စာအုပ်မိတ်ဆက်

အကာလတစ်ခုထဲက ကျောမွဲများအကြောင်း (သို့မဟုတ်) မိုးဖွဲထဲ ဟစ်ကြွေး

ဆိုဝ်ငြယ်

01 June 2026
အကာလတစ်ခုထဲက ကျောမွဲများအကြောင်း (သို့မဟုတ်) မိုးဖွဲထဲ ဟစ်ကြွေး
Share to

တရုတ်နိုင်ငံရဲ့ စာရေးဆရာတွေထဲမှာ မိုယန်နောက်ပိုင်း နေရာယူလာသူတွေထဲ စာရေးဆရာ ယွီဟွာလည်း အပါအဝင်လို့ ပြောလို့ရနိုင်မှာပါ။ ဝတ္ထုရှည် ခြောက်အုပ်လောက်ပဲ ထွက်ထားသေးပေမယ့် သူ့ဝတ္ထုတွေက အာရှအပြင်ဖက်အထိ ခြေလှမ်းရှည်လာနေတာတော့ ငြင်းလို့မရနိုင်ပါဘူး။ တရုတ်တွေရဲ့ ရိုးရာလူနေမှုစနစ်တွေ၊ ထုံးတမ်းစဉ်လာတွေကို ပါးလျလျနဲ့ အခွံနွှာပြတတ်တဲ့နေရာမှာ ယွီဟာရဲ့ ရေးဟန်တွေက အစအနောက်သန်သူတစ်ယောက်ရဲ့ ပြက်လုံးတွေလိုမျိုးတော့ ဖြစ်နေပါတယ်။ နင့်နင့်သည်းသည်း နာကျင်စရာဖြစ်အောင်မရေးပဲ ရယ်ရယ်မောမောနဲ့ ခွင့်လွှတ်လို့ရအောင် ရေးနိုင်တာက ယွီဟွာရဲ့ ရေးဟန်လို့တောင် ပြောလို့ရနိုင်ပါတယ်။

စာရေးဆရာတွေဟာ ဟန်ဆောင်ဖုံးကွယ်တတ်ကြသူတွေလား၊ ဖွင့်ဟလှစ်ပြတတ်ကြသူတွေလားဆိုတာကို အဖြေထုတ်ဖို့တော့ ဘယ်ခေတ်မှာမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ စာရေးဆရာကိုယ်တိုင်ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေ၊ ကိုယ်ပိုင်ခံယူချက်တွေကပဲ သူရေးတဲ့စာတွေအပေါ် သက်ရောက်မှုရှိတတ်တာမျိုးပါ။ စာရေးဆရာကို သူရေးတဲ့စာတွေကနေတစ်ဆင့်ပဲ သူ့စိတ်ကို ကြည့်လို့ရနိုင်ပါလိမ့်မယ်။ အဲဒီအမျိုးအစားတွေထဲကမှ ယွီဟွာကတော့ အမှန်တရားကိုး ပါးပါးလျလျ ဖွင့်ဟလှစ်ပြတတ်တဲ့စာရေးဆရာလို့ပဲ ခေါ်ရပါလိမ့်မယ်။

ဒီဝတ္ထုဟာ ဘဝအပေါ် လွှမ်းမိုးရိုက်ခတ်ခဲ့တဲ့ အခြေအနေတွေကို သူရေးပြထားပုံရပါတယ်။ ဇာတ်ကောင် လူရွယ်တစ်‌ယောက်ရဲ့ ပြောပြ‌နေပုံတွေက အဲဒီသဘောတရားဆန်နေပါတယ်။ ပျက်စီးယိုယွင်းပြီး ခနော်ခနဲ့တည်ဆောက်ထားကြတဲ့ လူမှုဝန်းကျင်အသိုက်အဝန်းတွေထဲမှာ အရှိတရားတွေကို ထုတ်ပြဖို့ စာရေးဆရာက ဝန်မလေးခဲ့ပါဘူး။ ဒီဝတ္ထုကို ဂုဏ်သရေရှိခြင်း မရှိခြင်း၊ သိက္ခာ ရှိခြင်း မရှိခြင်း၊ တာဝန်ရှိခြင်း မရှိခြင်း၊ ဝတ္တရားဆန်ခြင်း မဆန်ခြင်းတွေကို တွေးကြည့်ဖို့ လုံလောက်တဲ့အမျိုးအစားအဖြစ် မြင်ပါတယ်။

ယွီဟွာက သူ့ငယ်ဘဝဇာတ်ကြောင်း သူဖြတ်သန်းကျင်လည်ခဲ့ရာ ဒေသဝန်းကျင် လူမှုထုံးတမ်း ဓလေ့တွေကို သူပြောချင်တဲ့အပိုင်းတွေကို ပြောချင်သလို ပြောထားတဲ့ ပုံစံမျိုးနဲ့ ရေးထားတဲ့ ဝတ္ထုဇာတ်ကြောင်းက အစပိုင်းမှာ ဖမ်းဆုပ်ရခက်ပါတယ်။

ဇာတ်ဆောင် စွန်းမျိုးရိုး ကောင်လေးတစ်ယောက်ရဲ့ လူမှုဝန်းကျင်ကို မြင်ရတယ်။ မစင်ပုံးထမ်းပြီး စိုက်ခင်းတွေကို လောင်းတတ်ကြတဲ့ လယ်သမားတွေရဲ့ ကြမ်းတမ်း ရိုင်းပျပြီး ရိုးအတဲ့ အနေအထိုင်တွေကြားထဲမှာ ရှင်သန်နေထိုင်ကြတဲ့ လူမှုဓလေ့တွေကို တောက်လျှောက် ပြောပြသွားတယ်။

ဖခင်ဖြစ်သူနဲ့ သူတို့ မိသားစုကြားက ကမောက်ကမ ဆန်တဲ့ ဆက်ဆံရေးတွေ၊ တာဝန်ကင်းမဲ့တဲ့ အဖေဖြစ်သူနဲ့ နိုင်လိုမင်းထက် စိတ်ပြင်းပြတဲ့ အစ်ကိုဖြစ်သူတို့ရဲ့ကြားမှာ သူမြင်တဲ့ ကိုယ်ပိုင်အမြင်ကို ကိုယ့်ဘာသာတည်ဆောက်ပြီး ရှု့မြင်တတ်တဲ့ ခပ်အေးအေး နုံအအ ကလေးတ‌စ်ယောက်အဖြစ် ကြီးပြင်းခဲ့တဲ့ စွန်းကွမ်းလင်းဆိုတဲ့ ကောင်လေးရဲ့ဘဝကို မြင်ခွင့်ရတယ်။ သွေးသားဆက်နွယ်မှုတွေနဲ့ မဆိုင်‌ပဲ ဓလေ့ထုံးတမ်း‌တွေအရ အခြားသော လူသားတွေဆီမှာ စွန်းကွမ်လင်းဆိုတဲ့ ကလေးတစ်ယောက် ခိုလှုံခွင့်ရခဲ့တယ်။ ဒါပေမယ့် ကံကြမ္မာဆိုတာ ပြောင်းလဲ‌တတ်နေခဲ့တာမျိုးပါပဲ။ သူ့မိဘရင်းတွေရှိလျက်နဲ့ မွေးစားမိဘတွေနဲ့ နေခဲ့ရပေမယ့် သူကောင်းကောင်း နေထိုင်ခွင့်ရခဲ့တယ်။ အ‌ခြေအနေတွေက အမြဲတမ်း ကောင်းနေခဲ့တာမျိုးတော့ မဟုတ်ပြန်ဘူး။ သူကိုယ်တိုင် မွေးစားခံရတဲ့ဘဝမှာ ခြောက်နှစ်သား ဖြစ်နေတော့ အရာရာကို မှတ်မိတတ်နေပြီ။ သူမွေးဖွားခဲ့ရာ ကိုယ့်အိမ် ကိုယ့်ယာကို သူတဖန်ပြန်ရောက်သွားတဲ့အခါ သူနေထိုင်ရာဝန်းကျင်ကို တခြားတပါးသော အရပ်ဒေသကနေ မျက်လုံးကျယ်ကျယ်ဖွင့်ပြီး ကြည့်တတ်လာတဲ့အကျင့်ရလာပြီ။ သူ့ဝန်းကျင်ကို မျက်လုံးကျယ်ကျယ်နဲ့ သူမြင်တတ်နေပြီ။

လွဲချော်နေတဲ့ လူမှုစည်းမျဉ်းတွေကို အရှိတရားအတိုင်းကြည့်ပြီး သူဆယ်ကျော်သက် ဖြစ်လာခဲ့ပြီ။ သူ့ရဲ့ ပေါင်းသင်းဆက်ဆံမှု နယ်ပယ်ထဲက ဆယ်ကျော်သက်ဘဝရဲ့ အဖြောင့်လိုက် သဘာဝတရားတွေထဲမှာ နေသားကျဖို့ စွန်းကွမ်းလင်း အတော်ကြိုးစားခဲ့ရတယ်။ ကိုယ်အထင်ကြီးအားကျခဲ့ရတဲ့ ဘဝကို ပိုင်ဆိုင်ခဲ့သူ သူငယ်ချင်းဆိုတာကလည်း တကယ်တမ်း သူ့ရဲ့ကိုယ်ပိုင်ဘဝထဲမှာတော့ ထင်သလောက် ပျော်ရွှင်ကျေနပ်စရာကောင်းနေခဲ့တာမျိုး မဟုတ်တာကို တွေ့ရတာမျိုးတွေက သူ့ကို တစ်နည်းတစ်ဖုံတော့ အံ့ဩမှင်တက်စေခဲ့ပါတယ်။ လူဆိုတာ ကိုယ်အားကျရသူရဲ့ မမြင်ရတဲ့မြင်ကွင်းတွေကို စိတ်ကူးတွေနဲ့ ထင်ယောင်ထင်မှား တည်ဆောက်တတ်ကြသူတွေပါ။ အဲဒီမြင်ကွင်းတွေကို မျက်လုံးရှေ့မှာ မြင်ရချိန်ဆိုရင်တော့ အံ့ဩတကြီး ဖြစ်တတ်ကြရလေ့ရှိပါတယ်။ စွန်းကွမ်းလင်းကလည်း အဲဒီလိုမျိုးဖြစ်ခဲ့တယ်။ ‌ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ထဲက သူ့ရဲ့ ထင်ယောင်ထင်မှား ဖြစ်မှုတွေကို မျက်ဝါးထင်ထင် မြင်ရပြီးတဲ့အခါ သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အဖြစ်တွေနဲ့ တိုက်ဆိုင်မနေတော့တာမျိုး ဖြစ်သွားခဲ့တယ်။ 

ဒီတော့ သူစိတ်ဝင်စားတဲ့အရပ်ဒေသ၊ စိတ်ကူးနယ်ပယ်ဖြန့်ကျက်မိတဲ့ နယ်ပယ်ဟာ သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲ ပြောင်းရွေ့လာပြန်တယ်။ 

သူသိထားတဲ့ အဖေဖြစ်သူရဲ့ လူမှုရေး‌ဖောက်ပြန်မှုရောဂါ၊ အစ်ကိုဖြစ်သူရဲ့ အဖေ့ဆီက ကူးစက်ခံလိုက်ရတဲ့ လူမှုရေးသန္ဓေပျက်ရောဂါတွေကို ကြည့်ရင်း သူနေထိုင်နိုင်ခဲ့ပါတယ်။

လူတွေ သိုသိုသိပ်သိပ် ဖုံးဖိဖာထေးတတ်ကြတဲ့ မိသားစုသိက္ခာတွေ၊ ‌သွေး‌ချင်းပေါက်ဖော်တွေရဲ့ မလုံမလဲကိုယ်ကျင့်တရားတွေကို စွန်းကွမ်းလင်းကတော့ ပကတိအရှိတရားအတိုင်း တွေ့မြင်ခဲ့တာပါ။ ဆင်ခြင်တုံတရားနည်းပါးမှုနဲ့ မောင်းနှင်ရှင်သန်ခဲ့ကြတဲ့ အသိုက်အဝန်းတစ်ခုအပေါ် မျက်လုံးအပြူးသားနဲ့ ကြည့်ရင်း သူ ကြီးပြင်းခွင့်ရခဲ့ပါတယ်။

သူတို့ ဘိုးဘွားတွေရဲ့ ဇာတိပုညဂုဏ်မာနနဲ့ ရိုးရာစဉ်လာတွေကြားမှာ တံခါးပိတ်ပြီး တိတ်ဆိတ်နေတတ်ခဲ့တဲ့ စွန်းကွမ်းလင်း ရှု့မြင်ပုံတွေက သရော်ဟန်သိပ်ပါလွန်းနေခဲ့တယ်။ အဖိုးဖြစ်သူရဲ့ မိဘတွေလက်ထက်ကနေ သူ့အဖိုးတို့ ဘဝအထိ စကားလုံးတွေနဲ့ တည်ဆောက်ပြီး ထူထဲခန့်ထည့်လှတဲ့ ဇာတိဂုဏ်တွေထဲမှာ ပိုးကိုက်နေတဲ့ မာန်မာနတွေ၊ ညစ်ထေးနေတဲ့ ကိုယ်ကျင့်တရားတွေကို ထေ့ငေါ့ထားပုံက စွန်းကွမ်းလင်းရဲ့ ခေတ်လူငယ်ပုံရိပ်ကို တစ်ဆင့်တိုးပြီး မြှင့်တင်ထားတဲ့ ပုံစံကို စာရေးဆရာက ပုံဖော်ထားတယ်။ ထုတ်ဖော်ပြီး မပြောဖြစ်ခဲ့ကြပေမယ့် လူငယ်တွေတိုင်းနီးပါးဟာ ခေတ်ဟောင်းအတွေးအခေါ်တွေကို အနည်းနဲ့အများတော့ လှောင်ပြောင်လိုစိတ်ရှိတတ်ကြတယ်။ ဒါကို စာရေးဆရာက ကောင်းကောင်း တို့ထိပြသွားနိုင်ပါတယ်။ ဇာတ်ကောင် စွန်းကွမ်းလင်းက သူ့အဖေရဲ့အဖိုးဖြစ်သူနဲ့ အဖွား ဖြစ်သူရဲ့ ဇာတ်ကြောင်းတွေကို ပြောတဲ့အခါ ပိုသိသာတယ်။ အဖွားဖြစ်သူရဲ့ ရှေးခေတ် ခြေသေးတရုတ်မတစ်ယောက်ရဲ့ ဂုဏ်ကြီးရှင် ပုံရိပ်တွေ၊ အဲဒီ ဂုဏ်သရေရှိ အမျိုးသမီးကို ဇနီးတော်ခွင့်ရလိုက်တဲ့ တောသားကျောမွဲတစ်ယောက်ရဲ့ ရှည်လျားထွေပြားလွန်းလှတဲ့ ဂုဏ်ယူမဆုံးတဲ့ ပုံပြင်တွေအပေါ်မှာ စာရေးဆရာရဲ့ ကလိသလို ရိသလို သရော်ဟန်တွေက ပိုသိသာပါတယ်။

သူ့အဖေနဲ့ အဖိုးတို့ကြားက သားအဖဆက်ဆံရေးအပေါ် တရုတ်ပြည်မှာ လွှမ်းမိုးမှု အားကြီးလှတဲ့ ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်သက်ရောက်မှုတွေကို‌တောင် ကာကွယ်ထားတာက ဆင်းရဲမွဲတေမှုတွေနဲ့ ဆင်ခြင်တုံတရားမဲ့မှုတွေကြောင့်ပါပဲ။ အဖေမို့ ကျေးဇူးရှင် ဖြစ်ရမယ်။ ဘုရားတစ်ဆူလို ကိုးကွယ်ရမယ်ဆိုတဲ့ တရုတ်ယဉ်ကျေးမှုတွေကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး သေငယ်ဇောနဲ့ မြောနေတဲ့ အဖေဖြစ်သူ မြန်မြန်အသက်ထွက်ဖို့ ဆုတောင်းတတ်တဲ့ သားဖြစ်သူရဲ့ မိုက်ရူးရဲစိတ်တွေ၊ အသက်ကြီး‌သူတစ်ယောက်ရဲ့ ဆင်းရဲမွဲတေမှု ဒဏ်ချက်တွေကြားမှာ အစာဝဖို့ ဉာဏ်နီဉာဏ်နက်များရတာတွေက အဖေနဲ့သားဆိုတဲ့ ဆက်နွယ်မှုထက်ပိုတဲ့ ဆင်းရဲမွဲတေမှု ဒဏ်တွေကြောင့် အပိုလူတစ်ယောက်ကို တင်ကျွေးထားဖို့ ခက်ခဲတဲ့ အဲ့ဒီခေတ်သရုပ်မှန်တွေကို ပုံဖော်ပြထားတာက စိတ်ညည်းညူဖွယ်ရာပါ။ ယွီဟွာက အဲဒီအဖြစ်အပျက်တွေကို သရော်ဟန်နဲ့ ရေးလိုက်ပြလိုက်တဲ့အခါ စိတ်ညစ်စရာမဖြစ်ပဲ စာရေးဆရာရဲ့ ပြက်လုံးထဲမှာ ကိုယ်ပါ လိုက်ပါသွားခဲ့ရပါတယ်။

တရုတ်ယဉ်ကျေးမှုတွေထဲက ဆရာတပည့်ဆက်ဆံရေးတွေကြားထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှတ်မှတ်ရရ မှတ်မိနေတာက ကျောင်းဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ရဲ့ စိတ်အာရုံကို ကိုင်လှုပ်ဆွဲညစ်နိုင်စွမ်းကိုပါပဲ။ အပြစ်ပေးပါမယ်ဆိုတဲ့ အသိစိတ်ကို မမေ့မလျော့အောင်လုပ်ပြီး အပြစ်ပေးတဲ့ ကျောင်းဆရာတစ်ယောက်ကို ဆရာကောင်းပါလို့ ဘယ်လို သတ်မှတ်မလဲ။ အမိန့်အာဏာရဲ့ သက်ရောက်မှုနဲ့ အကြပ်ကိုင်မှုတွေကြားထဲမှာ အမှန်တရား ပျောက်ဆုံးသွားတတ်တဲ့ အဖြစ်အပျက်တစ်ခုကို စွန်းကွမ်းလင်းကိုယ်တိုင် ကြုံတွေ့ရတာကို ရေးပြထားပါတယ်။ ဒီအဖြစ်အပျက်တွေက ကွန်မြူနစ်စနစ်ရဲ့ ပုံရိပ်ကိုများ ရည်ညွှန်းလေသလားဆိုတာ သံသယဖြစ်မိပါတယ်။ ငါက အထက်ကဆိုတဲ့ အာဏာနဲ့ အတင်းအကျပ်ဝန်ခံခိုင်းတဲ့ နည်းလမ်းတွေ၊ ကျင်လည်‌နေကျ ပတ်ဝန်းကျင်ထဲကနေ ခွဲထုတ်ပြီး သီးသန့် ခံစားစေတဲ့၊ စိတ်ဓာတ်ကို ညှင်းဆဲနည်းတွေကို သုံးတယ်။ အဖြေတစ်ခုကိုရဖို့ အဖြေထုတ်နည်း မဟုတ်တဲ့ နည်းလမ်းတွေနဲ့ အဖြေထွက်အောင် အဖြေထုတ်တဲ့ နည်းစနစ်တွေအောက်မှာ တကယ်ခံစားခဲ့သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်ရမှု၊ သိမ်ငယ်ရမှုတွေကို ဘယ်လူကြီးတွေကမှ ထည့်မတွက်ကြပါဘူး။

မျှော်လင့်ချက်နဲ့ လက်ခံလိုက်ရတဲ့ အမှန်တရားကြားမှာ ကျရှုံးသွားတဲ့ သူငယ်ချင်းဖြစ်သူအကြောင်း စွန်းကွမ်းလင်း ပြန်ပြောပြတဲ့အပိုင်းတွေဟာ တရုတ်နိုင်ငံရဲ့ တကယ် ဖြတ်သန်းခဲ့တဲ့ ခေတ်ပါပဲ။ 

 ဝတ္ထုက တစ်လျှောက်လုံး ဆင်းရဲမွဲတေမှုနဲ့ အတွေးအခေါ်နည်းပါးမှုတွေကနေ ဖြစ်လာတဲ့ ကျိုးကြောင်းဆက်စပ်မှုတွေရဲ့ ကမောက်ကမ ဖြစ်စဉ်တွေကို စွန်းကွမ်းလင်းနဲ့အတူ ဘေးက ထိုင်ကြည့်နေရတာမျိုးပါပဲ။

ယွီဟွာက တောင်စဉ်ရေမရ အဖြစ်အပျက်တွေကို ကြုံသလို ပြောသွားသလိုမျိုး ရေးပြသွားခဲ့ပေမယ့် ဇာတ်ကောင် စွန်းကွမ်းလင်းဟာ ယွီဟွာကိုယ်တိုင်လား ဆိုတာတော့ မေးခွန်းထုတ်ချင်စရာပါ။ ခေတ်ကာလ၊ နေထိုင်ရာ ဒေသ၊ ကျိုးကြောင်းသက်ရောက်မှု ပယောဂတွေကြောင့် ယိုင်နဲ့ယိုယွင်းနေတဲ့ ကျင့်ဝတ်တွေ၊ ဖောက်ပြားမှုတွေ၊ လောကအမြင် ဘဝအမြင်တွေ ယုံကြည်ဖွယ်မရှိတော့တဲ့ ကိုယ်ကျင့်တရားတွေကို စွန်းကွမ်းလင်းရဲ့ ဘဝဖြစ်စဉ်နဲ့ နေထိုင်ရာဝန်းကျင်တွေကနေ တို့ထိရေးပြသွားပါတယ်။ ဆိုတော့ ဖတ်နေရင်း ဟိုရောက်ဒီရောက် ဖြစ်နေပေမယ့် ဖတ်ပြီးသွားတော့မှ နောက်တစ်ကြိမ် ပြန်ဖတ်သင့်တယ်ဆိုတဲ့ ယူဆချက်မျိုး ဖြစ်ပေါ်လာစေနိုင်တဲ့ ဝတ္ထုပါ။ တရုတ်လူနေမှုစနစ်ထဲထဲ လူရွယ်တစ်ယောက်ရဲ့ မျိုးဆက်တစ်ခုစာ တွေ့ကြုံခံစားခဲ့ရသမျှတွေကို ရေးပြထားတာမျိုး ဖြစ်နေလို့ပါ။ ဖတ်ရတာ ပျင်းရိမသွားစေတဲ့ သရော်ဟန်စတိုင်လ်နဲ့ မြူးကြွတဲ့ ဝါကျတွေက ယွီဟွာရဲ့ ရေးဟန်လား ဆရာတော်ကောင်းမင်းရဲ့ ဘာသာပြန်စကေးကြောင့်လား မေးခွန်းထုတ်မိပါတယ်။

ဖြစ်နိုင်တာကတော့ ဆရာတော်ကောင်းမင်းရဲ့ ဘာသာပြန်စကေးက စာရေးဆရာယွီဟွာရဲ့ လေသံကို ကောင်းကောင်းသိနေလို့ပဲ ဖြစ်ပါလိမ့်မယ်။

ဒီဝတ္ထုဟာ ယွီဟွာရဲ့ ပထမဆုံး လုံးချင်းဝတ္ထုရှည်လို့ သိရပါတယ်။ ဆရာ တော်ကောင်းမင်းက ယွီဟွာရဲ့ ဝတ္ထုရှည်ခြောက်အုပ်ထဲက ငါးအုပ်ကို ဘာသာပြန်ပြီးသားလို့ အမှာစာမှာ ရေးထားပါတယ်။ နောက်ထပ် ဖတ်ရှု့ရမယ့် ဘာသာပြန်နဲ့ စာရေးဆရာတွေလို့ သတ်မှတ်လိုက်ပါတယ်။

▀

ဆိုဝ်ငြယ်

 

- မိုးဖွဲထဲ ဟစ်ကြွေး

- တော်ကောင်းမင်း(ဘာသာပြန်)

- Cries in the Drizzle by Yu Hua

- စာမျက်နှာ -၄၁၅

-၂၀၂၄၊ ဇွန်လ၊ ပထမအကြိမ်

- ကံ့ကော်ဝတ်ရည်

- မျက်နှာဖုံး ဇော်မောင်

 

 

 


Related Articles

စာအုပ်မိတ်ဆက်
...
နိုင်ငံတော်မူဝါဒတစ်ခုရဲ့ အကွဲအပြဲများ (သို့မဟုတ်) ဖား
ဆိုဝ်ငြယ်

ပါတီရဲ့ မူဝါဒလို့ ကြွေးကြော်ပြီး သားဖွားသူကနေ သားသတ်သမားလို ဖြစ်ခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝမှာ ဒါတွေဟာ လုပ်ရိုးလုပ်စဉ်တွေ၊ နိုင်ငံသစ်အတွက် နည်းစနစ်သစ်တွေလို့ ယုံကြည်ခဲ့တယ်။ ဘာကိုမှ မတွေးနိုင်ဘူး။ပါတ...

စာအုပ်မိတ်ဆက်
...
မိန်းမသားတစ်ယောက်ရဲ့ဘဝ ရစ်ဖွဲ့နှောင်တည်းမှု (သို့) ရှင်နေမင်းမှ ပေးသောစာ
ဆိုဝ်ငြယ်

မိန်းမတစ်ယောက်ရဲ့ ဘဝမှာ အိမ်ထောင်ဖက်ဆိုတာ ဘယ်အတိုင်းအတာအထိ အရေးပါတတ်ကြသလဲ။ အိမ်ထောင်ဖက်ကို ရွေးချယ်ကြတဲ့အခါ အချစ်တစ်ခုတည်းနဲ့ လုံလောက်ရဲ့လား။ ပြီးတော့ သားသမီးဆိုတဲ့ မျိုးဆက်တွေရဲ့ ဖြစ်လာမယ့် လက်ခံယုံက...

စာအုပ်မိတ်ဆက်
...
စနစ်တစ်ခုအောက်က သားကောင်များ (သို့မဟုတ်) နှင်းခဲပျော်ချိန်
ဆိုဝ်ငြယ်

ပုံစံခွက်တစ်ခုထဲမှာ ဘဝကိုပါ နစ်မြှုပ်သွားစေတဲ့အထိ အမြစ်စွဲသွားတဲ့ အိုင်ဗင်လိုလူတွေက ကိုယ့်ဝန်းကျင်မှာ အများဆုံးဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတ္တတစ်ခုကလွှဲရင် ဘာကိုမျှ မကြည့်တတ်၊ ဂရုမစိုက်တတ်သူမျိုး ကိုယ့်အ...