စာအုပ်သုံးသပ်ချက်

လွမ်းဆွတ်သတိရစိတ်နဲ့ ဖတ်ဖို့စာ

မောင်ဘစီ

05 November 2025
လွမ်းဆွတ်သတိရစိတ်နဲ့ ဖတ်ဖို့စာ
Share to

၁။

စာပေနယ်မှာ၊ အထူးသဖြင့် မြန်မာစာပေနယ်မှာ ကွယ်လွန်သွားပြီးဖြစ်တဲ့ ထင်ရှားကျော်ကြားသူ လူပုဂ္ဂိုလ်တွေအကြောင်းကို ပြန်လည်အမှတ်ရ ရေးသားကြသည့် စာအရေးအသားတွေ အမြောက်အမြားရှိသည်။ အသက်မသေသေးသည့်တိုင် လူတစ်ဦးအကြောင်း အခြားတစ်ဦးက အမှတ်ထင်ထင်ရေးကြသည့် (ရုပ်ပုံလွှာ/ Profile ဟု ခေါင်းစဉ်တပ်၍ ခေါ်စရာ) စာတွေလည်း များလှ၏။ ကောင်းတာလည်းရှိ၊ မကောင်းတာလည်း ရှိသည်ပေါ့။ အများစုစာတွေကတော့ အရေးခံပုဂ္ဂိုလ်က အများပြည်သူ ကြည်ညိုလေးစား ချစ်ခင်စရာ ကိုယ်ရည်ကိုယ်သွေး အပြည့်အဝရှိပါလျှင်- တစ်နည်း ရေးသားသူကလည်း ကပ်ကပ်သတ်သတ်ကလေးတွေ မြင်တတ် ကြည့်တတ်ပြီး မြင်ရသမျှ တွေ့ရသမျှကို လိုတာယူ မလိုတာနုတ်၍  ရေးသားပုံဖော်နိုင်သော အတတ်ပညာရှိလျှင် စာဖတ်သူတွေအတွက်မှာ အကျိုးရှိရစမြဲပါ။

ဒဂုန်တာရာ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့များသည် ကျွန်တော်တို့ စာဖတ်သူတွေ၏ နှလုံးသားကို ဒီနေ့အထိ သိမ်းပိုက်ထားတုန်းပါပဲ။ ‘ရုပ်ပုံလွှာ’ စာအုပ်ထဲမှ အောင်ဆန်း(သို့မဟုတ်) အရိုင်းသည် လည်းကောင်း၊ ဗဟိန်း (သို့မဟုတ်) ကဗျာသည်လည်းကောင်း၊ သခင်သန်းထွန်း(သို့မဟုတ်) အနီကိုလေ့လာကြည့်ရှုချက်သည် လည်းကောင်း ကျွန်တော်တို့ ရင်ကို စိုးမိုးထားနိုင်နေဆဲ။ ရေးဖွဲ့သူက အရေးကောင်းသဖြင့် အရေးခံပုဂ္ဂိုလ်၏ ရုပ်ပုံလွှာသည် စာဖတ်သူဖြစ်သော ကျွန်တော်တို့ ရင်ထဲတွင် အမြဲ ထာဝရ ရှင်သန်နေလေသည်။ တရုတ်ပြည်ခရီးစဉ်တစ်ခုမှာ ထင်ရဲ့၊ သခင်ကိုယ်တော်မှိုင်းက သူ့လက်မှာ ပတ်ထားသည့် စိတ်ပုတီးကလေးကို အခြားဧည့်သည်တွေ ရှေ့ကျတော့ လက်ကလေးတစ်ဖက်ဖြင့် အုပ်ကာကွယ်ထားသတဲ့။ ဘာကြောင့်လဲဆိုတော့ သူ့ကို ‘သခင်နုနဲ့တူတယ်’ဟု လူတွေက ထင်ကြမှာ စိုးလို့ပါတဲ့လေ။ ဦးနှောက်ထက် နှလုံးသားက ပိုကြီးနေသည်ဆိုသော ဝန်ကြီးချုပ်ဦးနုကလည်း အဲဒီအခါတုန်းက ဘုရားတရားဘက် စိတ်ညွှတ်နေတာကိုး။ တစ်ခါက တာဝါလိန်းအိမ်သို့ ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ဖို့သွားတော့ ဗိုလ်ချုပ် မအားသေးဘူးဆိုလို့ ဒဂုန်တာရာ ထိုင်စောင့်နေခဲ့ရ။ အတန်ကြာတော့မှ ဗိုလ်ချုပ်က အိပ်ခန်းထဲက ထွက်အလာ၊ သူ့နှုတ်ခမ်းမှာ နှုတ်ခမ်းနီအရာတွေနှင့်မို့ စိတ်ထဲ မပြုံးမိအောင် ကျိတ်မှိတ်နေခဲ့ရသတဲ့။ ဖွဲ့နွဲ့သူက လူ့သဘာဝအသေးစိတ်ကလေးတွေကို မြင်တတ်သိတတ်ပြီး အရေးအဖွဲ့ကလည်း စွမ်းရည်ပြည့်ဝ ရသမြောက်လှသောအခါ ရုပ်ပုံလွှာတွင် အဖွဲ့နွဲ့ခံပုဂ္ဂိုလ်ကို စာဖတ်သူသည် မေ့နိုင်ပါ ရိုးလား။

အလားတူ ဂျာနယ်ကျော်မမလေး၏ ‘သူလိုလူ’ စာအုပ်ထဲတွင် အရေးခံပုဂ္ဂိုလ်ဖြစ်သော ဂျာနယ်ကျော်ဦးချစ်မောင်မှာ စာဖတ်သူအများစု၏ ‘စံပြပုဂ္ဂိုလ်’ ဖြစ်လာလေသည်။ ဦးချစ်မောင်၏ ‘ရိုးဂုဏ်’ နှင့် ‘ စာဖတ်ပုံ’က  စာဖတ်သူ လူငယ်များ၏စိတ်ကို အတော်ပင် ညွှတ်နူးနိုင်စွမ်းရှိခဲ့ပေသည်။ ဦးချစ်မောင်ကို အားကျ၍ စာအုပ်တွေ အများကြီးဖတ်ဖို့ ကြိုးစားခဲ့သော လူငယ်တွေ ရှေးကလည်း ရှိခဲ့သည်။ ကျွန်တော်တို့ ခေတ်မှာလည်း ရှိနေတုန်း။ “ ဦးချစ်မောင်၊ လောကမှာ ဂုဏ်အမျိုးမျိုး ရှိတယ်။ ဘယ်ဂုဏ်ဟာ အကောင်းဆုံးလဲ၊ ဘယ်ဂုဏ်ကို အနှစ်ခြိုက်ဆုံးလဲ၊ ဘယ်ဂုဏ်ကို ရွေးချယ်ကျင့် သုံးနေသလဲ” လို့ ဒေါ်မမလေးက မေးသည့်အခါ ဦးချစ်မောင် ပြန်ဖြေခဲ့တာ အခုထိ မမေ့သေး။

“ကျွန်တော်တော့ ရိုးဂုဏ်ကို ကြိုက်ပါတယ်။ မြန်မာများဟာ ရိုးဂုဏ် လိုနေပါတယ်။ ဘာသာ ကောင်းပါလျက်နဲ့ အကျင့်ပျက်နေကြပါတယ်။ လောကမှာ စိတ်ပျော်မွေ့ဖွယ်ရာ အကောင်းဆုံးဟာ လူရိုးလူကောင်းတစ်ယောက် ဖြစ်အောင်လုပ်တာ၊ ကြိုးစားတာ ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလို လူရိုးလူကောင်း စ်ယောက်ဖြစ်အောင် ထိန်းသိမ်းစောင့်စည်းရတာ မလွယ်လှကြောင်းကိုလည်း ကျွန်တော် သိပါတယ်။ မလွယ်သော်လည်း မဖြစ်နိုင်တာ မဟုတ်လို့ ကြိုးစားပြီး လူရိုးလူကောင်းတစ်ယောက်ဖြစ်အောင် ကျင့်မယ်လို့ ကြံပါတယ်။ ဘယ်လောက် အောင်မြင်မယ်၊ ဘယ်လောက် ပျက်ကွက်မယ်ကိုတော့ ကျွန်တော့်ရဲ့ ကျန်ရှိသေးတဲ့ သက်တမ်းက သက်သေခံပါလိမ့်မယ်။ ဒီသက်သေခံကို မတင်တင်လို ပုဂ္ဂိုလ်များက စစ်ဆေးဖို့ ဖြစ်ပါတယ်”

‘သူလိုလူ’ စာအုပ်ကိုဖတ်တုန်းက ထိုစာသား(စကား)များကို ကြိုက်လွန်းလို့ မျဉ်းသားခဲ့သော စာဖတ်သူတွေ ဘယ်လောက်များများ ရှိလိမ့်လေမလဲ။ သေချာသည်က အရေးအဖွဲ့ ကောင်းလှသဖြင့် အရေးခံပုဂ္ဂိုလ်၏ စရိုက်လက္ခဏာနှင့် စိတ်နေစိတ်ထားတို့ကို စာဖတ်သူတွေ မမေ့နိုင် တသသ ဖြစ်ခဲ့ကြသည်ကိုတော့ ငြင်းမရ။ သတင်းဆရာ၊ အယ်ဒီတာ  ဦးချစ်မောင်ကို အားကျပြီး စာနယ်ဇင်းလောကထဲသို့ ရောက်လာကြသူတွေ၏ အရေအတွက်ကို ‘သူလိုလူ’ စာအုပ် စထွက်စဉ်က တည်းက စ၍ တွက်ချက်ကြည့်သော် နည်းအံ့မထင်။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင်ပင်လျှင် ‘သူလိုလူ’ကို ညွှတ်နူးခဲ့သူ မဟုတ်ပါလော။

စစ်ပြီးစတွင် ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်သည်။ ဇနီးဖြစ်သူ မမလေးက ‘ သူလိုလူ’ အမည်ဖြင့် ဦးချစ်မောင်အကြောင်း စာအုပ်ရေးသည်။ ဤစာအုပ်ကို ဖတ်ရသောအခါ ကျွန်တော်၏ စာဖတ်စွဲလမ်းမှုသည် ပိုကြီးသွား၏။ စာအုပ်တစ်အုပ်က လူတစ်ယောက်၏ စာဖတ်လမ်းကြောင်းအပေါ် ဩဇာညောာင်းမှုသည် တိုင်းတာမရအောင် ကြီးမားတတ်ကြောင်း ယခုပြန်၍ သတိပြုမိသည်’ ဟု သူ၏ ‘စာပေမွေ့လျော်မှု ပျိုးထောင်ခြင်း’ စာတမ်းတွင် ထည့်သွင်း ရေးခဲ့ဖူးသည်။ ‘ရုပ်ပုံလွာ’အဖွဲ့တွင် ရေးဖွဲ့သူက အဖွဲ့အနွဲ့ကောင်းလျှင် ကောင်းသကဲ့သို့ အဖွဲ့နွှဲ့ခံပုဂ္ဂိုလ်၏ စရိုက်စိတ်နေ သဘောအပေါ်တွင် စာဖတ်သူများကို  အားကျစိတ် ဖြစ်စေနိုင်သည်။ ချစ်ခင်စိတ် ဖြစ်စေနိုင်သည်။  အဖွဲ့နွဲ့ခံ ပုဂ္ဂိုလ် လူ့လောကထဲ မရှိတော့ဘူးဆိုတောင်မှ ‘ထိုသူ’ကို လွမ်းဆွတ်သတိရစိတ် ဖြစ်ပေါ်စေနိုင်ပေ၏။

၂။

အခုပြောခဲ့သလို မဟုတ်သည့် ပုဂ္ဂိုလ်ရေးအဖွဲ့အနွဲ့စာတွေလည်း မြန်မာစာပေထဲတွင် အများအပြားရှိနေသည်ကို ကျွန်တော်တို့ သတိထားမိထားသည်။ အချို့က သူများအကြောင်း ရေးသလိုလိုနှင့် ကိုယ့်အကြောင်း ကိုယ်ရည်သွေးတာက ခပ်များများ။ အရေးခံပုဂ္ဂိုလ်က ထင်ရှားကျော်ကြား လူသူလေးစားသည့် ပုဂ္ဂိုလ်ဖြစ်နေလျှင် အဆိုပါ ပုဂ္ဂိုလ်နှင့် မည်ရွေ့မည်မျှ ရင်းနှီးကြောင်း၊ သိကျွမ်းကြောင်း တဖွဲ့တနွဲ့ရေးကာ ကိုယ့်ဘာသာ ကြော်ငြာထိုးသွားကြသည့် စာရေးသားတွေလည်း မနည်းလှ။ အခုကာလ ပိုလို့တောင်မှ များနေသေးသည် ထင်ပါ၏။ ဥပမာလေး တစ်ခု နှစ်ခု ပြပါဦးမည်။

ပြီးခဲ့သည့် နှစ်လကျော်က စာရေးဆရာ နောင်ကျော် ကွယ်လွန်သွားသည်။ သူက တက္ကသိုလ်ဆရာ၊  နိုင်ငံရေးအကျဉ်းသားဟောင်း စ်ဦးလည်း ဖြစ်သည်မို့ လူချစ်လူခင် များသည်။ သူကွယ်လွန်တော့ သူ့ကို နှမြောတသ ရေးကြသည့်စာတွေ ဆိုရှယ်မီဒီယာလူမှုကွန်ရက်ပေါ်မှာ တွေ့ရ ဖတ်ရသည်။ စာရေးဆရာတစ်ဦး (အမည်တော့ မပြောတော့ပါ)က လက်ရှိကာလထုတ်ဝေနေသော နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် ဆရာနောင်ကျော်အကြောင်းကို အလွမ်းစာရေးသည်။  ယုဇနဥယျာဉ်မြို့တော်မှာ နေထိုင်စဉ်က သူနှင့် မည်သို့မည်ပုံ ခင်မင်ခဲ့သည်မှ အစချီပြီး ထိတွေ့ဆက်ဆံရသည့် (ထူးထူးခြားခြားတွေတော့လည်း မဟုတ်)  အမှတ်တရတွေကို ရေးသည်။ သာမာန်အကြောင်းအရာတွေပါပဲ။ တစ်နေရာမှာ ကျတော့ ဆရာနောင်ကျော်က သူအလုပ်လုပ်နေသည့် မဂ္ဂဇင်းမှာ ‘စာရေးချင်တယ်’ သူ့ကို ပြောပါသတဲ့။ ရေးချင်ရသည့် အဓိက အကြောင်းရင်းမှာ အဲဒီမဂ္ဂဇင်းက စာမူခ မြိုးမြိုးမြက်မြက်ပေးလို့ ဟူ၏။ စာရေးသူကလည်း သူအနေနှင့် ဆရာ နောင်ကျော်၏ စာမူကို ယူသွားပေးကြောင်း၊ ခက်တာက အဆိုပါ မဂ္ဂဇင်းမှာ လူပုဂ္ဂိုလ်များကို တွေ့ဆုံမေးမြန်းမှုကို အခြေပြ၍ ပြန်လည်ရေးသားသော ရုပ်ပုံလွာ(Profile) အရေးအသားတွေကို ဦးစာပေး ထည့်သွင်းသည့်အတွက် ဆရာနောင်ကျော်၏ စာမူကို (ထိုစာရေးသူ သိရသလောက်) အသုံးမပြုဖြစ်ခဲ့ပါတဲ့။ 

ဒီနေရာတွင် ဆရာနောင်ကျော်နှင့် ဆယ့်ငါးနှစ်နီးပါးမျှ ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သူ တစ်ဦးအနေဖြင့် ကျွန်တော့်အဖို့တွင် သံသယဖြစ်စေသော အချက်တစ်ခု ရှိသည်။ ဆရာနောင်ကျော်က စာမူခများများပေးသော မဂ္ဂဇင်းတွင် စာရေးချင်သည်ဆိုခြင်းမှာ မဖြစ်နိုင်။ သူနှင့် သွားလာပေါင်းသင်းခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ဆရာနောင်ကျော်အနေနှင့် စာရေး၍ အသက်မွေးဝမ်းကျောင်းသည် ဆိုငြားလည်း စာမူခအတွက်ဖြင့်တော့ စာမရေးခဲ့ပေ။ သူရေးချင်သည့် အကြောင်းအရာကိုသာ ရေးသလို သူနှင့် ‘မူ’ ချင်း ‘ရပ်တည်ချက်’ချင်း ကိုက်ညီနိုင်သော စာနယ်ဇင်းများသို့သာ စာမူပေးပို့လေ့ရှိသည်။ ထိုသို့ ပို့သောအခါ စာမူခရခြင်း၊ တစ်နည်းများများ ရခြင်းသည် ပဓာနမဟုတ်ချေ။ ပေးချင်မှ ပေး၊ ပေးနိုင်သလောက်ပေး။ အချို့ ငွေရေးကြေးရေး အရ ခက်ခဲရုန်းကန်ရသော ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာမူခကို ယူပင်မယူခဲ့။ ပြောချင်သည်မှာ ငွေအတွက် စာရေးခြင်းမဟုတ်ပါ။ အခု သူကွယ်လွန်ပြီးကာမှ စာရေးဆရာတစ်ဦးကရေးတော့ အနည်းငယ် လွဲချော် နေသည်။ ထိုစာရေးဆရာ လွဲချော်ပြီး ထင်ရာရေးတာက ကိစ္စမရှိသော်ငြား  ‘အရေးခံပုဂ္ဂိုလ်’၏ သိက္ခာကို ညှိုးနွမ်းစေသည်မှာ ငွေအတွက်ပဲ စာရေးသလိုလို ပုံဖော်လိုက်ခြင်းပင်ဖြစ်သည်။

နောက်ထပ် ပူပူနွေးနွေးဖြစ်ရပ်တစ်ခု ရှိသေး၏။ ဒါက ဖေ့ဘွခ်လူမှုစာမျက်နှာပေါ်မှာ ဖြစ်တာ။ ဝတ္ထုရေးဆရာမ တစ်ဦး၏သားက ပန်းချီဆရာ။ ထိုပန်းချီဆရာလေးကွယ်လွန်ပြီး တစ်နှစ်ခန့်ကာလ မကြာသေးမီတုန်းက လောကနတ်ပြခန်းမှာ သားအမှတ်တရဖြစ် သား၏ ကျန်ရစ်သည့် ဖန်တီးမှုလက်ရာပန်းချီကားများကို အမေဖြစ်သည့် စာရေးဆရာအမျိုးသမီးက ပြပွဲကျင်းပသည်။ ထိုပြပွဲသို့ ကျောင်းဆရာဟောင်းလည်းဖြစ်၊ အခုနှစ်များအတွင်း လွန်စွာလည်း အောင်မြင်မှုရနေသော စာရေးဆရာတစ်ဦးက ထောပနာပြုသည့် စာတစ်ပုဒ်ကို သူ၏ ဖေ့ဘွတ်ခ်မှာ တင်သည်။ ဒီအထိလည်း ဘာမှ ပြဿနာမရှိ။ အဟောဝတ ကောင်းစွပါလေ။

ပြဿနာရှိလာသည်မှာ ၎င်းစာရေးဆရာက သူ့စာထဲမှာ သားဖြစ်သူကွယ်လွန်စတုန်းက မိခင်ဖြစ်သူ စာရေးဆရာမခမျာ မပဋာမြေလူးသည်ပမာ ရန်ကုန်မြို့ထဲမှာ ခြေဦးတည့်ရာ လျှောက်သွားနေ့သည့်အကြောင်း၊  ရည်ရွည်ချက်မရှိဘဲ မနက်ဆိုလျှင် မင်္ဂလာဒုံဘက်မှ ထွက်လာပြီး ဘတ်စ်ကားတွေ ပတ်စီးနေကြောင်း၊ တစ်ရက်တွင်တော့ စာရေးဆရာက ကားနှင့် ဖြတ်အသွား တာမွေအဝိုင်းနားမှာ ထိုစာရေးဆရာမကို လှမ်းမြင်လိုက်သဖြင့် ကားရပ်ကာ မိတ်ဆွေစာရေးဆရာတစ်စုက အစ်မ ဘယ်သွားနေတာလဲ မေးသည်တွင် ဘယ်ရယ်လို့လည်း မဟုတ်၊ အိမ်မှာနေရတာ တိမ်းတိမ်းပွေပွေ ရှိလှတာနဲ့ အခုလိုပဲ ခြေဦတည့်ရာ သွားနေတာဟု စာရေးဆရာမက ပြန်ဖြေသည် ဟူ၏။ ဒီတွင်ခါ သူတို့ကလည်း မနေသာသဖြင့် ကားပေါ်တင်ခေါ်ကာ စကားလက်ဆုံ ပြောမကုန်ဖြစ်ရသည့်အကြောင်း ရေးသည်။ ဖတ်လို့ကောင်းသည်။ ဖေ့ဘွတ်ခ်မှာ ထင်ရှားနေသည့် စာရေးဆရာဖြစ်သည့်အတွက် စာသားများတင်ပြီးခဏ မိနစ်ပိုင်းအတွက်မှာ ‘နှစ်သက်’ ‘မျှဝေ’ ‘အသည်းပေး’ ‘လက်မထောင်’ ကြသူတွေ တစ်မြုံစ်မနှင့်မို့ ပျော်စရာကြီးပေ။

ထိုအရေးအသားကို ဖတ်ပြီး စိတ်မပျော်နိုင်သူက အရေးခံရသူ စာရေးဆရာမကြီးပါလေ။ သူ့ကိုများ သားသေလို့ အပူသည် ဖြစ်ခဲ့သတဲ့၊ တရားမရှိသူပမာ ဖော်ပြထားပုံက အလွဲချည်း။ ကိုယ့်ကိုယ်နှင့်လွယ်ကာ မွေးထားရသည့် ရင်နှင့်သည်းချာမို့ အရွယ်မတိုင်မီ ဆုံးပါးရှာလို့ စိတ်မကောင်းဖြစ်တာကတော့ ဖြစ်စမြဲပေါ့။ သို့သော်ငြား ခုနင်က စာရေးဆရာ ရေးသလိုတော့ဖြင့် အပူလုံးကြွ ယူကျုံးမရ ခေတ်သစ်မပဋာ ပုံပမာတော့ဖြင့် မဟုတ်ရပါ။ သို့နှင့် သူကလည်း သူ၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင်တင်ကာ ချေပရေးသားသည်။ သက်သေသက္ကာယအနေနှင့် သားဖြစ်သူ မြေချသည့်နေ့က သား၏ ရုပ်ခန္ဓာဘေးမှာ စိတ်ထဲပူဆွေးသော်လည်း မျက်ရည်တစ်စက်မကျ တည်ငြိမ်စွာနှုတ်ဆက်နေသည့် ဓာတ်ပုံကိုပင် ပူးတွဲ၍ တင်လိုက်သေးသည်။ သို့သော် စာရေးဆရာမ၏ တုံ့ပြန်စာက သိပ်ပြီး မထိရောက်လှ။ ဆယ်လီစာရေးဆရာကြီး၏ စာက ‘နှစ်သက်’တွေ ထောင်ချီပြီး ‘မျှဝေ’တွေ ရာချီကာ၊ ‘ထင်မြင်ချက်’ ပေးလိုက်ကြသူတွေမှာလည်း ဒုနဲ့ဒေးပါ။

ပြောချင်တာက လူတွေအကြောင်း ရေးမည်ဆိုသည့်အခါ စာရေးသူတွေအနေနှင့် တတ်နိုင်သမျှ နှစ်ခါပြန် သုံးခါပြန် စဉ်းစားဖို့ဖြစ်သည်။ အရေးခံ ‘ကာယကံရှင်’ ဂုဏ်သိက္ခာကို ကြည့်ဖို့လိုသည်။ ဒါဖြင့် ကောင်းတာတွေချည်း ရေးရမည်ဟု မဆိုလိုပါ။ ကောင်းတာတွေ ရေးပြပြီး ‘နမူနာ’ ယူစေသင့်သလို၊ အရေးခံပုဂ္ဂိုလ်မှာ ဆိုးတာတွေရှိလျှင်လည်း စာဖတ်သူကို ‘သင်ခန်းစာ’ ထုတ်စေဖို့သာ ဖြစ်သင့်ပါသည်။ သော်တာဆွေ၏ ‘ကျွန်တော့်ဘဝဇာတ်ကြောင်း’ စာအုပ်ထဲမှာ သူ့အကြောင်း မဟုတ်တာတွေ ထည့်သွင်းရေးခဲ့သည်ကို စာရေးဆရာမကြီး ကြည်အေးက သူ၏ ‘ဘဝအစွန်မှာ’ စာအုပ်ထဲတွင် ပြန်လည်ချေပဖူးသည်ကိုလည်း တစ်ဆက်တည်း သတိရမိပါသေးသည်။ ကြည်အေးက သူအသက်ထင်ရှားရှိစဉ် မဟုတ်ကြောင်း ဖြေရှင်းရေးသားခဲ့၍သာ ကျွန်တော်တို့က အဖြစ်မှန်ကို သိခွင့်ကြုံရခြင်းဖြစ်သည်။ အထူးသဖြင့် စ်ဖက်လူက ဘာမှ တုံ့ပြန်မချေပနိုင်ခွင့်မရှိတော့သည့် ကွယ်လွန်ပြီးသူများအကြောင်း ရေးသည့်အခါများတွင် ရေးသူအနေနှင့် ကလောင် ‘မသရမ်း’မိစေဖို့ပါပဲ။

၃။

ထို့နှယ်သော စာတွေကို ဖတ်လိုက်ရ၍ စိတ်ညစ်ညူးသလို ဖြစ်နေသည့်အခိုက်၊ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ  ညီပုလေး၏ စာအုပ်သစ်တစ်အုပ်ထွက်လာသည်။ စာအုပ်သစ်ဆိုသော်လည်း စာအုပ်ထဲတွင်ပါဝင်သည့် စာမူများမှာ အသစ်မဟုတ်ချေ။ ယခင် စာနယ်ဇင်းအသီးသီးတွင် ရေးခဲ့သည့် ကွယ်လွန်ပြီးသူများအကြောင်း အမှတ်ရသည့် စာတွေကို မျိုးတူရာစုစည်းပြီး စာတစ်အုပ်အဖြစ် ထုတ်ဝေခြင်းသာဖြစ်သည်။ အခုတော့ အလွမ်းစာ ရေးဖွဲ့သူကိုယ်တိုင်လည်း ကွယ်လွန်ခဲ့ပြီဖြစ်ရာ သူလွန်ခဲ့ပြီးမှ စုစည်းပုံနှိပ်လိုက်သော စာအုပ်ကိုဖတ်ရင်း စာရေးသူကိုလည်း လွမ်းဆွတ်သတိရစိတ် ဖြစ်ရပါသည်။

စာအုပ်အမည်ကို ‘ လွမ်းဆွတ်သတိစိတ်နဲ့ ရေးတဲ့စာ’ ဟု ပေးထားသည်ကိုကြည့်၍ ညီပုလေးက သူ သတိရ လွမ်းဆွတ်သူတွေကိုသာ ရေးလိမ့်မည်မှာ သိသာနေသည်။ စာရေးဆရာတွင် သူ သတိရလွမ်းဆွတ်သော လူပုဂ္ဂိုလ်တွေ အမြောက်အမြားရှိပါလိမ့်မည်။ ထိုထိုပုဂ္ဂိုလ်များ အားလုံးအကြောင်းကို အကုန်အစင် ရေးသားဖွဲ့သီနိုင်ခဲ့မည်တော့ မဟုတ်။ သို့ငြား  အခုစာအုပ်ထဲမှာ  သတိရစရာ၊ လွမ်းစရာမကောင်းသည့် လူပုဂ္ဂိုလ်တွေတော့ဖြင့် မပါဝင်သည်ကတော့ ကျိန်းသေသည်။ ညီပုလေး၏ စာအုပ်ထဲတွင် စာမူ သုံးဆယ့်ငါးပုဒ်ထည့်ထားသည်။ သို့ဖြစ်၍ လူပုဂ္ဂိလ် သုံးဆယ့်ငါးအကြောင်း ပါလိမ့်မည်ဟုတော့ တွက်လို့ မရ။ လူပုဂ္ဂိုလ်အကြောင်းချည်း သက်သက်လည်းပဲ မဟုတ်။ စာရေးဆရာ၏ နှလုံးသားနှင့် မှတ်ဉာဏ်ကို ရိုက်ခတ် နိုးဆွပေးသော အကြောင်းအရာ၊ အဖြစ်အပျက်၊ အတွေ့အကြုံအားလုံးကို မြင်တတ်ကြားတတ် ခံစားတတ် စာရေးတတ်သူပီသစွာ ရေးခြစ်ခဲ့သော စာများလည်း တွေ့ရသည်။

အချို့ စာမူတွေက ပုဂ္ဂိလ်တစ်ဦးတည်အကြောင်းကိုပဲ ဆောင်းပါး နှစ်ပုဒ် (သို့မဟုတ်) သုံးပုဒ် ခွဲပြီး စာနယ်ဇင်းတွေမှာ ရေးခဲ့တာမျိုးမို့ အခုလို စာအုပ်အဖြစ် စုစည်းသောအခါတွင် ဆိုကြပါစို့ရဲ့၊ အမေဖြစ်သူ လူထုဒေါ်အမာ အကြောင်းက သုံးလေးပုဒ်၊ ဝမ်းကွဲညီအစ်ကို အဥ္စလီမောင်မောင် အကြောင်း နှစ်ပုဒ်စသဖြင့် တွေ့ရသည်။ လူတစ်ဦးတည်း အကြောင်း စာမူနှစ်ခု သုံးခု ဖြစ်နေသော်လည်း အကြောင်းအရာ အပ်ကြောင်းထပ်နေတာ မဟုတ်၍ စာဖတ်သူအဖို့ အကျိုးရှိသည် ချည်းသာဖြစ်ပါသည်။ စာရေးဆရာ၏ မွေးမိခင်လည်းဖြစ် စာပေလောက၏ မိခင်သဖွယ်လည်းဖြစ်သော လူထုဒေါ်အမာ အကြောင်းဆိုလျှင် ‘ရွက်လွင့်ရထားလုံး’ ‘နာတာလူးအလွန် အနက်ရောင်ရေလှိုင်း’ ‘ နှုတ်ခမ်းတွေကိုပဲ သွေးထွက်အောင် ကိုက်ခဲ့မိ’၊ ‘မြင့်မိုရ်တောင်ခမျာ တောင်ပူစာလေး ဖြစ်သွားရှာ’ ခေါင်းစဉ်များဖြင့် ရေးထားသည်။ ‘မြင့်မိုရ်တောင်ခမျာ တောင်ပူစာလေးဖြစ်သွားရှာ’ က ဝတ္ထုစုစည်းမှုဖြစ်သော ‘လပ်ပေါ်ကိုးအုပ်တော့ မြတ်ကျော်ပုဆိုးစုတ်’ ဆိုသည့်အမည်နှင့် ဝတ္ထုတို စုစည်းမှု စာအုပ်ထဲမှာ ဝတ္ထုအဖြစ် ထည့်သွင်းဖော်ပြခဲ့တာကိုလည်း အမှတ်ရသည်။

‘နာတာလူးအလွန် အနက်ရောင်ရေလှိုင်း’ စာမူထဲတွင် လူထုဒေါ်အမာ ကျန်းမာရေး အညံ့ထဲ ရောက်နေသဖြင့် ဆေးရုံတက်နေရစဉ် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ခင်း ရန်ကုန်မှာ ငလျင်လှုပ်သည့် သတင်းဝင်လာသည်။ ဆေးရုံ ကုတင်ပေါ် ပက်လက်လှန်နေသည့် သတင်းစာဆရာ၊ စာရေးဆရာမကြီး၏နားထဲ ဒီသတင်းရောက်လာသည်တွင် အလိုလို ‘သတင်းသမားစိတ်’ က ပြန်လည် နိုးကြားလာသည်။ နှစ်ရှည်လများ သတင်းစာသမားဘဝမှာ နိုင်ငံတကာရေးရာတွေကို စောင့်ကြည့်လေ့လာပြီး လူထုသတင်းစာတွင် ဆောင်းပါးတွေ ရေးခဲ့သူ လူထုဒေါ်အမာအနေနှင့် အင်ဒိုနီးရှားနိုင်ငံ စုမတြားကျွန်းစုကို ဗဟိုပြုပြီး လှုပ်ခတ်လို့ ဖြစ်လာသည့် ဆူနာမီလှိုင်းတွေအောက်မှာ အသက်ပျောက်သွားသူ ထောင်နှင့်ချီသော လူထု၏ ဒုက္ခကို မချိတင်ကင်ဖြစ်သလို၊ တစ်ဖက်မှာလည်း သတင်းကို မပြတ်နားစွင့်နေသည့် ဆေးရုံကုတင်ပေါ်က လူထု ဒေါ်အမာ၏ ပုံရိပ်ကို သားဖြစ်သူ  သားဖြစ်သူ ဖွဲ့သည်။

‘ကျွန်တော့်လက်ဖဝါးပေါ်မှာ အမေက သူ့လက်ညှိုး ပိန်တွန့်တွန့်လေးနဲ့ လျှောက်ခြစ်နေပါပေါ့။ စာလုံးတွေ စာတွေ ရေးနေသလိုပဲ။ ရေဒီယိုသတင်း လက်ရေးတိုနဲ့ လိုက်မှတ်သလို မြန်မြန်သွက်သွက်ကြီးတော့ မဟုတ်ဘူး။ ရေးချင်တာ မရေးနိုင်လို့ စိတ်ပြေစေတော့လို့ ရေးနေတာလေလား။ ဘာစာလုံးတွေပါလိမ့်။ ကျွန်တော် ဉာဏ်မီသလောက်တော့ လိုက်ပြီး ဖော်ကြည့်တာပဲ။ ဖော်လို့မရဘူး။ ရေဒီယိုအစီအစဉ်ပြီးသွားတော့မှ စကားသံသဲ့သဲ့ ထွက်လာတယ်။ ကြောက်စရာကြီးကွယ်၊ မြို့ထဲမှာရော ဘာဖြစ်ကြသေးလဲ။ အမေက ဆူနာမီရေလှိုင်းကြီးတွေ ခံကြရတဲ့ လူသားတွေအကြောင်း ကြားရပြီး စိတ်မကောင်းဖြစ်ရသလို မန္တလေးသူ မန္တလေးသားတွေအတွက်လည်း စိုးရိမ်နေပုံရတယ်။ ဘာမှ ထိခိုက်ပျက်ဆီးတယ်လို့တော့ မကြားရဘူးအမေ ပြန်ဖြေရတယ်။

အမေ့စိတ်ကူးထဲက သတင်းစာ၊ ဒါမှမဟုတ် ဂျာနယ်၊ ဒါမှမဟုတ် အမေ လစဉ်‌ရေးနေကျ မဂ္ဂဇင်းတစ်အုပ်အုပ်အတွက် အမေစာတွေရေးနေတာပဲ ဖြစ်မှာပါ။ အမေတို့ ငယ်ငယ်က ကြုံခဲ့ရတဲ့ ငလျင်တွေကို ပြန်ပြောင်းသတိရမိတာနဲ့ အခု ကြားနေရတဲ့ ဆူနာမီရေလှိုင်းဒဏ်ခံရသူတွေအဖြစ်  နှစ်ခုပေါင်းစပ်ပြီး  အမေ့ရှေးစကား ရေးနေတာလေလား”  ( စာ ၅၀- ၅၁ )

ဆေးရုံပေါ်မှာရောက်နေတုန်း အခိုက်မှာပင် စာရေးဖို့၊ စာဖတ်ဖို့ စိတ်အားထက်သန်လျက်ရှိဆဲ လူထုဒေါ်အမာ၏ ပုံရိပ်ကို ‘နှုတ်ခမ်းတွေကိုပဲ သွေးထွက်အောင် ကိုက်ခဲ့မိ’ စာမူထဲမှာလည်း ထပ်တွေ့ရသည်။ ဒီတစ်ခါတော့ ဆေးရုံတက်ရင်း စာတွေဖတ်ဖို့ ကြိုးစားနေခဲ့တာဖြစ်သည်။ ရှုမငြီးမဂ္ဂဇင်း၏ မျက်နှာဖုံးတစ်ဖက်ကို ကျောဘက်သို့ ခေါက်ကာ လက်တစ်ဖက်တည်းနှင့် ကိုင်၍ စာဖတ်ရန် ကြိုးစားနေသော အသက်ရှစ်ဆယ်ကျော် စာရေးဆရာမကြီး။ ထိုပုံရိပ်ကိုမြင်တော့ သားဖြစ်သူ ဓာတ်ပုံဆရာ ငြိမ်းချမ်းစိမ်းလန်းက စိတ်ကူးထဲမှာ ဓာတ်ပုံကောင်းတစ်ပုံအဖြစ် ပုံဖော်ပြီး တဖျပ်ဖျက် ရိုက်နေမိသည်။ အတန်ကြာသတိရတော့မှ ‘အမေ၊ အမေစာဖတ်နေတဲ့ ပုံအနေအထားက ဓာတ်ပုံရိုက်ထားဖို့ သိပ်ကောင်းတယ်။ ကျွန်တော် ရိုက်ထားချင်တယ်’ စသဖြင့် ခွင့်တောင်းသည့်အခါ အမေဖြစ်သူက ‘ ရိုက်လေ သား’ တဲ့။  ဒါပေမဲ့ ဒီရုပ်လွှာကို သားဖြစ်သူက ဓာတ်ပုံမရိုက်လိုက်နိုင်ခဲ့ပေ။ သူ့အတွက် ဓာတ်ပုံကောင်းတစ်ပုံ လက်လွတ်ရသလို၊ ကျွန်တော်အတွက်လည်း နေထိုင်မကောင်းသည့်ကြားက စာပေလေ့လာဖတ်ရှုဖို့ စိတ်ဇောသန်နေဆဲဖြစ်သော စာရေးဆရာမကြီး၏ ဓာတ်ပုံတစ်ပုံကို ကြည့်မြင်ခွင့် လွဲချော်ခဲ့ရတော့သည်။ ဒီ့အတွက် ‘သားကို ခွင့်လွတ်ပါအမေ၊ အမေက သတ္တိကောင်းသလောက် ကျွန်တော် သတ္တိနည်းခဲ့တယ်’ ဟူ၍ ညီပုလေးက သူ့စာမူကို နိဂုံးချုပ်သည်။ စာဖတ်ရသူ ကျွန်တော်တို့က ရင်ထဲမှာဟာပြီး ကျန်ခဲ့ရပေါ့။

ညီပုလေးက ဝတ္ထုရေးစာရေးဆရာတစ်ယောက်မို့ ဘာအကြောင်းကိုပဲ ရေးသည်ဖြစ်စေ ဝတ္ထုဆန်သော အဖွဲ့အနွဲ့ဟန်တွေ ပါစမြဲ။ ဝတ္ထုဆန်ဆန် အလှည့်လေးတွေ၊ အဆုံးသတ်ချက်ကလေးတွေကို တွေ့ရစမြဲ။  သူ့အရေးအသားတိုင်းလိုလိုတွင် ‘ရသ’ဓာတ်ဖြင့် စွတ်စိုနေတတ်သည်ချည်းဖြစ်၏။ ပန်းချီဆရာခင်မောင်ရင် ဆေးရုံတက်ရသဖြင့် သတင်းမေးသွားသည့် အကြောင်းကို ရေးသော ‘ ခေတ်သစ်နံရံ’ စာမူကို ဖတ်ကြည့်ပါ။ ‘ဖင်ဆီခံနေ့စဉ်’ ဝတ္ထုတို စုစည်းမှု စာအုပ်ထဲမှာ ပါခဲ့ပြီးသား ဖြစ်ပါသည်။

စရေးတာက ရိုးရိုးပါပဲ။ ပန်းချီဆရာခင်မောင်ရင် နေမကောင်းသဖြင့် ပင်လုံဆေးရုံတက်ရသည်။ ရန်ကုန်ရောက်နေခိုက်နှင့်လည်း ကြုံသဖြင့် ညီပုလေးနှင့် မိတ်ဆွေအချို့ လူနာသတင်း မေးသွားကြသည်။ ဆေးရုံ၏ ဧည့်ကြိုဌာနမှာ အခန်းအမှတ်- ၁၁၀၉ ဘယ်လိုသွားရသလဲမေးသည်တွင် လူနာအမည်ကို ပြောပါဟု တစ်ဖက်က ပြန်ပေးသည်။ “ပန်းချီဆရာကြီး ဦးခင်မောင်ရင်” ဟု ပြောလိုက်တော့ တစ်ဖက်က အံ့ဩဟန်လည်း မပြ။ ဦးခင်မောင်ရင်ဆိုတာ နာမည်ကျော်ကြီးပဲ။ အမှန်ဆို ဖြစ်သင့်တာ ဒီအမည်ကြားလိုက်တာနှင့် အားလုံးက ပျာပျာသလဲ ဖြစ်နေရမှာ။ အခုတော့ မဟုတ်ပေါင်ပါ၊ မှတ်တမ်းစာအုပ်ထဲမှာ လူနာ၏အမည်ကိုသာ ပြူးပြဲရှာနေလေရဲ့။ ခဏနေတော့ လမ်းညွှန်ပါပြီ။” ဒီကနေ တည့်တည့်သွား၊ ညာကွေ့”

အခန်းထဲရောက်တော့ လူနာ ပန်းချီဆရာကြီးက ခပ်ယဲ့ယဲ့။ အနုပညာဖန်တီးမှုနဲ့ ဘဝ တစ်သားတည်းကျနေသည့် ပန်းချီ ဆရာကြီးအတွက် တတ်နိုင်သမျှ ကြုံကြိုက်တုန်း ဝတ်ဖြည့်ချင်စိတ်ကလည်း ညီပုလေးထံမှ တဖွားဖွား ပေါ်လာသည်။ ဘာလုပ်ပေးရင် ကောင်းမလဲ။ ဒီတွင် သူ တစ်ခုသတိထားမိသည်။ အသံဗလုံးဗထွေးဖြင့် စကားပြောနေရင်းမှ ဦးခင်မောင်ရင်က သူ့ကုတင်ခြေရင်းရှိ အစိမ်းနုရောင် ဆေးသုတ်ထားသည့် ဆယ်ပေခန့်ကျယ်ပြီး ဆယ်ငါ့းပေးခန်မြင့်သော နံရံကြီးကို လက်ညိုးထိုးပြနေတာ သုံးလေးခါ ရှိနေပြီလေ။ ဆရာ ဘာလုပ်ချင်နေတာလဲ။ အနီးနားမှာ အတူနေတာ ကြာပြီဖြစ်သည့် ဆရာ့တပည့်ကလေတစ်ဦးက ရှင်းပြမှ သဘောပေါက်တော့သည်။ “ဦးလေးက ပန်းချီရေးချင်တယ်လို့ ပြောနေတာ” တဲ့။ ရေးချင်တာမှ အခု သူ့ရှေ့က ဆေးရုံနံရံကြီးပေါ်မှာကို ရေးပစ်လိုက်ချင်နေတာတဲ့။

ဟုတ်ပြီ။ ညီပုလေးထံ ဖျတ်ခနဲ စိတ်ကူးတစ်ခု ဝင်လာပြီ။ ဆေးရုံအလာတုန်းက လမ်းမှာ ကုန်မာဆိုင်တစ်ဆိုင် တွေ့ခဲ့သားပဲ။ အဲဒီမှာ ဆေးဘူးတွေ စုတ်တံတွေ သွားဝယ်မည်။ ဆိုင်မှာ ရှိသမျှ ဆေးရောင်စုံ စပရေးဘူးတွေ ဝယ်လိုက်သဖြင့် ဆိုင်ရှင် အမျိုးသမီးကတောင် အခုမှ ဈေးဦးပေါက်သည်ဆိုတာ ကျေးဇူးတွေ တင်နေလိုက်သေးရဲ။ ကြွတ်ကြွတ်အိတ်နှစ်လုံးစာ ဆေးဘူးတွေအပြည့်နှင် အခန်းထဲ ပြန်ဝင်လာသည့် ညီပုလေးကို မြင်တော့ ဦးခင်မောင်ရင်၏ မျက်နှာ ဝင်းထိန်သွား လိုက်တာမှ။ အခုမှ နံရံမှာ ဆေးရောင်စုံ ခြယ်ရတော့မည်။ သူ့စိတ်တိုင်းကျ ဆေးဘူးတွေ ရွေးပေးနေတုန်း၊ ပန်းချီဆရာ၏ တူဖြစ်သူက အခန်ထဲ ဝင်လာ။ ‘ဟာ ပြဿနာတော့ စပြီ’ ဟု ထိတ်လန့်။

ဖြစ်လာတဲ့ ပြဿနာ ညီပုလေးရှင်းမည်။ ဆေးရုံ၏ နံရံမှာ ပန်းချီရေးသဖြင့် လျော်ရမည်ဆိုလျှင် လျော်ပေးလိုက်မည်။ အင်း၊ အခုချိန်ဆို ဆေးရုံဝန်ထမ်းတွေ ပျာယာခတ်နေလောက်ပြီ။ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် အစီရင်ခံကြလို့မို့ ဆေးရုံထဲက တယ်လီဖုန်းမှန်သမျှ အလုပ်များနေတော့မှ ဗေဒင်မေးစရာ မလို။ အတူပါလာသည့် ကဗျာဆရာ စောဝေ ကတော့ သတိပေးပါသေး၏။ ‘ကိုညီပုလေး နည်းနည်းနောနော ကုန်မှာမဟုတ်ဘူးနော်”

ပန်းချီဆရာကတော့ နံရံမှာ သူဖန်တီးချင်တာ ဖန်တီးလိုက်ရသဖြင့် ပြုံးပျော်ရွှင်။ နံရံတွင် အလွန်မှ လက်ရာမြောက်လှသည့်  ဖန်တီးမှုကြီးတစ်ခု ပေါ်လာပြီ။ ထိုစဉ် တံခါးမခေါက် ဘာမခေါက်နှင့် ဆေးရုံအုပ်အပါအဝင် ဒါရိုက်တာလူကြီးတွေ အခန်တွင်း ဝင်လာပြီး နံရံပေါ်က အနုပညာလက်ရာကို မြင်တော့ အားလုံး အံ့အားတသင့်။ ဤတွင်မှ ရှေ့ဘာဆက်ဖြစ်တော့မှာလဲဟူ၍ ရင်တမမ သည်းလှိုက်ဖိုနေစဉ် စာရေးဆရာညီပုလေးက အဆုံးသတ်မှာ ဖြစ်နိုင်ချေနှစ်ခု ချပြလိုက်သည်။ တစ်ခုက ဒီပန်းချီကားကြီးကို ဆေးတွေ အသစ်ထပ်သုတ်ပြီး ဖုံးအုပ်လိုက်ရသဖြင့် ညီပုလေးခမျာ ပိုက်ဆံတွေ အောတိုက် ကုန်သွားသတဲ့။ နောက်တစ်ခုက ဆေးရုံဒါရိုက်တာအဖွဲ့သည် ဦးခင်မောင်ရင်လက်ရာ ပန်းချီကားကြီးကို လွန်စွာမှ နှစ်သက်ကြ၍ မဖျက်ဆီးဘဲ သူတို ပင်လုံဆေးရုံ၏ ဂုဏ်ထူးဆောင် ပန်းချီကားအဖြစ် ထိန်းသိမ်းလိုက်သလို၊ လက်ရာရှင် ပန်းချီ ဆရာကိုလည်း ဂုဏ်ပြုသောအားဖြင့် ဆေးရုံစရိတ်တွေ မယူ။ နောင်အခါ အခြားလူနားတွေ ဒီအခန်းမှာ ဆေးကုသမှု ခံချင်တယ်ဆိုရင် အခြားအခန်းတွေထက် အခန်းခ ပိုပေးရသည့် အနေအထား ဖြစ်သွားပါသတဲ့။ ပြီးတော့ စာဖတ်သူတွေ ဆီမှာလည်း အခုထက် ပိုကောင်းသည့် ဝတ္ထုအဆုံးသတ်တစ်ခု ရှိနေနိုင်ပါသေးသတဲ့။  အတော်လေး ချစ်စရာကောင်းသည့် အဖွဲ့အနွဲ့တစ်ခုပါပဲ။ တစ်ခါဖတ်ပြီးလျှင် စာဖတ်သူတွေလည်း ဝတ္ထုအတွက် ပိုကောင်းသည့် အဆုံးသတ်ချက်တစ်ခုခုကို သတိရတိုင်း စဉ်းစားနေမိစေမည့် အရေးအသားဖြစ်ပါသည်။

အခု စာအုပ်မှာ ဝတ္ထုတွေ၊ ဆောင်းပါးတွေ ပူးတွဲရောနှော ပါဝင်နေပေမယ့် အားလုံးကတော့ ချစ်ခင်သတိရစိတ် အခြေခံပေါ်မှနေ၍  ညီပုလေး၏ အမှတ်တရ ဖွဲ့နွဲ့မှုတွေချည်းသာဖြစ်ပါသည်။ ထူးခြားမှု တစ်ခုအနေနှင့် ‘နိဗ္ဗာန်ဦးသို့ ကုတို့ရှင်’ ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသော စစ်ကိုင်းမြို့ ဝါးချက်ဇီဝိတာဒါန သံဃာ့ဆေးရုံ၏ ဦးဆောင်ပဓာန ဆရာတော်ဖြစ်သော ကျစွာဆရာတော် ဦးလက္ခဏ၏ ထေရုပ္ပတ္တိတစ်စိတ်တစ်ပိုင်းကို ဖတ်ရသည်။ ညီပုလေးကို  ဆရာတော်အကြောင်း ရေးပေးရန် တိုက်တွန်းသဖြင့် ဆရာတော်နှင့် တွေ့ဆုံမေးမြန်းပြီး ဆရာတော်ကိုယ်တိုင်မိန့်ကြားသော အချက်အလက်တွေအပေါ်မှာ အခြေခံ၍ ပြုစုမည်၊ အခု စာမူက ဝါးချက်ဇီဝိတာဒါန သံဃာဆေးရုံ ငွေရတုမဂ္ဂဇင်း(၁၉၈၄-၂၀၀၉) အတွက် ဆရာတော်၏ ငယ်ဘဝတစ်စိတ်တစ်ပိုင်းကိုသာ ကနဦး ဖော်ပြလိုက်ခြင်းဖြစ်ပြီး အကျယ်ကို ထေရုပ္ပတ္တိသီးသန့်စာအုပ်မှာ ဖတ်ပါဟု ညီပုလေး က သူဆောင်းပါးအစနှင့် အဆုံးမှာ ပြောထားသည်။ သံဃာတစ်ပါးအကြောင်း ညီပုလေး၏ ရေးဖွဲ့ဟန်ကို ကျွန်တော်တို့ ပထမဆုံး ဖတ်ဖူးခြင်းဖြစ်သည်။ တစ်ဆက်တည်း ဆရာတော် ဦးလက္ခဏ၏ ထေရုပ္ပတ္တိကို  ညီပုလေး အပြီးအစီး ပြုစုသွားနိုင်ပါရဲ့လား၊ အပြီးသတ် ရေးပြီးသွားပါစေဟုလည်း ဆုတောင်းနေမိသည်။ စာအုပ်အဖြစ် သီးသန့် ထွက်ပေါ်လာသည်ကိုမူ အခုထက်တိုင် မတွေ့ရသေးပေ။ စာမူအပြီးသတ် ရှိပြီးဖြစ်လျှင် စာအုပ်အဖြစ် ပုံနှိပ်ဖြန့်ချိနိုင်အောင် လုံးပန်းကြပါဟုလည်း သက်ဆိုင်သူများကို တိုက်တွန်းလိုပါသည်။ အကြောင်းသင့်၍ စာအုပ်သာ ထွက်နိုင်ခဲ့ပါလျှင် ‘မြေးသူကြီး’ ‘ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်များကဲ့သို့ပင် စိတ်ဝင်စားစရာကောင်းသော၊ တစ်နည်း-သာသနာ့ဘောင်မှ ဆရာတော်တစ်ပါးအကြောင်း ညီပုလေး ဘယ်လို ရေးသားတင်ပြသလဲဆိုသည့် တစ်မူကွဲသော လက်ရာတစ်ခုကို ကျွန်တော်တို့ ဖတ်ခွင့်ရပါလိမ့်ဦးမည်။ စာမူရေးသားပြီး အသင့်ရှိလျှင် စာအုပ်အဆင့်သို့ အမြန်ရောက်ပါစေ။

‘လွမ်းဆွတ်သတိရစိတ်နဲ့ ရေးတဲ့စာ’ စာအုပ်ပါ အကြောင်းအရာတွေ လူပုဂ္ဂိုလ်တွေအကြောင်း ညီပုလေး ရေးပြသမျှကို ဖတ်ပြီး၊ အရေးခံပုဂ္ဂိုလ်တွေကို သတိရလွမ်းဆွတ်မိနေတာ သေချာသည်။ အရေးခံပုဂ္ဂိုလ်တွေမှာ လူထဲက လူတွေပဲမို့ ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင်ကြမည်တော့မဟုတ်။ အပြစ်အနာအဆာ ချို့ယွင်းချက်ဆိုတာ လူတိုင်းမှာ ရှိစမြဲပါပဲ။ ကိုယ့်ဘက်ကကြည့်တော့ သူရဲကောင်းဆိုသော်လည်း သူတို့ဘက်က ကြည့်သည်အခါ သစ္စာဖောက်ဖြစ်နေနိုင်တာမျိုးပင် ရှိသေးသည်။ ကြည့်သည့် ‘ထောင့်’ မတူလျှင်  မြင်ပုံလည်း ‘ကွာ’ပါလိမ့်မည်။ အခု စာတွေကို ဖတ်ပြီး ညီပုလေး ရေးတာလွန်သကွာ၊ သူပြောသလောက်လည်း အဲဒီလူတွေက မဟုတ်သေးပါဘူးဟု ကတ်တီးကတ်ဖဲ့ စကားဆိုကြမည့်သူတွေ၊ ညီပုလေး ရေးသားတင်ပြခဲ့သည့် လူပုဂ္ဂိုလ်တွေအပေါ်မှာ သဘောမကျ အမြင်မကြည်လင်သူတွေလည်း ရှိနေမှာပါ။ သို့ငြား တစ်ခု သတိချပ်ရမည်မှာ ညီပုလေးက ဘုန်းတော်ဘွဲ့တွေ ရေးပြတာ မဟုတ်သလို၊ လူတစ်ယောက်၏ အမှောင်ခြမ်းကို စလိုက်မီးကြမ်းကြမ်းထိုးပြီး ပြူးတူးပြဲတဲ အထုပ်ဖြည်ပြတာမျိုး မဟုတ်သလို၊ ထင်ရှားကျော်ကြား လူသိများပြီးသား ပုဂ္ဂိုလ်တွေကို အမှီပြုပြီး ထိုလူကြီးတွေနှင့် ကျုပ်က တူလိုသားလို လည်ပင်းဖက် နေခဲ့တာဗျလို့ ကိုယ်ရည်သွေးစာတွေ မဟုတ်တာ သေချာသည်။ သူလွမ်းဆွတ် သတိရသလို ရေးပြသည်။ သူ တန်ဖိုးထားသော အရေးခံပုဂ္ဂိလ်၏ ဂုဏ်ရည် ဂုဏ်သွေးကို ရိုးရိုးရှင်းရှင်းကလေး ဖော်ထုတ်တင်ပြသည်၊ ဒါပဲ။  ဖတ်သူက သဘောတူလျှင် သူနှင့်အတူ လွမ်းဆွတ် ပေရော၊ သတိရပေရော့။

ဆိုရှယ်မီဒီယာအသုံးတွင်ကျယ်လာပြီးနောက် ကျွန်တော်တို့၏ နေ့စဉ်ဘဝတွင် လူတစ်ဦးနှင့် တစ်ဦး ထိုးနှက်သော၊ အပုပ်ချသော၊ ကိုယ်ရည်သွေးသော၊ အများအာရုံစိုက်မှုကို အာသာငမ်းငမ်းတောင့်တကာ ရှေ့ကျွမ်း နောက်ကျွမ်းထိုးပြနေသော အရေးအသားများကို စိတ်ပျက်ဖွယ် မမြင်ချင့်အဆုံးဖြစ်နေရပါသည်။ လူမှုကွန်ယက်ဆိုရှယ်မီဒီယာက အသံတွေ အလွန်ဆူညံပြီး၊ ပရမ်းပတာ ပေါက်ကွဲနေသော ရပ်ဝန်းသဖွယ်ဖြစ်လာနေသည့် ပစ္စုပ္ပန်ကာလဖြစ်စဉ်ထဲတွင် စာရေးဆရာ ညီပုလေး၏ ‘လွမ်းဆွတ် သတိရစိတ်နဲ့ ရေးတဲ့စာ’ များကို ဖတ်ရသည့်အခါ ကျွန်တော်တို့တွင် ပျောက်ဆုံးနေတာ ကြာပြီဖြစ်သော အကြည်ဓာတ်ကို ပြန်ရလိုက်သည်ကဲ့သို့ ခံစားရသည်။ သို့နှင့် ဒီစာအုပ်ကို အခြားသော စာဖတ်မိတ်ဆွေများသို့လည်း ‘ဖတ်ဖို့’ လက်တို့ လိုက်ချင်ပါမျှဝေလိုက်ခြင်းဖြစ်ပါသည်။

ဟောဗျာ။ မေ့တော့မလို့။ အခု စာအုပ်ထဲမှာ ကဗျာဆရာ ပိုင်စိုးဝေ (ဦးနေအောင်) အကြောင်းကို ‘နေရောညပါ တဖျတ်ဖျတ်ကြယ်’ ဆိုသည့် အမည်ဖြင့် ညီပုလေး ရေးခဲ့သည့်အထဲမှ ဖတ်ပြီး ပြုံးလိုက်မိသည့် အကွက်လေးတစ်ကွက် ပြောဖို့ ကျန်ခဲ့သည်။ ပိုင်စိုးဝေကို သူ့ဇနီး မအေးကြည်က အခုလိုပြောသတဲ့။ “ဦးနေရယ်၊ ပိုက်ဆံလေး ဘာလေး ရှာပါဦး၊ ကဗျာတွေချည်း အတင်းဖိရေးမနဲ့” ။ ဦးနေလို့ အခေါ်ခံရတဲ့ ပိုင်စိုးဝေကလည်း အားတက်သရော စကားတုံ့ပြန်ပါ၏။ “မအေးကြည်ရယ်၊ ငါလည်း အပြင်ထွက်ရင် အောက်ကြည့်လျှောက်တာပဲ။ ဒါပေမဲ့ ဘယ်သူမှ ပိုက်ဆံကျမနေတာတော့ ငါလည်း မတတ်နိုင်ဘူး” တဲ့။ ဒီလိုတွေကြောင့် မိုးခေါင်ရေရှား တောင်သာအရပ်ကနေ ကဗျာဆရာဖြစ်ဖို့ မန္တလေးကို တက်လာခဲ့သည့် ပိုင်စိုးဝေကို ညီပုလေးက ချစ်ခင်စိတ်ဖြစ်မိသတဲ့။ ကဲ၊ ချစ်ချင်စရာ မကောင်းပေဘူးလားဗျာ။ ဒါမျိုးတော့ ညီပုလေးမို့လည်း ရေးတတ်ပလေတာဟု တွေးကာ သွားလေသူစာရေးဆရာကိုပါ လွမ်းမိလိုက်လေခြင်းနှယ်။

 

ဘစီ

၁ နိုဝင်ဘာ ၂၀၂၀၅

စာအုပ်ဆိုင်ရာအချက်အလက်များ

စာအုပ်အမည် - လွမ်းဆွတ်သတိရစိတ်နဲ့ ရေးတဲ့စာ  

စာရေးသူ - ညီပုလေး  

ထုတ်ဝေခြင်း။  ။ ပထမအကြိမ်၊ ဩဂုတ် ၂၀၂၅ ခုနှစ်။ လူထုစာအုပ်တိုက်။

စာမျက်နှာအရေအတွက်  - ၃၂၃

(လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဒဂုန်တာရာ၊ ကိုပညာ၊ ဟံသာဝတီဦးဝင်းတင်၊ ပေါ်ဦးသက်၊ ခင်ဆွေဦး၊ မောင်သစ် လွင်(လူထု)၊ မောင်မိုးသူ၊ လူထုစိန်ဝင်း၊ ဦးအေးမြင့်၊ ဝင်းစည်သူ၊ အဉ္စလီမောင်မောင်၊ ပန်းချီခင်မောင်ရင်၊ ပိုင်စိုးဝေ အစရှိ သော လူပုဂ္ဂိုလ်များနှင့် အခြားဖြစ်ရပ်များ၊ အကြောင်းအရာများနှင့် အမှတ်ရချက်များကို ဖော်ပြသော ဆောင်းပါးစုစုပေါင်း ၃၅ ပုဒ် ပါဝင်သည်။)


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...