စာအုပ်သုံးသပ်ချက်

သူလိုကိုယ်လိုမဟုတ်တဲ့ မောင်ဝဏ္ဏ

မောင်ဘစီ

01 November 2024
သူလိုကိုယ်လိုမဟုတ်တဲ့ မောင်ဝဏ္ဏ
Share to

မြန်မာပြည်မှာ လူသိများထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏက သူ့အကြောင်းသူ ရေးပြသည့် စာများဖြစ်သည်။ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဟု ယူသော်လည်းရသည်။ သို့သော် ပီပီမြည်မြည် ကိုယ်ရေးအတ္ထုပ္ပတ္တိဟူ၍ကား မဆိုသာ။ လက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်း သူ့အကြောင်း စိတ်ဝင်စားသူများကို သူက လေအေးဖြင့် စကားလမ်းသင့်ရာ ပြောနေပုံမျိုးသာ တူပါလိမ့်မည်။ ပေါ့ပေါ့ပါးပါး အရေးအသားများဖြင့် သူ့ဘဝကို စာမျက်နှာများပေါ်တွင် ဖြန်ခင်းပြသည့်အခါ ဘဝအတွေ့အကြုံ စုံလင်ခြင်း၊ ထိုအတွေ့အကြုံ အခြေခံတွေပေါ်မှ ထပ်ဆင့် ထုတ်ယူဆင်ခြင်နိုင်သော ဉာဏ်စွမ်းအားနှင့် ၊ အကြောင်းအရာတစ်ခုကို ပရိသတ် စိတ်ဝင်စားအောင် တင်ဆက်တတ်ခြင်း-အနုပညာတွင် ပိုင်နိုင်ကျွမ်းကျင်မှုများကြောင့် မောင်ဝဏ္ဏ၏ စာမှာ ကျွန်တော်တို့ ဖတ်ဖြစ်ခဲ့ကြသော ရှေ့ရှေ့က အတ္ထုပ္ပတ္တိ ရေးသားဖော်ထုတ်ဟန်များနှင် တစ်ဘာသာ ကွဲထွက် နေသည်။

သူ့ကိုယ်သူ ‘သူလိုကိုယ်လိုပါပဲ’ဟု မောင်ဝဏ္ဏက ညွန်းသည်။ ဘဝတွင် ပထမဆုံး စတင်ရိုက်ကူးသော ရုပ်ရှင်တစ်ကားတည်းနှင့်  ရုပ်ရှင် ထူးချွန်ဆုကို ရခဲ့သူ၊ ရုပ်ရှင်နှင် စာပေတွင် အစဉ်အလာနှင့် ဖြတ်သန်းမှုကြီးကြီး ရှိခဲ့သူက သူ့ကိုယ်သူ ‘သူလိုကိုယ်လို မောင်ဝဏ္ဏ’ ဟူ၍ ညွှန်းဆိုခြင်းမှာ တမင်နှိမ့်ချခြင်းသာ ဖြစ်ပါလိမ့်မည်။ တစ်နည်းအားဖြင့် ဘဝမှာ ဘာမှမဟုတ်၊ ဘာမှမလုပ်ရ သေးဘဲ ဘဝင်လေဟပ်နေကြသည့် ပုဂ္ဂိုလ်ကြီးငယ်အချို့ကို ရွဲ့ချင် ခနဲ့ချင်၍သာ ဖြစ်ဖွယ်ရှိသည်။ မောင်ဝဏ္ဏသည် သူလို ကိုယ်လို မဟုတ်ဘဲ တစ်မူထူးသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ့ဘဝနှင့် အလုပ်တို့ကို စေ့ငုဆင်ခြင်လျှင် အထင်းကြီး မြင်နိုင်ပါသည်။  သူ ရေးချင်သလို ရေးထားသော သူ့ဘဝအကြောင်းကို ဖတ်လျှင် မောင်ဝဏ္ဏသည် လူထူးပါ တကားဟု စာဖတ်သူက သဘော ပေါက်လာနိုင်ပါသည်။ နှိမ့်နှိမ့်ချချ ရေးနေရင်းမှာပင် မောင်ဝဏ္ဏ၏ ကိုယ်ရည်ကိုယ်သွေး၊ အတွေးအမြင်၊ အနုပညာဝမ်းစာနှင့် ဘဝအမြင် မည်ရွေ့မည်မျှပြည့်ဝကြောင်းကို  စာဖတ်သူ  သတိထားမိနိုင်ပါသည်။

မောင်ဝဏ္ဏက သူ့စာအုပ်ကို သူ့ငယ်ဘဝမှ စတင်ရေးသားသည်။ အဖေ ဦးသာဓုဘက်မှ ဆွေမျိုး၊ အမေ ဒေါ်ခင်ညိုဘက်မှ ဆွေမျိုးတွေထဲရှိ ထူးခြားသူများကို ဆွဲထုတ်ရေးပြသည်။ ဤတွင် သုမောင် ရေးသည့် ‘ မျိုးရိုးထဲမှ ဆိုပေကြီးများ’ စာအုပ်ကို လည်း သတိရမိပါသည်။ ထိုစာအုပ်နှင့် တွဲဖက် ဖတ်ရှုလျှင် ပို၍ လိပ်ပတ်လည်ဖွယ်ရာ ရှိသည်။ မောင်ဝဏ္ဏ က သူ့ဘဝ အကြောင်းစဉ်ကို ရေးနေရင်း အချို့နေရာများတွင် ဖတ်သူကို သူ့အတွေ့အကြုံကနေ သင်ခန်းစာထုတ်ယူ ဆင်ခြင်ကြည့်စေလို ဟန်တူသည်။ ငယ်စဉ် ကလေးဘဝ ဒေါ်ဖြစ်သူရဲ့ တဲအိမ်မှာ လိုက်အိပ်စဉ်၊ ထိုအချိန်က တဲမှာ လာတည်းခိုနေသည့် မိသားစုမှ ကလေးတစ်ယောက်နှင့် ခြင်ထောင်တစ်လုံးထဲ အတူအိပ်စဉ် ထိုကလေးက သူ့ကို မဖွယ်မရာ ကြံစည်ကြောင်းကို ထည့် ရေးပြသည်။ ကလေးရှိသော မိဘတွေ ဆင်ခြင်နိုင်အောင်ဟု စကားခံထားပါသည်။

စကားလမ်းသင့်၍ မောင်ဝဏ္ဏက သူလူပျိုပေါက်တွင် အရပ်ထဲမှ ခပ်ညုညု ခပ်ရွရွ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးက သူ့ကို ဆွယ်သည့်အကြောင့်လည်း တပါတည်း ဆက်ပြောသွားသည်။ သူလည်း ထိုအမျိုးသမီး အိမ်ပေါက် နောက်တစ်ခေါက် ပြန်သွားပြီး ကြံစည်ကျူးလွန်မိတော့မလို ရှိရာမှ ကံသီပြီး လွှတ်ခဲ့သည့်အကြောင်းကို  လိင်မှုဆိုင်ရာ အသိမကြွယ်သေးသည့် မနူးမနပ် ဆယ်ကျော်သက်တွေ ဆင်ခြင်နိုင်ပါစေ ဟု ဖော်ထုတ်ပြသေးသည်။ မောင်ဝဏ္ဏသည် ရှောင်ရန်ခက်သည့် ကာမဖောက်ပြန်မှုမှ သူ့ကိုယ်သူ မည်သို့ ကယ်ထုတ်နိုင်ခဲ့သည်ကို စာအုပ်၏ နေရာတော်တော်များများတွင် ထည့်ရေးထား သည်ကို တွေ့ရပါလိမ့်မည်။ သူသည် လူသူတော်ကောင်းမဟုတ်သည့်တိုင် လူတစ်ယောက်မလုပ်သင့် မလုပ်အပ်ရာကို မလုပ်မိ အောင် စိတ်အင်အားကြီးကြီးနှင့် ရှောင်ခဲ့သည်ကိုလည်း ကာယကံရှင်များ မထိခိုက်စေဘဲ ရေးပြသည်။

မောင်ဝဏ္ဏက ခရစ်ယန်သာသနာပြုတွေဖွင့်သည့် စိန့်ပေါလ်ကျောင်းမှာ စာသင်ခဲ့ရသည်။ ထို့ခေတ် သာသနာပြုကျောင်းက စာသင်ကြားပုံနှင့် ကျောင်းသားတွေကို ပျိုးထောင်ထိန်းသိမ်းပုံများကိုလည်း  ‘သူလိုကိုယ်လို’ ဖတ်ရင်း ရိပ်ဖမ်းသံဖမ်း သိခွင့်ရပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ရေနံမြေသပိတ်မှာ အသေခံဗိုလ်အဖြစ် ပါဝင်ခဲ့သည့် သခင်ဖေသန်း ခေါ် ဦးသာဓုက သူ့သားများကို ဘိုကျောင်းမှာ ထားသည့်တိုင် သားဖြစ်သူက ပုဆိုးဝတ်ခွင့်မပြုသည့် ဘိုကျောင်းသို့ ပုဆိုးဝတ် သွားပြီး ထော်လော်ကန့်လန့် တိုက်တာကိုလည်း ဖတ်ရပါသည်။ စည်းကမ်းအရာတွင် တင်းကျပ်သော်လည်း မောင်ဝဏ္ဏ ကျောင်းထွက်မည်ဆိုသောအခါ ဘရာသာကြီးက ကျောင်းမထွက်ဖို့ အတန်တန် တားမြစ်သည့်အခန်းကို ဖတ်ရသည်မှာ ဆို့နစ်ဖွယ် ကောင်းပါသည်။  မျက်ရည်တွေ ဝိုင်းနေသည့် မောင်ဝဏ္ဏကို ဘရာသာကြီးက ခေါင်းကလေးပွတ်ပြီး ‘ ဝမ်းမနည်းနဲ့ သား၊ ယောကျ်ားဆိုတာ ဘယ်တော့မှ အားမလျော့ရဘူး။ အမြဲတမ်း သန်မာတဲ့စိတ်နဲ့ ခန္ဓာ ရှိရမယ်’ ဆိုပြီး ကျောင်းထွက်ဖို့ ခွင့်ပြုလိုက်သည်။

ကျောင်းဆက်မနေလိုခြင်းမှာ သူဖခင် နောင်အိမ်ထောင်ထူသွားသည်ကလည်း အကြောင်းတစ်ချက် ဖြစ်သည်။ ကျန်ရစ်သည့် ညီအစ်ကိုများအတွက် အလုပ်ထွက်လုပ်ပြီး တာဝန်ယူချင်နေသည့် အစ်ကိုကြီးစိတ်ဓာတ်က ရှေ့ဆောင်သောကြောင် ဖြစ်ဟန် တူသည်။ ကျောင်းထွက်ပြီးနောက် ဖခင်၏ ရုပ်ရှင်လုပ်ငန်းထဲ အောက်ခြေကစပြီး ဝင်လုပ်သည်။ ဖခင်က ငါ့သားပဲဆိုပြီး အထူးမျက်နှာသာ မပေးချေ။ ထို့အတွက် ဆိုင်ရာ ပညာရပ်တွင် အောက်သက်ကြေသူ ဖြစ်လာပါသည်။ တစ်ရက် စက်ခန်းထဲတွင် အမှိုက်ရှင်းနေတုန်း မတော်တဆ အသံချဲ့စက်က ခလုတ်တစ်ခုကို သွားနှိပ်ကြည့်မိရင်း ‘ဖြူ့စ်’ ပျက်သွားသည်။ အသံပိုင်း စက်ဆရာက သူပြင်ပြ ၊ ပြောပြလျှင် ကိစ္စပြီးပါလျက်နှင့် မောင်ဝဏ္ဏကို ပညာလျှိုချင်သည့်အတွက် ဆူပွက်သည်။ လုပ်ရ ကိုင်ရ လက်ဝင်ကြောင်း ဖြဲချောက်သည်။

မောင်ဝဏ္ဏလည်း မခံချင်စိတ်က စေ့ဆော်သဖြင့် ကျောက်ကုန်း အောင်ဇေယျရုပ်ရှင်ရုံအနီးက ရေဒီယိုမက္ကနစ်ဆိုင်မှာ သုံးလေး လလောက် သင်တန်းသွားတက်ပြီး လေ့လာသည်။ ထိုအကြောင်းကို မည်သူ့မျှ မပြောပါ။ လျှို့ဝှက်ထား၏။  တစ်ရက် ဦးသာဓု ရိုက်ထားသည့် ရုပ်ရှင်တစ်ကား၏ အကြမ်းကူးထားသည့် အပိုင်းကို ကြည့်ကြမည်ပြုစဉ် စက်ချို့ယွင်းနေရာ ဖွင့်မရ။ မောင်ဝဏ္ဏကို ကနဦးတုန်းက ပညာပြထားတဲ့ စက်ဆရာနှစ်ယောက် ခေါင်းချင်းဆိုင်ကြပြီ။ သူတို့က စက်မပြင်တတ်ချေ။ အကွက်ဆိုက် လာသည့် မောင်ဝဏ္ဏက သူ့ဖခင်ကို ခွင့်တောင်းပြီး စက်ပြင်ပြလိုက်သည်။ နောက်ပိုင်း မောင်ဝဏ္ဏသည်  သူဖခင်၏ ရုပ်ရှင်ခြံ ထဲက စက်ပစ္စည်းများကို အဟန့်အတားမရှိ စိတ်တိုင်းကျ ကိုင်ခွင့်ရသည်။

‘….အရင်က အဲဒီ ဆရာနှစ်ယောက်ကို ကျွန်တော် နှိပ်ကွပ်မယ်လို့ ဆုံးဖြတ်ဖူးတယ်။ တကယ်တမ်းကျတော့ ကျွန်တော် သူတို့ကို နိုင်ထက်စီးနင်း မလုပ်ချင်တော့ဘူး။ ပြောခဲ့သလို သူတို့ဟာ ဒီလိုပဲ ရောက်ရာနေရာမှာ ကျောက်ချပြီး နေချင် တတ်တဲ့သူမျိုး၊ ပြိုင်နေစရာမလိုဘူးလို့ ဆုံးဖြတ်လိုက်တယ်’

ရုပ်ရှင်ပညာကို အောက်ခြေသိမ်းမှ စ၍ မောင်ဝဏ္ဏ ဆည်းပူးနေစဉ်က အချို့က မိမိတို့ တတ်သိထားသည့် ပညာကို လိုလို ချင်ချင်ပင် ပြောပြ သင်ပေးကြသည်။ အချို့ကတော့ ထိုသို့မဟုတ်ပေ။ ပညာကို လျှိုချင် သိုချင်သည်။ ဖွက်ချင် ဝှက်ချင် ကြ သည်။ ပညာကို လိုလားစွာ ပြောသူများကို မောင်ဝဏ္ဏက သူ့စာတွင် ကျေးဇူးတင်စွာ အမည်နာမ ထုတ်ဖော်ပြီး ရေးသော် လည်း လျှိုပညာရှင်ကြီးများ၏ အမည်ကိုတော့ လူသိရှင်ကြား ဖွင့်မပြောပါ။ ပညာတစ်ရပ်ကို အောက်ခြေမှ ခက်ခက်ခဲခဲ သင်ယူခဲ့ ရသူ လူငယ်လေးမောင်ဝဏ္ဏကို သူရေးပြသည့် သူ့ဘဝစာမျက်နှာတွေကြားမှာ တက်တက်ကြွကြွ တွေ့နေရပါသည်။ မည်သည့် လုပ်ငန်းနယ်ပယ်တွင်မဆို အုပ်စုဖြင့် ဝိုင်းဝန်းနှိပ်နယ်ချင်သည့် လူတစ်စုက အမြဲရှိနေသည်။ ထို ရေဗွက်အိုင်ထဲမှ မောင်ဝဏ္ဏ သည် သူ့ကိုယ်သူ ရုန်းကန်အလံထူ တက်လာခဲ့ရသူ ဖြစ်သည်။

ရုပ်ရုပ်ပညာကို အောက်ခြေကစပြီး သင်ယူနေရင်း တစ်ချိန်တည်းတွင် မောင်ဝဏ္ဏသည် တက္ကသိုလ်ကျောင်းသားလည်း ဖြစ်နေ သည်။ တက္ကသိုလ်မှာ ပညာသင်စဉ်က အတွေ့အကြုံတွေလည်း အများကြီး ရေးပြသည်။ အထူးသဖြင့် ထိုခေတ် ရန်ကုန် တက္ကသိုလ် ဒဿနကဗေဒဌာနမှ  ဆရာများ၏ ရုပ်ပုံလွှာများကို ဖျတ်ခနဲ ဖျတ်ခနဲ ကလောင်တို့သွားသည်။ တက္ကသိုလ် တက်ရင်း ကြုံရဆုံရသည့် ချစ်ဦးသူအကြောင်းကိုလည်း အရှည်အလျား ရေးပြသည်။ ဇာတ်သိမ်းခန်းတွင် ဒေါ်ချိုရီနှင့် ရွှေလက် တွဲ ရသည့်အဖြစ်ကို ကြိုသိနေပြီးကြသည့် ရင်းနှီးသောစာဖတ်သူတို့အတွက်မူ မောင်ဝဏ္ဏ၏ ငယ်ချစ်လွမ်းချင်းကို သူရေးသော အချစ်အလွမ်းဝတ္ထုတစ်ပုဒ် ဖတ်ရသည်သို့သာ သဘောထားကြမည် ဖြစ်ပါသည်။ သို့တိုင် စာမျက်နှာပေါ်တွင် ကလောင်ဖြင့် အတည်အပေါက်ကြီး အလွမ်းခရီး နှင်ချင်တိုင်းနှင်နေသည့် မောင်ဝဏ္ဏကိုကား ချစ်ဦး ကံခေဖူးသူ ဘဝတူတို့က စာနာနိုင်ကြပါ လိမ့်မည်။(ထို ချစ်ဦးသူအကြောင်းကို ‘ကျနော့်ချစ်သူများ’ အမည်နှင့် တစ်ကွက်နှစ်ကွက် ရေးခဲ့ဖူးသည်။ မောင်ဝဏ္ဏ၏ ‘အောက်မေ့ဖွယ် စာစုများ’ စာအုပ်တွင် ရှု-

တက္ကသိုလ်ပညာသင်ဘဝမှာ သူဟာ ထူးချွန်တဲ့သူထဲ မပါဘူး၊ သူလိုကိုယ်လို ကျောင်းသားတစ်ဦးပဲ ဆိုပြီး မောင်ဝဏ္ဏက ရေးခဲ့ပါသည်။ သို့သော် စာဖတ်သူတွေက တက္ကသိုလ်တက်ရင်း စ်ဖက်နှင့် ရုပ်ရှင်ပညာသင်နေသော ၊ စာရေးဖို့ ကြိုးစား နေသော မောင်ဝဏ္ဏကို မြင်နေရသည်။  ရုပ်ရှင်နှင့် ပတ်သက်ပြီး သူတို့ခေတ်က ပညာသည်တွေ အလုပ်လုပ်ကြပုံ အကြောင်း ရေးပြသည်ကိုလည်း အားကျဖွယ် ဖတ်ရသည်။ ယခုခေတ်နှင့်မူ အကွာကြီး ကွာနေပြီ။ ဆက်မိ၍ မောင်ဝဏ္ဏက ရေးပြသည်မှာ ရုပ်ရှင်ထဲက ဇာတ်ရှုပ်များအကြောင်း။

ရုပ်ရှင်လောကမှာလည်း ဖိုမကိစ္စ ရှုပ်ကြပုံ၊ ကိုယ့်ကျင့်သီလ မခိုင်မာသည့် ပညာသည်တွေ ရှိကြပုံကို မောင်ဝဏ္ဏက မချန်ခြွင်းဘဲ သိုးကာသီကာ ရေးပါသည်။ သူတောင်မှ ရုပ်ရှင်မင်းသမီး စ်ယောက်က ရေလာမြောင်းပေးလုပ်သည်ကို ကိုယ့်စိတ်ကိုယ် ချွန်းအုပ်ပြီး မနည်းဆင်ခြင်ခဲ့ရသည့် အကြောင်းတစ်ကွက်ရေးပြသည်။ ရုပ်ရှင်လောကထဲကလူတွေလည်း အပြင်လောကက လူတွေကဲ့သို့ပင် ရှုပ်ချင်သူက ရှုပ်ကြသည့်အကြောင်း၊ သို့သော် လူသိများသူတွေ ရှုပ်ကြသည့်အခါ အပုပ်နံ့က သူများထက် ပိုပြီး ထွက်ပါသည်တဲ့။ လက်မောင်းပွတ်ပြီး ချော့ရင် စိတ်ဆိုးစိတ်ကောက်ပြေသွားတဲ့ မင်းသမီးတစ်ယောက်အကြောင်းလည်း မောင်ဝဏ္ဏက ရေးပြသဖြင့် အံ့ဩရပါသေး။

‘ ….ကျွန်တော် သစ္စာဆိုရဲတာတော့ ရှိပါတယ်။ ဒီနေ့အထိ ရုပ်ရှင်ထဲက ဘယ်မင်းသမီးနဲ့မှ မငြိစွန်းဘူးပါဘူး၊ မငြိစွန်းချင်းလို့ မဟုတ်ဘူးခင်ဗျ၊ မနည်းထိန်းချုပ်ထားရတာပါ’

မောင်ဝဏ္ဏ ရေးပြသော သူ့ဘဝအကြောင်းက ဖတ်လို့ကောင်းသည်။ စိတ်ဝင်စားစရာလည်း အပြည့်နှင့်ဖြစ်သည်။ အားနည်း ချက်ဟု ဆိုနိုင်သည်မှာ သူရေးသည့် အကြောင်းအရာတွေက ဟိုရောက်လိုက် ဒီရောက်လိုက်နှင့်  ခုန်ပေါက်ပြေးလွှားနေခြင်း ဖြစ်သည်။ အချို့နေရာတွေမှာ အဆက်အစပ်မဲ့ အခန်းတွေ ခုန်ကူးချင် ကူးနေတတ်သည်။ ထို့ကြောင့် သူပြောသွားသည့် အကြောင်းအရာများကို စာဖတ်သူက ရှေ့နောက် ပြန်စဉ်ကာ ဆက်စပ်ညှိနှိုင်းပြီး နားလည်သဘောပေါက်ရအောင် အားထုတ် ယူရသည့် အပိုင်းတွေတော့ ရှိနေသည်။

ရုပ်ရှင်အကြောင်း တစ်ကွက် ရေးနေရာမှ နိုင်ငံရေးအကြောင်း ရောက်သွားသည်။ တစ်နေရာတွင် သူတက္ကသိုလ်ကျောင်းသားဘဝ နိုင်ငံရေးလှုပ်ရှားမှုများကို ခပ်ပါးပါး ရေးပြသွားသည်။ မြေအောက်လှုပ်ရှားမှုများနှင့် သူနှင့် ဆက်စပ်နေသည့်အတွက် ထိုခေတ် အာဏာပိုင်တို့က သူ့ကို ဖမ်းဆီးကာ အင်စိန်ထောင်သို့ အပို့ခံရသည် တဲ့။ အင်းစိန်ထောင် ကြိုးတိုက်ထဲမှာ နေရစဉ်က အတွေ့ အကြုံများကို ပါလေရုံမျှ ဖော်ပြထားသည်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်မှုများကို တစ်လုံးတပါဒမှ မဖော်ပြဘဲ ပြီးခဲ့တာတွေ ကို အေးအေးလူလူ သာမန်ဖြစ်စဉ်သဘောမျိုး ပြန်ပြောပြနိုင်သော မောင်ဝဏ္ဏကိုမူ အံ့ဩရပါသည်။ နိုင်ငံရေးမှာ ရောရိရောရာ ငါလည်းပါ ဆိုတာမျိုးဟု နှိမ့်ချစွာ ရေးပါသည်။ ထောင်အာဏာပိုင်တွေက မောင်ဝဏ္ဏကို ထောင်က ပြန်လွှတ်သည့်အခါ ထောင်ဘူးဝကို လှည့်မကြည့်နဲ့ ဟု မှာလိုက်သည်။ ထောင်ဘက်ကို လှည့်ကြည့်လျှင် နောက်တစ်ခါ ထောင်သို့ ပြန်ရောက်ရ တတ်သည်ဟူသော အယူအဆ ရှိသောကြောင့် ဖြစ်သည်။ မောင်ဝဏ္ဏက လှည့်ကြည့်ဖြစ်အောင် ကြည့်သည်။ နောင် ငါးနှစ်ခန့် အကြာ၊ ဦးသန့်အရေးအခင်းကာလတွင် မောင်ဝဏ္ဏ ထောင်ထဲ တစ်ခေါက်ပြန် ရောက်လိုက် သေးသည်။ ထိုအကြောင်းကို စာအုပ် တစ်နေရာတွင် ပေါ့ပေါ့ပါးပါး ရေးပြထားသည်။  နိုင်ငံရေးအတွေ့အကြုံအချို့ကို ပေါ့အောင် ‘ဖော့’ ရေးထားသဖြင့်  မောင်ဝဏ္ဏ၏ နိုင်ငံရေးအမြင်တွေကို အထာမသိသည့် စာဖတ်သူများက ‘လျှော့တွက်’ မိမည့် အစွန်းတစ်ဖက်ကိုလည်း စာဖတ်ရင်း သတိထား မိသည်။

ဘာကြောင့် ထောင်တွင်းအတွေ့အကြုံများကို ခပ်ပါးပါး ခပ်ပေါ့ပေါ့မျှသာ ရေးပြသွားရသလဲဟု စာဖတ်သူတို့ဘက်က ချင့်ရဲမပြေစရာ ရှိပါသည်။ မောင်ဝဏ္ဏ ‘ သူလိုကိုယ်လို’ စာစုများကို အပိုင်းလိုက် ရေးနေစဉ်က နိုင်ငံရေးအခြေအနေမှာ တခွင်တပြင်လုံး အုံ့မှိုင်းနေဆဲ ၂၀၀၇- ၂၀၀၈ ကာလများဖြစ်ပါသည်။ စာပေစိစစ်ရေးက စာမျက်နှာပေါ်တင်သမျှ စာသား၊ အရေး အသားတိုင်းကို စားတော့ဝါးတော့မလို ဖြဲရဲ ကြည့်နေ့ကြသော ကာလများဖြစ်သည်ကို သတိရစေချင်ပါသည်။ အကယ် ၍များ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်က နိုင်ငံရေးအကျဉ်းသားဘဝအတွေ့အကြုံများကို  မောင်ဝဏ္ဏသည့် လွတ်လပ်သည့် နိုင်ငံရေးအခင်းအကျင်းအောက်က စာနယ်ဇင်းများတွင် ရေးခွင့်ရခဲ့လျှင် ကျွန်တော်တို့သည် ဒီ့ထက်အသေးစိတ်သော အဖြစ် အပျက်များ၊ ရှုမြင်သုံးသပ်ချက်များကို ဖတ်ရဖွယ်ရှိပါသည်။ သို့သော် မဖြစ်နိုင်တော့ပါ။

မောင်ဝဏ္ဏသည် ရုပ်ရှင်နှင့် စာပေလောကထဲတွင် လွန်းထိုးသွားလာနေသူဖြစ်သည်။ စာပေဘက်တွင် ပို၍ မွေ့လျှော်သေး သည်ဟုပင် သူ့စာဖတ်ပြီး အကဲခတ်၍ ရပါသည်။ ဦးသာဓုကို အကြောင်းပြုပြီး ရုပ်ရှင်နှင့် နီးစပ်ရသည်ကဲ့သို့၊  စာပေနှင့်လည်း ထိတွေ့ခွင့်ရသည်။ စာပေကပင် စောလိမ့်ဦးမည်။ ငယ်စဉ်ကတည်းက စာရေးဆရာတွေ လက်ပေါ်မှာ ကြီးခဲ့သူဖြစ်သည်။ သို့သော် စာပေနှင့် အနုပညာဆိုသည်မှာ ကိုယ်ဝါသနာပါမှသာ ဖြစ်ထွန်းနိုင်သော အလုပ်များ မဟုတ်လား။ မဂ္ဂဇင်းတိုက်တွေ ဝင်ထွက်နေသော်လည်း၊ အယ်ဒီတာတွေနှင့် ညီလို အစ်ကိုလို ဦးလေးလို ရင်းနှီးသော်လည်း မောင်ဝဏ္ဏရေးသည့် ဝတ္ထုတွေ ကဗျာတွေကိုတော့ နှုန်းမီစံရ မဟုတ်သေးသဖြင့် တော်တော်နှင့် အသုံးမပြု။ လူချင်းရင်းနှီးသည်က သပ်သပ်၊ စာက သပ်သပ်။  ထိုခေတ်က စာရေးဆရာနှင့် အယ်ဒီတာတွေ၏ ဆက်ဆံရေး၊ မဂ္ဂဇင်းတွေ၏ မူဝါဒများကိုလည်း တစေ့တစောင်း မြင်နိုင်သည်။ စာမူတွေကို အယ်ဒီတာများက ပယ်လေ၊ မောင်ဝဏ္ဏက ဖိရေးလေ။

ဤနေရာတွင်  စီစစ်စေလိုသည့် အချက်တစ်ခု ရှိပါသည်။  ‘သူလိုကိုယ်လို’ ထဲတွင် မောင်ဝဏ္ဏက  ၁၉၇၂ ခုနှစ် ရောက်မှ ရှုမဝမဂ္ဂဇင်းတွင် ‘ စိမ်းမိ၊ ငြိမ်း၊ ကျနော်’ ဆိုသည့် ဝတ္ထုတိုတစ်ပုဒ် အရွေးခံရပါသည်တဲ့။ သို့နှင့် အားတက်ပြီး ဆက်ရေးရာ အယ်ဒီ တာများက ပယ်ကြပြန်သည်။  ၁၉၇၃ ဇူလိုင်လကျမှ ရှုမဝမဂ္ဂဇင်းမှာ နောက်ထပ် ‘လေထဲက အိပ်မက်လေး’ ဆိုသည့်  အချစ် ဝတ္ထုတစ်ပုဒ် ဖော်ပြခံရသည်ဟု ရေးထားသည်။ ပေဖူးလွှာမဂ္ဂဇင်း( နိုဝင်ဘာ၊ ၁၉၈၂) မှ ဦးဝင်းငြိမ်းနှင့် အင်တာဗျုးတွင် မောင်ဝဏ္ဏက ပထမဆုံးဖော်ပြခံရသော သူ့ဝတ္ထုတိုမှာ  ရှုမဝတွင် ပါသော ‘လေထဲကတိုက်အိမ်မက်ကလေး’ ဖြစ်ကြောင်း ဖြေသွားခဲ့သည်။ ဘယ်ဝတ္ထုတိုက မောင်ဝဏ္ဏ၏ ပထမဆုံးပုံနှိပ်ခံရသည့် ဝတ္ထုလဲ။

မောင်ဝဏ္ဏက ဟိုစပ်စပ် ဒီစပ်စပ်ပါလို့ သူ့ကိုယ်သူ ညွှန်းသည်။  ပထမဆုံးရုပ်ရှင် ‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’ ရုပ်ရှင်ကား အောင်မြင်ပြီး အကယ်ဒမီရသည့်အပြင် ငွေလည်း ဝင်တော့ မြို့ပတ်ပြီး လျှောက်သွား လျှောက်သောက် လျှောက်ပျော်။ မိတ်ဆွေဖြစ်သူ စာရေးဆရာ မောင်ရွှေစွန်က ‘ အကယ်ဒမီဆိုတာ ကံစွပ်ပြီး ရတာလည်း ရှိတယ်၊ သိပ် ဖင်ခေါင်းကျယ်မနေနဲ့’ ဆိုပြီး သူ့ကို ခပ်စပ်စပ် ဆုံးမဖူးသည်တဲ့။  ထို့အတူ မောင်ဝဏ္ဏ၏ သီချင်ရေးချင်သည့် ပိုးကို ချေချွတ်သူက စန္ဒယားလှထွတ်။ အသံမကောင်းဘဲ သီချင်းဟဲချင်သည့် ဝါသနာကို ပွဲသိမ်းပေးသွားသူက စန္ဒယားချစ်ဆွေ ဖြစ်သည်။ သူတို့ခေတ်က အနုပညာသမားချင်း၊ စာပေသမားချင်း ဆက်ဆံရေးမှာ ယခုခေတ်ထက် အများကြီး လုံးထွေးရင်းနှီးမှုရှိကြပြီး၊ ညီအစ်ကို သဘောဆောင်ပေသည်။ အယူအဆချင်း မတူညီကြသည့်တိုင်အောင် တစ်ဦးကိုတစ်ဦး စာနာနာလည်တတ်သော ရိုင်းပင်း တတ်သော သဘောတွေကို အများကြီး တွေ့ရသည်။

ဟိုစပ်စပ် သည်စပ်စပ် ဝါသနာစေ့စော်မူကြောင့် ဇာတ်သဘင်ထဲ လိုက်ခဲ့ဖူးတာကိုလည်း  သူရေးပြမှ သိရသည်။ မောင်ဝဏ္ဏ လိုက်သွားသည့် ဇာတ်သဘင်က လမ်းမှာတင် အကြောင်းတစ်၁ခုကြောင့် ဇာတ်ခေါင်းကွဲသည့်အခါ ဇာတ်ထဲက အချို့ ဇာတ် သမလေးတွေ  ထင်းခွေ ရေခပ် လုပ်ပြီး၊ အချို့က ကိုယ်ခန္ဓာရင်းပြီး အိမ်အပြန် လမ်းစရိတ်ရှာရသည့် အဖြစ်ကို ရေးတော့လည်း ရင်နင့်စရာကောင်းနေပြန်သည်။ ထို ဇာတ်သဘင်အတွေ့အကြုံတွေက နောက်ပိုင်း ‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’ ရုပ်ရှင် ရိုက်ရာတွင် သူ့ကို အထောက်အပံ့ကောင်းတွေ ဖြစ်စေခဲ့သည်။ မောင်ဝဏ္ဏသည် သူ့ရုပ်ရှင်ဒါရိုက်တာ ဘဝကို ရေးပြရာတွင် ‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’နှင့် ‘ခြေဖဝါးတော်နုနု’ ရုပ်ရှင်ကားအကြောင်းသာ တို့ထိရေးသားခဲ့ပြီး ကျန် ရုပ်ရှင်ကားများ အကြောင်းကို ‌ ရေးမသွားခဲ့တာကိုလည်း သတိထားမိပါသည်။

မောင်ဝဏ္ဏ အရက်သောက်သည်။   အရက်စွဲသည်။ အရက်ဖြတ်ဖို့ ဂမ္ဘီရနည်းတွေတောင် သုံးခဲ့သည်။ ထိုနည်းဖြင့် အကြံပြုသူက တစ်ခါက ရုပ်ဝါဒဆရာကြီးဖြစ်ဖူးသော ဆရာအောင်လင်းဖြစ်သည်တဲ့။ ဆရာအောင်လင်း အရက်ပြတ်သွားပုံကလည်း ခပ်ဆန်း ဆန်း။ သူကတော့ ဆရာအောင်လင်းလို ဂမ္ဘီရနည်းလမ်းအကူအညီဖြင့် အရက်ဖြတ်လို့ မပြတ်ခဲ့သော်လည်း ၁၉၈၈ ဧပြီလ ထဲတွင် ကျင်းပသည့် စာပေလုပ်သား ညီလာခံတွင် အရက်မူးသောင်းကျန်းပြီးနောက် နောင်တရကာ အရက်ကို တိခနဲ ဖြတ်သည်။ ထိုနောက်ပိုင်း စိပ်ပုတီးသမား။ ထို့နောက် ဝိပဿနာ အားထုတ်သူ။ ‘အင်း’ ကိုလည်း ဝါသနာပါလိုက်သေး၏။ အတော်လည်း စုံသူပါပေ။

‘ကျွန်တော် အူကြောင်းကြား’ ဟူသော စာအုပ်တစ်အုပ် မောင်ဝဏ္ဏရေးခဲ့ဖူးသည်။ ယခု ‘သူလိုကိုယ်လို’ထဲတွင်လည်း မောင်ဝဏ္ဏ အူကြောင်ကြားတာတွေ တကွက်နှစ်ကွက်ပါသည်။ ရှမ်းပြည်ဘက် ခရီးထွက်ရင်း ဒေသထုံးစံကို မသိဘဲ  ကိုယ်သဘော ကျသည့် ကောင်မလေးကို ပန်းနှင့် ပေါက်ရသည် ဆို၍ ပန်းပေါက်ပွဲ တွင် ဝင်ပေါက်သည်။ တစ်ဖက် မိန်းကလေးကလည်း ပြန်ပေါက်သည်။ ထို့နောက် သူ့အိမ်ပေါ်ထိ အူတိအူကြောင်နှင့် ရောက်သွားသည်။ ထိုသို့ ရောက်သည့် အဆင်ဆိုလျှင် သူတို့အရပ်ဓလေ့အလိုအရ လက်ထပ်ထိမ်းမြားဖို့ပင် သဘောတူသည့် အနေအထား။ ဒါကို မသိဘဲ ဇွတ်ရွတ် လုပ်ရာ၊ တစ်ဖက် မိန်းကလေးနှင့် သူမိဘများက သူ့ကို အပျော်ကြံသည်လိုလိုနှင့် စွပ်စွဲ ထုထောင်းကြသည်အခါ  မိတ်ဆွေများနှင့် အရပ်က သိတတ်နားလည်စွာ သူဘက်မှ ဝင်ရောက်ဖေးမကြသည့်အတွက် ဘုမသိဘမသိ အိမ်ထောင်ကျတော့မည် ဆဲဆဲမှ လွတ်သွားခဲ့သည့် အဖြစ်။ ထိုအကြောင်း ရေးပြတာ ဖတ်ရတော့ ပြုံးရပါသည်။

သူငယ်ချင်း အောင်ပြည့်နှမ ဒေါ်ချိုရီနှင့် ချစ်ကြိုက်ကြ၊ ပြီးတော့ စေ့စပ်၊ ထိမ်းမြားမင်္ဂလာပြုကြသည့် အကြောင်းများကို ရေးပြတော့လည်း ကြည်နူးစရာပါပဲ။

စာအုပ်၏ နောက်ဆုံးပိုင်း တွေက  မောင်ဝဏ္ဏ ဟိုဟိုသည်သည် ခရီးထွက်သည့် အကြောင်းတွေ များသည်။ ဘဝအတွေ့ အကြုံများမှ ဒေသန္တရ ခရီးသွားအတွေ့အကြုံများဆီသို့ အခန်းခုန်ကူးသွားသည့်သဘော။  ခရီးထွက်ရင်း တွေ့ရ ကြုံရသည့် အကြောင်းလေးတွေမှာ စိတ်ဝင်စားစရာ အကြောင်းအချက်ပါသလို၊ အစားအသောက် အကြောင်း တွေလည်း ပါဝင် နေပြန် သည်။ ထိုနောက် ယောက္ခမအဖေနှင့် ချင်းတွင်းမြစ်အထက်ဘက်က မြိုတွေ့ဖြစ်သည့် ဟုမ္မလင်း ၊ ခန္တီး အစရှိသော မြို့များဘက်သို့ ခရီးထွက်သည့်အကြောင်း ရေးရင်းပင် ‘သူလိုကိုယ်လို မောင်ဝဏ္ဏ’ မှာ ဆုံးခန်းတိုင် ပါသည်။

ဤစာအုပ်ကို စီစဉ်သူတို့က ကျန်တာဖြည့်၊ ပိုတာဖြုတ် တည်းဖြတ်သုတ်သင်မှုပြုပါသည်ဟု စာအုပ်ရှေ့တွင် အစီရင် ခံထားသည်။ မူလက ‘သူလိုကိုယ်လို’ စာမူများကို စုစည်းပြီး သုံးအုပ်ထုတ်ခဲ့ဖူးသည်။ ၂၀၀၉ ခုနှစ်က နောက်ဆုံး ထုတ်ခဲ့သော စာအုပ်ထဲတွင် ‘ထမီထုပ်ထမ်း’ ခေါင်းစဉ်ငယ်အထိသာ ပါခဲ့သည်။ အသစ်ပြန်ထုတ်ဝေလိုက်သော ‘သူလိုကိုယ်လိုမောင်ဝဏ္ဏ’ စာအုပ်တွင် စာမျက်နှာ ရှစ်ရာကျော်မျှ ရှိပြီး နှစ်တွဲထားသည်။ စာမျက်နှာ ၅၄၇ မှ ၈၃၂ အထိမှာ ယခုကျမှ လုံးချင်းထဲတွင် ပါဝင်လာသော စာမူများ ဖြစ်သည်။

ထိုမျှထူထဲသော စာအုပ်အတွင်း ပါဝင်သော အကြောင်းအရာမှာလည် များလှ စုံလှသည်။ ထွေပြားစုံလင်သော အတွေ့ အကြုံများကို မောင်ဝဏ္ဏက စကားလက်ဆုံပြောနေပုံဖြင့် ပြန်လည်ဖောက်သည်ချသည်တွင် ဖတ်လို့တော့ ရှောရှုလွယ် ကူပါသည်။ စိတ်ဝင်စားစရာလည်း ကောင်းပါသည်။ အားနည်းချက်မှာ အခန်းဆက် အပတ်စဉ်ရေးသော စာမူများတွင် ဖြစ်လေ့ရှိသည့် အကြောင်းအရာ အပ်ကြောင်းထပ်ခြင်းမျိုးကိုလည်း ‘ သူလိုကိုယ်လို’ တွင် တွေ့ရသည်သာဖြစ်ပါသည်။ အထက် တစ်နေရာ တွင် ရေးခဲ့ပြီဖြစ်သည့်အတိုင်း အကြောင်းအရာများ ဟိုခုန် ဒီကူးနှင့်မို့ သတိကြီးကြီး မထားလျှင် ဖတ်ရင်းပင် ပြန်ပြန် ရှုပ်သွားရသည့် အချက်တွေရှိသည်။ သို့သော် မောင်ဝဏ္ဏ၏ စာရေးအသားများတွင် ကျွမ်းဝင်ကြပြီးသော စာဖတ်သူ အတွက်မူ ဒီအချက်ကို မှုကြမည် မဟုတ်ပါ။

လူငယ်စာဖတ်သူများအနေနှင့် မောင်ဝဏ္ဏ၏ အခြားသော အရေးအသားများကိုပါ ဆက်စပ်ဖတ်ရှုနိုင်လျှင် ပို၍ အကျိုး များနိုင်သလို မောင်ဝဏ္ဏကိုလည်း တစ်ဆင့်တိုးပြီး နားလည်လာပါလိမ့်မည်။ မောင်ဝဏ္ဏဆီမှ ယူတတ်လျှင် ရစရာတွေ တစ်လှေကြီးရှိပါသည်။ မောင်ဝဏ္ဏ က ပြောခဲ့ပြီးပါပြီ။

‘…. ကျွန်တော်ဟာ ရိုးရိုးလူပဲဆိုတော့ တစ်ခါတလေလည်း အတ္တနောမတိတွေ ပါသွားပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့် သူလိုကိုယ်လိုမောင်ဝဏ္ဏကို ဖတ်တဲ့အခါ  အမှိုက်ပုံလို့ ထင်တာတွေကို ပစ်ပယ်လိုက်ပြီး ကိုယ့်ဘဝအတွက် အသုံးတည့်မယ် ထင်တာတွေကို  ရွေးနုတ်ယူစေချင်ပါတယ်’

 မောင်ဘစီ

၂၃ အောက်တိုဘာ ၂၀၂၃

စာအုပ်ဆိုင်ရာအချက်အလက်များ

စာအုပ်အမည်- သူလိုကိုယ်လို မောင်ဝဏ္ဏ (အတွဲ ၁/ အတွဲ ၂)

စာရေးသူ- မောင်ဝဏ္ဏ

ထုတ်ဝေခြင်း။ ပထမအကြိမ်၊ စိတ်ကူးချိုချို၊ ဇန်နဝါရီ၊ ၂၀၂၄ ခုနှစ်။  

စာမျက်နှာအရေအတွက်  -၈၃၄ ( နှစ်တွဲပေါင်း) 


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...