တင်မြင့်ဦး၊သံတွဲ၊
ဦးထိပ်ကွက် တစ်ယောက် ငူငူကြီး ငိုင်နေသည်။ အရင်ကဆိုလျှင် ၅ဝ ကျော်သော အသက်နှင့် မလိုက်အောင်ပင် သွက်လက် မြန်ဆန်နေတတ်၏။ အခုတော့ တစ်ရက်မဟုတ်။ နှစ်ရက်မဟုတ် ဦးထိပ်ကွက် ငူငူကြီး ငိုင်နေသည်မှာ လပင်ချီကြာလေပြီ။ သူ့မိန်းမ ဒေါ်မဲလုံးကတော့ လင့်သြဇာ နာခံသူပီပီ ဘာမှမမေးရဲ၊ မစပ်စုရဲ။ ပါးစပ်က မမေးရဲသော်လည်း စိတ်ကပိတ်ထား၍ ရတာမှမဟုတ်။ ဒီတော့ ဒေါ်မဲလုံးစိတ်က မရေတွက်နိုင်အောင် အမျိုးမျိုး ဋီကာချဲ့၍ တွေးနေမိ၏။ ကြာတော့ အတွေးများကြောင့် ဒေါ်မဲလုံးပါ ငူငူကြီး ငိုင်လာသည်။
ကြာတော့ ငူငူကြီး ငိုင်နေသော
ဒေါ်မဲလုံးကို ငူငူကြီး ငိုင်နေသော ဦးထိပ်ကွက် သတိထားမိလာသည်။ သူကတော့ မိန်းမကို
အရာရာ ဦးစီးခေါင်းဆောင် ညွှန်ကြားလမ်းပြပေးခဲ့သူပီပီ ရေငုံနှုတ်ပိတ် မနေတော့။
'မဲမဲ...မင့်ပုံက
ငိုင်နေလိုက်တာများ လင်းတ(လဒ)ကြီး ဘာမီတွန်တိုက်ထားသလိုမျိုးနဲ့။ မင့်မှာ ဦးစီးခေါင်းဆောင်နိုင်တဲ့
အိမ်ထောင်ဦးစီး လင်ယောကျ်ား ရှိတယ်ဆိုတာလောက်တော့ တွေးဦးမှပေါ့'
ဒေါ်မဲလုံး မျက်ဝန်းတွေ
တဖျပ်ဖျပ်တောက်ပ လင်းလက်လာသည်။ 'ဟုတ်ပါ့တော်...
အတွေးတွေများနေတာနဲ့ ဒါကိုတောင် မတွေးမိနိုင်ဘူး'
လကြာအောင် ပျောက်ကွယ်နေသော အပြုံးများ
ဦးထိပ်ကွက် မျက်နှာတွင် ပြည့်ပြည့်ဝဝကြီး ပြန်ပေါ်လာသည်။
'အေး...ဒီလိုမှပေါ့ မဲမဲ ရဲ့။
ကဲ...ပြောစမ်းပါဦး'
'ပြောရမယ်ဆိုရင် ရှင့်
ကြောင့် ငိုင်နေရတာတော့်'
'ဟေ...ငါ့ကြောင့် ဟုတ်လား'
ဦးထိပ်ကွက် မျက်နှာကြီးမှာ
သံပရာသီးကို ထိုင်ဝမ်ဆီးသီး အမှတ်ဖြင့် အားပါးတရ ကောက်စား လိုက်မိသူလို ဖြစ်သွား၏။
မြား၏လားရာက သူ့ဆီ ဦးတည်လာပြီကိုး။
'ဟုတ်တယ်လေ။ ရှင်က တစ်နေ့
တစ်နေ့ ငူငူကြီးငိုင်နေတော့ ဘာများဖြစ်လို့လဲဆိုပြီး ကျုပ်လည်း တွေးနေမိတာ။
ကြာတော့ ဒီအတွေးတွေနဲ့ပဲ ငိုင်နေတာပေါ့တော့်'
'အင်း...ငါ ထင်တော့ ထင်သားပဲ'
ဘာပဲဖြစ်ဖြစ် ဦးထိပ်ကွက်ကတော့
ထုံးစံအတိုင်း အလျှော့မပေး။ အဖြေကို ကြိုသိသယောင် ယောင်တော့ ဆရာ လုပ်လိုက်ရသေးသည်။
'ထင်ရင်လည်း ပြောလေ။
ကျုပ်စိတ်ထဲမှာ ရှင်ဘာကြောင့် ငူငိုင်နေပါလိမ့်ဆိုတာ သိချင်နေတာ ကြာပြီ။
အကြံပေးနိုင်ပေးရအောင် ပေါ့တော်'
ဦးထိပ်ကွက် မျက်နှာ တစ်ချက် ပြန်တင်းသွားသည်။
သူ့လို အရာရာ တတ်သိနားလည်နေတဲ့ သူတောင် မစဉ်းစား၊ မဖြေရှင်းနိုင်သေးတာ သူ့မိန်းမက
ဘယ်လိုဖြေရှင်း နိုင်မှာလဲ။ သို့သော် သူ့မိန်းမ ငူငူကြီး ငိုင်နေသောကိစ္စ
ပြေလည်ဖို့ရာ သူ့မှာ တာဝန်ရှိနေပြီ မဟုတ်လား။
'ဒီလတွေမှာ တို့ဆိုင်ရဲ့
ပြောင်းလဲသွားတဲ့ အခြေအနေကို မင့် သတိထားမိရဲ့လား'
ဒေါ်မဲလုံးက ဦးထိပ်ကွက်စကားကို နားလည်
သဘောပေါက်ကြောင်း ဝမ်းသာအားရ ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။
'ဟုတ်ပါ့တော်၊ မိုးကုန်လို့
ဆောင်းကူးလာတဲ့အထိကြောင့် ဖြစ်မယ်။ ဆိုင်ရှေ့လမ်းမှာ ရေအိုင်ကွက်တွေ ပျောက်ပြီး
ဖုန်တွေထူလာပြီ။ ကားတွေ၊ ဆိုင်ကယ်တွေ ဖြတ်ဖြတ်မောင်းသွားရင် ဆိုင်ထဲ အလုံးလိုက်
ဝင်ဝင်လာတာပဲ။ ဒီဖုန်တွေကြောင့် စိတ်ညစ်ပြီး ရှင် ငိုင်နေတာပေါ့ ဟုတ်လား'
သူတို့မိသားစု၏ အဓိက လုပ်ငန်းက
အိမ်ရှေ့တွင် ဖွင့်ထားသော လက်ဖက်ရည် ဆိုင်ဖြစ်သည်။ ဒီတော့ တွေးစရာက
လက်ဖက်ရည်ဆိုင်ပဲ ရှိတာ မဟုတ်လား။
'မဲမဲရယ်၊ အရိပ်ပြလို့ မင့်က
အကောင်တော့ ထင်ပါရဲ့။ ဒါပေမယ့် မင့်ထင်တာက အရိပ်တခြား၊ အကောင်တခြား ဖြစ်နေပြီ။
ဆောင်းရောက်လို့ ဆိုင်ထဲ ဖုန်ထူတာ အဆန်းလား။ နှစ်တိုင်းလည်း ဒီလိုပဲ ဆောင်းတွေ၊
နွေတွေမှာဆို တစ်ရက်ကို အဆုတ်ထဲ ဖုန် ၁၅ ကျပ်သားလောက် ထည့်နေရတာပဲ။
ဒီကိစ္စလေးလောက် ငါ ဘာငူနေငိုင်နေစရာ ရှိလို့တုံး'
'ဒါဆို ပြောစမ်းပါဦးတော့်။
ဘာမှတောင် မစဉ်းစားတတ်တော့ဘူး။ ဒီထက် အရေးကြီးတဲ့ ကိစ္စများ ရှိသေးလို့လား'
'ရှိမှသိပ်ရှိပေါ့ဟ။ မင်းတို့
ငါတို့ မိသားစုကြီးရဲ့ ရှေ့အနာဂတ်တစ်ခုလုံးအတွက် အရေးကြီးတဲ့ ပြဿနာပဲ'
ဦးထိပ်ကွက် စကားကြောင့် ပေါင်ချိန် ၂ဝဝ
ခန့်ရှိသော ဒေါ်မဲလုံး၏ ကိုယ်ခန္ဓာကြီးမှာ တဆတ်ဆတ် တုန်သွားသည်။ ပေါင်ချိန် ၁ဝဝ
မကျော်ချင့် ကျော်ချင် ကျော်နေသော ဦးထိပ်ကွက် ကိုယ်ခန္ဓာနောက်ပဲ ပြေးပုန်းရတော့
မလိုလို ချိုး(ဂျိုး) ရင်အုပ်ပမာ ရှိနေသော ဦးထိပ်ကွက် ရင်ခွင်ထဲကို
ပြေးဝင်ခိုရတော့ မလိုလို ဖြစ်သွား၏။
'ကဲ...ဒါဆိုလည်း ရှင်
ငိုင်နေတဲ့ ကိစ္စရဲ့အဖြေကို ပြောပါတော့'
'တို့ဆိုင်ရဲ့ အရောင်း
အဝယ်ကိစ္စပေါ့ မိန်းမရယ်။ ကြည့်စမ်း၊ ပွင့်လင်းရာသီ ရောက်ပါလျက်နဲ့ ရောင်းအား
ဘယ်မှာ သိသိသာသာ တိုးတက်လာလို့လဲ။ တချို့နေ့တွေဆို မိုးတွင်းလောက်တောင် ရောင်းမကောင်းဘူး။
ဒီဆိုင်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုဟာ တို့မိသားစုအတွက် ပင်မရေသောက်မြစ် မဟုတ်လား။
ဒီကိစ္စကို လက်တွေ့ကျကျ ဖြေရှင်းနိုင်အောင် စဉ်းစားရင်း ငါ ငူငူကြီး ငိုင်နေတာပဲ'
ဦးထိပ်ကွက်၏ လေးလေးနက်နက် ပြောနေသော
စကားများ အဆုံးဝယ် ဒေါ်မဲလုံး၏ အားပါးတရရယ်သံက မြိုင်မြိုင်ဆိုင်ဆိုင်
ပေါ်ထွက်လာသည်။ ဦးထိပ်ကွက်၏ ဝက်ခြံများနှင့် လှပတင့်တယ်နေသော ဒေါသ၏
အရိပ်အယောင်ကြောင့် အနီရင့်ရောင် အသွေးအမွေးတောက်ကာ ဖောင်းကြွတက်လာ၏။
'ဟဲ့...မဲမ၊ မင့်...မင့်က
ငါ့စကားကို ပြက်ရယ် ပြုတာလားဟင်၊ ပြောစမ်း'
'အောင်မယ်လေးတော် မီးပုံးပျံထဲ
ရှင့်ဒေါသကို ထည့်မယ်ဆိုရင် မှိုင်းတိုက်စရာတောင် မလိုဘဲ လွှတ်ကိုတက်မှာ။
ပြောပါရစေဦး။ ဒီကိစ္စ အတွက်ဆို ရှင် စောစောကပဲ ကျုပ်ကို တိုင်ပင်ဖို့ ကောင်းတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ် တော်တော်များများရဲ့ နောက်မှာ ပါရမီဖြည့်ဆည်းမှု
တော်တဲ့မိန်းမတွေ ရှိတယ်ဆိုတာ ရှင်လည်းသိမှာပေါ့။ ရှင့်လောက် မတတ်ပေမယ့် ကျုပ်လည်း
အကွက်ဝင်လာရင် အကြံကောင်း၊ ဉာဏ်ကောင်း ဖြည့်ဆည်းပေးတတ်ပါတယ်'
'ငါလိုလူက ယူထားမှတော့
မင့်လည်း ဘယ်ခေတော့မှာလဲ။ ငါလည်း ထင်တော့ ထင်သားပဲ'
ဦးထိပ်ကွက်က ထုံးစံအတိုင်း
တစ်မှတ်လောက်တော့ မရကုတ်ကတ် ဝင်ယူဖြစ်အောင် ယူလိုက်သေး၏။
'မြို့ပေါ်မှာ နာမည်ကြီးနေတဲ့
မနောမယဂမ္ဘီရ ဆရာဂွဆိုတာ ရှင် မကြားမိဖူးလား။ ကျုပ်တို့ဆိုင်အတွက် ဆရာဂွဆီရောက်ရင်
အဆင်ပြေသွားမှာပေါ့တော်'
'ဘာလဲ အဲဒီဆရာထ အဲ...အဲ...
ဆရာဂွက လက်ဖက်ရည်ဆိုင်တွေ ဖွင့်ပြီး ကြီးပွားနေလို့လား'
'ကြံကြီးစည်ရာတော်။
မပြစ်မှားကောင်း ပြစ်မှားကောင်း။ မနောမယ ဂမ္ဘီရ ဆိုမှပဲ လက်ဖက်ရည်ဆိုင်
ဖွင့်ပါဦးမလား။ မနောနဲ့ ဟောပြောပြီး ဂမ္ဘီရအစီအရင်တွေနဲ့ ဆောင်ရွက်ပေးတဲ့ ဆရာလေ။
ဆရာဂွဆီ ရောက်ပြီးတဲ့လူတိုင်းလိုလို အဆင်ပြေလို့ မြို့ပေါ်မှာ နာမည်ကြီးပဲ'
ဒေါ်မဲလုံးက အားတက်သရော ရှိနေသလောက်
ဦးထိပ်ကွက် နှာခေါင်းတရှုံ့ရှုံ့ ဖြစ်သွား၏။ ဦးထိပ်ကွက်က သတင်းစာတွေဖတ်၊ ရေဒီယို
နားထောင်ပြီး သိပ္ပံနည်းကျကျ ပိုကြည့်တတ်သည်။
'မင့်ဟာ ဟုတ်ပါ့မလား။
ဒီခေတ်လောကကြီးမှာ မနောနဲ့ဂမ္ဘီရနဲ့ တော်ကြာ လူ ရယ်စရာကြီး ဖြစ်နေပါဦးမယ်'
'အံမယ်တော်၊
ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင် နတ်ဝင်သည်တွေ၊ နတ်ကတော်တွေ၊ ဂမ္ဘီရစိတ်ပညာရှင်တွေကို
လက်ခံယုံကြည်နေကြတာပဲ။ ကျုပ်တို့နိုင်ငံရဲ့ ဘုတ်အုပ်လောကမှာ ကြည့်ပါဦး။ အဲဒီလို
စာပေမျိုးထည့်တဲ့ မဂ္ဂဇင်းဘုတ်အုပ်တွေပဲ အရောင်းရဆုံး၊ အငှားရဆုံး ဖြစ်နေတယ်
မဟုတ်လား။ အဲဒါကို လက်ခံနေတဲ့ လူတန်းစားတွေထဲမှာ ကြည့်ပါဦးတော်။ တကယ့်ပညာတတ်
ပုဂ္ဂိုလ်ကြီးတွေတောင် ပါတာပဲ။ ဘာမှအဓိပ္ပာယ် မရှိ၊ အနှစ် သာရမရှိ၊
ဓမ္မဓိဋ္ဌာန်ကျကျ မရှိဘူးဆို သူတို့ လက်ခံပါ့မလား။ ပညာရပ်တစ်ခုမှာ အနည်းဆုံး
စွမ်းချက်တစ်ချက်တော့ ရှိတာပဲ မဟုတ်လား'
'အင်း...မင့်ပြောတာလည်း
ဟုတ်တုတ်တုတ်ပဲ'
ဒေါ်မဲလုံး၏ ယုတ္တိဗေဒ ကျကျ
သက်သေပြချက်များကြောင့် ဦးထိပ်ကွက်ပင် ဦးလည်သွားရတော့သည်။ တစ်သက်လုံး
ဦးဆောင်ညွှန်ကြားလာသမျှ တစ်ချက်တည်းနှင့် နုတ်ထွက်ရကိန်း ကြုံရလေပြီ။
'ဟုတ်တုတ်တုတ် လုပ်မနေနဲ့။
မနောမယဂမ္ဘီရ ဆရာဂွဆီ သွားလိုက်။ ရှင် ဟုတ်ကို ဟုတ်တယ် ဖြစ်သွားစေရမယ်လေ'
ပိရိသေသပ်သော ပွဲသိမ်းလက်သီးက
ရင်ညွန့် တည့်တည့်ကို ဒိုင်းခနဲ ဝင်ဆောင့်သွား၏။ ဦးထိပ်ကွက်အဖို့
ပထမဦးဆုံးအကြိမ်အဖြစ် ဒေါ်မဲလုံး၏ အစီအမံကို အကောင်အထည် ဖော်ရပေတော့မည်။
□
ဦးထိပ်ကွက် လိပ်ပြာမလုံချင်။
သူ့ကိုတစ်ယောက်ယောက်က လှမ်းမေးလေမလားဟူသော ရှက်စိတ်ကြောင့် ကားစောင့်နေရင်း
ကွက်ခနဲ၊ ကွက်ခနဲ ဘေးဘီဝဲယာ လှည့် ကြည့်မိနေသည်။ သူ့လို ကားစောင့်နေသူ အားလုံး
အလုပ်ကိုယ်စီ၊ အထုပ်ကိုယ်စီနှင့် ယောက်ယက်ခတ်နေသည်ကို မြင်မှ အပူလုံး နည်းနည်း
ထုထည်သေးသွား၏။
ဂိတ်ရုံထဲ ဝင်ထိုင်ရင်း မျက်လုံးကို
မှေးထားလိုက်သည်။ အိပ်ငိုက်နေသည်ဟု ထင်လျှင် ထင်ကြပါစေ။ အိပ်ပျော်နေသည်ဟု
တွက်လျှင် ပိုပင် ဝမ်းမြောက်နေဦးမည်။ ခုအချိန်မှာ နှုတ်မဆက် လေ၊ သတင်းမမေးလေ
ကောင်းလေ မဟုတ်လား။
'ဟိုင်း...ကိုထိပ်'
'ဟဲ့...ပလုတ်တုတ်'
ပခုံးကို လှမ်းရိုက်ပြီး
နှုတ်ဆက်လိုက်သံကြောင့် ဦးထိပ်ကွက် ထိတ်ခနဲဖြစ်ကာ လန့်အော်လိုက်သည်။
'ဟေ့...လူကြီး... ဟေ့၊ လူကြီး
သတိထားပါဦး၊ ခင်ဗျားရူးသွားတာ ကိစ္စမရှိဘူး။ ကျုပ်တရားခံဖြစ် နေပါဦးမယ်'
ဒုတိယအကြိမ် ပခုံးကို ထပ်ပုတ်လိုက်သော
မောင်တင်မြင့်ကို ဦးထိပ်ကွက် ဘုကြည့် ပြန်ငဲ့ကြည့်လိုက်သည်။ ဒီကောင်က စာတိုပေစ
ရေးနေသူပီပီ နေရာတကာ အပေါက်အကျ မကျန် မေးတတ်၏။ ခုချိန်မှာ သူ့လိုလူမျိုးကို
ဦးထိပ်ကွက် ပိုရှောင်ချင်နေသည်။
'မင်းတို့ကောင်တွေက
လုပ်လိုက်ရင် အရမ်းကြီးပဲ။ မင့် ဘယ်သွားမလို့လဲ သွား ...သွား။ ငါလည်း
မြို့ထဲကိစ္စလေး ရှိလို့'
ဦးထိပ်ကွက်က အမြန် ပထုတ်လိုက်သည်။
သို့သော် ဘကောင့်သားက ခွာမည့်ပုံ မပြ။ သွားကိုသာ ဖြဲပြီး တဟီးဟီး တဟဲဟဲ
လုပ်နေပြန်၏။
'သွားလေလကွာ။ ဟိုမှာ
ကားလာတော့မယ်'
'ဒီတစ်ခါ လောလှချေလား
ကိုထိပ်ရဲ့။ တွေ့ဆုံခိုက်မှာ စကားလေးဘာလေး ပြောသေးတာပေါ့။ ကျုပ်လည်း
ခင်ဗျားဆိုင်ဘက်ကို မရောက်တာ ကြာပြီမဟုတ်လား'
'အေးအေးဆေးဆေး ပြောချင်ရင်
ဆိုင်သာ လာခဲ့ပါလေ။ ခုကိစ္စ အရေးနည်းနည်းကြီးလို့ အရင်လာတဲ့ ကားနဲ့ အရင်လိုက်ရမှာ'
'ဆိုင်အတွက်
ပစ္စည်းဝယ်ဖို့လား'
'မဟုတ်ဘူး'
'ဟ...ဆိုင်အတွက် မဟုတ်ရင်
ဘာအရေးကြီးလို့လဲ။ ခင်ဗျားတို့မိသားစုမှာ ဒီဆိုင်ပဲ အသက်သွေးကြော မဟုတ်လား'
မောင်တင်မြင့်၏ အမူအရာနှင့် စကားသံကို
ကြားတော့ ဦးထိပ်ကွက် သက်ပြင်းမောကို မှုတ်ထုတ်လိုက်သည်။ စိတ်ညစ်၍
မြစ်ဘေးသွားထိုင်မှ သပွတ်အူတွေ မျောလာတယ်ဆိုသလို ဖြစ်နေပြီ မဟုတ်လား။
'ဆိုင်တော့ ဆိုင်အတွက်ပဲ
ငါ့ကောင်ရဲ့။ ဒါပေမယ့် ပစ္စည်းဝယ်ဖို့တော့ မဟုတ်ဘူး'
'လာပါဦး ကိုထိပ်ရဲ့။ ကျုပ်ဟာ
ခင်ဗျားရဲ့ မိတ်ဆွေရင်းပါ။ ပွင့်ပွင့်လင်းလင်း တိုင်ပင်နိုင်ပါတယ်။ ငွေကလွဲလို့
ကျန်တာ အကုန်ကူညီနိုင်တဲ့ ဗဟုသုတ ဟင်းလေးအိုးကြီး တင်မြင့်ပါဗျ'
ဦးထိပ်ကွက် ဘာမှ မငြင်းနိုင်တော့။
မောင်တင်မြင့် ဆွဲခေါ်ရာ အကြော်ဆိုင်လေးဆီသို့ ကန့်လန့်ကန့်လန့် ကဏန်းသွား
သွားရင်း ပါသွားတော့၏။ ပါသွားတော့လည်း ဖြစ်နေသော၊ ခံစားနေ ရသော ပြဿနာအားလုံးကို
ဂဃနဏ ပြောပြလိုက်ရသည်။ ဦးထိပ်ကွက် ပြောစကားဆုံးတော့ မောင်တင်မြင့်က
လက်ဖျောက်တစ်ချက် တီး၏။
'ကိုထိပ်မိန်းမ မမဲမဲကြီး
ပြောတာမှန်တယ်ဗျ'
'ထွမ်...မဲမဲဆိုလည်း မဲမဲ
ပြောစမ်းပါဟ။ ဒါဆို
မင့်ကလည်း မနောမယ ဂမ္ဘီရ ဆရာဂွဆီ သွားဖို့ အားပေးတယ်ပေါ့'
'ခင်ဗျားမိန်းမကို ကျုပ်က
ခင်မင်မှုနဲ့ မဲမဲကြီးလို့ ခေါ်တာ။ ကိုထိပ်က ဘာတွေးမိလို့ မသတီတာလဲ။ ဒါတော့
ကျုပ်လည်း မတတ်နိုင်ဘူး။ အဲ...အဓိကကိစ္စ ပြောမယ်။ အဲဒီ ဆရာဂွဆီ သွားဖို့
ဘာတိုက်တွန်းသေးလို့လဲ'
ဦးထိပ်ကွက် စိတ်ရှုပ်ဟန်ဖြင့်
ခေါင်းကို တဗြင်းဗြင်း ကုတ်သည်။
'နော့... မင့်ပဲ
ငါ့မိန်းမပြောတာ မှန်တယ်ဆို'
'ဒါက မနောမယဂမ္ဘီရ အန်တီလှကို
ဒယ်ဒီ မ ဆိုတဲ့ ပညာမှန်ကြောင်း ပြောတာပဲ'
'အတူတူပဲ မဟုတ်လား'
'မတူဘူး။ အဲဒီဆရာဂွ ဆီကို
သွားရင် စရိတ်စကနဲ့ ပူဇော်ရမှာနဲ့ ယတြာချေရမှာနဲ့ ဟောခနဲ ငွေတွေ ထွက်သွားဦးမှာ။
ပြီးတော့ ခု အဲဒီ ဆရာဂွ မရှိတော့ဘူး။ သူ အစီအမံတွေ အမြဲလုပ်ပေးနေရတဲ့ မြို့ပေါ်က
လက်ဖက်ရည်ဆိုင်ပိုင်ရှင် အပျိုကြီး မမကို မ ပြေးသွားပြီလေ။ ခင်ဗျားတို့ လင်မယား
မကြားဘူးလား။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ ခုကိစ္စလောက်တော့ ကျုပ်ကိုယ်တိုင်
စီစဉ်ပေးလို့ ဖြစ်တဲ့ကိစ္စပဲ။ အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းစနစ်သုံးပြီး ကျုပ်
ကူညီပေးလိုက်မယ်'
'ဟုတ်ပါ့မလားဟ'
'ဟင်း...ဟင်း... ဟင်း...မသိသူ
ကျော်သွား၊ သိသူဖော်စားတဲ့။ ဖော်စားလိုက်စမ်းပါ ကိုထိပ်ရယ်။ ဗဟုသုတဟင်းလေးအိုးကြီး
တင်မြင့်ပါ။ ကိုထိပ်သာ တိတိကျကျ လိုက်နာမယ်ဆို နေ့ မကူးစေရဘူး။ လက်ဖက်ရည်တစ်ခွက်
တစ်ရာကနေ တစ်ကျပ်နဲ့ ရောင်းနေသလားလို့ မေးရလောက်အောင်ကို ထိပ်ဆိုင်ထဲ
လှည်းနေလှေအောင်း မြင်းဇောင်းက ဂီလာနပါမကျန် ဧကန်ရောက်ရစေမယ်ဗျား'
ဦးထိပ်ကွက် စိတ်မှာ ခုလိုဆိုတော့
တစ်သက်လုံး ပေါင်းလာသော မောင်တင်မြင့်ကို ဝေဟင်ခရီးကို လေယာဉ်မစီးဘဲ ကြွလာတဲ့
ဘိုးတော်တစ်ပါးလို အထူးအဆန်း ပုဂ္ဂိုလ်ကြီး ဖြစ်သွားပြီး အောက်ဆင်းထိုင်
ဒူးတုပ်ရှိခိုး ရမလိုလိုဖြစ်သွားတော့သည်။
□
'ရှင့်ဟာက ဟုတ်ပါ့ မလားတော်'
ဒေါ်မဲလုံးလေသံမှာက စိတ်အလိုမကျသံတွေ
ပါနေသည်။ သို့သော် ဦးထိပ်ကွက်ကိုတော့ အဆန့်ကျင်ကြီး မပြောရဲ။
'မင့်တို့ အဲဒါခက်တာပေါ့။
ရွာနားကမြက်၊ ရွာနွား မစားတဲ့။ အမြင့်တက် အမှည့်စားရနိုးနိုးတဲ့။ သတိ မမူ
ဂူမမြင်တဲ့။ အသေအချာ စဉ်းစားတော့ မောင်တင်မြင့်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ နှယ်နှယ်ရရလား။
တစ်နိုင်ငံလုံးကို ဖြန့်နေတဲ့ မဂ္ဂဇင်းဘုတ်အုပ်တွေမှာ စာချိုးတွေ၊ စာသွားတွေ
ရေးနေတဲ့ နိုင်ငံသိ ပုဂ္ဂိုလ် မဟုတ်လား'
အဲဒါတွေ ထည့်လို့သူက ငွေမပေးရတဲ့ပြင်
ဟိုက သူ့ကိုတောင် ကန်တော့ငွေ ပေးသေးတာတဲ့... လွယ်သလား။ ဗဟုသုတတွေ ကြွယ်လို့ပေါ့။
ဒီလိုပုဂ္ဂိုလ်မျိုးတွေက ရဟန်းဆိုလည်း ရဟန်းပညာရှိ၊ လူဆိုလည်း လူပညာရှိဟ။
သူ့အစီအစဉ်တွေနဲ့ အောင်မြင်မယ်လို့ ငါတော့ ယုံကြည်တယ်'
'အင်း... ဆရာဂွလည်း
မရှိဘူးဆိုတော့ ရှင့်သဘောအတိုင်း လုပ်ကြည့်ပေါ့လေ။ ယတြာတွေ ဘာတွေချေဖို့
ဆေးဖယောင်းတိုင်တွေဘာတွေ ထွန်းဖို့၊ အင်းမြှုပ်ဖို့ အင်းချဖို့လိုလည်း
ကျုပ်ပြောပေါ့'
'စပါးလှမ်းဖျာမှာ
ထုံးနိုင်နိုင်သုတ်ပြီး သူရေးပေးလိုက်တဲ့ ဂါထာကို စာလုံး ကြီးကြီး
ကူးရေးလိုက်ရုံပဲ။ ဘာမှမလိုဘူး။ ပြီးရင် ဒီမှာ ကြည့်စမ်း မဲမဲ၊ ဒါပဲ...'
ဦးထိပ်ကွက်က ပြောပြီးသည်နှင့်
ပိုင်နိုင်တိကျ သေသပ်စွာ ပြုံးလိုက်၏။
'ရှင့်ဟာက ဘာလဲတော့၊
ပြုံးဖြီးဖြီးကြီး ကလေးကလား ဂျပိုးရုပ်လုပ်ပြီး ကျုပ်မနေတတ်ဘူး'
'မင်းတို့ အဲဒါခက်တာပေါ့။ ဒါ
ဆွဲဆောင်မှုရှိတဲ့ အပြုံးဟ၊ ကမ္ဘာမှာ အအောင်မြင်ဆုံး စီးပွားရေးပုဂ္ဂိုလ်တွေ
ဖြစ်တဲ့ ဒေးကာနဲ့ နက်ဂျီရဲ့ အထိရောက်ဆုံးနည်းတဲ့။ အပြုံးကို ပိုင်ပိုင်နိုင်နိုင်
ပြုံးတတ်ရင် စီးပွားရေးမှာ တစ်ဝက် အောင်မြင်ပြီတဲ့။ မကြာပါဘူးလကွာ။ ဒီအပြုံးနဲ့
ဒီဂါထာရဲ့ အစွမ်းကို မင်း မြင်ရမှာပေါ့'
ဦးထိပ်ကွက်က ပြောပြီးသည်နှင့်
ဆိုင်မျက်နှာစာ ဘေးဝယ် ထောင်ထားသော စပါးလှမ်းဖျာရှေ့သို့ သွားလိုက်၏။ သူ့နောက်တွင်
ဒေါ်မဲလုံးကလည်း လိုအပ်သည်များကို ကူညီပေး ကမ်းရန် အသင့်လိုက်သွားသည်။ တကယ်တော့
မနက် ၄ နာရီ ကပင် ထပြီး ဦးထိပ်ကွက် စီစဉ်ပြီးသား။ ထုံးသုတ်ထားသော
စပါးလှမ်းဖျာပေါ်တွင် နှစ်လက်မစုတ်တံနှင့် ရေးရန် မဲနယ်ဖျော်ရည် ထမင်းစား
ဇလုံအပြည့် ထည့်ထားသည်။
နံနက် ၆ နာရီ ဒက်ခနဲ ထိုးမှ
သူပေးလိုက်သော ဂါထာကို ဖွင့်ဖတ်ပြီး ကူးရေးဖို့ မောင်တင်မြင့်က အသေအချေ မှာလိုက်၏။
ဦးထိပ်ကွက်တို့ ဇနီးမောင်နှံ စပါးလှမ်းဖျာ ရှေ့ဝယ် ခြေစုံရပ်မိသည်နှင့် ဆိုင်ထဲရှိ
တိုင်ကပ်နာရီဆီမှ ၆ နာရီ ထိုးသံ မင်္ဂလာရှိစွာ ပေါ်ထွက်လာတော့၏။
ဦးထိပ်ကွက်က အင်္ကျီ အိတ်ထဲတွင်
အသင့်ယူ ဆောင်လာသော ဂါထာစာရွက်ကို ထုတ်ယူဖတ်လိုက်၏။ တစ်နေ့လုံး၊ တစ်ညလုံး
လေ့ကျင့်ထားသော အပြုံးများ မည်သည့်နေရာသို့ ပြေးသွားလေသနည်း။ ဦးထိပ်ကွက်မျက်နှာမှာ
ပြာရီမှိုင်းကာ ညို့ညို့ဖြစ်သွားတော့သည်။ တစ်သက်လုံး ပေါင်းသင်းလာသော ဇနီးမယားပီပီ
ဦးထိပ်ကွက် ဒေါသများ ပြဒါးတိုင်ကိုပင် ဖောက်ထွက်သွားပြီမှန်း ဒေါ်မဲလုံး သိလိုက်၏။
တဆတ်ဆတ် တုန်ရီနေသော ဦးထိပ်ကွက်
လက်ထဲမှ ဂါထာစာရွက်ကို ဒေါ်မဲလုံး အသာခိုးဖတ်ကြည့်လိုက်သည်။ 'ယနေ့...
အကြွေးရောင်းသည်'တဲ့။
▀
တင်မြင့်ဦး၊သံတွဲ၊
(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်