စာအုပ်သုံးသပ်ချက်

ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ

မောင်ဘစီ

01 May 2026
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
Share to

ပြီးခဲ့သော ငါးနှစ်အတွင်း ကျွန်တော် ဖတ်ဖြစ်ခဲ့သည့် စာအုပ်တွေထဲမှာ၊ ကြည့်ဖြစ်ခဲ့သည့် ရုပ်ရှင်တွေထဲမှာ စစ်ပွဲဆိုင်ရာ စာအုပ်တွေနှင့် ရုပ်ရှင်ဇာတ်ကားတွေ အတော်များများ ပါဝင်နေသည်ကို အခုတလောတွင် မိမိဘာသာ ပြန်လည် သတိထားမိပါသည်။ အထူးသဖြင့် စစ်ကာလအတွင်း အကြပ်အတည်းတွေထဲမှာ လူတွေ ဘယ်လိုရှင်သန်အောင် နေထိုင်ခဲ့ကြသလဲဆိုတာကို စိတ်ဝင်စားသောကြောင့် ဖြစ်ပါသည်။ ဒီလို စစ်ပွဲကို ဘာကြောင့် ကျွန်တော် တိမ်းညွှတ်ရသလဲ ဆိုသည်မှာ အထူးအထွေ ရှင်းပြနေဖို့ မလို၊ သဘောပေါက်ကြပါလိမ့်မည်။

အခုနေအခါ အချိန်ယန္တရား နောက်ပြန်သွားပြီး  အရာရာ အကြပ်အတည်းဆိုက်ကာ ယမ်းနံ့ သွေးနံ့တွေ ဆူဝေနေသော ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ကျွန်တော်တို့ ရောက်နေပါသည်။ ငြိမ်းချမ်းသော နှစ်များသည် ကုန်ဆုံးသွားခဲ့ပြီလား၊ လူမိုက်တွေ လက်ဇောင်းထက်သည့် ကမ္ဘာ့အခင်းအကျင်းသစ်ထဲတွင် ကျွန်တော်တို့ ရောက်နေပြီလား။ နိုင်ငံခေါင်းဆောင်အချို့က လူရမ်းကား မာဖီးယားတွေကဲ့သို့ ပြောဆို ပြုမူလာသော ခေတ်သစ် ကမ္ဘာကြီးထဲတွင် ကျွန်တော်တို့သည် ပြုသမျှ နုရမည့် ယုန်သူငယ်လေးတွေ ဖြစ်နေပြီလား စသဖြင့် သံသယနှင့် ဝိစိကိစ္ဆာများနေမိသည်။  ငြိမ်းချမ်းရေး စကားသံတွေ မှေးမှိန်ကာ ‘ချကွ’ ‘နှက်ကွ’ ‘ဆော်လိုက်ပါလားဟ’ ဆိုသော ဆူဝေသွေးကြွစကားတွေကသာ သတင်းစာမျက်နှာတွေပေါ်မှာ နေရာယူမှု တစ်နေ့တခြား တိုးပွားလာနေတာ တွေ့ရသည်။ စံနှုန်းတွေ ပျက်ကုန်ကြပြီ။ စည်းမျဉ်းတွေ လျော့ရဲလာပြီ။ နိုင်ငံခေါင်းဆောင် ဆိုသူတွေ နှုတ်က မထွက်ရဲတာ ဘာမျှမရှိ။ လက်က မလုပ်ရဲတာ တစ်ခုမျှမရှိ။

လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်က တောကျေးလက်မှာ ရှိနေစဉ် ကျွန်တော် စာအုပ်တွေ စတင်ပြီးဖတ်ခါစ ကာလတုန်းက ဖတ်ခဲ့ရသည့် စာသားလေးကို အခုတလော မကြာခဏ ပြန်၍ သတိရသည်။ ထိုစဉ်က အခုလို နွေရာသီ နေ့လယ်ခင်းများ၌ အရိပ်ကောင်းသော သစ်ပင်တစ်ပင်၏ အောက်တွင် သင်ဖြူးဖျာခင်းရင်း ကိုယ်ဖတ်ချင်သော စာအုပ်တစ်အုပ်ကို ဖတ်ခဲ့ရသည်မှာ တကယ့်စည်းစိမ်ပါပဲ။ ဒါက အခုမှ တွေးမိသည့် အတွေးသာပါ။ ထိုစဉ်ကတော့ စည်းစိမ်လို့ ဘယ်သိမှတ်မိမှာတဲ့တုံး။ အိမ်မက်တွေ တစ်ပွေ့တစ်ပိုက်ဖြင့် ကိုယ့်ဇာတိ တောကျေးလက်ထက် ပို၍ ကျယ်ဝန်းသော ကမ္ဘာလောကထဲသို့ တိုးဝင်ရန် စိတ်လောနေမိသည့် အရွယ်မဟုတ်လား၊ ကိုယ့် အရပ်ဒေသ၏ ကျဉ်းမြောင်းမှုကို သည်းညည်းမခံနိုင် ဖြစ်နေပြီး၊ ပိုမိုကျယ်ပြောသော ကမ္ဘာလောကကို ထရံပေါက်ကနေ ချောင်းမျှော်ကြည့်နေသည့် ကာလ။ လုလင်ငယ်သွေး ကြွနေသည့်အရွယ်။ အဲဒီတုန်းက စာအုပ်တစ်အုပ်ထဲမှာ အစ္စရေးဝန်ကြီးချုပ် ရှီမွန်ပီရက်ပြောသော စကားတစ်ခွန်းကို ဖတ်လိုက်ရသည်။ ၂၀ ရာစု အကုန် ၂၁ ရာစုသို့ အကူးအပြောင်းအချိန်မှာ ထိုလူကြီး ပြောခဲ့တာဖြစ်သည်။

‘မုဆိုးရာသီ ကုန်ခဲ့ပြီမို့ ၂၁ ရာစုအဝင်မှာ လေးနှင့်မြား မလိုတော့ပါ’ တဲ့။

ရှီမွန်ပီရက်၏ စကားကို ဖတ်လိုက်ရသည့်အခါ လယ်ကန်သင်းရိုးကို ခေါင်းခုရင်း မိုးကုတ်စက်ဝိုင်းကို မျှော်ကြည့်နေသည့် ကျွန်တော်တို့မှာ ဘုမသိ ဘမသိနှင့် ဘဝင်အကျကြီး ကျခဲ့မိတာကို အခု ပြန်တွေးကာ စာရေးနေရင်းက ပြုံးမိပါသေးရဲ့။ ဒါပေမဲ့ ထိုစဉ်က တကယ်ယုံကြည်ခဲ့တာပါ။ ရှီမွန်ပီရက်ပြောတာလည်း မှန်သည်လေ။ ကုန်ခဲ့ပြီးဖြစ်သော ၂၀ ရာစု ကမ္ဘာ ကြီးသည် စစ်မက်တွေ တင်းကြမ်းပြည့်နေခဲ့သည် မဟုတ်ပါလော။ လူ့အသက်ဇိဝိန်တွေ အမြောက်အမြား ခြွေပစ်ခဲ့သည့် ပထမနှင့် ဒုတိယ ကမ္ဘာစစ်ကြီးနှစ်ခုသည် ၂၀ ရာစုမှာ ဖြစ်ပွားခဲ့သလို့ အဆိုးရွားဆုံးဟု ခေါ်နိုင်သည့် စစ်လက်နက်ပစ္စည်းဖြစ်သော အဏုမြူဗုံးကို တီတွင်နိုင်ခဲ့သလို ဟီရိုရှီးမားနှင့် နာဂါစာကီမြို့နှစ်မြို့ကို အဆောက်အအုံတွေရော လူ့အသက်များစွာကိုပါ အပိုင်းပိုင်းပျက်ကြွေအောင် လုပ်ပစ်ခဲ့ပြီ မဟုတ်လော။ အခြားသော ဒေသတွင်း ကန့်သတ်စစ်ပွဲ တွေကလည်း အများအပြား ဖြစ်ပွားခဲ့သည်။ စစ်မဖြစ်သည့်တိုင်အောင် ဆိုဗီယက်နှင့် အမေရိကန် နှစ်ပြည်ထောင်ကြားက စစ်အေးတိုက်ပွဲဆိုတာကြီးကို ပြည်ဖုံးကား ချနိုင်ခဲ့တာပင် မကြာသေး။ အစ္စရေးနှင့် ပါလက်စတိုင်းတွေကြားက ပဋိပက္ခ သည် ၂၀ ရာစုအတွင်းမှာပင် သန္ဓေတည်ပေါက်ဖွားပြီး တစစနှင့် ကြီးမားသော အသွင်လက္ခဏာကို ဆောင်ခဲ့ပြီ မဟုတ်လော။

သို့နှင့် ကလေးအတွေးလို့ပဲ ဆိုချင်ဆိုပါရော့။  လူငယ်တစ်ယောက်သည် မကြာမီ သူတိုးဝင်ရတော့မည့် ကမ္ဘာကြီးမှာ ငြိမ်းချမ်းသာယာလိမ့်မည်ဟု ရိုးစင်းစွာ တွေးမိမျှော်မိ ယုံကြည်မိသည်မှာ အဆန်းတော့လည်း မဟုတ်ပါ။ ပိုမိုသာယာသော၊ ငြိမ်းချမ်း တိုးတက်သော၊ စားရေရိက္ခာပေါများသော ကမ္ဘာလောကကြီးနှင့် ကြုံရလိမ့်မည်ဟုသာ တွေးခဲ့မိပါသည်။ မုဆိုးရာသီ ကုန်သွားပြီတဲ့။  ၂၁ ရာစုမှာ လေးနှင့်မြားတွေ မလိုတော့ဘူးတဲ့။ ပညာသာ လိုအပ်သည်တဲ့။ ပညာခေတ်။ ပညာကသာ ရှေ့ဆောင်ရှေ့ရွက်ပြုတော့မည်တဲ့။ လူသားသည် အတိတ်က အမှားအယွင်းတွေကို သမိုင်းသင်ခန်းစာ ယူကာ ၂၁ ရာစုကို ပိုကောင်းသော ရာစုဖြစ်အောင် တည်ဆောက်လတ္တံ့။ ဤသို့ပင် စိတ်ကူးတယဉ်ယဉ်ဖြင့် လူငယ်ဘဝကို ဖြတ်ခဲ့ပါ၏။

သို့သော်လည်းပေါ့လေ။ ယခု၊ ၂၁ ရာစုထဲသို့ ရောက်အပြီး နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ် ကြာသောအခါ ကမ္ဘာကြီးမှာ လေးသံမြားသံတွေ စဲသွားသည်ဟု မတွေ့ရသေးပါ။ ပို၍ပင် တညံညံ တသောသော ကြားလာရလိုလို ရှိပါသည်။ တကယ့် လေးနှင့် မြားသံတွေတော့လည်း မဟုတ်။ ခေတ်သစ်နည်းပညာနှင့် ဉာဏ်ရည်တုကို သုံး၍ စစ်ပွဲဆင်နွှဲကြသော ခေတ်ကြီးသို့ ရောက်နေပြီဖြစ်ရာ  တာဝေးပစ်ဒုံးကျည်ဆန်တွေနှင့် နိုင်ငံဖြတ်ကျော်ပြီး ပစ်ခတ်နိုင်သော၊ ပစ်မှတ်ကိုလည်း တိတိကျကျ ရွေးချယ်နိုင်သော ခေတ်သစ်စစ်ပွဲများမှာ ဆန်းကြယ်သည်။ ရက်စက်သည်မှာလည်း ဆိုဖွယ်မရှိ။ မျက်စိတမှိတ်အတွင်း လူပေါင်းရာချီအထိ အသက်သေဆုံးနိုင်စွမ်း ရှိစေသည်။ ခေတ်သစ်ကမ္ဘာတွင် စစ်မီးသည် တစ်နိုင်ငံ တစ်တိုင်းပြည်နှင့်လည်း ပြီးစတမ်းမဟုတ်။ အခြားကမ္ဘာနိုင်ငံတွေကိုပါ စီးပွားရေး နိုင်ငံရေးအရ သက်ရောက်မှု ရှိသည်။ ရှေးလူကြီးတွေ ပြောလေ့ရှိကြသော ‘ညောင်ဦး ကမ်းပါးပြိုတာ  စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးတာ’ ဘာဆိုင်လဲ ခေတ်မဟုတ်တော့။ မကြာမီက အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးက စစ်ရေးအရ တိုက်ခိုက်သောအခါ ကမ္ဘာကြီးမှာ လောင်စာဆီ စွမ်းအင်အကျပ်အတည်း ဆိုက်ကုန်သည်က မြင်သာသော သက်သေတစ်ခုပါပေ။

ကိုယ့်နေထိုင်ရာ ကိုယ့်တိုင်းပြည် ပြန်ကြည့်တော့လည်း ပြီးခဲ့သည့် ငါးနှစ်အတွင်း အဘက်ဘက်မှာ ‘ကယောက်ကယက်’ နိုင်လွန်းနေသည်မှာ အားလုံးအသိ။ စစ်ပွဲတွေက အိမ်တံစက်မြိတ်ကို ဖြတ်သန်းသွားသည်။ ယမ်းငွေ့တွေက မြိုရွာကျေးလက်ကို ယှက်သန်းအုပ်မိုးနေသည်။ ‘ပြည်ရွာမှာ သေတာလောက် မကောင်းချိန်မို့’ လူတွေ ရာချီထောင်ချီပြီး နေရပ်ကို စွန့်နေကြရသည်။ နယ်စပ်ကို ဖြတ်ကျော်ကာ နီးစပ်ရာ အိမ်နီးချင်းတိုင်းပြည်၏ ထီးရိပ်မှာ ခိုလှုံနေရသည်။ အချို့တွေက မိခင်တိုင်းပြည်နှင့် ပို၍ဝေးသော တတိယနိုင်ငံတွေဆီသို ရောက်ကုန်ကြပြီ။ ဘာမျှမတတ်နိုင်သူတွေကတော့ ပြည်တွင်းမှာ ကြုံလာသမျှ အခက်အခဲများကို အံကြိတ် ခါးစည်းခံနေကြသည်။

ဤတွင် ဘဝပေးအသိအရ အခက်အခဲ အကျပ်အတည်းထဲမှာ ရှင်သန်နေထိုင်ဖို့ နည်းလမ်းတွေ လိုအပ်လာသည်။ တစ်ဦး တစ်ယောက်စီတိုင်းမှာ သူ့အဘိဓမ္မာနှင့်သူ ရှင်သန်ရေးနည်းဗျူဟာနှင့် နည်းပရိယာယ်တွေ ရှိကြမည်သာ ဖြစ်ပါသည်။ လူ့သမိုင်းတစ်လျှောက် ရှင်သန်ရပ်တည်ရေး တိုက်ပွဲတိုင်းမှာ လူသားတွေ တစ်ဦးတစ်ယောက်စီက ကိုယ်ကိုင်စွဲရာ အဘိဓမ္မာ အခြေခံပေါ်ကနေ ရပ်တည်ပြီး အကျပ်အတည်း အခက်အခဲတွေကို တွန်းလှန်ခဲ့သည်ချည်းပါပဲ။ အချို့က ရန်သူကို ကြံ့ကြံ့ခံသည်။ အချို့က ရန်သူကို မိတ်ဆွေလုပ်နိုင်ခဲ့သလို၊ အချို့က မိတ်ဆွေကို သစ္စာဖောက်ကာ ရန်သူနှင့် ကျေအေး စေ့စပ်ရေး လုပ်သွားသည်လည်းရှိသည်။ အချို့က ယုံကြည်ချက်အတွက် မဖောက်ပြန်စတမ်း ရပ်ခံရင်း အခက်အခဲများကို ကျော်လွှားသွားခဲ့ကြသည်။ ထိုသူများကတော့ ထူးတဲ့  စွမ်းတဲ့ ရဲတဲ့ဂုဏ်ရောင်ပြောင်တဲ့သူတွေပါပဲ။

အခုလို ကမ္ဘာကြီးမှာ စစ်ပွဲတွေ ကြီးစိုးနေချိန်၊ တစ်ချိန်က အားကောင်းခိုင်မာခဲ့သည်ဆိုသော စံနှုန်းများကို သွေဖည်စေသော အယူအဆတွေ ခေါင်းထောင်လာချိန်၊ ကိုယ်နေထိုင်ရာ တိုင်းနိုင်ငံပြည်ရွာမှာလည်း နေထိုင်ရတာ မလွတ်မလပ် အသက်ရှု ကြပ်နေသည့်အခြေနှင့် ကြုံကြိုက်ရချိန်တွင်မျိုးတွင် စာဖတ်သမားဖြစ်သော ကျွန်တော်တို့ကတော့ စာအုပ်ပုံကြီးထဲ ခေါင်းစိုက်ကာ ကိုယ့်ကတုတ်ကျင်းကိုယ် နက်နက်တူးနေမိတော့တာပါပဲ။ စာအုပ်တွေထဲမှာ ကိုယ့်ယုံကြည်ချက်ကို အားကောင်းခိုင်မာစေသော အဖြစ်အပျက်တွေကို ရှာပြီး ဖတ်မိသည်။ ရှေ့တုန်းက လူပုဂ္ဂိုလ်ကြီးတွေဟာ သူတို့ကြုံတွေ့ ရင်ဆိုင်ရတဲ့ အကျပ်အတည်း အခြေအနေထဲမှာ ဘယ်လိုမျိုး ရှင်သန်ဖြတ်သန်းသွားခဲ့ပါသလဲ။ မှန်ကန်သော ယုံကြည်ချက်မှ မသွေဖည်စတမ်း ဘယ်လိုများ နေထိုင်သွားကြပါသလဲ။

ဤသို့သော ရည်ရွယ်ချက်ဖြင့် ကျွန်တော်တို့သည် စစ်ပွဲဆိုင်ရာ ရုပ်ရှင်များ၊ စာအုပ်များကို ဖတ်သည်၊ ကြည့်သည်။ အခြားသော အကျဉ်းအကျပ်အခြေအနေထဲကနေ ရုန်ထွက်ခဲ့သော အဖြစ်အပျက်တွေကို လေ့လာရင်း ကိုယ့်စိတ်ဓာတ်နှင့် ကိုယ့်ယုံကြည်ချက်ကို တည့်မတ်အောင် ထောက်ကန်ပေးနေရသည်။ မဟုတ်လျှင် နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ ကျွန်တော်တို့ကတော့ ဤသို့ဖြင့်သာ ကိုယ့်ဘာသာ အားမွေးကာ ပြီးခဲ့သည့်အချိန် ငါးနှစ်ကျော်ကာလကို ဖြတ်သန်းခဲ့ကြပါသည်။ ဆက်ပြီးလည်း ဖြတ်သန်းရဦးမှာပါ။ ထိုအခါ ကိုယ်ဖတ်မိသည့် စာအုပ်လေးတွေထဲက လူ့စိတ်ဓာတ်ကို ခိုင်ကျည်စေမည့် အကြောင်းအရာလေးတွေကို ပြန်လည် ဝေမျှကြည့်ချင်စိတ်လည်း ဖြစ်ပေါ်ပါသည်။ ဘဝတူချင်း ဒီလိုရှိရဲ့ဟု လက်တို့ခြင်းမျှ။

၂။

မကြာသေးမီက ကျွန်တော်သည် အင်တာနက်ထဲတွင် ဟိုဟိုသည်သည် လိုက်ရှာဖတ်ကြည့်ရင်း Stockdale Paradox ဆိုသော စကားတစ်လုံးကို အမှတ်ထင် သွားတွေ့သည်။ မြန်မာလို ‘စတော့ဒေးလ် ဝိရောဓိ’ လို့ပဲ ခပ်ကြမ်းကြမ်း အနက်ပြန်ရလေမလားတော့ မသိ။ စကားလုံးရင်းမြစ်ကို လိုက်ပြီး ဆန်းစစ်ကြည့်သည့်အခါ ခက်ခဲကြပ်တည်းသော အခြေအနေ တစ်ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့အတွက် လိုအပ်သည့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်များဖြစ်သော ယုံကြည်မှု (Faith) နှင့် လက်တွေ့ကျမှု/စည်းကမ်း (Discipline) ဆိုသော အရည်အသွေးနှစ်ခုကို ပေါင်းစပ်ထားခြင်းဟု အနက် ထွက်သည်။

ယုံကြည်ချက် (Faith) ဆိုသည်မှာ ကြုံနေရသော အခြေအနေအရပ်ရပ်က မည်ရွေ့မည်မျှပင် ခက်ခဲနေပါစေ၊၊ နောက်ဆုံး စ်နေ့တွင် ကျွန်တော်တို့ အောင်မြင်စွာ ကျော်လွှားနိုင်ရမည်ဆိုသော  လုံးဝမတုန်လှုပ်သည့် ယုံကြည်ချက်ရှိနေခြင်းကို ဆိုလိုသည်။ လက်တွေ့ကျမှု/စည်းကမ်း (Discipline) ဆိုတာကတော့ ကျွန်တော်တို့ ရင်ဆိုင်နေရသော လက်ရှိအခြေ အနေများခါးသီးသော အမှန်တရားတွေကို (မည်မျှပင် ဆိုးရွားစေကာမူ) ရဲရဲကြီး ရင်ဆိုင်ကာ အသိအမှတ်ပြုသော စိတ်အရည်အသွေးကို ဆိုလိုသည်တဲ့။

စတော့ဒေးလ် ဝိရောဓိဆိုသော အယူအဆက အမေရိကန်ရေတပ် လေယာဉ်မှုးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ဂျိမ်းစတော့ဒေးလ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စတော့ဒေးလ်သည်  ဗီယက်နမ်စစ်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်နေစဉ် သူမောင်းနှင့်သည့် လေယဉ်မှာ ပစ်ချခံလိုက်ရသည်။ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် စတော့ဒေးလ် ၏ Skyhawk ဆိုသည့် လေယဉ်မှာ မြောက်ဗီယက်နမ် တောအုပ်တစ်အုပ်ပေါ်သို့ ပျက်ကျသွားသည်။ လေထီးကို ဖွင့်၍ မြေပြင်သို့ ဆင်းသက်ရာ၊ အောက်တွင် သူ့ကို ဗီယက်နမ်စစ်သားများက ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးကြသည်။ လေယဉ်ပျက်ကျသည့် အရှိန်ကြောင့် ခြေထောက်တဖက် ကျိုးသွားပြီး၊ ကျောရိုးဒဏ်ရာရသည်။ ကျိုးနေသော ခြေထောက်မှာ ဗီယက်နမ်စစ်သားများ၏ ရိုက်နှိက်မှုကြောင့် အခြေအနေ ပိုဆိုးရွားသွားလေသည်။

ဗီယက်နမ်စစ်သားများက သူ့ကို ဟနွိုင်းမြို့ရှိ နာမည်ကျော် Hoa Lo (Hanoi Hilton) ဆိုသော အကျဉ်းထောင်သို့ ဖမ်းခေါ်သွားခဲ့ကြသည်။ သီးသန့်အခန်းကျဉ်းထဲတွင် လပေါင်းအတော်ကြာ တစ်ဦးတည်း ပစ်ထားသည်။ ထို့နောက်တွင် စတော့ဒေးလ်သည် ဆိုးဝါးရက်စက်သည့် နှိပ်စက်နည်းမျိုးစုံဖြင့် နှိပ်စက်စစ်ဆေးခြင်းကို ခံရပြန်သည်။ အမျိုးမျိုးသော နှိပ်စက်နည်းတွေထဲက တစ်ခုမှာ အကျဉ်းသားကို ကြမ်းပြင်ပေါ်တွင် ခြေထောက်ဆန့်ခိုင်းကာ လက်များကို နောက်ပြန် တုတ်ချည်ထားပြီး အစောင့်တစ်ဦးက အကျဉ်းသား၏ ကျောပြင်ပေါ်သို့ တက်နင်းခြင်းဖြစ်သည်။ ထိုအခါတွင် အကျဉ်းသား၏ နှာခေါင်းက ဆန့်ထားသော ခြေထောက်နှင့်ခေါင်းကြားရှိ သံမံတလင်းနှင့် ပွတ်တိုက်မိသည့်တိုင်အောင် မျက်နှာကို ဖိထားသည့် နှိပ်စက်နည်းဖြစ်သည်။

မြောက်ဗီယက်နမ်စစ်သားတွေက စတော့ဒေးလ်ကဲ့သို့သော အမေရိကန်စစ်အရာရှိတစ်ဦးကို ဖမ်းမိထားသည်ကို ၎င်းတို့၏ ဝါဒဖြန့်ချိရေး၌ အသုံးပြုရန် ကြိုးစားခဲ့သည်။ ဝါဒဖြန့်သည် ဆိုရာတွင် စစ်သုံ့ပန်းများကို အမေရိကန်အစိုးရအား ပြန်၍ ရှုံ့ချပြစ်တင်ခိုင်းခြင်း၊ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲပါသည်ဆိုကာ အများပြည်သူရှေ့တွင် ဝန်ခံခိုင်းခြင်း ဖြစ်သည်။ စတော့ဒေးလ်သည် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့်အချိန် သူ့စိတ်ထဲတွင် ခိုင်မာသော သံန္နိဌာန်တစ်ခု ချထားသည်။ အခြားမဟုတ်။ ‘သူ့ဂုဏ်သိက္ခာ မပွန်းမပဲ့ဘဲနှင့် အိမ်ပြန်နိုင်ရေး’ ဖြစ်သည်။

စ်နေ့တွင် စတော့ဒေးလ်ကို ဝါဒဖြန့်ရုပ်သံရိုက်ကူးရန် အာဏာပိုင်တွေက လာခေါ်သည်။ ကိုယ့်လက်သန့်စင်ရန်၊ မုတ်ဆိတ်ရိတ်ရန်အတွက် သူ့ကို ရေချိုးခန်းသို့ ခေါ်သွားခံရသည်။ ရေချိုးခန်းထဲတွင် တစ်ဦးတည်း ရှိနေစဉ် စတော့ဒေးလ်သည် မုတ်ဆိတ်ရိတ်ရန် ပေးထားသော သင်ဓုန်းဓားဖြင့် သူ့ဦးရေပြားကို ဆွဲဖြဲပစ်လိုက်သည်။ ဆံပင်ကိုလည်း ငယ်ထိပ်က ကွက်ပြီး ရိတ်ပစ်လိုက်တော့သည်။ သူ့ လုပ်ရပ်ကို မြင်သောအခါ အာဏာပိုင်တွေ အကြီးအကျယ် စိတ်ဆိုးသည်။ ကွက်ကျားဖြစ်နေသော ဆံပင်ကို ဖုံးဖိရအောင်ဆိုပြီး ဦးထုပ်သွားယူနေသော အစောင့် လစ်သည့်အချိန်မှာ စတော့ဒေးလ်က သူ့ကိုယ့်သူ ထိခိုက်အောင် ထပ်လုပ်ဖို့ ကြံစည်ပြန်သည်။ အခန်းတွင်း မျက်စိကစားကြည့်သောအခါ သစ်သားထိုင်ခုံ တစ်လုံးကို တွေ့သည်။ ထိုထိုင်ခုံဖြင့် သူ့မျက်နှာကို သူ့ဘာသာ ဒဏ်ရာရအောင် အချက်ပေါင်းများစွာ ရိုက်ပစ်လိုက်သည်။ ဆိုးဆိုးဝါးဝါး ရုပ်ပျက်သွားသည့်အခါ သူ့ကို ဝါဒဖြန့်ချိရေးအတွက် ရုပ်မြင်သံကြားရိုက်ကူးဖို့မှာ မဖြစ်နိုင်တော့။ စတော့ဒေးလ်သည့် ဤနည်းဖြင့် ကိုယ့်အစိုးရကိုယ်သိက္ခာချရမည့် အနေအထားမှ လွတ်အောင် အကျဉ်းထောင်အတွင်း အမျိုးမျိုးကြံစည်ပြုမှုခဲ့ပါသည်။

အကျဉ်းထောင်အတွင်း စတော့ဒေးလ်၏ ယုံကြည်ချက်ကို မဖောက်မပြန် ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပုံ ဖြစ်ရပ်တွေ အမြောက်အမြားရှိပါသည်။ စစ်သုံ့ပန်းဘဝတွင် အကျဉ်းထောင်အတွင်းရှိ အခြားသော အကျဉ်းသားများနှင့် နံရံခေါက်အချက်ပေးသည့်စနစ်ကို အသုံးချကာ အချင်းချင်း ဆက်သွယ်ပြီး စိတ်ဓာတ်ခိုင်မာအောင် ဆောက်တည်နေထိုင်ခဲ့သည်။ စတော့ဒေးလ်သည် မြောက်ဗီယက်နမ်က ဖမ်းမိသည့် စစ်သုံ့ပန်းများထဲတွင် ရာထူးအကြီးဆုံးဖြစ်သည်။ သူနှင့်ဘဝတူ အခြားအကျဉ်းသားများ စိတ်ဓာတ်မပြိုလဲအောင်လည်း သူက စံနမူနာပြအဖြစ် ပြုမှုနေထိုင်ခဲ့လေသည်။ စစ်ကြောရေးဝင်သည့် အချိန်တွင် ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုများကို တောင့်ခံနိုင်သမျှ တောင့်ခံဖို့ သူက အခြားအကျဉ်းသားများကို အကြံပြုသည်။ အရေးအကြီးဆုံးမှာ စစ်ရေး နိုင်ငံရေး အကျဉ်းသားတစ်ဦးသည် ‘ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းရေး’မှာ အဓိက ဖြစ်သည်ဟူသော အချက်ကို စွဲကိုင်သည်။ နံရံလေးဘက်ကြားတွင် ကိုယ်ကိုယ်ကိုယ် လေးစားမှုမရှိသူတစ်ဦးသည် အလွယ်တကူ ပြိုလဲသွားလိမ့်မည်။ မသန့်ရှင်းသော စိတ်ဝိဉာဉ်က ရန်သူ့ရှေ့တွင် လူတစ်ယောက်ကို ဒူးထောက်မိစေ လိမ့်မည်။ စတော့ဒေးလ်က ထိုအယူအဆကို မသွေတမ်း ဆုပ်ကိုင်ထားခဲ့သည်။

စိတ်ပိုင်း ရုပ်ပိုင်း ကြံ့ကြံ့ခံရပ်တည်ရင်းဖြင့် စတော့ဒေးလ်သည် ဗီယက်နမ်စစ်ပွဲအတွင်း အကျဉ်းသားအနေနှင့် ဖြတ်သန်းခဲ့ပြီးနောက် ရှစ်နှစ် (၁၉၆၅-၁၉၇၃) အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ စတော့ဒေးလ် ပြန်လည်လွှတ်မြောက်လာပြီးနောက်တွင် သူ၏ အကျဉ်းစံနေ့ရက်များအကြောင်းကို လူတွေက မေးမြန်းကြသည်။ ရှစ်နှစ်လောက် ရန်သူ့အကျဉ်းသားအဖြစ် နေထိုင်ခဲ့ရသည်မှာ လွယ်ကူသည့် အနေအထားမဟုတ်ပါ။ ထို့ကြောင့် စိတ်ဝင်းစားကြခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် စီးပွားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စာအုပ်များရေးသားသူ စာရေးဆရာ ဂျင်ကောလင်း (Jim Collins) က စတော့ဒေးလ်ကို လူတွေ့မေးမြန်းခဲ့သည်။ ဂျင်ကောလင်းသည် စတော့ဒေးလ်နှင့် ဇနီးသည်တို့ ပူးတွဲရေးသားသည့် အကျဉ်းထောင်ဖြတ်သန်းမှု အတွေ့အကြုံများစာအုပ် ‘In Love and War’ ဆိုသော စာအုပ်ကို ဖတ်မိသည်။ စစ်သုံးပန်းဘဝဖြင့် နေထိုင်ခဲ့ရသည့် ခက်ခဲခါးသီးသော နေ့ရက်များအတွင်း မည်သို့သော စိတ်အခြေအနေဖြင့် စတော့ဒေးလ် ဖြတ်သန်းခဲ့သည်ကို စိတ်ဝင်စားသည်။ မရေမရာနိုင်လွန်းသော အနေအထားထဲမှာ ‘တစ်နေ့ လွတ်မြောက်ရမယ်’ ဆိုသော မျှော်လင့်ချက်ကို စတော့ဒေးလ်တစ်ယောက် ဘယ်လိုများ ရှင်သန်အောင် မွေးမြူထားနိုင်ခဲ့ပါလိမ့်။ ကောလင်း၏ အမေးကို စတော့ဒေးလ်က ဤသို့ ပြန်ဖြေသည်။ "ကျွန်တော် တစ်နေ့မှာ ပြန်လည်လွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက်က တစ်ခါမျှ မပျောက်ဆုံးခဲ့ပါဘူး" တဲ့။

"အကျဉ်းထောင်ထဲကနေ ဘယ်လိုလူမျိုးတွေ ပြန်မလွတ်လာ (အသက်မရှင်နိုင်) ခဲ့တာလဲ" ဟု ကောလင်းက ထပ်မေးသည်။ စတော့ဒေးလ်က ခပ်တိုတိုပဲ အဖြေပေးသည်။ “အကောင်းမြင်လွန်းတဲ့သူ (The optimists) တွေပေါ့ဗျာ” 

“ဘာ ဘယ်လို၊ ကျွန်တော် နားမလည်တော့ဘူဗျာ” ကောလင်း အံ့ဩသွားပြီး၊ သေချာအောင် ထပ်မေးပြန်သည်။ ထိုအခါ စတော့ဒေးလ်က အခုလို ပြန်ဖြေသည်။ ထိုအဖြေမှာ ကမ္ဘာကျော်ပါသည်။

"အကောင်းမြင်လွန်းသူတွေလေ။ 'ခရစ္စမတ်ရောက်ရင်တော့ ငါတို့ လွတ်တော့မှာပါ' လို့ ပြောကြတဲ့ လူတွေပေါ့ဗျာ။ ဒါပေမဲ့ ခရစ္စမတ်သာ ရောက်လာတယ်၊ မလွတ်ဘူး။ ပြီးတော့စ်ခါ သူတို့က 'အီစတာပွဲတော်’ ရက်ကျရင်တော့ ငါတို့ လွတ်မှာပါ' လို့ ပြောကြပြန်တယ်။ အီစတာ ရောက်လာတယ်၊ မလွတ်သေးပြန်ဘူး။ နောက်တစ်ခါ ‘ကျေးဇူးတော်ချီးမွမ်းပွဲ’ ကျ လွတ်မှာပါ ဖြစ်ပြန်ရော။ မလွတ်ပြန်ဘူး။ ဒီလိုနဲ့ နောက်နှစ်တစ်ပတ်လည်ပြီးတော့ ခရစ္စမတ် ထပ်ရောက် လာပြန်တယ်။ အခုနလိုပဲ ငါတို့ လွတ်မှာပါ မျှော်လင့်ကြပြန်တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သူတို့ဟာ ရင်ကွဲပြီး သေသွားကြတယ်

အတန်ကြာ တိတ်ဆိတ်ပြီးမှ စတော့ဒေးလ်က ဆက်ပြောပါတယ်တဲ့။ “ဒါဟာ အင်မတန်အရေးကြီးတဲ့ သင်ခန်းစာပဲဗျခင်ဗျားဟာ နောက်ဆုံးမှာ အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ချက် (ဒါကိုတော့ အဆုံးရှုံးခံလို့ မဖြစ်ဘူးပေါ့) နဲ့ လက်ရှိဘဝရဲ့ အခါးသီးဆုံး အမှန်တရားတွေကို ရင်ဆိုင်နိုင်တဲ့ စည်းကမ်းရှိမှုကို ဘယ်တော့မှ ရောထွေးမပစ်လိုက်ဖို့ပဲ။ ပြောချင်တာကတော့ဗျာ၊ ငါတို့ဟာ ခရစ္စမတ် ရောက်ရင်လည်း မလွတ်သေးဘူး။ အဲဒီအမှန်တရားကို ရဲရဲရင်ဆိုင်ရမှာ"

စတော့ဒေးလ် ဆိုလိုသည်က တစ်နေ့ လွတ်မြောက်ရမယ်ဆိုသည့် ‘ယုံကြည်မှု’ နှင့် လက်ရှိမှာတော့ မလွတ်သေးဘူး၊ လက်ရှိအခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ဖြတ်သန်းဦးမယ်ဆိုသည့် ‘စည်းကမ်း’ ကို ပေါင်းစပ်ဖို့ ဖြစ်သည်။ မျှော်လင့်ချက်အမှားတွေက လူကို သေစေသည်ဟု ဆိုလိုရင်းဖြစ်သည်။ ‘မျှော်လင့်ချက်ကို ဆုပ်ကိုင်၊ လက်တွေ့ဘဝကို ရဲရဲရင်ဆိုင်’ ဆိုသည်မှာ စတော့ဒေးလ်၏ အယူအဆဖြစ်သည်။ ထိုအယူအဆတွင် အခြေခံကာ စာရေးဆရာ ဂျင်ကောလင်းက ‘စတော့ဒေးလ် ဝိရောဓိ’ (Stockdale Paradox ) ဆိုသည့် အယူအဆကို သူ၏ Good to Great စာအုပ်ထဲတွင် ဖော်ထုတ် တင်ပြရာက စ်ဆင့် နာမည်ကြီးလာခြင်းဖြစ်သည်။

၃။

 ‘စတော့ဒေးလ် ဝိရောဓိအကြောင်း လိုက်ပြီး လေ့လာကြည့်ရင်းက သတိရမိတာ နှစ်ခု ရှိပါသည်။ တစ်ခုက ‘လွတ်ကြောင်’ ဆိုသော စကားလုံးဖြစ်သည်။ ဘယ်နေ့တွင်တော့ အကျဉ်းထောင်က လွှတ်မှာပဲဆိုသည့် စိတ်အတွင်း ထင်ယောင်မြင်ယောင်ဖြစ်မှုမျိုးတွေ အကျဉ်းထောင်မှာ အနေကြာ လာသည့်အခါ ဖြစ်လေ့ရှိကြောင်းကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြန်လည်ရေးပြကြသော ထောင်အတွေ့အကြုံ စာအုပ်တွေထဲမှာ ဖတ်ခဲ့၊ မှတ်ခဲ့ရဖူးသည်။ ယခု စတော့ဒေးလ် ပြောသည် မှာလည်း လွတ်ကြောင်’ နှင့် သဘော အတူတူပါပဲ။ တကယ်တော့ ကျွန်တော်တို့လည်း ထောင်ထဲသာ ရောက်မနေတာပါ။ ဘယ်နေ့တော့ဖြင့် ဘာဖြစ်ကောင်းရဲ့ဆိုကာ မျှော်လင့်ချက်တွေနှင့် ‘လွတ်ကြောင်’ ဖြစ်မှန်းမသိ ဖြစ်နေတတ်သည့် အခိုက်အတန့်တွေ ရှိနေတာပါပဲ။ မျှော်လင့်ချက်အမှား (False Hope ) တွေက လူတွေကို ‘လွတ်ကြောင်’ ဖြစ်စေပါသလား။  

သတိရမိသည့် နောက်တစ်ခုကတော့ စာအုပ်တစ်အုပ်ပါပဲ။ စတော့ဒေးလ်အကြောင်း ဖတ်နေရင်း ဆရာမောင်သော်က၏ ‘တိုက်ရေယာဉ် ၁၀၃’ စာအုပ်က မှတ်ဉာဏ်ထဲမှာ ထင်လင်းစွာ ပြန်ပေါ်လာသည်။ တိုက်ရေယာဉ်၁၀၃ ၏ စစ်ရေးယဉ်မှူး ဗိုလ်ကြီးဘသော် (စာရေးဆရာမောင်သော်က)၏ သင်္ဘောနစ်မြုပ်ပြီး ပင်လယ်ပြင်တွင် မျောနေသည့် ရက်ပေါင်း တစ်ဆယ့်သုံးရက် အတွေ့အကြုံများအကြောင်း ပြန်လည်ရေးပြထားသော အဆိုပါစာအုပ်မှာ နာမည်ကြီးသော ကိုယ်တွေ့မှတ်တမ်းဖြစ်၍ မြန်မာစာဖတ်သူတွေထဲ မဖတ်ဖူး မကြားဖူးသူ မရှိသလောက် ဖြစ်နေမှာပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း စတင်ဖတ်ရသည့်အချိန်တွင် ပထမဆုံး စာမျက်နှာမှ စာအုပ်ပြီးသည့်အထိ တစ်ထိုင်တည်း ဖတ်မိသွားအောင် ဆွဲ‌ဆောင်နိုင်သော စာအုပ်အဖြစ် အမှတ်တရ ရှိနေသည်။ အဲဒီတုန်းက ဆရာမောင်သော်က စာအုပ်တွေက ထုတ်ဝေရေးပိုင်းတွင် အကန့်အသတ်ခံနေရသည့် ကာလဖြစ်ရာ စာအုပ်၏ မိတ္တူကိုသာ ဖတ်ခဲ့ရခြင်း ဖြစ်သည်။ နောက် ပိုင်းတွင်မှ ပုံနှိပ်စာအုပ်အစစ်ကို ကျွန်တော်တို့ ဖတ်ခွင့်ရတော့သည်။

ငယ်စဉ်အခါ ‘တိုက်ရေယာဉ် ၁၀၃’ စာအုပ်ကို စတင်ဖတ်မိစဉ်တုန်းကတော့ တိုက်ရေယာဉ်နစ်မြုပ်ပြီး အသက်ကယ်ဖောင်လေးတစ်စင်းနှင့် ပင်လယ်ထဲတွင် မျောနေသည့် အဖြစ်အပျက်မှာ စိတ်ဝင်စားစရာ ကောင်းလို့သာ လက်ကမချတမ်း ဖတ်ခဲ့ခြင်းဖြစ်ပြီး၊ တကယ်စေ့စေ့ငုငု မစောကြောဖြစ်ခဲ့။ နောက်ပိုင်း တကယ့်လူ့ဘဝနယ်ပယ်ထဲမှာ ဝင်ရောက်တိုးဝင်ရင်း အခက်အခဲတွေ အမျိုးမျိုးရင်ဆိုင်ရသည့်အခါတွင်မှ ‘တိုက်ရေယာဉ် ၁၀၃’ စာအုပ်ကပေးသော ‘စိတ်သတ္တိ’ ကို ရေးတေးတေး မြင်လာသည်။ ဒါကလည်း စာအုပ်တစ်အုပ်ကို ဖတ်ပြီး တွေးတောဆင်ခြင်ကြည့်သည့် အဆင့်ထက် မပိုခဲ့ပါ။

စတော့ဒေးလ်အကြောင်း ဖတ်မိပြီးသည့်နောက်ပိုင်းတွင် ကျွန်တော်တို့သည် ‘တိုက်ရေယာဉ် ၁၀၃’ ကို နောက်တစ်ကြိမ် ပြန်လည်ဖတ်ဖြစ်သည်။ ဒီတစ်ခါ ဖတ်သည်ကတော့ ဟိုတုန်းအခါကလည်း ‘ဖြစ်ရပ်’ သပ်ပ်ကို အပေါ်ယံရှပ်ပြီး ဖတ်တာမျိုး မဟုတ်။ တကယ့် အကျပ်အတည်းထဲမှာ ဗိုလ်ကြီးဘသော် (မောင်သော်က) ဘယ်လို ဦးဆောင်ဖြတ်သန်းခဲ့သလဲ ဆိုတာကို အဓိက အာရုံစိုက်ပြီး လေ့လာရင်း ဖတ်ခြင်းဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်သည် မျှော်လင့်ချက်မဲ့နေသော အခြေအနေထဲမှာပင် သူ့နောက်လိုက်သူများကို မှန်ကန်သော ဦးဆောင်မှုကို ဘယ်လိုပေးခဲ့ပါသလဲ။

တကယ်တော့ တိုက်ရေယာဉ် ၁၀၃ နစ်မြုပ်တော့မည်ဟု အကဲခတ်မိကာ၊ အသက်ကယ်ဖောင် နှစ်ခုရှိသည့်အနက် တစ်ခုကို ပင်လယ်ထဲသို စမ်းသပ်ဖွင့်ခိုင်းလိုက်စဉ်မှာ အသက်ကယ်ဖောင်ပေါ်သို့ ရေတပ်သားကိုးယောက် ခုန်ဆင်းသွားကြပြီ။ စစ်ရေးယဉ်မှုးဖြစ်သော ဗိုလ်ကြီးဘသော်အနေဖြင့် ‘သင်္ဘောကို စွန့်ခွာကြ’ ဟု အမိန့်ပေးခြင်း မပြုရသေးပါ။ လူ့သဘာဝအရ ဒီအတိုင်းဖြစ်တာကလည်း အဆန်းတော့မဟုတ်။ ‘စစ်နှင့် ငြိမ်းချမ်းရေး’ ဝတ္ထုကြီး၏ တစ်နေရာတွင် စစ်ရှုံးပြီး တပ်ဆုပ်ရသောအခါ တပ်သားတွေကို ခေါင်းဆောင်တွေက ပုံမှန်အခြေအနေမှာလို အမိန့်ပေးလို့ မရ။ ကစဉ့်ကလျားနှင့် ဖြစ်ချင်တိုင်း ဖြစ်နေသော မြင်ကွင်းကို စာရေးဆရာ တော်စတွိုင်းက ရေးပြထားသည်မှာ တကယ့်စစ်မြေပြင်က သဘောသဘာဝကို သရုပ်ဖော်နိုင်စွမ်း ရှိပါပေသည်ဟု စစ်မြေပြင် အတွေ့အကြုံရှိသူတို့က ချီးမွမ်းကြကြောင်း ဖတ်ခဲ့ဖူးသည်။ ယခု ဆရာမောင်သော်က ရေးပြသည်ကို ဖတ်ရသည့်အခါ ‘စစ်နှင့်ငြိမ်းချမ်းရေး’ ဝတ္ထုထဲက တော်စတွိုင်း၏ အရေးအသားကို သတိရမိလိုက်သေးသည်။

သင်္ဘောက ပင်လယ်မှာ နစ်တော့မည် သေချာနေသည့် အခြေအနေတွင် ‘သင်္ဘောကို စွန့်ခွာ’ရန် အမိန့်မပေးရသေးမီ ရေတပ်သားအချို့ ခုန်ချကြသည်မှာ လူ့သဘာဝတစ်ခုကို လှစ်ခနဲ မြင်လိုက်ရခြင်းဖြစ်သည်။ ခေါင်းဆောင်လုပ်သူထံမှ ‘သင်္ဘောကို စွန့်ခွာ’ဖို့ အမိန့်မရဘဲ သင်္ဘောပေါ်မှ မဆင်းရသည်ကို ထိုရဲဘော်များ သိကြပါသည်။ သို့သော် ‘သူတို့၏ အသက်ရှင် နေထိုင်လိုမှုအသိသည် စည်းကမ်းကို မေ့လျော့သွားစေခဲ့သည်’ ဟု မောင်သော်က ရေးခဲ့သလိုပါပဲ။ အသက်ရှင်လိုစိတ်က စည်းကမ်းကို မေ့လျော့သွားစေနိုင်သော အရေးပေါ်အခြေအနေထဲမှာ ခေါင်းဆောင်မှုပေးရမည့် အလုပ်က တကယ်တော့ မလွယ်လှပါ။ အမိန့်မရသေးဘဲ အသက်ကယ်ဖောင်ပေါ် ခုန်ဆင်းသွားသော ရဲဘော်တွေကို လှမ်းကြည့်တော့ သူတို့ထဲမှာ ခေါင်းဆောင်နိုင်သည့်သူမပါ။ ထို့ကြောင့် ဗိုလ်ကြီး ဘသော်က သူ့လက်ထောက် ဗိုလ်ကြီးစောဦးကို အဆိုပါ ဖောင်ပေါ်သို့ လိုက်သွားဖို့ အမိန့်ပေးရသည်။ ဗိုလ်ကြီးစောဦး ဆင်းရန် ပြင်နေစဉ်မှာပါ လှိုင်းလေ ရိုက်ခတ်မှုကြောင့် အသက်ကယ်ဖောင်မှာ သင်္ဘောနှင့် ဆက်သွယ်ထားသော ကြိုးပြတ်ပြီး ပင်လယ်ထဲ မျှောသွားပြီ။ သင်္ဘောပေါ်က ကြိုးစ လှမ်းပစ်ပေးသည်ကို ဖောင်ပေါ်မှ ရဲဘော်များက ဆွဲယူသော်လည်း လှိုင်းကြမ်းထဲမှာ ကြိုးစ လွတ်သွားသည်။

မတတ်နိုင်တော့ပြီ။ တဖြည်းဖြည်း ဝေးသွားသော အသက်ကယ်ဖောင်ကို မြုပ်တော့မည့် သင်္ဘောပေါ်ကနေ ဗိုလ်ကြီးဘသော် လှမ်းကြည့်နေသည်။ စုစုပေါင်း ရေတပ်သားကိုးဦး ဖောင်ပေါ်ပါသွားသည်။ နောက်တော့ မြင်ကွင်းကနေ ပျောက်သွားသည်။ ခေါင်းဆောင်တစ်ဦးအနေနှင့် ပထမဖောင် မြင်ကွင်းထဲက ပျောက်သွားသည့် အဖြစ်အပျက်ကို ဝမ်းနည်းပူဆွေးနေဖို့ ဗိုလ်ကြီးဘသော်တွင် အချိန်မရှိ။ သို့နှင့် နောက်ထပ် အသက်ကယ်ဖောင်ကို ဖွင့်ဖို့နှင့် ‘သင်္ဘောကို စွန့်ခွာ’ အမိန့်ကို ထုတ်လိုက်သည်။ ဗိုလ်ကြီးဘသော်သည် မီးခံသေတ္တာထဲမှာ ရှိနေသည့် တပ်ပိုင်ငွေအချို့နှင့် ရန်ကုန်က မိတ်ဆွေများက ပုလဲဝယ်ခဲ့ပါရန် ပေးလိုက်သောငွေ ကျပ် ၆၀၀ ကို ထည့်ထားသော မီးခံသေတ္တာဆီသို့ သွားသည်။ ထို့နောက် ငွေများနှင့် ခြောက်လုံပြူးနှစ်လက်ကို ထုတ်ယူသည်။ ထိုအခိုက် ရေပေါ်မျှောနေသည့် ရေခဲသေတ္တာက သူ့ကို ဝင်တိုးသည့်အခါ စိတ်တစ်မျိုးပြောင်းလဲသည်။ နိုင်ငံတော်ကပိုင်သည့် ဤသင်္ဘောကြီးမှာ ငွေကျပ်များစွာ တန်ကြေးရှိသည်။ ထိုသင်္ဘောကြီးပင်လျှင် ယခု နစ်မြုပ်တော့မည်မှာ ကျိန်းသေ။ သို့နှင့် သူက ငွေကလေး ငါးထောင်လောက်နှင့် ခြောက်လုံးပြူးနှစ်လက်ကို မက်နေဦးမည်နည်း။ ထိုအတွေးဖြင့် ငွေနှင့် သေနတ်ကို မီးခံသေတ္တာထဲ ပြန်ထည့်ကာ သော့ကို ပင်လယ်ထဲ ပစ်ချလိုက်သည်။

ထိုအချိန်တွင် သူ့လက်အောက်မှ အခြားအရာရှိနှင့် ရဲဘော်များအားလုံး အသက်ကယ်ဖောင်ပေါ် ရောက်နေပြီ။ သူ့ကိုလည်း ဆင်းခဲ့ဖို့ ခေါ်သည်။ မကြာခင် သင်္ဘောနစ်တော့မည်။ သူ့စိတ်ထဲ တစ်မျိုးဖြစ်သည်။ ဤသင်္ဘောသည် သူအတွက် စစ်ရေယဉ်မှုးအဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ရသော သင်္ဘောဖြစ်သည်။ အလားတူ မကြာမီ ရေအောက်မှာ နစ်မြုပ်သွားတော့မည်။ ဤ သင်္ဘောသည် သူ့ဂုဏ်သရေ။ ထိုအခါတွင်မှ ရေယဉ်မှူးများသည် သင်္ဘောနစ်မြုပ်ရာတွင် သူတို့ပါ လိုက်ပါ အသေခံကြသည်ဆိုခြင်းမှာ ရူးနှမ်းခြင်း၊ သူရဲကောင်းဆန်ခြင်းမဟုတ်ကြောင်း ဗိုလ်ကြီးဘသော် သဘောပေါက်တော့သည်။ ဂုဏ်သိက္ခာကြောင့်သာ ဖြစ်သည်။

‘လောကတွင် ဂုဏ်သရေ ချို့ငဲ့ခဲ့လျှင် ဆက်လက်၍ အသက်ရှင်နေခြင်းမှာ မထိုက်လှသည် ဖြစ်၏’  (စာ ၅၈)

ထို့နှယ် အတွေးပေါ်ပြီး ဗိုလ်စောဦးတို့ကို ‘ခင်ဗျားတို့ပဲ သွားတော့၊ ကျွန်တော် နေခဲ့တော့မယ်’ ဟု ပြောလိုက်သည်။ ထိုစကားမှာ မူယာမာယာလုပ်၍ ပြောတာမဟုတ်။ ရင်ထဲက ခံစားချက်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ဖောင်ပေါ်ရောက်နေသော ရဲဘော်တွေက ‘လာပါ စီအို၊ စီအို မပါရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ’ ပြောကြသည်တွင်မှ အိပ်မက်က လန့်နိုးသူပမာ အသိတရားဝင်သည်။ ယခုလို ဘေးဒုက္ခရောက်နေချိန်မှာ သူတို့ကို အသက်ရှင်လျှက် အိမ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းပေးရဦးမည်မှာ ခေါင်းဆောင်၏ ဝတ္တရားတစ်ခုပဲ မဟုတ်လား။

ဖောင်ပေါ်ရောက်တော့ စုစုပေါင်း လူဆယ့်ရှစ်ယောက်ရှိနေသည်။ ဖောင်က လူ ခြောက်ယောက်စာအတွက်သာ စီမံထားခြင်းဖြစ်သည်။ အခု ဆယ့်ရှစ်ယောက်ဆိုတော့ ကျပ်သိပ်နေပြီ။ မတတ်နိုင်တော့။ ဖောင်ပေါ်တွင် ဘယ်သူ့ဆီကမှ ‘သေမယ်’ ဆိုသည့်စကား ထွက်မလာအောင် ပထမဆုံး ဟန့်တားလိုက်သည်။ ဖောင်ပေါ်တွင် မလိုသည့် ပစ္စည်းတွေ အကုန်လုံး ရေထဲပစ်ချ။ ဤနေရာတွင် ဗိုလ်ကြီးဘသော်၏ အသေးစိတ် စီမံမှုတွေကို ကျွန်တော်တို့ ဖတ်ရသည်။ ဖောင်ပေါ်မှ ရှိသည့်လူတိုင်းကို ရေထဲသို့ ခေတ္တဆင်းခိုင်းသည်။ တပ်သားတစ်ယောက်က ရေမကူးတတ်ဘူးဟု ပြောလိုက်တာကို ဖတ်ရသည်တွင် ရေတပ်သားလုပ်နေပြီး ရေမကူးတတ်သူလည်း ရှိပါကလားဟု ဖတ်ရင်း ပြုံးမိပါ၏။

နောက်တစ်ခါ သင်္ဘောနစ်နေရသည့်အထဲ ဘယ်သူက ယူလာသည်မသိ။ ဖောင်ပေါ်မှာ ဆေးပေါ့လိပ်အစည်းကြီးလည်း ပါလိုက်သေးသည်။ ရေစိုပြီးနောက် အစည်းလည်း ပြေနေပြီ။ ပင်လယ်ထဲ သင်္ဘောနစ်ပြီး မျောနေပါသည်ဆိုမှ ဘယ်သူ့ဆီကများ မီးတစ်တို့လောက်ဆိုပြီး တောင်းရမှာလဲ။ ‘ဘယ်မအေပေးကများ အရေးထဲ ဆေးလိပ်သောက်ချင်ရသေးလဲ မသိဘူး’ ဆိုကာ ရေထဲ လွှင့်ပစ်လိုက်သည်ကို ဖတ်ရသည်မှာလည်း ငိုအားထက် ရယ်အားသန်ဖြစ်ရသည်။ အသေးစိတ် စီမံမှုတွေ ပြီးသောအခါ ညနေ ရောက်လာပြီ။ ဘယ်သူမှ ရေထဲဆင်းမနေရန် ပြောပြီး သင်္ဘောပျက်လာသော လူငယ်ရဲဘော် တစ်ဆယ့်ရှစ်ယောက်သည် လူခြောက်ယောက်စာမျှသာ ဆန့်သည့် သက်ကယ်ဖောင်ပေါ်တွင် တစ်ယောက်ပေါ် တစ်ယောက် ဖိထိုင်ကာ ပထမဆုံးညကို ဖြတ်သန်းရတော့သည်။ သေမင်းက မျက်စပစ်နေပြီ။

သင်္ဘောပျက်ပြီး ဆယ့်နှစ်နာရီအတွင်းမှာပင် သင်္ဘောပေါ်က ယူလာခဲ့သော ရေတွေကုန်ပြီ။ ဘယ်ကမှန်းမသိ ပျံလာရင်း ဖောင်အနီးသို့ ရောက်လာသော ဇင်ယော်တစ်ကောင်ကို ရိုက်ဖမ်းပြီး တစ်ယောက်တစ်ဖဲ့စီမျှ စမ်းသပ် စားကြည့်ကြရင်း သူတို့သည် အသားစိမ်းစားသော လူရိုင်းဘဝ ရောက်သွားပြီ။ ညရောက်စဉ် လှိုင်းနှင့်လေတို့က ပြင်းထန်စွား တိုက်ခိုက်နေသည်။ ဖောင်ပေါ်တွင် လူဆယ့်ရှစ်ယောက် တစ်ယောက်ပေါ် တစ်ယောက် ထပ်ပြီး အိပ်ရသည်မှာ မလွယ်။ အောက်ဆုံးလူက အပေါ်က ဖိထားသော သူ၏ ပေါင်ကို ဆွဲဆိတ်ကြသည်။ ဆီးသွားချင်လျှင် ဆီးခွက်ကို အမှောင်ထဲမှာ တစ်ယောက်လက်ကို တစ်ယောက် ဆင့်ကမ်းကာ စွန့်ပစ်ကြရသည်။ ကမ္ဘာပျက်နေသလိုပါပဲ။ သန်းခေါင်ကျော်လောက်မှ ကောင်းကင်က လေယဉ်ပျံသံကြားရသည်။ မျှော်လင့်တကြီးဖြင့် မီးကျည်ပစ်ဖောက်ခိုင်းကြလို့ ဗိုလ်ကြီးဘသော်က အချက်ပြမီး ဖောက်သည်။ ဒါပေမဲ့ အချည်းနှီး။ အသက်ကယ်ဖောင်ပေါ်က ရဲဘော်တွေကတော့ အထက်ကောင်းကင် ဝေဟင်ထဲ ပစ်လွှတ်လိုက်သော မီးကျည်များနောက်တွင် သူတို့‌မျှော်လင့်ချက်တွေကိုပါ ပူးချည်ပေးလိုက်ကြပုံရသည်။ ဖောင်ပေါ်မှာ တစ်ယောက်တစ်ပေါက် ပြောနေကြသည်။

“ကျွန်တော်တို့ကို မြင်သွားသလား စီအို”

“အေး၊ မြင်ချင်လည်း မြင်ဖို့ ကောင်းတာပေါ့ကွာ”

မှောင်ထုတွင်းမှ တစ်စုံတစ်ဦးက လှမ်းမေးသည်ကို မယုတ်မလွန်သာ ဖြေလိုက်ရသည်။ စိတ်ကတော့ လုံးဝမဖြေဘဲ နေလို့ရလျှင် နေချင်သည်။

“မြင်တာပေါ့ကွ၊ ဒီ မီးကျည်ကို အသေအချာမြင်တာပေါ့။

“မင်းက ဘယ်လိုသိလဲ”

“ငါ သိတာပေါ့ကွ၊ သိကို သိလို့ သိတယ်ပြောတာ”

“ဘယ်လှည့်လာလိမ့်မလဲကွ၊ သူ့မှာက ပါစင်ဂျာတွေ ပါတယ်။ သူက ရန်ကုန်ကို ဝိုင်ယာလက်နဲ့ အကြောင်းကြားမှာပေါ့။ အဲဒီတော့ ရန်ကုန်က တို့နေရာကို လေယာဉ်ဖြစ်ဖြစ်၊ သင်္ဘောဖြစ်ဖြစ် လွှတ်မှာပါ” (စာ ၉၂ )

ရဲဘော်တွေ၏ တစ်ယောက်တစ်ပေါက် စကားတွေကို ဗိုလ်ကြီးဘသော် မတားခဲ့ပေ။ ဒီလောက် ငြင်းအားသန်နေကြသေးလျှင် သူ့ရဲဘော်တွေမှာ မျှော်လင့်ချက်တွေ ရှင်သန်နေကြသေးသည်။ အခုလို ကူကယ်ရာမဲ့ အခြေအနေတွင် ‘မျှော်လင့်ချက်’ ရှိနေသေးသည်က ကောင်းသော လက္ခဏာပါပေ။

ထူးဆန်းသည်။

နောက်တစ်နေ့မှာတော့ သူတို့ဖောင်ပေါ်သို ပျားတစ်ကောင် ရောက်လာသည်။ သကြားနံ့ရလို့ ပျားက ဗိုလ်ကြီးဘသော် အနီးမှာ တဝဲဝဲ။ ဖောင်ပေါ်က ရဲဘော်တွေ၏ မျက်လုံးအစုံက ဗိုလ်ကြီးဘသော်ဆီသို့ စူးစိုက်လျက်။ သကြားရည်စိုရွဲနေသည့် ပလတ်စတစ်အိတ်ကို ဆွဲဖြဲခဲ့ရသော ဗိုလ်ကြီးဘသော်၏ လက်တွင် သကြားရည်တွေ စေးကပ်ကျန်ရစ်တုန်း။ ရဲဘော်တွေထံ သူ့လက်ငါးချောင်းကို ထိုးပေးလိုက်သည်။ ‘ကဲ အားလုံးမျှပြီး ဝိုင်းစုပ်ကြချေကွာ”။

ပျားတစ်ကောင်က ဖောင်ပေါ်အထိ ရောက်လာသည့်အတွက် ကုန်းမြေနှင့် နီးလိမ့်မည်ဟု အားလုံးက ခန့်မှန်းကြသည်။ နောက်တစ်နေ့မှာ အဝေးမှုန်ပျပျတစ်နေရာမှာ ကျွန်းကို တွေ့လိုက်ရသည်။ ကျွန်းဆီသို့ ရောက်အောင် သူတို့တစ်တွေ ဖောင်ကို ဝိုင်းပြီး လှော်ခတ်ကြသည်။ အစာရေစာ ပြတ်လပ်သဖြင့် အားအင်ချည့်နဲ့ နေမကောင်းဖြစ်နေသော ရဲဘော်များပင် ဝိုင်းလှော်သည်။ ဗောကွင်းဖြင့် ဆွဲကူးသူက ကူး။ ကျွန်းကို မြင်နေရသဖြင့် ရဲဘော်တွေ စိတ်အားတက်ကြသည်။ ဗိုလ်ကြီး ဘသော် ကိုယ်တိုင်လည်း ကျွန်းကို အမြန်ရောက်ချင်လှသည်။ အကြောင်းမှာ လှေပေါ်တွင် ဗိုလ်စောဦးနှင့် အချို့ ရဲဘော်တွေ ကျန်းမာရေးမှာ မဟန်လှ။ ရှေ့မှာ သုံးမိုင်နီးပါးလောက်ပဲ ဝေးတော့သည့် ကျွန်းဆီ ရေကူးသွားဖို့ ရဲဘော်အချို့က ဗိုလ်ကြီးဘသော်ထံတွင်  ခွင့်ပြုချက်တောင်းသည်။

ဤတွင် ဗိုလ်ကြီးဘသော်အတွက် စဉ်းစားစရာဖြစ်လာသည်။ ကျွန်းပေါ်သို့အရောက် ရဲဘော်အချို့ ရေကူးသွားနိုင်သည်မှာ မှန်သည်။ သို့တိုင် ကျွန်းပေါ်မှာ လူနေအိမ်ခြေရှိမည် တပ်အပ်မသိနိုင်။ နေထိုင်သူ လူရှိသည်ပဲထား။ ကျွန်းပေါ်က လူတွေခေါ်ပြီး သူတို့ဖောင်ကို လာရှာကြလျှင် ပင်လယ်ထဲ မျှောချင်တိုင်းမျောနေသော ဖောင်မှာ မူလနေမှာ ရှိဦးမတဲ့လား။ ဖောင်ရှာမတွေ့တော့၍  ကျွန်းပေါ်ရောက်သွားသူ ရဲဘော်တစ်စုက ကြုံရာလှေဖြင့် ရန်ကုန်မြို့ကို ပြန်နိုင်သည်ဆိုပါဦး၊ ထိုသို့ ပြန်ကြသူတွေထဲ သူကိုယ်တိုင်ပါနေလျှင် လူတွေက ဘာပြောကြမည်လဲ။ ‘ ဗိုလ်ကြီးဘသော်ဆိုတဲ့သူကတော့ စံပါပဲ။ ရေမကူးတတ်သူနဲ့ လူမမာတွေကို ဖောင်ပေါ်ထားခဲ့ပြီး သူနဲ့ ရေကူးတတ်တဲ့ သူတွေက ထွက်ပြေးလာတယ်’ စသည်ဖြင့် အပြောခံရချိမ့်မည်။

သို့မဟုတ်ပါဘဲ သူက ဖောင်ပေါ်တွင် လူမမာတွေ ရေမကူးတတ်သည့် ရဲဘော်တွေနှင့် နေရစ်ခဲ့ပြီး ကျန်ရဲဘော်အချို့ကို ရှေ့တွင် မြင်နေရသော ကျွန်းဆီသို့ ရေကူးပြီး သွားခိုင်းခဲ့သည် ဆိုပါစို့။ ထိုရဲဘော်များ ကျွန်းဆီမရောက်ဘဲ လမ်းတွင် ရေနစ်ကုန်လျှင်ကော။ နောက်တစ်ခါ ကျွန်းပေါ်သို့ ရောက်သွားကြသည်ပဲ ထားပါ။ ထင်ထားသည့်အတိုင်း ကျွန်းပေါ်မှာ လူသူလေးပါး မရှိပါက ထိုရဲဘော်များ အသက်ကို ဘယ်ပုံ အာမခံနိုင်မည်လဲ။ ပြီးတော့ ပြောကြဦးမည်။ ‘ဗိုလ်ကြီး ဘသော်ဆိုတဲ့ သူကတော့ သူဖြင့် ရေမကူးဝံ့ဘဲ အခြားရဲဘော်အချို့ကို ရေကူးခိုင်းခဲ့တာ၊ အခု ရှာမတွေ့သေးဘူး။ သူကတော့ စက်လှေနဲ့ ပြန်လာပြီး ကောင်လေးတွေကို ငါးမန်းစာ ကျွေးပစ်ခဲ့တယ်’ ထို့နှယ် အမနာပ အဆိုခံရချိမ့်မည်။

အသက် နှစ်ဆယ်ကျော် အရာရှိငယ် ဗိုလ်ကြီးဘသော်အတွက် ‘ခေါင်းဆောင်မှုအကျပ်အတည်း’ ထဲမှာ ရောက်နေရသည်။ မည်သို့ ဆုံးဖြတ်ရမလဲ။

‘အုပ်ချုပ်မှုတာဝန်နှင့် ဆုံးဖြတ်ချက်(Command Decision) ဟူသည်မှာ ဤအချိန်မျိုးတွင် အစဉ်းစားရ အခက်ဆုံးဖြစ် သည်။ ကူးမလား၊ နေမလား၊ သူများ ကူးခိုင်းမလား၊ ကိုယ်တိုင်ကူးမလား။ နည်းလမ်းနှစ်လမ်းတွင် ကြိုက်ရာနည်းလမ်းကို ရွေး။ သေမည့်လမ်းနှင့် မသေဘဲ အရှက်တကွဲ ဖြစ်ရမည့်လမ်း ဟူ၍ ဤနှစ်လမ်းသာ ရှိသည်။ ကျွန်တော်သည် အရှက်ရသော မျက်နှာနှင့်တော့ လူမလုပ်လိုပြီ။ ထို့ကြောင့် မကူးတော့ပြီ။ ဗိုလ်သန်းလွင်အားလည်း မသေချာဘဲနှင့် သေရွာသို့ အသွားမခံနိုင်ပါ။ ထို့ကြောင့် ဗိုလ်သန်းလွင်နှင့် ရဲဘော်များ မကူးကြစေရန်၊ တစ်ချိန်တည်းတွင် စစ်ရေယဉ်မှူးလည်း သူ့တာဝန် မပြီးဆုံးသေးမီ သူ့ လူမမာများရှိသော ဖောင်မှ မခွာရန် ဆုံးဖြတ်လိုက်တော့သည်’         ( စာ ၁၁၃-၁၁၄)

ထိုညက လေယဉ်တစ်စင်း ပျံဝဲလာသည်။ ‘မီးကျည်ပစ်ပါဗျို့’ ပြော၍ မီးကျည်ပစ်သော်လည်း လေယဉ်က မြင်ပုံမရ။ နောက်တစ်နေ့ မိုးလင်းတော့ မနေ့က သုံးမိုင်ခန့်ဝေးသော ကျွန်းသည် ယခု ဆယ်မိုင်နီးပါး ဝေးသွားပြီး။ ထိုမှ တစစ လုံးဝ မမြင်ရတော့။ တဖြည်းဖြည်း ဝေးကျန်ရစ်ခဲ့ပြီဖြစ်သော ကျွန်းကြီးကို ငေးရင်း ရဲဘော်တွေ၏ ‘စိတ်ဓာတ်ကျမှု’ကြီးလည်း စတင်လေပြီ။ ရဲဘော်တွေ စိတ်ဓာတ်ကျပြီဆိုလျှင် မည်မျှ ကွပ်ကဲခန့်ခွဲရ ခက်သည်ကို စစ်ဆုတ်ဖူးသည့် တပ်မှုးတိုင်း သိသလို ဗိုလ်ကြီးဘသော်လည်း သိပါ၏။ ပင်လယ်ပြင်နှင့် သူတို့ နှစ်ဘက် စစ်ဆင်နွဲခဲ့ကြရာတွင် ယခုအခါ ပင်လယ်ပြင်က အနိုင်ယူစ ပြုလေပြီ။

နဂိုက နာမကျန်းဖြစ်နေသူများ၏ အခြေအနေ ပိုဆိုးလာသည်။ ထပ်၍ နေထိုင်မကောင်းသူ အရေအတွက်များလာသည်။ စိတ်ဓာတ်ခံနိုင်ရည် ပျက်ပြားစ ရဲဘော်အချို့ကိုလည်း မြင်ရသည်။ ရဲဘော်မောင်မြင့်သည် ရေစိုနေသော ငွေစက္ကူအချို့ကို သူ့ပေါင်ပေါ်တင်၍ နေပူလှန်းနေသည်။ ယခင် ရက်တွေတုန်းက ဗိုလ်ကြီးဘသော် ဘာမှမပြောခဲ့ပေ။ အခုတော့ ‘မင်း ပင်လယ်မှာ ဒီငွေတွေနဲ့ ဘာဝယ်စားမလဲ။ သောက်ကျိုးနည်း၊ ဒီမှာ လူတွေ ဘယ်လိုနေ ဘယ်လိုသေရမှန်းမသိ ဖြစ်နေချိန်မှာ အဲဒီပိုက်ဆံတွေ ပြန်သိမ်းထားလိုက်’ ဆိုကာ ကြိမ်းမောင်းလိုက်တော့ ‘ဟုတ်ကဲ့ စီအို’ ဆိုကာ အိတ်ထဲ အသာ သိမ်းသွားသည်။ ထိုညက ပင်လယ်ဂဏန်းတစ်ကောင် ဖောင်ဘေးရောက်လာ၍ ဖမ်းယူ စားသောက်ရသေးသည်။ အားလုံးတော့ အသက်မရှင်နိုင်၊ ရှင်နိုင်သူ ရှင်ကျန်ရေးသာ အဓိကထားရတော့မည်။

ဗိုလ်စောဦး အခြေအနေဆိုးနေပြီ။ ဝမ်းဗိုက်နှင့် ကျောပြင်ကပ်နေပြီ။ ခန္ဓာကိုယ်တွင် သကြားဓာတ်ခန်းခြောက်လာ၍ ကယောင်ကမ်းတွေ အော်သည်။ “သရဲကြီး ကျွန်တော့်ကို ဆွဲနေပြီ၊ လုပ်ကြပါဦး၊ လုပ်ကြပါဦး” ။ သောက်ရေလည်း အလွန်ချွေတာသည့်အကြားမှ ကုန်လာပြီ။ အစာရေစာ ငတ်မွတ်ဆာလောင်လာလျှင် လူသည် ထင်ယောင်မှတ်မှားတတ်သည့် သဘာဝကို မျက်စိနှင့် တပ်အပ်မြင်နေရသည်။ နေ့လယ်ခင်းများတွင် ဗိုလ်ကြီးဘသော်သည် ရေထဲဆင်းကာ သူ ဝတ်ထားသော ဘောင်းဘီဖြူကို ရေစွတ်ကာ ခေါင်းပေါ်တင်ထားတတ်သည်။ တစ်နေ့တွင် ဘောင်းဘီအိတ်ထဲ လက် တစ်ဆစ်ခန့် မာခဲခဲလေး တွေ့ရ၍ ဘာများလဲဆိုကာ ဝါးကြည့်ရာ အလွန်အနံ့ပြင်းသော ချင်းတက်ကလေးတစ်ခု ဖြစ်နေသည်။ ချင်းနံသည် အလွန်တရာ ဆာလောင်ငတ်မွတ်နေသော ရဲဘော်တို့၏ ဂန္ဓာရုံကို နိုးဆွလိုက်သည်။

‘ချင်းနံ့ဟေ့၊ ချင်းနံ့ရတယ်’ ထအော်ကြသည်။ ‘ငါ့ ဘောင်းဘီအိတ်ထဲက ရတာပါကွ၊ ချင်းတက် သေးသေးလေးပါ” ဗိုလ်ကြီးဘသော်က ပြောသော်လည်း ရဲဘော်တွေက စိတ်အားထက်သန်စွာ ‘ရှာကြည့်ပါဦး စီအို’ ဟု အတင်းပြောကြသည်။ သူတို့ စိတ်ချမ်းသာပါစေသဘောဖြင့် ရှာကြည့်သော်လည်း ထပ်မတွေ့။ သူတို့ စီအို၏ အိတ်ထဲတွင် မတွေ့သော်၊ ရဲဘော်တွေက သူတို့ အိတ်ထဲ လိုက်ရှာကြပြန်သည်။ ရဲဘော်တွေ၏ ဝေဝါးသော အာရုံထဲမှာ စားစရာ သောက်စရာတွေ တန်းစီပေါ်နေလေသည်။

ညနေစောင်းတော့ တဝုန်းဝုန်းအသံတွေ ကြားရ၍ ဘာတွေလဲ ကြည့်တော့ ပင်လယ်ငါးအုပ်ကြီး။ အရေအတွက် ရာထောင်ချီရှိလိမ့်မည်။ ပျဉ်ပြားနှင့် ဆီးရိုက်ဖမ်းသည်။ ရလာသည့် ငါးကို အစာပြုကာ ငါးမျှားရန် ကြံကြသည်။ တစ်ကောင် မိသော်လည်း ငါးကြီးက ကြိုးစကို ဆွဲပြေးရာ လွတ်သွားသည်။ လွတ်သည့် ငါးထဲတွင် ဤငါးလောက် ကြီးသောငါး မရှိနိုင်တော့ဟု ဗိုလ်ဘသော် တွေးနေရင်း စိတ်ပျက်အားလျော့လျှက်ရှိသည်။ ကံကောင်း၍ နောက်ထပ် ငါးတစ်ကောင် ရိုက်ဖမ်းလို့ ရသည်။ ထို ငါးကိုပင် မျှတဝေခြမ်း၍ အစိမ်းစားရတော့သည်။ သေလုမျောပါးဖြစ်နေသော ဗိုလ်စောဦးကို ငါး၏ သွေးကို တိုက်သည်။ ဗိုလ်စောဦး အခြေအနေမဟန်။ သူ့အထက်အရာရှိ ဗိုလ်ကြီးဘသော်ထံတွင် သေရန် ခွင့်တောင်းသည်။ ‘မဟုတ်တာ ဗိုလ်စောဦးရယ်’ ဟုသာ ဗိုလ်ကြီးဘသော် ပြောနိုင်သည်။

ည ၁၀ နာရီဝန်းကျင်မှာ ဗိုလ်စောဦး အမောဖောက်၏။ ‘စီအို စီအို’ ဟု တွင်တွင် ခေါ်သည်။ ဘာလဲဟု ဗိုလ်ကြီးဘသော် မေးသည့်အခါ ‘ရေ၊ ရေ၊ သောက်ရေတစ်ခွက်လောက်ပေးပါ စီအိုရယ်’ တောင်းသည်။ ကြားရလိမ့်မည်ဟု မျှော်လင်ထားသော မကြားချင်ဆုံး စကားတစ်ခွန်းကို ယခု ဗိုလ်ကြီးဘသော် ကြားရပြီ။ ဗိုလ်စောဦးမှာ သူနှင့် ရင်းနှီးသူတစ်ဦး။ ရဲဘော် မိတ်ဆွေတစ်ဦး။ ကိုယ်နှင့် ကျွမ်းဝင်သည့် မိတ်ဆွေတစ်ဦး၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်လှပါ၏။ သို့တိုင် သူသည် သင်္ဘောနစ်၍ ဖောင်ဖြင့်မျောနေသော ရဲဘော်များ၏ ဦးစီးခေါင်းဆောင်တစ်ယောက်။ ရေကို တစ်ပေါက်ချင်းစီ ချွေတာ၍ ဝေငှနေရသည့် အခြေအနေထဲမှာ ဗိုလ်စောဦးက ရေတောင်းလာသောအခါ ပေးရပါမည်လား။ နောက်ဆုံးတွင် ဗိုလ်ကြီးဘသော်က ဤသို့ ဆုံးဖြတ်သည်။

‘ကျွန်တော် စဉ်းစားသည်မှာ ဗိုလ်စောဦးသည် သေလူဖြစ်နေပြီ။ ကျွန်တော်တို့ အားလုံးက သူ့အား အသက်ရှင်စေချင်ကြသော်လည်း သူသည် သေမင်းတံခါးဝသို့ ရောက်နေပြီဖြစ်သည့် လူတစ်ယောက်။ ရှားပါးလှသည့် သောက်ရေချို တစ်ခွက်ကိုပင် မဆိုထား၊ တစ်ဘူးလုံးကိုပင် သူတစ်ယောက်တည်းသောက်သည့်တိုင် အသက်ရှင်နိုင်မည် မဟုတ်တော့။ တိုက်လျှင် သူတစ်ယောက်တည်း တိုက်၍ ကိစ္စမပြီး။ အခြား လူမမာရဲဘော်များကိုလည်း တိုက်ရပေဦးမည်။ အချိန် မဟုတ်ဘဲနှင့် သောက်ရေနှစ်ဘူးကို အပိုသက်သက် ကျွန်တော် မဖြုန်းနိုင်ပါ။ သေသူတွေ သေကြမည်သာ။ အသက်ရှင်နိုင်ရန် အခွင့်အလမ်း ကျန်သေးသူများအဖို့ ဤ သောက်ရေနှစ်ဘူးသည် အသက်ဆက်ခွင့် ရမည်သာ ဖြစ်၏။ Command Responsibility အုပ်ချုပ်မှုအာဏာဟူသည် ရက်ရောစွာ စေတနာထားခြင်းနှင့် ရက်စက်စွာ တိကျပြတ်သားခြင်းတို့ ပူးတွဲလျက် သူနေရာနှင့်သူ သုံးရခြင်းပင် ဖြစ်သည်’   ( စာ ၁၄၁-၁၄၂)

ဗိုလ်စောဦး ရေတောင်းသည်ကို နားမခံသာသည့်အဆုံး ပင်လယ်ထဲမှ ဆားငန်ရေတစ်ခွက်ကို ခပ်၍ တိုက်လိုက်သောအခါ ‘ဆားငန်ရေတွေပါဗျာ’ ပြောရင်း ခွေကျသွားသည်။ မကြာခင် ဗိုလ်စောဦး ကွယ်လွန်ပြီ။ သင်္ဘာပျက်ဒုက္ခသည် ရဲဘော် တစ်စုအနက်  သင်္ဘောပျက်ပြီးနောက် ပင်လယ်ပြင်အတွင်း မျှောနေသည့်  ရှစ်ရက်မြောက်နေ့တွင် ပထမဆုံး သေဆုံးသူ ဖြစ်သည်။ ရဲဘော်တွေက သေဆုံးသူကို တွေတွေကြည့်ကာ တစ်ဦးတစ်ယောက်မျှ မျက်ရည်မကျကြ။ ဗိုလ်စောဦးပြီးလျှင် နောက်က တန်းစီလိုက်ရမည့် သူတွေချည်းမဟုတ်လား။ သူအရင်လား ၊ ကိုယ်အရင်လားပဲလား မသိကြတာ။ တွက်ဆသည့် အတိုင်းပါပဲ။ နောက်နေ့မှာ တပ်သား ကျော်ကျော် သေဆုံးသည်။

ထိုနေ့မှာပင် နောက်တစ်ယောက် သေဆုံးသွားပြန်သည်။ ဗိုလ်ကြီးဘသော်က သူ ထင်မှတ်မထားသူ တစ်ယောက်ဟု ပြန်လည် ရေးသားခဲ့သည်။ အဲသည်နေ့က နေ့လည် ၁၁ နာရီခန့်တွင် သူတို့၏ ဖောင်ဘေး ခြောက်မိုင်အကွာလောက်ကနေ ပင်လယ်ကူးသင်္ဘောတစ်စီး ဖြတ်သွားသည်။ ဝမ်းသာအားရနှင့် မီးကျည်အနီရော အဖြူပါ ပစ်ဖောက်အချက်ပြသည့်တိုင် သင်္ဘောသည် သူတို့ကို မြင်ပုံမရ။ မီးကျည်တွေလည်း ကုန်သွားပြီ။ ဖောင်ပေါ်က ရဲဘော်တစ်စုမှာ မှိုင်သူမှိုင် ခွေသူခွေနှင့် စိတ်နှလုံး ညိုးချုံးလျက်သားဖြင့် တဖြည်းဖြည်း ဝေးသွားသော သင်္ဘောကြီးကို ငေးငိုင်ကြည့်နေကြတော့သည်။ စိတ်ဓာတ်ကို တင်းထားသော ဗိုလ်ကြီးဘသော် ကိုယ်တိုင်ပင် မဟန်တော့။

ဤအချိန်သည် စိတ်ဓာတ်အကျဆုံးအချိန် ဖြစ်တော့၏။ ဤအချိန်သည် ကျွန်တော်တို့ အားလုံးအတွက် ကမ္ဘာပျက်သုဉ်းသည့် အချိန်ပင် မည်တော့သည်။ ဤအချိန်မှ စ၍ နောက်ပိုင်းအချိန်ကာလဟူသမျှတွင် ကျွန်တော်ကိုယ်တိုင်ပင် မူလစိတ်ဓာတ် ဒူးခေါင်းမှ ခြေမျက်စိထ ကျသွားသည်ဖြစ်ရာ ကျွန်တော့်ရဲဘော်များမှာ အသို့ရှိအံ့မည်ကို ကျွန်တော် ခန့်မှန်းမိသည်။ ကျွန်တော်သည် မည်သူ့ကိုမျှ အားပေးစကား မဆိုထား၊ ဘာစကားမျှ မပြောလိုတော့။ မည်သူကမျှလည်း မည်သူ့ အားမျှ စကားမပြောလိုတော့။ စိတ်ဓာတ်ကျခြင်းသည် ဤအချိန်အခါသမယတွင် ဆုံးခန်းတိုင် ရောက်သတည်း’      ( စာ - ၁၄၆)

အားလုံး စိတ်ဓာတ်ကျနေကြခိုက် ဗိုလ်ကြီးစောဦးနှင့် အလွန်ရင်းနှီးသော တပ်ကြပ်မောင်အေးသည် ဖောင်နှင့်တွဲချည်ထားသော အသက်ကယ်ဗောတစ်ခုပေါ်တွင် တစ်ဦးတည်း သွားထိုင်နေရင်း ဖောင်ရှိရာဘက်သို့ လှည့်ကာ ‘Good-Bye Captain’ ဆိုသော အင်္ဂလိပ်ကဗျာတစ်ပုဒ်၏ အစပုဒ်ကို ရွတ်ဆိုရင်း အသက်ကယ်ဖောင်မှ ပို၍ ဝေးရာဆီသို့ လွှင့်နေသည်ကို ဗိုလ်ကြီးဘသော် သတိပြုမိသည်။ သူသည် ဖောင်နှင့်ချည်ထားသည် ကြိုးစကို ဖြုတ်ကာ ဗောကွင်းကို ယူပြီး ပင်လယ်ထဲ ထွက်သွားပြီ။ “ဟေ့ မောင်အေး၊ ပြန်လာခဲ့၊ ဒီကို ပြန်ကူးလာခဲ့” ဖောင်ပေါ်က ရဲဘော်တွေ ဝိုင်းအော် သော်လည်း ‘Good-Bye Captain, My Captain’ ဟူ၍သာ တွင်တွင်ဆိုကာ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သူသည် စိတ်နောက် စိတ်ဖောက်ကာ ဗိုလ်စောဦးနောက်သို့ လိုက်သွားလေပြီ။ ထိုနေ့ညက တပ်ကြပ်မောင်မြင့် ထပ်မံ သေဆုံးသည်။ တစ်နေ့တည်း သုံးယောက် ဆိုပါတော့။

‘လူတစ်ဦးတစ်ယောက် သေဆုံးသည့်အခါတိုင်း ကျွန်တော်တို့ ဒွိဟစိတ်များ ဖြစ်ကြရသည်။ တစ်ခုသော စိတ်မှာ သေဆုံးသူအတွက် ဝမ်းနည်းကြေကွဲစိတ်နှင့် နောက်စိတ်တစ်ခုမှာ လူသေ၍ ရေချလိုက်လျှင် ဖောင်ပေါ်တွင် နေရာ ကျယ်ဝန်းလာသည်ဖြစ်ခြင်းကြောင့် လူတစ်နေရာစာအတွက် ဝမ်းသာစိတ်တို့ အတူယှဉ်တွဲလျက် ဖြစ်သည်။ လူမဆန်သည်ဟု ဆိုချင်ဆိုစေတော့။ ကျွန်တော်တို့ ကိုယ်စီတွင် ကမ္ဘာမီးလောင် သားကောင်ချနင်းသည့် ဗီဇစိတ်၊ ကိုယ်မချိသော် အမိသော်လည်း သားတော်ခဲ ဟူသည့် အရိုင်းစိတ်များ ဝင်လာကြပြီဖြစ်သည်’    ( စာ ၁၅၁)

ကြေကွဲစရာကောင်းပါသည်။

ပင်လယ်ပြင်တွင် ကိုးရက်ကျော်မျှ မျောပါနေပြီးနောက်တွင် စိတ်တွေ မူမမှန်တော့ပြီ။ ဆိုခဲ့သည့်အတိုင်း ဖောင်ပေါ်တွင် လူနည်းသွား၍ နေရာပိုကျယ်လာသလို လူတစ်ယောက်သေသွားလျှင် ကျန်လူတွေ ရေပိုသောက်ရသည်။ ရေငတ်သည့်ဒဏ်က ပြင်းထန်လွန်း၍ ကိုယ့်သေး(ကျင်ငယ်)ကိုယ် ပြန်သောက်ကြဖို့ အဆိုပြုသူက ပြုလေသည်။ ဗိုလ်ကြီးဘသော်က ဦးဆောင်ပြီး ကိုယ့်သေးကိုယ် ပြန်သောက်သည့်အခါ ‘သေး တစ်ငုံစာသည် လည်ချောင်းတွင်း မရောက်မီပင် ကျွန်တော်ပါးစပ်တွင် တစ်ဆို့သီးနင်ကာ မွန်သွားသည်ကြောင့် ပါးစပ်တွင်း နှာခေါင်းတွင်းမှ ပြန်ထွက်လာပါတော့၏’ ဟု ဗိုလ်ကြီးဘသော်က သူ့အတွေ့အကြုံကို ပြန်လည်ရေးသားပါသည်။ ထို့နောက် ဘယ်သူမှလည်း ကိုယ့်သေးကိုယ်ပြန်သောက်ဖို့ မစဉ်းစားကြတော့ပါ။

နေတိုင်းလိုလို ရဲဘော်ထဲက တစ်ဦးမဟုတ် တစ်ဦး သေဆုံးသွားကြသည်။ ဘယ်နှစ်ယောက်သေသွားပြီကို အသေးစိတ် မှတ်မနေတော့။ သူပြီးလျှင် ကိုယ့်အလှည့် ရောက်လာတော့မည် ဖြစ်ရာ၊ စိတ်ထဲ အမှတ်အသား မပြုတော့ပြီ။ နောက်တစ်ရက်မှာ အသက်ကယ်ဖောင်ကို သန့်ရှင်းရေးလုပ်ကြသည့်အခါ ဗိုလ်ကြီးဘသော်သည် ဗိုလ်စောဦး သေဆုံးစဉ် အခါက ယူထားလိုက်သော ကုတ်အင်္ကျီကိုလည်း လွှတ်ပစ်လိုက်သည်။ ကုတ်အင်္ကျီသည် ရေထဲသို့ တော်တော်နှင့် မမြုပ်။ ဖောင်၏ နောက်မှာ ကပ်ပါလာသည်။ ခဏနေတော့ တစ်စုံတစ်ဦးက လှမ်းအော်သည်။

“ဟာ ဝက်ကြီး၊ ဝက်ကြီး၊ ဟိုမှာ ဝက်ကြီးတစ်ကောင်”

အော်သူမှာ တပ်သား လှမြင့်။ သူက ပင်လယ်ပြင်တစ်နေရာကို လက်ညှိုးထိုးပြသည်။ ဗိုလ်ကြီးဘသော်က ရေထဲ ဒိုင်ဗင်ထိုးချသည်။ ‘ဝက်ကြီး’ မှာ တကယ့် ဝက်ကြီးမဟုတ်။ မကြာသေးခင်က ရေထဲပစ်ချလိုက်သော ဗိုလ်စောဦး၏ ကုတ်အင်္ကျီသာ ဖြစ်လေသည်။ အလွန်စိတ်ပျက်စွာ ဖောင်သို့ ပြန်ကူးခဲ့သည်။ ကျော်မြင့် ဆိုသူကမူ ‘စီအိုက ဝက်ကြီးတွေ့လျက်သားနဲ့ ဖမ်းလည်း မဖမ်းခဲ့ဘူး’ ဆိုကာ ကျူကျူပါအောင် ငိုနေသည်တဲ့။ ကျော်မြင့်စိတ်ဖောက်သွားတာကို ဗိုလ်ကြီးဘသော် အပြစ်မဆိုလိုပြီ။ သူကိုယ်တိုင်လည်း ခုန်ချ၍ ဖမ်းရန်ပင် ကြိုးစားမိသေးသည် မဟုတ်လော။

အားလုံးသော သင်္ဘောပျက်ဒုက္ခသည်ရဲဘော်များသည် သေခြင်းတရားကိုသာ ထိုင်စောင့်နေရတော့သည်။ ဖောင်ကလည်း မျောချင်ရာမျောနေသည်။ ဖောင်ပေါ်က ရဲဘော်တစ်စုသည်ကား အသက်ငင်သူငင်၊ သေငယ်ဇောနှင့် မျောနေသူက မျောနေပြီ။ ထိုအခိုက်မှာ ‘ဟာ ဟိုမှာ သင်္ဘောကြီး တစ်စင်းဟေ့’ ဆိုသော အသံကြားရတော့ ခေါင်းထောင်ကြည့်မိသည်။ ပစ်ဖောက်စရာ မီးကျည်ကုန်ပြီ။ ဖောင်ပေါ်ကနေ လက်ဝှေ့ယမ်းပြသည်။ ဗိုလ်ကြီးဘသော်က သတိရ၍ သူ ယူလာခဲ့သော ရေတပ်မတော် အလံကို ဆွဲထုတ်ဝှေ့ယမ်းသည်။

ဒီတစ်ခါ မလွဲပါချေ။ သင်္ဘောသည် သူတို့ထံသို့ ဆိုက်ဆိုက်လာလေပြီ။ သင်္ဘာဦးက ရေကို ထိုးခွဲလိုက်သည်တွင် တဖွားဖွား ထနေသော ယက်ပန်းများကိုပင် အထင်အရှား မြင်ရပြီ။ “ဟေ့ ဒီကို လာနေတာကွ။ ဒီကိုလာနေတာ။ တို့ကို မြင်သွားပြီ။ တို့ မသေတော့ဘူးကွ” အော်ကြသည်။ မေ့မျော၍ ခေါင်းမထူနိုင်သော ရဲဘော်တွေကိုပင် သင်္ဘောလာနေပြီဆိုတာကို ဆွဲထူ၍ ပြကြသည်။ ရဲဘော်တစ်စု၏ ဝမ်းသာခြင်းကား ဆိုဖွယ်ရာ မရှိပြီ။ ဖောင်ပေါ်က လက်ကျန်ရေဘူးကို ဖောက်ကာ အားရဝမ်းသာ မျှဝေ သောက်လိုက်ကြသော အရသာမှာ ထူးပါဘိ။

ဗိုလ်ကြီးဘသော်က ကပ္ပတိန်တစ်ယောက်နေနှင့် သင်္ဘောပေါ်သို့ အဦးဆုံးတက်ဖို့ စီစဉ်ရသည်။ ထိုအခါ ရွှေဘားတပ်ဂျာကင်အင်္ကျီအနက်ကို ဝတ်သည်။ အောက်ပိုင်းအတွက်မူ ဘောင်းဘီ မရှိတော့။ ထိုဘောင်းဘီမှာ ယခင်နေ့တွေတုန်းက ချွတ်၍ ခေါင်းပေါ်တင်ထားရာမှ ဘယ်အချိန် ဘယ်နေရာမှာ လွင့်ကျကျန်ရစ်ခဲ့သည် မသိ။ သို့နှင့် ယခု သင်္ဘောပေါ် တက်ရမည် ဆိုသည့်အခါ ဗိုလ်ကြီးဘသော်သည် အပေါ်ပိုင်းတွင် ရာထူးအဆင့်အတန်းပြ ရွှေဘားတပ် ဂျာကင်အင်္ကျီ ဝတ်ထားသော်ငြား အောက်ဘက်တွင် မိမွေးတိုင်း ဖမွေးတိုင်း။ ဒီကြားထဲ ရွှေဘိုသား၊ အလောင်းဘုရားသွေး ဆိုသည့် စိတ်ကြီးဝင်မှုကလည်း အသက်မသေတော့ဘူးဆိုမှ ဘယ်ကဘယ်လို ပေါ်လာသည် မသိ။ ဘယ်သူ့ အတွဲအထူမှ မခံယူဘဲ ကယ်ဆယ်ပေးသော အီစန်မာရူး(Esan Maru) သင်္ဘောပေါ် တက်ဖို့ စီစဉ်သည်။ သူ့ကို မြင်တော့ သင်္ဘောပေါ်က ဂျပန်သင်္ဘောသားတွေက တအံ့တဩနှင့်။ ဒါပေမဲ့ ခြေကမခိုင်။ ယိုင်ချင်နေပြီ။ ဂျပန်သင်္ဘောသားနှစ်ဦးက သူ့ကို တစ်ဖက်စီမှကိုင်ကာ တွဲတင်ကြသည်ကို အသာငြိမ်ခံနေလိုက်ရတော့သည်။ ထို့နောက် ရဲဘော်တွေ တစ်ယောက်ပြီး တစ်ယောက် သင်္ဘောပေါ် ရောက်လာကြသည်။

တိုက်ရေယာဉ် ၁၀၃ ပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အရာရှိ အကြပ်စစ်သည် စုစုပေါင်း ၂၇ နှစ်ဦးအနက် ဗိုလ်ကြီးဘသော် အပါအဝင် ၁၀ ဦးမှာ အသက်မသေဘဲ ကျန်ရစ်ခဲ့သည်ဟုသာ ဆိုရတော့မည်။ အီစန်မာရူး သင်္ဘောပေါ် ရောက်ပြီး နောက်ပိုင်းအဖြစ်အပျက်အချို့ကိုမူ မောင်သော်က(ဗိုလ်ကြီးဘသော်) ရေးထားသည့် ကျန်အပိုင်း အချို့ကိုမူ စာအုပ်ထဲတွင် ဆက်ဖတ်ကြည့်ကြစေချင်ပါသည်။

ဗိုလ်ကြီးဘသော်နှင့် ရဲဘော်တစ်စု ပင်လယ်ပြင်တွင် မျောနေခဲ့သော ရက်ပေါင်း ၁၃ ရက်သည် သာမာန်အခြေအနေတွင် ဘာမျှကြာလှသော အချိန်ကာလတစ်ခုမဟုတ်ဟု ဆိုချင်က ဆိုနိုင်ကြပါ၏။ သို့တိုင် ဒုက္ခဆင်းရဲကျရောက်နေသည့် အခြေအနေတွင် အဆိုပါ ၁၃ ရက်သည် ကာယကံရှင်တွေအတွက် ၁၃ ကမ္ဘာလောက်ပင် ကြာရှည်ခက်ခဲလွန်းလှသည်ကို တိုက်ရေယာဉ် ၁၀၃ စာအုပ်ထဲတွင် ရှင်းလင်းစွာ မြင်ရပါလိမ့်မည်။ ထို့ကြောင့် ‘ဘာမျှ မကြာတာလေးကို စာဖွဲ့နေတယ်’ ဟု ထင်စရာ အကြောင်းလည်း မရှိပါ။ သေတွင်းသေဝက လွှတ်လာ၍သာ ဆရာမောင်သော်ကသည် ဤစာအုပ်မျိုးကို ပြန်ရေးနိုင်ခြင်းဖြစ်သည်။ ရေးတော့လည်း အဆိုပါ အဖြစ်အပျက်ဆိုးကြီးဖြစ်အပြီး နှစ်ပေါင်း ၃၀ နီးပါး ကြာမှသာ ရေးရခြင်းဖြစ်သည်။ ကျွန်တော်တို့တစ်တွေက အခု ဆရာမောင်သော်က ရေးပြသည်များကို ဖတ်ရတော့ အချိန် တစ်နာရီ နှစ်နာရီမျှသာ ကြာသည့်တိုင် သင်္ဘောပျက်အခြေအနေကို ရင်ဆိုင်ခဲ့ရသည့် ရဲဘော်တစ်စုမှာ ဘာတစ်ခုမျှ မျှော်လင့်ချက် မရှိသည့် အနေအထားထဲမှာ ရှင်သန်ရှင်ကျန်အောင် အပတ်တကုတ် အားထုတ်ခဲ့ရကြရသည်။  

‘တိုက်ရေယာဉ် ၁၀၃’ ကို ဖတ်နေရင်းမှာ လည်းကောင်း၊ ဖတ်ပြီးသွားသည့်အခါမှာ လည်းကောင်း ကျွန်တော်တို့သည် အထက်တစ်နေရာမှာ ဗီယက်နမ်စစ်ပြန် စတော့ဒေးလ် ပြောခဲ့သည့် အခက်အခဲ အကြပ်အတည်း အခြေအနေထဲမှာ ယုံကြည်ချက် (Faith) နှင့် လက်တွေ့ကျမှု/ စည်းကမ်း (Discipline) ဆိုသည်ကို ဆက်စပ်ပြီး တွေးကြည့်နေမိသည်။ ဗိုလ်ကြီးဘသော်နှင့် ရဲဘော်တစ်စုသည် အခက်အခဲများကို ရဲရဲရင်ဆိုင်ကာ လက်တွေ့ကျကျ ဖြေရှင်း၍ ဒုက္ခတွင်းဆုံးကျနေသည့် အခြေအနေကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသည်။ ခေါင်းဆောင်မှုပေးရသည် ဗိုလ်ကြီးဘသော်အနေဖြင့်လည်း ကြုံလာရသည့် အနေအထားပေါ် မူတည်၍ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချခဲ့ရသည်။ ခေါင်းဆောင်မှုတွင် နာကျင်စရာတွေ အမှန်ပဲ ရှိခဲ့သည်။ သို့သော် ‘စည်းကမ်းရှိမှု’ ကို ထိန်းသိမ်းထားသည်။ ခံစားမှုကို အလိုမလိုက်ခဲ့။ နောက်ဆုံး ကယ်တင်မည့် သင်္ဘောနှင့် မကြုံ၍ ပင်လယ်ထဲ ဆက်မျှောနေဦးမည်ဆိုလည်း အဆုံးထိတိုင် တတ်နိုင်သမျှ အစီအမံပြု၍ ခေါင်းဆောင်မှု ပေးခဲ့သည်ကိုသာ မြင်ရမည်။ ‘မျှော်လင့်ချက်အမှား(False Hope) တွေက လူကိုသေစေတတ်တာ သူတို့ သိခဲ့ပုံရပါသည်။

ဗီယက်နမ်စစ်ပွဲကာလ သုံ့ပန်းဖြစ်ခဲ့သူ စတော့ဒေးလ်နှင့် တိုက်ရေယာဉ် ၁၀၃ နစ်မြုပ်စဉ် စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်ကြီးဘသော်တို့၏ အဖြစ်အပျက်မှာ တစ်ခုနှင့်တစ်ခု မတူညီသော်လည်း သူတို့ကြုံတွေ့ခဲ့ရသော ခါးသီးဖွယ် အခြေအနေတွေထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ကြခြင်းတွင်မူ တူညီကြသည်။ ‘ကံ’ လည်း ပါတာပေါ့ဟု စောဒက တက်နိုင်ပါသည်။ မှန်သည်။ ‘ကံ’သည် သူတို့၏ အဆုံးစွန် လှုပ်ရှားရုန်းကန်မှုသာ ဖြစ်လေသည်။ သူတို့နှစ်ဦးစလုံး ‘မျှော်လင့်ချက်’ ကို ‘လက်တွေကျမှု’နှင့် ပေါင်းစပ်၍ အကောင်းဆုံး လှုပ်ရှားရုန်းကန်ခဲ့ကြသူများဖြစ်သည်ကို တွေ့ရပါမည်။ အရမ်းမဲ့ မဟုတ်ဘဲ ‘ဉာဏ်’ကို သုံး၍ ဒုက္ခသုက္ခတွေထဲမှာ ရှင်ကျန်အောင် အပတ်တကုတ် အားထုတ်ခဲ့ကြသူတွေ ဖြစ်သည်။

ရှင်သန်ကျန်ရစ်ရေးအတွက် အခြေအနေများနှင့် စေ့စပ်လိုက်တာ မဟုတ်။ အလျှော့ပေး ကျေအေးလိုက်တာ မဟုတ်။ ခေါင်းထိုး ဒူးထောက်လိုက်တာ မဟုတ်။ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ အကြပ်အတည်းထဲက လွတ်မြောက်သည် ဖြစ်စေ၊ မလွတ်မြောက်နိုင်တော့သည်ပဲ ဖြစ်စေ သူတို့သည် လူ့ဂုဏ်သိက္ခာကို အဆုံးစွန် ထိန်းသိမ်းခဲ့ကြသူများဖြစ်သည်။

စတော့ဒေးလ်သည် အကျဉ်းကျနေစဉ် သူ့ ဂုဏ်သိက္ခာ မပွန်းမပဲ့ဘဲနှင့် အိမ်ပြန်နိုင်ရေး’ ဟု စိတ်ပိုင်းဖြတ်ကာ ရုန်ကန်ခဲ့သည်။ မောင်သော်ကသည်လည်း  ‘လောကတွင် ဂုဏ်သရေ ချို့ငဲ့ခဲ့လျှင် ဆက်လက်၍ အသက်ရှင်နေခြင်းမှာ မထိုက်လှသည် ဖြစ်၏’ ဟု နှလုံးသွင်းကာ သင်္ဘောပျက်စဉ် မျှော်လင့်ချက်မဲ့ အနေအထားကို ဖြတ်သန်းခဲ့သည်။ ထို့ကြောင့် မောင်သော်ကသည် အသက်မသေ ရှင်ကျန်ခဲ့သည်အခါ ဂုဏ်သိက္ခာရှိစွာ ရှင်ကျန်ရစ်သည်။ စတော့ဒေးလ် အလားတူ။ ဗီယက်နမ်စစ်ပွဲ (မူအရ ထိုစစ်ပွဲ မှန်သည် မမှန်သည်က အခြားကိစ္စတစ်ခု) ကာလပြီးတော့ စစ်သုံ့ပန်းဘဝကနေ ဂုဏ်သိက္ခာရှိစွာ အိမ်ပြန်လာနိုင်ခဲ့သည်။ တကယ်လို့ သူတို့တွေ သူတို့ကြုံခဲ့ရသည့် အခြေအနေဆိုးကြီးထဲမှာ အသက်သေခဲ့ကြရင်ကော။ ‘ကြီးမြတ်တဲ့ တစ်သက်တာ ဂုဏ်ရောင်ပြောင်တဲ့ သေဆုံးမှု’ သာ ဖြစ်မှာပါပဲ။

ကျွန်တော်တို့သည် ဗီယက်နမ်စစ်ကာလ စတော့ဒေးလ်ကြုံခဲ့ရသည့် အခြေအနေနှင့် ဆရာမောင်သော်က၏ သင်္ဘောပျက် အတွေ့အကြုံနှစ်ခုကို နှိုင်းယှဉ်ဖတ်ကြည့်ရင်း အခက်အခဲတွေ ပြွမ်းတီးနေသော ကာလအနေအထားထဲတွင် ဘယ်လို ရှင်သန်အောင် ဘယ်လိုရှင်ကျန်အောင် နေထိုင်ရမလဲ ဆိုတာကို တစ်စုံတစ်ရာ သင်ယူနိုင်လိမ်မည်ဟု ထင်ပါသည်။

စ်ဆက်တည်း၊ ‘တိုက်ရေယာဉ် ၁၀၃’ စာအုပ်နှင့်အတူ မောင်သော်က၏ ‘နှစ်ပေါင်း ၄၀၀ အိပ်မက်နှင့် တိုက်ရေယာဉ် ၁၂၇၁’ ဆိုသော ဆောင်းပါးများ စုစည်းမှု စာအုပ်ကိုပါ ပူးတွဲ ဆက်စပ် ဖတ်ကြည်ဖို့ သင့်ပါသည်။ ထိုစာအုပ်ထဲတွင် မောင်သော်ကနှင့် ရဲဘော်များ စင်ကာပူတွင် ဆေးကုသ ခံယူနေစဉ် စင်ကာပူရှိ စထရိတ်တိုင်းမ် သတင်းစာက ဗိုလ်ကြီးဘသော်နှင့် လာတွေ့ကာ သင်္ဘာပျက်စဉ် ပင်လယ်ပြင်အတွေ့အကြုံများကို လာ၍ မေးမြန်ကာ သတင်းရေး ဖော်ပြချက်များ ပါဝင်သည်။ ၁၉၅၆ ခုနှစ် ဒီဇင်ဘာလ ၁၉ရက်နေ့ထုတ် စထရိတ်တိုင်းမ် သတင်းစာ ဖော်ပြချက်ထဲတွင် ‘ဗိုလ်ကြီးဘသော် တို့၏ အဖြစ်အပျက်ကို ကြည့်၍ ပါရဂူ ကျွမ်းကျင်သူတို့က လူတစ်ယောက် အသက်ရှင်နိုင်ရေးအတွက် အနည်းဆုံး လိုအပ်သည်ဟု ယူဆသော ‘သောက်ရေ’ အချိုးအစားထက် လျော့၍ ၁၂ ရက်ကျော်မျှ နေထိုင်ခဲ့ရသည်ဖြစ်ရာ အဆိုပါ ကျွမ်းကျင်သူ ပါရဂူတို့၏ အဆိုအရ ဗိုလ်ကြီးဘသော်တို့ လူစုမှာ အသက်ရှင်ရန် မျှော်လင့်ချက် မရှိပေ’။ သို့သော်-

စထရိတ်တိုင်း သတင်းစာက ဤသို့ ဆက်၍ ရေးခဲ့သည်။

‘ဤကဲ့သို့ သင်္ဘောပျက်ခဲ့ရသူ အသီးသီး၌ နားမလည်နိုင်သော စွမ်းရည်များ ရှိနေသည်ကို ဝန်ခံရပေမည်။ ထိုစွမ်းရည်များကား အဘယ်နည်း။ ဗိုလ်ကြီးဘသော်၏ အဖြေကိုပင် အသင့်လက်ခံရပေမည် ထင်သည်။ ဗိုလ်ကြီးဘသော်၏ အလိုအားဖြင့်မူ- “ သူသည် ၁၂ ရက်လုံးလုံး၌  သူသေရလိမ့်မည်ဟု တစ်စက်မျှ မယုံကြည်ခဲ့။ မိမိကိုယ်မိမိ သတ်သေမည်ဟု စိတ်ပျက်အားလျော့သူ အားလုံးလိုလိုပင် သေဆုံးခဲ့ရသည်’ ဟု ဆိုလေသည်။  (ထိုစာအုပ် စာမျက်နှာ  ၁၁၈-၁၁၉)

မောင်သော်က၏ ‘မိမိကိုယ်မိမိ သတ်သေမည်ဟု စိတ်ပျက်အားလျော့သူ အားလုံးလိုလို သေဆုံးခဲ့ရသည်’ ဆိုသော စကားနှင့် အကျဉ်းထောင်ထဲမှာ ‘အကောင်းမြင်လွန်းသူတွေအားလုံး ရင်ကွဲနာကျပြီး သေကုန်ရတယ်’ ဆိုသော စတော့ဒေးလ်၏ စကားတို့မှာ သဘောအားဖြင့် တူညီနေသည်။ ရှင်သန်ကျန်ရစ်ဖို့အတွက် ‘ရှင်သန်နေတဲ့စိတ်ဓာတ်’ကို ပထမဆုံး မွေးမြူကြရလိမ်မည့် ထင်ပါသည်။ အရှုံးပေးနဲ့။ ဦးမညွတ်နဲ့။ ခါးမချိုးနဲ့။ ဒူးမထောက်နဲ့။ ပကတိ အရှိတရားကို ရဲရဲရင်ဆိုင်။ ဒါပါပဲ။

မောင်ဘစီ

၂၇ ဧပြီ ၂၀၂၆                                                                                                                                                                                                                                                           

စာအုပ်ဆိုင်ရာအချက်အလက်များ

စာအုပ်အမည် -  တိုက်ရေယဉ် ၁၀၃

စာရေးသူ - မောင်သော်က

ထုတ်ဝေခြင်း။  ။ စတုတ္ထအကြိမ်၊ မတ်၊ ၂၀၁၉ ခုနှစ်။ စိတ်ကူးချိုချိုစာအုပ်တိုက်။

စာမျက်နှာအရေအတွက်  - ၁၉၇

(ဓာတ်ပုံများ၊ စာရေးသူ၏ နိဒါန်း၊ မူလပထမ ထုတ်ဝေသူ၏ ရှေးဦးစကား။ စတုတ္တအကြိမ် ဖြည့်စွက်ချက်အနေနှင့် ‘တိုက်ရေယာဉ် ၁၀၃ နှင့် ပတ်သက်၍’ ဆိုသော ခေါင်းစဉ်ဖြင့် ၁၉၈၇ ခုနှစ် (- လ မပါ) ပေဖူးလွှာမဂ္ဂဇင်းမှ ဆောင်းပါး တစ်ပုဒ်ကို ဖြည့်စွက်ထားသည်။ ဆက်စပ်ဖတ်ရှုရန် ညွှန်းသော ‘နှစ်ပေါင်း ၄၀၀ အိပ်မက်နှင့် တိုက်ရေယာဉ် ၁၂၇၁’ စာအုပ်ကိုလည်း စိတ်ကူးချိုချို စာအုပ်တိုက်ကပင် ၂၀၁၉ အောက်တိုဘာလတွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေထားသည်။ ထိုစာအုပ်တွင် နိုင်ငံတကာပင်လယ်ပြင်အတွေ့အကြုံ ဘာသာပြန်နှင့် ပင်ကိုရေးဆောင်းပါး စုစုပေါင်း ၁၈ ပုဒ်ပါဝင်ပြီး၊ စာနယ်ဇင်းအသီးသီးတွင် မောင်သော်က ရေးခဲ့သော ဆောင်းပါးများကို စုစည်းခြင်းဖြစ်သည်။)

 


Related Articles

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...

စာအုပ်သုံးသပ်ချက်
...
ခင်ဝမ်း ဖတ်စာ
မောင်ဘစီ

လက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်း လူသူကင်းဆိတ်သော လမ်းမကြီးကို ရည်ရွယ်ချက်မဲ့ ထိုင်ငေးနေခိုက်၊ နောက်ကျောဘက် လက်ဖက်ရည်ဆိုင်ထဲက သီချင်းသံတစ်ခု ထွက်ကျလာသည်။ ‘နှုတ်ဆက်ခဲ့ပါတယ်… ကျွန်တော် သွားတော့မယ်…လမ်းရဲ့သယ်...