျိုးတွေ ရှိတာပါပဲ။ ဘယ်လောကဖြစ်ဖြစ်
ဒီသဘောမျိုးတွေ ရှိနိုင်ပါတယ်။ ပရိသတ်အများစု ဂရုစိုက်ခံရတဲ့ ဂီတ၊ သဘင်၊
ရုပ်ရှင်သမားတွေကျတော့ အရပ်ထဲ ပိုပြောဖြစ်ကြတာပေါ့။
ဒါပေမယ့်
ဇာတ်သမားတွေမှာ ချစ်စရာကောင်းတဲ့ အကွက်တွေ အများကြီးရှိတယ်။ အခြေအနေအရ
အရပ်တကာလှည့် ကနေရလို့ ပြဿနာ အမျိုးစုံရှိပေမယ့် အရေးကြုံရင် ကြုံသလို တစ်ယောက်ကို
တစ်ယောက် ဝိုင်းကူကြတယ်။ တချို့မင်းသားကြီး၊ မင်းသမီးကြီး၊
လူရွင်တော်ကြီးတွေဆိုရင် သူတို့ရှိတဲ့ အဝတ်အစား (ဇာတ်ဝတ်ဇာတ်စား) အဖိုးတန်တွေ၊
လက်စွပ် စတာတွေကို ရောင်းချပေါင်နှံပြီး ကူညီတတ်တဲ့ အလေ့လည်း ရှိပါတယ်။
ဘယ်လောကမှာဖြစ်ဖြစ် မကောင်းတဲ့ ယုတ်ညံ့တဲ့ လူတွေရှိသလို စိတ်ကောင်းရှိတဲ့
မြင့်မြတ်တဲ့လူတွေလည်း ရှိပါတယ်။ တခါတလေ မိုးမလင်းတမ်း အရက်သောက်နေတဲ့လူဟာ
တကယ့်အရေးကျရင် သက်စွန့် ကြိုးပမ်းကူညီတဲ့လူမျိုး ဖြစ်နေတတ်တယ်။ မယ်ဒလင် ကိုတင်မြင့်ဟာ
အဲသလို လူစားမျိုးပါ။
အဲဒီညက
ကမ္ဘာပျက်သလို ဆူညံနေပြီးတော့မှ မီးစက်ဆရာကို ရှာတွေ့တယ်။ ဘသားချောက အရက်ဆိုင်မှာ
မူးလဲနေတာကိုး။ သူ့ကို အမူးပြေအောင် ရေနဲ့လောင်း စသဖြင့်လုပ်ပြီးမှ မီးစက်ပြန်
နှိုးရတယ်။ ဒါပေမယ့် ဇာတ်ပွဲကတော့ ဆက်ကလို့ မရတော့ဘူး။ အချို့မီးလုံးတွေလည်း
ကွဲကုန်ပြီ။ တချို့ကားလိပ်တွေလည်း စုတ်ပြဲကုန်ပြီ။ ပိုက်ဆံကိုင်တဲ့
ဇာတ်မန်နေဂျာလည်း ခုနလူအုပ်ကို ဝင်ကြေးတွေ ပြန်အမ်းလိုက်ရတယ်။ တကယ်ဝင်
ကြည့်ခဲ့တဲ့လူက နည်းနည်းရယ်၊ ဆွမ်းကြီးလောင်းဖို့ ဝင်လာတဲ့ လူတွေက အများစု။ ဒီတော့
ပြဿနာ မဖြစ်အောင် ရုံထဲရောက်နေသမျှ လူအားလုံးကို ရှိသမျှပိုက်ဆံနဲ့
ပြန်အမ်းလိုက်ရတယ်။ (အဲဒါပြီးတော့ မန်နေဂျာလစ် သွားတာပါပဲ)
နောက်တော့ မီးစက်ပြန်ငြိမ်း၊
ဖယောင်းတိုင်ထွန်း၊ ကိုယ့်အိပ်ရာ ကိုယ်ရှာ အိပ်လိုက်ကြပေါ့။ တချို့လူကြီးတွေကတော့
မအိပ်တော့ဘူး။ ကျွန်တော့်အိပ်ရာလိပ်လည်း ခြေနင်းဖတ်ထဲမှာ ပေကျံကုန် ပြီ။ ဒါနဲ့
အဲဒီညက ငုတ်တုတ်မိုးလင်းပေါ့။ လဆုတ်ညမို့ သန်းခေါင်ကျော်မှ လထွက်လာတယ်။
ဇာတ်ရုံအပြင်ဘက် ထွက်ပြီး လကွေးကွေးလေးပေါ်မှာ 'သူ့' မျက်နှာကို မြင်ယောင်မိသေးရဲ့လေ။
□
အချစ်သည် သင်္ချာမဟုတ်
အခန်း (၁ဝ)
ဆိုပါတော့
ခုနပြောသလို
ဒိုးဆရာရဲ့ မိန်းမ ဇာတ်သမလေးဟာ အားငယ်စွာနဲ့ ကျန်ရစ်ရှာတယ်။ (လင်ပစ်မလေး
ဆိုပါတော့လေ) ဇာတ်ခေါင်းကွဲပြီ။ အဲဒီမိန်းကလေးဟာ နောက်တစ်ရက်မနက်မှာ သူစုထားတဲ့
ပိုက်ဆံလေးနဲ့ ကောက်ညှင်းပေါင်းပေါင်းပြီး ရွာထဲမှာ လျှောက်ရောင်း ရရှာတယ်။
ကျွန်တော် စိတ်မကောင်းဘူး။
အနုသယအချစ်စိတ်ဟာ
သိပ်ဆန်းပြားတယ်။ အဲဒီကောင်မလေးဟာ ညဘက် ဇာတ်ခုံပေါ်မှာ ကြည့်ရင် မျက်ခုံးထူထူ၊
မျက်ဝန်း စိုစိုလေးနဲ့မို့ ကျွန်တော့်စိတ်ထဲမှာ 'သူ' နဲ့ တူသလို ထင်မိတယ်လို့ ပြောခဲ့ပါရောလား။
ကျွန်တော်
ဘယ်လိုစိတ် ဖြစ်လာတယ်ထင်လဲ။ အဲဒီဇာတ်သမလေးကို ဇာတ်ထဲက လူကြီးတွေရှေ့မှာ တောင်းပြီး
ယူပစ်လိုက်မယ်လို့ စိတ်ကူးမိပါသေးတယ်။ ဘယ်လိုဆန်းပြားတဲ့ စိတ်လဲ ဆိုတာ
တွေးလို့မရတော့ဘူး။ (အချစ်ဆိုတာ အက္ခရာ သင်္ချာလို a=2 ဆိုပါစို့ ဆိုလို့ မရပါဘူး။)
နောက်တစ်နေ့ကျတော့
ဦးလေးကိုအောင်သန်းက ကျွန်တော့်ကိုခေါ်ပြီး...
'မင်းမှာ
ပိုက်ဆံဘယ် လောက်ကျန်သေးသလဲ' လို့ မေးတယ်။ ကျွန်တော်အိပ်ကပ်
ပြန်စမ်းကြည့်တော့ တစ်ကျပ်ခြောက်ဆယ့်ငါးပြား တိတိလို့ သေသေချာချာ မှတ်မိနေပါတယ်။
ဦးလေး က ...
'ငါတို့လည်း
မတတ်နိုင်တော့ဘူး၊ တို့ကတော့ ပစ္စည်းတွေပါ တစ်နည်းနည်းနဲ့ ပြန်သယ်လို့ရတဲ့အထိ
စောင့်ရတော့မှာပဲ။ ဇာတ်ခေါင်းလည်းကွဲပြီ။ မန်နေဂျာလည်း ပြန်လာမှာ မဟုတ်ဘူး၊
ဘယ်လောက်ကြာမလဲ မသိဘူး။ ဆိုင်းဆရာတော့ ရန်ကုန်ပြန်ပြီး ပိုက်ဆံသွား ချေးလေရဲ့။
မင်းလည်း ပြန်တာကောင်းလိမ့်မယ်။ ဇာတ်သမား အရသာလေး နည်းနည်းတော့ မြည်းကြည့်ပြီးပြီ
မဟုတ်လား၊ ပြန်တော့ကွာ' လို့ ပြောတယ်။
ကျွန်တော်
ရွေးစရာလမ်းက မရှိတော့ဘူး။ သူရှိတဲ့ မြို့လှကိုလည်း မလာချင်ဘူး။ စိတ်ညစ်စရာတွေ
မမြင်ချင်တော့ဘူး။ အဆင်မပြေတဲ့ သူ့ဘဝကို မမြင်ရက်တော့ဘူး။
□
အိမ်အပြန်လမ်းမှာ
ပင့်သက်လေးတွေဖြာ
ကျွန်တော်ဖြတ်လျှောက်ဖူးတဲ့
လယ်ကွင်းရိုးပြတ်တောတွေကိုပဲ အိပ်ရာလိပ် ထမ်း၊ လွယ်အိတ်လွယ်ပြီး
ပြန်လျှောက်လာခဲ့တယ်။ မနက်ခင်းမို့ နေခြည်နုနုနဲ့ ရိုးပြတ်တွေ၊ ယာခင်းတွေဟာ
လှပပါရဲ့။ ဒါပေမယ့် လွမ်းနေတဲ့အချိန်မှာ အဲဒီသဘာဝ အလှအပတွေဟာလည်း လွမ်းဖို့ကို
ပိုပြီး အားဖြည့်ပေးသလိုပဲ ခံစားခဲ့ရတယ်။
အိပ်ရာလိပ်ကလေး
ထမ်း၊ လွယ်အိတ်ကလေး လွယ်၊ ရိုးပြတ်တောကို ဖြတ်လျှောက်၊ ဖိနပ်ကလည်း
ပြတ်လုတည်းတည်းပဲ ကျန်တော့တယ်။ ဒါကြောင့် ဖိနပ်ကို ခါးကြားထိုးပြီး တကယ့် ခြေလျင်ခရီး
နှင်ခဲ့ရပြန်တယ်။ ရေနီဘူတာရောက်တော့ တွေဝေနေသေးတယ်။ ရန်ကုန်ကို ပြန်ရမလား၊
မြို့လှက သူ့ဆီကိုသွားမလား။ နှစ်ခုပေါ့။ အဲဒီအချိန်မှာ အားငယ်စိတ် ဝင်လာသေးတယ်။
ဒါပေမယ့် ကျွန်တော်ဟာ ဘယ်အထုံနဲ့ ပါလာတဲ့ဇွဲလည်းတော့ မသိဘူး။ အခက်အခဲနဲ့တွေ့ရင်
မရရအောင် ကျော်လွှားသွားချင်တယ်။ ဘယ်သူ့အကူအညီမှ မယူချင်ဘူး။
ရေနီဘူတာဘေးက
ကုက္ကိုပင်ကြီးအောက်မှာ ရောင်းတဲ့ အေးစက်စက် ဘယာကြော် သုံးလေးခု ဝယ်လိုက်တယ်။
လမ်းဘေး ရေချမ်းစင်က ရေကို ပုလင်းထဲ အပြည့်ဖြည့်တယ်။ ဘယာကြော်ဝါး၊ ရေသောက်၊
ဗိုက်ထဲမှာ ပဲနဲ့ရေနဲ့ပွပြီး အဆာခံ အောင်လုပ်လိုက်တယ်။
ဘူတာရုံမှာ
ရထားစောင့်နေရင်း ဇာတ်ထဲက မင်းသမီးတစ်ယောက်နဲ့ တွေ့တယ်။ ဘယ်နားက ဘယ်လို
ထွက်လာသလဲတော့ မသိဘူး။ ကျွန်တော့်ကို တွေ့တော့...
'ဟဲ့...မောင်လေး၊
နင် ပြန်တော့မလား' တဲ့။
'ဟုတ်ကဲ့...'
လို့ ဖြေတယ်။ အဲဒီမိန်းမဟာ ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်း
လုပ်ငန်း လုပ်နေရရှာတယ်။ (အပြန်လမ်း စရိတ်၊ စားစရိတ်အတွက်ပေါ့) သူကတော့
ဘာမှမဖြစ်သလိုပဲ။ ဒါဟာ အရေးကြုံ ရင်သုံးရမယ့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလို့
သတ်မှတ်ထားပုံရတယ်။ ရှက်မနေဘူး။ ကျွန်တော့်ကို မေး လိုက်သေးရဲ့..
'နင့်မှာ
ပိုက်ဆံ ဘယ်လောက်ကျန်သေးသလဲ' တဲ့။ အဲဒီအချိန်မှာ ကျွန်တော့်
အိပ်ကပ်ထဲ ပြားလေးဆယ်ပဲ ကျန်တော့တယ်။ ကျွန်တော်က ရိုးရိုးမေးတယ်ပဲထင်ပြီး
'ပြားလေးဆယ်ပဲ
ကျန်ပါတော့တယ်ဗျာ၊ ရန်ကုန် ဘယ်နည်းနဲ့ ပြန်ရမလဲ စဉ်းစားနေတာ' လို့ပြောတော့ သူက...
'ပြားလေးဆယ်နဲ့တော့
မဖြစ်ဘူးဟေ့၊ ဒီလောက်တော့ ဈေးမလျှော့နိုင်ဘူးဟဲ့၊ နင်မကြားဖူးဘူး လား၊ ပန်းသာမစာဥ ဇာတ်ကားထဲမှာ
မေသစ်ကိုပြောတာ၊ ဦးသုခက 'ပန်းသာမျိုးဆိုတာ တစ်မတ်တော့
တန်ပါသေးတယ်' ဆိုတာလေ။ အဲဒါ အင်္ဂလိပ်ခေတ်က ပိုက်ဆံ
တစ်မတ်ကိုပြောတာ။ ခုဆို နှစ်ကျပ်ခွဲ၊ သုံးကျပ်လောက်တော့ တန်မှာပေါ့။ အေး ငါလည်း
နှစ်ကျပ်ခွဲ၊ သုံးကျပ်တော့ တန်ပါသေးတယ်ဟဲ့' တဲ့။ ပြီးတော့
သူဘာသာသူ ရယ်ပြီး နင်လက်ဖက်ရည် သောက်မလား။ ငါတိုက်ပါ့မယ် လို့ပြောတယ်။ သူကတော့
ပျော်ပျော်ပဲ။ ကျွန်တော့်မှာသာ သူတို့အစား ရင်နင့်ခဲ့ရတယ်။ လက်ဖက်ရည်
မသောက်ရက်တော့ပါဘူး။ သူရင်နှီးထားတာက။.....။
သိပ်မကြာခင်
မီးသွေးခေါင်း လိုကယ်ရထားမည်းမည်းကြီးဟာ မီးခိုးမည်းမည်းတွေ မှုတ်ထုတ်ရင်း ဘူတာထဲ
ဝင်လာပါရော။ ခုနအမျိုးသမီး (ဇာတ်မင်းသမီး)ကို နှုတ်ဆက်ပြီး ရထားပေါ် တက်ခဲ့တယ်။
ရထားလက်မှတ်မဲ့စီးလို့ အဖမ်းခံရသေးတယ်။ ဒဏ်ငွေမဆောင်နိုင်လို့ တောင်ငူ
ဘူတာစခန်းမှာ ကြမ်းပိုးနဲ့ နပန်းလုံးရင်း တမိုးလင်းခဲ့ရတယ်။ မီးရထားရဲ
တစ်ယောက်ကောင်းမှုကြောင့် ရန်ကုန်ပြန်ရောက်ခဲ့တာပါ။
အဲဒီအကြောင်း
ပြန်စဉ်းစားတော့ ကျွန်တော်ဟာ တေပေလေလွင့်ချင်တဲ့စိတ်ကြောင့် ဇာတ်အဖွဲ့နဲ့
လိုက်ခဲ့တာ။ တကယ်လည်း တေပေလေလွင့်ခဲ့တာပါပဲ။ အရေးကြီးဆုံး ရည်ရွယ်ချက်က 'သူ့'ကိုတွေ့ချင်တာ။ ဘယ်လောက်မိုက်တဲ့ ကျွန်တော်လဲဟင်။ တကယ်ချစ်ရင်
တကယ်မိုက်တယ်ဗျာ။
လေပွေလိုဝဲပါလို့၊
လေဝဲလို ပွေပါတဲ့ တေလေလေ မောင်ပါကွယ်။
□
သွက်သွက်လည်
အခန်း (၁၁)
ဆိုပါစို့။
'သွက်သွက်လည် ကြမ္မာငင်ဖို့၊
ရက်စက်တယ် ခမျာထင်လို့မို့ အစာတွင် အဆိပ်သေမယ့် ဆေးရယ်နဲ့'
(ဆရာကြီး
သခင်ကိုယ်တော်မှိုင်း)
ကျွန်တော်ဟာ
လိုချင်ပြီဆိုရင် ရအောင်ယူဖို့ မဖြစ်မနေ ကျိုးစားလေ့ရှိတယ်။ ခွက်ခွက်လန် အရှုံးနဲ့
ပက်လက်လန်နေတာကို ရအောင်ပြန်ထခဲ့တယ်သူရေ။ ကျွန်တော်ဆိုတဲ့ကောင်က
သိပ်အစွဲအလမ်းကြီးတယ်။ တစ်ခုခုကိုဆုံးဖြတ်ပြီးရင် မဖြစ်မနေ မရရအောင်
ကျိုးစားလေ့ရှိတယ်။ ဒါပေမယ့် ကျွန်တော့ဘဝမှာ အတောင့်တဆုံးဖြစ်တဲ့
သူ့ရဲ့အချစ်ကိုတော့ မရခဲ့ပါဘူး။ မရနိုင်တော့ ပါဘူး။ အခြေအနေ အားလုံးကလည်း
ခွင့်မပေးတော့ဘူး။ ဒါကြောင့် နောက်ဆုံးထွက်သက်အထိ ရင်ထဲကပဲ မြတ်နိုးနေခွင့်ကိုပဲ ကိုယ့်ဘာသာ
ယူလိုက်ရတယ်။ အဲဒါလေးလောက်တော့ ကျွန်တော့်မှာ ရပိုင်ခွင့်ရှိတယ်လို့ ထင်တယ်လေ။
ခွင့်လွှတ်ပါ။ ပြီးတော့ အဲသလိုရင်ထဲက မြတ်နိုးနေခွင့်ကလေး ပေးပါ။
ကျွန်တော်လက်ရေးတွေ
တုန်နေပြီ။ ရင်လည်း ခုန်လှပြီ။ ရင်ပွင့်ထွက်တော့မယ်။ ဒါဟာ ဝေဒနာပဲ။ သေရာပါ
ဝေဒနာပါပဲ သူရေ....။ မိုးကလည်း တစိမ့်စိမ့် ရွာနေပြန်ပါပြီ။
'မရွှင်ပဲသာ၊
ရင်ထဲ၊ ခွဲကာပြချင်တာ'
□
ရင်ထဲမှာ
ငိုနေတာ သိပါလေစ
ယောက်ျားတွေလည်း
ငိုတတ်ပါတယ်သူရယ်။ မိန်းကလေးတွေက အကြောင်းတစ်ခုခုပြပြီး ငိုပစ်လိုက်လို့ရတယ်။
ကျွန်တော်က ဘယ်အကြောင်းကိုပြပြီး ငိုရမှာလဲ။ အကြောင်းပြချက်ရှိသည့်တိုင်
ဘယ်လိုလုပ်ငိုရမလဲ။ ဒီတော့ ရင်ထဲမှာပဲ ကြိတ်ပြီး ငိုရတယ်။ ကွယ်ရာတစ်နေရာကို သွားပြီး
ရှိုက်ပစ်လိုက်ရတယ်။ တစ်ခုတော့ အကောင်းသားနော်။ အဲသလို ငိုရှိုက်လိုက်ရတော့
ရင်ထဲမှာ နည်းနည်းပေါ့သွားသလိုပဲ။ မိုးက တစိမ့်စိမ့်ရွာနေတုန်းပါပဲ။ စာဆိုတော်
နဝဒေးကြီးက
ညချမ်းခါကို၊ သံဝါရိုက်ညောင်း၊
မပြင်းတောင်းနှင့်၊ ခြောင်းခြောင်းဝှန်တက်၊ လျှပ်ပန်းဆက်၍၊ သန်လျက်ကိုင်မိုး၊
အရွေ့ညှိုးသို့၊ ဖြိုးဖြိုးရေပေါက်၊ သွန်ကြဲမြှောက်သော်၊ နှစ်ယောက်ခြုံကွေး၊
မစုံသေးတည့်၊ ချစ်ရေးတင်းနာ၊ ကိုယ်ချင်းစာ၍၊ မေတ္တာထိပ်ချိ၊ စဲပါဘိလော့။
သက်ငြိရွယ်ချင်း၊
ဆွေသည်ရင်းလျှင်၊ ရင်တွင်းသည်းငြိမ့်၊ ချင်းပေလိမ့်ဟု၊ နှစ်သိမ့်ထွေသာ၊
တောင်းပန်ထွာသည်၊ မရွာနှင့်ဦး ချိန်မဟုတ်ဘူး...
ဆင်းသရေနှင့်၊
စင်နေ သီလ၊ မယွင်းခွတည့်၊ ထိန်း ယခြွေရွေ၊ နတ်စတေသို့၊ ရိုသေလေးမြတ်၊
သက်ဟုမှတ်သား၊ တိမ်ထွတ်သောက်ရှူး၊ ကြယ်နှယ်မြူးလျက်၊ နဗူးပင်နွယ်၊ ဝါးကြားဝယ်၌၊
ဘုန်းကြွယ်သန္ဓေ၊ ယူစွဲနေလည်း၊ တထွေသည်မှာ၊ မနှုန်းသာခဲ့။ နှိုင်းရာလွတ်စင်၊
ရွေများရှင်နှင့်၊ တောင်တင်ညာကယ်၊ ရဝေလယ်တွင်၊ ကြင်ဖွယ်ယုယ၊ ပျော်ခါမှလျှင်၊
မြမြစိမ်းညို၊ ရွာလိုသ၍၊ ညနေ့မစဲ၊ ဖျန်းဆွတ်ကြဲလော့၊ သည်းထဲ ညွှတ်ပြောင်း၊ နွေသစ်လောင်းသည်၊
ခါကောင်း ရက်ကြူး ငံ့ပါဦး။ မရွာပါနဲ့ဦး မိုးတစိမ့်စိမ့်ရယ်။ သူနဲ့အတူ
နွှဲယှဉ်ရတဲ့အခါမှ ညနေ့မစဲ ဖျန်းဆွတ်ကြဲလိုက်စမ်းပါ။ ခုတော့ ခဏတိတ်ပေးပါလား
မိုးတစိမ့်စိမ့်ရယ်...နော်။
□
မှတ်မိလားဟင်။
သူနဲ့ကျွန်တော်
လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြဖူးသေးတယ်လေ။ အောက်မေ့သတိရ မိပြန်ပြီ။
'သွက်သွက်လယ် ကြမ္မာငင်ဖို့၊ ရက်စက်တယ် ခမျာထင်မို့၊ အစာတွင် အဆိပ်သေမယ့်
ဆေးရယ်နဲ့...'
ဟုတ်တယ်၊
အဲဒီအဖြစ်ဟာ 'သွက်သွက်လည်
ကြမ္မာငင်' ခဲ့တဲ့ အဖြစ်ပဲ။ တူလေးတစ်ယောက် လက်ထပ်တယ်။
ကျွန်တော်က အဲဒီတူလေးဘက်က အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ လိုက်ခဲ့ရတယ်။ အဲဒီတူငယ်ရဲ့
ဖခင်က ဆုံးရှာပြီ။ ရက်စက်လှတဲ့ ကံကြမ္မာရယ်။ ငင်လို့ကို မဆုံးနိုင်တော့ဘူးလား။
သတို့သမီးဘက်က အုပ်ထိန်းသူက 'သူ' တဲ့လေ။
(မိန်းကလေးရဲ့ မိဘနှစ်ပါးလုံး ဆုံးရှာပြီ)
ကလေးနှစ်ယောက်အတွက်
တရားရုံးမှာ လက်ထပ်စာချုပ် ချုပ်ပေးကြရတယ်။
အဲဒီအချိန်မှာ
ကျွန်တော်နဲ့ သူက လူကြီးအရာမှာ နေနေကြရပြီလေ။ အသက်တွေလည်း ရကြပြီကိုး။
လက်ထပ်စာချုပ်မှာ ကျွန်တော်နဲ့ သူ လက်မှတ်ထိုးကြရတယ်။ သူက သတို့သမီးဘက်က သက်သေ။
ကျွန်တော်က သတို့သားဘက်က သက်သေတဲ့လေ...။ အသက်သာ သေလိုက်ချင်တော့တာပါပဲ။
ဆိုးလိုက်တာနော်...။
အစာတွင် အဆိပ်သေမယ့် ဆေးရယ်နဲ့...။
□
သူကတော့
ကျွန်တော့်ကို ငယ်သူငယ်ချင်းတစ်ယောက်ထက်ပိုပြီး ချစ်နိုင်လိမ့်မယ် မဟုတ်ဘူး ထင်ပါတယ်။
သူ့ရင်ထဲရှိတာကို တပ်အပ်မသိနိုင်ဘူးလေ။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ
(ကိုယ်တိုင်မွေးထားတဲ့ မြွေပွေး)က ထိလို့ကိုမရဘူး။ သိပ်ဆတ်တယ်။ သိပ်မြန်တယ်။
'မြတ်နိုးစိတ်'
ကို ဘယ်လိုသတိနဲ့မှ ဆင်ခြင်ထိန်းသိမ်းလို့ မရခဲ့ဘူး။
သေချာတာတစ်ခုတော့ရှိတယ်။ သူငယ်ငယ်က သိပ်လှတယ်။ ချစ်ရင် လှတာပဲပေါ့။ အားလုံးကလည်း
ပြောကြပါတယ်။ သူ 'လှ' သတဲ့။
ခု သူ့ကိုပြန်တွေ့ရတော့လည်း
ရင့်ကျက်တဲ့ ဣန္ဒြေနဲ့ လှနေဆဲပါ။ 'မဟာ မင်းလှမင်းခေါင်ကျော်'
က 'ဒေဝီမယ်လျ၊ ရှုမဝနှင့်၊ နှိုင်းဆစရာ၊
ကျွန်းလေးဖြာကို၊ စကြာရှေ့တည်၊ ရှာဖွေနှည်လည်း၊ ပန်းမည် ရုံသာ၊ မရရာတည့်။'
မယ်နှင့်လိုက်အောင်၊
သိန်းထိုက်အဖိုး၊ ပုဆိုးခေါ်မြဲ၊ ရွှေဝတ်လဲလည်း၊ နီရဲပန်းလျှံ၊ သက်တံရောင်လို၊ ဖိတ်ဖိတ်ယိုသား၊ ခိုခြေအသွင်၊
ဝတ်လျက်ပင်တည့်၊ 'မြင်လျှင် လှဆုံး၊ ငါ့နှလုံးကို၊ ယူကျုံးနှဲ့ ရှာလေသလော'
□
'ဤမိန်းမလှ၊
ဖက်မရကို၊ မြင်ကြသသူ၊ အများလူပင်၊ မေတ္တာဝင်လျက်၊ ချစ်ခင်လေးမြတ်၊ ဖြစ်စေတတ်၍၊
သက်ပြတ်လုမျှ၊ ရှိကုန်ရဟု....'
□
ကျွန်တော်
သူ့ကို ချစ်မြတ်နိုးမိတာဟာ သက်ပြတ်လုမျှပါ။ ဒါပေမယ့် သူ့ကို ပန်းပင်ပေါ်မှာ
ပွင့်နေတဲ့ ပန်းကလေးလို အပင်ပေါ်မှာပဲ 'လှ' နေစေချင်တယ်။
မခြွေ ရက်ဘူး။ မခူးရက်ဘူး။ ခူးလိုက်ခြွေလိုက်ရင် ခဏပဲလှမယ်။ အပင်ပေါ်မှာတော့ မကြွေမချင်း
လှနေတယ်။
သဇင်ဆိုတဲ့ပန်းဟာ
ပင်မြင့်မှာပဲ တင့်တယ်နေတယ်လေ။ သူ့ကို ပင်မြင့်ထက်က ငွေသဇင်ဖြူဖြူဖွေးလို့ ထင်တယ်။
မခူးမဆင် မပန်ထိုက်လို့ မပန်ဆင်ရပေမယ့် ပင်မြင့်ထက်မှာပဲ အလှကြီး လှနေစေချင်တယ်။
ထိုက်တဲ့သူ ပန်ရင်လည်း လှနေစေချင်ပါတယ်။ အဲဒါ ကျွန်တော့် စိတ်ထဲရှိတဲ့ အတိုင်းပဲ။
ယုံပါနော်။
ကျွန်တော်
သူ့ကို မြတ်နိုးစွာ ချစ်ခဲ့တာပါ။ ငယ်ချစ်ဦးလိုလည်း ချစ်တယ်။ သူငယ်ချင်း အရင်းလိုလည်း
ချစ်တယ်။
ဟော..သတိရလာပြန်ပြီ
သူရေ...။ ဒါပေမယ့် အားလုံးပြီးဆုံးခဲ့ပြီပဲလေ..။
□
အရေးသုံးပါး၊
အခက်များတွင်၊ ငါကားခုတုံ၊ ခက် ဆုံးကြုံသည်၊ မတ်ယုံ မတွေးလေသလော။
အခန်း ( ၁၂ ) ဆိုပါတော့။
လွန်ခဲ့တဲ့
အနှစ်သုံးဆယ်လောက်က တစ်နေ့မှာ...
သံလှောင်အိမ်ထဲက
အဖြစ်။
တစ်နေ့မှာ
မိစီက ဖုန်းဆက်တယ်။
'နေ့လယ်
၁ နာရီတိတိ သီရိလမ်း၊ အမှတ် ၆ဝ ကို လာခဲ့ပါ'တဲ့။ 'ဘာကိစ္စရှိလို့လဲ'ဆိုတော့..
'ရောက်မှ
ပြောမယ်တဲ့'
ဒါနဲ့
ကျွန်တော် သီရိလမ်းအိမ်ကို ရောက်ခဲ့တယ်။ မိစီ ရှိလားဆိုတော့...
'မရှိဘူးတဲ့၊
မသိဘူးတဲ့' အရူးလုပ်ခံရပြီထင်ပြီး ပြန်လှည့်အထွက်မှာ မိစီ
နောက်က ပြေးလိုက်လာတယ်။ ပြီးတော့ ပြန်ခေါ်သွားတယ်။
သူ
စိတ်ညစ်လွန်းလို့ အိမ်ကထွက်လာပြီး အဲဒီမှာခဏပုန်းနေတာလို့ ပြောပြတယ်။
□
မမှောင့်တမှောင်
အခန်းကလေးမှာ သူနဲ့ကျွန်တော် မျက်နှာချင်းဆိုင် ထိုင်မိကြတယ်။ မိစီက
အခန်းတံခါးဝမှာ ခေါက်ကုလားထိုင် တစ်လုံးနဲ့ စောင့်နေတယ်။ 'သူ'
အဲဒီမှာ ရှိနေတာ ဘယ်သူမှ မသိစေချင်ဘူး။ ဘယ်သူ့မှ
မမြင်စေချင်ဘူးတဲ့လေ။ (ကျွန်တော်က လွဲလို့ပေါ့။)
သူနဲ့ကျွန်တော်
မျက်နှာချင်းဆိုင်သာ ထိုင်နေရတယ်။ ဘာစကားမှ မပြောဖြစ်ဘူး။ သူ့မျက်နှာလေးကို
ငေးကြည့်နေမိတယ်။ ငိုထားလွန်းတော့ မျက်ခွံတွေမို့ပြီး
နီနေတယ်။ မိစီက သူ့ဒုက္ခတွေ ခရေစေ့တွင်းကျ ပြောပြပြီးပြီ။ ဒီအချိန်မှာ
ကျွန်တော်ဘယ်လို ဆုံးဖြတ်ရမလဲ။ သူ့ကို သိပ်စိတ်ချမ်းသာ စေချင်တယ်။ ဒါပေမယ့်
အခြေအနေတွေက မပေးတော့ဘူး။ မိုက်ကန်းတဲ့ အတွေးတစ်ခုက ခေါင်းထဲ 'ဖြောင်း'
ခနဲ ရောက်လာတယ်။ ထွက်ပြေးကြရအောင်။
ဒါပေမယ့်
ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းသံက တဒင်ဒင်မြည်နေတယ်။ ဟိုင်းဝေး ကားမောင်းတဲ့အခါ
တစ်နာရီ ကီလို ၁၁ဝ ကျော်ရင် 'တင် တင်၊ တင် တင်' နဲ့
မြည်နေသလိုပဲ။ 'တင် တင်၊ တင်တင်'ဆိုတာ
အန္တရာယ်ကြီးတယ်။ အရှိန်လျှော့လို့ သတိပေးတဲ့ အချက်ပြသံ။ 'အရှိန်လျှော့၊
အန္တရာယ်ကြီးတယ်' ကျွန်တော့် ရင်ခုန်နှုန်းက မြန်လွန်းနေပြီ။
တစ်နာရီ ကီလို တစ်သိန်းနှုန်းလောက် ဖြစ်နေပြီထင်ပါရဲ့။ ဒီအချိန်မှာ 'သူ' သိပ်စိတ်ညစ်နေတယ်။
ဘာမဆို ရင်ဆိုင်တော့မယ်လို့ ဆုံးဖြတ် ထားသတဲ့။
မိစီရဲ့
စေတနာက နှစ်ယောက်စလုံး ဘာကြောင့် ဒုက္ခခံနေမလဲ၊ ဖြစ်သမျှပြဿနာ ရင်ဆိုင်ပစ်၊
အချစ်အတွက် ပြဿနာတွေကို ကြောက်နေရင် ဆင်းရဲဒုက္ခ ပိုကြီးလိမ့်မယ်တဲ့။ သူ့
အတွေးအခေါ်ကို လက်ခံပါတယ်။ ဒါပေမယ့် လက်တွေ့မှာ...။
ကျွန်တော်
သူ့လက်သွယ်သွယ်ကလေးတွေကို တယုတယ ကိုင်မိတယ်။ သူ ကျွန်တော့်ကို ကြည့်တယ်။
မျက်ရည်တွေဝိုင်းလာတယ်။ ကျွန်တော့်ရင်ထဲ ဆို့လှပြီ။ နှုတ်ခမ်းဝမှာ စကားလုံးတွေ
စုပြုံတိုးဝှေ့နေတယ်။ အတိုဆုံးပြောရမယ့်စကားက ရှေ့ဆုံးမှာ နေရာယူထားတယ်။
'ထွက်ပြေးကြစို့'
ဒါပေမယ့်
ဦးနှောက်က နှလုံးအိမ်ရဲ့ အမိန့်ကို လုံးဝဆန့်ကျင်လိုက်တယ်။ (Negative) ငြင်းပယ်သည်တဲ့။ မိသားစုအားလုံး အရှက်တကွဲ အကျိုးနည်း ဖြစ်ကုန်လိမ့်မယ်။
ကျွန်တော့်ဘက်က ရှင်းတယ်။ ကျွန်တော်ဆိုတဲ့ ကောင်ဟာ ကိစ္စတစ်ခုမလုပ်ခင် သေသေချာချာ
စဉ်းစားဝေဖန်ပြီး ဆုံးဖြတ်ချက် ပိုင်ပိုင်ချလေ့ရှိတယ်။ လုပ်ပြီဟေ့ဆိုရင်
နောက်မဆုတ်ဘူး။ ရှုံးရင်တောင် ကျားကုတ်ကျားခဲ ကြိုးစားရင်း လှလှပပ အရှုံးခံရဲတယ်။
(အဲဒါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတဲ့ အမှား။)
ဒါပေမယ့်
ကျွန်တော်ကနိုင်ပြီး ပြဿနာအားလုံး ပြီးအောင် အဓိကသက်သေက ဘယ်သူလဲ၊ 'သူ'။
လူ့ရှေ့
သူရှေ့မှာ သူ့ ဒုက္ခတွေကို ဖွင့်ပြောရလိမ့်မယ်။ ဒါဆိုရင် သူ့ဂုဏ်သိက္ခာ ဘယ်လောက်ထိ
ကျမလဲ။ တစ်ဖက်ကကော ငြိမ်ခံနေလိမ့်မယ် ထင်သလား။ အကောင်းဆုံး အချွန်ဆုံးရှေ့နေတွေနဲ့
ကျွန်တော့်ကို ချောက်ချကြလိမ့်မယ်။ အဲဒီမှာလဲ အဓိကသက်သေဟာ 'သူ'
ပဲဖြစ်လိမ့်မယ်။
သူ့ဂုဏ်သိက္ခာ၊ ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့ ဣန္ဒြေကိုမငဲ့ပဲ ထွက်ဆိုပါမှ
ကိစ္စပြတ်မယ်။ ဒါ တရားသလား။ သူ့ ဂုဏ်သိက္ခာ မှန်သမျှ မြောင်းထဲပစ်ချပြီးမှ ကျွန်တော်စိတ်ချမ်းသာမှုကို
ယူမှာလား။ သူကော တကယ်စိတ်ချမ်းသာနိုင်မလား ...။
ကျွန်တော့်
နှလုံးအိမ် အိမ်နီတော်နဲ့ ဦးနှောက်ဌာနချုပ်ဟာ ပူးတွဲကော်မတီ ဖွဲ့လိုက်ကြတယ်။
စကားစစ် ထိုးနေကြတယ်။ မပြီးနိုင်ဘူး။ အဆုံးသတ်မှာ ပူးတွဲကော်မတီဥက္ကဋ္ဌ ဦးနှောက်
ချယ်ရာမင်း (Chairman) က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ပေးလိုက်တယ်။ 'နှလုံးသားက တင်ပြသမျှ အားလုံး ငြင်းပယ်သည်။ ဦးနှောက်ကော်မတီ၏
တင်ပြချက်များအားလုံး အတည်ပြုသည်'။
ချစ်မြတ်နိုးရသူရဲ့
ဂုဏ်သိက္ခာနဲ့ ဣန္ဒြေတွေအားလုံးကို ခြေနင်းဖတ်မှာ ချပစ်ပြီး သူများတံတွေးခွက်
ပက်လက်မျောရမယ့် ကိစ္စကို ကျွန်တော်တို့ ဆုံးဖြတ်ရင် သိပ်မှားတော့မပေါ့။
အဲဒါတွေဟာ
ပြောပြတော့ ကြာတယ်။ ကျွန်တော့် နှလုံးအိမ်နဲ့ ဦးနှောက်ရဲ့ စီးချင်းတိုက်ပွဲဟာ
စက္ကန့်ပိုင်းအတွင်း ပြီးဆုံးသွားတယ်။ နှလုံးသားဟာ ဒဏ်ရာပြင်းစွာရပြီး
အရှုံးပေးလိုက်ရတယ်။ သွေးအလူးလူးနဲ့ပေါ့။
'နင်တို့
ဒီလို ငြိမ်နေကြလို့ မပြီးဘူး၊ ငိုနေလို့လည်း မပြီးဘူး၊ မြန်မြန်ဆုံး ဖြတ်ကြပါ'တဲ့။
မိစီက
စိတ်မရှည်သလို ပြောတယ်။ 'သူ' ကတော့ ကျွန်တော့်ကို စူးရဲပြီး လဲ့ရည်နေတဲ့
အကြည့်နဲ့ ပိယိတဲ့ နှုတ်ခမ်းကို ပြတယ်။ သူ့ကို ကျွန်တော့်ရင်ခွင်ထဲထည့်ပြီး နှစ်ယောက်သား အားရအောင် ငိုပစ်လိုက်ချင်တယ်။
သူ့ 'တသိမ့်သိမ့်ကျောပြင်'ကို
ထွေးပွေ့နှစ်သိမ့်ချင်လှတယ်။ ဒါပေမယ့် သူ
ကျွန်တော့်လက်ကိုပဲ တင်းတင်းဆုပ်ပြီး စေ့စေ့ကြည့်နေတယ်။ ကျွန်တော်
သက်ပြင်းရှိုက်ရင်း ပြောမိတယ်။
'အကောင်းဆုံးကတော့
အိမ်နဲ့သေသေချာချာ ပြန်ညှိနှိုင်းကြဖို့ပဲလို့ ထင်တယ် သူရယ်'
သူ
ဘာမှမပြောဘူး၊ တစ်ချက်ပဲ ရှိုက်တယ်။ မျက်လွှာချလိုက်တယ်။
မိစီ
သည်းမခံနိုင်တော့ဘူး။
'ဝဏ္ဏ
နင်မပြတ်သားရင် ပြန်တော့' တဲ့။
ကျွန်တော့်မာန်ကို
ဖျတ်ခနဲ ထိသလိုခံစားရတယ်။
'ဒီမှာ
မိစီ ငါသိပ်ပြတ်သားတယ်။ သူ့အတွက် ဘာမဆိုရင်ဆိုင်ရဲတယ်၊ ခုငါစဉ်းစားပြီး ဆုံးဖြတ်လိုက်တာ
ငါ့အတွက် မဟုတ်ဘူး၊ သူ့ အတွက်၊ သူ့ အရှက်၊ သူ့ ဂုဏ်သိက္ခာအတွက်၊ အေး တကယ်လို့
သူက...'
သူ
ကျွန်တော့်စကားကို ဖြတ်ပြောတယ်။ သူ့လေသံမှာ ရှိုက်သံနည်းနည်း စွက်နေတယ် (ထင်တယ်)
ကျွန်တော့်ကို ဆုပ်ထားတဲ့ လက်ကို လွှတ်လိုက်တယ်။
သူ
သိပ်ပြတ်သား တတ်တယ်။ ကျွန်တော့်ကို စူးရှရည်လဲ့ ပိရိတဲ့ အကြည့်နဲ့ ကြည့်တယ်။
'ဟုတ်တယ်
မိစီ၊ သူ ပြောတာ မှန်တယ်၊ ပြီးတော့ ငါ့ ဂုဏ်သိက္ခာ၊ ငါ့အရှက်အတွက်
ငါပဲရှင်းရလိ့မ်မယ်၊ ဟုတ်တယ်... ပြန်ညှိမယ်၊ အပြတ်သားဆုံးပဲ ညှိရတော့မယ်၊ ဒီတစ်ခါ
ညှိလို့မှမရ ရင်...'
□
ကျွန်တော်တို့
သူငယ်ချင်းသုံးယောက် ခေါင်းချင်းဆိုင်ကြတယ်။ ဆုံးဖြတ်ချက်ချတယ်။ သူ့လိုလားချက် မှန်သမျှ
မိစီက သွားပြောပြရမယ်။ သူဘယ်မှာရှိတယ်ဆိုတာ နှုတ်လုံရမယ်။ ကျွန်တော်က သူ့ကို
တစ်နေရာမှာ ဝှက်ထားပေးရမယ်။
အဲဒါဟာ
ကြပ်တည်းမွန်းပိတ်နေတဲ့ ဝင်္ကပါသံ နှောင်အိမ်ထဲမှာ နှစ်ယောက်သား ထွက်ပေါက်ရှာနေခဲ့ကြတဲ့
အချိန်ပဲ။
ကျွန်တော်တို့ရဲ့
ရိုးရာယဉ်ကျေးကို အပီပြင်ဆုံး ထိန်းသိမ်းခဲ့ရတယ်။ ဘယ်နားမှာလဲ၊ ဘယ်လိုလဲ၊
ဘာတွေဖြစ်သလဲ၊ မသိချင်ပါနဲ့တော့လေ။ မှန်တဲ့ သစ္စာစကားကို ဆိုပါ့မယ်။ အဲဒီ 'ကာလဆိုး'
အတွင်း သူ့ကို ကျွန်တော် လက်ဖျားလေးနဲ့တောင် မတို့ခဲ့ပါဘူး။ 'ဟိ သစ္စံ၊ ဤစကားမှန်၏။ ဤမှန်သော သစ္စာစကားကြောင့် ဘဝဆက်တိုင်း...'။
အဲဒီ
ကာလဆိုးဆိုတဲ့ အချိန်ကို အလွန်ထက်ရှပြီး မြနေတဲ့ ဓားနဲ့ ဖြတ်ပစ်ချင်လှတယ်။
'ကာလဆိုးကို၊
ကြိုးပြီးတကား၊ သံရှင်ဓားနှင့်၊ လွှားလွှားစင်ကျ၊ ဖြတ်ချင်လှ၏'
(ရှင်အဂ္ဂသမာဓိ၊
ငရဲခန်းပျို့)
ပြတ်လည်း
ပြတ်သွားခဲ့ပါတယ်။ သူတို့အိမ်ထောင် ညှိနှိုင်းပြေလည်ခဲ့ကြတယ်။
□
သူတို့နှစ်ယောက်ရဲ့
ညှိနှိုင်းဆွေးနွေးပွဲမှာ ကိုညီညီရဲ့ သဘောထားကို သိလိုက်ရတယ်။ ကိုညီညီဟာ သူ့ကို
မျက်စိအောက်က အပျောက်မခံနိုင်ဘူး။
'သွားကြား
ရိုးညပ်၊ မျက်စပ်ပိုးဝင်၊ ဆံတပင်တင်း၊ ချစ်ခြင်းမယား၊ သူတစ်ပါးနှင့် စကားဆိုဘိ၊
မခံချိ၏' ဆိုတဲ့ သဘောအတိုင်းပဲ။ ဒါကြောင့် တခြားယောကျ်ားနဲ့
ရိုးရိုးစကား ပြောတာတောင် ကိုညီညီက မခံနိုင်ဘူး။ ဒါကြောင့် ချုပ်ချယ်ခဲ့တယ်။
တယ်လီဖုန်းလည်း ပြောခွင့်မပေးဘူး။ သွားလေရာ ခေါ်သွားခဲ့တယ်။ အဲဒီတော့ 'သူ' ခမျာ အလိုလို အချုပ်ကျနေခဲ့ရတာပေါ့။
သူက
ကိုညီညီကို လိုလားချက်တွေပြောပြီး 'အဲဒါတွေမှ မလိုက်လျောရင်
ကွာရှင်းစာချုပ် ချုပ်ပေးပါ။ ချုပ် မပေးရင်လည်း တရားရုံးကနေ ရင်ဆိုင်မယ်'
အဲဒီအခါမှာ
ကိုညီညီက တအံ့တသြကြီး မင်တက်မိသွားတယ်။ တော်တော်ကြာကြာ ငိုင်နေတယ်။ နောက်
ကျွန်တော့်ကို တစ်ချက်စိုက် ကြည့်တယ်။ ပြီးတော့...
'မင်းကို
ငါသိပ်ချစ်တယ်၊ ဒါကြောင့် အားလုံးကို လိုက်လျောတယ်' လို့
ပြောလိုက်တယ်။ ကိုညီညီက စကားနည်းတယ်၊ ပြတ်သားတယ်၊ ကတိတည်တယ်။
အဲဒီအချိန်မှာ
အသိသက်သေတွေအနေနဲ့ ကျွန်တော်နဲ့ မိစီက နေပေးရတယ်။ ရန်ကုန်မြို့လယ်
တိုက်တစ်တိုက်ရဲ့ လေးထပ်က ကျွန်တော့်သူငယ်ချင်း လူပျိုကြီးတစ်ယောက်ရဲ့
အခန်းမှာပါပဲ။ မိစီက သေချာအောင် သူ့သူငယ်ချင်း အမျိုးသမီးရှေ့နေတစ်ယောက်
ခေါ်ထားတယ်။
သူတို့သမီးခင်ပွန်း
ထိပ်သီးဆွေးနွေးပွဲ ပြေလည်ဖို့ မေတ္တာတမန်အဖြစ် ကျွန်တော်က ဒီပလိုမေစီတွေ
သုံးခဲ့ရတယ်။
'သူ့ဘက်က
နည်းနည်းလျော့ပါ၊ ကိုညီညီကလည်း ဒီအချက်လေးတော့ လိုက်လျောသင့်ပါတယ်'
ဘာညာပေါ့။
သံခင်း တမန်ခင်းတွေနဲ့ပေါ့။ ရင်ထဲတော့ မချိ။
နှလုံးသားကို
ရင်ထဲကထုတ်ပြီး ဆွေးနွေးပွဲစားပွဲဝိုင်းပေါ် တင်ထားခဲ့ရတဲ့အဖြစ်ပါ။
ကိုယ်ချင်းစာကြည့်ပေါ့လေ။
'ထို့ထက်မှာမူ၊
ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ၊ လွမ်းတပူဆွေး၊ သူနှင့် ဝေးသော်၊
ပြည်ထဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏၊ အဖက်မရ၊ ခက်သုံး ဝမူ၊ ဒုလ္လဘတွင်၊
မဝင်ပါ လျက်၊ သည်အခက်ကား၊ သူ့ထက်လွန်ကျူး၊ သာ၍ ထူး၏'
(ဦးရွှန်း)
'ရှုမျှော်မရဲ၊
ချစ်ဆကဲလျက်၊ ကျော်သဲးကြေငြာ၊ 'မောင့်' သည်းချာကို မြတ်ရာမြှောက်တင့်၊ ထားပေသင့်ဟု၊ ချီးမြှင့်သံညင်း၊ ချိပြုံး
ရွှင်းသည်၊ လွန်ပြင်း ချစ်မြတ်နိုး၏တည်း'
(ဝန်ကြီး
ပဒေသရာဇာ)
□
သံလှောင်အိမ်ထဲ
တစ်ယောက်တည်း
ခုတော့
ကျွန်တော် ငရဲ ခံနေရတယ်။ နှစ်ညခြား၊ သုံးညခြား အိပ်မက်မက်နေတယ်။ အိပ်မက်ထဲမှာ 'သူ'။
ကျွန်တော်ဟာ
တိုင်တစ်တိုင်မှာ လုံးဝမလှုပ်နိုင်အောင် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး
အတုတ်နှောင်ခံထားရတဲ့ ဘဝမျိုး ရောက်နေပြီလို့ ထင်တယ်။ အဲသလို တုတ်နှောင်တာ
ဘယ်သူလဲ၊ သူမဟုတ်ဘူး၊ ဘယ်သူမှ မဟုတ်ဘူး။
ကျွန်တော်ကိုယ်တိုင်ပါပဲ။ မလှုပ်နိုင်အောင် တုတ်နှောင်ပြီးမှ စိတ်တိုင်းကျမြှင်းပြီး၊
သတိရတိုင်း ဆူးခက်နဲ့ ထထအရိုက်ခံနေရသလိုပဲ။ ဘယ်သူက ရိုက်တာလဲ။ ကျွန်တော့်ကိုယ်
ကျွန်တော် ရိုက်နေတာ။ ဒီလောက် မိုက်လုံးကြီးတဲ့ ကောင်။
'ငါ့ကို
အမြဲ၊ ခြောက်လှန့်နေတဲ့သရဲ၊
ဘယ်သူလဲ၊
ငါကိုယ်တိုင်ပဲ'
ဆက်လက်ဖော်ပြပါမည်။
မောင်ဝဏ္ဏ
(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။