ခင်လေးမြင့်
ဒါရိုက်တာမီးပွား ရိုက်ကူးမယ့် မင်္ဂလာပါ (ယာယီအားဖြင့်) လို့ ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာ အိအိခိုင် ရိုက်ကူးမယ့် ရတနာ ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖြစ်မယ့်
ဇာဂနာကို
တွေ့ဆုံဖြစ်ခဲ့ပါတယ်။
ဇာတ်လမ်း
ထူးထူးခြားခြားနဲ့ ကိုယ်တိုင်ဒါရိုက်တာ လုပ်ရိုက်မယ့်ဇာတ်ကား စီစဉ်ထားတာ
မရှိဘူးလား။
ဇာတ်လမ်းအနေနဲ့
အသစ်အဆန်း ဆိုတာတော့ သိပ်မရှိပါဘူး။ သို့သော် ကျွန်တော်လုပ်ချင်တဲ့ စိတ်ကူးကလည်း
သူများနဲ့တူမယ်၊ မတူဘူး မပြောနိုင်ဘူး။ ကျွန်တော်က ဇာတ်ကားတစ်ခုလုံးကို စကား
မပြောဘဲနဲ့ ဘယ်သူပဲ ကြည့်ကြည့် နားလည်အောင် ကားတစ်ကားရိုက်ချင်တယ်။ အဲဒီကားကို
မြန်မာစကား နားမလည်တဲ့ နိုင်ငံခြားကပဲ ကြည့်ကြည့် နားလည်အောင် ရိုက်ချင်တယ်။
ရိုက်ချင်လို့ ကျွန်တော်ဖန်တီးနေတယ်။ ဖြစ်ဖို့က ရာခိုင်နှုန်း တော်တော်များပါတယ်။
အသစ်အဆန်းဆိုတာကလည်း ဒီမူထဲက ထွက်သွားမှာမှ မဟုတ်ဘဲလေ။ အဲဒီလိုလေးတော့ ကျွန်တော်
လုပ်ကြည့်ချင်တယ်။
ရုပ်ရှင်မှာဆိုရင်
ဝါဒတွေ ဘာတွေကိုတော့ မပြောလိုဘူးပေါ့။ ကျွန်တော်တို့ လုပ်ထားတာက တစ်နေရာမှာ
ဆုံမှတ်ရှိလိုက်တာပေါ့။ ဥပမာ...ဟိုတယ်ကြီးတစ်ခုမှာ အခန်းလေးခန်းရှိတယ်။
အဲဒီအခန်းလေးခန်းမှာ တည်းခိုနေကြသူ တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းတွေ၊ ဟိုဘက်ခန်းက
လူဟာ ဒီဘက်ခန်းကလူနဲ့ ဇာတ်လမ်းကမဆက်စပ်ဘူး။ ဒါပေမယ့် ရုပ်ရှင်တစ်ကားအနေနဲ့
ကြည့်တဲ့အခါ ဆက်စပ်နေကြတယ်။ အဲဒီလိုမျိုးလည်း စဉ်းစားမိတယ်။ ဒါမျိုးတွေက
စာပေနယ်ထဲက ဝတ္ထုတွေထဲမှာလည်း ရှိခဲ့ပါတယ်။ နောက်တစ်ခုက ဝတ္ထုတိုတွေကို
ရုပ်ရှင်ရိုက်ချင်တယ်။ ဒါက နိုင်ငံခြားက Short Film Festival
လာလုပ်တဲ့အခါ အဲဒါ စိတ်ကူးရတာ။ အတိုတွေ ရေးတာ များနေပြီ။ ရိုက်ထားတာလည်း ရှိတယ်။
ဇာတ်ကားတစ်ကားလုံးမှာ
ပါတဲ့သရုပ်ဆောင်တွေ စကားမပြောရတဲ့ ဇာတ်ကို ဘာကြောင့် ရိုက်ချင်တာလဲ။
ဘယ်လိုကြောင့်လဲဆိုတော့နံပါတ်
(၁) သူများနဲ့ မတူချင်ဘူး။ စမ်းကြည့်ချင်တာပါတယ်။
နံပါတ် (၂) က
မြန်မာ့ရုပ်ရှင်ရဲ့ အသံစနစ်ကို သိပ်ပြီး အားမရတာလည်းပါတယ်။ အဲဒီလို
နှစ်ခုပေါင်းလိုက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ဆန်းလည်းဆန်းပြီးသား ဖြစ်သလို
ရှောင်ပြီးသားလည်း ဖြစ်တာဆိုတော့ ကြံစည်ကြည့်တဲ့သဘောပါ။ အဲဒီဇာတ်ကားကို
ဇာတ်လမ်းထက် Plot ကို ပိုပြီး ဦးစားပေးရမယ်။ ဇာတ်လမ်း သိပ်မပါနိုင်တော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးမှာ
Plot
နဲ့ ပရိသတ်ကို ဖမ်းစားရမှာကိုး။ ကျွန်တော်တို့က စကားမပြောဘူး ဆိုမှတော့ Plot ကို ဦးစားပေး
ရတော့တာပေါ့။
ပရိသတ်ကို
ရယ်ရအောင် လုပ်မှာလား။ ဘယ်လိုလုပ်မှာလဲ။
အဲဒီအထဲမှာ
စုံအောင်တော့ ထည့်ထားတယ်။ ရယ်စရာကတော့ များမှာပေါ့။ သည်းထိတ်ရင်ဖို (Suspence) လေးတွေ ထည့်တယ်။ မပါတာ တစ်ခုပဲရှိတယ်။ Romance
တော့ မပါထားဘူး။ ဇာတ်ရဲ့အခြေအနေကြောင့် မပါတာ။ အဲဒီကားမှာ ပါတဲ့သူတွေက
စကားပြောဖို့အချိန်ကို မရဘူး။
သူတို့ အလုပ်နဲ့
သူတို့ လှုပ်ရှားနေရတာ။ ပြောဖို့အချိန်မရအောင်ကို လုပ်ထားတာ။
သရုပ်ဆောင် ဘယ်သူတွေပါမလား။ ဘယ်တော့
စရိုက်မှာလဲ။
သင်္ကြန်ပြီးရင် စရိုက်မယ်။
ကျွန်တော်တို့ အဖွဲ့ပဲ။ ဘယ်သူမှ မပါဘူး။ အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူ၊
ညောင်ညောင်၊ ဂေါ်ဇီလာ၊ ကျော်ထူး၊ ခင်မင်ရင်းနှီးတဲ့ ဒီအဖွဲ့တွေပဲလုပ်မှာ၊ တခြား
ဘယ်သူမှ မပါဘူး။
တခြားသရုပ်ဆောင်တွေ ဘာကြောင့်
မထည့်တာလဲ။
ကျွန်တော့် ကိုယ်ပိုင် ပိုက်ဆံနဲ့
ရိုက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က ပိုက်ဆံသိပ်မရှိဘူးလေ။ အဲဒီလောက်ကြီးလည်း
ရင်းနှီးမြှုပ်နှံမှု မပေးနိုင်ဘူး။ တခြားသရုပ်ဆောင်တွေဘက်က စေတနာထားပြီး
သူတို့လည်း ပါဝင်ချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ကိုယ်ပိုင် Production အနေနဲ့ နိုင်သလောက် လုပ်ကြတာဆိုတော့ မငှားနိုင်လို့ပေါ့လေ။
သူတို့ရဲ့ဈေးကို
မပေးနိုင်လို့ပေါ့။
ရုပ်ရှင်ဇာတ်ကားအဖြစ်
ဖန်တီးမှာမို့လို့ ဒီဇာတ်ကို စဉ်းစားဖြစ်တာလား။
ကျွန်တော်က လုပ်ရင် သူများနဲ့
မတူအောင် လုပ်ချင်တာ။ ကျွန်တော့်မူဖြစ်နေတာ။ မလုပ်ချင်ရင်
ဘာမှမလုပ်ဘဲ
နေလိုက်မယ်။ လုပ်မယ်ဆိုရင်တော့ နည်းနည်း ဆန်းဆန်းလေးတော့ ဖြစ်ချင်တယ်။
အတွေးလေးလည်း ပါချင်တယ်။ ဒီသဘောနဲ့ လုပ်နေတာ။ ကိုယ်လည်း ဟာသသမား လုပ်နေတာဆိုတော့ ရယ်စရာကားရိုက်လို့က
ကျွန်တော်တို့အနေနဲ့ လွယ်ပါတယ်။ ရယ်စရာကားလည်း သိပ်မရိုက်ချင်တော့ဘူး။ အခြေအနေအရ
လိုအပ်လာလို့ ရိုက်ဆိုရင် ရိုက်မယ်။ ဒါပေမယ့် တတ်နိုင်ရင်တော့ မရိုက်ချင်ဘူး။
ကျွန်တော့်ဘာသာ ကျွန်တော် အရှောင်အတိမ်းလေး လုပ်တဲ့သဘောပါ။
ကျွန်တော်လုပ်သမျှ
ကျွန်တော့်ဘာသာ ပြန်သုံးသပ်ပြီးသား။ ဒီနေ့လုပ်ရင် ဒီနေ့ညမှာပဲ ပြန်သုံးသပ်ပြီးသား။
လုပ်နေတုန်းမှာလည်း ပြန်သုံးသပ်ပြီးသားဖြစ်တဲ့အတွက် တချို့ဟာတွေကျရင် ပရိသတ်ထဲကို
တမင်ရည်စူးပြီး လွှတ်လိုက်တဲ့ ကြော်ငြာတွေရှိတယ်။ တမင်ရည်စူးပြီးတော့ကို လုပ်တာ။
အဲဒီနောက်မှာ ဖြစ်လာမယ့် ဂယက်တွေ ဘာတွေဖြစ်ဦးမလဲ။ ဖြစ်ပါစေဆိုတဲ့စိတ်နဲ့
လုပ်တာရှိတယ်။ တချို့ကျတော့ ရိုးရိုးပဲ ရိုက်လိုက်တာတွေရှိတယ်။ ကျွန်တော်ကတော့
ကျွန်တော့်အလုပ်နဲ့ ပတ်သက်လာရင် အမြဲတမ်းသုံးသပ်ပြီးသား ဖြစ်တယ်။
ကျွန်တော်
ဒီနေ့ရိုက်တာ Beauty ခေါင်းလျှော်ရည်ကြော်ငြာ၊ မနေ့ကရိုက်တာ
Best-T၊
မနေ့ကလုပ်ခဲ့တာ
တစ်မျိုး၊ Beauty မှာလုပ်တာ တစ်မျိုး၊ နောက်ထပ်ရိုက်ဖို့အတွက်
မရိုက်ခင်ကလည်း
ကျွန်တော်သုံးသပ်ပြီးနေပြီ။ ရိုက်တဲ့အချိန်မှာလည်း သုံးသပ်တယ်။
ရိုက်ပြီးတဲ့အချိန်မှာလည်း
သုံးသပ်တယ်လို့ ဆိုပါသေးတယ်။
ခင်လေးမြင့်
(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။
ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...
မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...