မောင်ဘစီ
အဆိုတော် ခင်ဝမ်း၏ သီချင်းများအနက် ကျွန်တော့်ဘဝတွင် ပထမဦးဆုံး စတင်ကြားဖူးသော သီချင်းမှာ ‘နှုတ်ဆက်ခဲ့ပါတယ်’ ဖြစ်သည်။
‘နှုတ်ဆက်ခဲ့ပါတယ်…ကျွန်တော်သွားတော့မယ်…လမ်းရဲ့သယ်ဆောင်ရာ
ဟိုအဝေးကို… အဝေးကို…’ ဟူသော စာသားကို ကြားမိစဉ်ခဏအတွင်း
ချက်ချင်း နားစွဲသွားပြီး၊ စိတ်မှာလည်း ဘာရယ်မသိ ထိခိုက်ခံစားလိုက်ရသည်။ အဲဒီသီချင်း
သီဆိုသူမှာ ခင်ဝမ်းဟူ၍သိဖို့ ဝေးစွ၊ သီချင်းနာမည်ကိုပင် ထိုစဉ်က မသိခဲ့။
ထိုကာလတွင် ကျွန်တော်တို့နေထိုင်ရသည်က
တောကျေးလက်မှာပါ။ ရွာသား တောသားတွေအဖို့ ဖျော်ဖြေရေးအဖြစ် အဖြူအမည်း ရုပ်မြင်သံကြားစက်မျှ
ရှိပြီး၊ အခါအားလျော်စွာ ထုတ်လွှင့်ပြသသည့် မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို
အငမ်းမရ စောင့်မျှော်ကြည့်ရှုရသည့် အချိန်။ ကျနော်တို့က ဆယ့်လေး ငါးနှစ်သားအရွယ်မျှသာ
ရှိဦးမည်။ ‘နှုတ်ဆက်ခဲ့ပါတယ်’ သီချင်းကို ရုပ်ရှင်သရုပ်ဆောင် လွင်မိုး ပါဝင်သော ဗီဒီယိုဇာတ်ကားတစ်ခုထဲတွင် စတင်ကြားဖူးလိုက်ခြင်းဟု အခုထိတိုင် ကျွန်တော် မှတ်မိနေသေးသည်။
ဇာတ်ကားနာမည်ကိုမူ ပြန်၍ စဉ်းစားမရတော့ပြီ။
နောက်ထပ် တစ်နှစ် နှစ်နှစ် ကြားသွားချိန်အထိ ‘နှုတ်ဆက်ခဲ့ပါတယ်’ သီချင်းကို ကျွန်တော်
ထပ်၍ မကြားရတော့ပါ။ ရုပ်မြင်သံကြားကနေ ထိုသီချင်းပါဝင်သည့် ဗီဒီယိုဇာတ်ကားကို
ပြန်လည် ပြသလေဦးမလားဟု အခါခါ မျှော်မိပါသည်။ ရန်ကုန်မြို့နှင့် မိုင်လေးဆယ်ကျော်မျှသာ
ဝေးကွာသည့် တိုးမြစ်ကမ်းနဖူးပေါ်က ရွာကလေးတွင် ဂီတသည် တစ်ခါတလေ
အလှူအတန်းရှိမှ၊ မင်္ဂလာဆောင်ရှိမှ၊ သို့မဟုတ်လျှင် နာရေး ဆွမ်းကျွေး တစ်ခုခုရှိမှသာ လော်စပီကာထဲကနေ လွှင့်ပျံ့လာတတ်သည်ဖြစ်ရာ သီချင်းတွေ
ဖောချင်းသောချင်း နားထောင်ခွင့်ရဖို့ မဖြစ်နိုင်သော အခြေအနေပါပဲ။ အခုလို ပြောတော့ ‘ဟုတ်ရဲ့လားကွာ’ ဟု သံသယရှိချင်သူတွေ
ရှိကြပါလိမ့်မည်။ မယုံမရှိနှင့်။ လွန်ခဲ့သည့် နှစ်သုံးဆယ်နီးပါး ကာလတုန်းက ကျေးလက်သည်
မြို့နှင့်အတော်လေး အဆက်ပြတ်ပါသည်။ ကျွန်တော်တို့ နယ်ဘက် ကျေးဘက် အရပ်တွေမှာ လူသာ သေသွားရော၊
ရန်ကုန်မြို့ကို မရောက်ဖူးလိုက်သူတွေမှ အများကြီး။ တစ်သက်မှာတစ်ခါ ရွှေတိဂုံဘုရား ဖူးခွင့်ရလိုက်လျှင် ကုသိုလ်ကံထူးပါပြီဟု ဆိုတတ်ကြသူတွေမှ
ဒုနှင့်ဒေး။
ကျွန်တော်တို့ တောသားလူငယ်တွေအဖို့
ကိုးတန်း ဆယ်တန်း ပညာဆက်သင်လိုလျှင် မြို့ပေါ် တက်မှသာရသည်။ ထို့ကြောင့် ကိုးတန်းနှင့်
ဆယ်တန်း ကျောင်းတက်ဖို့ ကျွန်တော် ကွမ်းခြံကုန်းမြို့ပေါ်မှာ နေခွင့်ကြုံသည်။ ရွာနှင့်
မြို့က သုံးမိုင်သာသာ ဝေးသော်လည်း မိုးတွင်းကာလဆိုလျှင် ရွှံဗွက်တွေ ဒူးလောက် ပေါင်လောက်ထဲ
ဖြတ်ပြီးမှ မြို့ကို ရောက်သည်။ ထို့ကြောင့် နေ့စဉ်ကျောင်းတက်ဖို့က မြို့ပေါ်တွင် နေထိုင်နိုင်မှ။
မဟုတ်လျှင် ရှစ်တန်းတွင် ကျောင်းထွက် ပေရော့။ ဒီလိုနှင့် ပညာရေး၌ ကျနော်တို့ထက် အစွမ်းအစရှိသည့်
ကျေးလက်လူငယ်အမြောက်အမြားမှာ မြို့တွင်နေဖို့ အခြေအနေမပေးသည့်အတွက် ပညာရေးတစ်ပိုင်းတစ်စဖြင့် ရပ်ဆိုင်းလိုက်ရသည်မှာ နှမြောစရာကောင်းပါသည်။
မြို့ရောက်လာမှ လက်ဖက်ရည်ဆိုင်ဆိုတာကို
ပထမဆုံးအကြိမ် ထိုင်ဖူးပြီး၊ လက်ဖက်ရည်ကိုလည်း ပထမဆုံး သောက်ဖူးတော့သည်။ လက်ဖက်ရည်ဆိုင်တွင်
ထိုင်ရင်း သီချင်းတွေ နားထောင်လို့ရတာလည်း သိလိုက်ရသည်။ သီချင်းတွေက ကိုယ်မကြားဖူးတာတွေချည်း။
ရွာမှာ တွံတေးသိန်းတန်၊ ဟင်္သတထွန်းရင်၊ အောင်သူ၊ မင်းအောင်တို့၏ သီချင်းတွေလောက်သာ
ကြားခဲ့ရတာ။ လက်ဖက်ရည်ဆိုင်တွေမှာ အသံသစ်တွေ အများကြီး၊ ဂီတပုံံစံတွေ မျိုးစုံ။ ထိုကာလတွေတုန်းက
လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကလည်း အစွမ်းကုန် ထွန်းကားနေသည့် အချိန်မဟုတ်လား။ ကွမ်းခြံကုန်းလို
နယ်မြို့လေးမှာပင် လက်ဖက်ရည်ဆိုင်က ဆယ့်လေးငါးဆိုင်မက ရှိလိမ့်သည်။ လက်ဖက်ရည်ဆိုင်
ထိုင်သူတွေကလည်း သီးခြား ဝိသေသတွေနှင့်။ ကြက်သမားတွေချည်း စုဝေးပြီးထိုင်လေ့ရှိသည့်
လက်ဖက်ရည်ဆိုင်၊ အနီးအနား ရွာတွေက ဈေးရောင်းဈေးဝယ်တွေ ထိုင်တတ်သည့် ဆိုင်။ နိုင်ငံရေးသမား
အဘိုးကြီးတွေ ထိုင်တတ်သည့် လက်ဖက်ရည်ဆိုင် (လင်္ကာဒီပ ဆိုတဲ့ လက်ဖက်ရည်ဆိုင်ဟာ နိုင်ငံရေးသမား
အလံနီဟောင်း အဘိုးကြီးတွေ ထိုင်ပြီး လေကန်လေ့ရှိတဲ့ ဆိုင်ပေါ့)။ မြို့ခံ ကဗျာဆရာ၊ စာရေးဆရာ
အစရှိတဲ့ စာပေရေးရာစိတ်ဝင်စားသူတွေ ထိုင်တတ်ကြသော လက်ဖက်ရည်ဆိုင် ဆိုတာလည်း ရှိသည်။ ‘အောင်အောင်’ လို့ နာမည်ပေးထားတဲ့ ဆိုင်ပါပဲ။ ကျွန်တော်တို့က
စာပေတွင် စိတ်ဝင်စားနေကြသူတွေမို့ ‘အောင်အောင်’မှာပဲ အချိန်အားရှိသရွေ့ ထိုင်သည်။ အချိန်ကလည်း
ကျောင်းမတက်သည့် အချိန်တွေ မှန်သမျှ အားနေသည်မို့ လက်ဖက်ရည်ဆိုင်မှာချည်းပဲ
ဆိုပါတော့။ စာသမားတွေ ထိုင်တတ်သည့် လက်ဖက်ရည်ဆိုင်မို့လား မသိ၊ ဖွင့်သည့် သီချင်းက
‘အငြိမ်’ တွေ များသည်။ ခင်မောင်တိုး၊ စိုင်းထီးဆိုင်၊ ထူးအိမ်သင်၊ ခိုင်ထူး၊ စိုးလွင်လွင်
စသဖြင့်။ ပြီးတော့ လာပါပြီခင်ဗျာ၊ ခင်ဝမ်း။
တစ်ခုသော
နေ့လယ်ခင်းတစ်ခု ဖြစ်လိမ့်မည်။ လက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်း
လူသူကင်းဆိတ်သော လမ်းမကြီးကို ရည်ရွယ်ချက်မဲ့ ထိုင်ငေးနေခိုက်၊ နောက်ကျောဘက် လက်ဖက်ရည်ဆိုင်ထဲက
သီချင်းသံတစ်ခု ထွက်ကျလာသည်။ ‘နှုတ်ဆက်ခဲ့ပါတယ်… ကျွန်တော်
သွားတော့မယ်…လမ်းရဲ့သယ်ဆောင်ရာ…ဟိုအဝေးကို… အဝေးကို…’ ဆိုသော
စာသားများ။ ဒီသီချင်းကို မမှတ်မိဘဲ နေလိမ့်ရိုးလား။ ဝမ်းသာအားရနှင့် နောက်ဘက်ဆီ လှည့်ကြည့်လိုက်မိသည်။
ထိုအချိန်က ဗွီစီဒီတွေ ခေတ်စားနေသောကြောင့် လက်ဖက်ရည်ဆိုင်ထောင့်က တီဗီမျက်နှာပြင်ပေါ်မှာ
သီချင်းစာသားတွေရော၊ သီချင်းကို သရုပ်ဖော်သော ပြကွက်များကိုပါ မြင်ရသည်။ ‘အစ်ကို၊ အဲဒီ
အဆိုတော်က ဘယ်သူလဲ’ ဆိုင်ရှင်ကို လှမ်းမေးတော့ လူချင်းလည်း သိနေပြီဖြစ်လို့ ‘ခင်ဝမ်းရယ်လေ’
လို့ ပြောလည်းပြော၊ လက်တစ်ဖက်ကလည်း ဗွီစီဒီကာဗာလေး ကမ်းပေးပါသည်။
ကြည့်လိုက်တော့၊ ဟုတ်သည်။ ခင်ဝမ်း။ စိတ်ကြိုက်ပြန်ဆိုတေးများ ဆိုလားပဲ။ ခေါင်းစဉ်ကို
မှတ်မိနေပါသေးရဲ့။
ဒီမှာပင် ခင်ဝမ်းဆိုသော
အမည်ကို စတင်ကြားဖူးသည်။ နာမည်က နားထဲတွင် ဆန်းသလိုလို အရှိသား။ လက်ဖက်ရည်ဆိုင်မှာ
ဖွင့်လေ့ရှိသော သီချင်းတွေကို အကုန်ကြိုက်မိပြီး၊ ထပ်ခါ ထပ်ခါ ဖွင့်ပေးဖို့ ဆိုင်ရှင်ကို
ပူဆာရသည်။ တော်သေးသည်။ ဆိုင်ရှင်ကလည်း ခင်ဝမ်းသီချင်းတွေကို မကြာမကြာ ဖွင့်ပေးတတ်သည်။
အတန်းဖော် သူငယ်ချင်းများထဲတွင် ဂီတကို ရူးသွပ်ကြသူတွေ ရှိသည်။ သူတို့နှင့် အဖွဲ့ကျသွားသည့်အခါ
‘ခင်ဝမ်း သီချင်းတွေ မင်းတို့ရလား’ စပ်စုကြည့်တော့ ခင်ဝမ်း၏ လူသိများသော ‘ပေါက်’ သော သီချင်းအများစုကို သူတို့ ရကြသည်။ မြို့သား သူငယ်ချင်းတွေထဲမှာ
ဂီတာကို ပိုင်ပိုင်ကြီး တီးခတ်နိုင်စွမ်းသူတွေ ရှိသည်။ သူတို့အုပ်စုကလေးက မြို့ကလေး၏
ညချမ်းချိန်တွေမှာ ပလက်ဖောင်းတီးဝိုင်းဖွဲ့ကြသည်အခါများတွင် ခင်ဝမ်းသီချင်းတွေကို သုံးလေးပုဒ်
ဆိုကြတီးကြ လေ့ရှိသည်။ သို့ကလို သူတို့ တီးကြဆိုကြစဉ် ကျွန်တော်က
ဘေးနားတွင် နားထောင်သူအဖြစ်သာ အမြဲ ရှိခဲ့ပါသည်။ ဆိုလည်း မဆို ၊ တီးလည်း မတီးတတ်ပါ။
ဂီတတွင်လည်း သူတို့လောက် ရူးသွပ်သူ မဟုတ်တာလည်း ပါမည်။ ကျွန်တော်က ကိုယ့်ကြိုက်သည့်
အဆိုတော်အချို့၏ သီချင်းအချို့ကို ထပ်ခါ ထပ်ခါ ကျော့၍ ကျော့၍ နားထောင်နေလိုသူတစ်ဦးသာ ဖြစ်ပါသည်။
ခင်ဝမ်းကို နောက်ပိုင်းတွင်
ပန်းချီဆရာတစ်ဦးအဖြစ် ထပ်သိလာရပါသည်။ မြို့ကလေးတွင် ရှိသော နောင်တော်
စာသမားကြီးတွေက ပြောပြ၍ ခင်ဝမ်း၏ ‘စိတ္တဇပန်းချီ’ ဆိုသည့် စာအုပ်အမည်ကို စတင်ကြားဖူးပါပြီ။
‘ခင်ဝမ်းရဲ့ သီချင်းစာသားတွေဟာ ကဗျာတွေပဲကွ’ ဟု ကဗျာဆရာအစ်ကိုတစ်ဦးက
အမွမ်းတင်၍ ညွှန်းပါသည်။ သို့နှင့် ကျွန်တော်တို့သည် ခင်ဝမ်း၏ ဂီတဖွဲ့စည်းမှုတွေထက်
သူ့သီချင်းများ၏ စာသားကို သတိထားပြီး နားထောင်ခဲ့ရာ အလွန်နှစ်သက် စွဲလန်းရပါသည်။ နောက်ပိုင်း
ထိုအကျင့်မှာ စွဲမြဲသလို ဖြစ်လာပြီး သီချင်းတစ်ပုဒ် နားထောင်တိုင်းတွင်
ဂီတသံစဉ်ထက် သီချင်းစာသားများကိုသာ အာရုံစိုက်မိနေတော့သည်။
သီချင်းဆိုသည့် အဆိုတော်ထက် သီချင်းရေးသူကို ပို၍ စိတ်ဝင်စားလာခဲ့သည်မှာ ယနေ့တိုင်
ဖြစ်ပါသည်။ ထို့ကြောင့် ခင်ဝမ်းကို ပန်းချီဆရာတစ်ဦး၊ ကဗျာဆန်သော
လေးနက်သည့် အတွေးပါသော သီချင်းစာသားများကို ဖန်တီးသူ သီချင်းရေးဆရာတစ်ဦးအဖြစ်
စိတ်ထဲတွင် ပို၍လေးနက်မိသည်။ ခင်ဝမ်းကို လူပုဂ္ဂိုလ်တစ်ဦး အနေနှင့်လည်း
စိတ်ဝင်စားပါသည်။ နောက်ပိုင်း စာနယ်ဇင်းလောကထဲ ကျွန်တော်တို့ ကျင်လည်ရသည့်အခါ ခင်ဝမ်းနှင့်
ထိတွေ့ပတ်သက်ဖူးသူတွေဆီက ခင်ဝမ်းအကြောင်း ‘ပုံပြင်’တွေလည်း အများကြီး ကြားနာခွင့် ရလာသည်။
ထိုအချိန်တွင် ခင်ဝမ်း ကွယ်လွန်ခဲ့ပါပြီ။
ပထမဆုံး ခင်ဝမ်းအမှတ်တရအဖြစ်
‘ယနေ့ခေတ်’ စာစောင်က ပန်းချီမုတ်သုံရေးသော ခင်ဝမ်းပုံ ပန်းချီကို မျက်နှာဖုံးတင်၍ အထူးထုတ်ဝေခဲ့ဖူးသည်။
ထိုစာစောင်မှာ ခင်ဝမ်း ကွယ်လွန်ပြီးစ နှစ်များအတွင်း ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး၊ ကျွန်တော်တို့
လူငယ်ကလေးတွေ နယ်မြို့မှာ ခင်ဝမ်းကို ရှာဖွေစူးစမ်းနေချိန် ဖြစ်ပါလိမ့်မည်။ ထိုစာစောင်ကို
စာအုပ် အဟောင်းတန်းကနေ ၂၀၀၆ ခုနှစ်လောက်ကျမှတွေ့၍ ဝယ်ပြီး ဖတ်ခွင့်ကြုံသည်။ ခင်ဝမ်းအကြောင်းကို
သူနှင့် ရင်းနှီးသူတွေက အမှတ်တရ ရေးကြသည့် ကဗျာနှင့် ဆောင်းပါးတွေ၊ ခင်ဝမ်း၏ ဘဝအတ္ထုပ္ပတ္တိအကျဉ်း၊
ဓာတ်ပုံများဖြင့် အတော်အတန် ပြည့်စုံသည့် စာစောင်လေး ဖြစ်ပါသည်။ ခင်ဝမ်းကို စိတ်ဝင်စားသည့်
ကျွန်တော်တို့အဖို့ လမ်းညွှန်မြေပုံ တစ်ခုပမာပါပဲ။
ဒီလိုနှင့် ပြင်သစ်စာရေးဆရာ
အဲလ်ဘတ်ကမူး၏ The Gust ဆိုသော ဝတ္ထုတိုကို ‘ဧည့်သည်ကြီး’ဟု အမည်ပေးပြီး၊ စံကြည်ကျော့
ကလောင်အမည်ဖြင့် ဘာသာပြန်သော ခင်ဝမ်း၏ လက်ရာကို လိုက်ရှာဖွေကာ
ဖတ်ရသည်။ ကိုယ်က ပန်းချီသမား မဟုတ်ပါဘဲနှင့် ခင်ဝမ်းကို စွဲလမ်းစိတ်ဖြင့် သူ၏ ‘စိတ္တဇပန်းချီ’ ကိုလည်း အသည်းအသန် ရှာဖွေနေမိသည်။ တစ်ခါက
အနုပညာသစ်ကို ရင်ခုန်စွာ တင်ပြခဲ့ဖူးသော နှစ်ဆယ့်လေးနှစ်သားအရွယ် လူငယ် ခင်ဝမ်း၏ ရင်ခုန်သံကို ၂၀၀ဝ ပြည့်လွန် နှစ်တွေမှာ
လူငယ်ဖြစ်နေသော ကျွန်တော်တို့က ဝတ်မှုံထုံကူးချင်သည့် စိတ်ဇောအရှိန် ထက်သန်နေသည့် အခိုက်အတန့်တွေပဲဆိုပါတော့လေ။
၁၉၇၁ ခုနှစ်က ပထမအကြိမ် ထုတ်ဝေခဲ့သည့် ‘စိတ္တဇပန်းချီ’ စာအုပ်မှာ ၂၀၀၀ ပြည့်လွန်နှစ်များတွင်
ရှားပါးပစ္စည်းဖြစ်နေပြီ (၂၀၁၀ ခုနှစ်ကျမှ ဒုတိယအကြိမ် ပုံနှိပ်
ထုတ်ဝေမှု ထွက်လာသည်)။
နောက်ထပ် သုံးနှစ်အကြာမှာတော့
‘ခင်ဝမ်း’ ဆိုသည့် စာအုပ်ကြီးတစ်အုပ်ကို ကျွန်တော်တို့ ပိုက်ထွေးခွင့်
ရပြန်သည်။ ခင်ဝမ်း၏ စာပေလက်ရာများ၊ ခင်ဝမ်း၏ ပန်ချီကားအချို့၊ ခင်ဝမ်း၏ သီချင်းများ။
ပြီးတော့ ခင်ဝမ်းအကြောင်း ခင်ဝမ်းကို သိသော မိတ်ဆွေတွေ၏ အမှတ်တရ အရေးအသားတွေ စုပေါင်းပါဝင်သည့်
စာအုပ်ထူကြီးတစ်အုပ်။ ခင်ဝမ်းအကြောင်း မစို့မပို့ သိနေရသည့် ကျွန်တော်တို့အတွက်တော့
ရေငတ်တုန်း ရေတွင်းထဲ ကျလိုက်သလိုပေါ့။ ပန်းချီဆရာ၊ သီချင်း ရေးဖွဲ့သီဆိုသူ အနုပညာရှင်
ခင်ဝမ်းအကြောင်း သူ့မိတ်ဆွေတွေ၏ ချစ်ခင်စိတ်ဖြင့် ပြန်လည်အမှတ်ရချက် အရေးအသားများမှတစ်ဆင့် အတော်အတန် သိလိုက်ရပါသည်။
နောက်ပိုင်းတော့ ခင်ဝမ်းအကြောင်း
သူ့ မိတ်ဆွေ ပန်းချီဆရာ မောင်ဒီ ရေးသည့် ‘ဂီတနှင့်ပန်းချီ စံကြည်ကြော့ (သို့မဟုတ်)
ခင်ဝမ်း’ ဆိုသော စာအုပ်တစ်အုပ် ထွက်လာပြန်သည်။ ခင်ဝမ်း၏ ‘အိုမောင်ဒီ’
သီချင်းထဲက မောင်ဒီသည် ခင်ဝမ်းကို ချစ်ခင်သူတစ်ဦးဖြစ်သည်။ နောက်ပိုင်း
မောင်ဒီနှင့် ခင်မင်လာသောအခါ သူ့ထံမှ ခင်ဝမ်းနှင့် ပတ်သက်သည့် ‘ဇာတ်လမ်း’ တွေ မကြာခဏ
ကြားရတတ်သည်။ ‘အိုမောင်ဒီ’ သီချင်းသည် ခင်ဝမ်း ဂျပန်ပြည်သို့ ခေတ္တခဏ သွားရောက် နေစဉ်အခိုက်
မြန်မာပြည်သို့ သတိရပြီး၊ မြန်မာပြည်တွင် သူနှင့် မောင်ဒီတို့ သွားလာလှုပ်ရှားခဲ့သည်များကို
အမှတ်ရကာ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ပန်းချီဆရာ မောင်ဒီက ကျွန်တော်ကို ပြောပြဖူးပါသည်။
စိတ္တဇပန်းချီ စာအုပ်ကို ဖတ်ရပြီးနောက်တွင် (၁၉၇၂ ခုနှစ်တွင်) ခင်ဝမ်းကို မောင်ဒီ လိုက်ရှာသည်။ သူတို့နှစ်ဦးကို ကြားခံ မိတ်ဆက်ပေးခဲ့သူက
မိုက်မိုက် (ပြည်)တဲ့။ ခင်ဝမ်းနှင့် တွေ့ကြတော့-
‘သူ စိတ္တဇပန်းချီ စာအုပ်ကို
ဖတ်ပြီးသွားပြီ ဖြစ်သည့်အကြောင်း၊ အတော်ပင် ကြိုက်နှစ်သက်သည့် အကြောင်းများကို ပြောပြ၍
ကျွန်တော် မော်ဒန်ပန်းချီကို သင်ယူလိုသည့် အကြောင်းများကို ပြောပြပါသည်။ ထိုအခါတွင်
ကိုခင်ဝမ်းက “ဟာဗျာ မလုပ်ပါနဲ့၊ ကျွန်တော် ခင်ဗျားရဲ့အကြောင်းကို သိပါတယ်” ဟု ပြန်ပြောပြပါသည်။
ကျွန်တော်တို့ နှစ်ဦးမှာ လူချင်း အခုမှ စတွေ့ဖြစ်ကြသော်လည်း တစ်ဦး၏
အကြောင်းကို တစ်ဦး သိရှိနေကြပြီး စိတ်ချင်းမှာလည်း ဆက်နေကြ၍လား
မသိပါ။ ထိုအချိန်မှစ၍ ကျွန်တော်နှင့် ကိုခင်ဝမ်းတို့ နှစ်ဦးမှာလည်း ညီအစ်ကိုကဲ့သို့
လွန်စွာပင် ချစ်ခင်ရင်းနှီးသွားကြသည့် မော်ဒန်ပန်းချီသူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါသည်။
ထိုအချိန်တွင် ကိုခင်ဝမ်း၏ အသက်မှာ ၂၄ နှစ်အရွယ်ဖြစ်၍ ကျွန်တော်၏ အသက်မှာ ၃၀ အရွယ်တွေ
ဖြစ်ကြပါသည်’
ဟု မောင်ဒီက သူ့၏ ‘စာပေနှင့် ပန်းချီ၊ စံကြည်ကြော့(သို့မဟုတ်) ခင်ဝမ်း (တတိယအကြိမ်၊
၂၀၂၂။ စာ - ၁၀၆ )’စာအုပ်ထဲတွင် ရေးခဲ့ဖူးသည်။
မောင်ဒီ၏ ခင်ဝမ်းနှင့်ပတ်သက်သော
အထက်ဖော်ပြပါ အရေးအသားကို သတိရမိသည်မှာ ယခု ရက်ပိုင်း (ဒီဇင်ဘာ ၂၀၂၅ ) အတွင်း ထွက်လာသော
‘သက်တံတံတားပေါ်က လူတစ်ယောက်’ ဆိုသည် စာအုပ်ကြောင့် ဖြစ်ပါသည်။
ထိုစာအုပ်ထဲတွင် ‘နှင်းဆီဖြူ (သို့) လိုတရအကြည့်နဲ့ လူတစ်ယောက်ရဲ့
မျက်နှာ’ ခေါင်းစဉ်ဖြင့် ၁၉၉၄ ခုနှစ်ထုတ် ပုံရိပ်မဂ္ဂဇင်း၌
ဖော်ပြခဲ့သော ခင်ဝမ်းနှင့်
မေးမြန်ခန်းတစ်ခု ပါဝင်သည်။ ထိုမေးမြန်းခန်းထဲမှာ ခင်ဝမ်းက မောင်ဒီ့အကြောင်း
အခုလို ပြောထားသည်။
‘ကိုဒီကတော့
ကျွန်တော် ကြည်ညိုလေးစားတဲ့ ပန်းချီဆရာတစ်ယောက်ဘဝကနေ ကျွန်တော်
ချစ်ခင်နှစ်သက်ရတဲ့ မိတ်ဆွေအဖြစ် ရောက်သွားတဲ့ ငယ်ပေါင်းရဲဘော်ပါ။ သူနဲ့ကျွန်တော် မတွေ့ခင်ကဘဲ
သူ့လက်ရာတွေကို ကျွန်တော် ကြိုက်နေတာပါ။ ပန်းချီ မိုက်မိုက် မိတ်ဖွဲ့ပေးလို့ သိခဲ့ရတဲ့အခါ
သူနဲ့ကျွန်တော် ကနေ့အထိ ကျွန်တော်တို့နှစ်ယောက် အတူသာဆိုရင် ဓားတောင်ကို ကျော်ရ၊ မီးပင်လယ်ကို
ဖြတ်ရလည်း အပြုံးတဝေဝေနဲ့ ဖြတ်ရဲတဲ့ ယုံကြည်ချက်တစ်ခု ကျွန်တော်တို့
နှစ်ယောက်မှာ ဖြစ်လာတယ်။ တကယ်တော့ ဖြတ်လည်း ဖြတ်ခဲ့ကြပါတယ်” (စာ ၁၃၀)
ဤနေရာတွင် ပြောလိုရင်းမှာ
မောင်ဒီနှင့် ခင်ဝမ်းတို့နှစ်ဦးကြားက ဆက်ဆံရေးအကြောင်း မဟုတ်ပါ။ ခင်ဝမ်းနှင့် ပတ်သက်သည့်
စာအုပ်စာတမ်းများကို စဉ်ဆက်မပြတ် ရှာဖွေဖတ်လာရင်းက စာဖတ်သူတစ်ဦးအနေဖြင့်
ဆက်စပ် သိနားလည်လာရသော အချက်အလက်တစ်ခုကို ဥပမာပြလိုရင်းသာ ဖြစ်ပါသည်။
ဆိုခဲ့သည့်အတိုင်း ကျွန်တော်တို့သည် ခင်ဝမ်းကို စိတ်ဝင်စားသည်နှင့်အမျှ သူ့နှင့်ပတ်သက်သည့်
စာအုပ်စာတမ်းများ၊ အရေးအသားများကို မျက်ခြေမပြတ်တမ်း ဖတ်ဖို့ ကြိုးစားခဲ့ပါသည်။ ခင်ဝမ်းနှင့်
ပတ်သက်၍ အခုနောက်ဆုံး ထုတ်ဝေလိုက်သော စာအုပ်ကမူ အနည်းငယ် ထူးခြားနေသည်။ ထို့ကြောင့်
ထိုစာအုပ်အကြောင်းကို အဓိကပြု၍ ဆက်ပြောလိုပါသည်။
ရှေ့တွင် ကျွန်တော်တို့သည်
ခင်ဝမ်းအကြောင်း အမှတ်တရ စာအုပ်များကို ဖတ်ခဲ့ပြီးပါပြီ။ ခင်ဝမ်း အမည်နှင့် ရေးသောစာအုပ်မှာလည်း
‘စိတ္တဇပန်းချီ’ တစ်အုပ်သာ ရှိပါသည်။ ပြီးတော့ ခင်ဝမ်းရေးသော၊
သီဆိုခဲ့သော သီးချင်းများကို စုစည်း၍ ‘ခင်ဝမ်းသီချင်းအယ်လ်ဘမ်’ စာအုပ်တစ်အုပ်လည်း ရှိပါသည်။ ယခု စာရေးသူနေရာတွင် ခင်ဝမ်းအမည်တပ်၍ ‘သက်တံတံတားပေါ်က
လူတယောက်’ အမည်ပေးထားသော စာအုပ်မှာ ခင်ဝမ်းရေးသည့် စာပေလက်ရာများကို စုစည်းထားသည့်
စာအုပ်တစ်အုပ်ဟု ဆိုနိုင်ပါသည်။ သို့သော် ခင်ဝမ်အသက်ထင်ရှားရှိစဉ်က
စာနယ်ဇင်းများတွင် ခင်ဝမ်းနှင့် တွေ့ဆုံမေးမြန်းခန်းများကိုလည်း တစ်စုတစ်စည်းတည်း ထည့်သွင်းထားသဖြင့် ခင်ဝမ်း ဖန်တီးခဲ့သော စာပေလက်ရာများချည်း
သီးသန့်ဟု မဆိုသာ။ သို့သော် ခင်ဝမ်းရေးခဲ့သမျှ ကဗျာ၊ ဆောင်းပါး၊ ပင်ကိုယ်ရေးနှင့် ဘာသာပြန်
ဝတ္ထုတို၊ ပေးစာ၊ အင်တာဗျူးနှင့် သီချင်းအချို့ ပါဝင်သဖြင့် ခင်ဝမ်း စာပေါင်းစုအဖြစ်တော့
ခေါ်ထိုက်ပါသည်။
ခင်ဝမ်းကို အစဉ်သဖြင့်
စိတ်ဝင်စားခဲ့သူတွေအဖို့ အခု စာအုပ်ထဲမှာ ပါဝင်သည့် ခင်ဝမ်း၏ စာပေလက်ရာ အတော်များများကို
ဖတ်ပြီးသားဖြစ်နေနိုင်သော်လည်း ခင်ဝမ်း ဂျပန်ပြည်သို့ ရောက်နေစဉ်က မြန်မာပြည်ရှိ မိသားစုထံသို့ပို့သော ပေးစာအချို့ကို
လည်းကောင်း၊ ၁၉၈၄ မှ ၂၀၀၃ ခုနှစ်အတွင်း စာနယ်ဇင်းများထဲတွင်
ခင်ဝမ်းနှင့် တွေ့ဆုံမေးမြန်းခန်း အများစုကိုလည်းကောင်း ဖတ်ဖူးကြလိမ့်ဦးမည် မဟုတ်ပေ။
ယခု ရှားရှားပါးပါး ပေးစာများနှင့် စာနယ်ဇင်းများတွင် တိမ်မြုပ်နေသော ခင်ဝမ်းနှင့်
အင်တာဗျူးများ ပါဝင်မူက ‘သက်တံတံတားပေါ်က လူတယောက်’ စာအုပ်၏ ထူးခြားမှု ဖြစ်သလို၊ ယခင်
စာအုပ်များနှင့်လည်း လုံးဝ ကွဲပြားသည်။ ခင်ဝမ်း၏ လူသိများ ကျော်ကြားသော သီချင်းစာသား(ခုနှစ်ပုဒ်)ကမူ
စီစဉ်သူများက အမှတ်တရ ထည့်ထားခြင်းသာ ဖြစ်နိုင်ပါသည်။ ခင်ဝမ်းသီချင်းအယ်လ်ဘမ် စာအုပ်ထဲမှာ
အစုံအလင် ပါပြီးသားတွေမို့ စာဖတ်သူများအတွက် ထူးခြားမှု မရှိပါ။
စာအုပ်တွင် ခင်ဝမ်း၏
ကျောင်းနေဘက် သူငယ်ချင်း မောင်ညီညွတ်နှင့် ပန်းချီဆရာဝင်းဖေတို့၏ အမှာစာများ ပါဝင်သည်။
မောင်ညီညွတ်၏ အမှာစာရေးပြီးရက်မှာ ၅ ဇူလိုင် ၂၀၀၀ ခုနှစ်ဟု ပြထားသဖြင့် ဤစာအုပ်စီစဉ်သည်မှာ
အတော်ပင် ကြာရှည်လေးမြင့်ရှိခဲ့ပြီဟု ဆိုရမည် (ဒါမှမဟုတ်လည်း ကိန်းကဏန်း စာစီမှားသည်လား)။
ပန်းချီဆရာ ဝင်းဖေ၏ အမှာစာ ပြီးရက်ကိုတော့ ၃၀ ဇူလိုင် ၂၀၂၀ ခုနှစ်ဟု တွေ့ရသည်။ ထားပါ။
ပထမဆုံး မောင်ညီညွတ် အမှာစာတွင် တက္ကသိုလ် တက်စဉ်က ခင်ဝမ်း၏ စရိုက်ကလေးအချို့ကို တို့တို့ထိထိလေး
မိတ်ဆက်ပြီး ရေးထားသည်။
စကားစပ်မိ၍ ဆိုရလျှင်
မကြာသေးမီ လများအတွင်းက ‘ခင်ဝမ်းအလွမ်း’ အမည်ဖြင့် မောင်ညီညွတ်၏ စာအုပ်ငယ်လေးတစ်အုပ် ထွက်ခဲ့ပါသည်။ စာအုပ်ထွက်တော့မည် သတင်းကြားစဉ်ကပင် ကျွန်တော်တို့
အလွန်မျှော်လင့်ခဲ့သော စာအုပ် ဖြစ်ပါသည်။ မောင်ညီညွတ်သည် ခင်ဝမ်းနှင့် အတော်ရင်းနှီးသည့်
သူငယ်ချင်းတစ်ဦးဟု ထင်ရှားပါသည်။ သူနှင့် ခင်ဝမ်းကြား ဇာတ်လမ်းကလည်း
ပြောစရာရှိပါသည်။ တစ်ခါက ပုဂံစာအုပ်တိုက်ကနေ တိုက်စိုး၏ ‘မင်းတုန်းမင်း’
စာအုပ် မျက်နှာဖုံးကို ခင်ဝမ်းထံ အပ်ပါသည်။ ခင်ဝမ်းက တစ်ရက်နှစ်ရက်အတွင်း
စာအုပ်မျက်နှာဖုံးကိုရေးပြီး စာအုပ်တိုက်သို့ သွားပေးသောအခါ ထုတ်ဝေသူ ပုဂံကိုချောက
‘ဟာ မြန်လာချည်လား’ဟု ဆိုလေရာ၊ ခင်ဝမ်းက ‘မြန်မှာပေါ့၊ ကျနော့်သူငယ်ချင်းထဲမှာ မင်းတုန်းမင်းနဲ့
တူတဲ့သူရှိတယ်။ သူ့ကို ကြည့်ပြီး ရေးလိုက်တာပဲ’ ဟူ၍ ပြန်ပြောသည်တဲ့။ ထို့ကြောင့် ပုဂံစာအုပ်တိုက်ထုတ် မင်းတုန်းမင်း စာအုပ်ကို
တွေ့တိုင်း မောင်ညီညွတ်ကိုပဲ ကျွန်တော်တို့ ပြေးမြင်နေတော့သည်။ ထိုမျှ ခင်ဝမ်းနှင့်
လက်ပွန်းတတီး ရှိခဲ့သူတစ်ဦးက ရေးသည့် ခင်ဝမ်းအကြောင်း စာအုပ်မို့
သူ ဘာတွေများရေးမလဲဟု ကျွန်တော်တို့ စိတ်ဝင်စားခြင်းဖြစ်သည်။
စာအုပ်လက်ထဲ ရောက်လို့ဖတ်ကြည့်တော့
မျှော်လင့်မိတာနှင့် တခြားစီ။ အများသူငါ သိပြီးသား ခင်ဝမ်း အကြောင်းတွေ သာဖြစ်သလို၊
စာမူတစ်ပုဒ်နှင့် တစ်ပုဒ်တွင် အကြောင်းအရာများ
ထပ်နေသေးသည်။ အမှန်က မောင်ညီညွတ်အနေနှင့် ကြိုုးစားပြီး ရေးမည်ဆိုလျှင် ခင်ဝမ်းအကြောင်း
အတော်လေး ဖွယ်ဖွယ်ရာရာ ရေးနိုင်ပေလိမ့်မည်။ ခင်ဝမ်းသည် သူ၏ ‘စိတ္တဇပန်းချီ’ စာအုပ်အတွက်
အဖွင့်ကဗျာကို မောင်ညီညွတ်အား ရေးခိုင်းခဲ့သည်ပဲ။ မောင်ညီညွတ်၏ တက္ကသိုလ် နှစ်ငါးဆယ်ပြည့်
အမှတ်တရ ကဗျာစာအုပ်ဖြစ်သည့် ‘ဝိရောဓိအာရုံ’ကို ခင်ဝမ်းက သူ၏ ‘နိုင်ငံ’ စာအုပ်တိုက်ကနေ
ထုတ်ပေးခဲ့တာပဲ။ ခင်ဝမ်း၏ အနုပညာခရီးတစ်လျောက် ပူတုံခွာတုံဖြင့်
အစဉ်တစိုက် ရှိခဲ့သော မောင်ညီညွတ်ထံတွင် ခင်ဝမ်းနှင့်ပတ်သက်ပြီး ပြောစရာတွေ အများကြီး
ရှိနေနိုင်သည်။ သို့သော် သူရေးပြသည့် ခင်ဝမ်းအကြောင်းမှာ ယေဘုယျ ဆန်လွန်းနေသည်။ အားမရ။
အခု ‘သက်တံတံတားပေါ်က
လူတယောက်’ စာအုပ်အတွက် မောင်ညီညွတ်အမှာစာ ဖတ်နေရင်း တစ်နေရာတွင် ‘ခင်ဝမ်းဟာ ကမူးဝတ္ထုကို မြန်မာလို ပထမဆုံး ပြန်ဆိုခဲ့သူ ဖြစ်ပါတယ်’
ဆိုပြီး ကျွန်တော်တို့ အထက်တစ်နေရာမှ ပြောခဲ့ဖူးသည့် အဲလ်ဘတ်ကမူး၏
‘ဧည့်သည်ကြီး’ ဝတ္ထုတိုအား ဘာသာပြန်ခဲ့သည်ကို ရည်ညွှန်းရေးထားသည်။ ဒီနေရာတွင် နောင်အခါ
အမှတ်အသား မလွဲစေလို၍ အချက်တစ်ခုကို တင်ပြလိုပါသည်။ ကမူး၏ဝတ္ထုတိုကို
ပထမဆုံး မိတ်ဆက် မြန်မာဘာသာပြန်ခဲ့သူမှာ (အထင်အရှားထဲတွင်) ဆရာဇော်ဂျီက အဦးအစဖြစ်ပါလိမ့်မည်။
ကမူး၏ The Silent Men ဟူသည့် ဝတ္ထုတိုကို ‘စကားမဆို ရန်မလို’ အမည်ဖြင့် ၁၉၆၃ ခုနှစ်၊
ဧပြီလထုတ် ငွေတာရီမဂ္ဂဇင်းထဲတွင် ဘာသာပြန်၍ ဖော်ပြခဲ့သည်။ ထို့နောက် ‘လမ်းသစ် နှင့်
အခြားဝတ္ထုတိုများ’ အမည်ဖြင့် ၁၉၆၆ ခုနှစ်တွင် ပုဂံစာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ကမူး၏
ထင်ရှားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည့် The Stranger (L'Étranger) ကိုလည်းပဲ အောင်မျိုးက ‘အပြင်လူ (သို့မဟုတ်) သူစိမ်းဆန်ဆန်’ အမည်ဖြင့် ပြင်သစ်ဘာသာမှ တိုက်ရိုက်ဘာသာပြန်၍ ၁၉၆၆
ခုနှစ်တွင် စာအုပ် ထုတ်ဝေခဲ့ပါသည်။ ခင်ဝမ်း ဘာသာပြန်သည့် ‘ဧည့်သည်ကြီး’ ဝတ္ထုတို ဘာသာပြန်က
၁၉၇၁ ခုနှစ်၊ ဇူလိုင်လထုတ် မိုးဝေမဂ္ဂဇင်း (အမှတ် ၄၂) မှာ ဖော်ပြခဲ့သည်။ ထို့ကြောင့်
‘ခင်ဝမ်းဟာ ကမူးဝတ္ထုကို မြန်မာလို ပထမဆုံး ပြန်ဆိုခဲ့သူ ဖြစ်ပါတယ်’
ဟု မောင်ညီညွတ်က ရေးလိုက်သည်မှာ ပမာဒလေခသွားပုံရပါသည်။
‘သက်တံတံတားပေါ်က လူတယောက်’
စာအုပ်ထဲတွင် ခင်ဝမ်း၏ ပြင်သစ်ဘာသာဖြင့် ရေးသော ကဗျာတစ်ပုဒ်ကို
တွေ့ရသလို၊ ဂျပန်ကဗျာဆရာ တာဇိုအိ ကူဇူအို (Tazoe
Kazuo)၏ မူရင်းဂျပန်ကဗျာတစ်ပုဒ်ကို ခင်ဝမ်းက အင်္ဂလိပ်
ဘာသာပြန်ထားသည်ကို တွေ့ရသည်။ ပြီးတော့ December Window အမည်ဖြင့် ခင်ဝမ်း အင်္ဂလိပ်လို
ရေးသော ကဗျာတစ်ပုဒ်။ ထိုကဗျာ သုံးပုဒ်လုံးကို မောင်ညီညွတ်က ထပ်၍
မြန်မာဘာသာ ပြန်ပေးထားသည်။ December Window ကဗျာမှာ ဘာသာပြန်သာ
တွေ့ရပြီး ခင်ဝမ်းလက်ရာ မူရင်းအင်္ဂလိပ်ဘာသာဖြင့်
အရေးအသားကိုမူ ဖော်ပြထားခြင်း မတွေ့ရ။ ‘မြစ်တွင်း၌ ငါးတို့များ၏’ ဆိုသည့် ကဗျာကတော့
ခင်ဝမ်းကွယ်လွန်ခြင်း ၁၃ နှစ်မြောက်အနေဖြင့် ၂၀၁၃ ခုနှစ်တုန်းက ထုတ်ဝေသည့် ‘ခင်ဝမ်း’
စာအုပ်ထဲမှာ မူရင်းဂျပန်ကဗျာတစ်ပုဒ်ကနေ ဘာသာပြန်ထားသည်ကို ခင်ဝမ်း၏
လက်ရေးမူ ဘာသာပြန်နှင့်တကွ ဖော်ပြခဲ့သည်။ ယခု စာအုပ်တွင်မူ ပုံနှိပ်စာလုံးနှင့်သာ တွေ့ရသည်။
ကဗျာနှင့် ပတ်သက်၍လည်း မှတ်ချက်တစ်စုံတစ်ရာ
မပါ။
အခုလို လစ်ဟာချက်ကလေးတွေ
မကင်းနိုင်သော်လည်း စာအုပ်တစ်ခုလုံးခြုံကြည့်လျှင် ခင်ဝမ်းချစ်သူတွေ
အနေဖြင့် ခင်ဝမ်း၏ ဖန်တီးမှုလက်ရာတွေကို တစ်စုတစ်စည်းတည်း ဖတ်ခွင့်ကြုံသည်မို့ စီစဉ်သူများကို ကျေးဇူးတင်စရာပါပေ။
ဆက်၍ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလထုတ် ဖြူနီညိုပြာမဂ္ဂဇင်းမှာ ‘ကန်တော်ကြီးဒေါင့်တစ်နေရာ သို့မဟုတ် ဆောင်းရတု’ အမည်နှင့် ခင်ဝမ်းရေးသော ပန်းချီဝေဖန်ရေး
ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသည်။ ခင်ဝမ်းသည် သူနှင့် ထိုစဉ်အခါက
ခေတ်ပြိုင်များဖြစ်သော ခင်မောင်ရင်၊ မောင်ဒီ၊ ဆန်းမြင့်၊ အောင်တိတ် အစရှိတဲ့ ပန်းချီဆရာတွေ၏
ပန်းချီးလက်ရာတွေကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း အားမနာတမ်း ဝေဖန်တင်ပြထားသည်ကို
တွေ့ရသည်။ ‘ပန်းချီအောင်စိုး၏ ရိုးရာမှသည် ခေတ်သစ်ဆီသို့ ပြန်လည်ဆန်းစစ်ခြင်း’ ဆောင်းပါးကလည်း
ခင်ဝမ်း၏ ရှားပါးသော စာအုပ်သုံးသပ်ချက်တစ်ခုဟု ဆိုနိုင်လိမ့်မည်။
ဖြစ်ချင်တော့ ရွက်နုဝေမဂ္ဂဇင်းတွင် ငါးလဆက်ပြီး ရေးခဲ့သည့် အနှီဆောင်းပါးရှည်ကြီးက
အပြီးသတ်မသွား။ နှမျောစရာ။
ဂျပန်သွေးတစ်ဝက်ပါသည့် ခင်ဝမ်းသည် ၁၉၇၅ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ခေတ္တခဏ သွားရောက်ခဲ့သည်။
ဂျပန်တွင် သုံးလကြာမျှ နေထိုင်စဉ် မြန်မာပြည်ရှိ မိသားစုထံ ရေးသော
ပေးစာအချို့ကို ယခုစာအုပ်ထဲတွင် ဖော်ပြထားသည်။ ပုဂ္ဂိုလ်ရေးပေးစာများဖြစ်သည့်တိုင်
ဂျပန်ရောက် ခင်ဝမ်း၏ ခံစားချက်၊ သဘောထားအချို့ကို ရိုးတိုးရိပ်တိတ် မြင်ရနိုင်သည်။
၁၇ မတ် ၁၉၇၅ ရက်စွဲဖြင့် မိလေး (ဇနီးသည် ဒေါ်ခင်လေးမြင့်) ဆီ ရေးသည့် ပေးစာ၏ နောက်ဆုံးပိုင်းတွင်
‘ကိုယ်အထူးတလည် မှတ်မိတဲ့ ကဗျာလေးကို သတိရလို့ ရေးပေးလိုက်တယ်’ ဆိုကာ ‘awakened
was I, by a far away cockcrow’ အစချီပြီး
အင်္ဂလိပ်လို ရေးထားသော ကဗျာလေးမှာ ကျွန်တော်တို့ စောစောက ပြောခဲ့သည့် ‘December
Window’ အမည်ရှိ ကဗျာနှင့် အဓိပ္ပါယ်ချင်း နီးစပ်နေသည်ကို တွေ့ရပါသည်။
ခင်ဝမ်းနှင့် တွေ့ဆုံမေးမြန်းထားသော
အင်တာဗျုးဆောင်းပါး ဆယ်ပုဒ်ကိုလည်း ပါဝင်သည်။ တေးရေး တေးဆို ခင်ဝမ်းအနေဖြင့် ထိုအချိန်က
စာနယ်ဇင်းဆရာတွေက အခါအားလျော်စွာ မေးမြန်းထားမှုတွေပါ။ ခင်ဝမ်း၏ ဂီတလှုပ်ရှားမှုကို
ခြေရာပြန်ကောက်နိုင်သလို ၁၉၈၄ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း ခင်ဝမ်း၏ ဂီတနှင့် ပတ်သက်သည့်
သဘောထားအမြင်တွေ၊ ခံစားချက်တွေ၊ အတွေးအခေါ်တွေ၏ ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှုကို တီးခေါက်မိနိုင်ပါသည်။
မေးခွန်းအပေါ် လိုက်ပြီး အဖြေကလည်း ကွာတတ်သည့် အပြန်အလှန်မေးမြန်းခန်းတွေ၏ သဘောဝအရ
အလေးအပေါ့တော့ မတူကြပေ။ အချို့ အလေးအနက်။ အချို့ အပေါ်ယံ ရှပ်လျက်။ ဒါပေမဲ့ ခင်ဝမ်း၏
ဖြေဆိုချက်တွေအထဲ ပြိုးခနဲ ပြက်ခနဲ လျှပ်စီးလက်သလို ပါဝင်လာသည့် သူ့အတွေးအမြင်အပိုင်းအစတွေကိုမူ
ခင်ဝမ်းအပေါ် အစဉ်တစိုက်လေးနက်ခဲ့သည့် ပရိတ်သတ်တွေက တူးဖော်ထွင်းဖောက်၍ ရယူနိုင်ပါလိမ့်မည်။
ခင်ဝမ်း၏ ပထမဆုံး သီချင်းခွေ ‘နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်’ မှာ တေးဆိုသူ
‘ခင်ဝမ်း’ အမည်မပါ။ ‘သက်တန့် တံတားအဖွဲ့’ ဆိုတာသာ ပါခဲ့သည်။ ပြီးတော့
‘လိပ်ပြာလွင်ပြင်’ စီးရီးမှာ ‘teeth’ ဆိုပြီးသာ အမည်တပ်ခဲ့သည်။ ဒါကို မေးခွန်းမေးက
ဘယ်အဆိုတော်မှ မလုပ်ရဲဘူး၊ ဒါ အစ်ကို့(ခင်ဝမ်း) ခံယူချက်လား၊ စတန့်ထွင်တာလားဆိုသော
အမေးကို ခင်ဝမ်းဖြေပုံက-
‘ခင်ဗျားပြောတဲ့ ကိစ္စတွေကို
ဒီနေ့ ဒီအချိန်ထိ ကိုယ်တစ်ခါမှ မစဉ်းစားမိသေးဘူး။ ကိုယ် စဉ်းစားမိတာက
ကိုယ်တို့ မြန်မာ ပြည်ဟာ ကမ္ဘာကြီးပေါ်က တိုင်းပြည်တစ်ပြည်ပဲ။
ကမ္ဘာကြီးပေါ်မှာ ဒီနေ့ ကျင့်သုံးနေကြတဲ့ စနစ်တစ်ခုကိုပဲ တစိုက်မတ်မတ်
ကျင့်သုံးတာ ပိုကောင်းတယ်လို့ ကိုယ် ယူဆတယ်။ International သဘောပါပဲ။ ကိုယ်အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပြီးတော့ အခွေတစ်ခွေ ထုတ်တော့မယ်ဆိုရင်
အဖွဲ့အစည်း နာမည်တပ်ရမယ်။ တပ်ရတယ်။ ကိုယ်တစ်ယောက်တည်း လုပ်မယ်ဆိုရင်
ကိုယ်ကြိုက်တဲ့ ဝိုင်းနဲ့ ကိုယ်ကြိုက်တဲ့ အတီးသမားတွေနဲ့ လုပ်မယ်ဆိုရင် ကိုယ့်နာမည်
တပ်တယ်။ ဒါ ကိုယ်တင် မဟုတ်ပါဘူး။ ကမ္ဘာမှာ ဒီအတိုင်း လုပ်နေကြတာပဲ’ ( စာ ၁၄၆)
ဂီတလမ်းတွင် ခင်ဝမ်းလျှောက်ခဲ့သည့်လမ်းကို
ခြေရာခံချင်သူများအဖို့ အင်တာဗျုးတွေက အကောင်းဆုံး ‘စမှတ်’ ဖြစ်ပါလိမ့်မည်။ ဂီတအတွက်
ခင်ဝမ်း ကြုံတွေခဲ့ရသည့် ကာယဝေဒနာ၊ စိတ္တဝေဒနာတွေကိုလည်း တွေ့ရပါလိမ့်မည်။ ‘လိုတရအကြည့်’
အယ်လ်ဘမ်ထဲက သီချင်းတွေကို ရှစ်နှစ်ကြာမျှ ရေးခဲ့သည့် အချိန်အတွင်း ပင်ပန်းဆင်းရဲမှုတွေ၊
ချို့တဲ့မှုတွေ၊ ရုန်းကန်မှုတွေ၊ ဝေဖန်မှုတွေ၊ မိသားစုတွင်း ဒုက္ခတွေ၊ လေလွင့်သူတစ်ယောက်ပမာ အနုပညာကို ရှာဖွေခဲ့သော နေ့ရက်တွေအကြောင်း ခင်ဝမ်း ပြန်ပြောတာတွေ ဖတ်ရတော့ ဒါကြောင့်လည်း ခင်ဝမ်းဖြစ်တာပဲ
ဟု မှတ်ချက်ချမိသည်။
‘လူတစ်ယောက်ဟာ
တစ်ခုခုကို ဇောင်းပေးထားပြီး ကျန်တာတွေကို မပစ်ပယ်ဘူးဆိုရင် အဲဒီလူ
ထူးချွန်မှာ မဟုတ်ဘူး။ ကိုယ်နားလည်တာ တစ်ခုကတော့ လူတစ်ယောက်ဟာ တကယ် ထူးချွန်ချင်ရင် တစ်ခုခုကို စွန့်လွတ်ရမယ်။
ဒါကိုယ့်ခံယူချက်၊ ကိုယ့်အမှန်တရားပဲ” (စာ
၁၆၁ )
အင်တာဗျုးဆယ်ပုဒ်လုံးက
ဂီတနှင့် ပတ်သက်တာတွေချည်းပါ။ ထိုစဉ်က ပန်းချီအနုပညာဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍
ခင်ဝမ်းကို မေးမြန်းကြသည့် တွေ့ဆုံမေးမြန်းခန်းတွေ ရှိခဲ့၊ မရှိခဲ့ မသေချာ။ ရှိခဲ့လျှင်
ဖတ်ချင်မိပါသည်။ မရှိခဲ့ဘူး ဆိုလျှင်မူ အင်မတန် နှမျောစရာကောင်းသည့် ဆုံးရှုံးမှုဟုသာ
ဆိုညည်းချင်တော့သည်။ မည်သို့ ဖြစ်စေ၊ ခင်ဝမ်း ရေးခဲ့သော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုလက်ရာနှင့်
အင်တာဗျူးများကို စုစည်းထားသည့် ‘သက်တံတံတားပေါ်က လူတယောက်’ စာအုပ်က ခင်ဝမ်းကို ချစ်ခင်ဆဲ
ရှိနေသူများအတွက် ‘ဖတ်စာအုပ်’ တစ်အုပ်ပါပဲ။ ခင်ဝမ်းအကြောင်း စာအုပ်များစာရင်းထဲတွင်
အသစ်တိုးလာသော စာအုပ်တစ်အုပ်အဖြစ် လိုလားစွာ ထွေးပွေ့ ကြိုဆိုလိုက်ပါသည်။
‘ဝိဇ္ဇာကြီး’ ဟူ၍ ခင်မင်သူတချို့၏ ခေါ်တတ်လေ့ရှိခဲ့သော ခင်ဝမ်းထံမှ ကျွန်တော်တို့ ရယူစရာတွေ
အများကြီး ရှိနေသေးသည်။
▀
ဘစီ
၂၄ ဒီဇင်ဘာ ၂၀၂၀၅
စာအုပ်ဆိုင်ရာအချက်အလက်များ
စာအုပ်အမည် - သက်တံတံတားပေါ်က လူတယောက်
စာရေးသူ - ခင်ဝမ်း
ထုတ်ဝေခြင်း။ ။ ပထမအကြိမ်၊ ဒီဇင်ဘာလ ၂၀၂၅ ခုနှစ်။ နှစ်ကာလများစာအုပ်တိုက်။
စာမျက်နှာအရေအတွက် - ၂၇၀
(ခင်ဝမ်းရေးခဲ့သော ကဗျာ ၉ ပုဒ်၊ အထွေထွေဆောင်းပါး ၆ ပုဒ်၊ ဝတ္ထု ၄ ပုဒ်၊
သီချင်း ၇ ပုဒ် အပါအဝင် ခင်ဝမ်းနှင့် တွေ့ဆုံမေးမြန်းခန်း ၁၀ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။
မောင်ညီညွတ်နှင့် ပန်းချီ ဝင်းဖေ တို့၏ အမှာစာ ပါဝင်သည်။ စီစဉ်သူများမှာ ဇူလိုင်သီ၊
မြင့်ခိုင်သီ၊ မော်မင်းသန်း တို့ ဖြစ်ကြသည်။)
နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...
လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...
ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...