မောင်ဘစီ
၁။
မန္တလေးက စာရေးဆရာအချို့
ရန်ကုန်မြို့သို့ လာရောက်ပြီး စာအုပ်မိတ်ဆက်ပွဲ
လုပ်မည်၊ ဆရာ သိုက်ထွန်းသက်
ကွယ်လွန်ခဲ့သည့် ဇူလိုင်လတွင် အမှတ်တရအဖြစ်
သူ့အကြောင်း စာရေးဆရာ ရဲသျှမ်း ရေးသည့် ‘ဆင်တူရောင်ကွဲဂေါဝိန်’
ဆိုသော စာအုပ်ကို မိတ်ဆက်ကြမည်။ ထိုစာအုပ်နှင့်အတူ စာရေးဆရာမ
နှင်းဆီအောင်၏ ‘အမြဲတမ်းနှင်း’ ဝတ္တုစာအုပ်ကိုလည်း ပူးတွဲ မိတ်ဆက်မည်ဆိုသည့်
သတင်းကလေးရသည်တွင် ကျွန်တော်တို့ စိတ်ဝင်စားမိပါသည်။ ကာလပျက်ကြီးထဲတွင်
စာပေပွဲတစ်ခု လုပ်ရသည်မှာ လွယ်လှသည်မဟုတ်။ အထူးသဖြင့် မန္တလေးမှ ရန်ကုန်သို့လာပြီး
လုပ်သည့်ပွဲဆိုတော့ ရန်ကုန်မြို့ခံ ကျွန်တော်တို့က ရှောင်ဖယ်ဖယ်လုပ်နေလို့
တော်ပါမည်တဲ့လား။ သို့နှင့် စာအုပ် မိတ်ဆက်ပွဲသို့ ကျွန်တော်တို့
ရောက်ခဲ့ပါသည်။
အုတ်ခုံလှေကားမှ တက်ပြီး အခန်းဝသို့ အဝင်တွင် လူအချို့ မိုးတိုးမတ်တတ် ရပ်လျှက် စကားပြောနေကြသည်။ သူတို့ကို လွန်လိုက်လျှင် ပလတ်စတစ်ခုံ၊
သစ်သားခုံတန်းရှည် အစရှိသော ထိုင်ခုံများတွင် ထိုင်လျက် လူပရိသတ် သုံးလေးဆယ်ခန့်က အခန်းဝကို
ကျောပေးကာ သူတို့နှင့်မျက်နှာချင်းဆိုင်ရှိ
မတ်တပ်ရပ်စကားပြောနေသူထံမှ စကားသံများကို
အာရုံစူးစိုက်စွာ နားထောင်လျက်ရှိသည်။ ကျွန်တော်တို့ ရောက်သွားချိန်တွင် စကားပြောနေသူက
စာရေးဆရာ စိုးဘားဒိုင် ဖြစ်သည်။ သူ့လက်ထဲ၌ မိုက်ခရိုဖုန်းကို ကိုင်ထားသည့်တိုင် သူ့စကားသံသည်
သူ့ရှေ့မှ ပရိတ်သတ်ကို ကျော်၍ နောက်တန်းနားမှာ ရပ်နေသော ကျွန်တော့်တို့ထံ သဲကွဲစွာ
ရောက်မလာပါ။ ရှေ့ဆုံးတန်းရှိ လူအချို့မျှသာ ကြားကောင်း ကြားရလိမ့်မည်။ မကြားဘဲလည်း
ရှိနိုင်သည်။ စကားပြောသံသည် အခန်းထဲက ပရိသတ်ကို လွမ်းခြုံ ဖမ်းစားနိုင်ခြင်းမရှိ ဖြစ်ရသည်မှာ
စိုးဘားဒိုင် အသံနာနေလို့လည်း မဟုတ်၊ စကားပြော မကောင်းလို့လည်း မဟုတ်ပါ။ မိုက်ခရိုဖုန်းက
အသံ မထွက်သောကြောင့် ဖြစ်ပါသည်။
စာအုပ်အကြောင်း မိတ်ဆက်ပြောနေသူထံမှ
စကားသံကို အလုံအလောက် မကြားနိုင်သောအခါ နောက်ဘက်နားဆီတွင် မိုးတိုးမတ်တပ် ရပ်နေသော
လူစုသည် နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ
စုဖွဲ၍ အချင်းချင်း ပဋိသန္တာရစကား ဆိုကြလေတော့သည်။ စကားသံများသည် ခန်းမထဲတွင် လုံး၍
ထွက်လာပါသည်။ နဂိုက မိုက်ခရိုဖုန်းမကောင်းသဖြင့် ပင်ကိုယ် အသံကို အားပြုပြီး ပြောနေရသော
စာရေးဆရာများ၏ အသံကို လုံးဝမကြားရတော့ပါ။ စာရေးဆရာ ရဲသျှမ်း စကားပြောသည်တွင် နဂိုအသံ
အောင်သူမို့လား မသိ။ တစ်ချက်တစ်ချက်တော့
သူ့အသံကို ထိုင်ခုံနောက်နားဆီက ကြားရ သေးသည်။ သို့တိုင် မကြားရသည်ကသာ များသဖြင့် ဘာပြောနေမှန်း
နားမလည်တော့။ နောက်တစ်ယောက် စာရေးဆရာမ နှင်းဆီအောင် ပြောသည်။
မကြားရ။ စာရေးဆရာ သိုက်ထွန်းသက်၏ သမီးတစ်ဦးဖြစ်သူ ဒေါ်အေးမြနုက
သူ့ဖခင်အကြောင်း ခံစားမှုအပြည့်ဖြင့် ပြောသည်ကိုလည်း ရုပ်သာ လှမ်းမြေနေရပေ၏။ အသံကိုကား
သဲကွဲပီပြင်စွာ မကြားရချေ။
ထိုစဉ် စာအုပ်ဝယ်သူအချို့က နားထောင်သူ ပရိတ်သတ်ကို ကျော်ကာ၊ ရှေ့က စားပွဲတွင်
ထိုင်နေသော စာရေးဆရာများ ထံသို့ သွား၍ အမှတ်တရ လက်မှတ်ထိုးခိုင်းနေကြပြန်သည်။
ဘေးမှာ စကားပြောနေသူကလည်း ပရိသတ်ကြားအောင် ကြိုးစားပြီး ပြောနေသလို အခမ်းအနား အစီအစဉ်ကလည်း မပြီးပြတ်သေးပါဘဲ စာအုပ်လက်မှတ်ထိုး သူခိုင်းချင်သူတွေ
ရှေ့ဘက်ဆီသို့ တိုးတိုးလာနေသဖြင့် မြင်ကွင်းက ဖရိုဖရဲ ဖြစ်နေပါသည်။ အခမ်းအနားမှူးကလည်း
ပရိတ်သက်ကို ငြိမ်ကြပါလို့ တစ်ခွန်းမဆို။ အခန်းထဲက မိုးတိုးမတ်တပ်ပုဂ္ဂိုလ်အချို့ကလည်း
စင်ရှေ့က စကားပြောနေသူများကို တစ်ဆိတ် လေးစားသောအားဖြင့် တိုးတိတ်စွာ
နေပေးဖို့ရာ အာရုံမထား။ ရှိစေတော့။ ဘာမျှ နားထောင်လို့လည်း မရတော့မည့် အတူတူ ကျွန်တော်သည်
နောက်ဆုံးတန်းခုံတွင် ထိုင်၍ ဆရာသိုက်ထွန်းသက် အကြောင်းကို တွေးနေလိုက်ပါသည်။
၂။
ဆရာသိုက်ထွန်းသိုက်၏
ထိရှသော ဝတ္ထုအရေးအသားများကို နှစ်သက်ခဲ့မိသည်ကတော့ ကြာပါပြီ။ ဆရာနှင့် ရင်းနှီးသိကျွမ်းပြီးနောက်ပိုင်း
ကျွန်တော်တို့ မန္တလေးရောက်သည့်အခါတိုင်း ဆရာနေထိုင်ရာ
ဧရာဝတီမြစ်အနီးက ဧရာထွန်း တိုက်တန်း၊ လေးထပ်မြောက်ရှိ ဆရာ့အခန်းသို့ သွား၍ နှုတ်ဆက်ဖြစ်သည်။ သွားသည့်အခါတိုင်း ဆရာသည် သူ၏ ဝဖိုင့်သော
ခန္ဓာကိုယ်ကြီးကို ပလတ်စတစ် ထိုင်ခုံထဲတွင် မြုပ်နေအောင် ထိုင်ရင်း
စာရေးနေသည်နှင့် မကြာခဏ ကြုံရပါသည်။ စာသမား မိတ်ဆွေတွေလာလျှင် အလွန်ဝမ်းသာပြီး၊
စကားတွေ ဖောင်အောင် ပြောချင်တတ်သော စာရေး ဆရာတစ်ဦး။
တစ်ချိန်တုန်းက
ပိန်ပိန်ပါးပါး ရှိခဲ့သော ဆရာသည် ကျွန်တော်တို့နှင့် ရင်းနှီးသိကျွမ်းချိန်တွင် ဝဖိုင့်သော
ခန္ဓာကိုယ်ကြီးကို မနိုင်တနိုင် သယ်နေရသည့် အခြေအနေမှာ ရောက်နေပါပြီ။ ထသွား ထလာ မလွယ်သော
အနေအထားပါပဲ။ သို့တိုင် စာပေနှင့် ဆက်စပ်ရာ ပွဲတိုင်းလိုလိုတွင် ဆရာ့ကို တွေ့ရမြဲ။
မဖြစ်ဖြစ်အောင် သွားလေ့ရှိသည်ဟု ဆရာက ပြောပြဖူးသည်။ လွန်ခဲ့သည့် ခြောက်နှစ်(၂၀၁၉ နိုဝင်ဘာ)တုန်းက
ကျွန်တော်တို့သည် ဆရာ၏ “ဂျီဩမေတြီဂေါဝိန်” ဝတ္ထုတို စာအုပ်ကို ပထမအကြိမ်ထုတ်ဝေခဲ့စဉ်က
မူအတိုင်း ပြန်လည် ရိုက်နှိပ်ဖြစ်ခဲ့ပါသည်။ အဆိုပါ ဝတ္ထုတိုစာအုပ်နှင့်အတူ အခြားသော
မန္တလေးမြို့ခံစာရေးဆရာအချို့၏ စာအုပ်များလည်း ပါဝင်သည်။ ပြီးတော့ မန္တလေးမြို့တွင်
စာအုပ်ရောင်းပွဲနှင့်အတူ ရေးသူ ဖတ်သူ ဆွေးနွေးပွဲလေးလည်း လေးရက်တိုင် ပြုလုပ်ခဲ့သည်။
ဆရာသိုက်ထွန်းသက်သည် လေးရက်လုံးလုံး ရေးသူဖတ်သူဆွေးနွေးပွဲသို့ မငြီးမငွေ့ တက်ရောက်လာသည်ကို
ကြုံရဖူးသည်။ စာအုပ်အတွက် စာမူခ သွားပေးသောအခါ ဆရာသည် ကျွန်တော်တို့ကို ‘ကျန်းမာချမ်းသာစေဖို့’
ဆုမွန်တွေပင် ချွေလိုက်ပါသေးသည်။
နောက်ပိုင်းနှစ်များတွင်
ဆရာသည် ရသဝတ္ထုထက် သတင်းအချက်အလက်အခြေပြု ထင်မြင်ချက်ဆောင်းပါးများ အရေးစိပ်လာသည်ကို
တွေ့ရပါသည်။ ရေးအားလည်း အတော်လေးကောင်းပါသည်။ အမှတ်တရအနေနှင့် ကျွန်တော်က ဆရာ့လက်ရေးမူလေး
တစ်ခုလောက်ပေးဖို့ သူ့ အိမ်အရောက်စဉ် တစ်ခေါက်တွင်
တောင်းဖူးပါသည်။ ဆရာက ‘ဒါလေး များဗျာ’ ဟု ဆိုကာ သူ့ စာရေးစားပွဲခုံအောက်မှ ပလက်စတစ်အိတ်အကြည်ဖြင့်
ထည့်ထားသော လက်ရေးစာမူ တစ်ထပ်ကြီးကို ဆွဲထုတ်၍ ကျွန်တော့်လက်ထဲ
ထည့်ပါသည်။ ‘ရော့ အကုန်သာ ယူသွား’ တဲ့။ ဆရာက လက်ရေးဖြင့် စာရေးသည်။ စာမူကို ဓာတ်ပုံရိုက်ပြီး
ဖေ့ဘွတ်ခ် မက်ဆင်ဂျာမှတစ်ဆင့် ရန်ကုန်က သတင်းစာနှင့် ဂျာနယ်တိုက်များသို့
ပို့သဖြင့် သူ့ထံတွင် လက်ရေးစာမူတွေ အပုံလိုက်ကြီး ရှိနေပါသည်။
ဆရာသိုက်ထွန်းသက်သည်
ရက်ရောတတ်သူတစ်ဦးလည်း ဖြစ်ပါသည်။ သူ့အိမ်အလည်လာသူများကို အစားအသောက် တစ်ခုခုနှင့် ဧည့်ခံရမှ
ကျေနပ်လေ့ ရှိသည်။ အခုလေးတင် လက်ဖက်ရည်ဆိုင်က ထလာတာပါလို့ ပြောလည်း လက်မခံ။ သူ တိုက်ကျွေးသည့်
ကော်ဖီနှင့် မုန့်ကို စားမှ သဘောကျ ကျေနပ်သည်။ ကော်ဖီနှင့် မုန့်တင် ကပါရိုးလား။ ကျွန်တော်က
ဆရာ့ထံ ရောက်လျှင် သူ့အနီးရှိ စာအုပ်စင်မှ စာအုပ်များကို ကြည့်လေ့ရှိသည်။ သူက ‘ခင်ဗျား
ကြိုက်တဲ့ စာအုပ်ရှိရင် ယူသွားဗျာ’ ဟု ပြောတတ်သည်။ စာအုပ်နှင့် ပတ်သက်လျှင်တော့ ကျနော်တို့ကလည်း
အားမနာ လျှာမကျိုးပါပဲ။ ဆရာ့ စာအုပ်စင်မှ စာအုပ် သုံးလေးအုပ် တောင်းယူခဲ့ဖူးသည်။ ဆရာကလည်း
ကြည်ဖြူစွာ ပေးသည့်အပြင် ဘာထပ်ယူဦးမလဲ၊ ဘာလိုချင်တာရှိလဲ ယူသွားဟု ပြောသည်။ မှတ်မှတ်ရရ
ဆရာ့ထံတွင် ၁၉၈၀ ခုနှစ်ကျော်များက ထုတ်ဝေသည့်
‘ခရမ်းနုရောင်ပွင့်သစ်’ စာအုပ်လေး နှစ်အုပ် ရှိနေသည်။ ကျွန်တော့်ကို တစ်အုပ်ယူသွားဟူ၍ ခွဲပေးဖူးသည်။
ဆရာ့က
အစုအဆောင်း အသိမ်းအဆည်းလည်း
ကောင်းသည်။ စာနယ်ဇင်း အတော်များများ သူ့ထံမှာ ရှိနေသည်။ နေထွတ်၏
မန္တလေးအဘိဓာန်ကို အသစ်ပြန်လည်တည်းဖြတ်ရိုက်နှိပ်နိုင်ဖို့ သူလည်း ဝိုင်းကူညီနေသည်ဟု
နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်တုန်းက ကျွန်တော်တို့ကို ပြောပြလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ်က
ကျွန်တော်တို့၏ နေ့စဉ်ဘဝတွေကို ကသောင်းကနင်းဖြစ်အောင်လုပ်နေသည့် ကာလအတွင်း ကပ်ရောဂါကြောင့်
ကွယ်လွန်သွားကြသည့် စာပေနှင့် အနုပညာနယ်မှ ပုဂ္ဂိုလ်များစာရင်းကို ဆရာသည် ဂေါဝိန်ဆိပ်အနီးက
သူ့တိုက်ခန်းလေးတွင် ထိုင်ရင်း မှတ်တမ်းတင် နေခဲ့သည်။ သို့သော် ကပ်ဘေးကြောင့် ကွယ်လွန်သူများစာရင်းတွင်
သူ့နာမည်ပါ ပါဝင်သွားလိမ့်မည်ဟု ဆရာထင်ခဲ့မည် မဟုတ်။ ဆရာ့ကို ကိုဗစ်ကပ်ရောဂါ အပြင်းထန်ဆုံး
တတိယလှိုင်းထဲမှာ ကျွန်တော်တို့ ဆုံးရှုံးလိုက်ရသည်။ ၂၈ ဇူလိုင် ၂၀၂၁ ခုနှစ်က ကွယ်လွန်ခဲ့တာမို့
အခု ၂၀၂၅ ဇူလိုင်လမှာ လေးနှစ်တောင် ရှိခဲ့ပြီ။ ဆရာသိုက်ထွန်းသက် ကွယ်လွန်ခြင်း လေးနှစ်ပြည့်အဖြစ်
သူ့ဘဝအကြောင်းအချက်အချို့ကို အခြေခံပြီး ဖန်တီးထားသော ‘ဆင်တူရောင်ကွဲ ဂေါဝိန်’
စာအုပ်ကို ရန်ကုန်မြို့ ဝန်ကြီများရုံးအဆောက်အအုံအတွင်းရှိ စာအုပ်ဆိုင်ထဲမှာ မိတ်ဆက်ပွဲ
ပြုလုပ်နေကြပြီလေ။
၃။
ကျွန်တော်သည် ‘ဆင်တူရောင်ကွဲ
ဂေါဝိန်’ စာအုပ်ကို ဝယ်လိုက်ပါသည်။ စာအုပ်၏ မျက်နှာဖုံးက ဂေါဝိန်ဆိပ်မြင်ကွင်းကို
သရုပ်ဖော်ထားပေသည်။ ဧရာဝတီတစ်ဖက်ကမ်းက တောင်ရိုးညို့ညို့တွေ နောက်တွင်
နေဝင်တော့မည်။ စက်ဘီးတစီးနှင့် လူတစ်ယောက်။ မန္တလေး ဟုရေးထားသော
ဆိုင်းဘုတ်။ တငြိမ့်ငြိမ့်စီးဆင်းနေသည့် မြစ်ကြီးဧရာဝတီ။ မြစ်ထဲမှာ ခရီးသည် တွေ တင်ထားသည်
ငှက်တစ်စီး။ သူတို့ ဘယ်ကို သွားနေကြတာပါလိမ့်။ စာအုပ်ကို လှန်လိုက်တော့
သိုက်ထွန်းသက်၏ မှတ်ဉာဏ်တွေ ခုန်ထွက်လာသည်။
သိုက်ထွန်းသက်၏ နာမည်ရင်းက
သိန်းဇော်။ ငယ်စဉ်ကတည်းက မိဘအရင်းနှင့် အတူမနေရ။ ကနောင်မင်းသား၏ အနွယ်အဆက် တစ်ဦးလည်းအဖြစ်၊ အဒေါ်လည်း တော်စပ်သည့် ဒေါ်တင်တင်ငြိမ်းနှင့် ဦးသိန်းတန်တို့က
သားအဖြစ် မွေးစားသည်။ ‘မဟာနွယ်’ တိုက်ကြီးပေါ်က သိန်းဇော်သည် အဖေအရင်းကို အဘဟု ခေါ်ရလေသည်။
အဖေဟု ခေါ်မိလျှင် မွေးစားအမေအဖေတို့က တယ်ပြီး မကြိုက်ချင်။ ကြီးကြီး ဒေါ်တင်မေကို
‘မေမေကြီး’ ဟု ခေါ်ရသည်။
သိန်းဇော်၏ စာဖတ်ဝါသနာကို
အဖေရင်း ဦးအေးမောင်က အဓိက ပံ့ပိုးပေးသူ ဖြစ်သည်။ ဦးအေးမောင်က စာဖတ်ဝါသနာ ကြီးသူဖြစ်ကာ၊
သူဖတ်ပြီးသော နေ့စဉ်ထုတ်သတင်းစာနှင့် စာအုပ်များကို သားဖြစ်သည့် သိန်းဇော်ထံသို့ လက်ဆင့်ကမ်းသည်။
သည်လိုနှင့် သိန်းဇော်၏ စာရေးစာဖတ်ဝါသနာသည် ဦးအေးမောင်ကြောင့် တစ်နေ့တခြား
ဖွံ့ဖြိုးလာလေသည်။ မှတ်စုစာအုပ်ထဲတွင် ကဗျာတွေ အရေးကျင့်သည်။ ကလောင်နာမည်ကို ‘ထွဏ်းကနောင်’
ဟု တပ်သည်။ သိန်းဇော်၏ အရင်းနှီးဆုံးသူငယ်ချင်းက
ဌေးအောင်ဖြစ်ပြီး သူ့ဆီက ဝတ္ထုရေးဖို့ ဇာတ်လမ်းတွေ တစ်ပုဒ်ပြီး
တစ်ပုဒ် ရတတ်လေ့ရှိသည်။
‘ထူး’
စာစောင်တွင် သူ့ဝတ္ထုလေးတွေ ကဗျာလေးတွေ ပါဝင်စ ပြုနေပြီ။ သို့သော်လည်း သူစာတွေ ကဗျာတွေ
ရေးနေသည်ကို မွေးစားမိခင် ‘မေမေငြိမ်း’ အသိခံလို့ မဖြစ်။ မိုးမိလောင်မည်လေ။ သို့နှင့် ကလောင်အမည်တွေ အမျိုးမျိုး ပြောင်းလဲ၍
စာမူပို့ရသည်။ တစ်ချိန်တည်းတွင် ခံစားမှု ဓာတ်ခံကလည်းကောင်း၊ အသက်အားဖြင့်လည်း အထက်တန်း ကျောင်းသားအရွယ်ရောက်ပြီးမို့
အချစ်ကို ရင်ခုန်တတ်လာပြီ။ ထက်ထက်မြင့်ဆိုသော
ကောင်မလေးကို သူချစ်သည်။ ထက်ထက် မြင့်သည် သိန်းဇော်၏ လမင်းကလေး။ နောင်တွင် ချစ်သူကို
နာမည်လေးတစ်ခု သူပေးသည်။ ထားမိ တဲ့။ မောင့်ထားမိလေး ဆိုပါတော့။
ချစ်ဆိပ်ရည် တမြေ့မြေ့တက်နေခိုက်တွင် သိန်းဇော်သည် ထားမိ နားအနားကပ်၍ မောင်ပန်းမွေး၏
ကဗျာတိုလေးတွေကို တိုးဖွဖွ ရွတ်တတ်လေ၏။
‘ရွှေလက် ငွေလက်
ဂဟေဆက်လို့
တစ်သက်လုံးပဲ
နေရအောင်’ ( စာ - ၃၄)
အချစ်တွင် တိမ်းမူးရင်း၊
ကဗျာစာပေတွင် အာရုံအတွေးတို့ကို နစ်မြုပ်ထားသဖြင့် သိန်းဇော်သည် ကျောင်းစာဘက်တွင် စိတ်ဝင်စားမူ
နည်းလာသည်။ သူဖြစ်ချင်နေသည်က စာရေးဆရာ။ ချစ်ဦးသူ ထားမိနှင့် ရွှေလက်တွဲရင်း
အောင်မြင်သော စာရေးဆရာဘဝကို စိတ်ကူးနေသည်။ ထိုနှစ် ဆယ်တန်းစာမေးပွဲ ကျသည်။ ထားမိကတော့
ဆယ်တန်းကို (ခ) အဆင့်မှ အောင်သည်။ ဒီနှစ် မအောင်ရင်လည်းပဲ
ရှိစေ၊ နောက်တစ်နှစ်မှာ အောင်ဖို့ ကြိုးစားရန် မိသားစုက အားပေးသည်။ ချစ်သူက တိုက်တွန်းသည်။ သို့ငြား
သိန်းဇော်သည် စိတ်ပါလက်ပါ မရှိလှ။ တစ်နေ့တခြား စာရေးခြင်းတွင်သာ
စိတ်ကို စူးစိုက်ထားသည်။ သိုက်ထွန်းသက်ဆိုသည့် ကလောင်နာမည်နှင့် သူ့ကဗျာတွေ စာတွေကလည်း
စာနယ်ဇင်းတွေမှာ ဖော်ပြခံနေရပြီကိုး။
နောက်တစ်နှစ်တွင်လည်း သိန်းဇော် စာမေးပွဲ မအောင်။ ထားမိလည်း (ခ) အဆင့်ကပင်
ထပ်အောင်ပြန်သည်။ စာမေးပွဲ မအောင်သဖြင့် ထားမိကို သူ့ဖခင်က အလုပ်သွင်းပေးတော့မည်။ သို့နှင့်
ထားမိသည် (ရလက) စာရေး ဖြစ်လာသည်။ သိန်းဇော်ကိုတော့
မေမေငြိမ်းတို့က ဈေးချိုထဲရှိ ဆန်ဆိုင်မှာ ဆိုင်ထိုင်ခိုင်းပြီ။ ကဗျာတွေ ဝတ္ထုတွေ ဖန်တီးနေသော
သိန်းဇော်သည် ယခုအခါ အရောင်းစာရင်းများ ရေးမှတ်နေရသည်။
သို့သော် ဆိုင်ထိုင်၍ ဝယ်သူစောင့်ရင်း စာအုပ်တွေ ခပ်များများ ဖတ်ဖြစ်သည်။ ဈေးချိုထဲ
ရောက်လာသည့် ပွဲစားကြီးတွေနှင့် မြန်မာ့နိုင်ငံရေး ကမ္ဘာ့နိုင်ငံရေးတွေ ဆွေးနွေးကြသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ (ရလက) စာရေးဖြစ်သည့်
သူ့ချစ်သူ ထားမိက ‘မောင်လည်း ချစ်လိုပဲ ထောက်ခံမဲ ထည့်ပါနော်’ ဟုပြောသည်။
ချစ်သူစကားကို ခေါင်းညိတ်ခဲ့သော်ငြား သူက ဆန့်ကျင်ဘက်ကို ရွေးလိုက်သည်။
အိမ်မှာ မေမေငြိမ်းနှင့်
တကျက်ကျက်ဖြစ်လာ၏။ သိန်းဇော်ကို ဆန်ဆိုင် မထိုင်တော့နှင့်ဟု ဆိုလေပြီ။ သူ့ကိုလည်း ငြိုငြင်ဟန်
ပြလာသည်။ မေမေငြိမ်းသည် သူ့ကို အချစ်လျှော့လာလေပြီလား။ တစ်နေ့၌
ထမင်းဝိုင်းတွင် ထမင်းစားနေရင်း ဆိတ်သားဟင်း အနှစ်ကို နည်းနည်းထပ်ထည့်ဖို့ အလုပ်တွင်
မေမေငြိမ်းက ‘ဒါအကုန်ပဲ ထပ်မထည့်နဲ့’ ဟု ဆိုသည်။ သိန်းဇော်၏ မျက်လုံးတွေ ပြာဝေ။ အံ့အာသင့်။
မကြားဖူးသောစကား။ သူ့ကို မသထာတော့ပြီလား။ မေမေငြိမ်း စကားသံ ထပ်ထွက်လာပြန်သည်။
“ပညာကျတော့ မထွန်းပေါက်၊
သူများ သားသမီးတွေ တက္ကသိုလ်တက်နေတာ အားကျမယ်မရှိဘူး။ စာရေးဆရာ ယောင်ယောင်နဲ့။ မိန်းမကလဲ
လိုချင်သေး။ အစားကျတော့ တော်….” ( စာ ၁၀၄)
သူ ဝုန်းခနဲ ထရပ်။ အနားမှာရှိသည့်
ရေပုလင်းကို ဆွဲယူပြီး သူ့ခေါင်းသူ ရိုက်ချလိုက်သည်။ လက်ဆနည်းနည်း ပျော့သွားသည်ထင်၏။
ရေပုလင်း မကွဲ။ သူ့ခေါင်းလည်း မကွဲ။ လက်နှင့် စမ်းကြည့်တော့ သွေးစတချို့ ကပ်ပါလာသည်။
သူ ဒီအိမ်က ထွက်သွားတော့မည်။ ချစ်သူဆီ အရင်ပြေးသွားပြီး အချစ်၏ ရင်ခွင်မှာ ခေါင်းတိုးဝင်
နစ်မြုပ်ထားလိုက်သည်။ ချစ်သူနှင့် အတူ ထွက်ပြေးကြမည်။
သို့နှင့် သိန်းဇော်
အိမ်ထောင်ကျပါပြီ။ မင်္ဂလာပွဲလေး သိုက်သိုက်ဝန်းဝန်း ပြီးစီးသွားသည်။ စိန်ပန်းရပ်က
မဟာနွယ်မှာ လင်စုံမယားဖက် အတူတက်နေကြသည်။ သို့သော် ကိုယ့်ဟာကိုယ် အနွယ်တော်ဆိုပြီး
ဘဝင်မြင့်နေသည့် ဒေါ်တင်မေ၏ ဗျစ်တောက်ဗျစ်တောက် စကားတွေက နားမခံနိုင်။ မယားလက်ကိုဆွဲပြီး
ကိန်းခန်းကြီးသော နှစ်ထပ်အိမ်ပေါ်မှ သိန်းဇော် ဆင်းလာခဲ့သည်။ ရထားသံလမ်းဘေး ကျူးကျော်ရပ်ကွက်လေးတခုရှိ
မြေစိုက်အိမ်ကလေးတစ်လုံးကို ငှားပြီး ဘဝ စသည်။ သိန်းဇော် သတင်းစာ
ရောင်းရင်း ဝင်ငွေရှာသည်။ တနေ့မှာတော့ အိမ်အပြန်တွင် မင်္ဂလာဈေး စာအုပ်ဆိုင်ကနေ တင့်တယ်၏ ‘ကမ္မဖလ’နှင့် မြသန်းတင့်၏ ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’
ဝတ္ထုနှစ်အုပ် ဝယ်လာခဲ့သည်။ အိမ်ရောက်တော့ မယား ထားမိက ဆူပွက်သည်။ “ဘာလို့
စာအုပ် ဝယ်လာရတာလဲ။ ငှားဖတ်လည်း ရသားနဲ့။ ဝင်ငွေလေး မရှိလိုက်နဲ့၊ ရှိတာနဲ့ စာအုပ်က
ဝယ်ချင်နေပြီ။ သည်လိုဆို တဲကုပ်နဲ့ နေရတဲ ဘဝက ဘယ်တော့ လွတ်မလဲ။” ထားမိစကား
ကြားရတော့ သူ ယူကျုံးမရ စကားစ၏၊
“ချစ် ဘယ်လို ပြောလိုက်တာလဲကွာ၊
မောင်က အိမ်မှာ ရှိကိုရှိသင့်တဲ့ စာအုပ်တွေ ဝယ်တာပါ။ မောင် လက်ဖက်ရည်တစ်ခွက် မသောက်ခဲ့ပါဘူး။ ပြောရက်လိုက်တာ” ( စာ ၁၂၇)
“နည်းနည်း ပြောရင် များများ
ခံစားပြတယ်။ စာရေးဆရာ လင်တော်မိတာ မှားပြီထင်တယ်’ (စာ ၁၂၈)
ထားမိ စကားက သူ့နှလုံးကို
သံစူးဖြင့် ထိုးသည့်နှယ်။ သမီးရည်းစားဘဝ အချစ်၏ တမ်းမှုးသာယာဖွယ်များသည် လွင့်ပါးပျက်ပြယ်လေပြီလား။
သိန်းဇော် မျက်ရည်ကျသည်။
တကျက်ကျက်နှင့် မသာယာသော
အိမ်ထောင်ရေးအဖုအထစ်လေးတွေက သမီးဦးလေး ရလိုက်လျှင် ပြေလျော့သွားမည် သိန်းဇော် ထင်ခဲ့သည်။
သို့နှင့် ပထမသမီးဦးလေး မွေးသည်။ ကြားတွင် မကျေလည်မှုတွေကတော့ ရှိနေဆဲ။ မေမေကြီး ဆုံးသွားပြီ။
နောက်ထပ် သမီးတစ်ယောက် ထပ်ရ၏။ ထိုနောက် ထားမိက သူ့ကို မျက်စပစ်သည်။
သားကြောဖြတ်ဖို့။ သူ ယောာင်ယမ်း ခေါင်းညိတ်လိုက်သည်။ ဝတ္ထုရေးဆရာ သိုက်ထွန်းသက်အဖြစ်
မန္တလေး စာပေအသိုင်းအဝိုင်းကြားမှာ သူ နေရာရလာသည်။ မန္တလေးစာပေသားတွေကလည်း စုစုစည်းစည်း
ရှိကြသည်။
တစ်ဖက်တွင်
သူ့ အိမ်ထောင်ရေးကမူ သိပ်ပြီး သာယာလှသည်တော့မဟုတ်။ နန်းတွင်းထဲမှာ ထားမိက ရေသွားကူး
တတ်သည်။ တစ်နေ့တွင်မူ ထားမိကို လူစိမ်းအမျိုးသားတစ်ယောက်နှင့် အတူတွဲတွေ့လိုက်ရသည်။ သူတို့ သားအဖတစ်တွေ
နန်းတွင်းထဲ လိုက်သွားပြီး အကဲခတ်သည်။ ထားမိ ရေကူးနေသည်ကို သိန်းဇော်နှင့် သမီးနှစ်ယောက်
ရပ်ငေးနေဆဲ၊ ထားမိ ရေကူးကန်က အတက်တွင် အမျိုးသားတစ်ဦးက မျက်နှာသုတ်ပုဝါ
ကမ်းပေးသည်။ ထားမိနှင့် ထိုအမျိုးသားတို့ ဘယ်လို ပက်သက်မှုမျိုးရှိနေပြီလဲ “စုံစမ်းတော့ ထားမိက သူတို့ရုံးကို ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်အတွက်
လာတဲ့သူပါ ကလေကချေ မဟုတ်။ တက္ကသိုလ်ကထိက” ဟု ဆိုလေ၏။ ထားမိ တဖျစ်တောက်တောက်နှင့်။
အိမ်မှာ မနေချင်ဘူးဆိုကာ မိဘအိမ်သို့ ဆင်းသွားသည်။ သမီးနှစ်ယောက်က အဘိုးအိမ်သို့ နောက်ကနေ
လိုက်သွားပြီး သူတိုမိခင်၏ အနေအထားကို အဘိုးဖြစ်သူအား ရှင်းပြသည်။ အဖိုး ပြောလိုက်ပုံကလည်း
ကြည့်ဦး။
“သိန်းဇော်ထက် အပုံကြီး
သာတာပဲ။ နီးစပ်သွားတော့လဲ ပိုကောင်းတောပေါ့” ( စာ ၁၈၇)
ဒီအတောအတွင်း သိုက်ထွန်းသက်တို့
လူစုကို သက်ဆိုင်ရာက ရန်ကုန်သို့ ခေါ်သွားပြီး စစ်ဆေးရေးဝင်သည်။၊ ညီပုလေးက လွဲလျှင်
အားလုံးကို အိမ်ပြန်လွှတ်လိုက်သည်။ မန္တလေး ဘူတာကြီးကို ဝင်တော့ သမီးနှစ်ယောက်နှင့်
မိတ်ဆွေများက သူတို့ကို ကြိုလင့်သည်။ သိန်းဇော်က သမီးနှစ်ယောက်ကို ထွေးပွေ့ရင်း ထားမိကို
ရှာ၏။ မတွေ့။ ‘ဖေဖေရယ် သမီးတို့ ညီအစ်မ ရှိတယ်လေနော်’ ရှိုက်သံ သဲ့သဲ့ကြားမှ ထွက်လာသော
သမီးကြီး၏ စကားသံကို တိုးလျစွာ ကြားရသည်။
ဂေါဝိန်ဆိပ်တွင် သူငယ်ချင်းဌေးအောင်နှင့်
အတူထိုင်ရင်း တငြိမ့်ငြိမ့် စီးနေသော ဧရာဝတီမြစ်ကို ငေးနေသည်။ ဌေးအောင်က ကျောက်ခဲတစ်လုံးကို ခပ်ဆဆ ကိုင်ပြီး မြစ်ထဲသို့ ပစ်လိုက်သည်။ ခဲလုံးသည် ခပ်ဝေးဝေးသို့
ဝဲပျံသွားပြီးနောက် ရေထဲသို့ ကျသည်။ ဌေးအောင်ထံမှ စကားသံ ထွက်လာသည်။
“သိက္ခာမဲ့တဲ့ သတ္တဝါဆိုတာ
အဲဒီကျောက်ခဲလို လူမသိ၊ သူမသိ ဇာတ်မြုပ်ပစ်ချင်လို့ မရဘူးကွ။ နောက်ဆုံးကျ ခွေးသေကောင်ပုပ်လို
အနံ့တထာင်းထောင်းနဲ့ ပေါလောမျောရတာပဲ” ( စာ
၁၈၃ )
၄။
ဤစာအုပ်သည် သိုက်ထွန်းသိုက်၏
နေ့စဉ်မှတ်တမ်းများကို အခြေပြုပြီး ရဲသျှမ်းက ဝတ္ထုဟန်ဖြင့် ပြန်လည်တင်ပြသော သိုက်ထွန်းသက်
အတ္ထုပ္ပတ္တိ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ဝတ္ထုရေးဆရာ
ရဲသျှမ်းသည် သိုက်ထွန်းသက်နှင့် နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သူလည်းဖြစ်ရာ ဒီလို စာအုပ်မျိုး
သူရေးသည်မှာ သင့်တော်သည်ဟု ယျေဘုယျ ဆိုနိုင်ပါသည်။ ဝတ္ထုရေးဆရာမို့ ဝတ္ထုဟန် တင်ပြရာတွင်
သပ်သပ်ရပ်ရပ်လည်း ရှိပေသည်။ သို့သော် တင်ပြဟန်က ခပ်သုတ်သုတ် အသော့နှင်နေသည်ဟု ဖတ်နေရင်း
ခံစားရသည်။ အခန်း အကူးအပြောင်းက မြန်လွန်းသည်။ အချို့သော အဖြစ်အပျက်များကို ဖွဲ့ဖွဲ့နွဲ့နွဲ့ တင်ပြလို့ ရပါလျက်နှင့် ရုတ်ချည်း
ဖြတ်ချသွားသည်။ အကျဉ်းရုံးလွန်းသည်။
စာရေးဆရာက တမင်ရည်ရွယ်မည်
မဟုတ်သော်လည်း စာဖတ်သူအနေနှင့်မူ ကျွန်တော်သည် စာဖတ်ရင်းဖြင့် သိန်းဇော်၏ မွေးစားမိခင်နှင့်
ဖခင်တို့ကို အတ္တကြီးသော သူများဟု ရင်မှာ ခံစားရသည်။ သိန်းဇော်၏ အမေရင်း အဖေရင်းကို
ဂရုဏာသက်ပြီး အနွယ်တော် မင်းမျိုးဆိုသည့် ‘မေမေကြီး’ကို မုန်းစိတ်ဝင်မိပါသည်။ အစတုန်းက အချစ်ကြီးတာပဲဟု နားလည်လို့ ရသော်လည်း သိန်းဇော်အိမ်ပေါ်က
ဆင်းရသည့်အခန်းတွင် ‘မေမေကြီး’ကို စက်ဆုပ်သွားသည်။ မိန်းမယူပြီး အိမ်ပေါ် ပြန်နေတော့လည်း
စကားနာထိုးတတ်သည်။ မိခင်ရင်း မဟုတ်လို့ မိခင်စိတ် မထားနိုင်တာပဲလား၊ ပင်ကိုစိတ်က ခက်ထန်တာလား။
သိန်းဇော်နှင့်ထားမိတို့၏
အချစ်နှင့်အိမ်ထောင်ရေးဘဝက ဒီစာအုပ်၏ ပင်ရင်းကျသော အစိတ်အပိုင်းဖြစ်သည်။ ထားမိနှင့်
သိန်းဇော် ဘယ်ရွေ့ဘယ်မျှ ချစ်ကြသလဲမေးလျှင် တုန်နေအောင်ကို ချစ်ကြသည်ဟုပင် ဆိုရချိမ့်မည်။
သို့တိုင် အိမ်ထောင်ကျပြီး လက်တွေ့ဘဝ ပင်ပန်းဆင်းရဲမှုတွေနှင့်လည်း ကြုံရရော ထားမိ၏
စိတ်သရုပ်က ရုတ်ချည်း ပြောင်းလဲသည်။ ထင်မထားရလောက်အောင်ပဲ သိန်းဇော်ကို နိုင်စားဟန်က
ပေါ်လာသည်။ ရုံးစာရေးအလုပ်နှင့် ဝင်ငွေရှိသည့် ထားမိက စာရေးဆရာဖြစ်ဖို့ ကြိုးစားရင်း တစ်ဖက်မှာ အိမ်ထောင့်တာဝန်အတွက် အလုပ်မျိုးစုံလုပ်ရသော
သိန်းဇော်ကို နှိမ်ချင်နေသည်။ သမီးရည်းစားဘဝက သိန်းဇော်၏ စာပေဝါသနာ၊ စာရေးဆရာအဖြစ်
ကြိုးစားလိုစိတ်ကို အားပေးမီးထိုး ပေးသူတွေထဲမှာ ထားမိက ထိပ်ဆုံး။ ဒါပေမဲ့ အိမ်ထောင်ကျတော့
စာအုပ်ဝယ်တာကိုပဲ အပြစ်မြင်သည်။ တဲကုပ်မှာ ကြယ်မြင်လမြင်နေရသည့် ဘဝကို စက်ဆုတ်၍ ကြီးပွားချင်သည်။
သိန်းဇော်ကို အထင်မကြီးသည့်
စိတ်ကပဲ ထားမိကို နောက်ယောကျ်ားတစ်ယောက်၏ ရင်ခွင်ထဲ ရောက်သွားစေခဲ့တာ
ဖြစ်သည်။ စာအုပ်တစ်အုပ်လုံး ဖတ်ပြီးသည်တွင် သိန်းဇော် သို့မဟုတ်
သိုက်ထွန်းသက်ကိုသာ ကျွန်တော်တို့ စာနာမိပြီး သူနှင့် ပတ်သက်သူများဖြစ်သော ထားမိ၊ မေမေကြီး၊
မွေးစားအဖေ စသူတို့ကို မုန်းပစ်လိုက်ချင်သည်။ သို့ဆိုလျှင် သိန်းဇော်မှာရော အားနည်းချက်တွေ
မရှိတော့ဘူးလား။ သိန်းဇော်၏ အားနည်းချက်ကို စာအုပ်ထဲတွင် ထင်ရှားသိသာ မတွေ့ရ။ ဒါကလည်း
သဘာဝကျပါသည်။ သိုက်ထွန်းသက်၏ ပုဂ္ဂလိက ခံစားချက်များကို သိုမှီးထားရာ နေ့စဉ်မှတ်တမ်း
ဒိုင်ယာရီ စာအုပ်များကို အခြေခံ၍ ရေးသည်ဖြစ်ရာ သိန်းဇော်ဘက်မှ ဝေဒနာတွေ ခံစားချက်တွေကိုသာ
ဤစာအုပ်ထဲတွင် ကိုယ်စားပြုနိုင်မှာပါ။ ထားမိဘက်က ခံစားချက်ကို ကျွန်တော်တို့ ဘယ်လိုမှ
မမြင် မသိနိုင်။ သိန်းဇော်အပေါ် သိပ်ချစ်ခဲ့ဖူးပါလျက် နောက်ဆုံးမှာ အိမ်ထောင်ကို ပစ်ခွာသွားရတာလဲ။
ဘာကြောင့်လဲ။ ဒေါ်ထားမိ အသက်ထင်ရှားရှိသေးလျှင် မေးကြည့်လိုက်ချင်ပါသည်။
စာအုပ်ကို ဝတ္ထုဟန်အရေးအသားနှင့်
ဖန်တီးတည်ဆောက်ထားသော်လည်း ဖြစ်ရပ်တွေရော၊ ပါဝင်သူတွေရောက စိတ်ကူးယဉ် ထိုးဇာတ်တွေ မဟုတ်ပါ။
တစ်ခါတလေ တင်စားရေးဖွဲ့ချက်ကလေး တွေ့တော့
တွေ့ရသည်ပေါ့။ အထူးသဖြင့် ဝတ္ထု၏ဇာတ်ကောင် ဌေးအောင်၏ ဇာတ်ရုပ်နှင့်
ဌေးအောင်၏ စကားတွေက သိုက်ထွန်းသက်၏ ‘ဂျီဩမေတြီဂေါဝိန်’ ဝတ္ထုတိုတွေကို ပြန်ပြီး
သတိရစေသည်။ ဒါကြောင့်ပဲ ‘ဆင်တူရောင်ကွဲ ဂေါဝိန်’ ဟု စာရေးဆရာ ရဲသျှမ်းက စာအုပ်နာမည်
တပ်လိုက်သည်များ လား။
သိန်းဇော်၏ အချစ်နှင့်
အိမ်ထောင်ရေးခံစားချက်တွေကို ဒိုင်ယာရီမှတ်တမ်းများကြောင့် အတော်လေး ထဲထဲဝင်ဝင် သိနိုင်သည့်တိုင်
သိုက်ထွန်းသက်၏ စာရေးဆရာဘဝကို ပုံဖော်မှုအပိုင်းတွင် ယခုထက် နက်ရှိုင်းစွာ တင်ပြနိုင်သော်
မကောင်းပါလော။ အထူးသဖြင့် မန္တလေးတွင် သိုက်ထွန်းသက်၏ ရေးဖော် စာရေးဆရာများ သက်ရှိထင်ရှား
ရှိနေကြသေး သည်ဖြစ်ရာ သူတို့တစ်တွေ၏ သိုက်ထွန်းသက်နှင့် ပတ်သက်သော
အတွေ့အကြုံတွေ ထင်မြင်ချက်တွေကို မေးမြန်းပြီး ထည့်သွင်းလိုက်နိုင်လျှင် စာရေးဆရာ သိုက်ထွန်းသက်၏
ရုပ်လုံးပုံရိပ်တွေ ပို၍ ကြွလာဖွယ်ရာ ရှိပါသေးသည်။
စာအုပ်၏ တတိယပိုင်းတွင်
‘၃ ဇန်နဝါရီ နံနက်မှာ သူ( သိုက်ထွန်းသက်) နှင့် ကျော်စွာထက်ကို လာခေါ်သည်။ သိပ်မကြာခင်မှာ
အစ်ကိုကြီး ကျော်ရင်မြင်၊ ကိုညိုထွန်းလူ၊ ကိုကျော်စိုးဝင်း၊ ကိုရိုးကွန့် တို့ပါရောက်လာသည်။
သူတို့ ၆ ယောက် အိမ်ပြန်ခွင့်ရပြီဟု ဆိုသည်။ ကိုညီပုလေးကိုတော့ ခေါ်ထားဦးမည်’ (စာ
၁၉၁ ) ဟု ရေးထားသည်။ သူတို့ ဘယ်ရောက်လို့ ဘယ်သူက လာခေါ်သည်ကို မသိရ။ ညီပုလေးကို ဘယ်သူက
ခေါ်ထားမှာလဲ။ ဘာကြောင့်လဲ။ နောက်ခံ အကြောင်း မပါသဖြင့် စာဖတ်သူတွေ မျက်စိမှောက်နိုင်သည်။
သိုက်ထွန်းသက်တို့ လူစုကို စစ်ကြောရေးက ခေါ်၍ စစ်ဆေးမေးမြန်းသည့် ဖြစ်စဉ်နောက်ခံကို
သိထားသည့် စာဖတ်သူအချို့က လွဲလျှင် သာမာန်စာဖတ်သူတွေ ဘယ်လိုမှ ဆက်စပ်၍ မသိနိုင်သော
အရေးအသားတစ်ခုပါပဲ။ တကယ်ဆိုရလျှင် ထိုအချိန်က သိုက်ထွန်းသက်နှင့်အတူ
စစ်ကြောရေး ရောက်ခဲ့သည့် ကျော်ရင်မြင့်၊ ညိုထွန်းလူ၊ ကျော်စွာထက် အစရှိသူတို့ အသက်ထင်ရှားရှိနေပါသေးသည်။
သူတို့ဆီက စစ်ကြောရေး ရောက်စဉ် ကြုံခဲ့ရသည့် အခြေအနေများကို မေးမြန်းပြီး ထည့်သွင်းနိုင်လျှင်
စစ်ကြောရေးထဲ ရောက်နေသည့် သိုက်ထွန်းသက်၏ ရုပ်ပုံလွှာကို ကျွန်တော်တို့ စာဖတ်သူများ၏
စိတ်အာရုံမှာ သရုပ်ဖော်ကြည့်နိုင်ခွင့် ရပါလိမ့်မည်။
ပြီးတော့ အိမ်ထောင်ကွဲပြီးနောက်ပိုင်း
သိုက်ထွန်းသက်၏ ဘဝကို မသိရတော့ပါ။ သိုက်ထွန်းသက်၏ အတ္ထုပ္ပတ္တိမဟုတ်၍ အစမှအဆုံး ရေးစရာ
မလိုသည်ကို နားလည်ပါသည်။ သို့သော် စာဖတ်သူတစ်ဦး၏
လောဘဟု ဆိုချင်လည်း ဆိုပါလေ။ စာဖတ်သူတစ်ဦးအနေနှင့်မူ ကျွန်တော်တို့သည်
ထားမိ၏ စွန့်ခွာမူကို ခံရပြီးသည့်နောက် သမီးနှစ်ယောက်နှင့် ရုန်းကန်နေသော
သိန်းဇော်ကို လည်းကောင်း၊ နောက်အိမ်ထောင်ထူလိုက်သော သိန်းဇော်
အကြောင်းကိုလည်းကောင်း ဆက်ပြီး ဖတ်ချင်ပါသည်။ ဘဝနှင့်ရင်းပြီး ရယူပိုင်ဆိုင်ချင်ခဲ့သော
စာရေးဆရာဘဝကို ရရှိပြီးနောက် ရွှင်လန်းစွာ ဖြတ်သန်းနေသော သိုက်ထွန်းသက်ကိုလည်း ‘ဆင်တူရောင်ကွဲ
ဂေါဝိန်’ ထဲတွင် ကြည်နူးစွာ မြင်တွေ့ချင်ပါသေးသည်။
စာရေးဆရာ ရဲသျှမ်းအနေနှင့်လည်း
ရေးမည်ဆိုလျှင် ဆက်ရေးနိုင်စွမ်း ရှိပါသည်။ သမီးနှစ်ယောက်ကို မေးနိုင်သည်။ သိန်းဇော်၏
ဒုတိယအိမ်ထောင်လည်း အသက်ထင်ရှား ရှိသေး၍ သိလိုတာတွေ မေးနိုင်တာပါပဲ။ ဒါပေမဲ့ စာရေးဆရာက
မရေးချင်လို့၊ သို့မဟုတ် ရေးဖို့ မလိုအပ်ဟု ထင်လို့၊ သို့မဟုတ် အကြောင်းကြောင်းတွေကြောင့်မို့လို့
မရေးသည်ဆိုပါမူ ကျွန်တော်တို့က ဘာများ တတ်နိုင်ပါဦးမည်နည်း။ သို့သော် ဇာတ်အဖွင့်က အားကောင်း ဆွဲဆောင်နိုင်စွမ်းရှိသလောက် အဆုံးသတ်၌ ကတိုက်ကရိုက်နှင့် ပြီးဆုံးသွားသည်ကိုတော့
စာဖတ်သူတစ်ယောက်အနေဖြင့် တယ်ပြီး အားမရလှပါ။
ဘာပဲဖြစ်စေတော့ ဝတ္ထုတို
အရေးအဖွဲ့ကောင်းသော သိုက်ထွန်းသက်ကိုယ်တိုင်က ဝတ္ထုဇာတ်ဆောင်တစ်ဦး
ဖြစ်နေသည့် အချက်ကို ‘ဆင်တူရောင်ကွဲ ဂေါဝိန်’ ဖြင့် သက်သေထူလိုက်နိုင်သည်ကတော့
အမှန်ပါပဲ။ ။
▀
မောင်ဘစီ
၁ ဩဂုတ်၂၀၂၅
စာအုပ်ဆိုင်ရာအချက်အလက်များ
စာအုပ်အမည် - ဆင်တူရောင်ကွဲ ဂေါဝိန်
စာရေးသူ - ရဲသျှမ်း
ထုတ်ဝေခြင်း။ ။ ပထမအကြိမ်၊ ဇူလိုင် ၂၀၂၅
ခုနှစ်။ ရသယဉ်စွန်းတန်း စာပေ။ စာမျက်နှာအရေအတွက် -၂၀၄
(ရဲသျှမ်း၏ အမှာနှင့်
သိုက်ထွန်းသက်၏ သမီးတစ်ဦးဖြစ်သော အေးမြနုနှင့် မအိရှုလေးတို့၏
အမှတ်တရ စာများ ပူတွဲပါဝင်သည်။)
နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...
လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...
ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...