စာအုပ်သုံးသပ်ချက်

ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း

မောင်ဘစီ

01 February 2026
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ  ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
Share to

၁။

အမေရိကန်ပြည်ထောင်စုတွင် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသော ဗုဒ္ဓဘာသာရဟန်းတော်များ၏ သတင်းက ယခုအခါ ကမ္ဘာတစ်ဝန်းလုံး ကျော်ကြားနေသည်။ စိတ်ဝင်စားနေကြသည်။ ရုပ်မြင်သံကြား သတင်းတစ်ပုဒ်ဖြစ်နေသကဲ့သို့ ဖေ့ဘွတ်ခ် အစရှိသော လူမှုကွန်ယက် စာမျက်နှာများပေါ်တွင်လည်း ရေပန်းစားလျှက်ရှိသည်။ ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးဖြစ်သူ ဘိက္ခူပညာကာရ ဦးဆောင်သည့် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တွင် ရဟန်းတော် ၁၉ ပါးနှင့် အာလောက ဟူသော လမ်းဘေးခွေးလေးတစ်ကောင် ပါဝင်သည်။ ရည်ရွယ်ချက်မှာ အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းလုံးရှိ လူသားများ၏ စိတ်သဏ္ဌန်တွင် မေတ္တာ၊ ဂရုဏာ တရားနှင့် ငြိမ်းချမ်းရေးအပေါ် အာရုံစိုက် သတိမူမိလာကြစေရန်ဟု ဆိုပါသည်။

တက္ကဆက်ပြည်နယ်၊ ဖို့တ်ဝေါ့သ် (Fort Worth) မြို့မှ ၂၆ အောက်တိုဘာ ၂၀၂၅ ခုနှစ်တွင် စတင်ခဲ့သော ရဟန်းတော်များ၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးသည် ဝါရှင်တန်ဒီစီ မြို့တွင် အဆုံးသတ်မည် ဖြစ်သည်။ တက္ကဆက်မှ ဝါရှင်တန်အထိ ခရီးအကွာအဝေးမှာ မိုင်ပေါင်း ၂၃၀၀ (နှစ်ထောင့်သုံးရာ) ရှိသည်။ ထိုအထိ ရောက်ဖို့အတွက် လမ်းလျှောက်ရန် ရက်ပေါင်း တစ်ရာ့နှစ်ဆယ်(၁၂၀) ကြာမြင့်မည်ဟု ခန့်မှန်းထားကြသည်။ ရဟန်းတော်များ တစ်ရက်မပြတ် လမ်းလျှောက်ခဲ့ကြသည်မှာ ယခုအခါ (ဤစာကို ရေးနေချိန်- ၂၉ ဇန်နဝါရီ ၂၀၂၆ အထိ) ရက်ပေါင်း ကိုးဆယ့်ခြောက်ရက် (၉၆) ရက် ရှိနေပါပြီ။

ခရီးစဉ် အစတုန်းကမူ  ရဟန်းတော်များ၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးကို သတိထားမိသူ သိပ်မရှိသေး။ ထိုမျှမက အခက်အခဲများစွာနှင့်ပါ ကြုံရသည်။ လမ်းတွင် ရန်ပြုလိုသူတွေနှင့် ကြုံရသည်။ ဦးဆောင်ဆရာတော် ဘိက္ခူပညာကာရ၏ အပြောအရ ခရီးလမ်းတစ်နေရာတွင် ကားမီးခိုးလုံးများဖြင့် မှုတ်ထုတ်ခြင်းကို ခံရသည်တဲ့။ ဘာသာအယူ မတူသူအချို့၏ ရန်လိုသော အပြုအမူများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ အဆိုးဝါးဆုံး မတော်တဆမှုအနေဖြင့် ၁၉ နိုဝင်ဘာ ၂၀၂၅ ရက်တွင် တက္ကဆက်ပြည်နယ်ထဲက ဒေးတန် (Dayton )မြို့အနီးတွင် လမ်းလျှောက်နေကြစဉ် ထရပ်ကားတစ်စီးသည် ရဟန်းတော်များကို လိုက်ပါစောင့်ရှောက်နေသော မော်တော်ကားတစ်စီးကို ဝင်တိုက်လိုက်မိသည်။ ထိုသို့ အတိုက်ခံရသောယဉ်က လမ်းလျှောက်နေကြသည် ရဟန်းတော်များဘက်သို့ နောက်တဖန် အရှိန်ဖြင့် ဝင်တိုက်မိပြန်ရာ ရဟန်းတစ်ပါးဖြစ်သူ ဘန္တေဒမ် ဖွမ်မစန် (Bhante Dam Phommasan)၏  ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်အထိ အခြေအနေဆိုးခဲ့သည်။ သို့သော် ဘန္တေဒမ် ဖွမ်းမစန်သည် ယဉ်မောင်းသူကို အပြစ်မတင်၊ ခွင့်လွတ်သလို  သူ့ခြေတစ်ဖက်ကိုလည်း ဗုဒ္ဓထံသို့ ရည်စူး လှူဒါန်းလိုက်ရသည်ဟုသာ သဘောထားကြောင်း မိန့်ကြားသည်။ စိတ်မကောင်းစရာ ဖြစ်အင်တစ်ခု ဆိုသော်ငြားလည်း  ငြိမ်းချမ်းရေးခရီးစဉ်အတွင်း ခွင့်လွတ်ခြင်းကို လက်တွေ့ဖော်ထုတ်ပြသနိုင်လိုက်ခြင်းဟု ဆိုရပါလိမ့်မည်။

ဒီ့နောက်ပိုင်းတွင် ရဟန်းတော်များ၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးကို တဖြည်းဖြည်း လူသိများလာပြီး ရောက်လေရာရာ အရပ်များတွင် ကြိုဆိုသူ လူသူပရိသတ် ထောင်ချီ သောင်းချီ စုဝေးကာ လမ်းလျှောက်ရဟန်းများကို နှုတ်ဆက်ကြသည်။ ရဟန်းတော်များ ရည်မှန်းသကဲ့သို့ ချစ်ခြင်းမေတ္တာ၊ ဂရုဏာနှင့် ငြိမ်းချမ်းရေးတရားများကို လူသူအများ၏ နှလုံးသားတွေထဲ ရောက်အောင် ဟောနိုင်ပြောနိုင်သည့် အခွင့်အရေးရနေပြီ။ စာနယ်ဇင်းများနှင့် လူမှုကွန်ယက်များ၏ ရေးသား                    ဖြန့်ဝေမှုများကြောင့်လည်း အမေရိကနယ်နိမိတ်ကို ကျော်လွန်ကာ ကမ္ဘာတစ်ဝန်းရှိ အများပြည်သူများထံသို့ ငြိမ်းချမ်းရေးဆိုသော စကားလုံးနှင့် အနှစ်အသားတို့ကို သတိမူမိအောင်၊ နိုးကြားလာအောင်လည်း လှုံ့ဆော်နိုင်နေပြီ။

၂။

ရဟန်းတော်များ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးကို ဆိုရှယ်မီဒီယာတွေမှတစ်ဆင့် နေ့စဉ်မပြတ် လိုက်ကြည့်ရင်းက ဖတ်ခဲ့ဖူးသော စာအုပ်တစ်အုပ်ကို ကျွန်တော် သတိရလာသည်။ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များအကြောင်း အထူးပြုဖော်ပြလေ့ရှိသည့် ရီဆာဂျင့် (Resurgence) မဂ္ဂဇင်း အယ်ဒီတာလည်းဖြစ်ခဲ့၊ ရှူးမေကာကောလိပ်၏ ကျောင်းအုပ်ကြီး အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသော စာတစ်ကူးမား၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို သတိရနေခြင်း ဖြစ်သည်။ ၎င်း စာအုပ်ကို စာရေးဆရာကိုတာက မြန်မာဘာသာပြန်ထားသည်။ စာအုပ်ခေါင်းစဉ်က ‘ခရီးပန်းတိုင်ရယ်လို့ မရှိ’ ဟူ၏။

စာတစ်ကူးမားသည် ယခု ဗီယက်နမ်ရဟန်းတော် ဘိက္ခူပညာကာရ ဦးဆောင်သည့် ရဟန်းတော် ၁၉ ပါးကဲ့သို့ပင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်  ရည်ရွယ်လျက်၊ အိန္ဒိယမှ အမေရိကန်ပြည်ထောင်စုအထိ မိုင်ပေါင်း ရှစ်ထောင်(၈၀၀၀) ကျော်ခရီးကို ခြေကျင်လျှောက်ခဲ့သူ ဖြစ်သည်။ အိန္ဒိယမှ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ဂျာမနီ။ ထိုမှ ပြင်သစ်။ ပြင်သစ်အရောက်တွင် အဖမ်းခံရပြီး အချုပ်ထဲ နေခဲ့ရသေး၏။ ပြီးလျှင် အင်္ဂလန်သို့ ခရီးဆက်သည်။ အင်္ဂလန်မှ တစ်ဆင့် အမေရိကန်သို့ ဘာထရန်ရပ်ဆဲလ်တို့ စီစဉ်ပေးလိုက်သည့် လက်မှတ်ဖြင့် သင်္ဘောစီးကာ ရောက်သွားသည်။ မိုင်ရှစ်ထောင်နီးပါးရှိသော ခရီးစဉ်သည် ထိုအချိန်က နူးကလီယားလက်နက်ပိုင်ပြီး အချိန်မရွေး တတိယကမ္ဘာ စစ်ကြီး ဖြစ်ပွားအောင် ခလုတ်နှိပ်နိုင်သည့် အစွမ်းရှိနေကြသော ရုရှား၊ ပြင်သစ်၊ အင်္ဂလန်နှင့် အမေရိကန် နိုင်ငံလေးနိုင်ငံ၏ မြို့တော်များဖြစ်သော မော်စကို၊ ပါရီ လန်ဒန်၊ ဝါရှင်တန်ဒီစီ အထိ အကျုံးဝင်သည်။

အများအကျိုးအတွက် ရည်ရွယ်သော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောင်မြင်မှုရှိစေရန် ထို့သို့ ဆောင်ရွက်နေစဉ် ကာလအတွင်း အဓိဌာန်တစ်မျိုးမျိုး၊ ကျင့်စဉ်တစ်မျိုးမျိုးကို ကျင့်ဆောင်ကြသည်မှာ အရှေ့တိုင်းက လူအတော်များများ၏ အမှတ်အစွဲ အလေ့အထတခုဟု ဆိုနိုင်မည်လားမသိ။ ယခုအခါ အမေရိကန်ပြည်ထောင်စုအတွင်း လမ်းလျှောက်နေသော ရဟန်းတော်များထဲတွင် ဓူတင် တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော ဓူတင်များကို ဆောင်ထားသည့် ရဟန်းတွေ ပါဝင်နေသည်။ ဦးဆောင်ဆရာတော် ပညာကာရဆိုလျှင် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း ဣရိယာပုထ် လေးမျိုးအနက် လျောင်းသော ဣရိယာပုထ်ဖြင့် မနေရသော ‘နေသဇ္ဇိကဓုတင်’ကို ဆောင်ထားသည်ဟု တစ်ဆင့်ကြားသိရသည်။ လမ်းလျှောက်သည့် ခရီးစဉ်တွင် အခြားသော ရဟန်းဝိနည်းဆိုင်ရာ စည်းမျဉ်းများကိုလည်း တင်းကျပ်စွာ လိုက်နာကြသည်။ အလားတူ စာတစ်ကူးမားတို့ ငြိမ်းချမ်းရေးလမ်းလျှောက်စဉ်ကလည်း ခရီးလမ်းတွင် ပိုက်ဆံကြေးငွေ တစ်ပြားမျှ ယူမသွား။ သတ်သတ်လွတ်သာ စားပြီး အိန္ဒိယမှ အမေရိကအထိ ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။ လူဝတ်ကြောင်အနေဖြင့် သတ်သတ်လွတ်စားတာကဖြင့် ထားပါ၊ ပိုက်ဆံကြေးငွေ တစ်ပြားမျှ မပါဘဲ အမေရိကအထိ ရောက်အောင် သူတို့ ဘယ်လို လမ်းလျှောက်သွားခဲ့ကြတာလဲ။ စိတ်ဝင်စားဖို့ ကောင်းသည်။

ကျွန်တော်သည် စာတစ်ကူးမား၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ  ‘ခရီးပန်းတိုင်ရယ်လို့ မရှိ’ ဟူသော စာအုပ်ကို သုံးလေးကြိမ်ထက်မနည်း ဖတ်ထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် စာအုပ်ထဲက အကြောင်းအရာအများစုကို အလွတ်နီးပါး မှတ်မိနေပြီ။ သို့သော် ငြိမ်းချမ်းရေးလမ်းလျှောက် ခရီးနှင်နေကြသော ရဟန်းတော်များအကြောင်း လူပြောများလာသောအခါတွင် ထိုစာအုပ်ကို နောက်တစ်ခေါက် ပြန်ဖတ်ဦးမှပဲဟု စိတ်ကူးပေါ်ပြန်သည်။ သို့ဖြင့် စာအုပ်စင်မှယူကာ ပြီးခဲ့သည့် တနင်္ဂနွေ တစ်ရက်တွင် ထပ်ကျော့ဖတ်ဖြစ်ခဲ့ပါသည်။ ‘ခရီးပန်းတိုင်ရယ်လို့ မရှိ’ စာအုပ်ကို ဖတ်နေရင်း ဟင်းကောင်း ထမင်းကောင်း စားမြိန်ဖွယ်ရာတို့ စားရသည့်အခါတွင် ချစ်သူခင်သူများကို သတိရတတ်သည့် နည်းတူ၊ စာအုပ်ကောင်းတစ်အုပ် ဖတ်နေရသည့်အခါတွင် ‘လက်တို့’ ချင်သည့် ဉာဉ်ကလေးကို မဖျောက်နိုင်ပေ။ ဒါနှင့် စာတစ်ကူးမားအကြောင်း ပြန်ပြောချင်လာပြီ။

 

၃။

စာတစ်ကူးမားကို အိန္ဒိယနိုင်ငံ ရှရီဒွန်ဂါဂါမြို့မှာ မွေးသည်။ ငယ်စဉ်က ကျောင်းရယ်လို့ မယ်မယ်ရရ မနေခဲ့ရဖူးသလို စာလည်းကောင်းကောင် မသင်ခဲ့ရစဖူး။ သူ့အသက်လေးနှစ်အရွယ်တွင် ဖခင်ဖြစ်သူက ကွယ်လွန်သွားသည်။ ဘာသာရေး ကိုင်းရှိုင်းသည့် အမေဖြစ်သူ၏ အအုပ်အထိန်းဖြင့် ကြီးပြင်းရသည်။ ကူးမား၏ အမေက ပရိတ်ကို တစ်နေ့လျှင် ရှစ်ကြိမ်ရွတ်သည်။ ဂျိန်းဘာသာဝင်။ မနက် လေးနာရီတွင် အိပ်ရာထပြီး လေးဆယ့်ရှစ်မိနစ် တရားထိုင်သည်။ အလိုဆန္ဒတွေကို ထိန်းသိမ်းနိုင်ဖို့ဟု ဆိုကာ အစားဆယ့်နှစ်မျိုးကလွဲ၍ အခြား ဘာကိုမျှမစား။ သတ်သတ်လွတ် စားသည်။ တစ်နေ့လျှင် ဆယ်မိုင်ထက် ပို၍ ခရီးမသွား၊ သွားလျှင် အရှေ့အရပ်တူရူသို့သာ သွားသူ။ ထိုသို့သော အမေနှင့် အတူနေရသူ စာတစ်ကူးမားသည် အသက်ကိုးနှစ်အရွယ်တွင် ဂျိန်းဘုန်းကြီးဝတ်သည်။ မိသားစုဝင် တွေက ဘာကြောင့်များ ဘုန်းကြီးဝတ်ချင်ရတာလဲဆိုသည်ကို နားမလည်နိုင်ကြ။ ဂျိန်းဘုန်းကြီးဖြစ်လာသောအခါ ဆရာ ဂုရုထံတွင် ဂျိန်း ကျမ်းစာများ သင်ရသည်။ ဂျိန်းဘာသာဝင် ရဟန်းတစ်ပါးအနေနှင့် ရေချိုးခြင်း၊ သွားတိုက်ခြင်း မပြုရ။ အဝတ်တစ်ထည်တည်းကို မလျှော်မဖွတ်ဘဲ စုတ်ပြဲကုန်သည်အထိ ဝတ်ရသည်။ ဆံပင်လည်း မလှီးမဖြတ် မလျှော်မညှပ်ရသဖြင့် ကြာလာတော့ ဦးခေါင်းတွင် သန်းများတွယ်ကုန်သည်။ ထိုအခါ ဂုရုက မိန့်သည်။

“မင်းမှာ သန်းတွေ ရှိနေပြီ၊ ဒါအရေးမကြီးပါဘူးကွယ်။ ဒါပေတဲ့ သက်ရှိဆိုရင် သန်းတစ်ကောင်ကိုသော်မှ အန္တရာယ် မဖြစ်စေရဘူးလို့ သီလယူထားတာကို မှတ်မိတယ်မဟုတ်လား။ သန်းတွေကို ကောက်ပြီး ဆံပင်ထဲ ပြန်ထည့်ကွယ်။ ဒါမှ သန်းမသေမှာ”  (စာ ၂၃)

ဂျိန်းဘုန်းကြီး စာတစ်ကူးမား၏ ဆံပင်တွေ အလွန့်အလွန် ရှည်လျားလာခဲ့ချေပြီ။ မဖြီးမသင် မဆေးမကြောရသည်မို့ ဆံပင်တို့မှာ ချုံပုတ်ကဲ့သို့ ဖြစ်လာခဲ့လေပြီ။ သူ့ ဆံပင်များကို ဆရာဂုရု၏ ညီဖြစ်သူက တစ်ချောင်းချင်း ဆွဲနှုတ်ပေးသည်။ ဆွဲနှုတ်ပေးသူက သူ့ ဒူးနှစ်လုံးကြားတွင် စာတစ်ကူးမား၏ ခေါင်းကိုညှပ်သည်။ ထို့နောက် ဘယ်ဘက်လက်ဖြင့် လည်ကုတ်ကို ကိုင်ကာ  ဆံပင်များကို အလျင်အမြန် ဆွဲနုတ်ပေးတော့သည်။ ဆံပင်များ ပြောင်စင်သွားသည်နှင့်အတူ တစ်ခေါင်းလုံးတွင်လည်း သွေးခြင်းခြင်း နီနေပြီ။ ထို့နောက် ဆွဲနုတ်ထားသော ဆံပင်များနှင့် သန်းများကို ခြေသလုံးတွင် မြဲမြံစွာ ပတ်ချည်သည်။ သို့မှသာ သန်းများသည် ခန္ဓာကိုယ်မှ အစာရှာဖွေနိုင်မည်ဖြစ်ပြီး၊ သန်းတွေ သေကုန်သည့်တိုင် ထိုအတိုင်း ထားရသည်။ သို့နှယ် ဆန်းလည်း ဆန်း၏၊ ကြမ်းလည်း ကြမ်း၏ဟု ဆိုရမည့် ဂျိန်းဘုန်းကြီးဘဝ နေ့ရက်တွေကို စာတစ်ကူးမားက စိတ်ဝင်စားဖွယ် ရေးပြထားသည်။

ဂျိန်းဘုန်းကြီးအဖြစ် ရှစ်နှစ်ကြာပြီးနောက် တစ်နေ့တွင် ကစ်ရှုး အမည်ရှိသော ဒကာတစ်ဦးက စာတစ်ကူးမားသို့ မဟတ္တမဂန္ဓီရေးသည့် စာအုပ်တစ်အုပ်ကို ဖတ်ရန်ကပ်သည်။ (ဘာစာအုပ်လဲ ဆိုတာကို  စာတစ်ကူးမားက သူ့ အတ္ထုပ္ပတ္တိထဲတွင် ဖော်ပြမထားပေ။ ဂန္ဓီ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ဖြစ်နိုင်သည်) စာတစ်ကူးမားက သူ့တို့ ဘုန်းကြီးများကို ဂျိမ်းကျမ်းစာများမှအပ အခြား ပြင်ပစာအုပ်များ ဖတ်ခွင့်ပြုမထားကြောင်း ပြောပြ၍ ဖတ်ရန်ငြင်းသည်။ ကစ်ရှုးက အလျော့မပေး။ ကုဋီတက်သည့် နေရာအထိ လိုက်လာပြီး ‘ဒီစာအုပ်ကလည်း ဘာသာရေး စာအုပ်တစ်မျိုးပါပဲ’ ပြောကာ ဖတ်ကြည့်ရန် ဆွယ်သည်။

ထိုအချိန်တွင် စာတစ်ကူးမားက အသက်တစ်ဆယ့်ရှစ်နှစ် ရှိပြီလေ။ ကီရှိုး တိုက်တိုက်တွန်းတွန်းလုပ်သဖြင့် စာအုပ်ကို ဖတ်ကြည့်ဖြစ်သွားသည်။ စာအုပ်ထဲတွင် ‘လောကကြီး၏ ပြဿနာကို ပစ္စုပ္ပန်ကာလ အခုဖြစ် အခုကြုံနေရဆဲအခိုက်မှာ ဖြေရှင်းဖို့ရာ အကူအညီ မဖြစ်ဘူး ဆိုပါက ဘာသာရေးသည် ဘာသာရေး မမည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဒီဘဝ ဒီလူ့အဖွဲ့အစည်းထဲကနေ ဝေးရာသို့ ခေါ်သွားသည်မှာလည်း ထွက်ပြေးခြင်း တစ်မျိုးပါပေ။ သစ္စာကို ရှာဖွေခြင်းဟူသည် နေ့စဉ်နေ့တိုင်း၏ စဉ်ဆက်မပြတ် လက်တွေ့စမ်းသပ်မှုတစ်ခု။ လူတိုင်း၏ ဘဝဆိုသည်မှာ လက်တွေ့စမ်းသပ်မှုတစ်မျိုး။ သစ္စာတရားနှင့် လက်တွေ့စမ်းသပ်မှုတွေကို လူတိုင်း လုပ်နိုင်သည်’ စသည်ဖြင့် ဂန္ဓီ၏ အရေးအသားတွေကိုတွေ့ပြီး ဉာဏ်အလင်း ပွင့်သလိုလို ဖြစ်သွားသည်။

ဘာသာရေးနှင့် ပတ်သက်သည့် စိတ်အစွဲများကို ဂန္ဓီက အလင်းဖွင့်ပေးလိုက်သည့်အလား စာတစ်ကူးမား ‘နိုး’လာပြီ။ နာမ်ဝိဉာဏ် လင်းပွင့်မှုအတွေ့အကြုံကို ငံ့လင့်နေသည်တိုင် ထိုအရာကို မရခဲ့။ ယခု ဂန္ဓီ၏ စာအုပ်ကို ဖတ်ရသည့်အခါတွင် စာတစ်ကူးမားသည် သူ၏ ရဟန်းဘဝနှင့် ဆက်စပ်သော သံသယတွေ ခေါင်းထဲဝင်လာလေသည်။ လူ့အဖွဲ့အစည်းကို ကျောခိုင်း၍ ဘုရားသခင်ထံ မျက်နှာမူရမည်ဆိုသော ဆရာဂုရု၏ သွန်သင်ချက်က ဂန္ဓီ၏ အတွေးခေါ်များနှင့် ဖီလာပြုနေပြီလား၊ လက်တွေ့ လောကအဖြစ်မှန်ကနေ ငါတို့ ထွက်ပြေးနေတာများလား စသဖြင့် သူ့စိတ်ထဲ၌ ဖြစ်နေသော ယုံမှား သံသယတွေကို  မိတ်ဆွေဖြစ်သူ မိုဟန်ထံတွင် ဖွင့်ဟသည်။ မိုဟန်ပြောတော့မှ ပိုဆိုးနေသည်။

“ရဟန်းတစ်ခါဝတ်ရင် တစ်သက်လုံး ရဟန်းပဲ ဖြစ်တော့တာ။ ထွက်လို့လည်း ရတာမဟုတ်။ ရဟန်းဝတ်နဲ့ပဲ သေရမှာကွ”  (စာ ၁)

ဒွိဟသံသယတွေဖြင့် အိပ်မပျော်သော ညအချို့ကို ဖြတ်သန်းပြီးနောက်တွင်မူ ဘာပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမည့်အချိန်ရောက်ပြီဟု စာတစ်ကူးမားနှင့် မိုဟန်တို့ တွေးမိကြသည်။ သို့နှင့် နောက်ဆုံးတွင် ဂျိန်းဘုန်းကြီးအဖြစ်မှ လူဝတ်လဲကာ ထွက်ပြေးဖို့ သူတို့နှစ်ယောက် ကြံစည်တော့သည်။ သူတို့နှင့်လည်း သိကျွမ်း၊ ဆရာသခင်ဂုရုနှင့်လည်း ရင်းနှီးသော အမျိုးသမီး ကဗျာဆရာတစ်ဦးထံသို့ စာရေး၍ လူထွက်တော့မည့်အကြောင်း၊ အဝတ်အစားနှင့် လမ်းစရိတ် ငွေအချို့ ထောက်ပံ့စေလိုသည့်အကြောင်း မဝံ့မရဲ အကူအညီ တောင်းကြည့်သည်။ အမျိုးသမီးက ရှင်တို့ ရဟန်းဘဝကို စွန့်တာ မစွန့်တာ စိတ်မဝင်စား၊ အကူအညီတောင်းတာကိုတော့ လုပ်ပေးမည်ဆို၍ ကျေးဇူးတင်မဆုံးပြီ။  

ဂျိန်းဘုန်းကြီးအဖြစ်မှ လူဝတ်လဲ၍ ထွက်ပြေးသည်ဆိုသောသတင်းက နယ်တစ်ခွင်တွင် အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြသည်။ ဒေလီမြို့သို့ ရထားစီးပြီးအလာ ဘူတာရုံတွင် ဒကာသုံးယောက်က စောင့်နေပြီး ‘မင်းတို့ကို ငါ့တို့က လူထွက်ခွင့် မပေးနိုင်ဘူး’ ဆိုကာ အတင်းချုပ်ဖမ်းသည်။ ဂျိန်းဘုန်းကြီး ပြန်လုပ်ပါရန် ချော့တစ်လှည့် ကြမ်းတစ်ချီ ဖြောင်းဖျလိုက် ခြိမ်းခြောက်လိုက်လုပ်ကြသည်။ သူတို့က ဘုန်းကြီးပြန်မဝတ်တော့ဘူး ဆုံးဖြတ်ပြီးပြီ။ ဘယ်လို့မှ ချော့မရ ခြောက်မရသည့် အဆုံးတွင် သူတို့နှစ်ဦးကို ရက်သတ္တတစ်ပတ်အကြာ ချုပ်ထားရာမှ ပြန်လွတ်ပေးသည်။ အမေ့အိမ်ပြန်တော့ ဘာသာရေးတွင် ကိုင်းရှိုင်းမှုရှိသည့် အမေဖြစ်သူက မျက်ရည်စက်လက်ဖြင့် ဆီးပြောသည်။

“မင်းတော့ အမှားကြီး မှားပြီကွယ်။ ဒီလောကထဲ ပြန်လာတာ ကိုယ့်အန်ပြီးသား အန်ဖတ်ကို စားသလိုပဲ” (စာ ၄၉)

အသက်ကိုးနှစ်အရွယ်ကစ၍ ဂျိန်းဘုန်းကြီးဖြစ်နေသည့် စာတစ်ကူးမားအဖို့ကတော့ ယခု အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် ဘုရားသခင်၏ လမ်းစဉ်ထက် ဂန္ဓီ၏ လမ်းစဉ်နောက်သို့ အစဉ်တစိုက်လိုက်တော့မည်ဟု ကိုယ်တိုင် ပိုင်ပိုင်ဆုံးဖြတ်နိုင်ပြီဖြစ်ရာ ကျေနပ်၍ မဆုံး။ လောကကြီးက အကျယ်ကြီး။ လုပ်စရာတွေက အများကြီး။

၄။

‘ဘဝကို မြစ်လိုသာ စီးပစေ။ နွံထဲ နစ်မနေစေနဲ့’

ထိုစကားကို ပြောသူမှာ ဗီနိုဗာဖြစ်သည်။ ဗီနိုဗာ (Vinoba Bhave)က  ဂန္ဓီ၏ လွတ်လပ်ရေးတိုက်ပွဲဝင် ရဲဘော်တစ်ဦး၊ ဂန္ဓီဝါဒတွင် စွဲမြဲယုံကြည်သူ တစ်ဦးဖြစ်ပါသည်။ ၁၉၅၁ ခုနှစ်မှစ၍ အိန္ဒိယတွင် မြေရှင်များက ဆင်းရဲသားများသို့ မြေယာ ခွဲဝေရေးကို အကြီးအကျယ် လှုံ့ဆော်ခဲ့သူဖြစ်သည်။ မြေယာပြုပြင်ပြောင်းလဲရေးအတွက် သူ့နောက်လိုက်များနှင့်အတူ အိန္ဒိယနိုင်ငံတစ်ခွင်တစ်ပြင်လုံးသို့ ဆယ်နှစ်နီးပါးကြာ လမ်းလျှောက်ကာ မြေရှင်များကို တိုက်တွန်းခဲ့သည်။ အောင်မြင်မှုများလည်း ရသည်။ ဆင်းရဲသား နင်းပြားတွေအားလုံး မြေယာ မပိုင်မချင်း အိန္ဒိယပြည် တစ်နံတစ်လျားတွင် လမ်းဆက်လျှောက် မည်ဆိုသည့် ဗီနိုဗာ၏ ကြွေးကြော်သံက လူထုကို စိတ်လှုပ်ရှားစေသည်။

မကြာမီတွင် ဂျိန်းဘုန်းကြီးလူထွက် စာတစ်ကူးမားသည် ဗီနိုဗာ၏ မြေယာပြုပြင်ပြောင်းလဲရေး လမ်းလျှောက်အဖွဲ့ဝင် တစ်ဦး ဖြစ်သွားသည်။ ဗီနိုဗာနှင့်အတူ လမ်းလျှောက်ရင်း ဂန္ဓီဝါဒတွင် ယုံကြည်မှုသဒ္ဓါ ပို၍ ခိုင်မာလာသည်။ ဂန္ဓီ၏ အကြမ်းမဖက်ရေး အယူအဆကို ပို၍ နားလည်လာသည်။ ဂန္ဓီ၏ အကြမ်းမဖက်ရေးအယူအဆသည် ခြေထောက်နှစ်ချောင်းဖြင့် လမ်းလျှောက်ခြင်းနှင့် တူသည်။ ခြေထောက်တစ်ချောင်းက ‘အခြားသော လူ့အဖွဲအစည်း တစ်ခု တည်ဆောက်ခြင်း’ ဖြစ်ပြီး၊ နောက်တစ်ချောင်းက ‘အပြောင်းအလဲကို ကန့်လန့်ခံထားသော အတားအဆီးများကို ခုခံရန်အတွက် ပူးပေါင်းဆောင်ရွက်မှု မပြုခြင်း ( Disobedience)’ ဖြစ်သည်။

စာတစ်ကူးမားနှင့် နောက်လိုက်အချို့က ဗီနိုဗာသည် ဂန္ဓီဝါဒတွင်‌ ခြေထောက် တစ်ချောင်းနှင့်သာ လျှောက်နေသူလား သံသယရှိကြသည်။ ‘အခြားသော လူ့အဖွဲ့အစည်း’ တစ်ခုကိုတော့ တည်ဆောက်ပါ၏။ သို့သော် လူ့အဖွဲ့အစည်းဟောင်းကို ကာကွယ်ပေးနေသော အင်အား(နိုင်ငံရေး) အဆောက်အအုံကိုမူ ရင်မဆိုင်။ မြေယာပြုပြင်ရေးအတွက် ပို၍ အစွန်းရောက်သော လှုပ်ရှားမှုတွေ လိုနေသည်ဟု စောဒနာကြသည်။ ဤတွင် ဗီနိုဗာက စာတစ်ကူမားကို ရှင်းပြသည်။

“ဂန္ဒီကြီးရဲ့ လူထုက မပူးပေါင်း မလိုက်နာရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်တာက ဗြိတိသျှတွေကို ဆန့်ကျင်တုန်းကကိုး။ ဗြိတိသျှအစိုးရက ရွေးကောက်ခံအစိုးရမဟုတ်ဘဲ အထက်စီးက မိုးကျရွှေကိုကိုး။ ယခု အခြေအနေနဲ့ မတူဘူး။ ယခုဟာက ကျုပ်တို့ဟာ ဒီမိုကရေစီဘောင်အတွင်းမှာပဲ။ လူထုက အစိုးရကို ရွေးကောက်ထားတယ်။ ကျုပ်တို့ အစိုးရဆီက အပြောင်းအလဲတစ်ခုခု လိုချင်ရင် မဲပေးတဲ့ သူတွေကို ရှင်းပြရမယ်။ မဲပေးသူကမှ တကယ့်မာစတာကိုး။ လူထုရဲ့ အခိုင်းအစေဖြစ်တဲ့ အစိုးရထံ သွားရမှာ မဟုတ်ဘူး။ ကျုပ်အလုပ်က လူတွေမှာ တော်လှန်ရေးအသိစိတ်ဓာတ် ဖန်တီပေးဖို့ပဲ”  (စာ ၇၉ )

အိန္ဒိယ၏ ပြဿနာသည် နိုင်ငံရေး စီးပွားရေးပြဿနာများ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာဟုသာ ဗီနိုဗာက ယူဆထားသူ ဖြစ်သည်။ စာတစ်ကူးမားက ဗီနိုဗာကို ‘ခင်ဗျားက လူတွေကို ဦးဆောင်သင့်တာပဲ’ ပြန်ပြောသည်။ ဗီနိုဗာက ခေါင်းဆောင်ခြင်းကို မယုံ။ ဗီနိုဗာတွင် ကြီးမြင့်လိုစိတ် မရှိ

“ကျုပ်ဟာ ခေါင်းဆောင်တစ်ယောက်ပဲလားလို့ ခင်ဗျား ရှာဖွေနေတယ်ဆိုရင် စိတ်ပျက်မှာပဲ။ နိုင်ငံရေးခေါင်းဆောင်ဆိုတာမျိုးက ခေတ်ကုန်ပြီ။ လူတိုင်းပဲ ခေါင်းဆောင် ဖြစ်သင့်တဲ့အချိန်ဗျ”  (စာ၇၉)

ဗီနိုဗာ၏ ‘လူတိုင်းပဲ ခေါင်းဆောင်ဖြစ်သင့်တဲ့အချိန်ဗျ’ စကားကိုတွေ့တော့ စာအုပ်ဖတ်နေရင်း ကျွန်တော်သည် တို့ဗမာအစည်းအရုံးကို တည်ထောင်သူတစ်ဦးဖြစ်သော သခင်ဘသောင်း၏ မျက်နှာကို ပြေးမြင်ကာ သတိရသည်။ ၁၉၂၀ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ဖြစ်စဉ်က တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းတွေ အတော်များများက ထောက်ခံသည့်အနေဖြင့် ပါဝင်သပိတ်မှောက်ကြသည်။ ထိုအခါက မန္တလေးမြို့တွင်လည်း အထက်တန်းကျောင်းသားတွေ မြို့ထဲလှည့် သပိတ်မှောက်သည်။  ဤတွင် ရာဇဝတ်ဝန် မက်ဒေါနယ်နှင့် ကျောင်းသားတွေ တည့်တည့်တိုးသည်။ ရာဇဝတ်ဝန်က ‘ကျောင်းသားခေါင်းဆောင် ဘယ်သူလဲ’ မေးတော့ ထိုအချိန်က သပိတ်မှောက်ကျောင်းသားတစ်ဦးမျှသာ ရှိသေးသည့် မောင်ဘသောင်း (သခင်မဖြစ်သေး)က "Everybody is the leader of himself” (လူတိုင်း ကိုယ့်ကိုယ်ကို ခေါင်းဆောင်နေကြတာပဲ) ဟု ပြန်ဖြေလိုက်သဖြင့် ရာဇဝတ်ဝန် မက်ဒေါနယ်က ဘာမျှ ဆက်မပြောတော့ဘဲ ထွက်သွားသည်တဲ့။ ‘လူတိုင်းပဲ ခေါင်းဆောင်ဖြစ်သင့်တယ်’ ဆိုသည့် စကားကို ဗီနိုဗာမပြောခင် နှစ်တွေအတော်စောစာကတည်းက ‘လူတိုင်း ကိုယ့်ကိုယ်ကို ခေါင်းဆောင်နေကြတာပဲ’ ဟု  သခင်ဘသောင်းက ပြောခဲ့တာကို  ဆက်စပ်သတိရမိလိုက်ခြင်း ဖြစ်သည်။  ဗီနိုဗာ၏ မြေယာပြောင်းလဲရေး လမ်းလျှောက်သည့် လှုပ်ရှားမှုက အခြားသူများကိုလည်း လိုက်ပါဆောင်ရွက်အောင် လှုံ့ဆော်နိုင်သည်။ ထိုအချိန်က အိန္ဒိယတွင် အာရှရမ် (Ashram)တွေ အတော်များများ ရှိနေရာ ‘ခါဒီဂရမ်’ ဆိုသော အာရှရမ်တစ်ခုကလည်း ဗီနိုဗာ၏ လမ်းစဉ်အတိုင်း ဆောင်ရွက်၍ ‘လမ်းလျှောက် အာရှရမ်’ လှုပ်ရှားမှုကို စတင်ကြသည်။ ၎င်းလမ်းလျှောက်အဖွဲ့တွင် လူပေါင်း ခြောက်ဆယ်ပါသည်။ အဆိုပါ အဖွဲ့အကြောင်း ဗီနိုဗာ ကြားသည့်အခါတွင် စာတစ်ကူးမားကို ပြောသည်။ ‘ခင်ဗျားကော လမ်းလျှောက်အာရှရမ်ထဲ ဘာလို့ မဝင်သတုံး။ မြစ်တစ်စင်းလို့ စီးပေါ့။ ကျုပ်နား ကပ်မနေနဲ့”

သို့နှင့် စာတစ်ကူးမားသည် လမ်းလျှောက်အာရှရမ်နှင့် ပူးပေါင်းပြီး၊ အိန္ဒိယကျေးလက်တစ်ခွင် လမ်းလျှောက်သည်။ အတွေ့အကြုံမျိုးစုံရသည်။ အာရှရမ်တွင် နေထိုင်ရင်းက ခရန်တီ အမည်ရှိ မိန်းကလေးတစ်ဦးနှင့် တတွဲတွဲ လုပ်နေသဖြင့် သူတို့ ကြောင့် အာရှရမ်၏ လူမှုရေးစင်ကြယ်မှု ဂုဏ်သတင်းကို မပြေးသော်ကံရာရှိ ညစ်နွမ်းစေမည် ဆိုသည့်အတွက် ဗာရာဏသီမြို့သို့ ပြောင်းသည်။ ‘ဘဝကို မြစ်လိုသာ စီးပစေ။ နွံထဲ နစ်မနေစေနဲ့’ ဆိုသည့် ဗီနိုဗာ၏ အဆုံးအမကို နှလုံးသွင်းပြီး လက်တွေ့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စာတစ်ကူးမားက သူ့အတ္ထုပ္ပတ္ထိစာအုပ်တွင် ရေးသည်။

၅။

စာတစ်ကူးမားက ကမ္ဘာကြီးကို စိတ်ဝင်စားနေပြီ။ ဗာရာဏသီမြို့သို့ ရောက်သောအခါ သတင်းစာတစ်စောင်တွင် အလုပ်ရသည်။ ထို့နောက် အိမ်ထောင်ကျသည်။ အချိန်ကာလတချို့ ကြာပြီးသော် တစ်နေ့တွင် ဗီနိုဗာ၏ တပည့်တစ်ဦးဖြစ်သူ ဆွာမိကြီးသည် ဗာရာဏသီသို့ ရောက်လာသည်။ သူ တည်ထောင်ထားသော အာရှရမ်အသစ်တွင် နေထိုင်မည့်သူများကို လိုက်ရှာနေခိုက်တွင် စာတစ်ကူးမားနှင့် ပြန်တွေ့ကြခြင်းဖြစ်သည်။ လတ်တလောတွင် သတင်းစာအလုပ်မှလည်း ပြုတ်နေချိန်ဖြစ်၍ ဆွာမိကြီး တည်ထောင်သော ဘန်ဂလိုမြို့အနီးရှိ  အာရှရမ်တွင်နေဖို့ ဆုံးဖြတ်လိုက်သည်။

ဘန်ဂလိုမြို့ရှိ ကော်ဖီဆိုင်တွင် ထိုင်နေစဉ် တစ်ခုသော မနက်ခင်းတွင် ဖြစ်ပါသည်။ မိတ်ဆွေတစ်ဦးဖြစ်သူ ပရက်ဘခါ မီနွန် (E.P.Menon)က အင်္ဂလိပ်သတင်းစာတစ်စောင်ကို ယူလာပြီး စာတစ်ကူးမားရှေ့တွင် သတင်းတစ်ပုဒ်ကို ဖတ်ပြသည်။ သတင်းက လန်ဒန်မြို့ရှိ နျူးကလီးယားဆန့်ကျင်ရေး ဆန္ဒပြတွင် ဘာထရန်ရပ်ဆဲ အဖမ်းခံရသော သတင်းဖြစ်သည်။ ဘာထရန်ရပ်ဆဲက ပြောသောာ စကားတစ်ခွန်းကိုလည်း ဖော်ပြထားသည်။

‘ခေတ်ကြီးမှာ တိုင်းပြည်အနည်းငယ်က လူလက်တစ်ဆုပ်စာရဲ့ လက်ထဲမှာ လူသားတစ်မျိုးနွယ်လုံးရဲ့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ ပါဝါ ရောက်နေတယ်။ လမ်းပေါ်က လူတွေရဲ့ တာဝန်က- နိုးထကြပြီး  နျူးကလီးယားစစ်ပွဲနဲ့ လူတွေ ပျက်ဆီးအောင်လုပ်မယ့် အင်အားကြီးတွေရဲ့ အကြံအစည်ကို ဖော်ထုတ်ကြဖို့ပဲ’ (စာ ၁၀၇)

သတင်းကို နားထောင်ပြီးနောက် စာတစ်ကူးမားက မီနွန်ကို ပြောသည်။

‘အသက် ကိုးဆယ်ရှိတဲ့ လူတစ်ယောက်က အာဏာရှိသူတွေနဲ့ မပူးပေါင်းဖို့၊ သူတို့အကြံကို မလိုက်ဖို့ ပြောတာကြောင့် ထောင်ထဲ ရောက်သွားပြီ။ ကျူပ်တို့ကကော ဘာလုပ်ကြမှာတုံး’

မီနွန်ထံတွင် အကြံတစ်ခု ရှိသည်။

‘ငါတို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြရင် ဘယ်လိုလဲ’။

နျူးကလီးယားလက်နက် ထုတ်လုပ်သုံးစွဲမှုကို ဆန့်ကျင်သည့်အနေဖြင့် မော်စကို၊ ပါရီ၊ လန်ဒန်နှင့် ဝါရှင်တန်မြို့တော်ကြီး လေးမြို့ဆီသို့ လမ်းလျှောက်ကြမည့် အစီအစဉ်ကို မီနွန်က ပြောလိုက်သည်တွင် စာတစ်ကူးမားအဖို့ ဉာဏ်အလင်း ဖျတ်ခနဲပွင့်ကာ လက်ခံလိုက်သည်။

“တို့ အဲဒါကို လုပ်ကြစို့” အော်လိုက်သည်။ စိတ်အားထက်သန်လွန်း၍ စားပွဲကို လက်သီးဖြင့် ထုသည်။

သူတို့အကြံကို ဆွာမိကြီးထံ ပြောသည်။ အာရှမ်ရမ်၏ ငြိမ်းချမ်းရေးကိုယ်လှယ်အဖြစ် ကမ္ဘာကြီးဆီသွားမည့် အစီအစဉ်ကို ဆွာမိကြီးက မငြင်း။ မီနွန်နှင့် စာတစ်ကူးမားတို့သည် ဗီနိုဗာထံသို့လည်းသွား၍ တိုင်ပင်သည်။ သူတို့အစီအစဉ်ကို ဗီနိုဗာ သိပြီးဖြစ်၍ အပြုံးဖြင့် ကြိုသည်။ ကမ္ဘာမြေပုံကို ကြည့်ကာ ခရီးလမ်းကို စူးစမ်းသည်။ ပြီးတော့ ‘ခရီးမှာ ငွေဘယ်လောက် ယူသွားကြမှာလဲ’ မေးသည်။ စာတစ်ကူးမားနှင့် မီနွန်က မိတ်ဆွေ လုပ်ငန်းရှင်အချို့ ငွေကြေးထောက်ပံ့မည့် အစီအစဉ်တစ်ခုအကြောင်း ထုတ်ပြောလာသည့်အခါတွင် ဗီနိုဗာ ငြိမ်သွားသည်။ အတန်ကြာ ငြိမ်ပြီးနောက်တွင်မှ သွားရမည့် ခရီးက အဝေးကြီးမို့ အကာကွယ်လိုအပ်လိမ့်မည်၊ ဒီအတွက် လက်နက်နှစ်ခုပေးမည်ဟု ဖြေးဆေးစွာ ပြောသည်။ ဗီနိုဗာ၏ ပြောစကားကိုကြားတော့ အကြမ်းမဖက်လမ်းကို လိုက်မည့်သူတွေအတွက် ဘာလက်နက်ကိုများ လိုဦးမှာလဲဟု စာတစ်ကူးမားက တုံ့ပြန်သည်။ ဗီနိုဗာက သူ့စကားကို ဆက်သည်။

“ပထမလက်နက်က ဘယ်အခြေအနေမှာပဲ ဖြစ်ပစေ သက်သတ်လွတ် စားပါ။ ဒုတိယက ငွေတစ်ပြားမှ ယူမသွားနဲ့၊ တစ်ပဲနိတောင် ယူမသွားနဲ့”

“သက်သတ်လွတ်စားရမယ်ဆိုတာကို ကျွန်‌တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီခရီးကြီးမှာ ငွေမရှိဘဲ ဘယ်လိုများ အသက်ရှင်မှာလဲ”

“မင်းကွာ၊ ၉ နှစ်ကြာအောင် မင်းဟာ တောင်းရမ်းစားရတဲ့ ရဟန်းဖြစ်ခဲ့ဖူးပြီ။ ငွေမရှိဘဲနဲ့ ဘယ်လို အသက်ရှင်မလဲ၊ ဟုတ်စ။ တကယ်တော့ မင်းသပိတ်ထဲမှာ ဘာမှမရှိတာကြောင့် မင်းသပိတ် ပြည့်တာ။ ငွေကတော့ လူတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲတစ်ခုပဲ။ လမ်းလျှောက်ပြီး ပန်းလာရင် အိပ်ဖို့ ဟိုတယ်တစ်ခု ရှိမယ်၊ စားဖို့ စားသောက်ဆိုင် ရှာမယ်။ လူတွေနဲ့ မင်း မတွေ့တော့ဘူး။ မင်းမှာ ငွေတစ်ပြားမှ မရှိရင်တော့ မင်းအနေနဲ့ လူတွေနဲ့ စကားပြောရတော့မယ်။ နှိမ်နှိမ်ချချ ပြောရတော့မယ်။ ဒုတိယအချက်ကတော့ လူတွေက ကျွေးမွေးနေရာပေးကြရင် မင်းတို့က ပြောလိမ့်မယ်။ ဝမ်းနည်းပါ တယ်ဗျာ၊ သက်သတ်လွတ်ပဲ စားပါတယ်လို့။ ဘာကြောင့်တုန်းလို့ လူတွေက ပြန်မေးမယ်။ အဲဒီမှာ မင်းတို့က သူတို့ကို ရှင်းပြမယ်။ အကြမ်းမဲ့ဝါဒအကြောင်း၊ ငြိမ်းချမ်းရေးအကြောင်း။ ဒီလိုနဲ့ ဆက်ဆံရေးလမ်းကြောင်း ပွင့်သွားမှာပေါ့”  (စာ ၁၁၀- ၁၁၁)

ဗီနိုဗာ၏ လက်နက်နှစ်ခုအကြောင်းကို စာတစ်ကူးမားနှင့် မီနွန်တို့ကောင်းစွာသဘောပေါက်ပါပြီ။

လမ်းလျှောက်ခရီး စတင်ဖို့ နိုင်ငံကူးလက်မှတ် လုပ်သည့်အခါ အာဏာပိုင်တွေက လမ်းလျှောက်ခြင်းကို နိုင်ငံရေးဟု ယူဆ၍ နိုင်ငံခြားရေးဝန်ကြီးဌာသို့ ပို့လိုက်သည်။ ရူပီးငွေနှစ်သောင်း အာမခံ တောင်းသည်။ နိုင်ငံကူး လက်မှတ်မပါဘဲ သွားတော့မည်ဟု စာတစ်ကူးမားနှင့် မီနွန်တို့ ဆုံးဖြတ်ကြသည်။ သတင်းစာတစ်စောင်က ‘လူနှစ်ယောက် အမေရိကန်အထိ လမ်းလျှောက်မည်ကို အစိုးရက နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ပျက်ကွက်သည်’ဟု သတင်းဖော်ပြသည်။ ဝန်ကြီးချုပ် ဂျဝါဟာလာနေရူးအထိ ထိုသတင်းက သက်ရောက်မှုရှိသွားပြီး အဲဒီကိစ္စ သူကိုယ်တိုင် ကိုင်တွယ်မည်ဟု ဝန်ကြီးချုပ်ကိုယ်တိုင် ကတိပေးသည်။

စာတစ်ကူးမားတို့ နှစ်ဦး၏ လမ်းလျှောက်ခရီးသည် မဟတ္တမဂန္ဒီ၏ အုတ်ဂူရှေ့မှ စတင်သည်။ ဇွန်လ ၁ ရက်တွင်ဖြစ်သည်။ နိုင်ငံကူးလက်မှတ် မပါဘဲ သွားမည့် ခရီး။ စတင်လမ်းလျှောက်သည်မှ သုံးဆယ့်နှစ်ရက်မြောက်နေ့၊ မိုင်ပေါင်း သုံးရာခုနစ်ဆယ် (၃၇၀) ခန့် ခရီးပေါက်ပြီးနောက် ပါကစ္စတန်နယ်စပ်သို့ ရောက်သည့်အခါကျမှသာ သူတို့ကို နိုင်ငံကူးလက်မှတ်များ လာပေးသည်။ ထို့နေမှာ ၂ ဇူလိုင် ၁၉၆၃ ခုနှစ်။

ပါကစ္စတန်တွင် အသိအကျွမ်းရယ်လို့ မရှိ။ စာတစ်ကူးမားအတွက်လည်း အိန္ဒိယနိုင်ငံပြင်ပသို့ ပထဆုံး ထွက်ဖူးခြင်း ဖြစ်သည်။ ပါကစ္စတန်ဘက်ခြမ်းရှိ နိုင်ငံကူးလက်မှတ် ပြရသည့်နေရာအလွန်တွင် လူငယ်တစ်ဦးက သူတို့နှစ်ယောက်ကို လာစောင့်နေသည်။ သတင်းစာထဲတွင် ငြိမ်းချမ်းရေးလမ်းလျှောက်သည့်အကြောင်း ဖတ်ရပြီး စိတ်ဝင်စားနေသူ။ ထိုလူငယ်က စာတစ်ကူးမားတို့ နှစ်ဦးကို သူ့အိမ်ရှိရာ လာဟိုးမြို့သို့ ဖိတ်ခေါ်သည်။ သူတို့က လမ်းလျှောက်ပြီး လိုက်ခဲ့မည် ကတိပေးလိုက်သည်။

ပါကစ္စတန်တွင် ကျွေးမည့်သူ မရှိမှာ တွေးပူခဲ့သေးသည်။ ယခု လူတို့၏ ဧည့်ဝတ်ကျွေပွန်မှုကို တွေ့ရသည်အခါ စာတစ်ကူးမား မျက်ရည်စို့သည်။ ပါကစ္စတန်ကို ဖြတ်၍ နောက်ထပ် သုံးရာနှစ်ဆယ့်ခုနစ် (၃၂၇) မိုင် ခရီးအကွာအဝေးကို နှစ်ဆယ့်ခြောက်ရက်ကြာ လမ်းလျှောက်သည်။ ခရီးတစ်လျှောက်တွင် တွေ့သည့် လူတိုင်းက သူတို့ကို နှုတ်ဆက်ကြသည်ချည်းသာ။  ခိုင်ဘာတောင်ကြားရှိ ရှေ့တန်းစခန်းတစ်ခုသို့ ရောက်သည်။ လူမျိုးစုတွေ ကြီးစိုးထားသော နယ်မြေဖြစ်၍ အန္တရာယ်ရှိသည်ဆိုကာ သူတို့ကို တားကြသည်။ သို့တိုင် သူတို့က ‘ကြည့်ရှုရန်၊ နားထောင်ရန်၊ ချစ်ခင်ရန်’ လာပါသည်ဟု ပြောပြသည်။ ထိုအခါ လက်နက်ကိုင် အစောင့်အရှောက်ဖြင့် လိုက်ပို့ပေးသည်။ ခရီးလမ်းတွင် ဒေသခံ ပထန်လူမျိုးစုတွေနှင့်လည်း တွေ့ရပါသည်။ ပထန်တွေက ‘ကျုပ်တို့အကြောင်း မကောင်းသတင်းလွှင့်ကြတယ်ဗျ’ ဟု စာတစ်ကူးမားတို့ကို ပြောသည်။ ‘ဧည်သည်တစ်ယောက်လာရင် သူတိုနဲ့အတူ ဘုရားသခင်ပါ ပါလာတယ် ယုံကြသူတွေ၊ ဧည်သည့်ကို အသက်ပေး ကာကွယ်သူတွေ ဖြစ်ကြောင်း သူတို့ကို ပြောပြလိုက်ကြသည်။

အာဖဂန်နစ္စတန် နယ်စပ်ဒေသအရောက်တွင် မော်တော်ကားတစ်စီးက လမ်းလျှောက်နေသည့် စာတစ်ကူးမားတို့ နှစ်ယောက်ကို ကျော်သွားသည်။ ပြီးမှ ပြန်လည့်လာပြီး ‘ကားကြုံလိုက်မလား’ မေးသည်။ သူတို့က ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေပါ ပြောတော့၊ ‘ဘယ်အထိ လျှောက်ကြမှာလဲ’ မေးသည်။ ‘အမေရိကအထိဗျ’ ဆိုတော့ ကားပေါ်က လူတွေ ရယ်ကြသည်။ တစ်ယောက်သော အမေရိကန်သည် သူ့အိတ်ကပ်ထဲက လိပ်စာကတ်ကို ထုတ်ပေးပြီး၊ အကယ်၍ ခင်ဗျားတို့ အမေရိကန်အထိ ရောက်ခဲ့လျှင် သူ့ကို ဆက်သွယ်ပါ၊ သူ့အိမ်မှာ တည်းခိုပါဟု ပြောသွားသည်။

ခိုင်ဘာတောင်ကြားလွင်ပြင်ကို ဖြတ်သန်းရင်း တစ်နေရာနှင့် တစ်နေရာ ခရီးလှည့်နေထိုင်တတ်သည့် ‘နိုမက်’ ဟုခေါ်သော မျိုးနွယ်စုတွေနှင့်လည်း တွေ့သည်။ ‘နိုမက်’တွေက စားစရာပေးသည်။ နေစရာပေးသည်။ ခရီးတစ်လျှောက်တွင် ကျွေးမွေး ဧည့်ခံမည့်သူ မရှားပါ။ ကဘူးမြို့ ရောက်သည့်အခါ အိန္ဒိလူမျိုးတစ်ဦးအိမ်တွင် တည်းသည်။ ထိုမှ ဟီရတ်မြို့သို့ သွားသော လမ်းသုံးသွယ် ရှိသည့်အနက် အမေရိကန်တွေ ဖောက်ထားသောလမ်းမှ တစ်ဆင့်လည်း မသွား၊ ရုရှားတွေ ဖောက်ထားသော လမ်းမှတစ်ဆင့်လည်း မသွားဘဲ အလယ်တည့်တည့်ရှိ ရှေးကတည်းက ဖောက်ထားသော၊ တောင်ထူထပ်သော လမ်းကို တမင်ရွေးပြီး လျှောက်သည်။ လူနေပါးသည့် လမ်းဖြစ်၍ တည်းစရာ အိမ်ရှားသည်။ ဒါပေမဲ့လည်း တစ်နေရာတွင် အိမ်တစ်လုံးတွေ့၍ဝင်ရာ အိမ်ရှင်က ကောင်းမွန်စွာ ဧည့်ဝတ်ပြုလေသည်။

သူတို့အတွက် ဟီရတ်သည် အာဖဂန်နစ္စတန်ခရီး၏ နောက်ဆုံးမြို့ဖြစ်သည်။ ရှေ့ဆက်လျှင် ပါရှားပြည်ထဲ ဝင်ပြီ။ သဲကန္တာရ ခရီးကို ဖြတ်ရမည်။ စာတစ်ကူးမားတို့ ဟီရတ်ရောက်သည့်အခါ သတင်းတစ်ခု ကြားသည်။ ရှေ့ရက်အနည်းငယ်တုန်းက သဲကန္ထာရထဲတွင် အမေရိကန်ခရီးသွားနှစ်ဦး သဲမုန်တိုင်းမိပြီး ပျောက်ဆုံးသွားသော သတင်းဖြစ်သည်။ ထို့ကြောင့် စာတစ်ကူးမားတို့ကို ခရီးမဆက်ဖို့ ဒေသခံတွေက တားသည်။ တားမရသည့်အခါ ဒေသခံလမ်းပြတစ်ဦး ထည့်ပေးလိုက်သည်။ လမ်းပြအကူအညီကြောင့် ကြမ်းတမ်းသော သဲမုန်တိုင်းများအကြားတွင် လမ်းပျောက်မသွားခြင်း ဖြစ်သည်။

လက်ယာဘက်တွင် အပြာရောင် ကက်စပီယန်ပင်လယ်ကို လှမ်းမြင်နေရသည်။ လက်ဝဲဘက်တွင်မူ စိမ်းလန်းသော ဝါခင်းများနှင့် သလဲသီးပင်တန်းများ။ အရှေ့တူရူတွင် ဒေမဝန်တောင်များအကြား ပျောက်ကွယ်သွားသော လမ်းမ။ တောင်များကို ကျော်ပြီး လွင်ပြင်ထဲသို့ ဆင်းသည်။ ထို့နောက် တီဟီရန်မြို့တော်တို့ ရောက်သည်။ သတင်းစာများကို သူတို့အကြောင်း သတင်းရေးသည်။ အိန္ဒိယသံရုံး အကူအညီဖြင့် ရှားဘုရင်ကို တွေ့ချင်ပါကြောင်း စာရေးသည်။ ရှားဘုရင်က လက်ခံပြီး တွေ့သည်။ သူတို့ခရီးစဉ်ကို ဘုရင်က အားပေးသည်။

ဆိုဗီယက်ပြည်ထောင်စုထဲ ဝင်ခွင့်ရရန် ပြည်ဝင်ခွင့်ဗီဇာ လျှောက်သည်။ နျူးကလီးယား ဆန့်ကျင်ရေးလှုပ်ရှားမှုက ဆိုဗီယက်ပြည်တွင် မလိုဟုဆိုကာ အင်တင်တင်လုပ်နေသဖြင့် ခရီးကြန့်ကြာသည်။ အကန့်အသတ်တွေ အမျိုးမျိုး လုပ်သည်။ နောက်ဆုံး ဗီဇာမပါဘဲလည်း ဆိုဗီယက်ပြည်ထဲ ဝင်မှာပဲ ပြောသည်တွင်မှ ဆိုဗီယက်ရှိ ငြိမ်းချမ်းရေး ကော်မတီနှင့် ချိတ်ဆက်ပြီး  ရက်လေးဆယ် ဗီဇာ ထုတ်ပေးတော့သည်။

အီရန်နိုင်ငံမှ တစ်ဆင့် ဆိုဗီယက်ထဲသို့ လမ်းလျှောက်သည်။ ဒေလီမြို့မှ စတင်ခဲ့သော လမ်းလျှောက်ခရီး၏ ခုနစ်လမြောက်သည့်နေ့တွင် ဆိုဗီယက် နယ်စပ်ဂိတ်တံခါးကို ဖြတ်နေပြီ။ မော်စကိုမြို့ရှိ ငြိမ်းချမ်းရေးကော်မတီက ဆောင်းရာသီတွင် လမ်းလျှောက်ဖို့ ခက်ခဲကြောင်း၊ မော်စကိုမြို့အထိ လေယာဉ်ဖြင့် တိုက်ရိုက်လာစေလိုကြောင်း စာပို့သည်။ သို့သော် စာတစ်ကူးမားတို့က ခြေကျင်ပဲလျှောက်မည် တင်းခံသည်။ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဂျော်ဂျီယာပြည်နယ်တွင်း မြို့ရွာများကိုဖြတ်၍ ရက်ပေါင်းလေးဆယ်ကျော်ကြာ လမ်းလျှောက်ခဲ့သည်။ ကော့ကေးဆက် တောင်တန်းများကိုလည်း ကျော်ခဲ့ပြီ။ ပင်လယ်နက်တစ်လျှောက် ဖြတ်ခဲ့ပြီ။ ရေဒီယိုနှင့် သတင်းစားများက ဖော်ပြကြသဖြင့် သူတို့အကြောင်းကို ရုရှား ဒေသခံ‌တွေက သိနေကြပြီ။ အချို့ဒေသများတွင် နိုင်ငံခြားသားကိုမမြင်ဖူး၍ အထူးအဆန်း အကြည့်ခံရသေးသည်။ စာတစ် ကူးမားတို့က ရောက်ရာနေရာတွင် ငြိမ်းချမ်းရေးအကြောင်း ဟောပြောကြသည်။

လက်ဖက်ခြောက်စက်ရုံ ဟောပြောပွဲတစ်ခု အပြီးတွင် စက်ရုံအလုပ်သမဖြစ်သူ အာမေးနီးယန်း အမျိုးသမီးတစ်ဦးက လက်ဖက်ခြောက်လေးထုပ်ကို ယူလာ၍ ပေးသည်။ သူက ပြောသည်။

“ရှင်တို့ ပြောတဲ့ စကားလုံးတိုင်းကို ကျွန်မတို့ သဘောတူပါတယ်။ ဒီ လက်ဖက်ခြောက်တွေက ကျွန်မတို့ စက်ရုံထွက်တွေပါ။ ရှင်တို့ ခြေကျင်လျှောက်ကြမှာဆိုတော့ ပေါ့ပေါ့ပါးပါး ဖြစ်ဖို့လိုမှန်း ကျွန်မ သိပါရဲ့။ ဒါပေတဲ့ ဒီလက်ဖက်ခြောက်ထုပ်တွေကိုတော့ သယ်သွားစေချင်ပါတယ်ရှင့်။ အရေးကြီးလို့ပါ။ တစ်ထုပ်က မော်စကိုက ကျွန်မတို့ ဝန်ကြီးချုပ်အတွက်။ တစ်ထုပ်ကတော့ ပြင်သစ်သမ္မတ၊ နောက်တစ်ထုပ်က အင်္ဂလန်ဝန်ကြီးချုပ်၊ နောက်ဆုံးတစ်ထုပ်က အမေရိကန်သမ္မတ အတွက်။ သူတို့ကို ပြောပြကြပါ။ ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှင်ခြင်းသာ လိုချင်တယ်လို့  သတိရကောင်း ရပါလိမ့်မယ်လို့ ” (စာ ၁၃၀)

အမျိုးသမီး၏ စကားဆုံးတော့ အနီးအနားရှိကြသည့် လူသူပရိသတ်အားလုံး လက်ခုပ်တီးကြသည်။ ဤသို့ဖြင့် စာတစ်ကူးမားနှင့် မီနွန်တို့က အာမေးနီးယန်းမိခင်တစ်ဦး၏ ‘မှာတမ်းစကား’ ကို သယ်ဆောင်မည့် သံတမန်များ အလိုလို ဖြစ်သွားတော့သည်။

ဂျော်ဂျီယာပြည်နယ်ထဲရှိ စတာလင်၏ မွေးရပ်‌မြေ ဂိုရီမြို့သို့ ရောက်ပြီ။ ထိုမှ လမ်းဆက်လျှောက်ရာ ဆိုချီမြို့သို့ အရောက်တွင် ဆိုဗီယက်ငြိမ်းချမ်းရေးကော်မတီက စိတ်ပူလာပုံရပြီး ကိုယ်စားလှယ်တစ်ဦးကို စာတစ်ကူးမားတို့ထံ လွှတ်သည်။ နှင်းများထူထပ်စွာ ကျနေသဖြင့် ယူရယ်တောင်းတန်းများအပေါ်မှဖြတ်လျှောက်ရန် မဖြစ်နိုင်၊ ငြိမ်းချမ်းရေးကော်မတီကလည်း တာဝန် မယူနိုင်၊ အစိုးရကလည်း ခွင့်မပြုနိုင်ကြောင်းကို အသိပေးသည်။ ကိုယ်စားလှယ်က ဆက်ပြောသည်။

“ခင်ဗျားတို့က ကျုပ်တို့ တိုင်းပြည်ထဲမှာ၊ ကျုပ်တို့ အကြံပေးတာကို လက်ခံရမှာပေါ့”

သူ့ စကားထဲတွင် အာဏာသံ စွက်နေသည်။ စာတစ်ကူးမားတို့နှစ်ဦးကမူ အနိုင်ကျင့်ခံသည်ဟုသာ တွေးမိသည်။ မတတ်သာသည့်အဆုံး ယူရယ်တောင်တန်းများ၏ ဟိုမှာဘက်ရှိ ဗိုရိုနက်ဇ်ဆိုသည့် မြို့ကလေးသို့ လေယာဉ်ဖြင့် ချပေးဖို့ သဘောတူလိုက်သည်။ လေယာဉ်က မော်စကို မြို့တော်အထိ သူတို့ကို တင်ခေါ်သွားလေသည်။ လေယာဉ်ကွင်းမှ ဟိုတယ်သို့ တန်း၍ ကားမောင်း ပို့ပြန်သည်။ ဘာလုပ်ရမှန်း မသိတော့။ အိန္ဒိယသံရုံးသို့ အကူအညီ တောင်းကြည့်တော့လည်း ‘ဒါကရုရှားပဲ၊ ခင်ဗျားတို့ ဘာမှ မလုပ်နိုင်ဘူး’ တဲ့။ စိတ်ပျက်စရာအခြေအနေထဲတွင် ပြေရာပြေကြောင်းဖြစ်စေလိုသည့် သဘောဖြင့် ငြိမ်းချမ်းရေး ကော်မတီက စာတစ်ကူးမားတို့ကို ပြဇာတ်ရုံတွေ၊ ပြတိုက်တွေနှင့် လီယိုတော်စတွိုင်း၏ ဇာတိမြေသို့ အလည်အပတ်ခရီး ပို့ပေးသည်။ မော်စကိုမြို့တွင် အရေးတကြီးလုပ်စရာ အလုပ်တစ်ခုမှာ ခရုရှက်ဗ်နှင့်တွေ့ပြီး လက်ဖက်ခြောက်ထုပ်ပေးဖို့ ဖြစ်သည်။ တွေ့လိုသည့်အကြောင်း စီစဉ်သည့်အခါ ခရုရှက်ဗ်နှင့်တော့ တွေ့ခွင့်မရ။ ဆိုဗီယက်ဥသျှောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ တီခိုနော့ဗ်နှင့်သာ တွေ့ပြီး လက်ဖက်ခြောက်ထုပ်ကိုလည်း သူကတစ်ဆင့် ခရုရှက်ဗ်ထံ ပေးရန်သာ ပြောရတော့သည်။ အားမေနီးယန်း အမျိုးသမီးကြီး၏ လက်ဖက်ခြောက်ထုပ်က တီခိုနော့ဗ်ကို စိတ်လှုပ်ရှားစေသည်။ ဆိုဗီယက်က နျူးကလီးယားလက်နက်ကို စတင်ခလုတ်နှိပ်သူ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဟု ပြောသည်။ တီခိုနော့ဗ်က စာတစ်ကူးမားနှင့် မီနွန်ကို ကရင်မလင် နန်းတော်၏ အဆောင်ဆောင် အခန်းခန်းများကို ကြည့်ရှုလေ့လာသွားဖို့ ဖိတ်ခေါ်သည်။ စာတစ်ကူးမားကမူ နန်းတော်၏ ထည်ဝါမှုက ပစ္စည်းမဲ့တွေနှင့် လုံးလုံးမသက်ဆိုင်သကဲ့သို ခံစားရပြီး၊ လီနင် နေထိုင်ခဲ့သည့်အိမ်ကိုမူ ရိုးရှင်းမှုကြောင့် သဘောကျမိသည်ဟု သူ့အတ္ထုပ္ပတ္တိထဲတွင် ရေးထားသည်။

မော်စကိုမြို့မှဆက်၍ လမ်းလျှောက်ရန် အချိန်ကျပြီ။ ၁၉၆၃ ခုနှစ် မတ်လ ၁၃ ရက်နေ့။ နှင်းတွေ သိပ်သည်းစွာ ကျဆင်းနေသော မနက်ခင်းတွင် တည်းခိုရာဟိုတယ်မှ ထွက်ခွာခဲ့သည်။ ဗီဇာသက်တမ်းကုန်မည့်နေ့ ဖြစ်သည်။ ရဲတစ်ယောက်ယောက်က သူတို့ကို ဖမ်းမိသွားတော့မလားဟု စိတ်ထဲတွင် စိုးထိတ်လျှက်ရှိသည်။ လမ်းတစ်လျှောက် ရောက်ခဲ့သည့်နေရာများအနက် ဆိုဗီယက်ပြည်ထောင်စုမှာကဲ့သို့ ကြပ်တည်းကျဉ်းမြောင်းသည့် စိတ်ခံစားမှုမျိုး ဘာမှာမှ မရခဲ့ပေ။ နွေးထွေး၍ ဧည့်ဝတ်ကျေသော တောသူတောင်သားတွေ နေထိုင်ရာ ရုရှားကျေးလက်ပိုင်းကို ဖြတ်ရတော့မှသာ စိတ်သက်သာရာ ရလေတော့သည်။

ရေခဲမှတ်အောက် သုံးဆယ်ဒီဂရီရှိသော အအေးထဲမှာ လမ်းလျှောက်ကြသည်။ ခြေတစ်လှမ်း လှမ်းတိုင်းတွင် အေးစက် ထုံကျင်ကိုက်ခဲသော ဝေဒနာကို ခံစားရသည်။ တစ်ချက်ချက်တွင် ဆိုက်ဘေးရီးယားဘက်မှ လေအေးက ဝေ့တိုက်လိုက်လျှင် အရိုးထဲကပင် စိမ့်သည်။ လမ်းတွင် တွေ့ရသော ရုရှားတွေက သားမွေးကုတ်အင်္ကျီ၊ ဦးထုပ် စသည်တို့ကို ပေးပါသည်။ သို့သော် ရုရှားအအေးဒဏ်ကို ခုခံကာကွယ်နိုင်စွမ်းအား မရှိချေ။ တစ်နေရာသို့ အရောက်တွင် လယ်သမားတစ်ဦးက သူ့အိမ်ထဲမှာ တည်းခိုကြပါဟု စာတစ်ကူးမားတို့ကို ဖိတ်ခေါ်သည်။ ခဏကြာတော့ အပြင်သွားနေသည့် ထိုသူ့ဇနီး ပြန်ရောက်လာသည်။ ‘တွေ့သမျှလူ အိမ်ပေါ် ခေါ်တင်ရအောင် ကျွန်မအိမ်က သာလယံဇရပ်မဟုတ်ဘူး’ ဆိုကာ ယောက်ျားဖြစ်သူကို ဆူအောင့်သည်။ လယ်သမားလည်း အားနာကာ သူတို့နှစ်ဦးကို အခြားတစ်အိမ်သို့ လိုက်ပို့ပေးသည်။ တစ်လမ်းလုံး သူ့မိန်းမကို ကျိန်ဆဲရင်း ဧည့်သည်နှစ်ဦးကို မျက်နှာပူနေသည်။ နောက်ထပ်ရောက်သွားသည့် အိမ်ရှင် လင်မယားက ကြည်ဖြူစွာ တည်းခိုခွင့် ပေးကြ၍ တော်ပါသေးသည်။ 

မော်စကိုမြို့မှ စတင်ထွက်ခွာလာပြီး လေးဆယ့်ငါးရက်မြောက်နေ့တွင် ဆိုဗီယက်နယ်စပ်ကို ရောက်သည်။ ဗီဇာသက်တမ်း ကုန်နေသဖြင့် နယ်စပ်ဂိတ် လူဝင်မှုအရာရှိ၏ ပြဿနာရှာတာကို ခံရသေးသည်။ မော်စကိုသို့ ဖုန်းဆက်ပြီး အကျိုးအကြောင်း သိရမှသာ နယ်စပ်ဖြတ်ခွင့် ပြုသည်။  ၁၉၆၃ ခုနှစ် မေလ ၁ ရက်တွင် ပိုလန်နိုင်ငံထဲသို့ ရောက်သည်။ ဝါဆော၊ ပိုစနမ်နှင့် အခြားသော မြို့များတွင် စာတစ်ကူးမားတို့ကို လှိုက်လှဲဖော်ရွေစွာ ကြိုဆိုကြသည်။ ပိုလန်ကိုဖြတ်ပြီး နောက်တွင် အရှေ့ဂျာမနီထဲသို့ ဝင်သည်။ အရှေ့ဂျာမနီနယ်စပ်တွင် တွေ့ရသော ရုရှားနှင့် ဂျာမန်စစ်သားများ၏ မျက်နှာမှာ တင်းမာပြီး ခံစားမှုမရှိသော စက်ရုပ်တွေလိုမျိုးဟု စာတစ်ကူးမားက ပြန်ရေးပြထားသည်။ သူတို့ကို ငြိမ်းချမ်းရေးအကြောင်း ပြောဟောသည့်အခါ သံသယမျက်လုံးများနှင့် ငေးကြောင်လျက်။

ဘာလင်တံတိုင်းကို ဖြတ်ကာ အနောက်ဂျာမနီသို့ ရောက်သည်။ ခရစ်ယန်ဘုန်းကြီးတစ်ပါးအိမ်က နှင်ထုတ်တာကို ခံရသည်ဟု စာတစ်ကူမားက ရေးခဲ့သော်လည်း ဘာကြောင့် နှင်ထုတ်ခံရသည့် အကြောင်းတော့ အတိအကျ ဖော်ပြထားပေ။ ရဲဝန်ထမ်းတစ်ယောက်၏ အကူအညီဖြင့် ဆေးရုံတွင် အိပ်စက်ရန်နေရာ ရသည်။ လမ်းလျှောက်ခရီးစဉ်တစ်လျှောက် ဆေးရုံတွင် ပထမဆုံး အိပ်ဖူးသည့် အတွေ့အကြုံဖြစ်ပါသည်။ ဘွန်းမြို့သို့ ရောက်သောအခါ ထိုအချိန်က အနောက်ဂျာမနီ၏ အဓိပတိဖြစ်သော အဒီနောကို တွေ့ခွင့်ရဖို့ ကြိုးစားသည်။ တွေ့ခွင့်မရ။ သို့နှင့် အဒီနော၏ ရုံးရှေ့တွင် ဆန္ဒပြရင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဝေငှရန် အားထုတ်သော်လည်း ရဲက ဝင်လုပြီး သိမ်းဆည်းတာ ခံရသည်။ သို့နှင့် ညနေတိုင်အောင် ထိုင်သပိတ်မှောက်ခဲ့လေသည်။

ဂျာမနီမှ ဘယ်လဂျီယမ်သို့။ ထိုမှ ပြင်သစ်မြောက်ပိုင်းသို့ လမ်းဆက်လျှောက်သည်။ ဩဂုတ်လ ၅ ရက်တွင် ပါရီမြို့သို့ ရောက်သည်။ ဘယ်လ်ဂျီယမ်နိုင်ငံထဲတွင် လမ်းလျှောက်နေတုန်း အမေရိကန်၊ ဆိုဗီယက်နှင့် ဗြိတိန်တို့ သုံးနိုင်ငံက နျူးကလီးယား စမ်းသပ်မှု ပိတ်ပင်‌သော သဘောတူ စာချုပ် လက်မှတ်ရေးထိုးကြသည်။ ပြင်သစ်က ပါဝင် လက်မှတ်ရေးထိုးခြင်း မပြု။ ထို့ကြောင့် ပါရီမြို့ ရောက်သောအခါ သမ္မတဒီဂေါကို အာမေးနီးယန်း ငြိမ်းချမ်ရေးလက်ဖက်ခြောက် လက်ဆောင်ပါးချင်၍ တွေ့ဆုံခွင့်ပြုပါရန် စာရေးတောင်းဆိုသော်လည်း အကြောင်းမပြန်။ ပါရီတွင်ရှိသော ငြိမ်းချမ်းရေး အဖွဲ့များကမူ စာတစ်ကူးမားနှင့် မီနွန်တို့ကို အလွန်ပျူငှာစွာ ကြိုဆိုကြသည်။

ဒီဂေါနှင့် တွေ့ခွင့်မရသဖြင့် အယ်လီဆေးနန်းတော်ရှေ့တွင် ဆန္ဒပြရန် ကြေညာလိုက်သည်။

ရဲတွေက နေရာအနှံ့။ သတင်းရယူမည့် စာနယ်ဇင်းသမားတွေကလည်း အသင့်စောင့်နေသည်။

‘နျူးကလီးယားဗုံးကို ကန့်ကွက်ကြ၊ စမ်းသပ်မှုတွေ ရပ်’ စာသားပါသော ပိုစတာကို ဖြေနေစဉ် ရဲတွေက အတင်းဝင်လုသည်။ နန်းတော်လုံခြုံရေးအကြီးအကဲက စာတစ်ကူးမားတို့ နှစ်ဦးကို သီးသန့် ခေါ်တွေ့သည်။ သူတို့က သမ္မတနှင့်တွေ့ချင်ကြောင်း၊ လက်ဖက်ခြောက်ထုပ်ပေးချင်ကြောင်း၊ အိန္ဒိယမှ ပါရီအထိ လမ်းလျှောက်လာရသည့်အကြောင်း ရှင်းပြချင်လို့ပါ ထပ်ပြောသည်။ လုံခြုံရေးအရာရှိက သမ္မတဒီဂေါသည် သူတို့စာကို ရပြီးပြီ၊ သို့သော် တွေ့ဖို့မဖြစ်နိုင်ကြောင်း ပြောသည်။

‘ဒါဖြင့် ဆက်ပြီး ဆန္ဒပြဖို့ပဲ ရှိတော့တာပေါ့’ စာတစ်ကူးမားတို့က ဆုံးဖြတ်သည်။

လုံခြုံရေးအရာရှိက- “ခင်ဗျားတို့အနေနဲ့ အစိုးရတခုရဲ့ ပေါ်လစီကို မပြောင်းလဲနိုင်ပါဘူး”ပြောသည်။  “အစိုးရကလည်း ကျုပ်တို့ကို မပြောင်းလဲနိုင်ပါဘူး” ဟု စာတစ်ကူမားတို့က ခွန်းတုံ့သည်။ အချေအတင်ဖြစ်ပြီးနောက် ရဲတွေက သူတို့နှစ်ဦးကို အချုပ်ကားပေါ် ဆွဲတင်ခေါ်သွားသည်။ မြေအောက် အခန်းတစ်ခုထဲတွင် နှစ်နာရီကျော်ခန့် နေရပြီး၊ ရဲအရာရှိတစ်ဦးက စစ်မေးသည်။ ဆန္ဒမပြတော့ဘူးဆိုလျှင် ပြန်လွှတ်ပေးမည် ပြောသည်။ ပြင်သစ်အစိုးရက နျူးကလီးယားစမ်းသပ်မှုတွေ မလုပ်ပါဘူး ကတိပေးလျှင် ဆန္ဒမပြတော့ပါဟု စာတစ်ကူးမားတို့ကလည်း ပြန်ပြောသည်။

ရဲဌာနချုပ်သို့ ထပ်ခေါ်သွားပြီး အချုပ်ထဲ ထည့်လိုက်သည်။ အေးစက်မည်းမှောင်သော မြေတိုက်ခန်းထဲတွင် စိုထိုင်းနေသည်။ အနံ့အသက် မကောင်း။ စောင်မရှိ။ ပိုင်ဆိုင်သမျှကို ရဲတွေက ယူသွားကြသဖြင့် အဝတ်တစ်ထည် ကိုယ်တစ်ခုသာ ကျန်သည်။ စာတစ်ကူးမားတို့အဖို့မူ တစ်သက်နှင့်တစ်ကိုယ် ဒီလိုနေရာမျိုးထဲ ပထမဆုံးအကြိမ် ရောက်ရခြင်းဖြစ်သည်။ အပြင်က ဖမ်းခေါ်လာသော အမူးသမားတစ်ယောက်ကို ရဲက ကန်ကျောက်လိုက် ရိုက်နှိက်လိုက်နှင့်မို့ အမူးသမား၏ အော်ဟစ် ညည်းသံကို တစ်ညလုံး ကြားနေရတော့သည်။ အချုပ်ထဲတွင် နေထိုင်ရင်း စိတ်ထဲပေါ်လာသော အတွေးနှင့် ခံစားချက်များကို စာတစ်ကူးမားက အခုလို ဖော်ထုတ်ရေးသည်။

“ကျွန်တော်က ပဲရစ်(ပါရီ)ကို ကမ္ဘာရဲ့ အယဉ်ကျေးဆုံး လူချမ်းသာတို့၏ မြို့တစ်မြို့ဟု ထင်ခဲ့သည်။ ယခု အနိမ့်ကျဆုံးသော အဆင့်ရောက် လူ့အခြေအနေကို မြင်နေရ၏။ ထောင်ထိပ်ပေါ်က အောက်သို့ ပစ်ချလိုက်သလို တုန်လှုပ်သွား၏။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ သွေးစည်းညီညွတ်ခြင်းတို့၏ မြေတွင် ဒါကို မမျှော်လင့်ခဲ့။ ကျွန်တော်တို့ကို နံစော်နေသော ဆဲလ်ထဲ ပစ်ထည့်လိုက်ကြသည်။

လေလို လွတ်လပ်ခဲ့ကြသော ကျွန်တော်တို့သည် ရုတ်တရက် ၈ ပေ ပတ်လည် အခန်းကျဉ်းထဲ အကျဉ်းကျသွားသည်။ တစ်ညလုံး မီးသီးက အလင်းသည် တောက်နေ၏။ မအိပ်နိုင်။ အတွေးများ တစ်ဝဲလည်လည်။ ကျွန်တော်တို့ ခရီးလမ်းဆုံးက ဒါလား။ ဒီမှာ ဘယ်လောက်ကြာမှာလဲ။ ဒေလီက ပဲရစ်အထိ ရှည်လျားလှသောခရီးသည် ထောင်မှာ ဆုံးရော့လား။  (စာ ၁၄၂- ၁၃၄)

ထို့နောက် နှစ်ရက်ကြာ အစာငတ်ခံဆန္ဒပြရန် ဆုံးဖြတ်လိုက်သည်။ တတိယမြောက်နေ့တွင် ပုလိပ်ရုံးသို့ ခေါ်သွားပြီး၊ အာဏာပိုင်တွေက သူတို့ကို ချက်ချင်း ပြင်သစ်ပြည်ထဲကနေ နှင်ထုတ်ဖို့ စီစဉ်တော့သည်။ အိန္ဒိယသို့ ပြန်ပို့မည်ဆိုတာကိုဖြင့် သူတို့ ဘယ်လိုမှ လက်မခံနိုင်။ ပြင်သစ်အထိ ရောက်လာဖို့ ဆယ့်ခြောက်လကြာအောင် လမ်းလျှောက်ခဲ့ရခြင်း ဖြစ်သည်။ ယခု ဆယ့်ခြောက်နာရီအတွင်း အိန္ဒိယပြန်ပို့မည်ဆိုတာကိုဖြင့် လက်မခံနိုင်။ နောက်ဆုံး အိန္ဒိယသံရုံးက စာတစ်ကူးမားနှင့် မီနွန်တို့ကို နှစ်ဆယ့်လေးနာရီအတွင်း ပြင်သစ်ပြည်ထဲက ထွက်ခွာသွားစေဖို့ တာဝန်ယူကြောင်း ညှိုနိုင်းတော့မှ ပြေလည်မှုရသည်။

အင်္ဂလန်သို့ကူးရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။ အိန္ဒိယသံအမတ်ကြီးကိုယ်တိုင် သူ့အိမ်ခေါ်သွားပြီး စာတစ်ကူးမားတို့ကို ဧည့်ခံ ကျွေးမွေးသည်။ နောက်တစ်နေ့မနက်တွင် ဒိုဗာမြို့သို့ သွားသော ရထားပေါ် တင်ပေးလိုက်သည်။ ဒိုဗာမြို့သည် အင်္ဂလန်အရှေ့တောင်ဘက်ရှိ ဆိပ်ကမ်းမြို့ကလေးဖြစ်ပြီး ပြင်သစ်ပြည်နှင့် အနီးဆုံးသောမြို့ဖြစ်သည်။ ဒိုဗာမြို့မှ စတင်၍ လမ်းလျှောက်ကြသည်။ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက သူတို့နှစ်ဦးကို သောင်းသောင်းဖြဖြကြိုဆိုကြသည်။ သူတို့၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးကို လူသိရှင်ကြားဖြစ်အောင် လုပ်ကြသည်။ အင်္ဂလန်မြေသို့ ရောက်သောအခါ လမ်းလျှောက်ခရီးစဉ်၏ သဘာဝလည်း မသိမသာပြောင်းလဲသွားသည်။ အရှေ့တိုင်းတွင် လမ်းလျှောက်စဉ်တုန်းက အစားအစာ၊ အိပ်စရာတို့ကို နေ့တိုင်း ရှာရသည်။ ယခု အနောက်တိုင်းတွင် စားစရာ နေစရာအတွက် မကြောင့်ကြရတော့ပါ။ လူသူလေးပါး တောင်းဆိုလာသောကြောင့် ငြိမ်းချမ်းရေးအကြောင်း ဟောပြောပွဲများဖြင့် မအားလပ်နိုင်အောင် ရှိနေရလေပြီ။

လန်ဒန်မြို့တွင် အင်္ဂလန်ဝန်ကြီးချုပ် ဟာရိုးဝီလ်ဆင် (Harold Wilson) နှင့် တွေ့ဆုံခွင့်ရဖို့ ကြိုးစားသည်။ ဝီလ်ဆင်က သိပ်ပြီး ဟက်ဟက်ပက်ပက်မရှိ။ ဝန်ကြီးချုပ်တစ်ဦးအနေနှင့် ဧည့်သည်တိုင်းကို လက်ခံတွေ့ဖို့ မဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ်ရုံးက အကြောင်းပြန်သည်။ သို့သော် ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သူ လော့ဒ်အက်တလီက စာတစ်ကူးမားနှင့် မီနွန်ကို လက်ခံတွေ့ပြီး၊ ငြိမ်းချမ်းရေး လက်ဖက်ခြောက်ကိုလည်း ဟာရိုးဝီလ်ဆင် ကိုယ်စားလက်ခံယူသဖြင့် ကျေနပ်ရသည်ဟု စာတစ်ကူးမားက သူ့စာအုပ်ထဲတွင် ရေးထားသည်။

အင်္ဂလန်ပြည်တွင် မတွေ့မဖြစ် တွေ့ဆုံရမည့်သူတစ်ဦးမှာ ဘာထရန်ရပ်ဆဲ ဖြစ်သည်။ သူတို့၏ ငြိမ်းချမ်းရေး လမ်းလျှောက်သည့် ထူးခြားသော အလုပ်ကြီးအကိုင်ကြီးတစ်ခုကို စတင်လုပ်ဆောင်ဖြစ်အောင် စေ့ဆော်ခဲ့သော ပုဂ္ဂိုလ်ကြီး မဟုတ်လား။ သို့သော် ထိုအချိန်တွင် ဘာထရန်ရပ်ဆဲက လန်ဒန်မြို့တွင် ရှိမနေ။ ထို့ကြောင့် ဘာထရန်ရပ်ဆဲ နေထိုင်ရာ မြောက်ဝေလ ပြည်သို့ သွားပြီး တွေ့ကြရသည်။ ဘာထရန်ရပ်ဆဲနှင့် တွေ့ခဲ့ရသည့် တစ်နာရီခန့်သော အချိန်ကလေးသည် သူ့ဘဝတွင် အံဖွယ်သူရဲ အချိန်အခါပါပဲဟု စာတစ်ကူးမားက ရေးသည်။

“အာဏာပိုင်တွေနဲ့ မပူးပေါင်းရေး ကျုပ်ရဲ့ မဖြစ်စလောက် အပြုအမူက တိုက်ကြီးတွေကို ဖြတ်၊ သည်လောက် ကြီးကျယ်တဲ့ လမ်းလျှောက်ချီတက်ခြင်းကို ခင်ဗျားတို့လုပ်ဖြစ်အောင် နှိုးဆော်တယ်ဆိုတဲ့အချက်ကို ကျုပ် အလွန်ကျေနပ် အားရတာ” (စာ ၁၄၇)

အရွယ်အားဖြင့် အသက်ကိုးဆယ်ကျော်နေသည့်တိုင် စိတ်ဓာတ်ရေးအရ ပျိုမျစ်နေဆဲ ဖြစ်သော၊ ခြေတွေ လက်တွေက အားနည်းနေသည့်တိုင် လှုပ်ရှားမှုက အားမာန်ပါနေဆဲ ဖြစ်သော ဘာထရန်ရပ်ဆဲ၏ စကားသံများက စာတစ်ကူးမားနှင့် မီနွန်တို့ကို ဝမ်းသာအားရ  စိတ်ရွင်လန်းစေသည်။ ပီတိအဟုန်ဖြင့် တုန်တုန်ခိုက်ခိုက်ဖြစ်စေသည်။ နှလုံးဘဝင်ကို နွေးစေသည်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်ကို ရောက်ဖို့က အတ္တလန်တိတ်သမုဒ္ဒရာကို မဖြတ်သန်းဘဲ မရ။ ခြေကျင် လမ်းလျှောက်ပြီး ဖြတ်ဖို့ရာလည်း လုံးဝမဖြစ်နိုင်။ ဘာထရန်ရပ်ဆဲက ဘာကူညီရမလဲဟု စာတစ်ကူးမားနှင့် မီနွန်ကို မေးသည်။ သူတို့နှစ်ဦးက ငွေကိုဖြင့် လက်ခံလို့ မရပါ၊ နယူးယော့သို့ သွားမည့် သင်္ဘောလက်မှတ် နှစ်စောင်ကိုမူ လက်ခံပါမည်ရှင်းပြရာ ဘာထရန်ရပ်စဲက သူ့အတွင်းရေးမှူးဘက်လှည့်၍ ‘ကွင်းမေရီ’ သင်္ဘောလက်မှတ်နှစ်စောင် စီစဉ်ခိုင်းလိုက်သည်။ ဘာထရန်ရပ်ဆဲကို ကျေးဇူးတင်မဆုံးပြီ။

ခက်ခဲသည်မှာ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ရဖို့ဖြစ်သည်။ ဆိုဗီယက်ပြည်မှာလိုပဲ အမေရိကန်ဗီဇာက အလွန်ခက်ခဲသည်။ ဒီကြားထဲ ကွန်မြူနစ်နိုင်ငံတွေမှာ ခြောက်လနီးပါး ရောက်နေခဲ့သည့်အတွက် ပို၍ ခက်ခဲနေပါသည်။ ကြားဝင် ကူညီသူတွေ ရှိလာသဖြင့် အမေရိကန်ဗီဇာကို နှစ်ဆယ့်နှစ်ရက်အကြာတွင် ရသည်။ အင်္ဂလန်ပြည်ရှိ မြို့အချို့ကို ဖြတ်ပြီး လမ်းလျှောက်ကာ ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် နယူးယောက်မြို့သို့ သွားမည့် ‘ကွင်းမေရီ’ သင်္ဘောပေါ်သို့ တက်ခဲ့ကြသည်။

ခုနှစ်ရက်ကြာ သမုဒ္ဒရာခရီးကို ဖြတ်သန်းပြီးနောက် အမေရိကကုန်းမြေပေါ်ရှိ မှုန်ပျပျ လေဘာတီရုပ်တုကို သင်္ဘောကနေ လှမ်းမြင်နေရပါပြီ။ ဆိပ်ကမ်းသို့ ရောက်သော် အာရှနှင့် မတူသော၊ ဥရောပနှင့်မတူသော လူ့ယဉ်ကျေးမှုကြီးတစ်ခုက စာတစ်ကူးမားနှင့် မီနွန်တို့ကို ပိုက်ထွေးသည်။ သင်္ဘောပေါ်က ဆင်းသည်နှင့် ငြိမ်းချမ်းရေးအဖွဲ့တွေ့က ကြိုလင့်သည်။ သူတို့ စတင် လမ်းလျှောက်ကြပြီ။ မက်ဟက်တန်က လမ်းများ၊ ဘရွတ်ကလင်းက လမ်းများတစ်လျှောက်တွင် ငြိမ်းချမ်းရေး ခြေလှမ်းများကို လှမ်းကြသည်။ ဟောပြောပွဲများ၊ လူထုစည်းဝေးပွဲများ ကျင်းပကြသည်။ နယူးယော့မြို့တွင် ဆယ်ရက်ကြာပြီးနောက် အိမ်ဖြူတော်သို့ စာရေးကာ သမ္မတကနေဒီနှင့် တွေ့ဆုံလိုသော ဆန္ဒကို အကြောင်းကြားသည်။

အမေရိကန်ရှိ လမ်းတွေပေါ်မှာ လမ်းလျောက်ရတာ အခက်အခဲရှိပုံကို စာတစ်ကူးမားက သူ့စာအုပ်ထဲမှာ ထည့်ရေးထားသည်။ ကတ္တရာလမ်းပေါ်မှာသာ လျှောက်ရခြင်း။ ဆူညံသော၊ ဓာတ်ဆီနံ့များနံသော ကားများက အရှိန်ပြင်းပြင်းနှင့် မောင်းနှင်သွားကြသည်။ လမ်းလျှောက်၍ အဆင်ပြေမည့် ခြေသွားလမ်း၊ တောလမ်းလေးများကို ရှာမတွေ့။ အမေရိကန် မိတ်ဆွေတွေကို မေးသည့်အခါ အမေရိကတွင် ထိုအရာတွေ မရှိတော့ဘူးဟု ဖြေလိုက်ကြသည်။ 

ခိုင်ဘာတောင်ကြားတွင် လမ်းလျှောက်နေစဉ်တုန်းက အမေရိကသို့ရောက်လာလျှင် အကြောင်းကြားပါဟုဆိုကာ လိပ်စာကတ် ပေးသွားသော ဒေါက်တာစကတ်ကို စာတစ်ကူးမားနှင့် မီနွန်တို့သတိရသည်။ ဖီလာဒဲလ်ဖီးယားသို့ ရောက်သောအခါ ဒေါက်တာစကတ်ထံသို့ ဖုန်းဆက်ပြီး ငြိမ်းချမ်းရေးလမ်းလျှောက်သော အိန္ဒိယနိုင်ငံသားနှစ်ယောက်ကို မှတ်မိပါသေးလား မေးသည့်အခါ ‘အခု သူတို့ ဘယ်မှာလဲ’ ဒေါက်တာ စကတ်က ပြန်မေးသည်။ ‘ခင်ဗျားနဲ့ ဆယ်မိုင်အဝေးမှာ ရောက်နေပြီ၊ မနက်ဖြန် ဖီလာဒဲလ်ဖီးယား ရောက်မယ်’ ဆိုသည့်အခါ ဒေါက်တာစကတ်က မနက်ဖြန်ထိ မစောင့်နိုင်၊ ဒီညပဲ ခင်ဗျားတို့နှင့် တွေ့ချင်ပြီဆိုကာ အပြေးလာ၍  နှုတ်ဆက်သည်။ တွေ့တွေ့ချင်း ဒေါက်တာစကတ် ပြောသော စကားမှာ -

“အင်း၊ ခင်ဗျားတို့ရဲ့ အိပ်မက်အတိုင်း ဖြစ်ပြီ” (စာ ၁၅၅)

ဝါရှင်တန်မြို့သို့ ရောက်သည့်အခါ သမ္မတကနေဒီကို တွေ့မည်ဟု တွေးခဲ့ကြသည်။ သို့သော် ၁၉၆၄ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဝါရှင်တန်သို့ ရောက်သွားသောအခါ သမ္မတကနေဒီမှာ သေနတ်သမားတစ်ယောက်၏ လက်ချက်ဖြင့် အနိစ္စရောက် သွားရှာပြီ။ ထို့ကြောင့် ကနေဒီနှင့် တွေ့ရန် အိမ်ဖြူတော်သို့ မသွားရဘဲ ကနေဒီ၏သင်္ချိုင်းဆီသို့ သွားကာ ဂါဝရပြုရတော့သည်။ သူတို့၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကိုလည်း သမ္မတကနေဒီ၏ သင်္ချိုင်းဂူရှေ့တွင် အဆုံးသတ်လိုက်သည်။

ထူးဆန်းသည်။ သူတို့၏ မိုင်ရှစ်ထောင်ရှည်လျားသော လမ်းလျှောက်ခရီးသည် သမ္မတကနေဒီ၏ သင်္ချိုင်းအုတ်ဂူရှေ့တွင် အဆုံးသတ်ရလိမ့်မည်ဟု လုံးဝ မတွေးမထင်ထားခဲ့ချေ။ ဂန္ဓီ၏သင်္ချိုင်းရှေ့မှ စတင်ခဲ့သော ငြိမ်းချမ်းရေး ခရီးစဉ်သည် ယခုအခါ မမျှော်လင့်ဘဲ ကနေဒီ၏သင်္ချိုင်းရှေ့တွင် အဆုံးသတ်လေပြီ။ ဂန္ဓီရော ကနေဒီပါ နှစ်ဦးစလုံးတွင် တူညီသော ကံကြမ္မာမှာ သေနတ်သမား၏ လက်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရခြင်းဖြစ်နေသည်။

သူတို့၏ ခရီးစဉ်တစ်လျှောက် လွမ်းမောနွမ်းလျသော ခံစားမှုမျိုးကို ဤတစ်ကြိမ်လောက် ဘယ်တုန်းအခါကမျှ မခံစားရခဲ့ဟု စာတစ်ကူးမားက သူ့အတ္ထုပ္ပတ္တိထဲတွင် ရေးပါသည်။

‘ကနေဒီ၏ ဂူကို မျက်နှာချင်းဆိုင်လျှက် တိတ်ဆိတ်စွာ ကျွန်တော် ရပ်နေစဉ် အဲသည်မှာ ထွန်းထားသည့် ဖယောင်းတိုင်မီးပေါ်သို့ ညင်သာသော မိုးပေါက်များကျသည်။ တုန်ခိုက်နေသော ကျွန်တော့်ခန္ဓာကိုယ်ပေါ်။ ကြက်သီးမွေးညင်း ထသည်။ ဂန္ဓီ၏ သင်္ချိုင်းက ကျွန်တော်တို့ စထွက်ခဲ့တုန်းကလည်း သည်လိုပဲ မိုးရွာသည်။ ကမ္ဘာ၏ အခြားတစ်ဖက်မှ၊ ငြိမ်းချမ်ရေး အတွက် ကျွန်တော် လမ်းလျှောက်ခဲ့ကြ၍ အမေရိကကို ရောက်ခဲ့ကြပြီ။ အကြီးဆုံး စစ်ရေးပါဝါကြီး။ သည် ကနေဒီ သင်္ချိုင်းမှာတော့ စစ်လည်းမရှိ ငြိမ်းချမ်းရေးလည်းမရှိ၊ ထိုဟာတွေထက်လွန်သော တစ်ခုခု။ ပကတိငြိမ်သက်ခြင်း တခဏ။ ဂန္ဓီကြီးနှင့် ကနေဒီ။ ကနေဒီနှင့် ဂန္ဓီကြီး။ သင်္ချိုင်း၊ ကျည်ဆန်၊ မိုးရေ။ မိုးရေနှင့် မီးတောက်သည် တစ်ခုတည်း ဖြစ်သွားသည်။ စခြင်းနှင့် ဆုံးခြင်းသည် တစ်ခုတည်း ဖြစ်၏’   (စာ ၁၅၅)

သမ္မတကနေဒီကို ပေးရန်ရှိသော လက်ဖက်ခြောက်ထုပ်ကို နောက်တက်သည့် သမ္မတ ဂျွန်ဆင်လက်ထဲ ထည့်ရန် ကြိုးစားသော်လည်း အလုပ်များနေ၍ အခွင့်အရေးမရ။ နောက်ဆုံး လက်နက်ဖျက်သိမ်းရေး ဆောင်ရွက်နေသော အကြံပေး ပုဂ္ဂိုလ်ဆိုသူ ထံသို့သာ လက်လွှဲလိုက်ရတော့သည်။

စာတစ်ကူးမားက အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စု၊ အိမ်ဖြူတော်နှင့် ကရင်မလင်နန်းတော်ရှိ အာဏာပိုင်များတွင်တူသော အချက်တစ်ခုရှိနေပြီး ထိုအရာမှာ ‘အကြောက်တရား’ ‘အစွဲများ’ ထဲတွင် နစ်ဝင်လျှက်ရှိနေခြင်းပါဟု သုံးသပ်သည်။ နိုင်ငံကြီးများသည် မလုံခြုံမှုကို ခံစားနေရသည်။ ကိုယ့်နိုင်ငံလုံခြုံရေးကို တစ်ဖက်ရန်သူနိုင်ငံတစ်နိုင်ငံက ထိပါးကျူးကျော် လာလျှင် ဘယ်လိုလုပ်မလဲဆိုသည့် အကြောက်တရားက ကြီးစိုးနေသည်။ ထို ‘အကြောက်တရား’ကို မော်စကိုတွင် တွေ့ခဲ့သည်၊ ပါရီတွင် တွေ့ခဲ့သည်၊ လန်ဒန်တွင် တွေ့ခဲ့သည်၊ ဝါရှင်တန်မှာ တွေ့ခဲ့သည်။ တကယ့် ရန်သူသည် ဆိုဗီယက်ရုရှားလည်းမဟုတ်၊ အမေရိကန်လည်းမဟုတ်။ နှစ်ဆယ်ရာစုယဉ်ကျေးမှုကြီး၏ ရန်သူသည် ‘အကြောက်တရား’ ဖြစ်သည်ဟု စာတစ်ကူးမားက သူ့အတ္ထုပ္ပတ္တိထဲတွင် ရေးသည်။ ထို ‘အကြောက်တရားနှင့် စိတ်အစွဲများ’ကို နဖူတွေ့ ဒူးတွေ့ မျက်မြင်ကြုံလိုက်ရသည့်အခါ စာတစ်ကူးမားသည် ခရီးစဉ်အဆုံးသတ်တွင် စိတ်ဓာတ်ကျသွားသည်။

‘အိမ်ဖြူတော် ရောက်ခြင်းက ကျွန်တော်တို့အား လုံခြုံခြင်းသော်လည်းကောင်း၊ သက်သာရာရခြင်းသော် လည်းကောင်း မပေးစွမ်းပါ။ ဤအရာသည် ထိပ်ဆုံးမှ အောက်သို့ လျှောကျခြင်းသာ ဖြစ်သည်။ ကျွန်တော်မှာ မကျေမချမ်းနိုင် ဖြစ်ပါသည်။ မိုင်ပေါင်း ရှစ်ထောင်၊ တစ်ဆယ့်ရှစ်လကြာ လမ်းလျှောက်ခြင်းသည် ဗျူရိုကရက်တို့၏ ‘ကြောက်လန့်ခြင်းကို ခုခံခြင်း’ နှင့် အဆုံးသတ်သည်။ စိတ်ဓာတ်လည်း ကျသည်။ အခုဘာလုပ်ရမလဲ။ နောက်ကော ဘာလုပ်မလဲ။ အမေရိကမှ သည်လို စိတ်နိမ့်ဆင်းခြင်းနှင့် မပြန်နိုင်’  (စာ ၁၅၇ )

လူမည်းအခွင့်အရေးလှုပ်ရှားသူ မာတင်လူသာကင်းက သူ့ထံသို့ အလည်လာရန် ဖိတ်ကြားခံရပြီး၊ မာတင်လူသာကင်းနှင့် တွေ့ပြီးနောက်တွင်မှ၊ ကျဆင်းနေသော စိတ်ဓာတ်က ပြန်လည်မြင့်တက်လာသည့် အကြောင်းကိုလည်း စာတစ်ကူးမား ကသူ့စာအုပ်ထဲတွင် ဆက်၍ ရေးထားပါသည်။ အကြောက်တရားနောက်တွင် ပုန်းအောင်းနေသော စစ်သည်တော်ကြီးများကို ပင်တဂွန်တွင် လည်းကောင်း၊ တပ်နီတော်ဌာနချုပ်တွင် လည်ကောင်း တွေ့ခဲ့ဖူးပြီ။ ယခု မာတင်လူသာကင်းကို တွေ့တော့မှ တကယ့်စစ်သူကြီးကို တွေ့ရခြင်းဖြစ်သည်ဟုလည်း စာတစ်ကူးမားက အားတက်သည်။ ‘တော်လှန်သော အကြမ်းမဖက်ရေး’ အယူအဆကို စွဲကိုင်ထားသည့် မာတင်လူသားကင်း၏ စကားများကို နားထောင်၍ စိတ်သစ်လူသစ် ဖြစ်လာသည်ဟုလည်း စာတစ်ကူးမားက ဝန်ခံသည်။ သူတို့၏ လမ်းလျှောက်ခရီးစဉ်က မာတင်လူသာကင်းကို တွေ့ရ သည်နှင့်ပင် တန်နေပြီဟု ဘဝင်ကျသွားသည်။

၆။

မိုင်ရှစ်ထောင်ကျော်လမ်းလျှောက်ခရီးစဉ်ပြီးဆုံးသွားသည့်နောက် စာတစ်ကူးမားနှင့် မီနွန်တို့ကို ဂျပန်နိုင်ငံရှိ ငြိမ်းချမ်းရေး လှုပ်ရှားသူများက ဖိတ်၍ လမ်းသွားလျှောက်ကြသေးသည်။ နာဂိုယာ၊ ကျိုတို၊ အိုဆာကာ၊ ကိုဘေး၊ အိုကာယမ၊ ဖူကူယာမ မှ ဟီရိုရှီးမားမြို့များသို့တိုင် တစ်နေ့လျှင် တစ်ဆယ့်ငါးမိုင်နှုန်းဖြင့် လေးဆယ့်ငါးရက်ကြာ လမ်းလျှောက်ခဲ့ကြသေးသည်။ ထို့နောက်တွင် အိန္ဒိယနိုင်ငံသို့ ပြန်လာခဲ့ကြသည်။

စာတစ်ကူးမားတို့၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်က ကမ္ဘာတစ်လွှားရှိ ငြိမ်းချမ်းရေးလှုပ်ရှားသူများအတွက် နမူနာပြ လှုပ်ရှားမှုတစ်ခု ဖြစ်လာသည်။ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲများ ဆက်တိုက်ဆင်နွဲကြသည်။ စာတစ်ကူးမားတို့ကိုလည်း ပူးပေါင်းဖို့ ဖိတ်ခေါ်ကမ်းလှမ်းကြသည်။ သို့နှင့် စာတစ်ကူးမားသည်လည်း ကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာလေသည်။

သူ၏ နောက်ပိုင်း ဘဝအတွေ့အကြုံများကို သူ့၏ ‘ခရီးပန်းတိုင်ရယ်လို့ မရှိ’ နာမည်ပေးထားသော အတ္ထုပ္ပတ္တိထဲတွင် ဆက်၍ ဖတ်ကြည့်နိုင်ကြပါသည်။ ဤဆောင်းပါးသည် စာတစ်ကူးမား၏ လမ်းလျှောက်ခရီးစဉ်အကြောင်း ရေးထားသည့် အခန်းတစ်ခန်းကိုသာ ညွှန်းခဲ့ခြင်း ဖြစ်သည်။ သို့တိုင် အတော်အတန်ရှည်လျားသော အရေးအသားများ ဖြစ်သွားသည်။ မိုင်ရှစ်ထောင်ခရီးစဉ်အကြောင်းကို အတိုချုပ်၍ ခြုံမိအောင် ပြောရခြင်း ဖြစ်သည်ကိုး။

စာတစ်ကူးမားသည် ဘဝစုံသူ ဖြစ်သည်။ အိန္ဒိယသို့ ပြန်လာပြီးနောက် သူ့ကြုံရသော ကိုယ်ရေးကိုယ်တာ အဖြစ်အပျက်များ၊ နာမ်ဝိဉာဉ်ရေးရာ အတွေ့အကြုံများ၊ ထိုမှ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟဗေဒထိန်းသိမ်းရေး လှုပ်ရှားသူတစ်ဦး ဖြစ်လာပုံ၊ ရီဆာဂျင့် မဂ္ဂဇင်းအယ်ဒီတာ ဖြစ်လာပုံ၊  ကျောင်းကောင်းကောင်းတွင် မနေခဲ့ဖူးဘဲ ပညာဟုတ်တိပတ်တိ မသင်ကြားဖူးပါဘဲနှင့် အင်္ဂလန်ပြည်က ရှူးမေကာကောလိပ်၏ ကျောင်းအုပ်ကြီး ဖြစ်လာပုံအကြောင်းတို့ကို ဖတ်ရမှာလည်း လွန်စွာ စိတ်ဝင်စားဖို့ ကောင်းသလို ဘဝအမြင်များကို အခြားတစ်ဖက်မှ ဆင်ခြင်ကြည့်နိုင်စရာ အတွေးအခေါ်တွေများစွာ ပါဝင်သည်။ သူသည် ဂန္ဓီ၏ အကြမ်းမဖက်ရေး (အဟိံသ) လမ်းစဉ်တွင် တစ်သက်လုံး စွဲမြဲယုံကြည်သူဖြစ်လေရာ နောက်ဆုံးခန်းတွင် ဂန္ဓီ၏လမ်းစဉ်ထဲမှ အဓိက ပင်ရင်းကျသော အချက်တစ်ဆယ့်တစ်ချက်ကို ဆစ်ပိုင်းပြထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်း သလို အလေးအနက် ဆင်ခြင်စရာလည်း ဖြစ်ရသည်။ အကယ်၍ ‘ခရီးပန်းတိုင်ရယ်လို့ မရှိ’ စာအုပ်ကို မိတ်ဆွေ ဖတ်ဖြစ်ခဲ့ပါလျှင် ထိုအခန်းကို နှစ်ခါ သို့မဟုတ် သုံးခါလောက် မကြာမကြာ ပြန်ဖတ်ကြည့်ပါဟု ‘စာလက်တို့’ လိုက်ချင်ပါသည်။

စာတစ်ကူးမားသည် အခုထိတိုင် အသက်ထင်ရှား ရှိနေပါသေးသည်။ ၉ ဩဂုတ် ၁၉၃၆ ခုနှစ်တွင် မွေးဖွားသူမို့ ယခု(၂၀၂၆ ခုနှစ်)အခါ အသက် ၈၉နှစ် အရွယ်တိုင်ပါပြီ။ အင်္ဂလန်ပြည် တောင်ပိုင်းရှိ ဒက်ဗွန် (Devon)နယ်ထဲက ဟတ်လန်း (Hartland) မြို့ကလေးတွင် ရိုးရှင်းသော ဘဝဖြင့်ပင် နေထိုင်လျှက်ရှိသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ဘိက္ခုပညာ ကာရနှင့်တကွ ရဟန်းတော်များ၏ ငြိမ်းချမ်းရေးလမ်းလျှောက် ခရီးကို စာတစ်ကူးမားလည်း တွေ့မြင်မည်မှာ မေးစရာပင် မလိုပါ။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ရဟန်းများ၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးနှင့် ပတ်သက်၍ စာတစ်ကူးမားထံတွင် ဘာများပြောစရာ ရှိနေမလဲ ဆိုသော မေးခွန်း ဖြစ်ပါသည်။ အခုထိ စာတစ်ကူးမား၏ အမြင်ကို မကြားရ မဖတ်ရသေးပါ။ မည်သည့် စာနယ်ဇင်းကမှလည်း စာတစ်ကူးမားထံမှ ထင်မြင်ချက်ကို တောင်းရန် စိတ်ကူးပေါ်ကြဟန် မတူ။

လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော်ကာလတုန်းက ကမ္ဘာပတ်၍ ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့သူတစ်ဦးအနေနှင့် ဒီကနေ့ ကမ္ဘာကြီး၏ စစ်ပွဲတွေအကြောင်း၊ ငြိမ်းချမ်းရေးအတွက် လှုံဆော်လမ်းလျှောက်နေသော ရဟန်းများ၏ လှုပ်ရှားမှုအကြောင်းကို စာတစ်ကူးမား ဘာပြောမလဲဆိုတာ ကျွန်တော်တို့ ကြားချင် သိချင်မိနေပါသည်။

မောင်ဘစီ

၂၉ ဇန်နဝါရီ ၂၀၂၆

စာအုပ်ဆိုင်ရာအချက်အလက်များစာအုပ်အမည် - ခရီးပန်းတိုင်ရယ်လို့ မရှိ

မူရင်းစာအုပ်နှင့် စာရေးသူ - NO DESTINATION by Satish Kumar

ဘာသာပြန်သူ - ကိုတာ

ထုတ်ဝေခြင်း။  ။ ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၃ ခုနှစ်။ မုံရွေးစာအုပ်တိုက်။

စာမျက်နှာအရေအတွက်  - ၃၄၇

(ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ အမေ၊ ဂုရု၊ အာရှရမ်၊ ဗာရာဏသီ၊ ဦးလှည့်ရာသွားသူ၊ ထွက်ပြေးခြင်း လွတ်မြောက်ခြင်း၊ မျောခြင်း၊ မုခတီ၊ မာယာ၊ ဟတ်တလင်းရွာ၊ ကျောင်းငယ်လေး၊ ဘုရားဖူး၊ ဘုရားဖူးပြန်၊ ဂျပန်၊ ကောလိပ်၊ တောင်ကေလာ၊ သက်ရောက်မှုများ၊ ဟုတ်တိုင်းမှန်ရာ သိခြင်း ဟူသည့် အခန်းပေါင်း ၁၈ ခန်း ပါဝင်သည်။ ဘာသာပြန်သူနှင့် ဘာသာပြန်သူ၏ ရှင်းလင်းချက်လည်း ပါဝင်သည်။ ယခု စာအုပ်သုံးသပ်ချက်ပါ အကြောင်းအရာ အချို့မှာ စာအုပ်၏ အစပိုင်း အခန်း ငါးခန်း ခန့်ကိုသာ အထူးပြု၍ ဖော်ပြထားခြင်း ဖြစ်ပါသည်။)


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ခင်ဝမ်း ဖတ်စာ
မောင်ဘစီ

လက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်း လူသူကင်းဆိတ်သော လမ်းမကြီးကို ရည်ရွယ်ချက်မဲ့ ထိုင်ငေးနေခိုက်၊ နောက်ကျောဘက် လက်ဖက်ရည်ဆိုင်ထဲက သီချင်းသံတစ်ခု ထွက်ကျလာသည်။ ‘နှုတ်ဆက်ခဲ့ပါတယ်… ကျွန်တော် သွားတော့မယ်…လမ်းရဲ့သယ်...