ညီဘွား
တကယ်တမ်းဆိုရင်
ပန်ကာရဲ့ နေ့တဓူဝအလုပ်ဟာ ကားရေဆေးဖို့ရယ်၊ ကိုသန်းတင်မိန်းမ မခင်တင့် သွားချင်ရာ
ကားမောင်းပို့ဖို့ရယ်၊ လမ်းထိပ်က ချိုပျစ် လက်ဖက်ရည် ခပ်ညံ့ညံ့ကို မနက် တစ်ခွက်၊
နေ့လယ် တစ်ခွက်သောက်ဖို့ပဲ။ ဒါပေမယ့် ပန်ကာဟာ ဝီရိယကောင်းလွန်းတယ်။ ၅ နာရီခွဲ၊ ၆
နာရီခွဲ ဆိုတဲ့အချိန်ဟာ ပန်ကာ့အဖို့ နောက်အကျဆုံးပဲ။ အတော့်ကို ရှားပါတယ်။ နောက်ကျတယ်ဆိုတာက
စောစောစီးစီးမှာ ဘယ်လောက်ပဲ ချမ်းတဲ့၊ အေးတဲ့ ရာသီဖြစ်ပလေ့စေ။
ရေမိုးချိုးပြီးမှကိုလာတာ။ သူလုပ်စရာရှိတာကတော့ တက်တက်ကြွကြွနဲ့ လုပ်နေတာပါပဲ။
ခိုင်းရတယ်လို့ မရှိဘူး။ ပန်ကာ့ကို ကိုသန်းတင် ကိုယ်တိုင် ရှာလာတာ မှုတ်ဘူး။
ကိုသန်းတင် သူငယ်ချင်း ကိုစိုးမြင့် ရှာလာပေးတာပါ။ အရင် ဒရိုင်ဘာတွေတုန်းက
လူမမြဲလို့ သူ့သူငယ်ချင်း ကိုစိုးမြင့်ရှေ့မှာ ညည်းမိတော့ အဲဒါ ကိုစိုးမြင့်
ခေါ်လာပေးတာပါ။ အနေအထားက ဒီလိုရယ်။
ပန်ကာက
ကားဒရိုင်ဘာ ဆိုပေမယ့်လို့ ကားပိုင်ရှင် အိမ်မှာနေတာ မှုတ်ဘူး။ မနက်လာ ညပြန်၊
ဒီလို။ ကိုသန်းတင်ကလည်း ဘာရယ်ကော၊ ညာရယ်ကော ပြောမနေဘူး။ သူ့အလုပ်မှာ ပန်ကာ့ကြောင့်
ကသိကအောက် ဖြစ်ရတယ်လို့မှ မရှိတာဘဲ။ တစ်ခါတလေများ မနက်စောစောစီးစီး သွားစရာ
လာစရာရှိလို့ 'ပန်ကာရေ မနက်စောစော'ဆိုရင်လည်း လိုတဲ့အချိန်သာ
ပြောလိုက်။ အိမ်မှာ နှိုးစက်ချပြီး တထိတ်ထိတ်နဲ့ အိပ်စရာမလိုဘူး။
အချိန်ကွက်တိဆိုတာထက် ကြိုရောက်လာပြီး အိမ်ဝင်းခြံဝကနေ လူခေါ်ဘဲလ်နှိပ်ပြီး
နိုးတော့တာပဲ။ ပန်ကာက နာရီဝက်အလိုလောက် ရောက်လာတတ်တယ်။ အဲဒီတော့ ကိုသန်းတင်တို့
လင်မယားလည်း ပြင်ဆင်ချိန်ရတယ်။ ပန်ကာ့မှာ အိမ်ထောင်မရှိ၊ သားသမီးမရှိ လူလွတ်ဆိုပေမယ့်လို့
'တို့နဲ့လာနေ'လို့ ကိုသန်းတင်ကလည်း
မခေါ်ဘူး။ ပန်ကာကလည်း မနေဘူး။ အလုပ်ရှင်ကလည်း ခပ်အေးအေး။ အလုပ်သမားကလည်း
ရေခဲနှင်းဆောင်းဆိုတော့ 'သူ့လှည်းနဲ့ သူ့ဆောင်ပန်း အတော်'ပြောပါတော့။ ကိုသန်းတင်ကည်း မခေါ်ဘူး။ အေးအေးပဲ။ ပန်ကာကလည်း 'နေပါရစေ'လို့ မပြောဘူး။ မှန်မှန်ပဲ။ ဒီလိုနေလာကြတာပါပဲ။
ကိုသန်းတင်အကြောင်းလည်း
နည်းနည်းပြောရဦးမယ်။ အလုပ်အကိုင်လား၊ မမေးနဲ့။ ကြုံရာရယ်၊ အဲဒီ ကြုံရာကလေးတွေကလည်း
အတော်ပွထင်ပ။ တစ်ထပ်တိုက်နဲ့၊ စတေရှင်ဝက်ဂွန် တစ်စီးနဲ့။ ဘဏ်မှာ ငွေသားကြီးပဲ
သိန်းဆယ်ကြီးပိုင်းလောက်ရှိတာ။ ဇနီးဖြစ်တဲ့ မခင်တင့်ဆိုလည်း ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့။
စူပါကပ်ဆိုင်ကယ် ခဲသားရောင်တစ်စီးက ရှိသေးတာ။ ကိုသန်းတင် ဘာလုပ်သလဲ သွားမမေးနဲ့
ဖြေစရာမရှိဘူး။ နို့ဖြင့် မလုပ်ဘူးလားဆိုတော့ သူ့ဝင်ငွေက သေးတာ မှုတ်ဘူး။
ပြောပါတော့။ လူလည်ပေါ့လေ။ စကားဆိုလို့ကလည်း တစ်နေကုန်နေလို့မှ အကျိုးအကြောင်း
မရှိတဲ့စကားဖြင့် ခွန်းတိ၊ ခွန်းဆ ထွက်ဖူးတာ မဟုတ်ဘူး။ လူကလည်း အေးလည်းအေးဆိုတော့
ပန်ကာ့ကို ခေါ်ခိုင်းစရာရှိရင်တောင် ရှည်ရှည်ဝေးဝေး ပြောတာမှုတ်ဘူး။ ပထမ 'ပန်ကာရေ'၊ ပြီး 'မြို့ ထဲ'၊ ဒါမှမဟုတ်
မြို့ထဲက လမ်းနာမည် တစ်ခုခုပေါ့လေ။ ပြောလိုက်ပြီး စကားနှစ်လုံးသုံးလုံးနဲ့
အလုပ်ရှင်၊ အလုပ်သမား ဆက်သွယ်ရေး ကဏ္ဍကြီး ပြီးတယ်။ ပန်ကာကလည်း စကားလုံးများ
ဝယ်ရသလားကျလို့။ ခုနက ပြောတဲ့ 'ပန်ကာရေ'ဆိုလို့ရှိရင် ကားစက် နှိုးပြီးပြီ ပြောပါတော့။ မခင်တင့်ကလည်း ဘာထူးတုန်း။
အလုပ်ရှင်၊ အလုပ်သမား အဖက်တန်သည်၊ မတန်သည် ကိစ္စကလည်း ရှင်းပြီးသား။ မနက်လာ၊
ညနေပြန်တယ်။ ထမင်းတော့ ကိုသန်းတင်တို့က လင်ကိုယ်မယား ရှိသဟာပဲ။ ခွဲခြားမနေပါဘူး။
ထမင်းစား ချိန်ကျလို့ 'ပန်ကာရေ'လို့
မခင်တင့်က ခေါ်လိုက်ရင် ပန်ကာပါ ဝင်စားလိုက်တာပဲ။ ဒါကြောင့်မို့ ပြောနေ
အလုပ်ရှင်နဲ့အလုပ်သမားဆို ပေမယ့်လို့ ဘာမှထူးထွေ ပြောမနေရဘူး။ အချိန်တန်လို့
လခထုတ်ရက် ရောက်လာရင်လည်း တောင်းမနေရဘူး။ ကိုသန်းတင်က လစာကို စာအိတ်နဲ့
ထည့်ပြီးပေးလိုက်တာပဲ။ ပန်ကာကလည်း စစ်၊ပြုတောင်မနေပါဘူး။ အိတ်ထဲ
ကောက်ထည့်လိုက်တာပဲ။ ပန်ကာက ကြိုသုံးတွေ၊ ဘာတွေ ယူလေ့မရှိဘဲကိုး။ ရှင်းစရာ
နှုတ်စရာမလိုဘူး။ အဲသလောက်ကို ညီကြတာ။
ကိုသန်းတင်ဟာ ခုလောက်ပြောရင် သေးသေးလူ
မဟုတ်ဘူးဆိုတာတော့ သိပြီးသားပေါ့။ ကြုံရာ ကျပန်းဆိုပေတယ်လို့
လျှော့မတွက်နဲ့ဆိုတဲ့လူ။ ငွေရေး၊ ကြေးရေးမလည်း ခဲခဲကတ်ကတ် ရှိတာ မှုတ်ဘူး။ သူ့
ဟာနဲ့သူ ပေးတန်တာပေး လိုက်တာပဲ။ သူလုပ်သမျှ အလုပ်ဆိုတာကလည်း သူများကို
ငိုချည်းဟယ်၊ ရယ်ချည်းဟယ်နဲ့ရှိတာမှ မဟုတ်ပဲဆိုတော့ ရပ်ကွက်ထဲက လူတွေကလည်း သာမှု၊
နာမှုတွေမှာ 'ဦးသန်းတင်'ဆိုပြီး တလေးတစားနေရာပေးသလို
မခင်တင့်ကိုဆိုရင်လည်း အသက်ကလေးမှ သုံးဆယ်ကျော် လေးဆယ်ပိုင်းရှိတဲ့ဥစ္စာ 'ဒေါ်ခင်တင့်'တဲ့။ ဓနဥစ္စာ အရှိန်အဝါကြောင့်
ခေါ်နည်းကား အဟန့်ကောင်းနေလိုက်တာ။ ပြောရဦးမယ် မခင်တင့်အကြောင်း။ အဲ သူတို့
လင်မယားအကြောင်း။ လင်မယားနှစ်ယောက်မှာ အေးတယ်ဆိုသကိုးလို့လည်း
ကိုယ့်အစွဲနဲ့ကိုယ်ရယ်။ မခင်တင့်က တစ်မျိုး။ ကိုသန်းတင်က တစ်မျိုး။ မခင်တင့်က
အယုံအကြည်နဲ့။ အဲဒါ ဘာလဲဆိုတော့ သူတို့လင်မယား ပိုင်ဆိုင်သမျှသည် 'လူလိုမှ နတ်လို၊ နတ်လိုမှ ဂြိုလ်မ'ဆိုတာလို
အရှင်ကြီး၊ အရှင်ကောင်းတွေ ပုဆိုးတောင်ရှည်လို့ ထင်တတ်ပြီး မြန်မာပြည်အနှံ့
နတ်ပွဲတကာ လှည့်ပြီး ကျေးဇူးတော် ကျေတတ်တယ်။ ဘယ်လ၊ ဘယ်ပွဲဆိုတာလည်း ဒရိုင်ဘာ
ပန်ကာက နောကျေပြီးသား ဆိုတော့ 'ပန်ကာရေ' ဆိုတာနဲ့ ရယ်ဒီပဲ။ သူ့လနဲ့သူ့ပွဲ၊ လမ်းကြောနဲ့ တံတားကြေးတောင်
တွက်ပြီးပြီ။ အသွားအပြန် ဆီဖြည့်ပြီးပြီ။ ဒီတော့ ပန်ကာနဲ့ ဒီလင်မယား ကိုက်ပုံကလည်း
သြချရလောက်တယ်။ ကိုသန်းတင်က နတ်ပွဲတွေ၊ ဘာတွေ စိတ်လိုလက်ရ ရှိရင်လိုက်တယ်။
မဟုတ်ရင် ပန်ကာနဲ့ပဲ လွှတ်တာပါပဲ။ သူ့ ဝါသနာကျတော့ တစ်မျိုး။
ကိုသန်းတင် ဝါသနာကျတော့
ပန်းပင်စိုက်တာကို ဝါသနာထုံတာ။ ဘာပန်း အဆန်းပေါ်သလဲ။ ကိုသန်းတင်ဆီမှာ
တစ်အိုးတော့ရှိရမယ်။ သူ လိုချင်တဲ့ပန်းမျိုးဆိုလို့ကတော့ ကိုင်းကူးရမလား။
အစေ့ပျိုးရမလား။ ဗဒ်ထည့်ရမလား။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ရအောင်စိုက်မှာပဲ။ သူ့မှာ
မရှိဘူးဆိုတဲ့ အပင် မရှိစေရဘူး။ ဘယ်လောက်ပေးရမလဲ။ ဝယ်မှာပဲ။ ပန်းပင်နဲ့ပတ်သက်လာရင်
သူများဆီက နည်းယူရမလား။ ယူမှာပဲ။ အောက်ကျနောက်ကျခံပြီးတော့ကို နည်းယူချင်တဲ့လူ။
ဒါပေမယ့်လို့ ပြောမယ့်သာပြောရတယ်။ သူက နည်းယူရတာ နည်းတယ်။ မရှိဘူး။ သူ့ဆီလာပြီး
နည်းယူရတဲ့လူချည်းပဲ။ ခုနက ပြောပါရောလား။ ကိုသန်းတင်ကို စကားနည်းတယ်လို့လေ။ အဲဒါ အချိန်
နည်းနည်းရရုံနဲ့တော့ ကိုသန်းတင်ကို ပန်းအကြောင်း သွားမမေးလေနဲ့ဆိုတာလိုပဲ။ စမိရင်
မရပ်တော့ဘူး။ သူ ဝါသနာပါတဲ့အကြောင်း မဟုတ်လား။ ခရေစေ့တွင်းကျ ပြောလည်း
ပြောနိုင်တဲ့လူရယ်။ အဲဒီတော့ ပြောပါတော့။ မခင်တင့် နတ်ပွဲတကာ သွားသကိုးလို့လည်း
အခါခပ်သိမ်း လိုက်နေတာ မဟုတ်ဘူး။ သူ့ခွင်နဲ့သူ အလုပ်ရှိရင်ရှိ၊ မရှိရင် သူ
ဝါသနာပါတဲ့ ပန်းပင်နှိုက်နေတာပါပဲ။ မခင်တင့်အနေနဲ့ ငွေလိုသလောက် ယူသွား မပြောဘူး။
နေချင်သလောက်နေ မတားဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြတာပဲ။ လုပ်ပစေပေါ့။ အရှင်ကြီး၊
အရှင်ကောင်းတင်မှ လာဘ်ကောင်းဝင်မယ့် ကိစ္စကိုလည်း ကိုသန်းတင်က ပါးစပ်ကသာ
ဖွင့်မပြောတယ်။ သူကလည်း သက်ဝင်ပုံရပါရဲ့။ အဲဒီတော့ သူ လိုက်ချင်လိုက်၊
မလိုက်ချင်ရင် ပန်ကာနဲ့ သွားပစေ။ မတားဘူး။ ရှာတာ သုံးဖို့ပဲ။ ဆိုကြစို့ဆိုရင်
ကိုသန်းတင် ဝါသနာ၊ မခင်တင့် ယုံကြည်ရာဆိုတဲ့နေရာမှာ တစ်ယောက်ကို တစ်ယောက်
ကူညီကြတာပဲ ရှိမယ်။ မနှောင့်ယှက်ဘူး။ ပန်ကာ့ဘက်ကလည်း ရှင်းရှင်းလေး။ သူ့ အလုပ်က
ကားမောင်းပို့ဖို့ တာဝန်လေ။ သူကလည်း သူ့တာဝန် သူကျေတဲ့အပြင် အကင်းပါးတာရော၊
ကျွမ်းကျင်တာရော၊ ရိုးသားတာရော ဘာမှပြောစရာမရှိတဲ့လူ။ သူ့အလုပ်က ဒီလင်မယား
သွားချင်ရာ သွားဖို့ ကားမောင်းပို့ဖို့ပဲ။ ဘာပြောနေမလည်း။ မောင်းပို့ရုံပဲပေါ့။
ခက်နေတာတစ်ခုက ဒီအိမ်မယ်
လူသုံးယောက်ရှိတဲ့ နေရာမှာ သုံးယောက်စလုံးက စကားနည်းကြတာပဲ။ ပြီး
သူတို့သုံးယောက်စလုံးမှာ ဘာကိစ္စ၊ ညာကိစ္စရယ်လို့ ပြောစရာ ထူးထူးထင်ထင်
မရှိကြတာဘဲ။ အဲဒီတော့ ကုန်ကုန်ပြောကြကြေးဆိုလို့ရှိရင် ကိုသန်းတင်နဲ့ မခင်တင့်
အိမ်မှာ ပန်ကာဟာ အလုပ်သမား တစ်ယောက်ဆိုသကိုးလို့လည်း ဘယ်ဇာတိလဲ၊
မွေးချင်းဘယ်နှယောက်လဲ၊ ဘယ်မှာနေသလဲ၊ ပညာအရည်အချင်းက ဘယ်လောက်လဲ၊ ဘာဆိုဘာမှ
စပ်လို့ဟပ်လို့ မမေးကြဘူး။ ပန်ကာကလည်း မပြောဘူး။ တကယ်တမ်း တွေးကြည့်တော့လည်း
ဒါတွေက မေးစရာမှ မလိုတာ။ မေးစရာ မလိုဆို ပန်ကာကလည်း သူ့ဝန်သူ့တာကို တစ်ချက်ကလေး
လစ်ဟင်းဖူးတာမှ မဟုတ်တာ။ မေးနေ လေကုန်ရုံရှိတာပေါ့။ ကိုသန်းတင်ကလည်း
ပန်းပင်နှိုက်နေ ရရင် မခင်တင့်ကို မေ့သလို မခင်တင့်ကလည်း နတ်ပွဲတစ်ကာ
နယ်လှည့်လိုက်နေရရင်ပြီးတာ မမှုတ်လား။ ကျန်တာ ပြောစရာမရှိဘူး။ တစ်ခါတစ်ခါများ
မခင်တင့်တို့ ပန်ကာတို့ ပြောဆိုဆက် ဆံတာကြည့်ရရင် အားရချင်စရာကို မရှိဘူး။
တစ်နေ့ကလည်း မခင်တင့်က
'ကိုသန်းတင်၊
ပခန်းကိုကြီးကျော်ပွဲ'လို့ ပြောပြီး ဒုံးတိကြီး ရပ်ထားတော့
ကိုသန်းတင်ကလည်း သူ့ပန်းပင်တွေ ငုံ့ကြည်းရင်းနဲ့ 'သွားလေ၊
ပန်ကာနဲ့'လို့ ပြောပြီး နောက်ထပ်၊ ထပ်မဆက်တော့ဘူး။ အဲဒီအချိန်မှာ
ပန်ကာက ကားရေဆေးနေတာ။ ကိုသန်းတင်တို့ လင်မယား စကားပြောနေတာလည်း အာရုံစိုက်မိပုံ
မရဘူး။ မခင်တင့်ကပဲ 'ပန်ကာ မနက်ဖြန် ပခန်း'တဲ့။ ပန်ကာကလည်း မော့တောင်မကြည့်ဘဲ 'ဟုတ်'တဲ့။ ဘယ်လောက်များ ညီလိုက်ကြတုန်းဆိုတော့ တစ်လျှောက်လုံး ဒီလိုနဲ့ပဲ
ပြီးနေကြတာပါပဲ။
တစ်ရက်တော့ ကိုသန်းတင်ဟာ
ပန်ကာရဲ့ဟုခေါ် ပြီး သူ့မိတ်ဆွေတစ်ယောက် အိမ်ကို သွားကြတယ်။ ခါတိုင်းလိုပဲ
စကားလုံးချွေတာ ရေးနဲ့ပဲ။ ပန်ကာကလည်း သွားချင်တဲ့နေရာကို လိုက်ပို့
ဖို့အဆင်သင့်လေ။ ကိုသန်းတင် ပန်းမိတ်ဆွေအိမ်ကလည်း ပန်ကာ ခဏခဏ လိုက်ပို့ရဖူးလို့
ရိုးနေပြီပြောပါတော့။ ဒါကြောင့် နာမည် ပြောလိုက်ရင် တန်းနေအောင်
လိုက်ပို့လိုက်တာပဲ။ ကိုသန်း တင်မိတ်ဆွေက ကိုကျော်သန်းတဲ့။ ကန်သာယာဘက်မှာ နေတာရယ်၊
အိမ်အိုကြီး တစ်လုံးကလွဲရင် ပန်းပင်တွေ ချည်းရှိတဲ့လူ။ သူ့ကျတော့ ကိုသန်းတင်လို
အပျော်တမ်းစိုက်တဲ့ ပန်းသမား မဟုတ်ဘူး။ စီးပွားဖြစ်ဆိုပါတော့။ ပန်းရောင်းစားတယ်၊
ပျိုးပင်ရောင်းစားတယ်။ ကိုသန်းတင်နဲ့ ကိုကျော်သန်း ခင်နေတာကလည်း ကိုသန်းတင်က
သူလိုချင်တဲ့၊ သူ့မှာ မရှိတဲ့အပင်ဆိုရင် ဘယ်လောက်ပေးရပေးရ ဝယ်တတ်တဲ့ လူကလား။
ဒီတော့ ကိုကျော်သန်းနဲ့ အဆင်ပြေပြီပေါ့။ ခုလည်း ကိုကျော်သန်းက
ပန်းပင်အသစ်ရောက်နေလို့ ကိုသန်းတင်ကို လူကြုံနဲ့ မှာလိုက်လို့သွားတာရယ်။
ကိုကျော်သန်း အိမ်ရောက်တော့ ပန်းပင်အိုးအသစ်ကလေးတွေ စီလို့။ ကိုသန်းတင် အူမြူး
သွားတယ်။ ဝါသနာအိုးကိုး။ သူ့မှာလည်း ဒီအပင်မျိုး မရှိသေးဘူး။ ပန်းပင်က ဆူး
ကလေးတွေနဲ့။ အပွင့်ကလည်း ချပ်ချပ်ရပ်ရပ်နဲ့ လှမှလှ။ အရောင်ကဆို စုံလိုက်သေး။
အရောင်တိုင်းကလည်းပဲ ရင်ခုန်စရာချည်းပဲ ပြောပါတော့။ ကိုသန်းတင်နဲ့ ကိုကျော်သန်း
ပန်းအိုးငါးလုံး အရောင်းအဝယ် ဖြစ်ကြတယ်။ အပြန်မှာ သယ်လာတယ်။ ကိုကျော်သန်းကို
ပန်းနာမည်မေးတယ်။ ကိုကျော်သန်းကည်း ငပိလေနဲ့ ဖြေတယ်။ 'ကစ်စမီကွခ်'တဲ့။ ပြောသံကြားတာပဲ။ ဘာမှ ပြန်မပြောကြတော့ဘူး။ ကားပေါ်
ပန်းအိုးတွေတင်ပြီး ပြန်ခဲ့ကြတယ်။
အဲဒါ ပန်းပင်တွေ အိမ်ရောက်ကတည်းက
ကိုသန်းတင် တခြားဘာကိုမှ စိတ်မဝင်စားတော့ဘူး။ ပြောပြီး ပြီနော်။ ကိုသန်းတင်ရဲ့
ဝါသနာကို။ ကိုသန်းတင်က ပန်းပင်သာ ဝါသနာပါတာရယ်။ အတန်းပညာကျတော့ ဘာမှရှိတာ
မဟုတ်ဘူး။ ပြောရရင် ဘိုလိုမတတ်ဘူးပေါ့။ ခုလည်း သူများပြောတာနဲ့ပဲ ဒီ'ကစ်စမီကွခ်'ဆိုတာကြီးကို ရင်ခုန်နေတယ်။ အင်္ဂလိပ်လို kiss me quick ဆိုတဲ့ အဓိပ္ပာယ်ကို မသိဘူး။ တစ်ခါတစ်ခါလည်း မူလက စကားနည်းပါတယ်ဆိုတဲ့
ကိုသန်းတင်ဟာ ထမင်းဝိုင်းမှာ အဲဒီ 'ကစ်မီကွခ်'ဆိုတဲ့ အလုံးကို အများကြီးသုံးပြီး စကားလုံးတွေ ဖောင်နေတယ်။
မခင်တင့်အဖို့ကတော့ သူ့ယောကျ်ား ဝါသနာကို တယ်အကဲမရဘူးလို့ ထင်တာပဲ။ ဒီ'ကစ်မီကွခ်'ကို ပိုလွန်းတယ် ထင်တယ်။ ဒါကြောင့်
ပန်ကာ့ဘက်လှမ်းပြီး ပြီတီတီပြုံးပြလိုက်တယ်။ ရုတ်တရက်ဆိုတော့ ကိုသန်းတင်က
ပန်ကာ့ဘက်လှည့် စကားပြောနေတာ မဟုတ်လား။ ပန်ကာ့မျက်နှာကြီး အီလည်လည်ဖြစ်နေတာကို
ကြည့်လိုက်တော့ ပန်ကာ မျက်နှာမူနေတာ သူ့ဘက် မဟုတ်ဘူးဆိုတာကို
ရိပ်မိသွားတော့ သူ့မိန်းမ မခင်တင့်ဘက် လှမ်းကြည့်လိုက်တယ်။ အဲဒီမှာတင်
ပန်ကာ့ဘက်လှမ်းပြီး ပြီတီတီပြုံးပြနေတဲ့ မခင်တင့်မျက်ခွက်ကို မြင်သွားရော။
ကိုသန်းတင် ဦးနှောက်တွေ လျှပ်တစ်ပြက် ဆိုတာလို အလုပ်များသွားလိုက်တာ။ ဘာလဲ။ ဒါဘာ
အပြုံးလဲပေါ့။ အချက်အလက်တွေ အများကြီး ရသွားသလို ခံစားလိုက်ရတယ်။ ကိုသန်းတင်
မြင်သွားမှန်းသိတော့ မခင်တင့်က 'လူမိပဟဲ့'ဆိုတဲ့အသိနဲ့
ဂုတ်ပုတယ်။ စောစောက မအီမလည်မျက်နှာနဲ့ ဖြစ်နေတဲ့ ပန်ကာလည်း ခေါင်းငုံ့ပြီး
သူ့ထမင်း သူ ဣန္ဒြေ မပျက် ဆက်စားနေတယ်။
လူ့စိတ်ဆိုတာကလည်း ခက်တော့ခက်သား
ကလား။ လူတစ်ဦးတစ်ယောက်ကို သူခိုးဆိုတဲ့အမြင်နဲ့ ကြည့်ထား၊ သိထားရင် အဲဒီလူဟာ ခုပဲ
သူခိုးတစ်ယောက်ရဲ့ ကြန်အင်လက္ခဏာ၊ အပြုအမူတွေနဲ့ ပြည့်စုံသွားတယ်ဆိုတာမျိုး။
ခုလည်း ကိုသန်းတင်အနေနဲ့ သူ့မိန်းမနဲ့ ပန်ကာ့ကို ဒီအချက် တစ်ခုနဲ့တင်
မသင်္ကာတော့ဘူး။ အဲဒီနေ့က အဖြစ်အပျက်ဟာ ကိုသန်းတင် စိတ်ထဲမှာ ပျဉ်းကတိုးသားထဲ
ရိုက်သွင်းထားတဲ့ သံမယ်လိုပဲ စွဲနေတယ်။ ဘယ်လောက်များ ကြာပြီလဲ။ သူ မပါဘဲ
တောင်ပြုံး၊ ရတနာဂူ၊ ပခန်းကျော်ပွဲ၊ မအူပွဲ၊ အနောက်အမေကြီးပွဲ၊ အလုံ ဘိုးတော်ကြီးပွဲ...ပွဲတကာ
စုံစေ့အောင် နှစ်ယောက်ထဲ သွားနေကြတဲ့ ပန်ကာနဲ့ မခင်တင့်ဟာ ရိုးမှရိုးကြရဲ့လား။
ရိုးမှာပါပဲ။ ဒါဆို ဟိုအပြုံးက ဘာလဲ။ ကိုသန်းတင်ဟာ ခန္ဓာကိုယ်ကသာ ပန်းပင်တွေ
နားရောက်နေတာ၊ စိတ်ထဲက တော့ မသင်္ကာမှုကို ပန်းပျိုးသလို ပျိုးနေတော့တာ။ ခက်တာက
လူတစ်ယောက် သူ့ စိတ်ကို သူမွေးနေတဲ့ကိစ္စဆိုတော့ 'အရှင်မွေးနေ့ချင်းကြီး'
ဆိုတာလိုပေါ့။ တနုံနုံနဲ့ ကြီးထွားနေတယ်။ ခံလည်း ခံပြင်းနေတယ်။
တာနော ယက္ခဘီးလူးလို သမုခသင်္ဂီကို ရွှေကြုတ်နဲ့ထည့်ပြီး အာခံတွင်းမှာ
ငုံထားတာတောင်မှ ဝိဇ္ဇာဓိုရ်နဲ့ ဖောက်ပြားတတ်တယ်ဆိုတဲ့ ဇာတ်တော်သာဓကတွေကလည်း
ဒီရက်ပိုင်း မှာကျတော့ လျောလျောလျူလျူ ခေါင်းထဲဝင်လာတယ်။ 'အဋ္ဌပတိ၊
ရှစ်လင်ရှိလည်း လွန်ဘိပိုမို၊ ကိုးယောက်ကိုလျင်'ဆိုတဲ့
စာမျိုးတွေကလည်း ကိုသန်းတင်နှလုံးကို ဒုန်းဒုန်းပါအောင် ဆောင့်နေ တာပါပဲ။
ဒါဆိုပေသည့်တော့လည်း ဟိုတစ်ခါကလွဲရင် နောက်ဟာတွေက ပုံမှန်ရယ်။ ဘာမှ အနေပျက်တာ
မတွေ့ရဘူး။ ကိုသန်းတင်ကတော့ အကွက်ကျော်မြင်ပြီး ပြဋ္ဌာန်းထားတဲ့သူ မှုတ်လား။ သူ့
ပြဋ္ဌာန်းချက်ကို မပြင်တော့ဘူး။ သူ ရိပ်မိသွားလို့သာ ဒီနှစ်ယောက်
ကိုယ်ရှိန်သပ်သွားတယ်။ ဒီလိုထင်ထားတာကိုး။ ခုနက ပြောသလိုပေါ့။ သံသယကို
သိမ်းသိုပြီး ပန်းပင်သာ နှိုက်နေရတာ ပန်းပင်၊ ပန်းအိုးထဲလည်း
စိတ်ကရောက်တော့တာမှုတ်ဘူး။ ခေါင်းထဲမှာ ပန်ကာနဲ့ မခင်တင့်ကို ပစ်စလက်ခတ်
အတွေးနယ်ချဲ့ပြီး တနုံ့နုံ့လောင်နေတယ်။ ဖွဲမီးလိုပဲ။
ကိုသန်းတင်ကသာ ဒီလိုဖြစ်နေတာရယ်၊
ပန်ကာကလည်း ပုံမှန်ပဲ။ မခင်တင့်ကလည်း နဂိုလိုပါပဲ။ စောစောကပြောသလိုပေါ့လေ။ သုံးယောက်စလုံးက
စကား ချွေတာရေးသမားတွေ။ အဲဒီတော့ ကိုသန်းတင်၊ မခင်တင့်၊ ပန်ကာဆိုတဲ့ သုံးဦး
သုံးဖလှယ်ဟာ ဘာမှ တယ်မပြောဖြစ်ဘူး။ မပြောဖြစ်တော့ ကိုသန်းတင် ကြိတ်မွှေးထားတဲ့မီးက
တငွေ့ငွေ့နဲ့ လောင်နေရော။ အဲဒါ အခါကလည်း တောင်ပြုံးပွဲခါကြီးဆိုတော့ မခင်တင့်က 'ကို
ကိုသန်းတင် တောင်ပြုံး' ပေါ့။ ကိုသန်းတင်ကလည်း ထုံးစံပဲ။ 'သွားလေ ပန်ကာနဲ့'တဲ့။ မခင်တင့်က
ပန်ကာ့ကိုလှမ်းခေါ်ပြီး 'ပန်ကာ နက်ဖြန် တောင်ပြုံး'ဆိုတာပါ တစ်ခါတည်းလွှင့်လိုက်တော့ ကိစ္စကပြီးပြီ။ ကိုသန်းတင်
မီးငွေ့ငွေ့လောင်နေတာ မရှိရင်တော့ ဒါ သူ မလိုက်ဘူး။ ပန်ကာနဲ့ပဲ သွားလိုက်။ ငါ့
ပန်းပင်ပဲ ဂရုစိုက်နေရစ် မယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါကို မခင်တင့်ကသိတော့
ပြီတီတီနဲ့ မချိုမချဉ်ပြုံးလိုက်တာကို စောစောက အခံစိတ် နဲ့တင်းနေတဲ့ ကိုသန်းတင်က
မြင်သွားရော။ သူက ခုတလော ဒါပဲ ဂရုစိုက်နေတာ မှုတ်လား။ ဒါနဲ့တေးထားတယ်။
သွားကြပစေပေါ့။ ကိုသန်းတင်မှာ အကြံနဲ့ရယ်။ မခင်တင့်နဲ့ပန်ကာနဲ့ သွားရင် နောက်က
ရုပ်ဖျက်ပြီး လိုက်ချောင်းမယ်ပေါ့။ အမှန်မှာက မခင်တင့်ပြုံးတာ ရှင်းရှင်းလေးရယ်။ 'ပန်းပင်သာ နှိုက်နေရရင် အထူးသဖြင့် ကစ်စမီကွခ်သာ နှိုက်နေရရင် တော်ကတော့
ထမင်းမေ့ ဟင်းမေ့'ဆိုတဲ့ အပြုံးမျိုး။ ဒါကိုပဲ ကိုသန်းတင်က 'တော်မပါသာတောင် ကောင်းသေး ပန်ကာနဲ့'ဆိုတဲ့
အဓိပ္ပာယ်မျိုးကောက်လိုက်တော့ ဒီသုံးယောက်ဟာ ခက်မနေဘူးလား။ ဇာတ်လမ်းက ရှုပ်စရာ မရှိအောင်ပဲ
ရှာရှုပ်ကုန်ရော။
ကိုသန်းတင်ကလည်း ဒီတစ်ခါတော့
အကြံနဲ့မှုတ်လား။ ဒါနဲ့ ပန်ကာက မောင်း မခင်တင့်ကလည်း သူ့အရှင်ကြီး၊ သခင်ကြီးတွေ
တင်ဖို့၊ သဖို့ ပစ္စည်းပစ္စယတွေနဲ့ သွားကြရော။ ကိုသန်းတင်လည်း သူတို့
ထွက်သွားကတည်းက လိုက်ဖို့ပြင်တာပဲ။ သေချာပက်ပင်းမိအောင် စောင့်ဖမ်းမယ်ပေါ့လေ။
မိရင် ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်ကတော့ မချရသေးပါဘူး။ ကြုံသလိုပဲပေါ့။ သူကတော့
ဒီနှစ်ယောက်ကို သေချာပေါက်ပဲလို့ တွက်တယ်။ မတွေးပဲလည်း မနေနိုင်ဘူး။ ဆက်လည်း
မတွေးရဲဘူးဆိုပါတော့လေ။ ကိုသန်းတင် လိုက်ဖို့ ပြင်ဆင်ပြီးကာမှ
မလိုက်ဖြစ်တော့ပြန်ဘူး။ ကိုသန်းတင်အကြောင်းလည်း အစပိုင်းက ပြောသလိုပေါ့လေ။
မယ်မယ်ရရ အလုပ်မရှိပေမယ့် 'ခွင်'သမား။ ခုလည်း ထသွား၊ လာသွားနဲ့ လုပ်လို့ရတဲ့
ခွင်တစ်ခုက သွားကာနီး၊ လာကာနီးမှာ လာငြိနေရော။ ရမယ့်အတိုင်းအတာကလည်း မက်လောက်တယ်။
ဒါနဲ့ မလိုက် ဖြစ်တော့တာပဲ။ ကိုသန်းတင်ဟာ လူကသာ အတန်းပညာ ခေတ်ပညာမတတ်ပေမယ့်လို့
ဘာလုပ်လုပ် ဒေါင့်စေ့တယ် ဆိုတဲ့လူ။ ခုလည်း ပန်ကာတို့၊ မခင်တင့်တို့ဆီ မလိုက်ဘဲ
သူ့လုပ်ငန်းခွင်ကို လုပ်လိုက်တာ မြတ်မြတ်ကလေး စားလိုက်ရတယ်။ ဒီခွင်က ကိုသန်းတင်
သူငယ်ချင်း ကိုဝင်းမြင့် ဆင်လာတဲ့ခွင်။ အောင်မြင်ပြီဆိုတော့ ဝင်းမြင့်နဲ့သူနဲ့ဟာ
သောက်ကြ၊ စားကြရော။ ဝင်းမြင့်ကို တစ်သိန်းပေးတဲ့အပြင် သောက်ပွဲ၊ စားပွဲပါ
လုပ်ပေးသေးတယ်ဆိုတော့ ကိုသန်းတင် ရတဲ့အတိုင်းအတာဟာ တွက်သာကြည့်တော့။ အဲဒီညက
မခင်တင့်ကလည်း မရှိတော့ ကိုသန်းတင်ဟာ တော်တော် လွတ်သွားအောင် သောက်ပစ်လိုက်တယ်။
ဝင်းမြင့်ကလည်း တော်ရှာပါတယ်။ အိမ်လိုက်ပို့၊ အိပ်ရာထဲထည့် သိပ်၊ သူပါ
စောင့်အိပ်ပေးတယ်။ မူးမူးရူးရူးနဲ့ အိပ်ပျော်သွားတဲ့ ကိုသန်းတင်ကတော့
ကမူးရှုးထိုးနဲ့ အိပ်မက်တွေများကို မက်လိုတဲ့။ ပန်ကာနဲ့ မခင်တင့်ကို
လိုက်ချောင်းတော့ တောင်ပြုံးက အပြန်လမ်းမှာ မဖွယ်မရာ တွေ့ရတာနဲ့ နှစ်ယောက်စလုံး
ဓားနဲ့လိုက်ခုတ်သတ်လိုက်တာ အတုန်းအရုန်း သေရောတဲ့။ စွဲပြီးမက်ပုံက။
မနက်လင်းတော့ ဝင်း မြင့်လည်း
ကော်ဖီကြမ်းတစ်ခွက်သောက်ပြီး ပြန်သွားတယ်။ ကိုသန်းတင်လည်း အမူးနာကျပြီး ကျန်ရစ်တယ်။
များသောအားဖြင့် အမူးနာကျနေတဲ့လူဆိုတာက ထပ်တဲ့ (တည်း)လိုက်မှ ပြေတာ မှုတ်လား။
အိမ်မှာကလည်း ဝီစကီတစ်လုံးရှိနေတော့ ကိုသန်းတင် ထပ်ချရော။ ထပ်ချတော့
မူးပြီးပုံမှန်ဖြစ်သွားရော။ မှန်တာမှ အတော့်ကို မှန်တယ်ပြောပါတော့။ စိတ်ထဲမှာလည်း
ပန်ကာနဲ့ မခင်တင့်ကို မင်္သကာတာရော၊ ညကမက်တဲ့ အိပ်မက်ကြောင့်ရော
နှစ်မျိုးစရနယ်ပြီး ကိုသန်းတင်ဒေါသက အထွဋ်အထိပ် တလိပ်လိပ်တက်နေ ပြီ။
အချိန်အားဖြင့် နေ့ပိုင်း ၂ နာရီလောက်တောင် ရှိရောပေါ့။ ကိုသန်းတင်ဟာ ထမင်းလည်း
မစားဘူး။ အမြည်းလောက်ပဲ စားပြီး သောက်နေတာပဲ။ သောက်တယ်ဆိုတာလည်း အများကြီး ခွေးသောက်၊
ဝက်သောက်ဆိုတာလိုတော့ သောက်နေတာ မဟုတ်ပါဘူး။ မနေ့ညက များသွားတဲ့ အရှိန်နဲ့
ဆက်လိမ့်နေတာပါ။ အဲဒီအချိန်မှာ ပန်ကာနဲ့ မခင်တင့် ပြန်လာကြရော။ ကိုသန်းတင်က
ပြတင်းပေါက်နားမှာ သောက်နေတာဆိုတော့ ခြံထဲဝင်လာကတည်းက မြင်တယ်။ ကြည့်နေတာပဲ
မျက်ထောက်နီကြီးနဲ့။ ပန်ကာက ကားကို အိမ်ရှေ့မှာ ရပ်ပြီး မခင်တင့်ကို ဆင်းစေတယ်။
အဲဒီအချိန်မှာ မခင်တင့်က ပန်ကာ့ကို 'ကျွန်မကို
မြန်မြန်နမ်းပါ...တဲ့လား ...ဟီဟိ'ပြောပြောဆင်းဆင်းနဲ့
ဆင်းလိုက်တာကို ကိုသန်းတင်က ကြားသွားရော။ ဒါပေမယ့် ဘာမှတော့ မပြောဘူး။ လူက
စကားနည်းတဲ့ လူဆိုတော့ အသံမထွက်ဘူး။ ပြီးတော့ အားနာတာလည်း ပါမှာပေါ့လေ။ မပြောဘူး၊
မြုံနေတယ်။ ပန်ကာကတော့ ခရီးပြန်လာတဲ့ကားကို ဂိုထောင်ထဲ မသွင်းခင် ရေဆေးနေတယ်။
မှင်တစ်ချက် မပျက်ဘူး။ ကိုသန်းတင် စိတ်ထဲက ကျိတ်ချီးကျူးတယ်။ 'ကိုယ့်လူ မှင်သေသဟ'ပေါ့။
မခင်တင့်ကလည်း အနေကောင်းတာပါပဲ။
ခါတိုင်းလိုပဲ အနေအထိုင် မပျက်ဘူး။ ဒါပေမယ့်တော့ ကိုသန်းတင်က ပြဋ္ဌာန်းပြီးသားလေ။
ကားပေါ်ကအဆင်း မဖွယ်မရာ ပြောလိုက်တဲ့စကားကိုလည်း ကြားမိပြီးသား။ အဲဒီတော့
မူးကလည်းမူးနေပြန်ဆိုတော့ ပန်ကာ ပြန်သွားတဲ့နောက်မှာ ပြဿနာက စတော့တာပဲ။ မူလက
စကားနည်းကြတဲ့ လင်မယားဆိုတော့ ကိုယ်ကြိုက်ရာကိုယ်လုပ်စတမ်း ဆိုတဲ့မူနဲ့
ကိုသန်းတင်နား မသွားဘူး။ ကိုသန်းတင်ကလည်း ဒါကို မူမမှန်ဘူးလို့ ယူဆရော။ ဒေါသက
အလိပ်လိုက် တက်လာတယ်။ ဒါနဲ့ စားပွဲပေါ်မှာရှိတဲ့ ဝီစကီ ပုလင်းကို ချခွဲလိုက်တယ်။
မခင်တင့် ရုတ်တရက် လန့်သွားတယ်။ ပါးစပ်ကလည်း 'ကိုကိုသန်းတင် ဘာဖြစ်တာလဲ'
'ဖြန်း...ဖြန်း'
'အိ...အင်...အမလေး'
ရုတ်တရက်ဆိုသလိုပဲ ကိုသန်းတင်ဟာ
မခင်တင့်ကို ပါးဆွဲချလိုက်တယ်။ မခင်တင့်ဟာ ပထမတော့ ကြောက်နေတာပေါ့။ တစ်သက်လုံးက
လက်ဖျားနဲ့ အတို့မခံခဲ့ရတဲ့ မခင်တင့်ဟာ အမှတ်တမဲ့ ကိုသန်းတင် ရိုက်လိုက်တာကို
အတော်လေးလန့် သွားပုံရပါရဲ့။ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး အိမ်ထဲက ရုတ်ကနဲ
ထပြေးတာပဲ။ ကိုသန်းတင် စီရင်ချက်သာချ လိုက်ရတယ်။ စွဲချက် မတင် လိုက်ရဘူး
ပြောပါတော့။ ဒင်း...ဘယ်သွားမလဲ။ ပန်ကာ့အိမ်ကို သွားမှာပဲပေါ့။ ပန်ကာ့အိမ်က
ဘယ်မှာလဲ။ ကိုသန်းတင် မသိဘူး။ အင်းလေ... မခင်တင့်ကတော့ သိနေမှာပေါ့။ သူတို့က
ဒီနေရာမှာ...။ ကိုသန်းတင် ဆက်မတွေးရဲတော့ဘူး။ မူးကလည်း မူးနေချိန်ဆိုတော့
ဆင်ခြင်တုံတရား မရှိချိန် မှုတ်လား။ အဲဒီတော့ သွားပစေ လိုက်လည်း မခေါ်ဘူး။
မူးမူးနဲ့ခြေပစ်၊ လက်ပစ် အိပ်ပစ်လိုက်တယ်။ ဘယ်အချိန်၊ ဘယ်နာရီ ရှိပလဲ ဆိုတာလည်း
မစဉ်းစားနိုင်တော့ဘူး။ မိန်းမကလည်း ထွက်သွားပြီဆိုတော့ လျှော့ချပစ်လိုက်တဲ့သဘော။
ည ၁ဝ နာရီလောက်ကျတော့ ကိုသန်းတင်
အိပ်ရာက နိုးတယ်။ နိုးပြီလည်း ဆိုရော ကိုသန်းတင် သူငယ်ချင်း စိုးမြင့်တို့လင်မယားက
အိပ်ရာဘေး ရောက်နေပြီ။ ကိုသန်းတင်လည်း နဂိုက အိပ်နေတဲ့ပုံစံနဲ့
မဟုတ်တော့ဘူး။ သပ်သပ်ရပ်ရပ် ဖြစ်နေပြီ။ စိုးမြင့်က မေးတယ်။ 'ဘယ်လို
ဖြစ်ကြတာလည်း' ပေါ့။ ကိုသန်းတင်က သူတို့ အဖြစ်ကို
ဒေါသနှောပြီး ပြောပြတယ်။ အဲဒီကျတော့မှ အိမ်ပြင်မှာထိုင်နေတဲ့ မျက်ခွံတွေ
မို့နေအောင် ငိုထားတဲ့ မခင်တင့် ဝင်လာတယ်။ အဲသလို မဟုတ်ရပါကြောင်းပေါ့လေ။
ပြောပါစေပေါ့။ အဲဒီတော့မှ မခင်တင့် ဆက်ရှင်းရတယ်။ ထမင်းဝိုင်းမှာ ပြုံးတာက
ဘာမှမဟုတ်ပါဘူး။ 'ကစ်စမီကွခ်'အပေါ်ကို
ကိုသန်းတင် အရူးအမူးဖြစ်နေတာကို ပိုလွန်းတယ်ဆိုပြီး ပြုံးတာပါလို့ ရှင်းပြတယ်။
သစ္စာရေသောက်ဆိုလည်း သောက်ရဲပါတယ်ပေါ့လေ။ သူ့အနေနဲ့ ကိုကိုသန်းတင်ကလွဲရင်
တစ်ခြားယောကျ်ားနဲ့ ဖောက်ပြားခဲ့ရင် သွေးပွက်ပွက်အန်ပါစေတွေ၊ ဘာတွေရောစုံလို့
ကျိန်တာပဲ။ သူ သိပ်ကြောက်တဲ့ အရှင်ကြီး၊ အရှင်မတွေလည်း မြန်မာပြည်
တစ်နံတစ်လျားတော့ မကျန်အောင် တိုင်တည်ပြောတာပါပဲ။ ကိုသန်းတင်က ဒီလိုနဲ့ ဘယ်ရမလည်း။
ဒါဖြင့် တောင်ပြုံးကအပြန် ကားပေါ်ကအဆင်းမှာ ကျွန်မကို မြန်မြန်နမ်းပါတဲ့လား...ဟီ
ဟိဆိုတာကို ရှင်းခိုင်းတယ်။ ဒါကျတော့ ဒီလိုတဲ့ မခင်တင့် ရှင်းပြတာပေါ့လေ။
ပန်ကာ့ကို မခင်တင့်က ကားပေါ်က ဆင်းခါနီးမှာ အဲဒီကိုကိုသန်းတင် အရူးအမူးဖြစ်နေတဲ့ 'ကစ်စမီကွခ်'ဆိုတာ ဘာအဓိပ္ပာယ်လည်းလို့ မေးသတဲ့။
အဲဒါကို ပန်ကာက အင်္ဂလိပ်လို 'ကစ်စမီကွခ်' kiss me quick ဆိုတာ 'ကျွန်မကို
မြန်မြန်နမ်းပါ' ဆိုတဲ့ အဓိပ္ပာယ်လို့ ရှင်းပြသတဲ့။
အဲဒီတော့မှ ကိုသန်းတင် ဘဝင်ကျသွားတယ်။ စိုးမြင့်တို့ လင်မယားလည်း အလိုက်တသိ
ပြန်သွားကြရော။ ကိုသန်းတင်က မခင်တင့်ကို သူမှားသွားကြောင်း ပြောပြီး ချော့တယ်။
မခင်တင့်လည်း စိတ်ပြေသွားတယ်။ ဒီလို။
ပြေတယ်ဆိုတာကလည်း မခင်တင့်က
မိန်းမသဘောကိုး။ သူ့လင်က သူများနဲ့ အထင်လွဲတာ၊ သဝန်တိုတာဟာ သူ့ကို
ချစ်လို့ပဲဆိုပြီး ပါးရိုက်ခံရတာကို ပျားရည်ထက်ချိုနေတော့ ဇာတ်တော်က ပေါင်းပြီ
ပြောပါတော့။ ကိုသန်းတင်အနေနဲ့ကတော့ မပြီးသေးဘူး။ သူ့ အိမ်မှာ ကားမောင်းတဲ့ ပန်ကာက
သူ့ထက် ဘာလို့ ဒီပန်းအကြောင်းသိနေရသလဲပေါ့။ ဒါလေးတော့ သူ စဉ်းစားတယ်။ ကိုသန်းတင်က
သူ့ထက် ဒီကိစ္စကို ပိုသိနေရတဲ့ ပန်ကာ့ကို... ဟို ဘယ်လိုပြောမလည်း မနာလို
စိတ်ကလေးတော့ နည်းနည်း ဖြစ်မိတယ်။ ဖြစ်ချင်တော့ နောက်တစ်နေ့မနက်ကျတော့ ပန်ကာ
ပေါ်မလာဘူး။ ခါတိုင်း မပျက်ကွက်ဘူးတဲ့ ပန်ကာ ဘာကြောင့်မလာ သလဲ။ ကိုသန်းတင်
စဉ်းစားရပြန်ပြီ။ နည်းနည်း နောက်ကျနေတာ နေမှာပေါ့လို့ ဖြေတွေးပေမယ့်လို့ ပန်ကာက
ညနေထိပေါ်မလာဘူး။ မခင်တင့်ကို မေးကြည့်တော့ 'သူ မသိဘူး'တဲ့။ ဟုတ်မှာပဲ။ ဘယ့်နှယ့်လုပ်ကြမလဲလို့ ဆိုတော့ မခင်တင့်က ပန်ကာ့ကို ခေါ်လာပေးတဲ့
ကိုစိုးမြင့်ကို မေးပေါ့လို့ပြောတယ်။ နောက်နေ့မနက်စောစောကျတော့ ကိုသန်းတင်ဟာ
ကိုစိုးမြင့်အိမ်သွားပြီး ပန်ကာနေတဲ့ နေရာမေးရော။ စိုးမြင့်ကလည်း နေရာပြောမနေဘူး။
သူကိုယ်တိုင် လိုက်ပို့တယ်။ လမ်းမှာ စိုးမြင့်ကို ပန်ကာ့အကြောင်းမေးတော့လည်း
ရေရေရာရာ မသိဘူးတဲ့။ ဒါနဲ့ ကိုသန်းတင် ဆိုင်ကယ်နဲ့ ပန်ကာရှိတဲ့ ရတနာပုံ
မြောက်ပိုင်းထဲက အိမ်ကို သွားကြရော။ ပန်ကာနေတာ က အဖိုးနည်းရပ်ကွက်မှာ
ခြံကျယ်ကြီးနဲ့ သီးပင်၊ စားပင်တွေကလည်း စုံလို့။ ခြံတံခါးစေ့ရုံ စေ့ထားတာဆိုတော့
တွန်းဖွင့်ဝင်သွားပြီး အသံပြုလိုက်တော့ ပန်ကာက ဖျားနေလို့ မလာတာကိုး။ ဆေးစားပြီး
အိပ်နေရာက ထ လာတယ်။ လာပြောမလို့ဟာ လူခွဲမရှိတာနဲ့ မလာနိုင်တာတဲ့။ သူ့ကို
စောင့်ရှောက်နေတဲ့ အဒေါ်ကလည်း မလည်မဝယ်မို့ပါတဲ့။ ရှင်းပြတယ်။ ကိုသန်းတင်က ဒါတွေ
စိတ်မဝင်စားပါဘူး။ သူ့မျက်လုံးက နံရံက ဘွဲ့ဓာတ်ပုံ၊ ဘွဲ့လက်မှတ်နဲ့
ပန်းပင်တွေကိုပဲ ကြည့်နေတယ်။
တစ်ဆက်တည်းမှာပဲ ပန်ကာကလည်း သူ အရင်နေ့က
မခင်တင့်ကို အသိနတ်ကတော်တွေနဲ့ အိပ်စေပြီး သူက ကားပေါ်မှာ အိပ်တာ
ချွေးနဲ့အအေးပတ်သွားတာကို ရှင်းပြတယ်။ ကိုသန်းတင်လည်း ပန်ကာနဲ့ မခင်တင့်ကို
ပိုပြီး စိတ်ရှင်းသွားတယ်။ လုံးဝ မဥပါဒ်တော့ဘူး။ ပြီးတော့ သူ့ ဝါသနာနဲ့သူ
ပန်းပင်တွေကို လျှောက်ကြည့်တယ်။ ပန်ကာဟာ ရေဆင်းတက္ကသိုလ်က ဘွဲ့ရတစ်ယောက်။
စိုက်ပျိုးရေး အဓိကနဲ့ ကျောင်းပြီးထားတာဆိုတာလည်း ကိုသန်းတင်က လူနပ်တစ်ယောက်
အနေနဲ့ သိပြီးသား။ ဓာတ်ပုံတွေ၊ ဘွဲ့လက်မှတ်တွေနဲ့ ရှင်းပြီးသားလေ။ ပန်းကတော့
အတော်မျိုးစုံအောင် စိုက်ထားတယ်။ စိုက်ရခက်တဲ့ သစ်ခွဆိုတာမျိုးတွေလည်း အသေအချာ
မျိုးစိတ်နာမည်၊ ရုက္ခဗေဒအမည်နဲ့တကွ အင်္ဂလိပ်လိုရော၊ မြန်မာလိုရော စုံအောင်
ဂျပ်ပြားလေးတွေနဲ့ ရေးကပ်ထားတယ်။
အတိအကျပဲ။ သူ သိပ်ရူးသွပ်ခဲ့တဲ့ 'ကစ်စမီကွခ်'ပန်းမျိုးကိုလည်း
အရောင်စုံစိုက်ထားလိုက်တာ ကိုသန်းတင် ပန်းပင်တွေထက် နှစ်ဆလောက်ပိုတယ် ပြောပါတော့။ kiss me quick 'ကျွန်မကို မြန်မြန်နမ်းပါ' ဆိုတဲ့ ကိစ္စကတော့
သူ့သူငယ်ချင်းစိုးမြင့်ရှေ့မှာတင် ရှင်းသွားပြီ။ ပန်ကာ့ကို အေးအေးဆေးဆေး
အနားယူခိုင်းတယ်။ ပန်ကာ့ကို စောင့်ရှောက်နေတဲ့ ပန်ကာ့အဒေါ် ကလည်း ကိုသန်းတင်ကို
မလိုတာရော၊ လိုတာရော စကားတွေ ဖောင်အောင် ရာဇဝင်ခင်းပြောပြနေတော့ ပန်ကာ့အကြောင်းကို
ကိုသန်းတင် လိုတာထက် ပိုသိသွားရပြီ။ လူက လူပါးမှုတ်လား။ စိုးမြင့်ကလည်း
ကိုသန်းတင်ကို 'ဘယ့်နှရှိစ'ဆိုတဲ့
ပုံစံနဲ့ မေးငေါ့ပြတယ်။ ကိုသန်းတင်ကလည်း သူ အထင်မှား မိတာကို 'ဆောရီး'ဆိုတဲ့ သဘောနဲ့ ရှက်စနိုးပုခုံးတွန့်
ပြလိုက်တယ်။ ပြီးတော့ ကိုသန်းတင်နဲ့ စိုးမြင့်တို့ဟာ ပန်ကာ့ကို နှုတ်ဆက်ပြီးပြန်
လာခဲ့ကြတယ်။
နောက်ရက်ကျတော့ ကိုသန်းတင်ဟာ
စိုးမြင့်ကို ခေါ်တယ်။ စာအိတ်တစ်လုံးနဲ့ ပန်ကာ့ဆီလွှတ်တယ်။ စာအိတ်ကြီးက
ဖောင်းနေတာပဲ။ ပြီးတော့ စိုးမြင့်ကို သေချာမှာတယ်။ ပန်ကာ့ကို ကားမောင်းဖို့
သူ့အိမ်လာစရာ မလိုဘူးပေါ့။ စိုးမြင့် အံ့သြပေမယ့် ဘာမှမပြောဘူး။ အနားမှာ
မခင်တင့်လည်း ရှိတော့ မျက်လုံးမျက်ဆံပြူး နေပေမယ့် ဘာမှတော့ ဝင်မပြောဘူး။ ဒီတစ်ခါ
အထင်လွဲရင် မှုတ်လား။ စာအိတ်နဲ့ ဖောင်းနေအောင် ထည့်ထားတာက ငွေစက္ကူတွေပါ။ ငွေက
သုံးလစာပါတယ်။ သုံးလအတွက်ပေးပြီး ပန်ကာကို အလုပ်ထုတ်တယ်ပေါ့။ ဒါပဲ။ စိုးမြင့်ရော၊
မခင်တင့် ရောဟာ ပါးစပ်ပြင်တယ်။ မေးချင်နေကြတယ်။ ကိုသန်းတင်က လက်ဝါးကာပြတယ်။
သဘောကတော့ 'ဘာမှ မမေးကြနဲ့'ဆိုတဲ့ သဘော။ ဒါနဲ့စိုးမြင့် ပန်ကာ့အိမ်ဘက်
ထွက်သွားတယ်။ ဘာလို့ ဒီလိုလုပ်ရသလဲ။ ပန်ကာနဲ့မခင်တင့်ကိစ္စလည်း ကိုသန်းတင်
သင်္ကာရှင်းပြီးသား မှုတ်လား။ စိုးမြင့်ရော မခင်တင့်မှာပါ အတွေးတွေ ကိုယ်စီနဲ့။
ကိုသန်းတင်ကတော့ ဘာမှ မပြောတော့ဘူး။
သူ့'ကစ်စမီကွခ်'နားမှာ သွားထိုင်နေတယ်။ ကိုသန်းတင် ဘာသဘောလည်း။ အမှန်က ကိုသန်းတင်
စိတ်ထဲမှာ ရှိပြီးသား။ မခင်တင့်နဲ့ပန်ကာ့ကို မယုံလို့လည်း မဟုတ်ဘူး။ လုံးဝ ယုံတယ်။
ပန်ကာလုပ်ငန်း ပျက်ကွက်လို့လား။ ဒါလည်း မဟုတ်ဘူး။ ဖျားနေလို့ ပျက်ရတာပဲ။ သူ
ခွင့်လွှတ်နိုင် တယ်။ အကြောင်းက ဘယ်သူ့မှလည်း ပြောလို့ မဖြစ်ဘူး။ သူ သံသယရှိမိလို့
မဟုတ် တန်းတရန်းစွပ်စွဲမိလို့ ပန်ကာ့ကို ရှက်လို့လား။ ဒါကသာ မဟုတ်သေးတယ်။
ဒီကိစ္စကို ပန်ကာမှ မသိတာ။ မခင်တင့်နဲ့ သူလည်း ပြီးသွားပြီလေ။ အကြောင်းက
တစ်ခုတည်းပဲ။ အဲဒါ ဘာလဲဆိုတော့ ကိုသန်းတင်ဟာ သူ့ထက် ပန်းအကြောင်း ပိုသိတဲ့၊
ပိုတတ်တဲ့ ပန်ကာ့ကို သူ့အိမ်မှာ မထားချင်တာဘဲ။ ကိုသန်းတင်က ဒီအကြောင်းကို ဘယ်သူ့မှ
ဖွင့်မပြောဘူး။ ပြောလိုကလည်း မဖြစ်ဘူးလေ။ အင်းလေ...လူဆိုတာကလည်း အမျိုးမျိုးမှုတ်လား။
▀
ညီဘွား
(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်