နိုင်မြင့်
(၁)
ဆုံစည်းရိပ်ဆိုတဲ့
လက်ဖက်ရည်ဆိုင်ကြီးက မြို့နယ်ဆေးရုံကြီးရဲ့ မျက်စောင်းထိုးမှာ ရှိတယ်။
ဆိုင်ဘေးမှာလည်း သက်လုံဆိုတဲ့ အထူးကုဆေးခန်း ရှိတာမို့ တခြားလက်ဖက်ရည်ဆိုင်တွေနဲ့
ယှဉ်လိုက်ရင် ဆုံစည်းရိပ်က လူပိုစည်တယ်။ ဆေးရုံမှာ လူနာစောင့်တဲ့လူတွေ၊
အထူးကုဆေးခန်းကို လာတဲ့လူတွေက ဆုံစည်းရိပ်မှာ လက်ဖက်ရည် သောက်ကြတယ်။
လက်ဖက်ရည်ဆိုင်လို့သာ ပြောပေမယ့်
အီကြာကွေး၊ စမူဆာ၊ မုန့်ဟင်းခါး၊ ထမင်းကြော်တို့အပြင် တရုတ်အစားအစာတွေဖြစ်တဲ့
ခေါက်ဆွဲကြော်၊ ထမင်းပေါင်း၊ ကြေးအိုးအထိ ရတယ်။ ဆုံစည်းရိပ်ရဲ့ ထူး ခြားချက်ကတော့
စားပွဲထိုးကောင်လေးတွေ လိုအပ်တာထက် ပိုများနေတဲ့အချက်ပဲ။ တခြားဆိုင်တွေမှာလို
စားပွဲထိုးမအားလို့ ပိုက်ဆံရှင်းရတာ စိတ်ညစ် ရတဲ့အခက်အခဲမျိုး ဆုံစည်းရိပ်မှာ
မရှိဘူး။
ဆုံစည်းရိပ်မှာ ညတိုင်းလိုလို
ကျွန်တော် ထိုင်လေ့ ရှိတယ်။ ကျွန်တော်တို့ ဝိုင်းတော်သားတွေက ကိုနေမျိုးဆိုတဲ့
ကျူရှင်ဆရာ တစ်ယောက်ရယ်၊ ကိုမျိုးလွင်ဆိုတဲ့ စာအုပ်အငှားဆိုင် ဖွင့်ထားတဲ့သူရယ်၊
ကိုမင်းစိုးဆိုတဲ့ ဆရာဝန်တစ်ယောက်ရယ်ပေါ့။ ကျွန်တော်တို့ လေးယောက်ဝိုင်းနားကို
စားပွဲထိုး ကောင်လေးတွေ လာကြတယ်။ ကျွန်တော်တို့ ပြောတဲ့ စကားတွေအထဲမှာ
ကမ္ဘာ့နိုင်ငံအသီးသီးတွေမှာ ဖြစ်ပွားနေတဲ့ လတ်တလော ပြဿနာတွေအကြောင်း၊
ဘောလုံးပွဲတွေအကြောင်း၊ စာပေဂီတ အကြောင်းတွေပါတယ်။ တစ်ခါတလေ ချစ်ခြင်းမေတ္တာတရား
အကြောင်းတောင် ပါတတ်သေးတယ်။ စားပွဲထိုးလေးတွေကတော့ ကျွန်တော်တို့ ပြောတဲ့စကားတွေက
ဗဟုသုတ ရတယ်လို့ ပြောကြတာပဲ။
ဆိုင်ပိုင်ရှင်ကတော့ အသက်သုံးဆယ်
စွန်းစွန်းလောက်ပဲ ရှိဦးမယ်။ မျက်နှာထား ချိုတယ်။ နိုင်ငံကျော် လက်ဝှေ့သမား
ရွှေဓူဝံနဲ့ နည်းနည်းဆင်တယ်။ နာမည်ရင်းကို မသိတာမို့ ကျွန်တော်တို့ အုပ်စုက
ရွှေဓူဝံလို့ပဲ ကင်ပွန်းတပ်ထားကြတယ်။ ရွှေဓူဝံရဲ့ စားပွဲထိုး ကောင်လေးတွေအပေါ် ဆက်ဆံတဲ့ပုံစံက
တော်တော်လေး သက်ညှာပါတယ်။ ဆုံစည်းရိပ်ဆိုတဲ့ တံဆိပ်နဲ့ အင်္ကျီကလေးတွေ
လုပ်ပေးထားတယ်။ အင်္ကျီလေးတွေက ဘောလုံးသမားအင်္ကျီတွေလို ကိုယ်ပိုင်နံပါတ်တွေနဲ့။
ကျွန်တော်တို့ ဝိုင်းက
တခြားဝိုင်းတွေနဲ့ ယှဉ်လိုက်ရင် အခွင့်ထူးခံ လူတန်းစားတွေရဲ့ဝိုင်းလို့ ပြောရမလား
မသိဘူး။ ကျန်တဲ့ဝိုင်းတွေကို ဘာမှ မလုပ်ပေးပေမယ့် ကျွန်တော်တို့ဝိုင်းကိုတော့
အမြဲလိုလို ခြင်ဆေးခွေ ထွန်းပေးထားတတ်တယ်။ စားပွဲထိုး ကောင်လေးတွေအထဲမှာ
ထူးထူးခြားခြား ကောင်လေးတစ်ယောက်ကို သတိထားမိတယ်။ အသားက ခပ်လတ်လတ်နဲ့
ဆိုင်ပိုင်ရှင် ရွှေဓူဝံ မိန်းမရဲ့ တူဝမ်းကွဲလို့တော့ ပြောသံကြားရတယ်။ ကောင်လေးက
ကျွန်တော်တို့ဝိုင်းနားမှာ ရစ်သီရစ်သီ လုပ်တတ်တယ်။ ဆံပင်ကို အုန်းဆီရွှဲနေအောင်
ထည့်ပြီးတော့ သေသေသပ်သပ် ဖြီးထားတတ်တယ်။ မျက်လုံးကလေးက ပြူးပြီးတော့ ပါးမှာ
အမြဲတမ်း ပါးကွက် ကွက်ထားတတ်တယ်။ အရပ်ကလေးက ပုတော့ သူဝတ်ထားတဲ့ ပုဆိုးခါးပုံစက
အကြီးကြီး ဖြစ်နေတယ်။ ကျွန်တော်တို့ ပြောတဲ့ အကြောင်းအရာတွေကို နားလည်လည်၊ မလည်လည်
စိတ်ဝင်တစား နားထောင်တတ်တယ်။ ကျွန်တော်တို့ စီးကရက် သောက်မယ်ဆိုရင် ပါးစပ်မှာ
တေ့ထားတုန်း မီးခြစ်လာညှိပေးနေကျ။ ကျွန်တော်တို့ဝိုင်းရဲ့ ဝေယျာဝစ္စကို သူကပဲ
လုပ်ပေးတာ များပါတယ်။ ကျွန်တော်တို့အုပ်စုကလည်း ပညာတတ် လူတန်းစားမို့လို့လား
မသိဘူး။ ဇီဇာကြောင်တယ်။ လက်ဖက်ရည် စိတ်တိုင်းမကျရင် ခဏခဏ ပြန်ပြင်ခိုင်းတတ်တယ်။
သူက မညီးမညူ လုပ်ပေးရှာပါတယ်။
'မင်းနာမည် ဘယ်လို ခေါ်သလဲ'လို့
ကျွန်တော်က
မေးကြည့်တော့...
'ကျွန်တော့်နာမည် ရုပ်ရှင်မင်းသား
မောင်ကိုထက်ဗျ'လို့ ပြန်ဖြေတဲ့အခါ ကျွန်တော် ပြုံးမိသေးတယ်။
ဘာပဲပြောပြော ကိုထက်ဆိုတဲ့ ကောင်လေးကို တခြားကောင်လေးတွေနဲ့ ယှဉ်လိုက်ရင်
ပိုခင်မိတာ အမှန်ပဲ။
(၂)
ကျွန်တော့် အကြောင်းကို ခပ်ပါးပါး
ပြောရမယ်ဆိုရင်တော့ စက်မှုဘာသာရပ် အဓိကနဲ့ အင်ဂျင်နီယာဘွဲ့ကို ရပြီးပြီ။
အစိုးရအလုပ်တော့ မဝင်ဖြစ်သေးဘူး။ ကုမ္ပဏီအလုပ် ဆိုတာကလည်း ကျွန်တော်တို့လို
ကျောင်းဆင်းပြီးတာ မကြာသေးလို့ အတွေ့အကြုံ နည်းသေးတဲ့သူမျိုးကို မခိုင်းချင်ကြဘူး။
တလောကတောင် နာမည်ကြီး ရေနံကုမ္ပဏီတစ်ခုက အလုပ်ခေါ်လို့ ဝင်လျှောက်လိုက်သေးတယ်။
ကျွန်တော့်ရဲ့ ကိုယ်ရေးရာဇဝင် လျှောက်လွှာပဲ တင်ရသေးတယ်။ လျှောက်လွှာအထဲမှာ
လုပ်ငန်းအတွေ့အကြုံ ရှိတာမပါလို့ လူတွေ့ စစ်ဆေးတဲ့အထိတောင်
မရောက်လိုက်ပါဘူး။
သတင်းစာထဲမှာတော့ ကုမ္ပဏီ တော်တော်များများ အလုပ်ခေါ်နေတာ
တွေ့ရတယ်။ ဒါပေမယ့်
လုပ်ငန်းအတွေ့အကြုံက အနည်းဆုံး သုံးနှစ် ရှိရမယ်ဆိုတာတွေကြောင့်
ကျွန်တော်နဲ့
မဆိုင်သလိုဘဲ နေလိုက်တော့တယ်။
လောလောဆယ် ကျွန်တော် ကျူရှင်သင်တယ်။ Study Guide လုပ်တဲ့နေရာတွေ လုပ်တယ်။
စာသင်တဲ့အလုပ်က
ဆယ်တန်းအောင်ပြီးကတည်းက လုပ်ခဲ့တဲ့ အလုပ်ဆိုတော့ အတွေ့အကြုံက ကျွန်တော့်မှာ
ဆယ်နှစ် နီးပါးရှိနေပြီ။ ကျွမ်းကျင်အဆင့်ကိုလည်း ရောက်နေပြီ။ ရတဲ့ငွေကြေးကလည်း
အဆင်ပြေရုံပါပဲ။ ဒါပေမယ့် လက်ရှိဘဝမှာ ကျွန်တော် မပျော်တော့ဘူး။ တစ်ရက်ပြီး တစ်ရက်
ကုန်လွန်နေတဲ့ နေ့ရက်တွေကိုလည်း အဓိပ္ပာယ်မဲ့သလို ခံစားရတယ်။ စာသင်ချိန်၊ ညဘက်
လက်ဖက်ရည်ဆိုင် ထိုင်ချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေဟာ ကျွန်တော့်အဖို့
အထီးကျန် ငြီးငွေ့ဖွယ်ရာပါပဲ။ ချစ်ခြင်းမေတ္တာကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း
ပြောစရာဆိုလို့ ကျွန်တော့်မှာ
မယ်မယ်ရရ
မရှိလှဘူး။ ဓားလွယ်ခုတ်အိမ်က မြို့ထဲကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့
မစုဆိုတဲ့
မိန်းကလေးတစ်ယောက်ကို ရင်ဖွင့်မိသေးတယ်။ ကျွန်တော့်အတွက် အဖြေရှိမယ်
ထင်တာလည်း
ပါတာပေါ့။ ဒါပေမယ့် ကျွန်တော် ရင်မဖွင့်ခင်ကတည်းက မစုမှာ ချစ်သူ ရှိနှင့်ပြီးသား။
မသိခြင်းဆိုတဲ့တရားက ကျွန်တော့်ကို ခွင့်မလွှတ်တော့ လမ်းထဲမှာ လူပြောစရာ
ဖြစ်သွားတယ်။ ဘောလုံးပွဲ စကားနဲ့ ပြောရမယ်ဆိုရင်တော့ အိမ်ကွင်းမှာပဲ ဂိုးပြတ်နဲ့
ရှုံးနိမ့်သွားပြီ။ ကျွန်တော့်အဖို့ ပတ်ဝန်းကျင်က ကျဉ်းမြောင်းသွားပြီလို့ ခံစားလိုက်ရတယ်။
တကယ်တော့လည်း နှစ်ဆယ့်ခွန်၊
နှစ့်ဆယ်ရှစ် ဆိုတဲ့ ကျွန်တော့်အသက်ဟာ သုံးဆယ်ဆိုတဲ့ မှတ်တိုင် တစ်ခုအနားမှာ
ရစ်ဝဲနေပြီ။ ရပ်ကွက်ထဲမှာလည်း ကျွန်တော့်ကို အင်ဂျင်နီယာ တစ်ယောက်လို့ မမြင်ဘဲ
ကျူရှင်ဆရာ ပေါက်စ တစ်ယောက်လို့ပဲ မြင်ကြတယ်။ ဒါတွေအပေါ်မှာ ခံစားချက် ထားလို့တော့
မဟုတ်ပါဘူး။ နုပျိုမှု ရထားက ကျွန်တော့်ကို အသက်သုံးဆယ်ဆိုတဲ့ ဘူတာရုံကလေးမှာ
လက်ပြမနှုတ်ဆက်ခင်မှာဘဲ အင်ဂျင်နီယာ တစ်ယောက်အနေနဲ့ ဘဝသစ်တစ်ခုကို ရှင်သန်
ချင်သေးတယ်။
ဒါကြောင့်မို့ နောက်ပိုင်းမှာ
သတင်းစာကို နေ့တိုင်းလိုလို ပိုက်စိပ်တိုက်ပြီး ဖတ်ဖြစ်တယ်။ အရင်တုန်းက
လျစ်လျူရှုထားခဲ့တဲ့ ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေး အဖွဲ့က လျှောက်လွှာ ခေါ်ယူတာတွေကို
ပိုပြီးတော့ ဂရုတစိုက် ဖတ်ဖြစ်တယ်။ သည်နှစ် မေလထုတ် သတင်းစာမှာ ပါတဲ့
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မြန်မာ့ကြံလုပ်ငန်းမှာ ခေါ်တဲ့
အလုပ်ရုံခွဲမှူးရာထူးကို ကျွန်တော် စိတ်ဝင်စားမိပြန်ရော။ ဒါနဲ့ပဲ သတင်းစာ
ဖြတ်ပိုင်းကလေးကို သိမ်းပြီးတော့ ရေးဖြေစာမေးပွဲအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ
လိုက်စုဆောင်းရတယ်။ ရေးဖြေဝင်ခွင့်စာမေးပွဲအတွက် ကျူရှင်တွေ ရှိပေမယ့်
ကိုယ်တိုင်ကျူရှင်ဆရာ ဖြစ်နေတဲ့ ကျွန်တော် ကျူရှင်ပြန် မတက်ချင်တော့ဘူး။
ရေးဖြေအောင်မှ လူတွေ့စစ်ဆေးဖို့ ခေါ်မှာ မဟုတ်လား။ မြန်မာ့ ကြံလုပ်ငန်းဆိုတော့
သကြားစက်မှာ လုပ်ရမှာပဲ။ ကျွန်တော်သိတဲ့ ပျဉ်းမနား၊ ဘီးလင်း၊ ဇေယျဝတီ၊
အုတ်တွင်းစတဲ့ သကြားစက်တွေကို လိုက်လံရေတွက်နေမိတယ်။
(၃)
တစ်ညမှာ မိုးကလည်း တစိမ့်စိမ့်
ရွာနေတယ်။ ဆရာဝန် ကိုမင်းစိုးနဲ့ စာအုပ်ဆိုင် ပိုင်ရှင် ကိုမျိုးလွင်တို့
ပေါ်မလာကြဘူး။ လက်ဖက်ရည်ဆိုင်မှာ ကိုနေမျိုးနဲ့ ကျွန်တော် နှစ်ယောက်တည်းပဲ ရှိတယ်။
'နှစ်ယောက်တည်း ဆိုတော့ စကားပြောရတာ ပျင်းခြောက်ခြောက် နိုင်လိုက်တာဗျာ'လို့ ကိုနေမျိုးက ပြောတယ်။ လူအဝင်နည်းတဲ့ ညဖြစ်တာမို့ စားပွဲထိုး
ကောင်လေးတွေ တော်တော် သက်သာတယ်။ ကိုထက်ဆိုတဲ့ ကောင်လေး ကျွန်တော်တို့ ဝိုင်းနားကို
ခုံလေးတစ်ခုံ ဆွဲယူပြီး လာထိုင်တယ်။ ကျွန်တော်နဲ့ ကိုနေမျိုးလည်း
ပျင်းပျင်းရှိတာနဲ့ ကိုထက်ကို အင်တာဗျူး လုပ်ကြတယ်။ ကိုနေမျိုးက မေးတာပဲ
များပါတယ်။ ကျွန်တော်ကတော့ နားပဲ ထောင်နေမိတယ်။
'သားဇာတိက ဘယ်ကလဲ'
'ပျဉ်းမနားကဗျ'
'မြို့ပေါ်ကလား'
'မဟုတ်ဘူး။ ဆင်သေဝ ဆိုတဲ့ရွာက'
'အခု ဒီမှာလုပ်တော့ တစ်လ
ဘယ်လောက်ရသလဲ'
'ခြောက်ထောင် ရတယ်'
'သား အဲသည်ပိုက်ဆံတွေကို
ဘာလုပ်ထားလဲ'
'ဦးဝင်းနိုင်ဆီမှာ စု ထားတယ်။
သုံးလတစ်ခါ အမေ လာယူတယ်'
'ဦးဝင်းနိုင်ဆိုတာ ဘယ်သူလဲ'
ကိုထက်က ကောင်တာကို
လက်ညှိုးညွှန်ပြတော့မှ ရွှေဓူဝံရဲ့ နာမည်အရင်း ကိုဝင်းနိုင်မှန်း ကျွန်တော်တို့
သိလိုက်ရတယ်။ ကိုနေမျိုးက ဆက်မေးပြန်တယ်။
'သားတို့မှာ မွေးချင်း
ဘယ်နှယောက်ရှိလဲ'
'နှစ်ယောက် ရှိတယ်ဗျ။ အမေ့မှာ
ကိုယ်ဝန်ရှိနေပြီဆိုတော့ သုံးယောက် ဖြစ်လာတော့မှာ။ ကျွန်တော့်အစ်မက
လှိုင်သာယာစက်မှုဇုန်မှာ အလုပ်လုပ်တယ်။ တစ်လ တစ်သောင်းခွဲ ရတယ်'
'သားအစ်မကရော ကျောင်းနေလား'
'ဒီနှစ် ဆယ်တန်းဖြေထားတယ်။
အောင်စာရင်း မထွက်သေးဘူး'
ကိုထက် စကားကြောင့် ကျွန်တော်
နည်းနည်းအံ့အား သင့်သွားတယ်။ 'မင်းအစ်မ ကျောင်းနေပြီးတော့ မင်းက
ကျောင်းမနေဘူးလား'လို့လည်း မေးလိုက်မိတယ်။
'မနှစ်ကအထိ နေတယ်။ ဒီနှစ်
ခဏထွက်ထားတာ။ နောက်နှစ်ပြန်နေမှာ။ သေတော့ မသေချာသေးဘူး'
'ဘယ်နှတန်းအထိ နေဖူးလဲ'လို့ ကိုနေမျိုးက ဆက်မေးတော့...
'ခုနစ်တန်းအထိ နေဖူးတယ်။
စာမေးပွဲ ဖြေပြီးပြီးချင်း ဒီကို ရောက်လာတာ။ အောင်စာရင်းတောင် မကြည့်လိုက်ရဘူး'
ကျွန်တော်နဲ့ ကိုနေမျိုး
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ ကိုနေမျိုးက လေသံတိုးတိုးနဲ့...
'ဟုတ်ပါ့မလား၊ ဒီကောင်လေး
ခုနစ်တန်းအထိ ကျောင်းနေဖူးတယ်ဆိုတာ ကျွန်တော်တို့ကို ရွှီးတာ များလား'
ကျွန်တော်က နေမျိုးကို
ခေါင်းညိတ်ပြလိုက်မိတယ်။ ပြီးတော့ ကိုထက်ကို လက်တို့လိုက်ပြီး...
'ကိုထက်၊ သားကို
မေးခွန်းတစ်ခုမေးမယ်။ သား တို့မြန်မာစာမှာ သင်ရတဲ့ ကဗျာတစ်ပုဒ်ကို မေးမယ်။
မိုးယံမှာ ကြယ်တစ်ပွင့်၊ ပြုံးဝင့်လို့ စိန်သဖွယ်၊ ဝင်းလက်လှတယ် ဆိုရင် သား
ဘာဆက်ပြောမလဲ'
ကျွန်တော့်မေးခွန်းက ခုနစ်တန်း
ကဗျာသင်ရိုးမှာပါတဲ့ ကွယ်လွန်သူ ကဗျာ ဆရာမကြီး ငွေတာရီ ရေးတဲ့ အမေ ကဗျာကို
မေးတာပါ။ ကျွန်တော့်စကား အဆုံးမှာ ကိုထက်က...
မိုးပေါ်ကကြယ်၊မထယ်လား မောင်မေး၊
သားတော်မောင် သူ့မျက်လုံးနဲ့ ပြိုင်အုန်းတဲ့လေး ဆိုတဲ့ နောက်ဆက်တွဲကဗျာစာသားကို
ဆက်ရွတ်ပြတယ်။ ကျွန်တော် ကျေနပ်သွားတယ်။ ကိုထက် လိမ်မပြောဘူး။ တကယ်ပဲ ခုနစ်တန်းအထိ
ကျောင်းနေဖူးတယ်ဆိုတာကို ယုံကြည် လက်ခံသွားတယ်။
အဲသည်တုန်းမှာပဲ ကျွန်တော်တို့အနားကို
အာကာဆိုတဲ့ စားပွဲထိုးလေး ရောက်လာတယ်။ အာကာက 'ဒီကောင့်အစ်မ နာမည်ကို
ဆရာတို့သိလား။ မော်တော်ဆိုင်ကယ် စက်နှိုးရင် မြည်တဲ့အသံလေ။ ဘုတ်
ဘုတ်...ဘုတ်ဘုတ်နဲ့'လို့ ပြောတော့ ကိုထက်က အာကာကို
လှည့်ပြီးတော့ ဆဲနေ သေးတယ်။ ကိုနေမျိုးက...
'သား၊ မဆဲရဘူးလေ။
သားအစ်မနာမည်က ဘုတ်ဘုတ်လား'လို့ မေးလိုက်တော့...
'ဘုတ်ဘုတ်က ငယ်နာမည်ဗျ၊ နာမည်အရင်းက
မိုးသီတာလို့ခေါ်တယ်'
'သားအစ်မကရော အိမ်ကို
လခပေးနိုင်လား'
'မပေးနိုင်ပါဘူးဗျာ။
ကျွန်တော့်လခနဲ့ပဲ အမေက အိုဗီမင်တွေ ဝယ်သောက်တယ်'
'မင်းမိဘတွေက လည်းကွာ၊
ကလေးလုပ်စာ စားဖို့လောက်ပဲ သိတယ်'လို့ ကရုဏာဒေါသနဲ့
ပြောလိုက်တော့ ကိုထက်မျက်နှာကလေး ငယ်သွားတယ်။ ကိုနေမျိုးလည်း လေသံပျော့သွားတယ်။
'သားမိဘတွေက ဘာလုပ်လဲ'
'တောင်သူတွေပဲ။ ယာတို့၊
ကိုင်းတို့ စိုက်တယ်'
'သား ဘာဖြစ်လို့ ဒီကို
ရောက်လာတာလဲ'
အဲသည်မေးခွန်းကြောင့် ကိုထက်
ငြိမ်သွားတယ်။ ပြီးတော့မှ စကားကို တစ်လုံးချင်း ပြောလိုက်တယ်။
'ရွာမှာ အကျပ်အတည်းတွေ
ဖြစ်လို့ဗျ'
'သားကို ဦးဦးက
ကျောင်းထားပေးရင် နေမှာလား'
'နေမှာပေါ့'
ကိုထက်ရဲ့ စကားဆုံးတော့ ကျွန်တော်
ဝင်ပြောလိုက်တယ်။
'သား ဦးဦးက ဘယ်လိုလုပ်ပြီး
ကျောင်းထားပေးနိုင်မှာလဲ။ သူတောင် မိန်းမ နှစ်ယောက်နဲ့ အလုပ်ရှုပ်နေတာ။ သားပါ
ပါလာရင် ဘယ်ဖြစ်မလဲ'
'ကိစ္စမရှိပါဘူးဗျာ။
မေမေကြီးနဲ့ မေမေလေး ဆိုပြီး ခေါ်မှာပေါ့' ဆိုတဲ့ ကိုထက်ရဲ့ စကားတတ်ပုံကြောင့်
ကျွန်တော်တို့ နှစ်ယောက်သား ရယ်လိုက်ကြတယ်။
'ဟုတ်တယ်ကွ၊ ဦးဦးက
မိန်းမနှစ်ယောက်နဲ့။ သားကို ကျောင်းထားပေးရင် ဒီက လူပျိုကြီးကပဲ ထားပေးနိုင်မှာ။
သူက အင်ဂျင်နီယာကွ'
ကိုနေမျိုးကတော့ မြားဦးကို
ကျွန်တော့်ဘက်ကို လှည့်လိုက်ပြီ။ ကျွန်တော်က...
'သားက ပျဉ်းမနား အနားမှာ
နေတာဆိုတော့ သကြားစက်ကို သိလား'
'သိတာပေါ့။ ကျွန်တော်တောင်
တစ်ခေါက် ရောက်ဖူးသေးတယ်'
'ဦးဦး ကြံလုပ်ငန်းမှာ
အလုပ်လျှောက်ထားတယ်။ ပျဉ်းမနားသကြားစက်မှာ တာဝန်ကျရင် သားကို ခေါ်ပြီး
ကျောင်းထားပေးမယ်' လို့ ပြောလိုက်တော့ ကိုနေမျိုးက...
'မဖြစ်နိုင်တာကို ပြောဦးမယ်။
ဒီလောက် ဖြစ်တန်စွမ်းနည်းတဲ့ အလုပ်ကိုဗျာ။ ကိုထက် သားကို သူမွေးစားရင်
ဒုက္ခရောက်ပြီသာမှတ်။ သားကို အမြည်းဝယ်ခိုင်းလိမ့်မယ်'လို့
ပြောတော့ ကိုထက်က မျက်လုံးကလေး အဝိုင်းသားနဲ့...။
အပြင်ဘက်မှာလည်း မိုးတွေက တစိမ့်စိမ့်
ရွာနေတယ်။ ကားသွားကားလာ နည်းနေပြီဖြစ်တဲ့ ဆိုင်ရှေ့က ကတ္တရာလမ်းမကြီးကို ကိုထက်က
ငေးရီစွာနဲ့ ကြည့်နေတယ်။ ပြီးတော့ တိုးတိုးကလေး ပြောတယ်။
'ကျွန်တော် ရွာပြန်ချင်တယ်ဗျာ'
ဆုံးစည်းရိပ်ကနေ အိမ်အပြန်မှာ 'ရွာမှာ
အကျပ်အတည်းတွေ ဖြစ်လို့ဗျ' ဆိုတဲ့ ကိုထက်ရဲ့ စကားသံက နားထဲက
မထွက်သေးဘူး။
(၄)
နောက်ပိုင်းမှာ အပေါင်းအသင်းတွေကို 'ကျွန်တော်
ခွဲမှူးဖြစ်လို့ ပျဉ်းမနား သကြားစက်ကို ရောက်လို့ရှိရင် ကိုထက်ကို မွေးစားမှာ'လို့ ပြောမိတယ်။ အပေါင်းအသင်းတွေကတော့ နောက်ပြောင်တာလို့ပဲ အမှုမဲ့
အမှတ်မဲ့ သဘောထားပုံရပါတယ်။ ကိုထက်ကတော့ ကျွန်တော့်တို့ ဝိုင်းနားမှာ ရစ်သီရစ်သီ
လုပ်ရင်း 'ဆရာ၊ ကျွန်တော့်ကို အမြည်းဝယ်ခိုင်းမှာလား'လို့ မေးတယ်။ ကျွန်တော်က 'မင်းကို မင်းဆရာ
ကိုနေမျိုးက သက်သက်နောက်နေတာပါကွာ'လို့ပဲ ပြန်ပြောလိုက် တယ်။
တစ်နေ့မှာ ကိုထက်ဟာ လက်ဖက်ရည်
ပန်းကန်ကို စားပွဲပေါ်ချရင်းနဲ့ နည်းနည်း မှောက်သွားတယ်။ မှောက်သွားတဲ့
လက်ဖက်ရည်တွေက လူငယ်လေး တစ်ယောက်ရဲ့ လုံချည်ပေါ်ကို စီးကျကုန်တယ်။ အဲသည်
လူငယ်လေးကလည်း ကျွန်တော့်အသိပါပဲ။
'ဟေ့ကောင် မင်း ဘာဖြစ်လို့
လက်ဖက်ရည်တွေ ဖိတ်ကျကုန်တာလဲ'
'မတော်လို့ပါ အစ်ကို ကြီးရာ'
'မင်းအဆင့်က ဒီဆိုင်မှာ ဘာလဲ'
'စားပွဲထိုး'
'စားပွဲထိုးဆိုရင် နောက်တစ်ခါ
ဒါမျိုးမဖြစ်စေနဲ့'
'ကျွန်တော် နောက်ဆိုရင်
စားပွဲထိုး မဟုတ်တော့ဘူး။ ဒီကဆရာက ပျဉ်းမနားရောက်ရင် ကျွန်တော့်ကို မွေးစားပြီး
ကျောင်းဆက်ထားပေးမှာဗျ' လို့ ကိုထက်က လက်မကလေးထောင်ပြီး
ပြောလိုက်တယ်။
'မင်းလို စားပွဲထိုးကို
ကိုနိုင်မြင့်က ဘယ်လိုလုပ်ပြီး မွေးစားမှာလဲ' ဆိုပြီး
ကိုထက်ကို ဝိုင်းရယ်ကြတယ်။ ကိုထက်ကြည့်ရတာ တော်တော်ရှက်သွားပုံရတယ်။
မျက်ရည်ကလေးတွေ ဝေ့ပြီး အနားက ထွက်သွားတယ်။
'မင်းတို့ကလည်းကွာ၊ ကလေးနဲ့ဖက်ပြီးတော့'လို့တောင် ကျွန်တော် လှမ်းပြောလိုက်သေးတယ်။
အဲသည် အချိန်ကတည်းက စပြီးတော့
ကိုထက်ရဲ့ အပြုအမူတွေ တော်တော်လေး ပြောင်းလဲသွားတာကို သတိထားမိတယ်။ အရင်တုန်းက
ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ကလေးဟာ ငေးတိ ငေးငိုင် ဖြစ်လာတယ်။ ဆိုင်မှာ
လူပါးတဲ့အခါမျိုးကျရင် ခုံကလေးအပေါ်မှာ ထိုင်ပြီး အဝေးကို ငေးမောရီဝေစွာနဲ့
ကြည့်နေတတ်တယ်။ တစ်ခါတလေ ကျွန်တော့်ကို အဓိပ္ပာယ်ပါပါနဲ့ ကြည့်နေ တာမျိုးကို
တွေ့ရတယ်။ ကျွန်တော်ပေးတဲ့ မျှော်လင့်ချက်က မဖြစ်နိုင်တဲ့ဘက်က ရာနှုန်းပြည့်လောက်
ရှိတာကိုလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ ကိုထက်နဲ့ ပတ်သက်ပြီး သံယောဇဉ်
တစ်စုံတစ်ခု တွယ်ငြိနေပြီ ဆိုတာကို သိလိုက်တယ်။
သည်ကြားထဲ ကျွန်တော်လည်း စာသင်တဲ့ ကိစ္စတွေကလည်းရှိ၊
PSC စာမေးပွဲဖြေဖို့ စာဖတ်ရ၊ သတင်းစာတွေထဲမှာ အချက်အလက်ရှာရ၊ အက်ဆေးရေးဖို့
လုံးပမ်းရဆိုတော့ ညဘက်မှာတောင် 'ဆုံစည်းရိပ်' ကို မရောက်ဖြစ်တော့ဘူး။ သူငယ်ချင်းတွေကိုတော့ PSC
စာမေးပွဲ ဖြေပြီးမှ လက်ဖက် ရည်ဆိုင် ပြန်ထိုင်မယ်လို့ ပြောထားတယ်။ စာမေးပွဲ
မဖြေခင် နှစ်ရက်ကြိုပြီး ခြောက်ထပ်ရုံးက ကျွန်တော့် ပတ်စပို့ဓာတ်ပုံ ကပ်ထားတဲ့
စာမေးပွဲဖြေခွင့် ကတ်ပြား အဝါကလေး ထုတ်ပေးတယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ညဘက်မှာ
ကတ်ပြားကလေးကို အိတ်ထဲထည့်ပြီး ဆုံစည်းရိပ်ကို ထွက်လာမိတယ်။ အိပ်ခါနီး လက်ဖက်ရည်
သောက်ချင်တာလည်း ပါတာပေါ့။ ကျွန်တော်ရောက်တော့ သူငယ်ချင်းတွေတောင် မရှိတော့ဘူး။ 'ဆယ်နာရီလောက်ကပဲ ဆရာ့သူငယ်ချင်းတွေ ပြန်သွားကြပြီ'လို့
ကိုဝင်းနိုင် (ရွှေဓူဝံ)က ပြောတယ်။
ကျွန်တော် တစ်ယောက်တည်း လက်ဖက်ရည်
ရှယ်ပေါ့ဆိမ့်ကို အရသာခံ သောက်နေတုန်း ကိုထက် အနားကို ရောက်လာတယ်။
'ဆရာ ဘာဖြစ်လို့ ပျောက်နေတာလဲ'
'အေးကွာ၊ ပျဉ်းမနား
သကြားစက်မှာ အလုပ်ရဖို့ စာဖတ်နေလို့ကွ၊ ဒီမှာလေ' ဆိုပြီး
စာမေးပွဲဖြေခွင့် ကတ်ပြားကလေးကို ကျွန်တော် ပြလိုက်တယ်။ ကိုထက်က ကတ်ပြားကလေးကို
သေသေချာချာ ကိုင်ကြည့်နေတယ်။ ကိုထက် မျက်ဝန်းမှာ မျှော်လင့်ချက် ရောင်ခြည်တွေ
ယှက်သန်းနေတယ်လို့လည်း ကျွန်တော် ခံစားမိတယ်။
ဆိုင်သိမ်းခါနီး ရောက်မှပဲ
ကိုထက်ရဲ့တာဝန်ကို ကျွန်တော် တွေ့လိုက်ရတယ်။ စားပွဲခုံတွေအောက်မှာ ကွမ်းတံတွေး
ထွေးဖို့ ပလတ်စတစ်ပုံးကလေးတွေ ထားတယ်။ အဲသည် ပုံးကလေးတွေအထဲမှာ
ကျွပ်ကျွပ်အိတ်ကလေးတွေ ကြိုထည့်ထားတယ်။ ကိုထက်က ကွမ်းတံ တွေးပါတဲ့
အိတ်အဟောင်းတွေကို အမှိုက်ပုံးထဲ ထည့်ပြီးနောက် တစ်နေ့အတွက် အိတ်အသစ်ကလေးတွေ
ကြိုထည့်နေတယ်။
ညဆယ့်တစ်နာရီဆိုတာ ဒီအရွယ်ကလေး
တစ်ယောက်အဖို့ ကျောင်းသင်ခန်း စာဖတ်ပြီးလို့ အိပ်ရာထဲမှာ အိပ်နေရမယ့်အချိန်ပဲ။
ကိုယ့်တူ၊ ကိုယ့်သား တစ်ယောက်လို ကိုထက်အပေါ်မှာ ခံစားမိပြီး တော်တော်လေး
စိတ်မကောင်း ဖြစ်သွားတယ်။ ကိုထက်ကတော့ အလုပ်လုပ်နေရင်းက ကျွန်တော့်ဆီကို
လှမ်းလှမ်းကြည့်တယ်။ မျက်လုံးချင်းဆုံတဲ့အခါမှာ ကျွန်တော့်အနေနဲ့ ကိုထက်အပေါ် 'ဘကြီးအောင်
ညာတယ်' များ ဖြစ်နေသလား မသိဘူးလို့ အောက်မေ့မိလိုက်သေးတယ်။
'ကျွန်တော် ကြီးလာရင်
စစ်ဗိုလ်ကြီး လုပ်ချင်တာဗျ'
'သား စစ်ဗိုလ်ကြီး
လုပ်ချင်ရင် အခုလို စားပွဲထိုး လုပ်နေလို့ဘယ်ဖြစ်မလဲ။ ကျောင်းပြန်နေမှ
ဖြစ်မှာပေါ့။ မပူပါနဲ့ကွာ၊ ရှေ့နှစ်ပျဉ်းမနားရောက်ရင် ငါ့တာဝန်ထားပါ'လို့ ကျွန်တော်နဲ့ ကိုထက် ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရတိုင်း ရင်ထဲမှာ
ဆို့နင့်မိတယ်။
(၅)
ကျွန်တော် ဆုံစည်းရိပ်ကို
မလာချင်တော့ဘူး။ သူငယ်ချင်းတွေကတောင် အိမ်ကို တကူးတက လာခေါ်ကြတယ်။ ကျွန်တော်
ကိုထက်ကို မတွေ့ရဲဘူး။ ဆင်ဖြူ့မျက်နှာကို ဆင်မည်းမကြည့်ဝံ့ ဖြစ်နေတယ်။
ကလေးငယ်တစ်ယောက်အပေါ်မှာ ကျွန်တော် အိပ်မက်ပေးခဲ့တာတွေကိုလည်း နောင်တရလို့
မဆုံးဘူး။ ဆုံစည်းရိပ်မှာ ရခဲ့တဲ့ ဝေဒနာတစ်ရပ်ပါ။ တကယ်တော့လည်း ကျွန်တော်
ပေးခဲ့မိတဲ့ ကတိက ရင်ထဲကလာတဲ့ ကတိလို့ပြောရင်မမှားဘူး။
ကျွန်တော့် ဘဝကလည်း
ရေရာတဲ့အနေအထားမျိုးကို မရောက်သေးတာ အမှန်ပဲ။ ဒီအသက်အရွယ်အထိ မိဘအိမ်မှာ
ခိုကပ်ပြီး နေရတဲ့ ကျွန်တော့်အဖို့ ကိုထက်ကို ခေါ်ထားဖို့ကိစ္စဆိုတာ မလွယ်ပါဘူး။
မိဘအိမ်ဆိုတာတောင် အိမ်ပိုင် မဟုတ်ဘူး။ အိမ်ငှားပါ။ ညအိပ်ညနေ ဧည့်သည်ကိုတောင်
လက်ခံဖို့ ခက်လောက်အောင် နေရာအခက်အခဲရှိတဲ့ ကျွန်တော်တို့ အိမ်ခန်းကလေးမှာ
ကလေးတစ်ယောက်ရဲ့ ပညာရေးတာဝန်ကို ရေရှည်ယူချင်တဲ့ ကျွန်တော့်ကို မိသားစုက
အနည်းအများ ဟန့်တားမှာကတော့ အမှန်ပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိပ်မက်ကလေးတွေ
ပျက်ပြယ်ခဲ့ရတဲ့ ကိုထက်တို့လို ကလေးတွေရဲ့ဘဝကို ကျွန်တော် ဘယ်လောက်အထိ
လုပ်ပေးနိုင်မှာမို့လို့လဲ။
ပျဉ်းမနားသကြားစက် ကိစ္စနဲ့ပတ်သက်လို့
မြန်မာ့ကြံလုပ်ငန်းအတွက် ခွဲမှူးရာ ထူးရေးဖြေစာမေးပွဲမှာ အောင်စာရင်းထွက်လာတော့
ကျွန်တော့်နာမည်ကို 'မင်အဖြူ'နဲ့ ရေးထားတာကို တွေ့လိုက်ရတယ်။
ဒီကိစ္စကိုလည်း အပေါင်းအသင်း သူငယ်ချင်းတွေကိုတောင် ကျွန်တော် အသိမပေးရသေးပါဘူး။
▀
နိုင်မြင့်
(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်