မောင်သန်းဆွေ၊ထားဝယ်၊
(၂ဝဝ၄) ခု၊ နှစ်လယ်လောက်က 'နှစ်ကာလများ' စာအုပ်တိုက်မှ ကြည်အေး၏ 'တမ်းတတတ် သည်' ကို တတိယအကြိမ်ထုတ်ဝေခဲ့သည်။ ကြည်အေး၏ စာကို အရူးအမူးကြိုက်ခဲ့သော စာရေးသူက ဝယ်မည်လုပ်သောအခါ ရာပြည့်ဦးစိုးညွန့်သည် သူ့တွင်ရှိသော 'တမ်းတတတ်သည်' စာအုပ်ကို လက်ဆောင်ပေးပါသည်။ သူပေးသည့် စာအုပ်က 'လင်းဦးတာရာ' စာအုပ်ထုတ်ဝေရေးမှ စာအုပ် အမှတ်စဉ် (၁)အနေဖြင့်၊ (၁၉၉၅) ခု ဇူလိုင်လက ဒုတိယအကြိမ်ထုတ်ဝေခဲ့သော လုံးချင်းစာအုပ် ဖြစ်သည်။
အပါ (သို့မဟုတ်) ဦးပါကျင် (စာရေးဆရာ
မျိုးမြင့်ရန်နောင်)နှင့် ဒဂုန်မြတ်လေးနွယ် (ဗိုလ်မှူး အေးငွေ) တို့က 'မြားနတ်မောင်' အမည်ဖြင့်
ဒဂုန်မဂ္ဂဇင်းသို့ ဤအကြောင်းကို ဝတ္ထုရေးပို့ခဲ့ရာ ၄င်းအမည်ဖြင့်ပင် အေဝမ်းဖလင်မှ
စစ်ကြိုခေတ်တွင် ရုပ်ရှင်ရိုက်ခဲ့သည်။ ထိုစဉ်က စာရေးသူ မွေးပင်မမွေးသေးပေ။ (၁၉၅၄)
ခုနှစ်တွင် ကြည်အေးက ရှုမဝမဂ္ဂဇင်း၌ ဤအကြောင်းကိုပင် 'တမ်းတတတ်သည်'
ဟု ဝတ္ထုရေးခဲ့သည်။ စာရေးသူ (၁၃) နှစ်သားကဖြစ်၍ မဖတ်ဖူးလိုက်ပါ။
(၁၉၆၁) ခုနှစ်၊ ပထမအကြိမ် လုံးချင်းထုတ်ဝေလိုက်သောအခါမှ ဖတ်ဖူးခံစားဖူးခြင်း
ဖြစ်သည်။ (၁၉၆၃) ခုနှစ်လောက်တွင် မြားနတ်မောင်ကိုပင် 'မမထား
နှင့် အပါ' အမည်သစ်နှင့် အေဝမ်းမှ
ရုပ်ရှင်ရိုက်ခဲ့ပြန်သည်။ ထိုစဉ်က တက္ကသိုလ်ရောက်နေပြီဖြစ်သော စာရေးသူသည်
အကြိမ်ကြိမ် ကြည့်ခဲ့၏။ ဝတ္ထုကိုလည်း ပြန်ဖတ်ခဲ့ရသည်။ တမ်းတမ်းတတ ခံစားခဲ့ရသည်။
ခံစားရန်လည်း အကြောင်းရှိခဲ့သည်။ စာရေးဆရာ မျိုးမြင့်ရန်နောင် (သို့မဟုတ်)
ကာယကံရှင်အပါကိုယ်တိုင်က ဗန်းမော်မဂ္ဂဇင်းတွင် 'ကျွန်တော်ချစ်သော
မမထား' အမည်ဖြင့် ဝတ္ထုရေးခဲ့ပြန်ပါသည်။ (၁၉၉ဝ)
ပြည့်နှစ်၊ ရွှေအမြုတေမဂ္ဂဇင်းတွင် ဆရာဝင်းငြိမ်းက ကာယကံရှင် အပါ (သို့မဟုတ်)
ဦးပါကျင်ကို အင်တာဗျူးလုပ်၍ ဆောင်းပါးရေးခဲ့သည်။ ဆရာဝင်းငြိမ်း၏ အင်တာဗျူးကို
စာရေးသူ မဖတ်လိုက်ရပါ။ ယခု 'တမ်းတတတ်သည်' ကို တတိယအကြိမ် ရိုက်နှိပ်ချိန်၊ ဒုတိယအကြိမ် ရိုက်နှိပ်ခဲ့သောစာအုပ်ကို
လက်ဆောင်ရသောအခါ ပြန်ဖတ်ကြည့်ပါသည်။ ယခင်ကလောက် မခံစားရတော့ပါ။ အကြောင်းမှာ 'တမ်းတတတ်သည်' မှ အတွေးသည် စာရေးသူ၏ 'ကုန်းဘောင်အလွန်' သုတေသနမှ တော်လှန်ရေး မင်းသားကြီး
စောရန်ပိုင်၏ သမီးတော်ဖြစ်နေသောကြောင့်တည်း။
စာရေးသူသည် 'ကုန်းဘောင်အလွန်' အခန်းဆက်ဆောင်းပါးရှည်ကြီးကို
ရနံ့သစ်မဂ္ဂဇင်းတွင် ရေးနေရာ အမှတ် (၄ဝ) သို့ ရောက်နေပါပြီ။ စောရန်ပိုင်နှင့်
စောရန်နိုင် ညီနောင်နှစ်ပါးအကြောင်းကို 'ကုန်းဘောင်အလွန်'
အမှတ်စဉ် (၁၃၊၁၅၊၁၆၊၁၇၊၁၈၊၁၉) ဟူ၍ (၆) ပုဒ်ခွဲကာ ရေးခဲ့သည်။ ထို
(၆) ပုဒ်အနက်မှ ကုန်းဘောင်အလွန် (၁၇) 'စောရန်ပိုင်သမီးတော်
(သို့မဟုတ်) အပါမမထား' နှင့် ကုန်းဘောင်အလွန် (၁၈) 'မမထားနှင့် အပါတို့၏ ဖြစ်ရပ်မှန်' နှစ်ပုဒ်သည်
ကြည်အေး၏ အထွေး အကြောင်းပင်ဖြစ်လေသည်။
ကြည်အေး၏ အထွေးသည် အပါမမထားဖြစ်သလို စောရန်ပိုင်၏ သမီးတော်ပင်ဖြစ်၏။
ပထမဆုံးအနေဖြင့် စောရန်ပိုင့်
သမီးတော်အကြောင်းကို ဖော်ပြပါမည်။ မင်းတုန်းမင်းတရားကြီး ၏သားတော် မက္ခရာမြို့စား
မင်းသား သီရိမဟာသုဓမ္မရာဇာနှင့် ကိုယ်လုပ်တော် တရုတ်တန်း ခင်လေး တို့မှ
စောရန်ပိုင်နှင့် စောရန်နိုင် ညီနောင်နှစ်ပါးကို မွေးဖွားခဲ့သည်။
အခြားမွေးချင်းများ ရှိသော်လည်း သူတို့ညီနောင်က နယ်ချဲ့အင်္ဂလိပ်ကို
တော်လှန်တိုက်ခိုက်ခဲ့၍ မြန်မာ့တော်လှန်ရေးသမိုင်းတွင် မှတ်တမ်း တင်ခံရ၊
လူသိများရခြင်း ဖြစ်သည်။ တော်လှန်ရေးအစောပိုင်းတွင်ပင် ညီတော် စောရန်နိုင်မှာ
အဖမ်းခံရပြီး ဗြိတိသျှအထိန်းသိမ်းခံဘဝနှင့် တစ်သက်တာ နေထိုင်သွားခဲ့ရသည်။
နောင်တော်စောရန်ပိုင်သည်သာ နယ်ချဲ့တော်လှန်ရေးကို မြန်မာပြည်မြောက်ပိုင်းမှ
ရွပ်ရွပ်ချွံချွံ နှစ်ရှည်လများ ခုခံတိုက်ခိုက်ခဲ့သည်။ နောက်ပိုင်း အခြေမလှသောအခါ
နယ်ချဲ့ကို ဒူးမထောက်၊ လက်မမြှောက်ဘဲ တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်။
တရုတ်ပြည်တွင်ပင် ကံတော်ကုန်၏။ သူ့တွင် ပန်လောင်စော်ဘွား သမီးတော် နာဂဒေဝီနှင့်
စောဦး၊ စောလူး၊ စောဖုန်းဟူသော သားတော် သုံးပါး ထွန်းကားသည်။ သီပေါစော်ဘွား
တူမစောလှမယ်နှင့် စောနေဒွန်း၊ စောနေဝန်း၊ (ထိပ်တင်ဝင်း)၊ စောဝင်းလှ (ထိပ်တင်မကြီး)၊
စောလှပန်း၊ စောလှမြတ် (ထိပ်တင်မလေး) ဟူ၍ သားတော်နှစ်ပါး၊ သမီးတော် သုံးပါး
ထွန်းကားသည်။ မိုးလှိုင်းစော်ဘွား သမီး မိုးလှိုင်းဒေဝီနှင့် စပ်ခွန်ကြူဟူသော
သားတော်နှင့် စမ်ခွန်တီ (ထိပ်တင်မထွေး) ဟူသော သမီးတော်တို့ ထွန်းကားသည်။
သူ၏သားတော်များ ဖြစ်သော စောဦး၊ စောလူး၊ စောနေဒွန်း၊ စောနေဝန်းတို့ ခမည်းတော်
စောရန်ပိုင်၏ ခြေရာကိုနင်း၍ ဗြိတိသျှကို တော်လှန်ခဲ့သည့် အကြောင်းများကို စာရေးသူ၏
ကုန်းဘောင်အလွန်တွင် အသေးစိတ်ရေးခဲ့ပြီးပြီ။ စပ်ခွန်တီ (ထိပ်တင် မထွေး) ဆိုသူမှာ
အပါမမထား (သို့မဟုတ်) ကြည်အေး၏ 'တမ်းတတတ်သည်'မှ
အထွေးဖြစ်လေသည်။ စောရန်ပိုင်၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး
လှုပ်ရှားမှုများကို သမီးတော်တွေထဲမှ စပ်ခွန်တီက အမွေ ဆက်ခံခဲ့ပေသည်။ သူသည်
နယ်လှည့် ဓမ္မကထိကဆရာတော် ဦးညေးယျတို့ အဖွဲ့နှင့် မူဆယ်၊ နမ့်ခမ်းမြို့များမှ
တစ်ဆင့်လား၊ ဝန်တင်တို့ဖြင့် ဗန်းမော်သို့ ရောက်လာသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား
လွတ်မြောက်ရေးအတွက် လျှို့ဝှက်စွာ လှုပ်ရှားဆောင်ရွက်ရန် ဖြစ်သည်။ စပ်ခွန်တီသည်
မန္တလေးမြို့ အေဘီအမ် မိန်းကလေးကျောင်းတွင် အင်္ဂလိပ်-မြန်မာ (၁ဝ) တန်းအောင်
သည်အထိ ပညာဆည်းပူးခဲ့သည်။ ကျောင်းပိတ်ရက်များတွင် ခမည်းတော်၏ ညွှန်ကြားချက်အရ
မြင်းစီး၊ လှံထိုး၊ ဓါးခုတ်နှင့် ကိုယ်ခံသိုင်းပညာတို့ကို သင်ယူခဲ့သည်။ ကျွမ်းလည်း
ကျွမ်းကျင်သည်။ တိုင်းရင်းဆေး ပညာကိုလည်း သင်ယူတတ်မြောက်ခဲ့သည်။ အရပ် (၅) ပေ (၄)
လက်မ ရှိ၍ ကိုယ်လုံးကိုယ်ပေါက် အချိုးအဆစ်ပြေပြစ်ကာ သန်မာဖျတ်လတ်သည်။ အသားအရေ
ဝင်းဝါစိုပြည်၍ နှာတံသိပ်မပေါ်ပါ။
မျက်လုံးမျက်ဖန်လှသည်။
နှုတ်ခမ်းပါးလေးနှင့် ဖြစ်၏။ ဆံပင်တိုတိုကို အနောက်မှ စည်းထားလေ့ရှိသည်။
ဂီတအနုပညာတွင်လည်း စောင်းနှင့် စန္ဒရားကို ကျွမ်းကျင်စွာ တီးခတ်နိုင်၍
သီချင်းကြီး၊ သီချင်းခံတို့ကိုလည်း ပိုင်နိုင်စွာ သီဆိုတတ်သည်။ ဦးညေးယျ
ဟောကြားသည့် ဗုဒ္ဓတရားတော်များကို ဆရာတော်၏ အာဘော်အတိုင်း တစ်သဝေမတိမ်း ပြန်လည်
ဟောပြောနိုင်သည်။ ထိုကြောင့် ရောက်လေရာ အရပ်တွင် ဆရာတော်၏ တရားတော်များကို ထပ်ဆင့်
ဟောရင်း နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တရားများကို ထည့်သွင်း
ဟောကြားကာ ပရိသတ်အား စည်းရုံးလေ့ရှိသဖြင့် နယ်ချဲ့က စပ်ခွန်တီ၏
လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။
စပ်ခွန်တီသည် ဗန်းမော်သို့ ရောက်လာသောအခါ
မြို့လယ်ရပ်၊ ရွှေကျောင်းတိုက်အနီး ကမ်းနားလမ်းနေ ဦးသက်ရှည်၊ ဒေါ်စောရွှေတို့
အိမ်တွင်တည်းခိုသည်။
ဦးသက်ရှည်သည် ဝန်သိုစော်ဘွား
ဦးအောင်မြတ်၏ ညီအရင်းဖြစ်သည်။ ဒေါ်စောရွှေမှာ မိုးလှိုင်းစော်ဘွား၏ တူမတော်၍
စပ်ခွန်တီ၏ အဒေါ်တော်လေသည်။ ဦးသက်ရှည်နှင့် ဒေါ်စောရွှေတို့က စပ်ခွန်တီကို
မဟာမျိုး၊ မဟာနွယ်ဖြစ်၍ 'ထိပ်ထားလေး' ဟု ခေါ်ရာမှ သူတို့၏ သမီးများက 'မမထား' ဟု ခေါ်ကြသည်။ တစ်မြို့လုံးကလည်း 'မမထား' ဟုပင် အသိအမှတ် ပြုခဲ့ကြလေသည်။ ဦးသက်ရှည်၊
ဒေါ်စောရွှေတို့ အိမ်နှင့်မနီးမဝေးတွင် အေဘီအမ် ကျောင်းဆရာကြီး ဦးကျင်၊
ဒေါ်မြမေတို့ နေအိမ် ရှိသည်။ ဦးသက်ရှည်တို့မိသားစုနှင့် ဆရာကြီးဦးကျင်တို့
မိသားစုသည် ဆွေမျိုးရင်းချာကဲ့သို့ ရင်းနှီးခင်မင်ကြပြီး၊ နှစ်အိမ့်တစ်အိမ်ပမာ
အဝင်အထွက် ရှိကြသည်။ ဦးကျင်တွင် သားသမီး (၉) ဦးထွန်းကားရာ အပါဟုခေါ်သော
မောင်ပါကျင်သည် သားကြီး သြရသဖြစ်ပေသည်။ ထိုအချိန်က အပါသည် မန္တလေးကယ်လီကျောင်းတွင်
အင်္ဂလိပ်-မြန်မာ (၁ဝ) တန်း စာမေးပွဲဖြေဆိုထားရာမှ ဗန်းမော်သို့ ပြန်လာ၍ စာမေးပွဲအောင်စာရင်း
စောင့်နေချိန်ဖြစ်သည်။
အပါသည် ဦးသက်ရှည်တို့အိမ်
ဝင်ထွက်သွားလာရင်း မမထားနှင့် ရင်းနှီး ခင်မင်ကာ လူငယ်သဘာဝ မေတ္တာမျှခဲ့ကြပေသည်။
အပါ၏ မိဘများသည် အပါနှင့် မမထားတို့ မေတ္တာသက်ဝင်ချစ်ခင်မှုကို လုံးဝသဘောမတူကြပေ။
မမထားသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးလုပ်ငန်းများကို
ဦးဆောင်လှုပ်ရှားနေသော စောရန်ပိုင်၏ သမီးတော် ဖြစ်သည်။ အင်္ဂလိပ်အစိုးရက
စောရန်ပိုင်ကို သူပုန်ဟု သတ်မှတ်ထားရာ မမထားသည်လည်း သူပုန်၏ သမီးဖြစ်သွားလေသည်။
မမထား၏ ခြေလှမ်းများကို နယ်ချဲ့အစိုးရ အာဏာပိုင်များက မျက်စိ ဒေါက်ထောက်ကြည့်နေကြ၏။
ထို အချိန်က အပါတို့ ဗန်းမော်မြို့သည် နယ်ခြားဥပဒေသက်ရောက်ရာ မြို့ဖြစ်ပေသည်။ အပါ၏
မိဘများသည် မမထား၏ မျိုးရိုးနှင့် နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းများကြောင့်
မိမိတို့သား အပါ ဒုက္ခရောက်ရမည်ကို စိုးရိမ်မိကြသည်။ အပါသည်
အသက်မွေးဝမ်းကျောင်းပညာ မပြည့်စုံသေးသည့် ငယ်ရွယ်သေးသူသာဖြစ်သည်။ ထိုကြောင့် အပါ့
မိဘများက အပါနှင့် မမထားတို့၏ မေတ္တာမျှမှုကို သဘောမတူရခြင်းဖြစ်ပါသည်။
မင်းသားကြီး စောရန်ပိုင်က သမီးတော်အား
နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှုများ
ဆောင်ရွက်နေချိန်၊ ရည်းစားမထားရန်နှင့် အိမ်ထောင်မပြုရန်
တင်းကျပ်စွာညွှန်ကြားထားသည်။ မမထားသည် ခမည်းတော်၏ မှာကြားချက်ကြောင့် အပါအား
မေတ္တာသက်ဝင် သံယောဇဉ်ငြိခဲ့မိသော်လည်း စိတ်အလိုကို မလိုက်ဘဲ၊ တိတ်တဆိတ်
ဗန်းမော်မှရွှေကူသို့ ရှောင်တိမ်းသွားခဲ့သည်။ ရွှေကူမှတစ်ဆင့် မိုးမိတ်နယ်နိမိတ်သို့
ခရီးဆက်ရန် ဖြစ်၏။ အပါ သည် မမထား ရွှေကူသို့ရောက်နေပြီ ဖြစ်ကြောင်း သိရသည်နှင့် သင်္ဘော
ဝမ်းဗိုက်ထဲ ပုန်းအောင်း၍ ရွှေကူသို့ လိုက်ပါသွားသည်။ အပါ့အကြောင်း သိရသောအခါ
မိခင်ဒေါ်မြမေသည် နှလုံးရောဂါနှင့် အိပ်ရာထဲ ဗုန်းဗုန်းလဲသွားတော့သည်။ ဖခင်ဆရာကြီး
ဦးကျင်သည် ပုလိပ် (ရဲ) အဖွဲ့အကူအညီတောင်းကာ ရွှေကူမြို့သို့ လိုက်သွားပြီး အပါကို
ပြန်ခေါ်ခဲ့ရာ မမထားလည်း လိုက်ပါလာခဲ့သည်။
မမထားသည် အပါတို့အိမ်တွင်နေစဉ်
ဗန်းမော်မှ ထွက်ခွာသွားရန် နယ်နှင်ခံရသည်။ ချစ်သူ အပါကိုထားခဲ့ကာ
စိတ်နှလုံးကြေကွဲစွာဖြင့် ဗန်းမော်မှ ထွက်ခွာသွားခဲ့သည်။ အပါလည်း ချစ်ဦးသူနှင့်
လွဲခဲ့ရ၍ အသည်းကွဲကာ ကျန်ရစ်ခဲ့ရှာသည်။ အပါသည် မမထားကို လွမ်းသည့်ဝေဒနာအား
ကာလအတန်ကြာအောင် ကုစားလိုက်ရသည်။ မမထားမှာမူ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးအတွက်
ရှမ်းလူထုအား စည်းရုံးရန် ရှမ်းပြည်နယ်သို့ ရောက်ရှိသွားသည်။ ယင်းမှတစ်ဖန်
ပဲနွယ်ကုန်းမြို့သို့ ရောက်သွားပြန်သည်။ ပဲနွယ်ကုန်းတွင် စိတ်ရောဂါစွဲကပ်နေသော
လူငယ်တစ်ဦးအား မိမိတတ်ကျွမ်းသော တိုင်းရင်းဆေးပညာဖြင့် ဆေးဝါးကုသပေးသည်။ ဤ
သည်ကလည်း စည်းရုံးရေးတစ်မျိုးပင် ဖြစ်၏။ ယင်းဝေဒနာရှင်သည် ရုတ်တရက်
စိတ်ဖောက်ပြန်လာရာ မမထားကို ဓားဖြင့် ထိုးသတ်လိုက်သည်။ မမထားသည်
ပဲနွယ်ကုန်းဆေးရုံ၌ ကံကုန်သွားလေသည်။ ဤသတင်းများကို အတော်ကြာကာမှ အပါကြားရသည်။
အပါသည် အချစ်ဝေဒနာဟောင်းကို အသစ်တစ်ဖန်ပြန်၍ အလူးအလဲခံစား ရပြန်လေသည်။ ဤသည်က
စောရန်ပိုင်၏ သမီးတော် စပ်ခွန်တီ (သို့မဟုတ်) မမထားနှင့် အပါတို့၏ ဗန်းမော်မြေတွင်
ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်အကြောင်း ဖြစ်လေသည်။ (၁၉၃၁) ခုနှစ် အချိန်လောက်က ဖြစ်၏။
ဒုတိယအနေဖြင့် အပါ့မမထား အကြောင်းကို
ဖော်ပြပါမည်။ အပါ သည် (၁ဝ) တန်းအောင်မြင်ပြီး မန္တလေးမြို့၊ ရဲသိပ္ပံတွင် ရဲအရာရှိ
သင်တန်းတက်သည်။ မမထားနှင့် မိမိတို့၏ ချစ်ကိုယ်တွေ့ မေတ္တာဇာတ်လမ်းကို ဝတ္ထုဆင်၍
ရေးကြည့်သည်။ ကလောင်မနိုင်သေးသည့် အပါသည် သင်တန်းတက်ဖက် ကိုအေးငွေ (နောင်-ဒဂုန်မြတ်လေးနွယ်ဖြစ်လာ)
အား သူ့ဝတ္ထုကို ပြကြည့်သည်။ ကိုအေးငွေက အပါနှင့် အကြိမ်ကြိမ်ညှိနှိုင်းပြီး
ပြန်လည်ပြင်ဆင်ရေးပေးသည်။ အချစ်ရေးနှင့် ပတ်သက်လျှင် ကူးပစ် (cupid) အကြောင်း မမထားက ပြောလေ့ရှိသည်။ ကူးပစ်ဆိုသည်က လေးနှင့်မြားကိုင်
ဆောင်ထားသော ရိုမန်အချစ်နတ်သားလေးဖြစ်သည်။ သူ့နောက်ကျောတွင် အတောင်ပံနှင့်ဖြစ်သည်။
ထို့ကြောင့် အပါ၏ ဝတ္ထုကို 'မြားနတ်မောင်' ဟု အမည်ပေးခဲ့သည်။ ကိုအေးငွေသည် မြားနတ်မောင်ဝတ္ထုကို မြန်မာအဆွေ
အေဝမ်းဖလင်းကုမ္မဏီမှ ထုတ်ဝေသည့် ဒဂုန်မဂ္ဂဇင်းတိုက်သို့ ပို့လိုက်သည်။
ထိုစဉ်က
ဒဂုန်မဂ္ဂဇင်းအယ်ဒီတာမှာ ကိုအေးငွေ၏အစ်ကို ကိုလှဘူး (ဒဂုန်-ငွေအိုး) ဖြစ်သည်။ ယနေ့
ရုပ်ရှင်ဒါရိုက်တာ အေဝမ်းသိမ်းထွဋ်၊ သန်းထွဋ်တို့၏ ဖခင် ဦးလှဘူးက
မြားနတ်မောင်ဝတ္ထုကို ရုပ်ရှင်ရိုက်ရန် သင့်လျော်ကြောင်း အေဝမ်းကုမ္မဏီသို့
တင်ပြသည်။ အေဝမ်းတင်မောင်သည် သဘောကျလှ၍ မြားနတ်မောင်အမည်ဖြင့်ပင်
ရုပ်ရှင်ရိုက်ကူးရန် ဆုံးဖြတ်လိုက်လေသည်။ ဒဂုန်ခင်ခင်လေးအား
ဇာတ်ညွှန်းရေးခိုင်းပြီး (၁၉၃၈) ခုနှစ်တွင် အသံထွက်ရုပ်ရှင်ကားအဖြစ်
ရိုက်ကူးခဲ့သည်။ မမထားအဖြစ် မေရှင်က သရုပ်ဆောင်၍ အပါအဖြစ် တင်မောင်က
သရုပ်ဆောင်သည်။ ဤရုပ်ရှင်ကားသည် တစ်နိုင်ငံလုံး ဟိုးဟိုးကျော် သွားသည်။
မြားနတ်မောင်ဟူသည့် အမည်ထက် အပါနှင့် မမထားအမည်က ပရိသတ်၏ နှုတ်ဖျားတွင် ပို၍
ရေပန်းစားခဲ့သည်။ ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်သည် မဂ္ဂဇင်းစာမျက်နှာပေါ်သို့
ရောက်ရှိမလာဘဲ ဖလင်ကော်ပြားပေါ်သို့ ရောက်ရှိသွားကာ မြန်မာ့ဂန္ထဝင်
ရုပ်ရှင်ကားကောင်းတစ်ကားအဖြစ် မှတ်တမ်းတင်ကျန်ရစ်ခဲ့လေသည်။
အပါ့မမထားအကြောင်းကို ဝတ္ထုအဖြစ်၊
ရုပ်ရှင်အဖြစ် ဖန်တီးလိုက်သောအခါ တကယ့်အဖြစ်အပျက်နှင့် မတူတော့သည် အချက်များ
ရှိလာပါသည်။ ဝတ္ထု၏ ဇာတ်လမ်းသဘော၊ ရုပ်ရှင်၏ ဇာတ်ညွှန်းသဘောတို့ကိုလိုက်၍
အပြောင်းအလဲများရှိသည်။ ဝတ္ထုရေးဆရာကလည်း ခံစားမှုဖြင့် ဝတ္ထု ရေးသည်။
အကြောင်းအချက်အလက် မှန်ကန်ရန် အဓိကမထားပေ။ ဇာတ်ညွှန်းရေး ဆရာကလည်း
ရုပ်ရှင်ရိုက်၍ရအောင်၊ ပရိသတ်နှစ်သက်အောင်သာ ဦးစားပေး၍ ရေးသည်။ ဖြစ်ရပ်မှန်ကို
အဓိကမထားပေ။ အပါအဖြစ်လည်း စာရေးဆရာ မျိုးမြင့်ရန်နောင်က အချို့ကိစ္စများတွင်
စိတ်ကူးယဉ်ပြီး ပြောပြတာတွေ၊ ရေးသားတာတွေ ရှိပါသည်။ မမထား ဘီကွမ်းအောင်ခဲ့သည် ဆိုသည်မှာ မဟုတ်ပါ။
ထိုခေတ်ထိုအချိန်က မြန်မာပြည်တွင် ဤဘွဲ့မျိုးမပေးသေးပါ။ စပ်ခွန်တီ (မမထား) သည်
မန္တလေး အေဘီအမ်ကျောင်းတွင်သာ ကျောင်းအိပ်ကျောင်းစား နေထိုင်ခဲ့ဖူးပါသည်။ ဒုတိယ ကျောင်းအုပ်ဆရာမကြီး
မစ္စတဲယာ၏ အချစ်တော်တပည့်မကလေး ဖြစ်ခဲ့သည်။ မမထား၏ ကျောင်းနေစဉ်က ဘိုနာမည်မှာ 'မေရီ'
ဖြစ်သည်။
အပါကိုယ်တိုင်က ဗန်းမော် မဂ္ဂဇင်းတွင်
'ကျွန်တော်ချစ်သော မမထား' အမည်ဖြင့်
ဝတ္ထုရေးခဲ့ပြန်သောအခါ အဖြစ်အပျက်ဇာတ်လမ်းမှာ တစ်မျိုးတစ်မည် ပြောင်းလဲခဲ့ပြန်ပါသည်။
အပါ သင်္ဘောနှင့် ရွှေကူသို့ လိုက်သွား၍ ရွှေကူသို့ရောက်သောအခါ မမထား မရှိတော့ပါ။
နယ်စပ်သို့ ထွက်သွားပြီဟု သိရသည်။ အပါတစ်ယောက်တည်း နယ်စပ်သို့ လိုက်သွားသည်။
တောထဲတွင် မမထားနှင့် တွေ့ပြီး အချစ်ဇာတ်လမ်းစခဲ့သည်ဟု ရေးခဲ့လေသည်။ အပါအိမ်သို့
ပြန်လိုက်လာ ရသောအခါ မမထားလည်း အတူပါလာသည်။ အပါ့မိခင် ဒေါ်မြမေက အိပ်ရာထဲ လဲနေသည်။
ဆရာဝန် ဒေါက်တာတန်ကြည်လင်နှင့် ကုသနေရ၏။ အပါရေးသည့်အတိုင်း ရေးပြပါမည်။
'ကျွန်တော့်မေမေ
စိတ်ချရပြီလား ဆရာ'
စိုးရိမ်စိတ်လွှမ်းနေတဲ့
မျက်လုံးများနဲ့ ဆရာဝန်ဒေါက်တာကြည်လင်ကို ကျွန်တော် လှမ်းကြည့်မိတယ်။
ကျွန်တော့်အသံတွေ တုန်ယင်နေကြောင်း သတိပြုမိတယ်။ ဆေးထိုးအပ်ကို သိမ်းနေတဲ့ ဆရာဝန်က
ကျွန်တော့်ကို လှမ်းကြည့်တယ်။ ဆေးသေတ္တာကိုပိတ်ပြီး ဆရာဝန်က ကျွန်တော့်လက်ကို ဆွဲပြီး
အခန်းအပြင်ဘက် ခေါ်သွားတယ်။ အခန်းအပြင်ဘက်ရောက်တော့ ကရုဏာမျက်လုံးများနဲ့
ကျွန်တော့်ကို ကြည့်ပြီး-
'အပါ မင်းမေမေအတွက် မင်းဟာ
စက်ရှင်တရားသူကြီးပဲ'
ဆရာဝန်ရဲ့ ပြောစကားများကို
နားမလည်သလို ဖြစ်သွားမိတယ်။
'မင်းမေမေသေဖို့ ရှင်ဖို့
မင်းအပေါ်မှာ မူတည်နေတယ်။ သေဖို့ ရှင်ဖို့ မင်းပဲ အမိန့်ချရမှာ သိလား'
ဆရာဝန်က ဘာကိုဆိုလိုတာပါလိမ့်၊
ကျွန်တော် မဝေခွဲနိုင်အောင် ဖြစ်သွားတော့တယ်။
'ကျွန်တော့်မေမေကို ကျွန်တော်
ဘာကြောင့် သေမိန့်ချမှတ်ရမှာလဲ'
ကျွန်တော်
ချက်ချင်းပြန်ပြောလိုက်မိတယ်။ ဆရာဝန်က ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်နေလေရဲ့။
'ဒီမှာအပါ....
မင်းအသက်ငယ်ငယ်ကလေးနဲ့ မမထားနဲ့ပတ်သက်ပြီး ရာဇဝတ်ပြစ်မှုဖြစ်မှာ မင်းမေမေအရမ်း
စိုးရိမ်နေတယ်။ နှလုံးရောဂါရှိသူအတွက် စိုးရိမ်စိတ်ရှိတာ မကောင်းဘူး။ လူကို
ဒုက္ခပေးနိုင်တယ်'
ဆရာဝန်ရဲ့ ကရုဏာစကားများက
ကျွန်တော့်ကို တုန်လှုပ်ချောက်ချား သွားစေပါတယ်။
'မမထားဟာ
တော်လှန်ရေးသမားဆိုတော့..'
ဆရာဝန်ကပင် စကားဆက်ပြန်ပါတယ်။
ကျွန်တော် သိလိုက်ပါပြီ။ ကျွန်တော့်မေမေ၊ မမထားနှင့် ပတ်သက်ပြီး
စိတ်ပူနေရှာခြင်းပဲ ဖြစ်မယ်။
'ကျွန်တော် ဘယ်လိုလုပ်ရမလဲ
ဆရာ'
ကျွန်တော့်အသံက အားကိုးသံပါ နေတယ်။
ဆရာဝန်က ဘာမျှမပြော။ ကျွန်တော့်ကို အတန်ငယ် စိုက်ကြည့်နေတယ်။ ခဏကြာတော့
သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးတော့မှ..
'နောက်တစ်ကြိမ်ဖြစ်ရင်
မလွယ်ဘူး အပါ'
ဆရာဝန်ရဲ့အသံက လေးနက်တည်ကြည်နေတယ်။
ကျွန်တော့်ခေါင်းတွေ ချာချာလည် သွားမလားမသိ။ ကျွန်တော် မိုက်ခနဲ ခံစားလိုက်မိတယ်။
မေမေ့အတွက် စိုးရိမ်စိတ်တွေ ကြီးလာမိတယ်။ မေမေ မသေစေရဘူး။ မေမေ မသေစေရဘူး။
ငါမေမေ့အတွက် ဘာမဆိုလုပ်မယ်လို့ ကျွန်တော်ဆုံးဖြတ် လိုက်မိတယ်။
'ခက်တာက မင်း မမထားနဲ့
ပေါင်းနေသမျှ မင်းမေမေစိတ်ချမ်းသာမှာ မဟုတ်ဘူး'
ဆရာဝန်ရဲ့စကားများကြောင့်
ကျွန်တော့်တစ်ကိုယ်လုံး လှည့်ပတ်နေတဲ့ သွေးတွေ ရပ်တန့်သွားသလားလို့ ကျွန်တော်
ခေါင်းနပန်းကြီးသွားရပါတယ်။ မျက်စိများလည်း ပြာသွားရပါတယ်။ ကျွန်တော်ဘာလုပ်ရမှာလဲ။
သည်းအူပြတ်မျှ ချစ်ရတဲ့ မမထားကို ဘယ်လိုလုပ်ပြီး စွန့်ပစ်ရမှာလဲ။ ကျွန်တော်
မဝေခွဲနိုင်အောင် ရှိလှပါတယ်။ တစ်ဖက်ကမိခင်၊ တစ်ဖက်က ချစ်သူ။ ခုမှ ကျွန်တော်
မလူးသာ မလွန့်သာ ဖြစ်ရပြီပေါ့။ ဒီကိစ္စက အရေးကြီးတာမို့ နက်နက်နဲနဲ
ဆုံးဖြတ်မှဖြစ်မယ်။ အဲဒီ ညနေ ကျွန်တော် ထမင်းမစားနိုင်ဘူး။ မမထားကတော့
မသိနိုင်ရှာပါ။ မေမေကို ပြုစုနေကျ ဆေးတိုက်ချိန် ဆေးတိုက်၊ စားစရာကျွေးချိန်
စားစရာကျွေးနဲ့ အလုပ်များနေရှာတယ်။ ကျွန်တော် ထမင်းမစားတော့ သူ ပြာလောင်ခပ်
နေရှာတယ်။
'ဘာဖြစ်သလဲအပါ။
နေမကောင်းဘူးလား' တဲ့။ ပြောပြောဆိုဆို ကျွန်တော့်နဖူးကို
ယုယုယယ စမ်းကြည့်ရှာတယ်။ အိုဗာတင်းဖျော်ပြီး၊ ဘီစကစ်မုန့်နဲ့ တိုက်ကျွေးရှာတယ်။
ကျွန်တော်က ရင်ပြည့်နေလို့ပါလို့သာ အဖြေပေးလိုက်ရတယ်။ အဲဒီညကစပြီး ကျွန်တော်
မမထားအခန်းမှာ သွားမအိပ်တော့ဘူး။ မေမေ့ကို စိတ်မချဘူးလို့ ဆင်ခြေပေးပြီး
မေမေ့အခန်းမှာ သွားအိပ်တယ်။
▀
ဆက်လက်ဖော်ပြပါမည်။
မောင်သန်းဆွေ၊ထားဝယ်၊
(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။