စာအုပ်မိတ်ဆက်

စစ်ပွဲတို့၏ အကွဲအစများအကြောင်း (သို့မဟုတ်) ဇလာတာ၏ နေ့စဉ်မှတ်တမ်း

ဆိုဝ်ငြယ်

01 July 2026
စစ်ပွဲတို့၏ အကွဲအစများအကြောင်း (သို့မဟုတ်) ဇလာတာ၏ နေ့စဉ်မှတ်တမ်း
Share to

“စစ်ပွဲတွေက ကျွန်မတို့ ကလေးဘဝကို ခိုးယူသွားတယ်”

“ဘာကြောင့်များ စစ်ဖြစ်ကြတာလဲ”

“ကောင်လေးတွေ နိုင်ငံရေးကို ကစားလို့ ဝ,သွားပြီထင်တယ်”

 

ဆယ်ကျော်သက်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ ပကတိ ရိုးသားမှုနဲ့ မြင်တဲ့ စစ်ပွဲအပေါ် အမြင်တွေက ရိုးရှင်းလွန်းလှပါတယ်။ စစ်ပွဲတွေဟာ ကိုယ်နဲ့ သိပ်နီးကပ်လွန်းလို့ (၁၉၉၀) စွန်းစ ဝန်းကျင်တွေမှာ စစ်ပွဲတွေကို ကြုံတွေ့ခဲ့တဲ့ ဇလာတာဟာ ကိုယ့်ဝန်းကျင်က ကလေးတစ်ယောက်လို့ မြင်လာတယ်။ စစ်ပွဲတွေကြားမှာ စစ်မြေပြင်ကို မျက်နှာချင်းဆိုင်ပြီး ကြည့်နေခွင့်ရတဲ့ ဇလာတာလို ကလေးတွေကို ကိုယ့်ဝန်းကျင်မှာ ပေါပေါများများတွေ့နေရတဲ့အခါ ဇလာတာရဲ့ နေ့စဉ်မှတ်တမ်းဟာ ဒီကလေးတွေကိုယ်စားရေးထားခဲ့တယ်လို့ မြင်လာမိတယ်။

□

ဒီနေရာမှာ စာပေတစ်ခုရဲ့ လွှမ်းမိုးမှုဟာ အခြားသော စာပေတစ်ခုကို ထပ်မံမွေးဖွားပေးနိုင်တာကို တွေးလိုက်မိတယ်။ ဇလာတာရဲ့ နေ့စဉ်မှတ်တမ်းဟာ နာဇီဟစ်တလာ လက်အောက်မှာ ‌ရှင်သန်ရပ်တည်ဖို့ကြိုးစားရင် ကမ္ဘာကျော်ဒိုင်ယာရီတွေရေးခဲ့သူ အန်နီဖရန့်ရဲ့ ဒိုင်ယာရီပေါ်အခြေခံတဲ့ စိတ်ကူးတွေကြောင့် ဖြစ်လာလို့ပါပဲ။ အန်နီဖရန့်ဒိုင်ယာရီဟာ ယနေ့ခေတ်မှာ ဘာသာစကားပေါင်း (၇၀)ကျော်နဲ့ အချို့နိုင်ငံတွမှာ ကျောင်းသုံပြဌာန်းစာအုပ်တွေထဲ အထိ ဖော်ပြခံနေခဲ့ရပေမယ့် အန်နီဖရန့်ဆိုတဲ့ (၁၃) နှစ်အရွယ် ကလေးမလေးကတော့ သူ့ဒိုင်ယာရီရဲ့ ကျော်ကြားမှု၊ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို မခံစားသွားရပါဘူး။ 

အန်နီဖရန့်ဟာ ဟစ်တလာရဲ့ ဂျူးမုန်းတီးရေး ကျိန်စာအောက်မှာ ဂျူးလူမျိုးဖြစ်ခဲ့ရုံနဲ့ အမဲလိုက်ခံရတဲ့ လူသားတစ်ယောက် ၊ ကလေးတစ်ယောက် ဖြစ်ခဲ့လို့ပါပဲ။ နာဇီတွေရဲ့ အမဲလိုက်ခံရခြင်း ဒဏ်ကနေ ဖခင်ဖြစ်သူရဲ့အစီအမံနဲ့ ဖခင်ဖြစ်သူရဲ့ အလုပ်ရုံအနောက်ဖက် လျှို့ဝှက်အခန်းလေးထဲမှာ တစ်နှစ်ကျော်အထိ တွယ်ကပ်ရှင်သန်ရင်း ကမ္ဘာကျော်လာမယ့် ဒိုင်ယာရီတွေကို ရေးသားနေခဲ့တယ်။ ဂျူးလူမျိုးဖြစ်ရခြင်းနဲ့ ဟစ်တလာခေတ်မှာ လူဖြစ်ရခြင်းဆိုတဲ့အရာတွေဟာ အန်နီဖရန့်တို့ ရွေးချယ်ခွင့်ရခဲ့တဲ့အရာတွေ မဟုတ်ပေမယ့် အသက်ရှင်ခွင့်ကိုတော့ သေခြင်းတရားတွေကြားထဲကနေပဲ ရွေးချယ်နေထိုင်ခဲ့ဖို့ကြိုးစားခဲ့ကြတယ်။ ကံဆိုးစွာနဲ့ အသက်ရှင်ခွင့်တော့ မရခဲ့ကြရှာပါဘူး။ အန်နီဖရန့်က (၁၉၂၉)မှာ မွေးဖွားခဲ့ပြီး သူ့ဒိုင်ယာရီကို (၁၉၄၂)ကနေ(၁၉၄၄) ခုနှစ်တွေအတွင်း သူမသေဆုံးမီ အချိန်တွေအထိ ရေးသားခဲ့တာမို့ ဇလာတာနဲ့ဆို နှစ်ပေါင်း ငါးဆယ်နီးပါး အချိန်ကွာဟနေပါတယ်။ မျိုးဆက်တစ်ခုစာမျှ ကွာဟနေတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ ခံစားမှုတွေ ကြုံတွေ့ခဲ့ရမှုတွေ၊ စစ်မြေပြင်မြင်ကွင်းတွေ၊ အကြောက်တရားတွေကတော့ သိပ်ကိုနီးကပ်လွန်းနေကြသလိုပါပဲ။ အခြေအနေ၊ အချိန်အခါ၊ လူမျိုး၊ ဘာသာဗေဒ မတူညီကြပေမယ့် စစ်ပွဲတွေကနေပေးတဲ့ နာကျင်ကြေကွဲဖွယ် ခံစားမှုတွေကတော့ အမြဲတမ်းတူညီနေကြ‌လေ့ရှိပါတယ်။

□

လူသားသမိုင်းတွေကို လေ့လာကြည့်တဲ့အခါ ကမ္ဘာဦးကတည်းက တိုက်ခိုက်မှုတွေနဲ့ တည်ဆောက်ခဲ့ကြတယ်။ ကမ္ဘာပေါ်က ကြီးကျယ်ခမ်းနားခဲ့တဲ့ စစ်သူရဲကောင်းတွေအကြောင်း အမွှန်းတင်ရေးသားခဲ့ကြသူတွေဟာ စစ်နိုင်သူတွေဖက်ကချည်း ရေးခဲ့ကြတာမို့ သိပ်အားကျဖို့ ကောင်းခဲ့တာတွေရှိတယ်။ စစ်ပွဲတစ်ပွဲရဲ့နောက်မှာ မွမွကြေသွားတဲ့ ဘဝတွေဟာ ဘယ်လို စစ်သမိုင်းကမှ တခမ်းတနား မဖော်ပြကြပါဘူး။ စစ်နိုင်သွားသူရဲ့ ဘုန်းတော်ဘွဲ့တွေကနေပဲ စစ်သမိုင်းတွေကို ပြောကြပြီး ဘုန်းတော်ဘွဲ့တွေကြားမှာ ဘာကိုမျှ မသိနားမလည်စွာ သေဆုံးပျက်စီးကြရတဲ့ ဘဝတွေက ဘယ်လိုနိုင်ငံတော်တည်ဆောက်မှုမှာမှ အရေးမပါခဲ့ကြသလို ဘယ်ခေတ်အကူးအပြောင်းကြားမှာမှ စတေးလိုက်ရတဲ့ နစ်နာသူတွေလို့ မဖော်ပြကြပါဘူး။

ပြောနိုင်စွမ်းမရှိခဲ့ကြသူတွေ၊ ပြောပြဖို့ အခွင့်မသာသူတွေ၊ ပြောတောင် မပြောပြတတ်ကြသူတွေ ထောင်ပေါင်းများစွာဟာ စစ်ပွဲအကြောင်း စာမျက်နှာတွေထဲမှာတောင် ပါဝင်ခွင့် မရခဲ့ကြသူတွေပါ။ အများအားဖြင့်တော့ နေရင်းထိုင်ရင်း ကိုယ်နေထိုင်ရာနေရာက စစ်မြေပြင် ဖြစ်သွားတဲ့အခါ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေဟာ စစ်ပွဲတွေကြားမှာ ပဲ့ထွက်သွားတဲ့ အပိုင်းအစတွေလောက်ပဲ သဘောထား ခံလိုက်ကြရတော့တာပါပဲ။

အထူးသဖြင့် ကလေးငယ်တွေဟာ သူတို့ကိုယ်တိုင် ဘာမှန်းမသိလိုက်တဲ့ စစ်မြေပြင်တွေအောက်မှာ ကလေးသူငယ်အခွင့်အရေးဆိုတာ ထားလို့ ရှင်ခြင်းနဲ့ သေခြင်းကြားမှာ နေထိုင်ဖို့ကြိုးစားကြရသလို စစ်ပွဲတွေရဲ့ အဓိပ္ပါယ်ကင်းမဲ့မှု ဒဏ်ကိုပါ အလူးအလဲ ခံလိုက်ကြရတော့တာပါပဲ။ သူတို့ကိုယ်တိုင် လိုလားခဲ့တာ မဟုတ်ပါပဲ သူတို့ရဲ့ ကိုယ်ပိုင်ခံယူချက်က ဘာမှန်းတောင် မသိလိုက်ရပဲ စစ်ပွဲတွေရဲ့ကြားမှာ မသိနားမလည်ပဲဝင်ပြီး ပတ်သက်လိုက်ရတဲ့ ကလေးတွေရဲ့ နစ်နာမှုတွေကို ဘယ်စစ်သမိုင်းမှာမှ ရေးကြီးခွင့်ကျယ် ဖော်ပြထားကြတာ မဟုတ်ပါဘူး။ ကလေးတွေဟာ စစ်ပွဲတွေကနေ ဘာရပိုင်ခွင့်ကိုမျှ မတောင်းဆိုနိုင်ကြသလို စစ်ပွဲတွေကြားမှာ ဘာတစ်ခုကိုမျှလည်း မျှော်လင့်လို့ ရနိုင်ခဲ့ကြသူတွေ မဟုတ်ပါဘူး။ ခံစားချက်အရရော ခံယူချက်အရရော ကလေးတွေအပေါ် စစ်ပွဲတွေရဲ့ သက်ရောက်မှုဟာ ရက်စက်လွန်းတာထက် ပိုပါတယ်။

ကလေးတွေရဲ့ မသိနားမလည်မှုတွေကို စစ်ပွဲတွေက အမြတ်ထုတ်သွားကြသလိုပါပဲ။ ဇလာတာ ရေးခဲ့တဲ့ “စစ်ပွဲတွေက ကျွန်မတို့ ကလေးဘဝတွေကို ခိုးယူသွားခဲ့တယ်” ဆိုတာကို ဖတ်ပြီး အကြာကြီး တွေးနေခဲ့မိတယ်။ တောင်းယူတာ မဟုတ်ဘူး။ အဖိုးအခနဲ့ လဲယူခံလိုက်ရတာ မဟုတ်ဘူး။ ကလေးဘဝတစ်ခုလုံးကို ခိုးယူခံလိုက်ရတာ။ ဒါအမှန်ပါပဲ။ ခိုးယူခံလိုက်ရတဲ့ ဘဝကို ဘယ်သူကမျှ အလျှော်အစား လာမပေးပါဘူး။ ပေးဆပ်လိုက်ရတဲ့ ကလေးဘဝတစ်ခုလုံးကို ဘယ်သူတွေကများ အရေးတယူ ထည့်သွင်း စဉ်းစားပေးကြလို့လဲ။ ဘယ်စစ်သမိုင်းမှာမှ မရှိခဲ့ပါဘူး။ အဆုံးသတ်ခါနီးမှ ရတဲ့ ဒဏ်ရာတွေက နာကျင်ခံစားရမှု မရှည်ကြာကြပါဘူး။ ကလေးဘဝဆိုတာ ဘဝတစ်ခုရဲ့ အစ စာမျက်နှာတွေပါ။ ဘဝရဲ့ အစကတည်းက ဒဏ်ရာတွေရပြီး တစ်ဘဝလုံးစာ သယ်ဆောင်သွားကြရတဲ့ ကလေးတွေအပေါ် ဘယ်သူကမျှ အလျော်အစား ပေးမနေခဲ့ကြပါဘူး။

စစ်ပွဲတွေကို မေးခွန်းထုတ်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရိုးရှင်းလှတဲ့ မေးခွန်းတွေဆီမှာ အဖြေတွေတော့ ရှိမနေကြပါဘူး။ မဖြေတတ်ကြတာလား။ မဖြေခဲ့ကြတာလား။ မဖြေချင်ကြတာလားဆိုတာတော့ မသိဘူး။ ဖြေစရာ မရှိတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ပွဲတွေအပေါ် မေးခွန်းထုတ်ထားတဲ့ ကလေးမလေးက ဇလာတာဖီလီပိုဗစ်တဲ့။

ဘော့စနီးယား၊ ဟာဇီဂိုဗီးနားနိုင်ငံ မြို့တော် ဆာရာယေဗိုမှာ နေထိုင်ခဲ့တဲ့ (၁၃) နှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်းတွေကနေ မြင်တွေ့ခွင့်ရတဲ့ စစ်မြင်ကွင်းတွေက ပီပြင်လွန်းလှပါတယ်။ ဘော့စနီးယား၊ ဟာဇီဂိုဗီးနားကို (၁၉၄၆ )မှာ မာရှယ်တီတိုးက ထိန်းချုပ်ခဲ့ပြီး ယူဂိုဆလားဗီးယား ပြည်ထောင်စုသမ္မတနိုင်ငံ ထူထောင်ခဲ့တယ်။ မူဆလင်ဆလပ်လူမျိုး (၄၄%)၊ ဆာ့ဘ် (၃၁%)၊ ခရိုအေးရှား (၁၆%) ရှိပြီးတော့ မူဆလင် ဆလပ်တွေကို တီတိုးက လူမျိုးစုအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံရေးအာဏာကို ခွဲဝေပေးခဲ့တယ်။ တီတိုးကွယ်လွန်ပြီးနောက်မှာ စုပေါင်းသမ္မတအဖွဲ့နဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေက အလှည့်ကျအုပ်ချုပ်တဲ့စနစ်ကို ကျင့်သုံးခဲ့ကြတယ်။ (၁၉၉၁) မှာ ခရိုအေးရှားနဲ့ ဆလိုဗေးနီးယားတို့က လွတ်လပ်ရေးကြေညာပြီး ခွဲထွက်ဖို့ လုပ်ကြတယ်။ အဲဒီကနေ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေ ဖြစ်ပြီး ဆာ့ဘ်တွေ ကြီးစိုးတဲ့ ဗဟိုအစိုးရတပ်တွေနဲ့ ခွဲထွက်လိုတဲ့နိုင်ငံတွေကြားမှာ လက်နက်ကိုင်တိုက်ပွဲတွေကနေ ပြည်တွင်းစစ်တွေ ဖြစ်ကြတယ်။ နောက်ပိုင်း ဘော့စနီးယားမှာ မူဆလင်တွေက အစ္စလာမ် နိုင်ငံထူထောင်ဖို့ ကြံရွယ်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကနေ လူမျိုးရေးသဘောထား အမြင်တိမ်းစောင်းမှုတွေ ဖြစ်လာတဲ့အခါ စစ်ပွဲတွေဟာ မငြိမ်းနိုင်သောမီးတွေ ဖြစ်လာတယ်။ (၁၉၉၂ ) ခုနှစ်၊ ဧပြီလ ( ၂) ရက်နေ့က စတင်ခဲ့တဲ့ စစ်မီးဟာ ( ၂ နှစ် ) နဲ့ (၈ လ) ကြာခဲ့တယ်။

□

ဇလာတာဟာ အဲဒီအတောအတွင်း သူနေထိုင်ရတဲ့ နေ့စဉ်ဘဝတွေကို နေ့စဉ်မှတ်တမ်းရေးပြီး မှတ်တမ်းတင်ထားတာပါ။ ၁၉၉၁ ခုနှစ် သူ့ရဲ့ နေ့စဉ်မှတ်တမ်း အစောပိုင်းကာလတွေမှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေက သာမန်ကလေးတစ်ယောက်ရဲ့ နေ့စဉ်ဘဝတွေပါပဲ။သူငယ်ချင်းတွေနဲ့ ကျောင်းသွားတယ်။ ကစားတယ်။ မိဘ၊ ဆွေမျိုးတွေနဲ့ ပွဲလမ်းသဘင်တွေ ကစားကွင်းတွေမှာ ပျော်တယ်။ သာမန် ကလေးတစ်ယောက်ရဲ့ မထူးခြားတဲ့ဘဝကို ပိုင်ဆိုင်ခဲ့တယ်။ တဖြည်းဖြည်း ကူးပြောင်းသွားတဲ့ နေ့စဉ်မြင်ကွင်းတွေထဲမှာ စစ်ပွဲတွေ၊ နားလည်နိုင်စွမ်းမဲ့ရတဲ့ နိုင်ငံရေးတွေ၊ တဖြည်းဖြည်း ဝေးကွာသွားကြတဲ့ သူငယ်ချင်းတွေ၊ နေ့စဉ်သေဆုံးနေကြတဲ့ ရင်းနှီးခင်မင်ရတဲ့ ကစားဖော်တွေရဲ့ အမည်နာမတွေကို သူ့နေ့စဉ်မှတ်တမ်းထဲမှာ မှတ်တမ်းတင်နေခဲ့တယ်။ စစ် စတင်လာချိန်မှာ ကြောက်ရွံမှုတွေ စိုးရွံမှုတွေကနေ စစ်ပွဲကို နေ့စဉ်ကြုံတွေ့လာရတဲ့အခါ စစ်ပွဲတွေထဲမှာပဲ ကြောက်ရွံမှုတွေကြားထဲ နေထိုင်ရတာနေသားကျလာကြတာကို တွေ့နေရတယ်။ နောက်ထပ် စိုးရွံ့မှုတွေဟာ အသက်ရှင်နေရခြင်း မဟုတ်တော့ပဲ မသေဆုံးခင် ကိုယ်ချစ်သူ ခင်သူတွေနဲ့ တွေ့ဆုံနှုတ်ဆက်မှုလေးတွေ ဖြစ်လာတာမျိုးတွေကို တွေ့နေရတယ်။ဖတ်နေရင်း ဇလာတာနဲ့အတူ တဖြည်းဖြည်း ရင့်ကျက် ကြီးပြင်းလာရသလိုပါပဲ။ ဇလာတာက နေ့စဉ်မှတ်တမ်းရေးတယ်ဆိုတာထက် နေ့စဉ်မှတ်တမ်းကို သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး သူခံစားရသမျှ ကြုံတွေ့ရသမျှကို ရင်ဖွင့်ပြောပြထားခဲ့တာပါ။

ဆာရာယေဗိုရဲ့ အစောပိုင်း မြင်ကွင်းတွေအရ မြို့ပြနေထိုင်မှုမှာ အဆင့်အတန်း တစ်ခုရှိနေတာ တွေ့ရတယ်။ နေ့စဉ် လျှပ်စစ်မီး၊ ရေလိုသလောက်ရနိုင်တဲ့ နေရာကနေ မီးပေးစနစ် ရေပေးဝေစနစ်တွေ ပျက်စီးသွားရတဲ့အခါ ကြုံကြရတဲ့ အခက်အခဲတွေကို တွေ့တဲ့အခါ သူတို့ ခံစားချက်တွေကို စာနာပေးနိုင်လာတယ်။

စစ်ပွဲတွေအတွင်းမှာပဲ ဘဝရဲ့နေပျော်ရာကို ရှာကြဖို့ မရှိရှိတာတွေနဲ့ မွေးနေ့ပွဲတွေကို လုပ်နေကြရင်း ဗုံးမိုးရွာတာမျိုးကိုလည်း ကြုံခဲ့ကြတယ်။ မနေ့ကအထိ ကိုယ်နဲ့ ခင်မင်ရင်းစွဲရှိတဲ့ ကစားဖော်ကလေးတစ်ယောက်က ဒီနေ့တော့ သေဆုံးသွားပြီဆိုတဲ့ သတင်းစကားမျိုးကို ကြားလိုက်ရတဲ့အခါ၊ အဲဒီပူဆွေးမှု အဆုံးမသတ်လိုက်ခင်လေးမှာ နောက်ထပ် ကစားဖော်တွေက အဝေးကြီးအထိ ထွက်သွားခဲ့ပြီဆိုတာကို သိလိုက်ရတဲ့ အခိုက်အတန့်တွေကို သုံးနှစ်တာလုံး နေ့စဉ်နဲ့အမျှနီးပါး ကြုံတွေ့လာခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ အတွေ့အကြုံတွေက ခါးသီးစရာပါ။ သူကိုယ်တိုင်ရဲ့ ခါးသီးမှုကို ဒိုင်ယာရီတစ်ခုကို အဖော်ပြုနေခဲ့ရင်း အဖေ့ရဲ့ မိတ်ဆွေတွေအကြောင်း၊ အမေ့ရဲ့ မိဘဆွေမျိုးတွေအကြောင်းကိုပါ ပူပန်ပေးတတ်လာခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ရင့်ကျက်မှုတွေဟာ တကယ်တော့ သူ့ဘဝရဲ့ နာကျင်စရာအတွေ့အကြုံတွေနဲ့ လဲယူခဲ့ရတာပဲလို့ပြောရင် မှားမယ် မထင်ပါဘူး။ ကလေးတစ်ယောက်က ကလေးတစ်ယောက် တွေးနိုင်တာထက် ပိုတွေးနေခဲ့တာဟာ သူခံစားနိုင်တာထက် ပိုခံစားနေခဲ့လို့ပါ။ စစ်ပွဲတွေကြားမှာ နေ့စဉ်နဲ့အမျှ နေထိုင်ရှင်သန်ရတဲ့ ကလေးတစ်ယောက်ရဲ့ အတွေးပုံရိပ်တွေက စစ်ပွဲတွေကိုမှ မေးခွန်းမထုတ်မိရင် ဘာကို မေးခွန်းထုတ်နိုင်အုံးမှာလဲ။

မွေးရာပါ မျက်မမြင် အဖိုးကြီးတစ်ယောက်ကို “ခင်များကို ဒီကမ္ဘာကိုသာ ဆယ်မိနစ် မြင်ခွင့်ပေးမယ်ဆိုရင် ခင်များဆီက ဘာကိုများပေးနိုင်မလဲ” လို့ မေးမိတဲ့အခါ အဖိုးကြီး ပြောတာက “ ငါဘာမှ မပေးချင်ဘူး”တဲ့။ ဘာကြောင့်လဲဆိုတော့ “ကမ္ဘာကြီးကို ဆယ်မိနစ်တာမျှ မြင်ပြီးတဲ့အခါ ပြန်ကန်းသွားမယ်ဆိုရင် ငါဘာလုပ်ရတော့မလဲ” တဲ့

 အဖိုးကြီးရဲ့ နေရာမရောက်မချင်း အဲဒီခံစားချက်ကို စာနာနိုင်မှာ မဟုတ်ပါဘူး။ ဇလာတာတို့ နေထိုင်ခဲ့တဲ့ ပြည့်စုံမှုဟာ မြင်ပြီးသားလူက ကန်းသွားရသလို အဖြစ်မျိုးပါ။ (ကိုယ့်အဖြစ်နဲ့ တိုက်ကြည့်မိတဲ့အခါ ကိုယ်တွေက မွေးရာပါ ကန်းနေခဲ့တာမို့ နည်းနည်းတော့ ခံသာပါတယ်လို့တောင် တွေးလိုက်မိပါသေးတယ်။)

ဇလာတာရဲ့ နေ့စဉ်မှတ်တမ်းဟာ ဇလာတာက သူ့ရဲ့ အတန်းပိုင်ဆရာမကို ပြရင်းက ဆရာမက ယူနီဆက်အကူအညီနဲ့ စာအုပ်အဖြစ် ထုတ်ဝေခဲ့ပြီး ကမ္ဘာကျော်သွားခဲ့တာမို့ ဇလာတာက အန်နီဖရန့်ထက်တော့ သာတယ်လို့ ဆိုရမှာပါ။ (ဇလာတာတို့ရဲ့ ပညာရေးစနစ်မှာ အတန်းပိုင်ဆရာမက ယူနီဆက်လိုအဖွဲ့အစည်းရဲ့ အကူအညီကို ယူနိုင်ခဲ့တာမို့ အင်အားရှိတဲ့ ပညာရေးစနစ်ကို ဖြတ်ခနဲ တွေ့လိုက် ရပါသေးတယ်။) အန်နီဖရန့်ပဲ ဖြစ်စေ၊ ဇလာတာပဲ ဖြစ်စေ နိုင်ငံရေးခေါင်းဆောင်တွေ မဟုတ်ခဲ့ကြသလို၊ စစ်သားတွေလည်း မဟုတ်ခဲ့ကြပါဘူး။ သာမန်ဆယ်ကျော်သက် မိန်းကလေးတွေ ဖြစ်နေခဲ့ကြပေမယ့် သူတို့ရဲ့ စကားလုံးတွေကနေ စစ်ပွဲတွေဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်အထိ ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို ကမ္ဘာတဝန်းလုံးကို ပြောပြနေခဲ့ကြသူတွေပါ။ သို့ပေမယ့် ကမ္ဘာကြီးကတော့ အခုထိတိုင် စစ်ပွဲတွေနဲ့ နပန်းလုံးနေကြဆဲ၊ လူတွေရဲ့ ဘဝတွေကို ခိုးယူနေကြဆဲပါပဲ။

 ဇလာတာတစ်ယောက်ကတော့ လုံခြုံရာအရပ်မှာ စာတွေ ရေးကောင်းရေးနေခဲ့အုံးမှာပါ။ ကိုယ်ကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ဘေးဝန်းကျင်က စကားလုံးမရှိကြတဲ့ နောက်ထပ် ဇလာတာများစွာ၊ ပြောပြစရာ စကားလုံး ချို့တဲ့ကြတဲ့ နောက်ထပ်အန်နီဖရင့်များစွာကို ကြည့်ရင်း

“ကလေးတွေရဲ့ ဘဝကို ခိုးယူနေတဲ့ စစ်ပွဲတွေ ဒီလောကတခွင် ကင်းဝေးကြပါစေ” လို့ ဆုတောင်းနေမိပါတယ်။

 

(တို့ ဘာများ လုပ်မိလို့လဲ။ တို့အပြစ်ကင်းသည်။ သို့ပေမယ့် ကိုးကွယ်ရာမရှိ ဖြစ်နေသည်!)

Zlata

 

-ဇလာတာ၏နေ့စဉ်မှတ်တမ်း

-ကျော်အောင် (ဘာသာပြန်)

-Zlata’s Diary – Zlata Filipovic

-စာမျက်နှာ -၁၇၃

-အုပ်ရေ -၅၀၀

-တန်ဖိုး -၂၅၀၀ ကျပ်

-၂၀၀၉၊ ဇွန်လ၊ ဒုတိယအကြိမ် (နေရီရီစာအုပ်တိုက်)

▀

ဆိုဝ်ငြယ်

 

 


Related Articles

စာအုပ်မိတ်ဆက်
...
နိုင်ငံတော်မူဝါဒတစ်ခုရဲ့ အကွဲအပြဲများ (သို့မဟုတ်) ဖား
ဆိုဝ်ငြယ်

ပါတီရဲ့ မူဝါဒလို့ ကြွေးကြော်ပြီး သားဖွားသူကနေ သားသတ်သမားလို ဖြစ်ခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝမှာ ဒါတွေဟာ လုပ်ရိုးလုပ်စဉ်တွေ၊ နိုင်ငံသစ်အတွက် နည်းစနစ်သစ်တွေလို့ ယုံကြည်ခဲ့တယ်။ ဘာကိုမှ မတွေးနိုင်ဘူး။ပါတ...

စာအုပ်မိတ်ဆက်
...
မိန်းမသားတစ်ယောက်ရဲ့ဘဝ ရစ်ဖွဲ့နှောင်တည်းမှု (သို့) ရှင်နေမင်းမှ ပေးသောစာ
ဆိုဝ်ငြယ်

မိန်းမတစ်ယောက်ရဲ့ ဘဝမှာ အိမ်ထောင်ဖက်ဆိုတာ ဘယ်အတိုင်းအတာအထိ အရေးပါတတ်ကြသလဲ။ အိမ်ထောင်ဖက်ကို ရွေးချယ်ကြတဲ့အခါ အချစ်တစ်ခုတည်းနဲ့ လုံလောက်ရဲ့လား။ ပြီးတော့ သားသမီးဆိုတဲ့ မျိုးဆက်တွေရဲ့ ဖြစ်လာမယ့် လက်ခံယုံက...

စာအုပ်မိတ်ဆက်
...
စနစ်တစ်ခုအောက်က သားကောင်များ (သို့မဟုတ်) နှင်းခဲပျော်ချိန်
ဆိုဝ်ငြယ်

ပုံစံခွက်တစ်ခုထဲမှာ ဘဝကိုပါ နစ်မြှုပ်သွားစေတဲ့အထိ အမြစ်စွဲသွားတဲ့ အိုင်ဗင်လိုလူတွေက ကိုယ့်ဝန်းကျင်မှာ အများဆုံးဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတ္တတစ်ခုကလွှဲရင် ဘာကိုမျှ မကြည့်တတ်၊ ဂရုမစိုက်တတ်သူမျိုး ကိုယ့်အ...