သန်းဆွေသစ်
၁။
'မိုးက၊ အရမ်းပဲ...
လမ်းထဲမှာလည်း ရေပြည့်နေတယ်။ ရုံးမသွားမီ၊ ဈေးဝယ်ပေးခဲ့...'
အိမ်က မိန်းမ၏ တောင်းဆိုသံ၊
ဟင့်အင်း... တောင်းဆိုသံ မဟုတ်ပါဘူး။ အမိန့်သံ၊ အမိန့်ပေးတဲ့အသံ။
'ဟုတ်ကဲ့ ရပါတယ်၊ ရပါတယ်'
'နောက်တောက်တောက်၊
ပြောင်တောင်တောင်နဲ့'ဟု ပြောပြီး မျက်စောင်းထိုးသည်။
'ဟဲ...ဟဲ...'
မရယ်ချင်၊ ရယ်ချင်၊ ရယ်တစ်ဝက်၊
မဲ့တစ်ဝက်ဖြင့် မိန်းမ လှမ်းပေးသော ငါးရာတန် တစ်ရွက်၊ နှစ်ရာတန် တစ်ရွက်၊ ရာတန်
တစ်ရွက်ကို ခပ်သွက်သွက်ဆွဲယူကာ ကြွပ်ကြွပ်အိတ်လေးဆွဲပြီး ပုဆိုးကို တိုတိုဝတ်၊
ထီးကို ဆွဲယူလျက် အိမ်ပေါ်က ပြေးဆင်းလာခဲ့၏။ အင်း... ဖြစ်နိုင်လျှင် နှစ်ရာတန် တစ်ရွက်ကို ကိုက်ထားလိုက်မယ်။ မဖြစ်နိုင်အဆုံး
တစ်ရာတန်လေးကိုတော့...။
စိတ်ကူးဖြင့် ပြုံးမိသွားသည်။
ဈေးသို့ရောက်ပြီး ဈေးဆိုလို့ လမ်းမကြီးပေါ်မှာ ဟိုဘက်တစ်တန်း၊ ဒီဘက်တစ်တန်း
တန်းစီထိုင်ပြီး ငါးမျိုးစုံ၊ ဝက်ကြက်၊ ဟင်းသီးဟင်းရွက် အကုန်ရတဲ့ ညဈေး။
တစ်နေ့လုံးဈေး။ ဘယ်လို ဈေးမှန်းတော့ မသိ။ သူတို့ရှိလို့ နီးနီးနားနား လိုတာရသော
ကျေးဇူးရှင်ဈေး။
ငါးစင်ရိုင်း တစ်ဆယ်သား ၁၈ဝ၊
ငါးပုတ်သင် ၁၃ဝ၊ ငါးတန် ၁၈ဝ၊ ငါးပုဏ္ဏား ၂ဝဝ၊ ကြက်သား ၂ဝဝ၊ ဝက်သား ၂ဝဝ။ ဗုဒ္ဓေါ
ငါးဈေးက ထင်တာနဲ့ တခြားစီ။ 'မတုတ်ချင်၊ ငါး ပုတ်သင်၊ ဝင်ကာဖျက်ပါလို့
အမေမိ ဆုံးလေတဲ့ ပုစွန်စာ' စာရေးသူ ငယ်ရွယ်စဉ် တောရွာမှာ
နေခဲ့စဉ်က လက်တွန်းပစ် ငါးမျှားသည့်အခါ၊ ငါးမျှားချိတ်မှာ တပ်ထားသော ပုစွန်စာ
ကုန်ရသဖြင့် စိတ်ပျက်လက်ပျက်နှင့် ဆိုညည်းခဲ့ဖူးသော ညဉ်းချင်း။ အခုတော့ ငါးပုတ်သင်
တစ်ဆယ်သား ၁၃ဝ ကျပ်နှင့် သုံးဆယ်သား ဝယ်လိုက်ရ၏။ အဲ...အဲ... ငါးရာကျပ်တန်ကို
ထုတ်ပေးလိုက်ရသည်။ ငွေတစ်ရာ့ တစ်ဆယ်ကျပ် ပြန်အမ်းရမည်။ ငါးပုတ်သင်
သုံးဆယ်ကျပ်သားအတွက် ၃၉ဝ ကျသည်လေ။ ခုတော့ တစ်ရာကျပ် ပြန်ပေးသည်။ တစ်ဆယ်ကျပ်
မရှိဘူးတဲ့။
'စိတ်မရှိနဲ့နော်။ အကြွေ
မရှိလို့။ ဒါလေး ယူသွား' ဟုဆိုကာ လက်သန်းခန့်ရှိသော
ငါးစင်ရိုင်းလေးတစ်ကောင်ကို ပစ်ထည့်ပေးလိုက်၏။ 'ရပါတယ်၊
ရပါတယ်' ဟု ပြောပြီး လှည့်ထွက်လာခဲ့သည်။
ငါးဝယ်ပြီးတော့ စားအုန်းဆီရောင်းသော
ဆိုင်ကို ရှာရပြန်၏။ ဟော...တွေ့ပြီ စားအုန်းဆီ တစ်ဆယ်သား ၁၄ဝ ကျပ်တိတိဆိုပါလား။
မတတ်နိုင်။ အစိတ်သားဝယ် ဖြစ်သွားသည်။ ကိုက်ထားဖို့ စိတ်ကူးထားသော နှစ်ရာကျပ်တန်၊
တစ်ရာကျပ်တန်၊ ငါးပုတ်သင်သည်ထံက ပြန်အမ်းငွေ တစ်ရာပေါင်း၊ ငွေလေးရာကျပ်ကို
တုန်တုန်ချည့်ချည့် ကမ်းပေးလိုက်ရ၏။ ဆီသည်က ငွေ ၆၅ ကျပ် ပြန်အမ်းရမယ်ဆိုပေမယ့် အကြွေကမရှိလိုတဲ့
၅ဝ ကျပ်ပဲ ပြန်အပ်သည်။
'အစိတ်...အဲ...အဲ..၁၅
ကျပ်လိုသေးတယ်လေဆိုတော့...' 'အကြွေမရှိဘူးရှင်၊ ဟောဒီ သကြားလုံးနှစ်လုံးယူသွား' ဆိုပြီး
လှမ်းပေး၏။
ဗုဒ္ဓေါ...အိမ်မှာ၊
အိမ်ရှင်မက ချောင်းဆိုးနေသည်။ မကြီးမငယ်နဲ့ ကျွန်တာ်ပဲ သကြားလုံး
ဝါးရတော့မှာပါလား။
'ရပါတယ်၊ ရပါတယ်'ဟုပြောပြီး သကြားလုံးနှစ်လုံးကို လှမ်းယူကာ အင်္ကျီအိတ်ထဲထည့်ပြီး
လှည့်ထွက်ခဲ့ရ၏။ ပိုက်ဆံက ၅ဝ ကျပ်ပဲ ကျန်တော့သည်။ ဟာ... ဒုက္ခ၊ မိန်းမ ပေးလိုက်သော
ရှစ်ရာထဲက ကစ်ထားဖို့နေနေသာသာ အိတ်ထဲမှာပါသမျှ ကုန်တော့မယ့် အခြေအနေဆိုက်နေပြီ။
မီးသွေးဝယ်ရဦးမယ်။ မီးသွေး တစ်ပိဿာ ၁၈ဝ ကျပ်။ ဗုဒ္ဓေါ...ကုန်ပါပြီ၊ ကုန်ပါပြီ။
ကုတ်ကပ်ထားသော ငွေတစ်ရာတန်လေး ထွက်ရပါတော့မည်။
မီးသွေး
ငါးဆယ်ကျပ်သားထုပ်တစ်ထုပ်ကို လှမ်းယူပြီး နှမြောလွန်းစွာ အိတ်ကပ်ထဲက
တစ်ရာကျပ်တန်လေးကို ထုတ်ပေးလိုက်သည်။
'ဦးလေး... အကြွေ
မရှိဘူး။ ဟောဒီ ထင်းချောင်းလေးတွေကို ယူသွားနော်'ဆိုပြီး
လက်လေးဆစ် လောက်ရှည်ပြီး လက်သန်းဝက်ခန့် အလုံးအထည်ရှိ၍ ၁ဝ ချောင်းခန့်ပါသော
ထင်းစည်းလေးကို လှမ်းပေးသည်။ ဘာတတ်နိုင်မှာလဲ။ ဒါလည်း မီးမွှေးတော့
သုံးလို့ရတာပေါ့။
'ရပါတယ်၊ ရပါ တယ်'ဟု အားနာပါးနာနှင့် ပြောပြီး ငါးဆယ်ကျပ်သားရှိ မီးသွေးထုပ်လေးနှင့်
ထင်းချောင်းစည်းလေးကို ဆွဲလို့ ကျောခိုင်းထွက်ခဲ့တယ်။
ဘုရား...ဘုရား...
မိန်းမ ပေးလိုက်သော ငွေရှစ်ရာနှင့် မလောက်သဖြင့် ကုတ်ကုတ်ကပ်ကပ် သိမ်းထားသော
ငွေတစ်ရာပါ အဆစ်ပါသွားခဲ့လေပြီ။ ကျန်သော ငွေ ၅ဝ ကျပ်ကို တို့စရာနှင့်
ငရုတ်သီးစိမ်း ဝယ်ရဦးမည်။ ဘယ်ဟာကို ဦးစားပေးရမှာလဲ။ ကွန်ပျူတာ ဦးနှောက်ကို
ညှစ်ထုတ်လိုက် သည်။ ဦးစားပေးရမှာက တို့စရာ။ ဟင်းသီးဟင်းရွက် ရောင်းသော
ကောင်မလေးရှေ့မှာ ဝင်ထိုင်သည်။ သခွားသီးတွေက လတ်တော့ လတ်သည်။
'ညီမ...သခွားသီး
တစ်လုံး ဘယ်လောက်လဲ'
ကောင်မလေးက
လှည့်မကြည့်။ သူမ၏ ဘေးနားက ကြက်သွန်တို့၊ အာလူးတို့ ရောင်းနေသော ကောင်မလေးနှင့်
လေဖောနေသည်။
'ညီမ သခွားသီးတစ်လုံး
ဘယ်လောက်လဲ'ဟု ထပ်၍မေးသည်။ ကောင်မလေးက လှည့်၍မကြည့်ဘဲ ၂ဝ
ကျပ်ဟု ပြောနေသည်။
တွံတေးသီးလေး ထင်ပါရဲ့။
ငယ်ပေမယ့် လတ်သည်။ နှစ်လုံးယူ၏။ နောက်ဆုံးကျန်နေသော ၅ဝ ကျပ်တန်ကို အိတ်ထဲက
ချွတ်ခနဲ ဆွဲထုတ်၍ ပေးသည်။ ကောင်မလေးက လှည့်မကြည့် လေကြောရှည်နေသည်။
'ဟိုမှာ
ပိုက်ဆံပေးနေတယ်'ဟု ကြက်သွန်ရောင်းသော မိန်းကလေးက
လှမ်းပြောတော့ ပိုက်ဆံကို ဆတ်ခနဲ ဆွဲယူပြီး သူ့ဘေးနားက ပိုက်ဆံထည့်သော
ပလတ်စတစ်ခွက် အဝါလေးထဲ ပစ်ထည့်လိုက်ကာ၊ လေဆက်ဖောနေသေည်။ ကျွန်တော်ကရပ်၍ စောင့်နေ၏။
အတော်လေး ကြာသွားသည်။
'ဟိုမှာ တစ်ဆယ်
အမ်းရဦးမှာလေ'ဟု ကြက်သွန်မက သတိပေး၏။ ကောင်မလေးက မျက်နှာ
စူစူပုပ်ပုပ် နှင့် စောင့်ကြည့်သည်။ ပြီးတော့ 'အကြွေ
မရှိဘူး၊ ငရုတ်သီးစိမ်း သုံးလေးတောင့် ယူသွား'ဟုဆိုကာ
ဘုရားစူး သေးသေးလေးမှ သေးသေးလေး။ လေးလုံးတိတိ လှမ်းပေးသည်။
အဟိ...အကုန်ရပြီ။
ငရုတ်သီးစိမ်းဝယ်ဖို့။ ပိုက်ဆံလည်း မရှိတော့ပေမယ့် အကုန်ရပြီ။ ပြန်ဦးမှ။ ပြန်ဦးမှ။
□
၂။
ပိတောက်ကွေ့ ၃၂ Air
Con မှတ်တိုင်မှာ လူအုပ်ကြီးက မနည်းမနော ပြည့်ကျပ်နေသည်။ လူတွေက
ဘတ်စ်ကားကို တမျှော်မျှော်နှင့် လည်ပင်း ညောင်ရေအိုးတွေ ဖြစ်နေကြပေမယ့် စကားပြော
ရယ်မောနေကြသူဟူ၍ မရှိသလောက်ပင် သူ့သောကနဲ့ သူ၊ သူ့အတွေးနဲ့သူ စိတ်စောနေကြသည်
ထင်ပါရဲ့။
'ဟော...ကားလာပြီ'
ဟု လူတစ်ယောက်၏ အသံကို ကြားသည်။ ၁၁ လမ်း B block နှင့် C block ကြားမှတ်တိုင်မှ ကားထွက်စရှိသေးသည်။
ပိတောက်ကွေ့ မှတ်တိုင်မှာ စောင့်နေသော လူအုပ်ကြီးက ပုဆိုးတိုတို ပြန်ဝတ်သူဝတ်၊ လွယ်အိတ်တွေ
စလွယ်သိုင်းသူကသိုင်းနှင့် ဟန်ရေးပြနေကြ၏။
'ဟင်း... ဒီလူအုပ်ကြီး
တိုးလို့မှ ပေါက်ပါ့မလား' ဟု အတွေးရောက်လာစဉ် 'ရန်ကုန်...ဆူးလေ၊ ဆူးလေနှစ်ယောက်လိုသေးတယ်'ဟူ သော
၂၅ဝ ကျပ်ကားက လူခေါ်သံ နားထဲသို့ ပြေးဝင်လာသည်။ ယောင်ယမ်းပြီး အင်္ကျီအိတ်ကိုဖိ၍ စမ်းကြည့်
ဖြစ်သွား၏။ မိန်းမက မသထာရေစာ ပေးလိုက်သော ငွေလေး ၁၅ဝ ကျပ်ကို သတိရသွားပြန်သည်။
ခေါင်းကို လူမမြင်အောင် ဖြည်းဖြည်း လှုပ်ခါပြီး ပုဆိုးကို တိုတို တင်းတင်း
ပြန်ဝတ်သည်။ ကားမရပ်မီကပင် လူအုပ်ထဲ အတင်းဝင်တိုး၏။ ကံအားလျော်စွာ လူအုပ်ကြားမှာ
ညပ်ကာ ဈာန်သမာပတ်ရသူလို မြေကြီးကို ခြေမထိဘဲ ကားပေါ်ရောက်သွားသည်။ လူတစ်ဝက်ခန့်
တက်လို့မရသဖြင့် ကားမှတ်တိုင်မှာ ကျန်နေခဲ့၏။ တစ်ကိုယ်လုံး ချွေးတွေနှင့်
ရွှဲနစ်နေသည်။ တော်ပါသေးရဲ့။
'နောက်ဘက်သွား...
သွား...သွား။ မသွားချင် ဆင်းကျန်နေခဲ့'
စပယ်ယာက ကျောကို
အတင်းတွန်းသဖြင့် နောက်ဘက် အလယ်ဗဟိုနေရာသို့ ရောက်သွားသည်။ အသက်ရှူကြပ်လာ၏။
ကိုင်စရာက မိမိရရ မရှိသဖြင့် လူမှာ လူးလိမ့်နေသည်။
ဆယ့်တစ်ယောက်၊
ဆယ့်ငါးယောက်၊ နှစ်ဆယ့် တစ်ယောက်၊ သုံးဆယ် စပယ်ယာ၏ ကားခရသူ စာရင်းအော်သံကို
ကြားနေရသည်။ ၅ဝ ကျပ်တန်ကို အင်္ကျီအိတ်ထဲက ခက်ခက်ခဲခဲ ဆွဲထုတ်ပြီး လှမ်းပေးလိုက်သည်။
၂ဝ ကျပ် ပြန်အမ်းသည်။ 'အကြွေတစ်ဆယ် မရှိသေးဘူး'ဟု စပယ်ယာက ခပ်ပြတ်ပြတ်ပြောသည်။
'ရပါတယ်၊ ရပါတယ်'ဟု အားနာပါးနာနှင့် ပြန်ပြောဖြစ်သွားသည်။ ဂုဏ်တော်ကိုးပါး၊
သရဏဂုဏ်သုံးပါး၊ ဓာရဏပရိတ်တော်တို့ကို ရင်ထဲက အဆက်မပြတ် ရွတ်ဆိုရင်း လိုက်ပါလာ၏။
ကားသည် လမ်း ၄ဝ (ပန်းဆိုးတန်း)မှတ်တိုင်မှာ ထိုးရပ်သည်။ 'နည်းနည်း
ခင်ဗျား၊ ဆင်းပါရစေ ခင်ဗျား'ဟုအော်ရင်း အတင်းတိုးခွေ့ပြီး
ဆင်းလာခဲ့၏။ ငွေတစ်ဆယ်ကျပ်ကို သတိမရတော့။ တစ်ဆယ်ဆိုတာ နည်းနည်းနောနော မဟုတ်။ ခြင်္သေ့သုံးကောင်
ရွှေပတ်တစ်လိပ်ရသည်။ မတတ်နိုင် သုတ်သုတ်၊ သုတ်သုတ်နှင့် လျှောက်လာခဲ့၏။
ရန်ကုန်မြို့တွင်
ကားလိုင်းပေါင်း ၂ဝဝ ကျော်၊ ၃ဝဝ ကျော်ခန့် ရှိသည်။ ကားလိုင်း ဘယ်လောက်တိုးတိုး
ကားတိုင်းမှာ ခရီးသည်တွေနှင့် ပြည့်ကျပ်နေသည်။ ရန်ကုန်မြို့မှာ ဘာလို့ လူတွေ တိုးပွားနေရတာလဲ။
သွားရင်းသွားရင်း အတွေးတို့က ခေါင်းထဲမှာ ယောက်ယက်ခတ်နေကြသည်။ ကိုယ့်ဦးနှောက်
စမောလေးနှင့် ဒီလောက်ကြီးကျယ်သော၊ ဉာဏ်မမီနိုင်သော
အတွေးမျိုးကို ဘာလို့ တွေးနေမိပါလိမ့်ဟု စဉ်းစားရင်း အတွေးကို ဖြတ်သည်။ ခေါင်းကို
လှုပ်ခါမိသည်။ လမ်းကို သွက်သွက်လျှောက်၏။ ပိုက်ဆံ တစ်ဆယ်ကို သတိရ၏။
ခရီးသည်တစ်ရာဆိုလျှင် တစ်ယောက် တစ်ဆယ်နှုန်းဖြင့် ကားတစ်ခေါက်၊ ငွေတစ်ထောင်။
စပယ်ယာတွေ ထွားကြောပါလားဟု တွေးဖြစ်ပြန်သည်။ 'မတွေးပါဘူး၊ မတွေးပါဘူး'ဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမနေသည့်ကြားက ကပေါက်ချိကပေါက်ချာ အတွေးမျိုးစုံက
ဦးနှောက်ထဲမှာ လမ်းသလားနေသည်။
အသွား တစ်ဆယ်၊ အပြန်
တစ်ဆယ်၊ တစ်နေ့ နှစ်ဆယ်၊ တစ်လ ခြောက်ရာ၊ အမလေး...မဖြစ်ဘူး... မဖြစ်ဘူး။ အကြွေသော်လည်း
လဲယူသွားမှ၊ တစ်ဆယ်ကိုသော်လည်း ရအောင် တောင်းမှ၊ ရအောင်တောင်းမှ။ တွေးရင်း၊
တွေးရင်း ရုံးသို့ ရောက်လာသည်။
□
၃။
'ကိုလေး...'
ခေါ်သံကြားသည်။
ခေါင်းထောင်၍ ကြည့်ဖြစ်၏။
'တစ်ခုခု
သွားစားမယ်ဗျာ။ ငါ့ဝမ်းပူဆာ မနေသာဘူးလေ'ဟု ကိုအောင်ကပြောသည်။
'သွားစားလေ၊ ကျွန်တော်
မလိုက်တော့ဘူး'ဟု အားနာပါးနာ ပြောဖြစ်သွားသည်။ ကိုယ့်ဝမ်းနာ
ကိုယ်ပဲသိသည်။ အိတ်ထဲမှာ ပိုက်ဆံတစ်ရာပဲ ရှိသည်။ ခရီးစရိတ် လေးဆယ် ချန်ထားရဦးမယ်
ဆိုတော့...။
'လာပါဗျာ။ ကျွန်တော်
ကျွေးပါ့မယ်'ဟု ပြောရင်း အတင်းဆွဲခေါ်သည်။ ထိုင်နေရာက ထ၍
လိုက်သွား၏။
'လက်ဖက်ရည် နှစ်ခွက်'
'ရှယ်လား'ဟု စားပွဲထိုး ကောင်လေးက မေးသည်။
'မင်းကွာ...တို့က ဘယ်တုန်းက
ရှယ်ဖူးလို့လဲ' ဟု ကိုအောင်က ဒေါနှင့်မော နှင့်ပြောသည်။
လက်ဖက်ရည် တစ်ယောက်တစ်ခွက်၊ စမူဆာ တစ်ယောက်တစ်ခု ဆိုတော့ နှစ်ရာ့တစ်ဆယ်ကျသည်။ ကိုအောင်က
နှစ်ရာ့ငါးဆယ်ပေးသည်။ ကောင်တာမှာ ထိုင်နေသော ကုလားမလေးက ငွေနှစ်ဆယ်နှင့်
သကြားလုံးနှစ်လုံး ပြန်ပေးသည်။
'ဟာ...ငါ သကြားလုံး မဝယ်ဘူးကွ'ဟု ကိုအောင်က ပြောပြီး သကြားလုံးကို ပြန်ပေးသည်။
'ကလေးမဟုတ် သူငယ်မဟုတ်
သကြားလုံး ဘာလုပ်ရမှာလဲ'
'စားလို့ရတယ် အစ်ကို
စားလို့ရတယ်'
'စားလို့ရရင်လည်း ပေးကွာ'
သကြားလုံးနှစ်လုံးကို
ဆွဲယူပြီးဆိုင်ထဲက ထွက်လာခဲ့ကြသည်။
'ဈေးသည် ဆိုင်သည် တွေဟာ အကြွေတွေကို
ဝှက်ထားကြတယ်ဗျာ။ အကြွေ မရှိဘူးဆိုပြီး သကြားလုံး ပေးရတာနဲ့ ထင်းချောင်းလေး ပေးရတာနဲ့
ဟိုဟာလေး ဒီဟာလေး မတန်မရာ ပေးရတာနဲ့ ဘာပဲပေးပေး သူတို့ ရောင်းရတာပဲ တစ်ဆယ်ဖိုး
ရောင်းရ ရောင်းရ နှစ်ဆယ်ဖိုး ရောင်းရ ရောင်းရ၊ ရောင်းရပြီးရောဆိုပြီး
လုပ်နေကြတာဗျာ'
ကိုအောင်က သူ့ အတွေ့အကြုံ၊
သူ့ခံစားချက်များကို ပြောနေသည်။ 'ဟုတ်တယ် ကိုအောင်၊ စပယ်ယာတွေကလည်း အကြွေမရှိဘူးဆိုပြီး
အလာ တစ်ဆယ်၊ အပြန် တစ်ဆယ် ကစ်နေကြတယ်။ နှစ်ဆယ်လေးပဲဆိုပေမယ့် တစ်လကို
ရက်နှစ်ဆယ်နဲ့ပဲ တွက်ဗျာ။ အနည်းဆုံး လေးရာဗျာ... လေးရာ'
အတွေးလွန်နေ၍ ရုံးနားရောက်တော့မှ
သတိရသည်။
'ကိုအောင် ရုံးထဲသွားနှင့်။
ကျွန်တော် မြို့တော်မဂ္ဂဇင်းမှာ စာမူခနဲ့စာအုပ် သွားယူလိုက်ဦးမယ်'ဟု ပြောပြီး လှည့်ထွက်လာခဲ့၏။
'ဒါဆိုရင် မနက်ဖြန်
လက်ဖက်ရည်သောက်ရမှာပေါ့နော်'ဟု ကိုအောင်က လှမ်း၍နောက်သည်။
'မနက်ဖြန် မဟုတ်ဘူး။
ရုံးဆင်း...ရုံးဆင်း၊ ရုံးဆင်းရင် သောက်ကြမယ်ဗျာ' ပြောပြီး
သုတ်ခြေတင်လာခဲ့သည်။
□
၄။
'တစ်ဆယ်တန်ပေးပါဗျာ'ဆိုတော့ ဆရာကြီး အယ်ဒီတာချုပ်ကြီး ကြောင်ကြည့်နေသည်။ 'ဘာလဲဗျာ တစ်ဆယ်တန်' သူက မရှင်းမလင်း
မျက်နှာနှင့်ကြည့်၍ မေးသည်။ 'ဟုတ်တယ်ဗျာ၊
ဘတ်စ်ကားစီးတော့လည်း တစ်ဆယ်ပြန်မရ။ လက်ဖက်ရည်သောက်တော့လည်း အကြွေမရှိလို့ဆိုပြီး
သကြားလုံး ပြန်အမ်း။ ဈေးဝယ်တော့ အကြွေမရှိလို့ဆိုပြီး ငရုတ်သီး
စိမ်းနှစ်တောင့်ပေး။ မီးသွေး ဝယ်တော့လည်း အကြွေမရှိလို့ဆိုပြီး
မီးမွှေးဖို့ ထင်းစည်းလေးပေးနဲ့ အကြွေက ဒုက္ခ ရောက်နေရတယ်ဗျာ။ ဈေးသည်၊ ဆိုင်သည်၊
ကားစပယ်ယာတွေက အကြွေတွေကို ဝှက်ထားပြီး 'အကြွေမရှိ'ဆိုတဲ့စကားကို တွင်တွင်သုံးလို့ စီးပွားရှာနေကြတယ် ဆရာရဲ့။ ဒါကြောင့် အကြွေတောင်းတာဗျာဟု
ရှင်းပြလိုက်မှ အယ်ဒီတာချုပ်ကြီး သဘောပေါက်သွားပါတယ်။ 'အို...ဟို... ရော့
နှစ်ထောင်ယူသွား၊ ဘဏ်မှာသွားလဲ'ဟု ပြောပြီး စာမူခ
နှစ်ထောင်နှင့် စာအုပ်တစ်အုပ် ပေးပါသည်။ စာမူခရသည်နှင့် ချက်ချင်း
အယ်ဒီတာချုပ်နှင့် အယ်ဒီတာတွေကို နှုတ်ဆက်ပြီး ရုံးသို့ သုတ်သုတ်ပြေးလာခဲ့သည်။
ရုံးဆင်းတော့ လက်ဖက်ရည်ဆိုင်
ထိုင်ဖြစ်ကြ၏။ စာမူခလေးရလာတယ် ဆိုတော့ အားပေးမည့် ပုဂ္ဂိုလ်က သုံးလေးယောက်နဲ့
ပြုံးပြုံးပျော်ပျော်လေး မသောက်ရတာ ကြာပြီဖြစ်တဲ့ ရှယ်လေး တွယ်လိုက်ကြသည်။
ထိုအပြုံးအပျော်လေးများသည် ၅၆ ဘတ်စ်ကားပေါ်မှာ
အရည်ပျော်သွား၏။ ကြည့်စမ်းပါဦး။ ၅၆ကို ဘားလမ်း(ပန်းခြံလမ်း)ထိပ်က
ကျုံးကြီးလမ်းသို့ ပတ်စီးသည်။ ကံကောင်း၍ နေရာလေးရလိုက်၏။ စပယ်ယာကို ၅ဝ
ကျပ်တန်တစ်ရွက် ပေးလိုက်သည်။ ကျုံးကြီးလမ်းက ကားထွက်တော့ စပယ်ယာက ၁ဝ ကျပ် ပြန်အမ်းနိုး
ပြန်အမ်းနိုးနှင့် စောင့်သည်။ တောင်းရမှာလည်း ခပ်ရှက်ရှက်။ မတတ်နိုင် တစ်နေ့
လေးဆယ်၊ တစ်လ ရှစ်ရာလေ။ တောင်းမယ်။ အကြွေရှိရှိ၊ မရှိရှိ ဘယ်သူ ဘယ်လိုထင်ထင်၊
မထင်ထင် တောင်းကို တောင်းရမည်။ အားတင်းပြီး ရွှေစပယ်ယာကို ကြည့်သည်။ စပယ်ယာကို
အောက်မှာ မြင်သည်။ အတင်းတိုးခွေ့ပြီး အောက်သို့ ဆင်းလာခဲ့၏။ 'ဟေ့ကောင် တစ်ဆယ် ပြန်အမ်း'
'ဘာ...' စပယ်ယာက ကြောင်တောင်တောင်နှင့် ပြန်မေးသည်။ ငါ ၅ဝ ကျပ်တန် ပေးထားတယ်ကွ။
ဘားလမ်းက ကျုံးကြီး ၂ဝ၊ ကျုံးကြီးက ယုဇန ၂ဝ လေကွာ။ ၁ဝ ကျပ် ပြန်အမ်း'
ကျွန်တော်က ရှင်းပြလိုက်တော့ အောက်က
စပယ်ယာက အပေါ်က စပယ်ယာကို လှမ်းအော်သည်။
'ဟေ့ကောင် အကြွေ ၁ဝ
အမ်းရဦးမှာတဲ့'
အပေါ်က စပယ်ယာက လှမ်း၍ အော်ပြောသည်။
'ဟေ့ကောင် အကြွေ
ဈေးသွားနေတယ်။ မောင်း ဆရာရေ'တဲ့။
▀
သန်းဆွေသစ်
(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်