ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း

ရည်းစားတစ်ထောင်

သက်ထားညွန့်

01 September 2026
ရည်းစားတစ်ထောင်
Share to

            ၁။

            ရေမြောင်းထဲမှာ ကုက္ကိုရွက်နှင့် ဒန့်သလွန်ရွက်ကလေးများ ရေစီးနှင့်အတူ မျောပါနေကြသည်။

တိမ်တစ်ထပ်မှာ အိမ်ခေါင်မိုးနှင့် နီးကပ်စွာ ရွေ့လျားနေသည်။ နွဲ့ပျောင်းသော ယူကလစ်ပင်များကမူ

လေဝှေ့တိုင်း ယိမ်းခါနေသည်။ သူ့ဆံပင်များမှာလည်း လေမှာလွင့်ချင်တိုင်း လွင့်လျက်ရှိသည်။ ပြီးတော့ ပျော့အိသော ရှံလုံချည်အောက်နားစကလည်း လေအဝှေ့တွင် တလွင့်လွင့်နှင့်။ ခြံရှေ့က ခုံတန်းလျားမှာ ခြေတွဲလောင်းချ ထိုင်နေသော သူ့အဖြစ်ကို သူသာသိသည်။ ဖြစ်နိုင်လျှင် သည်လေအဝှေ့မှာ လွင့်ပါနေသော ဒန့်သလွန်ရွက်ကလေးတွေကို ပေါ့ပေါ့ပါးပါးနှင့် လွင့်ချင်ရာ လွင့်လိုက်လိုက်ချင်သည်။ ရောက်ချင်ရာရောက်။ သည်အရပ်နှင့်ဝေးလျှင်၊ သူတို့တွေနှင့် ဝေးလျှင် တော်ပါပြီ။ ဒါပေမယ့်...။

            သက်ပြင်းချဖို့ ဝန်လေးပါလျက်နှင့် သက်ပြင်းတစ်ချက် ဆောင့်ထွက်သွားသည်။ သက်ပြင်းများ၊ မျက်ရည်များဆိုသည်က ရင်းနှီးပါလျက်နှင့် ကင်းကွာနေသည်မှာ ကြာပါပြီ။ မျက်ရည်ဆို လုံးလုံးလျားလျား မကျတတ်သလောက် ရှိချေပြီ။ ဘယ်လိုပြောလျှင် ရမည်လဲမသိ။ ထုံသွားပြီဟုပင် ပြောရမည်လား။

ခဏခဏ အသည်းကွဲဖူးပြီ။ ရည်းစားပျက်ခဲ့သည်။ ဆန်ခါတင်မိသည် မရှိသေး။ လှိုက်ဖိုရာက စခဲ့သော ရင်ခွင်မှာ အသည်းနှလုံးပင် မရှိသလောက် ကြေမွပျက်စီးသွားပြီဟု ဆိုလိုက်ချင်လျက်နှင့် မဆိုဖြစ်သေး။ သံယောဇဉ် တွယ်တတ်နေသရွေ့တော့ အသည်းနှလုံး ရှိသေးလို့ပေါ့။ အောက်သို့ ငုံ့ထားသော ခေါင်းကိုမတ်သည်ထက်လွန်ကာ ခုံတန်းလျားကို မော့မော့လေး မှီလိုက်သည်။ အိမ်ခေါင်မိုးအလွန်မှာ တိမ်တစ်ထပ် အပြေးအလွှား ရွေ့ဆဲ။ ဒန့်သလွန်ရွက်များ ကြွေဆဲ။

တိမ်တစ်တိုက်လို၊ သစ်ရွက်ကြွေတွေလို လေယူရာ လွင့်ချင်စိတ်တွေ တစ်ထွေးကြီး ရှိနေသည်။

တင်းကျပ်သော စိတ်ကို အနားပေးဖို့ ထိုင်ရာမှ ထသည်။ ဝအိသော ခန္ဓာကိုယ်သည် လေးတွဲ့စွာ လှုပ်ရှားနေရသည်။ စိတ်လည်းပါသည်ပေါ့။ တကယ်တော့ ခံစားစရာရှိလျှင် တကယ်ခံစားတတ်သည့် လူအတွက် သစ်ရွက်တစ်ရွက်လို ပေါ့ပေါ့ကလေး လွင့်နိုင်ဖို့ ဘယ်မှာ ဖြစ်နိုင်မှာတဲ့တုန်း။ 'ကိုငယ်ရယ်...' ဟု ရင်ထဲမှာ တီးတိုးကလေး တမ်းတသည်။ ကိုငယ်လို လူကတော့ လွတ်ရာသို့ ပေါ့ပေါ့ကလေး လွင့်ပါသွားပြီပေါ့။ ရင်မှာ နာကျင်လှသည်။

            ၂။

            မနေ့က အဖြစ်ကို ကြည့်ပါဦး။

            မိုးက သည်းသည်းကြီး ရွာနေသည်။ မုန်တိုင်းရှိနေ၍ လေကလည်း ခပ်ကြမ်းကြမ်း မွှေ့သည်။ ကတ္တရာလမ်းမပေါ်က အမှိုက်တွေပင် ဘေးသို့ ရှဲကာ မြေအစပ်မှာ တစ်စုတစ်ရုံးတည်း ရှိနေကြသည်။ လမ်းမကြီးပေါ်မှာ လမ်းလျှောက်နေသူလည်း တစ်ဦးစ၊ နှစ်ဦးစမျှသာ တွေ့ရသည်။ မိုးသည်းသည်းထဲမှာ ထီးမပါဘဲ လျှောက်နေသူကတော့ သူတစ်ယောက်တည်း။ သည်လို လျှောက်နေတာကို မည်သူတစ်ဦးတစ်ယောက်ကမျှ စကားတင်းဆိုလိမ့်မည် မဟုတ်ကြောင်း သိ၍လည်း ဖြည်းဖြည်းမှန်မှန်သာ လျှောက်နေမိသည်။ ဟိုတုန်းကတော့ သည်လိုမိုးရွာထဲ လမ်းလျှောက်ခဲ့တာကို စကားတင်းဆိုကြသည်ကိုလည်း သူ သိခဲ့သည်။ ခုတော့ သည်အဖြစ်တွေက ရိုးသွားပြီပဲ။

            မိုးစက်တို့က တစ်ကိုယ်လုံးကို ခပ်ပြင်းပြင်း ထိမှန်သည်။ လေရော မိုးရောကြောင့် ချမ်းသလိုရှိသည်။ အိမ်မှာ ဆိုလျှင်တော့ စီးကရက်တစ်လိပ်ကို အရသာခံကာ ဖွာရှိုက်နေမိမည် ထင်သည်။ ခုတော့ စိုကပ်နေသော အဝတ်အစားများကို ခဏခဏ ငုံ့ကြည့်ရင်း မှန်မှန်လျှောက်လာခဲ့သည်။ ရင်ထဲမှာတော့ မိုးရွာထဲ လမ်းလျှောက်ရခြင်း အရသာ မရှိပါ။

မိုးရွာထဲ လမ်းလျှောက်ခြင်းမှာ မိုးရွာထဲ လမ်းလျှောက်ခြင်းသာ ဖြစ်နေသည်။ မိုးရွာထဲမှာ လမ်းလျှောက်နေမှန်း သိလျက်နှင့် ထိမှန်လာသော မိုးစက်တွေကို ဒေါပွမိသည်။

ပြီးတော့ ရင်ထဲမှာ ဝမ်းနည်းကြေကွဲခြင်းလား၊ အသည်းနာခြင်းလား၊ အားငယ်ခြင်းလား၊ တစ်ခုသို့မဟုတ် အားလုံး ခံစားနေရသည်ကိုတော့ သိနေသည်။ မိုးစက်တွေကြားမှာ ရီဝေသော မျက်လုံးများဖြင့်သာ နှုတ်ဆက်သွားသော ကိုငယ့်ကို အထပ်ထပ် မြင်ယောင်သည်။ သည်တုန်းကတော့ ဘယ်သူမျှ မကြားနိုင်သည့် မျက်ဝန်းစကားတစ်ခွန်း သူ ပြောဖြစ်လိုက်သည်။ ချို ခွင့်လွှတ်ပါတယ် ကိုငယ်ရယ်။

            တကယ်တော့ သည်အဖြစ်အပျက်တွေကို အသည်းနာလှသည်။ အသည်းနာသည် ဆိုခြင်းမှာပဲ သူ့ကိုယ်သူ အသည်းနာသည်ဟု ပြောရမလို ဖြစ်နေသည်။ သူတို့ သူတို့တွေနှင့် သည်အဖြစ်တွေ ဖြစ်ရသော်လည်း သူတို့ကို မမေ့နိုင်။ မုန်းဖို့ဆိုသည်ကတော့ ရင်ထဲမှာပင် မရှိသေး။ ခုလည်း ကိုငယ်ကတော့ သစ်ရွက်လေးတစ်ရွက် လွင့်သလို ဘယ်မျှဝေးအောင် သွားဦးမည်မသိ။ ဘယ်မျှ သံယောဇဉ်ကြီးကြောင်းတွေသာ ပြောခဲ့ပြီး ဘယ်အခါမှ သူနှင့် ဆုံစည်းဖို့ ကြိုးစားမည်ဆိုသည့် စကားတစ်ခွန်းကိုမျှ မဟခဲ့။ ဒါကိုတောင် ရီဝေသော မျက်လုံးများနှင့် အပြစ်ကိုဝန်ချသော အကြည့်မျိုးကို ရင်ဆိုင်ရသည့်ခဏမှာ 'ခွင့်လွှတ်ပါတယ်'ဟု ရင်ထဲမှာ ပြောပြီးသွားပြီ။ နူးညံ့သော အနစ်နာခံတတ်သော သူ့ကို အားလုံးက နားလည်မှုမရှိသည့်တိုင် ကိုငယ်အပါအဝင် သူတို့သိလျှင် ကျေနပ်ပါပြီဟုသာ ထပ်ပြောချင်လှသည်။

            လမ်းမပေါ်မှာ သူ့အတွေးနှင့် သူ လျှောက်တုန်း 'အပျိုကြီး'ဆိုသော ခေါ်သံက မိုးသံကြားမှာ ပေါ်လာသည်မို့ တုံ့ခနဲရပ်ကာ အသံလာရာကို ငဲ့ကြည့်လိုက်သည်။ သူငယ်ချင်း နုနု အိမ်ရှေ့ဆင်ဝင်အောက်မှာ ရပ်နေသည်ကို တွေ့ရ၍ အပြုံးနှင့်ပင် သွားတော့မည်ဟု ရှေ့သို့ မေးဆတ်ပြလိုက်သည်။ လှမ်းမည်ပြင်ကာမှ 'ထီးယူသွားဦးလေ' ဆိုခြင်းကြောင့် လက်ခါပြလိုက်ကာ ဆက်လျှောက်လာခဲ့သည်။ 'အပျိုကြီးတွေကတော့ လွတ်လပ်လိုက်တာနော်' ဆိုသော မချိတင်ကဲ အသံလေးက မိုးရွာထဲမှာ လိုက်ဖြစ်အောင် လိုက်လာသေးသည်။ သူကတော့ အဓိပ္ပာယ်မဲ့စွာ ပြုံးဖြစ်လိုက်သည်။ မကွယ်မဝှက် မရှက်တမ်း ပြောလို့ သင့်မည်ဆိုလျှင်တော့ ပြောချင်ပါသည်။ သည်လို လွတ်လပ်တာမျိုးကို နည်းနည်းမှ မမက်မောပါဘူးကွယ်။

            စိတ်နှင့်ခန္ဓာ ဘယ်မျှဝေးကွာသွားသည် မသိ။ ဗြုန်းခနဲ မိုးစဲသွားသည့်အခါမှ ဝန်းကျင်ကို သတိထားလိုက်မိသည်။ အိမ်ကို လွန်လျှောက်လာခဲ့ခြင်းကိုလည်း သိလိုက်သည်။ သူ့ အဖြစ်ကို ဝမ်းပန်းတနည်း ခံစားရသလို ရှက်သလိုလည်း ရှိသည်။ ချက်ချင်း ပြန်လှည့်ဖို့တော့ ဆုံးဖြတ်လိုက်မိသည်။ နှစ်အိမ်လွန် လျှောက်ပြီးမှ ပြန်လှည့်လာသော သူ့အား အမေက အံ့အားသင့်စွာ ငေးနေသည်ကို တွေ့လိုက်ရတော့ အနေကျုံ့သလိုနှင့် ပိုရှက်သွားသည်။ အိမ်ရှေ့သို့ ရောက်လျှင် အပြုံးတုတစ်ခုကို အစစ်နှင့်မခြား ကြိုးစားကာ အမေ့အား 'ဖလားပေးပါဦး' ဟု ပြောရင်း ရပ်နေလိုက်သည်။ 'ဘယ်လို ဖြစ်ပြီး ကျော်သွားတာလဲ သမီးရယ်' ဆိုသော အမေ့အမေးကို ခြေထောက်တွေ ရေဆေးရင်း 'ဘယ်လိုဖြစ်မှန်း မသိပါဘူး အမေရယ်'ဆိုကာ အော်ရယ်လိုက်တော့ ရင်ထဲမှာ နာကျင်သွားသည်။ အသက် သုံးဆယ်ကျော်ပြီ ဖြစ်သော သမီးကို အမေက ဘာသံသယမျှ မထားဘဲ ရိုးရှင်းသော အပြုံးကလေးနှင့် ကြည့်နေပြန်တော့ သိုဝှက်သော သူ့အဖြစ်တွေကို စိတ်ရောက်ကာ မောပန်းမှုက ထပ်လောင်းအားဖြည့်သည်။

            လေးတွဲ့အိသော ခန္ဓာကို အိပ်ရာထဲ အနားပေးချိန်ရောက်မှပင် လွတ်ဟာပေါ့ပါးကာ အခါများစွာ ဟိုလှည့်သည်လူး အနားယူဖြစ်သည်။ ဟန်ဆောင်မှုတွေ ကွာကျသွားကာ အဖြစ်မှန်တို့သည် သူ့ရင်ကို ပြင်းစွာ ထုနှက်သည်။ တစ်စုံတစ်ယောက်ကို တမ်းတလိုသော်လည်း ဘယ်သူ့အမည်ကို တပ်ကာ တမ်းတရမည်မှန်း မသိလောက်အောင်ပင် ဖြစ်မိသည်။

            နုအိသော မွေ့ရာလေးပေါ်မှာ ပျော့ခွေစွာ နားခိုမိတော့ လုံခြုံသလို ဖြစ်သွားသည်တော့ အမှန်။ တင်းကျပ်မှုများလည်း ဖြည်းညင်းစွာ ပြေလျော့လာသည်။ ခြင်ထောင်တွင်းမှာ တစ်ကောင်တည်းသာ ရှိမည်ထင်သော ခြင်ကလေး နားနားမှာ တဝီဝီ လာအော်ခြင်းကိုတော့ စိတ်ညစ်မိသည်။ ဒါပေမယ့် ဒါက သာမညလေးပါပဲလေ။ ခြင်ကလေးများ လာကိုက်လို့ ခြင်ကိုက်တာ နာပါတယ်လို့ ပြောလျှင် ရင်းနှီး သူတို့က အသားနာတာနဲ့ အသည်းနာတာ ဘယ်အရာက ပိုနာမလဲဆိုလျှင် မခက်ပေဘူးလား။ သည်လိုဆိုလျှင်ဖြင့် ပြောစရာရှိငြားလည်း ပြော၍မတတ်ပြီ။ ဟိုလူး သည်လှိမ့်ဖြင့်သာ ခြင်ကလေး အရှုပ်တော်ပုံကို အဝေးနှင်လိုက်သည်။ တကယ်တွေးချင်တာက သူတို့အကြောင်းပါ။ သူတို့ဆိုတာက သူရယ်၊ ကိုငယ်ရယ်၊ ကိုကိုရယ်၊ ကိုမောင်ရယ်...။

            ကျန်တာတွေတော့ ထားပါတော့။ ဖုတ်ပူမီးတိုက်တွေ။ ချစ်ခြင်းမေတ္တာကို အတော်ကလေး နားမလည်သူတွေလို့ ဆိုရမလား။ သူကတော့ ကြင်နာတတ်သည်မို့ ခွင့်လွှတ်နိုင်ပါသည်။ တွေးလိုက်လျှင်တော့ စိတ်မောစရာတွေချည်းပါ။ စိတ်မောရပေမယ့် သည်နေ့အထိ ရင်ခုန်ရ၊ လွမ်းဆွတ်ရ၊ တမ်းတရသူတွေ ရင်ထဲမှာ သံယောဇဉ်ကလေးအဖြစ်နှင့်တော့ ရှိနေသေးသည်ပဲ မဟုတ်လား။ သည်တစ်ခါမှာတော့ ရင်ထဲမှာ 'ကိုငယ်ရယ်'ဟု အနီးဆုံးအဖြစ်ကို မြင်ယောင်လာကာ တမ်းတဖြစ်လိုက်သည်။

            ၃။

            လောကကြီးက ဆန်းပြားခြင်းလေလား။ ရင်ထဲမှာ ကိုငယ့်ကို တမ်းတမ်းတတလေး အမှတ်ရမိနေချိန်မှာ မေမေက ဧည့်သည်ရောက်နေကြောင်း လာရောက်အသိပေးသည်။ ဧည့်ခန်းထဲ ဝင်လိုက်တော့ မြင်ဖူးသလို ရှိသည်ဟု နှုတ်ဆွံ့ ငေးမောနေချိန်မှာ စွဲမက်ဖူးတဲ့ အပြုံးလေးကြောင့် 'ကိုငယ်' ဟု နှုတ်မှ အားပါးတရခေါ်ပုံမှာ စကားပြောမရသူ တစ်ယောက် ပထမဆုံး စကားစပြောရပုံအတိုင်း။ နောက်တော့ အဖြစ်တွေက တရေးရေး ပေါ်လာသည်မို့ မေမေ့ကို စိတ်မှာ မလုံလဲ။ နေကောင်းလားဆိုသော နှုတ်ခွန်းဆက်သံကိုပင် အိုးတိုးအတနှင့် ခေါင်းညိတ်ပြရင်း မေမေ့ကို 'သမီးတို့ ငယ်ငယ်က သူငယ်ချင်းလေ'ဟု လှည့်ပြောရင်း သူ့ကို ငေးမောနေသော ကိုငယ့်ကို မျက်နှာမူလိုက်သည်။ သည်ကို သူတို့သင်္ဘောနှင့် တာဝန်အရ ရောက်လာရကြောင်း၊ မနက်ဖြန် နေ့ခင်း မော်ကျွန်းသို့ ဆက်ထွက်မည့်အကြောင်းတွေ ပြောပြနေသော်လည်း သူ စိတ်မဝင်စားပါ။ သူ စိတ်ဝင်စားနေမိတာက ကိုငယ့်အသွင်အပြင်။ အလျင်ကထက် အနည်းငယ် ပိုဝနေသည်။ မျက်နှာကလည်း အရက်ရောင်နေသလို မို့မို့ အစ်အစ်။ အသားကတော့ ညိုသွားသည်ထင်ရဲ့။ ပါးသိုင်းမွေး စစနှင့် ကြည့်ကောင်းသလို ရှိသား။

            ငေးကောင်းကောင်းနှင့် ငေးနေသော သူ့ကို 'ချိုလေးရော ဘာလုပ်နေလဲဟင်' ဆိုသော အမေးကြောင့် မေမေ့ကို ဆတ်ခနဲ လှည့်ကြည့်မိသည်။ တော်ပါသေးရဲ့။ မေမေအနားမှာ မရှိတော့။ ကျူရှင်ပေးနေတယ်လေဟု အေးစက်စက် ဖြေလိုက်နိုင်ပါလျက်နှင့် ရှက်ရွံ့သလိုလိုနှင့် ဟိုအလျင်တုန်း က ခံစားချက်တွေ ပြေးလွှားလှုပ်ခတ်လာတော့သည်။ ဆွတ်ကျင်သလိုလို၊ ကြည်နူးသလိုလိုနှင့်။ ကိုငယ့်မျက်လုံးများကို ရဲရဲလေး ရင်ဆိုင်လိုက်မိပြန်တော့ တကယ့်ကို ဟိုတုန်းက အတိုင်းပါပဲ။ သံယောဇဉ်ဆိုတာ ဘယ်တော့မှ ဖြတ်မရသော အရာဟု နားလည်ထားသူအဖို့ ပို၍ ပို၍ နားလည်ရပြီပေါ့။ ကိုငယ်ရဲ့ စကားသံစဉ်ထဲမှာ၊ မျက်ဝန်းထဲမှာ ချစ်အရိပ်တွေက ဟိုယခင်ကအတိုင်းပါပဲလား။ ငယ်စဉ်တုန်းကတော့ သည်လို အကြည့်တွေ ရင်ဆိုင်ရလျှင် လက်မကလေးနှင့်တစ်ဖက် လက်ညှိုးထိပ်ကို အဓိပ္ပာယ်မဲ့ ပွတ်သပ်နေမိတာ။ အခုတော့ ကိုငယ့်မျက်ဝန်းများကို ရဲရဲကြည့်ရင်း မချိပြုံးကလေး ပြုံးမိချေသည် ထင်ပါရဲ့။

            ကိုငယ့်ကိုသည်မှာပဲ ညစာစားဖို့ ဖိတ်သည်။ 'ချို့ လက်ရာ စားချင်တာနဲ့ အတော်ပေါ့' ဆိုသော အပြောကလေးကြောင့် တည်ငြိမ်ပါသည်ဆိုသော ရင်ခွင်မှာ ကြည်နူးမှုနှင့် လှုပ်ခတ်သွားသည်။ ကိုငယ့်အတွက် လက်ဖက်ရည်တစ်ခွက်ဖျော်ရင်း မေမေ့အား ဧည့်သည် ထမင်းကျွေးချင်ကြောင်း ပြောလိုက်သည်။ မေမေ့ခွင့်ပြုချက်ရလျှင် ကိုငယ်နှင့်အတူ ဈေးသွားသည်။ ကိုငယ် ကြိုက်သော တညင်းသီး၊ ငါးပုဏ္ဏား၊ ဝက်သားနှင့် ချဉ်ပေါင်ရွက်များ ဝယ်ခဲ့သည်။ ဈေးထဲမှာ ကိုငယ်နှင့်အတူ တွဲသွားရဖို့ ဘယ်တုန်းကမျှ သူ မမျှော်လင့်ခဲ့။ ပျော်ရသည်ကို တိုင်းတာ၍ မပြတတ်။ ကိုငယ်နှင့် စကားပြောရင်း ပြန်လျှောက်လာရတော့လည်း ဟိုငယ်စဉ်က အတိုင်းပါပဲ။ ဘာကိုမျှ ဂရုမထားမိ။ ကိုငယ်နှင့် ချိုလေး မိုးမွှန်ကာ အပျို လူပျိုဖြန်းလေးတွေ ဖြစ်ခဲ့ကြသည်။

            သူ့လက်ရာ စားချင်သူအတွက် ချက်ပြုတ်နေစဉ် ကိုငယ့်ကို ဓာတ်ပုံအယ်လ်ဘမ်တွေ ချပေးထားလိုက်သည်။ သူကတော့ မေမေ့ကို ကူညီလုပ်ကိုင်ပေးသည် ဆိုခြင်းထက် သူလုပ်လိုရာကို မေမေက ကူညီလုပ်ကိုင်ပေးသည်ဆိုလျှင် ပိုမှန်မည်ထင်သည်။ စိတ်အပါဆုံး ချက်ပြုတ်သောနေ့ကို ပြပါဆိုလျှင် သည်နေ့ကိုပဲ ပြရလိမ့်မည်။ မောသည် ပန်းသည်ကို သူ မသိ။ ကိုငယ့်အတွက် အကောင်းဆုံး ဟင်းများဖြစ်ဖို့သာ စိတ်မှာရှိနေသည်။

            ထမင်းစားတော့ သူငယ်ချင်းနှစ်ယောက် လွတ်လွတ်လပ်လပ် စားဆိုကာ မေမေ အိမ်ရှေ့ထွက်သွားသည်။ ကိုငယ့် ထမင်းပန်းကန်ထဲမှာ ဟင်းတွေ ခပ်ထည့်ပေးရင်း 'ဝအောင်စားနော်' ဆိုသော လောကွတ်စကားလေးပြောဖို့ မလိုပါဘဲနှင့် ပြောမိသည်။ အရာမယွင်းလှသော ထမင်းပန်းကန်ကို ကြည့်ကာ နောက်တစ်ကြိမ် လောကွတ်စကားလေး ဆိုဖို့ပြင်လျှင် ကိုငယ်က ဦးစွာပြောသည်။ 'ချိုလေး မျက်နှာကြည့်ပြီး ဝနေတယ်ကွာ'တဲ့။ ခပ်ဟဟလေး ပြုံးမိသော ရင်ထဲမှာမူ တုန်ခါမှု အကြီးစားတစ်ခု ဖြတ်သန်းသွားသည်။ ပိုတာလား၊ ပိုနေတာလား၊ တကယ်ပဲ ဟုတ်ပါစေနော် ဆိုသော စကားလေးများက ရင်ထဲမှာ ပဲ့တင်ညံနေသည်။ ရီဝေသော မျက်ဝန်းနှစ်စုံ ဆုံမိပြန်တော့ အလွမ်းစိုးသောကာလများဆီ ပြန်ရောက်ကာ ရင်ထဲမှာ ကျဉ်သွားသည်။ ညှိုးသော မျက်နှာလေးကို ပြင်ကာ ဝေးကွာသောကာလဆီက ကိုငယ့်စာမျက်နှာများကို လှန်ပြဖို့သာ စကားလမ်းကြောင်း လွှဲလိုက်မိသည်။

            ကုန်သွယ်လယ်ယာမှာ အလုပ်ဝင်လုပ်နေပုံ၊ အိမ်က သဘောတူ၍ ယူခဲ့ရသော ဇနီးနှင့် စိတ်သဘောချင်း မမျှ၍ ခွဲခွာနေထိုင်ပုံ၊ သားသမီး သုံးဦးရှိနေကြောင်း၊ လေလွင့်သော ရွက်ဝါလေးလို ဖြစ်နေချိန်မှာ ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာဆိုသော မြန်မာစကားပုံလေး မှန်ကြောင်း၊ လွမ်းဆွတ်မှုတွေ ရင်ထဲမှာ ဆုတ်ချေခံရသော်လည်း ဘောင်ကျဉ်းသော လူ့ဘဝ၏နေရာ ကွက်ကွက်လေးထဲမှာ အဓိပ္ပာယ်မဲ့ ရပ်တည်နေရပုံ၊ ထို့နောက် သက်ပြင်းမောနှင့် စူးရှရီဝေသော အကြည့်။ သည့်နောက် စားမည့်ဟန် ပြင်ထားသော ထမင်းလုတ်ကလေး ပန်းကန်ထဲမှာ သည်အတိုင်း ကျန်ရစ်ခဲ့ခြင်း။

            လှိုက်ဆူသော ရင်ခွင်ကို ထိန်းချုပ်ကာ သူလည်း မစားနိုင်။ လှမ်းယူဆုပ်ကိုင်လာသော ကိုငယ့်လက်ဖျားများကို ပြန်လည်ဖျစ်ညှစ်ကာ ထမင်းဝိုင်း သိမ်းလိုက်ရသည်။ သည့်နောက်တော့ အမေ့ကွယ်ရာမှာ သူ၏ မျက်နှာပြင် မို့မို့ကလေးကို ခိုးယူ နမ်းရှိုက်သွားသည့်အဖြစ်အား တိုးဆိတ် နှစ်ခြိုက်စွာ နေလိုက်မိသည်။ ထိုညက ညဥ့်နက်မှ ပြန်သွားသော ကိုငယ့်ကို တစ်ညလုံး မအိပ်နိုင်ဘဲ အောက်မေ့ တမ်းတမိခဲ့သည်။ တစ်ကျော့ပြန်ရောက်လာသော ငယ်က အချစ်များသည် နုပျိုလန်းဆတ် သစ်လွင်စွာဖြင့် ရင်မှာ တစ်ညလုံး ခိုတွယ်နေပါပေါ့လား။      

၄။

            နောက်တစ်နေ့ဆိုသော သည်ကနေ့ကို ရောက်လျှင် ကိုငယ်ပြန်ရမည့်နေ့ဟု နားလည်ထားတော့ နဂိုကပင် လေးတွဲ့အိသော ခန္ဓာကိုယ်သည် ပို၍ လေးတွဲကာ လှုပ်ရှားချင်စိတ်မရှိပါ။ ဒါပေမယ့် သည်မျက်နှာလေးကို ကိုငယ် မြင်ချင်ရှာပေလိမ့်မည်။ အတန်အသင့် ဝသည်မှလွဲ၍ လှပရွှန်းလဲ့သော မျက်လုံး၊ စင်းသောနှာတံ၊ ဖူးငုံသော နှုတ်ခမ်းများနှင့်မို့ ချောမောလှပသူဟု အတော်များများက ပြောဖူးသည်။ နှေးကွေးလေးကန်နေသော်လည်း စိတ်ပါလက်ပါ အလှပြင်သည်။ ကိုငယ်ကြိုက်တတ်သော ပန်းနုရောင်ကို ရွေးချယ်ဝတ်သည်။ ရင်ထဲမှာမူ မျှော်လင့်ချက်နှင့်အတူ ထပ်မံဆုံးရှုံးမှု တစ်ခုလည်း ရှိနေသည်။

            ကမ်းနားကိုရောက်တော့ ကိုငယ်တို့သင်္ဘောက ထွက်ဖို့လိုသေးသည်။ ကိုငယ်ကိုယ်တိုင် ဆင်းကြို၍ ရင်မှာကြည်နူးခြင်းက စိုးမိုးသည်။ ကိုငယ့်လက်ဖျားများကို လှမ်းဆုပ်လိုက်ချင်သော်လည်း အခြေအနေက သူတို့နှစ်ဦးကို မိုင်ပေါင်းများစွာ ဝေးစေအောင် ဖန်တီးထားသလိုပင် ရှိသည်။ ကိုငယ့် အထက်အရာရှိ၊ ကိုငယ့်အပေါင်းအသင်းများ၊ ပြီးတော့ သူနှင့် ခင်မင်သော ရေယာဉ်ရုံးဝန်ထမ်းများက အနားမှာ။ သည့်နောက် ကိုငယ့်အကြည့်များ၊ သာမန်အကြည့်မျှသာ ရှိတော့သလား။ ကြင်နာခြင်းများ၊ မျှော်လင့်ခြင်းများ၊ ဆွေးမြည့်ခြင်းများ ဘယ်ဆီရောက်ကုန်ပြီလဲ။ တစ်နေ့ပြီးဆုံးသွားသည်နှင့် ချစ်သူဘဝ ချက်ချင်း ပျောက်ဆုံးသွားပြီလား။ ဟန်ဆောင်ရခြင်းကို သူ့အနေနှင့် စိတ်ကုန်ခဲ့သည်မှာ ကြာပါပြီ။ ပိုင်ဆိုင်ခြင်းဆိုသော ချစ်ခြင်းမေတ္တာ၏ အဆုံးစွန်သောအရာကို မရရှိနိုင်တော့သည့်တိုင် တစ်ခါတုန်းက သူတို့တစ်တွေ ချစ်သူများ ဖြစ်ခဲ့သည်ဆိုသည့် အခွင့်အရေးလေးကိုတော့ လိုချင်မက်မောမိသည်။ ကိုငယ့်မျက်ဝန်းများနှင့် ဆုံဖို့ မကြာမကြာ ကြိုးစားသော်လည်း သံယောဇဉ်စကားလေးများ ကြိုးကြားကြိုးကြား ထည့်ပြောသော်လည်း ကိုငယ်ကတော့ စီးကရက် မီးခိုးငွေ့များထဲ လွင့်နေသူတစ်ဦး လိုပါပဲ။ ဘာကိုမျှ ခံစားရပုံမပေါ်။

            တစ်နာရီ နီးပါးမျှ ကိုငယ့်နားမှာနေပြီး စကားတွေ ပြောရခြင်းမှာ စိတ်ပါမှု မရှိသော်လည်း သင်္ဘော ထွက်ခါနီးတော့ မနေ့က ဘဝလေးကို မိနစ်အနည်းငယ်မျှ ပြန်ရရှိ၍ ရင်မှာ တင်းကျပ်သည်။ ရီဝေသောအကြည့်ကို မျက်နှာချင်းဆိုင်မိတော့ အနားမှာ ဘယ်သူမျှ မရှိတော့။ လွတ်လပ်မှု ရှိသော်လည်း အလိုလိုပင် နှုတ်ဆွံ့နေမိကြသည်။ ဘယ်လောက် ကြာအောင် ခွဲရမည်လဲ။ ဘယ်မျှဝေးသွားကြဦးမည်လဲ။ တစ်သက်လုံးလား၊ ခဏလား မျှော်လင့်ချက်များစွာနှင့် ကိုငယ့်ကို ကြည့်မိတော့ တိုးလျှိုးတောင်းပန်သော မျက်ဝန်းများက ဆီးမိုးထားသည်။ အပြစ်ကို ဝန်ချသည့် အကြည့်မျိုးဖြစ်သော်လည်း အပြစ်တစ်ခု လုပ်သွားသူဟု မထင်ရက်ဘဲ ခွင့်လွှတ်ပြီးသားပါဟု ရင်ထဲမှာ ပြောပြီးသွားပြီ။ သည့်ထက် ပို၍ အကြင်နာဆုံးစကားလေးတစ်ခွန်းလောက် သူ ပြောလိုက်ချင်ပါသေးသည်။

            သင်္ဘော ထွက်သွားမှပင် သူ ပြန်ခဲ့သည်။ ဝှေ့ယမ်းကြမ်းလွန်းသော လေနှင့်မိုးကြားမှာ ထီးမပါလာ။ မိတ်ကပ်ခြယ် မျက်နှာပြင်သည် အရောင်တောက်နေလိမ့်မည်။ အဝတ်အစားတွေ စိုစိုရွှဲခြင်းကိုလည်း မမှုလှပါ။ ကြေကွဲခြင်းနှင့် ဝေဝါးခြင်းတို့သည် မိုးစက်တွေလို သူ့ကိုယ်မှာ ကပ်ငြိခိုတွယ် ပါလာခဲ့သည်။ စိတ်သည် အရပ်ရှစ်မျက်နှာသို့ ပြေးလွှားနေသည့်အဖြစ်။ အိမ်ကို ကျော်လျှောက်ခဲ့မိသည်။

            တစ်ယောက်အိပ် ခုတင်လေးပေါ်မှာ ဟိုလှည့် သည်လှည့်လုပ်ရင်း ကိုငယ့်ကို မေ့ပျောက်လိုက်ဖို့ ကြိုးစားသည်။ ရင်မှာ တစ်စုံတစ်ရာ ခံစားရတိုင်း သက်ပြင်းမောက ရောက်လာနေကျ ဖြစ်သည်။ ကိုငယ့်ကို အတင်းအကျပ် နှင်လွှတ်ပြန်တော့ သူတို့ကို တစ်လှည့်စီ မြင်ယောင်လာပြန်ပါသည်။ အချစ်ဆိုတာ အစဉ်အောက်မေ့နေတတ်ခြင်းလား။ ဘယ်လိုပါလိမ့်။

            ၅။

            'အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းကို ဦးတည်ပြီးမှ... အင်း'ဆိုသော ကိုမောင့် တွေတွေဝေဝေ စကားသံကို ကြားယောင်လာသည်။ 'အင်း... ဘာဖြစ်သလဲ၊ ပြောစမ်းပါဦး' ဆိုတော့ ကိုမောင့်ရဲ့နှုတ်ခမ်းတွေက တင်းတင်းစေ့လို့။ ပြီးတော့ မျက်လုံးတွေ... ပြိုတော့မည့် မိုးလိုလား။ တကယ်တော့ မဟုတ်ခဲ့ပါ။ အပြုံးများ ချက်ချင်းပေါ်လာသည်။ ပြီးတော့ ဖောင်းအိသွယ်တန်းသော သူ့လက်ချောင်းလေးများကို ဆုပ်နယ်ရင်း အဝေးကို ငေးနေတော့ သူမနေတတ်။ 'ဘာလို့လဲဟင်' ဆိုသော မေးခွန်းကလေးကို အထပ်ထပ် မေးသော်လည်း ကိုမောင်က မဖြေ။ ပြိုတော့မည့် မိုး၏အရိပ် သည် သူ့မျက်နှာပေါ်မှာ ထင်ချေပြီ။ သည်တော့ ကိုမောင် က ခေါင်းကို ခါယမ်းကာ 'ချစ်ရသည်က အသက်ထက်ဆုံး' သီချင်းတစ်စကို ဆိုပြလာသည်။ မော့ကာပြုံးသော သူ့မျက်နှာ ဝင်းဝင်းလဲ့လဲ့လေးပေါ်မှာ ပြိုတော့မည့်မိုး၏ အရိပ်သည် အငွေ့အသက်ကလေးမျှပင် မကျန်။

            'သိပ်ချစ်တာပဲ ကိုမောင်ရယ်'လို့ ရင်ထဲမှာ အထပ်ထပ် အော်မြည်ခဲ့သော်လည်း ပိုင်ရဖို့၊ ဆိုင်ရဖို့၊ ရယူဖို့ သူ တွေးမကြည့်ချင်အောင် ဖြစ်ခဲ့သည်။ ကိုမောင်ပြောသော ဇာတ်လမ်းကလေးတွေကြောင့်လား။ 'ချိုနဲ့တွေ့မှ အချစ်ဆိုတာ ဒီလို ဖြစ်သင့်တယ်'ဆိုသည့် စကားသည် ငယ်ချစ်ဦးပြောခဲ့သော 'ချိုလေးနဲ့တွေ့မှ အချစ်ကို တွေ့ဖူးတာ သိလား'ဆိုသည့် စကားနှင့်မတူ။ ကိုမောင့်စကားမှာက အရေအတွက် ရှိနေသည်။ ဘာပဲဖြစ်ဖြစ် နူးညံ့သော ချို့နှလုံးသားလေးအဖို့ သီချင်းထဲကအတိုင်း 'ချစ်ဖူးခဲ့ပါသော်လည်း ခုအချစ်ကို နည်းနည်းမှ မမီတယ်'ဆိုသလိုပါပဲ။ ကိုမောင့်ကို ချစ်ရသည့်၊ ကြင်နာရသည့် ကာလမှာ ကိုငယ့်ကို သတိရခြင်းဆိုသည်မှာလည်း အဝေးဆုံးနေရာကို လှမ်းမျှော်ကြည့်ရသလိုပါပဲ။ ပြီးတော့ သည်ကြားထဲမှာ ပေါ်လာခဲ့သည့် 'ကိုကို' ဆိုသူကလည်း အဝေးတကာ့ အဝေးဆုံး။ ချစ်ခြင်းမေတ္တာဆိုတာ အစဉ်အမြဲ ချဲ့ထွင်တတ်သော အရာပေပဲ။ မိချို အလွန်မရှိနိုင်ပါဘူးနော်ဟုတော့ ဘယ်သူ့ထံကိုမျှ ထောက်ခံစာ မတောင်းလိုပါ။ သူ့ရင်ထဲမှာ ချစ်ခြင်းမေတ္တာသည် ကြင်နာခြင်း အဖြစ်နှင့် ကိုမောင့်အတွက် အစဉ်သစ်လွင်နေမှာပါဟု ယုံကြည် ခဲ့မိသည်ပဲ။

            ဒါပေမယ့်...

            ကွေ့ကောက်လွန်းသော သူ့ဘဝလမ်းတို့မှာ သည်တစ်ခါဆိုလျှင်ဖြင့် 'ဒါပေမယ့်'သည် ပီပီပြင်ပြင် သုံးကြိမ်ရှိပြီပေါ့။ ကြင်နာရသမျှ ဆုံးပါးဖို့ အခြေအနေကို မျှော်လင့်မထားသော်လည်း ရောက်ခဲ့ပြီ။ ကိုမောင် ပြောင်းရမည်။ ပြီးတော့ ဘဝဟောင်းသို့ တာဝန်အရ ပြန်မည်။ ချစ်ခြင်းမြတ်နိုးခြင်းများ ရင်ထဲမှာပဲ ထားလိုက်တော့မည်။ မနစ်နာစေလိုသော ဆန္ဒသည် ရယူပိုင်ဆိုင်လိုခြင်းကို တိုက်ဖျက်လိုက်သည်။ 'ကိုမောင့်ကို ခွင့်လွှတ်ပါ ချိုရယ်။ အချစ်ဆိုတာ စွန့်လွှတ်ခြင်းလို့သာ ရင်နင့်နင့်နဲ့ ပြောပါရစေတော့' ဆိုသော စာတိုကလေးက သူ့ကို မျက်ရည်လည်ရွဲ ဖြစ်စေခဲ့သည်။ မှတ်မှတ်ရရ ဝသော သူ အနည်းငယ် ပိန်သွားခဲ့သည်။

            သည်တုန်းက ညစဉ်ညတိုင်း ခြံထဲမှာ ဆင်းထိုင်ကာ သူတစ်ယောက်တည်း နေတတ်ခဲ့သည်။ အချစ်ဆိုတာ စွန့်လွှတ်ခြင်းဆိုသွားသူအတွက် သူကတော့ အနစ်နာခံခြင်း ဖြစ်ခဲ့ပါသည်။ အချစ်ဆိုတာ အနစ်နာခံခြင်းပါ ကိုမောင်ရယ်ဆိုသော စာကြောင်းကလေးကို သဲပြင်ပေါ် လက်ညှိုးလေးနှင့် ထိုးဆွရေးရင်းကပင် ဂုဏ်ယူခြင်းများ ဝေစည်ကာ နေသာထိုင်သာတော့ ရှိခဲ့ပါသည်။ ပြီးတော့ ကိုကိုပြောခဲ့သော စကားကလည်း သည်အတိုင်းပါပဲ။ အချစ်ဆိုတာ အနစ်နာခံခြင်းပဲ မိချိုသဲလေးတဲ့။ အဲသည်တုန်းကတော့ ကိုကို့ကို သူရဲဘောကြောင်သည်ဟု ထင်ကာ မျက်ရည်ကြားမှ ဒေါသစွက်ခဲ့သည်။ ဆင်းရဲသော၊ အမေအိုကို လုပ်ကျွေးနေသော ကိုကိုက ပြည့်စုံသော သူ့ကို ခွဲထွက်သွားခဲ့သည်။ ဒေါသ စိတ်နှင့်အတူ 'အချစ်ဆိုတာ မေ့ပစ်ခြင်းပဲ ကိုကို'လို့ နောက်ဆုံး စာတစ်စောင်ကို မျက်ရည် အသွယ်သွယ်ကြားက ရေးခဲ့သေးသည်ပဲလေ။

            ၆။

            နောက်ကြောင်းတို့ကို ပြန်မတွေးလျှင်ဖြင့် သူ့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်လား။ အချစ်ဆိုတာ ဘယ်အရာလဲ ဆိုခြင်းမှာ အကွဲကွဲ အပြားပြားတွေ သူ မပြောချင်။ သူ့အတွက်တော့ ခုနေခါမှာ အချစ်ဆိုတာ အကြင်နာများပေးဝေခြင်းဆိုလျှင် မှန်မှာပါပဲ။

            ဝသော်လည်း လှပကြွရွကာ နုပျိုသော သူ့ကို အားလုံးက ခေတ်မီသော အပျိုကြီးအဖြစ် အသိအမှတ်ပြုထားခြင်းနှင့်အတူ ရည်းစားများသည်တဲ့။ ငယ်စိတ်နှင့် ဆိုလျှင်တော့ ရည်းစား များသည်ဆိုခြင်းကို ခံချင်မည်မဟုတ်။ ခုတော့ သူ အပြုံးမပျက်ပါ။ ချစ်သူနှင့် ကွေကွင်းဖို့၊ ချစ်သူ၏ စွန့်ပစ်မှုကို ခံဖို့၊ အလိုမရှိသည့် မိန်းမများထဲမှာ ခင်အိချိုလည်း ဘယ်ပါချင်ပါ့မလဲလို့တော့ နည်းနည်းကလေး ပြောချင်သားပေါ့။ မပြောဖြစ်ခဲ့ပါ။ တကယ်တော့ သူ့နှလုံးသားလေး ဘယ်မျှ နူးညံ့သည်ဆိုခြင်းကို သူ့ကို ချစ်ခဲ့သူများကတော့ သိကြလိမ့်မည် ထင်သည်။

            ငယ်ချစ်ဦး ကိုငယ်၊ ပြီးတော့ သူက ကိုကိုဟု ခေါ်ခဲ့သည့် ကိုလေးမောင်။ သည့်နောက် စက်ရုံမှူး ကိုမောင်မောင်။ ထို့နောက်များမှာ သံယောဇဉ်ရေးရေးနှင့် ကြင်ကြင်နာနာ ဆက်ဆံသူများ ရှိပါသည်။ ရှိခဲ့ပါသည်။ ဒါပေမယ့် သည်ကနေ့ ကိုငယ်ကို ဆုံတွေ့ရခြင်း၊ ခွဲခွာခြင်းများ ကြုံရပြန်တော့လည်း သူ့ နှလုံးသားသည် နုပျိုလန်းဆန်းဆဲ။ မျက်နှာများခြင်းဟု လွယ်လွယ် အမည်တပ်လိုက်ဦးမည်ဆိုလျှင် သူတို့အားလုံးက တညီတည်း နှစ်လိုစွာ ပြောခဲ့သော 'ချို့လို ကြင်နာတတ်တဲ့သူ မတွေ့ဖူးဘူး' ဆိုသော စကားတစ်ခွန်းတည်းနှင့်ပင် ချေဖျက်ကာ ကျေရဲပါသေးသည်။

            ၇။

            မှိန်ပြယ်သော လရောင်သည် မစို့မပို့ မိုးစက်များကြားမှာ အားလျော့စွာ ဖြာကျနေသည်။ ပြတင်းကို အသာ ထပိတ်ကာ စောင်ပုံအောက်သို့ ပြန်ဝင်လိုက်သည်။ အိပ်ပျော်အောင် အိပ်ဖို့၊ အိပ်ပျော်အောင် အိပ်ပစ်လိုက်ဖို့အတွက် အရိပ်တို့ကို နှင်ပစ်မိပြန်သည်။ ကိုငယ်သည်လည်း သည်အချိန်မှာ အိပ်မောကျနေပေလိမ့်မည်။ သွားပါတော့။ နက်ဖြန်များစွာမှာ အပြုံးနှင့်အတူ ရှိနေဖို့သာ ကြိုးစားရင်း တင်းကျပ်သော ရင်တွင်းခံစားမှုများကို မေ့ဖျောက်ရလိမ့်မည်။ ပြီးတော့ သူ၏ အကြင်နာများကို တောင်းခံသော မျက်မှန်အောက်က မျက်ဝန်းတစ်စုံအတွက်...။

            ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ဆိုရမည်လား။ မနက်ဖြန်များစွာသည် သူ့တစ်ယောက်တည်းအတွက် အကြောင်းမဟုတ်။ ဝါမဝင်ခင် ဇာခြင်ထောင် ထုတ်ပေးမည်ဟု နောက်ပြောင်လေ့ရှိသော သမဝါယမမှာ အလုပ်လုပ်သည့် သူငယ်ချင်းနှင့် အခြားသော ခင်မင်သူများကိုသာ သည်ဝါအတွက် ခုခံချေပဖို့စကားများ ရှာထားရုံပါပဲ။

            တကယ်တော့... သူ ရည်စားတစ်ထောင် မပြည့်သေး။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဆိုသော စကားပုံ ရှိခဲ့သည်ပဲ။ ရည်းစားတစ်ထောင်ပြည့်ဖို့ ဆိုသည်မှာလည်း ဘယ်လိုနည်းနှင့်မှ မလွယ်။ အကြင်နာပြည့်သော လင်ကောင်းတစ်ယောက် ရဖို့ဆိုသည်မှာလည်း ပို၍ပင် ခက်ခဲနေမည်လား။

▀

သက်ထားညွန့်

(အမှတ် ၂၀၆၊ ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
လမ်းခုလတ်တွင်တွေ့ဆုံခြင်း
ခင်နှင်းဦး

အဖေအရွယ်နဲ့ သမီးအရွယ်၊ အမေအရွယ်နဲ့ သားအရွယ်။ အသက်ကွာဟတာနဲ့ အမျှ အတွေးအမြင်ကွာမယ်။ ကိုယ်ကာယ ရုပ်ရည်အနု အရင့် ခြားနားမယ်။ လင်မယားဆိုတဲ့ အနီးစပ်ဆုံး နေထိုင်ရတဲ့ သူနှစ်ဦးကို မဆိုနဲ့။ သူငယ်ချင်းအဖြစ်ကိုပဲ...

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ ဇာတ်သိမ်းပိုင်း
နုနုရည်အင်းဝ

ဒေစီဂျိန်းရဲ့ မိတ်ကပ် မဖျက်ရသေးတဲ့ ဒေါသမျက်နှာကြီးကို လရောင်က ဆလိုက်ထိုးပေးထားသလိုပဲ ဆံထုံးဖြေစ မဖြီးရသေးတဲ့ ဆံပင်တွေက ထိုးထိုးထောင်ထောင် ခါးတောင်အင်္ကျီငွေဇာဖျင်ပေါ်က ပုလဲပုတီးအရှည်ကြီးကလည်း တယမ်းယမ်...

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)
နုနုရည်အင်းဝ

ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။