ခင်နှင်းဦး
အချစ်ဆိုတာ ဆန်းကြယ်တယ်တဲ့။ အချစ်ဆိုတာဆိုပြီး
အချစ်နဲ့ပတ်သက်လို့ ဋီကာဖွင့်ကြတာတွေလည်း အမျိုးမျိုးပါပဲ။ သေချာတာကတော့
တစ်နဲ့တစ်ပေါင်းရင် နှစ်ဖြစ်တယ်ဆိုတာမျိုးလို အချစ်ဆိုတာ ဘယ်လိုတဲ့လို့ တိကျသေချာ
ပြောလို့မရတာပါဘဲ။
သူလိုငါလို
သမားရိုးကျ အချစ်ဇာတ်လမ်းတွေအတွက် ပြောစရာ မရှိပေမယ့် ဖြစ်ပျက်နေကျ အကြောင်းတွေထဲက
လမ်းခွဲထွက်လာတဲ့ ဇာတ်လမ်းမျိုးကျတော့ လူတွေ စိတ်ဝင်စားကြပြန်ရော။ အက်ဒွပ်ဘုရင်ရဲ့
အချစ်ဇာတ်လမ်းဆိုရင် တစ်ကမ္ဘာလုံးက ဝိုင်းပြီး စိတ်ဝင်စားခဲ့ဖူးကြတယ်လေ။
မင်းမျိုးမင်းနွယ်တစ်ဦးက ထီးနန်းစွန့်ပြီး သာမန်အရပ်သူ တစ်ခုလပ်တစ်ယောက်ကို
လက်ထပ်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေ။
ခုတလော ဦးလေး ဦးဆန်းဖေရဲ့ ဝတ္ထုကြော်ငြာတွေတွေ့တိုင်း
အချစ်အကြောင်း ကျွန်မခေါင်းထဲ ရောက်ရောက်လာတယ်။ ဦးလေးရှိစဉ်တုန်းက ဖွင့်ပြီး
နားထောင်လေ့ရှိတဲ့ မေဆွိရဲ့ သမီးရဲ့ဦး သီချင်းသံလေးကိုလည်း ကက်ဆက်ဖွင့်မထားဘဲ
နားထဲက ကြားနေတတ်ပါတယ်။ သမီးရဲ့ဦး ရှိသလို အန်တီရဲ့ သားလေးကော မရေးကြ၊
မဆိုကြတော့ဘူးလား တွေးမိရင်း မရဲ့မောင်လေး ရှိတာကို သတိရလာပါတယ်။ အင်း... အချစ်၊
အချစ်။ အသက်အရွယ်၊ ဂုဏ်ဒြပ်၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ကိုးကွယ်ယုံကြည်မှု
ဘယ်လိုအရာ၊ ဘယ်လိုစည်းကမ်းသတ်မှတ်ချက်တွေကမှ ပိတ်ပင်တားဆီးခြင်းငှာ
မရနိုင်တဲ့အရာတဲ့။ အချစ်မှာ သတ်မှတ်ချက် ဘာမျှမရှိဘူးတဲ့။ ပြောကြတာပဲလေ။
ကျွန်မ
ကျောင်းသူဘဝတုန်းက ဂုဏ်ရုံမှာ ကြည့်ခဲ့ဖူးတဲ့ ဂျပန်ကားတစ်ကားကိုပါ ပြန်သတိရလာတယ်။
ကားရဲ့နာမည်ကို “ချိန်းတဲ့နေ့” လို့ အဓိပ္ပာယ်ရတဲ့ ပြင်သစ်စာလုံးနဲ့
ရေးထားတယ်။ အင်္ဂလိပ်လိုတော့
“Date အချိန်းအချက်” လို့ အဓိပ္ပာယ်ရတယ်။ အဒေါ်အရွယ်၊
အမေအရွယ် အိမ်ထောင်ရှင် အမျိုးသမီးနဲ့ လူပျိုလေးတစ်ယောက် ရထားတွဲပေါ်မှာ
မျက်နှာချင်းဆိုင်စီးပြီး ခရီးသွားရင်း စတွေ့ကြတဲ့ ဇာတ်လမ်းလေ။
မြန်မာ ရာဇဝင်မှာလည်း
နဝဒေးနဲ့ ရှင်နှောင်း။ နတ်ရှင်နောင်နဲ့ ရာဇဓာတု ကလျာတို့ရဲ့ အချစ်ဇာတ်လမ်းတွေ
ရှိခဲ့သားပဲ။ တချို့စာအုပ်တွေက ဓာတုကလျာက နတ်ရှင်နောင်ထက် ဆယ့်သုံးနှစ်
ပိုကြီးတယ်တဲ့။ တချို့စာအုပ်တွေကတော့ ဆယ့်ကိုးနှစ် ပိုကြီးတယ်တဲ့။ ဘယ်ဟာမှန်မလဲ
မသိဘူး။ ထားပါတော့။ ဘယ်ဟာပဲ မှန်မှန် ပြေးမလွတ်တဲ့ တွက်နည်းက ဓာတုကလျာဟာ
နတ်ရှင်နောင်ထက် အနည်းဆုံး ဆယ်နှစ်ကျော်ကြီးတယ် ဆိုတာပါပဲ။
နဝဒေးနဲ့
ရှင်နှောင်းကျတော့ ကျွန်မပဲ စာဖတ်မနှံ့စပ်လို့လား မသိဘူး။ သူတို့ရဲ့ အသက်အရွယ်
ကွာခြားမှု အတိအကျ မတွေ့မိဘူး။ နဝဒေးဟာ ကလေးသာသာအရွယ် ရှင်နှောင်းကလေးကို
တွေ့တွေ့ချင်း ချစ်ခင်စွဲလမ်းသွားတယ်လို့ပဲ ဖတ်ခဲ့ဖူးတယ်။
အသက်အရွယ် ကွာခြားကြတဲ့
ချစ်သူတွေမှာ တစ်ဦးနဲ့တစ်ဦး လေးငါးနှစ်ကြီးကြ၊ ငယ်ကြတာက ညှိနှိုင်းလို့ရတဲ့
အနေအထားမျိုးမို့ ထားပါတော့။ အဲ... ဆယ်နှစ်ကြီးသည် ငယ်သည်ဆိုတဲ့ ဆယ်စုနှစ်
အပိုင်းအခြားတစ်ခုထိ ထပ်လျှော့လိုက်ပါဦးမယ်လေ။
တူသားအရွယ်နဲ့ အမေ၊
အဒေါ်အရွယ်။ တူမ သမီးအရွယ်နဲ့ အဖေ၊ ဦးလေး အရွယ်။ အသက်ခေါက်ချိုး ကွာခြားကြတဲ့
စုံတွဲတွေ ရှိတော့ ရှိတယ်။ ရှားတယ်။ အဲဒီရှားတဲ့အထဲမှာ ဦးလေး ဦးဆန်းဖေ
ပါသွားရှာတယ်။
နတ်ရှင်နောင်
အသက်နှစ်ဆယ်ကျော်၊ ဓာတုကလျာ အသက်လေးဆယ်ကျော်မှာ စုလျားရစ်ပတ် လက်ထပ်လိုက်ကြပြီး
ခုနစ်လပဲ ပေါင်းကြရရှာတယ်။ ဓာတုကလျာ နတ်ရွာစံသွားတယ် မဟုတ်လား။ နတ်ရှင်နောင်
နောက်ထပ် မိဖုရားကောက်ယူတယ်လို့ ရာဇဝင်မှာ မဖတ်ရပေမယ့် နတ်ရှင်နောင်လည်း အသက်
သုံးဆယ့်ငါးနှစ်မှာ ကံကုန်သွားတယ်။ အဲဒီတော့ သူတို့ဇာတ်လမ်းလေးက နတ်ရှင်နောင်ရဲ့
ရတုကဗျာတွေ၊ ဓာတုကလျာရဲ့ ဘုရားတိုင်တွေနဲ့အတူ လှလှပပ ကျန်ခဲ့တာပေါ့နော်။ သူတို့
နှစ်ယောက် သက်တမ်းပြည့်ထိ နေရရင် သူတို့ဇာတ်လမ်းဟာ ဒီလောက်လှပပါ့မလား။ ဓာတုကလျာ
အဘွားကြီး ဖြစ်လာချိန်မှာ မင်းပျိုမင်းလွင် နတ်ရှင်နောင်က ငယ်ငယ်ရွယ်ရွယ်
မိဖုရားလေးတွေ ထပ်ယူမှာလား။ ရှင်နှောင်းနဲ့ နဝဒေးတော့ ဆုံစည်းခဲ့ကြတယ်လို့
စာအုပ်တွေထဲ မဖတ်ရပါဘူး။ နဝဒေးဘက်က စွဲလမ်းမှုကြောင့် ရေးတဲ့ရတု၊ ကဗျာတွေပဲ
ဖတ်ရတယ်။ သူတို့ နှစ်ယောက်ဆုံစည်းခဲ့ကြရင်ကော နောက်ဆုံးဇာတ်သိမ်းခန်းဟာ
ဦးလေးနဲ့များ တူနေမလား။
ညနေဘက် ခြံထဲမှာ
မြက်နုတ်နေရင်း ကျွန်မစိတ်တွေ ပေါက်ကရ တွေးနေမိ တယ်။ ခုလို ညနေဘက်
နေဝင်လုဆဲဆဲဆိုရင် ကျွန်မတို့ အိမ်သားအားလုံး ခြံထဲမှာ ရှိနေတတ်ကြတယ်။ အရင်
တုန်းကတော့ ဦးလေးရောပေါ့။ ခုတော့ ကျွန်မရယ်၊ ဒေါ်ဒေါ်ရယ်၊ အေးမွန်ရယ် သုံးယောက်ပဲ
ရှိပါတော့ တယ်။
အရင်တုန်းက ကျွန်မနဲ့
အေးမွန်ခြံရှေ့က စပယ်ရုံ၊ ဇွန်ပန်းရုံနဲ့ မြတ်လေးရုံတွေကို ပေါင်းသင်
ရေလောင်းနေချိန်မှာ ဦးလေးနဲ့ဒေါ်ဒေါ်က စည်းရိုးအစပ်နား ကပ်စိုက်ထားတဲ့ စားပင်သောက်ပင်
တွေကို ပေါင်းသင်ပေးတယ်။ ခြံနောက်က စားပင်သောက်ပင်တွေကို မြက်ရှင်း ရေလောင်းကြတယ်။
တစ်ခါတလေတော့ ဦးလေးနဲ့
ဒေါ်ဒေါ်တို့ မြတ်လေးရုံဘေးက ကွပ်ပျစ်ပေါ် ထိုင်နေတုန်း ကျွန်မနဲ့ အေးမွန်
ခြံထဲမှာ ကြက်တောင်ရိုက် ကစားကြတယ်။ တစ်ခါတလေတော့ ရေနွေးကြမ်းအိုးနဲ့ လက်ဖက်ပန်းကန်
အလယ်မှာချပြီး လေးယောက်စလုံး ကွပ်ပျစ်ပေါ်မှာ စားကြ၊ သောက်ကြ၊ စကားပြောကြရင်း
အိပ်တန်းတက်ဖို့ အသိုက်အမြုံတွေဆီ ပြန်လာကြတဲ့ ငှက်ကလေးတွေရဲ့ တေးသံကို
နားဆင်ကြတယ်။ အနောက်ဘက် ကောင်းကင်ထဲ နစ်မြုပ်စ ပြုနေပြီဖြစ်တဲ့ နေလုံးကြီးက
ပတ္တမြားရည်တွေ အန်ထုတ်နေပုံကို ငေးကြည့်ကြတယ်။
မိုးရွာတဲ့
နေ့တွေကလွဲရင် ညနေတိုင်း ခြံထဲဆင်း ဖြစ်ကြတယ်။ မိုးစုန်းစုန်းချုပ်လို့
အိမ်ပေါ်ပြန်ကြပြီဆိုရင်တော့ အေးမွန်က ကျောင်းစာအုပ် ကောက်ကိုင်တယ်။ ဒေါ်ဒေါ်ကတော့
ဘုရားမီး ပူဇော်တာ၊ ရေချမ်းတော်လဲတာစတဲ့ ဘုရားဝေယျာ ဝစ္စတွေနဲ့ အလုပ်စရှုပ်နေပြီ။
ကျွန်မနဲ့ ဦလေးလည်း စာအုပ်ကိုယ်စီ ကောက်ကိုင်ကြရော။
ကျွန်မနဲ့ ဦးလေးက
ဘဝတူတွေပါ။ စာရေး ဆရာမကြီး ကြည်အေးရဲ့စကား အငှားသုံးပြီး ပြောရ မယ်ဆိုရင်
ဘာသာစကားချင်းတူတဲ့သူ နှစ်ဦးလေ။ ဦးလေးက မအောင်မြင်သော ဝတ္ထုရေးဆရာ။ ကျွန်မက
မအောင်မြင်သော ကဗျာ ဆရာမ။ ဦးလေးခမျာ အသက်နှစ်ဆယ့်ရှစ်နှစ်က စာရေးလာတာတဲ့။ ခု
ဦးလေးအသက် လေးဆယ်ကျော်ပြီ။ ဦးလေးရဲ့ဝတ္ထု တစ်ပုဒ်မျှ ဘယ်မဂ္ဂဇင်းမှာမှ မပါဖူးဘူး။
ကျွန်မကတော့ ဆယ်တန်းကျောင်းသူ ဘဝကတည်းက ရေးလိုက်၊ ပို့လိုက်ရတဲ့ ကဗျာတွေ။ ခု
ဘွဲ့ရလို့ ကျွန်မတို့မြို့က ဘဏ်မှာ အထက်တန်း စာရေးကြီးများတောင် ဖြစ်နေပြီ။
ကျွန်မရဲ့ ကဗျာလေးတွေကို တစ်ခါမှ ပုံနှိပ်စာလုံးအဖြစ် မမြင်ရသေးပါဘူး။
ဒါပေမယ့် မလျှော့သော
ဇွဲလုံ့လနဲ့ ဦးလေးရော ကျွန်မပါ ရေးကြဆဲ။ ကျွန်မ အလုပ်လုပ်နေတဲ့ ဘဏ်က
မြို့လယ်ကောင်မှာ ရှိတယ်။ အိမ်ကနေ ဘဏ်ကို သွားရတဲ့ လမ်းပေါ်မှာပဲ ကျွန်မတို့
မြို့ရဲ့ တစ်ခုတည်းသော စာအုပ်ဆိုင်ရှိတယ်။ လဆန်းရက်တိုင်း ခုန်နေသော ရင်၊ အေးစက်တုန်ယင်တဲ့
လက်များနဲ့ စာအုပ်ဆိုင်က ခင်းကျင်းပြသထားတဲ့ မဂ္ဂဇင်းတွေကို ကျွန်မ
ကောက်ကိုင်လေ့ရှိတယ်။ မဂ္ဂဇင်းတစ်အုပ်စီရဲ့ မာတိကာတွေပေါ်မှာ မျှော်လင့်တကြီးနဲ့
ဦးလေးရဲ့ ကလောင်အမည်၊ ကျွန်မရဲ့ ကလောင်အမည်တွေကို ရှာတာပေါ့။
စိတ်လှုပ်ရှားနေလို့
မျက်စိလျှမ်းတာလားဆိုပြီး နောက်တစ်ခေါက် ထပ်ရှာမိသေးတယ်။ နှစ်ယောက်စလုံးရဲ့
ကလောင်အမည်ကို ဘယ်လိုမှ ရှာမတွေ့တော့မှ မဂ္ဂဇင်းတွေကို ပြန်ချပြီး လေးလံတဲ့
ခြေလှမ်းတွေနဲ့ ဆိုင်ရှေ့ကနေ အောင်မြင်စွာ ဆုတ်ခွာရတယ်။ အစကတော့ ဆိုင်ရှင်က
စာအုပ်ဝယ်မယ့်သူ မှတ်တာပေါ့။ လစဉ် ဒီလိုလာလာနေပြီး စာအုပ်မဝယ်တော့ ဆိုင်ရှင်မိန်းမ
ဝဝကြီးက သိပါပြီ။ သနားစရာ စာရူးပေရူးမလေးဆိုတာ။ ကိုယ့်အတွက် စိတ်ပျက်ရင်း၊
မဂ္ဂဇင်းတွေမှာ ပါလာတဲ့ ကလောင်ရှင်တွေအတွက် ဂုဏ်ယူအားကျရင်း အငှားဆိုင်က စာအုပ်တွေ
ငှားပြီး တူဝရီးနှစ်ယောက် ဖတ်ကြတယ်။ အငှားဆိုင်ကတော့ ကျွန်မနဲ့ဦးလေး
ဆိုင်ထဲဝင်လာပြီဆိုရင် သူများတွေကို မငှားဘဲ ဖယ်ပေးထားတဲ့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ
ထုတ်ပေးတာပဲ။ လစဉ် မပျက်မကွက် အလုပ်အကျွေးပြုနေတဲ့ စာငှားဖောက်သည်ကြီး
နှစ်ယောက်ပဲလေ။
'ဟော... ဦးလေးရေ၊
စိတ်မပျက်နဲ့ သိလား။ ဒီမှာ ကြီးကြီးဒေါ်ခင်မျိုးချစ်ရဲ့ ဆောင်းပါး ဖတ်ကြည့်ပါဦး။
များများဖတ်၊ နာနာဖတ်ပြီး ရေးသာရေး၊ တစ်နေ့ဖြစ်မယ်တဲ့ ဦးလေးရဲ့'
ကျွန်မလိုပဲ
လဆန်းရက်တိုင်း စိတ်ဓာတ်ကျနေရှာတဲ့ ဦးလေးကို လှမ်းအားပေးမိတယ်။
'တော်တို့
တူဝရီးကိုတော့ အံ့ပါ့တော်။ အချိန်ကုန်၊ စာရွက်ကုန်၊ တံဆိပ်ခေါင်းဖိုးကုန်တာပဲ
ရှိတယ်'လို့ အနားမှာ ဇွန်ပန်းပွင့်လေးတွေကို အပ်ချည်ကြိုးနဲ့
ထိုင်သီနေတဲ့ ဒေါ်ဒေါ်ကပါ ကူညီပြီး အားပေးပါတယ်။
'မင်းဟာ ကုန်သည်ပီပီ
နေရာတကာ ဈေးတွက်တွက်တာကိုး။ အေး...ဟုတ်ပြီ၊ မင်းတို့ကုန်သည်တွေရဲ့ လောဘစရိုက်ကို
ဖော်ကျူးတဲ့ ဝတ္ထုရေးရမယ်။ ငါ့ဇာတ်ကောင်က မင်းပေါ့ကွာ။ ဟုတ်ပြီ၊ ဟုတ်ပြီ။
ကျေးဇူးတင်လိုက်တာကွာ။ မင်း ဒီစကားပြောလိုက်တာ ငါ့ရင်ထဲမှာ ဝတ္ထုတစ်ပုဒ်
ဖြစ်သွားတယ်ဟေ့'
'ရူးပေး၊ ရူးပေး၊
ရှင်ဒီလိုပဲ ရူးလာတာ ကြာပြီ။ ဟင်း...ကျုပ်လည်း ရှင့်ဝတ္ထုတွေ စာအုပ်တွေထဲ
ဖတ်ရလွန်းလို့ မျက်လုံးတောင် မွဲချင်လာပြီ'
ဒေါ်ဒေါ့်ရဲ့ ငေါ့သံ၊
သရော်သံကြောင့် ကျွန်မ ရယ်မိတယ်။ ဦးလေးကတော့ ဖတ်လက်စ စာအုပ်ကို ပစ်ချခဲ့ပြီး
ထသွားပြီ။ အိပ်ခန်းထဲဝင်ပြီး စာရေးတော့မယ်လေ။
အေးမွန်ရဲ့
စာစီစာကုံးတွေကို ကျွန်မပြင်ပေးတာ ဦးလေးဖတ်ပြီး 'ခင်လေးရဲ့
စကားပြေက ချောနေတာပဲ။ ငါ့တူမ ဝတ္ထုရေးရင် ဖြစ်မယ်ထင်တယ်။ လိုင်းပြောင်း ကြည့်ပါလား'လို့ အကြံပေး ဖူးတယ်။
ဟင့်အင်း၊ ကျွန်မကလည်း
ကျွန်မအဓိဋ္ဌာန်နဲ့ ကျွန်မပဲ။ ကဗျာ မအောင်မြင်သရွေ့ တခြားဘာမျှ မရေးဘူး။
ဦးလေးလိုပဲပေါ့။
ခင်ဗျား ဝတ္ထုတွေ
မဂ္ဂဇင်းမှာ မပါတာ စိတ်ပျက်မနေစမ်းပါနဲ့။ ကိုယ့်ငွေနဲ့ကိုယ် ဝတ္ထုထုတ်ပါလားလို့
အသိတစ်ယောက်က အကြံပေးဖူးတယ်။ ဦးလေးက ခါးခါးသီးသီးပဲ။ ကျုပ်ဝတ္ထုတွေ
တစ်နေ့မဂ္ဂဇင်းမှာ ပါရမယ်။ ပရိသတ်က အသိအမှတ် မပြုမချင်း ငွေနဲ့ဖန်တီးပြီး
စာရေးဆရာဘဝကို ကျုပ်မယူဘူး ပြောခဲ့တယ်လေ။
ဒါဟာ ကျွန်မတို့ရဲ့
အရင်ဘဝလေးပါပဲ။ ကျွန်မတို့ ကမ္ဘာလေးထဲက ဦးလေး ပျောက်သွားတာ နှစ်နှစ်ပြည့်ခါနီးပြီ။
နှစ်နှစ်ပြည့်လုလုမှာ ဦးလေးရဲ့ဝတ္ထုတွေ ကျွန်မ စဖတ်ရပြီလေ။ ဦးလေး ကြုံးဝါးခဲ့သလို
မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ဖတ်ရတာ မဟုတ်ပါဘူး။ ကိုယ့်ငွေ ကိုယ်စိုက်ထုတ်ပြီး
ကိုယ့်ဘာသာကိုယ်ထုတ်တဲ့ ဦးလေးရဲ့ ပင်ကိုရေးဝတ္ထုတွေအဖြစ် ဖတ်ရတာပါ။
□
'ချစ်ပုံပြင်လေး
မဆုံးစေချင်' နာမည်နဲ့ ဦးလေးရဲ့ ပထမဆုံးဝတ္ထု ကြော်ငြာကို
သတင်းစာထဲမှာ တွေ့တဲ့နေ့က ကျွန်မ အံ့သြတုန်လှုပ်သွားတယ်။ ဦးလေးရဲ့ မအောင်မြင်သော
ကလောင်အမည်က ထွန်းတောက်။ ကြော်ငြာမှာ တွေ့ရတဲ့ ကလောင်အမည်က ကိုကြီးထွန်းတောက်။
ဦးလေးလို့ ချက်ချင်းသိလိုက်တာက ကြော်ငြာစာတွေကြောင့်ပါ။
'ပစ်ပြေးတဲ့
အချစ်ကလေးကြောင့် ရင်ပွင့်ခံစား၊ ဖူးပွင့်လာရတဲ့... ချစ်ကိုယ်တွေ့' တဲ့။
ဘာမကြား၊ ညာမကြား
ဦးလေးနဲ့ ယုလဲ့ အကြောင်းတွေ ငြိမ်သက်နေရာက ယုလဲ့တစ်ယောက် မြို့ကို ပြန်ရောက်လာပြီ၊
သူ့ မိဘလက်ထဲ ပြန်ရောက်နေပြီ၊ အပြင်ကိုတော့ မထွက်သေးဘူး၊ ယုလဲ့ အိမ်ပြန်ရောက်နေတာ
သေချာတယ်လို့ သတင်းစကားတွေ စကြားနေချိန်မို့ ကိုကြီးထွန်းတောက်ဟာ ဦးလေးပဲရယ်လို့
စိတ်ထဲက သိလိုက်တယ်။ ပြောခဲ့တယ်လေ။ ဦးလေးနဲ့ကျွန်မက ဘာသာစကား တူကြတယ်လို့။
ဒေါ်လေးကတော့
အချစ်ကြီးသလောက် အမျက်ကြီးတယ်။ အရှက်ကြီးတာလည်း ပါတာပေါ့လေ။ ကျွန်မနဲ့အေးမွန်ကို
ဘယ်တုန်းကမှ မသုံးခဲ့တဲ့ အသုံးအနှုန်းတွေနဲ့...
'မိခင်ခင်လေးနဲ့
မိခင်အေးမွန်၊ ညည်းတို့ ဦးလေး၊ ညည်းတို့အဖေအကြောင်း ငါ ဘာမှမကြား ချင်ဘူး။
ငါ့အိမ်ပေါ်မှာလည်း သင်းနာမည် မကြားချင်ဘူး နားလည်လား'
ဦးလေးနဲ့ယုလဲ့ ရန်ကုန်
ထွက်သွားကြပြီဆိုတာ သေချာကြောင်း သိရတဲ့နေ့က ဒေါ်ဒေါ်ပြောခဲ့တဲ့ စကားတွေပါ။
ကျွန်မတို့ ကွယ်ရာမှာတော့ မသိဘူး။ ကျွန်မတို့ ရှေ့မှာတော့ ဒေါ်ဒေါ်
မျက်ရည်တစ်စက်မျှ မကျဘူး။ ပန်းသီနေကျ ဒေါ်ဒေါ်ဟာ ပန်းသီရင်း လွဲချော်ပြီး လက်ကို
အပ်ထိုးမိတော့ တောက်တစ်ချက် ပြင်းပြင်းခေါက်ပြီး ပန်းတစ်ပွင့်နှစ်ပွင့်ပဲ
တွဲခိုရသေးတဲ့ အပ်နဲ့အပ်ချည်တန်းလန်းကိုရော ပန်းဗန်းကိုပါ လွှင့်ပစ်လိုက်တယ်။
'သေခါနီး
အသက်လေးဆယ့်ငါးနှစ်ကျမှ အရှက်မရှိ၊ လူကြားမကောင်း သူကြားမကောင်း။ သင်းမရှက်ပေမယ့်
ငါရှက်တယ်။ ဈေးကို ဘယ်လိုမျက်နှာနဲ့ ထွက်ရမှာလဲ'
ကြမ်းပြင်ပေါ်မှာ
ဟိုသည် ပြန့်ကျဲကျနေတဲ့ ဇွန်ပန်းလေးတွေက အနံ့သင်းနေပေမယ့် မငဲ့ညှာနိုင်တော့ပါဘူး။
ပန်းတွေကို ကျွန်မ တံမြက်စည်းနဲ့ လိုက်သိမ်းနေရတယ်။ အေးမွန်ကတော့ စကားတစ်ခွန်းမျှ
မထွက်ဘဲ အသံတိတ် ငိုနေတယ်လေ။
ဒေါ်ဒေါ် ဘုရားအကြာကြီး
ရှိခိုးနေချိန်မှာ အေးမွန်ကို ကျွန်မ အိပ်ခန်းထဲ ခေါ်ခဲ့တယ်။ အေးမွန်က အိပ်ခန်းထဲ
ရောက်တော့မှ အိပ်ရာပေါ်ပစ်လှဲပြီး အသံထွက် ငိုပါတော့တယ်။
'ဖေဖေ လုပ်သွားပုံကို
ကြည့်ပါဦး မမလေးရယ်။ မေမေသာ ဈေးထဲမှာ မျက်နှာမပြရဲတာ မဟုတ်ဘူး။ အေးမွန်လည်း
ဘယ်လိုမျက်နှာနဲ့ ကျောင်းသွားရမှာလဲ။ အေးမွန်သေချင်တယ်။ တကယ် သေပစ်လိုက်ချင်တယ်'
ကျွန်မလည်း အေးမွန်ကို
ဘယ်လိုနှစ်သိမ့်ရမှန်းကို မသိတော့ဘူး။ ဦးလေး မူပျက်လာတာကို ပထမဆုံး သိသူက ကျွန်မ။
ဒါပေမယ့် ဒီအခြေအနေထိ ဖြစ်သွားမယ် မထင်မိဘူး။ လေးဆယ့်ငါးနှစ်ဆိုတဲ့ အရွယ်၊
မြို့ငယ်ကလေးမှာ လူတိုင်းလိုလိုသိတဲ့ ဦးလေးရဲ့ရာထူး၊ ပြီးတော့
ဒေါ်ဒေါ်နဲ့အေးမွန်ဆိုတာတွေကြောင့် ဦးလေးကို စိတ်ချမိတယ်။ အရင်က ဦးလေးမှာ
မိန်းမပြဿနာ ကင်းခဲ့တာကြောင့်လည်း တစ်ကြောင်းပေါ့။
အဲဒီညက
ဒေါ်ဒေါ်တစ်ညလုံး အိပ်မပျော်ဘူး ထင်ပါတယ်။ နိုးလိုက် အိပ်ပျော်လိုက် ဖြစ်နေတဲ့
ကျွန်မ နိုးလာတိုင်း ဒေါ်ဒေါ့်အခန်းထဲက မီးခြစ်ခြစ်သံ ကြားရတယ်။ ဆေးလိပ်
မီးခိုးနံ့ရတယ်။ ဒေါ်ဒေါ်တို့ အိပ်ခန်းနဲ့ ကျွန်မနဲ့အေးမွန်အိပ်ခန်းက
နံရံတစ်ချပ်ပဲ ခြားတာကိုး။
□
ဦးလေးနဲ့
ဒေါ်ဒေါ်တို့ပုံစံက ရှေးဟောင်းအိမ်ထောင်သည်တွေရဲ့ ပုံစံဖြစ်ပေမယ့် သူတို့ချင်း
သဘောကျပြီး ယူခဲ့ကြတာပါ။ အသက်အရွယ်ကြီးလာလို့၊ အိမ်ထောင်သက်ကြာလာလို့ ငယ်ရွယ်သူ
စုံတွဲတွေလို စကားဖွဲ့နွဲ့ပြောခြင်းတော့ မရှိဘူး။ တစ်ယောက်ကို တစ်ယောက်တော့
ဂရုစိုက်ကြတယ်။
ဦးလေး စာရေးတာကို
ဒေါ်ဒေါ် နှုတ်ကသာ သရော်လှောင်ပြောင်တာ။ တကယ် ဦးလေး စာရေးနေပြီဆိုရင် အခန်းထဲ
ဝင်ရင်တောင် ခြေသံမကြားအောင် ခြေလှမ်းဖွနင်းတယ်။ ဦးလေး စာရေး စားပွဲနဲ့
မလှမ်းမကမ်းမှာ ရေနွေးကြမ်းဓာတ်ဘူး၊ လက်ဖက်ရည်ဓာတ်ဘူးနဲ့ အကြမ်းပန်းကန်၊
အချိုပန်းကန်တွေက အသင့်။
ကျွန်မက ပြုံးစိစိနဲ့
အေးမွန်ကို မျက်စပစ်ပြလိုက်တယ်။ အေးမွန်ကတော့...
'မောင့်အနားမှာ
ရေပူရေချမ်းကမ်းလို့ ပါရမီဖြည့်မယ့်ခင်...' ဆိုပြီး
ခပ်တည်တည်နဲ့ သီချင်းလုပ်ဆိုတယ်လေ။ ရှက်ကိုးရှက်ကန်း မျက်နှာကြီးနဲ့ ဒေါ်ဒေါ်က...
'ဝတ္တရား ရှိလို့အေ့။
ညည်းတို့က မအေကိုများ လှောင်စရာ မှတ်နေလား'လို့
လှမ်းမာန်လိုက်သေးတယ်။
ဒေါ်ဒေါ်ကတော့
ဇက်ကြောတက်တတ်တယ်။ အညောင်းပြေအောင် ကျွန်မတို့နဲ့ဝင်ပြီး ကြက်တောင်ရိုက်ပါလား
ခေါ်လို့လည်း မရဘူး။ ဒေါ်ဒေါ်က မိဘလက်ငုတ်အထည်ဆိုင်ကို ရောင်းနေသူဆိုတော့
အညောင်းထိုင်ရသူပဲ။
'မင်းက
တစ်ခါတစ်ခါတော့လည်း ခွကျပါတယ်ကွာ။ တစ်နေကုန် အညောင်းထိုင်ရလို့
ကိုယ်လက်လှုပ်ရှားမှု လုပ်ဆိုတော့လည်း လေ့ကျင့်ခန်းလုပ်ရမှာ ရှက်ပြန်သတဲ့။
သမီးတို့နဲ့ ကြက်တောင် ဝင်ရိုက်ဆိုတော့လည်း ကလေးကလား နိုင်ပြန်သတဲ့။ တော်တော်
ပြောရကျပ်တာပဲ' အခန့်မသင့်တဲ့အခါမျိုးမှာ ဦးလေးက အဲဒီလို
မြည်တွန်တောက်တီးတတ်ပေမယ့် တစ်ပတ်တစ်ခါ ဒေါ်ဒေါ့်ကို ဝမ်းနုတ်ဆေးတိုက်တယ်။
ဒေါ်ဒေါ်က ဦးလေးတိုက်တဲ့ ဝမ်းနုတ်ဆေးကို သောက်ရင်း...
'တော်ပဲ ခေတ်မီပါ။
ကျုပ်တော့ အေးအေးနေပါရစေ။ ခုခေတ် ကလေးမတွေကိုလည်း ကျုပ်ဖြင့် တယ်ကြည့်မရပါဘူး။
ရဲတင်းလွန်း ပါတယ်တော်'
ကျွန်မတို့ဘဏ်က အမျိုးသမီးတစ်ဦးရဲ့
မင်္ဂလာဧည့်ခံပွဲတုန်းကပေါ့။ သတို့သမီးက...
'မောင်၊
ဒါချစ်တို့ရုံးက မခင်ခင်လေးရဲ့ အဒေါ်လေ။ ခင်ခင်လေးမိဘတွေ ဆုံးသွားကတည်းက တူမကို
သမီးလို မွေးလာတာ'လို့ သတို့သားနဲ့ ဒေါ်ဒေါ့်ကို
မိတ်ဆက်ပေးတယ်။
အပြန်လမ်းမှာ ဒေါ်ဒေါ်က
'သမီးတို့ခေတ် မိန်းကလေးတွေကလည်းအေ။ ငါဖြင့် ရှက်လို့
မျက်နှာဘယ်လိုထားရမယ် မသိဘူး။ လူတွေတစ်ပုံကြီးရှေ့ ယောကျ်ားကို ခေါ်တာကြီးကလည်းအေ။
သူ့နာမည်ကကော ချစ်တဲ့လား။ သမီးပြောတော့ အေးအေးဆို'
ကျွန်မ အော်ရယ်မိတယ်။
'ဒေါ်ဒေါ်တို့တုန်းကလိုတော့
ကိုဟိုဒင်းတို့၊ ဒီမှာတို့ ဘယ်ခေါ်မှာလဲ ဒေါ်ဒေါ်ရယ်။ ချစ်ဆိုတာလည်း
သူ့ယောကျ်ားနဲ့မို့ သူ့ကိုယ်သူပြောတာလေ။ နာမည် မဟုတ်ပါဘူး'
ညနေဘက် ကျွန်မတို့
ကြက်တောင်ရိုက်နေတုန်းများ ယောကျ်ားဧည့်သည် မလာလေနဲ့။ ယောကျ်ားဧည့်သည်လာရင်
ကျွန်မတို့ ကြက်တောင်ရိုက်တာ ရပ်ထားရတယ်။ ယောကျ်ားတွေရှေ့မှာ ကုန်းဟယ်၊ ကွဟယ်၊
ခြေကားရား လက်ကားရား မလုပ်ရဘူးတဲ့။
'မင်းနှယ်ကွာ၊
ဘောင်းဘီတိုလေးတွေ ဝတ်ပြီး လူအများရှေ့ ကစားရတဲ့ကစားပွဲတွေလည်း မြင်ဖူးလျက်နဲ့။
အကြောင်းကိစ္စကြောင့် လှုပ်ရှားတာနဲ့ မလိုအပ်ဘဲ ဣန္ဒြေမဲ့တာ တခြားစီပဲဟာ'
ဒီလို
အကြောင်းလေးတွေကလွဲလို့ ဦးလေးနဲ့ ဒေါ်ဒေါ်ကြားမှာ ပြဿနာ ကြီးငယ်မရှိပါဘူး။ တကယ့်
အရေးကိစ္စဆိုရင်...
'သမီးအဖေ့ သဘောပဲ'
ဆိုတဲ့ စကားတစ်ခွန်းသာ ဒေါ်ဒေါ် ဆိုတတ်တယ်။
ဒါကြောင့်
ဦးလေးသတင်းတွေ သိုးသိုးသန့်သန့် စထွက်လာပေမယ့် ကျွန်မ စိုးရိမ်တကြီး မဖြစ်မိဘူး။
အရင်က မိန်းမကိစ္စ အစွန်းအထင်း မရှိခဲ့ဖူးလို့ ဦးလေးကို ယုံကြည်စိတ်ချတာလည်း ပါတယ်။
အဲဒီတုန်းက
စာအုပ်ဟောင်းတွေ ပြန်မွှေပြီး ရှင်နှောင်းအတွက် နဝဒေးရေးဖွဲ့ခဲ့တဲ့စာတွေကို
ဦးလေးပြန် ရှာနေတာ တွေ့ပေမယ့် ကျွန်မ သံသယကင်းလျက်ပဲ။ ဒီအချိန်မှာ မေဆွိရဲ့
သမီးရဲ့ဦး သီချင်းကိုလည်း ဦးလေး ဖွင့်နေလေ့ရှိပြီ။ နဝဒေးစာတွေကို ကျွန်မ
ကူရှာပေးရင်း...
'ခေတ်သစ် နဝဒေးနဲ့
ရှင်နှောင်းအကြောင်း ဝတ္ထုရေးမလို့လား' ဆိုတော့ ဦးလေး
ပြုံးနေတယ်။
စာအုပ် ငုံ့ရှာနေတဲ့
ဦးလေးရဲ့ခေါင်း နောက်ဘက်မှာ ခါတိုင်း ရောနှောမြင်ရလေ့ရှိတဲ့ အဖြူနဲ့အမည်းရောင်အစား
အမည်းရောင်သက်သက်ကို မြင်လိုက်ရတယ်။ ဒီတော့မှ ကျွန်မစိတ်ထဲ ပူပန်စပြုလာတယ်။
ခုတလော
ဦးလေးတို့ရုံးမှာ အလုပ်ဝင်တာ သိပ်မကြာသေးတဲ့ လက်နှိပ်စက် စာရေးမလေး ယုလဲ့နဲ့ဦးလေး
ဘာလိုလိုသတင်းတွေ ထွက်နေတယ်။ မြို့ငယ်ကလေးမှာ ဌာနဆိုင်ရာ ရုံးကနည်းတော့
မှန်တဲ့သတင်းရော၊ မှားတဲ့သတင်းပါ ပျံ့နှံ့လွယ်တယ်။
ကျွန်မတို့ဘဏ်မှာ
ငွေလာထုတ်တဲ့ ဦးလေးတို့ရုံးက ဝန်ထမ်းတွေ သယ်လာတဲ့ သတင်းပါပဲ။ သတင်းသယ်လာသူက...
'သမီးအရွယ်နဲ့
အဖေအရွယ်ပါဗျာ။ ကောင်မလေးက တော်တော်လှတယ်။ ခင်ဗျားဦးလေးက လျင်ပါ့ဗျာ။
ကျွန်တော်တို့ လူငယ်တွေတောင် မချန်ဘူး'လို့ ခပ်ကြမ်းကြမ်း
စကားသုံးလာသူကို ကျွန်မ မျက်မှောင်ကုတ် ကြည့်မိတယ်။
ဦးလေးရဲ့ အဖြူတစ်ပင်
မမြင်ရတော့တဲ့ ဆံပင်တွေကို ငေးကြည့်ရင်း ကျွန်မ မယုံကြည်ခဲ့တဲ့
သူတစ်ပါးပြောစကားတွေကို ပြန်ကြားယောင်လာပါတယ်။ ဦးလေးကို ကျွန်မ သံသယစဖြစ်လာပြီး
နှစ်ပတ်အတွင်းမှာပဲ အဖြစ်အပျက်တွေက လျင်လျင်မြန်မြန် ဖြစ်သွားတယ်။
ယုလဲ့ မိဘတွေဆီကိုလည်း
ဦးလေးတို့ရဲ့သတင်း ရောက်သွားပါတယ်။ စားနိုင်သောက်နိုင် အခြေအနေရှိတဲ့
ယုလဲ့မိဘများက ဆယ်တန်း တဖုတ်ဖုတ်ကျနေလို့သာ သမီးကို လက်နှိပ်စက် စာရေး
အလုပ်ဝင်လုပ်ခွင့်ပေးထားတာ။ ယုလဲ့ရဲ့ဝင်ငွေ လျော့သွားလို့ အကြောင်းမဟုတ်တာကြောင့်
ယုလဲ့ကို အလုပ်က နုတ်ထွက်ခိုင်းလိုက်တယ်။
ယုလဲ့
အလုပ်ထွက်သွားပေမယ့် ဦးလေး ဟန်မပျက်၊ သွားလို့လာလို့ပါပဲ။ ရုံးမှာလည်း
နေမြဲပုံစံနဲ့ ဦးလေးကို တွေ့ရတယ် ထင်ပါရဲ့။ ဦးလေးတို့ရုံးက လူတွေရဲ့ မှတ်ချက်တွေ
ကျွန်မတို့ဘဏ်ကို ရောက်လာပြန်ပါတယ်။
'ကောင်မလေးက
ခပ်လွယ်လွယ်မို့ အဘိုးကြီးက အိပ်ချင်ပြေကစားတာပေါ့ကွာ။ ပြီးတော့လည်း ပြီးတာပါပဲ'တဲ့။
တော်တော်မှန်တဲ့
မှတ်ချက်ပဲ။ ယုလဲ့အလုပ်ထွက်လို့ အလွန်ဆုံးရှိ ဆယ်ရက်ပေါ့။ ဦးလေးနဲ့ယုလဲ့
နှစ်ယောက်စလုံး မြို့ကနေပျောက်သွားကြတယ်လေ။ ဦးလေးတို့ လုပ်ခဲ့ပုံက ပိရိပါပေတယ်။
ရုံးမှာ လုပ်သက်ခွင့် ရှိရှိသမျှ တင်ခဲ့တယ်။ ဘဏ်ငွေစုစာအုပ် ယူသွားတယ်။ ဒေါ်ဒေါ်က
ရုံးပြင်ကနား မသွားချင်လို့ ငွေစုစာအုပ်ကို ဦးလေးနာမည်နဲ့ ထားတာ။ ဒေါ်ဒေါ့်ကို
တောင်းပန်စာ တစ်စောင်ရေးထားခဲ့တယ်။
ကျွန်မတို့
မြို့လေးကလည်း ငယ်၊ ဦးလေးက လူသိများတဲ့ ဝန်ထမ်းအိမ်ထောင်ရှင် တစ်ဦးလည်းဖြစ်ပြန်၊
ယုလဲ့က အေးမွန်ထက် သုံးနှစ်ပဲကြီးတာဆိုတော့ ဦးလေးနဲ့ ယုလဲ့အကြောင်းဟာ
တော်တော်ဂယက်ရိုက်သွားတယ်။ ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေ အမျိုးမျိုးထွက်လာတာပဲ။
လူ့သဘာဝပဲလေ။ ပြောကြမှာပေါ့။
ယုလဲ့ မိဘတွေလည်း
ရင်ကျိုးရှာတယ်။ သမီးငယ်ငယ် အချောအလှလေး။ အဖေအရွယ် အိမ်ထောင်လက်ရှိလူနဲ့
လိုက်ပြေးတယ်ဆိုတော့ ဘယ်မိဘခံနိုင်မှာလဲ။ ဦးလေးနဲ့ ယုလဲ့ကို လိုက်ရှာပြီး သမီးကို
ပြန်ခေါ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ နောက်ပိုင်းမှာတော့ ယုလဲ့ကို
မိဘနှစ်ပါးက သမီး အဖြစ်မှ စွန့်လွှတ်ကြောင်း ကြော်ငြာသတင်းစာထဲ ပါလာတယ်။
ဦးလေးလည်း
ဘယ်လိုအစီအမံတွေနဲ့ ကြိုးစားတယ်မသိဘူး။ ရုံးကို အလုပ်ထွက်စာ လှမ်းတင်ပြီး
အလုပ်ထွက်သွားတယ်။ မြို့ကို လုံးဝပြန်မလာဘူး။ ရန်ကုန်မှာ ကျူရှင်ပြသလိုလို
ရှေ့နေလုပ် သလိုလိုတော့ ကြားလိုက်ရသေးတယ်။ အချိန်ကြာလာတော့ ကျွန်မတို့အိမ်မှာ
ဦးလေးမရှိတာကလွဲရင် အားလုံး ပုံမှန်ပြန်ဖြစ်သွားတယ်။ ဦးလေးနဲ့ယုလဲ့ အကြောင်းလည်း
လူတွေပါးစပ်ဖျားမှာ မကြားရတော့ ဘူး။
ခုတော့ ဦးလေးနဲ့ယုလဲ့
ထွက်သွားကြတာ တစ်နှစ်ခွဲကျော်အကြာမှာ ယုလဲ့မိဘအိမ် ပြန်ရောက်နေပြီ ကြားရတယ်။
မရှေးမနှောင်းမှာပဲ ဦးလေးရဲ့ဝတ္ထု ထွက်လာတယ်။
□
'ကိုကြီးနဲ့
ယုငယ်တို့ရဲ့ ပျော်ရွှင်စရာ အချစ်ရက်တွေကို မိနစ်၊ စက္ကန့်နဲ့အမျှ ပြန်သတိရ
တမ်းတလျက်ပါ ယုငယ်လေး...'
ဦးလေးရဲ့ 'ချစ်ပုံပြင်လေး မဆုံးစေချင်' ဝတ္ထုအစလေ။
ဝတ္ထုတစ်ပုဒ်လုံးမှာ ကျန်ရစ်သူရဲ့ တမ်းတလွမ်း မောခြင်းတွေ၊ ငိုကြွေးရှိုက်ငင်ရခြင်းတွေ၊
ပူလောင်ဆင်းရဲ ပင်ပန်းရခြင်းတွေကို ရေးထားလေရဲ့။
'ဈေးထဲမှာ သူများတွေ
ဒီဝတ္ထုဖတ်ပြီး ပြောကြတော့ ငါ သိပ်ရှက်တာပဲအေ။ သင်း သေခါနီး ရောဂါ ထပ်ထနေပြန်ပြီအေ့'
ပန်းတွေကို
ဆောင့်အောင့်သီရင်း ဒေါ်ဒေါ် တဖျစ်တောက်တောက် ပြောနေတယ်။ အေးမွန်က မျက်နှာလေး
နီရဲပြီး အောက်နှုတ်ခမ်းကို သွားနဲ့ဖိကိုက်နေတယ်။ ကျွန်မလည်း ဦးလေးဝတ္ထု စာအုပ်ကို
လုံအောင် ဝှက်မိရဲ့လားတွေးရင်း စိတ်ညစ်နေတယ်။
ဦးလေးဝတ္ထုတွေ
နှစ်လခြားတစ်အုပ်၊ သုံးလခြားတစ်အုပ် ထွက်ထွက်လာတာ ခုဆို ငါးအုပ်တောင် ရှိသွားပြီ။
ဇာတ်လမ်းဇာတ်ကွက် ပြောင်းသွားတာ၊ ဇာတ်ကောင်အမည်တွေ ပြောင်း သွားတာကလွဲလို့
သမီးအရွယ် ဇနီးကလေးရဲ့ ပစ်ပြေးခြင်းခံရတဲ့ ကိုကြီး ကျန်ရစ်ရဲ့ လွမ်းတကြေကွဲရ
ခြင်းတွေပါပဲ။
ကျွန်မလည်း ကဗျာမှာ
မအောင်မြင်မချင်း ဝတ္ထုမရေးဘူး။ ကိုယ့်ငွေနဲ့ကိုယ် ဝတ္ထုထုတ်ပြီး စာရေးဆရာ
အမည်မခံယူဘူးဆိုတဲ့ သန္နိဋ္ဌာန်ကြီးကို မဖျက်ချင် ဖျက်ချင်နဲ့ ဖျက်လိုက်ရပါတယ်။
ဦးလေးအတွက် ကျွန်မ ဝတ္ထုရေးမယ်။ ရေးချင်စိတ်တွေလည်း ရင်ထဲမှာ တားမနိုင်ဆီးမရ
ဖြစ်လာ တယ်။
ကြိုတင်
စိတ်ကူးထားချက်လည်း မရှိ၊ ဝတ္ထုရေး လေ့ရေးကျင့်လည်း မရှိတော့ ဝတ္ထုရေးရတာ
ခက်ခဲပင်ပန်းလိုက်တာ။ ပထမဆုံး ဝတ္ထုနာမည်မှာတင် ကျွန်မ ချွေးပြန်နေတယ်။
'ကျွန်မ ပြောချင်သော
အချစ်အကြောင်း' မကြိုက်လို့ ခြစ်ချလိုက်တယ်။
'ဦးလေးသို့' ရိုးလွန်းပါတယ်ဆိုပြီး ကြက်ခြေခတ်ရပြန်ရော။
ဝတ္ထုခေါင်းစဉ်
ရှာမရတာနဲ့ကို ကျွန်မ စိတ်ဓာတ်တွေ ကျလာတယ်။ ဝတ္ထုခေါင်းစဉ်ရေးလိုက် ခြစ်ချလိုက်
လုပ်ထားတာတွေနဲ့ ပေပွမွနေတဲ့ စာရွက်ကို စားပွဲပေါ် ပစ်တင်ပြီး လက်လျှော့
လိုက်ရတယ်။
အဲဒီညကလည်း ကျွန်မ
ကောင်းကောင်း အိပ်မပျော်ပြန်ဘူး။ ည တစ်နာရီလောက်မှာ လန့်နိုးလာပြီး ဗြုန်းခနဲ
ခေါင်းထဲမှာ လင်းလက်သွားတယ်။ အတွေးစလေးတွေ ပျောက်သွားမှာစိုးလို့ အိပ်ရာထဲက
လူးလဲထလိုက်ရတယ်။ စာရွက်သစ်တစ်ရွက် ဆွဲယူပြီး ဝတ္ထုခေါင်းစဉ်ကို ကျွန်မ
ရေးချလိုက်တယ်။
'လမ်းခုလတ်တွင်
တွေ့ဆုံခြင်း'
အချစ်ဆိုတာ
သိပ်အရေးကြီးပါတယ် ဦးလေးရယ်။ အရေးကြီးတဲ့အချစ်အကြောင်းကို ပြောတော့မှာမို့ ခင်လေး
အချစ်အကြောင်း ဖွင့်ဆိုချက်တွေ အများကြီး လိုက်ဖတ်ရတယ် ဦးလေးရဲ့။ အချစ်အကြောင်း
ဖွင့်ဆိုချက်တွေကလည်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို
အမျိုးမျိုးပဲနော်။
ခင်လေး ရှာဖွေဖတ်မိတဲ့
အချစ်အကြောင်း ဖွင့်ဆိုချက်တွေနဲ့ လူတွေကြားမှာ မြင်တွေ့ရ၊ ကြားသိရတာတွေ ပေါင်းပြီး
ခင်လေးရဲ့ ကိုယ်ပိုင်ယူဆချက်ကို ထပ်ပြောပြချင်တယ်။ ဒါဟာ ခင်လေးရဲ့ အတွေးက
ပေါက်ဖွားလာတဲ့ အရေးမို့ ဦးလေးနဲ့မတိုက်ဆိုင်ရင်လည်း သူငယ်နှပ်စားမက ငါ့ကို
ဆရာပြန်လုပ်နေပြန်ပြီလို့ မထင်လိုက်ပါနဲ့ ဦးလေးရယ်။
'မတည်မြဲခြင်းသာလျှင်
တည်မြဲလေ၏' ဆိုတဲ့ ယူဆချက်ကို ခင်လေးအလေးအနက် လက်ခံတယ်။
လောကမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရာအားလုံး ဘာမျှမတည်မြဲကြပါဘူး
ဦးလေး။ အခိုက်အတန့်ကာလ အတိုင်းအတာတစ်ခု အနေနဲ့သာ တည်မြဲတာပါ။
ဖိုနဲ့မကြားမှာဖြစ်တဲ့ အများသူငါ ပြောနေကြတဲ့ အချစ်ဆိုတာကလည်း ရုပ်နဲ့စိတ်ပေါ်
မှီပြီးဖြစ်တာမို့ တည်မြဲတဲ့အရာလို့ ဘယ်မှာပြောနိုင်မှာလဲ ဦးလေးရယ်။
သေတစ်ပန်သက်တစ်ဆုံး တစ်ယောက်ဆို တစ်ယောက် တည်းဆိုတဲ့ အချစ်မျိုးကလည်း
လူတစ်သိန်းမှာ တစ်ယောက်လောက် ရှိမှာပါ။ အများအားဖြင့်တော့ ခင်လေးတို့
တွေ့နေရတာတွေက အချစ်များစွာနဲ့ ကိုယ်တွေ့ပါပဲနော်။
လှလို့ချစ်တယ်၊
တော်လို့ချစ်တယ်၊ သနားလို့ ချစ်တယ်၊ စိတ်သဘောထားကောင်းလို့ ချစ်တယ်နဲ့ ချစ်ရတဲ့
အကြောင်းရင်းတွေကလည်း အများကြီးပဲ။
နောက်ဆုံးတော့
ယောကျ်ားတစ်ယောက်နဲ့ မိန်းမတွေ့ဆုံတိမ်းညွတ်ကြတာ၊ တပ်မက်ကြတာကို အားလုံး
သိမ်းကျုံးပြီး အချစ်လို့ ခေါင်းစဉ်တပ်လိုက်တာက များနေတယ်။ ပညာရှင် တစ်ဦးက
ဆိုခဲ့တယ်။ အချစ်ဆိုတာကို တကယ်တွေ့ကြုံရတဲ့သူ၊ သိနားလည်တဲ့သူ အင်မတန် နည်းတယ်တဲ့။
ကြိုက်ခြင်း၊ တပ်မက်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ကိုပဲ လူတွေက အလွယ်တကူ အချစ်လို့
ခေါင်းစဉ်တပ်လိုက်ကြတာတဲ့။
တကယ့်အချစ်ဟာ
အများအားဖြင့် တစ်ဖက်တည်းမှာပဲ ရှိတယ်တဲ့။ မိန်းကလေးက သိချင်မှတောင် သိမယ်။
ချစ်နေတဲ့ ယောကျ်ားလေးက မိန်းကလေးရဲ့ ကောင်းကျိုးကို အမြဲလိုလားနေမယ်။ သူကလေးအတွက်
ဖြည့်ဆည်း ကူညီရတာကို ကျေနပ်ပျော် ရွှင်နေမယ်။ အကယ်၍ မိန်းကလေးက မတုံ့ပြန်ရင်လည်း
ဝမ်းနည်းရုံကလွဲလို့ သူ့အချစ်ကတော့ ပြောင်းလဲ မသွားဘူးတဲ့။ ယခင်အတိုင်း ဆန္ဒမွန်နဲ့
ချစ်မြဲ ချစ်နေမှာပဲတဲ့။ မိန်းကလေးဘက်ကလည်း ဒီပုံစံအတိုင်း ယောကျ်ားလေး တစ်ဦးဦးကို
ချစ်နေနိုင်တာပဲတဲ့။
သဘာဝအရ မိန်းကလေးမှာ
ဖွင့်ပြောခွင့် ပေးမထားတာ တစ်ခုပါပဲတဲ့။
အဲဒီ
စံချိန်စံညွှန်းအရဆိုရင်တော့ ဦးလေးမှာ ဘာအချစ်မှ မရှိဘူး။ ဦးလေးနဲ့ ဒေါ်ဒေါ်ဟာ
ကိုယ့်ဘာသာ ချစ်ကြိုက်ယူခဲ့ကြတာပဲဟာ။ အသက်ကြီးလာလို့ ဒေါ်ဒေါ်က မိန်းမကြီးပုံလည်း
ဖြစ်လာရော ဦးလေးက ငယ်ငယ်နုနု ချောချောလေးကို သိပ်ချစ်တယ် ဖြစ်သွားတာပဲ မဟုတ်လား။
ကဲ... ဘယ်မှာလဲ ဦးလေးရဲ့အချစ်။ တကယ်တော့ မိန်းမတွေကို ဦးလေးတပ်မက်တာပဲ ရှိတယ်။
ငယ်စဉ်တုန်းက ဒေါ်ဒေါ့်ကို တပ်မက်ခဲ့တယ်။ ခု ယုလဲ့ကို တပ်မက်တယ်။ ယုလဲ့ ဦးလေးဆီ
ဘယ်လိုမှ စိတ်ပြန်လည်မလာရင် ဦးလေး နောက်ထပ် မိန်းမ တစ်ယောက်ယောက်ကို ချစ်တယ်
ဖြစ်လာဦးမှာပဲ။ ကြည့်နေ။
ဒေါ်ဒေါ့်ကို ဦးလေး
တကယ်ချစ်ရင် ဒီလို ဘယ်လုပ်သွားပါ့မလဲ။ အချစ်ဟာ အပေါ်ယံ ပုံပန်းသဏ္ဌာန်နဲ့
မဆိုင်ဘူးဆို။ ဒေါ်ဒေါ် ထိခိုက်ကြေကွဲမှာကို ဦးလေး ရှောင်မှာပေါ့။ ယုလဲ့ကို တကယ်
ချစ်ရင် ယုလဲ့ဦးလေးဆီက ထွက်သွားရမှ ပျော်မယ်၊ ကျေနပ်မယ်ဆိုတာကို ဦးလေး
ခွင့်လွှတ်ရမှာပေါ့။ ဘာလို့ တမ်းချင်းရှည်ကြီးတွေနဲ့ ပြန်ဖြားယောင်းနေမှာလဲ။
တကယ်တော့ ဦးလေး ကိုယ်ကိုပဲ ဦးလေးချစ်တာပါ။
နေရာတိုင်းမှာ ကွာဟချက်ဆိုတာ
ရှိတယ် ဦးလေးရယ်။ တစ်ခေတ်နဲ့တစ်ခေတ်၊ လူကြီးနဲ့လူငယ်၊ အထက်နဲ့အောက်၊ လူမျိုးဆက်
တစ်ခုနဲ့တစ်ခု နေရာတိုင်းမှာပါပဲ။
အဖေအရွယ်နဲ့ သမီးအရွယ်၊
အမေအရွယ်နဲ့ သားအရွယ်။ အသက်ကွာဟတာနဲ့ အမျှ အတွေးအမြင်ကွာမယ်။ ကိုယ်ကာယ ရုပ်ရည်အနု
အရင့် ခြားနားမယ်။ လင်မယားဆိုတဲ့ အနီးစပ်ဆုံး နေထိုင်ရတဲ့ သူနှစ်ဦးကို မဆိုနဲ့။
သူငယ်ချင်းအဖြစ်ကိုပဲ ကြည့်ပါဦး။ ဆယ့်ငါးနှစ်သား တစ်ဦးဟာ ဆယ်နှစ်သားနဲ့ဖြစ်စေ၊
အသက် နှစ်ဆယ်အရွယ်နဲ့ဖြစ်စေ တွဲလို့ရမှာပဲ။ ဒါပေမယ့် ငါးနှစ်သားလေး၊
မွေးကင်းပေါက်စလေးတွေနဲ့ သူငယ်ချင်း မဖြစ်နိုင်သလို အသက်သုံးလေးဆယ်အရွယ်နဲ့လည်း
သူငယ်ချင်း မဖြစ်နိုင်တော့ပါဘူး ဦးလေးရယ်။
အဖေနဲ့ သမီးအရွယ်၊
အမေနဲ့သားအရွယ်တို့ ကံမကောင်း အကြောင်းမလှလို့ တွေ့ဆုံပေါင်းစပ်ကြခြင်းဟာ
အများအားဖြင့် အခိုက်အတန့်လောက်ပဲ တည်တံ့ခိုင်မြဲနိုင်မှာပေါ့။ ဘာနဲ့တူလဲဆိုတော့
လှေကားအတက်နဲ့အဆင်း ခဏဆုံကြတဲ့ လူတွေလို လမ်းပေါ်မှာ မျက်နှာချင်းဆိုင်
လျှောက်လာရင်း ခဏဆုံကြပြီး ကြာလေတစ်ဦးနဲ့တစ်ဦး ကျောခိုင်း
ဝေးကွာရတဲ့အဖြစ်မျိုးပါပဲ ဦးလေးရယ်။ ဒါ သဘာဝ ကျပါတယ်။
အချစ်မှာ
ဘာသတ်မှတ်ချက်မှ မရှိဘူးလို့လည်း ဆိုကြပြန်တော့ အဲဒီစကားဟာ လွတ်ကင်းသူတွေအတွက်တော့
ဟုတ်တာပေါ့။ ဦးလေးသာ လူပျိုကြီးဆိုရင် ယုလဲ့ကိုပဲ ယူယူ၊ ယူလဲ့ထက်ငယ်တဲ့
မိန်းကလေးကိုပဲ ယူယူ၊ မြဲတာ မမြဲတာဟာ ဦးလေးတို့ရဲ့ အကြောင်းပဲ ဖြစ်လိမ့်မယ်။
ခုတော့ ဦးလေးက
မယားတာဝန်၊ သမီးတာဝန်ရှိတဲ့ အိမ်ထောင်ရှင်တစ်ဦးပဲ။ ဒေါ်ဒေါ်ဟာ တစ်ချိန်တုန်းက
ဦးလေးလက်ထဲကို ဘယ်သူကမှ ရိုက်ထည့်လိုက်တာ မဟုတ်ဘူး။ အေးမွန်ဆိုတာ လည်း မိုးပေါ်က
ကျလာတဲ့ သတ္တဝါမှ မဟုတ်ဘဲ။ ဦးလေးပယောဂကြောင့် မွေးဖွားလာတဲ့ လူသားတစ်ဦး လေ။
အဲဒီတော့ ဦးလေးအနေနဲ့ စိတ်ရူးထပြီး ချစ်လို့ ဖြစ်သမျှအားလုံး ကောင်းတယ် အော်နေလို့
ဘယ်ဖြစ်မှာလဲ ဦးလေးရဲ့။
ဦးလေးရဲ့ အချစ်ဟာ
ရင့်ရော်စပြုလာတဲ့ ဒေါ်ဒေါ့်ဆီကနေ နုပျိုလတ်ဆတ်တဲ့ ယုလဲ့ဆီ
ပြောင်းရွှေ့သွားသလိုပဲ။ ယုလဲ့အချစ်ကလည်း တစ်ချိန်က ငယ်ရွယ်စဉ်က မစဉ်းမစား
မိုက်မဲခဲ့မိပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တာဆိုတဲ့ကိစ္စကို အချစ်ရေး၊ အိမ်ထောင်ရေးမှာ
မိန်းကလေးတိုင်း ထည့်တွေးရမယ် ဆိုတာကို သိမြင်သွားပြီ ထင်ပါရဲ့။ ခု ယုလဲ့
လက်ထပ်တော့မယ် ဦးလေး။ ကောင်လေးက ခင်လေးတို့မြို့က စီးပွားရေး
လုပ်ငန်းရှင်တစ်ဦးရဲ့သားပဲ။ ကောင်လေးကလည်း စီးပွားခွဲလေးတစ်ခုနဲ့ အလုပ်လုပ်နေတယ်။
ကောင်လေးက ယုလဲ့ရဲ့ အတိတ်ဖြစ်ရပ်တွေကို ခွင့်လွှတ်တယ်။ ယုလဲ့နဲ့ လူငယ်ချင်း
ကျေကျေနပ်နပ် ဖြစ်ကြလို့ ကောင်လေးမိဘတွေက မတတ်သာလို့ ခွင့်ပြုကြပေမယ့်
တရားဝင်ကြောင်းလမ်းပြီးကြပြီ။ ညနေဘက် သူတို့နှစ်ယောက် တွဲလျှောက်လာရင်
သိပ်ကြည့်လို့ ကောင်းတာပဲ ဦးလေးရယ်။ ကောင်လေးကလည်း
ရုပ်ရည်သန့်သန့်ပြန့်ပြန့်လေးပဲ။
ဦးလေး အသက်ငါးဆယ်နား
သီနေပြီ။ တစ်နေ့မှာ ဦးလေး အသက်ခြောက်ဆယ်၊ ခုနစ်ဆယ် လောက်မှာပေါ့လေ။ ဦးလေးရဲ့ နှစ်ဦးသား
ဇာတ်ထုပ် ဖွင့်အန်ပြတဲ့ အချစ်ဝတ္ထု ပြောရမှာလား၊ အိမ်ထောင်ရေး ဝတ္ထုပြောရမလား
မသိတဲ့ ဝတ္ထုတွေက ဦးလေးကို ရှက်ခြင်းကြီးစွာ မဖြစ်စေဖို့...။
□
မိုးချုပ်ဆဲလား၊
မိုးလင်းပြီလား ကျွန်မ ဘာမျှမသိပြီ။ ကျွန်မကိုယ် ကျွန်မလည်း မသိတော့။
ကျွန်မ၏လက်များသည်သာ စာရွက်များပေါ်တွင် အရှိန်နှင့် အပြေးအလွှား ရွေ့လျားလျက်...။
▀
ခင်နှင်းဦး
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဆိုသော စကားပုံ ရှိခဲ့သည်ပဲ။ ရည်းစားတစ်ထောင်ပြည့်ဖို့ ဆိုသည်မှာလည်း ဘယ်လိုနည်းနှင့်မှ မလွယ်။ အကြင်နာပြည့်သော လင်ကောင်းတစ်ယောက် ရဖို့ဆိုသည်မှာလည်း ပို၍ပင် ခက်ခဲနေမည်လား။
ဒေစီဂျိန်းရဲ့ မိတ်ကပ် မဖျက်ရသေးတဲ့ ဒေါသမျက်နှာကြီးကို လရောင်က ဆလိုက်ထိုးပေးထားသလိုပဲ ဆံထုံးဖြေစ မဖြီးရသေးတဲ့ ဆံပင်တွေက ထိုးထိုးထောင်ထောင် ခါးတောင်အင်္ကျီငွေဇာဖျင်ပေါ်က ပုလဲပုတီးအရှည်ကြီးကလည်း တယမ်းယမ်...
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။