ဦးဇော်
လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကတည်းက ရင်ထဲမှဝေဒနာ၊ ယခုအချိန်မှာ မေ့ပျောက်ပြီး
ထားခဲ့ရန်
ကောင်းပါသည်။ ယနေ့ ကမ္ဘာတစ်ဝန်းလုံး ဖြစ်ပွားနေသော HIT, AIDS
ရောဂါဆိုးကြီးပမာ။ ရောဂါမရရှိစေရန် ကြိုတင်သတိပေး ရှောင်ရန်၊ ဆောင်ရန် ကာကွယ်နည်းများနှင့်အတူ
ပြန့်ပွားကူးစက်မှု မရှိစေရန် ကျန်းမာရေးဆိုင်ရာ ပညာပေးဟောပြောခြင်း၊ စီမံချက်များ
ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ရုပ်ရှင်၊ရုပ်မြင်သံကြား၊ ဝတ္ထု၊ မဂ္ဂဇင်း၊
ဆောင်းပါး၊ ကာတွန်း၊ သီချင်းများဖြင့် တစ်ဖက်တစ်လမ်း ပါဝင်လှုံ့ဆော်ကာကွယ်ခြင်းများ
စုပေါင်း ပြုလုပ်နေကြချိန်မှာ ရောဂါကုသ ပျောက်ကင်းသွားစေရန်အတွက် 'ဆေး'။ နည်းမျိုးစုံနှင့် ရှာဖွေစမ်းသပ် သုတေသန
ပြုလုပ်နေကြဆဲ။ ရောဂါဝေဒနာရှင်များအတွက် ကုသပျောက်ကင်းသွားစေရန် 'ဆေး'မရှိပါ။ ထို့နည်းတူ ကျွန်တော်သည်လည်း...။
ဖိလစ်ပိုင်နိုင်ငံ၊
မနီလာမြို့တော်ရဲ့ နေဝင်ဆည်းဆာချိန် Seawise Glory
ကုန်သေတ္တာတင် သင်္ဘောကြီး ဝင်ရောက်ကျောက်ချ အနားယူလိုက်သည်။
ပင်လယ်ရေပြင်များပေါ်မှာ ပျော်တဲ့ မင်းသားကြီး၊ လတ်၊ ငယ်တို့ ကမ်းသို့
ဆင်းပျော်ကြရန် ပြင်ဆင်နေကြပြီ။ ကျွန်တော်အပါအဝင် သင်္ဘောပေါ် တာဝန်ကျသူများ
မနက်ဖြန်ကို စောင့်မျှော်ရဦးမည်။ ကပ္ပီတန်နှင့် ကျွန်တော် တတိယကုန်းပတ် အရာရှိတို့
တာဝန်ချိန်များမှာ နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီထိ၊ ည ၈ နာရီမှ ညသန်းခေါင် ၁၂
နာရီအထိဖြစ်ပါသည်။ ကပ္ပီတန်ကမ်းသို့ ဆင်းမည်။ သူက ဒီ သင်္ဘောကြီးမှ လူကြီးမင်း
ဖြစ်တော့ သူ့သဘောဆန္ဒအတိုင်း အားလုံးကောင်းပါသည်။
ကျွန်တော့်တာဝန် ပြီးချိန် နေ့လယ် ၁၂
နာရီ ကမ်းသို့ ဆင်းလိုက်သည်။ မနီလာမြို့ရဲ့ နွေပူပူ လေပူပူကို
ဥပေက္ခာပြုထားလိုက်သည်။ မြေကြီးပေါ် ခြေချနင်းလိုက်ရသည်က အရသာတစ်မျိုး။
ကြာရှည်တော့ မခံစားလိုက်ရပါ။ လာနေသော အငှားကားကို တားစီးပြီး မကာတီမြို့နယ်ရှိ စူပါမားကက်သို့
မောင်းခိုင်းလိုက်သည်။
ကြီးမားသော အဆောက်အအုံ၊
လေအေးပေးစက်များက ဈေးဝယ်လာသူများကို သက်သောင့်ရှိစေပါသည်။ တစ်နေရာတည်းတွင်
လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်စေရန် ဖွင့်လှစ် ထားခြင်း ဖြစ်ပါသည်။
အမျိုးသမီးများ နောက်ဆုံးပေါ် ရောင်စုံဒီဇိုင်းများနှင့် မော်ဒယ်လ်လေးများ
ပြပွဲလျှောက်နေသကဲ့သို့ မိမိ အသက်အရွယ်နှင့် လိုက်လျောညီထွေမှု ရှိမရှိ ဂရု
မစိုက်ကြပါ။ အမျိုးသားများ ကြည့်ပြီး ငမ်းသွားဖို့ အဓိက ဂုဏ်ယူဝင့်ကြွားနေပါသည်။
ပုထုဇဉ် လောကီသားတွေ သဘာဝပင် မဟုတ်ပါလား။
ကျွန်တော် စူပါမားကက်ထဲမှာ
နှစ်နာရီကျော် ကြာနေပြီ။ ဆိုင်ကြီးပေါ် ရောင်းသော ပစ္စည်းများ
အလွန်ဈေးကြီးသောကြောင့် ကြည့်ပြီး ကျေနပ်ရခြင်း Window Shopping
လုပ်နေမိသည်။ ရှာဖွေလေ တွေ့ရှိလေ။ ပေါချောင်ကောင်း ဆိုင်ကလေးမှ ဂျင်းအင်္ကျီ၊
ဘောင်းဘီရှည် နှစ်စုံ၊ သစ်သီးယိုစုံ၊ မြေပဲဆားလှော်၊ နေကြာစေ့လှော်၊ ချိုချဉ်စသည့်
သင်္ဘောပေါ်ရှားပါး မုန့်များ ဝယ်လိုက်သည်။ သာကူ၊ မုန့်လက်ဆောင်း၊
ကျောက်ကျောမုန့်များကို မြန်မာပြည်အလွမ်းပြေ ဝယ်စားလိုက်သည်။ သင်္ဘာသို့ ပြန်ရန်
စူပါမားကက်မှ ထွက်ခဲ့သည်။
အငှားကား မှတ်တိုင်သို့ သွားနေစဉ်
ကျွန်တော့်ရှေ့မှ သွားနေသော မိန်းမလှလေးတစ်ဦး စူပါမားကက်တံဆိပ်ပါ အိတ်နှစ်လုံး
လက်ကဆွဲ ပြီး စလင်းဘက်ကို ပခုံး စလွယ်သိုင်း လွယ်ထားသည်။ မိုးပြာနုရောင်
ပခုံးကြိုးချည် တီရှပ်လေးက ခါးပေါ်၊ မိုးပြာရင့်ရောင် Levi
ဂျင်းဘောင်းဘီရှည်က ခပ်ကျပ်ကျပ်၊ ခန္ဓာကိုယ်လုံး အလှပေါ်လွင်စေပါသည်။ ဆံပင်အရှည်၊
အရပ်အမြင့်၊ အသားအရေတို့မှာ အငြင်းပွားစရာ မရှိအောင် လှပါသည်။
ဝင်ရိုးစွန်းမတူသော သံလိုက်နှစ်ခု
ဆွဲငင်ညှို့ငင်လိုက်သကဲ့သို့ သူမ၏ နောက်ကျောနားသို့ အော်တိုမစ်တစ်
ရောက်သွားချိန်မှာ ဖြုန်းခနဲ ရုတ်တရက် သူမ နောက်သို့ ပြန်အလှည့်၊ ကျွန်တော်
လုံးဝမထင်မှတ်ထားသော ရင်ဆိုင်တိုက်ပွဲလေး ဖြစ်သွားပြီ။ နှစ်ဦးသားအပြိုင် 'ဆောရီး'ပေါင်းများ စွာဖြင့် တောင်းပန်စကားဆို မိကြသည်။ ငမ်းကြောထကာ ကံကောင်းလို့
ပါးရိုက်မခံရတာ။ ရင်ထဲမှာပဲ စကားဆိုမိသည်။
'ကျွန်တော် နိုင်ငံခြားသား သင်္ဘောသားတစ်ဦးပါ။
အခုလို မတော်တဆ ဖြစ်ခဲ့တာကို တောင်းပန်ပြေငြိမ်းတဲ့အနေနဲ့ တစ်ခုခု ကျွေးမွေးချင်ပါတယ်။
ဒီနိုင်ငံသူနဲ့ မိတ်ဆွေဖြစ်ပေါ့'
'လိုနေတဲ့ပစ္စည်း သတိရ
ပြန်ဝယ်မလို့ နောက်အလှည့် မတော်တဆ ဖြစ်သွားတာပါ။ အိမ်ရှင်က ဧည့်သည်ကို ဧည့်ခံပါရစေ'
နှစ်ဦးသား စူပါမားကက်ထဲမှ
စားသောက်ဆိုင်သို့ သွားနေစဉ် သူမနှင့် ယှဉ်တွဲသွားရသည်ကို ကျွန်တော် ကျေနပ်ဂုဏ်ယူ
ဝင့်ကြွားနေမိသည်။ ဆိုင်မှ ဟောင်ကောင် ခေါက်ဆွဲကျော်နှင့် ရေခဲမုန့် သူမမှာ
လိုက်သည်။
'ငါ မှာထားတာ ကြိုက်တယ်၊
မဟုတ်လား'
ခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော်
အမှန်အကန် ကြိုက်မိသည်က သူမရဲ့နုပျိုလတ်ဆတ်တဲ့ မျက်နှာ၊ ဆွဲဆောင်မှု
အပြည့်အဝရှိတဲ့ ပြာလဲ့လဲ့ မျက်လုံး၊ ချစ်စဖွယ် အမူအရာ၊ စကားသံလေးများက
ကျွန်တော့်ရင်ထဲမှာ ခိုဝင် ငြိတွယ်နေမိပြီ။
ကျွန်တော့် သင်္ဘောဝန်ထမ်းကတ်ပြား၊
သူမ ကျောင်းမှတ်ပုံတင်ကတ်ပြား ထုတ်ပြဖလှယ်မိကြသည်။ သူမနာမည်က ဂလိုရီယာ ဗွီအိုလစ်ဗာ
(Gloria.V.Olivar)
ဟိုတယ်နှင့် စီမံခန့်ခွဲအုပ်ချုပ်မှု ဘာသာရပ် နောက်ဆုံးနှစ် ပညာသင်ကြားနေသူ
ဖြစ်သည်။ ပြဿနာက သူမ ကျွန်တော့်နာမည်ကို အသံထွက် ဖတ်လိုက်သောအခါ..
'မအောင်ဂျောသရင့်' တဲ့။
ကျွန်တော့်မှာ ရယ်ရမလို၊ ငိုရမလို။
အမေ ပေးထားသော နာမည်ကောင်းလေးမှာ သူမနဲ့တွေ့မှ 'အီးတီ' ဂြိုဟ်သားစက်ရုပ်သံလို ထူးဆန်းစွာ ကြားလိုက်ရသည်။ ကျွန်တော်ကပဲ
အနစ်နာခံပြီး 'မောင်'လို့ ခေါ်တတ်အောင်
သင်ပေးသော်လည်း 'မအောင်'တဲ့။ ဘာပဲ
ဖြစ်ဖြစ် ကျွန်တော်နားထောင်လို့ တစ်မျိုးကောင်းနေပါသည်။ ရူးသွပ်ခြင်း တစ်မျိုးပဲ။
အချိန်တိုလေးမှာ ရင်းနှီးခင်မင်မှု ရခဲ့လေသည်။ နေဝင်ပျိုးပျအချိန် ကျွန်တော့်
အကြံက သိချင်နေသော သူမနေအိမ်သို့ အငှားကားနှင့် ဝင်ပို့ပေးလိုက်သည်။ သူမက
ကျေးဇူးတင်တဲ့အနေနဲ့ တယ်လီဖုန်းနံပါတ် ပေးသွားသည်။ ကျွန်တော် သိပ်ပျော်လွန်းလို့
ရင်တွေခုန်၊ ညစာစားဖို့ မေ့သွားပါတော့သည်။
ဒီနေ့ သင်္ဘောကြီး ဆိပ်ကမ်းကပ်ခွင့်
ရပါသည်။ သို့သော် ကုန်သေတ္တာ အတင်အချ ပြုလုပ်သော ဝန်ချီစက်ကြီးနှစ်ခုမှာ
နှလုံးရောဂါ ဖောက်ပြန်လာသောကြောင့် အမောမခံနိုင်၊ အလုပ် မလုပ်နိုင်တော့ပါ။
နှလုံးအထူးကု သမားတော်ကြီးများနှင့်အဖွဲ့က နှလုံးအစားထိုးကုသရန်အတွက်
အော်ပရေးရှင်း အရေးပေါ် လုပ်နေကြပါသည်။ ကောင်းလေစွ၊ ဖြစ်နိုင်မယ်ဆိုရင်
မနီလာမြို့မှာ သူမနဲ့ တစ်သက်လုံး အတူနေသွားချင်တာ။ သူမ သဘောဆန္ဒက ဘယ်လိုလဲ။
ချဉ်းကပ် ဝင်ရောက်သိနိုင်ဖို့ အခွင့်အလမ်းရပြီ။ အခုတော့ ကွက်တိပဲ။
ကျွန်တော့် တာဝန်ချိန်များမှအပ
ညနေပိုင်း သူမထံ ရောက်နေတတ်ပြီ။ ပန်းခြံများ၊ ရုပ်ရှင်ရုံ၊ ဈေးဝယ်အတူ
လျှောက်လည်နေတတ်ပြီ။ နှစ်ဦးသား ရင်းနှီးပွင့်လင်းခင်မင်မှုက သံယောဇဉ် ကိုယ်စီ
တွယ်တာလို့ နေကြပြီ။ ဒါတွေကို အလိုက်ကန်းဆိုး မသိတတ်တဲ့ သင်္ဘောကြီး၊ မနီလာမြို့
ဆိပ်ကမ်းမှ ထွက်ခွာခဲ့လေသည်။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် 'ဖိလစ်ပီနို'
(Filipino) သင်္ဘောသားဆီမှ သင်ထားတဲ့ 'တဂါလို့'
(Tagalog) သူတို့စကားနဲ့ ပြောလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
သူမရှေ့ ရောက်ချိန်တွင်
ဘယ်ကစပြောရမှာလဲ။ သူများဦးသွားမှာလည်း စိုးရိမ်မိသည်။ အချိန်တိုလေးမှာ
ခင်မင်ရင်းနှီးမှုကို ကျော်ပြီး ချစ်စကားပြောရင်း သူမ ယုံကြည်ပါ့မလား။ သို့လော၊
သို့လော အတွေးပေါင်းများစွာနဲ့ နစ်မျောနေတဲ့ ကျွန်တော်။
'မအောင် ဒီနေ့ ဘာဖြစ်နေတာလဲ။
မျက်နှာကိုပဲ ကြည့်နေတယ်'
ပရိယာယ် မပါဘဲ တဲ့တိုးပြန်ဖြေလိုက်သည်။
'မင်း သိပ်လှလို့ပေါ့။ မဟာကီတ
(Mahal Kita) မင်းကို ချစ်တယ်'
သူမ မျက်နှာမှာ ရှက်သွေးဖြာလို့
ခေါင်းလေး ငုံ့သွားသည်။ ခေတ္တခဏ တိတ်ဆိတ်ငြိမ်သက်သွား သည်။ ကျွန်တော့်မှာ သိလိုဇော
စိတ်ဆန္ဒ စောနေသောကြောင့်...
'ကျေးဇူးပြုပြီး တဆိတ်လောက်
ကျွန်တော့်မေးခွန်းကို ဖြေပေးပါလား'
သူမ မျက်နှာလေး မဝံ့မရဲ
မော့ကြည့်လာသည်။ နီရောင် နှုတ်ခမ်းလေးက...
'မဟာတင်းကီတ (Mahal
Tin Kita) မင်းလိုပဲ ချစ်ပါတယ်'တဲ့။
ကျွန်တော့် လက်ဆွဲအိတ်ထဲမှ ပလတ်စတစ်
အကြည်ဘူးနှင့် ထည့်ထားသော နှင်းဆီပန်းကို ထုတ်ပေးလိုက်ပြီး...
'ဟက်ပီး ဗယ်လင် တိုင်းဒေ
ဂလိုရီယာ' (Happy Valentine’s Day)
'မအောင်က အကြံအစည်နဲ့
လာခဲ့တာပေါ့'
'ဂလိုရီယာက အလှတွေ ပြင်ထားတာက
ပြောပါဦး'
'မအောင်နဲ့ လျှောက်လည်မလို့
စောင့်နေတာ'
ကမ္ဘာ့ချစ်သူများနေ့မှာ
အနမ်းလက်ဆောင်နှင့်အတူ ချစ်သူဘဝကို ရောက်ခဲ့ကြသည်။
အချစ်ဦးမို့ အချစ်ရူးသွပ်လို့
မဝနိုင်ခဲ့ပါ။ ကျွန်တော်တို့ နှစ်ဦးလို မရူးသွပ်တဲ့ သင်္ဘောကြီး မနီလာမြို့
ဆိပ်ကမ်းမှ ခရီးဆက် ထွက်ခွာခဲ့လေသည်။
'ကျန်းမာရေးကို ဂရုစိုက်ပါ။
အမြဲသတိရလို့ နေပါ။ ဓာတ်ပုံလေးကို အိပ်ရာမဝင်ခင် အမြဲနမ်း၍ ကြည့်ပါ။
အိပ်မက်လှလှလေးထဲမှာ ထည့်မက်ပေးပါ' တဲ့။
ပင်လယ်ရေပြင်များ ကျော်ဖြတ်ပြီး
ဟောင်ကောင်၊ ကိုရီးယား၊ ဂျပန်နိုင်ငံ ဆိပ်ကမ်းများဆီသို့။ သူမအတွက် ကောင်းနိုးရာရာ
အလှကုန်၊ အဝတ်အစား၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူစုဆောင်း နေတတ်ပြီ။ သင်္ဘောပေါ်မှ
ကျီစယ်နောက်ပြောင် အစသန်သူများက 'မိန်းမလျာ (အခြောက်) လုပ်တော့မလို့လား။
ကိုယ့်ကို မေ့မထားခဲ့နဲ့နော်။ ကြိုတင်စာရင်း ပေးထားလို့ ရမလား'တဲ့။ ဘယ်သူတွေ ဘာပြောပြော၊ မနက်ဖြန် မနီလာဆိပ်ကမ်းသို့ ပြန်ရောက်ဦးမည်။
ကျွန်တော့် အတွေးနဲ့ကျွန်တော် ပျော်နေမိသည်။ သူတို့ မသိကြပါ။
မနီလာမြို့ဆိပ်ကမ်းသည်
ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိရှိ၊ ကောင်းသောလာခြင်း လက်ဆောင်များနှင့်အတူ
ချစ်သူကို ရင်ခွင်ထဲထည့်၊ မတွေ့ရတဲ့ရက်တွေ အတိုးချလို့ နှာခေါင်းလေးနဲ့
ရိုက်ဆုံးမရတာ မောနေတာပဲ။ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ထက် ပျော်ရွှင်ချမ်းမြေ့မှု
ရှိတဲ့သူ ရှိတော့မှာ မဟုတ်ဘူး။ အချစ်မူလတန်းကို ဂုဏ်ထူးများစွာနှင့်
အောင်မြင်ခဲ့ပါသည်။
'အမေရေ... သာတော့ ဒီလ
ကုန်ကျစရိတ် များသွားတယ်'
အဖြစ်မှန်ကို အမေ သိခဲ့ရင်
နားလည်ခွင့်လွှတ်မှာပါ။
ချစ်သူနှစ်ဦး မခွဲခွာချင်ပေမယ့် သင်္ဘောကြီးက
ခွဲခွာ လိုက်ပြန်သည်။ စင်ကာပူ၊ အင်ဒိုနီးရှား၊ သြစတြေးလျားနိုင်ငံ
ဆိပ်ကမ်းများဆီသို့..။
မနီလာမြို့ ဆိပ်ကမ်းမှအပ
ကျန်ဆိပ်ကမ်းမြို့ကြီးများမှာ ကျွန်တော့်အတွက်သံယောဇဉ် အဓိပ္ပာယ် ကင်းမဲ့နေသလို
ခံစားမိပါသည်။ အခုတော့ သတိရတမ်းတ လွမ်းတတ်နေပြီ။ ပြန်ဆုံရမယ့် ရက်တွေ
ရေတွက်ရင်းနဲ့ပေါ့၊ ဂလိုရီယာရေ...။
ဒီတစ်ခေါက် ခရီးစဉ် သတင်းထူးခြားသည်။
ကပ္ပီတန်မွေးနေ့ပွဲ မနီလာမြို့ပေါ်မှာ ကျင်းပမည်။ ချစ်သူကို ရွှေလက်တွဲ
ပွဲထုတ်လို့ အားလုံးအံ့သြသိသွားအောင် ဂုဏ်ယူဝင့်ကြွားစွာ တက်ရောက်လိုက်မည်။
စိတ်ကူးလေးနဲ့ ကြိုတင်အစီအစဉ်ဆွဲပြီး အတွေးနဲ့ ရူးသွပ်နေမိသည်။
မာဘိနီ (Mabini) မြို့နယ်ရှိ ကျားသစ်နက်ကပွဲရုံနှင့် စားသောက်ဆိုင် (Black Jaguar
Night Club & Restaurant) ည ၇
နာရီ။ သင်္ဘောမှ အဖွဲ့သားများ အစားအစာ မှာယူစားသောက် မွေးနေ့ပါတီပွဲ စတင်နေပါပြီ။
မိန်းမလှလေးများ မြူဆွယ်ဧည့်ခံနေကြသည်။ တချို့က စင်ပေါ်မှာ ဘီကီနီ (Bikini)
ဝတ်ထားပြီး မြူးကြွသော တေးသွားအလိုက် ကော့ကော် ကန်ကား အကများနှင့် ဧည့်သည်များကို
မျက်စိအစာကျွေး မြူစွယ်နေကြလေသည်။ ကျွန်တော် ဒါတွေကို စိတ်မဝင်စားနိုင်ပါ။
သူတို့အလစ်တွင် အစီအစဉ်အတိုင်း ဂလိုရီယာကို ခေါ်ထုတ်ရန် ဆိုင်မှထွက်လာခဲ့လေသည်။
သူမ၏ နေအိမ်တံခါး သော့ခတ်ထားသည်။
ဘယ်သွားနေပါလိမ့်။ စောင့်ရဦးမည်။ စောင့်နေတာ အချိန်အတော်ကြာသွားသည်။ သူမ
ပြန်မရောက်လာသေးပါ။ ကျွန်တော် ကြံစည် မျှော်မှန်းထားသမျှ သဲထဲ ရေသွန် ဖြစ်ရတော့မှာလား။
စောင့်မျှော်ရတာကြာတော့ မျှော်လင့်ချက် ကင်းမဲ့ စိတ်ဓာတ်ကျလာသည်။ အပြန်လမ်းတွင်
တက်ကြွလန်းဆန်းမှု မရှိ၊ နွမ်းနယ်နေသည်။
ဆိုင်ထဲသို့ ပြန်ဝင်လိုက်သည်။
အိမ်ပြန်ရောက်နေပြီလား။ စိတ်အတွေး မျှော်လင့်ချက်နဲ့ သူမအိမ်သို့ ဖုန်းဆက်မိသည်။
ကောက်ကိုင် ဖြေဆိုသူ မရှိ။ ကျွန်တော့် အစီအစဉ်တွေ ရေထဲဆောက်တဲ့ သဲအိမ်လေးပမာ
ဘာမှအရာမထင်။ ပျက်စီးကုန်ပြီ။ စိတ်မချမ်းမြေ့စွာဖြင့် ခပ်ငေါင်ငေါင် ထိုင်နေရာသို့
မိန်းမလှလေးများနှင့် မွေးနေ့ရှင် ကပ္ပီတန် ရောက်လာသည်။
'ငါ့လူက ဘာမှ
မစားသောက်သေးပါလား။ မင်း အရက်မကြိုက်တာ ငါသိတယ်။ ငါ့ရဲ့မွေးနေ့မှာ
ဘီယာတော့သောက်ပါ။ စားချင်တာ မှာစား။ ကဲရီးအွန် ဘွိုင်း'
သူ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့
သူ့ရှေ့မှာပဲ ဘီယာမှာလိုက်သည်။
'ဟက်ပီးဘတ်ဒေး ကပ္ပီတန်၊
ချီးယားစ်' ဆိုပြီး သောက်ပြလိုက်မှ ကျေနပ်
ထွက်ခွာသွားတော့သည်။
ဘီကီနီဝတ်ထားသော မိန်းမလှ
ကချေသည်တစ်ဦး ကျွန်တော့်ပခုံးကို လာဖက်ပြီး ရင်ခွင်ထဲသို့ တိုးဝင်ထိုင်လိုက်သည်။
'ဟိုင်း...ကပ္ပီတိန်က
ပြောလိုက်တယ်။ အထီးကျန် ထိုင်ငေါင်နေတဲ့ မင်းကို ပျော်ရွှင်သွားအောင် အဖော်လုပ်
ပြုစုပေးလိုက်ပါတဲ့'
'ကျေးဇူးပြုပြီး ငါ
တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်သောက်နေပါရစေ။ ဆောရီးပဲနော်၊ မင်းကို
ကျေးဇူးတင်ပါတယ်'
သူမ ထွက်ခွာသွားမှ ရေမွှေးနံ့
မွှန်နေတာ သက်သာသွားတော့သည်။ ကချေသည်များ နာရီဝက် တစ်ခါ လူလဲ ကကြပါ သည်။
နားနေချိန်တွင် ဧည့်သည်များကို ဧည့်ခံပြုစု အဖော်လုပ်ပေးရသည်။ ဧည့်သည်များက
ပေးတိုက်သော အရက်နှင့် အချိုရည်ခွက်တန်ဖိုးထဲမှ ကော်မရှင်ရပါသည်။ သူမတို့
ပြုစုယုယမှုပေါ် မူတည်ပြီး ဧည့်သည်များက သဒ္ဓါကြေးငွေ ပေးသွားလေသည်။
ဘီယာက ခေါင်းထဲ မူးယစ်ရီဝေလို့လာသည်။
ပုလင်း၊ ဇွန်း၊ ခွက်၊ ပန်းကန်၊ တေးသံများတို့သည် နားထဲမှာ ဆူညံသံဖြစ်လို့ နေပါသည်။
စီးကရက် မီးခိုးများ မှိုင်းဝေ၊ အနံ့က မွှန်နေပါသည်။ မျက်စိ ကျိန်းစပ်လာပါသည်။
မိန်းမလှလေးများ မြူဆွယ်ကလိသံများက ညစ်နေသောစိတ်ကို လာရောက် နှောင့်ယှက်နေသည်။
သူတို့ပျော်လို့ မပျော်နိုင်တဲ့ ကိုယ့်အဖြစ်က စိတ်မှာ သိမ်ငယ်နေသလို မနာလိုဘဲ
ဖြစ်ရတော့မှာလိုလို စိတ်အာရုံပျံ့လွင့်နေသည်။ စိတ်အလိုမကျ ဖြစ်နေတာ ဘယ်သူ့ကိုလဲ၊
ဘာအတွက်လဲ။
ပရိသတ်များ လက်ခုပ်တီး
လက်ခေါက်မှုတ်သံ၊ တစ်ခဲနက် အားပေးအော်ဟစ်သံများက အတွေးနက်၍ ပတ်ဝန်းကျင်လောကကို သတိမေ့နေသော
ကျွန်တော့် စိတ်ကို ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားပြီး ပြန်လည်
သက်ဝင်လှုပ်ရှားလာလေသည်။ မျက်လုံးက ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ကပွဲစင်ပေါ်တွင်
ကချေသည်လေးများ တေးသွားအတိုင်း ကနေသည်။ ဟုတ်ချင်မှ ဟုတ်မှာပါ။ စိတ်က
စွဲလန်းနေလို့လား၊ ဒွိဟစိတ်နဲ့ ကပွဲစင်နား ရောက်သွားသည်။ ကိုယ့်မျက်လုံး
ကိုယ်မယုံချင်ပါ။ သေချာအောင် နောက်ထပ်တစ်ခါ ထပ်ကြည့်သည်။ မြင်ကွင်းက မပြောင်းလဲ။
ဂလိုရီယာ ဘီကီနီဝတ်၍ ကနေသည်။ ကပွဲစင်နားမှာ ကျွန်တော် ဘာဆက်လုပ်ရမည် မသိဘဲ
အမျက်ဒေါသများနဲ့ စိမ်းစိမ်းဝါးဝါး ရပ်ကြည့်နေမိသည်။ ကျွန်တော် ရပ်ကြည့်နေသည်ကို
သူမ မြင်သွားသည်။ မျက်နှာက ဖြူဖတ်ဖြူရော် သွေးလန့်သွားသည်။
ထိတ်လန့်အံ့သြမှုများကြောင့် ခန္ဓာကိုယ် လှုပ်ရှားမှုအက အခိုက်အတန့် ရပ်သွားပါသည်။
သည့်နောက် အသက်မဝင်သော လှုပ်ရှားမှုတွေနဲ့ တလွဲတချော် ဆက်ကနေသည်။ ကျွန်တော့်မှာ
မေးလိုက်ချင်တဲ့ မေးခွန်းများ၊ ရင်ထဲက ဒေါသမီးတောက် မပေါက်ကွဲသွားစေရန် ထိန်းချုပ်
မျိုသိပ်သည်းခံနေရသောကြောင့် တစ်ကိုယ်လုံး တုန်ရီနေပါသည်။ မနှစ်မြို့ဖွယ်
မြင်ကွင်း၊ သည်းမခံနိုင်တဲ့အဆုံး ဆိုင်ထဲမှ ပြေးထွက်ခဲ့သည်။
သင်္ဘောပေါ်မှ ကိုယ့်အခန်းထဲ
ရောက်သည့်တိုင် ဆောက်တည်ရာမရတဲ့ စိတ်ကြောင့် မြင်တွေ့သမျှပစ္စည်းများ
လွှင့်ပေါက်ပစ်လိုက်သည်။ နံရံကို လက်သီးနဲ့ ထိုးမိသည်။ စိတ်၏ဖြေရာ ထွက်ပေါက်
ရှာမရဖြစ်နေသည်။ ဘယ်သူ့ကို အပြစ်ပုံမှာလဲ။ မိန်းကလေး ဣန္ဒြေသိက္ခာ၊ အရှက်မရှိတဲ့
အလုပ်ကို လုပ်ပြီး လိမ်ညာမြူဆွယ် အချစ်ကို တန်ဖိုးမထားတတ်တဲ့ သူမကိုလား၊ အစက ဒီလို
မိန်းကလေးမျိုး မထင်ခဲ့မိလို့ အသည်းနင့်အောင် ချစ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်
အပြစ်တင်ရမှာလား၊ ဝေခွဲလို့ မရတဲ့ ဒွိဟစိတ်တွေနဲ့ တို့တွေ ချစ်ခရီးလမ်း
ဘယ်လိုပုံနဲ့ ဆက်လျှောက်ကြမှာလဲ။ သုညစိတ်အတွေးများစွာနဲ့ မိုးလင်းခဲ့ရပါတော့သည်။
နံနက်ပိုင်း သင်္ဘောပေါ် မှ
ကုန်သေတ္တာများ အတင်အချ စတင်ပြုလုပ်နေပါသည်။ စိတ်က မပါသော်လည်း တာဝန်အရ
လုပ်နေရသည်။ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေ၊ ခေါင်းက အုံခဲကာ ထိုင်းမှိုင်းနေ၊
မျက်လုံးကအခုမှ အိပ်ငိုက်ချင်သလို ဖြစ်နေသည်။ စိတ်က ဘဝင်မကျ။ တွေ့တဲ့သူကို
ဟိန်းဟောက်နေသည်။
ဒီလိုနဲ့ အလုပ်က ညနေပိုင်းတွင်
ပြီးသွားသည်။ သင်္ဘောကြီး မနီလာမြို့ဆိပ်ကမ်းမှ ထွက်ခွာရန် ပြင်ဆင်နေကြပြီ။ ထိုစဉ်
ဆိပ်ကမ်းလုံခြုံရေး ရဲတစ်ဦး ကျွန်တော့်နာမည်နဲ့ စာအိတ် လာပေးသွားသည်။
သင်္ဘောကြီး ပြေးပေဦးတော့။
နောက်တစ်မြို့ ဆိပ်ကမ်းဆီသို့...။ ကျွန်တော်သည်လည်း ရင်ထဲက နာကျင်ပူဆွေး ကြေကွဲမှု
ဝေဒနာများနှင့်အတူ ဝေးရာဆီသို့...။
ထာဝရ ချစ်နေရတဲ့ မောင်
ဇန်နဝါရီလ
၁၃ ရက်၊ ၁၉၈၁၊ မနီလာမြို့။
ပထမဦးစွာ မောင်တစ်ယောက်
ကျန်းမာရွှင်လန်းချမ်းမြေ့စေဖို့၊ ဘေးအန္တရာယ် ကင်းရှင်းစေဖို့၊ ဘဝမှာ
အောင်မြင်မှုများ ရနိုင်စေဖို့၊ ဘုရားသခင်ထံမှ စောင့်ရှောက် ကောင်းချီးမင်္ဂလာ
ပေးစေဖို့အတွက် နေ့စဉ် ကျွန်မ ဆုတောင်းပေးနေပါတယ်။
ဘဝမှန်ကို လိမ်ညာဖုံးကွယ်ထားပြီး
မောင့်ကို ချစ်ခဲ့တယ်လို့ မောင် ထင်မြင်ယူဆ ရှက်ဒေါသ တွေ ပေါက်ကွဲနေပြီလား မောင်။
အမှန်တော့ ဘဝပေးအခြေအနေအရ
စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေတဲ့ ကချေသည်ဘဝကို သိပ်ပြီး
ပျော်ရွှင်နှစ်သက်နေတယ်လို့တော့ မထင်စေချင်ဘူး မောင်။ တစ်နေ့ သိသွားခဲ့ရင်ဆိုတဲ့
ထမင်းလုံးတစ္ဆေ အိပ်မက်ဆိုးကြီးက အမြဲတမ်း ခြောက်လှန့်နေခဲ့တာ မောင့်ကို စပြီး
ချစ်ခဲ့မိတဲ့ အချိန်က စခဲ့တယ်။ ပြန်တွေးမိတိုင်း ရင်နာခံစား မျက်ရည်ကျခဲ့ရတဲ့
ဖြစ်ပြီးအတိတ်ကို မျက်ရည်စများနှင့်အတူ ရင်ဖွင့်ပြောပါရစေ မောင်။
ဖိလစ်ပိုင်နိုင်ငံမှာ လက်ခံထားရှိတဲ့
အမေရိကန် ရေတပ်စခန်းကို အဖေလာပြီး တာဝန်ထမ်းဆောင်နေစဉ်က အမေနဲ့တွေ့ပြီး ချစ်ကြိုက်
အတူနေထိုင်ခဲ့ကြတယ်။ ကံကြမ္မာဆိုးက တို့ညီအစ်မမွေးပြီး ကျွန်မ အရွယ်ရောက်
စချိန်မှာ အဖေ တာဝန်ပြီးဆုံးလို့ အမေရိကား ပြန်သွားခဲ့ တယ်။ တို့မိသားစုကို
ခေါ်မသွားနိုင်ခဲ့ဘူး။ အမေရိကားမှာ တရားဝင်ဇနီးကြီးနဲ့ ကလေးတွေ ရှိနေလို့ပါပဲ။
ဒီအဖြစ်က သာယာစိုပြည်နေတဲ့ တို့မိသားစုကို ပြိုကွဲပျက်စီးစေခဲ့တယ်။ ပထမပိုင်းမှာ
အဖေက ထောက်ပံ့ကြေး မှန်မှန်ပို့ပေးခဲ့တာကြောင့် တို့မိသားစု စားဝတ်နေရေး
ပြေလည်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ထောက်ပံ့ကြေး ပို့တစ်ခါ၊ မပို့တာများလာတော့
တို့မိသားစု စားဝတ်နေရေး မပြေလည်တဲ့ဘဝကို သမီးအကြီးဖြစ်တဲ့ ကျွန်မကပဲ
တစ်နည်းတစ်လမ်း ကူညီဖြေရှင်းပေးဖို့၊ မပြီးသေးတဲ့ ပညာရေးကို ရှေ့ဆက်ဖို့အတွက်
မနီလာမြို့ပေါ် တက်လာခဲ့တယ်။ ငွေများများ ရှာနိုင်မှ တို့မိသားစု စားဝတ်နေရေးနဲ့
ကျွန်မ ပညာရေးအတွက် အဆင်ပြေမှာမို့ နောက်ဆုံး ငွေများများ ရလွယ်တဲ့ ကချေသည်ဘဝကို
ရောက်ခဲ့တယ်။
ဘဝအဖြစ်မှန်ကို ဖွင့်ပြောဖို့
အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ် မောင်။ ဒါပေမယ့် မောင် အထင်မြင်သေး မုန်းသွားမှာကို
မခံစားနိုင်ဘူး။ အဆုံးအရှုံးမခံနိုင်တဲ့ မောင့်ကို ပြောမထွက်ခဲ့ပါဘူး။
ဒါကြောင့်မို့ မောင့်အပေါ်မှာ ကျွန်မ အားနည်းချက်နဲ့ မှားခဲ့တဲ့ အပြစ် ရှိနေပါတယ်။
ကျွန်မ ဘဝထက် စိတ်ကို အလိုလိုက်၊
ရင်ထဲက ပေါက်ဖွားလာတဲ့ အချစ်စစ်နဲ့ မောင့်ကို လေးစားတန်ဖိုးထား ချစ်ခဲ့မိပါတယ်။
ဘုရားသခင်ထံမှာလည်း ကျိန်ဆိုရဲပါတယ် မောင်။
မောင့်ရဲ့ အဆုံးအဖြတ်အဖြေကို
မျှော်လင့်ခြင်းများစွာနဲ့ ရင်ဖွင့်စောင့်ကြိုနေပါ့မယ်။
ထာဝရချစ်ရခြင်းများစွာဖြင့်
ဂလိုရီယာ
သင်္ဘောကြီး စင်ကာပူ ဆိပ်ကမ်းသို့
ရောက်ခဲ့စဉ် ကျွန်တော့်ဘဝ ရှေ့ရေးအတွက် အမိမြန်မာနိုင်ငံသို့ ပြန်ရန်
အကြောင်းပေါ်လာခဲ့ပါသည်။ မပြန်ခင်မှာ ဂလိုရီယာထံ အကြောင်းပြန် ကြားပေးခဲ့မည်။
သူမအပေါ်မှာ နားလည်ခွင့်လွှတ်မှုနဲ့ ဘဝလက်တွဲဖော်အဖြစ် ခွင့်တောင်း လက်ထပ်ရန်
ကျွန်တော် ပြန်လာခဲ့မည်။ ယုံကြည်စိတ်ချစွာနဲ့ စောင့်လို့နေရစ်ဦး။
ဂလိုရီယာထံ အဝေးပြောဖုန်း ခေါ်လိုက်ပါသည်။
ကောက်ကိုင်ဖြေဆိုသူ မရှိပါ။ နောက်ထပ်တစ်ကြိမ် ဖုန်းဆက်လိုက်သည်။ ထို နည်းတူပင်။
အိမ်ကို သိပါသည်။ အိမ်လိပ်စာ အတိအကျ မသိပါ။ အဲဒါမှ အခက်တွေ့ပြီ။ ဘယ်လိုလုပ်
စာရေးအကြောင်းကြားရမည်လဲ။ တစ်ခုပြီးမှ တစ်ခု ဆက်လုပ်တော့မည်ဟု ဆုံးဖြတ်ချက်ချကာ
မြန်မာပြည်သို့ နောက်ကြောင်းမအေးဘဲ ပြန်လာခဲ့ရပါတော့သည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့တော်
ဆင်မလိုက် ရေကြောင်းအတတ်သင် သိပ္ပံကျောင်း၊ နိုင်ငံရပ်ခြား ရေကြောင်းသွား သင်္ဘောဒုတိယကုန်းပတ်အရာရှိ
လက်မှတ်ရရှိရန် သင်တန်းတက် စာမေးပွဲ ဖြေဆိုရ မည်။ ဘဝရှေ့ရေးအတွက် ကြိုးစားမှ
အောင်မြင်တိုးတက်မည်။
တစ်နှစ်တာ အချိန်ကာလ
ပြီးဆုံးခဲ့လေပြီ။ ကျွန်တော့်ဘဝရည်မှန်းချက် စာမေးပွဲ အောင်မြင်ခဲ့ပါ သည်။ သင်္ဘောဒုတိယ
ကုန်းပတ်အရာရှိ ဖြစ်ခဲ့ပါပြီ။ ဘဝရှေ့ရေး အောင်မြင်မှု တစ်ခု တက်လှမ်းနိုင်ခဲ့သည်။
ကျန်နေသော တစ်ခုဆောင်ရွက်ရန် အမေ့ကို နှုတ်ဆက် ကန်တော့ခွဲခွာပြီး နိုင်ငံခြားသို့
သင်္ဘောပြန်တက်ရန် ထွက်ခွာလာခဲ့သည်။
မနီလာမြို့ ဆိပ်ကမ်းသို့
ရောက်ခဲ့ရပြန်ပါသည်။ နားလည်ခွင့်လွှတ်မှု အပြည့်အဝ အချစ်နဲ့ လက်ထပ်ခွင့်တောင်းရန်
မောင် ရောက်လို့လာပါပြီ။ သူမသာ သိခဲ့ရင် ဘယ်လောက်များ ဝမ်းသာပျော်ရွှင်လိုက်မလဲ
ဆိုတဲ့အတွေးများက ရင်မှာကြည်နူးပီတိ ဖြစ်ရပါသည်။ ရုတ်တရက် အံ့သြဝမ်းသာ
ပျော်ရွှင်ခြင်းနဲ့ နှုတ်ဆက်လိုက်မယ်လို့ ပိတ်ထားသော သူမ အိမ်တံခါးကို
ခေါက်လိုက်သည်။ တံခါးဖွင့်ပေးသူမှာ ကျွန်တော် မျှော်လင့်ထားသူ မဟုတ်သော
သူစိမ်းတစ်ဦး။ အံ့အားသင့်စွာဖြင့် ဂလိုရီယာကို မေးလိုက်သည်။ မရှိပါ။ ဘယ်ကို
ပြောင်းသွားသည် မသိပါ။ သူမ လုပ်ခဲ့သော နိုက်ကလပ်မှာလည်း အလုပ် မလုပ်တော့ပါ။
ခြေရာလည်း ပျောက်၊ ရေလည်း နောက်ပြီ။ ကံကြမ္မာက အကြင်နာမဲ့လွန်းသည်။ ရင်ထဲက
ဝေဒနာအသည်းအသန် ဖြစ်ခဲ့ရပြီပေါ့၊ ဂလိုရီယာရေ...။
ကမ္ဘာဦးမှစ၍ လူသားများတို့သည်
အချစ်ကို မိမိ သန်ရာ အဓိပ္ပာယ်၊ အယူအဆ၊ အတွေးအခေါ် များစွာနဲ့ ဖွင့်ဆိုခံစား
ရေးသားခဲ့ကြလေသည်။ ယခုထိ ရေးသားနေကြဆဲပါ။ အချစ်ကို ရှာဖွေစမ်းသပ် သုတေသန
ပြုနေသူများ၊ နည်းမျိုးစုံ စံထား၍ စိတ်ကူးလေးနဲ့ ပုံဖော်နေသူများလည်း ရှိနေပါသည်။
ကမ္ဘာကြီး တည်သရွေ့ ရှိနေဦးမည်။ ကျွန်တော် အချစ်ရောဂါဝေဒနာရှင် ဖြစ်နေသည်မှာ
ကြာမြင့် ခဲ့လေပြီ။ ကျွန်တော့်လို အချစ်ရောဂါ ဝေဒနာရှင်များ ရှိနေခံစားနေကြဦးမည်။
သည်အချစ်ဆိုတဲ့ ရောဂါ ဝေဒနာ ကုသပျောက်ကင်း သွားစေရန်အတွက် 'ဆေး'
မရှိပါ။
▀
ဦးဇော်
(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...