မျိုးငြိမ်းဆွေ
ဟောဟိုမှာ ပြာလွင်နေတဲ့ ကောင်းကင်အောက်က လောင်းလှေကြီး မှောက်ထားသလို ဣန္ဒြေရနေတာ 'ဖိုးဝင်းတောင်'ပေါ့။ ပတ်ဝန်းကျင်တစ်ခုလုံးကို သူကပဲ ချုပ်ကိုင်လွှမ်းမိုးထားတယ်။ မိုးဦးကျပြီးကာစ စွတ်စိုစိမ်းလန်းနေတဲ့ စိမ်းစိမ်းသစ်ပင်၊ နီနီမြေသား၊ ဝါဝါကျောက်ကုန်းတွေရဲ့ အလယ်မှာ မှိုင်းပြာပြာ ဖိုးဝင်းတောင်က ကြည့်လေသူရဲ့မျက်ဝန်းထဲကို သူက အရင်ဝင်တယ်။ ကြိုက်တဲ့ဘက်ကကြည့် လောင်းလှေမှောက်ထားသလိုပဲ ဖြစ်နေတာက သူ့ဆွဲဆောင်မှုပဲ။
ဟိုလှမ်းလှမ်းဆီက
လက်ပံတောင်းတောင်၊ ကြေးစင်တောင်တွေ ရှိတယ်။ သူ့လောက်မက မြင့်မားကြတယ်။ လူတွေက
သူ့လောက် မမှတ်မိကြဘူး၊ သူ့လောက် မစွဲကြဘူး။ ဇော်ဂျီတွေ ဖိုလ်ဝင်ခဲ့လို့
ဖိုလ်ဝင်တောင်၊ ပျူမင်းပြုံးမင်းတွေ ဖိုလ်ထိုးခဲ့ကြလို့ ဖိုလ်ဝင်တောင်တဲ့။ 'ဘယ်က
ဦးဖိုးဝင်းလည်း မသိဘူး ကိစ္စမရှိ၊ ငါ့တာဝန်ထဲမှာ ဖို့၊ ဖိုလ်၊ ဖိုး၊ ဖိုးဝင်းတောင်
မပါဘူး။ နောက်ဆုံးနှစ် ကျောင်းသားတွေ 'ရွာအမည် မှည့်ခေါ်ပုံ
စာတမ်းတွေ လုပ်ရမယ်'ဆိုလို့ ဟောဒီ သမုန်းပင်အောက်ကနေ အခုလို
ငါငေးနေရတာ။ ခက်တယ်၊ ငါ့စာတမ်းတစ်ခုလုံးကတော့ အလောင်းစည်သူမင်းကြီး
တိုင်းခန်းလှည့်နေတော့တာပဲ လက်ညှိုးကြီး ထိုးထိုးပြီး စိတ်ကူးတည့်ရာ
လျှောက်သွားနေတဲ့ အလောင်းစည်သူနဲ့ ဟောဒီနေရာတွေကို ဘယ်လိုဆက်စပ်ရပါ့မယ်။
ဟောလိဝုဒ်ရုပ်ရှင်ကားတွေထဲက special effect တွေ ကျနေတာပဲ။
တစ်ရွာပြီးတစ်ရွာ
အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်တုန်းက၊ သူက လက်ညှိုးညွှန်ရာ ရေဖြစ်တာကိုးကွ၊
အစချီကြတော့တာပဲ။ 'ဟော မင့်နှယ် ရွာထိပ်က တမာပင်ကြီးဗျာ
အခုထိ ရှိသေးတယ်။ မင်းချင်းတွေကို ဖောင်ပေါ်က ဆင်းပြီး ဘယ်လောက်အကွာရှိသလဲလို့
ကြိုးနဲ့ တိုင်းခိုင်းတာ အဲဒီတမာပင်ကြီးကို ဖောင်ကြိုးချည်တာပေါ့။ မင်းချင်းတွေက
ဖောင်ကနေ 'တစ်တာ' ရှိပါတယ်ဆိုလို့
ဒို့ရွာ 'ဖောင်ကတာ' ဖြစ်နေတာဟ 'ဖောင်ကနေတစ်တာ၊ ကြာတော့ ဖောင်းကတာ' ဗျာ။
အလောင်းစည်သူ
မင်းကြီးက မန်ကျည်းပင် တစ်ထောင် စိုက်စေဆိုလို့ စိုက်ထားတာ။ ဒါနဲ့ ဒို့ရွာနာမည် 'မကျည်းတစ်ထောင်'။ ဘယ်မတုန်း မကျည်းပင်တွေဆိုတော့၊ ဟ ကာလကြာတော့လည်း မရှိဘူးဟ။
ကျန်ကောင်းကျန်ရာ လေးငါးပင်ပဲ ကျန်တော့တယ်။ တို့ရွာရေက သောက်လို့ ကောင်းတယ်၊
မိန်တယ်လို့ မင်းကြီးက မိန့်ကြားခဲ့လို့ 'ရေမိန်ရွာ'ဗျာ။ တို့ရွာက ရေက သောက်ရတာ ခါးတယ်ဆိုတော့ ရေခါးဗျာ။ တော်ပါတော့ အလောင်းစည်သူမင်းကြီးရယ်။
ညောင်ပင်ကြီး၊ ရွာရှည်၊ ကံကုန်း၊ ဒုန်းတော အားလုံး ခင်ဗျားရောက်ခဲ့တယ်။
သစ်ပင်ကို အစွဲပြုတာလား၊
ဖြစ်ရပ်တစ်ခုခုကို အကြောင်းပြုသလား၊ လူ နာမည်ကို စွဲတာလား၊ ထင်ရှားတဲ့ သဘာဝ
အခြေအနေလား၊ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ ဆက်စပ်သလား၊ သမိုင်းနဲ့လား၊
ပုံပြင်နဲ့လား၊ ကိုးကွယ် ယုံကြည်မှုနဲ့လား၊ ပါးစပ်ရာဇဝင် နှုတ်ပြောတွေ က လာတာလား
သေချာစွာ လေ့လာကွင်းဆင်းပြီး ခေါင်းစဉ်တွေ ခွဲခြားခဲ့ကြလို့ မှာလိုက်တဲ့ မြန်မာစာ
ပါမောက္ခရေ။ ကျွန်တော်တို့ ဒေသက ရွာတွေအတွက်တော့ 'ပါမောက္ခကြီး
အလောင်းစည်သူနဲ့သာ ညှိလိုက်ပါ'လို့ အကြံပေးချင်ပါတော့တယ်။
ကျွန်တော့်အတွက်တော့ ရွာအားလုံးကို 'မှည့်ခေါ်ပုံ
အကြောင်းအရာ စဉ်းစားရခက်သော အမည်များ'ဆိုတဲ့
ခေါင်းစဉ်အောက်ကိုပဲ တန်းစီပြီး ထည့်လိုက်ချင်တော့တယ်။
မိုးရွာပြီးစမို့ မြေနီလမ်းလေးတွေက
သစ်လွင် တောက်ပနေတယ်။ အလောင်းစည်သူမင်းကြီး ခင်ဗျား မင်းကြီးရဲ့
ဖောင်တော်ပတ်ခဲ့တဲ့ လမ်းအတိုင်း ကျွန်တော် စက်ဘီးလေး နင်းပြီး လိုက်ခဲ့ပါပြီ။
မိုးနံချုံလေးတွေကို ကြည့်ခဲ့ပါသလား၊ တမာရနံ့လေးတွေကို ရှုခဲ့ပါသလား၊ ထနောင်းခေါက်
ကလေးတွေကို လက်သည်းနဲ့ ဆိတ်ပြီး ခွာခဲ့ပါသလား၊ မိုးရေဝင်လို့ ပေါ့ပျက်ပျက်
ဖြစ်နေတဲ့ ထန်းရည်ချိုလေးများ တစ်ခွက် တစ်ဖလား မော့ခဲ့ပါသေးသလား။ ခင်ဗျားဘေး
လောင်းတော် အနိရုဒ္ဓလို မြေပုံ အုတ်ခွက် ဘုရားတွေလည်း မတွေ့ရပါ။ ဘုရားအို၊
ဘုရားပျက်တွေ၊ ဖိုးဝင်းတောင် နံရံပန်းချီတွေ ကလည်း တွေ့ရသမျှ ညောင်ရမ်း၊
အင်းဝတွေချည်းပါပဲ။ ကဲ အခု ကျွန်တော် သွားမှာ 'မိုးကြိုးပြင်' ခင်ဗျား ဘယ်လိုဝင်ခဲ့သလဲဆိုတာ ပြောကြဦးမှာပါ။
မနေ့ညက ရွှေသမင်မှာ အိပ်ခဲ့တယ်။
အဲဒီရွာမှာ ကိုသပြေက ကျေးရွာကောင်စီ စာရေး။ သူ့တာဝန်ကျတဲ့ရွာမို့ ညအိပ်လာခဲ့ကွာ
ဆိုလို့ပေါ့။ ဘယ်လိုလဲ ကိုသပြေရာ ခင်ဗျားရွာ 'ရွှေသမင်'ကတော့ တိုင်းခန်းလှည့်တဲ့ထဲ ပါမရလောက်ဘူး ထင်တယ်။ နေပါဦးကွာ ငါလည်း
စကားမစပ်မိပါဘူး။ 'တာဝန်ရှိတဲ့ သူတွေနဲ့ လူကြီးတွေ
ခေါ်ပေးပါ့မယ်'။
တာဝန်ရှိသူတွေရော လူကြီးတွေရော
မကပါဘူး၊ အမှုသည်တွေပါ ရောက်လာကြပါတယ်။ ငါ့ကိစ္စက နောက်အမှုသည်တွေ ကိစ္စက အရင်
ကိုသပြေတို့ စီရင်ကြရတယ်။ အဒေါ်နဲ့တူ ပန်း ကမ္ဘာစက်ဘီး ယူပေါင်ထားတာ ရွေးမပေးလို့
ကျေးရွာကောင်စီတွေ ခေါင်းကိုက်ကြရတဲ့အမှု။ အဓိကအကြောင်းအရာက 'မိုးကြိုးသွား'။ ကိုဘအေးက မိုးကြိုးသွား ရလာတယ်။ ထန်းရည်ဝိုင်းမှာ တပြပြ။ မန္တလေးက
တရုတ်ကြီးတစ်ယောက်က ဝယ်မယ်။ သိန်းသုံးဆယ် ပေးမယ်။ ငါ လိပ်စာသိတယ်။ ခက်တာက
မန္တလေးသွားဖို့ လမ်းစားစရိတ် မရှိဘူး။ ခင်မောင်က သူ ရှယ်ယာဝင်တယ် လမ်းစားစရိတ်
စိုက်မယ် တစ်ဝက်ယူမယ် ဆိုင်ကယ် ဝယ်စီးမယ်။ ခင်မောင့်မှာလည်း ပိုက်ဆံမရှိဘူး။
ဒါပေမယ့် ခင်မောင် ဒီလောက် မအပါ။ သူ့အဒေါ် မမိကြိုင်ဆီက စက်ဘီး ငှားပေါင်တယ်။
မိုးကြိုးသွား ရောင်းပြီးရင် ဆပ်မယ်။ ပိုပိုသာသာ ပေးဦးမယ်။ မိမိကြိုင်က 'အေး မင်းညီ ကျောင်းဖွင့်အမီ ပြန်ရွေးပေးရင် ပြီးတာပဲ' ဆိုပြီး ပေးလိုက်တယ်။ ရွာသားတချို့က အကြံပေးကြတယ် 'ခင်မောင်'
မိုးကြိုးသွားက ကျည်ပြီးတယ် ကြားဖူးတယ် စမ်းကြည့်ဦး။ ကိုဘအေးက
အမဲလိုက်တဲ့လူ ခေါ်လာတယ်။ ကျည်ဖိုး (၅ဝဝ) ပေးရမယ် စမ်းကြည့်။ ရွာပြင် ထန်းတောမှာ
စမ်းကြတယ်။ ကျည်မထွက်ဘူး ဒါနဲ့ မန္တလေး သွားရောင်းကြတယ်။
တရုတ်ကြီးက မဝယ်ဘူး၊ ဒါ မိုးကြိုးသွား
မဟုတ်ဘူး အတုကြီးတဲ့။ ဘယ်ဝယ်မလဲ သက်သေခံပစ္စည်း ပါလာတယ် သံတိုသံစလေးပဲ။ မန္တလေးက
ပြန်လာသည်ထိ ခင်မောင် အရေးမကြီးဘူး၊ အေးအေးဆေးဆေးပဲ။ အရေးကြီးလာတာက မမိကြိုင်၊
သူ့သား ကျောင်းဖွင့်ပြီး စက်ဘီး ပြန်ရွေးပေး၊ ခင်မောင်က သူ တစ်ယောက်တည်း မခံပါဘူး၊
ကိုဘအေးပါ ခေါ်လာတယ်။
ကျေးရွာ ဥက္ကဋ္ဌက 'ကိုင်း
ကိုသပြေ လုပ်ဗျာ၊ ဒီမှာတင် ပြေလည်အောင် ရှင်းပါ၊ မြို့ရောက်ရင် ပိုရှုပ်
ကုန်ပါ့မယ်' လူတွေကလည်း အုံလို့ ရှေ့မီ နောက်မီတွေ
ရွာသမိုင်းပြောဖို့ လိုက်လာတဲ့ သူတွေကလည်း ရွှေသမင်ထက် မိုးကြိုးသွားပဲ အာရုံရောက်နေကြတယ်။
ခေါင်းတွေ တဗြင်းဗြင်း ကုတ်နေတာ ကိုသပြေ။
ခင်မောင်ရာ မင်း
အတော်ရှုပ်တဲ့ကောင်ကွာလို့ ကိုသပြေညည်းရင်း ကိုဘအေးကို မေးတယ် 'ကိုင်း
ကိုဘအေးရာ၊ ခင်ဗျားနှယ် ကြံကြံဖန်ဖန် မိုးကြိုးသွား ဘာဖြစ်တုန်းဗျာ၊ ဘာများ
စွမ်းလို့တုန်း ပြောစမ်းပါဦး'
'အာ ဆရာကိုသပြေရာ
မိုးကြိုးသွားက အဝေးက မြင်နေရတဲ့ သက်တံ့ကို ဟောဒီကနေ ဟောဒီလို
မိုးကြိုးသွားကိုင်ပြီး လှမ်းဖြတ်လိုက်ရင် သက်တံ့က အလယ်ကနေ တိခနဲ ပြတ်သွားရောဗျာ'
ကိုဘအေး 'ပါဖောင်းမင့်'ကို မျက်မှောက်ကုတ် ကြည့်နေတဲ့ ကိုသပြေ စိတ်ရှုပ်နေတယ်။ 'ကိုင်းဗျာ သက်တံ့ကြီး ပြတ်သွားတော့ရော ဘာထူးတုန်း။ ခင်ဗျား
ဘဝပြောင်းသွားလား။ လောကီ၊ လောကုတ္တရာ အကျိုးနှစ်ဖြာ ဖြစ်ထွန်းသွားလား။ ဘာများ
ခင်ဗျား ဘဝမှာ ဘာများ တရားထူး၊ တရားမြတ်တွေ ရသွားလဲ ပြောစမ်းပါဦး။ ဒီတစ်ခါ ကိုဘအေး
ခေါင်းကုတ်သွားတယ်။ ကျေးရွာဥက္ကဋ္ဌ ပြုံးနေတယ်၊ ရှေ့မီနောက်မီတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။
ခေါင်းကုတ်နေတဲ့ ကိုဘအေး ပြောပြန်တယ်။ 'ဒီမယ် ဆရာ ကိုသပြေ
နောက်ထပ် ရှိသေးတယ်။ မိုးကြိုးသွားကို ကက်ဆက်ပေါ်တင်လိုက်ဗျာ၊ ဖွင့်ထားတဲ့
ကက်ဆက်တိပ်ခွေ ရပ်သွားရောဗျာ' ကိုသပြေ စိတ်ဆိုးပြီး 'ဒီမယ် ကိုဘအေး ခင်ဗျား လက်ညှိုးလေးကို ထုတ်လိုက်၊ ကက်ဆက်ပေါ် တင်လိုက်။
လေးထောင့်လေး ခလုတ်လေးထောင့်လေးလေ stop ဆိုတဲ့ လေးထောင့်
ခလုတ်လေးကို နှိပ်လိုက်၊ ရပ်ရောဗျာ။ ကက်ဆက်ရပ်ရော၊ မကျေနပ် ဘက်ထရီ ကြိုးပါ
ဆွဲဖြုတ်လိုက်။ ကက်ဆက် ရပ်ဖို့များ ခင်ဗျား မိုးကြိုးသွားလည်း မလိုဗျာ။
သိန်းသုံးဆယ်လည်း မလိုဗျာ။ မမိကြိုင် စက်ဘီးလည်း မလိုဗျာ။ 'ကိုင်းအလောင်းစည်သူမင်းကြီးများ
ဖြတ်သွားဖြတ်လာနဲ့ ဒီလိုအမှု စီရင်ခဲ့ရသေးလား မသိဘူး။ ခင်ဗျားတုန်းက
မှတ်တမ်းမှတ်ရာ မထားခဲ့မိဖူးဆိုရင် 'ရွှေသမင်' ရွာတွင် ကိုသပြေ စီရင်ခဲ့ရသော အမှုများ' ဆိုပြီး
ကျွန်တော် ရေးပေးခဲ့မယ်။
'ကဲ...ဟေ့ကောင်ရေ
မင်းကိစ္စမေး၊ ငါ့ကိစ္စက ပြီးမှာမဟုတ်သေးဘူးဆိုလို့ ရှေ့မီနောက်မီ လူကြီးတွေနဲ့
မေးရတော့ ရောက်လာပြန်ပါပေါ့ အလောင်းစည်သူ 'ဟာ မင်းကြီးက
ဒီနေရာမှာ ညအိပ်ပြီး တောကစားသေးတာ၊ အဲဒါ တောချောက်ကြတော့ ရွှေသမင်တစ်ကောင်
ထွက်လာတဲ့နေရာမို့ ဒီရွာကို 'ရွှေသမင်'လို့
ခေါ်တာပေါ့ဟ။ ဒါတင်မကဘူးလေ၊ အဲဒီရွှေသမင်က မင်းကြီး တောချောက်တဲ့နားက ထွက်သွားလို့
'ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက်' ဆိုတဲ့စကားပုံ
ဒီကပေါ်တာဗျ မောင်ကျောင်းသားရ။
ကျန်တာ မေးမရတော့လို့ 'မင်းကြီးတာက
ထွက်တဲ့ 'ရွှေသမင်'မှာ ကိုသပြေကို
မိုးကြိုးသွားနဲ့ ထားခဲ့ပြီး မြေသင်းနံ့လေးမွှေးနေတဲ့ တောလမ်းလေးအတိုင်း စက်ဘီးကို
နင်းခဲ့တယ်။ ကပ်ပါးပင် လေးတွေက မြေကြီးပေါ်မှာ ခေါင်းပြူထွက်လာနေကြပြီ။ ဟိုး...
ရှေ့က ချောင်းကို ကျော်ပြီး တက်လိုက်ရင် မိုးကြိုးပြင်ရွာ၊ အစွန်ဆုံးအိမ်ရဲ့
စည်းရိုးကို လှမ်းမြင်နေရပြီ။ ပြဿနာပဲ ရွှေသမင်မှာတင် မိုးကြိုးသွားက ထက်လှပြီ။
မိုးကြိုးပြင်မှာရော၊ နာမည်နဲ့တင် ဖျားချင်နေပြီ။
မင်းကြီးဖောင် ဘယ်မှာဆိုက်တယ် မသိဘူး။
ငါတော့ လူနှစ်ယောက် ကုန်းကုန်းကွကွ မြင်ရတဲ့ အိမ်ဝိုင်းထဲ စက်ဘီးကွေ့ဝင်လိုက်တယ်။
ထွန်တုံးဖောက်နေရာက မော့ကြည့်တဲ့ လူနှစ်ယောက်ကို လာရင်းအကြောင်း ရှင်းပြပြီး
ကိုသပြေ မှာတဲ့အတိုင်း ကျေးရွာလူကြီးအိမ် မေးလိုက်တယ်။
'ဟာ ငါပဲဟ၊ ကျေးရွာ
ကောင်စီစာရေးတဲ့' ထိုင်ပြီး ထွန်တုံးဖောက်နေတဲ့သူက 'ဆောက်' ကိုချပြီး မတ်တတ်ရပ်တယ်။ ဥက္ကဋ္ဌက
သူပဲဆိုပြီး ဘေးကရပ်နေတဲ့သူကို လက်ညှိုးညွှန်တယ်။ ကိုင်း ဘယ်လောက်များ
အခန့်သင့်လိုက်သလဲ။
ကျေးရွာ ဥက္ကဋ္ဌက 'သမိုင်းကြောင်း'ဆိုတော့ ငါတို့နဲ့ မပြီးဘူး။ တောင်ရွာသွားမှ ဖြစ်မှာ၊ ဒါက
မိုးကြိုးပြင်မြောက်ရွာ၊ ဟိုဘက်ကုန်းပေါ်က မိုးကြိုးပြင်တောင်ရွာ၊ ငါ့အိမ်က
ရွာမှာ၊ ငါ့အိမ်နားမှာ 'ဘသက်ရှည်' ဆိုတာရှိတယ်၊
အသက်က တစ်ရာကျော်ပြီရယ်။ သမိုင်းကြောင်း သိပ်ပိုင်တာဆိုလို့ သုံးဦးသား
စက်ဘီးနင်းပြီး ဥက္ကဋ္ဌက လှမ်းအော်တယ် 'ဗျို့ ဘသက်ရှည်
မြို့က ကျောင်းသား လာတယ်ဗျို့၊ သမိုင်းကြောင်း မေးမလို့တဲ့၊ ကျုပ်အိမ်လိုက်ခဲ့'လို့ ဗျို့ဟစ်သွားပြီး ရှေ့ကဝိုင်းက ငါ့အိမ်ဝိုင်းပဲဆိုကာ
စက်ဘီးကွေ့ဝင်သွားတယ်။
ဘသက်ရှည် ဆိုသူကိုတွေ့ဖို့ စက်ဘီးကို
ရပ်ပြီး တဲပေါက်ဝကို စောင့်ကြည့်လိုက်တယ်။ 'ဟေလာပြီ ဟေ့' ဆိုတဲ့အသံနဲ့ တဲပေါက်ဝကို ငုံ့ပြီး တုန်တုန်ရီရီနဲ့ ခါးကိုင်းထွက်လာတဲ့
ဘသက်ရှည်။ နှစ်ပေါင်းများစွာ ကမ္ဘာမြေကို ရောက်နေရပြီး အင်္ဂါဂြိုဟ်ကို ပြန်ဖို့
စောင့်နေတာ၊ ဒီနေ့မှ အင်္ဂါဂြိုဟ်က ယာဉ်ဆိုက်ရောက်လာလို့ မျှော်လင့်ချက်
ပြည့်ဝသွားပြီဆိုတဲ့ ပျော်ရွှင်ပုံမျိုးနဲ့ ဘသက်ရှည် တောင်ဝှေးကို ထောက်လို့
မျက်လုံးတွေက တောက်လက်လို့၊ နှုတ်ခမ်းမှာ အပြုံးစတွေနဲ့။ မျက်စိ မမှုန်ပါ။
နားမလေးပါ။ ရွာက အသက်ကြီးလို့ အရာသွင်း မခံရတာ ကြာခဲ့ပါပေါ့။ သမိုင်းကြောင်းတွေ
ပြောလွန်းလို့ နားညီးလှပါပေါ့၊ ဒီနေ့ကျမှ ငါ့တန်ဖိုး ပြရတော့မယ် ဆိုပြီး မာန်တွေ
ချီလို့ ဥက္ကဋ္ဌ အိမ်တန်းလျား ပေါ်ရောက်တော့ ခါးကတောင် ထောင်မတ်လို့။
ဥက္ကဋ္ဌက ထိုင်နေတယ်။ ဥက္ကဋ္ဌကတော်က
ထဘီရင်လျားနဲ့ ထန်းလျက် ပန်းကန် လာချသွားတယ်။ ကောင်စီစာရေးဆိုသူက ရေနွေးအိုးကို
ထင်းမီးထိုးနေတယ်။ ဟိုအိမ်က တစ်ယောက်၊ ဒီအိမ်က တစ်ယောက် အလျှိုလျှို ရောက်လာကြတယ်။
မော့ကြည့်နေတဲ့ ကလေးတွေကို ငြိမ်ငြိမ် နေကြလို့ ဥက္ကဋ္ဌက ငေါက်နေရပြီ။
ငါ သိသလောက်က
ဟောဒီမိုးကြိုးပြင်ရွာထိပ်က ကုန်းပေါ်က ယာမြေတွေပေါ်မှာ ကျောက်ခေတ်လက်နက်
ကျောက်ချောလေးတွေ အများကြီး တွေ့ရတယ်။ ကျောက်ခေတ်သစ်က လူတွေ နေထိုင်သွားကြတယ်။ (Neo Lithic) ယဉ်ကျေးမှု ထွန်းကားခဲ့တယ်။ ငါတို့ ဒေသတစ်ခုလုံး မိုးလေးရွာလို့
ယာထွန်ကြရင် အဲဒီ ကျောက်ခေတ်သစ်က ကျောက်ချောလက်နက်လေးတွေ ဖွေးခနဲ ပေါ်လာတာပဲ။
ပေါမှပေါ ငါတောင် အိမ်မှာ စုထားတာ ပုံးကြီးနဲ့နှစ်ပုံးရှိတယ်။ အမျိုးကို စုံလို့၊
ပုံစံစုံ၊ ဆိုဒ်စုံ၊ ဒီဇိုင်းအစုံပဲ။ ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့်ရာဇဝင်ထဲမှာလည်း
၁ဝ.၂.၅၈၊ ၂ဝ.၆.၆၆ ခုနှစ် နေ့စွဲနဲ့ ဒီဒေသကို နှစ်ခေါက် ရောက်ထားတယ်။ ဟောဒီ
မိုးကြိုးပြင်ကကို မိုးကြိုးသွားလို့ ဒေသကခေါ်တဲ့ ကျောက်ချောလက်နက်တွေ
ကောက်ယူလာခဲ့သေးတယ်တဲ့။
ဒါပဲနေမှာပါ အရပ်က ခေါ်တဲ့
မိုးကြိုးသွားအမည်ရတဲ့ ကျောက်ချောလက်နက်လေးတွေ အများကြီးတွေ့ရလို့
မိုးကြိုးပြင်ခေါ်တာ နေမှာပေါ့။ 'ကဲ ဘသက်ရှည် နေကောင်းရဲ့လား' 'အေး ကောင်းပါတယ်၊ နာမည် ဘသက်ရှည်လေ'တဲ့။ 'ဒီရွာကို မိုးကြိုးပြင်လို့ ခေါ်တာ ဘာလို့တုန်း'။
အေးပြောရရင် အရှည်ကြီးကွာ 'ငါတို့က
သကျသာကီဝင်မျိုးတွေ'တဲ့။ ဟော ...ဒုက္ခပဲ၊ ဒီတစ်ခါ
တခြားရွာတွေထက် သာသွားပြီ၊ အလောင်းစည်သူ ကျန်ခဲ့ပြီ။ မတတ်နိုင်တော့ဘူးလေ။ ဥက္ကဋ္ဌက
ထမင်းချက်နေပြီတဲ့၊ ရှိတာလေးနဲ့ စားသွား၊ ပြီးမှပြန်တဲ့။ ဒီလိုဆိုလည်း ဘယ်လိုသကျသာကီ
ဝင်တာလည်း လုပ်ပါဦး ဘသက်ရှည်။
'ငါတို့ ဘိုးဘွားဘီဘင်တွေက
ဘုရားအမျိုးတွေ သကျသာကီဝင် မင်းမျိုး မင်းနွယ်တွေ'တဲ့။
ဒီတစ်ခါတော့ ရှင်ကြီးဂေါတမကိုပဲ တရပါပြီ။ ရာဇဝင်ထဲမှာ အလောင်းစည်သူကို
ထားရစ်ခဲ့ပြီ ဘသက်ရှည်။
'ငါတို့ သကျသာကီဝင်တွေဆီကို
တစ်နေ့ကျတော့ ဝိဒတူပမျိုးတွေက အလည်လာတယ်။ ဝိဒတူပဆိုတာ အမျိုးက နိမ့်တယ်။
အဲဒီတော့ကွာ ဝိဒတူပတွေ ထိုင်သွားတဲ့နေရာကို ငါတို့ သကျသာကီဝင်တွေက နွားနို့နဲ့
ဆေးကြောပစ်တယ်။ ဒါကို ဝိဒတူပမင်းကြီးက သိတော့ စိတ်ဆိုးပြီး စစ်ပြုတယ်ကွာ။ ငါတို့
သကျသာကီဝင်တွေ စစ်ရှုံးတော့ အုပ်စုတွေကွဲပြီး ဟိုပြေးဒီပြေး ပြေးကြတယ်။
ငါ့အဘိုးအဘေးတွေက အိန္ဒိယကနေ ဒီကို ပြေးလာကြတာ။ ဝိဒတူပတွေကလည်း ထပ်ချပ်မကွာ
လိုက်လာကြတာ ဓားတွေ၊ လှံတွေနဲ့။ ဟောဒီနားရောက်တော့ ဝိဒတူပတွေက မီတော့မယ်။
ဓားနဲ့ခုတ်တော့မယ် အလုပ်မှာ သိကြားမင်းရဲ့ ဗန္တုကမ္ဗလာ မြကျောက်ဖျာက တင်းပြီပေါ့။
ဒါနဲ့ သိကြားမင်းက လူ့ပြည်ကို ငုံ့ကြည့်လိုက်တော့ ဘုရားသခင်ရဲ့ အမျိုးတွေကို
ဝိဒတူပတွေ ဓားနဲ့ခုတ်တော့မယ်ဆိုပြီး သူ့ရဲ့ ဝရဇိန် စက်လက်နက် မိုးကြိုးနဲ့
ပစ်ခွင်းလိုက်တာပေါ့။ အဲဒီမှာ ဝိဒတူပတွေ အတုန်းအရုန်း သေကုန်တာ။ ဟိုတောင်ဖက်ထိပ်က 'ချင်းကုန်း'လို့ ခေါ်တဲ့နေရာမှာပေါ့။ ဒါကြောင့်
အဲဒီနေရာမှာ မင်း အခုသွားကြည့်ပါလား၊ မိုးကြိုးသွားတွေ ဖွေးလို့ အခုထိ ရှိတယ်။
တစ်ခါတစ်ခါ ဝိဒတူပတွေရဲ့
အရိုးတွေတောင် တို့ ငယ်ငယ်က တွေ့ရသေးတယ်။ ဒါနဲ့ ဝိဒတူပတွေလည်းသေရော။ ငါတို့
သကျသာကီတွေက ပြေးလာခဲ့တဲ့ အိန္ဒိယနဲ့လည်း အလှမ်းဝေး ခဲ့ပြီဆိုပြီး ဒီအရပ်မှာပဲ အခြေချနေထိုင်လာခဲ့ကြတာပေါ့။
ရွာကိုလည်း သိကြားမင်းက မိုးကြိုးနဲ့ ပစ်တဲ့အရပ်မို့လို့ မိုးကြိုးပစ်ကနေ
မိုးကြိုးပြင် ဖြစ်သွားတာ။ တစ်ရွာလုံး သကျသာကီဝင်တွေချည်းပဲ' တဲ့။
ဥက္ကဋ္ဌလည်း ပြုံးသွားတယ်။
ဥက္ကဋ္ဌကတော်လည်း တန်းလျားလက်တန်း လက်ထောက်တရားက မတ်မတ် ရပ်လိုက်တယ်။
ဆောင့်ကြောင့်ထိုင်နေတဲ့လူတွေလည်း မတ်တတ်ရပ်လိုက်ကြတယ်။ အားလုံး ပြုံးပျော်ပြီး
ဘဝင်ကျသွားတယ်။ ဟုတ်တယ်လေ၊ ငါတို့အားလုံးဟာ သကျသာကီဝင် မင်းမျိုးတွေပေါ့။
စကားပြောရတာ မောသွားတဲ့ ဘသက်ရှည်ကို
မိုးကြိုးပြင်သား သကျသာကီ ဝင်တစ်ယောက်က ပြောင်းဖူး ဖက်ဆေးလိပ်ကို မီးညှိပြီးပေးတော့
ဘသက်ရှည် ဆေးလိပ် မီးခိုးတွေကြားကနေ အဝေးဆီကို ငေးနေတယ်။ ဘယ်ကိုလဲ ဘိုးဘေးတွေ
လာခဲ့ကြတဲ့ အိန္ဒိယဆီကိုလား။ မိုးကြိုးသွားတွေ ဖွေးနေတဲ့ 'ချင်းကုန်း'ဆီကိုလား။
ရွာသားနှစ်ယောက်က တွဲပြီးပို့တော့
ပြောသွားသေးတယ်။ မိုးကြိုးမမှန်ဘဲ ကျန်ခဲ့တာတွေ ရှိသေးတယ်။ အဲဒီ ဝိဒတူပတွေက
ဆင်းသက်လာတာ 'ချင်း'တွေတဲ့။ ဒါကြောင့် ချင်းကုန်းလို့ ခေါ်တာတဲ့။
ရပါပြီ ဘသက်ရှည်၊ လုံလောက်ပါပြီ သကျသာကီ။
ဥက္ကဋ္ဌက ဇီးဖြူသီးချက်နဲ့
ထမင်းကျွေးတယ်။ အဆင်ပြေရဲ့လား မေးတော့ ပြေပါတယ်။ သမိုင်းကြောင်းရောဆိုတော့
မိုးကြိုးသွားလေးတွေအကြောင်း ရှင်းပြရတယ်။ ကျောက်ခေတ်သစ်နဲ့ မိတ်ဆက်ရတယ်။
ရွာသားတွေကတော့ သကျသာကီဝင်ကနေ လျောကျမှာ မလိုလားဘူး။ ဥက္ကဋ္ဌကတော့ ပြောပါတယ်။
ဘသက်ရှည်က သူငယ်ပြန်ချင်နေပြီတဲ့။ ထမင်းစားနေရင်းမှ သူ့မိသားစုနဲ့
မိတ်ဆက်တယ်။ 'ကျုပ်ကလည်း
ပြည်ထောင်စုနေ့ ကိုယ်စားလှယ်ဗျဆိုပြီး ကျိုက္ကဆံကွင်း တံဆိပ်တွေနဲ့ လက်ဆွဲအိတ်တွေ၊
ဒိုင်ယာရီ စာအုပ်လေးတွေ ထုတ်ပြတယ်' မြို့ဆိုလို့ ရန်ကုန်
ဒီတစ်ခေါက် ရောက်ဖူးတာပဲလို့ ဥက္ကဋ္ဌက ဆိုလေတယ်။
နှုတ်ဆက်ခဲ့ပါတယ် သကျသာကီဝင်
မိုးကြိုးပြင်။ စေတနာကောင်းတဲ့ ဥက္ကဋ္ဌနဲ့ မိသားစုကို နှုတ်ဆက်ခဲ့ပါတယ်။
ဆောင့်ကြောင့်ထိုင်နေတဲ့ သကျသာကီဝင်၊ တန်းလျားပေါ် လက်ထောက်နေတဲ့ သကျသာကီဝင်၊ ထဘီ
ရင်လျားနဲ့ သကျသာကီဝင်၊ နှပ်ချေးတွဲလောင်းနဲ့ သကျသာကီ ဝင်လေးတွေကိုတော့
မုန့်ဖိုးဝေခဲ့တယ်။ နှုတ်ဆက်ခဲ့ပြီ ဘသက်ရှည်။ နှုတ်ဆက်ခဲ့ပြီ သကျသာကီ။
ရွာအဝင် ချောင်းရိုးလေးဘေးက
မန်ကျည်းပင်တန်းလေးအတိုင်း စက်ဘီးကို နင်းပြန်လာခဲ့တယ်။ လမ်းဘေးဝဲယာမှာ
ထွန်ရေးတချို့ ပြင်ထားကြတယ်။ ထယ်ရေးနက်နက်တွေနဲ့ မျဉ်းကြောင်း နီနီလေးတွေမှ
ဖြောင့်တန်း ညီညာလို့။ သေသေချာချာ ဆင်းကြည့်ရင် အဲဒီ ထယ်ကြောင်းတွေထဲမှာ
စိမ်းညို့ညို့အရောင်နဲ့ ပဲခွပ် ပုံသဏ္ဌာန် ကျောက်ချော လက်နက်လေးတွေ အသေအချာ
ကောက်ရမှာ မလွဲပါပဲ။
အဲဒါ ဒီဘက်ဒေသက လူတွေခေါ်တာ
မိုးကြိုးသွားတဲ့။ ကိုသပြေ့ ရွှေသမင်က 'မိုးကြိုးသွားက ကက်ဆက်
ရပ်သွားမှာတဲ့၊ ဟောဒီမှာ မိုးကြိုးပြင်က မိုးကြိုးသွားကတော့ ငါ့ကို ရပ်သွားစေတာပဲ။
ပါမောက္ခကတော့ ပြောမှာပါ။ မင်းအရပ် မင်းဒေသဆိုတော့ 'အလောင်းစည်သူ
မင်းကြီးနဲ့ပဲ ဖြစ်ဖြစ်၊ ရှင်ကြီး ဂေါတမနဲ့ပဲဖြစ်ဖြစ် မင်းဘာသာမင်း ပြေလည်အောင်
ညှိနှိုင်းပါကွာလို့ ဆိုမှာပါ။
စက်ဘီးကို အားစိုက်ပြီး
တစ်ချက်နင်းလိုက်တယ် ဆိုရင်ပဲ လမ်းမကြီးပေါ်ရောက်ပြီ။ ဘယ်ကို ငါပြန်ရမှာလဲ။
အိန္ဒိယက သကျသာကီဝင်မင်းတို့ရဲ့ နန်းတော်ထဲကိုလား။ ပျူမင်း၊ ပြုံးမင်းတို့ ဖိုလ်ဝင်ခဲ့တယ်
ဆိုတဲ့ ဖိုးဝင်းတောင်ဆီကိုလား။ ရှေ့မှာတော့ ကုက္ကိုပင်တန်းနဲ့ လမ်းမကြီးက
ဖြူးဖြောင့်လို့။
ဟိုတစ်နေ့က စာတစ်အုပ် ဖတ်ရတယ်။
ဒေါက်တာသန်းထွန်းရေးတဲ့ မြန်မာတွေ ဘယ်က လာတယ်ဆိုတာ ခြေရာခံပေးထားတဲ့ 'မြန်မာသမိုင်းပုံ'
စာအုပ်။ အဲဒီစာအုပ်က စာမျက်နှာ (၆ဝ)မှာ...
'စင်းလုံးချောသွေးထားတဲ့
လက်ပုဆိန်တစ်ခုကို ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မုံရွာတစ်ဖက် မိုးကြိုးပြင်မှာ
(ကောက်) ရတယ်။ အဲဒီ ကျောက်ဖိစပ်ဖူး လက်နက်မှာ ကျောက်သစ်ကာလ လယ်သမား၊ ယာသမားဟာ
သားငါး စားရဖို့ မုဆိုးတံငါ တစ်ပိုင်း လုပ်နေရတုန်းဆိုတဲ့ သက်သေခံချက်တစ်ခုကို
တွေ့ရတယ်။
အောက်မှာ ကျောက်လက်နက်ပုံ။
မျက်နှာပြင်ပေါ်မှာ ဒီဇိုင်းတစ်ခု ရေးခြစ်ထားတာကို ပြပြီး ပုံစံရေးထားတာက...
'ချင်းတွင်းမြစ်
အနောက်ဘက်ကမ်း၊ မုံရွာတစ်ဖက်ရှိ မိုးကြိုးပြင်မှာ (ကောက်ရတဲ့) ကျောက်ပုဆိန်ပေါ်မှာ
ထင်ထင်ရှားရှား ရေးခြစ်ထားတဲ့ သုတ်ကိုင်းထောင်ခြောက်ပုံ (ကောက်ယူခဲ့သူ တိုးလှ)တဲ့။
ဒီတစ်ခေါက်များ ဒေါက်တာတိုးလှ
ရောက်ခဲ့လို့ ရှိခဲ့သေးရင် ကောက်ယူခဲ့ပါဦး။ ကျွန်တော့်ရဲ့ 'ဘသက်ရှည်'။ ကောက်ယူခဲ့ပါဦး။ ကျွန်တော့်ရဲ့ သကျသာကီ၊ ကောက်ယူခဲ့ပါဦး ကျွန်တော့်ရဲ့
မိုးကြိုးပြင်။
▀
မျိုးငြိမ်းဆွေ
(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်