ရွှေဝတ္ထု

ဒီလိုပဲ ကြည့်နေလို့တော့ ပြီးမှာလား မောင်ရေ

စိန်ဥမယ်

01 December 2024
ဒီလိုပဲ ကြည့်နေလို့တော့ ပြီးမှာလား မောင်ရေ
Share to

'ခက်တာပဲရှင်'

ကျွန်မ စိတ်ပျက်စွာ ညည်းမိသည်။ ကြားရသမျှ တစ်ခုမှမကောင်း။ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ။ စဉ်းစားမရ။ ဝန်းကျင်ကြောင့်ဟု ပြောရအောင်လည်း သူ ကလေးမဟုတ်။ သူတစ်ပါး ဆွယ်၍ ပါတတ်သူမဟုတ်။  သည့်နှယ် ခပ်လျော့လျော့ လူစားမျိုးလည်း မဟုတ်။ ခု ဘယ်လိုဖြစ်တာလဲ။ ပြောရရင်လည်း မိကျောင်းမင်း ရေခင်းပြသလို ဖြစ်နေမည်။ သူက ကိုယ့်ထက် အသက်များစွာ ကြီးသည်။ ကိုယ့်ထက် အသိတရား ရင့်ကျက်သည်။ ဘုရားတရား ကိုင်းရှိုင်းသည်။ ဆင်ခြင်တုံတရားဖြင့် အမြဲနေခဲ့သည်။ ကိုယ်က သူတို့ အဆုံးအမအောက်မှာ နေခဲ့ရသည်။ မကောင်းတာနဲ့ ကောင်းတာကို သူ ခွဲခြားနားလည်ပါသည်။

'အများလုပ်နေကြတာမို့လား'

မမကြော့က လေပြည်လေးနဲ့ ပြောသည်။

ဒါကို ကျွန်မ လက်မခံ။ အများလုပ်တိုင်း ကိုယ်လိုက် လုပ်စရာမလို။ ကိုယ့်ကိုယ်ပိုင်အသိဉာဏ်နှင့် ကိုယ် ဆုံးဖြတ်နိုင်ရမည်။ သင့်၏၊ မသင့်၏။တော်၏၊ မတော်၏။ မမကြော့က သူ့အခြေအနေကို ရှင်းပြသည်။

'ခုတော့ ဈေးဆိုင်လေးလည်း ပြုတ်ပြီလေ။ အရင်းမရှိတော့ ဘယ်လိုလုပ်မလဲ။ စားစရာကလည်း မရှိ။ ဆန်တောင် ကျွန်မဆီက ယူထားတာ တစ်ခွဲကျော်ပြီ' ဒီလောက်တောင် ဖြစ်သွားရသလား။

ကျွန်မ သူ့ကို ကြည့်သည်။ သူက အိမ်ရှေ့ကို ငေးနေသည်။ မုဆိုးမ ဆိုပေမယ့် ရွှေနဲ့ငွေနဲ့ အိုးနဲ့အိမ်နဲ့ နေခဲ့သူ။ အိမ်ကလေးကို ဝေ့ဝိုက်ကြည့်သည်။ သူ့အိမ်ကလေးက နှစ်ထပ်ပျဉ်ထောင်။ သင့်အတင့်တော့ ကောင်းပါသေးသည်။ အပေါ်ထပ်မှာ မိန်းကလေးလေးယောက် ငှားထားသည်တဲ့။ အောက်ထပ်မှာက သူ တစ်ယောက်တည်း။ သားသမီးက မရှိဆိုတော့။ တကယ်ဆို ဘာပူစရာရှိလဲ။ ဘုရားတရားနဲ့ အေးအေးဆေးဆေးနေရုံပေါ့။ အသက်ကလည်း ငယ်တော့တာမှ မဟုတ်တာ။ 'ဆန်တောင် ချေးစားရသည်'တဲ့။

မေမေကြီးသာရှိလျှင် ဘယ်လိုနေမလဲ။ မေမေကြီးက အလွန်စည်းကမ်းကြီးသည်။ ကျွန်မတို့ ရန်ကုန်ရောက်စက သူတို့အိမ်မှာ ငှားနေရသည်။ သူနဲ့က ညီအစ်မလို သွားအတူ လာအတူ စားအတူ။ မေမေကြီးက သမီးတစ်ယောက်တည်း ဆိုပေမယ့် သူ့ကို အလိုမလိုက်။ စည်းကမ်းတကျ နေစေသည်။ ကျွန်မတို့ကိုလည်း သူ့သမီးနှင့်အတူ သွန်သင်ဆုံးမသည်။ တရပ်တကျေးက လာနေရ သူတွေဆိုတော့ သူ့အမေကို ကိုယ့်အမေလိုပဲ ချစ်သည်။ မေမေကြီးကလည်း ကျွန်မတို့ကို ချစ်ပါသည်။ မေမေကြီး ပြောခဲ့သည့် စကားတစ်ခွန်းက ခုထိ ရင်ထဲစွဲနေသည်။

            'လူတစ်မတ်ဟန်ပန်း တစ်ကျပ်ဟန် မပန်ချင်နဲ့အေ' တဲ့။

            မိန်းကလေးတွေအတွက် သိပ်အရေးကြီးသည့် စကား။ ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေနှင့် လိုက်လျောညီထွေ မနေတတ်လျှင် ဘဝ ပျက်မည်။ ဒါမျိုးတွေကိုလည်း မြင်ဖူးတာများပြီ။ မေမေကြီး၏ စည်းစနစ်ကြီးပုံကို ပြန်ပြောပြရင်း ရယ်ကြလေမည်လား မသိ။ မှတ်မိသေးသည်။ ဈေးက အပြန် ဆန်ခါခုံးကလေး ဝယ်လာတာ မြင်သဖြင့် မေးကြည့်မိသည်။

            'ဆန်ခါကလည်း သေးသေးလေး၊ ဘာလုပ်ဖို့လဲ မေမေကြီး'

            'ခုခေတ် ဒန်အိုးတွေက အဖုံးနဲ့အိုး အံမကိုက်ဘူးအေ။ ထမင်းငှဲ့ရင် ထမင်းလုံးတွေ ထွက်ကျနေလို့ ထမင်းရည်အိုးပေါ်မှာ ခံငှဲ့ဖို့ ဝယ်လာတာ။ တောမှာလို ဝက်တွေ၊ ကြက်တွေ မွေးထား ရင်တော့ ဟုတ်တာပေါ့။ ဒီမှာက ကျဉ်းကျဉ်းကျုတ်ကျုတ်နဲ့ ဘာမှမွေးလို့ မရတော့ ထမင်းစေ့တွေ အလကား ဖြစ်ကုန်တာပေါ့။ ဒါကြောင့် ဆန်ခါနဲ့စစ်ခံပြီး အိုးထဲပြန် ထည့်နှပ်တော့ အလကား မဖြစ်တော့ဘူးပေါ့'

            မေမေကြီးကို အံ့သြ လေးစားစွာ ကြည့်မိသည်။ မသိရင် ကပ်စေးနဲလှချေလားဟု အလွယ်တကူ တွေးယူကြလိမ့်မည် ထင်သည်။

            ကျွန်မကတော့ သည်သို့ မမြင်။

            မေမေကြီးလည်း တောကြိုချုံကြားက လူတစ်ယောက်။ သည်လို မြို့ကြီးမှာ သည်လိုနေနိုင်တာ သည် စနစ်တွေကြောင့်ပါလားဟု တွေးသည်။ ကျွန်မအတွက်တော့ နမူနာယူစရာအဖြစ် ရင်ထဲအသည်းထဲမှာ စွဲမြဲစွာ မှတ်သားထားလိုက်ပါသည်။ ဒါတွေကို သူလည်းသိပါသည်။ နားလည်ပါသည်။ မေမေကြီး ဆုံးတော့ ယူကြုံးမရဖြစ်ရသည်။ ကိုယ့်ကို ဆုံးမမယ့်သူ တစ်ဦး လျော့သွားပါလားဟု ဝမ်းနည်းမဆုံး ဖြစ်ရသည်။ သူ့အိမ်ထောင်ဘက်ကလည်း တော်ပါသည်။ အသောက်အစား၊ အသုံးအဖြုန်း လုံးဝမရှိ။ ကျွန်မတို့နှယ် ဝန်ထမ်း။ စေ့စေ့လေး နေတတ်သည်။ ယောကျ်ားဆုံးတော့မှ သူလွတ်သွားသည်။ မြို့ထဲက အိမ်ကို ရောင်းပြီး မြို့စွန်မှာ အိမ်တစ်လုံး ဝယ်သည်။ သူ့စိတ်နဲ့ သူ့ကိုယ် လုပ်ချင်တာ လုပ်နေသည်။

            အိမ်ရောင်းမည် လုပ်တော့ ကျွန်မတို့ အတန်တန် တားကြသည်။

            'မိဘလက်ငုတ်လက်ရင်းကို မဖျက်ပါနဲ့ မမဝင်း။ ဒီလိုနေရာမျိုးမှာ အိမ်တစ်လုံး ပြန်ဖြစ်ဖို့ဆိုတာ မလွယ်တော့ဘူးနော်။ မမဝင်း စဉ်းစားပါဦး'

            ပြောမရ။

            မြို့စွန်ပြောင်းသွားတော့ ကျွန်မတို့နဲ့ အနေဝေး သွားသည်။ ကိုယ်က ရုံးတစ်ဖက်နဲ့ သူ့ဆီ မရောက်ဖြစ်။ တစ်ခါတစ်ခါ သူလာမှပဲ တွေ့ရသည်။ သူ ဘာတွေ လုပ်နေသည်။ ဘယ်သူတွေနှင့် ပေါင်းနေသည်။ ကျွန်မတို့  မသိတော့။ ဟိုတလောက အိမ်လာသွားသည်။ ကျွန်မ ရုံးသွားနေ၍ သူနှင့် မတွေ့လိုက်။

            သူ အိမ်ရောင်းချင်သည်။ ခုလောလောဆယ် အိမ်က ရောင်းမထွက်။ ဝယ်မည့်သူ မရှိ။ သူ့မှာ ခုအရေးတကြီး ငွေလိုနေသည်။ အိမ်ကို ပေါင်ဖို့ ဒါမှမဟုတ် ငွေရှာပေးဖို့ မမကြီးကို ငိုယို ပြောသွားသည်တဲ့။

            ခက်တော့ခက်သား။

            သို့သော် အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာဆိုတာ မှန်သည်။ ခင်မင်ရင်းစွဲ သံယောဇဉ် လက်ကျန်ကလေးက ရှိသေးသည်။

            'ဘယ်လိုဖြစ်တာလဲ၊ မတတ်သာရင်လည်း ကိုယ့်ရှိတဲ့ ရွှေလေးတွေ ပေါင်နှံပြီး ပေးသင့်ပေးရတော့မှာပေါ့။ ဒါပေမယ့် ရမ်းပေးလို့တော့ မဖြစ်ဘူး။ ကိုယ့်မှာကလည်း ဒါလေးပဲရှိတာ။ အခြေအနေကို သွားစုံစမ်းကြည့်ပါဦး ခိုင်'ဟု မမကြီးက ခိုင်းသည်။

            သည်ရောက်တော့ သူ့အကြောင်း ကြားရတာ စိတ်ပျက်စရာ။ သူက တကယ့်ဆရာကြီး။ ဘိန်းစွဲနေသလို စွဲနေသည်။ အချိန်တန်မလုပ်ရ မနေနိုင်။

            'ငါလည်း ကြွေးလေးများကြေမလားလို့ လုပ်တာပါအေ' မတတ်သာ၍လုပ်ရတာပါဟု သူ ဆင်ခြင်ပေးလို ဟန်တူသည်။

            'ကြွေးက ဘယ်က ဘယ်လို စတင်တာလဲ'

            ကျွန်မ စူးစမ်းကြည့်သည်။ သူက ဘာမျှ ပြန်မပြော။ မမကြော့က ဝင်ပြောသည်။

            'အဲဒါတွေလုပ်ရင်းနဲ့ပဲ တင်တာပါပဲအေ'

            သူ့ကိစ္စက ဂျာအေးသူ့ အမေရိုက် ဖြစ်နေသည်။ ကြွေးရှင်တွေက ဝိုင်းနေသည်။ မပေးရင် တိုင်မယ်၊ တောမယ်။ တချို့က တိုင်တောနေတာ ရှုပ်တယ်။ အပြတ်စာရင်းရှင်းမယ်တဲ့။ ကြောက်စရာကြီးပါလား။

            တစ်ယောက်တည်း မတ်တတ်အိပ်ရသည်ဆိုသည်မှာ ဒါမျိုးထင်ပါရဲ့ဟု တွေးသည်။ သည်ကိစ္စ ဘယ်က အစပြုတာလဲ။ ကျွန်မ စဉ်းစားသည်။ ကျွန်မတို့ရဲ့ စာရိတ္တကို တရိရိ ကိုက်ဖြတ်နေသည့်ကိစ္စ။ တော်ကြာဆို ဝါးမျိုခံကြရတော့မည်။

            ကျွန်မတို့ လမ်းထဲမှာလည်း ပြောသံတွေ ကြားနေရသည်။ အဲဒီအခါဆို အိမ်ရှင်မတွေလည်း အိမ်အလုပ် မလုပ်နိုင်။ ဈေးသည်တွေလည်း ဈေးမရောင်းနိုင်။ သည်ကိစ္စက တိုးတိုးတိတ်တိတ် တစ်ရွာလုံး သိနေကြသည်။

            ငွေကုန်ကြေးကျခံ၊ ကားခအကုန်ခံ သွားကြ၊ လိုက်ကြ။ ပြီးတော့ လူပန်း၊ ငွေပန်း။ သို့သော် နောင်တမရ။ သည်တစ်ချီ သူတို့ ဉာဏ်မမီ၍ လွဲရတာ။ နောက်တစ်ခါဆို မျှော်လင့်ချက်ကြီးတွေနှင့် ဆက်တိုး။ တစ်ခါတစ်ရံ ကြက်ကန်းဆန်အိုးတိုးသည့် အခါမျိုးလည်း ရှိကြသည်။ သို့သော် ရတာနဲ့ ကုန်တာ မကာမိ။ သူတို့ချင်း ပြောသံကြားနေရသည်။

            'သူက လက်ထဲပိုက်ဆံ မရှိရင်လည်း သူ ကြိုက်တဲ့ အကွက်ဆို ဒိုင်ကိုစိုက်ပြီး ရိုက်ခိုင်းလိုက်တာ'

            မမကြော့ စကားကြောင့် ကျွန်မ လန့်သွားသည်။ မေးကြည့်မိသည်။

            'အဲဒီက အရင်းတိုင်း စိုက်တာလား'

            'ဘယ်ကလာ တစ်ဆယ်တိုးနဲ့'

            သေရော။

            သည်လိုလူတွေသည် လောကမှာ ရှိနေသည်။ ပြောမယုံကြုံဖူးမှ သိရတော့သည်။

            'အဲဒါက ထားပါ။ ဒီက အချင်းချင်းဆိုတော့ ပြောထားလို့ရသေးတယ်။ ခု ပိုဆိုးတာက...'

            မမကြော့က သူ့စကားကို မဆက်ဘဲရပ်ထားသည်။ အိမ်ချင်း ကပ်နေသူမို့ သူလည်း စိုးထင့်နေပုံရသည်။ ကျွန်မ သူ့ကို ပြန်ကြည့်သည်။ ငူပြီး ထိုင်နေသည်။ အကြံကုန်နေသည့် သဘော။ ဘာတစ်ခွန်းမှလည်း ဝင်မပြော။

            'ခု ပိုဆိုးတာက ဘာလဲ'

            ကျွန်မ စပ်စုလိုက်သည်။ မမကြော့က သူ့စကားကို ဆက်သည်။

            'သူများ ထိုးခိုင်းလိုက်တဲ့ငွေနဲ့ သူ့ကြိုက်ကွက် အပိုင်ဆိုပြီး အောချလိုက်တာလေ'

            'ဒီတော့...'

            'သူ့ကြိုက်ကွက်က မပေါက်ဘဲ သူများထိုးခိုင်းလိုက်တဲ့ အကွက်က ပေါက်သွားတယ်လေ'

            'ဘယ်လောက်တောင် ပေါက်သွားလို့လဲ'

            'ဆယ်သိန်း'    

            မြတ်စွာဘုရားဟုသာ တလိုက်မိသည်။ သည်လောက်ငွေကို ကျွန်မ တစ်သက် တစ်ခါမျှ မမြင်ဖူးပေ။ သူ့မှာ သည်ငွေအပြင် တခြားပေးဆပ်ရန် ကြွေးတွေက ရှိသေးသည်။ အိမ်ကလေးကို လိုက်ကြည့်သည်။ သည်အိမ်မရှိတော့လျှင် သူ ဘယ်လိုနေမလဲ။ ကျွန်မ ဆက်မတွေးဝံ့တော့။ သြော် ... သည်ထိအောင် သူ့အကျင့်စာရိတ္တတွေ၊ ကိုယ်ကျင့်တရားတွေ ပွန်းပဲ့ကုန်ပါရောလားဟု စိတ်မကောင်းစွာ တွေးသည်။

            စည်းစနစ်ကြီးလှသော မေမေကြီး မျက်နှာကို ပြေးမြင်မိသည်။ အသိတရား ထိန်းမချုပ်နိုင်လောက်အောင် သူ့ဘဝက ပြိုလဲသွားပြီကိုးဟု စိတ်မချမ်းမြေ့စွာ တွေးသည်။ တကယ်တော့ လောဘ... သည်လောဘက သူ့ ဘဝတစ်ခုလုံးကို ဝါးမြိုသွားပြီကောဟု နှမြောစွာ တွေးသည်။ လူဆိုတာ ဘယ်လောက်ပဲ ဆင်းရဲပါစေ။ သူ့ သိက္ခာနှင့်သူ၊ သူ့အဆင့်နှင့် သူတော့ ရှိကြပါသေးသည်။

            ခု သူ့အပြုအမူက...

            သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချမိသည်။ ရင်ထဲမှ မသက်မသာ အော်ပြော လိုက်မိသည်။

            'ကိုင်း... ဘယ့်နှယ့် လုပ်ကြမယ်'

စိန်ဥမယ်

(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်