နုနုရည်အင်းဝ
ထိန်ခုတ် ဝါခေါင်လဆန်း ၁၄ ရက်
ဆယ့်လေးရက်လရဲ့
ပြည့်ဝန်းစ လရောင်ဟာ တောင်ပြုန်းရွာပြင် ဇရပ်ပျက်ကြီးပေါ်ကို ဖြာကျလင်းလက်စေမယ့်
သစ်ပင်အောက်က မှောင်ခိုသူ နှစ်ဦးဆီကိုတော့ ရောက်အောင် မသွားနိုင်ခဲ့ပါဘူး။
ပန်းညိုလက်ကလေးကို မင်းမင်းက
ဆုပ်ထားတယ်။ ပြောက်ကျိ ပြောက်ကျား လရောင်အလက်မှာ ပန်းညိုလည်ပင်းက ပိုးပဝါလေးက
တစ်ချက်တစ်ချက် ရဲခနဲ လက်လို့သွားတယ်။ သူ သိပ်ကြိုက်ရှာတာပဲ။ သူ ဒါမျိုး တစ်ခါမှ
မရခဲ့ဖူးဘူးတဲ့။
‘ဒီထိန်သားလေးကို ဆောင်ထားရင်
ပန်းညိုတို့ ပိုက်ဆံတွေ အများကြီး ရမှာပေါ့နော်’
‘ဒါပေါ့... စီးပွားဖြစ်တယ်ပေါ့၊
စီးပွားရေး ကောင်းတယ်ပေါ့’
‘ဟင်...ပန်းညိုတို့မှာ စီးပွားရေးမှ
မရှိဘဲ’
မင်းမင်းရယ်လိုက်တယ်။
‘ပန်းညိုတို့သီချင်းဆိုတာ
စီးပွားရေးပဲပေါ့ ပန်းညိုရဲ့’
ပန်းညိုက သူ့လက်ကလေးထဲ ဆုပ်ထားတဲ့
ထိန်သား လက်တစ်ဆစ်လေးကို လရောင်အရိပ်မှာ ထောင်ကြည့်ပြန်တယ်။
‘မနှစ်က ထိန်ခုတ်တာကို ပန်းညိုတို့မြင်ဖူးတယ်။
အဝေးကြီးက ကြည့်ရတာပါ။ လူတွေက တအားဝင်လုကြတာပဲနော်။ ဓားတွေနဲ့ ယမ်းနေတာကို
ဝင်လုကြတာပဲ။ အခု အစ်ကိုလည်း လူတွေထဲ ဝင်လုလာတာလားဟင်’
'အစ်ကိုတို့က လုစရာမလိုဘူး။
နတ်အုပ်မင်း ခုတ်ယူလာပြီး အရှင်နှစ်ပါးကို ဆက်တဲ့ထိန်ကိုင်းကနေ စွန့်လိုက်တာ။
ဒီထိန်သားကို လူတွေက ပိုတောင်လိုချင်သေးတယ်။ ပိုပြီး စီးပွားဖြစ်တယ်တဲ့'
'ဘာဖြစ်လို့ ထိန်ခုတ်ရတာလဲဟင်'
'သြော်... အခု
အရှင်နှစ်ပါးရဲ့ ဘိုးတော်က အနော်ရထာမင်းတဲ့။ အနော်ရထာမင်းက ထိန်ပင်စောင့်နတ်ရှိတဲ့
ထိန်ပင်တစ်ပင်ကို ခုတ်ပစ်မိတယ်။ ဒါကို ထိန်ပင်စောင့်နတ်က မကျေနပ်ဘဲ ကျွဲယောင်ဆောင်ပြီး
အနော်ရထာမင်းကို ခတ်တော့ အနော်ရထာမင်း နတ်ရွာစံရောတဲ့။ ဒါကြောင့် ဘိုးတော်နဲ့
မြေးတော်တွေက ထိန်ပင်ကို မြင်ရင် စိတ်နာတယ်။ ထိန်ပင်ကို မုန်းတယ်။ ဒါကြောင့်
ပွဲတော်မှာ ထိန်ခုတ်တဲ့နေ့ဆိုတာ သတ်မှတ်ပြီး အဲဒီနေ့ကျရင် နန်းတော် ပတ်လည်မှာ
ထိန်ပင်ဆိုပြီး ထိန်ကိုင်းကြီးတွေ စိုက်ပေးရတယ်။ အဲဒါကို နတ်အုပ်မင်းက နတ်ဝင်ပြီး
အကုန် အပိုင်းပိုင်း အတစ်တစ် ခုတ်ရတယ်။ ခုတ်ပြီးသား ထိန်ကိုင်းကို နတ်အုပ်မင်းက
အရှင်နှစ်ပါးကို ဆက်သရတယ်။ နတ်အုပ်မင်း ထိန်ခုတ်နေတဲ့အချိန်မှာ ဝင်လုကြလို့
ဓားနဲ့ယမ်းမိရင် အပြစ်မရှိဘူး။ လူတွေကတော့ မကြောက်ကြဘူး။ စီးပွားရေး
ကောင်းတယ်ဆိုပြီး အတင်း ဝင်လုကြတာပဲ'
'ဟုတ်တယ်နော် ကြောက်စရာကြီး'
ပန်းညိုက လည်ပင်းက ပဝါလေးကို
ဆွဲဖြုတ်ပြီး ပဝါစွန်းမှာ ထိန်သားလေးကို ဂရုတစိုက် ချည်တယ်။ ပြီးတော့ ပဝါလေးကို
လည်ပင်းမှာ သေချာပြန်ချည်ပြန်တယ်။ သူ့မှာ ကစားစရာလေးတစ်ခု ရသလို
သိပ်သဘောကျနေတော့တာပဲ။ ဟို အရှုပ်မကြီး ပြောတာသာ ကြားရင် သူ ဘယ်လိုနေမလဲ။
သူ့ပဝါနဲ့ ပန်းညိုနဲ့ မတူဘူးတဲ့။ မတန်ဘူးတဲ့။ သူ့ရဲ့ ခေတ်မရှိတော့တဲ့
ဟိုးရှေးပဝေသဏီက ပဝါဟာ ပန်းညို အသားနဲ့ ထိလို့ သနသွားပြီတဲ့။ ပြောလိုက်ဆိုလိုက်တာ။
ယုန်ထိုးညကတော့ ဗောင်းဆောင်းကြီး ဦးဘစီရဲ့ အဆိုအဆဲ မျိုးစုံနဲ့ ပီပြင်လိုက်သလား
မမေးနဲ့။ မင်းမင်းမှာ ယုတ္တိယုတ္တာတွေ၊ အညု အချွဲတွေ၊ အဟိန်းအဟောက်တွေနဲ့
နည်းမျိုးကို စုံရော။ အရှုပ်မကြီးကို ငြိမ်အောင်လုပ်ရတာ။ ယုံအောင် လုပ်ရတာ။
ဘာဖြစ်သလဲပေါ့။ ကောင်မလေးဟာ
သနားစရာလေးမို့ သီချင်းဆိုကောင်းလို့ ပိုက်ဆံပေးတာ၊ ထမင်းဟင်းပေးတာ၊
ဒေစီဂျိန်းဆိုတဲ့ သူဌေးမကြီး သေတ္တာအောက် ထိုးထားတဲ့ အဟောင်းအမြင်း
ပဝါလေးတစ်ထည်ပေးတာ ဘာဖြစ်သလဲပေါ့။ ကောင်မလေးကို ကြိုက်ဖို့လည်း မဟုတ်ဘူး၊
ချစ်ဖို့လည်း မဟုတ်ဘူး။ မယုံချင်နေပေါ့။
တကယ်တော့ မင်းမင်း ဖြီးလုံးတွေကို
အရှုပ်မကြီး သိပ်တော့ ယုံဟန်မတူဘူး။ မင်းမင်း သိတယ်။ ဒါပေမယ့် အဲဒီည တစ်ညလုံး
ဘယ်မှမထွက်ဘဲ နေလိုက်ပြီး ဒီနေ့ တစ်နေ့လုံးလည်း အိမ်မှာ ကုပ်နေလိုက်တော့ သူ
ကြည်သွားပြီ။ ကြည်သွားပြီ ဆိုပေမယ့် မင်းမင်းကို လုံးဝ အလစ်မပေးသေးဘူး။ ဒါပေမယ့်
ညဘက် အောက်နန်းတက်ပွဲတစ်ပွဲ ပြီးတာနဲ့ ဧည့်သည်တွေ ရှုပ်နေတုန်းမှာ ဘာဖြစ်လို့
ဒီဘက်ကို ထွက်လာခဲ့မိတာလဲ။ အရှုပ်မကြီး အောက်နန်းတက်ပွဲက ကိုကြီးကျော် အရှိန်နဲ့
မူးတော့နေပါတယ်။ မူးရင် သူ အိပ်တတ်တယ်။ သူ အိပ်ပျော်သွားပါစေ။
'ဒီနေ့ နေ့ခင်း
အစ်ကိုတို့ဘက်တောင် မရောက်တော့ဘူး။ ကနားတဲတစ်ခုက လူတွေက သီချင်းတွေ အများကြီး
ဆိုခိုင်းနေလို့။ ပိုက်ဆံတွေလည်း အများကြီးပေးတယ်။ ထမင်းဟင်းတွေလည်း ပေးတယ်'
'ပိုက်ဆံတွေ အများကြီးရတော့
အစ်ကို့ဆီ မလာတော့ဘူးပေါ့လေ'
'မဟုတ်ပါဘူး။ မနေ့က အစ်ကိုပဲ
ပြောပြီးတော့။ နောက်နေ့ အစ်ကိုတို့ဘက် မလာခဲ့နဲ့ဆို။ အစ်ကို့အစ်ကို နတ်ကတော်ကြီးက
သူ နတ်ဝင်နေတုန်း သီချင်းလာဆိုရင် မကြိုက်ဘူး ဆို'
'အေးပါ... အေးပါ၊ ဟုတ်ပါတယ်'
သိပ်သနားဖို့ ကောင်းတာပဲ။
ဟောဒီ ကောင်မလေးကို သနားစရာ
အပြစ်ကင်းစင်သူ ကလေးမို့ မင်းမင်း ငြိမိတာပါ။
'နတ်ကတော်လုပ်ရတာ
ကောင်းတယ်နော် အစ်ကို'
'ဘာရယ်'
'နတ်ကတော်လုပ်ရတာ
ကောင်းတယ်လို့။ ပန်းညိုက နတ်ကတော် ဖြစ်ချင်တာ'
'ဟောဗျာ... ဒီကောင်မလေးဟာ
ဘယ်လို ကောင်မလေးလဲ'
'ဟုတ်တယ်၊ နတ်ကတော်ဆိုတာ
သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းပြီး ဇိမ်လေးနဲ့ နေရတာ။ ဘာမှ ပင်ပင်ပန်းပန်း
မလုပ်ရဘူး။ ပန်းညိုတို့ကျ နတ်တွေက မကောက်ဘူးနော်။ ပိုက်ဆံမရှိလို့လား မသိဘူး၊
ဟုတ်လား'
'မဟုတ်ပါဘူးကွာ'
'ဟုတ်ပါတယ်။ ဟောဒီ
တောင်ပြုန်းရွာထဲက နွားနို့ ထမင်းရောင်းတဲ့ အစ်မကြီးတစ်ယောက်ကလည်း ပြောတယ်။ သူလည်း
နတ်ကတော်ဖြစ်ချင်တာတဲ့။ နို့ထမင်း မရောင်းချင်ဘူးတဲ့။ ဒါပေမယ့် နတ်တွေက သူတို့ကျ
မကောက်ဘူးတဲ့။ နတ်တွေက ရပ်ဝေးက လူတွေကိုပဲ မ,တာပါတဲ့'
'ဘာတွေ လျှောက်ပြောနေတာလဲ။
ဒီကောင်မလေး'
ပန်းညိုက အသံတိုးတိုးလေးနဲ့ ရယ်ပြီး
မင်းမင်းပခုံးပေါ် နွဲ့မှီနေတယ်။
'နက်ဖြန် တစ်ရက်ပြီးရင်
ပွဲပြီးပြီနော်'
'အင်း'
'အစ်ကိုတို့က ဘယ်ကို
ပြန်ရမှာလဲဟင်။ ပန်းညိုတို့ နောက်နှစ်ကျမှ'
'အစ်ကို လာမယ်'
ပန်းညိုက မင်းမင်းဆီက ဆတ်ခနဲခွာပြီး
မှောင်ရိပ်ထဲမှာ မင်းမင်းမျက်နှာကို မယုံသလို ကြည့်တယ်။
'ပန်းညိုနဲ့ အစ်ကို
တူတူနေမှာလားဟင်'
သနားစရာ ကောင်မလေးရယ်။ ပန်းညို
လက်ကလေးတွေကို သနားလှစွာ ဆုပ်ထားမိတယ်။
'ဟင်... ပန်းညို အစ်ကိုနဲ့
တူတူနေရမှာလား'
'နေရမှာပေါ့။ ပန်းညိုနဲ့
အစ်ကိုနဲ့ တူတူနေမှာပေါ့'
ဒီစကားတွေကို ဘာဖြစ်လို့
ပြောမိသွားတယ်ဆိုတာ ကိုယ့်ဟာကိုယ်လည်း မသိတော့ပါဘူး ပန်းညိုရယ်။ ဝန်ခံရရင်
ဒီစကားတွေကို ပြောဖို့ ရည်ရွယ်ချက် ကိုယ့်မှာ တကယ်မရှိခဲ့ပါဘူး။
'အစ်ကို့ကို ချစ်တယ်'
ရိုးသားလှိုက်လှဲနေတဲ့ အသံလေးကို ရှက်မိပါရဲ့
ပန်းညိုရယ်။ မရိုးသားနိုင်တဲ့ ကိုယ့်ဘဝကိုလည်း ဝမ်းနည်းမိပါရဲ့။ ပန်းညို
လက်ကလေးတွေကို ညင်ညင်သာသာ နမ်းရှိုက်လိုက်တယ်။ နမ်းရှိုက်လိုက်တဲ့ ခဏမှာပဲ...
'ဟေ့... မင်းမောင်'
လရောင်နဲ့ သစ်ရွက်ကလေးတွေကိုတောင်
ထိတ်လန့်တုန်ခါသွားစေတဲ့ အသံ။
ပန်းညိုလက်ကလေးကို မင်းမင်း
လွှတ်ချလိုက်မိတယ်။
'ဟေ့...မင်းမောင်၊
ဘယ်မှာလဲ... ထွက်ခဲ့စမ်း'
သူ လိုက်လာပြီ။ နောက်ဆုံးတော့
မင်းမင်းဘဝကို အစွမ်းကုန် ချေမွဖျက်ဆီးပစ်ဖို့အတွက် သူ လိုက်လာခဲ့ပြီ။
'မင်းမောင်၊ ငါ ခေါ်နေတာ နင်
မကြားဘူးလား'
သူ ကျွေးတာစား၊ သူ ပေးတာယူ၊ သူ
ခိုင်းတာလုပ်၊ သူပြုသမျှ နုရတဲ့ ငါးရာတန် ငွေဝယ်ကျွန်တစ်ယောက်အနေနဲ့ သူ့အမိန့်ကို
နာခံရတော့မလား။
'ဟဲ့... ဒါလောက်
အော်နေတာတောင် နင့်မှာ သောက်ရှက် မရှိဘူးလား။ အရှက်နည်းလှချည်လားဟင်။ ထွက်ခဲ့၊
သူများလင်ခိုးတဲ့ ဟို သူတောင်းစားမနဲ့ ဘယ်ချောင်မှာ အိပ်နေလဲ'
ဝုန်းခနဲ မင်းမင်း မတ်တတ်ရပ်လိုက်တယ်။
တဆတ်ဆတ် တုန်ယင်နေတဲ့ ပန်းညိုကို အသာ တွန်းဖယ်လိုက်ပေမယ့် ကောင်မလေးက
မင်းမင်းလက်ကို အတင်းဆွဲထားတယ်။
'အစ်ကိုက... အစ်ကိုက
နတ်ကတော်ကြီးရဲ့...'
မပီမသ သွေးရူးသွေးတန်း
ထွက်လာတဲ့အသံတိုးလေးက မင်းမင်း ခန္ဓာကိုယ်ထဲကို ကြောက်မက်ဖွယ်ရာ
စိမ့်ဝင်သွားခဲ့တယ်။
'ဟေ့... မင်းမောင်'
'သွားတော့ ပန်းညို၊
သွားတော့...'
မှောင်ရိပ်ထဲကနေ မင်းမင်း ထွက်တယ်။
ဇရပ်ပျက်ကြီးပေါ်က လူနွမ်းပါးတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပြီ။
'အရပ်ကတို့ရေ၊
ယောကျ်ားကြီးတန်မဲ့နဲ့ မိတ်ကပ်တွေ လိမ်း၊ နှုတ်ခမ်းနီတွေဆိုးပြီး ပင်ပင်ပန်းပန်း
ရှာဖွေကျွေးတဲ့ ထမင်းကိုလည်း သောက်ရှက်မရှိ စားသေးတယ်။ ကြက်ဖလားထဲက
ပိုက်ဆံနှိုက်ပြီးတော့လည်း မိန်းမတွေနဲ့ အလေလိုက်ချင်သေးတယ်။ စဉ်းစားလည်း
ကြည့်ကြပါဦး'
အရှက်ခွဲခြင်းဆိုတဲ့ ပညာမှာ
တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်လှတဲ့ ဒေစီဂျိန်းရဲ့ မိတ်ကပ်မဖျက်ရသေးတဲ့
ဒေါသမျက်နှာကြီးကို လရောင်က ဆလိုက်ထိုးပေးထားသလိုပဲ။ ဆံထုံးဖြေစ မဖြီးရသေးတဲ့
ဆံပင်တွေက ထိုးထိုးထောင်ထောင်၊ ခါးတောင်အင်္ကျီငွေဇာဖျင်ပေါ်က ပုလဲပုတီးအရှည်
ကြီးကလည်း တယမ်းယမ်းနဲ့ မျက်တောင်တုတွေ မဖြုတ်ရသေးတဲ့ မျက်လုံးအစုံက ပြူးကျယ်ပြီး
ဝင်းဝင်းတောက်နေတယ်။
'ဟဲ့... ထွက်ခဲ့ဆိုတာ
မထွက်သေးဘူးလား။ သူတောင်းစားမနဲ့ တောင်းစားပြီး နေတော့မယ်ဆိုလည်း ငါ ဆင်ထားတဲ့
ပစ္စည်းတွေ ချွတ်၊ အကုန်ချွတ်ပေးလှည့် မင်းမောင်'
'ခင်ဗျားပါးစပ်ကို
ပိတ်ထားစမ်း'
ရုတ်တရက် လက်ကို ဆောင့်ဆွဲကာ
ဒေစီဂျိန်း ခံလိုက်ရတယ်။ ဇောနဲ့ မျက်စိက မှုန်မှုန်နဲ့ မင်းမင်း အနားရောက်လာတာကို
မမြင်ဘူး။
'ခင်ဗျား ပါးစပ်မပိတ်ရင်
ကျုပ် ထိုးမှာနော်'
'ဟင်... နင်ကလား၊ ငါ့ကို
ထိကြည့်စမ်း။ ငါ့ပါးစပ်ငါပိတ်ချင်မှ ပိတ်မယ်။ ကဲ... အော်တယ်ဟေ့ အော်တယ်၊ ဟောဒီမှာ
အရပ်ကတို့...'
မင်းမင်းက ဒေစီဂျိန်းပါးစပ်ကို
ပိတ်ပစ်လိုက်တယ်။ ပြီးတော့ လက်တွေကို ချုပ်ပြီး အတင်းဆွဲထုတ်လာတော့
တရွတ်တိုက်ပါလာတယ်။ တအားမောနေတဲ့ ဒေစီဂျိန်းရဲ့ အသက်ရှူသံပြင်းပြင်းနဲ့အတူ
ဇရပ်ပေါ်က နာကျင်နေတဲ့ ရှိုက်သံလေးက မင်းမင်းနောက်ကို လိုက်လာတယ်။
အရှက်တွေ၊ ဒေါသတွေ၊ နာကျင်တာတွေနဲ့
သတိလက်လွတ်ဖြစ်နေတဲ့ မင်းမင်းလက်တွေက မိန်းမလျာမကြီးကို ဘယ်လောက်များ မညှာမတာ
ဆွဲခဲ့မိတယ် မသိဘူး။ အိမ်ပေါ်ကို ရောက်တော့ ခြောက်ဆယ်တွင်း မိန်းမလျာမကြီး
ပုံလဲသွားခဲ့တယ်။
နုနယ်လှတဲ့ မိန်းမအသားအရေကို
ပိုင်ဆိုင်ထားတဲ့ ဂျိန်းစဘွန်းမကြီးရဲ့ လက်ကောက်ဝတ်တွေ နီရဲပွန်းပဲ့နေပြီ။ ပခုံးက
ငွေဇာဖျင်အင်္ကျီက စုတ်ပြဲလို့ ဆံပင်တွေ ဦးရေတွေလည်း ကျိန်းနေသလိုပဲ။ ဘုရား...
ဘုရား၊ သူ ဆံပင်တွေကိုရော ဆွဲခေါ်ခဲ့သလား။ လမ်းတစ်လျှောက်လုံး ဘာမှမသိပါဘူး၊
မသိတော့ပါဘူး။ မောလွန်းလို့ အသက်ကို မနည်းရှူပြီး ပါလာခဲ့ရတာပါ။
'ရေ... ရေ... ငါ့ကို
ရေတိုက်ကြပါ'
ကိုဘစီကို ချစ်တဲ့ သစ္စာရှိ
လူယုံမကြီး အဖုံကြီးကပဲ ရေခွက်လေးနဲ့ ရောက်လာတယ်။
သူကတော့ တစ်ချက်ကလေးမှ
လှည့်မကြည့်ခဲ့ပါဘူး။ အံတကြိတ်ကြိတ် လက်သီး တပြင်ပြင်နဲ့။
'မောလိုက်တာ၊ ငါ
သေလိမ့်မယ်ထင်တယ်။ ငါ့ကို သတ်တာ၊ ငါ့ကို သေအောင် သတ်တာ'
'ဘာဗျ'
မင်းမင်းက ဝုန်းခနဲ လှည့်ကြည့်တယ်။
'ခင်ဗျားက ကျုပ်အရှက်ကို ခွဲ၊
ကျုပ်ဘဝပျက်အောင် လုပ်ရုံတင် အားမရသေးဘူးပေါ့။ ကျုပ်ကို ထောင်ထဲပါ
ထည့်ချင်သေးတာပေါ့။ ဟုတ်လား။ အေးလေ... ဒါ ဆန်းတော့ မဆန်းပါဘူး။ ခင်ဗျားတို့
မိန်းမလျာတွေရဲ့အကျင့်ပဲ။ ခင်ဗျားတို့ လုပ်နေကျတဲ့ လိုတဲ့အချိန်မှာ လိုသလိုသုံးမယ်။
မလိုတော့ ဘူးဆိုတော့ ပစ္စည်းခိုးတယ်၊ သေကြောင်းကြံတယ်ဆိုပြီး ထောင်ထဲပို့'
'သြော်... နင်က
မိန်းမလျာတွေအကြောင်း တော်တော်သိတယ်ပေါ့'
ဂျိန်းစဘွန်းမကြီးရဲ့ စိတ်ဓာတ်နဲ့
မိန်းမလျာမကြီး လူးလဲ ထထိုင်တယ်။
'နေပါဦး၊ မိန်းမလျာမတွေ
မကောင်းဘူးဆိုရင် နင် ဘာဖြစ်လို့ မိန်းမလျာနဲ့ နေခဲ့တာလဲ။ မနေနဲ့ပေါ့။ မနေလို့
ရတာပဲ'
'ကျုပ် မသိခင်က နေခဲ့တာလေ။
သိတဲ့အချိန်ကစပြီး မနေချင်တာ ကြာလှပြီ'
'သြော်... ဒီလိုဆို ခု
မနေတော့ဘူးပေါ့'
'ဟုတ်တယ်။ ကျုပ်
မိန်းမယူတော့မယ်။ အိမ်ထောင်ပြုတော့မယ်'
သူ တစ်ခါမှ မကြားဖူးခဲ့တဲ့ မင်းမင်းရဲ့
ပြတ်သားလှတဲ့အသံကို ငေးကြောင်နားထောင်နေမိရာက ဂျိန်းစဘွန်းမကြီးရဲ့ ပါးပြင်ပေါ်မှာ
မျက်ရည်တွေ တလိမ့်လိမ့် ကျလာခဲ့တယ်။
'မယူရဘူး၊ နင် မယူရဘူး။
နင်သွားရင် ငါသေမှာပဲ။ ငါ့ကို နင်သတ်သာ ပစ်ခဲ့ပါ'
'ဖယ်စမ်းဗျာ၊ အဲဒါမျိုးတွေ
ကျုပ်ကို မလုပ်နဲ့'
မိတ်ကပ်အနီတွေ၊ အပြာတွေ၊ အနက်တွေနဲ့
မျက်ရည်တွေနဲ့ ရောနှောလိမ်းကျံနေတဲ့ အရူးမကြီး ဂျိန်းစဘွန်းမျက်နှာကို မင်းမင်းက
ကြည့်တယ်။
'ခင်ဗျား ကျုပ်ကို
ချစ်တယ်ဆိုတာ အလကားပါ။ ကျုပ်ဘက်ကနေပြီးတော့ ခင်ဗျား ဘယ်တုန်းကများ စဉ်းစားဖူးလဲ။
ခင်ဗျားဘက်ကပဲ ခင်ဗျား စဉ်းစားတာ။ ဒီမှာ ခင်ဗျားတို့ မိန်းမလျာဆိုတာကို လူတွေက
ဘယ်လိုသဘောထားလဲ။ ရွံရှာကြတယ်။ စက်ဆုပ်ကြတယ်။ မိန်းမလျာကို မြင်ရင် ရှောင်ချင်
ကွင်းချင်ကြတယ်။ ဘယ်သူကမှ လိုလားတာမဟုတ်ဘူး။ ဆွေမျိုးကတောင် မကြည့်ဘူး။ ဒါတွေကို
သိလျက်နဲ့ အဲဒီ မိန်းမလျာနဲ့ တွဲလျှောက်ဝံ့တဲ့ ကျုပ်သတ္တိကို ကျုပ် ဘယ်လောက် မွေးထားရတယ်
ထင်သလဲ။ ခင်ဗျား အော်သလို ကျုပ်ဟာ မိန်းမလျာထဘီနား ခိုစားနေတဲ့ ကောင်ပါ။
ဟုတ်ပါတယ်။ ဒါပေမယ့် အချိန်တန် အရက်သလေး တမြမြ၊ ဝတ်ကောင်းစားလှလေး တသသနဲ့
ညာစားနေတဲ့ ကောင်မျိုး မဟုတ်ဘူး။ ကျုပ်စားနေရတဲ့ ထမင်းအတွက်၊ ကျုပ်ဝတ်နေရတဲ့
အဝတ်အတွက် ကျုပ်အလုပ်တွေ အများကြီး လုပ်ခဲ့ပါတယ်။ ခင်ဗျားအလုပ်ကို အများကြီး
ကူခဲ့ပါတယ်။ ကျုပ် ထဘီတောင် ခေါက်ပေးတာပဲ။ ဒါ ဘာဖြစ်လို့လဲ။ ရှင်းရှင်းပြောရရင်
ခင်ဗျားကို သံယောဇဉ်ရှိလို့ပေါ့။ သံယောဇဉ် ရှိတာနော်။ ချစ်တာတွေ၊ မေတ္တာတွေ၊
တဏှာရာဂတွေနဲ့ မဆိုင်ဘူး။ ကျုပ် မသိတတ်ခင်တုန်းက အဲဒါတွေ ရှိခဲ့တာပေါ့လေ။ အခု
ကျုပ်သိတဲ့အချိန်မှာတော့ ခင်ဗျားဟာ ကျုပ်အစ်ကိုပဲ။ ကျုပ် ဦးလေးပဲ။ ကျုပ်
အိမ်ထောင်ပြုချင်တယ်။ ကျုပ် ဒီဘဝကြီးထဲကနေ ရုန်းထွက်ပါရစေတော့'
ထားရာနေ၊ စေရာသွား၊ ပြုသမျှ
နုခဲ့ရတဲ့သူရဲ့ ပေါက်ကွဲမှုကို မိန်းမလျာမကြီးက အထိတ်တလန့်ကြည့်ရင်း ဆောက်တည်ရာ မရ
တတွတ်တွတ် ရေရွတ်တယ်။
'ငါ့မှာ ဘာအပြစ်ရှိလို့လဲ။
နင့်ကို ငါ ဘာတွေများ လုပ်ခဲ့လို့လဲ'
'ဘာတွေလုပ်ခဲ့လို့လဲ ဟုတ်လား။
ခင်ဗျားပဲ ကျုပ်ကို အမြဲပြောတဲ့စကားလေ။ စိတ်ဆိုးအောင် လုပ်၊ စိတ်နာအောင်
မလုပ်နဲ့ဆိုတာလေ။ စိတ်ဆိုးတာက ပြေတယ်။ စိတ်နာတာက ဘယ်တော့မှ မပြေတော့ဘူးတဲ့။
ခင်ဗျား ကျုပ်ကို စိတ်နာအောင် လုပ်ခဲ့တဲ့အကြိမ်တွေ မရေတွက်နိုင်တော့ဘူး ဦးဘစီရဲ့။
သူရှေ့သူရှေ့တွေမှာ ခင်ဗျား အရှက်ခွဲခဲ့တာတွေလေ။ ခင်ဗျား စိတ်ကလေး ထစ်ခနဲ
မကျေနပ်တာနဲ့ နတ်ပွဲအလယ်ကောင်မှာ မအေ၊ နှမကုန်အောင် ဆဲခဲ့တာလေ။ ပါးရိုက်ခဲ့တာလေ။
မဟုတ်ရပါဘဲနဲ့ မကောင်းတဲ့မိန်းမနဲ့ ပျော်ပါးနေပါတယ်ဆိုပြီး သူများကနားတဲပေါ်က
အတင်းဆွဲချ၊ ပွဲခင်းတစ်ခုလုံး လည်ပြပြီး အရှက်ခွဲခဲ့တာလေ။ ဆိုက်ကားဂိတ်လို
နေရာမျိုးမှာ သူခိုး၊ သူခိုးလို့ အော်ခဲ့တာလေးရော၊ ခင်ဗျား မေ့များသွားပြီလား။
ကျုပ်ကတော့ ကျုပ် အမေဆီ သွားခါနီးမှာ ဖြစ်တဲ့အဖြစ်မို့ တစ်သက်မမေ့ဘူး။ ဒီလက်စွပ်လေ၊
ဒီလက်စွပ်။ ကျုပ်အမေဆီကို သွားရင် လက်စွပ်ဝတ်မသွားရဘူးတဲ့။ ကျုပ်အမေ
သူဆင်းရဲမကြီးက ယူလိုက်မှာစိုးလို့၊ ခိုးလိုက်မှာ စိုးလို့ပေါ့ လေ။ ကျုပ်
အသနားခံပြီး ခင်ဗျားကို တောင်းပန်ခဲ့ပါတယ်။ လက်စွပ်လေးတစ်ကွင်းတော့
လူကြည့်ကောင်းအောင် ဝတ်သွားပါရစေလေ။ ဘာမှမဖြစ်စေရပါဘူးလို့။ ဒါပေမယ့် ခင်ဗျား
လုပ်ခဲ့တာလေ။ ခင်ဗျားအိမ်နားက ဆိုက်ကားဂိတ်မှာလေ။ ဆိုက်ကားပေါ် ရောက်နေတဲ့ကျုပ်ကို
လိုက်ပြီး အော်တာ။ 'ငါ မကျေနပ်ဘဲ ငါ့ပစ္စည်းယူရင် ခိုးတာပဲ။
ငါအော်မှာနော်။ သူခိုး... သူခိုး၊ လက်စွပ်သူခိုး'တဲ့။ ကျုပ်
အားလုံးမှတ်မိတယ်။ ခင်ဗျား နာအောင်လုပ်တာတွေ အကုန်လုံး ကျုပ် မှတ်မိတယ်'
'အဲဒါတွေလုပ်တာ နင့်ကို
ချစ်လို့ဟဲ့။ ရှက်တော့၊ နာတော့မှ နင်က နောက် ငါမကြိုက်တာတွေ မလုပ်မှာပေါ့။
ထားတော့။ ကဲ... ခုနောက်ပိုင်း နင့်ကို ငါ ဘာလုပ်သလဲ။ အရာရာ နင့်သဘော၊ နင့်အစီအစဉ်၊
နင့်ကို ငါအကုန်ပုံထားတယ် မဟုတ်လား'
'ကျွန်ယုံတော်ပေါ့။
ချွေတာသုံး၊ မစားရက် မဝတ်ရက် စုဆိုတဲ့ စည်းကမ်းဥပဒေကြီးနဲ့လေ။ သုံးသမျှ
စာရင်းဇယားနဲ့ ပြရတာလေ'
'အေး... အဲဒီတော့ နင်က
လူရိုးလေးကိုး။ စာရင်းဇယားမှာ မလိမ်တတ်ရှာဘဲကိုး။ ငါ့ကို မှန်မှန်ကန်ကန်
ပြရှာတာကိုး'
'အဲဒါလည်း ခင်ဗျားကြောင့်
ဖြစ်လာတာလေ။ ကျုပ် လိမ်တတ်တာ၊ ရှုပ်တတ်တာတွေဟာလည်း ခင်ဗျားကြောင့် ဖြစ်တာပဲ'
'အေးအေး... ငါရှုံးပါပြီ။ ငါ
ရှုံးပါတယ်။ နင်သာ အနိုင်ယူပါတော့။ အနိုင်ယူပါတော့။ ငါ မကောင်းချည်းဘဲ
ထားလိုက်ပါတော့'
'ခင်ဗျား မရှုံးပါဘူး။
ကျွန်တော့်အတွက် အရင်းက နည်းနည်းလေးပဲ၊ ငါးရာတည်းပါ'
'ဟဲ့... ငါ့အရင်းက
အဲဒီငါးရာမဟုတ်ဘူး။ ငါ့အရင်းက နှလုံးသား၊ ဟောဒီ နှလုံးသားနဲ့ ငါ ရင်းထားရတာ။
ဒီအရင်းရှုံးမှတော့ ငါ့ဘဝ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ငါ သေလိုက်ဖို့ပဲ ရှိတယ်'
ဂျိန်းစဘွန်းမကြီးရဲ့ ရှိုက်သံက
ဆွေးမြည့်နာကျင်လို့ နေတယ်။
'နင့်လိုသာ ပြောကြကြေးဆို ငါ
ချစ်လို့ နင့်ကို ခွင့်လွှတ်ခဲ့ရတာတွေလည်း အများကြီးပါပဲ။ နင် ငါ့ကို
မိန်းမကိစ္စနဲ့ မျက်ခွက်ကို လက်သီးနဲ့ထိုးတာလေ။ မျက်လုံးထိပြီး အဲဒီက စ မျက်စိတွေ
မှုန်သွားတာ။ ငါ့မျက်လုံးတွေ ခုထိ မကောင်းတော့ဘူး'
မင်းမင်း ငြိမ်သက်နေတယ်။
ဂျိန်းစဘွန်းမကြီးက မျက်ရည်တွေကို ခပ်ကြမ်းကြမ်း ပွတ်သုတ်ပြန်တယ်။
'ရပါတယ်၊ နင် အခု မိန်းမယူမယ်
မဟုတ်လား။ ငါတို့ မိန်းမလျာဆိုတာ ဒီလိုအဖြစ်မျိုး ဘယ်နေ့များ ဖြစ်ပါ့မလဲ ဆိုတာကို
တထိတ်ထိတ်နဲ့ စောင့်နေရတဲ့ဘဝ။ ကြွေသောရွက်ဝါ ပြန်မဆက်၊ လှသောအိပ်မက် ပြန်မမက်တဲ့။
ငါ နားလည်တယ်။ နင့်ကို ငါ ကြိုးစားဖြတ်ရမှာပေါ့။ သံမဏိဆိုတာ မီးနဲ့တိုက်မှ
အရည်ပျော်တာ။ စိန်ကို စိန်ချင်းဖြတ်မှ၊ သံကို သံချင်းဖြတ်မှ၊ နှလုံးသားကို
နှလုံးသားချင်း ဖြတ်မှ ပြတ်တာ။ ငါ ဖြတ်ပါ့မယ်။ ငါ့နှလုံးသား အကြေအမွခံပြီး ငါ
ဖြတ်ပါ့မယ်'
မျက်ရည်တွေက ဂျိန်းစဘွန်းမကြီး
ပါးပြင်ပေါ်ကို စီးကျလာပြန်တယ်။
'မနေ့ညကဆို ငါ တစ်ညလုံး
အိပ်မပျော်ဘူး။ နင် ဘယ်လောက်လိမ်လိမ်၊ ကောင်မလေးနဲ့ နင်ဖြစ်နေပြီဆိုတာ ငါ
သိတာပေါ့။ ငါ စဉ်းစားကြည့်တယ်။ နင် မိန်းမယူမယ်ဆိုရင် ငါ ဖြတ်နိုင်မလားဆိုတာ။
တွေးလိုက်တာနဲ့ အို... ဟိုတုန်းက စားခဲ့၊ သောက်ခဲ့၊ ပျော်ခဲ့ပါးခဲ့၊
လှူခဲ့တန်းခဲ့တာ တွေ ရုပ်ရှင်ပြသလို အကုန်ပေါ်။ ဖျားတော့နာတော့ ပြုစုတာတွေ၊
ခရီးသွားတဲ့အခါ ကြင်နာတာတွေ အကုန်ပေါ်။ မျက်ရည်တွေပဲ တွေတွေ တွေတွေ ကျပြီး
အိပ်မပျော်တော့ဘူး။ တစ်ညလုံး လင်းအားကြီးမှ အရက်ထသောက်ပြီး အိပ်ပစ်လိုက်ရတာ'
'ဟိုတုန်းကဟာတွေဟာ
ဟိုတုန်းကပဲလို့ ကျုပ် ပြောပြီးပြီပဲ။ တော်ပါတော့။ အရေးကြီးတာက ပြတ်သားရမှာက
ကျုပ်တို့ရဲ့ ရှေ့ဆက်ရမယ့်ဘဝ'
'သြော်...နင်ကတော့
ဘယ်တွေးချင်ပါတော့မလဲ။ ဘယ်သတိရချင်ပါတော့မလဲ။ ရက်စက်နိုင်ပြီကိုး။ ငါ့ကို
မုန်းပြီကိုး'
'ခင်ဗျားကို ကျုပ် သံယောဇဉ်
ရှိပါတယ်လို့ ပြောပြီးပြီ'
ဂျိန်းစဘွန်းမကြီးက
မျှော်လင့်တကြီးနဲ့ လင်သည် ကလေးကို ကြည့်ရှာတယ်။
'နင် ငါ့ကို သံယောဇဉ်
ရှိတယ်ဆိုရင် ငါနဲ့ ဘာဖြစ်လို့ မနေနိုင်ရတာလဲ။ ဘာဖြစ်လို့ တစ်သက်လုံး
မနေနိုင်ရတာလဲ'
'ဒီမှာ...'
မင်းမင်းဒေါသသံက ဟိန်းထွန်လာတယ်။
'ခင်ဗျားက မိန်းမ မဟုတ်ဘူး။
ခင်ဗျားက မိန်းမ စိတ်ပေါက်နေတဲ့ယောကျ်ား။ ကျုပ်ကလည်း ယောကျ်ား။ ခင်ဗျားနဲ့
တစ်သက်လုံး ဘယ်လို လုပ်နေရမလဲ။ ခင်ဗျား နားမလည်ပါဘူး။ ခင်ဗျား နားမလည်ဘူး'
'အေး... နားမလည်ဘူး။ ငါသိတာက
ငါဟာ မိန်းမပဲ။ အရာရာ ငါ မိန်းမလိုပဲ နေတယ်။ ပြောတယ်။ ရယ်တယ်။ ငိုတယ်။ အားလုံးကို
မိန်းလိုပဲ ငါ ခံစားတယ်။ ငါဟာ မိန်းမပဲ။ ငါ့ကိုယ်ငါတော့ မိန်းမပဲ'
'ခင်ဗျားဘာသာ သေအောင်ပြော။
ခင်ဗျား မိန်းမဖြစ်လို့ မရဘူး။ ခင်ဗျားအတုပဲ၊ နားလည်လား'
ဂျိန်းစဘွန်း မာန်ဝင်လာတဲ့
ဒေစီဂျိန်းက မိန်းမဟန်အပြည့်နဲ့ ခါးကို ထောက်လိုက်တယ်။
'သြော်... အေး အေး၊ ထားပါတော့
မိန်းမတုကြီးကို ရင်ဝကန်ခဲ့ပြီး နင်ယူမယ့် မိန်းမစစ်ကလေးက ဟိုတုန်းက
ရည်းစားဟောင်းလား။ အခု သူတောင်းစားမလေးလား'
'ခင်ဗျား မိုက်မရိုင်းနဲ့။
စကားကို အဆင့်ရှိရှိပြော'
'ဟုတ်ကဲ့၊ အဆင့်ရှိသူကြီးရယ်၊
မေးတာလေး ဖြေပါဦး။ ဘယ်သူနဲ့များ စုလျားရစ်ပတ်မှာပါလိမ့်ရှင်'
'ခင်ဗျားအပူ မဟုတ်ပါဘူး။
ကျုပ် ပန်းညိုကို ယူမှာ'
'သူတောင်းစားမကိုပေါ့လေ
ဟုတ်လား။ နေပါဦး။ သူ့ကို နင်ယူတော့ နင်က ဘာလုပ်ကျွေးမှာတုံး။ သူတောင်းတာကို
ထိုင်စားမှာလား'
'ကျုပ်မှာ ခြေရှိတယ်၊
လက်ရှိတယ်။ ကျုပ် ကူလီထမ်းကျွေးမယ်။ ဆိုက်ကားနင်းကျွေးမယ်'
'သြော်...
မြင်းမိုရ်တောင်ကိုပင် ကျော်လွှားနိုင်သော စွမ်းအင်တွေပေါ့လေ။ ဆိုက်ကား
နင်းကျွေးမယ်။ ကူလီ ထမ်းကျွေးမယ်တဲ့။ ငါ ရယ်လိုက်ချင်တယ်။ ဒီမှာ မင်းမောင်'
ဂျိန်းစဘွန်းမကြီးက
အောင်နိုင်သူမျက်နှာမျိုးနဲ့ နှုတ်ခမ်းတွေကို မဲ့လိုက်တယ်။
'ငါ လုပ်ကျွေးတာကို
တစ်လျှောက်လုံး သက်သက်သာသာ ထိုင်စားလာတဲ့ နင့်လိုဟာမျိုးက ကူလီထမ်းနိုင်မယ်များ
ထင်သလား။ ဝေးပါသေးတယ်'
'ခင်ဗျား
စောင့်ကြည့်လိုက်ပေါ့။ ကျုပ်သွားမယ်။ ရော့... ခင်ဗျားပစ္စည်းတွေ'
ကြမ်းပြင်ကော်ဇောပေါ် မင်းမင်း
ပစ်ချလိုက်တဲ့ ပစ္စည်းတွေကို ဒေစီဂျိန်းက မယုံသလို ကောက်ယူလိုက်တယ်။
'ဆွဲကြိုးတွေ၊ နာရီတွေ၊
ဟန်းချိန်းတွေ၊ လက်စွပ်တွေကို ပစ်ပြီး ကူလီသွားလုပ်မယ့်သူဟာ ဆိုက်ကားသွားနင်းမယ့်
လူဟာ အရူးမို့လို့ပေါ့'
'ကျုပ် မရူးဘူး။ ခင်ဗျားသာ
ရူးနေတာ'
'ဟုတ်ပါတယ်။ ငါက အရူးမကြီးပါ'
တံခါးဝကို မင်းမင်းထွက်လိုက်တယ်။
'ကျုပ်... ခင်ဗျားဆင်ထားတဲ့
အဝတ်အစားတစ်စုံတော့ ဝတ်သွားမယ်'
'မင်းမောင်'
မင်းမင်းလက်ကို ဂျိန်းစဘွန်းမကြီး
လှမ်းဆွဲတယ်။
'ကျုပ်လမ်း ကျုပ်သွားပါရစေ။
ခင်ဗျား ဖယ်'
'မဖယ်ဘူး'
'ဖယ်စမ်းဗျာ'
ဆောင့်တွန်းပစ်လိုက်ပြီး
အိမ်ပေါ်လှေကားကနေ မင်းမင်း အပြေးဆင်းတယ်။
လဲကျကျန်ရစ်နေတဲ့
ဂျိန်းစဘွန်းမကြီးကို တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ အမှောင်ထုထဲကို ပြေးဝင်သွားတယ်။
ပန်းညိုလေးရေ၊ အစ်ကိုလာပြီ။ မင်းနဲ့
ထာဝရအတူတူနေဖို့အတွက် အစ်ကို မင်းဆီ လာနေပြီ။
ရွှေဘုံဆင်း
ဝါခေါင်လဆန်း (၁၅)
ရက်
မင်းနှစ်ပါးရဲ့ တောင်ပြုန်း ရွှေပွဲလာ
နောက်ဆုံးနေ့။ မင်းနှစ်ပါးရဲ့ ရွှေဘုံဆင်းတဲ့နေ့။
ပွဲတော် နောက်ဆုံးနေ့ရဲ့
ထုံးစံအတိုင်း လူတွေက ကြိတ်ကြိတ်တိုး စည်ကားလို့ နေတယ်။
နန်းကြီးပေါ်မှာ မင်းနှစ်ပါးရဲ့
ပုံတော်တွေကို ရွှေချဖို့ (ရွှေဘုံဆင်း)ဖို့အတွက် မိဖုရားကြီးတွေ၊
အမတ်ချုပ်ကြီးတွေ၊ သိုးတွေ၊ ဗောင်းတွေ အလုပ်ရှုပ်ကုန်ကြပြီ။ မင်းနှစ်ပါး
ပုံတော်တွေကို ချက်ချင်း ရွှေချရမယ်။ ပြီးတော့ ဝတ်လဲတော်အသစ်၊ ဗောင်းအသစ်
လဲလှယ်ဝတ်ဆင်တော်မူလိမ့်မယ်။
နန်းကြီးပေါ်က အရှင်နှစ်ပါး
ပုံတော်ကို ရွှေချနေတဲ့အချိန် ကနားတဲတန်းက နတ်ကတော်တွေလည်း အလုပ်ရှုပ်ကြပြီ။
နောက်တစ်ပတ်ကြာရင် ကျင်းပမယ့် မင်းနှစ်ပါးက မယ်တော် ပုပ္ပားကို ပို့တဲ့ပွဲ၊
ရတနာဂူနတ်ပွဲကို ကူးဖို့အတွက် ပြင်ကြဆင်ကြရပြီ။
ပွဲတော် ခုနစ်ရက်မှာ
ငွေထုပ်ပိုက်နိုင်သူ နတ်ကတော်နဲ့ သူဌေးနတ်ကတော်တွေက ရတနာဂူပွဲ ကူးဖို့နဲ့
ကြားတစ်ပတ်မှာ နေရေး ထိုင်ရေးကို စိတ်အေးအေး စီစဉ်နေချိန်မှာ ငွေခင် အမှူးပြုတဲ့
အချို့သော နတ်ကတော် တစ်သိုက်ကတော့ ပေါင်နှံရောင်းချရေး အစီအစဉ်ကြီးကို
စတင်နေကြပြီ။
စရိတ်အတွက် ကြက်ဖလားပေါင်တဲ့ နတ်ကတော်
ရှိတယ်။
ပုံတော်ပေါင်တဲ့ နတ်ကတော်ရှိတယ်။
ဓားပေါင်တဲ့ နတ်ကတော်ရှိတယ်။ ထဘီ၊ အင်္ကျီပေါင်တဲ့သူလည်း ရှိတယ်။ ရောင်းတဲ့သူလည်း
ရှိတယ်။
ဖဲရှုံးလို့ ပေါင်တယ်။ အရက်သောက်လို့
ပေါင်တယ်။ ပိုက်ဆံမရလို့ ပေါင်တယ်။ ပေါင်နည်းတွေက အမျိုးမျိုး။
တချိုက ချောင်ကျတဲ့ ကနားတဲလေးတွေက
နတ်ကတော်၊ နတ်ပရိသတ်မရှိတဲ့၊ စန်းမရှိတဲ့၊ နာမည်မရှိတဲ့ နတ်ကတော်တွေဟာ တကယ့်ကို
ပိုက်ဆံမရကြတာ။
ပေါင်ထားတဲ့ ပစ္စည်းတွေကို ရတနာဂူကျမှ
ပြန်ရွေးကြမယ်လေ။ ပွဲစားငွေခင်တို့ ဒီအချိန်ဆို လက်မလည်တော့ဘူးပေါ့။ ကနားတဲတန်းမှာ
ငွေခင်တို့က ဟိုကူးလိုက် ဒီသန်းလိုက်၊ နတ်ကတော်တွေနဲ့ ရုတ်ရုတ် ရုတ်ရုတ်ပေါ့။
ပစ္စည်းပေါင်၊ ပစ္စည်းရောင်းတဲ့သူနဲ့ အလုပ်ကို ဖြစ်လို့။
ပိုက်ဆံမရရှာတဲ့ ချောင်ကျကျ
ကနားတဲလေးတွေမှာ နတ်ကတော်တချို့ ပွဲတော်ခုနစ်ရက်လုံး ဟန်ပြတင်ထားတဲ့
ဖုန်အလိမ်းလိမ်းနဲ့ ကြက်ကြော်ကို ထမင်းနဲ့ ချစားနေရပြီ။ ဘယ်သူတွေ ဘာတွေပဲဖြစ်ဖြစ်
ဘာကိုမှ ဂရုမထားနိုင်ဘဲ ပွဲတော်လာ လူအုပ်ကြီးထဲမှာ၊ ကနားတဲတန်းတွေကြားမှာ
မင်းမင်းဆိုတဲ့ အချစ်ရူးကောင်လေးတစ်ယောက် အတင်းတိုးဝှေ့လျှောက်သွားလို့ နေတယ်။
အိပ်ပျက်မျက်လုံးအစုံက
နေရာအနှံ့အပြားကို ရှာဖွေတဲ့ အကြည့်နဲ့ကြည့်တယ်။ ပန်းညို ဘယ်မှာလဲ။ ပန်းညိုတို့
ဘယ်မှာလဲ။ နာကျင်ဆွေးမြည့်တဲ့ သီချင်းသံလေး ဘယ်ထောင့်ကများ ပေါ်လာမှာလဲ။
ဇရပ်ပျက်ကြီးပေါ်မှာ ပန်းညိုတို့
မရှိတော့ဘူး။
ပြီးတော့... ပြီးတော့ ဘယ်နေရာမှာမှ
ပန်းညိုတို့ မရှိတော့ဘူး။
ပန်းညို ထွက်ပြေးသွားခဲ့ပြီ။
လူလိမ်လူညာ တစ်ယောက်ကို
အမုန်းကြီးမုန်းပြီး ထွက်ပြေးသွားခဲ့ပြီ။
အလိမ်အညာခံရတဲ့ သနားစရာ ကောင်မလေးရယ်။
ဘယ်အရပ်ကို ရောက်နေရှာပြီလဲ။
ကလေးတစ်ယောက်သာ ဆိုရင်ဖြင့် တောင်ပြုန်းပွဲလယ်ကောင်မှာ
ရှိုက်ရှိုက်ပြီး မင်းမင်း ငိုချလိုက်ချင်ပြီ။ ဝမ်းနည်းနာကျင်မှုနဲ့ ပင်ပန်းမှု၊
ပွဲတော်ကွင်းကို မင်းမင်း ဘယ်နှပတ် ပတ်မိမှန်း မသိဘူး။ ပန်းညိုရေလို့လည်း
ဘယ်နှခွန်း ခေါ်မိပါလိမ့်။
ကနားတဲတစ်တဲရဲ့ ရှေ့တိုင်အခြေမှာ
မဟန်နိုင်ဘဲ မင်းမင်း ထိုင်ချလိုက်တယ်။
ဖျားချင်နေပြီ။
မျက်စိမှိတ်ပြီး ခေါင်းယမ်းမိတယ်။
နုနယ်လှချည်လား ကူလီထမ်းမယ့်
သူကြီးရယ်။ ဆိုက်ကားနင်းမယ့် သူကြီးရယ်။
ပန်းညိုရေ... မင်း ဘယ်မှာလဲ။
'ဒေစီဂျိန်း မွေးစားသားလေး
မင်းမင်းပါ။ မူးနေတယ် ထင်တယ်'
ဘယ်သူလဲ ပြောတာ ဒေစီဂျိန်းမွေးစားသားဆိုတာ
ဘယ်သူလဲ။ မင်းမင်းတိုင်ခြေကနေ ထရပ်တယ်။
မိန်းမလျာတွေ နင်တို့ကို ကြည့်ကို
မကြည့်ချင်ဘူး။ ဦးဘစီရဲ့ စက်ကွင်းက လွတ်အောင် ကျုပ်ရှောင်မယ်။ ကျုပ်ဟာ ကျုပ်
ဘယ်လိုနေနေ ဘယ်လိုထိုင်ထိုင် ဘယ်သူနဲ့မှ မဆိုင်ဘူး။ မင်းမင်းဟာ လမ်းပေါ်က လူ၊
လမ်းဘေးကလူ ဖြစ်သွားပြီ။
သူဌေးမကြီး ဒေစီဂျိန်းရဲ့
လတ်လျားလတ်လျား လူပေါ်ကြော့သားကလေး မဟုတ်တော့ဘူး။ စားရမဲ့ သောက်ရမဲ့ လမ်းဘေးကကောင်
ဖြစ်သွားပြီ။
ပန်းညို... မင်းနဲ့တွေ့ရင်
မင်းတောင်းထားတဲ့ ထမင်း ကိုယ်တောင်းစားရမှာ။ ကျွေးမှာလား၊ ကိုယ့်ရင်တွေ
သိပ်ဟာနေပြီ။
တစ်နေရာရာမှ ထိုးအိပ်မှဖြစ်တော့မယ်။
လျှောက်ရင်း လျှောက်ရင်းနဲ့ မင်းမင်း အဖျားတက်စပြုပြီ။ နတ်ဆိုင်းသံတွေက နားထဲမှာ
မခံသာအောင် ဆူညံလာတယ်။ ပန်းညို နက်ဖြန်ကျရင် မင်းကို တစ်ခါရှာဦးမယ်။ နက်ဖြန်
လပြည့်ကျော်တစ်ရက်မှာ ဆုတောင်းပြည့်ဘုရား ဘုန်းကြီးဆွမ်းလောင်းပွဲ ရှိတယ်။
ထပ်ပွဲဆိုတာလည်း ရှိတယ်။ ဘုရားကို လာပို့ကြတဲ့ ဆွမ်းတော်ပွဲ ငှက်ပျောဖီးတွေကို
အချင်းချင်း ထပ်ပြီး ဘုရားက ပြန်ပေးတဲ့ပွဲပေါ့။
အဲဒီဆွမ်းလောင်းပွဲကို
ဟိုအရှုပ်မကြီးက နှစ်တိုင်းလောင်းတာပေါ့။ ပန်းညိုရယ်... အဲဒီဆွမ်းလောင်းပွဲကို
တောင်းတဲ့ လူတွေလေ အများကြီး လာကြတယ်။ ဆွမ်းကြီးလောင်းပွဲကိုတော့ သနားစရာ
ကောင်မလေး ထွက်လာရှာမှာပါ။
တစ်နေရာရာကို သွားအိပ်ချင်တယ်။
မင်းမင်းခြေလှမ်းတွေကို မသိစိတ်က တစ်နေရာရာကို သယ်ဆောင်သွားနေတယ်။
မင်းမင်းသိတဲ့ တစ်နေရာရာကို
သယ်ဆောင်သွားနေတယ်။
ကနားတဲတန်းလေးတစ်ခု၊ ပြီးတော့
ဒီဘက်ကွေ၊ ဝင်းထရံ အရှည်ကြီးကို လျှောက်၊ စက္ကူပန်းနီတွေနဲ့ ခုံးကလေး လုပ်ထားတဲ့
တံခါး၊ ခြေလှမ်းတွေက အလိုလိုသွားနေတယ်။ မျက်လုံးတွေက မဖွင့်ချင်တော့လောက်အောင်ပဲ။
စက္ကူပန်းခုံ တံခါးဝအရောက်မှာ
ခြေလှမ်းတွေက အလိုလို ရပ်တယ်။ ပြီးတော့ စိတ်လျှော့လိုက်သူတစ်ယောက်လို တံခါးဝမှာ
မင်းမင်း ပုံလဲသွားခဲ့တယ်။
ဘာကိုမှ မသိတော့ပါဘူး။
'မင်းမောင်'လို့ ဘယ်သူခေါ်လိုက်တာလဲ။
စိုးရိမ်တကြီးနဲ့ ခေါ်တာ ပန်းညိုပေါ့။
မငိုပါနဲ့ ပန်းညိုရယ်၊
ပန်းညိုရင်ခွင်ထဲမှာ အစ်ကို ဖျားချင်တယ်။
တောင်ပြုန်းလမ်းခွဲကလေးပေါ်မှာ
ပွဲတော်ပြန် ကားတန်းရှည်ကြီး တအိအိ ရွေ့လျားနေပုံဟာ လွမ်းစရာကောင်းနေသေးတော့တယ်။
ဝါဆို ဝါခေါင်လေကလေးကလည်း
ကားတန်းရှည်ကြီးကို ခွဲခွာဖို့အတွက် နှုတ်ဆက်လို့နေတယ်။
ပွဲတော်ကွင်းက ထွက်ခါစ
ဟိုင်းလပ်အဖြူလေးတစ်စီးရဲ့ ရှေ့ခန်းမှာ ကိုယ်ပူရှိန်နဲ့ နွမ်းဖျော့မှေးမှိန်နေတဲ့
မင်းမောင်ကို ဂျိန်းစဘွန်းမကြီးက စိုးရိမ်တကြီး ပွေ့ဖက်လို့ ထားတယ်။
ဘုရားစာတွေကို တတွတ်တွတ်ရွတ်ရင်း
အရှင်နှစ်ပါးကိုလည်း တတွတ်တွတ် တိုင်တည်လာတယ်။ နေကောင်းပါစေ၊ ရောဂါခပ်သိမ်း
ငြိမ်းပါစေ၊ သေမယ့်ရောဂါ ကျေးတော်မျိုး ကျွန်တော်မျိုးကို ကပ်ပါ။ ကျေးတော်မျိုး
ကျွန်တော်မျိုးကြီးက အသက်ကြီးပါပြီ။ သေဘက် နီးပါပြီ။
ကားက ဖြည်းဖြည်းချင်းလေး ရွေ့နေရာက
တုံ့ခနဲ ရပ်လိုက်တယ်။ ရထားလမ်းကူး ဂိတ်တံခါး ပိတ်ထားပြီ။
ကားနောက်ခန်းက ပစ္စည်းတွေနဲ့
အဖုံကြီးတို့ဆီကို ဂျိန်းစဘွန်းမကြီး လှည့်ကြည့်ရပြန်တယ်။ ပစ္စည်းတွေ
စိတ်ချရရဲ့လား။
သြော်... သူသာဆို ဘာပူရမလဲ။
ကားနောက်မြီးကို ခိုပြီး ပစ္စည်းတွေ ကြည့်လိုက်တာ။ ဒေစီဂျိန်းတို့ ကားရှေ့ခန်းကနေ
စတိုင်လ်နဲ့ လိုက်ရုံပဲပေါ့။
ဂျိန်းစဘွန်းမကြီးက မိန်းမတစ်ယောက်ရဲ့
ပူပန်ပုံအကြည့်နဲ့ မင်းမင်းမျက်နှာကို ကြည့်ပြန်တယ်။
ရုတ်တရက် ရထားဥသြသံကြောင့်
မင်းမင်းဆတ်ခနဲ တုန်သွားတော့ ဂျိန်းစဘွန်းမကြီး ပျာယာခတ်ရပြန်ပြီ။
အိပ်... အိပ်... ပြန်အိပ်၊ ဘာမှ
မဖြစ်ဘူးဟဲ့။
လူတွေနဲ့ နတ်ပုံတော်တွေ
ရောနှောပြည့်လျှံနေတဲ့ တောင်ပြုန်း-မန္တလေး မီးရထားက တဖြည်းဖြည်းချင်း
ဖြတ်မောင်းလို့ နေတယ်။
အပြာရောင် မီးရထားက တဂျက်ဂျက်
မြည်ဟည်းလို့ ကားလမ်းဂိတ်တံခါးကို တအိအိနဲ့ ဖြတ်ကျော်တယ်။
'သက်ဆိုင်သူသို့...
ပို့မေတ္တာ...တေးလွှာဝေ'
ရထားသံ၊ လူသံတွေ ကြားကနေ
နာကျင်ဆွေးမြည့်နေတဲ့ သီချင်းသံလေးတစ်သံက စူးစူးရှရှ ထွက်ပေါ်လာခဲ့တယ်။
မင်းမင်းတစ်ကိုယ်လုံး တုန်သွားတ်ယ။
ရီဝေဝေ မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာကြတယ်။ ခြောက်သွေ့တဲ့ နှုတ်ခမ်းအစုံက 'ပန်းညို'တဲ့။
'...မေ့မေတ္တာ...
မေ့မေတ္တာ... သောက်ကာသုံး... ပြုံးရွှင်စေ...'
ဂျိန်းစဘွန်းမကြီး လက်ထဲကနေ မင်းမင်း
ရုန်းထွက်လိုက်တယ်။
'သူ... ရထားပေါ်မှာ'
တုန်နေတဲ့ မင်းမင်းကို
ဂျိန်းစဘွန်းမကြီးက တင်းတင်းကျပ်ကျပ် ဖက်ထားတယ်။ မဟုတ်ပါဘူးတဲ့။ ဘာတွေ
လျှောက်ပြောနေတာလဲတဲ့။ နေမကောင်းလို့ စိတ်ထင်တာပါ တဲ့။ အိပ်လိုက်... အိပ်လိုက်တဲ့။
စိတ်ထင်တာလား၊ ပန်းညိုရယ် မင်းအသံလေး
မဟုတ်ဘူးလား။
ဝမ်းနည်းအားလျော့စွာနဲ့
မျက်လုံးတွေကို မင်းမင်း မှိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ လွင့်ပျံလာတဲ့
သီချင်းသံလေးကို သေသေချာချာ သိလိုက်တဲ့ ခဏမှာပဲ နာကျင်နေတဲ့ သီချင်း သံကလေးက
မင်းမင်းနဲ့ အဝေးကြီး ဝေးကွာလို့ သွားခဲ့ပြီ။
'သက်ဆိုင်သူရေ...
မေ့အသံအား... မှတ်မိပါရဲ့လား လေ...' တဲ့။
နုနုရည်အင်းဝ
(အမှတ် ၂၀၃၊
အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဆိုသော စကားပုံ ရှိခဲ့သည်ပဲ။ ရည်းစားတစ်ထောင်ပြည့်ဖို့ ဆိုသည်မှာလည်း ဘယ်လိုနည်းနှင့်မှ မလွယ်။ အကြင်နာပြည့်သော လင်ကောင်းတစ်ယောက် ရဖို့ဆိုသည်မှာလည်း ပို၍ပင် ခက်ခဲနေမည်လား။
အဖေအရွယ်နဲ့ သမီးအရွယ်၊ အမေအရွယ်နဲ့ သားအရွယ်။ အသက်ကွာဟတာနဲ့ အမျှ အတွေးအမြင်ကွာမယ်။ ကိုယ်ကာယ ရုပ်ရည်အနု အရင့် ခြားနားမယ်။ လင်မယားဆိုတဲ့ အနီးစပ်ဆုံး နေထိုင်ရတဲ့ သူနှစ်ဦးကို မဆိုနဲ့။ သူငယ်ချင်းအဖြစ်ကိုပဲ...
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။