စာအုပ်သုံးသပ်ချက်

လူတယောက်သယ်ပိုးနိုင်ခဲ့သမျှ သမိုင်းတာဝန်

မောင်ဘစီ

01 October 2025
လူတယောက်သယ်ပိုးနိုင်ခဲ့သမျှ သမိုင်းတာဝန်
Share to

သူသည် ယုံကြည်ချက်အကျဉ်းသားအဖြစ် သံတိုင်လေးဘက်ကြားသို့ မရောက်မီတုန်းက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ နည်းပြတဦးဖြစ်ခဲ့သည်။ တောင်ပိန္နဲပင်အောက်က လက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်း ရီဝေထုံယစ်ဖွယ်ကောင်းသော ကံ့ကော်ရနံ့ကို ရှုရှိုက်နေသူ တက္ကသိုလ်ဆရာငယ်တစ်ဦး။ ရှစ်လေးလုံးအရေးတော်ပုံကြီး အလွန်တွင် ကျောင်းသားတွေ မရှိတော့သော တက္ကသိုလ်နယ်မြေထဲက မြန်မာစာဌာနရှိ အလုပ်စားပွဲမှာ ထိုင်နေစဉ် တစ်ရက်၌ မျက်နှာစိမ်းအချို့ ကျောင်းဝန်းထဲ ဝင်လာကြပြီး သူ့ကို လက်ထိပ်ခတ် ဖမ်းဆီးသည်။

“ကျွန်တော့်လက်ထိပ်ကို ဖြုတ်ပေးလို့ မရဘူးလား၊ ထွက်မပြေးပါဘူး။ အေးအေးဆေးဆေး လိုက်ခဲ့မှာပါ”

အဖွဲ့ ခေါင်းဆောင်ဟု ထင်ရသည့် လူတစ်ဦးကို အဖမ်းခံရသူ တက္ကသိုလ်ဆရာလေးက လှမ်းပြောသည်။ ရှုတည်တည်နှင့် တင်းမာသော မျက်နှာထားရှိသော တစ်ဖက်လူက ခေါင်းခါပြ၏။

“ကျောင်းဝင်းထဲမှာ ကျောင်းဆရာတစ်ယောက်ကို လက်ထိတ်ခတ်ပြီး ခေါ်သွားတယ်ဆိုတာ မကောင်းပါဘူးဗျာ။ အေးအေး ဆေးဆေးလိုက်ခဲ့မှာပါ။ လက်ထိတ်ဖြုတ်ပေးလို့ မရဘူးလား”

တက္ကသိုလ်ဆရာက ထပ်၍ ဈေးဆစ်ကြည့်သည်။ အစောကလူသည် ခေါင်းကို တွင်တွင်ယမ်းရင်း မရဘူးဆိုတာကို သိသာထင်ရှားစေလိုက်သည်။ မြန်မာစာဌာနမှ ဆရာအချို့ကလည်း ဘာတစ်ခုမျှ ဝင်ပြောရန် မစွမ်းနိုင်ဖြစ်နေကြ၍ မျက်နှာ မသာမယာနှင့်သာ သူတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဆရာလေးကို စိုက်ငေးကြည့်နေကြသည်။ တောင်ငူဆောင်၏ အပေါ်ဆုံးထပ် (တတိယထပ်)သည် မသာယာမှုနှင့်အတူ ခေတ္တခဏ ငြိမ်သက်လျက်ရှိသည်။ လူဖမ်းရန်လာကြသော မျက်နှာစိမ်းအုပ်စုထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက ‘သွားမယ်’ ဆိုသည့် အမိန့်သံဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

တောင်ငူဆောင်၏ ဆင်ဝင်(ပေါ်တီကို) ရှေ့တွင် ထိုးစိုက်ထားသော မာဇဒါဂျစ်ကားပေါ်သို့ သူ့ကို တွန်းတင်လိုက်သည်။ ဂျစ်ကားသည် ဘွဲ့နှင်းသဘင် ခန်းမဘေးနား  အနောက်ဘက် အင်းလျားလမ်းသို့ ထွက်သော တံခါးဆီ ဦးတည်၍ မောင်းနှင်နေသည်။ ထိုအချိန်ထိ သူ့စိတ်ထဲတွင် တက္ကသိုလ်မြေနှင့် ကာလရှည်ကြာ ခွဲခွဲရတော့မည့် အဖြစ်ကို မတွေးမိတတ်သေး။ အဖန်တရာတေအောင် မြင်ဖူးနေကျ တက္ကသိုလ်၏ ရှုခင်းတွေကို ငေးမောရင်း လူစိမ်းတွေခေါ်ရာ ဘယ်ဆီဘယ်ဝယ် မှန်းမသိရသေးသည့် တစ်နေရာရာသို့ ကြောင့်ကြမဲ့ လိုက်ပါလာသည်။ ဂျစ်ကားက ပြည်လမ်းပေါ်အရောက်တွင် ဘေးနားရှိ လူစိမ်းက တက္ကသိုလ်ဆရာလေး၏ ပေါင်ပေါ်တွင် တင်ထားသော တိုက်ပုံအိင်္ကျီကို မေးထိုးပြရင်းမှ မေးသည်။ 

“ဒီတိုက်ပုံက ခင်ဗျားဟာနော်”

“ဟုတ်တယ်”

“ဒါဆိုရင် ခေါင်းကို အုပ်လိုက်မယ်”

ပြောရင်းဆိုရင်း သူ့မျက်နှာပေါ် အဝတ်နှင့် အုပ်လိုက်သဖြင့် မြင်ကွင်းအားလုံးနှင့် ရုတ်ချည်း အဆက်ပြတ်ကာ မှောင်မိုက်သွားသည်။

ဤသို့နှင့် စစ်ကြောရေးငရဲခန်းကို ဖြတ်ရသည်။ ငရဲခန်းအလွန်တွင်

င်းစိန်ထောင်ဘူးဝရှိ စစ်ခုံရုံးအမှတ် ()က သူ့ကို  ပုဒ်မ ၅(ည)၊ ၁၇(၂) ဖြင့် ထောင်ဒဏ် အနှစ်နှစ်ဆယ် ပြစ်ဒဏ်ချမှတ်သည့်အတွက် အကျဉ်းထောင်၏ သံတိုင်လေးဘက်ကြားမှာ နှစ်ရှည်လများ နေထိုင်ခဲ့ရပြန်သည်။ သူ့ကို လာရောက်ဖမ်းဆီးကြသည့် နေ့မှာပင် အာဏာပိုင်တွေက သူ့ကို တက္ကသိုလ်ဆရာအဖြစ်မှ ထုတ်ပယ်ပြစ်လိုက်ပြီးဖြစ်သည်။ ‘ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှ နည်းပြ ဦးဌေးသိန်းအား ၁၉၈၉ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းမှစ၍ ရာထူးမှ ထုတ်ပယ်လိုက်သည်’ ဆိုသော စာကလေး တစ်ကြောင်းတည်းနှင့် သူမြတ်နိုးစွာတည်ဆောက်ခဲ့ရသော တက္ကသိုလ်ဆရာဘဝကို ဆုံးရှုံးလိုက်ရသည်။

သံတိုင်ကြားတွင် ဆယ့်လေးနှစ်နီးပါး နေထိုင်ပြီးနောက် ၂၉ ဧပြီ ၂၀၀၃ ခုနှစ်တွင်မှ သူ အမေ့အိမ် ပြန်ရောက်သည်။ နရသိန်က ပြန်လာသော သားဖြစ်သူသည် ဒေါပုံက အိမ်အိုလေးထဲသို့ တလှမ်းချင်း ဝင်လာခဲ့သည်။ ထိုနေ့က သူ အိမ်ပြန်ရောက်ချိန်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်။ ရေနံဆီ မီးခွက်၏ အလင်းရောင် လဲ့လဲ့ကြားမှ အမေ့အပြုံးယဲ့ယဲ့ကို မှုန်တိမှုန်ဝါး သူ မြင်နေရသည်။ သူ၏ အကျဉ်းစံနေ့ရက်တွေအတွင်းမှာပင် ဖခင်ဖြစ်သူ ကွယ်လွန်သွားလေပြီ။ သူ အိမ်နှင့် ဝေးနေသော ဆယ်နှစ်ကျော်အတွင်း အမေ့ရုပ်ရည်မှာ အတော်ကလေး အိုစာသွားခဲ့ပြီ။ တိမ်ရောဂါကြောင့် မေ့မျက်လုံးတွေက မမြင်ရလုနီးပါးမျှ။ သို့ငြား အိမ်ထဲသို့ ဝင်လာသော သားကို အပြုံးဖြင့် ကြိုလင့်၏။  အမေ့ကျန်းမာရေးလိုပဲ မိသားစု၏ စီးပွားရေးက အခြေအနေဆိုးဝါးနေသည်။ သားဖြစ်သူကိုယ်တိုင်မှာလည်း ကုသရဦးမည့် ဝေဒနာတွေ ပါလာသည်။ အလဲလဲ အကွဲကွဲထဲမှ ပြန်လည်နိုးထဖို့ အတော့်ကို ရုန်းရဦးမည့် အနေအထားပါကလားဟု သူ ချက်ချင်း နားလည်သဘောပေါက်သွားသည်။

ပထမဆုံးအနေနှင့် ပျက်ဆီးနေသော သူ၏ ကျန်းမာရေးကို ပြန်လည် ထူမတ်နိုင်ဖို့ ကြိုးစားရသည်။ ဆရာဝန်နှင့် ပုံမှန်ပြသည်။ ဒီကြားထဲ သူ့ကို ထောက်လှမ်းရေးက မပြတ်မလပ် စောင့်ကြည့်နေသလို သူ့အိမ်သို့လည်း အပတ်စဉ် ပုံမှန်လာပြီး သူ့လှုပ်ရှားမှုတွေကိုကို မေးလားမြန်းလား လုပ်နေသဖြင့် စိတ်ညစ်စရာ အတော်ကောင်းသည်။ ဒါပေမဲ့ မတတ်နိုင်။ သူ စာတွေ ပြန်ဖတ်သည်။ အကျဉ်ထောင်ထဲ မရောက်ခင်ကတော့ စာရေးဆရာလုပ်ဖို့ ဝတ္ထုတွေ ရေးဖို့ အိပ်မက်မက်ခဲ့ဖူးသည်။ အခု စာရေးပြီး အသက်မွေးဝမ်းကျောင်းရမလား။ ဒွိဟအတွေးတွေ အမြောက်အမြားနှင့် အိပ်မပျော်သော ညများသည်  သူ့ကို တစ်ချက်တစ်ချက် ထိုးနှက်သည်။ ထိုအခိုက် နှစ်ရှည်လများ ကွဲကွာနေသော သူငယ်ချင်းအရင်းတွေနှင့် သူ ပြန်တွဲဖြစ်သည်။

ထိုစဉ်က သူငယ်ချင်းတစ်ဦးဖြစ်သူ မောင်သာချိုမှာ ဟင်္သတကောလိပ်တွင် တာဝန်ကျနေသည်။ သူက လူသိထင်ရှား စာရေးဆရာ ဖြစ်နေပြီ။ မောင်သာချို ရန်ကုန်မြို့တက်လာလျှင် မြားနတ်မောင်မဂ္ဂဇင်း အယ်ဒီတာ ကိုလွဏ်းဆွေဆီမှာ တည်းခိုသည်။ မောင်သာချို မိတ်ဆက်ပေးမှုဖြင့် ကိုလွဏ်းဆွေနှင့် ရင်းနှီးရသည်။ ကိုလွဏ်းဆွေက သူ့ကို စာရေးဖို့ တိုက်တွန်းအားပေးသည်။ သူကလည်း ကျန်းမာရေးကို ပြန်လည်ထူထောင်နေရသည်ဖြစ်ရာ စာမရေးဖြစ်နိုင်သေး။ ရေးဖြစ်ခဲ့လျှင် မြားနတ်မောင်မဂ္ဂဇင်းသို့ အဦးဆုံး ပေးပါမည်ဟု ကတိထားခဲ့သည်။ အချိန်က ၂၀၀၃ ခုနှစ် မေလဆန်းတွင် ဖြစ်သည်။ မှတ်မှတ်ရရ  ထိုနေ့က ကိုလွဏ်းဆွေသည် “ဖတ်ကြည့်ပါဦး” ဆိုကာ သူ့အတွက် ၂၀၀၃ ခုနှစ်ထုတ် မြားနတ် မောင်မဂ္ဂဇင်းငါးအုပ် ပေးထားရစ်ခဲ့သည်။      

သို့ဖြင့် နှစ်နှစ်ခန့်အကြာ ၂၀၀၅ ခုနှစ်တွင် ပထမဆုံး ရေးဖြစ်သော စာမူကို မြားနတ်မောင်မဂ္ဂဇင်းအယ်ဒီတာ ကိုလွဏ်းဆွေထံ ပို့လိုက်သည်။ အယ်ဒီတာက စာမူကို ဖတ်ပြီး ပုံနှိပ်ထည့်သွင်းနိုင်သော အဆင့်မီသဖြင့် သူ့မဂ္ဂဇင်းတွင် ချက်ချင်း ဖော်ပြဖို့ လျာထားသည်။ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလထုတ် မြားနတ်မောင်မဂ္ဂဇင်းတွင် သူ၏ ‘ညိုမြ၏ ငရဲခွေးကြီးဟာ ဘယ်သူလဲ’ ဆိုသည့် ဆောင်းပါးပါလာသည်။ သူသည် မြားနတ်မောင်မဂ္ဂဇင်းတွင် နောက်ထပ်ဆောင်းပါး သုံးပုဒ် ဆက်တိုက် ရေးသည်။ တဖြည်းဖြည်း စာရေးသည့်အရှိန်ရလာကာ အခြားသော မဂ္ဂဇင်းတွေမှာပါ အတွေးအမြင် ဆောင်းပါး၊ ခံစားမှုရသစာတမ်းများ အဆက်မပြတ် ရေးဖြစ်သွားသည်။ စတိုင်သစ်မဂ္ဂဇင်းတွင် ပါဝင်သော ‘ကျွန်တော်နှင့် အလှူခံများ’  ရသ စာတမ်းဖြင့် ၂၀၁၀ ခုနှစ်တွင် ရွှေအမြုတေစာပေဆု ရရှိသည်။ စာပေလောက က သူ့ကို စာရေးဆရာ တစ်ဦးအဖြစ် ထိုက်တန်သော နေရာပေးမှုကို ခံရပါပြီ။ တစ်နည်းအားဖြင့် နိုင်ငံရေးလှုပ်ရှားသူ တက္ကသိုလ်ဆရာ ဌေးသိန်းအနေဖြင့် သံတိုင်ကြားတွင် ဆယ့်လေးနှစ်ကျော် ဖြတ်သန်းပြီးနောက် သူသည် စာရေးဆရာ နောင်ကျော်အနေဖြင့် အပြင်လောကသို့ ပြန်ထွက်လာ နိုင်ခဲ့သည် ဆိုရပါမည်။ 

နောင်ကျော် အမည်ဖြင့် စာအုပ်ပေါင်း ၁၇ အုပ် ထုတ်ဝေနိုင်ခဲ့သည်။ စာအုပ်အများစုမှာ စာနယ်ဇင်းများတွင် ရေးသားခဲ့သော ဆောင်းပါးများကို မျိုးတူရာ စုစည်း၍ စာအုပ်တိုက်အသီးသီးက ထုတ်ဝေကြခြင်းဖြစ်သည်။ သူ့စာအုပ်များကို ထုတ်ဝေနှစ်အလိုက် အစီအစဉ်ပြု၍ အကျဉ်းရုံး ဖော်ပြပါမည်။

 

၁။ တောင်ပံခတ်သံတွေရဲ့ အတွေးရသများ

[ ပထမအကြိမ်၊ လင်းသစ်ရောင်စဉ်စာအုပ်တိုက်။ ဖေဖော်ဝါရီ၊ ၂၀၁၁ ခုနှစ် ]

ဒီစာအုပ်က နောင်ကျော်၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။ ၂၀၀၆ နှင့် ၂၀၁၀ ခုနှစ်များအကြား မဂ္ဂဇင်းနှင့် ဂျာနယ်အချို့တွင် ရေးခဲ့သည့် အတွေးအမြင်ဆောင်းပါး နှစ်ဆယ့်ခုနစ်ပုဒ်ကို စုစည်းထုတ်ဝေသည်။ ဆောင်းပါးတစ်ပုဒ်၏ ခေါင်းစဉ်ကို စာအုပ်အမည်အဖြစ် အသုံးပြုတာ မဟုတ်ဘဲ သီးခြားပေးထားသည်ကို သတိထားမိပါသည်။  ‘အတွေးရသ’ ဟု ဆိုထားသည့်အတိုင်း စာပေနှင့် သမိုင်းနောက်ခံ အကြောင်းအရာတွေ အများစု ပါဝင်သည့်တိုင် အချို့သော ဆောင်းပါးများက စာရေးသူ၏ အတွေးကို ရသမြောက် ဖော်ထုတ်ထားသည်ကို တွေ့ရသည်။ တစ်အုပ်လုံးကိုခြုံ၍ ဆိုရလျှင် စာပေနှင့် သမိုင်းရေးရာ အတွေးအမြင် ဆောင်းပါးများဟု ပြော၍ ရနိုင်လိမ့်မည်။ စာရေးသူ၏ အမှာ မပါဝင်ပါ။

 

၂။ နေရစ်တော့ မန္တလေးထောင်

[ ပထမအကြိမ်၊ လင်းသစ်ရောင်စဉ်စာအုပ်တိုက်။ မတ်၊ ၂၀၁ ခုနှစ် ]

နှင်းခဲများ အရည်ပျော်စ ပြုနေချိန်၊ တစ်နည်းအားဖြင့် ဒီမိုကရေစီအခွင့်အရေးအချို့ လင်းပွင့်စ၊ အာဏာရှင်စနစ် အကြောလျော့စ ပြုလာသည့် နှစ်တွေအတွင်း အစောဆုံးထွက်လာသည့် ထောင်အတွေ့အကြုံ စာအုပ်များထဲတွင် ဤစာအုပ်ကိုလည်း ထည့်သွင်းရပါလိမ့်မည်။ စာအုပ်၏ ပုံနှိပ်မှတ်တမ်းတွင် စာမူခွင့်ပြုချက်နံပါတ်များ ထည့်သွင်းဖော်ပြထားသည့်အတွက် စာပေစိစစ်ရေးကို တင်ပြီး ခွင့်ပြုချက်ရသဖြင့် ထုတ်ဝေသော စာအုပ်ဟူ၍ သိသာပါသည်။ စာအုပ်တွင် ပါဝင်သော  အကျဉ်းထောင်အတွေ့အကြုံများအရေးအသားများမှာ ၂၀၁၀ ခုနှစ်များတစ်ဝိုက်က ထောင်မဂ္ဂဇင်း တစ်စောင် ဖြစ်သော  နရသိန်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့ပြီးသားတွေလည်း ဖြစ်သည်။

‘ပြောချင်တဲ့စကား နည်းနည်းပါးပါး’ ဟု ခေါင်းစဉ်တပ်ထားသော စာရေးသူ၏ အမှာစာတွင် စာရေးဆရာက သူ့စာမူများမှာ စာပေစိစစ်ရေးက ခွင့်ပြုခဲ့ပြီးသော စာမူများ ဖြစ်ကြောင်း၊ နရသိန်မဂ္ဂဇင်းတွင် သူ၏ ထောင်အတွေ့ အကြုံများကို ရေးသားရန် မဂ္ဂဇင်းတာဝန်ရှိသူများ၏ သဘောထားကို တီးခေါက်ပြီးမှ ဆောင်းပါးသုံးပုဒ် ကနဦး စတင်၍ ရေးသားခဲ့ကြောင်း။ သူရေးသော ထောင်အတွေ့အကြုံများမှာ ခပ်ပါးပါးမျှသာဖြစ်ပြီး ထောင်အတွေ့အကြုံ လုံးဝမရှိသူ စာဖတ်ပရိသတ်ကို ရည်ရွယ်သည်ကို စကားခံထားသည်။

‘…ကျွန်တော် ထောင်ထဲ နေခဲတဲ့ ကာလရှည်ထဲက အတွေ့အကြုံတွေတွေကို ရေးနိုင်တဲ့အချိန်မှာ ပြန်ရေးဖို့ အခု နရသိန် မဂ္ဂဇင်းမှာပါခဲ့တဲ့ အကြောင်းအရာတွေ အဖြစ်အပျက်တွေဟာ အခြေခံကုန်ကြမ်းနဲ့ ကွင်းဆက်တွေ ဖြစ်လာလိမ့်မယ် ထင်ပါတယ်။ ရေးမှတ်မထားရင် အချိန်တွေကြာလာလေ ပိုမေ့သွား‌လေ ဖြစ်မှာပါ။ …ဒါကြောင့် ရှိနေတဲ့ အခြေအနေမှာ ရေးနိုင်သလောက်ရေးပြီး သာမန်စာဖတ်ပရိသတ် ဖတ်ဖို့ ရည်ရွယ်ခဲ့ပါတယ်’   ( စာ ၇-၈)

ပြောရလျှင် နောင်အခါ အပြည့်အစုံ ထုပ်ထုပ်ပိုက်ပိုက် စာအုပ်တစ်အုပ် ပြန်ရေးဖို့အတွက် စာရေးဆရာက သူ၏ ထောင်တွင်း အတွေ့အကြုံများကို မှတ်စုထုတ်ထားသည့် သဘောမျှသာ ဖြစ်ပါသည်။ မန္တလေးထောင်အတွင်း ဆယ့်လေးနှစ်နီးပါး နေထိုင်ရစဉ်က သူ့မှတ်ဉာဏ်ထဲတွင် စွဲထင်နေသော အကြောင်းအရာများကို တစ်ပိုင်းစီ တစ်ကန့်စီ ရေးပြထားသည်။ စာပေစိစစ်ရေးကို ဖြတ်သန်းနေရသည့် အချိန်အတွင်းမို့ အချို့သောအဖြစ်အပျက်တွေကိုမူ ဝေ့ကာသီကာမျှ တို့ထိထားသည်။ သို့တိုင် ယခု ရေးပြသလောက် ဖတ်ရသည်ကပင် ရင်နင့်စရာ ကောင်းလှပါပြီ။

ထောင်အတွေ့အကြုံဆောင်းပါးပေါင်း အပုဒ်နှစ်ဆယ် ပါဝင်သည်။ နောက်ဆုံးတစ်ပုဒ်ဖြစ်သော ‘နေရစ်တော့ မန္တလေးထောင်’ စာမူက စာအုပ်တွင် ထည့်သွင်းရန် သီးခြားရေးခဲ့တာဖြစ်သည်။  နှစ်ရှည်လများ ထောင်အတွင်း နေထိုင်ရသောအခါ သူ့တွင် စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်လာသည်။ စိတ်ဝေဒနာတမျိုးဟု ဆိုနိုင်လိမ့်သည်။ တစ်ယောက်တည်း အခန်းတွင်း နေထိုင်စဉ် ညများ၌ ‘ဌေးသိန်းဆိုတဲ့ကောင်ကို သတ်မယ်ဟေ့’ ဆိုသည့်အသံက သူ့နားထဲတွင် ကျယ်လောင် မြည်ဟိန်းစွာ ပေါ်ထွက်လာတတ်သည်။ ဒီတစ်သံတည်း မဟုတ်။ နောက်ဆက်တွဲအဖြစ် ‘ဟုတ်တယ်၊ အခု သွားသတ်မယ်၊ ဟေး- သွားသတ်မယ်ဟေ့’ ဆိုသည့် လူလေးငါးဆယ်ယောက်၏ ညာသံပေး၍ ဟစ်အော်သော အသံတွေကိုလည်း ကြားရသည်။ 

ထိုအသံတွေက သူနှင့်သိနေသော တန်းစီးတွေ၊ စည်းကမ်းထိန်းတွေ၏ အသံတွေ။ အဝေးမှ ညာသံပေး၍ အော်ဟစ်ပြီး သူ့ဆီလာနေကြသော အသံတွေ။ အသံတွေက တိုးလာလိုက်၊ ကျယ်လာလိုက်။ နီးလိုက် ဝေးလိုက်။ ညတွေမှာတင်မက နေ့ခင်း နေရောင်စူးရှတောက်ပနေသည့် အချိန်များမှာပင် သူကြားလာနေရသည်။ အခန်းထဲမှာ သူတစ်ယောက်တည်း။ ထောင်ဝင်စာလာချိန်ကလွဲလျှင် လူက အပြင်မထွက်ရ။ ကြာတော့ သူ့ကြားနေရသည့် အသံတွေကို ဘေးခန်းက ထောင်ကျဖော် ရဲဘော်တွေဆီ လှမ်းပြောသည်။ ဘေးလူတွေက ထိုအသံကို မကြားရ။

ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်မျိုးဖြစ်သည်။ အသံတွေ၊ အသံတွေ၊ အသံတွေ။ နားကို ဂွမ်းဆို့ထားသည်။ ဂွမ်းဆို့လို့လည်း မရ။ အသံတွေက ကျယ်လွန်းလှသဖြင့် ကြားမြဲကြားနေရသည်။ အချို့လူတွေလည်း ဒီလိုအသံမျိုးတွေ ကြားရပြီး ‘ပေါက်’ သွားကြဖူးသည်တဲ့။ သူလည်း ‘ပေါက်’ နေပြီလား။ ဆေးထိုး ဆေးသောက်လုပ်ရင်း စိတ်ဝေဒနာ အနုစားကို နှစ်နှစ်ခန့် ကြံ့ကြံ့ခံနေခဲ့ရသည်။ နောက်ပိုင်း ထောင်အာဏာပိုင်တွေက သူ့ကိုထောင်မှ လွတ်ပေးချင်သည်ဟု ကမ်းလှမ်းလာသည်။ သို့သော် နောင်အခါ နိုင်ငံရေးမလုပ်တော့ကြောင်း ခံဝန်ချက်တော့ လက်မှတ်ထိုးရလိမ့်မည်။ အကြိမ်ကြိမ်စဉ်းစားပြီး သူ လက်မှတ်ထိုးလိုက်သည်။ ထောင်ကလွတ်ခါနီးတော့ ကြိုးတိုက်ထဲတွင်ရှိသော မောင်မှိုင်းလွင်              (အင်းဝ)ကို သွားပြီး နှုတ်ဆက်သည်။ သူ့ကို တွေ့လိုက်တော့ မောင်မှိုင်းလွင်၏ မျက်နှာမှာ ဝင်းခနဲ။

“ဟာ ဗိုလ်နောင်”

“ကိုမှိုင်းကို လေးစားပါတယ်ဗျာ၊ ကျွန်တော်ကတော့….”

“ဗိုလ်နောင်၊ ခင်ဗျား ကျန်းမာရေးအခြေအနေကို ကျွန်တော် သိနေတာပဲ၊ ကျွန်တော် နားလည်တယ်။ ခင်ဗျား ကျန်းမာရေးက ပိုအရေးကြီးတယ်။ အဲဒါတွေ ထားလိုက်တော့” 

“တကယ်လေးစားပါတယ်၊ ကိုမှိုင်း၊ ကဲ ကျွန်တော် သွားပြီ”

(စာ ၁၉၄)

စာရေးဆရာက သူ မန္တလေးအကျဉ်းထောင်က ထွက်လာခဲ့ရသည့် အခြေအနေကို ပွင့်လင်းစွာ ဝန်ခံရေးပြထားသည်။ ထောင်တွင်းအတွေ့အကြုံများ ပြန်လည်ရေးသားရခြင်းနှင့် ပတ်သက်၍ စာရေးသူက သူ့ဆန္ဒကို ယခုလို ရေးခဲ့သည်။

‘…ကျွန်တော်က ကျွန်တော်နေတဲ့ တိုင်းပြည်ကို ငြိမ်းချမ်းညီညွတ် ပျော်ရွှင်စရာကောင်းတဲ့ တိုင်းပြည်တစ်ပြည် ဖြစ်စေချင်စိတ်ပဲ ရှိပါတယ်။ နေရတာ စိတ်ချမ်းသာစရာ ကောင်းလိုက်တာလို့ လူတိုင်းပါးစပ်ဖျားက ကြားနေရတဲ့ တိုင်းပြည်မျိုးပဲ ဖြစ်စေချင်တာပါ။ အဲဒါထက် မပိုပါဘူး။ အဲဒါထက်လည်း ပိုပြီး မတောင့်တပါဘူး’  ( စာ -၉)

စာရေးဆရာ မျှော်ရည်ခဲ့သလို ‘စိတ်ချမ်းသာစရာကောင်းတဲ့ တိုင်းပြည်’ ဘယ်ဆီမှာလဲ။

ဒီစာအုပ်ဖတ်ရင်း ကိုယ့်ဘာသာ မေးခွန်းထုတ်ကြည့်စေချင်ပါ၏။

 

၃။ ရင့်ကျက်လွတ်လပ်စိတ်နဲ့ ယုံကြည်ခြင်း

[ ပထမအကြိမ်၊ ဇွန်ပွင့်စာအုပ်တိုက်။ နိုဝင်ဘာ၊ ၂၀၁၂ ခုနှစ် ]

စုစုပေါင်းစာမူ ဆယ့်တစ်ပုဒ်ပါဝင်သည့် စာအုပ်ဖြစ်သည်။ စာပေလောကထဲသို့ ဝင်ရောက်စက ရေးခဲ့သည့် စာမူများကို စုစည်းထားသည်။ အကျဉ်းထောင်က ထွက်လာပြီး ပထမဆုံး စတင်ရေးသားပြီး မြားနတ်မောင်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ‘ညိုမြရဲ့ ငရဲခွေးကြီးဟာ ဘယ်သူလဲ’ စာမူကို ထည့်သွင်းထားသည်။ ဆက်လက်ပြီး မြားနတ်မောင်တွင် ရေးသားဖြစ်သည့် စာမူ သုံးပုဒ်နှင့် ပိတောက်ပွင့်သစ်မဂ္ဂဇင်းပါ စာမူများကို တွေ့ရသည်။ စာရေးသူက သူ သံတိုင်လေးဘက်ကြားမှ ထွက်လာပြီးနောက် စာပြန်ရေးဖြစ်ပုံကို ‘ပြောချင်သော စကားတချို့’ ဟု ခေါင်းစည်းတပ်ထားသော အမှာစာထဲမှာ ရှင်းပြသည်။

‘…ဤဆောင်းပါးများတွင် ပါဝင်သော ကျွန်တော့် ကြည့်မြင်ပုံ၊ သဘောထားပုံ၊ ဝေဖန်သုံးသပ် အကဲဖြတ်ပုံတွေက စာဖတ်သူနှင့် တူတာရှိမည်။ မတူကွဲပြားတာရှိမည်။ ဆန့်ကျင်ဘက် ဖြစ်ချင်လည်း ဖြစ်မည်။ ပြဿနာမရှိပါ။ ကျွန်တော်တို့သည် စက်ရုံတစ်ခု၏ ပုံစံတူ ထုတ်ကုန်များ မဟုတ်ကြသောကြောင့် ဖြစ်သည်။ သို့သော် ကျွန်တော့်စာတွေကို ဖတ်ပြီး ခဏတဖြုတ်လောက် စဉ်းစားဖြစ်သည်ဆိုလျှင် ရေးခဲ့ရကျိုးနပ်ပါပြီ”  

ပါဝင်သော စာမူတိုင်းနီးပါး၏ အောက်ခြေတွင် ကိုးကားစာအုပ်များကို တွေ့ရသည်။ စာရေးသူသည် စာအုပ်တွေ ဖတ်ရင်း၊ တွေးရင်းမှ တဖြည်းဖြည်း ကိုယ်တိုင် စာရေးဖို့ စိတ်ပါလက်ပါ ရှိလာပုံရပါသည်။ ဆောင်းပါးများတွင် သူအကိုးအကားပြုသော စာအုပ်များထဲက အကြောင်းအချက်တွေနှင့် အဆိုပါ အကြောင်းအချက်များပေါ်တွင် ထပ်ဆင့်၍ တွေးခေါ်ထားသော စာရေးသူ၏ အမြင်များကို ဖတ်ရပါသည်။ စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် ဇွန်ပွင့်စာအုပ်တိုက်က ဆက်လက်ထုတ်ဝေရန် လျာထားသော နောင်ကျော်၏ စာအုပ်နှစ်အုပ်ကို ကြေညာထားသည်။ ‘ရည်မှန်းချက်ကိုယ်စီနှင့် မျိုးဆက်’၊ ‘ချိုးကူသံလေးကို မလွမ်းဘူးလားအမေ’ တို့ဖြစ်သည်။ သို့သော် ဇွန်ပွင့်တိုက်က ထုတ်ဝေခြင်း မရှိခဲ့။

 

၄။ ဘာနိုင်ငံရေးသမားလဲ နှင့် အခြားဆောင်းပါးများ

[ ပထမအကြိမ်၊ အရှေ့ကြယ်စာပေဇူလိုင်၊ ၂၀၁ ခုနှစ် ]

စာအုပ်ခေါင်းစဉ်ကို ကြည့်၍ နိုင်ငံရေးအကြောင်း စာအုပ်ပဲဟု ယူဆလျှင် မှားနိုင်ပါသည်။ ‘ဘာနိုင်ငံရေးသမားလဲ’သည် ယခုစာအုပ်ထဲတွင် ပါဝင်သော စာမူ နှစ်ဆယ့်ရှစ်ပုဒ်ထဲက ဆောင်းပါးတစ်ပုဒ်၏ အမည်သာ ဖြစ်သည်။ စာမူအများစုမှာ စာပေနှင့် လူမှုအတွေးအမြင်များသာ ဖြစ်ပါသည်။ အချို့ စာမူတွေကတော့ ထုံးစံအတိုင်း ရသစာတမ်းဘက်သို့ နွှယ်သည်။

ထူးခြားသည်က ယခုဆောင်းပါး အားလုံးမှာ ပြည်သူ့ခေတ်၊ မြန်မာသမာဓိ၊ ပေါ်ပြုလာ၊ ပန်သစ္စာ၊ နေ့သစ်၊ အင်ပါယာ အစရှိသော ဂျာနယ်အသီးသီးမှာ ဖော်ပြပြီးသားများ ဖြစ်နေသည်။ ထို့ကြောင့် ဂျာနယ်ဆောင်းပါးများ စုစည်းမှုဟု ခေါ်၍ ရနိုင်ပါသည်။ ဂျာနယ်ဆောင်းပါးဆိုသော်လည်း တိုနှံ့နှံ့မဟုတ်၊ မဂ္ဂဇင်းဆောင်းပါးများနည်းတူ ရှည်လျားပါသည်။ အကြောင်းအရာများကလည်း ဆူလွယ်နပ်လွယ် အခုဖြစ် အခုပျက် ကိစ္စမျိုးများကို စာဖွဲ့ခြင်းမဟုတ်ဘဲ အလေးအနက် ဆွေးနွေးထားသည်။ ရေးဟန်အပိုင်းတွင်မူ ပေါ့ပေါ့ပါးပါး ရှိပါသည်။

 ‘…အောင်မြင်ခဲ့တဲ့ တိုင်းပြည်တွေရဲ့ တိုက်ပွဲသဏ္ဍာန်တစ်ခုခုမှာ ပါဝင်ခဲ့ကြသူတွေ၊ အဖွဲ့အစည်းတွေဟာ ညှိညှိနှိုင်းနှိုင်းနဲ့ ဟန်ချက်ညီညီ လုပ်နိုင်ခဲ့ကြတယ် ဆိုတာလည်း ပြန်လေ့လာကြည့်ရင် တွေ့ရမှာပါ။ နည်းလမ်းကွဲပြားတာကြောင့် ငါနဲ့မတူ ငါ့ရန်သူလို့ သဘောမထားခဲ့ကြပါဘူး။ ရပ်တည်ချက် ဘက်ပြောင်းသွားလို့သာ ငါနဲ့မတူ ငါ့ရန်သူလို့ သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်ဆိုတာကိုလည်း တွေ့ရပါတယ်”         (မတူပေမယ့် ရန်သူမဟုတ် / စာ- ၂၁)

‘ဘာနိုင်ငံရေးသမားလဲ’ ဆောင်းပါးကတော့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲမတိုင်မီ တစ်လအလို စက်တင်ဘာလ ၂ ရက် နေ့စွဲဖြင့် ထုတ်ဝေသော ပြည်သူ့ခေတ်ဂျာနယ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ အလျှိုအလျှို ပေါ်လာကြသော နိုင်ငံရေးပါတီများနှင့်အတူ  ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားတွေလည်း လူမြင်ကွင်းမှာ ထွက်လာကြပြီ။ ထိုနိုင်ငံရေးသမားများကို ကြည့်ပြီး ‘ဘာနိုင်ငံရေးသမားလဲ’ ဟု စာရေးသူက မေးခွန်းထုတ်လိုက်သည်။ နိုင်ငံရေးသမားဆိုတာ                           ‘တိုင်းပြည်နဲ့လူထု ကောင်းစားရေးဆိုင်ရာ အရေးကိစ္စများကို ယုံကြည်စွဲမြဲ ဇွဲသတ္တိနှင့် ဆောင်ရွက်သူ’ ဟု အဓိပ္ပါယ် ဖွင့်သည်။ ပြီးတော့ သူ ယုံကြည်သည့် ဖြစ်စေချင်သည့် နိုင်ငံရေးသမားက ဘယ်လိုဟာမျိုးလဲဆိုတာကို အခုလို ရေးပါသည်။

‘နိုင်ငံရေးသမားဆိုတာ လူထုဘက်ကို မျက်နှာမူတဲ့သူများ ဖြစ်ဖို့ လိုပါတယ်။ ပြည်သူလူထု ကောင်းစားရေးသာ အဓိကဆိုတဲ့ စိတ်ထားမျိုး ရှိဖို့လိုပါတယ်။ တိုင်းပြည်ကောင်းစားရေးအတွက် အနစ်နာခံဆောင်ရွက်ချင်တဲ့ စိတ်ရှိသူတွေဖြစ်ဖို့ လိုပါတယ်။ ပြည်သူလူထုဒုက္ခကို ကိုယ့်ဒုက္ခလို သဘောထားနိုင်တဲ့သူ ဖြစ်ဖို့လိုပါတယ်။ တိုင်းပြည်အတွက် လတ်တလော အန္တရာယ်ပဲ ဖြစ်ဖြစ်၊ အနာဂတ်မှာ ကျရောက်လာမယ့် အန္တရာယ်ကိုပဲဖြစ်ဖြစ် တွေးမိ၊ မြင်မိ၊ ကြားသိမိတာနဲ့ ပြည်သူလူထုရှေ့က  မားမားမတ်မတ်ရပ်ပြီး ကာကွယ်ရဲတဲ့စိတ် ရှိသူမျိုး ဖြစ်ဖို့လိုပါတယ်။ ပြောသလိုလုပ်ပြီး လုပ်သလို ပြောတတ်သူဖြစ်ဖို့ လိုပါတယ်။ အမြော်အမြင်ကြီးပြီး ပညာရှင်စိတ်၊ စည်းရုံးရေးသမားကောင်းစိတ်မျိုး ရှိဖို့လိုအပ်သလို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့်အချိန်မျိုးမှာလည်း ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး ပြည်သူ့အကျိုးကို အားသွန်ခွန်စိုက် ထမ်းဆောင်နိုင်သူလည်း ဖြစ်ဖို့ လိုပါတယ်။ လိုတာတွေ ပြောရင် ထပ်ရှိပါဦးမယ်။ ဒီလောက်ဆို ရပါပြီ’     (စာ - ၄၁)

စာရေးသူ ပြောခဲ့သည့် စံနှုန်းတွေက မြင့်လွန်းနေပါသလား။ ဒါကတော့ စာဖတ်သူတွေကိုယ်တိုင်ပဲ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားတွေးတောကြည့်နိုင်ဖို့ ချန်ခဲ့မည်။ ရွေးကောက်ပွဲဟု အသံကြားသည်နှင့် ရွပိုးထိုးနေသည့် နိုင်ငံရေးသမား အမည်ခံတွေကတော့ များပဲများလွန်းလှသည်။

 

၅။ လွတ်လပ်ရေးခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း

[ ပထမအကြိမ်၊ ဝတ်မှုန်မိုးစာပေ။ ဩဂုတ်၊ ၂၀၁၃ ခုနှစ် ]

မန္တလေးတွင် ပြုလုပ်သည့် စာရေးဆရာသမဂ္ဂစာတမ်းဖတ်ပွဲအတွက် ရည်စူးပြီး ပြုစုခဲ့သည့် စာတမ်းကို သီးခြား စာအုပ်အဖြစ် ထုတ်ဝေခြင်းဖြစ်သည်။ မူလခေါင်းစဉ်ကို ‘အိုးဝေမဂ္ဂဇင်းကိုလာပြီး ထပ်ဟပ်တဲ့ မြန်မာ့နိုင်ငံရေး’ ဟု ပေးသည်။ သို့သော် စာအုပ်စာတမ်း ရှာဖွေရရှိမှုနှင့် စာတမ်းအချိန်မီဖတ်နိုင်ရေးကို ငဲ့ကွက်ရသဖြင့် ခေါင်းစဉ်ကို ပြန်ချုံ့ရသည်။ တစ်ခါ ‘အိုဝေမဂ္ဂဇင်းကိုလာပြီး ထပ်ဟပ်တဲ့ နိုင်ငံရေး’ ဆိုသည့်အတွက် အိုးဝေမဂ္ဂဇင်းတွေထဲမှာ ပါဝင်သမျှ ခေါင်းကြီး၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ အစီရင်ခံစာ အားလုံးကို ဖတ်ပြီးမှ ထိုခေတ်ကာလ နိုင်ငံရေးနောက်ခံကားနှင့် ချိတ်ဆက်ပြရမည်။ သို့ဆိုလျှင် အကြောင်းအရာပိုင်း လွန်စွာကျယ်ဝန်းသွားသည်။ အချိန် ခြောက်လ၊ တစ်နှစ် စသဖြင့် ကြာနိုင်သည်။ ထို့ကြောင့် အိုးဝေမဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့သည့် တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့၏ နှစ်စဉ် အစီရင်ခံစာများကို ပြန်လည်ဖတ်ရှု၍ ဤစာတမ်းကို ရေးသားသည်။ ၁၉၄၈-၄၉ ခုနှစ်မှ ၁၉၆၁-၆၂ ခုနှစ်အထိ အစီရင်ခံစာများသည် စာတမ်း၏ အခြေခံပန္နက်ဖြစ်သည်။

စာတမ်းကို ပထမဆုံး အိုးဝေမဂ္ဂဇင်း၏ သမိုင်းဖြင့် စဖွင့်သည်။ အိုးဝေမဂ္ဂဇင်းသမိုင်းကို ပြောလျှင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ သမိုင်းကလည်း မဖော်ပြလို့ မဖြစ်။ ပြီးတော့ စစ်ပြီးခေတ် ၁၉၄၅ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ရှိခဲ့သော ကျောင်းသားအဖွဲ့အစည်းများအကြောင်းကိုလည်း အကျဉ်းမျှ သိထားရန် လိုအပ်လာသည်။ ထိုအချက်များကို စာတမ်းရှင်က ခြုံငုံမိအောင် တင်ပြဖို့ ကြိုးစားခဲ့သည်။

ပြီးလျှင် အိုးဝေမဂ္ဂဇင်းနှင့် ခေတ်ပြိုင် ပေါ်ပေါက်ဖြစ်ပွားနေသော မြန်မာ့နိုင်ငံရေး အခြေအနေများကို သိထားရဦးမည်။ ထို အခြေအနေများကို သိမှသာလျှင် ကျောင်းသားထုအတွင်း မည်သို့မည်ပုံ ရိုက်ခတ်သည်၊ ကျောင်းသားလှုပ်ရှားမှုများ ပေါက်ပေါက်လာပုံကို မြင်သာမည်။ ဤသည်တို့ကို သိပါမှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့၏ အစီရင်ခံစာထဲမှ ထင်ဟပ်နေမည့် ကျောင်းသားလှုပ်ရှားမှုများကို နားလည်သဘောပေါက်နိုင်မှာ ဖြစ်သည်။ အဆိုပါ အချက်များကို စာတမ်းပြုစုသူက သူ့နေရာနှင့်သူ့ အကွက်ကျ ချိတ်၍ဆက်၍ ရေးသွားသည်။

ကိုးကားစာအုပ်များထဲတွင် ကျောင်းသားလှုပ်ရှားမှုသမိုင်းနှင့်ဆိုင်သော စာအုပ်များအပြင်  ဒဂုန်တာရာ၏ ဒဂုန်တာရာ၊ ရုပ်ပုံလွှာ၊ ပန်းနုရောင်နှစ်ကာလများ စာအုပ်များ၊ သိန်းဖေမြင့်၏ သပိတ်မှောက်ကျောင်းသား၊ ခင်ဆွေဦး၏ နှင်းဆီကမွေး အစရှိသော ဝတ္ထုများထဲတွင် ကိုးကားဖော်ပြခဲ့သော ကျောင်းသားလှုပ်ရှားမှုဖြစ်ရပ်များကိုပါ အလျဉ်းသင့်သလို ချိတ်ဆက် တင်ပြပါသည်။ အချက်အလက် မူကွဲများကိုလည်း ဆန်းစစ်ထားသည်။ သမိုင်းပြုစုကြသူများထဲတွင်လည်း ကျောင်းသား လှုပ်ရှားမှုကို လိုလားထောက်ခံသူနှင့် မနှစ်သက်သူဟူ၍ ဘက်နှစ်ဘက်လည်း ရှိတတ်လေရာ အချို့သော သမိုင်းရေးသူ တွေ၏ ရှုထောင့် (တင်ပြချက်)များကို စာတမ်းရေးသူက စောဒကတက်ပြထားသည်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းပါသည်။ အထူးသဖြင့် ‘မြန်မာနိုင်ငံကျောင်းသားများလှုပ်ရှားမှုသမိုင်း( ၁၉၄၅-၅၈) စာအုပ် (စာတမ်း) ပြုစုခဲ့သူ အံ့ကျော်၏ သုံးသပ်ချက်အမြင်အချို့ကို ချေဖျက်ထားတာ တွေ့ရသည်။

သုတေသနပြုလုပ်ခြင်း၊ သုတေသနပြုထားသော စာတမ်းများကို ဖတ်ရသည့် အကျိုးမှာ အကြောင်းအရာတစ်ခုအား ဘက်စုံထောင့်စုံ တင်ပြသည်ကို မြင်ရခြင်း ဖြစ်ပါသည်။ အချက်အလက် လွဲမှားနေမှုများကိုလည်း ရှာတွေ့ ဆန်းစစ်နိုင်သဖြင့် အမှန်တရားနှင့် နီးစပ်လာတတ်သည်။ ယခု ‘အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း’ စာတမ်းသည်လည်း ခေတ်အဆက်ဆက် အာဏာပိုင်အစိုးရတွေက ပုံဖျက်ရန် ကြိုးစားခဲ့သော ကျောင်းသားလှုပ်ရှားမှုအပေါ် အမြင်ကြည်လင်လာစေပါသည်။ ‘ဘာကြောင့်’  ‘ဘယ်လို’ ဆိုသည့် အကြောင်းအကျိုး ဆက်စပ်မှုကို  မြင်သာထင်သာ ရှိလာစေပါသည်။

စာတမ်းရှင်သည် ကျောင်းသားနှင့်ကျောင်းသား လှုပ်ရှားမှုများအပေါ်တွင် သံယောဇဉ်ကြီးသူ ဖြစ်ပါသည်။ သို့ဖြင့် သူ့စာတမ်းတွင် ကျောင်းသားလှုပ်ရှားမှုများအပေါ် ဘက်လိုက်သည့် အမြင်သဘောထားများ ပါလေမလားဟု ဆန်းစစ် ကြည့်ပါသည်။ ကျောင်းသားလှုပ်ရှားမှုများ၏ တန်ဖိုးကို သမိုင်းတွင် နေရာမှန် ပြန်ထားလိုသည့် စေတနာကိုတော့ ထင်ရှားစွာ မြင်ရပါသည်။ ထိုစေတနာ စေ့ဆော်မှု မရှိဘဲနှင့်တော့ ဤစာတမ်းက ထွက်ပေါ်လာစရာလည်း မရှိပါ။ သို့သော် စာတမ်းရှင်သည် စာကြည့်တိုက်များမှ သူ ရှာဖွေဖတ်ရှု စုဆောင်းရတတ်ရှိသမျှ အချက်အလက်များအပေါ်မှာ အခြေခံပြီးသာ သူ့စာတမ်းကို တင်ပြထားပါသည်။ တစ်ဖက်သတ်အမြင်ထက် အုပ်စိုးသူအာဏာပိုင်တွေဘက်က အမြင်နှင့် ချဉ်ကပ်ပုံတွေကိုလည်း ဘက်မျှအောင် တတ်နိုင်သမျှဖော်ပြဖို့ ကြိုးစားထားသည်။ ထိုအချက်ကိုမူ သိသာပါသည်။

တက္ကသိုလ်တွင် မဟာဝိဇ္ဖာဘွဲ့အတွက် ကျမ်းပြုအတွေ့အကြုံရှိခဲ့သော စာရေးသူ နောင်ကျော်အဖို့ ပုံစံတကျ စာတမ်းတစ်စောင်ပြုစုရသည်မှာ ခက်ခဲလက်ဝင်သည့် အရာမဟုတ်ပေ။ သို့သော် အချိန်ပြဿနာရှိနေသည်။ အခြားသော အကန့် အသတ်အချို့လည်း ရှိနေသည်။ အမှန်ဆိုရလျှင် သူဆန္ဒရှိသလို စာအုပ်စာတမ်းရှာဖွေမှု မခက်ခဲဘူးဆိုလျှင်၊ အချိန်ပေးပြီးသာ လုပ်နိုင်ခဲ့မည်ဆိုလျှင် (လက်လှုပ်မှ ပါးစပ်လှုပ်ရသည့် ဘဝအခြေအနေသာ မဟုတ်လျှင်) ယခုထက် ပိုမိုပြည့်စုံသော ကျမ်းတစ်စောင်တစ်ဖွဲ့ကို သူ့ထံမှ မျှော်လင့်နိုင်ဖွယ်ရာ ရှိပါသည်။ သို့သော် ဤမျှနှင့်သာ ကျေနပ်ကြပါစို့။

‘လွတ်လပ်ရေးခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း’ စာအုပ်သည် စာရေးသူ နောင်ကျော်၏ကိုယ်ပိုင် ဝတ်မှုန်မိုးစာပေက ထုတ်ဝေသည့် ပထမဆုံး စာအုပ်ဖြစ်ပါသည်။ ကိုယ်ကြိုက်သည့် စာအုပ်လေးများကို ထုတ်ဝေသူမရှာရဘဲ ထုတ်ချင်ရာ ထုတ်နိုင်ဖို့ ‘ဝတ်မှုန်မိုး’ ကို ထူထောင်ထားခြင်းသာဖြစ်ပြီး၊ စီးပွားရေးအကျိုးအမြတ်အတွက် ဦးတည်သည် မဟုတ်ပါ။ ဤစာအုပ်ဖြင့် ‘တော်ဘုရားကလေးစာပေဆု’ ချီးမြှင့်ခံခဲ့ရသည်။

 

ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဝှက်ဖဲ

[ပထမအကြိမ်၊ Globle Peace Group ဖေဖော်ဝါရီ၊ ၂၀၁ခုနှစ်]

နိုင်ငံရေးဆိုင်ရာ အတွေးအမြင်နှင့်သုံးသပ်ချက်ဆောင်းပါး အပုဒ်နှစ်ဆယ်ကို စုစည်းထားခြင်းဖြစ်ပြီး ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အတွင်း ပေါ်ပြူလာ၊ လူထုပုံရိပ် ဂျာနယ်နှစ်စောင်နှင် လှိုင်းသစ်မဂ္ဂဇင်းတွင် ရေးခဲ့သည့် ဆောင်းပါးများဖြစ်သည်။

‘ဒီစာအုပ်ထဲပါတဲ့ ဆောင်းပါးအများစုဟာ စာပေစိစစ်ရေး မှန်ဘီလူးအောက်မှာ ကုပ်ချောင်း ကုပ်ချောင်းနဲ့၊ အထိတ်တလန့်နဲ့ ချောင်းမဆိုးရဲ၊ နားရွက်မခတ်ရဲဘဲ ဖြတ်လျှောက်ခဲ့ရတဲ့ စာတွေပါ။ အဲဒီလို ကြောက်ကြောက်လန့်လန့်နဲ့ လျှောက်ခဲ့ရတာတောင်မှ ဟိုစားပွဲက ဓားမနဲ့ ခုတ်ဖြတ်လိုက်တာမျိုး၊ ဟိုစားပွဲက သားလှီးဓားနဲ့ လှီးထုတ်လိုက်တာမျိုးတွေ ခံခဲ့ရပါသေးတယ်’ ဟူ၍ စာရေးသူက ‘စကားဦး’ တွင် ဖော်ပြထားသည်။

တရားဝင်မှတ်တမ်းများအရ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနခွဲ (အများအခေါ် စာပေစိစစ်ရေး)ကို ၂၀ ဩဂုတ် ၂၀၁၂ ရက် နောက်ပိုင်းမှ ထုတ်ဝေစာများ ကြိုတင်စိစစ်သည့် စနစ်ကို ပယ်ဖျက်ပြီး၊ ဌာနကို ၂၄ ဇန်နဝါရီ ၂၀၁၃ တွင် အပြီးတိုင် ဖျက်သိမ်းလိုက်သည်။ ယခုစာအုပ်ပါ ဆောင်းပါး ခုနှစ်ပုဒ်မှာ ၂၀ ဩဂုတ် ၂၀၁၂ ရှေ့ပိုင်းတွင် ပုံနှိပ်ဖော်ပြခဲ့တာတွေဖြစ်၍ စာပေစိစစ်ရေး စားပွဲကို ဖြတ်ခဲ့ရသည်။ ကျန်သည့် ဆောင်းပါး ၁၃ ပုဒ်ကတော့ စာပေစိစစ်ရေးမူဝါဒတွေ လျော့ပေါ့စနှင့် ဌာနဖျက်သိမ်းပြီးမှ ရေးသည့်စာတွေဟု မှတ်ယူရပါသည်။ ထို့ကြောင့် နောက်ပိုင်း ဆောင်းပါးများတွင် အတော်အတန် ပွင့်လင်းရဲတင်းသည့် အရေးအသားများကို တွေ့လာရသည်။ လတ်တလော နိုင်ငံရေးပြဿနာများကိုပင် စေ့ငုထားသည်။

တစ်စိတ်တစ်ပိုင်း လင်းပွင့်စ နိုင်ငံရေးအခင်းအကျင်းတွင် အတိတ်နိုင်ငံရေးကို ပြန်လည်ဖော်ထုတ်သော အရေးအသားများကိုလည်း ဖတ်ရသည်။ အတိတ်ကို မှန်ကန်စွာ အကဲဖြတ်၍ သုံးသပ်ထားချက်တွေက ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် အကျိုးရလဒ်ကောင်းဖြစ်ထွန်းစေမည်ဟူသော ယုံကြည်ချက်ဖြင့် စာရေးသူသည် ‘၈၈ က ဘာတွေ ရခဲ့ပါသလဲ’ နှင့် ‘၁၉၉၀ တုန်းက ဘာကြောင့် အာဏာမလွှဲခဲ့တာလဲ’ ဆောင်းပါးများကို ရေးခဲ့လေရာ တော်တော်လေး စိတ်ဝင်စားဖွယ် ကောင်းပါသည်။

‘…(ရှစ်လေးလုံး) အရေးတော်ပုံကာလမှာ အစိုးရဟောင်းကလည်း ကြားဖြတ်အစိုးရ ဖွဲ့မပေးသည့် အပြင် ဒီမိုကရေစီ ဘက်တော်သား (တပ်မှူးဟောင်းတွေအပါအဝင်)တွေဘက်လည်း ကြားဖြတ်အစိုးရ မဖွဲ့နိုင်ခဲ့၊ မလှုပ်ရှားနိုင်ခဲ့သဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီဘက်တော်သားတွေ အနိုင်ရသော်လည်း အာဏာမလွှဲပေးခဲ့ပါ။ ရွေးကောက်ပွဲအနိုင်ရ ပါတီများနှင့် ရွေးချယ်ခံအမတ်များကို နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်ခဲ့သဖြင့် ထွက်ပြေးအမတ်၊ နှုတ်ထွက်အမတ်နှင့် လှုပ်ရှားမရသော ပါတီသေတွေ အဖြစ်သို့ ရောက်ခဲ့ရသည်။ အနိုင်ရပါတီနှင့် အမတ်များကို လုံးပါးပါးအောင် လုပ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို စစ်တပ်နောက်ခံပေးထားသော ပါတီက အစိုးရဖြစ်လာစေသည်အထိ စစ်အာဏာရှင်တွေဘက်က အစွမ်းကုန်ညစ်ပတ်ခဲ့ကြသည်။ အရေးတော်ပုံက လိုချင်သော အစိုးရမျိုးကို ယခုအထိ မရရှိသေးပါ’  ( ၈၈က ဘာတွေ ရခဲ့ပါသလဲ/ စာ ၁၂၉ )

‘ခေါင်းဆောင်ကို နတ်လိုကိုးကွယ်နေကြသလား’ ဆိုသော ဆောင်းပါးမှာ စာရေးသူ နောင်ကျော် ကိုယ်တိုင်က အမြဲအမှတ်ရနေသော စာမူတစ်ပုဒ်ဟု ဆိုရပါလိမ့်မည်။ သူသည် အကြောင်းတိုက်ဆိုင်သော အခါတိုင်း မိတ်ဆွေအချို့အား သူရေးခဲ့ဖူးသော ဒီဆောင်းပါးကို မကြာခဏ ကိုးကားသည်ကို ကြားခဲ့ဖူးသောကြောင့် ဖြစ်သည်။ နိုင်ငံရေးတွင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အလွန်အကျူးဖြစ်လာခြင်းသည် ကောင်းသလော၊ ဆိုးသလော။ လိုလားအပ်သလော၊ ဖယ်ရှားပစ်ရမည့် အကျင့်ဆိုးတစ်ခုလော ဆိုသည်ကို ဆွေးနွေးထားခြင်း ဖြစ်သည်။ ဆောင်းပါးတစ်ပုဒ်လုံးကို ဖတ်ပါမှသာ စာရေးသူ၏ အာဘော်ကို အမိဖမ်းဆုပ်နိုင်ပါလိ့မ်မည်။ သို့သော် အမြည်းမျှ ကောက်နုတ် ဖော်ပြပါရစေ။

‘… ‘ငါ့ခေါင်းဆောင်ကို ဘယ်သူမှ မဝေဖန်ရဘူး’ဟူသော စိတ်ဓာတ်တွေက ပါတီတစ်ခုအတွင်း ကြီးမားကျယ်ပြန့်လာလျှင် ထိုပါတီ၏ ခေါင်းဆောင်ကိုရော ပါတီ၏ ဒီမိုကရေစီယန္တရားကိုပါ  ထိခိုက်နစ်နာလာစေသည်’   ( စာ - ၁၀၁ )

‘… ‘ငါ့ခေါင်းဆောင်ကို မထိနဲ့၊ မီးပွင့်သွားမယ်’ ဆိုသော ပုဂ္ဂိုလ်ရေးကိုးကွယ်သူများ၏ ဆန့်ကျင်တိုက်ခိုက်မှုများက ဒီမိုကရေစီအလေ့အကျင့်ကို ဖျက်သိမ်းရိုက်ချိုးလိုက်သည့်သဘောသို့ ရောက်သွားတတ်သည်။ သူတို့ကိုယ်တိုင်က သူတို့ ကိုးကွယ်သော ခေါင်းဆောင်ကို ပြည်သူလူထုနှင့် ဝေးသွားအောင်၊ ကင်းကွာသွားအောင် လုပ်သလိုမျိုး ဖြစ်သွားတတ်သည်။ ခေါင်းဆောင်ကို အာဏာရှင်လို စိတ်ကြီးဝင်သွားအောင် မြှောက်ထိုးပင့်ကော်လုပ်ပေးရာ ရောက်သွားစေတတ်သည်။ ဒီမိုကရေစီနှင့် ဝေဖန်ရေးသည် ဒင်္ဂါးပြားလို ခေါင်းနှင့်ပန်းဖြစ်ပြီး သီးခြားစီ ခွဲထုတ်ပစ်၍ မရပါ။ ဝေဖန်ရေးတွင်လည်း တခြားကို ဝေဖန်ရေးနှင့် မိမိကိုယ်ကိုယ် ဝေဖန်ရေးဟူ၍ ရှိသေးရာ ထိုနှစ်ခုအနက်မှ တစ်ခုတည်းကိုပဲ ကိုင်စွဲ ကျင့်သုံးနေလျှင် အမှန်တရားနှင့် အလှမ်းကွာဝေးတတ်ပါသည်’  ( စာ ၁၀၀)

နိုင်ငံရေးပြုပြင်ပြောင်းလဲစ ကာလမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် နိုင်ငံနဲ့လူထုအပေါ် အရိပ်ဆိုးကြီးလို ထိုးနေသည့် အာဏာရှင်စနစ်က အချိန်မရွေး တစ်ကျော့တဖန် ပြန်လည်သွားမည့်အရေးကို  စာရေးသူဆီက သူ့ဆောင်းပါးတိုင်းလိုလိုမှာ သတိပေးဖို့ ကြိုးစားနေခဲ့ပါသည်။ သို့ဖြစ်ရာ ထိုကာလတုန်းက အနာဂတ်ကို အကောင်းမြင်နေကြသူတွေအဖို့မှာ ‘ စိုးရိမ်တတ်ရန်ကော’ ဆိုတာမျိုး မြင်ခဲ့ဖွယ်ရာ ရှိနိုင်ပါ၏။ စာရေးသူကတော့ ‘အရိုးတွန်သံတွေ ဆူညံနေတာကို မကြားချင်သူတွေ နားပိတ်ထားကြပါ။ အပြစ်မတင်ပါနဲ့၊ မရှုတ်ချကြပါနဲ့’ ဟု ဆိုခဲ့လေသည်။

သမိုင်းသံသရာ  ချာချာလည်လျက် ရှိပါသတည်း။

 

၇။ နှလုံးသားမှာ နှင်းများ လာရိုက်ခတ်

[ပထမအကြိမ်၊ တိုးမြစ်စာအုပ်တိုက်မေ၊ ၂၀၁၄ခုနှစ်]

ခိုင်မျိုးဇော်မှာ နောင်ကျော်၏ ကလောင်ခွဲတစ်ခုပါ။ ခပ်စောစာပိုင်း စာနယ်ဇင်းများတွင် ရသစာတမ်းဘက်သို့နွှယ်သော အရေးအသားများကို ခိုင်မျိုးဇော်ဖြင့် ရေးတတ်ခဲ့လေ့ရှိသည်ကို သတိပြုမိပါသည်။ ‘ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ’ ဆိုသည့် စာမူက မိုးဂျာနယ်တွင် ပထမဆုံး စတင်ဖော်ပြခံရစဉ်က ‘သမိုင်း’ ဆိုသည့်‌ ခေါင်းစဉ်အောက်မှာ ဖြစ်သည်။ သို့သော် ဖတ်ရသူတွေက ‘ဒါရသစာတမ်းပဲ’ဟု အသိအမှတ်ပြုခဲ့ကြသည်။

‘…မဂ္ဂဇင်းထွက်ပြီး နောက်ပိုင်း တစ်ရက်တွင် မဂ္ဂဇင်းရုံးခန်းသို့ ကဗျာဆရာမင်းထက်မောင် ရောက်လာသည်။ သူနှင့် ကျွန်တော်က ၁၉၈၈ မတိုင်ခင် ကာလများတွင် ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ ဦးချစ်နှင့် တောင်ငူကင်(န်)တင်းမှ အရှည်ကြီး လက်ဖက်ရည်ဆိုင်များတွင် ကြိမ်ပေါင်းများစွာ တစ်ဝိုင်းတည်း ထိုင်ခဲ့ကြပြီး ရင်းနှီးနေခဲ့သူဖြစ်သည်။ အဲဒီ ကာလတုန်းကဆိုလျှင် သူနှင့်အတူ ကိုရဲမြင့် (ဖေသက်နီ)လည်း ရှိနေတတ်သည်။

‘ကိုမင်းထက်မောင်က “ခိုင်မျိုးဇော်ဆိုတာ ဘယ်သူလဲဗျ” ဟု မေးသည်။ “ဘယ်သူထင်လို့လဲ” ဟု ကျွန်တော်က ပြန်မေးတော့ “ခင်ဗျားတို့ အုပ်စုထဲက တစ်ယောက်ယောက်ဖြစ်မှာပေါ့” ဟု ပြောသည်။ …“ခိုင်မျိုးဇော်ဆိုတာ ကျွန်တော်လို့ ဆိုရင်ရောဗျာ” ဟု ကျွန်တော်က ပြောလိုက်တော့ “နောင်ကျော်ရဲ့ ဟန်နဲ့ အတော်ကွာတယ်” ဟု သူက မှတ်ချက်ပေးသည်။ ကျွန်တော်ဖြစ်ကြောင်း သူ့ကို ဝန်ခံလိုက်သောအခါ သူက ပြုံးပြီး “အဲဒါလေးက အက်ဆေးဖြစ် နေတာဗျ” ဟု မှတ်ချက်ထပ်ပေးသည်။ သူပြောတော့မှပဲ ကိုယ်ရေးခဲ့သော စာကို ပြန်ဖတ်ကြည့်ရသည်။ ရေးတုန်းကတော့ စိတ်ထဲမှာရှိနေသော အတွေ့အကြုံ၊ အတွေးနှင့် သီးချင်းနားထောင်ရင်းဖြစ်လာသော ခံစားမှုကို ပေါင်းပြီးရေးခဲ့ခြင်း ဖြစ်သည်။ ‘ရသစာတမ်း’ ဟု စဉ်းစားပြီး ရေးခဲ့တာ မဟုတ်။”   (ခပ်ပါးပါး နိဒါန်း / စာ-၈ )

‘နှလုံးသားမှာနှင်းများလာရိုက်ခတ်’ သည် စာရေးသူကိုယ်တိုင် သူရေးခဲ့သော စာများထဲမှ ‘ရသစာတမ်း’ ဟု သတ်မှတ် ယူဆသည့် စာမူပေါင်း နှစ်ဆယ့်ကိုးပုဒ်ကို စုစည်းထားခြင်းဖြစ်သည်။ ဤစာအုပ်ထဲတွင် ၂၀၁၀ ခုနှစ်အတွက် ရွှေအမြုတေ (ရသစာတမ်း) စာပေဆု ရွေးချယ်ချီးမြှင့်ခြင်းခံရသည့် ‘ကျွန်တော်နှင့် အလှူခံများ’ စာမူလည်း ပါဝင်သည်။ သူငယ်ငယ်က အလှူအတန်း အပေးအကမ်းပြုလုပ်ရတာကို ဝါသနာမပါသည့်အကြောင်းအနှင့် အရွယ်အရ၊ အတွေ့အကြုံအရ ဘဝ အတွေးအမြင် အပြောင်းအလဲ ဖြစ်တတ်သည်။ ထိုပြောင်းလဲမှုက မှန်ကန်ပါသလား၊ သို့မဟုတ် ဖောက်လွဲဖောက်ပြန်ဖြစ်မှုလား။ မေးခွန်းတွေအောက်တွင် စာရေးသူကိုယ်တိုင် ပိပြားဝေဝါးနေခဲ့ဖူးသလို၊ ယခု စာဖတ်သူများအတွက်လည်း မေးခွန်တွေ တစ်သီတစ်သန်း ချန်ရစ်ခဲ့သည်။

‘.အခုတော့လည်း ကျွန်တော့်သဘာဝက ငယ်ငယ်တုန်းကလို အလှူအတန်းလုပ်ရတာ စိတ်မပါသော ခံစားမှုမျိုးတွေက ပြင်းပြင်းထန်ထန်မရှိတော့တာ သေချာနေပါပြီ။ …လှူဒါန်းပေးကမ်းလိုက်ခြင်းကြောင့် လူတချိုု့၏ စိတ်ဓာတ်ပျက်ဆီးမှုကို အားပေးကူညီရာ ရောက်သည်ဟူသော အမြင်မျိုးကိုလည်း ကာလဒေသ အခြေအနေပေါ် မူတည်ပြီး ပျော့ပျောင်းစွာ သဘောထား ကျင့်သုံးရကောင်းမှန်းလည်း သိလာခဲ့ပါပြီ။

‘နှမ်းတစ်လုံးနှင့် ဆီမဖြစ်တာကို နားလည်ထားသော်လည်း ဆီဖြစ်လာနိုင်သော နှမ်းစေ့ကလေးတွေက ဟိုနား ဒီနားမှာ ပြန့်ကျဲစွာ ရှိနေတာကိုလည်း ကြည့်တတ် မြင်တတ်ခဲ့သည်။ ‘ပေးကမ်းခြင်းသည် အောင်မြင်ရာ’ ဟူသော စကားမျိုးကို နားလည်ခဲ့သလို လှူဒါန်းခြင်းသည်လည်း အခက်အခဲကို အဆင်ပြေစေတတ်သည့် သဘောကို သိတတ်နားလည်တတ်ခဲ့သည်။ လှူဒါန်းပေးကမ်းခြင်းသည် နှစ်ဘက်စလုံးအတွက် ကောင်းမှုဖြစ်စေတတ်တာကိုလည်း မြင်တတ်၊ လက်ခံရကောင်းမှန်း သိတတ်ခဲ့သည်။ ကျွန်တော့်အမြင် အယူအဆတွေ ပြောင်းလဲ ပျက်စီးသွားခဲ့ပြီလားဟုလည်း ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်ရလွန်းသဖြင့် မေးခွန်းတွေအောက်မှာ ပိနေခဲ့ရဖူးပါသည်’ (စာ ၁၀၂- ၃)

စာရေးသူကတော့ ဘဝဆိုတာ မေးခွန်းတွေကို နည်းမျိုးစုံဖြင့် ဖြေကြားရသော၊ ဖြေရှင်းနေရသော ဖြစ်တည်မှုကာလ အပိုင်းအခြားတခုဟု ဆိုခဲ့လေပြီ။ လူတိုင်း ကိုယ်မေးခွန်းကို ကိုယ်တိုင်ရော ကျေလည်အောင် ပြန်ဖြေရှင်းနိုင်ကြပါရဲ့လား။

‘ကျွန်တော်နှင့် အလှူခံများ’ ရသစာတမ်းနှင့် ပတ်သက်၍ ရွှေအမြုတေ စာပေဆု‌ရွေးချယ်ရေးအဖွဲ့ကမူ အခုလို မှတ်ချက်ပေးသည်။

‘ကျွန်တော်တို့ လူမှုလောကတွင် အလှူမျိုးစုံရှိသည့်နည်းတူ ပေးကမ်းလှူဒါန်းသူတွေလည်း မျိုးစုံရှိသဖြင့် အချို့နေရာ၌ အလှူနှင့်နောက်ဆက်တွဲပြဿနာ အတူယှဉ်တွဲလျှက်ရှိပုံကို တွေးဆလျက် ရသစာတမ်းဆရာက သူကိုယ်တိုင် အလှူခံသူလော၊ လှူဒါန်းပေးကမ်းသူလော၊ သို့တည်းမဟုတ် နှစ်မျိုးစလုံးပေလောဟု မိမိကိုယ်မိမိ ပြန်လည်မေးခွန်းထုတ်ရင်း စာဖတ်သူကိုပါ တိုးတိုးဖွဖွလေး ရိသဲ့သဲ့ လှမ်းမေးသွားပုံမှာ ရသစာတမ်း၏ သဘောသဘာဝနှင့် လျော်ညီစွာ ရင်ဖွင့်စာ သို့မဟုတ် ရင်ဖွင့်သံကို ကြားရခြင်း၊ ခေတ်ပြိုင်လူမှုဘဝခံစားမှုကို ထင်ဟပ်ဖော်ကျူး၍ မက်ဆေ့ချ် ပေးနိုင်ခြင်း၊ စကားပြေအလှဖြင့် ရသမြောက်စွာ ပုံဖော်ထုဆစ်နိုင်ခြင်း၊ လောကကြီး၏ အဆီအငေါ်မတည့်မှုကို စာဖတ်သူအား လှစ်ခနဲ  ထိထိရှရှ တွေးဆဆင်ခြင်ဖွယ်ရာ ခံစားစေပြီး ပတ်ဝန်းကျင်လောကကို ဂရုပြုမိအောင် စွမ်းဆောင်နိုင်ခြင်း စသော ဂုဏ်ရည်တို့ဖြင့် ပြည့်စုံထုံမွမ်းသည်ကို တွေ့ရသည်’   

နောင်ကျော်၏ အခြားထင်ရှားသည့် စာတမ်းတစ်ပုဒ်မှာ ‘ကိုရွှေဘ ယဉ်ကျေးမှုရနံ့ သင်းပျံတဲ့မြေ’ ဖြစ်သည်။ ရုပ်ရှင်မင်သား ရွှေဘကို သူ့ပရိသတ်တွေက ချစ်ခင်ကြ စွဲလမ်းကြ မြတ်နိုးတတ်ကြတာတွေကို အတွေးပါပါ စိုပြေစွာ  ဖွဲ့နွဲ့ တင်ပြထား သည်။  ရုပ်ရှင်တကားမှာဆိုရင်  မင်းသား ရွှေဘ ခမျာ ရှေ့ပိုင်းမှာ လူကြမ်းတွေ ဝိုင်းသမကြလို့ ရွှေဘ အလူးအလဲ ခံနေရတာကို ရုပ်ရှင်ကြည့်ပရိသတ်က သိပ်ပြီး မကျေနပ်ကြလို့ ရုံထဲမှာ ဆူကြပွက်ကြပါရောတဲ့။ ထို့ကြောင့် ရုပ်ရှင်ပြသည့်သူက အသံချဲ့စက်ကနေ တစ်ဆင့် ပရိသတ်ကို မေတ္တာရပ်ခံသည်။

‘ပရိသတ်ကြီးခင်ဗျား၊ ပရိသတ်ကြီးခင်ဗျား။ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုရွှေဘဟာ အစပိုင်းမှာမို့လို့ ခံနေရတာပါ။ ပရိသတ်ကြီးအနေနဲ့ သည်းခံပြီး ဆက်ကြည့်ပေးကြပါ။ သိပ်မကြာခင်မှာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ကိုရွေဘဟာ သူ့ကို အနိုင်ကျင့်နေသူတွေကို လက်စားချေပါလိမ့်မယ်။ ကိုရွှေဘ နောက်ပိုင်းမှာ ကြမ်းပြပါလိမ့်မယ်’ ဟူ၍ တောင်းပန်တော့မှသာ ပရိသတ်လည်း လက်ခုပ်တွေတီး၊ လက်ခေါက်တွေမှုတ်နဲ့ ပြန်လည် ငြိမ်သက်သွားသတဲ့။

လူတစ်ယောက် ဘဝ၊ လူ့အဖွဲ့အစည်းတစ်ခုမှာလည်း ပထမပိုင်းမှာ အလဲအကွဲ မရှုမလှ ခံရတဲ့ အခိုက်အတန့်တွေ ရှိနိုင်ပါသည်။ သို့သော် ရုပ်ရှင်ကား နောက်ပိုင်းမှာ ခံနေရသူ မင်းသားရွှေဘက ပြန်ကြမ်းပြနိုင်ခဲ့သလို ဖြစ်နိုင်ပါ့မလား။ အစပိုင်း မရှုမလှ ခံရနေရသည့်တိုင် နောက်ပိုင်းမှာ အောင်ပွဲဖြင့် အဆုံးသတ်သည်ကိုသာ မြင်လိုတွေ့လိုလှပါသည်။ အဓမ္မတရားက ပစ္စုပ္ပန်မှာ လွမ်းမိုးကြီးစိုးနိုင်နေသော်ငြား တစ်နေ့တစ်ချိန်တွင် ကောင်းမြတ်မှန်ကန်သည့် ဓမ္မတရားကသာ ပြန်လည် ထွန်းပလင်းလက်ဦးမှာ ဆိုသည့် မျှော်လင့်ချက်ကတော့ ကျွန်တော့်တို့ ရင်ထဲမှာ ငြိမ်းသေမသွားသေးဟု ထင်ပါ၏။ နောင်ကျော်၏ ‘ကိုရွှေဘ ယဉ်ကျေးမှုရနံ့ သင်းပျံ့တဲ့မြေ’ ရသစာတမ်းကိုလည်း ကြုံကြိုက်လျှင် ဖတ်ဖြစ်အောင် ဖတ်လိုက်ကြစေ ချင်ပါသည်။

 

၈။ ဘဝသစ်တခု၏ နိဒါန်းနှင့် နောက်ဆက်တွဲ နှစ်ကာလများ

[ပထမအကြိမ်၊ နရသိန်စာပေဒီဇင်ဘာ၊ ၂၀၁၄ခုနှစ်]

စာရေးသူကို စစ်ထောက်ရေးတွေက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန (တောင်ငူဆောင်)မှာ လာရောက်ဖမ်းဆီးပြီး ရေကြည်အိုင်စစ်ကြောရေးတွင် တစ်လကျော်ကြာ စစ်မေးခံရသည့် အတွေ့အကြုံတွေကို ရေးထားတာ ဖြစ်သည်။ နရသိန်မဂ္ဂဇင်းမှာ စာပေစိစစ်ရေး ဖျက်သိမ်းပြီးကာလ နောက်ပိုင်း လစဉ်ရေးခဲ့သည့် စာမူများကို စုစည်းခြင်းဖြစ်သည်။ အကြောင်းအရာများ ဟိုတစ်ကွက် ဒီတစ်ကွက် အတွေးပေါ်ရာ ရေးချတာမျိုး မဟုတ်တော့ဘဲ စစ်ကြောရေးကာလနှင့် အစောပိုင်း အကျဉ်းထောင် အတွေ့အကြုံများကို အစီအစဉ်တကျ အသေးစိတ် ထုတ်ဖော်ရေးထားသည်ကို တွေ့ရသည်။

စာဖတ်သူတွေအနေနှင့် ‘နေရစ်တော့မန္တလေးထောင်’ ကို မဖတ်မီ ‘ဘဝသစ်တခု၏ နိဒါန်း’ စာအုပ်ကို အဦးဆုံးဖတ်ပါမှ ပို၍ ဇာတ်ရည်လည်နိုင်မှာ ဖြစ်သည်။ ‘ဘဝသစ်တခု၏ နိဒါန်း’က စာရေးသူ အဖမ်းခံရသည်မှစ၍၊ စစ်ကြောရေး ဖြတ်သန်းမှု၊ အင်းစိန်ထောင် စစ်ခုံရုံးက ထောင်ဒဏ် အနှစ်နှစ်ဆယ် ချမှတ်ပြီး မန္တလေးထောင်သို့ ပို့ဆောင်ခံရပုံ။ ထောင်တွင်းကာလ ထောင်သားမကျသေးသော အစောပိုင်းအတွေ့အကြုံများကို ဖော်ပြထားသည်။ ဒါတွေ ဖတ်ပြီးမှ ‘နေရစ်တော့မန္တလေးထောင်’ စာအုပ်ပါ အတွေ့အကြုံဆောင်းပါးများကို  ဆက်လက် ဖတ်သွားပါက  နောက်ဆုံး စိတ်ပိုင်း ဆိုင်ရာ ဝေဒနာကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပုံအထိ သိနိုင်မည် ဖြစ်သည်။ သို့သော် ‘နေရစ်တော့မန္တလေးထောင်’ စာအုပ်ထဲမှာ ပါသည့်စာမူများကို စာရေးသူကိုယ်တိုင်က သိပ်ပြီး အားမရခဲ့သည်ကိုလည်း ထည့်တွက်ဖို့ လိုပါသည်။ စာပေစိစစ်ရေးကို ငဲ့ပြီး လွတ်ကင်းအောင် ရေးရသဖြင့် အချို့အချက်တွေကို ဖော့တန်ဖော့ လျှော့တန်လျှောပြီး ရေးခဲ့ရသည်ကိုး။

‘ပြောချင်တာ နည်းနည်းပါးပါး’ ခေါင်းစဉ်ဖြင့် ရေးသော အမှာစာကို ဖတ်ကြည့်လျှင် စာရေးသူ၏ နိုင်ငံရေးခံယူချက်ကို ရိုးခနဲ ရိပ်ခနဲ တွေ့နိုင်မည်ဟု ထင်ပါသည်။ ဖတ်ကြည့်ပါဦး။

‘…ဒီစာအုပ်ဟာ စစ်အာဏာရှင်စနစ်အောက်မှာ နိုင်ငံရေးလှုပ်ရှားခဲ့သူတွေရဲ့ အတွေ့အကြုံ  တစ်စိတ်တစ်ဒေသကို ကိုယ်စားပြု ထင်ဟပ်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ စစ်ကြောရေးကာလ နှိပ်စက်ခံရမှု၊ ထောင်တွင်းဘဝရဲ့ ကျဉ်းကျပ်မှုတွေကို ရေးတဲ့အခါမှာ ကျွန်တော့်တစ်ယောက်တည်းရဲ့ တွေ့ကြုံခံစားမှု ဖြစ်ပေမယ့် ကျွန်တော်တို့ခေတ်ပြိုင် ဘဝတူတွေရဲ့ တွေ့ကြုံခံစားခဲ့ရတာတွေနဲ့လည်း နီးစပ်တာ၊ ထပ်တူဖြစ်တာမျိုး တွေ့ကြရပါလိမ့်မယ်။ လူချင်း၊ အခြေအနေချင်း၊ ဒေသချင်း ကွာခြားမှုတွေကြောင့် အတွေ့အကြုံတွေကတော့ တစ်ထပ်တည်း ဖြစ်မှာမဟုတ်ပါ။ အမှုတွဲ တစ်ခုတည်းချင်း တောင်မှ ထောက်လှမ်းရေးမှာ၊ ထောင်ထဲမှာ ကြုံရတာချင်း မတူညီခဲ့ကြတာကို ဖြတ်သန်းခဲ့ဖူးသူတိုင်း သိထား၊ နားလည်ထားပြီးသား ဖြစ်မယ် ထင်ပါတယ်။

‘ထောက်လှမ်းရေးရဲ့ စစ်ကြောရေးကာလမှာ ကျွန်တော်ဟာ သစ္စာဖောက်သူ၊ ဖော်ကောင်လုပ်သူ မဖြစ်ခဲ့သလို သူရဲ ကောင်းလည်းမဖြစ်ခဲ့ပါ။ ထောင်တွင်းနေထိုင်မှုဘဝမှာလည်း ကိုယ့်တစ်ကိုယ်စာ အနေချောင်၊ အစားချောင်ဖို့အတွက် ဘာမှ မလုပ်ခဲ့ဖူးပါ။ ထောင်ပြင်ရောက်တော့လည်း စစ်အစိုးရနဲ့ ပေါင်းပြီး စီးပွားရေးလုပ်တာမျိုး၊ စစ်အစိုးရဆီက ခွင့်ပြုချက်ကို လက်ဖြန့်တောင်းခံပြီး စီးပွားရေးလုပ်စားတာမျိုး မလုပ်ခဲ့ပါ။ ကိုယ်တတ်ထားတဲ့ ပညာလေးနဲ့ပဲ ထမင်းရှာစားခဲ့ပါတယ်။ အခုအချိန်အထိပါပဲ။

‘ကျွန်တော့်ကို ဖမ်းတာ ၁၉၈၉ ဇူလိုင်လ ၁၂ ရက်ဖြစ်ပြီး ထောင်က ပြန်လွှတ်ပေးတော့ ၂၀၀၃၊ ဧပြီ ၂၉ ဖြစ်ပါတယ်။ (၁၄)နှစ် နီးပါးလို့ ဆိုပါစို့။ ဒါကိုလည်း ‘နေရစ်တော့မန္တလေးထောင်’ စာအုပ်မှာ ရေးခဲ့ပြီးပါပြီ။ စစ်အစိုးရခေတ်မှာ လက်ဖြန့်ခံ တောင်းစားပြီး စီးပွားဖြစ်နေသူတွေထဲက ကိုယ့်ကိုယ်ကိုယ်မှ တော်လှန်ရေးသမားလို့ထင်ပြီး တခြားသူတွေကို ဖောက်ပြန်ရေးသမား၊ အညံ့ခံသမားလို့ စော်ကားပုတ်ခတ်နေတတ်ကြသူတချို့အတွက် ကျွန်တော် ထပ်ပြောချင်တာကတော့ ‘ကျွန်တော်ဟာ လက်နက်ချ’ တစ်ယောက် ဖြစ်တယ် ဆိုတာပါပဲ။ ‘နေရစ်တော့ မန္တလေးထောင်’ ရဲ့ နိဂုံးပိုင်းမှာ ရေးခဲ့ပြီးပါပြီ’  (စာ ၅-၇)

စစ်ကြောရေးနှင့် ထောင်တွင်းအတွေ့ကြုံများကို ဖတ်ရသည်တွင် စိတ်ညစ်ညူးစရာ၊ နာကျည်းခါးသက်စရာ၊ ယူကျုံးမရ ဝမ်းနည်းစရာ၊ အံကြိတ်တောက်ခေါက် ခံပြင်းစရာ ခံစားမှုတွေ တစ်သီတစ်သန်းဖြစ်စေတာ မှန်သည်။ သို့သော် ကျွန်တော်တို့ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေက ‘ထုလေ မာလေ’ ဆိုသည့် သံမဏိလူစားတွေ ဖြစ်တာကိုလည်း မမေ့လေနှင့်။ တစ်ခါတစ်လေ စာဖတ်ရင်း ဝေ့ဝဲတက်လာသည့် မျက်ရည်တစိုစိုကြားမှာ ‘တဟီးဟီး’ ရယ်ပစ်လိုက်ချင်စရာ ရေးကွက်ကလေးများကိုလည်း ဖတ်ရတတ်ပါသေး၏။

အကွက်ကလေး တစ်ကွက်ကို ထုတ်နှုတ်ပြချင်ပါသည်။ စစ်ကြောရေးတွင် နာလန်မထူအောင် အထုအထောင်း အရိုက်အပုတ်အမျိုးမျိုး ခံရပြီး နေ့မအိပ်ရ ညလည်းမအိပ်ရနှင့်မို့ လူက ကြောင်စီစီ ဖြစ်နေပြီ။ စစ်ကြောရေးကိစ္စပြီးတော့ စာရေးသူအပါအဝင် အမှုတွဲတွေကို ရေကြည်အိုင်ကနေ အင်းစိန်ထောင်သို့ ပို့သည်။ ထောင်ရှေ့ရောက်တော့ ကားရပ်ပြီး မျက်နှာမှာ စည်းနှောင်ထားသော အဝတ်ကို ဖြုတ်ဖို့ အမိန့်ပေးသံကြား၍ သူတို့လည်း ဖြုတ်လိုက်ကြသည်။ စာရေးသူ ရေးပြထားသည့်အတိုင်း ဖတ်ကြည့်ပါလေ။  

‘… မျက်စိရှေ့မှာ သံဇကာကွက်ဖြင့် ပိတ်ထားသော သံတံခါးကြီး။ ဘေးဘက်လှည့်ကြည့်တော့ ကိုညိုထွန်းကို တွေ့ရသည်။ အင်းစိန်ထောင်ဘူးဝ၏ တံခါးနှစ်ချပ်ကြားမှာ။ သူ့အသံတိုးတိုးကို ကြားရသည်။

“လူတွေအများကြီးပါလား။ ပျော်စရာကြီးဗျ”

“မင်းအမေကလွား ပျော်စရာလားကွ”

သူက တဟားဟား ရယ်သည်။ အသံမကျယ်လှသော်လည်း ကျွန်တော်ကပါ ရောပြီး ပြုံးလိုက်မိတော့သည်။ ထောင်ထဲမှာ ဘာတွေ ကြုံရဦးမလဲ။”   ( စာ - ၁၅၃ )

ရသဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသည့်နှယ်။ သို့သော် စိတ်ကူးယဉ်ဖန်တီးထားချက်တွေ မဟုတ်ပါ။ ဘဝတစ်ခု နင်းချေခံရသည့် လူမဆန်မှုဖြစ်ရပ်မှန်တွေ ဖြစ်ပါသည်။ အတိတ်ကို တနုံ့နုံ့တွေးပြီး နာကျည်းနေဖို့ မဟုတ်သည့်တိုင် ခါးသီးသည့် သမိုင်းအတွေ့အကြုံတွေကို သင်ခန်းစာ ယူနိုင်ကြပါစေ။ စနစ်ဆိုးကြီးကို မြင်ပြီး စနစ်ဆိုးကြီးကို ရိုက်ချိုးဖျက်ဆီးနိုင်ရန် ကြိုးစားသင့်လှပါသည်။ စနစ်ဆိုးကို ရိုက်ချိုးလိုလျှင် စနစ်က ဘယ်လောက်ဆိုးသလဲ၊ ဆိုးခဲ့သလဲ ဆိုသည့် သမိုင်းကို လေ့လာကြဖို့သင့်ပါသည်။ ထောင်အတွေ့အကြုံ စာအုပ်များက ကျွန်တော်တို့၏ သမိုင်းဝမ်းစာကို ကောင်းကောင်းကြီး ဖြည့်ပေးနိုင်လိမ့်မည်။ သို့ဆိုလျှင် အရှုံးထဲက အမြတ်ထုတ်နိုင်ဖွယ်ရှိသည်ဟု ထင်မိပါသည်။

 

၉။ တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့

[ပထမအကြိမ်၊ နှစ်ကာလများစာအုပ်တိုက်အောက်တိုဘာ၊ ၂၀၁၄ခုနှစ်]

ကံ့ကော်တောမှာ ဆယ်နှစ်ဆယ်မိုး ကွန်းခိုခဲ့သူ စာရေးဆရာ နောင်ကျော် အဖို့ကတော့ ရန်ကုန်တက္ကသိုလ်နယ်မြေဆိုတာ သူ့အပိုင်းစား နယ်မြေတစ်ခုနှယ် အကျွမ်းဝင်လွန်းလှသည်။ ပစ္စုပ္ပန်လှုပ်ရှားမှုအလုံးစုံ တန့်ရပ်ခံထားရသည့် သံတိုင်ကြားက ဆယ့်လေးနှစ် နီးပါးခန့် ကာလအတောအတွင်းမှာလည်း သူ့အတွေးတွေက တက္ကသိုလ်နယ်မြေတစ်ဝိုက်မှာပဲ လွန်းထိုး ရစ်ဝဲနေခဲ့တာ များသည်။ တက္ကသိုလ်နယ်မြေထဲမှာ ရှိနေခိုက်တွင် သူ့ကို အကျဉ်းထောင်နံရံလေးဘက်အတွင်းသို့ ဆွဲခေါ် လာခဲ့သည် မဟုတ်လား။ ဒီတော့ သူ့အတွေး သူအာရုံထဲမှာ တက္ကသိုလ်၏ အရိပ်အရောင် ရနံ့တွေက သူနှင့်အတူ ကပ်ငြိနှောင်တွယ် ပါလာလေသည်။

အိပ်မပျော်သည့် ညများထဲမှာ သံတိုင်ကို မှီရင်း တက္ကသိုလ်ကို လွမ်းနေခဲ့သည်။ တစ်ခါတလေ သူနေထိုင်ရာ မန္တလေးထောင်ဝန်းကျင်တွင် ဆောင်းရိပ်ဆောင်းငွေ့ကလေးတွေ သိမ်းလာပြီဆို တက္ကသိုလ်နယ်မြေမှာ ကံ့ကော်ရနံ့တွေ ထုံယစ်နေမှာကို အာရုံမှာ မြင်လာတတ်ခဲ့သည်။ သေလောက်အောင် ပူပြင်းသည့် မန္တလေးနွေနေအပူကို အခန်းကျဉ်းထဲကနေ အံတုရင်း ‘ဝင်္ကဘာလှည့်နေသော အသံ’ဟု ကဗျာဆရာတွေ တင်စားခေါ်ဝေါ်သည် တက္ကသိုလ်ထဲက ဥဩငှက်၏ အသံကို  ကြားယောင်လာတတ်ခဲ့သည်။

ပြင်ပကမ္ဘာမှာ သက်ဝင်လှုပ်ရှားနေသူတွေအတွက် အချို့သော အမှတ်ရစရာတွေက နေ့စဉ်လူမှုကိစ္စတွေကြားမှာ တဖြည်းဖြည်း မှုန်းဝါးသွားလေ့ ရှိတတ်သည်။ အနာဂတ်ကို မျှော်လင့်တကြီး တွေးတောရင်း အတိတ်သည် ဝေး၍ ကျန်ရစ်တတ်ခဲ့သော အရာ။ အကြောင်းတိုက်ဆိုင်မှသာ ‘ဟုတ်သားပဲ၊ မှတ်မိပြီ၊ သတိရပြီ’ ဆိုတာမျိုး ဖြစ်တတ်သည်။ ပစ္စုပ္ပန်ကို အကျဉ်းချအနှောင်အတည်း ခံထားရသည့် လူတစ်ယောက်အတွက်က အတိတ်သည်သာ သူ့ အာရုံ ကျက်စား လှည့်လည်ရာ ရပ်ဝန်းဖြစ်သည်။ အတိတ်လှုပ်ရှားမှုများသာ သူ့မှတ်ဉာဏ်တွင်းမှာ ကြွယ်ပိုးကြွယ်ဝ ရှိနေသည်။ ပစ္စုပ္ပန်မှာ ဘာမှ မရှိ။ အနာဂတ်ကလည်း မရေရာလှ။

ထို့ကြောင့် အတိတ်က အဖြစ်အပျက်တွေနှင့်ပတ်သက်လာလျှင် သူက မှတ်ဉာဏ်ကောင်းသူ ဖြစ်နေတတ်သည်။ ခံစားမှုလည်း ထက်သန်လွန်းနေနိုင်သည်။ နှစ်ရှည်လများ အတိတ်ကိုသာ အဖော်ပြုလာခဲ့သူဖြစ်၍ အတိတ်သည် သူနှင့် နီးနီး ကလေးမှာသာ အမြဲရှိနေသည်။ ဝေးမသွားခဲ့။ အတိတ်ကို ခံစားမှုအားကောင်းသူ စာရေးဆရာတစ်ယောက်အနေနှင့် အတိတ်ကို ပြန်လည်ဖွဲ့နွဲ့သည့်အခါ  အခြားသူများထက် ပို၍အာရုံထက်မြက် သွက်လက်နေသည်ကို တွေ့ရသည်။

‘တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့’ စာအုပ်သည် တက္ကသိုလ်ကို မှတ်ဉာဏ်ထဲတွင်  နှစ်ရှည်လများ ထွေးပွေ့လာခဲ့သူ နောင်ကျော်၏ ရိုးသားလှပသော အနုပညာထုတ်ကုန်တစ်ရပ်ဟု ကျွန်တော်တို့ ဆိုလိုက်ချင်ပါသည်။ ဆယ့်လေးငါးနှစ်အတွင်း တစ်ကိုယ်တည်း အထီးကျန် ထောင်တွင်းကာလအတွင်း တစ်ပွေ့တစ်ပိုက်ကြီး လွမ်းဆွတ်ထားသော တက္ကသိုလ် ဖြတ်သန်းမှုအတွေ့အကြုံများ၊ အမှတ်ရမှုများ၊ ခံစားချက်များသည် အက္ခရာစာလုံးများအဖြစ် စာမျက်နှာပေါ်သို့ အားကောင်းမောင်းသန် စီးဆင်းလာတော့သည်။ စာရေးဆရာတစ်ဦးသည် သူအပိုင်နိုင်ဆုံး အကျွမ်းကျင်ဆုံးနှင့် အရေးချင်ဆုံးသော အကြောင်းအရာကို ရေးချင်သလောက် ရေးခွင့်ရဖို့ဆိုသည်မှာ တော်တော်မလွယ်ပါ။ အလွန်ကံကောင်းသူမှသာ ရတတ်ပါသည်။ ဥပမာဆိုရလျှင် သိန်းဖေမြင့်သည် ‘အရှေ့ကနေဝန်းထွက်သည့်ပမာ’ ဝတ္ထုကြီးကို ရေးချင်စိတ်ရှိသလောက် စိတ်တိုင်းကျ လက်ကုန်ရေးနိုင်ခွင့်ရခဲ့သူ ကံကောင်းသူ စာရေးဆရာတစ်ဦး ဖြစ်ပါသည်။ ထိုနည်းတူ စာရေးသူ တစ်ဦးအနေနှင့်  နောင်ကျော်သည်လည်း ကံကောင်းသူဟု ဆိုရလိမ့်မည်။ သူရေးချင်သည့် တက္ကသိုလ်ခံစားမှုတွေကို စိတ်ရှိသလောက် ရေးနိုင်သည့် အခြေအနေနှင့် အခွင့်အရေးကို ရခဲ့သည်။

နွယ်နီမဂ္ဂဇင်းတွင် ခိုင်မျိုးဇော် နာမည်ဖြင့် ရေးခဲ့သော တက္ကသိုလ်အကြောင်းအမှတ်ရချက်စာမူ တစ်ဆယ့်ရှစ်ပုဒ်ကို စုစည်းရာမှ ‘တက္ကသိုလ်ကို မြတ်နိုးစွာလွမ်းပြန်တော့’ စာအုပ်တစ်အုပ် ထုပ်ထုပ်ပိုက်ပိုက် ဖြစ်လာသည်။ စာရေးသူ၏ ဒေသ ကောလိပ်ကျောင်းသားဘဝ၊ သတင်းစာသင်တန်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ။ ဘွဲ့လွန်တန်းပြီးတော့ မဟာဝိဇ္ဇာကျမ်းပြုဘဝ၊ တက္ကသိုလ်ဆရာ (နည်းပြ) ဘဝတွေမှာ တက္ကသိုလ်နယ်မြေ ကျင်လည်ခဲ့ရ၊ လူငယ် နုပျိုသစ်လွင်ဘဝ ရင်ခုန်ဆွတ်ပျံ လွတ်လပ် စိမ်းဆိုခဲ့ကြဖူးတဲ့ အတိတ်ဘဝ ခြေရာတွေကို တစစီ ပြန်ကောက် ဖွဲ့သီထားသည့် အမှတ်ရချက်တွေ ဖြစ်ပါသည်။ ဒါတောင်မှ စာရေးဆရာက ပြောသေး၏။ ‘ရေးချင်တာတွေ အကုန်လုံးကိုတော့ မရေးဖြစ် သေးပါဘူး’ တဲ့။

တက္ကသိုလ်နေ့ရက်တွေအကြောင်းကို နောက်ခံကားထားပြီး ဖွဲ့နွဲ့ရေးသားခဲ့ကြသည့် စာ၊ ကဗျာ၊ ဝတ္ထု၊ သီချင်း၊ ရုပ်ရှင် အစရှိသဖြင့် အနုပညာပစ္စည်းတွေ အများကြီးရှိခဲ့ပြီးပါပြီ။ တက္ကသိုလ်အကြောင်း ဖွဲ့နွဲ့မှု ရေးသားမှုတိုင်းကလည်း စာဖတ်သူကို သူ့နည်းနှင့်သူ ဆွဲဆောင်နိုင်စွမ်း အားကောင်းကြတာချည်းပါပဲ။ အချို့အနုပညာဖန်တီးမှုတွေက တက္ကသိုလ် မရောက်ဖူးသူတွေ၏ စိတ်နှလုံးကိုတောင်မှ သိမ်းကျုံးညှို့ငင်ထားနိုင်ကြပါသည်။ ရေးမကုန် ဖွဲ့မကုန်သည့် တက္ကသိုလ်အကြောင်း အရေးအသားတင်ပြမှုတွေထဲမှာ နောင်ကျော်၏ ‘တက္ကသိုလ်ကို မြတ်နိုးစွာလွမ်းပြန်တော့’ အမှတ်ရချက် များကလည်း နံပါတ်စဉ်တခု ထိုးပြီး နေရာအခိုင်အမာယူထားပါပြီ။ 

အတိတ်က တက္ကသိုလ်အကြောင်းတွေ လွမ်းဆွတ်စွာ ဖတ်နေရင်း တက္ကသိုလ်မြေ နေဝင်သွားတာကိုလည်း ကျွန်တော်တို့ မြင်နေရပါသည်။ ရေညှိကို အကြေးခွံလုပ်၍ အိန္ဒြေကြီးတစ်ခွဲသားဖြင့် အထည်ကြီးပျက်နိုင်လွန်းသော ဘွဲ့နှင်းသဘင် ခန်းမသည် မောင်မယ်သစ်လွင်တွေ ကင်းမဲ့နေသည့် အဓိပတိလမ်းကြီးကို သွေ့ခြောက်စွာ စိုက်ငေးလျက် ရှိပါသည်။

နွေဦးရောက်လျှင် တက္ကသိုလ်မှာ ဥဩကတော့ တွန်သံပေးမြဲပါ။

 

၁၀။ သဘောတူရင် လက်ခုပ်တီးဖို့ မမေ့ပါနဲ့

[ပထမအကြိမ်၊ ဝတ်မှုံမိုးစာပေ။ ဖေဖော်ဝါရီ၊ ၂၀၁ခုနှစ်]

စာဖတ်သူတစ်ဦးအနေနှင့် သူဖတ်ပြီးနောက် တစ်ခုခုပြောချင်လာသော စာအုပ်စာရင်းက အမြဲ ရှိနေတတ်သည်။ အခြေအနေ ညီညွတ် တိုက်ဆိုင်သောအခါများတွင် ရင်ထဲမှာငြိသော ခိုက်သော သို့မဟုတ် မချင့်မရဲဖြစ်သော စာအုပ်အကြောင်းကို စကားဝိုင်း ဖွဲ့တတ်သည်။ စာရေးကျင့်ရှိသူ ဆိုလျှင်တော့ စာအုပ်ဝေဖန်ချက် ရေးလိမ့်မည်။ စာရေးဆရာသည် စာတွေ အဆက်မပြတ် ရေးနေသည်နှင့်အမျှ တဖက်တွင်လည်း စာဖတ်သူတစ်ဦးသာ ဖြစ်ပါသည်။ အလုပ်သဘော အဆက်အစပ်အရ ဖြစ်စေ၊ သီးခြား စိတ်ပန်းဖြေရာဖြစ်စေ တစ်နည်းနည်းနှင့်တော့ စာအုပ်တွေ ဖတ်နေရပါသည်။ စာဖတ်ခြင်းတွင် အားမသန်သော စာရေးဆရာတွေလည်း ခြွင်းချက်အဖြစ် ရှိနေလိမ့်မည်။ သို့သော် စာရေးဆရာသည် စာမဖတ်ဘဲနှင့် နေလို့ရသည့် ပုဂ္ဂိုလ်မဟုတ်ပါ။ စာတွေ ဖတ်နေရသည်။ စာအုပ်တွေ အဆက်မပြတ် ဖတ်နေရလိမ့်မည်။

စာဖတ်ပြီဆိုသည်နှင့် ကိုယ်ဖတ်နေသော စာအုပ်အကြောင်း ပြောစရာတစ်ခုခုတောြ့ဖင့် ပေါ်လာလေ့ရှိပါသည်။ သာမန်အားဖြင့် ကြိုက်သည်၊ ကောင်းသည်။ မနှစ်သက်၊ ဆိုးဝါးသည် အစသဖြင့် သဘောထားမှတ်ချက်တစ်စုံတစ်ရာ ရှိစမြဲ။ အချို့စာအုပ်တွေကတော့ ထူးထူးခြားခြားကို ပြောစရာ ရှိလာတတ်တာမျိုး ကြုံရသည်။ ထိုအခါ စာအုပ်ကို အခြေခံပြီး သူဆက်စပ်တွေးမိသော အချက်အလက်တွေကို အခြားစာဖတ်သူများထံ ပြန်လည်တင်ပြပြီး ဆွေးနွေးလိုသည် စိတ်ဆန္ဒ ဖြစ်ထွန်းလာသည်။ ထိုဆန္ဒအလျောက် ပေါ်ပေါက်လာသော စာအုပ်ဝေဖန်ချက်တွေက စိတ်ဝင်စားစရာ ကောင်းသည်။ ဖတ်သူတွင်လည်း အကျိုးရှိသည်။ တစ်ဖက်မှာလည်း စာအုပ်အကြောင်း (မိတ်ဆက်/ အနှစ်ချုပ်) ကို အလုပ်တစ်ခုကဲ့သို့  အစဉ်တစိုက် ရေးသားတင်ပြရသော ကြော်ငြာဆန်သည့် အရေးအသားမျိုးလည်း ရှိသေးသည်။ ပြီးတော့ မိမိတို့ ဖတ်ပြီး စာအုပ်များကို နှစ်သက်၏၊ မနှစ်သက်၏ ယျေဘုယျသဘော ပြန်ပြောပြသည့် စာအုပ်မိတ်ဆက်အညွှန်းဆိုသည့် ကဏ္ဍတစ်ခုလည်း စာနယ်ဇင်းများတွင် တွေ့ရပါသည်။

ကျွန်တော်တို့ကတော့ ဖတ်သူ၏ ဆင့်ပွားအတွေးအမြင်ဖြင့် ဆက်စပ်ဖော်ပြသော၊ ဝေဖန်ရေးလည်း ရိုးရိုးရိပ်ရိပ်ပါသော၊ ကောင်းမွန်သည့် စာအုပ်တစ်အုပ်ကို အများသူငှာ ဖတ်မိစေလိုသည့် စေတနာစေ့ဆော်မှုလည်းရှိသော၊ ကြော်ငြာသဘော အလုပ်သဘောမဆန်သော သီးခြားလွတ်လပ်သည့် စာအုပ်သုံးသပ်ချက်များကို ပို၍ ဖတ်ချင်ပါသည်။ တစ်ခါတစ်လေ စာအုပ်တစ်အုပ်ကို ဖတ်ထားတာချင်းအတူတူ အခြားသူက တွေးပြတော့မှ ကိုယ်လည်း ‘ဒီလိုပါလား’ဟု ပြန်တွေး မိတာမျိုးလည်း ရှိသည်ကိုး။

စာတွေ အဆက်မပြတ်ရေးနေသလို တစ်ဖက်တွင်လည်း လေ့လာမှုကို မပြတ်မလပ် ဖြည့်ဆည်းနေသော စာရေးသူ နောင်ကျော်တွင်လည်း သူ ဖတ်ခဲ့မိသော စာအုပ်တွေအကြောင်း ပြောစရာ ရှိနေသည်။ ထိုအခါ စာအုပ်တွေအကြောင်း စာနယ်ဇင်းများတွင် ကြိုးကြား ရေးသားဖော်ပြခဲ့သည်။ စာအုပ်ကို အများသိအောင် လုပ်သော ကြော်ငြာသဘော မဟုတ်ပါ။ မိမိ ဖတ်ခဲ့သော စာအုပ်မှတစ်ဆင့် ဆက်စပ်စဉ်းစားမိသော အတွေးအမြင်များကို စာဖတ်သူများထံ ပြန်လည်တင်ပြသော အရေးအသားများသာ ဖြစ်ပါ၏။  စာရေးသူ ကိုယ်တိုင်ကမူ သူ့ဆောင်းပါးများသည် စာအုပ်များကို ဖတ်ရှုပြီးခံစားပြသော၊ ကိုးကားပြီး စဉ်းစားပြသော စာမျိုးသာ ဖြစ်သည်၊ မိမိ ဘဝအတွေ့အကြုံထဲက ရသော အသိအမြင် ခံစားမှုတို့နှင့် ရောသမ ရေးသားခြင်း သက်သက်မျှ ဖြစ်ပြီး စာအုပ်ညွှန်း ဆောင်းပါးမျိုးလည်းမက စာပေဝေဖန်ရေးလည်း မကျသော ဆောင်းပါးများဟု ရည်ညွှန်းသည်။ ‘စာပေဝေဖန်ရေးမဟုတ်သည့် အဦးအစ စကား’ ဆိုသည့် စာရေးသူ အမှာစာတွင် ဤသို့ ဖတ်ရသည်။

‘… အားလုံးနီးပါးပါ ကျွန်တော့်စိတ်နှင့်တွေ့သော စာအုပ်များဖြစ်ပြီး ကျွန်တော့်ထက်ငယ်သော စာဖတ်ပရိသတ်တွေ ဖတ်စေချင်၍ ရည်ညွှန်းရေးသားခဲ့ခြင်းလည်း ဖြစ်သည်။ ဤဆောင်းပါးတွေကို တချို့က ‘ကြော်ငြာဆောင်းပါး’ ဟု ထင်ကြ၊ ပြောကြခြင်းအပေါ်မှာလည်း ကျွန်တော် ဘာမှ မပြောလိုပါ။ တချို့စာအုပ်များအပေါ် ပြင်းထန်သော မှတ်ချက် ပေးနိုင်စရာ ရှိသော်လည်း ထောက်ပြရုံပဲ ထောက်ပြခဲ့တာမျိုးကို ဖတ်ဖူးသူတွေ သတိပြုမိကြမည်ထင်သည်။ စာပေနယ်တွင် ဘယ်သူ့ကိုမှ ရန်သူလို သဘောထားပြီး သဲသဲမဲမဲ တိုက်ခိုက်ထိုးနှက်ဖို့ သဘောထားမရှိပါ။ စာပေသမားအများစုနှင့် နားလည် ညီညွတ်ခြင်းကိုပဲ တောင့်တပါသည်။ ဤသဘောထား ဆန္ဒနှင့် ပတ်သက်၍ အဓိက အကြောင်းကတော့ ကျွန်တော့်မှာ နိုင်ငံရေးအရ ရန်သူဟု သတ်မှတ်ထားပြီးသား ဖြစ်သလို ကျွန်တော့်ကိုလည်း ရန်သူဟု စာရင်းသွင်းသတ်မှတ်ထားသူများက ရှိနှင့်ပြီးသားဖြစ်သောကြောင့်သာ ဖြစ်ပါသည်’       ( စာ  ၉ -၁၀ )

ယခု စုစည်းမှုထဲမှာ စာအုပ် တစ်ဆယ့်ခြောက်အုပ်အကြောင်း ပြန်ရေးပြထားတာကို ဖတ်ရသည်။ စာအုပ်အမျိုးအစားများက နိုင်ငံရေးနှင့် သမိုင်းစာအုပ်အများစု ဖြစ်နေသည်ကို သတိပြုမိသည်။ ရသစာအုပ် သိပ်ပြီးမပါ။ အောင်မြိုင် (မြန်မာပြန်) ၏ မူဆိုလီနီ၏ နောက်ဆုံးနေ့ရက်များ၊ သခင်တင်မြ၏ ဘုံဘဝမှာဖြင့်နောက်ဆက်တွဲ ၊  မောင်ပေါ်ထွန်းနှင့် ချစ်ဝင်းညွန့် (မြန်မာပြန်)၏ ပါရီမီးလောင်ပြီလား၊ သန်းစိုနိုင်၏ ပညာရှင်များနှင့် ငြင်းခုန်ခြင်း၊ ဦးနု၏ ငါးနှစ်ရာသီ ဗမာပြည်သခင် တင်မြနှင့် တွေ့ဆုံခြင်း၊  သန်းစိုးနိုင် (မြန်မာပြန်)၏ ဟင်နရီကစ်ဆင်ဂျာကို စွဲချက်တင်လိုက်ခြင်း၊ ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ နယ်ချဲ့ကို ဒူးမထောက်တဲ့ သခင်နက်ဖေ၊ သခင်ခင်ဇော် (မြန်မာပြန်) ၏ ဒို့လမ်း၊ သခင်နု၏ မာ(ခ်)ဆဇ္ဇင်း(မ်) ဆိုတာ ဘာလဲ ၊ သန်းစိုးနိုင် (မြန်မာပြန်)၏ အိမ်ဖြူတော် ကရင်မလင်ဝင်ရိုးတန်း စစ်အေးခေတ်ဇာတ်သိမ်းခန်း၊ ဒဂုန်တာရာ၏ နိုင်ငံရေးယဉ်ကျေးမှု၊ ဆက်နိုင်မင်း၏ ဂလိုဘယ်လိုက်ဇေးရှင်းဆူခင်းလမ်း၊ သခင်မြသန်း၏ နှစ်ကျွန်းပြန် သံမဏိနှစ်ဦး ၊ မင်းခက်ရဲ၏ တက္ကသိုလ်နှင် စာပေသီအိုရီ၊ ဦးရွှေအောင်၏ ဘဝအမြင်သစ် အစရှိသော စာအုပ်များ ဖြစ်သည်။ စာအုပ်တွေထဲက အကြောင်းအရာများကို တင်ပြရင်း သုံးသပ်ချက်အချို့ကိုလည်း ခပ်ပါးပါး ပြုလုပ်သွားသည်ကို တွေ့ရပါသည်။ ပြီးတော့ ဆက်စပ်ဖတ်ရှုရမည့် စာအုပ်ခေါင်းစဉ်များကိုလည်း တခါတလေ ထပ်ညွှန်းလေ့ရှိသည်။

 နောင်ကျော်၏ စာနယ်ဇင်းများတွင် ပြန့်ကျဲနေသော စာအုပ် သုံးသပ်ချက်ဆောင်းပါးအချို့ ကျန်နေသေးသည်။ စာရေးသူ ကိုယ်တိုင် ရှာမတွေ့သည်လား၊ တမင် မထည့်သွင်းဘဲ ချန်ရစ်ခဲ့သည်လားတော့ မသိနိုင်။ နောင်အခါ ဒုတိယအကြိမ် ပုံနှိပ်ဖြစ်လျှင် တစ်စုတစ်စည်းတည်း ထည့်သွင်းနိုင်ရန် ကောင်းလေစွ။  

 

၁၁။ ချိုးကူသံလေးကို မလွမ်းဘူးလား အမေ

[ပထမအကြိမ်၊ CDEF။ ဇန်နဝါရီ၊ ၂၀၁ခုနှစ်]

စာနယ်ဇင်းအသီးသီးမှာ ရေးခဲ့ပြီးသမျှ ရသစာတမ်းနှင့် ဆောင်းပါးတွေထဲက ‘ပြည်တွင်းငြိမ်းချမ်းရေး’ ခံစားမှုနှင့် ပတ်သက်သော အကြောင်းအရာများကို ရွေးနုတ်၍ သီးခြားထုတ်ဝေခြင်းဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း၏ စီစဉ်မှုဖြင့် ထုတ်ဝေခဲ့သော အဆိုပါစာအုပ်ထဲမှာ စာမူပေါင်း နှစ်ဆယ့်ရှစ်ပုဒ်ပါဝင်သည်။ စာမူစာရင်းကို ကြည့်၍ စာရေးသူသည် သူ၏ စာရေးသက် ဆယ်နှစ်အတွင်း ငြိမ်းချမ်းရေးအကြောင်းကို အစဉ်တစိုက် အာရုံညွှတ်နေလျှက် အခါအခွင့်သင့်တိုင်း ရေးနေခဲ့သည့် အချက်ကို သတိပြုမိပါသည်။

ဆောင်းပါးချည်းသက်သက်မျှ မဟုတ်၊ ငြိမ်းချမ်းရေးခံစားမှုဖြင့် ဖွဲ့သီသော ရသစာတမ်းများလည်း ဒီစာအုပ်ထဲတွင် တွေ့ရသည်။ အချို့သော စာမူများက ရှေ့က ထုတ်ဝေခဲ့ပြီးသော စာအုပ်တွေထဲ ပါပြီးသားကို ပြန်လည် ထည့်သွင်းထားခြင်းဖြစ်သည်။ 

‘ကျောင်းသူကလေးလိုချင်တဲ့ မီးလျှံထဲက ကြာဖြူ’ ၊ ‘စကားလုံးပန်းကုံးထဲက ရနံ့သင်းတဲ့ ပန်းတစ်ပွင့်အကြောင်း’ စာမူတွေက ‘ရင့်ကျက်လွတ်လပ်စိတ်နဲ့ ယုံကြည်ခြင်း(၂၀၁၂) စာအုပ်ထဲက ဖြစ်သည်။ ‘ကြောင်မကြီးရေ၊ အရူးမလေးရေ၊ ကြာဖြူပွင့်လေးရေ’ နှင့် ‘ကောင်းစေချင် ပြောင်းစေချင်စိတ်တွေနဲ့’ စာမူနှစ်ပုဒ်က ‘ဘာနိုင်ငံရေးသမားလဲ’ (၂၀၁၃) စာအုပ်ထဲမှာ ပါပြီးသား။ ‘သာမိုင်းခမ်းက ပန်ကြားချက်’ ၊ ‘အမုန်းရပ်စဲ အပြုံးလက်ချင်းတွဲရအောင်’၊ ‘ငြိမ်းချမ်းရေးချိုးငှက်က အစိုးရတွေ လက်ထဲမှာ’၊ ‘ဖောင်စီးရင်း ရေငတ်နေသော တန်းတူရပိုင်ခွင့်’၊ ‘ဒီမိုကရေစီကြိုးဖြင့် ချီမှ ခိုင်လိမ့်မည်’၊ ‘တကယ့်အမျိုးသားသင့်မြတ်ရေး ဘာလဲ ဘယ်လဲ’ စာမူခြောက်ပုဒ်က ‘ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဝှက်ဖဲ’ (၂၀၁၄) စာအုပ်ထဲက ဖြစ်သည်။ ‘ချိုးဖြူလေးရေ မင်းရောက်လာမှ’ စာမူက ‘နှလုံးသားမှာနှင်းများလာရိုက်ခတ်’ (၂၀၁၄) စာအုပ်ထဲတွင် ပါခဲ့ပြီ။ ‘ကမ္ဘာတည်သရွေ ငြိမ်းချမ်းရေး’ စာမူက ‘သဘောတူရင်လက်ခုပ်တီးဖို့မမေ့ပါနဲ့’ (၂၀၁၅) စာအုပ်ထဲက တစ်ပုဒ်ကို ပြန်ထည့်ထားခြင်း။ ကျန်သည့် စာမူ တဆယ့်ငါးပုဒ်ကတော့ လုံးချင်းစာအုပ်စုစည်းမှုတွေထဲမှာ တစ်ခါမှ မပါဝင်သေးဟု သတ်မှတ်၍ရသည်။

ငြိမ်းချမ်းရေးစာစုတွေ ဆိုသော်လည်း တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ရေးကိစ္စ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ တိုင်းပြည်မှာ ဆူဝေကျယ်လောင်နေစဉ်တုန်းက အချိန်ကိုက် ရေးခဲ့တဲ့ ဆောင်းပါးအချို့ကိုလည်း ဖတ်ရပါသည်။ နိုင်ငံရေးပြဿနာများ၏ အချုပ်က ငြိမ်းချမ်းရေးမရှိတာ၊ ဒီမိုကရေစီအခွင့်အရေး မရှိတာတွေက အချုပ်ပဲဆိုတာကိုတော့ ပေါ်လွင်အောင်ရေးပါသည်။

သခင်ကိုယ်တော်မှိုင်းနှင့် ဒဂုန်တာရာတို့၏ ပြည်တွင်းငြိမ်းချမ်းရေးအမြင်များကို ပဲ့တင်ထပ်သော အရေးအသားများကိုလည်း တွေ့ရသည်။ ငြိမ်းချမ်းရေးရဖို့ နှစ်ဘက် သင်ပုန်ချေ စေ့စပ်ရေးဆိုသည့် မှိုင်းမူနှင့်  တန်းတူရေး၊ လွတ်လပ်ရေးနှင့် ညီညွတ်ရေးရှိမှ ငြိမ်းချမ်းရေးရနိုင်မည်ဆိုသည့် ဒဂုန်တာရာ၏ မူများအပေါ်မှာ စာရေးသူက စေ့ငုလေ့လာပြီး သူ့အမြင် သဘောထားများကို မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ဆက်စပ်တင်ပြထားသည့် ဆောင်းပါးတွေက သဘောတူသည် ဖြစ်စေ၊ မတူလျှင်လည်း ရှိစေ ဖတ်ကြည့်ဖို့ ကောင်းပါသည်။

ကျွန်တော် စစ်မတိုက်ဖူးပါ။ စစ်ဘေးဒဏ်ကို တိုက်ရိုက်မခံစားခဲ့ဖူးပါ။ ဒါပေမယ့် ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကိုတော့ ဘဝတစ်သက်တာလုံးမှာ ကျွန်တော့်လို ပြည်သူလူထုတွေလည်း ကျောကော့အောင် ခံစားခဲ့ရဖူးပါတယ်။ ဖိနှိပ်ချုပ်ချယ် ခံရတာ၊ ဘဝမလုံခြုံတာ၊ စစ်ကြောင့် တိုင်းပြည်ဆင်းရဲလို့ ကျွန်တော်တို့ဘဝတွေပါ အစစအရာရာ နာလန်မထူနိုင်တာ အပါအဝင် စစ်အာဏာရှင်စနစ်ရဲ့ ရိုက်ပုတ်ထုနှက်ချက်တွေ ခံစားခဲ့ရတာ အခုထိ နာကျင်နေတုန်း၊ ဖိနှိပ်ခံနေရတုန်း၊ မလုံခြုံ မအေးချမ်းတဲ့ ဘဝမှာ နေရတုန်းပါ’ ( စာ ၁၉၁)

စာရေးသူသည် သူတို့မျိုးဆက်ကလည်း သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခါနီး ပြောခဲ့သလို ‘မသေခင် ငြိမ်းချမ်းရေး မြင်သွားရပါဦးမလား’ ဆိုပြီး စိုးရိမ်ပူပန်နေသည်။ သူတို့ရှေ့မှာပင် ဒဂုန်တာရာလည်း ငြိမ်းချမ်းရေးကို တောင့်တရင်း မျှော်လင့်ရင်းဖြင့် ဆုံးပါးသွားလေပြီ။

‘…ကျွန်တော်တို့ မျိုးဆက်တွေလည်း ငြိမ်းချမ်းရေး ငွေချိုးဖြူတို့ ပျံသန်းနေတာတွေ၊ ငြိမ်းချမ်းရေး ချိုးကူသံတွေကို မြင်ခွင့်ကြားခွင့် ရနိုင်ပါဦးမလား။ လတ်တလောမှာတော့ လင်းတ(လဒ)တွေ ကြီးစိုးနေသော တောတောင်နှင့် ကောင်းကင်ကိုသာ လှမ်းမြင်နေရသည်။ ဘာကြောင့် ငြိမ်းချမ်းရေးလမင်းက ထွန်းလင်းသာခွင့် မရှိခဲ့ရတာလဲ’ ( စာ ၂၂၈ )

ဒီစာသားတွေ ပြန်ဖတ်မိတော့ စာရေးဆရာနောင်ကျော်၏ မချိတင်ကဲ ရင်ခေါင်းသံကြီးကို ကြားလိုက်သည်ကဲ့သို ရှိပါ၏။ 

ဘာကြောင့် ငြိမ်းချမ်းရေးလမင်းက ထွန်းလင်းသာခွင့် မရှိခဲ့ရတာလဲ’

ဘာကြောင့် ငြိမ်းချမ်းရေးလမင်းက ထွန်းလင်းသာခွင့် မရှိခဲ့ရတာလဲ’

ကြေကွဲစရာကောင်းသော ဝါကျများ ဖြစ်ပါသည်။

 

၁၂။ ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သော လမ်းများ

[ပထမအကြိမ်၊ လင်းသစ်ရောင်စဉ်စာပေဇန်နဝါရီ၊  ၂၀၁ခုနှစ်]

ငြိမ်းချမ်းရေးခရီးက ကွေ့ကောက်မတ်စောက်သည်ကဲ့သို့ ဒီစာအုပ်ဖြစ်လာပုံကလည်း မချောမွေ့လှပါ။ ကနဦးတုန်းက စာအုပ်ထုတ်ဖို့အထိ မရည်ရွယ်ခဲ့။ ၂၀၁၆ ခုနှစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ‘ခေတ်ပြိုင်သမိုင်း နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲ’ အတွက် စာတမ်းတစ်စောင် ရေးလှည့် ဖတ်လှည့်ပါဟု စာတမ်းဖတ်ပွဲကို ဦးစီးဦးဆောင် ပြုသူတွေက ကမ်းလှမ်း၍ ရေးခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ကမ်းလှမ်းသူက စာရေးဆရာထက်မြက်။

“…ကျွန်တော်က ‘ဆင်ဆာ’လုပ်မှာလား၊ လုပ်ရင်တော့ မရေးဘူးနော်’ဟု ပြောတော့ သူက ‘မလုပ်ပါဘူး၊ စာတမ်းပီသရင် ရပါတယ်’ ဟု ဖြေခဲ့သည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးသမိုင်းနှင့် ပတ်သက်တာကို ရေးမည်ဟု ဖုန်းဆက်ပြီး အကြောင်း ကြားပေးခဲ့သည်’  (စာအုပ်အတွက် စကားဦး/ စာ ၈ )

စာတမ်းအတွက် ခေတ်ပြိုင်သမိုင်းကာလကို ဘယ်အထိ သတ်မှတ်ထားသလဲဟု ကော်မတီက ပုဂ္ဂိုလ်တစ်ဦးကို မေးသည့် အခါ ၁၉၄၈ ခုနှစ်မှ လက်ရှိကာလအထိဟု ပြောသည်။ သို့နှင့် စာအုပ်တွေ ရှာရ၊ ဝယ်ရ၊ ဖတ်ရသည်။ စာမျက်နှာ အရေအတွက် သုံးဆယ်အထက် မကျော်ရဆိုသည့် ကန့်သတ်ချက်ကလည်း ရှိလေရာ သူတို့သတ်မှတ် စာတမ်းဘောင်အတွင်း ဝင်အောင် အချို့သော အကြောင်းအရာများကို အကျဉ်းရုံးပစ်ရသည်။ နောင်မှ စာအုပ်အဖြစ် အကျယ်တဝင့်ရေးလျှင်လည်း ရသားပဲ။ ကိစ္စမရှိ။ သတ်မှတ်ရက်အတွင်း စာတမ်းကို အပြီးပို့ရမည်ဟူသော စည်းမျဉ်းကြောင့် စာမူကို အချောသတ် စာစီ၍ စီဒီချပ်နှင့်တကွ ဆိုင်ရာသို့ ပူးတွဲပေးပို့ရသည်။ ဒီအထိလည်း ကိစ္စမရှိ။

သို့သော် ကိစ္စရှိလာသည်က စာတမ်းဖတ်ပွဲကော်မတီဘက်မှ ဖြစ်လေသည်။ စာတမ်းဖတ်ပွဲ နီးလာသည့် တစ်ရက်တွင် စာပေဗိမာန်မှာ အယ်ဒီတာတစ်ယောက်က ဖုန်းဆက်၊ လိပ်စာမေးကာ စာအိတ်ကြီးတစ်အိတ် ပေးလာသည်။ ဖွင့်ကြည့်တော့ အကြောင်းကြားစာရွက်တစ်ရွက်။ စာရွက်ထဲမှာ ရေးထားသည်က ‘လူကြီးမင်း၏ စာတမ်းသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်ဟု ယူဆသောကြောင့် ဆိုင်းငံ့ထားရန် ကော်မတီဝင်များနှင့် သဘာပတိ အဖွဲ့ဝင်များက ဝမ်းနည်းစွာ ဆုံးဖြတ်ခဲ့ကြောင်း’ တဲ့။ စာအိတ်ထဲ ထပ်နှိုက်တော့ သူ့ စာတမ်းနှင့် စီဒီချပ်လေးတစ်ချပ်။ စာတမ်းရှင် မည်သို့ ခံစားရပါသလဲ။

‘… နောက်ရက်တွင် ကော်မတီဝင်တစ်ဦး (နာမည်မပြောတော့ပါ) က သူတို့ ကော်မတီကို နားလည်မှုလွဲမှာ စိုးသောကြောင့်ဟု ဆိုကာ ဖြစ်စဉ်ကို ဖုန်းဆက်ရှင်းပြသည်။ သူပြောတာတွေ နားထောင်ပြီးသောအခါ ကျွန်တော်က ‘ မူတွေ၊ ဘောင်တွေ သတ်မှတ်ထားတာ မသိခဲ့ဘူး။ ကော်မတီက ရွေးချယ်မှ အတည်ပြုမယ်ဆိုတာလည်း မသိခဲ့ဘူး။ အဲဒါတွေ သိခဲ့ရင် ကျွန်တော် မရေးပါဘူး။ နောက်ပြီးတော့ မူလသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်ကနေ ‘နိုင်ငံရေး’ ဆိုတဲ့ စကားလုံးကို ဖြုတ်ပစ်လိုက်တော့ ကျွန်တော်တို့ စာတမ်း‌တွေ ပယ်ဖို့ အကျုံးဝင်သွားတာပေါ့ဗျာ။ ကျွန်တော့်ကို တောင်းလို့၊ ဆင်ဆာ မရှိဘူးပြောလို့ ရေးပေးခဲ့တာ။ ဘယ်အစိုးရနဲ့မှ ပတ်သက်ချင်တာ မဟုတ်ဘူး” ဟုပဲ ပြန်ပြောလိုက်သည်’  (စာအုပ်အတွက် စကားဦး / စာ ၉ )

ဘယ်လောက် ဖရိုဖရဲ ကသောင်းကနင်းနိုင်လိုက်လေသလဲ။ ဝန်ကြီးဌာနအဆင့်၊ ပညာရှင်အဆင့် အလုပ်ကြီးကြီးတစ်ခုကို ပေါ့တန်စွာ လုပ်လိုက်သည့် အပြုအမူ။ စာတမ်းကို ရေးပါဆိုပြီး တောင်းတုန်က တောင်းပြီး၊ ရေးသူကလည်း အားထုတ်လုပ်ကိုင်ခဲ့ပြီးမှ ကော်မတီ၏ ဆုံးဖြတ်ချက်တဲ့။ စာတမ်းကို ဖိတ်ခေါ်လို့ ပေးပို့တာမဟုတ်။ အပ်နှံလို့ ပြုစုပြီးကာမှ မျက်နှာလွဲ ခဲပစ်လိုက်လိုက်ခြင်း။ အရုပ်ဆိုးလွန်းလှသည်။ 

စာတမ်းဖတ်ပွဲဟူသည် ပညာရပ်ဆိုင်ရာ သီးခြားနယ်ပယ်တစ်ခု ဖြစ်ပါသည်။ အစိုးရတစ်ရပ်၊ ပါတီတစ်ခု၊ အစုအဖွဲ့ တစ်ဖွဲ့၏ မူဝါဒတွေကို ပါးစပ်အငှားနှင့် သံယောင်လိုက်ပေးရမည့် နေရာမဟုတ်ပါ။ အကယ်၍ လိုအပ်သည်ဟု ဆိုပါလျှင်လည်း ဒါက ပညာရပ်ဆိုင်ရာအလုပ်နှင့်မတူတော့ဘဲ ဝါဒဖြန့်ချိရေးလုပ်ငန်းအသွင်သို့ ပြောင်းသွားပါပြီ။ စာတမ်းဖတ်ပွဲသည် မတူညီသည့် ဘက်စုံထောင့်စုံက အမြင်အမျိုးမျိုး ဖလှယ်သည့် နေရာဖြစ်ပါသည်။ အခြားတစ်ဖက်မှ ဆင်ခြင်စရာ အတွေးရှုထောင့်များကို သိလိုကြားလိုသဖြင့် စာတမ်းဖတ်ပွဲတွေကို ကျင်းပကြတာ မဟုတ်လား။ သုတေသနပြု တင်ပြသူတို့ဘက်က လည်း အချက်အလက်အမှန်များကို လက်တစ်ဆုံးနှိုက်ရှာဖွေပြီး လွတ်လပ်သောစိတ်ဖြင့်   တင်ပြရမှာဖြစ်သလို ကြားနာသူ တွေကလည်း ဖွင့်ထားသော စိတ်ဖြင့် နားထောင်ရဲသည့် သတ္တိတော့ လိုအပ်သည်။ ပြီးတော့ သဘောမတူတာ ကွဲလွဲတာရှိလျှင် အမြင်ချင်းဖလှယ်ကြရုံပေါ့။ အခုတော့ ဘယ့်နှယ့် ‘လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်ဟု ယူဆသည့်အတွက်’ ပယ်သတဲ့။

“…ဤကိစ္စအတွက် မီဒီယာတွေက အင်တာဗျူးမည့်အကြောင်း လှမ်းပြောတော့ ကျွန်တော့်ထုံးစံအတိုင်း ရှောင်လို့ရသမျှ ရှောင်ခဲ့သည်။ မလွဲမရှောင်သာ ပြောရသည့်အခါတွင်လည်း များများစားစား မပြောချင်ခဲ့ပါ။ “ဒီကိစ္စဟာ အရပ်သား အစိုးရရဲ့ နိုင်ငံရေးပုံရိပ်ကိုတော့ ထိခိုက်စေခဲ့တာပဲ” ဟုသာ အဓိကထား ပြောဖြစ်ခဲ့သည်’ ( စာ ၉ )

စာမျက်နှာ သုံးဆယ့်ခန့်သာရှိသော စာတမ်းတစ်စောင်က ‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်’ကို ဘာတွေများ ပြဿနာရှိ စေတာပါလိမ့်။ စာတမ်းရှင်က သူ့စာတမ်းသည် အချိန်အကန့်အသတ်၊ စာမျက်နှာ အကန့်အသတ်တွေကြောင့် မြန်မာပြည်၏ ပြည်တွင်းစစ်နှင့် ငြိမ်းချမ်းရေးအကြောင်းကို အကြမ်းဖျင်း ကောက်ကြောင်းဆွဲနိုင်ရုံမျှသာဟု ဝန်ခံထားသည်။ သို့သော် နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းစစ်ကြာရှည်နေရခြင်းနှင့် ခေတ်အဆက်ဆက် ငြိမ်းချမ်း‌ရေး တည်ဆောက်ဖို့ ကြိုးစားလိုက် ပျက်သွားလိုက် အခြေအနေကို ပေါ်လွင်စေသည့် အစိုးရနှင့် လက်နက်ကိုင်များဘက်ကမှ သဘောထားများကို ယေဘုယျ ဖော်ပြဖို့ အားထုတ်ထားသည်။

စာတမ်း ပထမအဆင့်အနေဖြင့် ငြိမ်းချမ်းရေး၏ ‘အဓိပ္ပါယ်’ကို ဖွင့်သည်။ ဒုတိယအဆင့်တွင် မြန်မာနိုင်ငံ ပြည်တွင်းစစ် အစနှင့်သမိုင်းအကျဉ်းကို တင်ပြသည်။ လွတ်လပ်ရေးမရမီကလေးမှာတင် ကရင်အမျိုးသားအစည်းအရုံးက တောခိုသွားပေမယ့် ‘ပြည်တွင်းစစ်’ လို့ မသုံးနှုန်းသေးဘဲ ၁၉၄၈ ခုနှစ် စက်တင်ဘာ ၂၈ မှာ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားပြီးနောက်ပိုင်းတွင်မှ  ပြည်တွင်းစစ်ဆိုသည့် စကားလုံး စတင်သုံးစွဲ ပေါက်ပေါက်လာပုံကိုလည်း အကိုးအကားများဖြင့် ဖော်သည်။

စစ်ဖြစ်ပြီဆိုတော့ စစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးစကားပြောဖို့ လုပ်ရသည်။ ပြည်တွင်းငြိမ်းချမ်းရေးကို တိုက်တွန်းသော အင်းအားစုတွေလည်း တည်ရှိလာသည်။ ငြိမ်းချမ်းရေး ရရာရကြောင်း သဘောထားအသံအမျိုးမျိုးကြားရသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး တစ်ပါတီစနစ်ဖြင့် သွားဖို့ ပြင်ဆင်နေသည့် တော်လှန်ရေးကောင်စီကို သခင်ကိုယ်တော်မှိုင်းက ‘တစ်ပါတီစနစ်ပဲ ဖြစ်ဖြစ်၊ ပါလီမန်ဒီမိုကရေစနစ်ပဲ ဖြစ်ဖြစ် ကြိုက်ရာကို ထူထောင်ရာတွင် မစည်းလုံး မညီညွတ်ကြလျှင် အောင်မြင်နိုင်မည်မဟုတ်။ ညီညွတ်စည်းလုံးမှ အောင်မြင်နိုင်မည်’ ဆိုပြီး သဘောထားထုတ်ခဲ့သည်ကို ဖတ်ရသည်။ ဒါပေမဲ့ ညီညွတ်ရေး တစ်နည်းအားဖြင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သည်မဟုတ်။ ဘာကြောင့်လဲ။

ခေတ်အဆက်ဆက် အစိုးရတွေနှင့် လက်နက်ကိုင်အင်အားစုတွေအကြား ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး အကြိမ်ကြိမ် ပွဲပျက်ခဲ့ကြသည်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ၁၉၅၇ ခုနှစ်တုန်းက ဗန်းမော်တင်အောင် ရေးခဲ့သည့် ‘ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်း’ ဆိုသော ဆောင်းပါးကို စာတမ်းရှင်က ကိုးကားသည်။

ထိုဆောင်းပါးထဲတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အစိုးရဘက်က သဘောထားမှာ (၁) သောင်းကျန်းသူ (လက်နက်ကိုင်) အားလုံး ချွင်းချက်မရှိ လက်နက်ချရေး (၂) နောက်နောင် လက်နက်ကိုင်လုပ်ငန်းများကို သေတစ်ပန် သက်တစ်ဆုံး မလုပ်တော့ပါဟူသည့် ခံဝန်ချက်ပေးရေး (၃) လက်နက်ချလာသူများအား ရာဇဝတ်ပြစ်မှုရှိလျှင် ပြစ်မှုအလျောက် ပြစ်ဒဏ်ပေးမည်၊ သို့ရာတွင် တတ်နိုင်သမျှ သက်ညှာစဉ်းစားမည် ဆိုသည့်အချက်ကို စွဲမြဲဆုပ်ကိုင်ထားသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လက်နက်ကိုင် တော်လှန်ကြသူများဘက်က အလိုရှိနေသော သဘောထားက (၁) တိုက်ခိုက်လျက်ရှိသော ပြည်တွင်းစစ်ပွဲအား အမြန်ဆုံး ရပ်စဲနိုင်ရေးအတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေလိုသည်။ (၂) မတရား အသင်းကြေညာထားသော အသင်းအဖွဲ့များကို တရားဝင်ခွင့်ရရှိအောင် ထုတ်ပြန်ကြေညာပေးပါ (၃) ဥပဒေစည်းဝိုင်းနှင့် နယ်နိမိတ်အတွင်း၌သာလျှင် နိုင်ငံရေးအာဏာရယူရေးအတွက် လုပ်ကိုင်သွားတော့မည်ဆိုသည့် အချက်ပေါ်တွင် အခြေခံသည်ဆိုသော အချက်ကို ပြန်လည်ဖော်ထုတ်ပြီး စာတမ်းရှင်က အောက်ပါအတိုင်း ရေးသည်။

‘…နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးမူသည် စစ်ရှုံးသူအား စစ်နိုင်သူက ပေးအပ်လေ့ရှိသော ရာဇသံ အမျိုးအစား ဖြစ်သည်ကို တွေ့ရှိနေရပေသည်။ (ဥပမာ- ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီ၌ မဟာမိတ်တို့က ဂျာမနီနှင့် ဂျပန်တို့အား ပေးအပ်ခဲ့သော ရာဇသံများ)။ လက်နက်ကိုင်တော်လှန်နေကြသူများ၏ ငြိမ်းချမ်းရေးမူသည် စစ်ပွဲတစ်ခု၌ သူမနိုင် ကိုယ်မနိုင်ရှိကြသော အခြေအနေမျိုး၌ ကမ်းလှမ်းချက်အမျိုးအစားဖြစ်သည်။ (ဥပမာ- အင်းဝဘုရင်မင်းခေါင်နှင့် ရာဇာဓိရာဇ်တို့၏ ပြည်မြို့စစ်ပွဲ၌ စစ်ပြေငြိမ်းခဲ့ကြသလို)’  (စာ ၃၇)

အဆိုပါ ဘက်နှစ်ဘက်၏ သဘောထားနှစ်ရပ် မဆုံသောလမ်းကို လျှောက်ရာမှ ငြိမ်းချမ်းရေးပန်းတိုင်နှင့် ဝေးမြဲဝေးလျှက် ရှိကြောင်းကို စာတမ်းရှင်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖြစ်အပျက်များကို သာဓကပြ၍ ဆက်လက်ဖော်ပြသွားသည်။ အုပ်ချုပ်သူတွေ အပြောင်းအလဲဖြစ်သွားသော်လည်း ငြိမ်းချမ်းရေးသဘောထားက ရှေးကအစိုးရတွေနှင့် ပိန်မသာ လိမ်မသာတွေချည်းမို့ ငြိမ်းချမ်းရေးချိုးငှက်ကူသံလေးကို ပြည်သူပြည်သားတွေ ကြားခွင့်မသာသေး။ ဆက်လက်၍ ယာယီအားဖြင့် နှစ်ဘကေအပစ်ရပ်စဲတာတွေက ငြိမ်းချမ်းရေးရသည့် အဆင့်မဟုတ်သေးကြောင်း၊ နိုင်ငံရေး အဆင့်ဆွေးနွေးပွဲတွေကသာ ရေရှည်ငြိမ်းချမ်းရေးကို အာမခံနိုင်မည့်အကြောင်းကိုလည်း စာတမ်းမှာ ဖော်ပြသည်။

ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးချိုးငှက်ကို လက်ထဲမှာ ကိုင်ထားသူက အစိုးရဖြစ်သည်ဟု ကောက်ချက်ဆွဲပြသည်။ အခု (၂၀၁၆ ခုနှစ်ဝန်းကျင်ကို ရည်ညွှန်းသည်) အရပ်သားအစိုးရရဲ့ လက်ထဲမှာကော ငြိမ်းချမ်းရေးချိုးငှက်က တကယ်ရှိနေတာမှ ဟုတ်ရဲ့လား။ ငြိမ်းချမ်းရေးချိုးငှက်က တပ်မတော် လက်ထဲမှာများလားဟု မေးခွန်းထုတ်သည်။ သူ့ မေးခွန်းကို ခိုင်မာစေဖို့ အချက်အလက်တွေ ဆွဲထုတ်ပြသည်။

‘ဒီကနေ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည်ရအောင်ပါ။

‘နိုင်ငံတကာမှာရော၊ ဗမာပြည်သမိုင်းမှာပါ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (သူပုန်)တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုရင် အစိုးရနဲ့ သူပုန်ပဲ ဆွေးနွေးကြရိုး ထုံးစံရှိပါတယ်။ စစ်တပ်ဆိုတာ အစိုးရရဲ့ အမိန့်ညွှန်ကြားမှုအောက်မှာပဲ အမြဲတမ်းရှိခဲ့ပါတယ်။ စစ်တပ်က ပါတီကို အမိန့်ပေးလို့ မရပါဘူး။ စစ်တပ်က အစိုးရကို အမိန့်ပေးလို့ မရဘူးဆိုတာ အစဉ်အလာပဲ ဖြစ်ပါတယ်။ စစ်တပ်က ပါတီကို အမိန့်ပေးရင် အဲဒီတော်လှန်ရေးပါတီရဲ့ နိုင်ငံရေးက ပျက်တတ်တယ်။ စစ်တပ်က အစိုးရကို အမိန့်ပေးရင် အဲဒီအစိုးရဟာ ရုပ်သေးအစိုးရ၊ (ဒါမှမဟုတ်) အတောင်အလက်မစုံတဲ့ အစိုးရမျိုးပဲ ဖြစ်တတ်တယ်။

‘ဒီကနေ့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်ရင် (ရာခိုင်နှုန်းတွေ အရေအတွက်တွေ မပြောတော့ပါဘူး) ငြိမ်းချမ်းရေး ဆွေးနွေးဖက်ဟာ အစိုးရနဲ့ သူပုန်တင်မကဘဲ စစ်တပ်(တပ်မတော်) ကလည်း အဓိက ဆွေးနွေးဘက်ထဲမှာ ရှိနေတာကို တွေ့ရတယ်။ အဲဒီ့အထဲမှာမှ အဓိက အဆုံးအဖြတ်ဟာ စစ်တပ်နဲ့ သူပုန်လက်ထဲမှာ ရှိတယ်။ အစိုးရက တတိယနေရာကို ရောက်နေတယ်။ ပြီးတော့ ထပ်ခွဲကြည့်ဦးမယ်ဆိုရင် ၃ ဖက်စလုံးကက ငြိမ်းချမ်းရေး ရချင်၊ လိုချင်တယ်လို့ ပြောထားတယ်။ သူပုန်ကလည်း ငြိမ်းချမ်းရေး၊ စစ်တပ်ကလည်း ငြိမ်းချမ်းရေးလို့ ပြောကြတယ်။ ဒါပေမဲ့ ထိုးစစ်ဆင်နွှဲရေးလုပ်တာ မလုပ်တာက စစ်တပ်ခေါင်းဆောင်တွေရဲ့ သဘောဆန္ဒပေါ်မှာ မူတည်နေတယ်။ စစ်တပ်က ထိုးစစ်တွေ လုပ်လာရင် ငြိမ်းချမ်းရေးအာမခံချက်က ပျက်မယ်။ အစိုးရက စစ်တပ်ကို ထိုးစစ်တွေ မလုပ်ပါနဲ့၊ ရပ်ပါလို့ ပြောလို့မရဘူး။ …ဒီလို အခြေအနေအောက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဓိက အဆုံးအဖြတ်ဟာ စစ်တပ်လက်ထဲမှာ ရှိနေတယ်ဆိုတာ မထူးဆန်းတော့ဘူးလို့ သတ်မှတ်ရတော့မှာပဲ ဖြစ်တယ်”  (စာ ၅၆- ၅၇)

စာတမ်းရှင်ထောက်ပြခဲ့သည့် အချက်က အချို့သူများအဖို့ နားခါးစရာ ဖြစ်နိုင်ပါသည်။ သို့သော် ရှိရင်းစွဲ အခြေအနေတွေက သူပြောသလို အမှန်ဖြစ်နေခဲ့တာပဲ မဟုတ်လား။ စာတမ်းရှင်ကတော့ ပြည်တွင်းစစ်ဟာ အုပ်ချုပ်သူ အစိုးရကြောင့် ဖြစ်ခဲ့ရတာဟူ၍ အဆုံးကောက်ချက်တစ်ခု ထုတ်ခဲ့သည်။ အစိုးရအဆက်ဆက်က နိုင်ငံရေးကြောင့် ဖြစ်လာသည့် ပြည်တွင်းစစ်မီးကို နိုင်ငံရေးနည်းဖြင့် ပြေလည်အောင်ဖြေရှင်ဖို့ မကြိုးစားခဲ့ခြင်း၊ ပြည်တွင်းစစ်ကို အကြောင်းပြု၍ အာဏာယန္တရားခိုင်မာအောင် အားထုတ်ခဲ့ခြင်း၊ လက်နက်ကိုင်အင်အားစုတွေကို နိုင်ငံရေးအရ တန်းတူသဘောမထားဘဲ အထက်စီးကနေ ဆက်ဆံတတ်ခဲ့ခြင်း အစရှိသည့် သုံးသပ်မှုတွေ ပါဝင်သော အချက်ရှစ်ချက်ဖြင့် စာတမ်းရှင် နောင်ကျော်က သူ့စာတမ်းကို နိဂုံးချုပ်ထားသည်။

စာတမ်းရှင် တင်ပြခဲ့သော သဘောထားတွေက စာတမ်းဖတ်ပွဲ ကော်မတီလူကြီးတွေအဖို့ ‘လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်ဟု ယူဆ’ နိုင်စရာတွေ ဖြစ်မည်ဆိုလည်း ဖြစ်လောက်ပါသည်။ ဆေးခါးကြီးကို ဘယ်သူမှ မသောက်ချင်ဘူး မဟုတ်လား။ သို့သော် ဆေးခါးကြီးက ရောဂါကို ပျောက်စေမည်၊ ဝေဒနာကို သက်သာစေမည်ဆိုလျှင်တော့ ကျိတ်မှိတ် သောက်သင့်ပေသည်။ ပြောလို့သာ ပြောရသည်။ အခုတော့လည်း ဒါတွေ ပြီးခဲ့ပါပြီ။ အတိတ်တစ်နေရာက သမိုင်းခြေရာကလေးအဖြစ် အဝေးနှစ်တွေမှာ ကျန်ရစ်ခဲ့ပြီ။

ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးချိုးငှက်ကလေးကို တိုင်းပြည်က စောင့်နေဆဲပါ။ ချိုးကူသံလေး မကြားရမီ လူ့လောကထဲက ထွက်ခွာသွားကြသူများကို လွမ်းလှပါသည်။ တစ်နေ့ ငြိမ်းချမ်းရေးချိုးကူသံကို ကြားရမည်။ ငြိမ်းချမ်းရေးလမင်း ဝင်းဝင်းပပ သာပါလိမ့်မည်။

မျှော်လင့်ချက်ကောက်ရိုးမျှင်မျှင်ကလေးကို ကျွန်တော်တို့အားလုံး ဆုပ်ကိုင်ထားကြဆဲပါ။

 

၁၃။ ကျွန်တော်က စစ်အာဏာရှင်ငြင်းဆန်ရေးသမား

[ပထမအကြိမ်၊ ခဝါလှေမွန်စာပေဇန်နဝါရီ၊ ၂၀၁ခုနှစ်]

အကျဉ်းထောင်မှ ထွက်လာသော စာရေးဆရာတွင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားရမှုတွေ ပါလာသည်ကို သူကိုယ်တိုင် တစ်ခါမက ထုတ်ဖော်ပြောခဲ့သလို သူရေးသော စာတွေထဲကတစ်ဆင့် ကျွန်တော်တို့လည်း ကြိမ်ဖန်များစွာ ဖတ်ခဲ့ပြီးပါပြီ။ သံတိုင်လေးဘက်၏ အပြင်၌ အသက်မွေးမှုအတွက် နီးနွှယ်ရာ စာနယ်ဇင်းအချို့မှာ အယ်ဒီတာအလုပ်မျိုး ဝင်လုပ်သည်။ သို့တိုင်အောင် စိတ်အနေအထားက တင်းကျပ်ဖိစီးမှုကို ခံနိုင်ရည်မရှိသဖြင့် ‘စိတ်ဖိစီးမှု’ ဖြစ်လာပြီဟု ခံစားရလျှင် အလုပ်က နှုတ်ထွက်ပြီး စိတ်နှင့်ခန္ဓာကို နားနားနေနေဖြစ်အောင်၊ စိတ်ပေါ့ပါးအောင် ပြန်လည်ပြုပြင် နေထိုင်ရပြန်ပါသည်။ ထိုသို့အချိန်မျိုးတွင် သီချင်းနားထောင်၊ ရုပ်ရှင်ထိုင်ကြည့် စသဖြင့် ဖိစီးဒဏ်သင့်ခဲ့သော စိတ်ကို အိပ်မွေ့ချရ သည်ဟု ဆိုပါသည်။ စာလည်း မရေးဖြစ်၊ မရေးနိုင်။ အရေးကျဲသွားသည်။ ဖိစီးစိတ် အိပ်ပျော် အနယ်ထိုင်သွားပြီဆိုသည့် အခါတွင်မှ စာဖတ်ခြင်း၊ စာရေးခြင်း နယ်ပယ်ဆီသို့ တစ်ဖန် ပြန်လည့်နိုင်သည်။

 ‘ဤသည်ကပင်လျှင် စာအရေးကျဲလားရခြင်းအတွက် ဆင်ခြေတစ်ခု ဖြစ်နေခဲ့ပြီ ထင်သည်’ ဟု စာရေးဆရာက ဒီဘက်နှစ် (၂၀၁၆- ၂၀၁၇ ခုနှစ်တစ်ဝိုက်) တွင် စာအရေးကျဲသွားရခြင်းကို ပြန်လည်သုံးသပ်သည်။ တချိန်တည်းမှာပင် စာရေးခြင်း လုပ်ငန်းအပေါ် ပြန်လည်ဆင်ခြင်သော အရေးအသားမျိုးတွေလည်း သူ့ဆီကနေ ထွက်လာသည်ကို သတိထားမိသည်။

‘တစ်ခါတလေတော့လည်း ကိုယ်ဖြတ်သန်းခဲ့သော၊ ကျင်လည်နေသော ဘဝပတ်ဝန်းကျင်ကို ပြန်ငေးရင်း ဝင်လာတတ်သော အတွေးတချို့ ရှိသည်။ နိုင်ငံရေးလောကထဲတွင် ကွယ်လွန်ချိန်ထိအောင် ကျင်လည်ရင်း ဖိနှိပ်ခံရ၊ ဖမ်းဆီးနှိပ်စက်ခံရ၊ ထောင်ချခံရသည့် ကြားမှ ယုံကြည်ရာလမ်းပေါ်မှာ ဆင်းရဲပင်းပန်ကြီးစွာဖြင့် မယိုင်မလဲ လျှောက်ရဲခဲ့သော အတိုက်အခံ နိုင်ငံရေးသမားတွေကို တွေ့ခဲ့ဖူးသည်။ စာပေလောကမှာ ကျင်လည်ရင်း မဖြစ်စလောက်သော စာမူခလေးကို ထည့်မတွက်ဘဲ ဝါသနာပါရာလမ်းပေါ်မှာ ဆင်းရဲပင်ပန်းကြီးစွာဖြင့် လောကဓံ၏ အထုအထောင်း အနှိပ်အစက်ကို ခံရင်း ကွယ်လွန်သည်အထိ မယိုင်မလဲ လျှောက်ရဲခဲ့သော စာရေးဆရာတွေ၊ ကဗျာဆရာတွေကို တွေ့ခဲ့ဖူး၊ ကြားသိခဲ့ ရဖူးသည်။ သူတို့၏ ဘဝနှင့် ရပ်တည်ချက်တွေကို လေးစားတန်ဖိုးထားရင်း အားကျခဲ့ဖူးသည်။ တစ်ချိန်တည်းမှာပဲ ထိုပုဂ္ဂိုလ်များသည် ယုံကြည်ချက်ကျိန်စာ သင့်နေသူတွေ၊ ဝါသနာကျိန် စာသင့်နေသူတွေများလားဟုလည်း အတွေးဝင် ခဲ့ဖူးသည်’ ( ဦးဦးဖျားဖျားပြောချင်သောစကား/ စာ ၈)

သူကိုယ်တိုင် အစောပိုင်းနှစ်တွေတုန်းကလို စာရေးခြင်းလုပ်ငန်းအပေါ် အာရုံပြည့် မစူးစိုက်နိုင်ဘဲ မဂ္ဂဇင်းအချို့၊ ဂျာနယ် အချို့မှာ အယ်ဒီတာဝင်လုပ်ရင်း တည်းဖြတ်မှုထဲ နစ်ဝင်သွားသည့် ကိုယ့်အဖြစ်ကိုယ် ပြန်လည်ဆန်းစစ်ရင်း ‘အယ်ဒီတာ အလုပ်က စာရေးဆရာ၏ သင်္ချိုင်း’ ဆိုသော စကားကို တွေးမိနေသော အချိန်တွေပါပဲ။ တစ်ဖက်မှာ ကြည့်ပြန်လျှင်လည်း အယ်ဒီတာစားပွဲတွင် ထိုင်ရင်းက စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ရေးသွား၊ ထုတ်ဝေသွားနိုင်ခဲ့သော ရွှေဥဒေါင်း၊ လူထုဦးလှ၊ ဗန်းမော်တင်အောင် စသူတို့၏ အားထုတ်နိုင်မှုကို တွေးမိပြန်သည်တွင် ကိုယ့်ဘာသာကိုယ် ပြန်၍ မချင့်မရဲ ဖြစ်မိပြန်၏။ သို့ဖြစ်ရာ မိမိကရော ကိုယ်စိတ်ဝင်စား၍ ရွေးချယ်ခဲ့သော အလုပ် (စာပေရေးသားခြင်း) အပေါ် ဘယ်လောက်များ လေးနက်ခဲ့ပါသလဲဆိုတာ ပြန်လည် ဆန်းစစ်စရာ ဖြစ်လာသည်။ သူလေးစား တန်ဖိုးထားခဲ့ နိုင်ငံရေးသမား၊ စာရေးဆရာများ၏ အလုပ်ကို သုံးသပ်ဆင်ခြင်မိနေခြင်းဖြစ်ပါသည်။

‘…သေချာသည်ကတော့ ထိုပုဂ္ဂိုလ်များသည် လူ့အဖွဲအစည်း တိုးတက်မြင့်မားလာရေး၊ လောကကြီး၏ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာရေးအတွက် ယုံကြည်ရာ၊ ဝါသနာပါရာ လမ်းမပေါ်မှာ မဖောက်မပြန် မယိုင်မလဲဘဲ ခပ်ရဲရဲကြီး လျှောက်ခဲ့သူများ ဖြစ်သည်ဆိုတာကတော့ ငြင်းမရ။

‘သူတို့လျှောက်မည့်လမ်းက ကြီးပွားချမ်းသာ၍ စည်းစိမ်ပဒေသာပင်ပေါက်သည့် လမ်းမျိုးမဟုတ်မှန်း၊ အာဏာလက်ညိုး ညွှန်ရာအရပ်မှာ ငွေတောင်တန်းတွေ ချက်ချင်းပေါ်လာမည့် လမ်းမျိုး မဟုတ်မှန်း၊ ပန်းမွေ့ရာ ရွှေကောဇောနှင့် အခြွေအရံ ပေါများဝန်းရံနေမည့်လမ်းမျိုးမဟုတ်မှန်း သိကြပါလျက်နှင့် လူ့အဖွဲ့အစည်း ကောင်းစားရေး၊ လူသားတို့၏ ယဉ်ကျေးမှု ရေချိန် မြင့်မားလာရေးအတွက် ဤမည်သော ခယောင်းလမ်း၊ ဆူးခင်းလမ်း၊ မညီညာမပြေပြစ်သောလမ်းတွေကို၊ အမှောင်လွှမ်းသော လမ်းတွေကို ရွေးချယ်လျှောက်လမ်းရဲခဲ့ကြသည်။ တစ်ကိုယ်စာ ကောင်းစားရေးထက် လူ့အဖွဲ့အစည်း ကောင်းစားရေး ပန်းတိုင်ဆီသို့ ဦးတည်ရဲခဲ့ကြသည်။ သူတို့တွေထဲမှာ တချို့က လူသိထင်ရှားဖြစ်ခဲ့သည်။ တချို့ကတော့ မထင်ရှား မကျော်ကြားသော အညတရဘဝများဖြင့်။

‘ဘယ်လို ဘဝမျိုးဖြင့် ရှိနေစေကာမူ ထိုသို့သော ပုဂ္ဂိုလ်များကို လူ့အဖွဲ့အစည်းဝင်များက တန်ဖိုးထားတတ်ဖို့ လိုမည်။ ကာယကံရှင်များကိုယ်တိုင်ကတော့ သူတို့ကို တန်ဖိုးထားပေဖို့၊ မှတ်တမ်းတင်ထားပေးဖို့ တွေးလိမ့်မည်မဟုတ်။ တောင်းဆိုလိမ့််မည်မဟုတ်။ ဒီခေတ်မှာ လူလာဖြစ်ချိန်တွင် သူနေသော ခေတ်နှင့်အနာဂတ်ကို အကောင်းတွေ အသစ်တွေနှင့် လှပတင့်တယ်စေချင်သော အရင်းခံစိတ်ဖြင့်သာ ခေတ်ဝေဒနာ၏ တာဝန်ကို ကျေပွန်နိုင်သမျှ ကျေပွန်အောင် ထမ်းဆောင် ခဲ့ခြင်းဖြစ်သည်ဟု ပြောပေလိမ့်မည်။ ဒါကတော့ ခေတ်ဆိုး ခေတ်ကျပ်ကို ဖြတ်သန်းရသော အခါမျိုးတွေမှာ ရှိနေတတ်၊ တွေ့ရတတ်သော စွန့်လွှတ်စွန့်စားရဲသူတို့၏ သမိုင်းများလည်း ဖြစ်သည်မဟုတ်လား” 

(၎င်း / စာ )

ဆင်ခြင်သုံးသပ်ရင်း ထိုပုဂ္ဂိုလ်ကြီးများ၏ ခြေဖျားကိုပင် မိမိမှာ မမီနိုင်ကြောင်းလည်း စာရေးသူက ဝန်ခံထားသည်။ စာအရေးကျဲနေသည့် ကာလအတွင်း ထုတ်ဝေသူအချို့က စာမူလာတောင်းသောအခါ သူ့မှာ ပေးစရာမရှိ။ စာနယ်ဇင်းတွေမှာ ရေးခဲ့ပြီးသမျှကလည်း စာအုပ်စုစည်းမှုတွေထဲမှာ အတော်အတန် ထည့်သွင်းခဲ့ပြီး ဖြစ်သည်။ ထုတ်ဝေသူက ရေးခဲ့ပြီးသမျှတွေထဲက တစ်အုပ်စာရအောင် စီစဉ်ပေးဖို့ တိုက်တွန်းလေသည်။ သို့နှင့် ‘ကျွန်တော်က စစ်အာဏာရှင် ငြင်းဆန်ရေးသမား’ စာအုပ်ဖြစ်ပေါ်လာသည်။

စာမူတွေက ပါပြီးသားတွေ ဖြစ်သည်။ ‘ဘဝသစ်တစ်ခု၏ နိဒါန်း’ သည်  စာရေးသူ၏ ရှစ်အုပ်မြောက်စာအုပ်  ဘဝသစ်တစ်ခု၏ နိဒါန်းနှင့် နောက်ဆက်တွဲ နှစ်ကာလများ’၏ အခန်းတစ်ခန်းဖြစ်သည်။ ‘နေရစ်တော့မန္တလေးထောင်’ စာမူကလည်း ပါပြီးသား။ ‘ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ’ စာမူက ‘နှလုံးသားမှာနှင်းများလာရိုက်ခတ်’ စာအုပ်တွင် ပါဝင်ခဲ့သည်။ ‘ဦးခင်ညွန့်ပြောတဲ့ ပါးကွက်သားဆိုတာ တကယ့်လက်မရွံ့လူသတ်သမား’ ဆိုသော စာမူက ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် လျှပ်တပြက်ဂျာနယ်အင်တာဗျူးကို စာရေးဆရာသုံးလေးဦး စုပေါင်းရေးကြသည့် ‘တုံ့ပြန်ချက်’ စာအုပ်ထဲတွင် ပါဝင်ခဲ့ပြီး ဖြစ်သည်။ စစ်ထောက်လှမ်ရေး ဗိုလ်ချုပ်ကြီးဟောင်း၏ ပြောကြားချက်တွေအပေါ် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီစစ်ဆေးခြင်းကို ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက  တုံ့ပြန်ချေပချက်တွေက စိတ်ဝင်စားစရာ ကောင်းပါသည်။ မိတ်ဆက်သဘော ဖော်ပြချင်သော်လည်း အကြောင်းအရာများက တစ်ခုနှင့်တစ်ခု ဆက်စပ်နေသဖြင့် ကောက်နုတ်တင်ပြရန် ခက်ပါသည်။ အကြောင်းတိုက်ဆိုင်သောအခါ စာဖတ်သူတွေကိုယ်တိုင် ဖတ်ကြည့်စေချင်ပါသည်။

စာရေးသူကိုယ်တိုင် ရွေးချယ်ဖော်ပြခဲ့သော စာမူငါးပုဒ်ကို ဖတ်ကြည့်ရင်း စာရေးသူသည် သူပြောသလို စစ်အာဏာ ငြင်းဆန်ရေးသမား ဟုတ်၏ မဟုတ်၏ အကဲဖြစ်နိုင်ကောင်းပါရဲ့။

 

၁၄။ ကံ့ကော်ဝတ်မှုန်မိုး နှင့် ဝတ္ထုတိုများ

[ပထမအကြိမ်၊ ခဝါလှေမွန်စာပေဩဂုတ်၊ ၂၀၁ခုနှစ်]

ဆောင်းပါးနှင့် ရသစာတမ်းများရေးသူ၊ တစ်နည်းအားဖြင့် နိုင်ငံရေးဆောင်းပါးများ အရေးသန်သူအဖြစ် နောင်ကျော်ကို စာဖတ်ပရိသတ်က သိကြသည်။ တဖက်က နိုင်ငံရေးအကြောင်းအရာတွေကို အစဉ်တစိုက် ဒေါင်းတိမောင်းတိ ရေးသားလျှက်ရှိသလို တစ်ဖက်မှာလည်း ရသအရေးအသားကို ပစ်ပစ်ခါခါမလုပ်။ တစ်ခါတလေ နိုင်ငံရေး အတွေးအမြင် ဆောင်းပါးအချို့မှာပင် ရသဓာတ်က စိုစွတ်နေတတ်သည်။ သူ၏ ရသစာတမ်းများကို ဂရုစိုက်ဖတ်သူအချို့ကဆိုလျှင် သူ့ကို တော်တော် လွမ်းနိုင်သူ၊ လွမ်းလွန်လွန်းသူအဖြစ် ရည်ညွှန်းပြောဆိုကြသည်ကို တွေ့ရဖူးသည်။ သူသည် ရသစာတမ်းတွေတင်မက၊ ရသဝတ္ထုတိုအချို့ကိုပါ ရေးခဲ့သူ ဖြစ်ကြောင်းကိုကား သိသူ သိပ်မရှိလှ။ ဝတ္ထုတိုအရေးအဖွဲ့ နည်းပါးသဖြင့် ဝတ္ထုရေးဆရာဟု စာပေအသိုင်းအဝိုင်းကလည်း သိမှတ်ကြလိမ့်မည် မဟုတ်ပါ။

နှစ်ပေါင်းများစွာ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့အပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းကာလများတွင် စာနယ်ဇင်းများ အပြိုင်းအရိုင်းပေါက်ထွက်လာသည်။ နေ့စဉ်သတင်းစာတွေလည်း ထုတ်ဝေနိုင်ပြီ။ ထိုအခါ နှစ်ပေါင်းများစွာ ရေးခွင့် မရခဲ့သည့် နိုင်ငံရေးဆောင်းပါးတွေ ရေးသူကလည်းရေး၍ ဖတ်သူတွေကလည်း စိတ်ဝင်စား တက်ကြွစွာ လက်ခံအားပေး ဖတ်ရှုခဲ့ကြသည်။ နိုင်ငံရေးနောက်ခံကားရှိသော နောင်ကျော်အဖို့လည်း အစပိုင်း (စာပေစိစစ်ရေးမဖျက်သိမ်းရသေးမီ) ကာလတွင် စာပေသမိုင်းဆိုင်ရာ ဆောင်းပါးများ၊ ဘဝအတွေးအမြင်ရသစာတမ်းများကိုသာ ရေးသားနေရာမှ တစ်စတစ်စ နိုင်ငံရေးဆောင်းပါးများ ရေးသူဖြစ်လာသည်။ အပတ်စဉ် ထုတ်ဝေနေသော ဂျာနယ်အများစုကလည်း နိုင်ငံရေးအသားပေး ဂျာနယ်တွေဖြစ်သည်။ အစွမ်းအစရှိပြီး စာဖတ်ပရိသတ်၏ အသိအမှတ်ပြုမှုကို ရရှိထားသော နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးအဖို့ သူ့ထံတွင် စာမူတောင်းခံသည့် ဂျာနယ်တွေ ဝိုင်းဝိုင်းလည်နေခဲ့သော ကာလပေကိုး။

နိုင်ငံရေးဆောင်းပါးရှင်ဘဝတွင် တသွင်သွင်ကလောင်နှင်နေရင်းက စာရေးသူ နောင်ကျော်အဖို့ ရသအရေးအသားဘက် စိတ်ပြန်လည်လာသော ကာလမှာ ၂၀၁၇- ၂၀၁၈ ခုနှစ်တစ်ဝိုက်တွင်ဟု ဆိုနိုင်သည်။ ဝတ္ထုတွေ ရေးချင်ကြောင်းကို သူနှင့် ရင်းနှီးနီးစပ်သူများကို ပြောပြတတ်သည်။ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ယဉ်နှင့် ဖြစ်ချင်ခဲ့သည်မှာ ကဗျာဆရာ၊ ဝတ္ထုရေးဆရာ၊ စာပေဝေဖန်ရေးသမား၊ နိုင်ငံရေး(တော်လှန်ရေးသမား)ဟု သူ့စာတစ်ပုဒ်ထဲမှာလည်း ရေးခဲ့ဖူးသည်။ ထိုဘဝမျိုးရဖို့အတွက် လေ့လာရေး၊ လေ့ကျင့်ရေးတွေလည်း အတော်အတန် လုပ်ခဲ့ဖူးသည်။ ကဗျာကိုလည်း တိမ်းညွှတ်သည်။ ကဗျာဆရာကြည်အောင်၏ ကဗျာများကို လေ့လာအကဲဖြတ်ပြီး မဟာဝိဇ္ဇာကျမ်းပင် ပြုစုခဲ့ဖူးသည်။ ကိုယ်တိုင်လည်း ကဗျာရေးသည်။ ဝတ္ထုရေးသည်။ ရှစ်လေးလုံးအရေးတော်ပုံ ပေါက်ပေါက်စဉ်ကာလအတွင်း နောင်တစ်ချိန် ဝတ္ထုရေးမည်ဟု စိတ်ကူးကာ အရေးတော်ပုံကြီးကို ဘက်စုံထောင့်စုံကနေ လှည့်ပတ်ကြည့်ရှုခဲ့ဖူးသည်တဲ့။

အခြေအနေပေး၍ စာပြန်ရေးဖြစ်တော့ နိုင်ငံရေးဘက် အားသန်နေသည့်တိုင် တစ်ခါတလေလည်း ကိုယ်ရေးချင်သည့် ဝတ္ထုတိုလေးတွေ ကြိုးစားရေးရင်း စာနယ်ဇင်းတွေမှာ ပုံနှိပ်ဖော်ပြခံရဖူးသည်။ ဝတ္ထုတို (ဟု သူသတ်မှတ်သော) စာမူခုနှစ်ပုဒ်ကို စုစည်းလိုက်သောအခါတွင် ‘ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ’ ဟူသော စာအုပ်ကလေးဖြစ်လာသည်။ ဝတ္ထုတိုအရာမြောက်သည် မမြောက်သည်ကတော့ ဝေဖန်ရေးဆရာနှင့် စာဖတ်သူတို့ကသာ ဆုံးဖြတ်ရမည့် အလုပ်ဖြစ်သည်။

‘… အခု စာဖတ်သူလက်ထဲ ရောက်နေတဲ့ ဝတ္ထုတိုစာအုပ်လေးဟာ အနုပညာအရ ဝတ္ထုတိုလို့ ပြောဖို့ အားနည်းနေသေးတယ်ဆိုရင်လည်း ထပ်ကြိုးစားပါဦးမယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ စာဖတ်သူတို့ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်ကြီးရဲ့ ခေတ်ပြိုင်ခံစားမှုကိုတော့ အတိုင်းအတာ တစ်ခုထိ ပေးနိုင်စွမ်း ရှိလိမ့်မည့်လို့ ယုံကြည်ပါရစေ’  (စာ ၈ ) ဆိုပြီး စာရေးသူကလည်း သူ့ဝတ္ထုတိုလေးတွေနှင့် ပတ်သက်ပြီး စကားခံထားသည်။ ဝတ္ထုတိုလေးတွေက စာပေစိစစ်ရေးရှိစဉ်က လွတ်အောင် ရေးခဲ့ရသည့်အတွက် အချို့ ဝေ့ဝိုက်ထားထားလွန်းလို့ နားလည်ရခက်တာတွေလည်း ရှိပါလိမ့်မယ်တဲ့။

တစ်ခုတော့ ပြောစရာရှိသည်။ ‘ငယ်ဘဝအိပ်မက်တွေကို မေ့ပစ်လိုက်ရမှာလား’ အမည်နှင့် ရေးသော စာမူမှာ ၂၀၁၄ ခုနှစ်က ထုတ်ဝေခဲ့သော ‘နှလုံးသားမှာနှင်းများလာရိုက်ခတ်’ ရသစာတမ်းများ စာအုပ်ထဲတွင် ပါဝင်ခဲ့ပြီးဖြစ်သည်။ ယခုဝတ္ထု ခေါင်းစဉ်အောက်တွင် ပြန်လည်ဖော်ပြထားသည်ကမူ မဖြစ်သင့်ဟု ထင်ပါသည်။ ရသစာတမ်းအနေနှင့်ပဲ ရှိနေစေချင်သည်။ ဘာကြောင့် ဝတ္ထုစုစည်းမှုထဲ ရောနှောပါသွားသလဲတော့ မပြောတတ်ပါ။

တရားသူကြီးဘဝမှ နိုင်ငံရေးအကျဉ်သားတစ်ဖြစ်လဲ ကဗျာဆရာ ခွန်းခ၏ ဘဝတစ်စိတ်တစ်ပိုင်းကို အခြေတည်ပြီးရေးသော ‘မီးခိုးဖြူဖြစ်သွားသော အတ္တမဲ့အလင်းကလေးတစ်မျှင်’ ဆိုသည့် ဝတ္ထုကတော့ ရင်ထဲရောက်စေမည့် ဝတ္ထုတစ်ပုဒ်ဟု ညွှန်းချင်ပါသည်။ ဝတ္ထုဆိုတာထက် လူတစ်ယောက်၏ ကြေကွဲဖွယ်ဘဝတစ်စိတ်တစ်ပိုင်းဟုပင် ဆိုချင်သည်။ နိုင်ငံရေးမှုဖြင့် ထောင်ကျ၊ ထောင်မှ လွတ်တော့ ခြေတစ်ဖက် ဖြတ်လိုက်ရသည်။ အရက်စွဲနေပြီး ရန်ကုန်မြို့က လမ်းမတွေပေါ်မှာ ချိုင်းထောက်ဖြင့် လေ့လွင့်နေသည့် ကဗျာဆရာတစ်ဦး၏ ပုံရိပ်။ နောက်ဆုံးတွေ့ရတော့ စံရိပ်ငြိမ်က လူမနေတော့သည့် ထရံကာ အဆောင်ကလေးတစ်ခုထဲမှာ။ ကုတင်ပေါ်မှာ ပက်လက်။ နံရံမှာ ချိုင်းထောက်တစ်ချောင်း။ ကုတင်ခြေရင်းမှာ ဖိနပ်ကလေးတစ်ဖက်။ ခြေတစ်ဖက်ပြတ်နေသူအတွက် ဖိနပ်က တစ်ဖက်ပဲ လိုတာလေ။

ရဲဘော်ရင်းမိတ်ဆွေအချို့ စောင်မကူညီမှုကြောင့် ဆေးရုံကြီးပေါ်မှာ အရိုးပေါ်အရေတင် ဖြစ်နေသော နိုင်ငံရေး အကျဉ်းသားဟောင်း ကဗျာဆရာ။ လောကဓံ၏ အထောင်းအထု အတွန်းအတိုက်တွေကြားမှာ အရက်ကို အကာအကွယ် ယူခဲ့သူ တစ်ဦးအတွက် နောက်ဆုံးအချိန်။ ‘ကျွန်တော့်ကို အရက်မသောက်ဖို့ မတားပါနဲ့ ကိုဌေးသိန်းရာ’ ဟု လေသံယဲ့ယဲ့ဖြင့် ပြောနေသည်။ ဇူလိုင်မိုးစက်တွေ အငြိုးကြီးနေသော တစ်မနက်မှာ လူ့လောကထဲက ထွက်သွားသည်။ ထို့အကြောင်းကို နင့်နေအောင် ရေးတတ်နိုင်စွမ်းရှိသည်။ လူသိပ်မသိသေးသော ခွန်းခ၏ ကဗျာစာသားအချို့ကလည်း ဝတ္ထုထဲတွင် အသံမြည်လျက်ရှိသည်။

ဤစာအုပ်မှာ ပါဝင်သည့် ဝတ္ထုတိုလေးများကို ဖတ်ရင်း နောင်ကျော်ကို ဝတ္ထုရေးဆရာတစ်ဦးဟု အသိအမှတ်ပြုနိုင်လောက်သည် မပြုနိုင်လောက်သည်ဆိုတာတော့ စာဖတ်သူတို့၏ အဆုံးအဖြတ်တွင်သာ တည်ပါလိမ့်မည်။   

 

၁၅။ တခါတုန်းက နှင်းဝတ်မှုန်မိုး

[ပထမအကြိမ်၊ စာနဒီစာပေဩဂုတ်၊ ၂၀၁ခုနှစ်]

ဤဝတ္ထုကို ဖတ်ရင်း နိုင်ငံရေးစာပေတွေ အဆက်မပြတ်ရေးသားနေရာမှာ ရသဖန်တီးစာအဖွဲ့အနွဲ့ဘက်သို့ ယိမ်းလာသော စာရေးဆရာ နောင်ကျော်၏ အာရုံအပြောင်းအလဲကို မြင်လိုက်ရသည်။ သို့သော်လည်း သူသည် နိုင်ငံရေးစိတ် ‘ကဲ’သော စာရေးသူတစ်ဦးမျှသာ ဖြစ်နေသည့် အချက်ကိုမူ မဖျောက်ဖျက်နိုင်။ ဝတ္ထုထဲမှ ဇာတ်ဆောင် ‘ကျွန်တော်’ ထံတွင် စာရေးသူ၏ နိုင်ငံရေး ဝိဉာဉ်ပူးကပ်လျှက်ရှိသည်။

‘တခါတုန်းက နှင်းဝတ်မှုန်မိုး’ မှာ မဂ္ဂဇင်းဝတ္ထုရှည်တစ်ပုဒ်စာမျှသာ ရှည်လျားသော ဝတ္ထုဖြစ်ပါသည်။ အကြောင်းအရာက စာရေးသူကိုယ်တိုင်၏ ဘဝတစ်စိတ်တစ်ပိုင်းကို အခြေခံကာ အချို့နေရာများတွင် စိတ်ကူးနှင့် ဖြည့်စွက်ထားသည်ဟု ယူဆရသည်။ ဝတ္ထုလို့ ဆိုထားသည်ကိုး။ ထို့ကြောင့် ဒီဝတ္ထုထဲက အဖြစ်အပျက်တွေက တကယ့်အမှန်တွေလားဟု တစ်စုံတစ်ယောက်က မေးလာသော် ဖြေရခက်သည်။ အဖြစ်အပျက် အချက်အလက်အများစုကတော့ ဟုတ်သည်။ အချို့အကြောင်းအရာတွေက မဟုတ်ဘူးဟု ယတိပြတ်ဖြေလို့မဖြစ်နိုင်။ ဟုတ်ချင်လည်း ဟုတ်နေနိုင်သေး၏။ ကာယကံရှင်တွေသာ သိနိုင်မည်။

ဥပမာ ဝတ္ထုထဲက ‘ကျွန်တော်’ နှင့် နှင်းသိရိအောင် ဆိုသည့် အမျိုးသမီးတို့၏ ဆက်ဆံရေးက သူတို့နှစ်ဦး၏ လက်တွေ့ ဘဝမှာ တကယ်ဖြစ်ခဲ့တာလား။ ဖန်တီးသူ၏ စိတ်ကူးသက်သက်မျှလား။ အသိရခက်လှသည်။

ဇာတ်ဆောင် ‘ကျွန်တော်’ က နိုင်ငံရေးအကျဉ်းသားဘဝမှ လွတ်မြောက်လာပြီးနောက် သူ ဆရာအဖြစ် အလုပ်လုပ် ခဲ့ဖူးသော ရန်ကုန်တက္ကသိုလ်သို့ အလွမ်းပြေသွားကြည့်သည်အကြောင်းဖြင့် ဝတ္ထုကို စဖွင့်ထားသည်။ ကိုယ်နှင့်လားလားမျှ မဆိုင်တော့သော်လည်း တက္ကသိုလ်မှာ တစ်ခါတုန်းက သူနှင့် လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ ရှိနေသည်။ သူတို့ကို အကြောင်းပြုပြီး တက္ကသိုလ်က ဆရာကန်တော့ပွဲသို့ ရောက်သည်။ တစ်ခါတုန်းက အတန်းထဲမှာ သူ့တပည့် ဖြစ်ခဲ့ဖူးသည့် နှင်းသီရိအောင်နှင့် ပြန်ဆုံသည်။ အခုတော့ သူက တက္ကသိုလ်ဆရာမတစ်ဦးပင် ဖြစ်နေပြီ။

စာရေးဆရာက တဲ့တိုးမပြောသော်လည်း ‘ကျွန်တော်’ နှင့် နှင်းသီရိအောင်တို့က သံယောဇဉ်အဖွဲ့အနှောင် ရိုးရိုးရိပ်ရိပ်တော့ ရှိခဲ့ဖူးသူတွေမှန်း စာဖတ်သူက ရိပ်မိပေလိမ့်မည်။ ‘ကျွန်တော်’ အကျဉ်းထောင်ထဲ မရောက်မီ တက္ကသိုလ်ဆရာအဖြစ် ရှိနေစဉ် နှင်းသိရိအောင်နှင့် ကျွန်တော်တို့ နှစ်ဦးကြား ‘ဘာလိုလို’ ဖြစ်ခဲ့ကြပုံရသည်။ ဆရာနှင့်တပည့်ဆိုသည့် ကန့်လန့်ကာ စည်းခြားထားသဖြင့် အပြန်အလှန် တစ်ဦးသိက္ခာတစ်ဦး ထိန်းသိမ်းရင်းဖြင့် ‘ချစ်သူ’ အဆင့် မရောက်ခဲ့ကြတာတော့ သေချာသည်။  ဆယ့်ငါးနှစ်နီးပါးအကြာ ပြန်တွေ့ကြတော့ အခုတိုင် အပျိုကြီးတစ်ကိုယ်တည်းဘဝ နှင်းသီရိအောင် နှင့် ကျွန်တော်အကြား မေတ္တာတံတားလေးတစ်စင်း ရေးရေးပေါ်လာသယောင်။

ဒီလိုနှင့် တစ်ရက်မှာတော့ နှင်းသီရိအောင်က ‘ကျွန်တော်’ ကို သာကေတရှိ ရွှေပုဇွန်အအေးဆိုင်မှာ ချိန်းပြီး မေးခွန်းအချို့မေးသည်။ ဆရာအခု ထောင်ကထွက်လာတာ ကိုးနှစ်ရှိပြီ၊ အလုပ်အတည်အကျမဟုတ်တောင် ဝါသနာပါသည့် စာပေရေးသားမှုဖြင့် အသက်မွေးနိုင်နေပြီ။ ဆရာ့အသက်ကလည်း ငါးဆယ်ပြည့်ပြီးပြီဆိုတော့ အိမ်ထောင်ပြုဖို့ အစီအစဉ် ရှိ၊ မရှိ ဆိုသည့် မေးခွန်းကို မေးသည်။ နောက်ထပ် အရေးကြီးသည့် မေးခွန်းတစ်ခုက ‘နိုင်ငံရေးဆက်လုပ်ဖို့ ရှိသေးလား’။

‘ကျွန်တော်’ အဖို့ ဘဝဆိုတာ မမျှော်လင့်တာ ဖြစ်တတ်သမို့ အိမ်ထောင်ပြုဖို့ သဘောထားမရှိသလို အိမ်ထောင်ပြုမယ်ဆိုပြီး ဖူးစာဖက်ရှာဖွေရေး အစီအစဉ်လေး အခုထိ မရှိသေးဘူးဆိုပြီး နှင်းသိရိအောင်၏ ပထမမေးခွန်းကို ပြန်ဖြေသည်။ ဒုတိယမေးခွန်းအတွက်မူ စာရေးဆရာဘဝမှာပဲ ဆက်နေဖို့ စိတ်ကူးထားပြီး ပါတီနိုင်ငံရေး အာဏာနိုင်ငံ ရေးတွေနဲ့ မပတ်သက်ချင်တဲ့အကြောင်း၊ ဒါပေမဲ့ တရားမျှတတဲ့ အစိုးရတစ်ရပ် ဖြစ်ထွန်းလာဖို့ ပါတီနိုင်ငံရေးလုပ်နေတဲ့ လူကောင်းတွေကိုတော့ ဆက်ပြီး ထောက်ခံသွားမှာဆိုတာမျိုး အဖြေပေးသည်။ 

နှင်းသီရိအောင်က သိပ်ပြီး ဘဝင်မကျ။ သူမေးတာက ဆရာ နိုင်ငံရေးဆက်လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ဖြစ်သည်။ အာဏာနိုင်ငံရေးနှင့် မပတ်သက်ချင်သော်လည်း တိုင်းပြည်မှာ လွတ်လပ်မှုနှင့် ဒီမိုကရေစီထွန်းကားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် လုပ်ကြသည့် အလုပ်တွေကို ‘နိုင်ငံရေး’ ဟု ဆိုပါလျှင် ထိုနိုင်ငံရေးမျိုးကိုတော့ လိုအပ်လျှင် ဆက်ပြီး လုပ်နေရဦးမည်ဟု ‘ကျွန်တော်’က အဖြေပေးတော့ နှင်းသီရိအောင်၏ လှပတည်ကြည်သော မျက်နှာလေးမှာ မိုးတိမ်မည်းတွေ အုံ့ဆိုင်းလာသည်။ သူ့ မှတ်ချက်က ဒါဆို ဆရာ့အနာဂတ်ဟာ အကျဉ်းထောင်နဲ့ ပတ်သက်နေရဦးမယ် ထင်တယ်တဲ့။

“နှင်းသီရိရေ၊ အနာဂတ်ဆိုတာကို မျက်တောင်မွေး တစ်ဆုံးလောက်ပဲ လှမ်းကြည့်တတ်သူတွေ အတွက်တော့ ပြဿနာ မရှိပေမယ့် တိုင်းပြည်အနာဂတ်အတွက် အဝေးတစ်နေရာအထိ လှမ်းကြည့်ပြီး စိုးရိမ်ပူပန်တတ်သူ အားလုံးအတွက်ကတော့ သူတိုအနာဂတ်ဟာ ထောင်လည်း ဖြစ်နိုင်တယ်။ ကြိုးစင်လည်း ဖြစ်နိုင်တယ်။ စနစ်ဟောင်းကို ဖတ်တွယ်ထား ချင်သူတွေနဲ့ သူတို့ လက်ပါးစေတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကိုလည်း ခံရနိုင်တယ်။ ဒါဟာ အာဏာနိုင်ငံရေး၊ နေရာယူ နိုင်ငံရေးသမားတွေမဟုတ်တဲ့  တိုင်းပြည်အနာဂတ်ကောင်းရှိလာ၊ ဖြစ်လာရေးအတွက် နေရာနယ်ပယ် အသီးသီးက ဆောင်ရွက်နေ ဆောင်ရွက်ကြရမယ့် အမှန်တရားမြတ်နိုးသူတွေအတွက် ဆုလာဘ်ဖြစ်ပါလိမ့်မည်။ အဲ့ဒီလူတွေကလည်း များသောအားဖြင့် သူတို့အနာဂတ်ကို မှန်းဆကြည့်ပြီးသား လူတွေပါ။ အာဏာရရေး၊ နေရာရရေးသက်သက်လောက်ပဲ စဉ်းစားသူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားဆိုသူတွေကတော့ သူတို့ကို လူမိုက်တွေလို့ ထင်ကြမှာ။ တိုင်းပြည် မတည်ငြိမ်အောင် လုပ်သူတွေလို့ စစ်အာဏာရှင်တွေပြောခဲ့တဲ့ လေသံအတိုင်း စွပ်စဲတိုက်ခိုက်ကြတာကိုပါ ခံကြရဦးမှာလေ “   (စာ  ၇၅- ၇၆)

ထိုနေ့က နှင်းသီရိအောင် တက္ကစီပေါ် တက်သွားတော့ သူ လက်ပြကျန်ရစ်သည်။ နောက်ထပ် သုံးလခန့်အကြာမှာ နှင်းသီရိအောင်၏ သူငယ်ချင်း သင်းနွယ်ဦးနှင့် အမှတ်မထင် ဆုံသည်။ သူကလည်း ‘ကျွန်တော်’ ကို တွေ့ချင်နေတာ။ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း စကားပြောဖြစ်တော့ နှင်းသိရိအောင်က ‘ကျွန်တော်’ နှင့် အဆက်အသွယ်ပြန်ရကတည်းက တစ်ချိန်မှာ နှစ်ဦးပေါင်း ဘဝတစ်ခု ထူထောင်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးသည်တဲ့။ တစ်နေ့ဆီက ‘ကျွန်တော်’ထံမှ သဘောထားတွေ ကြားရတော့ နိုင်ငံရေးလုပ်မှာကို တားပိုင်ခွင့် မရှိတာ သူသိသော်လည်း ‘ဒီတစ်သက် ဆရာနဲ့သူ တကယ်ကို ဝေးသွားကြပြီ’ ဆိုသော ခံစားချက် နှင်းသိရိအောင်ဆီမှာ တကယ်ရှိနေခဲ့တာကို သင်းနွယ်ဦးထံမှ တစ်ဆင့် ‘ကျွန်တော်’ သိလိုက်ရသည်။ ‘ကျွန်တော်’ သူ့ကို အပြစ်မတင်ရက်ပါ။ သူ့လမ်းနှင့် ကိုယ့်လမ်းက တစ်ကမ္ဘာစီ ခြားခဲ့ပြီးသား။ ‘ကျွန်တော်’ နှင့် နှင်းအကြားမှာ နှင်းတံတိုင်းကြီးက ပိတ်ကွယ်လို့။ ရှိပါစေတော့ နှင်း။ 

‘တစ်ခါတုန်းက နှင်းဝတ်မှုန်မိုး’ ကို ဖတ်ပြီးသောအခါ ‘ကျွန်တော်’နှင့်အတူ နှင်းကန့်လန်ကာကြီးကို ငေးရင်း ရင်ထဲမှာ လွမ်းဆွတ် ကျန်ရစ်ရပါ၏။ အခုတော့ ဘယ်မှာများလဲ နှင်းရေ။

 

၁၆။ သမိုင်းတွင်တဲ့သူ သမိုင်းဝင်တဲ့လူ

[ပထမအကြိမ်၊ တိုးမြစ်စာအုပ်တိုက် ဇန်နဝါရီ၊ ၂၀၁ခုနှစ်]

မဂ္ဂဇင်းအသီးသီးမှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ရေးခဲ့သည့် လူပုဂ္ဂိုလ်ဆိုင်ရာ လေ့လာချက် ဆောင်းပါးများကို သီးခြားစုစည်းထားခြင်း ဖြစ်ပါသည်။ အထူးသဖြင့် လူပုဂ္ဂိုလ်ကို မျက်နှာဖုံးတင်၍ အထူးပြု ဖော်ပြသော ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာ ရေးခဲ့သည့် ဆောင်းပါးတွေက အများစုပါ။ စာရေးသူ၏ ယခင် ထုတ်ဝေပြီး စာအုပ်များထဲမှာ ဟိုတစ်ပုဒ် ဒီတစ်ပုဒ် ထည့်သွင်းခဲ့ပြီးသားတွေလည်း တွေ့ရသည်။ သို့သော် အခုလို အကြောင်းအရာတူ ဆောင်းပါးများကို တစ်စုတစ်ပေါင်းတည်း စုစည်းထားခြင်းအတွက် လေ့လာသူ၊ စာဖတ်သူများအဖို့ အကျိုးမယုတ်နိုင်ပေ။

တိုင်းပြည်ခေါင်းဆောင်၊ နိုင်ငံရေးသမား၊ ပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ အစရှိသည့် နယ်ပယ်အသီးသီးမှာ စာရေးသူကိုယ်တိုင် လေးစားလောက်ဖွယ်ရှိသူများ၏ ဂုဏ်ပုဒ်ကို ဖော်ထုတ်၍ စာရေးသူက လေ့လာတင်ပြထားသည်။ စာရေးသူကိုယ်တိုင် သတ်မှတ်ထားသည့် စံနှုန်းနှင့်ကိုက်ညီသည်ဟု ယူဆသော လူပုဂ္ဂိုလ် နှစ်ဆယ့်တစ်ဦးအကြောင်းဖြစ်သည်။ သို့ဆိုလျှင် စာရေးသူ သတ်မှတ်သော နှုန်းစံဆိုတာက ဘာလဲ။

ခက်တာက စာရေးသူကိုယ်တိုင်လည်း ငယ်ငယ်ဘဝ အတ္ထုပ္ပတ္တိစာပေတွေ ဖတ်မှတ်ပြီး လေးစား အားကျခဲ့ရသည့် လူပုဂ္ဂိုလ်အချို့အပေါ် စံနှုန်းတွေမှာ အသက်အရွယ်ကိုလိုက်၍ အပြောင်းအလဲ ရှိလာပါသည်တဲ့။ အသက်ကြီးလာတာနှင့်အမျှ လူပုဂ္ဂိုလ်တွေအပေါ် စံနှုန်းမြင့်မြင့်ထားပြီး ကြည့်တတ်လာသောအခါ အချို့ပုဂ္ဂိုလ်တွေက မြင့်လာသည့် စံနှုန်းတွေနဲ့ ကိုက်ညီနေတုန်းပဲ။ အချို့ကတော့ စံနှုန်းနှင့် မမီ။ ဒါပေမဲ့ သူတို့ကိုလည်း အထင်မသေးပါဟု စာရေးသူက ဆိုသည်။ လူပုဂ္ဂိုလ်နှင့်ပတ်သက်သော စာရေးသူ၏ သဘောထားကို အခုလိုလည်း ရေးခဲ့သည်။

‘…လူဆိုသည်မှာ ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်။ အားကောင်းချက်နှင့် အားနည်းချက်က လူတိုင်းမှာ ရှိသည်။ အားကောင်းချက်များပြီး၊ ရှိသော အားနည်းချက်က သူများကို ထိခိုက်နစ်နာစေချင်မျိုး မဟုတ်ခဲ့လျှင်တော့ ထိုအားနည်းချက်ကို နားလည်လက်ခံပြီး ခွင့်လွတ်ပေးနိုင်ဖို့ လိုအပ်မည် ထင်သည်။ အားနည်းချက် အသေးအမွှားကို ပုံကြီးချဲ့ပြီး အားကောင်းချက် ကြီးကြီးမားမားကို ပျောက်ကွယ်လွင့်ပါးအောင် မလုပ်သင့်။ အားကောင်းချက်ကိုပဲ ရွေး၍ အမွမ်းတင်ပြီး အားနည်းချက်ကို လူမမြင်အောင်၊ မသိအောင် ဝင်၍ ဖုံးကွယ်ထားတာမျိုးလည်း မလုပ်သင့်။ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လက်ခံထားဖို့၊ အသိအမှတ်ပြုထားဖို့ပဲ လိုမည်ထင်သည်။ လူကောင်းတစ်ယောက်၏ အားနည်းချက်ကလေးကိုပဲ ရွေးကာ အညှာကိုင်ပြီး  အနိုင်ယူချင်သော စိတ်ဓာတ်ဖြင့် အောက်တန်းကျခြင်းမျိုးကလည်း မကောင်း။ ဤသို့သော အမြင်သဘောထားမျိုးကို အသက်အရွယ်၊ အတွေ့အကြုံနှင့် ဆင်ခြင်စဉ်းစားခြင်းတွေဆီက ရခဲ့တာဖြစ်သည်။ လူမှုဆက်ဆံရေးမှာ သိမ်မွေ့ပျော့ပျောင်းပြီး ယုံကြည်ချက်မှာ ခိုင်မာမြဲမြံဖို့လိုသည်ဆိုတာကလည်း အတွေ့အကြုံမှ ရသော အသိတရား ဖြစ်သည်’   ( စာရေးသူအမှာစာ မှ-)

စာအုပ်ထဲတွင် ပါဝင်သည့် လူပုဂ္ဂိုလ်တွေက စာရေးဆရာနှင့် လူကိုယ်တိုင် သိကျွမ်းသူလည်း ပါဝင်သလို မသိမမီသည့် သမိုင်းထဲက ပုဂ္ဂိုလ်တွေအကြောင်းလည်း ပါဝင်သည်။ ထူးခြားမှုအနေနှင့် စာအုပ်စာတမ်း အထောက်အထားများအပေါ် အခြေပြု၍ လူပုဂ္ဂိုလ်များ၏ စိတ်ဓာတ်နှင့် အလုပ်ကို ချဉ်းကပ်တင်ပြခြင်းဖြစ်သည်။ အားကောင်းချက်ကို မီးမောင်း ထိုးသလို အပြစ်အနာအဆာ ရှိတာလေးတွေကိုလည်း လစ်လျုမရှု။ စာဖတ်သူ သိသင့်သည့်ဆိုလျှင် အစွဲကင်းကင်းဖြင့် ဝေဖန်ရေးလုပ်နိုင်ဖို့ ကြိုးစားထားသည်ကို တွေ့ရသည်။ သို့သော် အုတ်ဂူကို တံတွေးနှင့်ထွေးသော စာမျိုးတွေ မဟုတ်တာ သေချာသည်။

သခင်ကိုယ်တော်မှိုင်း၊ ရွှေဥဒေါင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဗိုလ်ချုပ်အောင်ဆန်း၊  သိန်းဖေမြင့်၊  ဒဂုန်တာရာ၊ ဗန်းမော် တင်အောင်၊  ညိုမြ၊ မန်းဝင်းမောင်၊ သခင်ဝတင်၊ သာဓု၊ တိုက်စိုး၊ သခင်နက်ဖေ၊ လေထီးအုန်းမောင်၊ သခင်ဖေဌေး၊ ကြည်အောင်၊ တင်မိုး၊ ဇော်ဇော်အောင်၊ ဦးမောင်ကို အစရှိသော ပုဂ္ဂိုလ်များအကြောင်း သူတို့ ရေးခဲ့ ပြောခဲ့တာတွေနှင့် သူတို့အကြောင်း ရေးခဲ့ ပြောခဲ့သည့် စာအုပ်တွေကနေတစ်ဆင့် လေ့လာမှုပြုထားသည်။ စာဖတ်သူတွေနှင့် အမြင်တူတာ ရှိသလို၊ မတူတာတွေလည်း ရှိပါလိမ့်မည်။ လူပုဂ္ဂိုလ်အချို့အပေါ် အမြင်သစ်ဖြင့် ကြည့်တတ် မြင်တတ်ဖြစ်လာတာမျိုးလည်း ဖြစ်နိုင်ပါသေးသည်။

 

၁၇။ သူ့ကဗျာတချို့ထဲမှာ ဒဂုန်တာရာကို ရှာကြည့်မိ

[ပထမအကြိမ်၊ တိုးမြစ်စာအုပ်တိုက်မေ၊  ၂၀၁ခုနှစ်]

ဒဂုန်တာရာကိုယ်တိုင် သူရေးခဲ့သော ကဗျာများအကြောင်း အတော်အတန် အကျယ်တဝင့် ရေးခဲ့သည်များရှိပါသည်။ ထိုစာမူများကို စုစည်း၍ ‘ကဗျာကိုတွေ့ရှိခြင်း’ အမည်ဖြင့်လည်း (ဒဂုန်တာရာကွယ်လွန်ပြီးမှ) စာအုပ်ထုတ်ဝေခဲ့ဖူးသည်။ ကဗျာဆရာကိုယ်တိုင် မိမိ ဖွဲ့နွဲ့သည့် ကဗျာအကြောင်း အတ္ထုပ္ပတ္တိကို ပြန်ရေးပြထားသဖြင့် ကဗျာဆရာကို ကဗျာရေးဖြစ်အောင် ဘာတွေက စေ့ဆော်နေသလဲဆိုတာကို အကဲခတ်ခွင့် လေ့လာခွင့်ရသည်။

အခုတစ်ခါ စာရေးဆရာနောင်ကျော်က ဒဂုန်တာရာကို သူ့ကဗျာတွေကတစ်ဆင့် ရှာဖွေဖို့ ကြိုးစားသည်။ ကဗျာဆရာ ကိုယ်တိုင် သူ့ကဗျာတွေကို ပြန်မြင်ပြန်တွေး သုံးသပ်ပြသည့် ရှုထောင့်နှင့်တော့ မတူ။ ဒါက အခြားသူတစ်ယောက်က ကဗျာဆရာ(ဒဂုန်တာရာ)ကို ဘယ်လိုမြင်သလဲ ဆိုသည့် အချက်ကို တွေ့ရမည်။ ကဗျာရေးဖွဲ့သူနှင့် ကဗျာဖတ်ရှုခံစားသူ နှစ်ဦး၏ ကဗျာတစ်ပုဒ်အပေါ် မတူညီတတ်မှုကိုလည်း တွေ့ရမည်။ ကဗျာဆရာက ဖွဲ့နွဲ့သူဘက်မှ အမြင်၊ ကဗျာဖတ်သူက ခံစားသူ၏ ရှုထောင့်။ ကွဲလွဲခြားနားမှုကို လေ့လာရသည်က စိတ်ဝင်စားစရာ ကောင်းသည်။

ကဗျာရေးသူ၏ သမိုင်းဖြတ်သန်းမှုနှင် ကဗျာဖတ်သူ၏ သမိုင်းဖြတ်သန်းမှု တူညီမှု ကွဲလွဲမှုအပေါ် မူတည်ပြီး ကဗျာရေးသူက ပေးတာကို ကဗျာဖတ်သူဘက်က ရလိုက်တာ ရှိနိုင်သလို အပြည့်အဝ မရလိုက်တာမျိုးလည်း ရှိပေမည်။ တစ်ခါတစ်လေ ကဗျာဖတ်သူက ကဗျာရေးသူ ပေးထားထက်ပင် ပိုပိုကဲကဲ ခံစားယူ တွေးတောယူလိုက်နိုင်သည် အခြေအနေတွေလည်း ရှိတတ်သည်။ ယခု စာရေးသူ နောင်ကျော်က ဒဂုန်တာရာကဗျာအချို့ကို ဖတ်ပြီး သူခံစားရတာနှင့် ကဗျာရေးသူ ပေးလိုတာကို နှိုင်းယှဉ်ပြီး ပြနိုင်ဖို့ ကြိုးစားတာ တွေ့ရသည်။ ကဗျာပေးသူက ဘာပြောချင်တာလဲဟု ခြေရာခံနိုင်ဖို့ ဒဂုန်တာရာ၏ ကဗျာတွေတင်မက စကားပြေအရေးအသားတွေကိုပါ ပူးတွဲပြီး ဖော်ပြထားသည်။

‘…ဒဂုန်တာရာ၏ အနုပညာဖန်တီးမှုတွင် ဘယ်လို ဒဿနကို အခြေခံသလဲ ဆိုတာကို မသိထားဘဲ လေ့လာလျှင် ဖန်တီးသူနှင့် လေ့လာအကဲဖြတ်သူကြားတွင် ကြီးမားသော ဒဿနပင်လယ်ကြီးက ခြားနေလိမ့်မည် ထင်သည်။ ဒဿနပင်လယ် ခြားနေမှတော့ သုံးသပ်ချက်တွေကလည်း ကမ်းတစ်ဖက်စီမှာ ရှိသွားနိုင်သည်ပဲ မဟုတ်လား’   (သုံးသပ်ချက်/ စာ ၁၅၁)

စာအုပ်အမည်ဖြစ်သော ‘သူ့ကဗျာတချို့ထဲမှာ ဒဂုန်တာရာကို ရှာကြည့်မိ’ ဆိုသည့်အတိုင်း ဒဂုန်တာရာ၏ အဇ္ဇတ္တကို ဖမ်းဆုပ်ပြနိုင်ဖို့ ကြိုးစားထားသည်။ အဘိဓမ္မာကို မီးမောင်းထိုးနိုင်ဖို့ အားထုတ်သည်။ ထို့အတွက် ဒဂုန်တာရာ၏ ကဗျာ အချို့ဖြစ်သော ‘အိုဘယ့်သုခမိန် အသို့နည်း’ ‘ကျွန်တော် တိုင်းပြည်အချစ်ဆုံး’ ‘ဝိုးတဝါးနွေဦး’ ‘အမှောင်ထဲမှ ခြေသံများ’ ‘ ပန်းနုရောင်အို’ ‘ချိုးဖြူသို့ ပန်ကြားချက်’ ‘လောကအမွန်’ ‘ခြောက်အိပ်မက်တရေးနိုးစ’  ‘အသုဘ’ ‘တီဟီတီ သွားရအောင်’ ‘လူ့သမိုင်းနှင့်ဖောက်ပြန်ရေးသမား’ ‘လွတ်ငြိမ်းခွင့်’ ‘ချယ်ရီကို ပြုပြင်ရခြင်း’ ‘မဟူရာနေကြာပွင့်’ ‘ငွေလှေပေါ်မှ အနမ်း’ ‘ထင်မိမှား’ ‘ရင်ထဲကခုန်’ ‘တောပိတောက်’ ‘သူမ၏ဂူသင်္ချိုင်း၌’ ‘ဘာကဗျာလဲ’  စသည့် ကဗျာများကို အခြေခံ၍ ဒဂုန်တာရာ၏ စာပေနှင့် နိုင်ငံရေးအတွေးအမြင် ဘယ်လိုရှိသလဲ ရှာဖွေကြည့်ခဲ့သည်။ ကဗျာတွေတင် မကပါ။ အခြားသော ဒဂုန်တာရာ၏ အရေးအသားများ၊ တွေ့ဆုံးမေးမြန်းခန်းတွင် ပြောကြားချက်များကိုပါ အခြေခံ၍ ဒဂုန်တာရာကို ရှာကြည့်ဖို့ ကြားစားခဲ့သည်။ တကယ်ရော ဒဂုန်တာရာကို‌ တွေ့လိုက်ပါသလား။

‘ဤစာအုပ်တွင် ပါဝင်သော ဆောင်းပါးတွေကို ဖတ်ပြီးသောအခါ ကျွန်တော့်၏အားထုတ်ခဲ့မှု တချို့ကို မြင်နိုင်လိမ့်မည် ထင်သည်။ ကျွန်တော်၏ အမြင်အတွေးနှင့် ခံစားမှတို့က စာဖတ်သူတို့နှင့် တူချင်မှလည်း တူမည်။ ကွာခြားတာတွေလည်း ရှိမည်။ လုံးဝသဘောမတူနိုင်တာတွေပါ ရှိနိုင်ပါသည်။ ပြဿနာဟု မယူဆပါ။ ကဗျာကို ချဉ်းကပ်ခံစားကြရာတွင် မြင်ပုံ၊ ခံစားပုံ ကွဲတတ်ကြသည်မှာ သဘာဝသာ ဖြစ်သည်ဟု ယူဆပါသည်။…ကဗျာက ပေးထားသည့် အမြင်နှင့် ခံစားမှုက ရှင်းရှင်းလင်းလင်း ရှိနေပါလျက်နှင့် မဆီမဆိုင် အကြောင်းပြချက်များဖြင့် လိုရာဆွဲပြီး တွေးပြ၊ ခံစားပြ၊ ချဉ်းကပ်ပြတာမျိုး မဖြစ်အောင်လည်း သတိထားပြီး ရေးခဲ့ပါသည်။ ဒဂုန်တာရာ၏ အဇ္ဇျတ္တကို စာဖတ်သူတွေက ဖမ်းဆုပ်မိကြမည်ဆိုလျှင် ရေးရကျိုးနပ်ပြီဟုသာ ကျေနပ်စိတ် ဖြစ်မိပါမည်’  ( နိဒါန်းစကားခပ်ပါးပါး မှ - )

သူ့ကဗျာတချို့ထဲမှာ ဒဂုန်တာရာကို ရှာကြည့်မိ’ စာအုပ်သည် ၁၀ မေ ၂၀၁၉ ခုနှစ်တွင် ကျရောက်ခဲ့သည့် ဒဂုန်တာရာနှစ်တစ်ရာပြည့်ကို ရည်ညွှန်း၍ ထုတ်ဝေခြင်းဖြစ်သည်။ မဂ္ဂဇင်းတွေတွင် ရေးခဲ့ပြီး ဆောင်းပါးများဖြစ်သည်ကို တွေ့ရပြီး၊ ယခု လုံးချင်းအဖြစ် စုစည်းထုတ်ဝေသောအခါ ဒဂုန်တာရာ၏ကဗျာများ လေ့လာချက်အပေါ် ခြုံငုံတင်ပြသည့် သုံးသပ်ချက်ဆောင်းပါးတစ်စောင်ကို အသစ်ထည့်သွင်းထားသည်။ သုံးသပ်ချက် နိဂုံးချုပ်တွင် စာရေးဆရာနောင်ကျော်က အခုလို ရေးခဲ့ပါသည်။

‘ယုံကြည်မှုကို သစ္စာဖောက်တတ်သော၊ ယုံကြည်မှုကို သစ္စာမဲ့နေကြသော၊ ယုံကြည်မှုကို ချနင်းကာ ဘက်ပြောင်းပြီး လုပ်စားနေကြသော ခေတ်ပြိုင်ကာလကြီးထဲတွင် ဆရာဒဂုန်တာရာကတော့ ‘ မိမိယုံကြည်မှုကို သစ္စာမရှိလျှင် ဘာတန်ဖိုးရှိတော့မှာလဲ’ ဟူသော ရဲဝံ့ပြတ်သားသော စကားကို ချစ်ထားရစ်ခဲ့ပါပြီ။

‘ဆရာဒဂုန်တာရာ၏ ဘဝတစ်သက်တာလုံးတွင် စွဲမြဲခိုင်မာစွာ ကိုင်စွဲခဲ့သော စာပေဒဿနနှင့် အနုပညာဒဿနတို့ အဓွန့်ရှည်စွာ တည်တံ့နိုင်ပါစေသတည်း။

‘ဆရာ့ဘဝ နောက်ဆုံးကာလတိုင်အောင် ခိုင်မာမြဲမြံစွာ ယုံကြည်မျှော်လင့်ရင်း ကြိုးပမ်း ဆောင်ရွက်ခဲ့၊ ရေးသား ပြောကြား တိုက်တွန်းခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးလည်း အမြန်ဆုံး ရနိုင်ပါစေသတည်း။

‘လက်နက်၊ အာဏာနှင့် အခွင့်အရေးဖြင့် စည်းရုံးထားသော နိုင်ငံရေးသည် လဲကျစ ပြုလေပြီ။ ဤနေရာတွင် တကယ့် လူထုအကျိုးဆောင်သော ဒီမိုကရေစီနိုင်ငံရေးအင်အားသစ်တရပ် ဝင်လာရပေမည်’ ဟူ၍ ဆရာဒဂုန်တာရာ တစ်ခါတုန်းက ရေးခဲ့ဖူးသလို  မြင်ကွင်းမျိုးလည်း ဗမာနိုင်ငံသူ နိုင်ငံသားတွေ မြင်ခွင့် ကြုံခွင့်ရပါစေသတည်း’  (စာ ၁၅၁-၁၅၂)

စာရေးဆရာ နောင်ကျော်သည် သူရှာဖွေခဲ့သော ဒဂုန်တာရာကို တကယ်တွေ့ခဲ့ပါသလော။ နောင်ကျော်သည် ဒဂုန်တာရာကို  ‘မိမိယုံကြည်ချက်အပေါ် သစ္စာရှိသူ’အဖြစ် မြင်ခဲ့လေသည်။ 

နောင်ကျော်သည် ပြီးခဲ့သည့် ၂၁ ဩဂုတ် ၂၀၂၅ တွင် ကွယ်လွန်ပြီဖြစ်သောကြောင့် ‘သူ့ကဗျာတချို့ထဲမှာ ဒဂုန်တာရာကို ရှာကြည့်မိ’ စာအုပ်သည် စာရေးဆရာ အသက်ထင်ရှားရှိစဉ်အတွင်း ထုတ်ဝေသည့် နောက်ဆုံး စာအုပ်တစ်အုပ်ဖြစ်ပါသည်။

စာရေးဆရာတစ်ယောက် ကွယ်လွန်သောအခါ သူအားထုတ်လုပ်ကိုင်ခဲ့သော အလုပ်များကို  စာရင်းချုပ်ကြည့်ရပါသည်။ သူသည် လူတစ်ယောက်အနေဖြင့် လူ့အဖွဲ့အစည်းတွင် မည်သို့ နေထိုင်အသက်ရှင်ခဲသလဲ။ စာရေးဆရာတစ်ဦးအနေနှင့် ဘယ်လို စာပေတွေ ရေးသွားသလဲ။ ဘယ်လို အတွေးအခေါ်တွေ ဖြန့်ချိခဲ့သလဲ။ ဘယ်လို စိတ်ဓာတ်အမွေတွေ ချန်ရစ်ထားခဲ့သလဲ။ စာရေးဆရာတစ်ဦးလည်း ဖြစ်သောကြောင့် သူ့ရေးခဲ့သော စာတွေကတစ်ဆင့် သူ၏ ရပ်တည်ချက်၊ ဘဝအဘိဓမ္မာကို လေ့လာနိုင်သည်။

သူရေးခဲ့သော စာတွေကတစ်ဆင့် နောင်ကျော်၏ နိုင်ငံရေးရပ်တည်ချက်၊ ဘဝအမြင်၊ လောကအမြင်ကို ဆင်ခြင် သုံးသပ်နိုင်ရပ်အလို့ငှာ ကျွန်တော်တို့သည် သူ့စာအုပ်တွေအကြောင်းကို အကျဉ်းချုပ်၍ မိတ်ဆက်သဘော ပြောခဲ့ပါပြီ။ ထိုသို့ ပြောရာတွင် စာရေးဆရာ၏ သဘောထားအမြင်များကို ထင်ဟပ်ပေါ်လွင်အောင် လွှမ်းခြုံသုံးသပ်နိုင်သည့် အခြေအနေမရှိပါ။ မိတ်ဆက်သဘောမျှသာ တင်ပြနိုင်ခဲ့သည်ကို ဝန်ခံလိုပါသည်။ နောင်ကျော် ရေးသားခဲ့သည့် စာအုပ်တစ်ဆယ့်ခုနစ်အုပ်ကို အကျယ်အပြန့် ဝေဖန်သုံးသပ်ဖို့ရာလည်း လွယ်ကူလှသည် မဟုတ်ပါ။

စရေးသားမှု ပြန်လည်စတင်သည့် ၂၀၀၅ ခုနှစ်မှ ကွယ်လွန်သည့် ၂၀၂၅ ခုနှစ်အထိ နှစ်ပေါင်း နှစ်ဆယ်အတွင်း စာရေးဆရာ နောင်ကျော် ရေးသားခဲ့သော စာမူပေါင်း အမြောက်အမြားရှိခဲ့ပါသည်။ ရေးခဲ့သမျှ စာပေလက်ရာများမှဦလည်း ရသအရေးအသားနှင့် နိုင်ငံရေးအတွေးအမြင်တွေသာ များပါသည်။ သူရေးခဲ့သော နိုင်ငံရေးစာပေများကို ဖတ်လျှင့် သူ၏ နိုင်ငံရေးနှင့် ယုံကြည်ချက်သဘောထားအမြင်ကို သိနိုင်ပါလိမ့်မည်။ သူရေးခဲ့သော ရသစာတမ်းတွေကတစ်ဆင့် သူ၏ ဘဝအမြင်ကို ခန့်မှန်းကြည့်၍ ရကောင်းပါသည်။ သူသည် လူတစ်ယောက်အနေနှင့် ဘယ်လို နေထိုင်ခဲ့ ယုံကြည်သွားခဲ့ သလဲ။

ကျွန်တော်တို့အနေနှင့် ‘လူတစ်ယောက်ရဲ့ တန်ဖိုးဆိုသာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်နိုင်ခဲ့သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ’ ဆိုသည့် ဗန်းမော်တင်အောင် ပြောခဲ့ဖူးသော  လူတစ်ယောက် တန်ဖိုးအကဲဖြတ်မှတ်ကျောက်ပေါ်တင်၍ ကွယ်လွန်သူ စာရေးဆရာ နောင်ကျော်ကို ချိန်စက် အကဲဖြတ်ချင်ပါသည်။ အခုလို အကဲဖြတ်မှုမျိုးကို နောင်ကျော်လည်း နှစ်သက်ကျေနပ်နိုင်မည် ထင်ပါသည်။

သို့ဆိုလျှင် နောင်ကျော်သည် တက္ကသိုလ်ဆရာဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စာရေးဆရာတစ်ဦးအနေဖြင့် သူဖြတ်သန်းခဲ့သော ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်သော သမိုင်းတာဝန်ကို မျက်ကွယ်မပြု၊ ခေါင်းမရှောင်ခဲ့။ တတ်နိုင်သမျှ ထမ်းဆောင်ဖို့ ကြိုးစားရင်း ငယ်ရွယ်နုပျိုမှုကို စတေးခဲ့သည်။ အလားအလာကောင်းသော တက္ကသိုလ် ဆရာဘဝကို စွန့်လွှတ်ခဲ့သည်။ ထို့အတွက် ငိုကြွေးမြည်တမ်းခြင်းလည်း မပြု။ ‘မှားလေခြင်း’ ဟု နောင်တတစ်ဖန် ပူပန်ခြင်းလည်း မရှိ။ လူ့အဖွဲ့အစည်းဝင် လူတစ်ဦးအနေနှင့် သူတတ်နိုင်သမျှ သမိုင်းတာဝန်ကို ထမ်းဆောင်ခဲ့ခြင်းအတွက် ဘာတွေများ နောင်တရစရာ ရှိမလဲ။

နောင်ကျော် ကွယ်လွန်သွားသောအခါ သူ့မှတ်စုထဲမှ သူရေးမှတ်ထားသော သူ့ခံစားချက် စာတိုစာစ လေးတစ်ပုဒ် တွေ့လိုက်ရသည်။ ၉ နိုဝင်ဘာ ၂၀၂၄ ရက်စွဲဖြင့် ရေးထားခဲ့ခြင်းဖြစ်သည်။

 

ဘဝနဲ့ ရင်းပြီး

ဖြစ်ချင်၊ ဖြစ်စေချင်တာတွေအတွက်

ကြိုးစားခဲ့ပါတယ်

မအောင်မြင်ခဲ့ပါဘူး၊

ကျွန်တော့်အတွက် မဟုတ်

လူ့အဖွဲ့အစည်း ကောင်းဖို့အတွက်

ဘဝပျက်ခဲ့ပေမယ့် နောင်တမရပါ။

 

ပြတ်သားတဲ့

မျိုးဆက်သစ်တွေ လမ်းက

ကိုယ့်လမ်းထက် ကြမ်းပါတယ်

ထိုင်ငေးပြီး အားကျမိရုံနဲ့

အတူလိုက်မလျှောက်နိုင်ခဲ့

လက်ခုပ်လေးပဲ တီးပေးနိုင်ပါတယ်။

ဒါ… မင်းတို့ခေတ်ပေါ့ လို့

စိတ်ထဲကနေ တာဝန်လွှဲပေးမိ

ရင်ထဲမှာတော့ မချိ

မင်းတို့အသံ၊ မင်းတို့အလံ

မင်းတို့ မာန်တွေ၊ အမှန်အကန်

အောင်ပွဲခံကြပါစေ။ 

  [ ၉ ၊ ၁၁၊ ၂၀၂၄ ]     

ဒါသည်ပင် ခေတ်ကြီးက ပုခုံးပေါ် တင်ပေးလိုက်သော သမိုင်းတာဝန်ကို ထမ်းခဲ့သူ လူကြီးတစ်ယောက်က ခေတ်သမိုင်းတာဝန်ကို ဆက်လမ်းထမ်းဆောင်သယ်ပိုးနေကြသော မျိုးဆက်သစ်တွေအတွက် ချန်ရစ်ခဲ့သော ‘အသံ’ တစ်ခု ဖြစ်ပါလိမ့်မည်။ ‘ဆန္ဒ’တစ်ခု ဖြစ်ပါလိမ့်မည်။

          ဘစီ

         ၂၆ စက်တင်ဘာ ၂၀၂၅

 

မှတ်စု

ဆရာနောင်ကျော်ရေးသားခဲ့ပြီးသမျှ စာအုပ် ဆယ်ခုနစ်အုပ်ကို ကျွန်တော် မိတ်ဆက်သဘောမျှသာ ပြောနိုင်ခဲ့ပါတယ်။ စာအုပ်အားလုံးကို ခြုံငုံပြီးပြောရတဲ့အတွက် လိုအပ်ချက်တွေ အများအပြားပဲ ကျန်နေမှာပါ။ ဒါကြောင့် စိတ်ဝင်စားသူတွေ အနေနဲ့ ဒီမှာ မိတ်ဆက်ခဲ့တဲ့ စာအုပ်တွေကို ဆက်လက်ဖတ်ရှုလေ့လာကြဖို့သာ မေတ္တာရပ်ခံချင်ပါတယ်။ စာအုပ်တစ်အုပ်ချင်း အကျဉ်းချုပ်ရေးတာတောင် စာမျက်နှာ အတော်များသွားတာမို့ စာဖတ်သူတွေ ငြီးငွေ့ကြမှာ စိုးရိမ်ပေမယ့် မတတ်နိုင်တော့ပါဘူး။ စိတ်တိုင်းကျရေးဖို့ တိုက်တွန်းပြီး၊ စာမူကိုလည်း စိတ်ရှည်လက်ရှည် စောင့်ပေးခဲ့တဲ့ အယ်ဒီတာ ဆရာမျိုးမြင့်ညိမ်းနဲ့ ‘ရွှေအသစ်’ အဖွဲ့သားများကို ကျေးဇူးတင်ရပါတယ်။ ဒီစာမူမှာ ချွတ်ယွင်း အားနည်းတာ၊ အမြီးအမောက်မတည့်တာတွေ တွေ့ခဲ့မြင်ခဲ့ရင် စာရေးသူ ကျွန်တော့်ရဲ့ ပေါ့ဆမှုများသာ ဖြစ်ပါတယ်။ စာရေးဆရာအမည်တွေရှေ့မှာ ‘ဆရာ’ ‘ဆရာမ’ စသဖြင့် မသုံးစွဲဘဲ ထားတာ အဂါဝရဖြစ်ရင်လည်း ခွင့်လွှတ်ပါ။  စာမူ နိဂုံးမှာ ဖော်ပြခဲ့တဲ့ ဆရာနောင်ကျော်ရဲ့ မှတ်စုစာအုပ်လေးထဲက စာသားတွေကတော့ ဘယ်သူမှ ဖတ်ခွင့်မရသေးပါဘူး။ အခု ရွှေအသစ် စာဖတ်သူတွေအတွက် ဖော်ပြပေးလိုက်တာပါ။ လက်ရှိ ခေတ်ကြီးထဲ ဆရာနောင်ကျော်ရဲ့ ခံစားချက်ကို တစ်စွန်းတစ်စ မြင်သိနိုင်ကြမယ် ယူဆလို့ပါပဲ။ 


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...