စာအုပ်သုံးသပ်ချက်

သတ္တိရှိကြသူများ

မောင်ဘစီ

01 July 2025
သတ္တိရှိကြသူများ
Share to

                  ‘သတ္တိဆိုတာ လူ့အရည်အသွေးထဲမှာတော့ ပထမဆုံးနေရာမှာပဲ ရှိပါတယ်။

                             ဘာကြောင့်လဲဆိုတော့ သတ္တိဟာ တခြားလူတွေကို အာမခံချက်ပေးနိုင်တဲ့

                             အရည်အချင်းမျိုး ဖြစ်လို့ပဲ’  _ ဆာ ဝင်စတန် ချာချီလ်

 

သတ္တိဆိုတာ ဘာလဲဟူသော မေးခွန်းကို လူ့သမိုင်းတစ်လျောက် အမျိုးမျိုးသော အဓိပ္ပါယ်တွေ ရှာဖွေခဲ့ကြသည်။ ငြင်းခုန်ခဲ့ကြပြီးပြီ။ သတ္တိကို ကိုယ့်ရှု့ထောင် ကိုယ့်အမြင်အတွေးတို့ဖြင့် ပုံဖော်ပြီးလက်တွေ့ ကျင့်သူတွေလည်း များလေစွ။

သတ္တိတွင် နှစ်မျိုးရှိပြီး၊ ကာယနှင့် စိတ္တသတ္တိဟူ၍ သိမှတ်ထားကြသည်။ သို့ရာတွင် လူအများစုကတော့ သတ္တိဟေ့ဟု ဆိုလိုက်လျှင် ကာယသတ္တိကိုသာ ပြေးမြင်တတ်လေ့ရှ်ိပါသည်။ ထိုးရဲ ကြိတ်ရဲ သတ်ရဲ ဖြတ်ရဲ - ခေတ်စကားနှင့်ဆိုသော် ‘ဖြဲ’ ရဲ သူများကို သတ္တိရှိသူဟူ၍ အလွယ်လက်ခံလိုက်ကြသည်။ သတ္တိနှင့် ‘မိုက်ရူးရဲ’ ဘူးလုံးနားမထွင်း ဖြစ်နေကြသူတွေကလည်း ဒုနှင့်ဒေး။

ဆရာဦးအောင်သင်းက သူ၏ လူငယ်တွေအတွက် ဟောပြောချက်များတွင် သတ္တိအကြောင်းကို မကြာခဏ ထည့်သွင်း ပြောလေ့ရှိသည်ကိုလည်း အမှတ်ရသည်။ သူက ကာယသတ္တိနှင့် စိတ်သတ္တိ နှစ်မျိုးတွင် ကာယသတ္တိက အလွယ်နှင့် မွေးမြူယူလို့ရပြီး၊ စိတ်သတ္တိရှိဖို့ကမူ အလွန်ခက်ခဲသည်ဟု ဆိုပါသည်။ အရပ်ထဲ လူတကာ အနိုင်ကျင့်ခံနေရသည့် ကလေးတစ်ယောက်ကို တိုက်ကွမ်ဒို၊ ကရာတေး အစရှိသည့် ကိုယ်ခံပညာရပ်တစ်ခု သင်ပေးလိုက်နိုင်လျှင် ထိုလူငယ်သည် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာပြီး နောင်တွင် လူမကြောက်တော့ဘဲ ‘ ရဲ’ လာနိုင်ကြောင်း၊ သူ့ကို အနိုင်ကျင့် နှိပ်စက်သူများကို ကာယအားဖြင့် ပြန်လည်တုံ့ပြန်နိုင်သည့် သတ္တိရှိလာနိုင်ကြောင်း ပြောခဲ့သည်။ စိတ်သတ္တိ ရှိဖို့အတွက်မူ ထိုရွေ့ထိုမျှ မလွယ်ကူလှပါ။

ဆာဝီလျံဆလင်းကလည်း ကာယသတ္တိကို သင်ယူ၍ ရကြောင်း ပြောခဲ့ပါသည်။ ဆလင်းသည် ဒုတိယ ကမ္ဘာ စစ်ကာလတုန်းက မြန်မာပြည်စစ်မြေပြင်တွင် တာဝန်ယူခဲ့သည့် စစ်ဗိုလ်ချုပ်တစ်ဦးလည်း ဖြစ်သည်။ သူ့အတွေ့အကြုံအရ တစ်ဦးချင်း ကာယသတ္တိကောင်းကောင်းပြနိုင်သည့် လူနှစ်မျိုးရှိကြောင်း၊ ပထမတစ်မျိုးက အသိဉာဏ်ထက်မြက်ပြီး စိတ်ကူးဉာဏ်ကောင်းသည့် လူမျိုးဖြစ်ပြီး ဒုတိယတစ်မျိုးမှာ စိတ်ကူးဉာဏ်မကောင်းသော်လည်း လက်တွေ့ကျကျ နေထိုင်ရေးကို အာရုံစိုက်သူမျိုး ဖြစ်သည်၊ တစ်နည်းအားဖြင့် အာရုံကြောသန်သူနှင့် အာရုံကြောမသန်သူ ဟု ပြောနိုင်သည်တဲ့။ အာရုံကြောသန်သူက အခြေအနေတစ်ခုကို ချက်ချင်း အကဲခတ်မိပြီး စိတ်ကူးဉာဏ်ပွင့်လာကာ ချက်ချင်း ကောက်လုပ်တတ်သည်။ အခြားတစ်ယောက် (အာရုံကြောမသန်သူ) ကမူ တွေ့ရိုးတွေ့စဉ် ဖြစ်သည့်နှယ် အခြေအနေတစ်ရပ်ကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းသွားသူ ဖြစ်သည်ဟု ဆိုပါသည်။ ဆလင်းက သူ့စကားကို သက်သေထူနိုင်ရန်  သူ့အတွေ့အကြုံတစ်ခုကို အခုလို ရေးပြသည်။

‘….ပြီးခဲ့သည့် စစ်ကြီးအတွင်းတုန်းက မြန်မာပြည်တွင် ဂေါ်ရခါးစစ်သားကလေး စ်ယောက်သည် ဝိတိုရိယ ဆုတံဆိပ်ကြီးကို ရခဲ့သည်။ အလတ်စား ဂျပန်တင့်ကားများက ကျွန်တော်တို့၏ ရှေ့တန်းစစ်ကြောင်းများကို အတင်းထိုးဖောက် ဝင်ရောက်နေသည့် အန္တရာယ်များလှသောအချိန်တွင် ထိုဂေါ်ရခါးစစ်သားကလေးသည် သူ၏ ပိယက်(တင့်ကားပစ် လက်ပစ်ဗုံးပစ်သေနတ်) ကို ယူကာ အကာအကွယ်ထဲမှ ထွက်ပြီး တင့်ကားများချီတက်လာရာ ကွင်းပြင်သို့ ထွက်သွား ခဲ့သည်။ ထိုစစ်သားမှာ လက်၊ ပခုံးနှင့် ခြေထောက်များတွင် ပြင်းပြင်းထန်ထန် ထိသွားခဲ့သည်။ သို့တိုင် သူသည် တင့်ကားများနှင့် ကိုက်သုံးဆယ်ကွာအထိ ရောက်သွားပြီး၊ တင့်ကားနှစ်စင်းကို ရှင်းလင်းပစ်ခဲ့သည်။ နောင်တွင် ဆေးရုံ၌ သူ့ကို တွေ့သည့်အခါ ဘာကြောင့် အကာအကွယ်မဲ့ ကွင်းပြင်ကြီးထဲသို့ အတင်းတက်သွားသနည်းဟု သူ့ကို မေးကြည့်သည်။

“တင့်ကားပစ် လက်ပစ်ဗုံးကို ပစ်ရင် မှန်ပြီလို့ သေချာမှပစ်လို့ ကျွန်တော် သင်ခဲ့ရပါတယ် ဗိုလ်ချုပ်။ ကိုက်သုံးဆယ် အကွာရောက်မှ မှန်မယ်ဆိုတာသိတော့ ကိုက်သုံးဆယ်အကွာထိအောင် တက်သွားတာပါ”

သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိ၏။ ယင်းမှာ ကိုက်သုံးဆယ်အကွာသို့ ရောက်ရေးဖြစ်သည်။ ထွေထွေရာရာ စိတ်ကူး စဉ်းစားစရာ မလိုသော ရိုးရိုးစင်းစင်း အတွေး ဖြစ်ပါသည်’

ဗိုလ်ချုပ်ဆလင်းက ကာယသတ္တိသည် သင်ပေးလျှင် လေ့ကျင့်ပေးလျှင် ဖြစ်နိုင်သည်ဟု ဆိုခဲ့ပါသည်။ သူက လူတစ်ယောက်ကို သူကြုံတွေ့ရမည့်အရာများ၊ သူမသိသေးသော အရာများ၊ ကြောက်စရာအခြေအနေများကို ပြောပြပြီးလျှင် လူတစ်ယောက်ကို ထိုအခြေအနေများတွင် ကြောက်မနေအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဥပမာ ပေးခဲ့ပါသည်။ သို့သော် သင်ကြားလေ့ကျင့်ပေးထားသော ကာယသတ္တိမျိုးဟူသည် အသုံးပြုပါများလျှင် ပြုန်းတီးကုန်ဆုံး တတ်ပြီး စဉ်ဆက်မပြတ် ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်သည်ဟုလည်း ဆိုပါသည်။

သို့သော် ကာယသတ္တိရှိကြရုံဖြင့် ပြီးစတမ်းလား။ ကာယသတ္တိရှိရုံနှင့် မလုံလောက်သည့်အကြောင်းကို ဗိုလ်ချုပ်ဆလင်းက သူရင်ဆိုင်တိုက်ခိုက်ခဲ့ရသော ဂျပန်စစ်တပ်ဖြင့် ဥပမာ ပြသည်။

‘…. ဂျပန်တို့လောက် ကာယသတ္တိနှင့် ပြည့်စုံသည့် စစ်တပ်မျိုး ကမ္ဘာတွင် မရှိခဲ့ဖူးသေးပါ။ ဂျပန်စစ်တပ်၏ ခွန်အားသည် စစ်သားတစ်ဦးချင်း၏ ခံစားချက်ဆိုင်ရာ ရဲရင့်မှု ကာယသတ္တိပေါ်တွင် တည်နေပါသည်။ ဂျပန်စစ်ဗိုလ်ချုပ်များသည် သူတို့ စစ်သားများ၏ ကာယသတ္တိမျိုးကို အပြည့်ဝမျှဝေရယူပါသည်။ သို့ရာတွင် လူတစ်ယောက်အနေဖြင့်ကား သူတို့တွင် စိတ္တသတ္တိမရှိကြပါ။ မိမိတို့၏ စစ်ဆင်ရေးစီမံကိန်းများ အရေးနိမ့်သွားသည့်အခါ၊ ပြင်ဆင်ပြောင်းလဲသင့်သည့်အခါ၊ သူတို့ပေးသော အမိန့်များသည် လက်တွေ့လုပ်ရန် မဖြစ်နိုင်ကြောင်းကို ပြောဖို့လိုအပ်သည့်ခါ ၊ အချိန်ရှိခိုက် ဆုတ်ခွာသင့်သည့် အခါမျိုုးများတွင် ဝန်ခံရန် စိတ်သတ္တိမရှိကြပါ’

စစ်မြေပြင်တွင် အသက်ကို အရင်းအနှီးပြုရသော စစ်သားများသည် ကာယသတ္တိကို တိုက်ရိုက်လိုအပ်သူများဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် သတ္တိအကြောင်း ရေးထားသည့် စာအုပ်တစ်အုပ်အကြောင်း လက်မတို့မီတွင် ရှေ့ဦးမဆွ အဆိုပါ စစ်သားများ၏ အတွေ့အကြုံကို ရှေးဦးစွာ ထုတ်နုတ်ပြခဲ့ခြင်း ဖြစ်ပါသည်။ ဤတွင် စစ်မြေပြင်က စစ်သားသည်ပင် ကာယသတ္တိ ရှိရုံမျှနှင့် မပြည့်စုံ၊ စိတ်သတ္တိလည်း လိုအပ်နေသေးသည်ကို ကျွန်တော်တို့ တွေ့လိုက်ရသည်။ ထိုအခါ ကာယသတ္တိထက် စိတ်သတ္တိကသာ သာလွန်ကြောင်း - တစ်နည်း ပဓာနကျကြောင်းကို  ရိပ်စားမိလောက်ပြီဟု ထင်သည်။

သို့ဆိုလျှင် ကာယသတ္တိ နည်းတူ စိတ်သတ္တိရှိအောင်လည်း လေ့ကျင့်သင်ကြားလျှင် မဖြစ်နိုင်ပေဘူလား။ ကာယသတ္တိသည် အချို့ပုဂ္ဂိုလ်များတွင် မွေးရာပါဗီဇ ဖြစ်နိုင်သည့် နည်းတူ စိတ်သတ္တိသည်လည်း မွေးရာပါ အထုံဗီဇတစ်မျိုး ဖြစ်နိုင်ပါသည်။ သို့သော် လူတိုင်းသည် ထူးထူးခြားခြား မွေးဖွားလာကြသူတွေချည်း မဟုတ်ပါ။ သူလို ကိုယ်လိုတွေသာ များပါသည်။ ထိုသို့သော လူများအတွက် သတ္တိသည် လေ့ကျင့်မွေးမြူယူလို့နိုင်လေသည်။

ဆရာဦးအောင်သင်းက စိတ်သတ္တိအတွက် အသိပညာကို အားကောင်းကိုလုပ်ဖို့ လူငယ်များကို အကြုံပြုခဲ့သည်။ ဆရာ့ အဆိုအရ ‘ဦးနှောက်ခါးတောင်းကျိုက်’ ဖို့ ဖြစ်သည်။ ဦးနှောက် ခါးတောင်းကျိုက်ခြင်း ဆိုသည်မှာ လူငယ်တွေ ကိုယ်ကျင့်နှင့်ပညာ တိုးပွားအောင် လေ့လာဖို့ ဖြစ်သည်။ ကိုယ်ကျင့်နှင့် ပညာ ရရာလမ်းကြောင်းမှာ စာဖတ်ခြင်းမှ စတင်ရသည်။ လူ့သမိုင်းတစ်လျောက် လူ့ပတ်ဝန်းကျင်ကို အစွမ်းကုန် အကျိုးပြုသွားကြသော ပုဂ္ဂိုလ်များ၏ ဘဝကို လေ့လာြခင်း၊ အတုယူခြင်း မှ စတင်သည်။ ပြီးလျှင် ကိုယ်တိုင် လောကအတွက် တစ်ထောင့်တစ်နေရာက အသုံးကျ ပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံနိုင်ထိုင်ရေးဆီ ဦးတည်သည်။ လူတို့သည် မှန်ကန်သောယုံကြည်ချက်ရှိလျှင် ထိုအရာအတွက် အသက်သေသေ အရိုးကျိုးကျိုး စွန့်လွတ်နိုင်သည့် ကာယ-စိတ္တိသတ္တိတို့သည် ပေါ်စမြဲမဟုတ်လော။

ဗိုလ်ချုပ်ဆလင်းက စိတ်သတ္တိကို သင်ပေးဖို့ နည်းလမ်းသည် ကာယသတ္တိကို လေ့ကျင့်ပေးပုံနှင့် တစ်မျိုးတစ်ဘာသာ ခြားနားသည်ဟု ဆိုလေသည်။ သူ့ အမြင်အရ စိတ်သတ္တိသည် လူတော်တော်များများထံတွင် မွေးကတည်းက ပါလာခြင်း မဟုတ်သဖြင့် သင်ပေးလို့ရသည်၊ ကလေးသည် အိမ်တွင် မိဘထံမှ တစ်ဆင့် သင်ယူနိုင်သည်။ ကျောင်းနှင့် တက္ကသိုလ်တွေမှာလည်း သင်ယူနိုင်သည်၊ ဘာသာတရား၏ အဆုံးအမများဆီက တစ်ဆင့်လည်း သင်ယူနိုင်သည်။ ငယ်ရွယ်စဉ် တစ်နေရာရာမှာတော့ သင်နိုင်သည်တဲ့။ သို့သော်လည်း အရွယ်ရောက်ပြီး လူကြီးတစ်ယောက်အား ထိုသတ္တိ သွတ်သွင်းပေးရန် အတွက်ကတော့ သင်ကြားပေးရုံနှင့် မရပါတဲ့။

‘စိတ်သတ္တိ ရပုံမျိုးသည် ထူးခြားသည့် စိတ်ခံစားမှုတစ်ခု၊ သူ့ရင်ထဲတွင် ရုတ်တရက် ပေါက်လာသည့် အရာတစ်ခု၊ အမြင်တစ်ခု၊ ရုတ်တရက် ရလိုက်သည့် အရာတစ်မျိုး မဟုတ်ပါ။ ဤသို့ ရပုံမျိုးမှာ အလွန်ရှားပါသည်။ စိတ်သတ္တိရှိသည့် လူတော်တော် များများသည် အကျင့်သီလနှင့် ငယ်စဉ်က စံပြနမူနာတို့ဖြင့် သင်ယူခဲ့ရခြင်းဖြစ်သည်’ ဟူ၍ ရေးခဲ့သည်။

စိတ်သတ္တိကို အကောင်းဆုံးလေ့လာနိုင်ဖို့အတွက် စိတ်သတ္တိကြီးကြသူများ၏ အတ္ထုပ္ပတ္တိကို လေ့လာခြင်းကလည်း ကြီးမားသော အထောက်အကူတစ်ခု ဖြစ်နိုင်ပါသည်။ ထို့အတွက် စာအုပ်ကောင်းတစ်အုပ်ကလည်း ကျွန်တော်တို့အတွက် အဆင်သင့် ရှိနေသည်။ ပြီးခဲ့သည့်၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဗြိတိန်ဝန်ကြီးချုပ်ဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂေါ်ဒွင်ဘရောင်းသည် စိတ်အရည်အသွေးတစ်ရပ်ဖြစ်သော ‘သတ္တိ’ နှင့် ပတ်သက်၍ အထူးစိတ်ဝင်စား၊ လေ့လာသူ ဖြစ်သည်။

ဂေါ်ဒွင်ဘရောင်းက သတ္တိကောင်းခြင်း ဟူသည် အကြောင်းတရား ကင်းမဲ့ခြင်းဆိုသော အဓိပ္ပာယ်မဆောင်၊ ကြောက်ရခြင်းထက် ပိုအရေးကြီးသော တစ်စုံတစ်ရာ ရှိလာသည့်အတွက် ‘အကြောက်’ က နောက်ဆုတ်ပေးလိုက်ရသည့် သဘော ၊ ယုံကြည်မှုနှင့် စိတ်စွမ်းအားက ‘အကြောက်’ အပေါ် အနိုင်ရယူနိုင်လောက်အောင် ပြင်းထန်လာသည် သဘောအဖြစ် ဖော်ထုတ်သည်။ သူ၏ နှစ်ရှည်လများ အားထုတ်လေ့လာ သုတေသနပြုမှုတို့၏ ရလာဒ်အဖြစ် ‘COURAGE’ ခေါင်းစဉ်ဖြင့် စာအုပ်ကောင်းတစ်အုပ် ပေါ်ထွက်လာသည်။

ထိုစာအုပ်ကို ‘သတ္တိ’ အမည်ဖြင့် ၂၀၁၀ ခုနှစ်တွင် စာပေလောက စာအုပ်တိုက်က မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ဘာသာပြန်သူမှာ ခင်မောင်တိုး (မိုးမိတ်) ဖြစ်သည်။  သတ္တိစာအုပ်တွင် ဂေါ်ဒွင်ဘရောင်းက  သတ္တိကောင်းသော လူပုဂ္ဂိုလ် ရှစ်ဦး၏ အတ္ထုပ္ပတ္တိကို ရေးထားသည်။ ထိုသူတို့၏ စိတ်အရည်အသွေးကို စိန်ခေါ်နေသော အခြေအနေများကို နောက်ခံကားအဖြစ်ထားကာ အမှောင်မိုက်ဆုံး အကြမ်းတမ်းဆုံးအခြေအနေများမှာပင် လူသားအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာ၊ အကောင်းမြင်စိတ်၊ ကိုယ်ကျင့်တရားနှင့် မဖောက်မပြန် စွဲမြဲခိုင်မာခဲ့သော ယုံကြည်ချက်တွေအကြောင်းကို  လေ့လာဖော်ထုတ်ပြခဲ့သည်။

ထိုသို့ ဖော်ထုတ်ရာတွင် ဂေါ်ဒွင်ဘရောင်းက သူရဲကောင်းအပြုအမူတွေကို သုတေသနပြုခဲ့သည့် အမေရိကန် စာရေးဆရာ ဖရန့်ဖာလေ (Frank Farley)၏ သတ္တိကောင်းသူ သုံးမျိုးသုံးစား ခွဲခြားထားပုံကို ကိုးကားသည်။ ဖာလေ၏ အလိုအရ သတ္တိကောင်းသူ သုံးမျိုးသုံးစားအနက် ပထမအမျိုးအစားထဲတွင် အသက်မွေးဝမ်းကျောင်းမှုအတွက်ကြောင့် သတ္တိကောင်းသူများ ဖြစ်ပြီး ဥပမာအားဖြင့် အရေးပေါ်လုပ်သာမား၊ ဆေးဘက်အကူများ၊ မီးသတ်ရဲဘော်များ၊ စစ်ဖက်ဝန်ထမ်းများ ပါဝင်သည်။ ဒုတိယအမျိုးအစားကတော့ အခြေအနေအရ ဖြစ်လာသော သတ္တိကောင်းသူများ ဖြစ်ပြီး ဥပမာအားဖြင့် အခြေအနေတစ်ခုခုက တောင်းဆိုလာချိန်ကျမှ သတ္တိရှိရှိ ထွက်လာတတ်သူများကို ရည်ညွှန်းသည်။ သတ္တိကောင်းသူ တတိယအမျိုးအစားကတော့ ချမှတ်ထားသည့် ကောင်းကျိုးတရားများအတွက် နှစ်ရှည်လများ သို့မဟုတ် တစ်သက်တာပတ်လုံး ကိုယ်ရော စိတ်ပါ မြုပ်နှံထားကြသူများဖြစ်သည်။ ဂေါ်ဒွင်ဘရောင်းက တတိယအမျိုးအစား သူရဲကောင်း(သတ္တိကောင်း) များကို ပို၍ စိတ်ဝင်စားပြီး၊ အထူးပြုလေ့လာခဲ့သည်ဟုဆိုပါသည်။ သူတို့သည် ဖြစ်နိုင်ဖွယ်မရှိသော စိန်ခေါ်မှုများအပေါ် အနိုင်ရခဲ့ ကျော်လွှားခဲ့ကြသူများလည်း ဖြစ်သည်။ ထိုအခြေခံရှုထောင့်မှနေ၍ ဂေါ်ဒွင်ဘရောင်း အာရုံစူးစိုက်လေ့လာပြီး အတ္ထုပ္ပတ္တိရေးခဲ့သူ ပုဂ္ဂိုလ်ရှစ်ဦးမှာ-

၁။  ။ လုပ်ကြံခံရမည်ဟူသော သတင်းတွေ ထွက်နေသည့်ကြားမှာပင် အမေရိကန်ပြည်ထောင်စုတွင် သစ်လွင်သည့် ပြည်သူ့အာဏာအပ်နှင်းရေးအတွက် မနေမနား လုပ်ကိုင်သွားခဲ့သော ရောဘတ်ကနေဒီ။

၂။  ။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဖက်ဆစ်နာဇီများ၏ လူမဆန်သော ညှင်းပန်းနှိပ်စက်မှုတွေအကြားမှ ဟန်ဂေရီ ဂျူးများကို ကယ်ဆယ်နိုင်ရေးကို အစွမ်းကုန် ဆောင်ရွက်ခဲ့သော  ဝေါလင်းဘတ်၊

၃။  ။ ရက်စက်ကြမ်းကြုတ်မှုတွေကြားမှာ ခရစ်ယန်များ၏ စံတန်ဖိုးများကို ထိန်းသိမ်းကာကွယ်ရင်း အသက် ၃၉ နှစ်အရွယ်တွင် နာဇီတို့၏ ကွက်မျက်ခြင်းကို ခံလိုက်ရသော ဒိုင်းထရစ် ဘွန်ဟိုးဗွား။

၄။  ။ ပထမကမ္ဘာစစ်ကာလအတွင်း ထွက်ပြေးလာသည့် စစ်ပြေးအကျဉ်းသားများကို ကယ်ဆယ်ရင်း ဂျာမန်စစ်ဥပဒေများကို ဖီဆန်သည် သွေဖည်သည်ဟု စွပ်စွဲကာ ဂျာမန်အာဏာ ပိုင်တွေ၏ ကွပ်မျက်ခြင်းကို ခံလိုက်ရသူ အင်္ဂလိပ် အမျိုးသမီး သူနာပြု အဲဒစ်လွိုင်ဇာကာဗဲ။

၅။  ။ တောင်အာဖရိကနိုင်ငံတွင် လူဖြူလူမည်း အသားအရောင် ခွဲခြားရေးကို တိုက်ပွဲဝင်ခဲ့ပြီး အကျဉ်းထောင်တွင်း ၂၇ နှစ်ကြာ နေထိုင်ခဲ့ရသော နယ်လ်ဆင်မင်ဒဲလား။

၆။  ။ အမေရိကန်ပြည်ထောင်စုတွင် လူမည်းများရပိုင်ခွင့်ကို အကြမ်းမဖက် တောင်းဆိုခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခြင်းခံရသူ မာတင်လူသာကင်း။

၇။ သေလုနီး လူနာများ၊ နာတာရှည်ရောဂါသည်များအတွက် တစ်ဘဝလုံးမြုပ်နှံလုပ်ကိုင်ခဲ့သော အမျိုးသမီးကြီး စစ္စလီဆောင်းဒါး။

၈။ အကြမ်းမဖက်သောနိုင်ငံရေးနည်းလမ်းဖြင့် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် - တို့၏ ဘဝဖြတ်သန်းမှုမှ တစ်ဆင့် သူတို့၏ စွန့်လွတ်သော အနစ်နာခံသော အမှန်တရားအတွက် ရဲရင့်သော စိတ်သတ္တိ ဂုဏ်ရည် ဂုဏ်သွေးများကို ဖော်ထုတ်ပြီး ဂေါ်ဒွင်ဘရောင်းက ရေးသားထားသည်။

ဤစာအုပ် ဘာသာပြန်၍ ပထမအကြိမ် ထုတ်ဝေစဉ်က မြန်မာနိုင်ငံတွင် စာပေစိစစ်ရေးဌာနကို ဖျက်သိမ်းခြင်း မပြုရသေးချိန်ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ချန်လှပ်ပြီး အခြား ပုဂ္ဂိုလ်ခုနစ်ဦးအကြောင်းကိုသာ ကျွန်တော်တို့ ဖတ်ခွင့်ရသည်။ ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် ဖြည့်စွက်ပုံနှိပ်သည့်အခါတွင်မှ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပါ မူရင်းစာအုပ်အတိုင်း ထည့်သွင်းပုံနှိပ်နိုင်ခြင်း ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရှစ်ဦး စုံလင်ပြီ။

ဂေါ်ဒွင်ဘရောင်းက သတ္တိကောင်းသူများအဖြစ် ပုံဖော်ထားသော ပုဂ္ဂိုလ်ရှစ်ဦးမှာ တစ်ဦးနှင့် တစ်ဦး ကြီးပြင်းရာ နိုင်ငံ၊ မိသားစုနှင့် လူမှုရေးဘဝအခြေအနေတို့ မတူညီကြသလို သူတို့၏ စိတ်သတ္တိကို တောင်းဆိုနေသော သမိုင်း အခြေအနေများလည်း မတူညီကြပါ။ တစ်ဦးနှင့်တစ်ဦး ကိုယ်ရေကိုယ်သွေး အစွမ်းအစခြင်းလည်း မတူညီ၊ သူတို့ကိုယ်စားပြုနေသော လူသားအသိုင်းအဝန်းအတွက် အလုပ်လုပ်နေကြပုံခြင်းလည်း မတူပါ။ သို့ရာတွင် သူတိုအားလုံး တူညီကြသည့် အချက်မှာ လူသားတို့၏ မူလရပိုင်ခွင့်၊ အသက်ရှင်ရပ်တည်နိုင်ရေးနှင့် ပိုမိုကောင်းမွန်ပြီး မေတ္တာအားကောင်းသော၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်ချစ်ကြည်သော ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းရေးအတွက် သူတို့၏ ဘဝတစ်ခုလုံး (လိုအပ်ခဲ့လျှင် အသက်ကိုပင်) ရင်းနှီး စွန့်လွတ်ကာ စိတ်သတ္တိအရည်အသွေး ကြီးမားစွာဖြင့် အလုပ်လုပ်ခဲ့ကြခြင်းဖြစ်သည်။

‘… သူတို့  ရှစ်ဦးစလုံးသည် ကျွန်တော်ခေတ်အတွက် အကြီးမြတ်ဆုံးသော ရည်မှန်းချက်များးကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်နိုင်ရေးမှာ တခြားသော လူယောက်ျား၊ လူမိန်းမတွေထက် အများကြီး ပို အလုပ်လုပ်ခဲ့ကြသည်။ သူတို့ တစ်ဦးချင်းစီသည် ခိုင်ခိုင်မြဲမြဲ ရပ်တည်ခဲ့ကြ၏။ မကြာခဏဆိုသလို တစ်ဦးတည်း ရပ်တည် လှုပ်ရှားခဲ့ရ၏။ သို့သော် သူတို့သည် လက်လျှော့ အရှုံးပေးဖို့  အိပ်မက်ပင် မမက်ခဲ့ကြ။ ကမ္ဘာကြီးတစ်ခုလုံးက ကောင်းချီးဩဘာ ထောပနာပြု လာရသည်အထိ ဇွဲစိတ်သန်သန် ကြံ့ကြံ့ခံ ရုန်ကန်လှုပ်ရှားခဲ့ကြ၏။ သူတို့ဘဝ၊ သူတို့အပေါ် မဖျောက်ဖျက်နိုင်သော ဩဇာသက်ရောက်မှု၊ သူတို့၏ ရုန်းကန်လှုပ်ရှားမှု၊ သူတို့၏ စွန့်လွှတ်အနစ်နာခံမှု အားလုံးက ‘သတ္တိသည် တကယ်ပင် သုစရိုက်မှု သို့မဟုတ် အလေ့အထကောင်းများတွင် အကြီးမြတ်ဆုံးဖြစ်သည်’ ဆိုသော အချက်ကို အထင်အရှား ဖော်ထုတ်ပြသခဲ့ကြ၏’ ( စာ - ၄၀၈/ ပထမအကြိမ်မူ)

ပလေးတိုး မှတ်တမ်းတင်ခဲ့သော ဆော့ခရတ္တိနှင့် လာချက်တို့၏ သတ္တိအကြောင်းဆွေးနွေးချက်ထဲတွင် ‘တကယ် အနှစ်သာရရှိသော သတ္တိမျိုးသည် မကောင်းမှုနှင့် အသိပညာကင်းမဲ့မှု ခလုတ်ကန်သင်းတွေကို ဖယ်ရှားပြီး လူမျိုးနှင့် တိုင်းပြည်အား ကောင်းကျိုးဖြစ်စေသည်။ အသိပညာတိုးပွားစေသည်’ ဟူ၍ ပါရှိသည်။ ထိုစံနှုန်းဖြင့် ချဉ်းကပ်သော် ဂေါ်ဒွင်ဘရောင်း ဖော်ထုတ်ခဲ့သော  ပုဂ္ဂိုလ်ရှစ်ဦးသည် လူ့ဘောင်ကို ကောင်းကျိုးပြုကြသူ သတ္တိရှင်များဟု ယူဆိုနိုင်ပါလိမ့်မည်။

ဝီလျံဆလင်းက လောကတွင် တကယ်ကြီးမြတ်လိုသည့် လူတစ်ယောက်၊ ဒါမှမဟုတ် လူမျိုးတစ်မျိုးသည် သတ္တိနှစ်မျိုး စလုံးကို ပိုင်ဆိုင်ရလိမ့်မည်၊ စိတ်သတ္တိသည် ကာယသတ္တိထက် ပို၍ မြင့်သော ဂုဏ်ဒြပ်ဖြစ်၍ ပို၍ ရှားပါးသော ဂုဏ်ဒြပ်လည်း ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ သို့ဖြစ်လျှင် ကျွန်တော်တို့သည်လည်း ရှားပါးသော ဂုဏ်ဒြပ်တစ်ခုဖြစ်သည့် စိတ်သတ္တိ ပိုင်ရှင်များ မဖြစ်နိုင်ပြီလော။ စိတ်သတ္တိရှိသူများကို အားကျရုံ လေးစားရုံ ထောက်ခံရုံနှင့် မပြီး၊ ကျွန်တော်တို့ ကိုယ်တိုင်၏ စိတ်သန္တာန်တွင် စိတ်သတ္တိကိန်းအောင်လာအောင်နှင့် ဖွံ့ဖြိုးတိုးတက်လာအောင် မွေးမြူပျိုးထောင်ဖို့လည်း လိုပါဦးမည်။

လူငယ်တွေအနေဖြင့် သတ္တိကောင်းသူများအကြောင်း လေ့လာလိုက်စားခြင်းမှတစ်ဆင့် ကိုယ်တိုင် သတ္တိကောင်းသူများ ဖြစ်လာနိုင်ကြောင်းကို ဆော့ခရတ္တိက လာချက်ကို ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့အနေနဲ့လည်း သတ္တိကောင်းသူများ၏ ဘဝဇာတ်လမ်းများကို လေ့လာဖတ်ရှုခြင်းအားဖြင့်  သူတို့ထံမှ သတ္တိကို သင်ယူနိုင်သလို ကိုယ်တိုင် သတ္တိကောင်းသူတွေအဖြစ် လေ့ကျင့်ယူလို ရနိုင်ပါသည်။

သို့သော် သတ္တိဆိုတာ ဘာလဲဆိုသည့် အဓိပ္ပာယ်အဖွင့် မေးခွန်းကတော့ အမြဲရှိနေပါဦးမည်။ သတ္တိအကြောင်း ဆွေးနွေးခဲ့သူ လာချက်က ‘သတ္တိဆိုတာ ဘာလဲလို့ အသေအချာကြီး သိနေတာပဲ၊ ဒါပေမဲ့ သိတာကို ပြန်အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားတိုင်း လွဲချော်နေတာချည်းပဲဗျာ’  ဟု ဆော့ခရတ္တိ ကို ပြောခဲ့သလို၊ သတ္တိကို အမျိုးမျိုး ဖွင့်ဆိုနေကြဦးမည်။ တစ်ခုတော့ အာမခံနိုင်ပါသည်။ ဂေါ်ဒွင်ဘရောင်း၏ ‘သတ္တိ’ စာအုပ်ကို ဖတ်ပြီးလျှင် သတ္တိနှင့် ပတ်သက်၍ ဘာလဲဆိုတာလောက်ကိုဖြင့် တွေးမြင်လာမိစေပါလိမ့်မည်။ စိတ်သတ္တိနှင့် ကာယသတ္တိကြားက ကွာခြားချက်နှင့် အဆိုပါ သတ္တိနှစ်မျိုး တစ်ခုနှင့် တစ်ခု အပြန်အလှန်အထောက်အကူ ပြုနေပုံကိုလည်း ဆင်ခြင်နိုင်ကောင်းပါသည်။ အနိမ့်ဆုံးအားဖြင့် လောကတွင် ‘မလုပ်ရဲတာ ဘာမှမရှိဘူး’ ဟူသော စကားကို ရင့်ကော့ပြီး ပြောထွက်ရဲကြသူများမှာ စိတ်သတ္တိရှိသူတွေ မဟုတ်ကြောင်း၊ မိုက်ရူးရဲသာ ဖြစ်နိုင်ကြောင်းလောက်ကိုတော့ ‘သတ္တိ’ စာအုပ်ဖတ်ပြီးနောက် အတွေးပေါက်ကြမည်ဟု ကျွန်တော် ထင်ပါသည်။

 

(ဤ စာစုထဲမှ ဆာဝီလျံဆလင်း၏ သတ္တိအကြောင်း အရေးအသားများကို ဆရာမြသန်းတင့် ဘာသာပြန်သည့် နိုင်ငံတကာ ရသစာတမ်းများ- ပထမအုပ် [ နှစ်ကာလများ။ ပထမအကြိမ်၊ ဩဂုတ် ၂၀၁၇။ ] စာအုပ်ပါ ‘သတ္တိဆိုတာ’ စာတမ်းမှ ရယူ၍ အကိုးအကားပြုကြောင်း ဝန်ခံပါသည် )

မောင်ဘစီ

၁ ဇူလိုင် ၂၀၂၅

စာအုပ်ဆိုင်ရာအချက်အလက်များ

စာအုပ်အမည် - သတ္တိ

ဘာသာပြန်သူ - ခင်မောင်တိုး (မိုးမိတ်)

ထုတ်ဝေခြင်း။  ။ ဒုတိယအကြိမ်၊ ဇူလိုင် ၂၀၁၂ ခုနှစ်။ စာပေလောကစာအုပ်တိုက်။

စာမျက်နှာအရေအတွက်  - ၄၆၇

(ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင်ဘရောင်း ပြုစုရေးသားသည့် မူရင်းစာအုပ်အမည်မှာ COURAGE: Eight Portraits by Gorden Brown ဖြစ်သည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် စာပေလောက စာအုပ်တိုက်မှ ထုတ်ဝေရာတွင် ပုဂ္ဂိုလ်ခုနှစ်ဦးအကြောင်းသာ ပါဝင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အတ္ထုပ္ပတ္တိမှ ထိုစဉ်က စာပေစိစစ် မူဝါဒများအရ ချန်လှပ်ခဲ့ရသည်။ ဒုတိယအကြိမ်အဖြစ် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ဒုတိယအကြိမ်အဖြစ် ဖြည့်စွက်ထုတ်ဝေရာတွင်မှ အပြည့်အစုံ ဖြစ်သွားသည်။ အတွင်းဓာတ်ပုံများ ဝေဝေဆာဆာဖြင့် ထည့်သွင်းထားသလို ဆေးရောင်စုံဖြင့် ပုံနှိပ်သည်။ ခင်မောင်တိုး(မိုးမိတ်) ဘာသာပြန်ကလည်း သင့်တော်မှု ရှိပါသည်။ )


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...