ရွှေသုတ‌

မန်းသင်္ကြန်က လွမ်းရသူ

မောင်မောင်၊ဥပဒေ၊

01 January 2025
မန်းသင်္ကြန်က လွမ်းရသူ
Share to

မန္တလေးသားတစ်ယောက်က မန်းသင်္ကြန်အကြောင်း ရေးရမှာကို ကြောက်ရွံ့နေမိသည်ဆိုလျှင် ယုံကြပါမည်လော။ မယုံမရှိစေချင်ပါ။ ကျွန်တော်ကတော့ ပိတောက်ပန်းတွေ ပွင့်လာသည်နှင့် ဟိုအတိတ်ဆီက ကြည့်လို့မဝနိုင်တဲ့ အဆိုအက မဏ္ဍပ်တွေ၊ နားထောင်လို့ မငြီးနိုင်တဲ့ အလှပြယာဉ်ပေါ်က တေးသံသာတွေ၊ တဟားဟား တဝါးဝါး ပွဲကျခဲ့ရတဲ့ သံချပ်အသင်းတွေကို ပြန်လည်မြင်ယောင်လာပြီး ရင်ခုန်မိသည်က အမှန်ပင်ဖြစ်သည်။

ခုန်သော ရင်ကို တုန်သောလက်နှင့် ဖိထားသည့်ကြားမှ တစ်စုံတစ်ယောက်အား တမ်းတမ်းတတနှင့် လွမ်းဆွတ်လိုက်မိသေးသည်။ ကျွန်တော့်နည်းတူ မန်းသူမန်းသားတို့လည်း လွမ်းဆွတ်တမ်းတ နေမိကြလိမ့်မည် ထင်သည်။ သူကား အခြားမဟုတ်။ မန်းသင်္ကြန်ကို ပြောစမှတ်တွင်အောင် ဆင်နွှဲသွားခဲ့သော ရုပ်ရှင်မင်းသား အကယ်ဒမီ ကိုဝင်းဦးပင်တည်း။

'ကိုဝင်းဦးက အနုပညာမှာ အဘက်ဘက်က စုံတဲ့လူ။ အစုံလည်း လုပ်ချင်သူ။ လုပ်သလောက်လည်း စွံတဲ့လူ။ အနုပညာမှာ လောဘလည်းကြီးသူပါ။ မန္တလေးသင်္ကြန်ဆိုရင်လည်း သူပဲ မပျက်မကွက် ဝင်နွှဲဖို့ ကြိုးစားတတ်တာ။ မန္တလေးသား ရုပ်ရှင်မင်းသားတွေဖြစ်တဲ့ ကိုညွန့်ဝင်းတို့၊ ကိုဇော်ဝမ်းတို့က သူ့လောက် မရောက်ဖြစ်ကြဘူး။ ကိုဝင်းဦးကတော့ မန္တလေးသင်္ကြန်ကို သူ ဝင်မနွှဲရရင် ဒီမြန်မာ နှစ်သစ်အတွက် မပြည့်စုံသလိုဘဲ။ မန္တလေးသင်္ကြန်ကလည်း နဂါးဒေါ်ဦး မဏ္ဍပ်နဲ့ မြို့မတို့ပါမှ သင်္ကြန်ပီပီ မြည်မြည်ဖြစ်တာ မဟုတ်ဘူး။ ကိုဝင်းဦးလာရင် ပိုစိုပြည်တဲ့သင်္ကြန် ဖြစ်နေတော့တယ်။ သူရောက်လာမှ အင်္ဂါစုံသလိုပဲ။ ခုတော့ သူမရှိတော့ပြီမို့ မန္တလေးသင်္ကြန်ဖြစ်ခဲ့ရင် သူ့ကို သင်္ကြန်ပရိသတ်က ထူးထူးလည်လည် သတိရနေ၊ လွမ်းနေကြဦးမှာပေါ့လေ..'

ကိုဝင်းဦး ကွယ်လွန်သွားသည့်အခါ စာရေးဆရာမကြီး လူထုဒေါ်အမာက ၁၉၈၉ ခုနှစ်၊ ဧပြီလထုတ် စန္ဒာမဂ္ဂဇင်းတွင် အထက်ပါအတိုင်း လွမ်းဆွတ်တမ်းတစွာ ရေးသားခဲ့သည်။ အမေဒေါ်အမာ ရေးသားခဲ့သည့်အတိုင်းလည်း မှန်သည်။ ရုပ်ရှင်မင်းသား ကိုဝင်းဦးနှင့် မန်းသင်္ကြန်က ခွဲခြား၍ မရသော ပိတောက်သင်္ကေတများ ဖြစ်ခဲ့သည် မဟုတ်ပါလား။ ပိတောက်တွေ ပွင့်သည်နှင့် မန်းသူမန်းသားတို့က ကိုဝင်းဦးကို မျှော်ကြရတာ အမော။ သူရောက်လာတော့ သူ့ကားနောက် တကောက်ကောက် လိုက်ကြည့်ရတာကလည်း ပျော်စရာ။ သူရောက်လေရာ ပရိသတ်များ တရုန်းရုန်း။ လမ်းများ ပိတ်ကုန်၏။ ကားများလည်း သွားမရ။လက်ခုပ်သြဘာသံများကလည်း သောသောညံလျက်။

'မန်းသင်္ကြန်မိတ်ဆက်ကို ကျွန်တော်သည် ၁၉၆၇ ခုနှစ်၌ စတင်စွာ နဖူးတွေ့ ဒူးတွေ့ထိတွေ့ ခံစားလိုက်ရသည်တွင် မန်းသင်္ကြန်၏ရသနှင့် ချစ်ကျွမ်းတဝင်ရှိ၍ သွားပါ၏။ ကျွန်တော်သည် လက်ဦးက မန်းသင်္ကြန်၏ အလှအပကို မြည်းစမ်းကြည့်ရုံသဘောမျှဖြင့်သာ ပါဝင်ဆင်နွှဲခဲ့သူ ဖြစ်သည်။ မန်းမိတ်ဆွေအများက ကောင်းစွာ ကြည်ဖြူလက်ခံသောအခါတွင် အနုပညာသည်ပီပီ နောက်တစ်ပွဲ ဆက်ချင်လာ၏။ နောက်တစ်ပွဲပြီးလျှင် နောက်တစ်ပွဲပေပေါ့။ သင်္ကြန်အတက်နေ့မှစ၍ သန္နိဋ္ဌာန် ချလိုက်သည်မှာကား သူတို့က ဖိတ်ဖိတ် မဖိတ်ဖိတ် ကိုယ်ကတော့ အရောက်သွားလိုက်မည်ဟူ၏'

မန်းသင်္ကြန်နှင့် စတင်သံယောဇဉ် တွယ်ငြိလာခဲ့ပုံကို သူကိုယ်တိုင် စန္ဒာမဂ္ဂဇင်းတွင် အထက်ပါအတိုင်း ရေးသားခဲ့သည်။

ရုပ်ရှင်ကိစ္စ၊ ဂီတကိစ္စ၊ စာပေကိစ္စတွေနှင့် မအားလပ်သည့်ကြားမှ သင်္ကြန်ကျချိန်ရောက်လျှင် မန္တလေးသို့ အရောက်လာမြဲ။ တစ်ခါတစ်ရံ သူတစ်ယောက်တည်း လာရောက်ဆင်နွှဲရုံနှင့် အားမရ။ ရုပ်ရှင်ဘက်မှ မင်းသား အောင်လွင်၊ ဖိုးပါကြီး၊ ခင်လေးဆွေ၊ ကျော်စွာဝင်း၊ စန္ဒာလင်း၊ သီတာဝင်းတို့ကို ခေါ်လာတတ်သလို ဂီတဘက်မှလည်း စန္ဒရားလှထွတ်၊ ဂီတလုလင် မောင်ကိုကို၊ ကိုခင်မောင်ကြီး၊ ကိုကျော်ညွန့်၊ ချိုဝေလွင်၊ ချိုပြုံးတို့ကိုပါ ခေါ်လာတတ်သည်။ စန္ဒရား တင်ဝင်းလှိုင်ကတော့ သူ့ရဲ့လက်စွဲ။ မန်းသင်္ကြန်မှာ ဈေးချိုသူ၊ နဂါးမယ်၊ ရွှေမန်းမေ၊ ချစ်ပန်းနွယ်၊ လှသူဇာ၊ ငုရွှေဝါ စသည်တို့က နာမည်ကြီး အမျိုးသမီးအသင်းများ။ ဈေးချိုပန်းတန်းရှိ ရွှေမန်းမေဆိုလျှင် ကိုကိုကာလသားတွေ အမြဲဝိုင်းနေတတ်သည်။ ကပြဖျော်ဖြေသော ရွှေမန်းသူတွေကလည်း တကယ့်ကို ချောပေ့လှပေ့ဆိုသည့် ဒိတ်ဒိတ်ကြဲတွေ မဟုတ်ပါလား။ တစ်နှစ်တွင် ငွေငန်းမြို့မအသင်းကြီးက မင်းသားကိုဝင်းဦးကို နာမည်ကျော် ရွှေမန်းမေမဏ္ဍပ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

'မျှော်တုန်းမျှော်ဆဲ ရောက်လာတော့လည်း ဝမ်းသာရပါတယ်ရှင်။ ရှေ့က ကားများနဲ့ပရိသတ်များ မြို့မအသင်းကားကြီး ကျွန်မတို့ ရွှေမန်းမေမဏ္ဍပ်ရှေ့ အရောက်လာနိုင်အောင် လမ်းလေး ဖယ်ပေးကြပါရှင်'

မင်းသား ဝင်းဦးပါလာသည် ဆိုသောသတင်းကြောင့် လမ်းပေါ်မှာ ပရိသတ်များက အပြည့်။ အမိုးဖွင့် ဂျစ်ကားများ မဏ္ဍပ်ရှေ့မှာ ပိတ်နေ၍ ရွှေမန်းမေ အသင်းခေါင်းဆောင် အပျိုကြီး မထားရီက အသံချဲ့စက်ဖြင့် တောင်းပန်ရသည်။ အသင်းကားကြီး မဏ္ဍပ်ရှေ့တည့်တည့်ရောက်တော့ မထားရီကိုယ်တိုင် ပိတောက်ပန်းခြင်း ဆွဲကာ အကဖြင့် ဖျော်ဖြေသည်။ မဏ္ဍပ်ပေါ်ရှိ သင်္ကြန်မယ်ကလေးများက အစီအရီ ထိုင်ပြီး စည်းချက်ဝါးချက်ကျကျ လက်ခုပ်တီးပေးကြသည်။ မှန်စီ ရွှေချဆိုင်းဝိုင်းကြီး၏ သင်္ကြန်တေးသံကလည်း ကြားရသူတိုင်း ထပြီး ကချင်စရာ။ ဤသို့ ဧည့်သည်ကို စတင်ဖျော်ဖြေပေးသည်မှာ ရွှေမန်းမေ၏ ယဉ်ကျေးသိမ်မွေ့သော ချစ်စရာ အစဉ်အလာတစ်ခု။

            'ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ နေ့တိုင်းပဲ သတိရတယ်လေ'

            မထားရီ ကနေဆဲမှာပင် အသင်းကားပေါ်မှ ကိုဝင်းဦးက မတ်တတ်ရပ်ပြပြီး သီချင်း ဆိုလိုက်သည်။ ပရိသတ်၏ လက်ခုပ်သြဘာသံများ သောင်းသောင်းညံသွားလေတော့သည်။ မထားရီက ကိုဝင်းဦး၏ သီချင်းအလိုက် ကချိုးကို ပြောင်းလိုက်၏။ ဆိုင်းကလည်း တီးလုံးကို ပြောင်းတီးပေး၏။ ထိုင်ပြီး လက်ခုပ်တီးနေသော ရွှေမန်းမေ သင်္ကြန်မယ်ကလေးတွေကလည်း ညီညာဖျဖျ ထ၍ ကကြလေပြီ။ မန်းသင်္ကြန်ညက လှပလိုက်ပါဘိတော့။

            ထို့နောက် ကိုဝင်းဦးက ဂီတမှူး ဦးဘိုခင်၏ 'အပျိုကြီး'ကို ဆက်၍ ဆိုသည်။ ဒီသီချင်းဖြင့် ကိုဝင်းဦးက အပျိုကြီးမထားရီနှင့် အပျိုကလေး ရွှေမန်းမေတို့ကို ကျီစယ်လိုက်ခြင်း ဖြစ်၏။ မဏ္ဍပ်ပေါ်မှ အပျိုကြီးနှင့် အပျိုကလေးတို့ကလည်း ရွှင်မြူးလှပစွာ ပြန်လည်ကပြပေးကြသည်။ နောင် တစ်ချိန်တွင် ကိုဝင်းဦးက ထိုနှစ် မန်းသင်္ကြန်ကို အပျော်ဆုံးနှစ် ဖြစ်ခဲ့ပါသည်ဟု စန္ဒာမဂ္ဂဇင်းတွင် ရေးသား ဖော်ပြခဲ့သည်။

            သို့သော် ကိုဝင်းဦးမှာ မန်းသင်္ကြန်၌ နှစ်တိုင်း ပျော်စရာများနှင့်ချည်း ကြုံတွေ့ခဲ့ရသည် မဟုတ်။ လောက ဓမ္မတာအရ စိတ်အခန့်မသင့်ဖြစ်စရာ အဖုအထစ်ကလေးများနှင့်လည်း ကြုံတွေ့ခဲ့ရသည်သာ။ ၁၉၇ဝ ခုနှစ် သင်္ကြန် အတက်နေ့ညက ဖြစ်သည်။ မဏ္ဍပ်တစ်ခု ရှေ့ရောက်သော် ထိုမဏ္ဍပ်က အောက်ပါသီချင်းဖြင့် စတင်ဧည့်ခံသည်။

            'ဘိုးဘွားအစဉ်အဆက်၊

            မြန်မာမှု မဟုတ်ပြန်

            နားမှာလည်း ဆံပင်အုပ်၊

            ယောကျ်ားမပီသလေပြန်

            ဘောင်းဘီကျပ် မောင်တို့၊

            ဆင်ယင်မှုမပီသလေ...တော့

            သူ့အဖေက ဒက်ဒီ၊

            သူ့အမေက မာမီ

            စကားမပီရှာပြီ

            ပျို့မောင်ကြီးရေ...တော့

            ခေါင်းမှာလည်း ကောက်ရိုးတွေပုံ'

            ဧည့်ခံဖျော်ဖြေသော သီချင်းက ပိတောက်တွေ၊ ငုတွေကို ဖွဲ့ဆိုထားသည့် အစဉ်အလာသင်္ကြန်ဖွဲ့ သီချင်းမျိုး မဟုတ်။ ထိုစဉ်က သောင်းကျန်းနေသည့် လမ်းသရဲများအား တိုက်ဖျက်ထားသော တေးတစ်ပုဒ်။ ဖြစ်ချင်တော့ ငွေငန်းမြို့မကြီးက ထိုမဏ္ဍပ်ကို အစဉ်အလာအတိုင်း ပြန်လည် နှုတ်မဆက်ဘဲ ရုတ်ခြည်း ထွက်ခွာသွားခဲ့သည်။ နောက်တစ်နေ့ထုတ် သတင်းစာတွင် 'ကိုဝင်းဦးသည်လည်း ဘောင်းဘီ ဝတ်လာရာ သူ့ကို တမင်စောင်းမြောင်း သီဆိုရပါ့မလားဟု မျက်မာန်ရှကာ နှုတ်မဆက်ဘဲ ထွက်ခွာသွားသည်မှာ အရုပ်ဆိုးလှပါသည်'ဟူ၍ ဆောင်းပါး ပါရှိလာတော့သည်။

            မန်းသင်္ကြန်ကို ချစ်သော ကိုဝင်းဦးတစ်ယောက် စိတ်မကောင်း ဖြစ်ရလေတော့သည်။ အစပိုင်းတွင် ဤသို့ ရေးရပါ့မလားဟု ဒေါသဖြစ်မိသေးသည်။ နောင်ကာလအတန်ကြာသော် ဆောင်းပါးရှင်ဘက်မှအမြင်၊ သူ့ဘက်မှ အနေအထားတို့ကို ပြန်လည် သုံးသပ်ကာ အာဃာတစိတ် ကင်းစွာဖြင့် (ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်) စာအုပ်၌ အောက်ပါအတိုင်း ရေးသား ဖြေရှင်းသွားခဲ့သည်။

            'အပြန်ပြန်အလှန်လှန် တွေးသော် သူ့ဘက်က သူ့အမြင်သည် မမှားချေ။ သည်သီချင်းကို ကျွန်တော် မုချကြားနေရမည်ဖြစ်ရာ ဒေါသဖြစ်၍ မဏ္ဍပ်ကို မလေးမစား ကျောပေးထွက်ခွာခြင်း ဖြစ်ရမည်။ ဝတ်လာသည်ကလည်း ဘောင်းဘီနှင့် ခေတ်ဆန်သော ရွှေရောင် အင်္ကျီတလက်လက်နှင့်မို့ ရှက်ကန်ကန်သွားခြင်း ဖြစ်လိမ့်မည်ဟု သူယူဆသည်မှာ အကြောင်းအချက် ခိုင်လုံပါ၏။ ကျွန်တော့်ဘက်ကလည်း အယုတ်အလတ်မရွေး မည်သည့် ပရိသတ်ကိုမဆို ကျေနပ်အောင် ဖျော်ဖြေလိုသည့် ဆန္ဒက စော၍နေ၊ မဏ္ဍပ်ပေါ်မှ ဆိုသံတွေကိုလည်း မကြား၊ အကယ်၍ ကြားဘိသည် ထားဦး။ ကျွန်တော်လာမှ တမင်စပ်ပြီး ချက်ချင်း ကောက်ဆိုသည်ဟု ထင်စရာ အကြောင်းကလည်း မရှိ။ ကိုယ့်ကိုပင် ဦးတည်ဆုံးမသော သီချင်းပင် ဖြစ်သည်ထားဦး။ လူလိမ္မာ အမျက်အပြင်မထွက် ဟူဘိသကဲ့သို့ ရုပ်ရှင်မင်းသားပီပီ ပြုံးပြုံးကလေး ထွက်မလာနိုင်စရာ အကြောင်းမရှိပြန်ပေ။ ထို့ကြောင့် ကျွန်တော်၏ အပြုအမူသည်လည်း ကျွန်တော့်ရှုထောင့်မှ နေ၍ ကြည့်လျှင် မမှားပြန်ချေ။ ခက်သည်မှာ ထိုဆောင်းပါးရှင်နှင့် ကျွန်တော်တို့ ခေတ္တခဏ နေရာချင်းလဲ၍ ခံစားကြည့် ခွင့်မရကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အထင်မှားအမြင်မှား ကြရခြင်း ဖြစ်လေသည်။

            'မည်သို့ပင် ဖြစ်စေ။ ကျွန်တော့်ကို သတိပေးရေးသားသည့် ဆောင်းပါးရှင်သည် ကျွန်တော့်ကို ပရိသတ်နှင့် ထိတွေ့ရာ၌ အလောသုံးဆယ် ဆုံးဖြတ်ချက်လွယ်လွယ် ပြုမိမှားတတ်ပုံကို ရှောင်နိုင်ရန် စေတနာ ထားရှိသောကြောင့်သာလျှင် မိမိ၌ အလိမ္မာတိုးရပေသည်ဟု သဘောပေါက်ရကာ တစ်ခါက ထွက်ခဲ့သည့် အမျက်ဒေါသတို့သည် လွင့်စင်ပျောက်ပြယ်သွားကြ ပေတော့သည်။ မန်းပရိသတ်က ဆယ်စုခေတ်တစ်ခေတ် ကျော်လာသည်အထိ သင်္ကြန်ပွဲတိုင်း၌ ကျွန်တော့်ကို မေတ္တာ အပြည့်ဖြင့် လက်ကမ်းကြိုဆိုခြင်း အဆင့်သို့ ရောက်လာစေအောင် သူသည်လည်း သူ့ကလောင်စွမ်းအားဖြင့် တွန်းပို့ပေးသူ ဖြစ်ပါသည်ဟု ဤစာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ပါ၏' (ပ အကြိမ်၊ မျက်-၁၆၄)

            နောက်နှစ်များတွင် သူသည် မန်းသင်္ကြန် နံနက်ပိုင်းများမှာပါ ရေကစားလာခဲ့သည်။ ၈၄ လမ်းက ဟံသာ ဝတီမဏ္ဍပ်သည် သူအမြဲ ရေကစားရာ မဏ္ဍပ်တစ်ခု။ ထုံးစံအတိုင်း သူ့ပရိသတ်များက ကြိတ်ကြိတ်တိုးလျက်။ ရေပက်ခံကားများက တစ်ခဲနက်။ အချို့က ရေခဲရေနှင့် ပက်၏။ မန်းမမတို့က ရေမွှေးနှင့်ဖျန်း၏။ အချို့က ပန်းကုံးများ ပစ်ပေး၏။ 'နှုတ်ခမ်းမွေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့'ဟု စကြပြောင်ကြသူတွေကလည်း မနည်း။ မန်းသင်္ကြန်မှာ သူ သည် ဧည့်သည် မဟုတ်တော့။ အိမ်သားတစ်ယောက်လို ဖြစ်နေလေပြီ။ 'တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ကျီစယ် ရေကစားရာတွင် မန်းမြို့သူ မန်းမြို့သားတို့၏ သည်းခံစိတ်ရှည်မှု ပင်ကိုစရိုက်သဘာဝသည်ကား အလွန်တရာမှပင် ချီးကျူးဖွယ် ကောင်းလှပါပေ၏' ဟု သူက ဆိုခဲ့သည်။

            'မကြာမီ ၁၉၈ဝ ခုနှစ်သို့ ရောက်ကာ ဆယ့်သုံးကြိမ်မြောက် မန်းသင်္ကြန်ကို နွှဲပျော်ခွင့် ရလိမ့်ဦးမည် ထင်၏။ ကျန်းမာပကတိ ချမ်းသာစွာရှိလျှင်ကား နောင်နှစ်ဆယ့်သုံးနှစ်မြောက်မှသည် နှစ်အဆက်ဆက် အကြိမ်ပေါင်းများစွာ မန်းသင်္ကြန်ကို ရောက်လိုက်ချင်ပါသေး၏'ဟု သံယောဇဉ် ကြီးမားစွာဖြင့် (ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်) စာအုပ်မှာ သူတမ်းတမ်းတတ ရေးသား သွားခဲ့သည်။ သို့သော် သူ့ဆန္ဒကား လုံးဝ ပြည့်ဝမသွားခဲ့။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်၊ မနက် တစ်နာရီ ဆယ်မိနစ်တွင် သူချစ်သော မန်းသင်္ကြန်ကို အပြီးတိုင် ခွဲခွာသွားခဲ့ပြီ ဖြစ်သောကြောင့်တည်း။

            ယခုလို ပိတောက်တွေ ပွင့်ပြီဆိုမှဖြင့် ကိုဝင်းဦးတစ်ယောက် ရောက်ရာ ဘဝက သင်္ကြန်သီချင်းတွေ သီဆိုပြီး ပျော်နေဦးမည်လား။ ဒါမှမဟုတ် ရေပိုက်ကြီးကိုင်ကာ ပျော်ပျော်ပါးပါး ရေကစားနေလိမ့်ဦးမည်လား။ မန်း သင်္ကြန်ကတော့ ကိုဝင်းဦးကို ယနေ့တိုင် မေ့မရနိုင်ဘဲ တမ်းတမ်းတတနှင့် လွမ်းဆွတ်နေရဆဲပါ။

မောင်မောင်၊ဥပဒေ၊

(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။