ရွှေနှလုံးသား

January 20

ရီဝေယံ

01 December 2024
January 20
Share to

            January သည် ကျွန်တော့်အတွက် အမှတ်တရဖြစ်စေသော နေ့ရက်များကို ပိုင်စိုးထားသလား မသိပါ။ လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က ဒီလိုအချိန် January မှာ ဘာမှန်းမသိသော လူ့လောကကို ဖြတ်သန်းဖို့ အမေ့ဝမ်းကြာတိုက်မှာ ကျွန်တော် စောင့်နေခဲ့ပါလိမ့်မည်။ ပြီးတော့

February အထိကို အရောက်မခံဘဲ January သုံးဆယ့်တစ်မှာ ကျွန်တော် လူလောကကို ရောက်အောင်လာခဲ့ပါသည်။

            ထို့ကြောင့် January သည် ကျွန်တော့်ကို ပိုင်စိုးခဲ့လေသလား။ ဒါမှမဟုတ် ကျွန်တော်က

January ကို ပိုင်စိုးခဲ့လေသား။ January လ ရောက်တိုင်း ကျွန်တော့်အတွက် အမှတ်တရ နေ့ရက်ပေါင်းများစွာ ဖြစ်တည်ကျန်နေခဲ့တာကတော့ အသေအချာပင်။

            အသက်နှစ်ဆယ်ပြည့်တော့ ကျွန်တော့်နှလုံးသားသည် ချစ်တတ်အောင် ရင့်ကျက်လာခဲ့ပြီ။ တက္ကသိုလ်ရောက်မှ ရည်းစားထားမယ်ဆိုသော ကျွန်တော်၏ စိတ်ကူးသည် တော်တော် လှုပ်ရှားနေခဲ့ပြီဟု ကိုယ့်ကိုယ်ကိုယ် သိနေပြီ။ ဒီလိုအချိန်မှာပဲ ချစ်သူကို ကျွန်တော် တွေ့ရှိခဲ့ပါသည်။ သူနှင့်ကျွန်တော်၏ တွေ့ဆုံမှုသည် မတော်တဆ မဟုတ်တာတော့ သေချာပါသည်။ ဒါပေမယ့် ကျွန်တော် သေချာစီစဉ်ခဲ့တာတော့ မဟုတ်ပါ။ ကျွန်တော်တို့ ကျူရှင်ဆရာမ၏ များမြောင်လှသော အတန်းခွဲများတွင် သူနှင့် ကျွန်တော် သူငယ်ချင်းမက ရည်းစားမကျ သိခဲ့ရလေသည်။ သူနှင့်ပတ်သက် သော အရာရာတိုင်းသည် အမှတ်တရ ဖြစ်ရလောက်အောင် တိုက်ဆိုင်မှုတွေ ရှိခဲ့သည်။ ကျွန်တော်က ဒုတိယနှစ်၊ သူက ပထမနှစ် စာသင်နှစ်များ ပြီးဆုံးချိန်မှာ တစ်နေ့ မဟာဗန္ဓုလပန်းခြံလမ်းထဲတွင် အမှတ်မထင် ဆုံခဲ့ကြသည်။ ဟိုဘက်ကား ဒီ ဘက်ကား ဆုံချိန်မှာ ဖုန်းဆက်ဟန် လုပ်ပြခဲ့သော သူ့ကို ကျွန်တော်၏ အသည်းတံခါးသော့အား ပေးခဲ့မိသည် ထင်ပါသည်။ သူ ဖုန်းဆက်သောနေ့က ကျွန်တော် က ခရီးထွက်ဖို့ ပြင်နေချိန် မန္တလေးအထိ ဖုန်းဆက်ဖို့ ချိန်းတော့ အဆင်ပြေရင် ခေါ်မည်တဲ့။ မန္တလေးရောက်တော့ ကျွန်တော်တို့ဖုန်းက သိပ်မကောင်း။ ဒီကြားထဲမှာ မပြောရဲ ပြောရဲနဲ့ စသလို နောက်သလိုနှင့် ချစ်တဲ့အကြောင်း ပြောဖြစ်ခဲ့သည်။ ထိုနေ့က သူ အဖြေပေးခဲ့လေသလား၊ မပေးခဲ့လေသလားတော့ မသိပါ။ ရန်ကုန်ပြန်ရောက်တော့ ဆရာမကို တွေ့ဖို့ သူ့ကို သွားခေါ်ဖြစ်သည်။ ဆရာမ အိမ်ဧည့်ခန်းမှာ ကျုံ့ကျုံ့လေး ထိုင်နေသော သူ့ကို ချစ်တယ်လို့ ပြောခဲ့ဖူးပေမယ့် အဲဒီအချိန်မှာမှ တကယ်ချစ်သွားမှန်း အသေအချာ သိလိုက်ပါသည်။

            ချစ်သူနဲ့ အတူနေရချိန်များသည် သာယာချမ်းမြေ့မှန်း ချစ်ခဲ့ဖူးသူတိုင်း ချစ်မိဖူးသူတိုင်း သိပါလိမ့်မည်။ အရာရာမှာ တူနိုင်လွန်းသော သူနှင့် ကျွန်တော့်ကို တကယ်ဖူးစာရေးနတ်က

ဆုံပေးခဲ့တာပဲလို့ ယုံကြည်ခဲ့လေသည်။ ဗေဒင်ကို မယုံတတ်ပေမယ့် တိုက်ဆိုင်လို့ ကြည့်ဖြစ်တော့ ဗေဒင်ဆရာက ခင်ဗျားထက် အသက်ကြီးတဲ့သူနဲ့ ရမယ်ဆိုတုန်းက အကြောက်အကန် ငြင်းခဲ့သော ကျွန်တော်သည် ချစ်သူက ကျွန်တော့်ထက် အသက် တစ်ရက်ကြီးတယ်ဟု ဆိုသောအခါ မယုံနိုင်စွာဖြင့် မှတ်ပုံတင်ကို တောင်းကြည့်ခဲ့ရသည်။ ငါ့ဖူးစာဖက်ဟာ သူပဲလို့ ရူးသွပ်စွာ ယူဆခဲ့လေသည်။ သြော်... January သည် ကျွန်တော့်အတွက် ချစ်သူကိုပါ ယူဆောင်ပေးခဲ့တာပါလား။

            မှန်ထဲမှာ ကိုယ့်ရုပ်ကို ကြည့်ကာ အရူးအရူးလို့ အခါခါ အော်သင့်သော ကျွန်တော်သည် ရှမ်းပြည်နယ်တောင်ဖျား မြောက်ဖျားက ကျွန်တော်တို့နှစ်ယောက် ဆုံခဲ့ရတာကိုလည်း ဖူးစာ၊ အကြိုက် တူသော အစားအသောက် များတာကိုလည်း ဖူးစာ၊ တစ်လတည်း မွေးတာကိုလည်း ဖူးစာ၊ ရည်းစား မထားခဲ့ဖူးပါဘူး ဆိုတာကိုလည်း ဖူးစာ။ ဖူးစာ၊ ဖူးစာလို့ ရူးလာရသည်မှာ အချိန် တော်တော်ကြာ ပါလိမ့်မည်။ ကော်ဖီမကြိုက်သော ချစ်သူက ကျွန်တော်နှင့် အတူတူ ရှိနေချိန်များမှာ ကော်ဖီလိုက် သောက်မည်ဟု ပြောတော့ ရင်မှာကြည်နူးရသည့် အတိုင်းအတာသည် ချစ်မိခဲ့သူတိုင်း ကျွန်တော် ရူးရတာ နည်းနေသေးသည်ဟု ထင်ပါလိမ့်မည်။ ထိုအချိန်ကတည်းက ကံကြမ္မာနတ်ဆိုးသည် ကျွန်တော့်အား အမြင်ကတ်နေခဲ့သည် ထင်။ သူ အနားရောက်လာသည်အထိ ကျွန်တော်က မသိသေး။ ကျွန်တော် ရပ်တည်နေရသော ဘဝမှာ နေရာတစ်နေရာအတွက် ကျွန်တော် ကြိုး စားနေရချိန်မှာ ချစ်သူက သူ နဲ့ယူပြီးရင် ဘာအလုပ်လုပ်မှာ လဲမေးတော့ မင်သက်သွားခဲ့ရသည်။ အခုလုပ်နေတဲ့ အလုပ်ကို အလုပ်လို့ မသတ်မှတ်ဘူးဆိုတဲ့ သဘော။ ကွဲလွဲလာသော သဘောထားမှသည် မတူညီသော ဘာသာကိုးကွယ်မှုကိုပါ အရောင်ရင့် လာစေခဲ့တော့သည်။ အသေးအဖွဲလေးတွေ တူပြီး အကြီး အမားတွေမှ ဘာလို့လွဲခဲ့ကြတာလဲ။ တကယ်ဆိုရင် ကိုယ်တို့ချစ်ကြတာပဲ ချစ်သူရယ် လို့...။

            ရှည်ကြာသော ချစ်သူ သက်တမ်းသည် နားလည်မှု တည်ဆောက်ဖို့ အကောင်းဆုံးလို့ ယုံကြည်ခဲ့မှုသည် မှားသွားခဲ့ပြီလား။ သဝန်တိုတတ်လာသော ချစ်သူ၊ အိမ်ထောင်ရှင် ဖြစ်ပြီးရင် စိတ်မပူချင်သော ချစ်သူအနားမှာ ကျွန်တော် အနေကျပ်လာခဲ့သည်။ သူကလည်း တိုးတက်မှုကို ရှာဖွေနေသူ။ နိုင်ငံခြားမှာ ဘဝတက်လမ်းကို ရှာချင်သူ။ ထို့ကြောင့် သူနှင့် ကျွန်တော် အဆင်မပြေတိုင်း ဘယ်တော့ နိုင်ငံခြားသွားမှာ လဲလို့မေးခဲ့သည်။ ဒါပေမယ့် ဒီမေးခွန်းသည် ကျွန်တော်၏ စိတ်ကျဉ်းကျပ်မှုကို ဖြေသိမ့်စေရန်သာ မေးခဲ့သော မေးခွန်းဆိုတာ ကျွန်တော့်ဘာသာ အသိဆုံးပါ။ ဒီမေးခွန်းကြောင့် တစ်ချိန်မှာ ချစ်သူက ကျွန်တော့်ကို ထောက်ပြ အပြစ်တင်ပြီး ထားခဲ့မည်ဆိုလျှင် ဘယ်လိုနှလုံးသားမျိုး နှင့် ကျွန်တော်က ပြောနိုင်ခဲ့မှာလဲ။ ချစ်သူက နားမလည်ရင်တောင် လောကကြီးရယ် နားလည်ပေးပါ။ ကျွန်တော်က အချိန်ကလေးတစ်ခုကို သတ်မှတ်ပြီး ကြိုးစားချင် သည်။ ထိုအကြောင်းကို ချစ်သူကို နားလည်အောင် ရှင်းပြနိုင်ခဲ့သည်ဟု ထင်ခဲ့လေသည်။ နောက်ဆုံးမှာတော့ သူလည်းကြိုးစား၊ ကျွန်တော်လည်း ကြိုးစားမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ နေ့တစ်နေ့ကို ကျွန်တော်တို့ သတ်မှတ်ခဲ့ကြလေသည်။ နိုင်ငံခြားကို သွားချင်လှသော သူ့ကို သွားခွင့်ပြုခဲ့ လေသည်။ ကျွန်တော်တို့ သတ်မှတ်ခဲ့သော ထိုနေ့ ရောက်ချိန်တွင် ကျွန်တော်သည် ဟိုးအမြင့်ကြီးကို ရောက်ချင်လည်း ရောက်နေပါလိမ့်မည်။ ဒါမှမဟုတ် ဟိုးအောက်မှာ စုတ်ပြတ်သတ်နေသော လူတစ်ယောက် ဖြစ်ချင်ဖြစ်နေလိမ့်မည်။ ကျွန်တော် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ သူ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ထိုတစ်နေ့တွင် ကျွန်တော်နှင့် သူမတို့သည် ချစ်ခြင်းတစ်ခုကို အရင်းတည်၍ ပေါင်းစည်းကြမည်ဟု ဆုံး ဖြတ်ခဲ့ကြခြင်းမှာ ဘယ်လောက်ကြည်နူးဖို့ ကောင်းလိုက်ပါသလဲ။ တဖြည်းဖြည်းနှင့် နိုင်ငံခြားသွားရမယ့် ရက်များ နီးလာတော့ ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်ကာ တိတ်တဆိတ် ငိုနေခဲ့သော ချစ်သူကို ကျွန်တော့် ဘဝမှာ ဘယ်တော့မှ မေ့နိုင်တော့မယ် မထင်ပါ။ ပူနွေးစိုစွတ်သော ချစ်သူ၏ မျက်ရည်များ ကျွန်တော်၏ ပါးပေါ်၊ ကျွန်တော်၏ ပခုံးသားများပေါ်သို့ စီးဆင်းခဲ့ချိန်မှာ ကျွန်တော့်ရင်ထဲက နှလုံးသား သည် ဝမ်းနည်းကြေကွဲနေခဲ့သည် ဆိုလျှင် ချစ်သူသည် ယုံကြည်နိုင်ပါ့မလား။ ဟန်ဆောင်အပြုံးဖြင့် အားပေး စကားပြောရင်း နှစ်သိမ့်ခဲ့ရသော ကျွန်တော်သည် ကိုယ့်အလှည့် ရှိသေးတယ်ဆိုတာကို မသိခဲ့သူပါလား။

            ဒီလိုနဲ့ နှစ်တစ်နှစ်၏ January လမှာ ချစ်သူသည် နိုင်ငံခြားကို ထွက်ဖို့ အဆင်သင့် ဖြစ်နေခဲ့လေပြီ။ လေယာဉ်ကွင်းမှာ တွေ့ဖို့ချိန်းထားတာမို့ ထိုနေ့က အစောကြီး နိုးနေခဲ့သည်။ ဆောင်းတွင်းကာလ အေးမြမြအချိန်မှာ ရှိုးအပြည့်နဲ့ ချစ်သူဆီ သွားနေသော ကျွန်တော်တို့ ခွဲကြရတော့မှာလေဟု ပြောရင် ဘယ်သူမှ ယုံနိုင်မည် မထင်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း အိပ်မက် မက်နေသလို၊ တကယ်ဖြစ်နေသလို နှင့် ဘာကိုခံစားရမှန်း မသိတာက အမှန်ပင်။ လူတွေကများ၊ လုပ်စရာကိစ္စတွေက များလွန်းလို့ ခဏတာ စကားပြောရတာကို အားမရနိုင်ပေမယ့် ဘာမှမတတ်နိုင်တော့ဘူးလေ။ Departure Lounge ထဲဝင်သွားသော ချစ်သူကို နှုတ်ဆက်ရန် လေဆိပ် အပေါ်ထပ်ကို တက်သွားချိန်မှာ ကျွန်တော့်ရင်ထဲ ဘာမှ ခံစားချက် မရှိတော့သလိုပါပဲ။ လေယာဉ်ဆီသို့ ခရီးသည်များ ပို့ပေးနေသော Bus များထဲ အငမ်းမရ ရှာနေမိသော ကျွန်တော့်ကို နောက်ဘက်မှ သူမ၏ ဆွေမျိုးတစ်ယောက်က လာခေါ်ကာ ချစ်သူက Departure Lounge ထဲမှ ပြန်ထွက်လာကာ ကျွန်တော့်ကို နှုတ်ဆက်ချင်၍ လိုက်ရှာနေသည်တဲ့။ လေဆိပ်အဆောက်အအုံ၏ အတွင်းလှေကား အတက်အဆင်းမှာ ကျွန်တော့်ကို မော့ကြည့်နေသော ချစ်သူ၏ မျက်ဝန်းတွင် မျက်ရည်စတို့ကို မြင်ရချိန် ခဏ ကျွန်တော့်ရင်ထဲက နှလုံးသားလည်း ငိုရှိုက်နေပါ၏။ စကားအဖြစ် ပီပီပြင်ပြင် မပြောလိုက်ရတော့သော ထိုခဏတွင် ကျွန်တော်တို့နှစ်ယောက်၏ မျက်ဝန်းမှတစ်ဆင့် စကားလုံးပေါင်းများစွာ ပြောဖြစ်ခဲ့ပါလိမ့်မည်။ ထို စကားများသည် မည်မျှအထိ လေးနက်ပါသလဲ။ မည်မျှ အထိ တာရှည်ခံပါမည်လဲ။ ဘယ်သူမှ မသိနိုင်ခဲ့ပါ။ ထို့ နောက် Departure Lounge ထဲ တစ်ယောက်တည်း ဝင်သွားသော ချစ်သူ၏ နောက်ကျောကို ကြည့်ကာ အလွမ်းများစွာဖြင့် နှုတ်ဆက်လိုက်ရသည်။ လေဆိပ် ဝရန်တာမှ Bus ကားပေါ်ပါသွားသော ချစ်သူ၊ ပြုံးပြနှုတ်ဆက်နေသော ချစ်သူကို မြင်လိုက်ရသော ထိုမြင်ကွင်းသည် ကျွန်တော်ချစ်ခဲ့ရသော၊ ကျွန်တော့်ကို ချစ်ပါသည်ဟု ထင်ရသော ချစ်သူကို ကျွန်တော်တို့ ချစ်နေကြသည့်ကာလအတွင်း၊ ကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးသော အချိန်အတွင်း နောက်ဆုံး မြင်လိုက်ရသော မြင်ကွင်းတစ်ခု ဖြစ်ပါသည်။ ကျွန်တော့်ဘဝ၏ အမှတ်အရဆုံး မြင်ကွင်းတစ်ခု ဖြစ်ပါ သည်။ မင်္ဂလာဒုံလေဆိပ်၏ ကြေကွဲစရာ အကောင်းဆုံးသော မြင်ကွင်းများထဲမှ မြင်ကွင်းတစ်ခု ဖြစ်ပါသည်။

            ထိုနေ့သည်ကား ကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးသော နေ့ တစ်နေ့ ဖြစ်ပါသည်။ January လ၏ နေ့တစ်နေ့ ဖြစ်ပါတော့သည်။

ရီဝေယံ

(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်