သက်ငြိမ်
တကယ်တော့ မင်းလို ကောင်လေးမျိုးကို ထိခိုက်နာကျင်စေလိုတဲ့ ဆန္ဒမျိုး ကိုယ့်မှာ လုံးဝမရှိခဲ့တာ အမှန်ပါ။ ဒါပေမယ့် ကိုယ့်ကြောင့် မင်းထိခိုက်နာကျင်သွားခဲ့ရတာကို ကိုယ် လုံးဝ စိတ်မကောင်းပါဘူး။ ကိုယ်တကယ် မရည်ရွယ်ခဲ့ပါဘူး။ တကယ့်ကို မရည်ရွယ်ခဲ့ပါဘူး ဇာနည်ရယ်။
□
၁။
ကိုယ်ရယ်၊ မီမီ၊ သိမ့်၊
ယုယု၊ နွယ်နှင့် ခိုင်တို့ ဆိုတာက ဟိုးမူလတန်း ကျောင်းသူဘဝကတည်းက
သူငယ်ချင်းတွေပဲလေ။ စားအတူ သွားအတူနှင့် အရမ်းချစ်ကြတဲ့ သူတွေပေါ့။
သူတို့ကြောင့်ပဲ မင်းနဲ့သိကျွမ်းဖို့ ဖြစ်လာခဲ့ရတာ။ ပြီးတော့
မင်းထိခိုက်နာကျင်စေဖို့ အစပျိုးမှုလေ။
ကိုယ်တို့အဖွဲ့က
အရမ်းကို ပျော်တတ်ကြတယ်။ အဲဒီပျော်တတ်မှုကပဲ မင်းကို ကိုယ့်ဆီကို ရောက်လာအောင်
တွန်းပို့လိုက်တာပဲ။ ကိုယ်တို့တွေအားလုံး ကျောင်းတွေပိတ်လို့ ကိုယ့်မြို့ကို
ပြန်ရောက်တဲ့အချိန်မှာ
ရွှေမုေဋ္ဌာဘုရား (ကိုယ်တို့မြို့က သိပ်လှတဲ့ နေရာလေး တစ်ခုပေါ်)ကို သွားကြတယ်။
ကန်ရဲ့အစပ်မှာ ဆောက်လုပ်ထားတဲ့ ဘုရားမှာ လေညှင်းခံရတာကို ကိုယ်တို့အားလုံး
သဘောကျကြတယ်။
အဲဒီနေ့က မင်းက
မင်းရဲ့သူငယ်ချင်း ဆက်မော် (ကိုယ်တို့မြို့မှာ ဥစ္စာပေါ၊ ရုပ်ချောပြီး၊
မာနကြီးတဲ့သူ)နှင့်အတူတူ ဘုရားလာဖူးကြတယ်။ မာနအရမ်းကြီးတဲ့ ဆက်မော်ကို ကိုယ်တို့ တစ်ဖွဲ့လုံးက
ကြည့်မရဘူးလေ။
အဲဒီမှာ
ကိုယ်တို့ရဲ့ပစ်မှတ်က ဆက်မော်ပဲ။ မင်းတို့ ဘုရားအဝင်မှာ ရှိနေတုန်း
ကိုယ်တို့အဖွဲ့က ဗိုလ်၊ ကျား၊ သေနတ်ဆွဲပြီး လူရွေးတယ်။ အရွေးခံရသူက ကိုယ်လေ။ ကိုယ်တို့ရဲ့ အကြံအစည်အတိုင်း
ကိုယ့်မွေးနံ ကြာသပတေးထောင့်မှာ ကိုယ်က ဘုရားသွားရှိခိုးတယ်။ ပြီးတော့
မေ့ကျန်သလိုလိုနဲ့ ကိုယ်က ပဝါကို ချန်ထားခဲ့တယ်။ ဆက်မော် ကောက်မကောက်တော့
ကိုယ်တို့လည်း သေချာပေါက် မပြောနိုင်ဘူး။ ဒါပေမယ့် ကောက်လာရင်တော့ ကိုယ်တို့ဆင်တဲ့
ခွင်ထဲကို ဝင်လာမှာပေါ့။ ကိုယ့်ပဝါကို ကောက်တော့ လာပါတယ်။ ဒါပေမယ့် ကောက်လာတဲ့သူက
ဆက်မော်မဟုတ်ဘူး။ ဇာနည်ဆိုတဲ့ မင်းလေ။ ပဝါချထားပြီးတော့ ထွက်လာတဲ့ ကိုယ့်နောက်ကို
လိုက်လာတဲ့ခြေသံကို ကြားတော့
ကိုယ်
အရမ်းပျော်သွားတာပဲ။ ကိုယ်တို့ ဆင်တဲ့ခွင်ထဲကို ဆက်မော် ဝင်လာပြီလို့ပေါ့။
ကိုယ်တို့က ဒီလောက်အထိ လွယ်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။
'ဒီမှာ..ဒီမှာခင်ဗျ..'
ကိုယ့်ရဲ့
ရယ်ချင်ချင် မျက်နှာကို တည်ပြီးနောက်ကို လှည့်ကြည့်လိုက်ရင်ပဲ ကိုယ်လုံးဝ မထင်မှတ်ထားတဲ့
မင်းကို တွေ့လိုက်ရတော့တာပဲ။
'ကိုယ့်ကို
ခေါ်တာလား'
'ဟုတ်တယ်။
မင်း ပိုးအိမ့်မှူး မဟုတ်လား။ ဒီမှာ မင်းရဲ့ ပဝါကျန်ခဲ့လို့' 'ကျေးဇူးပဲနော်'
ကိုယ့်နာမည်ထိုးထားတဲ့
ပဝါကို လှမ်းယူရင်း မင်းကိုပြုံးပြလိုက်တယ်။ မင်းကို
ပြုံးရုံပြုံးပြပေမယ့်
ကိုယ့်စိတ်ထဲမှာတော့ အရမ်းကို ရယ်ချင်နေတာ။ ကိုယ်တို့က ဆက်မော်ကို
ပဝါလာပေးစေချင်တာ။ ဘုရားမှာ လူက ရှင်းနေတော့လည်း ကိုယ်တို့
အဖွဲ့နှစ်ဖွဲ့တည်းဆိုတော့ ကိုယ်တို့အဖွဲ့ထဲက တစ်ယောက်ယောက် ပဝါဆိုတာ မင်းရော၊
ဆက်မော်ပါ ရိပ်စားမိမှာပဲ။ ကံဆိုးချင်တော့ မင်းနဲ့ ကိုယ်နဲ့က မွေးနံလာတူနေတာပဲလေ
ဇာနည်မျိုးမြင့်။
'ဘာဖြစ်လို့လဲ ပိုး'
ခိုင်က အနားရောက်
လာရင်းမေးတယ်။ သူ မသိသလိုပုံစံမျိုးနဲ့ပေါ့။
'ကိုယ့်ပဝါကျကျန်ရစ်လို့၊
အဲဒါ သူလာပေးတာ'
ကိုယ့်သူငယ်ချင်းတွေ
အားလုံး အနားကိုရောက်လာတယ်။ မင်းရဲ့ သူငယ်ချင်း ဆက်မော်လည်း ရောက်လာတယ်။
ဆက်မော်ကိုမြင်တော့ ကိုယ်တို့အားလုံး ရယ်ချင်တာကို မနည်းကြီးကို တည်ထားရတယ်။
'ကျွန်တော့်နာမည်
ဇာနည်မျိုးမြင့်ပါ။ သူက ကျွန်တော့် သူငယ်ချင်း ဆက်မော်'
'ဟုတ်...ကိုယ်က
ပိုးအိမ့်မှူး၊ သူက မီမီသော်၊ သူက သိမ့်သိမ့်ဦး၊ သူက ခိုင်ခိုင်ဝင့်၊ သူက ယုယုလှိုင်၊
သူကတော့ ပြည့်ဖြိုးနွယ်ပါ'
'သိမ့်တို့အားလုံး
ဒီမြို့ကပါပဲ'
'ဟုတ်ကဲ့၊ ကျွန်တော်
တွေ့ဖူးပါတယ်'
ပြောင်းလာတာ
တစ်နှစ်ကျော်ရုံရှိသေးတဲ့ မင်းက ဝင်ပြောပေမယ့် ဆက်မော်က စကားတစ်ခွန်းမှ ဝင်မပြောဘဲ
ရိုးမှရိုးရဲ့လားဆိုတဲ့ ပုံစံနဲ့ ကိုယ်တို့အားလုံးကို ကြည့်နေတယ်။ ကြာလာရင်
ကိုယ်တို့အကြံ အထမမြောက်ဘဲ ရိပ်မိမှာစိုးတာနဲ့ပဲ ကိုယ်တို့တွေ မင်းတို့အနားက
နှုတ်ဆက်ထွက်ခဲ့တယ်။
နှုတ်သွက်တဲ့ သိမ့်ကပဲ
'သိမ့်တို့ကို
ခွင့်ပြုပါဦး'
'ဟုတ်ကဲ့ခင်ဗျ'
မင်းစကားဆုံးတာနဲ့
ကိုယ်တို့တစ်ဖွဲ့လုံး ခပ်သွက်သွက်ပဲ ရှင်ဥပဂုတ္တမထေရ် ဘက်ကို အမြန်သွားကြတယ်။
ပြီးမှပြောပြီး ရယ်လိုက်ကြတာ ဇာနည်ရယ်။ မင်းက အဲဒီလို ကိုယ့်ဘဝထဲမှာတော့
မှတ်မှတ်ထင်ထင် ရှိခဲ့ပါတယ်။
အမှန်က ဆက်မော်က
ကိုယ့်ပဝါလာပေးရင် ကိုယ်တို့က ပဝါအဆုံးခံပြီး ခပ်တည်တည်နဲ့ ဟောက်ထုတ်ပစ်ကြမှာလေ။
အဲဒီမှာ မင်းက လာပေးတော့ ဇာတ်တွေ ရှုပ်ကုန်တာပေါ့။
အဲဒီလို
ဇာတ်ရှုပ်ခဲ့သလို မင်းအတွက်လည်း စိတ်ရှုပ်စရာကောင်းတဲ့ နှောင်ကြိုးတစ်မျှင်က
စပြီးရစ်ငင်ခဲ့တယ် ထင်ပါရဲ့နော်။
□
၂။
သိပ်ကို
ရိုးသားအေးဆေးပြီး ရှေးရိုးဆန်တဲ့ မိဘနှစ်ပါးရယ်၊ မင်းကို သည်းသည်းလှုပ်ချစ်ခင်တဲ့
အစ်မနှစ်ယောက်ရယ်နဲ့ မင်းက ကံကောင်းသလိုပါပဲ။ ရုပ်ရည်ကလေးကလည်း ရိုးသားသန့်စင်တဲ့
ရုပ်ကလေးပါ။ ဒါပေမယ့် ဇာနည်ရယ် မင်းအပေါ် ဘာဖြစ်လို့များ ကံကြမ္မာကြီးက ကျီစယ်ခဲ့
ရက်တယ် မသိဘူးနော်။ ကျောကုန်းပေါ်မှာ အသားဖုကြီးက မင်းရဲ့ ကြည့်ပျော်၊ ရှုပျော်
ရုပ်ရည်ကလေးကို ဆိုးရွားသွားစေခဲ့တယ်။
အရပ်ကလေးကလည်း
သာမန်ယောကျ်ားလေးတွေနဲ့စာရင် နိမ့်တဲ့အထဲမှာ ပါမှာပါပဲ။ အလိုလို အားငယ်တတ်တဲ့
မင်းကို ကိုယ်ကဝေဒနာတစ်ခု ပေးခဲ့သလို ဖြစ်ခဲ့တာကို တွေးမိတိုင်း ဝမ်းနည်းလို့
မဆုံးပါဘူး ဇာနည်။
နောက်တစ်ခါ
ပြန်တွေ့ကြတော့ စာအုပ်ဆိုင်မှာနော်။ အဲဒီနေ့က ညီမလေးနဲ့ ကိုယ်စာအုပ်တွေ
ရွေးနေကြလို့ မင်းဝင်လာခဲ့တာ သတိမထားမိဘူး။ ကိုယ့်ဘေးနားကို ရနံ့တစ်ခုရောက်လာပြီး
ကိုယ့်နာမည်ကို ခေါ်လိုက်မှပဲ မင်းမှန်းသိတော့တာ။ ကိုယ်က စာအုပ်တွေကို
သဲကြီးမည်းကြီး ရှာနေတာ လေ။
'မပိုးအိမ့်မှူး'
'သြော်....ဇာနည်၊
ဟုတ်တယ်နော် ဇာနည်'
'ဟုတ်ကဲ့ ဇာနည်ပါ'
'စာအုပ်လာငှားတာလား'
'ဟုတ်ကဲ့၊ ဟို
မပိုးအိမ့်မှူး ဘာစာအုပ် ရှာနေတာလဲ'
'ကျွန်မက
ခင်မောင်မြင့်ရဲ့ 'မဟာရံတံတိုင်းကို ဖြတ်ကျော်ခြင်း' ကိုရှာနေတာ'
'ကျွန်တော့်ဆီမှာ အဲဒီ
စာအုပ် အပိုင်ရှိတယ်ဗျ'
'နေပါစေ ကိုယ်ဒီကပဲ
ငှားဖတ်တော့မယ်'
ကျွန်မလို့
ခပ်စိမ်းစိမ်း သုံးနေရာက ကိုယ်လို့ ပြောင်းသုံးလိုက်လို့ပဲလားမသိ သူ ပြုံးသည်။
သူပြုံးသည့် အပြုံးက ကလေးတစ်ယောက် ပြုံးသည့်အပြုံးမျိုး ဆန်ပါသည်။
ရိုးသားသန့်စင်ပါသည်။
'မမရေ မတွေ့ဘူး၊ ကျွန်မ
ကြည်အေးရဲ့ နွမ်းလျအိမ်ပြန်ပဲ ယူသွားတော့မယ်'
'အေးအေး...ပိုးရေ၊ မမ
နောက်နေ့မှ အဲဒီစာအုပ် ရှာထားလိုက်ဦးမယ်'
'သူငယ်ချင်းတွေ
ညွှန်ထားတာ ကြာပြီ။ ကျွန်မ မဖတ်ဖြစ်လို့၊ အခုထက်ထိကို မဖတ်ရသေးဘူး မမ ရယ်'
'ကျွန်တော့်ဆီက ယူ
ဖတ်ပါဗျာ'
'နေပါစေ၊
ကျေးဇူးတင်ပါတယ်'
အဲဒီလို ကျွန်မဘက်က
ရှင်းသန့်ခဲ့တာ ကျွန်မဘယ်အချိန်တွေမဆို တရေးနိုး ထမေးမေး ဝန်ခံရဲသည်။ ရှင် ကရော
ဘာဖြစ်လို့များ ပိုးအိမ့်မှူးဆိုသည့် ကဗျာမဆန်တဲ့ ယောကျ်ားဆန်သည့်
မိန်းမတစ်ယောက်နဲ့ ပတ်သက်ချင်ခဲ့ရတာလဲ။
ကဗျာတွေရေးရတာ
ဝါသနာပါသော ယောကျ်ားလေးတွေနဲ့ ကဗျာတွေအကြောင်း ငြင်းခုန်ရမှာ ဝါသနာပါသော၊
ကြည်အေးကို အိပ်မက်မက်တတ်သော၊ ဂျူး ကို အားကျတတ်သော၊ မိန်းမတစ်ယောက်ကို
ပတ်သက်ရမည့်သူသည် စိတ်ညစ်စရာ ကောင်းလိမ့်မည်ဟု သူ့ခမျာ မသိခဲ့ရှာဘူး ထင်ပါရဲ့။
အရပ်ခပ်ရှည်ရှည် ပိန်မျောမျော၊
ဆံပင်နွယ်တွေက Shampoo ကြော်ငြာသော ကောင်မလေးတို့ရဲ့ ဆံပင်တွေလို မလှပသော ပိုးအိမ့်မှူးကို သူက
တွယ်တာချင် ခဲ့သတဲ့လေ။ မျက်နှာက သနပ်ခါးမတင်ဘဲ အဆီပြန်တတ်သော လက်ချောင်းတို့က
ယောကျ်ားသဖွယ် ဆေးမကူတတ်သော၊ သူငယ်ချင်း (မိန်းကလေး)များနှင့်တွေ့လျှင်သာ
မိန်းမတစ်ယောက်ဟု သတ်မှတ်ရတတ်သော ပိုးအိမ့်မှူးကို သူက ကဗျာတစ်ပုဒ်ဟု ဆိုချင်ပြန်သည်။
သူမ၏ မလှပသော မျက်နှာမှာ ကဗျာရှိသည်။
သူမ၏ ငေးရီ၍ အရည်လဲ့နေတတ်သည့် မျက်ဝန်းတွေထဲမှာ အကြင်နာအရိပ်တွေ၊
ရိုးသားသန့်စင်ခြင်းတွေ ပျော်ဝင်နေတတ်သည်တဲ့။ သူမ ကိုယ်သူမ ဘယ်တုန်းကမှ လှသည်
အပြောမခံခဲ့ရဘူးပါ။ သို့သော် ထိုပိုးအိမ့်မှူး ဆိုသည့် မိန်းမသည် သူငယ်ချင်းများ၏
ပျော်ရွှင်စွာ နောက်ပြောင်မှုတစ်ခုကြောင့် သူမ၏ မလှပသော ကာရန်တို့ကို
သံစဉ်တစ်ခုအဖြစ် ယုံမှတ်မှားမိသူတစ်ဦး ပိုးအိမ့်မှူးရှေ့မှောက်သို့ ရောက်ရှိ
လာခဲ့တော့သည်။
□
၃။
စာအုပ်ဆိုင်တွေမှာ နေ့စဉ်လိုလို
တွေ့လာရသည်မှာ အစကတော့ သူမက သတိ မထားမိခဲ့သေးချေ။ ပိုးအိမ့်မှူးသည်
အလွန်နမော်နမဲ့နိုင်သူလည်း ဖြစ်သေးသည်။ နောက်တော့မှ မမဝေစာအုပ်ဆိုင်ပိုင်ရှင်က
စကားတမင် တကာစပ်၍ ပြောကာမှ သူမ သိလာရတော့သည်။ ပိုးအိမ်မှူး လာတတ်သော အချိန်တွေမှာ
သူ တမင်အရောက်လာတတ်သေးသည်တဲ့။
ဘယ်လောက် အံ့သြစရာ ကောင်းလှပါသလဲနော်။
သူငယ်ချင်းတွေ အားလုံးထဲမှာ ရုပ်မလှဆုံးနှင့် ဆွဲဆောင်မှု မရှိဆုံး လူတစ်ယောက်ကို
စွဲမက်မည့်သူ စောစီးစွာပေါ်လာလိမ့်မည်ဟု ပိုးအိမ့်မှူးက မထင်ခဲ့မိချေ။
စာကြီးပေကြီးတွေ မဖတ်ဘဲ ပြာဂလောင်၊
ပြာလချောင် ကာတွန်းတွေ ရွေးသည့်အခါမျိုးတွေ၊ တွတ်ပီကို အစလှန်၍ ဟိုကြည့်၊ သည်ကြည့်လှန်ကာ
ရယ်တတ်သောအချိန်မျိုးတွေဟာ သူ့ကို သွေးဆောင်ဖြားယောင်းခဲ့သည့်
အချိန်မျိုးတွေပါပဲဟု ဇာနည်က ရိုးသားစွာဝန်ခံလေသည်။
ဘာပရိယာယ်မှ မရှိသော ပိုးအိမ့်မှူးကို
သူကတစ်သက်တာ ရည်ရွယ်ပါ သည်ဟု ပြောလာသောအခါတွင်တော့ ပိုးအိမ့်မှူးမျက်လုံး
ပြူးရတော့သည်။ ဘယ်နှယ် လုပ်ရပါဆိုတာကို သူငယ်ချင်းတွေဆီ အပြေးအလွှား သံတော်ဦး
တင်ရတော့သည်။ အသွက်ဆုံး သိမ့်ကတော့...
'ကျောဖုကြီးကိုခွဲလို့ ရရင်
ချစ်မယ်လို့ ပြောလိုက်ဟာ၊ လွယ်လွယ်လေး' တဲ့။
သူမကတော့ သူ့အား နည်းချက်ကို
သတိရရှိသွားကာ စိတ်မကောင်း ဖြစ်သွားခဲ့ရသည်။ ပိုးအိမ့်မှူးတို့၏ မိန်းမဆန်စွာ
ကစားနည်းလေး၏ သားကောင်ဖြစ်သွားခဲ့ရသူ တစ်ယောက်မဟုတ်လား။
'နင် ဒီလိုတော့ မပြောပါနဲ့ဟာ၊
သူ့အားနည်းချက်ကို'
'အလိုတော် မရွှေစာ၊ ရှင့်က
သူ့ဘက်ကပါလား'
သိမ့်စကားအဆုံး
ခိုင်ကလည်း...
'သိပ်ခေါင်းမူးအောင်
စဉ်းစားမနေနဲ့၊ ရှင့်မှာ ကဗျာတွေရေးလို့ ခေါင်းမွှေးမဖြူဘဲ အဲဒီကိစ္စနဲ့
တစ်ခေါင်းလုံး ဖြူသွားမယ်'
မီမီကတော့ 'ငါတို့
တစ်ဖွဲ့လုံးထဲမှာ မစွံနိုင်ဘူး ထင်တဲ့သူက အရင်ဆုံးပါပဲလား' ဟု
ထောပနာပြုပြန်သည်။
ယုယုနှင့် နွယ်ကတော့ 'ဒီဇာတ်လမ်းဟာ
ငါတို့နဲ့ ဆိုင်တယ်နော်၊ ဒီမိန်းမက ဘာမှ အတွေ့အကြုံရှိတာ မဟုတ်ဘူး။ ငါတို့ဆင်ထားတဲ့
ခွင်ကို သူကလိုက်လုပ်ရတာ၊ သူ့ကို နည်းနည်း စဉ်းစားပေးကြဦး'တဲ့။
နောက်ဆုံးတော့ သူမ၏ ခံစားချက်ကို
ဝိုင်းမေးကြသည်။ Negative ဟု အဖြေထွက်နေကြောင်း သူမ စိတ်မကောင်းစွာ ဖြေလိုက်ရသည်။ လုံးဝ
မိန်းမမဆန်သော သူမကဖြင့် သူ့ရှေ့မှာ နည်းနည်းကလေးမှ မရှက်ရွံ့ခဲ့ဖူးပါ။ ဒါနှင့်တောင်
သူရင်ခုန်ခဲ့တာ တကယ်ကို အံ့သြပါရဲ့။
ဒါပေမယ့် သူ့ကို ငြင်းရတော့မည့်
အချိန်တွေမှာ သူမ လုံးဝစိတ်မကောင်းခဲ့တာ ဝန်ခံရလိမ့်မည်။ သူ့ရဲ့
ငြိုးလျော်ဖြူဖတ်သွားမည့် မျက်နှာနှင့် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေတတ်သည့်
မျက်လုံးများကို ကြိုတင်မြင်ယောင်ရင်း ရိုးသားစွာ အားနာမိပြန်သည်။
သို့သော် သူမ ပွင့်လင်းစွာ
ငြင်းပယ်ခဲ့ပါသည်။ သူမက မချစ်တတ်သေးကြောင်းကိုလည်း ရိုးသားစွာ ဝန်ခံခဲ့ပါသည်။
သူ့ကို မိတ်ဆွေတစ်ယောက်လိုပဲ သဘောထားနိုင်မည်ဆိုတာကိုလည်း ပြောပြခဲ့ပါသည်။
ငြင်းချိန်တွင် တွေ့ရသည့် သူ့မျက်နှာက
ကဗျာကို သူမ ချမရေးဝံပါ။ အလွန်တရာကို သွေးဆုပ်ဖြူလျော်ပြီး သေခါနီးလူတစ်ယောက်
မျှော်လင့်ချက် ကုန်ဆုံးနေသလိုပင်။ အားငယ် တတ်သော သူတစ်ယောက်
မျှော်လင့်ချက်ကုန်ဆုံးသွားသည့်အခါ ပိုပြီး အခံရခက်ပါလိမ့်မည်။
သူမ သူ့ကို ငြင်းသည့်အချိန်မှစ၍
သူပျောက်ဆုံးသွားခဲ့သည်။ ပိုးဟု ခပ်ဖွဖွ ရွတ်ပြီး ရှက်နေတတ်သော သူငယ်လေးသည်
လုံးဝကို အစရှာမရလောက်အောင် (မြို့ကျဉ်းလေးတစ်မြို့တည်း တွင် အတူနေလျက်
မတွေ့ရတော့သည်အထိ) ပျောက်ဆုံးနေခဲ့သည်။ ထိုအတွက် ပိုးအိမ့်မှူးသည်
စိတ်မကောင်းဖြစ်ရုံမှအပ ဘာမှ မတတ်နိုင်ရှာပါ။ သူမမှ သူ့ ကို မချစ်နိုင်ခဲ့တာပဲလေ။
□
၄။
ဇာနည်အစား သူမဘေးသို့ရောက်ရှိလာသူမှာ
ဆက်မော်ဖြစ်ပြီး ရောက်ရှိလာပုံမှာလည်း လေနီကြမ်းတိုက်သလို
စကားလုံးအပြင်းစားများနှင့် ဖြစ်ပါသည်။
'ဒီမှာ ပိုးအိမ့်မှူး၊ အခု
ဇာနည်ဘာဖြစ်နေသလဲ ခင်ဗျားသိလား...'
'ဇာနည်...၊ ဇာနည် ဘာဖြစ်နေလဲ
ကျွန်မဘယ်သိမလဲ၊ သူနဲ့ မတွေ့တာတောင် အချိန်အတော်ကြာခဲ့ပြီ'
'အခု ဒီကောင် Depression ဝင်နေတယ်ဗျ'
'ဘာရယ်၊ သူ D ဝင်နေတယ်'
'ဟုတ်တယ်၊ သူက နဂိုကတည်းက
အရမ်းအားငယ်တတ်တာ၊ သူ ဘယ်မိန်းမကိုမှ စိတ်ဝင်စားတာ မဟုတ်ဘူးဗျ၊ သူ့ဘဝ သူ
နားလည်တယ်၊ ခင်ဗျားနဲ့ကျမှ ဒီကောင်ဟာဗျာ'
'သူတို့တစ်အိမ်လုံးလည်း
အရမ်းစိတ်ဆင်းရဲနေကြတယ်။ ဒီကောင် D ဝင်တာကလည်း သူ့ကိုယ်သူ
သေကြောင်းကြံဖို့လောက်ချည်း စဉ်းစားနေတဲ့ ပုံစံမျိုး ဖြစ်နေတာ။
'သူဟာ လူပိုတစ်ယောက်ပဲတဲ့၊
သူရှိနေလို့ ဘာမှ အသုံးမဝင်ဘူးတဲ့။ အစကတော့ ခင်ဗျားသာ သူ့ဘဝထဲမှာရှိရင်
သူ့ဘဝပြည့်စုံမှာတဲ့။ အခုတော့ ခင်ဗျားမှ မရှိတာ၊ သူမနေချင်တော့ဘူးတဲ့။
'ခင်ဗျားကလည်း
ယောက်ျားဆန်သလိုလိုနဲ့ တော်တော်မာယာများတဲ့ မိန်းမပဲ'
ရည်းစားစကား ပြောစဉ်က ရှက်ကိုးရှက်ကန်း
နွေးထွေးနေခဲ့သော သူငယ်ကလေးကို ပြေးမြင်ယောင်ရင်း သူမရင်ထဲ နာကျင်သွားရသည်။
အဲဒီလောက် မပျော့ညံ့သင့်ပါဘူး ဇာနည်ရယ်..။
'ကျွန်မ...ကျွန်မ တကယ်
စိတ်မကောင်းပါဘူး'
'ကျွန်တော့် သူငယ်ချင်း
သေသွားရင် ခင်ဗျားကိုပါ ကျွန်တော်လာသတ်မယ်'
'ဒီမှာ ကျွန်မ သူ့ကို
ငြင်းပယ်တာနဲ့ပဲ ကျွန်မမှာ အဲဒီလောက် အပြစ်ကြီးသွား ရောလားဟင်၊ ဒါပေမယ့်
ကျွန်မတကယ် စိတ်မကောင်းတာတော့ အမှန်ပဲ'
'ခင်ဗျား၊ ခင်ဗျား… ဗျာ'
ဆက်မော် မျက်နှာက
နီရဲလာသောအကြောအခြင်တွေကို ကြည့်ရင်း သူမထိတ်လန့်လာသည်။ ဇာနည်ခမျာ
ဘယ်လိုနေမှာပါလိမ့်။ သူမ သွားမေးရင်လည်း မျှော်လင့်ချက်ပေးရာ ကျဦးမည်။ အင်းလေ
ဒီအတိုင်းပဲ ရှိပါစေတော့။ Depression ဆိုတာမျိုးက ခဏနေ ပျောက်သွားတတ်တာပဲ မဟုတ်လား။ သူ့ အစ်မတွေလည်း
ခေတ်ပညာတတ်တွေပဲ။ သူတို့တွေ ကုကြမှာပေါ့။
သူမ စိတ်ပြေလျော့သွားအောင်
ကြိုးစားကုရင်း စာအုပ်ဆိုင်ဘက်ကို မသွားမိအောင် ထိန်းချုပ်ပြန်သည်။ သူမတို့အရွယ်က
ဆယ်ကျော်သက်တွေဘဝမှ လွန်ခဲ့ပြီပဲ။ ဇာနည် ဘယ်လိုဖြစ် တာလဲ။ ဇာနည်ရယ် တကယ်ဆို
အချစ်ဆိုတာ ဖန်တီးလို့ မရနိုင်ဘူး ထင်ပါရဲ့။ ကိုယ်ငြင်းခဲ့တာ မင်းရဲ့
အားနည်းချက်ကြောင့်တော့ မဟုတ်ပါဘူးကွယ်။ အသံတိတ် ဖြေရှင်းချက်များစွာနဲ့
လုံးပါးပါးရသည့် ညတွေလည်း မနည်းတော့ပြီ။
နောက်ပိုင်းကြားရသည့် သတင်းတွေကတော့
ကောင်းပါသည်။ ဇာနည့်ကို သူ့အစ်မနှစ်ယောက်က ခေါ်သွားပြီး ရန်ကုန်ဆင်းသွားသည်တဲ့။ Depression ရောဂါ ပျောက်ရန် စိတ်ရောဂါကု ဆရာဝန်တွေနဲ့ ပြမည်တဲ့။ သူမကိုတော့
သူ့အစ်မနှစ်ယောက်က သူတို့မောင်နှင့် ပတ်သက်တာ တော်တော်နာကျည်းကြသည်တဲ့။
ပိုးအိမ့်မှူးကတော့ လှောင်အိမ်မှ
လွတ်ထွက်သွားသော ငှက်တစ်ကောင်နှယ် ကျောပေါ်က ဝန်ထုပ်ဝန်ပိုးကြီးကို
ကန္တာရအပြင်ဘက်သို့ သယ်ပိုးလာရပြီး လွှတ်ချလိုက်ရသလိုပင်။ ဇာနည်အတွက် သူငယ်ချင်း တစ်ယောက်လိုတော့
စိတ်မကောင်းဖြစ်မိပါသည်။ သို့သော် သူကိုထပ်ပြီး ဝေဒနာ မပေးချင်တော့ပါ။
သူမျှော်လင့်တတ်လာအောင် သင်ပေးမိသလို ဖြစ်သည့်အတွက်လည်း ကိုယ့်ကိုယ်ကိုယ်
ခွင့်မလွှတ်ချင်ခဲ့။ မတတ်နိုင်ပါ။ သူမ သူငယ်ချင်းတွေကိုက ပျော်ချင်ကြသူများ
မဟုတ်လား။ ကိုယ့်ပျော်ရွှင်မှု အတွက် သူတစ်ပါးကို ထိခိုက်စေသည့်အတွက်တော့ ဇာနည်ကို
အားနာမိပါသည်။
ကဗျာတွေကို ပြန်ရေးဖြစ်လာသလို
သူမဝါသနာလေးကို ပြုစုပျိုးထောင်ပေးနေမိသည်။ စိတ်ထဲမှာတော့ ဇာနည့်ကို သနားမိနေသည်။
ထို့ကြောင့်လည်း တစ်ချိန်ချိန်မှာ သူ့အတွက် သူ့နေရာမှ ခံစားကာ တစ်ခုခုရေးမည်ဟု
တွေးထားဆဲ။
ပိုးအိမ့်မှူးက သူ့ယုံကြည်ချက်နှင့်
အသက်ရှင်နေဆဲဖြစ်သလို ဇာနည်မျိုးမြင့်သည်လည်း လောကကြီးထဲ ပြန်ဝင်ဆန့်လာအောင်
အားလုံးက ဝိုင်းဝန်းပြုပြင် နေကြဆဲဖြစ်သည်။ ကဗျာ မဆန်သော မိန်းမတစ်ယောက်နှင့်
ပတ်သက်မိလေခြင်းဟု အားလုံးက အပြစ်တင်ကြသော်လည်း ဇာနည်ကတော့ လုံးဝနောင်တ
ရဟန်မတူချေ။ ဒီလိုနဲ့...။
ပိုးအိမ့်မှူး၏ အိပ်မက်တို့က
သက်ဝင်လာခဲ့ချေပြီ။ ထို့အတူ ဇာနည်မျိုးမြင့်သည်လည်း လောကကြီးထဲမှာ
ဝင်ဆန့်လာခဲ့ပြီ။
ပိုးအိမ့်မှူးက
ဝတ္ထုတိုလေးတစ်ပုဒ်ဖြင့် ဇာနည်မျိုးမြင့်အား လှပစွာ တောင်းပန်ခဲ့ပါသည်။
□
(နိဂုံး)
'ပိုးအိမ့်မှူး' ဟူသော စာအုပ်ကလေးတွေကို မက်မော တွယ်တာစွာ ဖတ်တတ်သော၊ ဝယ်ယူစုဆောင်းတတ်သော၊
ယောကျ်ားလေးတစ်ယောက် ရှိခဲ့သည်ဆိုတာ ပိုးအိမ့်မှူးတစ်ယောက် သိနိုင်လိမ့်မည်
မဟုတ်ပါ။
သို့သော် သူ၏ အပြစ်ကင်းသော
ချစ်ခြင်းကို စာမဖွဲ့တတ်သော လူငယ်ကလေးကတော့မူ သွားရောက် ပြောပြလိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ၃ နှင့် ၄ သည်
ကျောချင်းကပ်လျက် ဝေးနေကြသည် ဆိုတာတော့....။ ။
▀
သက်ငြိမ်
(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...
ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။
လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်