ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း

အ‌နှောင်အဖွဲ့

ရွှေကျွန်းရီလေး

01 January 2025
အ‌နှောင်အဖွဲ့
Share to

            'သူဌေး သင်္ဘောပျက်တာ အရေးမကြီးဘူးကွ။ သူတောင်းစားခွက် ပျောက်တာက အရေးကြီးတယ်'

            ဆန်စက် မီးလောင်ရာသို့ သူ့စပါး ၃ဝဝ ပါသွားကတည်းက ဦးဘအောင်သည် အထက်ပါအတိုင်း တတွတ်တွတ် ညည်းတွားနေလေသည်။

            'ဒါမျိုးပေါ့ရှင်၊ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဆိုတာ'

            ဇနီးဖြစ်သူကလည်း မိန်းမသားပီပီ နှမြောတွန့်တိုတတ်သော သဘာဝလေသံကို သုံးနှုန်းလိုက်ပြန်၏။

            သည်နှစ်လောက် အလုပ်အကိုင် ချွတ်ချော်သည့်နှစ်ကား မရှိတော့ပြီ။ ဦးဘအောင်သည် သည်နှစ်အဖို့ တောကိုပြန်၍ လယ်လုပ်စားရန်ကိုသာ စိတ်က ကူးနေမိသည်။ သည်စားအင်နှင့် သည်ဝင်ငွေ မမျှပုံထောက်ချင့်လျက် ကြာလျှင်ခက်ချေရော့မည်ဟု အတွင်းကျိတ် စိတ်ချောက် ချားနေမိ၏။

            တောတွင်နေ၍ ဟန်ဆောင်မှု ကင်းကင်း အသက်ရှင်ချင်သော စိတ်ကလည်း မဆွကပင် ရှိနေသေးသဖြင့် ယနေ့လို နစ်နာဆုံးရှုံးရပုံကလေးနှင့် ရင်ဆိုင်လိုက်ရသောအခါ ဆောက်တည်ရာမရ ဖြစ်သွားတော့သည်။

            တစ်နှစ်၏တန်ဖိုးအဖြစ် အမြတ်အစွန်း ဇယားထဲမှ စပါးကလေး ၃ဝဝကို အားပြုထားရာ မမျှော်လင့်ဘဲ သူပုန် ရှို့သောမီးထဲသို့ စက်သူဌေးစပါးများနှင့်အတူ သင်္ဂြိုဟ်လိုက်ရသဖြင့် မနောဒေါသကြီး ဖြစ်ကျန်ရစ်ခဲ့ရ၏။

            မြို့ပေါ်တွင် စားရေးနေရေး၊ ဝတ်ရေး၊ သားသမီး ပညာရေးမှအစ လူမှုထုံးတမ်းအရ တာဝန်ဝတ္တရား အသီးသီးတို့ကို ဆောင်ရွက်ရာဝယ် အိတ်ထဲတွင် ငွေမရှိ၍မဖြစ်။ အလုပ်မယ်မယ်ရရ မရှိသဖြင့်လည်း ဝင်ငွေက မမှန်၊ ဝမ်းစာ ရှိထားက တော်ပေသေး၏။ ဝမ်းစာ မဖူလုံလျှင် နေ့စဉ်စားရေး သုံးရေးထဲမှ ဆန်အတွက် ဖဲ့လိုက်ကာ မဝတမော် ဝတမော် ဖြစ်ချေရော့မည်။

            ယခုနှစ် လယ်ထောက်ခ၊ ဥယျာဉ်ခ ဆိုသည်များကိုကား ကိုယ်ကပင် ထုတ်ရတော့မလိုလို၊ လယ်လုပ်သားနှင့် ဥယျာဉ်မှူးတို့ ညည်းတွားသံကြောင့် တစ်ခွန်းမှ မဟနိုင်ခဲ့ပေ။ ဘိုးဘွားလက်ထက်မှ သစ္စာရှိရှိ လုပ်လာခဲ့ကြသဖြင့် နာသည့်အခါနာ၊ သာသည့်အခါသာ ဆိုသော်ငြားလည်း သာကွက်ကို မလည်ခဲ့။ နာဘက်ကချည်း နေခဲ့ရသည်။

            ဦးဘအောင် မြို့ပေါ်သို့ရောက်စက ပစ္စည်းပစ္စယများ တောင့်တင်းခြင်းကြောင့် မနေဝံ့၍ ပြေးလာခဲ့ခြင်း ဖြစ်၏။ သို့သော် သားကလေးနှင့်သမီးကလေးကလည်း မြို့ပေါ်၌ပင် တစ်စတစ်စ ကြီးပြင်းလာသည်။ ပညာသင်ရ၏။ အိမ်၌လည်း မြို့စရိုက်နှင့် မြို့အလိုက် အသင့်အတန် မွမ်းမံရ၏။ ကာလံဒေသံအကြောင်းပြု၍ လူမှုစနစ်ကို မလစ်အောင် လိုက်လျောနေထိုင်ခဲ့၍လည်း တောသား လယ်သမားမိသားစုကို မြို့နေ လူ့အဆင့်အတန်းက လက်ခံဖော်ရွေကြသည်။

            နှစ်စဉ် ငွေတိုးပေး၍ရသော အတိုးရင်းပွားနှင့် နေ့စဉ် စားသောက်၍ ကာမိသော် စပါးပေါ်ချိန်၌ ဆန်စပါး အရောင်းအဝယ်မှ ရသောအမြတ်အစွန်းနှင့် အခြားကုန်ကျရမည့် ဘေးပန်းအပြင် ကျောင်းသားစရိတ်နှင့် ဝမ်းစာတို့ကို သိုသိပ်ရ၏။

            ယခုမူ မှန်းခြေနှင့် လားလားမျှ မကိုက်ညီပေ။ ထိုသို့ သူ့တွက်ကိန်းထဲတွင် ဇယားချ၍ မရခဲ့တိုင်း မကျေမနပ်ဖြစ်မိသည်။

            သည်ကဲ့သို့ ရသမျှ မလောက်နိုင်သည့် ငွေတွေသည် ဘယ်အတွက် ကုန်ရပါသနည်းဟု တွက်ချက်စိစစ်လိုက်လျှင် မဝတ်ချင်ဘဲ တင့်တယ်မှုကို အရေးပေး ဝတ်ဆင်ရ၍သော် လည်းကောင်း၊ မစားချင်ဘဲ လူမြင်တင့်တယ်စေအောင် တည်ခင်းစားသောက်၍သော်လည်းကောင်း၊ မလှူသင့်ဘဲ အားနာ ပါးနာ လှူရ၍သော်လည်းကောင်း၊ အများတကာလုပ်သလို လိုက်မလုပ်လျှင် မိမိသာလျှင် အရူးဖြစ်တတ်သော မြို့ကျင့်ကလေးများကို ဦးဘအောင်က တရားခံအဖြစ် ဖမ်းယူစွပ်စွဲ လေသည်။

            ထိုသို့ ထင်မြင်လာသော ခဏ၌မူ ဦးဘအောင် စိတ်ထဲမှ ထိုအရာအားလုံးနှင့် ဝေးလံသော အရပ်သို့ ပြေးထွက်သွားလိုစိတ် ဖြစ်ပေါ်လာမိ၏။ ထိုသို့သော အနှောင်အဖွဲ့ကြီးအတွင်းသို့ နှစ်ကာလာကြာမြင့်စွာ ကျရောက်ခဲ့ပြီး၍ အခါအားလျော်စွာ အလွတ်ရုန်းထွက်လိုသော ဆန္ဒများ ပေါ်ပေါက်ခဲ့မိ၏။ တစ်ခါတစ်ရံ၌မူ ဖိနှိပ်ချုပ်ချယ်၍ 'မရလောက်အောင် တွန်းကန် လှုပ်ရှားနေမိသည်။

            ယင်းသည့်အခါဝယ် တစ်ဇွတ်ထိုး လုပ်ပစ်ချင်စိတ်က များ၏။ စိတ်က လှုပ်ရှားလာပြီဆိုလျှင် နှုတ်က စွဲမိစွဲရာ မြည်တမ်းလာလေသည်။

            'အိမ်း...မင်းတို့ဘာသာ မြို့မှာပျော်ရင် နေရစ်ကြ။ ငါတော့ တောမှာပဲ ပြန်ပြီး လယ်လုပ်စားတော့မယ်'

            ဦးဘအောင်က ထိုသို့ လေသံပစ်လိုက်လျှင် သူ့ဇနီး ဒေါ်သက်စု၏ မျက်နှာမှာ ရှုသိုးသိုး ပြင်ပစ်လိုက်လေသည်။

            'ကြံကြီးစည်ရာ ရှင်မို့လို့ တွေးတတ်ပလေ။ ရှင့်သားသမီးလေးတွေ လူတစ်လုံးသူတစ်လုံး ဖြစ်လာမှ တောပြန် လယ်လုပ်မယ်ဆိုတာ။ ရှင့်စိတ်ကူးဉာဏ် အကုန်ပဲလား'

            'အံမာ...မင်းက ကြီးကျယ်လို့ကွာ။ အစက တောထမင်း၊ တောဟင်းနဲ့ မင်းတို့ငါတို့ လူဖြစ်လာရတယ် မှုတ်လား။ သူတို့လေးတွေကို တောမှာ အချင်းမြှုပ်လာတာကပဲ။ မိဘက တော်တယ်လို့ ထားရင် နေရမပေါ့ကွ'

            'အင်း...နေပါလိမ့်မယ်။ နေပါလိမ့်မယ်။ ရှင်ထင်သလား။ ရှင့်သားသမီးတွေ တောမှာမွေးပေမယ့် အခု ရှင့် မျက်စိအောက်မှာ အဖွေးသားမှုတ်လား။ လူအသွင်အပြင်ကို မဆိုထားနဲ့။ မိဘက နေ့သင့်နံသင့် ရွေးပြီးတော်တယ်လို့ ပေးထားတဲ့ နာမယ်တောင်မှ အခု အရင်အတိုင်း ရှိတော့သလား။ ကိုယ့်သားသမီးတွေ ဘယ်လောက်ခေတ်ဆန်တယ်။ ဘဝင်မြင့်တယ်ဆိုတာလည်း ရှင်အသိသားနဲ့။ တဆိတ်ရှိရင် တော၊ တဆိတ်ရှိရင် တောနဲ့ ရှင့်တောကို ရှင်ပဲပြန်။ ကျုပ်တို့တော့ ပိုနေမြဲ၊ ကျားနေမြဲပဲ ရှိပေစီတော့'

            ဒေါ်သက်စုက မြိန်ရေရှက်ရေ ပြောပြီးသောအခါ ဦးဘအောင်အား မျက်စောင်းထိုး၍ လှည့်ပစ်လိုက်၏။

            'အေး...သူတို့ ဒီလိုခေတ်ဆန်ချင်လေ၊ ဘဝင်မြင့်လေ မိဘတွေ ခိုက်လေပေါ့ကွာ။ ကျွန်ထီးကြီးနဲ့ ကျွန်မကြီးတော့ အချိန်တန်မှ ခါးတောင်းကျိုက်ဖြုတ်ပြီး ခေါင်းထဲဝင်ကြပေါ့'

            'ဒီလိုမပြောပါနဲ့ရှင်။ ကိုယ်မွေးထားတဲ့ သားသမီး ကိုယ် မပြုစုရင် ဘယ်သူပြုစုမှာလဲ။ နေရတာက မြို့ဆိုတော့ မြို့လိုနေမှာပေါ့။ ဒီနှစ် သူတို့လေးတွေ စာမေးပွဲအောင်ရင် ဆရာ ဖြစ်သင်တန်း ပို့မယ်လို့ ရှင်ပဲ ပြောထားတယ်မှုတ်လား။ တစ်ချိန်မှာတော့ တစ်ပြန်တလှည့် အားကိုးရဦးမှာပေါ့'

            ဇနီးစကားကို ထောက်ချင့်လျက် သားသမီးလေးတွေ မျက်နှာကို ပြန်ကြည့်လိုက်မိသည်။ သားကြီး မောင်သက်ဦးမှာ မက်ထရိတ်တွင် လေးနှစ်ဖြေဖူးလေပြီ။ သမီးခင်ချိုဦးသည် သူ့အစ်ကို အမီလိုက်လာခဲ့သဖြင့် သူလည်း နှစ်နှစ် ဖြေဖူးပြီဖြစ်လေ၏။ သို့သော် ယခုနှစ် သူတို့ဖြေရသော စာမေးပွဲကား ထီ ထိုးရသကဲ့သို့ ရှိလေသည်။ ဆယ်တန်းနှင့် ကိုးတန်း တစ်ခုခုချိတ်နိုင်မှ မချိတ်နိုင်၍ ကျပြီဆိုလျှင် နှစ်ချို့သမားများမို့ သူတို့မြို့ကလေးရှိ တန်းမြင့်ကျောင်းတွင် ဆက်လက်နေနိုင်ခွင့် မရှိချေ။

            သားသမီးကလေးတွေ၏ ပညာအစွမ်းအစနှင့် မှီခိုစား ဦးမည်ဟု တစ်ခါတစ်ရံ ကြုံးဝါးကြည့်လိုက်မိသော်လည်း နှစ်စဉ် တဖုန်းဖုန်းကျနေသည့်ပြင် မကြာခဏ ပြောင်းလဲနေသော ပညာရေးစနစ်ကြောင့် စိတ်ပျက်မိလေသည်။ မတော်တဆ ယခုနှစ် ကျကြဦးမည်ဆိုလျှင် မြို့ပေါ်တွင်ပင် ထားစရာကျောင်း မရှိတော့ပြီ။

            သို့ဖြစ်လျှင် ကျောင်းသား နှစ်ယောက်၏ တာဝန်ကို အဘယ်သို့သော အထောက်အကူနှင့် အားကိုးအားထား ပြုထားရမည်နည်း။ တွေးတော၍ မရနိုင်အောင် ရှိလေသည်။

            သို့ထက် သားကြီးမောင်သက်ဦးသည် တန်းမြင့်ကျောင်းတွင် နေရသည့် ဂုဏ်ဒြပ်ကို ဝင့်ကြွားကားသော အသွင်ရှိသည်။ စကားပြောလျှင်ပင် ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ နိုင်ငံရေး၊ သမဂ္ဂအရေးတို့ကို လေလုံးထွားထွားနှင့် လက်သီးဆုပ်၍ ပြောတတ်သေး၏။ သူတို့စကားပြောပြီဆိုလျှင် မြန်မာစကားချည်း သက်သက်မဟုတ်မူဘဲ အင်္ဂလိပ်စကားကလေးများ ကြားညှပ် ပြောတတ်သဖြင့် တစ်ခါတစ်ရံ ဦးဘအောင်တို့ ဇနီးမောင်နှံမှာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်၍ ရှက်အမ်း အမ်းကြီးတွေ ဖြစ်နေတတ်ကြသည်။

            သားသမီးများ ပြောစကားကို မိဘလုပ်သူများက နားမလည်ကြ၍ လုံးစေ့ပတ်စေ့ မေးရမည်မှာလည်း ခက်လှသည်။ သားသမီးပင် ဖြစ်လင့်ကစား သည်လိုပညာဗဟုသုတ နှင့် သက်ဆိုင်လာလျှင်တော့ ဦးဘအောင် ရှက်မိသည်။ ထို့ကြောင့် တစ်ခါတစ်ရံ သားကို စိတ်ထဲမှ ဘဝင်မြင့်သည်ဟု ယူဆလိုက်မိကာ သဘောမကျလှပေ။

            သမီးကိုလည်း ထိုနည်းတူပင်။ လူကြီးသူကြီးမှန်း မသိ။ ဆတ်ကော့လတ်ကော့ အမူအရာမျိုးနှင့် လွတ်လွတ်လပ်လပ် နေတတ် စားတတ်၊ ဝတ်တတ်ခြင်းကို ပါးစပ်မှ ဖွင့်မပြောခဲ့သော်လည်း မျက်စိက အခါခါ ကြိမ်းဝါးခဲ့ဖူး၏။

            သမီးဖြစ်သူက ထဘီခြေသလုံးတစ်ပတ်နှင့် ယောကျ်ားစီး စက်ဘီးကြီးပေါ်သို့ ကျော်၍ တက်လိုက်ပြီလားဆိုလျှင် ဦးဘအောင်အဖို့ မျက်စိမျက်နှာ ပျက်လောက်အောင်ပင် အနေအထိုင် ခက်သွားလေသည်။ သို့သော် သူ့သမီးတွင်သာ မဟုတ်၊ အခြားသော အမျိုးသမီးကလေးများလည်း ထိုကဲ့ သို့ဖြစ်၍ ဟန့်တားရ ခက်လှ၏။

            သားသမီးများကို တောမှာမွေးပြီး မိဘကြိုက် နေ့သင့် နံသင့်ယူကာ သားအား မောင်ချစ်ဦး၊ သမီးကို ခင်ချိုဟု မှည့်ခေါ်ခဲ့သော်လည်း ကျောင်းသို့ရောက်၍ အတန်းကလေး ရလာသောအခါ ချစ်ဦးဘဝမှ သက်ဦးသို့လည်းကောင်း၊ ခင်ချိုဘဝမှ ခင်ချိုဦးဟူ၍လည်းကောင်း သူတို့ဘာသာ ပြင်ဆင်ပြောင်းလဲလာကြသည်။

            ဤမျှ ခေတ်ဆန်ချင် ခေတ်မီချင်ကြသော သားသမီးများအတွက် မိဘတွေပင် တစ်ခါတစ်ရံ အံ့အားသင့်ခဲ့ရ၏။ သူတို့ကလေးတွေ သည်လို လူတောသူတော ဝင်ဆံ့သည် ဆိုပြန်တော့လည်း မိဘများအနေနှင့် အခွင့်အရေး ပေးရပြန်သည်။ ရှာသမျှ၊ ဖွေသမျှ သားနှင့်သမီးအတွက်သာတည်း။

            ကိုယ်တိုင်မသင်ကြား မတတ်မြောက်ခဲ့ကြသော်လည်း သားသမီးများ၏ မတောက်တခေါက် ဘိုသံကလေးများကို အမှီတကဲပြု၍ ဝင့်ကြွားကောင်း ဝင့်ကြွားပေလိမ့်မည်ဟုလည်း တွေးတောခဲ့မိသည်။

            မည်သို့ဆိုစေ စီးပွားရေးအကွက် မလည်သည့်အခါ၌ ကား ဘာကိုမျှ မက်မောလိုစိတ် မရှိတော့ပေ။ ဦးဘအောင် အဖို့ သူ့တစ်ဦးတည်း ရှေ့ဆောင်ရှာဖွေနေရသည့် စီးပွားရေးကြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်လာသည်၌ တည်ငြိမ်သော အဖြစ်သို့ ရောက်လာခဲ့ရ၏။

            ထို့ကြောင့် ဇနီးမယားနှင့် သမီးသားတို့ပါ အခြေပြုတ်၍ မပြောင်းနိုင်စေကာမူ စိတ်ပြေလက်ပျောက် သဘောမျိုးဖြင့် သူတစ်ဦးတည်း တောသို့သွားရန်စီစဉ်ကာ ခရီးထွက် သွားလေတော့သည်။

            မရောက်တာလည်း ကြာပေပြီ။ ဦးဘအောင်နှင့် တန်းတူ ငယ်ပေါင်းကြီးဖော် ချမ်းချမ်းသာသာ သူငယ်ချင်းများမှာလည်း မြို့ပေါ်သို့ အသီးသီးရောက်နေကြပြီမို့ လယ်လုပ်သား အိမ်တွင်ပင် တည်းခိုလိုက်လေ၏။

            ဦးဘအောင် တည်းခိုသော လယ်လုပ်သား ကိုဘထွန်းတို့ ဇနီးမောင်နှံမှာ လယ်ရှင်အား ဘုရားတစ်ဆူလို ဦးထား ပြုစုကြလေသည်။

            ကိုဘထွန်းသည် လယ်သမား စစ်စစ်ဖြစ်သည်။ လယ်လုပ်ရမှ ထမင်းဝသည် ထင်သည်။ မည်မျှပင်ပန်းသော်လည်း ငါးပိရည်နှင့် တို့စရာကို ငစိန်ထမင်းနီကြမ်းနှင့် အမြဲလွေး နေကျမို့ သူ့ခွန်အားမှာ လယ်ထဲတွင် အရင်းမြှုပ်၍ ရုန်းနိုင်ရည် ရှိသည်။

            ဧည့်သည်ရောက်သည်ဆိုလျှင် ဟင်းလျာရှာရန် ကိုဘထွန်း ထွက်သွားလေသည်။ ပလိုင်းထဲတွင် ဘာပါသည်ဟု မမြင်ရသော်လည်း မီးဖိုဆောင်တွင် တခွပ်ခွပ်ချနေသံကို ဦးဘအောင် ခပ်လှမ်းလှမ်းမှ ကြားရ၏။

            ထမင်းပွဲ ပြင်လာသောအခါ ငပြေမကြီးများအား မကျည်းသီးနှင့် ချက်ထားသည်ကို တွေ့ရ၏။ စောစောက တခွပ်ခွပ်ချနေသံသည် ထိုငပြေမပင် ဖြစ်ရမည်ဟု ဦးဘအောင် တွေးလေသည်။ ထိုနေရာတွင် မြို့နှင့်ကွာခြားလေသည်။ မြို့တွင် ငွေရှိလျှင် ပံ့သကူ ဝယ်၍ရ၏။ တော၌မူကား ငွေရှိ သော်လည်း လိုတိုင်း မရပေ။

            'ဘာမှ အားမနာနဲ့ ဦးကြီးအောင်။ ခင်ဗျား ဟင်းမငတ်အောင် ဒီနေ့ငရစ်ငါး လိုက်လိုက်ဦးမယ်။ အို...အနည်းဆုံး ငါးပတ်သားတော့ စားရမှာပဲ'

            'အိုကွာ...သူများအသက်ကြီး လုပ်မနေကြစမ်းပါနဲ့။ မရှိ ရှိသရွေ့ပေါ့ကွ။ ငါ့အတွက်နဲ့တော့ ငရဲကြီး မခံကြနဲ့ဟေ့'

            'ဟာ...ဘယ်ဟုတ်မလဲဗျာ။ ကျုပ်တို့ဆီမှာ ငရဲကြောက်နေရင် ငတ်မှာပေါ့ဗျ။ ငရဲကြီးမှ စားရတာပဲဟာ'

            ကိုဘထွန်းကား မကွယ်မဝှက်ပင် ပြောလိုက်လေသည်။ ဦးဘအောင်ကမူ ဘာပြန်ပြောရမည်ပင် မသိတော့။ သူတို့ နေစဉ်တုန်းက တောနှင့် ယခုတောကား ကွာခြားသွားပြီကို နေရာတကာ သတိပြုကြည့်မိ၏။ ဟိုစဉ်က တောသည် အိမ်ခြေများသည့် ရွာကြီးသို့ ဈေးသည်များ လှည့်လည် ရောင်းချကြသည်။ ဈေးဆိုင်ကြီးတွေလည်း ရှိကြသည်။ ယခုမူ တစ်ရွာလုံး လယ်သမားချည်း ဖြစ်နေကြသည်။ ဈေးသည်များလည်း ရောင်း၍မဟန်ကြသဖြင့် မည်သူမျှ ဈေးရောင်းမစားကြပေ။

            ညဘက် မိုးဖြိုင်ဖြိုင် ရွာသောအခါ ကိုဘထွန်းတစ်ယောက် ဖားရိုက်ရန် မီးအုပ်တစ်အုပ်နှင့် ထွက်သွားတော့သည်။ နေ့ဘက်တွင် ငါးရစ်ငါးရှာ၍ ညဘက်၌ ဖားရိုက်ကြသည်။ မိုးဦးကျလျှင် သူတို့အဖို့ ငရဲကြီးသည်ထက် ဟင်းစား ဖောဖောသီသီ စားကြရသဖြင့် မိုးဦးကျကိုပင် ကျေနပ်မိသည်။

            ကိုဘထွန်းသည် ခြင်းပလုံးနှင့် အပြည့်နီးပါးရလုသော ဖားများကို ဦးဘအောင်အတွက်ပါ နေဖို့ညစာ ချန်ထားသည်။ အရိုက်မနာသော ဖားများကား အသက်ပြင်းသည်နှင့်အမျှ ရုတ်တရက် မသေကြပေ။ လယ်သိမ်ပလိုင်းထဲ၌ မှောင်ရိပ် ခိုနေရသဖြင့် နေ့ညမရွေး တကွပ်ကွပ် အော်မြည်နေကြရသည်။

            ဖားအော်သံကြားတိုင်း ဦးဘအောင် စိတ်မချမ်းသာလှပေ။ ရွာထဲ၌ တစ်အိမ်တက်ဆင်း လျှောက်လည်နေသည့်အခါ ပျော်ရွှင်သလို ရှိ၏။

            ရွာ၏အခြေအနေ၊ ရွာနေလူများ၏ အကျင့်စရိုက်စသည် တို့ကို တစ်စွန်းတစ်စ စူးစမ်းကြည့်နေမိသည်။ အထူးသဖြင့် ရွာတွင် အသက်အကြီးဆုံးနှင့် ရွာသား အစစ်မှန်ဆုံးသော ဘကြီးကွန်းထံတွင် တစ်နေကုန်တစ်နေခန်း စကားစမြည် ပြောနေလေသည်။ ဘကြီးကွန်းသည် နွေက ဘုရားပွဲကျင်းပစဉ် အငြင်းအခုံ ဖြစ်ခဲ့ရကြောင်းများမှအစ အားလုံးရွာသား နောက်ပေါက် လူငယ်တွေ၏ စိတ်နေသဘောထားကို ပြောပြလေသည်။

            'ငါ့တူရာ၊ ဒီခေတ်က ကာလပြောင်းပြန် ဆိုတာလိုပါပဲကွ။ လူကြီးတွေ သြဇာကို လူငယ်တွေက မထီမဲ့မြင် ပြုလုပ်ကြတယ်။ လွှမ်းမိုးကြတယ်။ အိမ်း...ဘူးတောင်းမြှုပ်လို့ စောင်ချမ်းပေါ် ဆိုတဲ့အတိုင်းပေါ့ကွာ။ ဘူးတောင်းဆိုတဲ့ အရာဟာ အင်မတန်ပေါ့လို့ ရေပေါ်မှာ ပေါလောပေါ်သမှုတ်လား။ စောင်ချမ်းသားများတော့ လေးလွန်းလို့ ရေပေါ်ရိုး ထုံးစံမရှိဘူး။ အေးအေး...ဒါပေမင့် ခုတော့ စောင်ချမ်းသားကြီးတွေ ရေပေါ်နေရပါပကောကွယ်'

            နွေဦးတုန်းက ဘုရားပွဲတွင် ပွဲသွင်းမည်ဆို၍ မသွင်းရန် ဘကြီးကွန်း တားမြစ်ခဲ့ဖူးသည်။ သို့သော် ကာလသားများက ဇာတ်မကြည့်ရလျှင် မကျင်းပဟု ငြင်းဆန်ခဲ့၍ ဇာတ်သွင်းခဲ့သောအခါ ပွဲခင်းထဲ၌ ရန်ဖြစ်၍ လူနှစ်ယောက် သေရသည်။ ထိုအကြောင်းကို ဘကြီးကွန်းက စမြုံ့ပြန်လေသည်။

            ဘကြီးကွန်းစကားသည် မှန်လွန်းလှ၏။ ခေတ်ကာလများ ကုန်လွန်ရင့်ညောင်း လာသကဲ့သို့ လူငယ်တွေမှာလည်း နောက်ပေါက်ဘဝနှင့် တစ်ခေတ်ထလာလေသည်။ ထိုအခါ ဘကြီးကွန်းတို့ သြဇာမညောင်းတော့ပေ။

            ရွာသားတွေကား ယခင်ကလို စိတ်ရင်းစေတနာ လွန်စွာ မဖြူကြတော့ပါလားဟု စဉ်းစား၍ သံဝေဂရမိ၏။ သို့သော် လယ်ထဲတွင် နင်လား၊ ငါလား လုပ်ကိုင်ကြပုံများမှာကား တူညီ ကြပေသေးသည်။ ပျိုးခင်းများ ထွန်ရေးများကို မြင်ရပြန်တော့လည်း ဦးဘအောင်စိတ်တွင် တက်ကြွလာမိပြန်သည်။ ဥယျာဉ်ခြံမြေများလည်း မိုးဦးမို့ စိမ်းလန်းစိုပြည်နေကြသည်။ ရှုခင်းကိုသာ နေကုန်နေခန်း ထိုင်ကြည့်နေမည်ဆိုလျှင် စိတ်ပျော်ဖွယ် ဖြစ်နေသည်။

            ဦးဘအောင်သည် ရောက်ကတည်းက ခြံမြေလယ်ယာ အနှံ့အပြား လိုက်လံကြည့်ရှု စိတ်ကူးအမျိုးမျိုး ထုတ်ကြည့်နေသည်။ မြင်မြင်သမျှသည် ငွေပင်ငွေသီးချည်း ဖြစ်နေသလို ထင်မှတ်မိ၏။ ရွာသူရွာသားများ အခြေအနေပြောင်းလဲကြသည် ဆိုသော်လည်း ဤသီးပင်သီးရွက်တို့ကား ဥတုရာသီအလိုက် သဘာဝမပြောင်းလဲဘဲ သီးမြဲပွင့်မြဲ ဖြစ်ကြသည်မို့ မြတ်နိုးမိလေသည်။ ထိုမြတ်နိုးဖွယ် သဘာဝသစ်ပင်များကသာလျှင် ရွာသူရွာသားများအား ဝမ်းတစ်ထွာအတွက် ဖြည့်တင်းပေးစွမ်းနေသည် ဖြစ်၏။ ဦးဘအောင် ထိုသဘောကို တစိမ့်စိမ့် ကျေနပ်သလို ဖြစ်နေမိသည်။

            'ဦးကြီးအောင်ရေ...ဟောဒီမှာ လူကြုံနဲ့ စာပါလာတယ်'

            'ဟေ...ဟုတ်လား၊ ပေးစမ်းဟ'

            ဦးဘအောင်ကား ကိုဘထွန်းလက်တွင်းမှ စာအိတ်ကလေးကို အဆောတလျင်ယူ၍ ဖောက်လေ၏။

            သို့...

            သား ရိုသေစွာ စာရေးအပ်ပါသည်။ ဖေဖေ ခင်ဗျား...

            ဖေဖေသွားပြီး နောက်နှစ်ရက်မှာ သားတို့စာမေးပွဲ အောင်စာရင်း ထွက်လာပါသည်။ သို့သော်လည်း သားရော၊ ညီလေးပါ စာမေးပွဲရှုံးပါသည်။ သားတို့မှာ နောက်ထပ်မြို့ပေါ် ကျောင်းတွင် နေခွင့်မရတော့ပါ။ သို့အတွက် ဖေဖေပြန်လာမှ စီစဉ်ရမှာမို့ သားတို့ ဖေဖေ့ကို မျှော်နေပါသည်။

ဖေဖေကျန်းမာပါစေ။

သားကြီးသက်ဦး

            ဦးဘအောင်သည် စာဆုံးသွားလျှင် သက်ပြင်းကြီးတစ်ချက် ရှူထုတ်လိုက်လေသည်။

            'ဟေ့...ဘထွန်း၊ ဒီနေ့သီရိကျက်သရေ ထွက်မယ် မဟုတ်လားဟေ့။ သွားစုံစမ်းစမ်း။ ငါပြန်လိုက်မလို့'

            'သီရိကျက်သရေ' ဆိုသည်မှာ မြို့နှင့် နေ့စဉ် ခုတ်နေသော သစ်သားခွံ မော်တော်ကလေးဖြစ်၏။ ဦးဘအောင်သည် ပါလာသော လွယ်အိတ်ကို ပြင်ဆင်၍ ဘထွန်းအလာကိုပင် မစောင့်နိုင်ရှာဘဲ ကမ်းနားဆိပ်သို့ ဆင်းသွားမိလေတော့သည်။

            ဦးဘအောင်၏ ခြေလှမ်းများသည် မြို့မှတောသို့လာရန် မော်တော်ဆိပ်အရောက် ဆင်းစဉ်ကထက် မြန်လျက် သွက်လျက် ရှိလှပါတကား။  

ရွှေကျွန်းရီလေး

ရှုမဝမဂ္ဂဇင်း ၁၉၆၃ ဖေဖော်ဝါရီ

(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)
နုနုရည်အင်းဝ

ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၆)
နုနုရည်အင်းဝ

ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၅)
နုနုရည်အင်းဝ

နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။