ရွှေသုတ‌

ပြိုခဲ့လေပြီ မိုးရယ်

ကဲသာ

01 January 2025
ပြိုခဲ့လေပြီ မိုးရယ်
Share to

 ကျော်သန်းမြင့် (ဗန်းမော်) ရဲ့ 'သမိုင်းဖြစ်စဉ်ထဲက ဘေဘီနွဲ့' ဆောင်းပါးကို ရွှေအမြုတေ အမှတ် (၁၈၃) ဖေဖော်ဝါရီ ၂ဝဝ၅ မှာ ဖတ်လိုက်ရလို့ ဒီစာစုကို ရေးဖြစ်လိုက်တာပါ။

            ဘေဘီနွဲ့ဆိုတဲ့ မင်းသမီးတစ်ဦး၊ သရုပ်ဆောင်သူတစ်ဦးဟာ မြန်မာ့ရုပ်ရှင်လောကမှာ တစ်ချိန်သောအခါက ရွှေရောင်လင်းလက်တောက်ပခဲ့တာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တဲ့အတွက် ကျေးဇူးတင်မိပါတယ်။

            'သမိုင်းဖြစ်စဉ်ထဲက ဘေဘီနွဲ့' ကို ဖတ်ရင်း အဲဒီကာလကို ကိုယ်တိုင် ပြန်ရောက်သွားသလို ခံစားရပါတယ်။ ကိုယ်ကြည့်ခဲ့ဖူးတဲ့ ချစ်သွေးသစ္စာလှည်းကျိုးနဲ့ နွားသိုးမချုသာသည်ပန်းပန်လျက်ပါသခွတ်ပန်းစိမ်းညီညီလွင်နှင်းပျောက်တဲ့နွေမမထားနဲ့ အပါမိုးလုံးပတ်လည်ချစ်သမီးသည်မေတ္တာလမ်း စတဲ့ စတဲ့ မရေတွက်နိုင်အောင် များလှတဲ့ မင်းသမီးကြီး ဘေဘီနွဲ့ရဲ့ ကားတွေရဲ့ ပုံရိပ်တွေဟာ ဖျတ်ခနဲ၊ ဖျတ်ခနဲ စိတ်မြင်ကွင်းထဲမှာ စီကာရီကာ မှိန်သွားလိုက်၊ လင်းလာလိုက်နဲ့ အဟောင်းတွေဟာ အသစ်ဖြစ်လာပါတယ်။

            အဲသလို...ဖြစ်စဉ်တွေထဲက ဇာတ်ကားလေးတစ်ကားကိုတော့ မိတ်ဆွေများ မမေ့တန်သေးဘူးလို့ တွေးထင်မိလို့ ဒီစာကို ရေးဖြစ်တာလည်း ပါပါတယ်။

            အဲဒီ ရုပ်ရှင်ကားကြီး ရိုက်စဉ်မှာ ကျွန်တော်နဲ့ မင်းသမီးကြီး (ဒေါ်) ဘေဘီနွဲ့တို့ ဆုံတွေ့ခဲ့ရခြင်းပါ။

            ဘေဘီနွဲ့ဟာ ဒီဘက်ခေတ် ဘယ်မင်းသမီးနဲ့တူလဲ ဆိုရင် စူပါမင်းသမီး နန္ဒာလှိုင်နဲ့ အတော့်ကို ဆင်ပါတယ်။ အလုံးအဖန်၊ အရပ်အမောင်း၊ အသားအရေ တော်တော်တူပါတယ်။

            နန္ဒာလှိုင်ထက် ပိုပြီးချောတယ်လို့ မဆိုသာပေမယ့် ဆွဲဆောင်အား ပိုရှိတယ်။ အနောက်တိုင်းသွေးနှောလို့ စကားပြောတဲ့ လေယူလေသိမ်းကအစ ဝဲတဲတဲနဲ့ ကနွဲ့ကလျ ရှိလှတာဟာ နန္ဒာလှိုင်နဲ့ တူတယ်လို့ ပြောရလောက်အောင် အကြောင်းများ ဖြစ်ပါတယ်။

            အဲ...ဒါပေမယ့် ကျွန်တော်တို့နဲ့ တွေ့တဲ့အချိန်မှာ မင်းသမီးကြီးဟာ ဇရာရဲ့ တိုက်စားတာကို ခံစားနေရပြီ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်က ကျွန်တော့်ဆရာသမား ပထမဆုံး ဒါရိုက်တာ လုပ်ရိုက်တဲ့ 'မပြိုသည့်မိုး' ဆိုတဲ့ အဖြူအမည်း ရုပ်ရှင်ကားကြီးမှာပါ။ ကျွန်တော့်တာဝန်က တစ်ကားလုံးရဲ့ ကြော်ငြာမှု ဒီဇိုင်းတွေကို ရေးဆွဲပေးရတဲ့ တာဝန်အပြင် ပန်းချီနဲ့ဆိုင်တဲ့ လိုအပ်တာတွေကို ကူညီဖို့ ရိုက်ကွင်းမှာ အချိန်ပြည့် ရှိနေခဲ့ပါတယ်။

            ဇော်ဝမ်း၊ ခင်သန်းနု၊ မောင်ရေချမ်း၊ နွယ်နွယ်သီ၊ ဦးသိုက်စိုး၊ ဘေဘီနွဲ့၊ ညီညီဆွေ စတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ခဲ့ကြတာပါ။

            ဇာတ်ကားထုတ်လုပ်သူက ဒေါက်တာကိုကိုကြီး (စိတ်ပညာဌာန၊ မန္တလေးတက္ကသိုလ်) ဖြစ်ပြီး၊ ပန်းသာ ရုပ်ရှင်ကုမ္ပဏီစက်နဲ့ ကင်မရာမဲန်း ဘကြီးခိုင် (ဦးခိုင်) (မင်းသမီး တင်တင်လှ ဦးလေ)၊ ဦးတင်မောင်တို့ ဖြစ်ပါတယ်။

            အခု အကယ်ဒမီ (ဦး) သန်းညွန့် (ပန်းသာ)ဟာ အဲဒီအချိန်က ပညာသင် လက်ထောက် ကင်မရာမဲန်းပေါ့ ခင်ဗျာ။ 'မပြိုသည့်မိုး' ဇာတ်ကားမှာ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ မင်းသမီးကြီး ဘေဘီနွဲ့က မမကြီးအဖြစ်၊ ဇော်ဝမ်းက ကိုကိုလတ်အဖြစ်၊ မောင်ရေချမ်းက ကိုကိုထွေးအဖြစ် (သတိုးရှိန်ရိပ်ငြိမ်) ဆိုတဲ့ စံအိမ်ကြီးမှာ နေထိုင်ကြတဲ့ မျိုးကြီးဆွေကြီး မောင်နှမတစ်စုပေါ့။

            ဘေဘီနွဲ့ (ဒေါ်မမကြီး)ဟာ အစ်မကြီးပီပီ တစ်အိမ်လုံးကို သြဇာလွှမ်းမိုး ချုပ်ကိုင်ထားသလို မိသားစုရဲ့ စီးပွားရေးကို ဦးစီးသူဖြစ်တော့ မောင်ငယ်နှစ်ယောက်က မလွန်ဆန်ဝံ့တဲ့ အင်မတန် မာနကြီးပြီး ဂုဏ်မက်သူအဖြစ် သရုပ်ဆောင် ပီပြင်လှပါတယ်။

            တစ်အိမ်လုံးမှာရှိတဲ့ ခြံစောင့် မာလီနဲ့ ကားဒရိုင်ဘာကအစ မောင်တွေအဆုံး ခိုင်းစေညွှန်ကြားတဲ့အခါမှာ အဖြူရောင် ကြိမ်ကုလားထိုင်ကြီးပေါ်မှာ အခန့်သားထိုင်ပြီး စီစဉ်ညွှန်ကြားပါတယ်။

            အဲဒီထိုင်ခုံကြီးရဲ့ ထည်ဝါ၊ ခံ့ညားမှုကို ကျွန်တော်က ဒီဇိုင်းထုတ်ပြီး ၆ မိုင်ခွဲမှာရှိတဲ့ ကြိမ်ကုလားထိုင်လုပ်တဲ့ဆီမှာ အော်ဒါမှာပြီး ဆေးအဖြူရောသုတ်လို့ ဇာတ်ဝင်ခန်းတွေကို မင်းသမီးကြီးနဲ့ ရိုက်ခဲ့ကြတာပေါ့။

            ပြောရမယ်ဆိုရင် ဇာတ်လမ်းအရ မမကြီးတို့ရဲ့ သတိုးရှိန်ရိပ်ငြိမ်မိသားစုကြီးဟာ လောကဓံအရ စီးပွားရေး ကျဆုံးသွားတဲ့အခါမှာ ဇော်ဝမ်း (ကိုကိုလတ်)က နိုင်ငံခြားမှာ ပညာသင်နေဆဲဖြစ်တော့ ပညာရေးကို ထိခိုက်မှာစိုးလို့ မမကြီးက အသိမပေးဘဲ အထက်အညာ မုံရွေး၊ ကြေးမုံရွာကလေးကို တိတ်ဆိတ်စွာ ဆုတ်ခွာ ရွှေ့ပြောင်းခဲ့ကြရတဲ့ အခန်းကို သတိုးရှိန်ရိပ်ငြိမ် စံအိမ်ကြီးရဲ့ ဆင်ဝင်အထက်က အပေါ်စီးမြင်ရတဲ့ မြင်ကွင်းဟာ ကြည့်ရှုသူများကို ကြေကွဲထိခိုက်စေခဲ့တာ အမှန်ပါပဲ။

            အဲဒီခေတ်က ဒေါ့ဂျစ်ကားကြီးရဲ့ နောက်အမြီးပိုင်းမှာ ဘေဘီနွဲ့ (မမကြီး) အမြဲထိုင်ခဲ့တဲ့ ကုလားထိုင်ဖြူကြီးကို တခြားပစ္စည်းတွေနဲ့ ရောနှောချည်နှောင်ထားပြီး ဖြည်းညင်းလေးကန်စွာ ကားကြီး ထွက်ခွာသွားတာကို ရိုက်ပြလိုက်တာပါ။ (အဲဒီ ရိုက်ချက်ဟာ ခုချိန်ထိ ရုပ်ရှင်လောကမှာ ပြောစမှတ်ပြု ကျန်ခဲ့ပါတယ်။)

            ကားရှေ့ခန်းမှာ ဘေဘီနွဲ့ (မမကြီး) ဟာ လောကဓံကို အံတုလိုက်မဟဲ့ဆိုတဲ့ မာနပြုံးကို ပြုံးရင်း ရင်ချီမာန်ဝံ့စွာ သရုပ်ဆောင်ပြသွားတာ ခုချိန်ထိ မျက်စိထဲက မထွက်သေးပါဘူး။

            မင်းသမီး ဘေဘီနွဲ့ ရိုက်ခဲ့တဲ့ ဇာတ်ကားပေါင်း ငါးဆယ်ကျော်မှာ နံပါတ်ထိုးဖို့ မေ့လျော့သွားတဲ့ ဆရာ ကျော်သန်းမြင့်ကို 'မပြိုသည့်မိုး' ဆိုတဲ့ ဇာတ်ကားကြီးအကြောင်း ပြောလိုတာတစ်ခုကြောင့် ခုလို စာစုလေးရေး ဖြစ်သွားတာပါ။

            တစ်နေ့ ရန်ကုန် အလုံလမ်းမှာရှိတဲ့ 'ရွှေညီလာ' ခြံထဲမှာ မင်းသမီးကြီး ဘေဘီနွဲ့ (မမကြီး) တစ်ယောက် သူထိုင်နေကျ ကုလားထိုင်ဖြူကြီးပေါ်မှာ ထိခိုက် ကြေကွဲစွာ ခံစားရင်း ပါးပြင်ပေါ်ကို မျက်ရည်ဥတွေ တလှိမ့်လှိမ့် ကျလာတဲ့ အခန်း ရိုက်ပါတယ်။

            ရင်ထဲက ဆို့တက်ပေါက်ကွဲလာတဲ့ မျက်ရည်တွေနဲ့ ကြေကွဲစွာ သရုပ်ဆောင်နေတဲ့ မင်းသမီးကြီး ဘေဘီနွဲ့ (မမကြီး)ရဲ့ ကျဆုံးခန်း ရိုက်ပြီးတာနဲ့ ချက်ချင်းပဲ မင်းသမီး ခင်သန်းနုက ဖက်လဲတကင်း ပွေ့ဖက်နမ်းရှုတ်ပြီး ချီးကျူးပါတယ်။

            မင်းသမီးကြီးဟာ မျက်ရည်တု (လုံးဝ) မသုံးဘဲ ရင်ထဲက မျက်ရည်တွေနဲ့ အပီအပြင် သရုပ်ဆောင်ခဲ့တာ  မမေ့နိုင်စရာပါ။ ဒါပေမယ့်ဗျာ ကံတရားများဟာ ဒေါ်မမကြီးအဖြစ် သရုပ်ဆောင်နေတဲ့ မင်းသမီးကြီး (ဒေါ်)ဘေဘီနွဲ့ကိုလည်း ချမ်းသာမပေးခဲ့ပါဘူး။

            'မပြိုသည့်မိုး' ဇာတ်ကားရိုက်ရင်း တန်းလန်းမှာပဲ ဒေါ်ဘေဘီနွဲ့ ဆုံးပါး သွားပါတယ်။ ဇာတ်ကားရိုက်နေဆဲမှာပဲ တစ်နေ့တခြား ကျဆင်းလာတဲ့ ကျန်းမာရေးကို ဂရုမပြုဘဲ ကားရိုက်နေတာကို ကျွန်တော်တို့ တစ်ဖွဲ့လုံးက သတိထားမိပါတယ်။

            အဲဒီနေ့ဟာ ဆရာကျော်သန်းမြင့်ရဲ့ ဆောင်းပါးမှာပါတဲ့ ၁၉၇၃ မတ်လ ၂၉ ရက်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့ 'မပြိုသည့်မိုး' တစ်ဖွဲ့သားလုံး မင်းသမီးကြီး ဘေဘီနွဲ့ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

            မင်းသမီးကြီး ဆုံးပါးသွားပေမယ့် သူရိုက်ဖို့ကျန်သွားတဲ့ အခန်း (၂) ခန်း အတွက် ကျွန်တော့်ဆရာ ခေါင်းစားပြီး မရိုက်မဖြစ် ရိုက်ရမှာဖြစ်တော့ မင်းသမီးကြီးအစား လူစားထိုးပြီး အဝေးရိုက်ချက်တွေနဲ့ ရိုက်ခဲ့ကြရတာပေါ့။

            ဇော်ဝမ်း (ကိုကိုလတ်) နိုင်ငံခြားက ပြန်အလာ လေဆိပ်မှာ ဒေါ်မမကြီး မိသားစုက ကြိုတဲ့အခန်းကို ရန်ကုန် စာတိုက်နဲ့ ကြေးနန်းရုံးက အစ်မကြီးတစ်ဦးရဲ့ အကူအညီနဲ့ ရိုက်ဖြစ်ခဲ့ပါတယ်။

            နောက်ရိုက်ကွက်တစ်ခုကတော့ ဒေါ်မမကြီး ကွယ်လွန်တဲ့အခန်းကို ကျွန်တော့်သူငယ်ချင်း ပန်းချီဆရာ အောင်ဝင်း (ကျောက်ဆည်)နဲ့ လူစား ထိုးပြီး မဖြစ်ဖြစ်အောင် ရိုက်ခဲ့ကြရပါတယ်။

            'မပြိုသည့်မိုး' ဇာတ်ကားဟာ (ဒေါ်) ဘေဘီနွဲ့ရဲ့ နောက်ဆုံး သရုပ်ဆောင်သွားတဲ့ ဇာတ်ကားဖြစ်လို့၊ ဇာတ်ပို့ မင်းသမီးကြီးရဲ့ သမိုင်းဖြစ်စဉ် ရုပ်ရှင်ကားပေါင်း (၅ဝ) ကျော်မှာ ဇာတ်ကားနံပါတ် (၅၄) အဖြစ် သတ်မှတ် မယ်ဆိုရင်ဖြင့် ရတန်ကောင်းရဲ့ဆိုပြီး ဒီစာစုကို ရေးဖြစ်လိုက်တာပါ။

            'မပြိုသည့်မိုး' ရဲ့ ဇာတ်ဝင်တေး သီချင်းကို စန္ဒရား ဦးလှထွတ်က ရေးဖွဲ့ခဲ့ပြီး အဆိုတော်ကြီး မောင်သိန်းဝင်းက သီဆိုခဲ့ပါတယ်။

            ခုချိန်မှာဖြင့် စန္ဒရား ဦးလှထွတ်လည်း မရှိတော့ပြီ။ မင်းသမီးကြီး ဘေဘီနွဲ့သည်လည်း ကွယ်လွန်ခဲ့ချေပြီ တကား။

ကဲသာ

(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။