နိုင်ငံတကာ ရုပ်ရှင်

Never Let Go - ဘယ်တော့မှလက်မလွှတ်နဲ့

ရွှေသီရိခေတ်

01 December 2024
Never Let Go - ဘယ်တော့မှလက်မလွှတ်နဲ့
Share to

၂၀၂၄ ခုနှစ်မှာ Alexandre Aja က “Never Let Go - ဘယ်တော့မှလက်မလွှတ်နဲ့” အမည်ရတဲ့ အမေရိကန်သည်းထိပ်ရင်ဖိုဇာတ်ကားကို ရိုက်ကူးပြီး နိုင်ငံအနှံ့တွင် ထုတ်လွှင့် ပြသခဲ့ပါတယ်။ ဒီဇာတ်ကားက ရုံတင်တင်ချင်းမှာပဲ တစ်ဟုန်ထိုး နာမည်ကြီးပြီး လူကြိုက် များလာခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာ ရုပ်ရှင်သရုပ်ဆောင် ဟေးလ်ဘယ်ရီ (Halle Berry) က အမွှာသားလေးနှစ်ယောက်နဲ့အတူ တောအုပ်ထဲမှာ နေထိုင်တဲ့ မိခင် (Momma) နေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ အမွှာသားလေးနှစ်ယောက်အနေနဲ့ကတော့ ပါစီဒတ်ဂ် IV  (Percy Daggs IV) နဲ့ အန်သိုနီဘီ. ဂျန်ဖင်စ် (Anthony B. Jenfins) တို့က သရုပ်ဆောင်ထားပါတယ်။

ဇာတ်ကားလေးက စစချင်းမှာ သားအမိသုံးယောက်ဟာ သူတို့ရဲ့ ခွေးလေးနဲ့အတူ တောအုပ်ထဲမှာ ရှာဖွေစားသောက်ရင်း ရှင်သန်နေထိုင်ကြတာကို တွေ့ရမှာပါ။ မိခင်ဖြစ်သူရဲ့ ပြောဆိုချက်အရ ဆိုရင်တော့ ကမ္ဘာကြီးကို မကောင်းဆိုးဝါးတွေက သိမ်းပိုက်လိုက်ပြီး သူတို့ သုံးယောက်က နောက်ဆုံး အသက်ရှင်ကျန်ရစ်သူတွေ ဖြစ်ပါတယ်။ သူတို့ ဒီလိုကျန်ရစ်ရခြင်းဟာ မိခင်ဖြစ်သူရဲ့ ဖခင်၊ အမွှာညီအစ်ကို နှစ်ယောက်ရဲ့ အဖိုးဖြစ်သူက သန့်စင်တဲ့ နှစ်ချို့သစ်တွေကို အသုံးပြုပြီး တောအုပ်ထဲမှာ အိမ်ဆောက်ခဲ့တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ သန့်စင်တဲ့ နှစ်ချို့သစ်ကို အသုံးပြု ဆောက်လုပ်ထားတဲ့ အိမ်ထဲကိုတော့ မကောင်းဆိုးဝါးတွေက ဝင်မလာနိုင်ဘူးလို့လည်းဆိုပါတယ်။ ဒါပေမဲ့ သူတို့ အစားအစာရှာဖို့ အိမ်ရဲ့ပြင်ပကိုထွက်တဲ့အခါမှာတော့ မကောင်းဆိုးဝါးတွေရဲ့ ရန်က ကင်းလွတ်အောင် ခါးကို ကြိုးနဲ့ချည်၊ ဘုရားစာရွတ်ပြီးမှထွက်ရပါတယ်။ ထူးခြားတာက မကောင်းဆိုးဝါးက တိရိစ္ဆာန်တွေကို အန္တရာယ်မပြုတာမို့ သူတို့ရဲ့ခွေးလေးကတော့ ကြိုးချည်စရာ မလိုအပ်တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ မိခင်ဖြစ်သူက သဘာဝလွန် အများမမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်သူဖြစ်ပြီး သူ့ရဲ့ သားလေးနှစ်ယောက်ကတော့ မမြင်နိုင်ကြပါဘူး။ ဒီအချက်ကနေ အစပြုလာခဲ့တဲ့ ဂယက်လေးက သူတို့မိသားစုလေးကို ဘယ်လိုရိုက်ခတ်လာမလဲ။ သူတို့ မိသားစုလေးကရော ဒီဂယက်ဒဏ်ကို တောင့်ခံနိုင်မလား၊ ပြိုလဲမလားဆိုတာကိုလည်း Aja က ဇာတ်လမ်းတစ်လျှောက် စိတ်ဝင်စားဖွယ် ဆွဲဆောင်ရိုက်ကူးထားပါတယ်။

ရှင်သန်ခြင်း၊ ယုံကြည်မှု၊ ဖြစ်ရပ်မှန်နဲ့ စိတ်ထင်ယောင်ထင်မှားမှုကြားက ဝေဝါးတဲ့ စည်းမျဥ်းလေးကို အနုပညာမြောက် ဖန်တီးထားတဲ့ ဒီဇာတ်ကားလေးက ကြည့်ရှုသူတွေ အပေါ်မှာ မသိမသာစိတ်ခြောက်ခြားစရာ၊ ခေါင်းရှုပ်စရာကောင်းစေမယ့် ခံစားချက်တွေကို ပေးမှာဖြစ်ပါတယ်။ Aja ရဲ့ အနုပညာမြောက်တဲ့ ဇာတ်ကားလေးက ငြိမ်သက်မှုနဲ့ ပြင်းထန်စွာ ဂယက်ရိုက်မှုတွေနဲ့ တစ်လှည့်စီ ဖြည်းဖြည်းချင်း ဆွဲခေါ်သွားမှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာလှည့်ကွက်လည်း ပါဝင်တာမို့ ဒီဇာတ်ကားလေးကို ကြည့်ရှုပြီးတဲ့ နောက်မှာတော့ ကြည့်ရှုသူတွေရဲ့စိတ်ထဲမှာ “ဒါကဘာကားအမျိုးအစားလဲ” “မကောင်းဆိုးဝါးက တကယ်ရှိတာလား” “မိခင်ဖြစ်သူကရူးနေတာလား” ဆိုတဲ့ “လဲ” နဲ့ “လား” မေးခွန်းများစွာ ထပ်ပြီးကျန်ရစ်နေမှာ လည်းဖြစ်ပါတယ်။

ခြုံပြောရရင်တော့ လူသူကင်းဝေးတဲ့နေရာမှာ အမှန်တရားနဲ့ စိတ်ထင်ယောင်ထင်မှားမှု ရောထွေးလာတဲ့အခါမှာ ဘယ်သူတွေက အမှန်ကိုမြင်နိုင်မလဲ၊ ကိုယ်မြင်နေရတဲ့ အမှန်ကရော တကယ့်အမှန်တရားလား? မှားနေရင်ရော ဆိုတဲ့ သံသယပေါင်းများစွာ၊ လှည့်ကွက်များစွာနဲ့ ဖွဲ့စည်းထားတဲ့ ဒီဇာတ်ကားလေးက ­­လူ့ဘဝမှာ တစ်ခါတစ်ရံ အမှန်နဲ့ အမှား မကွဲပြားတာကို သွယ်ဝိုက်ပြီး စိတ်ဝင်စားဖွယ် ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ရွှေသီရိခေတ်


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။