ရွှေဝတ္ထုရှည် စ/ဆုံး

နတ်ရေတွင်း

ဝသုန်

01 January 2025
နတ်ရေတွင်း
Share to

၁၂.၇.၁၉၈၂ သမီးလေးအင်ကြင်း...

အခုဆိုရင် သမီးရဲ့ အသက်ဟာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ‌နော်။ မနေ့ကပဲ သမီးလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ပွဲကလေး ဖေဖေတို့ အိမ်မှာကျင်းပပြုလုပ်ခဲ့တယ်။ ဖေဖေတို့ရဲ့ အသိုင်းအဝိုင်းဖြစ်တဲ့ အနုပညာသည်များနဲ့ စည်ကားသိုက်မြိုက်စွာပေါ့ကွယ်။ ဖေဖေ့ကို နားလည်တဲ့ ဖေဖေ့ဘဝကို ဖတ်သိတဲ့ သူများကိုသာ ဖေဖေ ရွေးဖိတ်ခဲ့တယ်။ မလွှဲသာလို့ ဖိတ်စာကို အသုံးပြုခဲ့ရတာတောင် ပကာသန ဖက်နေ‌သေးသလားလို့ ဖေဖေ ထင်နေမိတယ်။ ဖေဖေဟာ တို့များရဲ့ ရေမြေသဘာဝ ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ တိုင်းတစ်ပါးက ထုံးစံ၊ ဓလေ့၊ ယဉ်ကျေးမှုတွေ မကြိုက်တတ်ပါဘူး။ မွေးနေ့ပွဲ ကျင်းပတာကိုတော့ အနောက်၊ အရှေ့ ဘယ်အရပ်က အလေ့ဖြစ်ဖြစ် ဖေဖေ လက်ခံတယ် သမီးရယ်။ ရခဲလှတဲ့ လူ့ဘဝမှာ လူသားတစ်ယောက် ရောက်ရှိနေထိုင်ရတာကို အသိအမှတ်ပြုတဲ့ပွဲမို့ပေါ့။ လူသားတစ်ယောက်ဟာ မွေးဖွားခြင်း ပြီးတာနဲ့ သေဆုံးခြင်းဆိုတဲ့ ဝတ္တရားက မလွဲမသွေရှိလေတော့ သူ့ရဲ့သေနေ့ပွဲကို တစ်ချိန်ချိန်မှာ ဧကန်ကျင်းပကြရစမြဲပဲလေ။ သူ့ရဲ့သေနေ့ပွဲ (အသုဘအခမ်းအနား)ကို ကျန်ရစ်တဲ့ မိသားစုတွေက ပြုလုပ်ကြ။ ပြီးတော့ အဲဒီအခါမှ သူ့ရဲ့ဖြစ်တည်စဉ်ကာလကို တမ်းဆွတ် နှမြောတသမိကြပြီး သူ့ရဲ့ သေနေ့ပွဲကို ပရိဒေဝမီး တောက်လောင်စွာနဲ့ ပြုလုပ်လေ့ရှိကြတယ်။

အဲသည်လို ပွဲမျိုးထက်စာရင် ‘မွေးနေ့ပွဲ’ ကလေးကို ပီတိအဟုန်နဲ့ ကျင်းပကြရတာကို ပိုပျော်စရာ မကောင်းပေဘူးလား။

ခုလို ပျော်စရာပွဲ နေ့လေးမတိုင်မီ သမီးလေးကို ဖေဖေ၊ မေမေတို့ မွေးဖွားရယူခဲ့စဉ်ကာလကို ပြန်တွေးကြည့်လိုက်တော့ ဖေဖေ့ရင်ထဲ လှိုက်ခုန်လှုပ်ရှားလို့ လာပြန်တယ် သမီးရယ်။

သည်က ဟိုဘက် တစ်နှစ်ကာလတုန်းက သမီးလေးဟာ လူ့လောကထဲမှာ မရှိသေးဘူးလေ။ မင်းမေမေရဲ့ ဝမ်းကြောတိုက်ထဲမှာ၊ အချင်းအိမ်ကလေးထဲမှာ မေမေ အသက်သွေးချင်းဆက်လို့ ကွေးကွေးလေး အိပ်ပျော်နေနေရဦးမှာ။ ဣတ္တိလင်၊ ပုလ္လိင်လား ဆိုတာတောင် ကွဲကွဲပြားပြား မသိခဲ့ရသေးဘူး။

သမီးရဲ့မေမေ ကမ္ဗဇလေလှုပ်ရှားလို့၊ သမီးကလည်း လူ့လောကကို ရောက်လာချင်လို့ အချက်ပေးလိုက်တဲ့အခါ သမီးကို မွေးဖွားသန့်စင်ဖို့ ဆေးရုံကို သွားကြတော့ ခုလိုပဲ မိုးပေါက်ကလေး တဖွဲဖွဲ ကျနေတယ်။ အဲဒီတုန်းက ဖေဖေကလည်း အဖျားပျောက်ပြီးခါစအချိန်။ တစ်ယောက်နဲ့ တစ်ယောက် အားမရှိတရှိ လူက ဝေဒနာ ခံစားနေရတဲ့သူကိုတွဲလို့ ဆေးရုံကို ရောက်သွားခဲ့ကြတယ်။

သမီးမေမေဟာ သိပ်ကြာကြာ ဗိုက်မနာလိုက်ရပါဘူး။ လွယ်ကူချောမောစွာပဲ သမီးကို မွေးဖွားနိုင်ခဲ့တယ်။ ဖေဖေမေမေတို့မှာ သမီးအရင်က သားသမီး သုံးယောက်ရှိနှင့်ခဲ့ပြီးပြီလေ။ သမီးမှာ ကိုကိုနှစ်ယောက်နဲ့ မမတစ်ယောက် ရှိနှင့်ခဲ့ပြီးပြီကွ။ သမီးလေးဟာ ဖေဖေတို့ရဲ့ စတုတ္ထမြောက် ရင်သွေးပေါ့။

သမီးကို မနက်စောစောမှာ မွေးတယ်။ ဖေဖေတို့ကတော့  ဆေးရုံစည်းကမ်းအတိုင်း ဧည့်ချိန်ကျမှ သမီးနဲ့ တွေ့ရတော့တယ်။ သမီးဟာ အနှီးကြပ်ထုပ်ကလေး ပတ်လို့ မေမေ့ရင်ခွင်ထဲမှာ ညာဘက်လက်မလေးကို စုပ်လို့၊ ဝိုင်းစက်တဲ့ မျက်လုံးတွေနဲ့ ပြူးကြောင်ကြောင်လေး ကြည့်နေတယ်။ ဖေဖေ မှန်းတော့ ဘယ်သိပါဦးမလဲ။ နောက်တော့ 'အူဝဲ'ခနဲ ငိုပါလေရော။ သည်တော့ မင်းလေးရဲ့ မေမေက ချိုချို ဖမ်းတိုက်ရတော့တာပေါ့။ ကြည့်စမ်း...သမီးဟာ မွေးမွေးချင်း အစာတောင်းခံတတ်ပြီ။ ဆန္ဒကို ငိုကြွေးခြင်းနဲ့ ပြဆိုတတ်ပြီ။ နောင်ကာလများတွေမှာ ဘာတွေ ထပ်တတ် ကျွမ်းဦးမလဲ မသိ။

ဘာပဲဖြစ်ဖြစ်လေ၊ ဖေဖေ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် သမီးရဲ့။ 'ကလေးပုခက်အနားမှာ မကောင်းမှုတွေ မရှိ'တဲ့။ ဖေဖေ အင်မတန်ကြိုက်တဲ့ စကားပဲ။ သမီးရဲ့ မျက်လုံး လေးတွေဟာဖြင့် ပုလဲရောင် ပြေး မျက်သားဖြူဖြူမှာ မဟူရာ မျက်ဆံနက်နက်ကလေး ရှိနေတာကို ဖေဖေ လေးစားနေမိတယ်။ ဖေဖေတို့ လူကြီးတွေမှာ အဲသလို မျက်ဝန်းတွေ မရှိကြတော့ဘူး။ လူ့ဘဝကို ဖြတ်သန်းပြီးလေလေ မျက်ဝတ်မျက်ဆံ ဝါကျင့်ကျင့်၊ နီသွေးရောင်ရောင် ပြာညို့ညို့တွေ ဖြစ်ကုန်ကြပြီ။ တချို့ ကံဆိုးသူခမျာများကျတော့ မျက်ဆံနက်နက်တွေဟာ မီးခိုးရောင်ဖျော့ဖျော့သာ ကျန်ရစ်တော့တယ်။

ဖေဖေတို့ တင်စားနေကြရတဲ့ စကားတစ်ခွန်းလည်း ရှိပါသေးရဲ့။

'သူဟာ ကလေးတစ်ယောက်လို အပြစ်ကင်းစင်တယ်'တဲ့။ အမှန်ပဲ လူကြီးတွေဟာ ကလေးတွေလို အပြစ်ကင်းစင်ဖို့ ဘဝမှာ ဘယ်ဖြစ်နိုင်ပါတော့မလဲကွယ်။ ဖေဖေ့မှာ ကလေးတွေကို ချစ်တတ်တဲ့စိတ်၊ လေးစားတဲ့ စိတ်တွေ လက်မှန်မဆွ ဖေဖေ အိမ်ထောင်မကျခင်ကတည်းက ရှိခဲ့တာပါ။ ခုလို ဖေဖေ့ မျိုးဆက်၊ ဖေဖေ့သွေးဆိုတော့ ပိုချစ်တာပေါ့ သမီး။ ဆေးရုံကနေ ချက်ချင်း ဈေးကို သွားပြီး အင်္ကျီပေါက်စလေးတွေ၊ ဦးထုပ်လေးတွေ၊ ခြေအိတ်ကလေးတွေ ဝယ်ရတာလည်း ပျော်စရာအရသာ တစ်မျိုးပေါ့။

သမီး မမွေးမီကတည်းက ပုခက်ကလေး၊ အနှီးပိတ်ကလေးတွေကတော့ ဝယ်ပြီးသားလေ။ ဖေဖေတို့ ငယ်ငယ်က ပိတ်ပုခက်၊ ဆောင်ပန်းပုခက်တွေနဲ့ အိပ်ခဲ့ရတယ်။ သမီးကျတော့ သံမဏိဘောင် မှာ ပလတ်စတစ်ကြိုးလေးတွေ ထိုးထားတဲ့ လှုပ်ပုခက်လေးနဲ့ပေါ့။ နောက် သမီးကိုယ် လက်မနာအောင် ရေမြှုပ်မွေ့ရာလေး ခင်းပြီး အနှီးဖြူဖြူလေးပတ်လို့ သမီးကို သိပ်ရတယ်။ ဇာခြင်ထောင် ပိတောက်ရောင်ကလေး ထောင်လို့ပေါ့။

ပြီးတော့ အရေးကြီးတဲ့ သမီးကို ခေါ်စရာ နာမည်လေးတွေ ရွေးကြတယ်။ ဖေဖေ့ကို ချစ်တဲ့ မဂ္ဂဇင်းတိုက် ကဗျာဆရာအယ်ဒီတာ ကြီးရယ်၊ တံငါ ရေလုပ်သား ဝတ္ထုတွေရေးတဲ့ နေရာမှာ သရုပ်ပီပြင်လှတဲ့ စာရေးဆရာကြီးရယ်ပေါ့။ သမီးက တနင်္ဂနွေနေ့ဖွား။ သမီးမမ အင်္ဂါနေ့ဖွားဆိုတော့ စ ဆ ဇ ဈ ည ထဲက ပန်းနာမည် ဖြစ်တဲ့ 'စံပယ်ဖြူ'လို့ မှည့်ထားခဲ့ပြီမို့ သမီးကိုလည်း ပန်းနာမည်ပဲ ပေးချင်တယ်။

သမီးရဲ့ နေ့နံသင့် အက္ခရာက ''တစ်လုံးတည်းရယ်။ သတ်ပုံကျမ်းတွေလှန်၊ အဘိဓာန်တွေရှာနဲ့ 'အောင်' တို့၊ 'အုန်း'တို့၊ ဣန္ဒြေ'တို့ဆိုတာတွေ တွေ့ပါရဲ့။ ပန်းနာမည်ပါတဲ့ စာလုံးလေးပဲ မှည့်ချင်တော့ နောက်ဆုံး 'အင်ကြင်း'ဆိုတဲ့ ပန်းနာမည်ကို ရှာလို့ရသွားရော။ သမီးမေမေရဲ့ နာမည်လည်း ပါအောင် 'အင်ကြင်းအေး' လို့ သမီးကို အမည်ပေးလိုက်မိတော့တယ်။

နောက်ရက်တွေက စလို့ ဖေဖေတို့အားလုံး 'သမီးလေး အင်ကြင်းအေးရေ၊ အင်းကြင်းရေ၊ ညီမလေး အင်ကြင်းအေး'လို့ ဝိုင်းခေါ်ကြတာပေါ့။ သမီးက ဘယ်ထူး တတ်ပါ့မလဲ။ 'အင်း... အင်း...အဲအဲ'နဲ့ ရေရွတ်လို့ ဖေဖေတို့ကို ပြူးကြောင်ကြောင်လေး ပြန်ကြည့်နေတာပဲ။ သမီးရဲ့ ပါးမို့မို့လေး ဆီက ဝိုင်အိုလက် ပေါင်ဒါနံ့နဲ့ နို့သင်းနံ့လေး ရတဲ့အခါ ဖေဖေ့ရင်ထဲမှာ အစားကောင်းတစ်ခု စားရသလို ပြည့်တင်းသွားတာပါပဲ။

တစ်ခါတစ်ခါမှာတော့ သမီးကို ဖေဖေက သနားနေမိတယ်။ သမီးဟာ အဲဒီပုခက်ကလေးထဲမှာပဲ တစ်နေကုန် နေရရှာတာကိုးကွယ်။ ကျောကုန်းကလေး အပူလောင်မှာလည်း စိုးတယ်။ နို့နံ့ကြောင့် ပုရွက်ဆိတ် တစ်ကောင်တလေများ ရောက်လာလို့ကတော့ ဖေဖေဟာ ငြိုးသူ့ ရန်ဘက်ကြီးပမာ ပွတ်ချေပစ်လိုက်မိတာပဲ။ သမီးက နည်းနည်းဖွံ့တော့ အသားအစ်အစ်လေးကြားထဲ ဝိုင်အိုလက်တွေ ဖွေးနေအောင် သိပ်ထည့်ပေးရတယ်။

သမီးရဲ့ ကိုကိုငယ် 'မျိုး'ဟာ သမီး မမွေးခင်တုန်းက 'ညီမလေးဆိုရင် မချစ်ဘူး။ ညီလေးပဲ လိုချင် တယ်'လို့ ဆိုခဲ့တာပေါ့။ ခုတော့ သူဟာ သမီးရဲ့ ပုခက်ကလေးနားမှာပဲ ထိုင်ပြီး သမီးကို မှန်ကြည့်သလို ကြည့်ရင်း 'ညီမလေး၊ ညီမလေး'နဲ့ မပီ့တပီ ခေါ်နေရတာ အမော။ တစ်ခါတစ်ခါ မနိုင်မနင်းနဲ့ ပွေ့ချီ လမ်းလျှောက်မယ် လုပ်လို့ မနည်းတားရတယ်။ ဟိုတုန်းက သူ အငယ်ဆုံးမို့ အလိုလိုက် ဂရုစိုက် အခံရဆုံး ဖြစ်တဲ့ သူ့ရဲ့ ကိုယ်ပိုင် အခွင့်အရေးကလေး ဆုံးပါးသွားခဲ့တာတောင် သူ မသိလိုက် ရှာတော့ဘူး သမီးရေ။

တစ်ရက်တော့ သမီးရဲ့ ကိုကိုကြီး 'ငြိမ်း'ဟာ ကျောင်းကနေ မျက်စိနာရောဂါကို သယ်ဆောင်လာပါလေရော။ ကာလပေါ် ရောဂါ တစ်ခုမို့ အဲဒီအချိန်မှာ လူအတော်များများ ဖြစ်နေကြ တဲ့ ရောဂါပေါ့။

'သားကြီး ညီမလေး နား သိပ်မကပ်နဲ့ကွာ။ မျက်စိနာ ကူးလိမ့်မယ်'လို့ ဖေဖေ တားတော့ သူ့မျက်နှာလေး အိုသွားတယ်။ ဒါပေမယ့် ဖေဖေတို့အလစ်မှာ သမီးကို ခိုးနမ်းတာပဲ။ ဒီတော့ မျက်စိ နာကလည်း ရက်ပိုင်းအတွင်း သမီးကို ကူးစက်သွားပါရော။

'သားရာ၊ ဖေဖေ ပြောထားရက်နဲ့ သားရာ'လို့ တဖျစ်တောက်တောက် ညည်းမိပေမယ့် အလိုလို ယှက်သွယ်နေတဲ့ မေတ္တာဓာတ်ရဲ့အလျဉ်ကို မကူးစက်အောင် ဖေဖေ ဘယ်တားလို့ ရပါ့မလဲနော်။ ပြီးတော့ ဗိုင်းရပ်စ်ပိုးဆိုတဲ့ မိစ္ဆာလေးတွေကလည်း ဖေဖေတို့ သာမန်မျက်လုံးနဲ့ မြင်ရတာမှ မဟုတ်တာ။

သမီးကို ဆေးခန်းက ပေးတဲ့ မျက်စဉ်းအပြင် သမီး မေမေရဲ့ နို့ရည်ကြည်ကိုလည်း ခတ်ပေးရတယ်။ သူ့ အချိန်တန်လို့ပဲလား၊ မင်း မေမေရဲ့ မေတ္တာရေကြည်ကြောင့်ပဲလား မသိ။ သမီးရဲ့ မျက်စိနာတာ မကြာခင် ပြန်ပျောက်သွားခဲ့ပါတယ်။

မေမေနဲ့ ဖေဖေတို့ သဘောကွဲလွဲကြတာ တစ်ခု ရှိသေးတယ်။ အဲဒါကတော့ သမီးရဲ့ မွေးဆံပင်လေးကို မရိတ်ရဘူးလို့ ဖေဖေက တားမြစ်ထားတာကိုပါပဲ။ သမီးက ဆံပင်နက်နက် ကလေးနဲ့မှ ပိုကြည့်လို့ လှတယ်လို့ ဖေဖေ ထင်တယ်။ အမြဲတမ်း သူ့ယောက်ျား ဇွတ်သမားကို အလျှော့ပေးလေ့ရှိတဲ့ မေမေဟာ ဖေဖေ့ကို ဘာမှ မပြောရှာပါဘူး။ မကြာခင်မှာ ဖေဖေ အရှုံးပေး ရတော့တယ်။ သမီးရဲ့ ဆံပင်မှာ 'ဗောက်' ဆိုတာ ဖြစ်လာခဲ့လို့ပါပဲ။ ဒါနဲ့ပဲ သမီးရဲ့ မွေးဆံပင်ကလေးတွေ ရိတ်ပယ်ပစ်ရတော့တယ်။

အဲဒီအခါမှာလည်း ဖေဖေ နံဘေးက ထိုင်ပြီး 'ညီမရေ... ဖြည်းဖြည်းနော်၊ ဓားရှမယ်။ ငယ်ထိပ်နားကျရင် သတိထားရိတ်ပါကွာ' လို့ တဖွဖွ ပြောနေမိတယ်။ ဦးခွံမဆက်သေးတဲ့နေရာက ဦးရေပြား ပါးပါးလေး အောက်က တလှုပ်လှုပ် ဖြစ်နေတဲ့ သမီးရဲ့ငယ်ထိပ်ကလေး ပေါက်ရှသွားမှာကို စိုးမိတယ်။

ဒါပေမယ့် ဘာဖြစ်မှာလဲကွယ်။ သမီးရဲ့မေမေဟာ ကလေးလေးယောက်မိခင် ဖြစ်နေခဲ့ပြီပဲ။ အရင်တုန်းကတည်းက သမီးရဲ့ ကိုကို၊ မမတွေကို သူပဲ မွေးကျွေး သုတ်သင်လာခဲ့တာပဲဟာ။ ဖေဖေသာ အစိုးရိမ်လွန်တာပါ။ နေကြာစေ့ အခွံတောင် တင်လို့ရတဲ့ သမီးရဲ့ မျက်တောင်ကော့ နက်နက် ကလေးတွေ၊ သမီးရဲ့ ဖူးမို့မို့ နှုတ်ခမ်းလေး၊ ပေါ်လွင်တဲ့ နှာတံလေးချွန်ချွန်၊ အို... ဖေဖေ မေမေတို့ထက် ချောမောလှပလွန်းတဲ့ သမီးလေးပေါ့ကွယ်။

ဒီသမီးလေးကို ပိုးကောင်လေးများ ယုယစွာ မွေးရသလို မွေးကျွေး ပျိုးထောင်ရဦးမှာပါ။ သမီး အရင် သမီးရဲ့ကိုကို၊ မမတို့ကိုလည်း သည်လိုပဲ ပန်းများ ပျိုးသလို ပျိုးထောင်ပြုစုခဲ့တာပါပဲ။

မထူးဆန်းသလိုလိုနဲ့ ထူးဆန်းနေတာက ဟိုးအရင် သမီးတို့ရဲ့ ကိုကိုကြီးကို မွေးဖွားစဉ်က အတိုင်း ဖေဖေတို့ ပြန်ခံစားနေရခြင်းပါပဲ။ မမကြီးကို မွေးဖွားတုန်းကလည်း သည်အတိုင်း၊ သမီး အထက် ကိုကိုငယ် မွေးဖွား စဉ်ကလည်း သည်လို ခံစားမှုမျိုး ဖေဖေ့ရင်ထဲ၊ မေမေ့ ရင်ထဲ ရောက်ရောက်လာတော့တယ်။ သမီးရေ၊ ရင်ထဲ နှလုံးသားက စိမ့်ထွက်လာတဲ့ မေတ္တာ ရေကြည်ဓာတ်ပေါ့။ ဥပမာ ပေးရရင် ဘယ်အချိန် ခပ်ခပ် ဘယ်တော့မှ ခပ်လို့ မကုန်တဲ့ ရေတွင်းကလေးပေါ့။ 'နတ်ရေတွင်း'လေးတွေ ကိုယ်စီ ဖေဖေတို့ရင်ထဲမှာ ရှိနေခဲ့ပြီ။

၂၆.၁၁.၂ဝဝ၄

သားကလေး...

လူကလေး... အို ဘယ်လိုခေါ်ရပါ့။

မြေးကလေး... ဟုတ်ပြီ။ မင်းလေးဟာ ဘိုးဘိုးရဲ့ မြေးအစစ်ပဲ။

မြေးကလေးလို့ ခေါ်ရမှာပေါ့။ မြေးလေးရေ၊ အထက်မှာ ရေးခဲ့တဲ့ စာတွေ အားလုံးဟာ ဘိုးဘိုး အခု လောလောလတ်လတ်ရေးတဲ့ စာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂ နှစ်ကျော်က ရေးခဲ့တဲ့ စာတွေသာ ဖြစ်တယ်။ စာရွက်လေးတွေဟာ ဝါကျင်ကျင် ဖြစ်ရုံသာမက စက္ကူအနားသားတွေတောင် ကြွေချင်ချင် ဖြစ်နေပြီ။ အဲသည်လို စာမျိုးလည်း နောက်ရေးရလိမ့်မယ်လို့ မမျှော်လင့်တော့ အဲဒီစာ ရွက်ကလေးတွေကို စာအုပ်စင် တစ်နေရာမှာ ရေးပြီးသိမ်းထားခဲ့မိတယ်။ ဘိုးဘိုး အကျင့်က သည်လိုပဲ ခံစားမှု တစ်ခုပေါ်လာရင် ချရေးလိုက်၊ သိမ်းထားလိုက်နဲ့ ဘိုးဘိုးဟာ မပြီးသေးတဲ့ 'စာ' များစွာနဲ့ မပြီးသေးတဲ့ ပန်းချီကားများစွာကို ပိုင်ဆိုင်သူ ဖြစ်နေခဲ့ပြီ။

အဲသည် စာတွေထဲက သမီးလေး 'အင်ကြင်း' ဆိုတာက ခု မင်းကို အလှည့်ကျ ပွေ့ပိုက်ချီပိုးဖို့ စောင့်နေရှာတဲ့ မင့်ဒေါ်ဒေါ်လေးပေါ့။ 'မျိုး' ဆိုတဲ့ အင်ကြင်းရဲ့ ကိုကိုငယ်ကတော့ ယခု မင်းရဲ့'ဖေဖေ' ဖြစ်လာသူပေါ့။ မကြီး 'စံပယ်'က မင်းရဲ့ ဒေါ်ဒေါ်ကြီး ဖြစ်လာပြီး ကိုကြီး 'ငြိမ်း' ဆိုတာက ယခုမင်းရဲ့ လေးလေးကြီး ဖြစ်သွားခဲ့ပြီ။ သူတို့အားလုံးရဲ့ 'မေမေ'ဆိုတာက မင်းကို လက်က မချနိုင်အောင် တပိုက်ပိုက် ချီပိုးနေတဲ့ မင်းရဲ့ ဘွားဘွား 'ဒေါ်စမ်းအေး'ပေါ့။

သူပြီးတော့ မင်းကို ဒေါ်ကြီးစံပယ်က ချီတယ်။ ပြီးတော့...ဒေါ်လေးအင်ကြင်း။ ပြီးမှ ဘိုးဘိုးရဲ့ လက်ထဲ၊ ရင်ခွင်ထဲကို မင်းလေး ရောက်လာတော့တယ်။

မင်းရဲ့အသက် ဘယ်လောက် ရှိပြီလဲ သိလား။ ၇၂ နာရီတောင် မပြည့်သေးဘူးကွ။ နှစ်ရက်သား သာသာပဲ ရှိသေးရဲ့။ ဘိုးဘိုး အဲသလို ကလေး ပေါက်စလေးတွေ မချီခဲ့မိတာ ၂၂ နှစ်ကျော်ခဲ့ပြီ။

နတ်စ်မလေးက အသေအချာ အနှီးကလေးနဲ့ စနစ်တကျ ထုပ်ပိုးပေးထားတဲ့ မင်းရဲ့ ကိုယ်လုံးလေး လွတ်ကျသွားမှာ စိုးတာနဲ့ နီးရာ ခုံတန်းပေါ်မှာ ထိုင်လိုက်ရတယ်။

'ဆံပင်လေးက နက်မှောင်နေတာပဲ' 'နှာတံလေးက ပေါ်လိုက်တာ' 'အသား ကလည်း နီတွတ်တွတ်ကလေး' 'ကြည့်စမ်း၊ နှစ်ရက် သားသာ ဆိုတယ်။ တစ်လသားကလေးလောက် ရှိတယ်'

သည်စကားသံတွေ အားလုံးဟာ ဘိုးဘိုးရဲ့ နားထဲမှာ ခေါင်းလောင်းသံ သေးသေးလေးတွေ ထိုးသလို ဝေစည်လို့ နေပါတော့တယ်။ မင်းကတော့ ဘိုးဘိုးကိုရော လူ့လောကကြီးကိုပါ စူးစမ်းတဲ့ အကြည့်နဲ့ ပြူးကြောင်ကြောင် ကြည့်နေတာပေါ့။ လက်ကလေးက တယမ်းယမ်း၊ တလှုပ်လှုပ်နဲ့ နောက်ဆုံးတော့ ဘိုးဘိုး လက်သန်းကို ဆုပ်ကိုင်မိသွားတယ်။ မလွှတ်တော့ဘူး။

'လက်ချောင်းကလေးတွေက ငါနဲ့တူတယ်' ဟုတ်တယ်။ မြေးလေးရဲ့ လက်ချောင်းလေးတွေဟာ သွယ်သွယ်ရှည်ရှည်လေးတွေ။ ပြီးတော့ ဖြူဖွေးပြည့်ဝတဲ့ လက်သည်းလေးတွေလည်း ရှိတယ်။ အဲဒါ အနုပညာလက်ပေါ့ ကလေးရဲ့။ မင်းဟာ ဘိုးဘိုးလိုပဲ ပန်းချီအနုပညာသမား ဖြစ်လာဦးမှာလား။ ပြီးတော့ မင်းမေမေရော ဖေဖေပါ ယဉ်ကျေးမှု တက္ကသိုလ်က ကျောင်းဆင်းပြီးသား သူတွေပါ။ ဖြစ်တာ မဖြစ်တာ နောက်ထားဦး၊ မင်းလေးရဲ့ ကိုယ်ခန္ဓာဒြပ်ထုထဲမှာတော့ အနုပညာသွေး အတော်များများ ရောက်ရှိ တည်ဆောက်ပြီးသား ဖြစ်နေပြီ။ 'ပြီးတော့ မျက်လုံး မျက်ဆံက သူ့အမေနဲ့တူတယ်။ အနက် မဟုတ်ဘူးကွ။ နီညိုရင့်၊ ဟိုကွာ၊ ချောကလက်ရောင်ရင့်ရင့်လေး။ ပြီးမှ အလယ်မှာ မျက်ဆံနက်နက် ကလေးရှိတာ။' ကြည့်ပါဦးကွယ်၊ နှစ်ရက်သားသာ ရှိတဲ့ ကလေးနုနုလေးကို ဘိုးဘိုးတို့တစ်တွေ ပုံဖမ်းပုံဖော်အဖြစ် သည်းနေလိုက်ကြတာ။

မြေးလေးရဲ့မေမေ ဘိုးဘိုးတို့ရဲ့ သမီးချွေးမလေးဟာ သူ့ခုတင်ပေါ်မှာ လဲလျောင်းနေရာက အသာပြုံး ပြရှာတယ်။ သူ့အပြုံးကလေးဟာ ပီတိပြုံးပေမယ့် ခပ်နွမ်းနွမ်းလေး ဖြစ်နေရှာတယ်။ ဟုတ်တယ်မြေးရဲ့၊ မင်းကထွားတော့ မေမေဟာ မင်းကို ဗိုက်ခွဲမွေးဖွားခဲ့ရတဲ့ ဒဏ်ကြောင့် အားနည်းနေရှာမှာပေါ့။ မင်းရဲ့ဖေဖေ ဘိုးဘိုးရဲ့သားအလတ် 'မျိုး'ဟာလည်း မျက်တွင်းလေးတွေ ချောင်လို့။ သူ့ခမျာ စိတ်မော လူမော အတော်ရှိခဲ့မှာ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဘိုးဘိုး ခံစားရဖူးတဲ့ စိတ်လှုပ်ရှားမှုတွေ သူလည်း ခံစားနေမှာပဲ။ သူ့ရင်ထဲမှာ စကားပေါင်းများစွာ နှလုံးသားက ပြောလို့ ကျွက်ကျွက်ညံနေမှာပဲ။ ဒါပေမယ့် ခုတော့ ပြုံးလို့ကွ။ အင်း...သူ့ရင်ထဲကို 'နတ်ရေတွင်း' ကလေး ရောက်သွားခဲ့ပြီ။ မင်းရဲ့ ဒေါ်ဒေါ်တွေ၊ ဘိုးဘိုးနဲ့ ဘွားဘွားအပြင် သူနာပြုဆရာမလေးဆီကိုတောင် နတ်ရေတွင်းတွေ ရောက်ကုန်ပြီ ထင်ပါရဲ့ကွာ။ အားလုံးဟာ ပီတိ ပြုံးတွေ တဝေဝေနဲ့။ ဘိုးဘိုးတို့ဟာ ဧည့်ချိန် ကုန်ဆုံးသည်အထိ နေခဲ့ကြပြီး ပြန်ခါနီး မင်းကို တစ်ယောက်တစ်ရှုပ်စီ မွှေးလို့ အိမ်ကို ပြန်ခဲ့ကြ တယ်။

နောက်နေ့ကျတော့ ဘိုးဘိုးဟာ ဘိုးဘိုးကို တူသားတစ်ယောက်လို ချစ်ခင်တဲ့ ဘိုးဘိုးကလည်း အမေတစ်ယောက်လို ချစ်တဲ့ စာရေးဆရာမကြီးရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့ မန္တလေးကို ရထားနဲ့ ခရီးထွက်ခဲ့ရတော့တယ်။ တရိပ်ရိပ် ခုတ်မောင်းနေတဲ့ ရထားပြတင်းပေါက်ကနေ လှမ်းကြည့် လိုက်တော့ ညနေ နေခြည်ကြောင့် ဝင်းလက် တောက်ပနေတဲ့ တိမ် အဆုပ်အဆုပ်တွေ မြင်ရတယ်။

အဲဒီတိမ်ထုတွေ အကြားမှာ မြေးလေးရဲ့ မျက်နှာလုံးလုံးကလေးက ပေါ်လာပြန်ပါရော။ မြေးလေး ရေ...

'နတ်ရေတွင်း' ဆိုတာကို ဘိုးဘိုးကိုယ်တိုင် မြင်ဖူးတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ရဲ့ မနီးမဝေးလောက်မှာ ရှိမယ်။ ကျီးကန်ပါးစပ်သိုက် ဆိုတာရဲ့ အောက်ဘက်လောက်မှာ။

အဲဒီ ရေတွင်းကလေးဟာ အကျယ်အဝန်းလည်း သိပ်မကြီးလှဘူး။ ရေအနက်ကလည်း တစ်လံ နှစ်လံ လောက်ပဲရှိမှာ။ အောက်ခြေက ကျောက်တုံးလေးတွေ မြင်နေရလောက်အောင် ရေကလည်း ကြည်တယ်။ အံ့စရာကောင်းတာက ပင်လယ်ရေမျက်နှာပြင် အထက် ပေ ထောင်ပေါင်းများစွာ မြင့်တဲ့ တောင်ထိပ်ပေါ်မှာ တည်ရှိနေတာ။ သူ့ဆီက ရေတွေ ဘယ်လောက်ခပ်ခပ် ကုန်ခန်း သွားတယ်လို့ မရှိဘူး။ ရေကလည်း အေးစက်ကြည်သန့်လိုက်တာ။ အလွန်ထူးဆန်းတဲ့ ရေတွင်းလေး။ သူက လူတွေ ဖန်တီးတဲ့သောင်ပြင်က 'လက်ရက်တွင်း'နဲ့လည်း မတူဘူး။ ဒါကြောင့် နတ်ရေတွင်းလို့ တင်စား ခေါ်ဝေါ်ကြတာပေါ့။

ထို့အတူပဲ မြေးလေးရဲ့ ရင်ထဲ ဘယ်နေရာမှာမသိ ရှိနေတဲ့နတ်ရေတွင်း၊ မေတ္တာ ရေတွင်း ကလေးဟာ ဘယ်အချိန်ခပ်ခပ် ခပ်မကုန်နိုင်ပေဘူး။

အညာအကြေ စာရေး ဆရာ၊ ပန်းချီဆရာ၊ အနုပညာသည်တွေဆုံတဲ့ လက်ဖက်ရည်ဝိုင်းမှာ မန်းသား စာရေး ဆရာကြီးကို ဘိုးဘိုးက 'ဟေ့ ... လူကြီး၊ မဂ္ဂဇင်းထဲမှာ ခင်ဗျားမြေးလေးအကြောင်း ရေးထားတာ ကျွန်တော် ကြိုက်တယ်ဗျ။ ခု ကျွန်တော်လည်း မြေးရပြီဆိုတော့ ပိုလို့ ကြိုက်သေးသဗျ'လို့ ပြောတော့ သူဟာ ဘိုးဘိုးကို ပြုံးပြုံးကြီး ကြည့်နေတယ်။

'ဟုတ်လား ကိုဝသုန်ရဲ့။ ဒါပေမယ့် ခု ကျွန်တော့်မှာ မြေးတွေက အရွယ်စုံ၊ ဆိုက်စုံ ၆ ယောက်တောင် ဖြစ်နေတော့ သိပ်ပြီး ဖီလင် မလာတော့ပါဘူးဗျာ'လို့ ပြောရှာတယ်။ သူက လက်တွေ့ကျတဲ့ စကားပြောတာပဲ။ ပြောမယ့်သာ ပြောရ သူ့ မျက်လုံးအိမ်ထဲမှာ စီးဆင်း ဖြတ်သန်းသွားတဲ့ နတ်ရေတွင်းရဲ့ ရေခိုးရေငွေ့တွေကိုတော့ ဘိုးဘိုး တွေ့ဖြစ်အောင် တွေ့လိုက်ပါသေးရဲ့။

'ခင်ဗျား ပြောတာလည်း ဟုတ်မှာပဲဗျာ။ ကျွန်တော့်အနေနဲ့ကတော့ ပထမဆုံး အတွေ့အကြုံဗျ။ ကျွန်တော့်မှာ ဒီဘဝကို ရောက်ဖို့ ၅၇ နှစ်တောင် မသိမသာနဲ့ စောင့်ခဲ့ရတယ်။ သူဟာ ဘိုးဘိုးရဲ့ လက်နှစ်ဖက်ကို ညင် သာစွာ ထွေးဆုပ်လို့။

'ဘာပဲဖြစ်ဖြစ် ခင်ဗျားအတွက် ကျွန်တော် ဝမ်းသာ လှပါတယ်ဗျာ'လို့ နွေးထွေးတဲ့ လေသံနဲ့ ပြောပါတယ်။

ဘိုးဘိုးတို့ရဲ့ အမေလို ချစ်တဲ့ စာရေးဆရာမကြီးဆီ ရောက်အသွားမှာတော့...

'ကိုဝသုန်လေး၊ မင်းရဲ့ ဇနီး ငါ့သမီးလေးရော မပါဘူးလား'လို့ မေးတယ်။ ဟုတ်တယ် မြေးလေးရ၊ အခါတိုင်း နှစ်တွေဆို သည်ပွဲကို မင်းဘွားဘွားလည်း လိုက်နေကျလေ။ 'ဒေါ်ဒေါ် ရေ၊ ဒေါ်ဒေါ်ရဲ့သမီးက အခု 'မြေးရူး' ရူးပြီး ရန်ကုန်မှာ ကျန်ရစ်တယ်။ အခု ကျွန်တော်တို့ မြေးရတာ လေးရက်ပဲ ရှိသေးတယ် ဒေါ်ဒေါ် ရဲ့'လို့ ဘိုးဘိုးပြောတော့ အသက် ၉ဝ နား နီးနေတဲ့ အမယ်အိုတစ်ဦးရဲ့ ဇရာ အရေးအကြောင်းများပေါ်မှာ အေးချမ်းလန်းဆန်းတဲ့ အပြုံး ရိပ်တွေ ဖြတ်သန်းဝေဖြာလာတာ တွေ့ရပါတယ်။ သည် ဘွားဘွားကြီးရဲ့ ရင်ထဲမှာလည်း ဘိုးဘိုးတို့ မမွေးဖွားမီကာလကတည်းက 'နတ် ရေတွင်း' ကလေး ရှိနေပြီးသား အမှန်လို့ ဘိုးဘိုး ယုံကြည်ယူဆတယ်။

ဘိုးဘိုး အဲသည် ဘွားဘွားကြီးကို ဦးချကန်တော့ပြီး မော့အကြည့် သူကလည်း လက်နှစ်ဖက် ယှက်ပြီး မျက်စိကို ဖွဖွလေး မှိတ်လို့ နှုတ်ကလည်း မကြားရတဲ့ လေသံ တိုးတိုးနဲ့ တစ်ခုခု ရွတ်ဆိုနေ တာကို တွေ့ရတယ်။ ဒါဟာ ဘိုးဘိုးအတွက် ဆုတောင်း ပေးနေတာလား။ 'မင်း'ဆိုတဲ့ ဘိုးဘိုးရဲ့ မြေးလေး အတွက်လား။ ဒါမှမဟုတ် တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ သူ့ အနုပညာ သားသမီးတွေ အတွက်လား ဘိုးဘိုး မသိပါဘူးကွာ။

သူ့ရဲ့ကြာမုံလက်ဖျား ထိပ်တွေမှာ မေတ္တာဓာတ် ရှိတယ်။ နှုတ်ခမ်းပါးလေးတွေမှာလည်း မေတ္တာဓာတ် ရှိတယ်။ မျက်လွှာ အသာချထားတဲ့ စက္ခုအိမ်အတွင်းမှာလည်း မေတ္တာဓာတ်တွေနဲ့ပဲ။ ဒါဟာ ရင်ထဲ 'နတ်ရေတွင်း'က လျှံထွက် လွင့်ပျံလာတဲ့ မုဒိတာ အခိုးအငွေ့တွေပဲကွာ။

ပြီးတော့ ဘိုးဘိုးကို ဆုပေးစကား ပြောကြရင်းနဲ့ တစ်လုံးတည်းသော ဆုံးမ သြဝါဒစကားကို ပြောကြား လိုက်တယ်။ ဘိုးဘိုရဲ့ရင်ထဲ လှိုက်ခနဲဖြစ်သွားပါလေရော။

'ကိုဝသုန်ရဲ့ မင်းလေးဟာ 'အဘိုး' တစ်ယောက် ဖြစ်သွားပြီနော်'တဲ့။ အခါတိုင်း နှစ်တွေမှာ ဘိုးဘိုးကို ပေပေတေတေ မနေဖို့၊ အနုပညာအလုပ်တွေကို အားကြိုးမာန်တက် လုပ်ဖို့၊ အသောက် အစားဆင်ခြင်ဖို့၊ ကျန်းမာရေးလည်း ဂရုစိုက်ဖို့စတဲ့ အမြဲ ပြောနေကျ ဆိုဆုံးမစကားတွေထက် ပိုထိရောက်တယ်။

'ဟုတ်ကဲ့ပါ ဒေါ်ဒေါ်ရယ်'လို့ လေးနက်စွာ ဘိုးဘိုး ပြန်ပြောတဲ့စကားမှာ 'အာမဘန္တေ' သံ ပါနေပြီဆိုတာ ဘိုးဘိုး သိလိုက်ပါတယ်ကွာ။ နတ်ရေတွင်းရဲ့ အပြန်အလှန် မေတ္တာဓာတ်ဟာ ဘယ်လောက် စွမ်းအင်ကြီးသလဲ။ ဘယ်လောက် အစွမ်းထက်သလဲ၊ ဘယ်လောက် ဆန်းကြယ်သလဲ၊ တွေ့လား။

မြေးကလေး...

သည်စာကို မင်း ဖတ်တတ်တဲ့အရွယ် ရောက်တဲ့အခါ ဘိုးဘိုးဟာ လူ့လောကမှာ ရှိချင်မှ ရှိတော့မှာ။ ရှိနေခဲ့ရင်လည်း မျက်လုံးတွေ မှိုင်းမှုန်လို့ လက်တွေကလည်း တုန်ယင်လို့ ကိုယ့်အရိုးကိုယ် အနိုင်နိုင် သယ်နေရတဲ့ ဇရာဒုဗ္ဗလ အရွယ်ကောင်းကောင်း ရောက်နေပြီပေါ့ကွာ။

မင်းကပဲ ဘိုးဘိုး ဖတ်ချင်တဲ့ စာတွေ အော်ဖတ်ကောင်း ဖတ်ပြနေရလိမ့်မယ်။ ဘိုးဘိုး ရေးချင်တဲ့ ပန်းချီမျိုးတွေလည်း မင်းက ရေးချင်ရေးပြနေလိမ့်မယ်။ မရေးချင်လည်း မရေးဘဲ နေတာ ဖြစ်ချင်ဖြစ်လိမ့်မယ်။

ဘာပဲဖြစ်ဖြစ်လေ...

၂ဝ ရာစု လူသား ဘိုးဘိုး ပြောပြတဲ့ 'နတ်ရေတွင်း'လေး အကြောင်းကိုတော့ ၂၁ ရာစု လူသား မင်းက မင်းရဲ့မြေးလေးသို့တိုင် ပြန်ပြောပြဖြစ်အောင် ပြောပြလိုက်ပါ။

ဝသုန်

၂၅.၁.၂ဝဝ၅

(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထုရှည် စ/ဆုံး
...
တကယ့်အိပ်မက်ပုံပြင်
မသီတာ ၊စမ်းချောင်း၊

ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
ကျွဲပွဲ
နေဝင်းမြင့်

ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
မီးကင်းစောင့်
နေဝင်းမြင့်

ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...