ဇာနည်ညိမ်း
အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ရုပ်ရှင်မင်းသမီးလေး နာတလီပေါ့တ်မင်းအား သူနဲ့တွဲဖက် သရုပ်ဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်ကြီးများနဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Closer ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခွင့် ရခဲ့ပြန်ပါတယ်။ Cold Mountain ဇာတ်ကားမှာ တွဲဖက်ခဲ့တဲ့ ဂျူဒ်လော၊ Every-one Says I Love You ဇာတ်ကားမှာ တွဲဖက်ခဲ့တဲ့ ဂျူလီယာရောဘတ်စ်တို့နဲ့အတူ သရုပ်ဆောင်ခွင့် ရခဲ့ခြင်းပါ။ ဝါရင့် သရုပ်ဆောင်ကြီးများကြားမှာ သရုပ်ဆောင်ရတာဖြစ်ပေမယ့် သူ့အတွက် အခက်အခဲ သိပ်မရှိခဲ့ပါဘူး။ သူဟာ ဒါရိုက်တာ ဂျော့ချ်လူးကပ်စ်ရဲ့ Star Wars ဇာတ်ကားများမှာလည်း ခုလိုပဲ သရုပ်ဆောင်ကြီးများနဲ့ တွဲဖက် ခဲ့ရတာပါ။ Leon အမည်ရှိ ရုပ်ရှင်ဇာတ်ကားမှာ စတင်သရုပ်ဆောင်ခွင့် ရခဲ့တဲ့ နာတလီဟာ ခုဆိုရင် ဟာသကားတစ်ကားဖြစ်တဲ့ Garden State ဇာတ်ကားမှာလည်း သရုပ်ဆောင်နေ ပြန်ပါပြီ။ အသက် ငယ်ပေမယ့် ဝါရင့် သရုပ်ဆောင်ကြီးများကြားမှာ အခက်အခဲမရှိ သရုပ်ဆောင်နိုင်စွမ်းရှိခဲ့တဲ့ နာတလီကို အိုကေမဂ္ဂဇင်းကြီးက အင်တာဗျူး ပြုလုပ်ရာမှာ လိမ္မာပါးနပ်စွာနဲ့ ဖြေကြားသွားခဲ့တာကို ဖတ်ကြရပါ တယ်။
ဂျူဒ်လောတို့၊ ဂျူလီယာရော
ဘတ်စ်တို့နဲ့ အရင်တုန်းက တွဲဖက်သရုပ်ဆောင်ခဲ့ခြင်းက Closer ကား ရိုက်တဲ့နေရာမှာ အထောက်အကူဖြစ်ပါသလား။
ဟုတ်တာပေါ့။
ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းနေကြတဲ့အတွက် ကားရိုက်ရာမှာ ပိုပြီးလွယ်
ကူစေပါတယ်။ တစ်ခါမှ မတွဲဖူးသေးတဲ့ ကလိုက်ဖ်အိုဝင်ကလည်း တရင်း တနှီးရှိပါတယ်။
သူတို့အားလုံးဟာ သရုပ်ဆောင်ကောင်းတွေဖြစ်သလို လူကောင်းတွေလည်း ဖြစ်ကြပါတယ်။
တစ်ဦးအပေါ်တစ်ဦး ညှာတာထောက်ထားပြီး နွေးနွေးထွေးထွေး ဆက်ဆံတတ်ကြတဲ့သူတွေပါ။
ရိုက်ကွင်းပေါ်မှာ
တရင်းတနှီးရှိခဲ့ကြတဲ့အတွက် ကားရိုက်ပြီးလို့ လမ်းခွဲကြ ရတဲ့အခါမှာရော
အခက်အခဲရှိပါသလား။
ရိုက်ကွင်းပေါင်းများစွာကို
ကြုံခဲ့ဖူးပေမယ့် ဒီကားရိုက်တဲ့အခြေအနေနဲ့တော့ မတူဘူးရှင့်။ ရိုက်ကွင်းပေါ်မှာ
မိတ်ဆွေရင်းချာတွေလို ရင်းနှီးသွားတဲ့အတွက် ကားရိုက်ပြီးတော့လည်း ကျွန်မ
သူတို့နဲ့ဆက်ပြီး အတူသွား၊ အတူလာရှိခဲ့ပါတယ်။ ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး
ကျွန်မတို့မှာလည်း မိသားစုတွေ ကိုယ်စီရှိကြတယ် မဟုတ်လား။ ရိုက်ကွင်းပေါ်မှာ ခဏတာ
ဆုံတွေ့ကြရတဲ့ ရင်းနှီးမှုမျိုးကို ကျွန်မတို့မကြာခဏ ကြုံရမှာပါပဲ။
ရိုက်ကွင်းကနေ
အိမ်ကိုပြန်သွားတဲ့အခါမှာ အလုပ်ကိစ္စတွေကို အလွယ်တကူ ခေါင်းထဲကနေ ထုတ်ပစ်နိုင်သလား။
ကျွန်မအတွက်တော့ အဲဒါက တော်တော့်ကို
အရေးကြီးပါတယ်။ ရိုက်ကွင်းနဲ့အိမ် ခွဲခြားနိုင်ဖို့ပေါ့။ ရိုက်ကွင်းပေါ်မှာ
ကိုယ်ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ကို အိမ်အထိ ပါမသွားအောင်
ကြိုးစားရပါတယ်။ အင်မတန်ကောင်းတဲ့ စရိုက်နဲ့ သရုပ်ဆောင်ခွင့်ရတော့လည်း ဒီစရိုက်ကို
အိမ်မှာ ကျင့်သုံးနိုင်မှာ မဟုတ်ဘူးလေ။ ရိုက်ကွင်းမှာ ကျွန်မတို့က
သရုပ်ဆောင်နေတယ်ဆိုတာ တကယ်တော့ အတုအယောင် လုပ်ပြနေရတာပါ။ အိမ်ပြန်ရောက်ရင်တော့
ကိုယ်ဟာ ဇာတ်ကောင် တစ်ယောက် မဟုတ်တော့ဘဲ လူထဲက လူလိုသာ နေနိုင်ပါတယ်။
Closer ဇာတ်ကားမှာ
ပါဝင် သရုပ်ဆောင်ရတဲ့ Alice ဆိုတဲ့
ဇာတ်ကောင်နဲ့ပတ်သက်လို့ရော ဘယ်လိုများ ခံစားရပါသလဲ။
အဲလစ်ရဲ့စရိုက်နဲ့ပတ်သက်ပြီး
ကျွန်မသဘောကျတာက သူဟာ သူ့ ဘဝရဲ့ ဇာတ်ဆရာ ဖြစ်ခြင်းပါပဲ။ သူဟာ လေးလေးနက်နက်
တွေးခေါ်တတ်တဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်တယ်။
ခင်ဗျားကိုယ်တိုင်ကလည်း
လေးလေးနက်နက်တွေးခေါ်တတ်တဲ့ မိန်းကလေးဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားမှုလည်း
ရှိပါတယ်။ ခင်ဗျားနာမည်နဲ့ နှုတ်ခမ်းနီထုတ်လုပ်မှု ရှိသလို သီချင်းတစ်ပုဒ်လည်း
ထွက်ခဲ့သေးတယ်မဟုတ်လား။ လူတွေအပေါ်မှာ အဲဒီလို လွှမ်းမိုးနိုင်မှုနဲ့ ပတ်သက်ပြီး
ဘယ်လိုများ ခံစားရပါသလဲ။
ရှင်ပြောသလို လူတွေအပေါ် ကျွန်မ
လွှမ်းမိုးနိုင်မှု ရှိမရှိဆိုတာ ကျွန်မ မသိပါဘူး။ တစ်ခါတုန်းက ကျွန်မမှာ
ချစ်သူတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူက ကျွန်မကိုရည်ညွှန်းပြီး သီချင်းတစ်ပုဒ် စပ်ခဲ့ဖူးတယ်။
အဲဒီတုန်းက ကျွန်မ ကြည်နူးခဲ့ပါတယ်။ ကျွန်မနဲ့ ဘာမှမပတ်သက်တဲ့ လူတစ်ယောက်က အဲဒီလို
သီချင်းစပ်မယ်ဆိုရင် ထူးဆန်းတာပေါ့။ ဒါပေမယ့် အဲဒါက ပုဂ္ဂိုလ်ရေး ခံစားချက်ကြောင့်
ဟုတ်မယ်မထင်ဘူး။ နှုတ်ခမ်းနီအကြောင်း ပြောရရင်တော့ ကျွန်မမိတ်ဆွေများထဲက တစ်ယောက်က
အလှကုန်ပစ္စည်းထုတ်ပါတယ်။ သူက ကျွန်မနာမည်နဲ့ နှုတ်ခမ်းနီထုတ်လိုက်တော့ ကျွန်မ
ကျေနပ်မိတာ အမှန်ပါပဲ။
မင်းသမီးက စိတ်ပညာနဲ့
ဘွဲ့ရထားတဲ့သူပဲ။ ဒီတော့ တတ်ထားတဲ့ စိတ်ပညာကိုအသုံးချပြီး ဒီရုပ်ရှင်လောကထဲက
တစ်ယောက်ယောက်ကိုများ သိမ်းသွင်းဖို့
ဆန္ဒမရှိဘူးလား။
ကျွန်မ စိတ်ပညာနဲ့ ဘွဲ့ရခဲ့တယ်ဆိုတာ
မှန်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကျွန်မက စိတ်ပညာကို အသုံးချပြီး ကုသမှုပေးနိုင်ဖို့အထိ
လေ့လာခဲ့တာ မဟုတ်ပါဘူး။
သရုပ်ဆောင်တဲ့နေရာမှာ ခင်ဗျား
တတ်မြောက်ထားတဲ့ စိတ်ပညာက အထောက်အကူ ပြုပါသလား။
ကျွန်မ တတ်ထားတဲ့ ပညာက
အများကြီးအထောက်အကူပြုတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်မတို့ သင်ကြားတုန်းက
လူတစ်ယောက်ကို လေ့လာတဲ့ နည်းတွေ ပါပါတယ်။ အခု အဲဒီနည်း အတိုင်း ရုပ်ရှင်လောကက
လူတွေကို လေ့လာကြည့်ခွင့်ရတဲ့အတွက် လူတွေအကြောင်း ကျွန်မ အများကြီး သိခွင့်
ရခဲ့ပါတယ်။
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့
ရုပ်ရှင်လောကထဲကို ရောက်ခဲ့ရတာဖြစ်လို့ မင်းသမီးအနေနဲ့ ငယ်ဘဝလွတ် လပ်မှုမျိုးကို
မနှမြောမိဘူးလား။
ကျွန်မက
နောင်တရတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ လက်ရှိရောက်နေတဲ့ အခြေအနေမှာ ကျွန်မပျော်တယ်။
ဒီဘဝရောက်ဖို့အတွက် ကျွန်မ လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေတော့ ရှိတာပေါ့။ ဒါပေမယ့်
သရုပ်ဆောင်တစ်ယောက် ဖြစ်လာတဲ့အတွက် သာမန်လူတစ်ယောက်ထက်တော့ လူ့ဘဝကို
ပိုပြီးလျင်လျင်မြန်မြန် နားလည်နိုင်လာခဲ့တယ်လို့ ထင်ပါတယ်။ တကယ်တော့
ဆုံးရှုံးခဲ့တာတွေထက် ရရှိတဲ့ အကျိုးအမြတ်က ပိုတယ်လို့ ဆိုရပါမယ်။
အခုအသက်အရွယ်မှာ ရင့်ကျက်မှုရပြီလို့
ထင်ပါသလား။
မထင်ပါဘူး။ ကျွန်မ ငယ်ငယ်တုန်းကဆိုရင်
လူကြီးတစ်ယောက်လို သိပ်နေချင်ခဲ့တာပေါ့။ မိသားစုထဲမှာ ကျွန်မက တစ်ဦးတည်းသော
သမီးလေ။ အဲဒီတော့ မိဘများနဲ့ပဲ အမြဲတမ်း နီးနီးကပ်ကပ် နေရပါတယ်။ ဒီတော့လည်း
အလိုလိုနေရင်း ကိုယ့်ကိုယ်ကိုယ် လူကြီးတစ်ယောက်လို ထင်ခဲ့မိတယ်။ တကယ်တော့
မဟုတ်ဘူးရှင့်။ အဲဒါတွေဟာ ဟန်ဆောင်နေခဲ့ရတာပဲ။ ခုမှ နားလည်လာတယ်။ ကျွန်မဟာ
ကျွန်မနဲ့ သက်တူရွယ်တူများလို ရင့်ကျက်မှုမရှိသေးပါဘူး။ ဟန်ဆောင်နေတာပဲ
ရှိပါသေးတယ်။
Star Wars
ရုပ်ရှင်ကားတွေ ဆက်မရိုက်တော့တဲ့အတွက် ဘယ်လိုများ ခံစားရပါသလဲ။
ဒီကားတွေနဲ့ ကျွန်မ အဆက်ပြတ်ခဲ့တာ
ဆယ်နှစ်လောက်တောင်ရှိခဲ့ပါပြီ။ ရုပ်ရှင်ကားတွေသာ တစ်ကားပြီး တစ်ကား
ဆက်ရိုက်နေရတယ်။ ဒီကားတွေကို ကျွန်မ မမေ့နိုင်ဘူး။ ဒီကားထဲမှာ
ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ သူတွေနဲ့လည်း ပြန်ပြီးမဆုံစည်းရတော့တဲ့အတွက်
စိတ်မကောင်းတော့ ဖြစ်မိတယ်။ ဒါပေမယ့်လည်း လူ့ဘဝဆိုတာ နောက်ကြောင်းပြန်လို့
ရတာမှမဟုတ်ဘဲ။ အတတ်နိုင်ဆုံး ရှေ့ဆက်သွားရမယ့် ခရီးကိုသာ အကောင်းဆုံးဖြစ်အောင်
ကြိုးစားကြရမှာပါ။
▀
ဇာနည်ညိမ်း
Ref:
OK, February 1 2005
(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။